မာန…

မာနဟူသည် တက်ကြွခြင်း၊ ထောင်လွှားခြင်းဟု အဓိပ္ပါယ်ရ၏။ မာနတရား ရှိနေသမျှ ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးကိုသာ ဖြစ်နေကြမည့်အပြင် ပူလောင်မှုနှင့် လောင်မြိုက်ခံနေရမည်သာ ဖြစ်သဖြင့် ထိုမာနကို ကိလေသာတရား တစ်ခုအဖြစ်ဆိုကာ မကောင်းသော ဂတိသို့ ပိုဆောင်ပေးသည့် တရားတစ်ခုအဖြစ်လည်း ထုတ်ဖော်ပြသခြင်းဖြစ်၏။ ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်က ဣတိဝုတ်ပါဠိတော် မာနသုတ်တွင် မာနနှင့် ပတ်သက်၍ “အကြင်မာနဖြင့် ယစ်သူသတ္တ၀ါတို့သည် မကောင်းသောလားရာ ဂတိသို့ လားရောက်ကြကုန်၏၊ ထိုမာနကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် ထိုမာနကို ပယ်စွန့်ကုန်၏၊ ယင်းမာနကို ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်”ဟု ဟောတော်မူခြင်း ဖြစ်၏။ ဆိုလိုသည်မှာ မာနသည် ရှိခြင်းအားဖြင့် သတ္တ၀ါတို့အား တစ်စုံတစ်ခုမျှသော ကောင်းကျိုးကို မဖြစ်စေနိုင်သောကြောင့် မည်သို့သော အကြောင်းကြောင့်ပင်ဖြစ်စေ မာနမထားကြရန်လိုကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

စင်စစ် မာနသည် ကောင်းသည့်တရား မဟုတ်သော်လည်း ပုထုဇင်များအတွက် ပယ်ဖြတ်ရန် ခက်သည့်တရားတစ်ခုကား အမှန်ပင် ဖြစ်ပေ၏။ မာနမထားရန် မည်မျှပင် ကြိုးစားသော်လည်း ၀ိပဿနာဉာဏ်ဖြင့် အကြွင်းမဲ့ မပယ်သတ်နိုင်သေးသမျှ ထိုမာနသည် အချိန်မရွေး ပေါ်ပေါက်နေမည်သာ ဖြစ်၏။ တစ်ခါတစ်ရံ သတိတရားနှင့် မာနမထားရန် အဆက်အပြတ် ကြိုးစားအားထုတ်နေသဖြင့် အထိုက်အလျောက် ငုတ်လျှိုးနေတတ်သော်လည်း အကြွင်းမဲ့ပယ်သတ်ခြင်းမျိုး မဟုတ်သေးသဖြင့် မာနဖြစ်ဖွယ်အကြောင်း ပေါ်ပေါက်လာလျှင် မာနတရားကား ထင်ရှားလာတတ်ပြန်၏။

ယင်းမာနသည် ပုဂ္ဂိုလ် အယုတ်၊ အလတ်၊ အမြတ်မရွေး မည်သို့သော ပုဂ္ဂိုလ်မျိုးတွင်မဆို ဖြစ်ပေါ်တတ်ပြီး အခြေခံအားဖြင့် သေယျမာန၊ သဒိသမာန၊ ဟီနမာဟူသည့် မာနသုံးမျိုးသည် ပုဂ္ဂိုလ်တိုင်းတွင် ဖြစ်တတ်ကြောင်း ဗုဒ္ဓစာပေများတွင် ဖွင့်ဆိုရှင်းပြထား၏။ ထိုသုံးမျိုးတွင် သေယျမာနဟူသည် အမျိုးဇာတ်၊ ဂုဏ်၊ ပညာ၊ စည်းစိမ်ဥစ္စာ၊ အဆင်း၊ အခြံအရံအားဖြင့် သူတပါးထက် မြတ်၏ဟု ထင်မှတ်ထောင်လွှားသည့် မာနမျိုးဖြစ်ကြောင်း၊ သဒိသမာနဟူသည် ထိုအမျိုးဇာတ်၊ ဂုဏ်၊ ပညာ၊ စည်းစိမ်ဥစ္စာ၊ အဆင်း၊ အခြံအရံစသည်အားဖြင့် သင်တို့နှင့်ငါ့မှာ အတူတူသာဖြစ်သည်ဟု ထင်မှတ်ထောင်လွှားသည့် မာနမျိုးဖြစ်ကြောင်း၊ ဟီနမာနဟူသည် ထိုအမျိုးဇာတ်၊ ဂုဏ်၊ ပညာ စသည်အားဖြင့် ငါသည် သင်တို့အောက် နိမ့်ကျသော်လည်း သင်တို့ကို ဘာအရေးစိုက်ရမလဲဟု ထင်မှတ်ထောင်လွှားသည့် မာနမျိုးဖြစ်ကြောင်း အဋ္ဌကထာဆရာများက အဓိပ္ပါယ်အကျယ်ကို ဖွင့်ဆိုရှင်းပြလေ၏။

ဗုဒ္ဓစာပေတွင် ဖွင့်ဆိုရှင်းပြသည့် မာနအမျိုးအစားများအရ ပုဂ္ဂိုလ်အမျိုးမျိုးတွင် မာနအမျိုးမျိုး ဖြစ်နိုင်ကြောင်း ကောင်းစွာ သဘောပေါက်နိုင်ပေ၏။ မည်သည့်ပုဂ္ဂိုလ်မဆို တစ်နည်းနည်းဖြင့် မာနတစ်မျိုးမျိုး ရှိနေနိုင်ကြသော်လည်း မာနရှိခြင်းအားဖြင့် အကျိုးတစ်စုံတစ်ရာ မပြုနိုင်သည်မှာ သေချာလှပေ၏။ မာနရှိခြင်း၊ မာနကြီးခြင်းအားဖြင့် မိမိအတွက်လည်း အကျိုးမရှိနိုင်သကဲ့သို့ သူတပါးတို့အားလည်း တစ်စုံတစ်ခု အထောက်အကူ မဖြစ်နိုင်သဖြင့် ပုထုဇင်များအနေဖြင့် မာနကို အကြွင်းမဲ့ မပယ်သတ်နိုင်သေးသော်လည်း သတိတရားဖြင့် စွမ်းနိုင်သမျှ ထိန်းချုပ်ကြရန် ပညာရှိများက တိုက်တွန်းတော်မူခြင်း ဖြစ်၏။

မာနနှင့်ပတ်သက်၍ မန်လည် ဆရာတော်ကြီးက “ လောကလူတွင်၊ ငါသာလျှင်တိ၊ ငါ့ပြင်မရှိ၊ ထင်ဘိမှတ်ယောင်၊ မောဟဆောင်၍၊ အန်ထောင်မာန၊ မမူရတည့်၊ သုတတရား၊ မြင်ကြားအသိ၊ များစွာရှိလည်း၊ သတိမယှဉ်၊ သမ္ပဇဉ်မမှီး၊ မာနကြီးက၊ ခွေးမြီးပမာ၊ မည်စပါခဲ့၊ ထောင်ကာမတ္တ၊ သုံးမကျရှင့်၊ သူများကိုသာ၊ နှိပ်လိုစွာဖြင့်၊ ရန်စွာထိပါး၊ အပြစ်များ၏။ ”စသည်ဖြင့် စပ်ဆိုကာ မာနမထောင်လွှားကြရန် ဆုံးမတော်မူခဲ့ပေ၏။

ဆရာတော်ကြီး ဆုံးမသကဲ့သို့ပင် မာနထောင်လွှားခြင်းအားဖြင့် ခွေးမြီးကဲ့သို့သာ ဖြစ်နေပေ၏။ ခွေးမြီးသည် ထောင်ကာမတ္တမျှသာ ဖြစ်နေပြီး ထောင်နေခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးမျှ မရှိနိုင်သကဲ့သို့ မာနသည်လည်း မာနကြီးခြင်း၊ ထောင်လွှာခြင်းအားဖြင့် မိမိသူတပါး နှစ်ဦးသားတို့အား မည်သည့်အကျိုးမျှ မဖြစ်ပေါ်နိုင်ပေ။ မာနကြီးသဖြင့် ဆင်းရဲနှင့် ငရဲသို့ ကျရောက်စေမှုကိုသာ ဖြစ်စေနိုင်ပေ၏။ ထို့ကြောင့် ခွေးမြီးကဲ့သို့ ထောင်ကာမတ္တ အသုံးမကျဖြစ်တတ်သည့် မာနကို မိမိမိမိတို့၏ သတိတရားဖြင့်သာလျှင် မထောင်လွှားမိရန် ထိန်းချုပ်သင့်ကြောင်း ပညာရှိများက တိုက်တွန်းတော်မူခြင်း ဖြစ်ပေ၏။

ဗုဒ္ဓလက်ထက်က သာဝတ္ထိပြည်တွင် မာနအလွန်ကြီးသည့် ပုဏ္ဏားတစ်ဦးရှိ၏။ ထိုပုဏ္ဏား၏ အမည်ကား မာနတ္ထဒ္ဓဟူ၍ ဖြစ်၏။ မာနတ္ထဒ္ဓသည် မည်မျှအထိ မာနကြီးသနည်းဆိုသော် အမိကိုလည်း ရှိမခိုး၊ အဖကိုလည်းရှိမလို၊ ဆရာသမားကိုလည်း ရှိမခိုး၊ အစ်ကို (အသက်ကြီးသူ) ကိုလည်း ရှိမခိုး၊ အရိုအသေ မပြုနိုင်သည်အထိ မာနကြီးလေ၏။ တစ်နေ့တွင် ထိုပုဏ္ဏားအား အကြံတစ်ခု ဖြစ်လေ၏။ “ရဟန်းဂေါတမသည် ပရိတ်သတ်များစွာဖြင့် တရားဟော၏၊ ငါသည် ရဟန်းဂေါတမထံသို့ ချည်းကပ်ရမူကား ကောင်းလေစွ၊ ရဟန်းဂေါတမသည် အကယ်၍ ငါနှင့်အတူ စကားပြောဆိုငြားအံ့ ငါသည်လည်း ထိုရဟန်းဂေါတမနှင့်အတူ စကားပြောဆိုအံ့၊ အကယ်၍ ရဟန်းဂေါတမသည် ငါ့ကို စကားမပြောဘဲနေအံ့ ငါသည်လည်း ရဟန်းဂေါတမနှင့်အတူ စကားမပြောဘဲနေအံ့” စသည်ဖြင့် အကြံဖြစ်ကာ မြတ်စွာဘုရားထံ ချည်းကပ်၍ တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခုတွင် ရပ်နေခဲ့လေ၏။

ဗုဒ္ဓသည် မာနတ္ထဒ္ဓပုဏ္ဏား၏ စိတ်အကြံကို သိသည့်အလျောက် တမင်ပင် စကားမပြောဆိုပဲ နေတော်မူလိုက်၏။ ထိုအခါ ပုဏ္ဏားအား “ရဟန်းဂေါတမသည် တစ်စုံတစ်ရာ ဘာမျှ မသိပါတကား”ဟု တွေးလျက် ထိုအရပ်မှ ပြန်သွားရန် စိတ်အကြံဖြစ်လေ၏။ ပုဏ္ဏား၏ သန္တာန်၌ အမျိုးမျိုးသော စိတ်အကြံဖြစ်နေသည်ကို သိရှိတော်မူသော ရှင်တော်မြတ်ဘုရားသည် ထိုအခါမှသာ မာနတ္ထဒ္ဓပုဏ္ဏားအား “ပုဏ္ဏား.. ဤလောက၌ မာန်မူခြင်းသည် မကောင်း၊ အကျိုးစီးပွားကို အလိုရှိသောသူအား အကြင်အကျိုးစီးပွားကြောင့် ငါဘုရားထံသို့ လာရောက်၏၊ ထိုအလိုရှိသော အကျိုးစီးပွားကိုသာ ပွားစေရာ၏”ဟု မိန့်တော်မူလိုက်၏။

မြတ်ဗုဒ္ဓက ထိုသို့မိန့်တော်မူလိုက်သည့်အခါ မာနတ္ထဒ္ဓပုဏ္ဏားသည် “ရဟန်းဂေါတမသည် ငါ၏စိတ်အကြံကို အမှန်သိသူပါတကား”ဟု ထိုခဏမှာပင် မြတ်စွာဘုရားရှင်၏ ခြေတော်ရင်းတွင် ၀တ်ဆင်းကာ “အရှင်ဘုရား တပည့်တော် မာနတ္ထဒ္ဓပုဏ္ဏားပါဘုရား..၊ တပည့်တော် မာနတ္ထဒ္ဓပါဘုရား..” ဟု မိမိအမည်ကို အကြိမ်ကြိမ် ရွတ်ဆိုရင်း ခြေတော်အစုံကို ဦးခိုက်လေတော့၏။ အလွန်မာနကြီးသည့် ထိုပုဏ္ဏား၏ အဖြစ်ကို ကြည့်ကာ ပရိတ်သတ်အပေါင်းတို့သည် အလွန်အံ့သြတုန်လှုပ်သွားကြ၏။ မည်သို့သော ပုဂ္ဂိုလ်ကိုမှ ရှိခိုးခြင်း၊ အရိုအသေပြုခြင်း မရှိသော ပုဏ္ဏားသည် မြတ်စွာဘုရားရှင်၏ ခြေရင်းတွင် ၀တ်ဆင်းနေသည့်အဖြစ်ကို ကြည့်ကာ မြတ်စွာဘုရား၏ မေတ္တာကရုဏာ ကြီးမားပုံများကို ချီးကျူးပြောဆိုကြလေ၏။

ထို့နောက် မြတ်စွာဘုရားသည် မာနတ္ထဒ္ဓအား “ပုဏ္ဏား… ငါ့အပေါ်၌ သင်၏စိတ်ကြည်ညိုခြင်းသည် လုံလောက်လေပြီ၊ သင့်တော်လောက်ပေပြီ၊ ငါ၏ခြေရင်းတွင် ၀တ်ဆင်းနေရာမှထပြီး သင့်လျော်ရာမှာ ထိုင်ပါလေလော့” ဟု မိန့်တော်မူမှသာ မာနတ္ထဒ္ဓပုဏ္ဏားလည်း မိမိနှင့် သင့်လျော်သည့် တစ်နေရာတွင် ထိုင်ကာ မြတ်စွာဘုရားရှင်အား သိလိုသည်များကို လျှောက်ထားပြန်လေ၏။

မာနတ္ထဒ္ဓက “အရှင်ဂေါတမ အဘယ်ပုဂ္ဂိုလ်တို့၌ မာန်မာနကို မပြုရာသနည်း၊ အဘယ်ပုဂ္ဂိုလ်တို့၌ အလေးအမြတ်ပြုရာသနည်း၊ အဘယ်ပုဂ္ဂိုလ်တို့၌ အရိုအသေ ပြုရာသနည်း၊ အဘယ်ပုဂ္ဂိုလ်တို့ကို ကောင်းစွာ ပူဇော်အပ်ကုန်သနည်း”ဟု မေးမြန်းလျှောက်ထား၏။

မြတ်ဗုဒ္ဓက “ပုဏ္ဏား… မိခင်၊ ဖခင်၊ အစ်ကို (မိမိထက် အသက်သိက္ခာ ဂုဏ်ဝါကြီးသူ)၊ ဆရာသမား ဟူသည့် ဤပုဂ္ဂိုလ်လေးယောက်တို့၌ မာန်မာနကို မပြုထိုက်ပေ၊ ဤပုဂ္ဂိုလ်လေးယောက်တို့ထံ၌ မာနမထားထိုက်ပေ၊ ဤပုဂ္ဂိုလ်လေးယောက်တို့အား အရိုအသေ အလေးအမြတ်ကို ပြုကျင့်ရာ၏၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သည့် အာသဝေါကုန်ခမ်းပြီးသော (ရဟန္တာ)ပုဂ္ဂိုလ်တို့ကို မာန်နှိမ့်ချက်လျက် မခက်ထန်သည်ဖြစ်၍ သင်ရှိခိုးရာ၏”ဟု ပုဏ္ဏား၏ အမေးအား ပြန်လည်ဖြေကြားပေးတော်မူ၏။ နောက်ဆုံးတွင် မာနအလွန်ကြီးသည့် မာနတ္ထဒ္ဓပုဏ္ဏားသည် မာနခ၀ါချကာ မြတ်စွာဘုရား သာသနာတော်၌ ရတနာသုံးရပ်ကို အမြဲမပြတ် ကိုးကွယ်ဆည်းကပ်တတ်သည့် ဥပါသကာအဖြစ် ခံယူသွားခဲ့လေ၏။ (သဂါထာဝဂ္ဂသံယုတ်၊ မာနတ္ထဒ္ဓသုတ်) ဤကား မာနအလွန်ကြီးသည့် မာနတ္ထဒ္ဓပုဏ္ဏား၏ အကြောင်းအရာ တစ်စိပ်တစ်ပိုင်းဖြစ်ပါ၏။

ဤသုတ်တော်တွင် ဟောတော်မူသည့် မြတ်စွာဘုရားရှင်၏ တရားတော်အရ မာနသည် မထားထိုက်သည့် အရာဖြစ်ကြောင်း၊ အထူးသဖြင့် မိဘဆရာသမားများနှင့် အသက်အရွယ် ဂုဏ်ဝါကြီးသူများ၊ အာသဝေါကုန်ခမ်းသည့် သူတော်သူမြတ်များအပေါ်၌ မိမိတို့၏ မာနများ မထားထိုက်ကြောင်း ကောင်းစွာ သဘောပေါက်နိုင်ပေ၏။ ထိုပုဂ္ဂိုလ်များထံတွင် မာနမထားထိုက်ဘဲ အရိုအသေပြုကာ ပူဇော်မှုပင် ပြုထိုက်ကြောင်း နားလည်နိုင်ပေ၏။ မာနခက်ထန်နေသမျှ အကျိုးစီးပွား ဆုတ်ယုတ်နေမည်ဖြစ်သဖြင့် လောကီလောကုတ္တရာ ကောင်းကျိုးများကို လိုလားသူများသည် မာနများဖြင့် ခေါင်းမာနေမှုကို မပြုသင့်ဘဲ နှိမ့်ချမှုနှင့်အတူ အရိုအသေ ပူဇော်မူကိုပြုကာ မိမိတို့လိုလားသည့် အကျိုးစီပွားကိုသာ အရယူသင့်ကြောင်း သတိပြုသင့်ပေ၏။

မည်သို့ပင်ဖြစ်စေ မာနတရားသည် ရှိသင့်သည့် တရား၊ ထားသင့်သည့် တရား မဟုတ်သည်ကား အမှန်ပင် ဖြစ်ပါ၏။ သတ္တ၀ါတို့အား ပူလောင်မှုနှင့်အတူ လောင်မြိုက်စေတတ်သည့် ကိလေသာတရားများတွင် တစ်ပါးအပါအ၀င် ဖြစ်သည့် ဤမာနတရားသည် ပုထုဇင်ပုဂ္ဂိုလ်များအား မာနကြီးသည်နှင့်အမျှ၊ ပူလောင်မှုနှင့် အကျိုးစီးပွား ဆုတ်ယုတ်မှုကိုလည်း ပိုမိုကြီးမားစေမည်သာ ဖြစ်သဖြင့် မိမိတို့၏ သန္တာန်တွင် မာနတရားများ အထိုက်အလျောက် ပါးသွားစေရန် သတိသမ္ပဇဉ်တရားများ လိုက်ကိုင်ထား၍ နှိမ့်ချတတ်သည့် ဂါရ၀တရားများ တိုးပွားစေရန် ကြိုးစားသင့်လှပေ၏။

ထို့ကြောင့် မာနအလွန်ကြီးသူများ၊ မာနရှိနေသည်ကိုပင် ဂုဏ်ယူစရာအဖြစ် အထင်မှားနေသူများ၊ မာနမထားထိုက်သူများ အပေါ်တွင် မာနထားမိနေသူများ အနေဖြင့် မိမိတို့၏ မာနတရားများသည် ရှိနေခြင်း၊ ထောင်လွှားနေခြင်းအားဖြင့် ထောင်ကာမတ္တမျှသာဖြစ်ပြီး တစ်စုံတစ်ခုမျှ အသုံးမကျဖြစ်နေသည့် ခွေးမြီးကဲ့သို့သာ ဖြစ်နေ၊ မာနတရား ကိုင်စွဲထားနေသမျှ မိမိတို့သည် ခွေးမြီးကိုသာ ကိုင်စွဲထားသကဲ့သို့ ဖြစ်နေသည်ကို အသိတရားဖြင့် သတိပြုဆင်ခြင်ကာ ထောင်လွှားတတ်သည် မာနတရားကို နှိမ်ချတတ်သည့် ဂါရ၀တရားဖြင့် နည်းသည်ထက်နည်းရန်၊ ပါးသည်ထက်ပါးရန် ကြိုးစားသင့်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပေတော့၏။ အားလုံး မာနခ၀ါချ၍ ထာဝရ ဂါရ၀ဖြင့် သာသနာ့ မာမက ဖြစ်နိုင်ကြပါစေ…။

Read more »

ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြဦးမှ…

ဘာပဲဖြစ်ဖြစ် သူပါမှဖြစ်မယ်၊ သူမရှိလို့ မဖြစ်ဘူး၊ သူ့ကိုပဲ အားကိုးရမှာပဲ စတဲ့ အတွေးများ၊ မျှော်လင့်ချက်များနဲ့ ကိုယ်ကိုယ်တိုင် အားထုတ်မှု မပြုဘဲ သူများအားပဲ စောင့်စားနေကြသူများကို ကြည့်ကာ “လက်သည်ချည်းပဲ အားကိုးမနေနဲ့၊ ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြဦး”ဆိုတဲ့ မြန်မာစကားလေးကို သတိရမိပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မီးဖွားတဲ့ ကိုယ်ဝန်ဆောင်မိခင်ကို ရည်ညွန်းတာ ဖြစ်ပေမယ့် တစ်ဘက်မှာလည်း ကိုယ့်အစွမ်းအစနဲ့ အားထုတ်မှုကို မပြုလုပ်ဘဲ သူများကိုချည်း အားကိုးလေ့ ရှိသူတွေအတွက် ဥပမာပေး ပြောဆိုလေ့ရှိတဲ့ စကားပုံလေး ဖြစ်ပါတယ်။ အားကိုးလို့ ရမှန်းသိရင် အားကိုးတတ်ကြတဲ့ သတ္တ၀ါတွေရဲ့ သဘာဝအရ အားကိုးစရာကိုရှားရင်း အားကိုးများပြီး ကိုယ်ကိုယ်တိုင် အားထုတ်မှု နည်းပါးလာတတ်တဲ့အတွက် ကိုယ့်အားကိုယ်ကိုးစေရန် ရည်ရွယ်ကာ ဒီစကားပုံကို အသုံးပြုပြောဆို တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

စကားစပ်လို့ တစ်ခါတစ်လေ ဘုန်းဘုန်းတို့ အနေနဲ့ ဒီစကားပုံကို အသုံးပြုပြီး ပြောဆိုဆွေးနွေး ကြတာလေးတွေကို သတိရမိပါတယ်။ ဘုန်းဘုန်းတို့တစ်တွေ တစ်ခါတစ်လေ လူစုံတဲ့အခါ မျက်မှောက်ခေတ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး အကြောင်းလေးတွေ ရောက်တက်ရာရာ ပြောဆိုဆွေးနွေး ဖြစ်ကြတာတွေ ရှိပါတယ်။ အဲဒီလို ပြောဆိုတဲ့အခါ သူအားသန်ရာကို ယူပြီး တစ်ချို့က နိုင်ငံရေးမှာဆို ဒီလိုဖြစ်သင့်တယ်၊ တစ်ချို့က စီးပွားရေးကို ဒီလိုပြုပြင်သင့်တယ်၊ တစ်ချို့က ဘာသာရေးနဲ့ ပတ်သက်ပြီး ဒီလိုမဖြစ်သင့်ဘူး ဒီလိုဖြစ်သင့်တယ် စသဖြင့် ပြောဆိုကြတဲ့အခါ ကျန်တဲ့အပိုင်းတွေမှာ ဘုန်းဘုန်းတို့က မကျွမ်းကျင် မပိုင်နိုင်တဲ့အတွက် သိပ်ပြီး ပြောဆိုဆွေးနွေးမှု မပြုနိုင်ပေမယ့် ဘာသာရေးနဲ့ ပတ်သက်လို့ ပြောဆိုကြတဲ့ အခါဆိုရင်တော့ ဖြစ်သင့်တဲ့ အရာလေးတွေကို ၀င်ရောက် ဆွေးနွေးဖြစ်ပါတယ်။

တစ်ခါတုန်းက အဲဒီလို ဘာသာရေးနဲ့ ပတ်သက်ပြီး ပြောဆိုကြရာက ဒကာလေးတစ်ယောက်က မြန်မာဗုဒ္ဓဘာသာများ ဘာသာရေးမှာ အခုလို တစ်ဖြည်းးဖြည်း အားနည်းလာတာ အဓိကကတော့ ဘာသာရေး ခေါင်းဆောင်တွေဖြစ်တဲ့ ဘုန်းကြီးတွေမှာ တာဝန်ပိုရှိတယ်လို့ ဆွေးနွေးလာပါတယ်။ ဘုန်းကြီးတွေက ဟောတာပြောတာ သင်ပြတာတွေဘက်မှာ စနစ်ကျကျ မလုပ်လို့ပဲလို့ သူက ထောက်ပြလာပါတယ်။ တစ်ချို့ကတော့ ဒါဟာ ဘုန်းဘုန်းတွေချည်းပဲ မဟုတ်ဘူး၊ မိသားစုမှာရှိတဲ့ တာဝန်ရှိသူတွေရဲ့ အားနည်းချက်ကြောင့်လည်း ပါတယ်လို့ ဆိုကြပြန်ပါတယ်။ တစ်ချို့ကတော့ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရကြောင့်လို့ ပြောလာတာတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်လာတာတွေဟာ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ အကုန်လုံးမှာ တာဝန်ရှိသလို အကုန်လုံးနဲ့လည်း သက်ဆိုင်ပါတယ်။ ဘုန်းကြီးတွေရော၊ မိသားစုတွေရော၊ တိုင်းပြည်အုပ်ချုပ်သူတွေရော၊ ကာယကံရှင် တစ်ဦးချင်းမှာရော တာဝန်ရှိတယ်လို့ ဆိုလာသူတွေလည်း ရှိပါတယ်။

ဘုန်းဘုန်းအနေနဲ့ကတော့ သူတို့ပြောတာတွေ ဟုတ်သင့်သလောက် ဟုတ်ပေမယ့် အဓိကကတော့ ကာယကံရှင် တစ်ဦးချင်းစီအပေါ်မှာလည်း ပိုပြီးမူတည်တယ်လို့ ခံယူမိပါတယ်။ နည်းပြကောင်း ဆရာသမားကောင်း၊ မိတ်ကောင်းဆွေကောင်း လိုတာမှန်ပေမယ့် ကိုယ်ကိုယ်တိုင်ရဲ့ လိုချင်တဲ့စိတ်၊ သိလိုတဲ့စိတ်၊ လေ့လာလိုတဲ့စိတ်နဲ့ ကြိုးစားမှုတွေက ပိုပြီးလိုအပ်ပါတယ်။ ဘယ်သူ့ဘယ်ဝါကြောင့်လို့ ပုံချကြတာထက်စာရင် မသိတာကို သိအောင်၊ နားမလည်တာကို နားလည်အောင်၊ မရတာကို ရအောင် လုပ်ယူမယ်ဆိုတဲ့စိတ်နဲ့ တစ်ဦးတစ်ယောက်ချင်းရဲ့ ကြိုးစားမှုက ပိုပြီးပဓာနကျပါတယ်။ တိုးတက်နေတဲ့ ဒီနေ့လိုခေတ်ကြီးမှာ လိုချင်စိတ်နဲ့ လေ့လာမယ်၊ ရှာဖွေမယ်၊ ကျင့်ကြံမယ်ဆိုရင် မရနိုင်တာ ဘာမှမရှိပါဘူး။ အထူးသဖြင့် တိုးတက်နေတဲ့ အင်တာနက်ခေတ်ကြီးမှာ လိုချင်တာမှန်သမျှ အင်တာနက်ပေါ်မှာ အကုန်ရနေတာ ဖြစ်တဲ့အတွက် ဘာသာရေးနဲ့ ပတ်သက်လို့ သိချင်တာရှိရင်၊ လိုချင်တာရှိရင်၊ နားမလည်တာရှိရင် အချိန်မရွေး လေ့လာသင်ယူ မေးမြန်းနိုင်တယ်ဆိုတာ အင်တာနက် သုံးဖူးတဲ့သူ အားလုံးသိကြပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်က လေ့လာအားထုတ်မှု မရှိဘဲ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ဆိုပြီး အပြစ်ပုံချမှုကတော့ ဒါဟာ မခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ကိုယ်တိုင်အားထုတ်မှု မရှိဘဲ ဟိုဟိုဒီဒီ အားကိုးမှုများကို ရှာတတ်ကြတဲ့ သူအချို့ကြောင့်လည်း လက်သည်ချည်းပဲ အားကိုးမနေနဲ့ ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြဦးလို့ ပြောတာ ဖြစ်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ကတော့ ညှစ်ကြဖို့ လိုပါတယ်။

ဟုတ်ပါတယ်။ အရာရာဟာ ကိုယ့်အပေါ်မှာ အဓိကကျပါတယ်။ အနန္တတန်ခိုးရှင် ဖြစ်တော်မူတဲ့ အနှိုင်းမဲ့ ဗုဒ္ဓရှင်တော်မြတ် ကိုယ်တော်တိုင်ပင် သူ့ကို အားမကိုးကြဘဲ ကိုယ့်ကိုယ်ကို အားကိုးကြဖို့နဲ့ သူ(ရှင်တော်ဗုဒ္ဓ) ကိုယ်တော်တိုင်ပင် ကယ်တင်ပေးနိုင်တဲ့ ကယ်တင်ရှင်မဟုတ်ဘဲ နည်းပြလမ်းညွှန်ပေးတဲ့ လမ်းညွှန်သာ ဖြစ်ကြောင်း မိန့်တော်မူပါတယ်။ မြန်မာစကားပုံမှာလာတဲ့ အတိုင်းပြောရရင် နည်းပြလမ်းညွှန်ပေးတဲ့ ပုဂ္ဂိုလ်တွေဟာ တကယ်တော့ လက်သည်တွေပါပဲ။ မီးဖွားတဲ့အခါ အလွယ်တကူ ချောချောချူချူဖြစ်အောင် ဖွားနိုင်ဖို့ လမ်းညွှန်ပေးတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ အဓိကကတော့ ကိုယ်ကိုယ်တိုင် အားထုတ်ပြီး ညှစ်ယူရမှာဖြစ်ပါတယ်။ ဒါမှအလွယ်တကူ မွေးဖွားနိုင်မှာ ဖြစ်ပါတယ်။ လက်သည်ရဲ့ အကူအညီ လိုတယ်ဆိုပေမယ့် လက်သည်ရဲ့ အကူအညီကိုယူပြီး ကိုယ်ကိုယ်တိုင်က အားစိုက်ညှစ်နိုင်မှ အလွယ်တကူ မွေးဖွားနိုင်ကြသလို ဘာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့အရာတစ်ခုခုကို ရယူဖို့အတွက်က သူများချည်းပဲ အားကိုးနေလို့ မဖြစ်ဘဲ သူများရဲ့ နည်းပေးလမ်းပြမှုနဲ့အတူ လက်တွေ့ပိုင်းမှာတော့ ကိုယ်ကိုယ်တိုင် အားစိုက်နိုင်မှုက အစစအရာရာ အခရာကျပါတယ်။

မှန်ပါတယ်။ လောကမှာ ကိုယ်ကိုယ်တိုင်က ဘာမှအားထုတ်မှု မရှိဘဲ ဟိုအပြစ်ပုံချ၊ ဒီအပြစ်ပုံချတတ်တဲ့ သူတွေရှိပါတယ်။ သူများက ပြောပြပေး၊ လမ်းပြပေးရင်လည်း လက်တွေ့လိုက်နာ လုပ်ဆောင်မှု မရှိဘဲ ဟိုလိုလို ဒီလိုလို နေတတ်ကြတဲ့သူတွေလည်း ရှိပါတယ်။ အဆိုးဆုံးက ကိုယ်ကိုယ်တိုင် ညှစ်ထုတ်ခြင်းမရှိဘဲ လက်သည်ချည်းပဲ အားကိုးနေတတ်တာတွေပဲ ဖြစ်ပါတယ်။ ဘာလေးပဲ ဖြစ်ဖြစ် ဘယ်သူမှ၊ ဘယ်ဝါမှ၊ ဘာမရှိလို့ ညာမရှိလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ လက်သည်ကို မျှော်နေတတ်တာတွေကြောင့် လက်တွေ့လုပ်ဆောင်လိုက်ရင် ပြီးသွားမယ့် ကိစ္စတွေမှာ မပြီးပြတ်တာတွေလည်း အများကြီးရှိတတ်ပါတယ်။ ကိုယ်ကိုယ်တိုင် အားစိုက်ပြီး လုပ်ယူရမယ့် အရာတွေမှာ မလုပ်ဘဲ သူများအားကို မျှော်ကိုးနေတာတွေကြောင့် လက်တွေ့မှာ ဘာမှဖြစ်မလာတာတွေလည်း အများကြီးပါပဲ။ ဒါကြောင့် ဒီလိုလူမျိုးတွေကို ရည်ရွယ်ပြီး လက်သည်ချည်းပဲ အားကိုးမနေကြဘဲ ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြဦးလို့ ဆိုကြတာ ဖြစ်ပါတယ်။

တကယ်တော့ ဗုဒ္ဓဘာသာအလိုအရ ဘာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ပဲ ညှစ်ယူရမှာ ဖြစ်ပါတယ်။ လက်သည်ကို အားကိုးတယ်ဆိုရင်လည်း လက်သည်ဟာ နည်းလမ်းညွှန်ပြပေးမယ့် နည်းပြအဖြစ်လောက်ပဲ အားကိုးလို့ ရမှာဖြစ်ပါတယ်။ လက်တွေ့အားထုတ် လုပ်ကိုင်ရမှာကတော့ ကိုယ်ကိုင်တိုင်ပဲ ဖြစ်ပါတယ်။ ကိုယ်ကအားစိုက်နိုင်ရင် ကိုယ်လိုရာ ရမှာဖြစ်သလို ကိုယ်က အားမစိုက်နိုင်ရင်လည်း ကိုယ့်မှာ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အစစအရာရာ လက်သည်ရဲ့ အကူအညီနဲ့ ကိုယ်ကိုယ်တိုင် ညှစ်ယူမှပဲ အလွယ်တကူ အောင်မြင်ပြီးမြောက်မှာ ဖြစ်ပါတယ်။ လောကီရေးပဲ ဖြစ်ဖြစ် လောကုတ္တရာ အရေးပဲဖြစ်ဖြစ် အစစအရာရာ ကိုယ့်အပေါ်မှာပဲ မူတည်နေပါတယ်။ ကိုယ်ညှစ်မှ ကိုယ်ထွက်မှာ ဖြစ်သလို ကိုယ်လုပ်မှလည်း ကိုယ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်ကလည်း “မိမိသည်သာ မိမိ၏ ကိုးစားရာဖြစ်၏၊ သူတပါးသည် မိမိ၏ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်မည်နည်း…” စသဖြင့် မိန့်မှာတော် မူခြင်းဖြစ်ပါတယ်။

ဘုန်းဘုန်း မြန်မာပြည်မှာရှိစဉ် ကျောင်းသားကျောင်းသူများကို စာသင်ပေးတုန်းက ကျောင်းသားတစ်ချို့ရဲ့ စကားလေးတွေ ပြန်ကြားရတာ ရှိပါတယ်။ အဲဒီကျောင်းသား တစ်ချို့ထံက ကြားရတဲ့ စကားလေးတွေက ဆရာစာအသင်အပြ မကောင်းဘူး၊ အားကိုးလို့ မရဘူးစတဲ့ အသံလေးတွေပါ။ အများက အောင်မြင်မှုရပြီး တိုးတက်နေတဲ့အချိန်မှာ သူတို့တွေက ဒီစကားတွေ ပြောလာတယ်ဆိုတော့ ဒီကလေးတွေ စာကောလုပ်ကြရဲ့လားလို့ စုံစမ်းတဲ့အခါ စာမလုပ်ဘဲ အပျော်လာ၊ အပျော်သွား၊ အပျော်ပြန်နေတာကို သိရပါတယ်။ သူတို့တွေကိုကြည့်ပြီး “သြော်…ဒီကလေးတွေနယ် ကိုယ်ကိုယ်တိုင်တော့ ကြိုးစားအားထုတ်မှု မပြုကြဘဲ ဘယ်သူကြောင့်၊ ဘယ်ဝါကြောင့်လို့ အပြစ်ပုံချဖို့ပဲ ကြည့်နေကြတော့တာပါလား…၊ ဆရာ့ဆီမှာ အချိန်တန် ကျောင်းသွားတက်နေရုံ၊ ဆရာ့ကို အားကိုးနေရုံနဲ့ အကုန်ပြီးပြီလို့များ ထင်နေရော့သလားမသိ၊ ဆရာဆိုတာ လက်သည်အဆင့်လောက်ပဲ ဖြစ်ပြီး လက်တွေ့ပိုင်းမှာ ကိုယ်ကိုယ်တိုင် ညှစ်ရမယ်ဆိုတာ ဒီကလေးတွေ မသိဘဲ ဖြစ်နေကြပါလား…” စသဖြင့် တစ်ယောက်တည်း စိတ်ထဲမှာ ရေရွတ်နေမိခဲ့ပါသေးတယ်။

ဆိုလိုတာက လောကမှာ ဘာပဲဖြစ်ဖြစ် အားကိုးရာဆိုတာ ရှိရမှာ ဖြစ်ပေမယ့် အားကိုးလွန်းရင်လည်း ကိုယ့်မှာဘာမှ မဖြစ်ပဲ ရှိတတ်တဲ့အတွက် သူများကိုလည်း အားကိုး၊ ကိုယ်ကိုယ်တိုင်လည်း အားထုတ်ကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ သူများချည်းပဲ အားကိုးနေလို့ မဖြစ်သလို၊ နည်းပြလမ်းညွှန်ပေးနိုင်မယ့် အားကိုစရာ လက်သည်မရှိပြန်ရင်လည်း မဖြစ်တဲ့အတွက် လက်သည်ရဲ့ အကူအညီကို ရယူရင်း ကိုယ်ကိုယ်တိုင်ရဲ့ ညှစ်ယူမှုနဲ့ လိုချင်တာကို ရအောင်ကြိုးစားရမှာ ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ လက်သည်ချည်းပဲ အားကိုးနေလို့ မဖြစ်ကြောင်းနဲ့ ကိုယ်ကိုယ်တိုင်လည်း ညှစ်ဖို့လိုကြောင်း နားလည်စေလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကိစ္စတစ်ခု အောင်မြင်ပြီးမြောက်ဖို့ဆိုတာ ကံဉာဏ်ဝီရိယ သုံးမျိုးလုံးပါမှ ဖြစ်နိုင်သလို ကိုယ်ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ မိတ်ကောင်းဆွေကောင်း ဆရာသမားကောင်းတွေရဲ့ အကူအညီလည်း ရှိမှဖြစ်နိုင်တဲ့အတွက် လောကီလောကုတ္တရာများမှာ အောင်မြင်တိုးတက် ကြီးပွားလိုသူများ အနေနဲ့ “လက်သည်ချည်းပဲ အားကိုးမနေနဲ့၊ ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြဦး”ဆိုတဲ့ မြန်မာစကားပုံအတိုင်း သူများချည်းပဲ အားကိုးမနေကြဘဲ ကိုယ်ကိုယ်တိုင်ရဲ့ အားထုတ်မှုများနဲ့အတူ မိတ်ကောင်းဆွေကောင်းတွေရဲ့ နည်းပေးလမ်းညွှန်မှုကိုယူကာ လိုရာပန်းတိုင်ကို လျှောက်လှမ်းကြည့်ကြဖို့ တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

Live Questions and Answers (6)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။
10 Jun 10 07:36
ထွန်းထွန်း
အရှင်ဘုရား ကျန်းမာချမ်းသာပါရဲ့လားဘုရား…။ သရဏဂုံတည်ပြီးလို့ ငါးပါးသီလမြဲသွားတဲ့ လူတစ်ယောက်ဟာ အပါယ်ကျနိုင်ပါသေး သလားဘုရား..။ ပြီးတော့သောတာပန် အရိယာတိုင်းဟာ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ် ပြီလို့သိနိုင်ပါသလားဘုရား..။

11 Jun 10 14:24
မနာပဒါယီ>>> ထွန်းထွန်း
သရဏဂုံတည်ပြီး ငါးပါးသီလမြဲသွားတဲ့ သူတစ်ယောက်ဟာ အပါယ်မလားနိုင်တော့ပါဘူး။ ဒါပေမယ့် ပုထုဇင် တစ်ယောက်ရဲ့ သရဂုံတည်မှုနဲ့ ငါးပါးသီလလုံခြုံမှုက ပုထုဇင်ပုဂ္ဂိုလ်ဖြစ်နေတဲ့အပြင် သဒ္ဓါတရားလည်း မခိုင်သေးဘဲ အချိန်မရွေး ပြောင်းလဲနိုင်တဲ့အတွက် အပါယ်ဘေးနဲ့ ပတ်သက်ပြီး သေချာပေါက် မပြောနိုင်ပါဘူး။ သောတာပန်စတဲ့ အရိယာပုဂ္ဂိုလ်ဖြစ်သွားရင်တော့ ဒီအရိယာပုဂ္ဂိုလ်ဟာ သဒ္ဓါတရားခိုင်သွားတဲ့အပြင် သရဏဂုံနဲ့ ငါးပါးသီလခေါ် ကံငါးပါးကို လုံးဝမြဲသွားပြီ ဖြစ်တဲ့အတွက် အပါယ်တံခါးပိတ်သွားပြီ ဖြစ်ပါတယ်။ အပါယ်မလားတော့ပါဘူး။

သောတာပန်ဆိုတာ အလွယ်နားလည်အောင် ပြောရရင် သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရတဲ့ပုဂ္ဂိုလ်ကို ဆိုပါတယ်။ သောတာပန် အရိယာတိုင်းဟာ ကိုယ့်ကိုယ်ကို သောတာပန် ဖြစ်ကြောင်း ကောင်းကောင်းသိနိုင်ပါတယ်။ ၀ိပဿနာ တရားအားထုတ်ရင်း ဖြစ်ပေါ်လာတဲ့ ဉာဏ်အဆင့်ဆင့်ကို ရရှိပြီးနောက် သောတာပတ္တိမဂ်ဉာဏ်ကို ရတဲ့အခါ အဲဒီယောဂီပုဂ္ဂိုလ်ရတဲ့ သောတာပတ္တိမဂ်က ကိလေသာတွေထဲက ဒိဋ္ဌိနဲ့ ၀ိစိကစ္ဆာဆိုတဲ့ ကိလေသာနှစ်ပါးကို အကြွင်းမဲ့ ပယ်သတ်လိုက်ပါတယ်။ ဒီလို ပယ်သတ်လိုက်တာနဲ့ တစ်ပြိုင်တည်း ဒီသောတာပတ္တိမဂ်ကို ရတဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ စိတ်အစဉ်ဟာ အယူဝါဒ မှန်ကန်ဖြောင့်မတ်လာပြီး ရတနာသုံးပါးနဲ့ ကံကံရဲ့အကျိုးတွေ အပေါ်မှာ သို့လောသို့လော သံသယစိတ်တွေ ဘယ်တော့မှ မဖြစ်တော့ပါဘူး။ ရတနာသုံးပါးနဲ့ ပတ်သက်လာရင် အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်ဟာအမြဲကြည်လင်နေပြီး ကြည်ညိုမှုတွေနဲ့ ပီတိတရားတွေပဲ တိုးပွားနေတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဒီသောတာပတ္တိမဂ် ရတဲ့ပုဂ္ဂိုလ်ဟာ မိမိ သောတာပန် ဖြစ်ကြောင်း ကောင်းကောင်းသိနိုင်ပါတယ်။ တစ်ချို့ တရားအားထုတ်တဲ့ အရှိန်ကြောင့် ကိလေသာလေးတွေ ခဏငြိမ်နေတဲ့ အခါမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် တကယ် သောတာပတ္တိမဂ်ဉာဏ်ကို ရတာမဟုတ်တော့ ကိလေသာနဲ့တွေ့တဲ့အခါ ပြန်ပေါ်လာတတ်ပါတယ်။ တကယ်ရတဲ့ ပုဂ္ဂိုလ်ကတော့ အကြွင်းမဲ့ပယ်သတ်ပြီးဖြစ်လို့ ဘယ်တော့မှ မပေါ်တော့ပါဘူး။ ဒါကြောင့် ၀ိပဿနာတရားကို မှန်ကန်တဲ့လမ်းစဉ်နဲ့ အားထုတ်ပြီး ဉာဏ်အဆင့်ဆင့် ရရှိသွားကြတဲ့ သောတာပန်စတဲ့ အရိယာပုဂ္ဂိုလ်တွေဟာ မိမိဘယ်အဆင့် ရောက်နေတယ်ဆိုတာ ကောင်းကောင်းသိနိုင်ပါတယ်လို့ ဆိုခြင်းဖြယ်ပါတယ်။

08 Jun 10 03:29
ထွန်းထွန်း
အရှင်ဘုရားတပည့်တော် တစ်ခုလျောက်ထားချင်ပါတယ်ဘုရား။ ၀ိနည်းနဲ့ ညီအောင်မနေတဲ့ ရဟန်းတွေကို ၀ိနည်းနားလည်တဲ့ လူဝတ်ကြောင်က ကဲ့ရဲ့အပြစ်တင်ရင် အပြစ်ရှိပါသလားဘုရား..။

08 Jun 10 05:25
မနာပဒါယီ>>> ထွန်းထွန်း
စေတနာအလိုဆိုးနဲ့ မဟုတ်ဘဲ သာသနာတော်ကို ကြည်ညိုတဲ့ စိတ်ကောင်းစေတနာကောင်းနဲ့ ပြောဆိုပြုပြင်တဲ့ သဘောဆိုရင် အပြစ်မဖြစ်ပါဘူး။ ဒါပေမယ့် သတိတော့ ထားဖို့လိုပါတယ်။ သံဃာနဲ့ ပုဂ္ဂိုလ်ကို ခွဲခြားတတ်ဖို့လည်းလိုပါတယ်။ တစ်ခါတစ်လေ ပုဂ္ဂိုလ်ကို ရည်ရွယ်ပေမယ့် အသုံးအနှုန်းက သံဃာအားလုံးအထိ ဖြစ်သွားရင် စေတနာက ဝေဒနာ ဖြစ်တတ်ပါတယ်။ ဒီနေ့ခေတ်မှာ လူဝတ်ကြောင်က ရဟန်းတော်ကို တိုက်ရိုက်ပြောတာထက် ဆိုင်ရာဆရာသမားကို ပြောဆိုလျှောက်ထား အသိပေးစေတာက ပိုပြီး လူတွေအတွက် အပြစ်ကင်းနိုင်ပါတယ်။ ဘုရားလက်ထက်က ၀ိသာခါတို့၊ အနာထပိဏ်တို့ ဆရာဇီဝကတို့လည်း ရဟန်းတော်များကို အမြင်မတော်တာတွေ့ရင် ကဲ့ရဲ့ပြစ်တင်ပြီး ဘုရားရှင်ကို လျှောက်ထားလေ့ရှိပါတယ်။ သူတို့ဆိုရင် သူတို့ကိုယ်တိုင် ဥပါသကာ ဥပါသိကာမဂုဏ်ရည်တွေနဲ့ ပြည့်စုံတဲ့အပြင် သာသနာတော် အတွက်လည်း အလွန်ကျေးဇူးများတဲ့ သူတွေဖြစ်ကြပါတယ်။ အဓိကကတော့ စေတနာ ရည်ရွယ်ချက် မှန်ကန်ကောင်းမွန်ဖို့နဲ့ ကိုယ့်ကိုယ်ကို အပြစ်မဖြစ်စေဖို့ အစွန်းမရောက်အောင် နေထိုင်ပြောဆိုတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

20 Jun 10, 12:27 PM
ဖိုးသား
ဘုန်းဘုန်း မင်္ဂလာပါ။ တပည့်တော် ကောင်းကောင်း သဘောမပေါက်တာလေး မေးလျှောက်ပါရစေ ဘုရား..။ အရှိကို အရှိအတိုင်း စိတ်ကျက်စားနေတဲ့ အချိန် ကာလသုံးပါး လွတ်နေတယ်လို့ ကြားနာဖူးပါတယ် ဘုန်းဘုန်း..။ အတိတ်ကာလနဲ့ အနာဂတ်ကာလ လွတ်နေတယ်ဆိုတဲ့ သဘောကို နည်းနည်း သဘောပေါက်သလို ရှိပေမယ့် ပစ္စုပ္ပန်ကာလပါ လွတ်တယ် ဆိုတာကို ခေါင်းရှုပ်နေတယ် ဘုရား။ မရှင်းလို့ တရားပြန်နာရင် ရှင်းသလိုလို ရှိသွားပေမယ့် ပြန်ရှုပ်သွားပြန်တယ် ဘုရား..။ ဘုန်းဘုန်း အနေနဲ့ နားလည် သဘောပေါက်သလောက် တပည့်တော်ကို ရှင်းပြပေးပါဦး ဘုရား..။ ဘုန်းဘုန်း ကျန်းမာပါစေ။ ရိုရိုသေသေ ဦးတင်လျက်.. ဖိုးသား။

21 Jun 10, 03:36 PM
မနာပဒါယီ>>> ဖိုးသား
ဖိုးသားရေ... ဒကာလေးပြောသလို အရှိကို အရှိအတိုင်း စိတ်အစဉ် ကျက်စားနေတဲ့ အခိုက်မှာ အတိတ်ကာလလည်းမဟုတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလလည်း မဟုတ်ဘဲ ကာလက လွတ်နေတယ် ဆိုတဲ့သဘောက စိတ္တာနုပဿနာကို သတိမပြတ် မလွတ်တမ်း ရှုမှတ်နေတဲ့ ယောဂီဟာ စိတ်အစဉ် အားလုံးကို တစ်ခုပြီးတစ်ခု မလွတ်တမ်း သိနေတဲ့ သဘောရှိတဲ့အတွက် တစ်သမှတ်တည်း မရှိဘဲ ကာလ၀ိမုတ္တိ ဖြစ်နေတဲ့ သဘော ဖြစ်နိုင်ပါတယ်။ သိတဲ့အတိုင်း စိတ်ဆိုတာကလည်း အဖြစ်မြန် အပျက်မြန်တဲ့ သဘောရှိတဲ့အတွက် တစ်ခါတည်း ထိန်းချုပ်ထားလို့ ရတဲ့အရာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်အစဉ်ကို အရှိအတိုင်း လိုက်သိနေတဲ့ ဆိုတာကလည်း ရှေ့စိတ်ကို နောက်စိတ်က လိုက်လိုက်ပြီး သိနေတာကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ စိတ်တစ်ခုနဲ့ တစ်ခုကြား ပြောင်းလဲမှုက အရမ်းမြန်လွန်းလှတဲ့အတွက် ရှေ့စိတ်ကို သိလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ပျောက်ပြီး နောက်သိစိတ်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီနောက်သိစိတ်ကိုလည်း နောက်နောက်စိတ်တွေက ဆက်ကာဆက်ကာ ဖြစ်ဖြစ်နေ၊ အဲဒီလို ဖြစ်ဖြစ်နေတာကို လိုက်လိုက်သိနေတာ ဖြစ်တဲ့အတွက် စိတ်အစဉ်ကို တစ်ခုပြီး တစ်ခု သတိမပြတ် လိုက်သိနေတဲ့ ယောဂီပုဂ္ဂိုလ်အတွက် ကာလဆိုတာ ရှိတယ်လို့ မထင်ရလောက်အောင် လွတ်နေတဲ့ သဘောရှိပါတယ်။ ဆိုကြပါစို့။ ကိုယ့်စိတ်မှာ ရာဂဖြစ်တဲ့အခါ အဲဒီရာဂစိတ် ဖြစ်တာကို သိတာနဲ့ ရာဂစိတ်က ပျောက်သွားပြီး သိစိတ်က ရောက်သွားတဲ့အထိ စိတ်အစဉ် အဖြစ်မြန်သလို အဲဒီသိစိတ်ကိုလည်း နောက်စိတ်တစ်ခုက အရှိအတိုင်း သိသိသွားနေတဲ့ သဘောရှိလို့ ဒီလို စိတ်အစဉ်ကို တစ်ခုပြီးတစ်ခု လိုက်လိုက်သိနေမှုမှာ အတိတ်လား၊ ပစ္စုပ္ပန်လား၊ အနာဂတ်လားလို့ ပြောရခက်လောက်အောင် ဖြစ်နေတဲ့အတွက် ကာလက လွတ်နေတယ်လို့ ဆိုခြင်း ဖြစ်နိုင်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ