အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါခြင်းမပေါခြင်းနှင့် စပ်လျဉ်း၍…

Q. အရှင်ဘုရား
အချို့ဟာ သီလနဲ့ ပြည့်စုံတဲ့ ရဟန်းတော်များ၊ စိတ်ကောင်းရှိသော လူရိုးလူကောင်းများ ဖြစ်သော်လည်း အဆွေခင်ပွန်း ပါးရှားခြင်း၊ အချို့ဟာ စဉ်းလဲလိမ်လည် ဂုံးတိုက်တတ်သူများ ဖြစ်သော်လည်း အဆွေခင်ပွန်း အခြံအရံ ပေါခြင်းများ တွေ့ရပါတယ်။ ဘာကြောင့်ပါလဲဘုရား။

သီလသမာဓိနှင့် ပြည့်စုံသော ရဟန်းတော်များပင် လိမ်ညာစွပ်စွဲခံရသောအခါ အခြံအရံ အသိုင်းအဝိုင်း နည်းပါးလျှင် မမှန်စွပ်စွဲမှုဖြစ်ကြောင်း ဖြေရှင်းရမည့် ပတ်ဝန်းကျင်မရှိ၊ ဖြေရှင်းပေးမည့် အဆွေခင်ပွန်းမရှိ ဖြစ်ပြီး မျက်နှာမဖော်နိုင် ဖြစ်ရပါသည်။ ရဟန်းတော်များသည် အခြံအရံ အသိုင်းအဝိုင်းကို မတပ်မက်ရဟု ကြားဖူးပါသည်။ အသိုင်းအဝိုင်း မရှိခြင်းကြောင့် အစော်ကားခံရမှု ဖြစ်လာလျှင် မည်သို့ ပြုအပ်ပါသလဲဘုရား။
Anonymous said...

A. စူဠကမ္မ၀ိဘင်္ဂသုတ်မှာ ပါရှိတဲ့ သုဘလုလင် မေးပြီး ဗုဒ္ဓဖြေဆိုတော်မူတဲ့ အမေးအဖြေတွေထဲမှာ “အရှင်ဘုရား… လောကမှာ အချို့သောသူများဟာ အခြံအရံ မိတ်ဆွေပေါများပြီး အချို့သောသူများဟာ အခြံအရံမိတ်ဆွေ အပေါင်းအသင်း မရှိ ဖြစ်နေကြတာကို တွေရပါတယ်၊ အဲဒါ ဘာကြောင့်ပါလဲဘုရား..”ဆိုတဲ့ သုဘရဲ့အမေးနဲ့ “ချစ်သားသုဘ… လောက၌ အချိုသောသူများသည် မနာလိုမှု ဣဿာမရှိပဲ သူတစ်ပါးအပေါ် ၀မ်းမြောက်ပေးတတ်တဲ့ မုဒိတာ တရားအားကောင်းကြပါတယ်။ အဲဒီသူတွေဟာ ဖြစ်လေရာဘ၀မှာ သုဂတိဘ၀မှာ ဖြစ်ရပြီး လူဖြစ်တဲ့အခါမှာလည်း အခြံအရံမိတ်ဆွေ ပေါများတတ်ပါတယ်။ အချို့ကျတော့ သူတပါးအပေါ် မနာလိုမှု ဣဿာအလွန်များပြားပြီး ၀မ်းမြောက်မှု မုဒိတာတရား ခေါင်းပါးကြပါတယ်။ အဲဒီသူတွေဟာ ဖြစ်လေရာဘ၀မှာ မကောင်းတဲ့ဘုံဘ၀မှာ ဖြစ်ရပြီး ကုသိုလ်တစ်ခုခုကြောင့် လူ့ဘ၀ရလာရင်လည်း အခြံအရံ မိတ်ဆွေအပေါင်းအသင်း ရှားပါတတ်တယ်…” ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့အဖြေ တစ်ခုရှိပါတယ်။ ဒီအမေးအဖြေအရ အချို့ဟာ ဒီဘ၀မှာ သီလနဲ့ပြည့်စုံပြီး စိတ်ကောင်းရှိပေမယ့် အတိတ်ဘ၀ တစ်ခုခုက လုပ်ခဲ့တဲ့ ကံတွေထဲမှာ မနာလိုမှု ဣဿာ အားကြီးတဲ့ကံကို လုပ်ခဲ့တဲ့အတွက် ဒီဘ၀မှာ အခြံအရံ မိတ်ဆွေမရှိ ဖြစ်နေတာ ဖြစ်နိုင်ပြီး ဒီဘ၀မှာ စဉ်းလဲလိမ်လည် ဂုံးတိုက်တတ်ပေမယ့် အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများတာဟာ အတိတ်ဘ၀တစ်ခုခုက လုပ်ခဲ့တဲ့ ကံတွေမှာ ဣဿာမရှိဘဲ မုဒိတာတရား အားကောင်းတဲ့ကံကို လုပ်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။

ဒီလို အသိုင်းအ၀ိုင်း မရှိတဲ့အတွက်ကြောင့် အစွပ်အစွဲခံရမှုတွေဟာ ခုနပြောခဲ့သလို အတိတ်ရဲ့ ၀ဋ်ကျွေးကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် ၀ဋ်ဆိုရင်တော့ ပေးဆပ်ရမယ့် သဘောရှိပါတယ်။ မြတ်စွာဘုရား ကိုယ်တော်တိုင်လည်း စွပ်စွဲခံရပါတယ်။ ဒါဟာ ၀ဋ်တစ်ခုနဲ့ လောကဓံကြောင့်ပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အပေါင်းအသင်း မရှိပေမယ့် တစ်ယောက်တည်း နေတတ်တဲ့ အကျင့်ဖြစ်အောင် ကြိုးစားပြီး ဘယ်သူတွေ ဘယ်လိုပဲ စွပ်စွဲပါစေ ကိုယ့်ကိုယ်ကို ပြန်ပြီး မစွပ်စွဲမိအောင် ကိုယ့်သီလကိုယ်လုံအောင် ထိန်းပြီး နေနိုင်တာဟာ အကောင်းဆုံးပါပဲ။ စွပ်စွဲမှုတွေကို အကျင့်တရားနဲ့ သီခံမှုကို အခြေခံပြီး ကျော်လွှားနိုင်အောင် ကြိုးစားတာဟာ အကောင်းဆုံးပါပဲ။ တစ်ခါတစ်လေ စွပ်စွဲမှုတွေကို ကိုယ့်ရဲ့ အကျင့်သီလနဲ့ပဲ ရပ်တံ့သွားအောင် လုပ်နိုင်ပါတယ်။ စွပ်စွဲတဲ့အတွက် စွပ်စွဲသူတွေကို ပြန်တုံ့ပြန်မယ်ဆိုရင်တော့ သံသရာရှည်ရုံပဲ ရှိမှာဖြစ်ပါတယ်။ အဲဒါဆိုရင် သူစွပ်စွဲကိုယ်စွပ်စွဲနဲ့ စွပ်စွဲမှုတွေက ပြီးမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် အသိုင်းအ၀ိုင်းမရှိတဲ့အတွက် အစော်ကားခံရမှုတွေကိုလည်း ကိုယ့်ရဲ့သီးခံမှု၊ အကျင့်သီလ ကောင်းမွန်မှုတွေနဲ့ အတူ အားလုံးကို ဥပေက္ခာပြုကာ တစ်ယောက်တည်း နေတတ်တဲ့ အကျင့်လေးနဲ့ပဲ ကျော်လွန်းနိုင်အောင် ကြိုးစားသင့်ပါတယ်လို့ အကြံပြုလိုက်ရပါတယ်။

Read more »

သေခြင်းရဲ့တံခါးခေါက်သံ…

အချိန်တွေက အကုန်မြန်လွန်း လှပါတယ်။ အချိန်ကုန်မြန်လွန်းတော့ ကိုယ့်ကိုယ်ကိုတောင် အိုလာတယ်ဆိုတာ သတိမထားမိဘူး ဖြစ်နေပါတယ်။ ရုပ်ကအိုလာပေမယ့် စိတ်ကမအိုပဲ ဖြစ်နေလေတော့ အိုလို့အိုမှန်းတောင် မသိလိုက်ဘူး ဖြစ်နေပါတယ်။ တရားပွဲတစ်ခုမှာ တစ်ရားပွဲအပြီး မေးခွန်းတွေ မေးတဲ့အခါ ယောဂီတစ်ယောက်က “အရှင်ဘုရား ကိုယ့်ကိုယ်ကို အိုလာတယ်လို့ ခံစားရတဲ့ အချိန်က ဘယ်လိုအချိန်မျိုး ဖြစ်ခဲ့ပါလဲ ဘုရား..”လို့ မေးလိုက်တော့ ရုတ်တရက် အဖြေခက်သွားခဲ့တဲ့ အဖြစ်နဲ့ ကြုံခဲဖူးပါတယ်။ သံဝေဂ ရမယ်ဆိုရင် ရလို့ရတဲ့ အသက်အရွယ်မှာ အိုတယ်ဆိုတဲ့ စိတ်ခံစားချက်တောင် မဖြစ်ခဲ့ဘူးဆိုတော့ တရားရဖို့ အတော့်ကို ဝေးနေပါသေးလားလို့ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ပြန်တွေးနေမိပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ သတ္တ၀ါ တစ်ယောက်ဟာ မွေး၊ အို၊ နာ၊ သေဆိုတဲ့ ဖြစ်စဉ်သဘောအရ အစဉ်အတိုင်း သွားမယ်ဆိုရင် အိုလာရင် နာလာမှာဖြစ်ပြီး နာလာရင်တော့ သေတော့မှာ ဖြစ်ပါတယ်။ နာလာတာတွေစလာပြီ ဆိုရင်တော့ သေခြင်းရဲ့တံခါး စခေါက်လာပြီဆိုတာ သတိပြုရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး (၁၉-၅-၂၀၁၀)နေ့က သွေးလှူဖို့ လပြည့်တဲ့အတွက် သွေးလှူဘဏ်ကို သွားတဲ့အခါ သွေးလှူဘဏ်က သူနာပြုဆရာမက သွေးလှူမှတ်တမ်းကြည့်ပြီး သွေးလှူလို့ မရဘူးလို့ ပြောလိုက်တော့ အံ့သြသွားမိပါတယ်။ ဘာဖြစ်လို့လဲ ပုံမှန်လှူနေကျပဲလို့ မေးလိုက်တော့ သူနာပြုဆရာမက “ပြီးခဲ့တဲ့ အခေါက်လှူထားတဲ့ သွေးပုလင်းကို စစ်ဆေးကြည့်တော့ ရောဂါဖြစ်ဖွယ် လက္ခဏာတွေ့တဲ့အပြင် ခန္ဓာကိုယ်မှာလည်း အဆီဓာတ်တွေများနေတယ်၊ အခုတစ်ခေါက် သွေးထပ်စစ်ကြည့်ဖို့ လိုတယ်၊ သွေးအဖြေကို သိပြီးမှပဲ လာလှူပါ…” ဆိုပြီး သွေးစစ်ဖို့လောက်ပဲ သွေးဖောက်ယူထားလိုက်လို့ သွေးမလှူရဘဲ ပြန်လာခဲ့ရပါတယ်။ အရင်တုန်းကတော့ ဘယ်သူမေးမေး အိုလာတယ်ဆိုတဲ့ ခံစားချက် မရှိခဲ့တာဟာ အခုလို ရောဂါလက္ခဏာတွေ့ပြီး နာလာတယ်ဆိုလိုက်တော့မှ “ဟာ… နာပြီးရင် သေရတော့မှာပါလား…၊ သေခြင်းရဲ့ တံခါးက ငါ့ကို ခေါက်လာပါရောလား…” စတဲ့အတွေးတွေနဲ့ စိတ်အစဉ်မှာ သတိဝင်လာမိပါတယ်။ ပြီးတော့ အသက်ဉာဏ်စောင့် ဆိုတဲ့စကားအတိုင်း ကိုယ့်ကျန်းမာရေးအတွက် ကျန်းမာရေး လေ့ကျင့်ခန်းနဲ့ အစားအသောက်စားတာ ဆင်ခြင်ရတော့မယ်ဆိုတဲ့ အတွေးတွေပါ ၀င်လာပါတော့တယ်။

တကယ်တော့ သတ္တ၀ါတစ်ဦးရဲ့ ဖြစ်စဉ်သဘောအရသာ နာလာရင် သေဖို့စလာတာလို့ ပြောလိုက်ရပေမယ့် သေနိုင်တဲ့ သေခြင်းတံခါးဟာ မွေးလာပြီဆိုကတည်း အချိန်မရွေး ပွင့်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပုထုဇင်တွေရဲ့ သဘာဝက လက်တွေ့ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့မှု မရှိသေးရင် ဘယ်အရာကိုမှ လေးလေးနက်နက် သတိပြုမိတယ်၊ သံဝေဂရတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့်လည်း ကျင်လည်နေရတဲ့ ဘ၀ပေး အခြေအနေလေးမှာ တဒင်္ဂ သာယာမှုများနဲ့ အိုရမှာ၊ နာရမှာ၊ သေရမှာတွေကို မေ့နေကြတာ ဖြစ်ပါတယ်။ ဟန်ဆောင်လို့ မရတာတွေ အပေါ်မှာ ဟန်ဆောင်မှုတွေနဲ့အတူ မအိုတော့မယ့်သူတွေလို၊ မနာတော့မယ့်သူတွေလို၊ မသေတော့မယ့်သူတွေလို သတိလက်လွတ် နေနေကြတာ ဖြစ်ပါတယ်။

တစ်ချို့လူတွေဆိုရင် သိသိကြီးနဲ့ပဲ အသက်မေးတာ မကြိုက်ရတာနဲ့၊ အသက်မေးတာကိုပဲ ယဉ်ကျေးမှု နားမလည်ကြဖူး ဆိုကြတာနဲ့၊ အိုလာတယ်ပြောရင် မကြိုက်ကြတာနဲ့ စသဖြင့် အမှန်တရားကို ဟန်ဆောင်မှုများ၊ အကြောက်တရားများနဲ့ အမျိုးမျိုး ဖုံးကွယ်နိုင်အောင် ကြိုးစားတတ်ကြပါတယ်။ အထူးသဖြင့် ဥရောပသားများရဲ့ အမျိုးသမီး ယဉ်ကျေးမှုလို့ပဲ ပြောရမလားမသိပါဘူး။ အမျိုးသမီးတွေကို အသက်မမေးရဘူး၊ အသက်မေးရင် ရိုင်းတယ်လို့တောင် ဆိုကြပါသေးတယ်။ ဒါဟာ အိုခြင်းတရားကို သိသိကြီးနဲ့ ဖုံးကွယ်လိုတဲ့ ဟန်ဆောင်ဖုံးကွယ်မှု တစ်မျိုးပဲ ဖြစ်ပါတယ်။

အမှန်တော့ ဟန်ဆောင်ဖုံးကွယ်မှုဟာ ဘယ်လောက်ပဲ ပီပြင်အောင် ဖုံးကွယ်ထားပါစေ ဟန်ဆောင်မှု ဖြစ်နေတဲ့အတွက် တစ်နေ့တော့ ပေါ်လာကြတာပါပဲ။ အိုရမှာကြောက်လို့ အိုတယ်ဆိုတာကို ဖုံးကွယ်ထားကြပေမယ့် အချိန်တန်တော့လည်း အိုခြင်းရဲ့ လက္ခဏာတွေက ပြလာတာပါပဲ။ အရေးပြားတွေ တွန့်လာတာ၊ အရေးအကြောင်းတွေ ပေါ်လာတာ၊ သွားရလာရ ထရထိုင်ရတာတွေ မကောင်းဖြစ်လာတာ၊ ခါးကိုင်းလို့ နားထိုင်းဖြစ်လာတာ စတာတွေဟာ ရုပ်တရားရဲ့ ဖောက်ပြန်မှု သဘောအရ သိပံ္ပပညာရှင်များ ပြုပြင်လို့မရတဲ့ အိုခြင်းရဲ့ သဘာဝ တရားများဖြစ်ပါတယ်။ အသက်အရွယ်ရလာလို့ အိုလာပြီဆိုတဲ့အခါ အားနည်းလာတဲ့ ခန္ဓာကိုယ်မှာ အနာရောဂါဆိုတာတွေလည်း တစ်မျိုးပြီးတစ်မျိုး ၀င်လာကြပါတယ်။ အနာရောဂါတွေ ၀င်လာပြီဆိုရင်တော့ နောက်ဆုံးအဆုံးသတ်က သေခြင်းတရားပဲ ဖြစ်ပါတယ်။ မွေးလာကတည်းက ပွင့်လာတဲ့ သေခြင်းတံခါးဟာ ငယ်ရွယ်ချိန်မှာ မသိသာပေမယ် အိုလာပြီး နာလာတဲ့ အခါမှာတော့ ကိုယ့်ရှေ့မှာ ဖွင့်ရက်သား ဖြစ်နေတယ်ဆိုတာ သတိပြု ဆင်ခြင်သင့်ပါတယ်။

ဟုတ်ပါတယ်။ လူတွေဟာ ဒီလိုသေခြင်းရဲ့ တံခါး ခေါက်လာတာကို အသက်အရွယ် ငယ်နေသေးတာမို့ ပြီးတော့ အလုပ်များပြီး မအားလို့မို့ မသိလိုက်ကြဘူးဆိုရင်လည်း ရောဂါတစ်ခုခုကြောင့် နာတာ စလာပြီဆိုရင်တော့ သတိပြုကြဖို့ လိုအပ်လာပါပြီ။ သေခြင်းရဲ့တံခါးက ကိုယ့်အတွက် ပွင့်စပြုလာပြီဆိုတာ နှလုံးသွင်းဆင်ခြင်ကာ နာဖို့စလာပြီ ဆိုတာ သိလိုက်ချိန်ကစပြီး အနာရှိန် မပြင်းခင် သေဖို့အတွက် ပြင်ဆင်ကြဖို့ လိုအပ်ပါတယ်။ တကယ်သံဝေဂရလို့ သေဖို့အတွက် ပြင်ဆင်ချင်တယ်ဆိုရင် နာလာတဲ့အချိန်က စပြီး ပြင်ဆင်ကြမယ် ဆိုရင်လည်း နောက်မကျသေးပါဘူး။ အဆိုးထဲက အကောင်းအနေနဲ့ သေဖို့လက္ခဏာ တစ်ရပ်အနေနဲ့ အရင်နာပြလာတာကိုပဲ “ငါ့အတွက် သေဖို့အချက်ပေးနေပြီ၊ အချိန်ရှိတုန်းပြင်မှပဲ…”ဆိုတဲ့ အတွေးနဲ့ ရှာကြံပြီး ကျေးဇူးတောင် တင်ရပါဦးမယ်။ တစ်ချို့ဆိုရင် အနာလက္ခဏာတောင် မပြလိုက်ဘဲ သေသွားရတဲ့အဖြစ်တွေ အများကြီး ရှိပါတယ်။ သေရတော့မယ်ဆိုတာ သတိပေး မခံလိုက်ရဘဲ သေဖို့အတွက် ဘာမှမပြင်ဆင်လိုက်ရဘဲ သေသွားသူတွေဟာလည်း အများကြီးပါပဲ။ သူတို့နဲ့စာရင် နာတဲ့သဘောတွေနဲ့ သေခြင်းတံခါးကို ခေါက်ပြခံရတဲ့ ကိုယ့်အဖြစ်က သေဖို့ပြင်ဆင်မယ်ဆိုရင် အချိန်မီသေးတယ်လို့တောင် တွေးလို့ရပါတယ်။ သေခြင်းတံခါး ခေါက်လာတာကိုတောင် ကျေးဇူးတင်ရပါဦးမယ်။

မြန်မာပြည်မှာ ရှိတုန်းက အေအိုင်ဒီအက်စ် ကူးစက်ခံရတဲ့ လူငယ်လေးတစ်ယောက်ကို စိတ်ဓာတ်ခွန်အား တိုးပွားစေဖို့ အားဖြည့်စကား ပြောဖြစ်ခဲ့ရပါသေးတယ်။ ဒီဒကာလေးဟာ ၂၆နှစ်အရွယ် ငယ်ရွယ်နေတုန်းအချိန် သေရတော့မယ်ဆိုတဲ့ တိကျတဲ့ ခုလို တံခါးခေါက်သံ ရောက်လာတော့ တုန်လှုပ်ချောက်ချားမိမှာ သဘာဝပါပဲ။ ဘုန်းဘုန်းအနေနဲ့ ဓမ္မသဘာဝကို ယှဉ်ထိုးပြီး သူ့ရဲ့စိတ်ဓာတ်ခွန်းအားကို တွန်းပို့ပေးဖြစ်ခဲ့ပါတယ်။ ဘုန်းဘုန်းက သူ့ကို “ဒီလို ရောဂါလက္ခဏာတွေကြောင့် နာရတဲ့အပေါ်မှာ ပြီးတော့ နာခြင်းရဲ့နောက်မှာ သေခြင်းတရားရှိတယ် ဆိုတဲ့အပေါ်မှာ ထိတ်လန့်တဲ့ အတွေးတွေနဲ့ အရမ်းမကြောက်မိဖို့ လိုကြောင်း၊ တကယ်တော့ ရုပ်တရားကြီးကိုက အနားရောဂါစုကြီး တစ်ခုပဲ ဖြစ်ကြောင်း၊ ဒီလို ရောဂါမျိုးဆိုတာ စိတ်ဓာတ်မကျဘဲ သတိတရားနဲ့ ဆင်ခြင်ပြီး နေနိုင်ရင် သက်တမ်းစေ့ နေလို့ရကြောင်း၊ အဆိုးထဲက အကောင်းအနေနဲ့ ပြောရရင် သေရမယ့် လက္ခဏာမပြ၊ အနာရောဂါ မပေါ်ကြဘဲ ရုတ်တရက် သေသွားတဲ့ သူတွေနဲ့စာရင် ဒကာလေးအဖြစ်က သေတော့မယ်ဆိုတဲ့ အချက်ပြ သတိပေးမှုလေးတွေ ရှိလာတဲ့အတွက် သေဖို့အတွက် ပြင်ဆင်ချိန်ရလို့ ပိုလို့တောင် ကောင်းသေးကြောင်း၊ ဒါကြောင့် ခုချိန်ကစပြီး သေခြင်းရဲ့ တံခါးစခေါက်လာတာကို သတိပြုဆင်ခြင်ကာ သေတဲ့အချိန်အထိ ကိုယ်ကျင့်တရားနဲ့ ၀ိပဿနာအလုပ်ကို ကြိုးစားအားထုတ်ပြီး သေဖို့အတွက် ပြင်ဆင်ဖို့လိုကြောင်း” စသဖြင့် ခွန်အားဖြည့်တရားစကား ဟောပြောပေးဖြစ်ခဲ့ပါတယ်။

အမှန်တော့ ဘုန်းဘုန်းအပါအ၀င် လူအတော်များများကို သေခြင်းရဲ့ တံခါးက မကြာမကြာ ခေါက်ပြနေတတ်ပါတယ်။ သေခြင်းတရားက ငယ်တဲ့သူတွေကိုလည်း ငယ်တဲ့အလျောက်၊ အလယ်အလတ် သူတွေကိုလည်း အလယ်အလတ် အလျောက်၊ ကြီးတဲ့သူတွေကိုလည်း ကြီးတဲ့အလျောက် အနာရောဂါ တစ်ခုခုနဲ့ သတိပေး နေတတ်ပါတယ်။ အနာလေးနဲ့ အနာကြီးပဲ ကွာခြားမှာ ဖြစ်ပါတယ်။ လူ့သဘောအရ ချက်ချင်းသေနိုင်လောက်တဲ့ အနာရောဂါ မဖြစ်သေးရင် ကျန်တဲ့အနာလောက်ကို သတိမမူမိကြလို့သာ သေခြင်းရဲ့ တံခါးခေါက်တာကို မသိကြခြင်း ဖြစ်ပါတယ်။ တကယ်တော့ အနာလေးတွေနဲ့ စပြီး သတိပေးနေတဲ့ အချိန်ကစပြီး သေဖို့အတွက် ပြင်ဆင်ကြဖို့ လိုပါတယ်။ အဲလိုမှ မဟုတ်ဘဲ ချက်ချင်း သေရလောက်တဲ့ အနာကြီးဖြစ်မှ သေဖို့အတွက် ပြင်ဆင်ကြမယ်ဆိုရင်တော့ အနာပြင်းလွန်းလို့ သေဖို့အတွက် မပြင်ဆင်နိုင်ဘဲ ဖြစ်တတ်ပါတယ်။ တစ်ချို့ဆိုရင် ရောဂါသိပ်ပြင်းပြီး သေလုမျောပါးဖြစ်မှ တရားနာခိုင်းတာတို့၊ တရားမှတ်ခိုင်းတာတို့ လုပ်တတ်ကြပေမယ့် အစထဲက လေ့ကျင့်မှု မရှိတဲ့အခါဆိုတော့ အဲဒီအချိန်မှာ လုပ်မရတော့တဲ့ အဖြစ်နဲ့ ကြုံရတတ်ပါတယ်။ သေခြင်းတရားက သတိပေးနေတာ ကြာပေမယ့် လွန်မှလုပ်တော့လည်း နောက်ကျသွားတဲ့ သဘောပါပဲ။ ဒါကြောင့် အနာမကြီးပေမယ့် အနာစပြီဆိုတာနဲ့ သေဖို့အတွက် ပြင်ဆင်နိုင်မယ်ဆိုရင်လည်း နောက်မကျသေးဘူးဆိုတာ သတိပြုကြဖို့ လိုပါတယ်။ အကောင်းဆုံးက အနာစသည်ဖြစ်စေ၊ မစသည်ဖြစ်စေ သေခြင်းတံခါး ခေါက်သည်ဖြစ်စေ၊ မခေါက်သည်ဖြစ်စေ သေဖို့အတွက် ကြိုတင်ပြီး ပြင်ဆင်ထားနိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် မွေးလာပြီဆိုကတည်း ကပ်ပါလာတဲ့ သေခြင်းတရားဟာ ရောက်လာတော့မယ်ဆိုရင် အချက်ပြလာ၊ သေခြင်းရဲ့ တံခါးပွင့်လာ တတ်တဲ့အတွက် အနာရောဂါ တစ်ခုခုပြလာလို့ သေခြင်းတံခါး ဖွင့်လာပြီဆိုရင်တော့ အချိန်မနှောင်းခင် သေခြင်းတရားကို ရင်ဆိုင်နိုင်အောင် ကုသိုလ်အလုပ်များနဲ့ ကြိုတင်ပြင်ဆိုထားကြဖို့နဲ့ အနာရောဂါ မပြပေမယ့်လည့် သေခြင်းတရားဆိုတာ အချိန်မရွေ၊ အရွယ်မရွေး၊ နေရာမရွေး လာနိုင်တာဖြစ်တဲ့အတွက် ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကုသိုလ်တရားကို ရအောင်ရှာရင်း ကုသိုလ်အလုပ်များနဲ့ သေခြင်းတံခါး အဖွင့်ကို ၀င်နိုင်အောင် ကြိုးစားကြဖို့ အထူးလိုအပ်လှပါကြောင်း “သေခြင်းရဲ့ တံခါးခေါက်သံ..”ဆိုတဲ့ သတိပေးစကားဖြင့် တိုက်တွန်းလိုက်ရခြင်း ဖြစ်ပါတယ်။

Read more »

အမှားပုံကို ဉာဏ်နှင့်ရှု၊ အမှန်ပုံကို လိုက်၍တု...

“အမှားပုံကို ဉာဏ်နှင့်ရှု၊ အမှန်ပုံကို လိုက်၍တု”
ဒီခေါင်းစဉ်လေးဟာ သာသနာ့တက္ကသိုလ် ကျောင်းသားဘ၀မှာ ပိဋကတ်ဆိုင်ရာ မြန်မာစာဌာနရဲ့ ဆရာကြီးတစ်ဦး ရေးခိုင်းတဲ့ စာစီစာကုံး ခေါင်းစဉ်တစ်ခု ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ဆရာခိုင်းလို့သာ ရေးလိုက်ရပေမယ့် ဒီခေါင်းစဉ်ရဲ့ အဓိပ္ပါယ်လေးနက်မှုကို သိပ်ပြီးသဘော မပေါက်မိခဲ့ပါဘူး။ တဖြည်းဖြည်း အရွယ်လေးလည်းရလာ၊ ဖြတ်သန်းကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင် အတွေ့အကြုံလေးတွေကလည်း များလာတဲ့အခါမှာတော့ ဒီခေါင်းစဉ်လေးရဲ့ သဘောကို ကောင်းကောင်း သိလာခဲ့ရပါတယ်။ မှားခဲ့တာတွေ များလာတဲ့အခါမှာတော့ အဲဒီအမှားများကို ပြန်လည်ဆင်ခြင်ရင်း အမှန်လေးတွေ ရောက်လာတာကို ကိုယ်တွေ့သိမြင်လာခဲ့ ရပါတယ်။ ဒါပေမယ့် အမှားကို အမှားလို့ သိဖို့ဆိုတာက ထောက်ပြပြုပြင် ပေးမယ့်သူ ရှိမှပဲ သိနိုင်မှာ ဖြစ်ပါတယ်။ ဆရာသမားကောင်းတွေ ရှိမှလည်း အမှားအမှန် ခွဲခြားနိုင်ပြီး ပြုပြင်လာနိုင်မှာ ဖြစ်ပါတယ်။

မှန်ပါတယ်။ အမှားဆိုတာကတော့ ပုထုဇင်ပုဂ္ဂိုလ်ဖြစ်နေသမျှ မှားနေကြဦးမှာပဲ ဖြစ်ပါတယ်။ သတိမခိုင် ဉာဏ်မပိုင်သေးတဲ့ အတွက်လည်း အမှားတွေကို တစ်ခုခုပြီး တစ်ခုလုပ်နေမိကြခြင်း ဖြစ်ပါတယ်။ အမှားလေးတွေ လုပ်မိတတ်ကြသလို အမှားကြီးတွေလည်း လုပ်မိတတ်ကြပါတယ်။ အပြုအမူမှားတွေ ရှိကြသလို အပြောမှား အကြံမှားလေးတွေလည်း ရှိတတ်ကြပါတယ်။ မှားတတ်တဲ့သတ္တ၀ါတွေ ဖြစ်တဲ့အတွက် မှားမိကြတာ မဆန်းပေမယ့် အဲဒီအမှားအပေါ် သတိပြုဆင်ခြင်ပြီး ပြုပြင်တတ်ရင်တော့ ဆန်းသွားပါပြီ။ အမှားကို သိပြီးအမှန်မြင်မိရင်တော့ ခေတ်စကားနဲ့ ပြောရရင် လန်းသွားပါပြီ။ တကယ်တော့ အမှားဆိုတာ လုပ်တဲ့သူကိုယ်တိုင် မြင်မိဖို့ခက်သလို တစ်ခြားသူက မြင်လို့ ထောက်ပြရင်လည်း ပြင်ဖို့ ခက်တတ်ပါတယ်။ သတ္တ၀ါ တစ်ဦးချင်းမှာ ရှိနေတဲ့ အတ္တ၊ မာနတွေကြောင့် တစ်ယောက်ယောက်က ကိုယ့်အမှားကို ပြောပြလာရင် အလွယ်တကူ ၀န်ခံပြီး ပြုပြင်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ပညာ၊ ရာထူး၊ ငွေစတဲ့ ဂုဏ်ပကာသန ရှိတဲ့သူတွေဆို ပိုဆိုးပါတယ်။ မှားမှန်းသိနေတာတောင်မှ ငါဆိုတဲ့ မာနကြောင့် အမှားကိုဝန်ခံပြီး အမှန်မပြင်မိကြဘဲ အမှားအတိုင်းသာ ဆက်သွားနေတတ်ကြပါတယ်။ ဒါကြောင့် အမှားကို အမှားလို့ သိပြီး အမှန်ပြင်နိုင်သူဟာ အာဂလူလို့ ဆိုခြင်းဖြစ်ပါတယ်။ အမှားပုံကို ဉာဏ်နှင်ရှုပြီး အမှန်ပုံကို လိုက်၍တုနိုင်သူဟာ တိုးတက်အောင်မြင်ဖို့အတွက် လမ်းစပွင့်သူလို့ ပြောခြင်းဖြစ်ပါတယ်။

ဘုန်းဘုန်းကိုယ်တိုင်လည်း မှားခဲ့ပါတယ်။ မှားနေဦးမှာပါပဲ။ ဒါပေမယ့် အမှားကို ထောက်ပြလာရင်တော့ ၀မ်းမြောက်မှုနဲ့အတူ ကြည်ဖြူစွာ ကြိုဆိုလက်ခံရင်း အမှန်ပြင်နိုင်အောင်တော့ ကြိုးစားတတ်ပါတယ်။ အမှားထောက်ပြပေးတာကိုလည်း အပြစ်မမြင်ဘဲ ကျေးဇူးတင်နိုင်အောင် လေ့ကျင့်ဖြစ်ပါတယ်။ ပုထုဇင်ဖြစ်နေတဲ့ အတွက်ကြောင့် မှားတတ်တယ်ဆိုတဲ့ သဘောကို သိနေပြီး ဒီလို မှားတတ်တာလေးတွေကို ပြုပြင်ပေးမယ့် သူများကို အမြဲကြိုဆိုမိနေခြင်း ဖြစ်ပါတယ်။ ကံကောင်းစွာပဲ အမှားကို ထောက်ပြပြုပြင်ပေးတဲ့ ဆရာသမားများကလည်း နေရာအတော်များများမှာ ရှိနေလေတော့ အမှားလေးကျူးလွန် မိတတ်ပေမယ့် အမှားကြီးအဖြစ် ရောက်မသွားခဲ့ပါဘူး။ ဒါကြောင့်လည်း မှားတတ်တဲ့ သတ္တ၀ါတွေအတွက် အမှားပြုပြင်ပေးမယ့် ဆရာသမားများ၊ သူတော်ကောင်းများ လိုအပ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သုံးရက်လောက်ကတောင်မှ ဘုန်းဘုန်းဆီကို အီးမေးလ်တစ်စောင် ရောက်လာပါသေးတယ်။ အင်္ဂလန်ကို ရောက်နေတဲ့ ဆရာသမား ဆရာဘုန်းကြီး တစ်ပါးထံက ပို့လိုက်တဲ့ စာလေးပါ။ မနာပဒါယီ အင်တာနက် စာမျက်နှာမှာ ဘုန်းဘုန်းရေးပြီး တင်လိုက်တဲ့ ပို့စ်တစ်ခုမှာပါတဲ့ အကြောင်းအရာ ဝေါဟာရ အသုံးအနှုန်း မှားနေတဲ့အကြောင်း ထောက်ပြပေးလာပါတယ်။ အရိုးခံပြောရရင် ရင်ထဲမှာ ဖော်မပြနိုင်အောင် ၀မ်းသာမိခဲ့ရပါတယ်။ အမှားလေးကို ပြုပြင်ပေးတဲ့ ဆရာသခင် ကျေးဇူးရှင်ကိုလည်း အကြိမ်ကြိမ် ကျေးဇူးတင်နေမိပါတယ်။ ကျေးဇူးတင်လွန်းလို့ ဆရာတော်ဆီ ပြန်ကြားလျှောက်ထားမိတဲ့ ပြန်စာမှာတောင်မှ ကျေးဇူးတင်စကားကို အကြိမ်ကြိမ် ရေးဖြစ်ခဲ့ပါတယ်။ ဟန်ဆောင်မှုမဟုတ်တဲ့ တကယ့်ကို ရိုးရှင်းတဲ့ ခံယူချက်နဲ့ ဆရာ့အပေါ် ကျေးဇူးတင်မိတာ ဖြစ်ပါတယ်။

တကယ်တော့ အင်တာနက် စာမျက်နှာပေါ်မှာ အသိပညာ ဗဟုသုတဖြစ်ဖွယ် စာတွေ ရေးပေးနေတဲ့ ဘုန်းဘုန်းတို့လို အွန်လိုင်းစာရေးသူများအတွက် ဒီလို မှားတာလေးတွေကို ထောက်ပြပြုပြင် ပေးနိုင်မယ့် ဆရာတွေအများကြီး လိုအပ်ပါတယ်။ ဥပဒေမရှိ၊ တည်းဖြတ်သူမရှိတဲ့ အင်တာနက် စာမျက်နှာတွေမှာ ကိုယ်ပိုင်အတွေးအခေါ် သက်သက်နဲ့ လွတ်လွတ်လပ်လပ် ရေးနေကြတဲ့ စာပေတွေမှာ ဘေးက အဲဒီလို ထောက်ပြပြုပြင် ပေးမယ့်သူတွေ မရှိဘူးဆိုရင် အမှားကို မသိနိုင်တဲ့အပြင် ကြာရင်အမှားကို အမှန်ထင်သွားတတ်ပါတယ်။ ပိုပြီး အန္တရာယ် ဖြစ်စေနိုင်တာက ကိုယ်ရေးတာတွေကို စာဖတ်သူတွေက အားလုံးအမှန်ထင်ပြီး ရေးတဲ့အတိုင်း ဖတ်မှတ်လေ့လာ ကျင့်ကြံသွားမိတဲ့အခါ ပိုဆိုးပါတယ်။ ဒီလိုအချိန်မျိုးမှာ ဒီအမှားတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မသွားခင်၊ အမှားလေးက အမှားကြီး ဖြစ်မသွားခင် အမှားကို ပြုပြင်ပေးတဲ့ သူတော်ကောင်းများရဲ့ အကူအညီတွေ အများကြီး လိုအပ်ပါတယ်။

ဘုန်းဘုန်းအတွက်ကတော့ ဒီလို ပြုပြင်ပေးတဲ့ သူဆို ဘယ်သူမဆို ၀မ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုနိုင်အောင် ကြိုးစားနေပါတယ်။ အားလုံးလည်း ဒီလိုပဲ ဖြစ်သင့်ပါတယ်။ အမှားမကင်းတတ်တဲ့ သူတွေဖြစ်လို့ အမှားလုပ်တတ်မိပေမယ့် အမှားကို ပြုပြင်တတ်ဖို့လည်း အားထုတ်သင့်ပါတယ်။ အမှားကို ပြုပြင်ပေးလာရင်လည်း ၀မ်းမြောက်စွာနဲ့ လက်ခံပြုပြင်နိုင်ဖို့လည်း လေ့ကျင့်သင့်ပါတယ်။ အမှားလုပ်မိလို့ သူတော်ကောင်းများက ပြောလာရင်လည်း စိတ်ဆိုးစိတ်တို မဖြစ်ကြဘဲ ကျေးဇူးတင် ၀မ်းမြောက်စွာ လက်ခံနိုင်အောင် ကြိုးစားသင့်ပါတယ်။ ပုထုဇင် သဘာဝ ကိုယ့်ကိုထောက်ပြလာရင် မကျေမနပ် ဖြစ်တတ်ကြပေမယ့် သေသေချာချာ တွေးကြည့်လိုက်ရင် ကိုယ့်အတွက် ပြောတယ်ဆိုတာ ကောင်းကောင်းသိနိုင်ပါတယ်။ ဒီလို စဉ်းစားပြီး အမှားကိုမြင်လို့ အမှန်ပြုပြင်လိုက်တယ်ဆိုရင် ကိုယ့်အတွက်ရော ကိုယ့်ကိုအကြောင်း ပြုနေသူတွေ အတွက်ပါ အကောင်းဆုံး အကျိုးဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမှားကို ထောက်ပြလာရင် အဲဒီအမှားကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်ပြီး နောင်မမှားရအောင်နဲ့ အမှန်ဖြစ်အောင် လိုက်ကျင့်နိုင်ဖို့အတွက် “အမှားပုံကို ဉာဏ်နှင့်ရှု၊ အမှန်ပုံကို လိုက်၍တု”လို့ ဆိုကြခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက အမှားမကင်းတဲ့ လောကကြီးမှာ မှားတတ်တဲ့ သူတွေဖြစ်နေပေမယ့် အမှားကို သိပြီး အလွယ်တကူ လက်ခံပြုပြင်နိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။ အမှား ထောက်ပြလာရင်လည်း မကျေမနပ် မဖြစ်ကြဘဲ ထောက်ပြလာတဲ့ အမှားကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး နောင်မမှားအောင် သတိဆောင်ဖို့လိုကြောင်း ပြောလိုရင်း ဖြစ်ပါတယ်။ အမှားကို ပြုပြင်ပေးလာ၊ ထောက်ပြပေးလာမယ်ဆိုရင် ငယ်တဲ့သူက ထောက်ပြတာပဲ ဖြစ်ဖြစ်၊ ကြီးတဲ့သူ့က ညွန်ပြတာပဲ ဖြစ်ဖြစ် ခံယူနိုင်အောင် ကြိုးစားသင့်ပါတယ်။ အငယ်က ပြောရကောင်းလားဆိုပြီး မကျေမနပ် မဖြစ်ဖို့လည်း လိုပါတယ်။ အမှားဆိုတာ ငယ်တဲ့သူလည်း လုပ်မိတတ်သလို ကြီးတဲ့သူလည်း လုပ်မိတတ်တဲ့အတွက် ကိုယ်ကကြီးနေပေမယ့် ကိုယ်ကမှားနေရင်တော့ ကျေကျေနပ်နပ် လက်ခံနိုင်အောင် ကြိုးစားသင့်ပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးလိုပေါ့။ အရှင်သာရိပုတ္တရာ မထေရ်ကြီးဟာ ပညာအရာ ဧတဒဂ်ရတဲ့ အဂ္ဂသာဝကြီး ဖြစ်ပေမယ့် သင်္ကန်းမညီလို့ ထောက်ပြလာတဲ့ ကိုရင်ငယ်လေးကိုလည်း တရိုတသေနဲ့ “တင်ပါ… ပြန်ပြင်ဝတ်ပါမယ်ဘုရား..”ဆိုကာ ပြင်ဝတ်သွားတယ်လို့ ဆိုပါတယ်။ ဒါဟာ ကြီးတာငယ်တာနဲ့ မဆိုင်ဘဲ အမှားထောက်ပြ ပေးတဲ့အပေါ်မှာ အလွယ်တကူ လက်ခံပြုပြင်တတ်တဲ့ သူတွေရဲ့ သဘောလက္ခာဏာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မှားတတ်တဲ့ လောကကြီးမှာ နေနေကြတဲ့သူတွေ အနေနဲ့ မှန်တာတွေလည်း ရှိပြီး မှားတတ်တာလည်း ရှိတတ်အတွက် မှားတတ်တဲ့ အမှားတွေကို သတိပြု ဆင်ခြင်ကာ အမှန်ပြင်နိုင်အောင် ကြိုးစားကြဖို့ လိုသလို အမှားထောက်ပြလာရင်လည်း အဲဒီအမှားကို အလွယ်တကူ လက်ခံပြုပြင်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ အမှားထောက်ပြလာခဲ့ရင် ငယ်တဲ့သူက ထောက်ပြတာပဲ ဖြစ်ဖြစ်၊ ကြီးသူက ညွန်ပြတာပဲ ဖြစ်ဖြစ် မကျေမနပ် မဖြစ်ကြဘဲ ကိုယ့်အကျိုးကို လိုလားလို့ ပြောတာပဲဆိုတဲ့ အတွေးနဲ့ ကျေးဇူးတင်စွာ လက်ခံနိုင်အောင် လေ့ကျင့်သင့်ပါတယ်။ အမှားဆိုတာ အများက ပြမှ မြင်နိုင်တာဖြစ်တဲ့အတွက် ပြလာတဲ့အမှားကို မြင်အောင်ကြည့်ပြီး အမှားပုံကို ဉာဏ်နှင့်ရှုကာ အမှန်ပုံကို လိုက်၍တုကြဖို့ စေတနာစကား ပါးလိုက်ရပါကြောင်း…။ အားလုံး… အမှားမြင်၍ အမှန်ပြင်နိုင်ကြပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ