ကြက်သွန်နီလို ဘ၀…

မကြာခင်က ကျောင်းမှာကျင်းပ ပြုလုပ်ခဲ့တဲ့ ၀ါဆိုသင်္ကန်းကပ်ပွဲ အလှူမှာ ကိုရီးယားနိုင်ငံသား ထေရ၀ါဒ ဘုန်းတော်ကြီးတစ်ပါး ချီးမြှင့်တော်မူတဲ့ တရားတော်ကိုနာရင်း ဆရာတော် ပေးသွားတဲ့ ဥပမာလေးတစ်ခုကို စွဲစွဲထင်ထင် အမှတ်ရမိနေပါတယ်။ ဆရာတော်က တစ်ချို့လူတွေရဲ့ ဘ၀ဟာ ကြက်သွန်နီနဲ့ တူနေကြောင်း ဥပမာပေး ဟောကြားတော်မူသွားပါတယ်။ “ကြက်သွန်နီဟာ ကြိုက်တဲ့လူတွေ အတွက် အရသာ ရှိတယ်လို့ ထင်ရပေမယ့် သေချာတွေးကြည့်လိုက်ရင် အနှစ်သာရ ဘာမှမရှိလှတာကို တွေ့နိုင်ကြောင်း၊ ကြက်သွန်နီဟာ အပေါ်ယံ အခွံတွေကို တစ်ခုချင်း ခွာကြည့်လိုက်ရင် အနှစ်ဆိုတာ ဘာမှမရှိသလို အနံ့အသက်ကလည်း ဆိုးဆိုးဝါးဝါး ပြင်းထန်စူးရှတဲ့ အနံ့ရှိတဲ့အတွက် ကိုင်တွယ်အသုံးပြု စားသောက်တဲ့ သူတွေကို အနံ့ဆိုးတွေနဲ့ စွဲထင်စေတဲ့အပြင် အခံ့မသင့်ရင် မျက်ရည်များပင် ကျစေနိုင်ကြောင်း၊ အဲဒီလိုပဲ လောကမှာ တစ်ချို့သူတွေ အနေနဲ့ သူတို့လုပ်နေတဲ့ လုပ်ရပ်များကြောင့် သူတို့ရဲ့ ဘ၀ဟာ ဘာမှအနှစ်သာရ မရှိဖြစ်နေပြီး သူတို့နဲ့အတူ သွားလာပေါင်းသင်း နေသူများကိုလည်း အနံ့ဆိုးများနဲ့ ဒုက္ခဆိုးတွေပဲ ဖြစ်နေတတ်တဲ့အတွက် ကြက်သွန်နီလို ဖြစ်နေကြောင်း” စသဖြင့် မိန်ကြားတော်မူပါတယ်။ ဆရာတော်ရဲ့ ဥပမာလေးကို ပြန်လည်စဉ်းစားရင်း ကြက်သွန်နီလို ဖြစ်နေတဲ့သူတွေရဲ့ “ကြက်သွန်နီလို ဘ၀”လေးတွေကို ပြေးမြင်နေမိပါသေးတယ်။

ငယ်ငယ်တုန်းက အလှူပွဲတွေမှာ ကြက်သွန်နီတွေခွာပြီး ကြက်သွန်နီတွေ လှီးနေကြတဲ့ သူတွေထဲမှာ တစ်ချို့က မျက်စိစပ်ပြီး မျက်ရည်ကျနေတာကို တွေ့ရတော့ “သူများကြီးပွားတာ မနာလိုဖြစ်နေတာလား…၊ ဘယ်သူဘာဖြစ်လို့ ငိုနေတာလဲ …” စသဖြင့် အချင်းချင်း နောက်ပြောင်ကြတာတွေကို သတိရမိပါသေးတယ်။ ကြက်သွန်နီကိုခွါရင်း ကြက်သွန်နီကိုလှီရင်း ကျလာတဲ့ မျက်ရည်တွေဟာ အဲဒီတုန်းက ပျော်စရာအဖြစ် တွေးဖြစ်ခဲ့ပေမယ့် အသိတစ်ခု ရလာလို့ ခုချိန်မှာ ဘ၀နဲ့ယှဉ်ပြီး တွေးကြည့်လိုက်တဲ့အခါ ကြက်သွန်နီက ပေးတဲ့အသိ၊ ကြက်သွန်နီကပြတဲ့ သင်္ခန်းစာတွေကို သံဝေဂရစရာအဖြစ် သတိပြုမိလာပါတယ်။ တစ်ချို့ သူတွေရဲ့ဘ၀ဟာ ကိလေသာအာရုံ ကာမဂုဏ်တွေနဲ့ အချိန်ကုန်နေပြီး အနှစ်ချုပ်ကြည့်တဲ့အခါ ဘာမှ ဖြစ်မလာဘဲ အသက်သာ တဖြည်းဖြည်း ကြီးကြီးလာနေတဲ့ အဖြစ်က ကြက်သွန်နီရဲ့ သဘောသဘာဝနဲ့ တထပ်တည်း ဖြစ်လာတာကို တွေ့ရပြန်ပါတယ်။ အနှစ်လည်းမရှိ၊ အနံ့လည်းမကောင်း၊ အခန့်မသင့်ရင် မျက်ရည်ကျတဲ့အထိ သက်ရောက်မှုကို ဖြစ်စေတတ်တဲ့ ကြက်သွန်နီလို တစ်ချို့သူတွေရဲ့ ဘ၀ဟာလည်း အနှစ်မရှိ အကျိုးလည်းမပြီး၊ မကောင်းသတင်းလည်းထွက်ကာ အပေါင်းအသင်းများအထိ ဒုက္ခဖြစ်စေတဲ့ ဘ၀တွေ ဖြစ်နေတတ်တယ်ဆိုတာ သံဝေဂ ယူစရာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ တစ်ချို့သူတွေဟာ ကံကောင်းထောက်မစွာ လူ့ဘ၀ကို ရလာပေမယ့် ရရှိလာတဲ့ လူ့ဘ၀ကို အနှစ်သာရများနဲ့ အကျိုးရှိအောင် အသုံးမချဘဲ ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘ၀နဲ့ပဲ အချိန်ကုန်နေတာ တွေ့ရတတ်ပါတယ်။ ကိုယ့်အတွက်လည်း အကျိုးမရှိ အများအတွက်လည်း အကျိုးမရှိတဲ့ အလုပ်များနဲ့ပဲ တစ်နေ့တစ်ရက် တစ်မနက်ကို ရက်ဆက်ပြီး ကုန်လွန်နေတတ်ကြပါတယ်။ မနက်အိပ်ရာထကနေ ညအိပ်ရာဝင်တဲ့ အထိ ကုန်လွန်သွားတဲ့ တစ်နေ့တာ အချိန်ကို ပြန်ကြည့်တဲ့အခါ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုမှ ရမသွားဘဲ သောက်သောက်စားစား ပျော်ပျော်ပါးပါးနဲ့ပဲ ကုန်လွန်သွားတတ်ကြပါတယ်။ ကုသိုလ်၊ ပညာ၊ ဥစ္စာ မရပေမယ့် အကုသိုလ်ပါ ရမသွားရင်ကိုပဲ တော်လှသေးတယ်လို့ ပြောရပါမယ်။ တစ်ချို့ကတော့ အဲဒီကုသိုလ်၊ ပညာ၊ ဥစ္စာတွေပါ မရတဲ့အပြင် အကုသိုလ်ပါ ရသွားကြတော့ ဘ၀ဟာ တကယ့်ကိုပဲ အနှစ်မရှိတဲ့ ကြက်သွန်နီလို ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။

တစ်ချို့ လက်ရှိသက်တမ်းရဲ့ သုံးပုံနှစ်ပုံလောက် အရွယ်၊ တစ်ချို့ နောက်ဆုံး အရွယ်လောက်အထိ ရောက်နေတာတောင်မှ သတိသံဝေဂ မရနိုင်ကြသေးဘဲ မကောင်းတဲ့ အလုပ်တွေ၊ မကောင်းတဲ့ ကာမဂုဏ် အာရုံတွေမှာ ပျော်ကောင်းနေတုန်း ရှိနေကြတာကို တွေ့ရတတ်ပါတယ်။ ပညာရှာရမယ့် အချိန်မှာလည်း ပညာကို ဟုတ်တိပတ်တိ မရှာမိကြ၊ စီးပွားရှာရမယ့် အချိန်မှာလည်း စီးပွားရအောင် မရှာမိကြတဲ့အပြင် ကုသိုလ်ရှာရမယ့် အချိန်မှာလည်း ကုသိုလ်တရားဘက်ကို အာရုံမထား အကုသိုလ် အလုပ်များမှာပဲ ပျော်ကောင်းနေလေတော့ သူတို့သူတို့ရဲ့ ဘ၀ဟာ ကုန်ဆုံးသွားတဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်လို့မှ အားရစရာမရှိ၊ အနှစ်သာရမယ့်နေသလို ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်နေမယ်ဆိုရင် သူတို့ရဲ့ ဘ၀ဟာ အနံ့ဆိုးတဲ့ ကြက်သွန်နီဖတ်တွေကို တစ်ခုချင်း ပြန်ခွာကြည့်လို့မှ အပေါ်ယံ အခွံတွေသာ တစ်ခုခုချင်းကုန်သွားတယ် နောက်ဆုံးဘာမှ မတွေ့ရတဲ့ ကြက်သွန်နီလို ဘ၀မျိုးပဲ ဖြစ်နေတတ်ပါတယ်။

တစ်ချို့တွေ့ဖူးပါတယ်။ ငယ်ငယ်တုန်းကလည်း ဟိုကိစ္စ ဒီကိစ္စတွေကြောင့် အနှစ်ရှိတဲ့ ကုသိုလ်တရားတွေမှာ ကြိုးစားအားထုတ်မှု မရှိခဲ့သလို အသက်အရွယ် ကြီးလာပြန်တော့လည်း ကိုယ့်ဘ၀အတွက်၊ ကိုယ့်သံသရာအတွက် ကြိုးစားအားထုတ်ရမယ့် အရာတွေကို မလုပ်နိုင်သေးဘဲ ဟိုအတွက်ပူရ၊ ဒီအတွက်ပူရ၊ ဟိုမှာပျော်ရ၊ ဒီမှာပျော်ရ၊ ဟိုဟာဖြတ်မရ၊ ဒါဖြတ်မရနဲ့ဘဲ အချိန်တွေကို ကုန်လွန်နေကြတာတွေပါ။ အဲဒီလို ဟိုသံယောဇဉ် ဒီသံယောဇဉ်တွေကြောင့် တကယ်လုပ်ရမယ့် ကုသိုလ်အရေးတွေကို မလုပ်နိုင်ဘဲ မေ့မေ့လျော့လျော့ နေခဲ့တာတွေဟာ သေခါနီးကျတော့မှ အားကိုးရာအစစ် မရှိလို့ ကုသိုလ်အနှစ်တွေ လုပ်ကြမယ် ဆိုပြန်တော့ အချိန်တွေနှောင်းပြီး စိတ်သွားတိုင်း ကိုယ်မပါဖြစ်ကာ နောက်ဆုံးဘ၀ဟာ အနှစ်မပါဘဲ အဆုံးသတ်သွားကြရတဲ့ အဖြစ်နဲ့ပဲ နိဂုံးချုပ်သွားခဲ့ရပြန်ပါတယ်။

တကယ်တော့ ဒီနေ့ခေတ် သက်တမ်းတွေအရ တွက်ကြည့်ကြမယ်ဆိုရင် အသက်သုံးဆယ် ကျော်လာပြီဆိုရင် ဘ၀ဟာ တစ်ဝက်ကျိုးလာပြီ ဖြစ်ပါတယ်။ သက်တမ်း တစ်ဝက်ချင်းတူပေမယ့် ရှေ့မှာကုန်သွားတဲ့ ဘ၀ဟာ ငယ်တုန်းရွယ်တုန်း သန်တုန်းမာန်တုန်း အရွယ်ဖြစ်နေတော့ စိတ်သွားတိုင်း ကိုယ်ပါတဲ့ အရွယ်ဖြစ်နေပေမယ့် လေးဆယ်ကျော်နောက်ပိုင်း သက်တမ်းကတော့ ကြာလေပိုပြီး အားအင်ချိနဲ့လေ ကြာလေအားအင်ချိန်နဲ့လေ ဖြစ်နေတဲ့အတွက် အိုလေမစွမ်းလေ အိုလေမစွမ်းလေ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သန်တုန်းမြန်တုန်း၊ အစွမ်းအားတွေရှိနေတုန်း၊ စိတ်သွားတိုင်း ကိုယ်ပါနေတုန်း ရယူရမယ့် အနှစ်သာရ ကုသိုလ်တရားတွေ ရယူနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ကောင်းမှုကုသိုလ် အနှစ်သာရဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘဲ တစ်ဦးတစ်ယောက်ချင်းရဲ့ သဒ္ဓါတရားနဲ့ ရယူလိုမှု၊ ကိုယ့်ကိုယ်ကို ထိန်းသိမ်းပြုပြင်လိုမှု၊ ကြိုးစားအားထုတ်မှုတွေနဲ့ပဲ ရရှိနိုင်အောင် ကြိုးစားရတဲ့ အရာ ဖြစ်တဲ့အတွက် ငယ်တဲ့သူတွေလည်း ငယ်တဲ့အလျောက် ကြိုးစားရယူနိုင်ကြသလို ကြီးတဲ့သူတွေလည်း ကြီးတဲ့အလျောက် ကြိုးစားရယူနိုင်ကြမှာ ဖြစ်ပါတယ်။ အသက်ငယ်ပေမယ့် အသိရှိပြီး ထိန်းသိမ်းပြုပြင်နိုင်မယ် ဆိုရင် အနှစ်ရှိတဲ့ ဘ၀ဖြစ်နိုင်ပြီး အသက်ကြီးပေမယ့် အသိမရှိ ကြိုးစားအားထုတ်မှုလည်း မရှိဘဲ မကောင်းတဲ့ အလုပ်တွေ၊ မကောင်းတဲ့ အာရုံတွေမှာ ပျော်ကောင်းတုန်း၊ မိုက်ကောင်းတုန်းဆိုရင်တော့ ကြီးပြီးအနှစ်မရှိ၊ အနံ့မကောင်းတဲ့ ကြက်သွန်နီလို ဘ၀မျိုးပဲ ဖြစ်နေကြမှာ ဖြစ်ပါတယ်။

တရားပွဲတစ်ခုမှာ တရားပွဲအပြီး စကားစပ်လို့ ပြောကြဆိုကြရင်း ဒကာလေး တစ်ယောက်က “အရှင်ဘုရား… တပည့်တော်အမြင်တော့ အခုနောက်ပိုင်း လူငယ်တွေထက် အသက်လေးဆယ်ကျော် နောက်ပိုင်းအရွယ်တွေက အသောက်အစား အပျော်အပါးတွေမှာ ပိုပြီးအာရုံထားနေ၊ မကောင်းတဲ့ အလုပ်တွေမှာ ပိုပြီးအချိန်ကုန်ကောင်းနေ၊ မထူးပါဘူးဆိုပြီး မထူးဇာတ် ခင်းကောင်းနေ ကြတယ်လို့ ထင်တဲ့အကြောင်း” သူ့ပတ်ဝန်းကျင်မှာ ကြုံတွေ့ကြရတဲ့ လေးဆယ်ကျော် အရွယ်တွေနဲ့ ချိန်ထိုးပြီး လျှောက်ဖူးပါတယ်။ သူက စီးပွားရေး လုပ်ငန်းလုပ်နေသူ တစ်ယောက်ဆိုတော့ လူပေါင်းစုံနဲ့ ဆက်ဆံနေရတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူငယ်လေးတွေရဲ့ ကုသိုလ်တရားတွေမှာ အလေးထားလာ၊ ဘာသာရေးအပေါ်မှာ လိုက်စားလာတာတွေကို ကြုံဖူးတွေ့ဖူးနေသလို ခုနပြောခဲ့တဲ့ လူလတ်ပိုင်းအရွယ် အအိုပိုင်းအရွယ် ရောက်လာတဲ့ လူတွေရဲ့ မကောင်းတဲ့ အလုပ်တွေအပေါ်မှာ ပျော်ကောင်းနေ၊ ကုသိုလ်တရားတွေလုပ်ဖို့ မေ့ကောင်းနေတာတွေကိုလည်း ကြုံဖူးနေသူ တစ်ယောက်အနေနဲ့ ခုလို သူရဲ့အတွေ့အကြုံကို အခြေခံပြီး လျှောက်ထားတာ ဖြစ်ပါတယ်။

အဲဒီဒကာလေး လျှောက်ထားသလိုပဲ ဘုန်းဘုန်းတို့ တွေ့ကြုံနေရတဲ့ ပတ်ဝန်းကျင်မှာလည်း ဒီလို မကောင်းတဲ့ အလုပ်တွေမှာ ပျော်ကောင်းနေ၊ အသက်အရွယ် ရလာပေမယ့် ကုသိုလ်တရားတွေမှာ ကြိုးစားအားထုတ်ဖို့ သတိမရ ဖြစ်နေသူတွေကို အများကြီး ကြုံဖူးနေပါတယ်။ တစ်ခါတစ်ရံ ကြုံကြိုက်တဲ့အခါမှာ အသိပေးစကား၊ တိုက်တွန်းစကား ပြောကြားပေနေပေမယ့် သူတို့ကိုယ်တိုင်က သံဝေဂမရ၊ သူတို့ကိုယ်တိုင်က ကုသိုလ်တရားတွေအပေါ်မှာ ရယူလိုစိတ်မရှိ၊ အားထုတ်လိုစိတ် မရှိဘဲ ဖြစ်နေကြလေတော့ ဘုန်းဘုန်းတို့လည်း ရသမျှလောက်ပဲ ဟောပြောပြုပြင် ပေးနေရတော့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာက လမ်းညွှန်ပေးသူနဲ့ လက်တွေ့လိုက်နာ ကျင့်ကြံသူဆိုတာ သူ့အလုပ်ပဲ သူလုပ်နိုင်တာ ဖြစ်လို့ ဘုန်းဘုန်းတို့ အနေနဲ့ကတော့ လမ်းညွန်ပေးရုံ၊ ဟောပြောပေးရုံ၊ တိုက်တွန်းပေးရုံလောက်ပဲ လုပ်ပေးနိုင်မှာ ဖြစ်ပြီး လက်တွေ့ကျင့်ကြံမှု အပိုင်းမှာတော့ သူတို့တစ်ဦးချင်း အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ပြောချင်တာက ခုနပြောခဲ့သလို ကြက်သွန်နီလို ဘ၀မျိုး ဖြစ်အောင်လည်း ကိုယ်ကိုယ်တိုင်ပဲ ဖြစ်သလို ဒီလိုဘ၀မျိုးကနေ ရုန်းထွက်နိုင်တာလည်း ကိုယ်ကိုယ်တိုင်ပဲ ဖြစ်တယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။

ထားပါတော့။ ဘာပဲဖြစ်ဖြစ် ဆိုလိုတာက ကြက်သွန်နီလို ဘ၀မျိုး မဖြစ်ကြစေဖို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ နေရတဲ့အခိုက်၊ အရကောင်းနဲ့ ကြုံရတဲ့ အခိုက်လေးမှာ ရရှိလာတဲ့ ဘ၀ကို မကောင်းတဲ့ အလုပ်တွေ၊ မကောင်းတဲ့ ကာမဂုဏ် အာရုံတွေမှာ ပျော်ပါးရင်း အနှစ်ချုပ်ကြည့်လို့မှ ဘာအနှစ်မှ မတွေ့ရဘဲ နောက်ဆုံး မကောင်းသတင်းနဲ့ အနံ့ဆိုးများပဲ ထွက်ခဲ့ရတဲ့ ဘ၀မျိုး၊ ကြက်သွန်နီလို ဘ၀မျိုးနဲ့ပဲ အချိန်ကုန်မနေကြဖို့ သတိပေးလိုတာ ဖြစ်ပါတယ်။ ကြိုးစားလိုက်မယ်ဆိုရင် ကြက်သွန်နီလို ဘ၀မျိုးကနေလည်း ရုန်းထွက်နိုင်မှာ ဖြစ်တဲ့အတွက် အချိန်မီ သတိသံဝေဂရပြီး ကုသိုလ်အနှစ်များနဲ့ နေနိုင်အောင် အချိန်ရှိတုန်း ကြိုးစားလိုက်ကြဖို့ တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အကောင်းဆုံးဘ၀ကို ရရှိလာကြတဲ့ အခိုက်မှာ ကိုယ့်ကိုယ်ကို အကောင်းဆုံး ဖြစ်အောင်၊ ရရှိလာတဲ့ အကောင်းဆုံးဘ၀ကို အကောင်းဆုံးအရာတွေနဲ့ ကောင်းသထက် ကောင်းအောင် ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းရင်း မကောင်းတဲ့အလုပ်၊ မကောင်းတဲ့အာရုံတွေကို အလေးထားရင်း နောက်ဆုံး အနှစ်မပါ အကာသက်သက်ဖြင့် မကောင်သတင်းများ၊ အနံ့ဆိုးများနဲ့ အကောင်းဆုံးဘ၀မှ မကောင်းတဲ့ ဘ၀အထိ ရောက်သွားစေနိုင်တဲ့ ကြက်သွန်နီလို ဘ၀မျိုးမှ ရှောင်ရှားကြဖို့လည်း သတိပေးစကား ပါးလိုက်ရခြင်း ဖြစ်ပါတယ်။ အားလုံး ကြက်သွန်နီလို ဘ၀မျိုးမှ ရှောင်ရှားနိုင်ကြပါစေ…။

Read more »

Live Questions and Answers (7)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

4 Jul 10, 07:07 PM
ထွန်းထွန်း
အရှင်ဘုရား တပည့်တော် လာလည်သွားပါတယ်ဘုရား။ တပည့်တော် အွန်လိုင်းပေါ် လာလည်ရင်း အများကျိုးအတွက် မေးခွန်းလေးတစ်ခု လျှောက်ထားပါရစေ။ မသိမှု အ၀ိဇ္ဖာအောက်မှာ ကျင်လည်နေကြရတဲ့ သတ္တ၀ါတွေကို ချုပ်ကိုင်ထားတဲ့ အရာတစ်ခုတော့ရှိတာ သေချာပါတယ်ဘုရား။ အ၀ိဇ္ဖာကဖုံးလိုက် တဏှာကချော့လိုက်နဲ့ ဒီသတ္တ၀ါတွေဟာ ၃၁ဘုံထဲက မလွတ်နိုင် မကျွတ်နိုင်ဖြစ် နေရတာ ဘာကြောင့်ပါလိမ့်ဘုရား။

6 Jul 10, 06:23 AM
မနာပဒါယီ >>> ထွန်းထွန်း
သတ္တ၀ါတွေကို ၃၁ဘုံ သံသရာမှာ တ၀ဲလည်လည်နဲ့ ရုန်းမထွက်နိုင်အောင်၊ သံသရာရှည်ကြာအောင် သံသရာချဲ့ထွင်ပေးတဲ့ တရားတွေရှိပါတယ်။ အဲဒီတရားတွေက တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားများပဲ ဖြစ်ပါတယ်။ ဒီတရားသုံးပါးဟာ သတ္တ၀ါတွေကို သံသရာမှာ အရှည်ကြာအောင် သံသရာနယ်ချဲ့နေတဲ့ တရားများ ဖြစ်ပါတယ်။ ဒီတရားတွေ ရှိနေသမျှ ဒီသုံဆယ့်တစ်ဘုံထဲက မလွတ်နိုင်၊ မကျွတ်နိုင် ဖြစ်နေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီတရားတွေကြောင့် သတ္တ၀ါတွေဟာ အ၀ိဇ္ဇာတွေများ၊ တဏှာတွေ ပွားနေကြတာ ဖြစ်ပါတယ်။ ဒီပပဉ္စတရားသုံးပါးကို ဉာဏ်နဲ့ မဖြတ်နိုင်သေးသမျှတော့ ဘုံဘ၀မှာ ဆုံကြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သံသရာဘုံဘ၀မှ လွတ်မြောက်လိုသူတွေဟာ ဒီသံသရာနယ်ချဲ့ တရားများကို ဉာဏ်နဲ့ အမြစ်ပြတ်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်းဖြစ်ပါတယ်။

20 Jul 10, 12:09 AM
kyaw ye htut
ဆရာတော်ကို တပည့်တော် တစ်ခုမေးချင်လို့ပါ။ သူတစ်ပါးက တပည့်တော်ဆီက ပိုက်ဆံလာချေးလို့ ပေးလိုက်တယ်ဘုရား။ သူတစ်ပါးက ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဘာမှမဖြစ်ပါဘူးဘုရား။ မပေးလည်း ရပါတယ်ဘုရား။ ခွင့်လွှတ်နိုင်ပါတယ်။ ပိုက်ဆံချေးသွားတဲ့သူက သံသရာ ကြွေးခံရလားဘုရား။ တပည့်တော်က ခွင့်လွှတ်တယ်ဘုရား။ တဆိတ်လောက်သိပါရစေ။

20 Jul 10, 12:52 AM
မနာပဒါယီ >>> kyaw ye htut
ဒီနေရာမှာ ပိုက်ဆံချေးသွားသူရဲ့ စိတ်စေတနာအပေါ်မှာ မူတည်ပါတယ်။ သူကစေတနာ အလိုဆိုးနဲ့ ချေးပြီးတမင်သက်သက် မပေးဘဲ နေခဲ့တာ၊ ရှောင်ခဲ့တာဆိုရင်တော့ သံသရာကြွေး ခံရတတ်ပါတယ်။ ချေးလိုက်တဲ့သူက ဘယ်လိုပဲ ခွင့်လွှတ်ခွင့်လွှတ် ဒီအမှုကို စတင်ကျူးလွန်တဲ့ ပိုက်ဆံချေးသွားသူ ကာယကံရှင်က အစကတည်းက မကောင်းတဲ့ စိတ်စေတနာနဲ့ လုပ်ခဲ့တာဆိုရင် သူကိုယ်တိုင် ပြန်ပြီးဝန်ချတောင်းပန်ကာ အကျိုးအကြောင်း ပြောဆိုပြီး ချေးထားတဲ့ ပိုက်ဆံနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် တစ်ခုခုကို မပေးဘဲနေမယ်ဆိုရင် သူ့မှာအပြစ်ရှိနေပြီး ဒီအပြစ်ကို ပြန်ခံရတတ်ပါတယ်။ ချေးပေးသူက ခွင့်လွှတ်ပေမယ့် ချေးသွားသူက စေတနာ အလိုဆိုးနဲ့ လုပ်သွားခဲ့တာဆိုရင် တစ်ဘက်က ခွင့်လွှတ်ပေမယ့် တစ်ဘက်မှာတော့ သူ့စေတနာအတိုင်း ပြန်ခံရတတ်ပါတယ်။ နှစ်ဦးနှစ်ဘက်လုံး တောင်းပန်ပြီး ခွင့်လွှတ်ကြမယ်ဆိုရင်တော့ အပြစ်မရှိပါဘူး။ သံသရာကြွေး မပါနိုင်ပါဘူး။

27 Jul 10, 12:26 AM
ဗလ
မျှားလာတဲ့ ငါးတွေကို သတ်ပြီး လက်ဆောင်လာပေးရင် စားသင့်ပါသလားဘုရား။
မမှန်စွပ်စွဲခံရလို့ စိတ်ဆင်းရဲပြီး သတ်သေသွားတဲ့ ဦးဇင်းလေးတစ်ပါးအကြောင်း အင်တာနက်မှာ ပြန့်လာလို့ ဖတ်ရပါတယ်။ ဒီလိုဝဋ်ကြွေးတွေဟာ ရှောင်လွှဲလို့ လျော့ပါးအောင်ပြုလို့ မရနိုင်ဘူးလားဘုရား။


27 Jul 10, 02:21 AM
မနာပဒါယီ >>>ဗလ
သတ်ပြီးလာပေးတဲ့ သူကကိုယ့်အတွက် တမင်ရည်ရွယ်သတ်ပြီး လာပေးခြင်း ဟုတ်မဟုတ်နဲ့ အကယ်၍ ကိုယ့်အတွက် တမင်ရည်ရွယ်ပြီးသတ်တာ၊ အဲဒီလို ကိုယ့်အတွက် ရည်ရွယ်ပြီးသတ်တာကို ကိုယ်ကိုယ်တိုင်ကလည်း သိနေတယ်ဆိုရင် မစားကောင်း၊ မစားသင့်ပါဘူး။
ဝဋ်ကြွေးတွေ ရှောင်လွှဲလျော့ပါးအောင် လုပ်ဖို့နဲ့၊ အကြွင်းမဲ့ကုန်သွားအောင် လုပ်ဖို့ကတော့ အရိယာမဂ်ဉာဏ်နဲ့ပဲ လုပ်လို့ရမှာဖြစ်ပါတယ်။ သေတာပတ္တိမဂ်ဉာဏ်စတဲ့ ဉာဏ်တွေနဲ့ပဲ ၀ဋ်ကင်းပြတ်ရာကို လုပ်နိုင်မှာဖြစ်တဲ့အတွက် ၀ိပဿနာ အားထုတ်ပြီး အရိယာမဂ်ကို အရယူကာ ၀ဋ်ကြွေးတွေ လျော့အောင် ကုန်အောင်လုပ်ဖို့ပဲ လိုပါတယ်။ တစ်ခြားနည်းမရှိပါဘူး။

29 Jul 10, 05:24 AM
That Aung
Ashinphaya, if we cut down the tree and nat (yokasoe) lost his shelter, is it a sin? (pardon that I cannot type Myanmar.)

29 Jul 10, 01:22 PM
မနာပဒါယီ >>>That Aung:
သစ်ပင်တိုင်းမှာတော့ ဒီနတ်တွေ ရုက္ခစိုးတွေ ရှိတာမဟုတ်ပါဘူး။ ဘာမှမရှိတဲ့ သစ်ပင်တွေကို ခုတ်ရင်ဘာမှ မဖြစ်ပေမယ့် နတ်စတဲ့ ဒီသစ်ပင်ကို အမှီပြုနေရတဲ့ ပုဂ္ဂိုလ်တွေ ရှိမှန်းသိရဲ့နဲ့ စေတနာပါပါနဲ့ သူတို့နေရာပျောက်အောင် ခုတ်ရင်တော့ ဒါဟာ အပြစ်ဖြစ်ပါတယ်။ တစ်ခါတစ်လေ ရှိမှန်းသိရဲ့နဲ့ တစ်ခြားအကြောင်း တစ်ခုခုကြောင့် မဖြစ်မနေ ခုတ်ရတဲ့ အနေအထားလေးတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ မခုတ်ခင် ကြိုတင်နေရာပြောင်းနေဖို့ မေတ္တာရပ်ခံပြီး ခုတ်လှဲရင်တော့ အပြစ်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သစ်ပင်တိုင်းမှာ နတ်စတဲ့ မြင်အပ်မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေ ရှိနိုင်မရှိနိုင်ဆိုတာ မသိရတဲ့အတွက် ဘာပဲဖြစ်ဖြစ် လိုအပ်လို့ သစ်ပင်တွေ ခုတ်တော့မယ်ဆိုရင် မခုတ်ခင် သူတို့အသိုက်အမြုံ နေရာလေးတွေ မပျောက်ပျက်စေလိုတဲ့ စေတနာနဲ့ ကြိုတင်အသိပေးပြီး တစ်ခြားတစ်နေရာကို ပြောင်းရွေ့ဖို့ မေတ္တာရပ်ကာ ခုတ်တာအကောင်းဆုံးပဲ ဖြစ်ပါတယ်။

30 Jul 10, 06:06 AM
ပေတလူး
ဘုန်းဘုန်းဘုရား... အချို့တောရွာတွေမှာ ဝက်သားယူမလားလို့ ဝက်မွေးသူက မသတ်ခင် ကြိုပြီး ဝက်သားဝယ်မယ့်သူတွေ လိုက်စပ်ပါတယ်။ တစ်ပိဿာယူမယ်၊ နှစ်ပိဿာယူမယ်စသဖြင့် ယူမယ့်သူတွေ တစ်ကောင်စာလောက် ရတော့မှ ဝက်ကိုပေါ်ပါတယ်။ ယူမယ်လို့ ကြိုပြောရင် ပါဏာတိပါတ သင့်လားဘုန်းဘုန်း။ ကွန်သွားပစ်တဲ့သူတွေ တောလိုက်တဲ့ လူုတွေဆီက ငါးတွေ အကောင်ဗလောင်တွေကို ညနေ စောင့်ဝယ်တာရော ပါဏာတိပါတသင့်ပါလား။ ဝယ်သူရှိလို့ ကုန်သွားရင် နောက်နေ့တွေ ကွန်ဆက်ပစ်၊ တောထပ်တိုးပြီး ရောင်းဖို့ ထပ်ရှာကြလို့။ အဲဒါကို စားစရာ မရှိလို့ ဝယ်မိရင် ပါဏာတိပါတ သင့်ပါလား။

30 Jul 10, 03:29 PM
မနာပဒါယီ >>>ပေတလူ:
ပါဏာတိပါတကံနဲ့ ပတ်သက်လို့
၁။ အသက်ရှိသတ္တ၀ါဖြစ်ခြင်း၊
၂။ သတ္တ၀ါဟူသော အမှတ်လည်းရှိခြင်း။
၃။ သေစေလိုသော စိတ်ရှိခြင်း၊
၎။ သတ်အံသော လုံ့လ ပယောဂရှိခြင်း၊
၅။ လုံ့လပယောဂကြောင့်သေခြင်း ဆိုတဲ့ ဒီအင်္ဂါ (၅)ပါးနဲ့ ပြည့်စုံရင် ပါဏာတိပါတကံ ထိုက်ပါတယ်။ ဒီနေရာမှာ သတ်တာလည်း ကိုယ်တိုင်သတ်ခြင်း သူတပါးကို သတ်စေခြင်းစသဖြင့် အမျိုးမျိုး ရှိရာမှာ ပါဏာတိပါတကံ ဖြစ်နိုင်ခြင်း အကြောင်း (ပယောဂ) ရှစ်မျိုးမှာ တစ်မျိုးမျိုးနဲ့ သတ်မိပြီး အထက်ဖော်ပြပါ အင်္ဂါရပ်တွေနဲ့ ပြည့်စုံနေရင် ကံမြောက်ပါတယ်။ အဲဒီ ပယောဂ (၈)မျိုးကတော့
(၁) သတ္တ၀ါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊
(၂) သတ္တ၀ါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊
(၃) ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊
(၄) သူတပါးကို စေခိုင်းခြင်း၊
(၅) အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊
(၆) အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်း ဆေးဝါး အစီအရင် ထားခြင်း စသည့် အရာမျိုး၊
(၇) ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့် သေအောင်လုပ်ခြင်း၊
(၈) မိမိ တန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်းတို့ပဲ ဖြစ်ပါတယ်။ (ပါရာဇိကဏ်အဋ္ဌကထာ)

ဒီအဖွင့်တွေအရ မေးခွန်းရှင် သိလိုတဲ့ အမေးနဲ့ ညှိယူနိုင်ပါတယ်။ မေးခွန်းရှင် မေးထားသလို သားသတ်သမားများ၊ ငါးဖမ်းသမားများဟာ ဒီလိုကြိုတင်မှာယူသူ၊ စားသုံးသူတွေ ရှိနေတဲ့အတွက် လုပ်နေရတာဖြစ်လို့ မှာယူသူတွေဟာ သွယ်ဝိုက်တဲ့နည်းနဲ့ ပါဏာတိပါတကံ ထိုက်နေသလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖော်ပြပါ အင်္ဂါရပ်တွေနဲ့ ညှိကြည့်တဲ့အခါ ကိုယ်ကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိ သတ်ခိုင်းခြင်း မဟုတ်သလို သတ်တဲ့သူတွေကလည်း ကိုယ်ကခိုင်းလို့ ကိုယ့်အတွက်ရည်ရွယ်ပြီး သတ်နေကြတာ မဟုတ်တဲ့အတွက် တိုက်ရိုက်အနေနဲ့ ပါဏာတိပါတ ကံမမြောက်ဘူးလို့ နားလည်နိုင်ပါတယ်။ ကိုယ်လိုစားသုံးသူတွေ ရှိနေတဲ့အတွက် သူတို့သတ်နေရတာဖြစ်လို့ ကိုယ်လည်းပယောဂ မကင်းဘူးလို့ ဆိုချင်ဆိုနိုင်ပေမယ့် တိုက်ရိုက်သတ်တဲ့ ပါဏာတိပါတကံတော့ မမြောက်ပါဘူး။ ကိုယ်ကိုယ်တိုင်က တိုက်ရိုက်ညွန်ကြားလို့ သတ်ရတယ်ဆိုရင်တော့ ကံမြောက်တယ်လို့ ပြောနိုင်ပါတယ်။

မေးခွန်းရှင် အမေးထဲကလို ၀ယ်မယ့်သူတွေလိုက်စပ်ပြီး ၀ယ်သူပြည့်မှ သတ်တဲ့အပေါ်မှာတော့ ကိုယ့်ပယောဂ မကင်းတဲ့အတွက် ကံမြောက်နိုင်ပါတယ်။ လိုက်စပ်တဲ့ သူတွေကတော့ ကိုယ်မဟုတ်လဲ တစ်ခြားသူတွေကို လိုက်စပ်ပြီး အရေအတွက်ပြည့်ရင် သတ်မှာဖြစ်လို့ လိုက်စပ်တဲ့ သူတွေထဲမှာ ကိုယ်မပါမိဖို့ လိုပါတယ်။ ဒီလိုမျိုးကိုတော့ ရှောင်ဖို့လိုပါတယ်။ သူ့အလိုလို သတ်ပြီးသား၊ သေပြီးသားတွေကို လိုက်စပ်လို့ ၀ယ်ယူတဲ့ အပိုင်းမှာတော့ ကံမမြောက်ပါဘူး။ တံငါသည်တွေ ငါးဖမ်းကအပြန် စောင့်ဝယ်တဲ့ အပိုင်းမှာလည်း ငါးအရှင်တွေကို ကိုယ်ကတိုက်ရိုက် ၀ယ်ယူပြီး သတ်စေတယ်ဆိုရင် ကံမြောက်နိုင်ပြီး ပါလာတဲ့ သေပြီးသား အသေတွေကို ၀ယ်ရင် ကံမမြောက်နိုင်ပါဘူး။

ဒီလိုပါပဲ။ ဈေးထဲမှာ ရောင်းနေတဲ့ အရှင်တွေကို ကိုယ်ကလက်ညှိုးထိုးပြီး တိုက်ရိုက်ဝယ်ယူ သတ်စေတဲ့အပိုင်းမှာ ပါဏာတိပါတ ကံဖြစ်နိုင်ပေမယ့် သတ်ပြီးသား အသေတွေကို ၀ယ်ယူမှုမှာတော့ ကံမမြောက်နိုင်ပါဘူး။ ဆိုလိုတာက ကိုယ်လိုစားသုံး သူတွေကြောင့် သားသတ်သမားတွေ သားသတ်နေရတာဖြစ်လို့ ကိုယ့်မှာလည်း ပါဏာတိပါတကံ ဖြစ်နိုင်တယ်လို့ ထင်ရပေမယ့် ကိုယ့်အနေနဲ့က စေတနာ ရည်ရွယ်ချက်နဲ့ သေစေလိုတဲ့ စိတ်ရှိပြီး တိုက်ရိုက်လုံ့လပြုတာ၊ တိုက်ရိုက်စေခိုင်းတာ၊ ကိုယ်ကလုံလ ပယောဂပြုလို့ ဒီသတ္တ၀ါတွေ သေရတာ မဟုတ်တဲ့အတွက် ပါဏာတိပါတကံ မဖြစ်နိုင်ပါဘူး။ အဓိကကတော့ အသားစား သူတွေအနေနဲ့ အရှင်လတ်လတ်တွေကို ၀ယ်ယူစားသုံးမှု မဖြစ်စေဖို့၊ အရှင်လတ်လတ် ရောင်းချမှုအပိုင်းမှာ ရွေးချယ်ဝယ်ယူပြီး သတ်ခိုင်းတာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။ ကိုယ်လိုသူတွေရှိလို့ သတ်ကြတာ ဆိုပေမယ့် ကိုယ့်ရဲ့ ပယောဂမပါဘဲ သူတို့သတ်ပြီးသား အသားကို ၀ယ်ယူစားသောက်မှု အပိုင်းမှာတော့ ပါဏာတိပါတ ကံမမြောက်နိုင်ပါဘူး။

Read more »

ဘောင်…

တရားပွဲတစ်ခုကို ကြွတုန်းက ဖြစ်ပါတယ်။ အရင်တုန်းက မျက်မှန်မတပ်ဘဲ မြင်နေကျဖြစ်နေတော့ မျက်မှန်တပ်ပြီး တရားဟောဖို့ ကြွလာတဲ့ ဘုန်းဘုန်းကိုကြည့်ပြီး ဒကာလေး တစ်ယောက်က မျက်မှန်မတပ်ဖို့နဲ့ ဒီမျက်မှန်ကြီးနဲ့ ကြည့်မကောင်းတဲ့အတွက် တပ်ချင်ရင်လည်း တစ်ခြားပိုပြီး နုပျိုစေတဲ့ မျက်မှန်တပ်ဖို့ လျှောက်ဖူးပါတယ်။ ပြီးတော့သူက နဂိုကတည်းက ရင်းနှီးနေတော့ အပျော်သဘောနဲ့ “အရှင်ဘုရားက မျက်မှန်တပ်ပြီး လောကကြီးကို ကြည့်နေတော့ အမြင်ကျဉ်းတာပေါ့၊ လောကကြီးကို ဘောင်ခတ်ပြီးကြည့်တော့ ကျယ်ကျယ်ပြန့်ပြန့် မမြင်နိုင်ဘူးပေါ့ ဘုရား…”လို့ ဘုန်းဘုန်းကို ပြောလာပြန်ပါသေးတယ်။ “ဟုတ်လား… ဒကာလေးရယ်… အဲဒီလို ပြောကြေးဆိုရင် ဒို့က လောကကြီးကို ဘောင်ခတ်ပြီး ကြည့်တာမဟုတ်ပါဘူး၊ ဘောင်ထဲကနေ ကြည့်တာပါကွာ၊ သူ့ဘက်ကိုယ့်ဘက် အစွန်းမရောက်အောင်၊ သူ့အတွက်လည်း မနစ်နာ၊ ကိုယ့်အတွက်လည်း အမှားမဖြစ်အောင် ဘောင်ထဲကနေ ပြောဆိုနေထိုင်တာပါ၊ လောကမှာရှိတဲ့ ဘောင်ကျော်နေတဲ့သူတွေ၊ ဘောင်အပြင် ရောက်နေတဲ့သူတွေလို မဖြစ်ရအောင် ဘောင်ထဲကနေ အပြစ်မဖြစ်အောင် နေတဲ့သဘောပါကွာ…”လို့ ကိုယ်လိုရာ အဓိပ္ပါယ်ဖွင့်ပြီး သူ့ကို ပြန်ပြောဖြစ်ခဲ့ပါတယ်။ တရားပွဲကအပြန် ရထားစီးလာရင်း အဲဒီဒကာလေးနဲ့ ပြောခဲ့တဲ့ “ဘောင်ခတ်ကြည့်ခြင်း၊ ဘောင်မကျော်လိုခြင်း၊ ဘောင်အပြင် ရောက်နေခြင်း…” စတဲ့အကြောင်းများကို စဉ်းစားရင်း ဘောင်ကျော် နေသူများ အကြောင်း အတွေးနယ်ချဲ့နေမိပြန်ပါတယ်။

တကယ်တော့ ဒီနေရာမှာ ဘောင်ဆိုတာ အနားသတ် အကန့်တစ်ခုကို ပြောတာဖြစ်ပါတယ်။ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းများကို ရည်ညွန်းတာ ဖြစ်ပါတယ်။ လောကဥပဒေများ၊ ဓမ္မဥပဒေများကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဘောင်တစ်ခုခုထဲ ရောက်သွားသူမှန်သမျှ အဲဒီဘောင်ထဲက အတိုင်းလိုက်နာ နေထိုင်ပြောဆိုကြဖို့ သတ်မှတ်လာခြင်း ဖြစ်ပါတယ်။ လူဘောင်၊ ရဟန်းဘောင် စသဖြင့် အကန့်အသတ် အသီးသီးမှာ ဆိုင်ရာအနားသတ်များနဲ့ ကန့်သတ်ကာ မဖြစ်သင့်တဲ့ အရာတွေ မဖြစ်ရအောင် ဘောင်ထဲကနေ ထိန်းသိမ်းပေးကြခြင်း ဖြစ်ပါတယ်။ ဘောင်ထဲမှာနေပြီး မကောင်းတာတွေ မဖြစ်အောင် သတ်မှတ်ပေးကြသလို ဘောင်ကျော်လာရင်၊ ဘောင်ကိုချိုးဖောက် လာရင်လည်း အဲဒီအတွက် အပြစ်ဒဏ်ကို ခံကြဖို့ အကန့်များအဖြစ် ထုတ်ပြန်ပေးကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လူတွေအနေနဲ့ လူ့စည်းကမ်း၊ လူ့ကနား၊ လူ့ဘောင်တွေ မကျော်မိကြစေဖို့နဲ့ ရဟန်းများအနေနဲ့လည်း ရဟန်းတွေရဲ့ စည်းကမ်းကနား ဘောင်များကို မကျော်မိကြစေဖို့ သတိပေး ပြောဆိုကြခြင်း ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ လူဟာအဖွဲ့အစည်းနဲ့ ဘောင်နဲ့နေတဲ့သူတွေ ဖြစ်တဲ့အတွက် ဘောင်ကိုကျော်လို့ မရပါဘူး။ ဘောင်အပြင်ကို ရောက်သွားလို့ မရပါဘူး။ ဘောင်ကျော်သွားရင်၊ ဘောင်အပြင်ရောက်သွားရင် အဲဒီအတွက် တန်ပြန်သက်ရောက်မှုကို ပြန်ရလာမှာ ဖြစ်ပါတယ်။ လူတွေရဲ့ဘောင်ကိုပြောရင် လောကသတ်မှတ်ချက် ဘောင်တွေရယ်၊ လောကမှ ထွက်မြောက်ရေးအတွက် သတ်မှတ်ချက် ဘောင်တွေရယ်လို့ နှစ်မျိုးနားလည်နိုင်ပါတယ်။ လောကသတ်မှတ်ချက် ဘောင်တွေဆိုတာ လူအချင်းချင်း လိုက်နာဆောင်ရွတ်ရမယ့် ဆောင်ရန်ရှောင်ရန် ၀တ္တရားများကို ဆိုလိုပြီး လောကမှ ထွက်မြောက်ရေး အတွက် သတ်မှတ်ချက်ဘောင်ဆိုတာ လက်တွေ့လိုက်နာ ကျင့်သုံးရမယ့် ကိုယ်ကျင့်သီလများနဲ့ ကျင့်ကြံအားထုတ်မှုများပဲ ဖြစ်ပါတယ်။

ဒီသတ်မှတ်ချက် ဘောင်တွေဟာ အမှားမကင်းတတ်တဲ့၊ မသိမှုအားကြီးတဲ့ သူတွေအတွက် ပစ္စုပ္ပန် သံသရာ နှစ်ဖြာချမ်းသာအောင် သတ်မှတ်ပြဋ္ဌာန်းပြီး ထိန်းသိမ်းစောင့်ရှောက် ပေးတာတွေဖြစ်တဲ့ အတွက် လိုက်နာသင့်ပြီး ဘောင်ထဲကနေ ကိုယ့်ဘ၀ ကောင်းစားရေးအတွက် ကြိုးစား နေထိုင်သင့်တာတွေပဲ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ ဒီဘောင်တွေကိုကျော်ပြီး ကိုယ်လုပ်ချင်သလို ကိုယ့်သဘောအတိုင်း လုပ်နေမိမယ်ဆိုရင်တော့ ဘောင်ကျော်မိတဲ့အတွက် ဆင်းရဲဒုက္ခ တစ်ခုခုတော့ ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ ကျန်တာတွေ မပြောနဲ့ ဆိုင်ရာနိုင်ငံ အသီးသီးမှာ ထုတ်ပြန်ထားတဲ့ နိုင်ငံရဲ့ဥပဒေနဲ့ သတ်မှတ်ချက် ဘောင်တွေကို ဖောက်ဖျက်ရင်ကိုပဲ လက်တွေ့ဘ၀မှာ တန်ပြန်ဒဏ်ခံရတာတွေ ရှိပါတယ်။ ဒီလိုပါပဲ။ လောကလူသားများအတွက် သတ်မှတ်ထားတဲ့ ဘောင်တွေဖြစ်တဲ့ မိဘနဲ့ သားသမီးများကြား၊ ဆရာနဲ့ တပည့်များကြား၊ မိတ်ဆွေအပေါင်း အသင်းများကြား စတာတွေမှာ ရှိနေတဲ့ ၀တ္တရားများ၊ အကန့်ဘောင်များဟာလည်း လိုက်နာဖြည့်ကျင့်ပြီး ဘောင်အတွင်းကနေ နေထိုင်သင့်တဲ့ အရာများ ဖြစ်ပါတယ်။ အဲဒါကို မလိုက်နာဘဲ ဒီဘောင်တွေကို လျစ်လျူရှုပြီး မျက်ကွယ်ပြုလိုက်ရင်တော့ ကိုယ့်အလှည့်ကျရင်လည်း ဒီလို ဘောင်အပြင်က သူတွေနဲ့ ပြန်ကြုံရတတ်ပါတယ်။ ဒါကြောင့် လောကကြောင်းအရ သတ်မှတ်ချက် ဘောင်တွေကလည်း ကျော်လို့မရတဲ့ အကန့်တွေပဲ ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

တစ်လောကတောင် အသိတစ်ယောက် ရောက်လာပြီး သူနဲ့အတူ ပေါင်းသင်းနေထိုင်တဲ့ မိတ်ဆွေအပေါင်း အသင်းတစ်ယောက်က သူ့ကိုဘောင်ကျော်ပြီး လုပ်သွားတဲ့အတွက် ရင်ထဲမှာ မခံချိမခံသာ ဖြစ်ရတဲ့အကြောင်း၊ သူငယ်ချင်းအချင်းချင်း ဒီလိုမလုပ်သင့်တဲ့အကြောင်း၊ သူ့အပေါ် ကျေးဇူးပြုခဲ့တာတွေကို ဒီလို မကောင်းတဲ့ တုန့်ပြန်မှုတွေနဲ့ တုန့်ပြန်မှု မပြုသင့်ကြောင်း ပြောပြရင်း ဒီလိုမိတ်ကောင်းဆွေကောင်း မပီသတဲ့သူတွေ၊ ဘောင်ကျော်တဲ့သူတွေဟာ တစ်ချိန်ချိန်တော့ သူတို့လည်း ပြန်ခံရမှာပါပဲလေလို့ သူ့ကိုယ်သူပြောသလိုလို၊ ဘုန်းဘုန်းကိုပဲ လျှောက်နေသလိုလို ရေရွတ်ရင်း ဖြေဆည်ခဲ့တဲ့ အဖြစ်ကလေးကို သတိရမိပါသေးတယ်။ ဒါဟာ လောကကြောင်းအရ သတ်မှတ်ထားတဲ့ ဘောင်တွေကို ကျော်ပြီးလုပ်တတ်ကြတဲ့ သူတွေကြောင့် လက်တွေ့ဘ၀မှာပဲ သူသူကိုယ်ကိုယ် စိတ်ဒုက္ခဖြစ်ရတတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။

နောက်တစ်ခုဖြစ်တဲ့ လောကမှလွတ်မြောက်ကြောင်း သတ်မှတ်ချက် ဘောင်တွေမှာလည်း ဒီအတိုင်းပါပဲ။ လောက လွတ်မြောက်ကြောင်း သတ်မှတ်ချက်တွေဖြစ်တဲ့ ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာ ထိန်းသိမ်းမှုဘောင်တွေ၊ ကျင့်ကြံအားထုတ်မှုပိုင်းဆိုင်ရာ လမ်းညွန်မှု ဘောင်တွေကို လက်တွေ့လိုက်နာ ကျင့်သုံးနိုင်မှ ကောင်းတဲ့ဘုံဘ၀တွေမှာ ပြန်လည်ဖြစ်စေမှာဖြစ်ပြီး အဲဒီဘ၀တွေကမှ တစ်ဆင့် ကိလေသာကုန်ခမ်း နိဗ္ဗာန်နန်းအထိ ၀င်နိုင်မှာဖြစ်ကာ သံသရာမှာ ကျင်လည်ရတဲ့ အဖြစ်က လွတ်မြောက်နိုင်၊ လောကမှ ထွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဒီဘောင်တွေကို လိုက်နာမှု မပြုတဲ့အပြင် အဲဒီဘောင်တွေကို ဥပေက္ခာပြုပြီး ဘောင်ကျော်ကာ လုပ်ချင်ရာ လုပ်လိုက်မိမယ် ဆိုရင်တော့ ဒီဘောင်တွေ ကျော်တဲ့အတွက် ပေးဆပ်ရမယ့် တန်ပြန်သက်ရောက်မှု အပြစ်က ကြီးလေးလှပါတယ်။

ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေကို မကောင်းတဲ့ဘက်တွေမှာ မကျူးလွန်မိအောင် ကန့်သတ်ထိန်းသိမ်းပေးထားတဲ့ ကိုယ်ကျင့်သီလဆိုတဲ့ ဘောင်ကိုကျော်ပြီး ဘောင်အပြင်ကနေ ကိုယ်ကျင့်သီလတွေ ဖောက်ဖျက်နေမယ် ဆိုရင်တော့ ဖောက်ဖျက်တဲ့ သူတွေအတွက် ဒီဘ၀မှာရော နောင်သံသရာမှာပါ မကောင်းတဲ့ ရလာဘ်တွေနဲ့ ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။ မကောင်းတဲ့ ဒုစရိုက်အမှုတွေကို မလုပ်ဖို့ သတ်မှတ်ထားတဲ့ ဘောင်တွေကို ဂရုမစိုက်ဘဲ ဒီဒုစရိုက်အမှုတွေမှာ ပျော်ပျော်ပါးပါး လှုပ်ရှားနေမိမယ်ဆိုရင် ဘောင်တွေကိုကျော်ကာ ဘောင်အပြင် ရောက်သွားတာ ဖြစ်တဲ့အတွက် ဘောင်အပြင် ရောက်သူများ ခံရတတ်တဲ့ မကောင်းတဲ့ ဘုံဘ၀မှာ ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိဗ္ဗာန်မရသေးသမျှ သူသူငါငါ သတ္တ၀ါမှန်သမျှဟာ ဘောင်အတွင်းက မလွတ်မြောက် နိုင်သေးတဲ့အတွက် လောကလွတ်မြောက်ကြောင်း အထောက်အကူ ဖြစ်စေမယ့် ဘောင်အတွင်းမှာပဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်ရင်း ဘောင်မကျော်အောင် အထူးသတိပြုကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက လူဟာအဖွဲ့အစည်း သတ်မှတ်ချက်များ၊ အကန့်အသတ် ဘောင်အနားများနဲ့ နေနိုင်မှ အပြစ်ကင်းပြီး အကျိုးရှိစေမှာ ဖြစ်တဲ့အတွက် ဘောင်တွေကနေကျော်ပြီး ဘောင်လွတ်နေတဲ့ သူတွေအဖြစ် မနေထိုင်သင့်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ ဘောင်ခတ်ပြီး ကြည့်တဲ့အတွက် အမြင်ကျဉ်းတဲ့အဖြစ်၊ အနေကျုံ့တဲ့ အဖြစ်တွေနဲ့ ကျဉ်းကျဉ်းကြပ်ကြပ် ရှိနေတယ်လို့ ထင်ရတာထက် လွတ်လပ်ပြီး ကျယ်ပြန့်တယ်လို့ ထင်ရတတ်တဲ့ ဘောင်ကျော်ပြီး ဘောင်အပြင်ရောက်နေတဲ့ အဖြစ်က ပိုပြီးအပြစ်ကြီးကာ ဆင်းရဲဒုက္ခ ပိုများတတ်တယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။ ဘောင်တွင်းမှာ ရှိနေတာထက် ဘောင်ကျော်နေတာက ပိုပြီး အန္တရာယ်များကာ ဒုက္ခပွားတတ်တဲ့အတွက် ဘောင်အပြင် မရောက်ကြစေဖို့၊ ဘောင်မကျော်ကြစေဖို့ သတိပြုသင့်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကို မနိုင်သေးတဲ့ သူတွေအနေနဲ့ ဘောင်အနားသတ်များနဲ့ ထိန်းပေးမှသာ မကောင်းတဲ့ အလုပ်တွေကို မလုပ်ဖြစ်မှာ ဖြစ်တဲ့အတွက် ဘောင်အတွင်းမှာ ရှိနေတဲ့အပေါ်မှာ ဘောင်မကျော်အောင် အကောင်းဆုံး လိုက်နာခြင်းဖြင့် ကိုယ့်ကိုယ်ကို ထိန်းသိမ်းကြဖို့ သတိပေးလိုရင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ဘောင်တွေ ကနားတွေဟာ ပညတ်သတ်မှတ်ချက်တွေ ဖြစ်တဲ့အတွက် ဒီဘောင်တွေကို အာရုံထားနေရင် အမြင်ကျဉ်းပြီး အကျိုးမကြီး ဖြစ်တတ်တာကြောင့် ကိုယ့်ကိုယ်ကို ဘောင်ခတ်မထားနဲ့လို့ ဆိုလာသူတွေ အနေနဲ့ ဘောင်ဆိုတာ လွတ်မြောက်မှုကို မရသေးသူတွေ အတွက် အထိန်းအကွပ် တစ်ခုအဖြစ် လိုအပ်တဲ့အရာများ ဖြစ်ပြီး ဒီလိုအပ်ချက်တွေကို လျစ်လျူရှုကာ ဘောင်တွေကျော် လုပ်မိရင်တော့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာဆိုကျိုးတွေပဲ ဖြစ်စေတတ်တယ်ဆိုတာ သတိပြုကြဖို့ လိုပါတယ်။ ဘောင်ကျော်လာပြီဆိုရင် အစွန်းရောက်လာတာ ဖြစ်တဲ့အတွက် အစွန်းရောက်တဲ့ အလုပ်မှန်သမျှ ဘယ်အလုပ်မှ မကောင်းဘူးဆိုတာ မမေ့ကြဖို့ လိုပါတယ်။

ဒါကြောင့် ဘောင်တွေနဲ့ နေတာဟာ လွတ်လပ်မှုမရှိ ကျဉ်းကြပ်လှတယ်လို့ ထင်ရပေမယ့် ဘောင်မရှိ၊ ကနားမရှိ စည်းမဲ့ကမ်းမဲ့ ဘောင်အပြင်ရောက်ပြီး ဘောင်ကျော်နေတာထက်စာရင် ပစ္စုပ္ပန် သံသရာ ကောင်းစားရေးမှာ အများကြီး အထောက်အကူ ပြုစေတဲ့အတွက် ဘောင်ကျဉ်းတယ်ပဲပြောပြော ဘောင်ခတ်ပြီး ကြည့်တတ်တဲ့အတွက် အမျဉ်းကျဉ်းပြီး အများနဲ့ အံဝင်ခွင်ကျ မဖြစ်ဘူးလို့ ဘယ်သူကပဲ ဆိုဆို သေချာတာကတော့ ဘောင်ကျော်သွားရင် အကျိုးယုတ်တတ်တယ်ဆိုတာ အသေအချာပဲ ဖြစ်တယ်ဆိုတာ သတိပြု ဆင်ခြင်ကြရင်း ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကို ဘောင်မကျော်မိအောင် ကြိုးစားကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါကြောင်း…။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ