Live Questions and Answers (8)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

2 Aug 10, 01:00 AM
အတီး
၁၀ ပါးသီလ ဆောက်တည်ချင်ရင် လက်ဝယ်ရှိငွေကို တစ်နေရာရာ သိမ်းထားပြီး ယူမသုံးဘဲ ရက်အကန့်အသတ်နဲ့ နေပြီး ဆောက်တည်လို့ ရပါလားဘုရား။

2 Aug 10, 05:52 AM
မနာပဒါယီ >>>အတီး
ဆောက်တည်လို့ ရပါတယ်။ အဓိကကတော့ သီလဆောက်တည်ထားတဲ့ အချိန်မှာ ရွှေငွေပိုက်ဆံကို ကိုင်ခြင်းကို မပြုဖို့ဘဲ ဖြစ်ပါတယ်။ ဥပုသ်သီလ ဆောက်တည်သလိုမျိုးပေါ့။ ဥပုသ်နေ့တစ်နေ့မှာ အဲဒီသီလတွေကို ထိန်းနေဖို့ပဲ ဖြစ်သလို ဆယ်ပါသီလကိုလည်း ကိုယ်သတ်မှတ်တဲ့ အချိန်ကာလအတောအတွင်း လိုက်နာကျင့်သုံး နေထိုင်နေဖို့ပဲ ဖြစ်ပါတယ်။

5 Aug 10, 07:30 PM
အတီး
အချို့ အိပ်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အပြင်းစား အကိုက်အခံပျောက်ဆေးတွေက ကြာကြာသောက်ရင် စွဲတတ်ပါတယ်။ မူးယစ်ဆေး အာနိသင် ပါတဲ့ဆေးတွေလဲ ပါပါတယ်။ ဆရာဝန်က သောက်ခိုင်းလို့ သောက်ရင် သူရာမေရယ သိက္ခာပုဒ် ထိခိုက်နိုင်ပါလားဘုရား...

6 Aug 10, 05:19 AM
မနာပဒါယီ >>အတီး
တမင်တကာ မူးယဇ်လိုတဲ့အတွက် သောက်သုံးတာမဟုတ်ဘဲ ကျန်းမာရေးအရ၊ လိုအပ်လို့ ဆရာဝန် ညွန်ကြားတဲ့ အတိုင်း သောက်သုံးတာဟာ သုရာမေရယ သိက္ခာပုဒ်ကို မထိခိုက်ပါဘူး။ အပြစ်လည်း မဖြစ်၊ ကံလည်း မမြောက်ပါဘူး။

9 Aug 10, 02:17 AM
ဇေယျာ
၉ ပါးသီလကို ၈ ပါးသီလနဲ့ အတူတူပဲ၊ မေတ္တာက ဘာဝနာမို့ သီလထဲ ထည့်စရာ မလိုလို့ ဖတ်ရဖူးပါတယ်။ ၉ ပါး စောင့်ရမလား ၈ ပါးစောင့်ရမလား ဘုန်းဘုန်း...

9 Aug 10, 02:57 AM
မနာပဒါယီ >>> ဇေယျာ
စာပေမှာ ကိုပါးသီလအဖြစ် မေတ္တာပွားပြီး နေထိုင်ခြင်းကို သီလတစ်ခုအနေနဲ့ ဆောက်တည်နိုင်ကြောင်း ဖော်ပြပါတယ်။ ဒါပေမယ့် ဆောက်တည်ပြီး မေတ္တာမပွားနိုင်ရင် သီလသိက္ခာပုဒ်ကို ထိခိုက်နိုင်တဲ့အတွက် ၈ပါးသီလကို ဆောက်တည်ပြီး စွမ်းနိုင်သမျှ မေတ္တာပွားပြီး နေနိုင်မယ်ဆိုရင် သာမန်လူတွေအနေနဲ့ ပိုမိုကောင်းမွန် သင့်လျော်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ၈ပါးသီလပဲ ဆောက်တည်ပြီး အချိန်ရရင် မေတ္တာပါ ပွားပြီးနေကြည့်စေလိုပါတယ်။

15 Aug 10, 06:24 AM
တိုးကြီး
တပည့်တော် ကြက်ဥကို ခွဲပြီး ကြော်ချက်စားလေ့ ရှိပါတယ်။ အဲဒါ ပါဏာတိပါတ ဖြစ်ပါသလားဘုရား...။ ဗုဒ္ဓဘာသာ ယောက်ျားတစ်ယောက်ဟာ လှူဒါန်းခြင်းကို လက်မခံဘဲ ငွေကြေးသာ စုဆောင်းလိုတဲ့ ဇနီးကို ကွာရှင်းခွင့် ရှိမရှိ သိချင်ပါတယ်။ နှစ်ဦးနှစ်ဖက် အိမ်ထောင်ရေး ဖောက်ပြန်မှု မရှိသော်လည်း အလှူဒါနမှာ စိတ်ဝမ်းကွဲလာရင် ကွာရှင်းပါက လောကကြောင်း ဓမ္မကြောင်းအရ မှန်လားမှားလား သိချင်ပါတယ် အရှင်ဘုရား...။

16 Aug 10, 06:06 AM
မနာပဒါယီ >>တိုးကြီး
ပါဏာတိပါတ ကံမြောက်နိုင်တဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ ၁။ သက်ရှိလည်းဖြစ် ၂။ သတ္တ၀ါလို့လည်း မှတ်ယူ ၃။ သေစေလိုတဲ့ စေတနာလည်းရှိ ၄။ လုံ့လအားထုတ်မှုလည်းပြု ၅။ သေလည်းသေ ဆိုတဲ့ အချက်တွေ့အရ တစ်ကြောင်း၊ ဒီကနေ့ စားနေကြတဲ့ ကြက်ဥများဟာ ဓာတ်နဲ့ဖောက်ထားတဲ့ အသက်ရှင်စေနိုင်တဲ့ ရုပ်ဇီဝိတ နာမ်ဇီဝိတတွေ မရှိတဲ့ ကြက်ဥတွေ ဖြစ်နေတာကတစ်ကြောင်း ဒီအကြောင်း နှစ်မျိုးကြောင့် ဒီနေ့ခေတ် ဓာတ်ကြက်ဥတွေ စားမှုဟာ ပါဏာတိပါတကံ မမြောက်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အိမ်မွေးကြက်တွေရဲ့ ဥတွေမှာတော့ ရုပ်သက်နာမ်သက်တွေရှိပြီး အကောင်ဖြစ်နိုင်တဲ့ သဘောတွေ ရှိနေတဲ့အတွက် ဒီကြက်ဥတွေကို စားသုံးရာမှာတော့ ပါဏာတိပါတ ကံမြောက်နိုင်ပါတယ်။

သဘောထားချင်း မတိုက်ဆိုင်လို့ နှစ်ဦးသဘောတူ ကွာရှင်းမှုမှာ ဓမ္မကြောင်းအရတော့ အပြစ်အထွေအထူး ရှိတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် လောကကြောင်းအရတော့ လူ့လောကပတ်ဝန်းကျင် အသိုင်းအ၀ိုင်း သတ်မှတ်ချက်တွေအရရယ် ကွာရှင်းမှုရဲ့ အကြောင်းပြချက်က အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် မဟုတ်ဘဲ အလှူဒါန မလုပ်ရတဲ့ အတွက်ကြောင့် ဆိုတဲ့အတွက်ရယ်ကြောင့် ဒီအပေါ်မှာ နည်းနည်းစဉ်းစားဖို့တော့ လိုပါတယ်။ အလှူဒါန ပြုလုပ်မှုတစ်ခုတည်းကြောင့် ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းကြည့်တာ ကောင်းပါတယ်။ လှူတာကောင်းပေမယ့် နှိုင်းနှိုင်းချိန်ချိန်နဲ့ အစွန်းမရောက်ဖို့တော့ လိုပါတယ်။ မိစ္ဆာဒိဋ္ဌိနဲ့ အိမ်ထောင်ကျတဲ့ ၀ိသာခါ ဒကာမကြီးလို ဘာသာတရားအပေါ် ကြည်ညိုလေးစားမှု မရှိသူတွေကို ကြည်ညိုလေးစားလာအောင် လုပ်တဲ့နည်းကို အတုယူပြီး ဒါနလုပ်ဖို့ အားမသန်တဲ့သူကိုလည်း အလှူဒါနအပေါ် စိတ်ဝင်စားအောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ သူ့အတွက်လည်း အကျိုးရှိ၊ လောကကြောင်းအရလည်း အပြစ်မဖြစ်နိုင်တော့ပါဘူး။ အိမ်ထောင်တစ်ခုကို အလွယ်တကူ ကွာရှင်းပြတ်စဲကြတာထက် သေသေချာချာ စဉ်းစားပြီး ဘာပဲဖြစ်ဖြစ် အစွန်းမရောက်အောင်တော့ ချင့်ချိန်လုပ်တာ ကောင်းပါတယ်လို့ပဲ အကြံပြုလိုပါတယ်။

Read more »

ကိုယ်ပန်းပေမယ့် စိတ်လန်းပါတယ်…


ပြီးခဲ့တဲ့ တနင်္ဂနွေ (၁၅-၈-၂၀၁၀)ရက်နေ့က တောင်ကိုရီးယား နိုင်ငံ၊ဂယောင်ဂီဒို၊ ဂွန်ဂျူးမြို့ မှာရှိတဲ့ ပုဂံမြန်မာ စတိုးနဲ့ စားသောက်ဆိုင် မှာ ကျင်းပပြုလုပ် တဲ့ ၀ါဆို သင်္ကန်း ကပ်ပွဲနဲ့ အထူးတရားပွဲကို ကြွရောက်ပြီး တရားစကား ဟောကြားပေးဖြစ်ခဲ့ပါတယ်။ ဂယောင်ဂီဒို ဂွန်ဂျူးဆိုတာ အခု ဘုန်းဘုန်းနေတဲ့ ဒယ်ဂူးမြို့နဲ့ဆို အလွန်ဝေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သွားရေးလာရေးကလည်း အဆင့်ဆင့်သွားရတဲ့ နေရာဖြစ်ပါတယ်။ ကျောင်းကနေပြီး အမြန်ရထားဘူးတာကို တက္ကစီနဲ့ကြွ၊ အဲဒီဘူတာကနေမှ ဆိုးလ်မြို့ကို အမြန်ရထားနဲ့ကြွပြီး အဲဒီကမှ တစ်ဆင့် ဂျွန်ဂျူးမှာရှိတဲ့ မြန်မာဆိုင်ကို တက္ကစီနဲ့ ကြွရပါတယ်။ ပင်ပန်းတာကတော့ ပြောမနေပါနဲ့။ သွားရေးလာရေးဟာ တစ်နေကုန်ပါပဲ။ မနက် ၆နာရီလောက်က ကြွလိုက်တာ ည ၈နာရီလောက်မှ ကျောင်းကိုပြန်ရောက်ပါတယ်။ ပိုဆိုးတာက ရာသီဥတု ပူတဲ့ဒဏ်ပါ။ အမြဲတမ်းအေးနေတဲ့ ကိုရီးယားဟာ ၇လပိုင်းနဲ့ ၈လပိုင်းမှာ ပူတဲ့အပူချိန်က တစ်ခါတစ်လေ ၃၆ဒီဂရီလောက်အထိ ဖြစ်နေတော့ ပုံမှန်ပူနေတဲ့ နိုင်ငံတွေထက်ကို ပိုပူပါတယ်။ အဲဒီလို ရာသီဥတုပူပြီး ခန္ဓာကို ပင်ပန်းပေမယ့် အဲဒီနေ့က ကြွရောက်ချီးမြောက်မှုရဲ့ အကျိုးကတော့ ဘုန်းဘုန်းအတွက် ကိုယ်ပန်းပေမယ့် စိတ်လန်းတယ်ဆိုတဲ့ အကျိုးတစ်ခု ဖြစ်ခဲ့ပါတယ်။

တကယ်တော့ ဂယောင်ဂီဒို ဂွန်ဂျူးဆိုတာ တရားမ၀င် မြန်မာအလုပ်သမား အများစု နေတဲ့နေရာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှသာ တရားဝင် အလုပ်သမား အသစ်လေးတွေ ရောက်လာတာ ဖြစ်ပါတယ်။ တစ်ချို့ မြန်မာတွေဆို အခြေအနေအရ တရားမ၀င် အလုပ်သမား ဘ၀နဲ့ ဆယ်နှစ်ကျော်အထိ ရှိနေကြတဲ့သူတွေ ဖြစ်ပါတယ်။ အိမ်ပြန်ချင်ပေမယ့် မပြန်နိုင်သေးတဲ့သူတွေပါ။ ရွှေပြည်တော်ကလည်း မျှော်တိုင်းဝေး ဆိုသလို ဖြစ်နေတာကိုး။ အဲဒီလို ခိုးကြောင်ခိုးဝှက် အဖြစ်နဲ့ နေနေကြပေမယ့် မြန်မာတွေရဲ့ ချစ်စရာ စိတ်ထား၊ ထက်သန်တဲ့ သဒ္ဓါတရားတွေကြောင့် ကုသိုလ်ကောင်းမှုကိုတော့ တတ်နိုင်သမျှ လုပ်ဖြစ်ကြပါတယ်။ သူ့ရာသီအလိုက် အများပေါင်းစုပြီး ကောင်းမှုလေးတွေ လုပ်ဖြစ်ကြပါတယ်။ အခုလည်း အကြီးတွေရော၊ အငယ်တွေရော၊ အိုတာတွေရော မအိုတာတွေရော စုပေါင်းပြီး မြန်မာဆိုင်မှာ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနဲ့ အထူးတရားပွဲ ကျင်းပဖြစ်ခဲ့ပါတယ်။

ဒီပွဲကို လွန်ခဲ့တဲ့ ၁၉၈၉ခုနှစ်လောက် ကတည်းက ကိုရီးယားကို ရောက်ရှိသာသနာပြုနေတဲ့ အဲဒီ ဂယောင်ဂီဒို၊ နမ်ယမ်းဂျူမြို့မှာရှိတဲ့ ဆရာတော် ဦးစန္ဒိမာရယ်၊ ဘုန်းဘုန်းရယ် ကြွရောက်ပြီး ပရိတ်တရား ချီးမြှင့်ကာ ဘုန်းဘုန်းရဲ့ တရားပွဲ ဟောပြောပေးဖြစ်ခဲ့ပါတယ်။ ဒယ်ဂူးကျောင်းမှာဆိုရင် ပရိတ်သတ် အခြေအနေကို ကြည့်ပြီးဘုန်းဘုန်း အနေနဲ့ အများဆုံး မိနစ်သုံးဆယ်၊ လေးဆယ်လောက်ပဲ တရားဟောဖြစ်ခဲ့ပေမယ့် အဲဒီနေ့ကတော့ အဝေးက ဘုန်းကြီးတွေကို တကူးတက ပင့်ထားတာရယ်၊ တစ်နှစ်မှ လေးငါးကြိမ်လောက်ပဲ အထူးပွဲအနေနဲ့ ကျင်းပပြုလုပ်ဖြစ်ကြ တာတွေရယ်ကြောင့် တရားပွဲကို တစ်နာခွဲလောက် ဟောပြောပေးဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဓမ္မနဲ့ လက်တွေ့ဘ၀ အဖြစ်အပျက်လေးတွေကို ချိန်ထိုးပြီး မငိုက်လည်းမငိုက်၊ မပျင်းလည်းမပျင်းအောင် ရယ်စရာလေးများနှောပြီး တရားဟောပေးတဲ့အတွက် တစ်နာရီခွဲကို အားလုံးပြီးမှန်းမသိ ပြီးခဲ့ကြပါတယ်။ တရားပွဲပြီးလို့ တရားနာပရိတ်သတ်အချင်းချင်း ပြောနေကြတဲ့ ဘုန်းဘုန်းရဲ့ ဟောတရားတွေကို ပြန်ကြားရတော့ စိတ်ထဲမှာ ပီတိတရားနဲ့ လန်းဆန်းခဲ့ပါတယ်။ ခန္ဓာကိုယ်မှာ ချွေးတလုံးလုံးနဲ့ နုံးချိနေပေမယ့် ရင်ထဲမှာတော့ ပီတိစကားလုံးတွေနဲ့ ပြုံးမိနေပါတယ်။

ဒီထက်ပိုပြီး ပြုံးစရာက အဲဒီမြန်မာဆိုင်ဖွင့်ထားတဲ့ မြေအောက်ထပ် နေရာလေးအကြောင်း ကြားလိုက်ရတာပဲ ဖြစ်ပါတယ်။ မြန်မာဒကာလေးတွေ အပြောအရ ဒီမြန်မာဆိုင်ဖွင့်ထားတဲ့ မြေအောက်ထပ်ဟာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနဲ့ ခရစ်ယာန် စာသင်ကျောင်းရဲ့ အဆောက်အဦ မြေအောက်ထပ်ပဲ ဖြစ်ပါတယ်။ ဟုတ်မှာပါ။ ဘုန်းဘုန်းတရား ဟောနေချိန်မှာတောင်မှ အပေါ်ထပ်က ကမ္ဘောဒီယား ကလေးတွေရဲ့ ကျမ်းစာရွတ်သံလေးတွေ ကြားလိုက်ရပါသေးတယ်။ အခုမြန်မာဆိုင် နေရာလေးဟာ ပထမတော့ ခရစ်ယာန် သာသာနပြု အဖွဲ့က မြန်မာတွေကို စည်းရုံးတဲ့ အနေနဲ့ ဒီနေရားလေးကို စပေါ်ရော လစာပါပေးပြီး ငှါးပေးထားတယ်လို့ ဆိုပါတယ်။ နောက်တော့ တစ်နှစ်ကျော် နှစ်နှစ်နီးပါး အမျိုးမျိုး စည်းရုံးပြီး ခရစ်ယာန်ဖြစ်အောင် ကြိုးစားပေမယ့် မြန်မာဗုဒ္ဓဘာသာ တစ်ယောက်မှ ခရစ်ယာန် ဖြစ်မလာတဲ့အတွက် နောက်ဆုံးသူတို့ လက်လျော့ပြီး အခန်းကို စပေါ်တော့ တင်ပေးမယ်၊ လခတော့ ကိုယ့်ဖာသာကိုယ် ပေးဆိုပြီး ဆက်ထားထားတဲ့အတွက် ဒီအခန်းနဲ့ ဒီနေရာမှာ အခုလို မြန်မာဗုဒ္ဓဘာသာတွေ ဒီလို အလှူပွဲ၊ တရားပွဲ၊ တွေ့ဆုံပွဲလေးတွေ လုပ်ဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။

သူတို့ပြောတာတွေ နားထောင်ပြီး ဘုန်းဘုန်းရင်ထဲမှာ ကျေနပ်မိတယ်ဆိုတာ အဲဒါပါပဲ။ ဘုန်းဘုန်းပင်ပန်းပေမယ့် စိတ်လန်းတယ်ဆိုတာ မြန်မာဗုဒ္ဓဘာသာတွေရဲ့ ဒီခိုင်မာတဲ့ သဒ္ဓါတရားကြောင့်ပါပဲ။ တရားဟောတုန်းကတောင် ဘုန်းဘုန်းထည့် ဟောပေးဖြစ်ပါသေးတယ်။ “မြန်မာဗုဒ္ဓဘာသာ တစ်ယောက်ဟာ ဘယ်နေရာမှာပဲ ရောက်ရောက် အလှူဒါန လုပ်ရတာကို ၀ါသနာပါတာဟာ အထူးပြောစရာ မရှိတဲ့အကြောင်း၊ အခြေအနေအရ ဗုဒ္ဓတရားတွေအတိုင်း တစ်ထပ်တည်းကျအောင် လိုက်ပြီးမလုပ်နိုင်သေးပေမယ့် အနှစ်သာရရှိပြီး ယုတ္တိကျတဲ့ တရားတော်တွေဆိုတာ သိထားတဲ့အတွက် ဘယ်သူကလာပြီး ဘယ်လိုစည်းရုံးပေမယ့်လည်း ဘာသာပြောင်းသွားတယ်ဆိုတာ မရှိသလောက်ပဲဆိုတဲ့ အကြောင်း၊ ဒီလို စိတ်ဓာတ်နဲ့ ယုံကြည်မှုသဒ္ဓါတရားဟာ မြန်မာဗုဒ္ဓဘာသာတွေ အတွက် ဂုဏ်ယူစရာ ဖြစ်ကြောင်းနဲ့ ဆက်လက်ပြီး ဒီလိုစိတ်ထားကောင်းတွေ မပျောက်ပျက်အောင် ကြိုးစားထိန်းသိမ်းဖို့ အကြောင်း” တရားဟောရင်း ပြောဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ အခုလည်း ကြည့်ပါဦး။ အဆောက်အဦ တစ်ခုတည်းမှာကိုပဲ ကိုးကွယ်တဲ့ ဘာသာတူတဲ့ နိုင်ငံချင်း ဖြစ်နေတဲ့ မြန်မာနဲ့ ကမ္ဘောဒီယားတွေရဲ့ မတူညီမှုတွေက မြန်မာတွေက အောက်ထပ်မှာ ဘုန်းကြီးပင့်ပြီး အလှူအတန်းလုပ်၊ တရားနာနေကြပေမယ့် ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံသား ကမ္ဘောဒီယားတွေကတော့ အပေါ်ထပ်မှာ သမ္မာကျမ်းစာတွေနဲ့ ထာဝရဘုရားသခင်ကို ကောင်းချီးပေးနေကြတာ တွေဟာ မတူညီ၊ မခိုင်မြဲတဲ့ သဒ္ဓါတရားရဲ့ ကွာခြားမှုကို အထင်အရှား ဖြစ်စေခဲ့ပါတယ်။

တရားပွဲပြီးလို့ ဆိုးလ်ဘူတာကို အပြန်မှာ ဘူတာအထိ လိုက်ပို့တဲ့ ဂွန်ဂျူးမြန်မာအဖွဲ့ ဥက္ကဋ္ဌ ဒကာနဲ့ စကားစမြီပြောရင်း ဥက္ကဋ္ဌက “ဒီနေ့ အရှင်ဘုရားဟောသွားတဲ့ တရားကို တပည့်တော် စာရေးပြီး ဖြန့်ချင်ပါတယ်ဘုရား၊ တပည့်တော်တို့ အနေနဲ့ ဒီနေရာ ဒီဌာနလေးမှာ နေထိုင်ရင်း ဘာသာရေးရော၊ လူမှုရေးရော၊ သာရေးနာရေးရော၊ မြန်မာပြည်မှာရှိတဲ့ လိုအပ်တဲ့ ပရဟိတ အရေးတွေရော တတ်နိုင်သမျှ ကြိုးစား လုပ်ဆောင်နေပါတယ်ဘုရား၊ နောက် ပွဲရှိတိုင်း အရှင်ဘုရားကို ပင့်ချင်ပါတယ်ဘုရား၊ ခုန အရှင်ဘုရား တရားဟောရင် မိန့်သွားသလိုပဲ တပည့်တော်တို့ အနေနဲ့ ဗုဒ္ဓဘာသာကို စွန့်လွှတ်ဖို့ဆိုတာ ဘယ်လိုမှကို စိတ်ကူးလို့ ရမှာ မဟုတ်ဘူးဘုရာ..၊ ဒါဟာ အရှင်ဘုရားတို့ သာသနာပြု ရဟန်းတော်များရဲ့ ကျေးဇူးကြောင့်ပါပဲ ဘုရား…” စသဖြင့် လျှောက်ထားပါသေးတယ်။ ၀မ်းသာမှုနဲ့အတူ ဥက္ကဋ္ဌ လျှောက်သမျှ နားထောင်ရင်း ဆိုးလ်ဘူတာရောက်တော့ သူတို့ကို နှုတ်ဆက်ပြီး ဆိုးလ်ဘူတာကနေ အမြန်ကျီဆန် ရထားနဲ့ ဒယ်ဂူးမြို့ကို ပြန်ကြွလာခဲ့ပါတယ်။

ရထားစီးပြီး ပြန်လာရင်း ရထားပေါ်မှာ ဂယောင်ဂီဒို၊ ဂွန်ဂျူးမြို့က တရားပွဲနဲ့ မြန်မာဗုဒ္ဓဘာသာတွေရဲ့ ဒါနအားနဲ့ သဒ္ဓါတရားအားကို စဉ်းစားနေဖြစ်ခဲ့ပါသေးတယ်။ ရာသီဥတုဒဏ်နဲ့ ခရီးဝေးမှုဒဏ်တွေကြောင့် ခန္ဓာကိုယ်ဟာ ပင်ပန်းနွမ်းနယ်နေပေမယ့် မြန်မာဗုဒ္ဓဘာသာတွေရဲ့ သဒ္ဓါတရားအား၊ ရတနာသုံးပါး အပေါ် အလေးထားမှုအား၊ ရဟန်းသံဃာတွေအပေါ် လိုလေးသေးမရှိ ထောက်ပံ့ပူဇော်မှု အားတွေကြောင့် စိတ်ထဲမှာတော့ ပီတိတရားနဲ့ အတူ လန်းဆန်းနေခဲ့ပါတယ်။ ပြီးတော့ ရင်ထဲက ပီတိတရားကြောင့်လားမသိ ပါးစပ်ကပါ မကြားတကြား ရွတ်နေမိတာက “ကိုယ်ပန်းပေမယ့် စိတ်လန်းပါတယ်၊ ကိုယ်ပန်းပေမယ့် စိတ်လန်းခဲ့ပါတယ်” ဆိုတဲ့ စကားပဲ ဖြစ်နေပါတော့တယ်။

Read more »

ကုသိုလ်နဲ့ အကုသိုလ်…

တရားပွဲတစ်ခုမှာ ကုသိုလ်နဲ့ ပတ်သက်ပြီး အထူးပြု ဟောပြောဖြစ်ခဲ့ပါတယ်။ တရားခေါင်းစဉ်လေး အမည်ပေးပြီး အဲဒီကောင်းစဉ်နဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် မပြောခင် တရားနာ ပရိတ်သတ်တွေကို “ကုသိုလ်ဆိုတာ ဘာလဲ…”လို့ အရင်ဆုံး မေးစမ်းကြည့်လိုက်တော့ ထုံးစံအတိုင်း မြန်မာတရားနာ ပရိတ်သတ်ရဲ့ အဖြေက ဟိုလိုလို ဒီလိုလို ၀ါတားတားရယ်ပါ။ တစ်ချို့က “ကုသိုလ်ဆိုတာ ကောင်းမှုကိုပြောတာပါဘုရား..” လို့ ဖြေကြသလို တစ်ချို့က “ကုသိုလ်ဆိုတာ ကောင်းတဲ့အလုပ်ကို ပြောတာပါဘုရား..”လို့ ပြောတာတွေလည်း ရှိပါတယ်။ တစ်ချို့ကတော့ “ကုသိုလ်ဆိုတာ ဒါန၊ သီလ၊ ဘာဝနာကို ပြောတာပါဘုရား..” လို့ ဖြေတာတွေလည်း ရှိပါတယ်။ သူတို့ရဲ့ အဖြေတွေဟာ မှားတယ်လို့ မပြောနိုင်ပေမယ့် သေသေချာချာ သိလို့ဖြေတာရယ်လို့ မရှိကြပါဘူး။ စိတ်အထင်နဲ့ မှန်းပြီးဖြေလိုက်ကြတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ အဲဒီလို အထင်နဲ့ဖြေနိုင်တာကိုက တော်လှပြီလို့ ပြောရမလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဘုန်းဘုန်းကတော့ သိသင့်သိထိုက်တဲ့ ကုသိုလ်နဲ့ အကုသိုလ်အကြောင်း အခြေခံကျကျ ရှင်းပြပေးဖြစ်ပါတယ်။

ကုသိုလ်၊ အကုသိုလ်လို့ မြန်မာလို ပြောဆိုသုံးနှုန်းနေကြတဲ့ ဒီစကားလုံးတွေဟာ ပါဠိ ကုသလ၊ အကုသလဆိုတဲ့ စကားလုံးတွေကို မြန်မာမှုပြုထားတာ ဖြစ်ပါတယ်။ ဒီကုသိုလ် အကုသိုလ်ဆိုတဲ့ စကားလုံးတွေရဲ့ တိုက်ရိုက်သဘော လက္ခဏာကို စာပေက “ကုသိုလ်ဆိုတာ အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာ (ကုသလံ အန၀ဇ္ဇ သုခ၀ိပါက လက္ခဏံ)” ရှိကြောင်းနှင့် “အကုသိုလ်ဆိုတာ အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းသော အကျိုးကိုပေးခြင်း လက္ခဏာ(အကုသလံ သာဝဇ္ဇ ဒုက္ခ၀ိပါက လက္ခဏံ)” ရှိကြောင်း ဖွင့်ဆိုရှင်းပြပါတယ်။ ဒါကြောင့် ဒီအဖွင့်တွေအရ အပြစ်မရှိခြင်း၊ ကောင်းတဲ့အကျိုးကို ပေးခြင်းသဘောကို ကုသိုလ်လို့ဆိုပြီး အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းတဲ့ အကျိုးကို ပေးခြင်းသဘောကို အကုသိုလ်လို့ ဆိုကြောင်း နားလည်နိုင်ပါတယ်။ ဆိုလိုတာက “အလုပ်တစ်ခုဟာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်မရှိဘဲ ကောင်းတဲ့အကျိုးကို ပေးတယ်ဆိုရင် ဒီအလုပ်ကို ကုသိုလ်”လို့ ဆိုပြီး “အလုပ်တစ်ခုဟာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်ဖြစ်နိုင်ကာ မကောင်းတဲ့ အကျိုးကို ပေးနိုင်တယ်ဆိုရင် ဒီအလုပ်ကို အကုသိုလ်”လို့ ဆိုကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကာလာမသူတို့သားတို့ကို မိန့်တော်မူထားတဲ့ ကုသိုလ်အကုသိုလ် အယူအဆကလည်း အထက်ပါ စာပေအဖွင့်ကို ပိုပြီးပြည့်စုံစေပါတယ်။ ဘုရားရှင်က “ကာလာမမင်းတို့ ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏”ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသော အခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏။ “ကာလာမမင်းတို့… ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည်ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏” ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။ (ကေသမုတ္တိသုတ်)”လို့ ယုတ္တိရှိပြီး အနှစ်သာရပါတဲ့ ကုသိုလ်အကုသိုလ် အယူအဆကို မိန့်တော်မူပါတယ်။

စာပေကပြောတဲ့ ကုသိုလ်၊ အကုသိုလ်တွေရဲ့ အဓိပ္ပါယ်နဲ့ မြတ်ဗုဒ္ဓမိန့်တော်မူတဲ့ အယူအဆတွေက ရှင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ အကျိုးရှိပြီး အပြစ်မရှိဘူးဆိုရင် ကုသိုလ်အလုပ်ဖြစ်နေပြီး အကျိုးလည်း မရှိတဲ့အပြင် အပြစ်ပါ ဖြစ်နေတယ်ဆိုရင် ဒါဟာ အကုသိုလ်အလုပ် ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အပြစ်ရှိတယ်၊ မရှိဘူး၊ အကျိုးရှိတယ်၊ မရှိဘူးဆိုတာတွေကို ကိုယ့်အတွက် တစ်ခုတည်းကိုကြည့်ပြီး ပြောလို့မရပါဘူး။ တစ်ခါတစ်လေ တစ်ချို့အလုပ်တွေဟာ ကိုယ့်အတွက်တော့ အကျိုးရှိနေပေမယ့် သူများအတွက်တော့ ထိခိုက်နေတဲ့ အလုပ်မျိုး၊ နှစ်ဦးနှစ်ဘက်လုံး အကျိုးရှိနေပမယ့် သန့်ရှင်းမှုမရှိ၊ အပြစ်ဖြစ်နေတဲ့ အလုပ်မျိုး ဖြစ်နေတတ်ပါတယ်။ အဲဒီလိုဖြစ်နေမယ်ဆိုရင် ဒီလိုအလုပ်မျိုးကို ကုသိုလ်လို့ ပြောလို့မရပါဘူး။ တကယ့်ကို အပြစ်မရှိဘဲ ကောင်းတဲ့အကျိုးကို ပေးတဲ့အလုပ်မျိုးဆိုတာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်မရှိဘဲ ကောင်းကျိုးကို ဖြစ်စေတဲ့ အလုပ်မျိုးကို ဆိုပြီး အဲဒီလို အလုပ်မျိုးကိုသာ ကုသိုလ်လို့ ခေါ်ဆိုနိုင်တာ ဖြစ်ပါတယ်။

အကုသိုလ်အလုပ်ကတော့ ရှင်းပါတယ်။ လုပ်မိပြီးဆိုကတည်း အရင်ဆုံး ကိုယ့်ကိုယ်ကို အကျိုးယုတ်စေ၊ အပြစ်ဖြစ်စေတာပဲ ဖြစ်ပြီး နောက်သူတပါးကိုပါ ပတ်သက်ဆက်စပ်ကာ အပြစ်ဖြစ်စေ၊ အကျိုးယုတ်စေ ပြန်ပါတယ်။ အကုသိုလ်အလုပ်ကို လုပ်မိပြီဆိုရင် လုပ်နေတဲ့ အချိန်ကစပြီး အပြစ်ဖြစ်နေတာ ဖြစ်ပါတယ်။ အကုသိုလ်အလုပ်မှာ ကိုယ့်အတွက် အကျိုးရှိသွားတယ်၊ ကောင်းကျိုးဖြစ်သွားတယ် ဆိုတာ မရှိဘဲ ဘယ်သူပဲဖြစ်ဖြစ် အကုသိုလ်အလုပ်ကို လုပ်မိတာနဲ့ တပြိုင်တည်း အပြစ်ဖြစ်နေပြီး မကောင်းတဲ့အကျိုးကို ပေးစေတော့တာပဲ ဖြစ်ပါတယ်။ တစ်ချို့က အကုသိုလ်နဲ့ အကျိုးပေးတယ်၊ လောင်းကစားနဲ့ အကျိုးပေးတယ်လို့ ဆိုကာ အကုသိုလ်အလုပ်၊ မကောင်းတဲ့ အလုပ်တွေကို ပျော်ပျော်ပါးပါး လုပ်နေတတ်တာ ရှိပါတယ်။ ဒါဟာ အကျိုးပေးတာ မဟုတ်ပါဘူး။ အကျိုးယုတ်နေစေတာ ဖြစ်ပါတယ်။ အပြစ်တွေ ဖြစ်နေစေတာ ဖြစ်ပါတယ်။ အချိန်မတန်သေးတဲ့အတွက် ဒီအပြစ်တွေကို မခံရသေးပေမယ့် အချိန်တန်ရင်တော့ ဘုရားလည်း မကယ်နိုင်လောက်အောင် အပြစ်နဲ့အတူ မကောင်းကျိုးကို ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်တဲ့အလုပ်ဟာ အပြစ်နဲ့တကွဖြစ်နေပြီး မကောင်းတဲ့အကျိုးကို ပေးစေတဲ့ အလုပ် မဖြစ်ဖို့လို့ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

တစ်ခါက အရက်ကိုကြိုက်လို့ကို သောက်နေပြီး အရက်သောက်ပြီးရင်လည်း ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ သူဖာသာသူ တစ်ယောက်တည်း အိပ်နေတတ်တဲ့ ဒကာတစ်ယောက်နဲ့ တွေ့လို့ သူပြောတာလေး သတိရမိပါတယ်။ “ဆရာတော်ဘုရား… တပည့်တော်က အရက်သောက်တာကို မကောင်းမှန်းတော့ သိပါတယ်၊ ဒါပေမယ့် ကြိုက်လွန်းတော့ ဘယ်လိုမှကို ဖြတ်လို့မရဘူးဘုရား..၊ နောက်တပည့်တော်က သောက်သာသောက်ပေမယ့် ဘယ်သူ့ကိုမှ ဒုက္ခပေးလေ့ မရှိပါဘူးဘုရား၊ အဲဒီအတွက် အကုသိုလ်အပြစ်တော့ သက်သာမယ်လို့ ထင်ပါတင်ဘုရား..”လို့ သူက ပြောလာပါတယ်။ “အင်း… ဒကာ့အမြင်နဲ့ ဒကာကတော့ ဟုတ်နေတာပဲ၊ တကယ်တော့ အကုသိုလ်အပြစ်ဆိုတာ သူတပါးကို မထိခိုက်ပေမယ့် ကိုယ့်ကိုယ်ကို ထိခိုက်နေရင်လည်း အကုသိုလ်လို့ ပြောလို့ရပါတယ်၊ ဒကာက အရက်သောက်ပြီး ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ အိပ်နေပေမယ့် ကိုယ့်ကိုယ်ကိုတော့ အကျိုးယုတ်စေ၊ အပြစ်ဖြစ်နေစေတဲ့ အတွက် ဒါဟာ အကုသိုလ်ပါပဲ၊ အရက်သောက်တဲ့ အတွက် သီလသိက္ခာပုဒ်ကို ချိုးဖောက်နေပြီး အရက်သောက်ထားတဲ့ အတွက် မေ့လျော့ပေါ့ဆမှု ဖြစ်နေတာတွေကိုက အကုသိုလ်ဖြစ်နေတာပါ၊ ဒါကြောင့် အရက်သောက်ပြီး အိပ်နေတတ်တဲ့ သူကိုလည်း အကုသိုလ်ဖြစ်နေတဲ့သူလို့ ပြောတာဖြစ်ပါတယ်…” စသဖြင့် အဲဒီဒကာကို ပြန်ပြောဖြစ်ခဲ့ပါသေးတယ်။

ဟုတ်ပါတယ်။ လူတိုင်းလူတိုင်း ကိုယ်လုပ်တဲ့ အလုပ်တွေ အပေါ်မှာ အပြစ်ဖြစ်မဖြစ် စိစစ်ကြည့်ကြဖို့ လိုပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်ကင်းတယ်၊ အကျိုးရှိတယ်ဆိုရင် ဒီအလုပ်ဟာ ကောင်းတဲ့အလုပ်ဖြစ်ပြီး ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးမရှိတဲ့အပြင် လုပ်သမျှ အပြစ်တွေပဲ ဖြစ်နေတယ်ဆိုရင် ဒါဟာ မကောင်းတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ အလုပ်တစ်ခုဟာ ကောင်းရင်ကုသိုလ်ဖြစ်ပြီး မကောင်းရင် အကုသိုလ်ဖြစ်ပါတယ်။ အကောင်းလုပ်ရင် အပြစ်ကင်းပြီး မကောင်းလုပ်ရင် အပြစ်တွင်း ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အပြစ်မကင်းဘဲ မကောင်းကျိုးပေးတတ်တဲ့ အကုသိုလ် အလုပ်တွေကို ရှောင်ကြဉ်ပြီး အပြစ်ကင်းကာ ကောင်းကျိုးဖြာစေမယ့် ကုသိုလ်အလုပ်တွေမှာ တတ်နိုင်သမျှ ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက ကုသိုလ်၊ အကုသိုလ်ဆိုတာ လုပ်တဲ့သူတွေ အနေနဲ့ ကိုယ့်အတွက်ရော အခြားသူတွေ အတွက်ပါ အပြစ်ရှိမရှိ အကျိုးရှိမရှိဆိုတဲ့ သက်ရောက်မှုတွေနဲ့ သက်ဆိုင်တဲ့ အလုပ်တွေကို ဆိုလိုတာ ဖြစ်တဲ့အတွက် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ ကုသိုလ်ဖြစ်လား၊ အကုသိုလ်ဖြစ်လား ဆိုတာကို ကိုယ်ကိုယ်တိုင် စိစစ်ပြီး ကုသိုလ်ဖြစ်တယ်ဆိုရင် စွဲစွဲမြဲမြဲလုပ်ဖို့နဲ့ အကုသိုလ်ဖြစ်တယ်ဆိုရင် မလုပ်ဘဲ ရှောင်ရှားကာ လုပ်မိနေရင်လည်း အမြန်ဆုံး စွန့်လွှတ်ကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ကံကံရဲ့ သက်ရောက်မှု သဘောအရလည်း ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ဆီပဲ ပြန်ရောက်လာမှာ ဖြစ်တဲ့အတွက် ကိုယ်လုပ်တဲ့ အလုပ်တွေကို အပြစ်ကင်းအောင်နဲ့ အကျိုးရှိအောင် လုပ်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ ဗုဒ္ဓအလိုတော်အရ လောဘ၊ ဒေါသ၊ မောဟတရားများ ဦးစီးပြီး လုပ်လေ့ရှိတဲ့ အလုပ်များဟာ များသောအားဖြင့် အပြစ်မကင်းဘဲ အကုသိုလ်ဖြစ်တတ်တာ များတဲ့အတွက် ဒီလိုအလုပ်များကို ရှောင်ရှားပြီး အပြစ်ကင်းတဲ့ အလုပ်တွေကို ရှာဖွေလုပ်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အချုပ်ပြောလိုတာက လောကမှာ ပြောပြောနေကြတဲ့ ကုသိုလ်အကုသိုလ်ဆိုတဲ့ စကားတွေရဲ့ တကယ့်ဆိုလိုရင်းမှာ ကုသိုလ်ဆိုတာ အပြစ်မရှိဘဲ ကောင်းကျိုးဖြစ်စေတဲ့ သဘောဖြစ်ပြီး အကုသိုလ်ဆိုတာ အပြစ်နဲ့အတူ မကောင်းကျိုးကို ဖြစ်စေတဲ့ သဘောဖြစ်တဲ့အတွက် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်ကင်းမကင်း၊ အကျိုးရှိမရှိ စဉ်းစားသုံးသပ်ပြီး နှစ်ဦးလုံးအတွက် အပြစ်ကင်းပြီး အကျိုးရှိတယ်ဆိုရင် ဒီအလုပ်ကို ကြိုးစားလုပ်ဖို့နဲ့ နှစ်ဦးလုံးအတွက် အပြစ်မကင်းဘဲ အကျိုးယုတ်စေတယ်ဆိုရင် ဒီအလုပ်ကို မလုပ်ဘဲ ရှောင်ရှားဖို့၊ အဲဒီလို အပြစ်ကင်းပြီး အကျိုးရှိတဲ့ အလုပ်ကို လုပ်နေခြင်းဟာ ကုသိုလ်လုပ်နေခြင်း ဖြစ်တဲ့အတွက် ဒီ ကုသိုလ်တရားတွေကို များများလုပ်နိုင်အောင် ကြိုးစားကြဖို့ ပြောလိုရင်း ဖြစ်ပါတယ်။ အဲဒီလို အပြစ်ကင်းပြီး အကျိုးရှိတဲ့ အလုပ်တွေကို လုပ်ဆောင်ရင်းနဲ့ပဲ ကိုယ့်ရဲ့ဘ၀ ကောင်းကျိုးချမ်းသာကို ကြိုးစားရှာဖွေကြဖို့လည်း အသိပေးစကား ပြောကြားရင်း ကုသိုလ်နဲ့ အကုသိုလ်ဆိုတဲ့ ဒီစာစုလေးကို အဆုံးသတ်လိုက်ရပါတော့တယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ