စိတ်အားဖြည့် စကားစုလေးများ… (၅)

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ် ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

အသိအကျင့် ထပ်တူဖြစ်မှ
သညာသိနဲ့ ပညာသိ၊ တစ်နည်းအားဖြင့် စာအသိနဲ့ အကျင့်အသိ၊ သို့မဟုတ် လေ့လာသိနှင့် ကျင့်ကြံသိများဟာ နည်းမှန်လမ်းမှန်နဲ့ သိထားဖို့ လိုပါတယ်။ ပိဋကတ်စာပေနဲ့ လောကီပညာရပ်တွေကို ကောင်ကောင်းသိရှိနေရုံနဲ့ မလုံလောက်ဘဲ အဲဒီအသိနောက်ကို အကျင့်ပါလိုက်ဖို့် လိုအပ်ပါတယ်။ အကျင့်အားသန်လို့ အကျင့်ကို ကြိုးစားအားထုတ်တဲ့ အခါမှာ နည်းမှန်လမ်းမှန်နဲ့ အကျင့်မှန်ရန် လိုအပ်ပါတယ်။ တစ်ပိုင်းတစ်စ အကျင့်မျှလောက်နဲ့ မှန်တယ်လို့ ယူဆပြီး အဟုတ်မထင်ဖို့် သတိပြု ဆင်ခြင်ရပါမယ်။ အဲလိုမှ မဟုတ်ရင် စာသမားလည်း အကျင့်မပါက မာန်ထောင်မိတတ်သလို အကျင့်သမားလည်း စာအသိမရှိ၊ အကျင့်မမှန်ပါက အဆုံးမရောက်ဘဲ တလွဲမာန ၀င်တတ်ပါတယ်။ အဲဒီလို အသိရောအကျင်ပါ့ နဲနဲလေးလောက်နဲ့ ကိုယ့်ကိုယ်ကို အဟုတ်ထင်ကာ မာန၀င်မိပါက အမှန်မနီး အချည်းနှီးဖြင့် ဆင်းရဲအတိဖြစ်ကာ အပါယ်အထိပင် သက်ဆင်းနိုင်တတ်ပါတယ်။ ဒါကြောင့် ပိဋကတ်အစွယ် မထောင်ဘဲ အပါယ်ဘောင်မှ ရှောင်နိုင်ကြစေရန် အသိနဲ့အကျင့် ထပ်တူဆင့်ရန် ကြိုးစားသင့်ကြပါတယ်။

ကိုယ့်ကိုယ်ကိုစစ် ကံမပြစ်နှင့်…

လောကမှာ အဆိုးတွေကြုံတိုင်း ကိုယ်ကိုယ်ကို မစစ်ဘဲ ကံနိမ့်နေတယ်ဆိုကာ ဟိုမေးဒီမေး ဟိုလုပ်ဒီလုပ် လိုက်လုပ်တတ်တဲ့ သူတွေရှိပါတယ်။ ကိုယ်အားကိုယ်ကိုးဖို့ထက် သူများကို သွားအားကိုးမိတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို မယုံဘဲ သူများကို သွားယုံပြီး သူပြောတဲ့အတိုင်း လိုက်လုပ်နေတတ်ကြပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသားများဟာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ဆင်ခြင်သင့်ပါတယ်။ နေရာတကာ အယုံကြည် မလွယ်သင့်ပါဘူး။ ဘယ်သူမပြု မိမိမှုဆိုသလို သေချာတွေးကြည့်ရင် အဆင်ပြေမှု မပြေမှုဆိုတာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ အကျိုးရလာဘ်ပါပဲ။ အကောင်းအဆိုး ဆိုတာက လူတိုင်းကြုံတွေ့ရမယ့် လောကဓံပါ။ လောကမှာ ရှိနေရင်တော့ အကောင်းတွေနဲ့ ကြုံနေတတ်ရသလို အဆိုးတွေလည်း ရောက်နေမှာပါပဲ။ ဒီလောကဓံကို ဘာပဲလာလာ ခံနိုင်ရည်ရှိအောင် လုပ်ရမှာ ကိုယ်ကိုယ်တိုင်ပါ။ ကိုယ့်ရဲ့ လုပ်ရပ်တွေကို ကိုယ်ဆင်ခြင်ရမှာပါ။ အဲဒါကို ကိုယ့်ကိုယ်ကို အားမကိုးဘဲ သူများသွားအားကိုးတော့ “ကံနိမ့်နေတာ အိမ်မှာကိုးကွယ်ထားတဲ့ ကျောက်ဆင်းတုတော်က ခိုက်လို့ပါ၊ အဲဒီဆင်းတုကို သွားစွန့်လိုက်ပါ” ဆိုလို့ ခိုင်းတဲ့အတိုင်း လုပ်ရင်းက ကိုယ်ပါအပြစ်ဖြစ်ကာ ဘုရားမကြောက်၊ ကံမကြောက် ဖြစ်ကုန်တဲ့ သူတွေရှိပါတယ်။ နောက်ဆုံးတော့ အားကိုးအရှာလွဲပြီး ဗေဒင်ဆရာ၊ လောကဓာတ်ဆရာတွေကို အားကိုးမိလို့ အဲဒီဆရာများ ရိုက်တာခံရတဲ့အတွက် မလုပ်သင့်တဲ့ အကုသိုလ် အလုပ်ကို လုပ်ဖြစ်ကုန်တော့တာပါ။ အမှန်ဖြစ်သင့်တာက အဆိုးတွေ ကြုံနေ၊ အဆိုးတွေ များနေရင် အကောင်းကို များများလုပ်သင့်တာပါ။ အဆိုးတွေပြီးရင် အကောင်းတွေ လာလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ့ အဆိုးဒဏ်ကို ကြံ့ကြံ့ခံပြီး အကောင်းတွေပဲ ဖိလုပ်သင့်ပါတယ်။ အကောင်းတွေ လုပ်နေရင်း အဆိုးတွေ ကြုံခဲ့ရင်တောင် တအားဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင်ပါဘူး။ ဒီလိုမဟုတ်ဘဲ အဆိုးတွေကြုံလို့ သူများအားကိုးပြီး ခိုင်းတဲ့အတိုင်းလိုက်လုပ်မိရင် အဆိုးတွေဟာ ပိုပြီးဆိုးလာတတ်ပါတယ်။ အပါယ်လားစေနိုင်တဲ့ အဆိုးတွေအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်စိစစ်ပါ၊ ကံကိုချည်းပဲ အပြစ်ပုံမချပါနဲ့လို့ ဆိုခြင်းဖြစ်ပါတယ်။

အနှစ်ရှိသော ကြီးရင့်ခြင်း..
တကယ်တော့ အသက်အရွယ်ကြီးတိုင်း အနှစ်ရှိတာ မဟုတ်ပါဘူး။ အသက်ရှင်ခိုက်မှာ အနှစ်ရှိအောင် နေထိုင်သွားနိုင်ခြင်းကသာ အနှစ်ရှိခြင်းဖြစ်ပါတယ်။ အနှစ်သာရရှိရှိနဲ့ တစ်ရက်တစ်မနက် နေထိုင်သွားနိုင်ခြင်းကသာ အနှစ်မရှိဘဲ နှစ်ပေါင်းတစ်ရာကျော် နေသွားခြင်းထက် သာလွန်ပါတယ်။ စာလိုပြောရရင် ကိုယ်ကျင့်တရားမကောင်း၊ ကုသိုလ်ကောင်းမှုမရှိဘဲ နှစ်ပေါင်းအကြာကြီး အသက်ရှင် နေရခြင်းထက် ကိုယ်ကျင့်သိက္ခာအပြည့်နဲ့ တစ်နေ့တစ်ရက် တစ်မနက်လောက် အသက်ရှင် နေထိုင်သွားရခြင်းက ပိုအနှစ်သာရရှိပါတယ်။ ကုသိုလ်ကောင်းမှုများနဲ့ တစ်နေ့တစ်မနက် နေ့ထိုင်ခြင်းကသာ အကုသိုလ်တရားများနဲ့ နှစ်ပေါင်းတစ်ရာကျော်မက အသက်ရှင် နေထိုင်ရခြင်းထက် သာလွန်ကောင်းမြတ်ပါတယ်။ ဒါကြောင့် တစ်ရက်ပြီးတစ်ရက် ကြီးရင့်သွားနေကြတဲ့ သတ္တ၀ါတွေဟာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ကိုယ့်သန္တာန်မှာလည်း ကုသိုလ်အနှစ်သာရများ တိုးပွားနေအောင် ကြိုးစားနိုင်ကြရမှာ ဖြစ်ပါတယ်။ သေရမယ့်အချိန်ကို တဖြည်းဖြည်းကူးသွားနေတဲ့ ဘ၀ရဲ့ ကြီးရင့်ခြင်းဟာ ကုသိုလ်တရား၊ ကိုယ်ကျင့်တရားများနဲ့ အနှစ်ရှိတဲ့ ကြီးရင့်ခြင်းများဖြစ်ဖို့် လိုအပ်လှပါတယ်။ အဲဒီလိုဖြစ်အောင် အချိန်ရှိတုန်း ကြိုးစားကြဖို့လိုပါတယ်။

သူ့ကိုသတ်မှ တကယ်ပြတ်မှာ…
လောကမှာ တစ်ချို့လူတွေဟာ ဒုက္ခမျိုးစုံနဲ့ ကြုံတွေရတဲ့အခါ မခံမရပ်နိုင်ဖြစ်ပြီး နောက်ဆုံး ကိုယ့်ကိုယ်ကို အဆုံးစီရင်ကာ သတ်သေတဲ့အထိ ဘ၀ကို အရှုံးပေးတတ်ကြပါတယ်။ တကယ်တော့ ဒုက္ခတွေငြိမ်းဖို့ အတွက် ကိုယ့်ကိုယ်ကို သတ်သေလို့ မပြီးပါဘူး။ သူ့ကို သတ်နိုင်မှ ပြီးမှာ၊ ငြိမ်းမှာ၊ အဆုံးသတ်မှာပါ။ သူဆိုတာက တစ်ခြားမဟုတ်ပါဘူး။ ဒုက္ခတွေကို ဖြစ်စေတဲ့ တွယ်တာမှု သံယောဇဉ်လို့ခေါ်တဲ့ တဏှာပါ။ အမှန်ဒုက္ခငြိမ်းချင်ရင် ဒုက္ခဖြစ်ကြောင်း အကြောင်းတရားကို သတ်ရပါမယ်။ ဒီအကြောင်းတရားကို သတ်နိုင်မှ အကျိုးတရားဖြစ်တဲ့ ဒုက္ခက ငြိမ်းမှာပါ။ စာလိုပြောရင် သမုဒယသစ္စာလို့ခေါ်တဲ့ တွယ်တာမှု တဏှာကို ပယ်နိုင်မှ ဒုက္ခသစ္စာလို့ခေါ်တဲ့ ဆင်းရဲဒုက္ခအပေါင်းမှ ငြိမ်းအေးနိုင်မှာပါ။ ကြောင်းကျိုးဆက်စပ်မှု ပဋိစ္စသမုပ္ပါဒ်နည်း အရပြောရရင် မသိမှုအ၀ိဇ္ဇာ၊ တွယ်တာတပ်မက်မှု တဏှာတွေကြောင့် ဘ၀သံသရာ ကျင်လည်မှုတွေ တိုးပွားနေပြီး အဆုံးမရှိဖြစ်ကာ ဒီဒုက္ခသံသရာမှကင်းရာ နိဗ္ဗာန်နဲ့ ပိုပိုဝေးနေကြခြင်း ဖြစ်ပါတယ်။ တစ်ချို့က ဒီသဘောတရားကို တစ်လွဲနားလည်ပြီး ``ခန္ဓာရှိတဲ့အတွက် ဒီလိုဒုက္ခတွေ ကြုံနေရတာဖြစ်တယ်၊ ဒီခန္ဓာမရှိရင် ဒီဒုက္ခတွေလည်း ငြိမ်းမှာပဲ``ဆိုတဲ့ အတွေးနဲ့ ခန္ဓာမရှိအောင် ကိုယ့်ကိုယ်ကို သတ်သေတာတွေ လုပ်ကြပါတယ်။ ဒီနည်းဟာ အလွန်လွဲမှားတဲ့ နည်းပါ။ ဒီလို သတ်သေရုံနဲ့ ဒီဒုက္ခတွေက မငြိမ်းပါဘူး။ ဒီဘ၀အဆုံး သတ်သွားပေမယ့် နောက်ထပ်ဘ၀တစ်ခုက ထပ်ရနေဦးမှာပါ။ နောက်ထပ်ဘ၀ထပ်ရလို့ ခန္ဓာပြန်ရလာရင် ဒီဒုက္ခတွေကလည်း ထပ်ပြီးဖြစ်နေဦးမှာပါ။ အမှန်ဒုက္ခငြိမ်းချင်ရင် ဒီဒုက္ခတွေ ဖြစ်အောင် ခန္ဓာကိုယ်ကို ဖြစ်စေတတ်၊ ခန္ဓာအိမ်ကို ဖွဲ့တတ်တဲ့ တဏှာဆိုတဲ့ အကြောင်းတရားကိုသတ်မှ အမှန်ငြိမ်းမှာပါ။ ရရှိလာတဲ့ ခန္ဓာအစုဖြစ်တဲ့ ကိုယ့်ကိုယ်ကိုသတ်လို့ ဒုက္ခက မပြတ်ပါဘူး။ ဒီဒုက္ခကို ဖြစ်ပေါ်စေတဲ့ တဏှာဆိုတဲ့ သူ့ကိုသတ်မှ ဒုက္ခအမှန် ပြတ်မှာပါ။

နောင်တကင်းရာသို့…
လောကမှာ ရှိတဲ့ပုထုဇင်မှန်သမျှ နောင်တမရဖူးတဲ့သူ မရှိပါဘူး။ နဲနဲလေး၊ အခိုက်အတန့်လေးလောက် ဖြစ်ဖြစ် ရဖူးတဲ့သူတွေချည်းပါပဲ။ နောင်တ အားလုံးရဲ့ တရားခံဟာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်မိလိုက်ခြင်းနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်မိလိုက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ကိုယ်ကိုယ်တိုင်ရဲ့ အလုပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ နောင်တဖြစ်အောင် လုပ်တာလည်း ကိုယ်ပဲဖြစ်သလို နောင်တမဖြစ်အောင် လုပ်တာလည်း ကိုပဲဖြစ်ပါတယ်။ လုပ်သင့်တာကို မလုပ်မိတဲ့ နောင်တထက် ပိုဆိုးတာက မလုပ်သင့်မလုပ်ထိုက်တဲ့ အမှားကို ကျူးလွန်မိတဲ့အတွက် ဖြစ်ခဲ့ရတဲ့ နောင်တက ပိုဆိုးပါတယ်။ အမှားလုပ်မိတယ်ဆိုတာ အမှားအမှန်ကို မခွဲခြားနိုင်မိလို့ ဖြစ်ပါတယ်။ အမှားအမှန် မခွဲခြားနိုင်ခြင်းဟာ အငြိုးအတေး အာဃာတတွေနဲ့ စိတ်ဆိုးစိတ်တိုတတ်တဲ့ ဒေါသစိတ်တွေကြောင့် ဖြစ်ပါတယ်။ ဒေါသော အတ္ထံ နဇာနာတိလို့ ဆိုသလို ဒေါသဖြစ်ရင် အကြောင်းအကျိုး၊ အကောင်းအဆိုးကို မသိဘဲ၊ အမှားအမှန်ကို မခွဲခြားတတ် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီနောင်တဟာ လွန်ကျူးမိပြီးမှ ဖြစ်တတ်ကြတာဆိုတော့ ကိုယ့်လုပ်ရပ်အတွက် ပြန်တော့ပေးဆပ်ရပါတယ်။ တကယ်လို့များ ဒီနောင်တတွေရဲ့ အကြောင်းဖြစ်တဲ့ အမှားကျူးလွန်မှုကို မလုပ်ဖြစ်ခဲ့ရင်၊ အမှားမကျူးလွန်ခင် စိတ်ကို ထိန်းနိုင်ခဲ့မယ်ဆိုရင် ဒီလို နောင်တရတဲ့အထိ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် နောင်တမဖြစ်ချင်ရင် ဘာပဲဖြစ်ဖြစ် အမှားမကျူးလွန်မိခင် ကိုယ့်စိတ်ကို ထိန်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

တုံ့ပြန်မှုကို တုံ့ပြန်မပြုနဲ့…
လူအမျိုးမျိုးရှိတဲ့အတွက် တုံ့ပြန်မှု အမျိုးမျိုးလည်း ရှိမှာပါပဲ။ ကြိုက်တဲ့လူက ကောင်းတာတွေနဲ့ တုံ့ပြန်မှာဖြစ်ပြီး မကြိုက်တဲ့သူကတော့ အဆိုးနဲ့ တုံ့ပြန်မှာ ဖြစ်ပါတယ်။ ဒါဟာ လောကဓံ သဘောပါပဲ။ လောကဓံရှစ်ပါးလုံး ကြုံရတတ်ပေမယ့် အများဆုံး ကြုံရတာက ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ လောကဓံတွေပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း ချီးမွမ်းခြင်း ခံဖူးကြသလို ကဲ့ရဲ့ခြင်းလည်း ခံဖူးကြပါတယ်။ ခံနေရဦးမှာပါပဲ။ မတူညီတဲ့သူ၊ မတူညီတဲ့ စရိုက်၊ မတူညီတဲ့ အတွေးအခေါ် ရှိနေတဲ့ သူတွေနဲ့ တွေ့နေသမျှတော့ ဒီလိုကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေက ရှိနေကြမှာပဲ ဖြစ်ပါတယ်။ သဒ္ဓါတရား ဓာတ်ခံရှိတဲ့သူတွေဟာ ကောင်းတဲ့သဘောတွေနဲ့ တုံပြန်နေကြမှာဖြစ်ပြီး သဒ္ဓါတရား မရှိသူတွေကတော့ အဆိုးတွေနဲ့ တုံ့ပြန်ကြမှာ မလွဲပါဘူး။ ဒါဟာ ရှောင်လွဲမရတဲ့ လောကဓံပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဘယ်လိုတုံ့ပြန်မှုမျိုးပဲလာလာ ခံနိုင်ရည်ရှိအောင် ကြိုးစားလိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။ ဘယ်လိုတုံ့ပြန်မှုမျိုးလာလာ ကိုယ့်စိတ်ကို ကိုယ်မယိမ်းယိုင်အောင်၊ မတုန်မလှုပ် ခံနိုင်အောင် လေကျင့်နေထိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။

ပျက်ပေမယ့် မဖျက်မိစေနဲ့…
လောကမှာ ပျက်စီးခြင်းနဲ့ ဖျက်စီးခြင်းလို့ နှစ်မျိုးရှိပါတယ်။ ပျက်စီးခြင်းဟာ အလိုအလျောက် သဘ၀အတိုင်း ဖြစ်တတ်တဲ့ သဘောဖြစ်ပြီး ဖျက်စီးခြင်းကတော့ ကိုယ်ကိုယ်တိုင်နဲ့ တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့် ဖြစ်ပေါ်တတ်တဲ့ သဘောဖြစ်ပါတယ်။ ပယောဂပါလာရင် လုပ်ဆောင်ချက်ပါလာပြီး လုပ်ဆောင်ချက်ရှိလာရင် စေတနာလည်း ရှိလာနိုင်ပါတယ်။ စေတနာပါတဲ့ အလုပ်ဖြစ်ရင် ကံမြောက်လာနိုင်ပြီး ကံမြောက်လာရင် တန်ပြန်အကျိုးပေးမှုလည်း ရှိလာနိုင်ပါတယ်။ ပျက်စီးတတ်တဲ့ သဘောဖြစ်တဲ့အတွက် ပျက်စီးမှုမှာ ဘာမှု ထိခိုက်မှု မရှိနိုင်ပေမယ့် ဖျက်စီးမှုကြောင့် ပျက်စီးသွားတဲ့ သဘောဆိုရင်တော့ တန်ပြန်သက်ရောက်မှုကို ခံရမှာ ဖြစ်ပါတယ်။ စာပေမှာ ဗျသနခေါ် ပျက်စီးခြင်းတရား ငါးပါးရှိကြောင်း ဖော်ပြထားပါတယ်။ အဲဒီဗျသနတရားငါးပါးမှာ ဉာတိဗျသန (အမျိုးများပျက်စီးခြင်း)၊ ဘောဂဗျသန (စည်းစိမ်ဥစ္စာများ ပျက်စီးခြင်း)၊ ရောဂဗျသန (အနာရောဂါကြောင့် ပျက်စီးခြင်း) တွေကြောင့် သတ္တ၀ါတွေကို အပါယ်ငရဲအထိ ကျရောက်မှုကို မဖြစ်စေပေမယ့် သီလဗျသန (သီလပျက်စီးခြင်း)၊ ဒိဋ္ဌိဗျသန (အယူဝါဒ ပျက်စီးခြင်း) တွေကြောင့်ကတော့ အပါယ်ငရဲအထိ ကျရောက်စေနိုင်ပါတယ်။ ဒါကြောင့် ပျက်စီးချိန်တန်လို့ ပျက်စီးကြတဲ့ သဘောတရားတွေမှာ တုန်လှုပ်မှု မရှိကြစေဘဲ ဖျက်စီးမှ ပျက်စီးတတ်တဲ့ ပျက်စီးမှုတွေကိုတော့ အကြောက်တရားနဲ့ မပျက်အောင် ထိန်းကြဖို့ လိုပါတယ်။

အလိုကျချင်ရင် မလိုကြနဲ့…
လူတိုင်းလူတိုင်း တစ်ခုခုတော့ အလိုမကျ ဖြစ်တတ်ကြပါတယ်။ တကယ်တော့ အလိုမကျ ဖြစ်တယ်ဆိုတာ အလိုရှိနေကြလို့ပဲ ဖြစ်ပါတယ်။ အလိုရှိနေတဲ့အတွက် ကိုယ်လိုတဲ့အတိုင်း မဖြစ်တော့ အလိုလို အားမရဖြစ်ကာ မလိုချင်တာရပြီး အလိုမကျ ဖြစ်ကုန်တာပဲ ဖြစ်ပါတယ်။ လိုနေသမျှ အလိုမကျ ဖြစ်နေမှာ အမှန်ပါပဲ။ လိုချင်ဖြစ်ချင်တာတွေ များလေလေ အလိုမကျတာတွေ များလေလေပဲ ဖြစ်နေမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဖြစ်ချင်တိုင်း ဖြစ်လို့မရတဲ့ လောကမှာ ဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တာ ဖြစ်နေမယ်ဆိုရင် မမြဲခြင်းသဘော မရှိတော့ဘဲ မြဲခြင်းသဘောပဲ ရှိနေမှာ ဖြစ်ပေမယ့် လောကကြီးဟာ မြဲတာတစ်ခုမှ မရှိဘဲ မမြဲတာတွေပဲ ရှိနေလေတော့ အတ္တမဟုတ်၊ အနတ္တဆိုတာ အထင်အရှား ဖြစ်စေပါတယ်။ ဒါကို မသိတဲ့အတွက်ကြောင့် ဖြစ်ချင်မှုလိုချင်မှုတွေနဲ့ ဖြစ်ချင်လိုချင်နေကြလို့လည်း သတ္တ၀ါတွေဟာ လိုတာမရဘဲ အလိုမကျ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် “အလိုကျချင်ရင် မလိုကြနဲ့”လို့ ဆိုခြင်းဖြစ်ပါတယ်။

ကံကောင်းလိုသော်…
ကံကောင်းချင်တဲ့သူဟာ ကုသိုလ်များမျာလုပ်ဖို့ လိုပါတယ်။ ကုသိုလ်လုပ်ခြင်းဟာ အကောင်းလုပ်ခြင်း ဖြစ်တဲ့အတွက် အလုပ်ကောင်းခြင်းပဲ ဖြစ်ပါတယ်။ အလုပ်ကောင်းရင် အကျိုးပေးကောင်းမှာဖြစ်ပြီး အကျိုးပေးကောင်းခြင်းဟာ ကံကောင်းခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဘယ်သူကမှ လုပ်ပေးလို့ ဖြစ်လာခြင်း မဟုတ်၊ ကိုယ်ကိုယ်တိုင် လုပ်ခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကံကောင်းချင်ရင် ဘာဗေဒင် ယတြာမှ မလိုဘဲ ကုသိုလ်ကောင်းမှုပဲ များများဖိလုပ်ကြဖို့ လိုပါတယ်။

အတုယူတတ်ဖို့လို….
လောကကြီးမှာ နေ့စဉ်ကျင်လည် ဖြတ်သန်းနေရတဲ့ လှုပ်ရှားမှုတွေကပဲ ယူတတ်၊ မြင်တတ်တဲ့ သူတွေအတွက် ကောင်းတာတွေ၊ ကုသိုလ်ဖြစ်စရာတွေ အများကြီး ဖြစ်နေ၊ ရှိနေတယ်ဆိုတာ သတိပြုမိကြဖို့ပါ။ ဘယ်လိုနေရာ၊ ဘယ်လိုအချိန်၊ ဘယ်လိုလူမျိုးဆီကမဆို ကောင်းတဲ့၊ ကုသိုလ်ဖြစ်စေမယ့် အရာတွေဆို အတုလိုက်ပြီး ကျင့်သုံးယူတတ်ဖို့နဲ့ အပြစ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေမယ့် အရာတွေဆို ရှောင်ပယ်နိုင်အောင် ကြိုစားကြဖို့ပါ။ အမှန်တော့ ဘယ်သူ့ကိုပဲကြည့်ကြည့်၊ ဘယ်နေရာမှာပဲ နေနေ ကောင်းတဲ့ဘက်က ကြည့်တတ်မြင်တတ် ယူတတ်ရင် ကုသိုလ်ဖြစ်နေတာပါပဲ။ ကုသိုလ်ဖြစ်အောင် ကြည့်တတ်၊ ကုသိုလ်ဖြစ်အောင် ယူတတ်ရင် ကုသိုလ်ဖြစ်နေတာပါပဲ။ စာလိုတော့ ယောနိသောမနသိကာရလို့ ဆိုပါတယ်။ ယောနိသောမနသိကာရဆိုတာ နှလုံးသွင်းမှန်ကန်တာကို ဆိုပါတယ်။ တစ်နည်းအားဖြင့် အကုသိုလ်မဖြစ်အောင် နှလုံးသွင်းတတ်တာကို ဆိုပါတယ်။ အကုသိုလ်မဖြစ်အောင် နှလုံးသွင်းဖို့ဆိုတာ အကုသိုလ်မဖြစ်အောင် ကြည့်တတ်၊ မြင်တတ်မှ ဖြစ်တာပါ။ ဒီလိုကြည့်တတ်ဖို့အတွက် အကောင်းမြင်တတ်တဲ့ အကျင့်ရှိမှ ဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဘက်က ကြည့်တတ်မြင်တတ်ရင် အကုသိုလ်မဖြစ်ဘဲ အပြစ်အဖြစ် သက်သာပါတယ်။ ကောင်းတာကို ကြည့်တတ်တဲ့အတွက် ကောင်းတာလေးတွေမြင်ပြီး ကောင်းတာတွေ ယူလာတတ်ပါတယ်။ ဒါကိုပဲ အတုယူတာလို့ ဆိုနိုင်တာပေါ့။ ကောင်းတဲ့အတုလိုက်မှုပါပဲ။

Read more »

နောင်တကင်းရာသို့…

“အရှင်ဘုရားရေ အဲဒီတုန်းက အရှင်ဘုရား ပြောတဲ့အတိုင်း မလုပ်မိဘဲ သူပြောတဲ့အတိုင်း လိုက်လုပ်မိလို့ အခုတော့ တပည့်တော် ဒုက္ခလှလှကြီး တွေ့နေရတဲ့အပြင် ဆင်းရဲပေါင်းစုံနဲ့ နောင်တတွေပဲ ဖြစ်လို့နေပါတယ်ဘုရား…”ဆိုပြီး လွန်ခဲ့တဲ့ ၂နှစ်လောက်က အဖြစ်တွေ ပြန်ပြောကာ ဖြတ်သန်းခဲ့ရတဲ့ သူ့ဘ၀ အခြေအနေတွေကို ရင်ဖွင့်သွားခဲ့တဲ့ ဘုန်းကြီးလူထွက် လူပျံတော် သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းကို နားထောင်ရင်း အတွေးနယ်ချဲ့မိပါတယ်။ သူ့လုပ်ရပ်အတွက် နောင်တတွေဖြစ်နေတဲ့ သူ့ကိုကြည့်ပြီး သံဝေဂတွေ ဖြစ်မိပြန်ပါတယ်။ သူ့အခြေအနေကိုကြည့်ပြီး နောင်တဆိုတာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်လိုက်ရတဲ့အတွက် ရတဲ့နောင်တနဲ့ မလုပ်သင့်မလုပ်ထိုက်တာကို လုပ်လိုက်မိတဲ့အတွက် ရတဲ့နောင်တရယ်လို့ ရှိတတ်ကြောင်း ကောင်းကောင်းသဘော ပေါက်မိလိုက်ပါတယ်။ ဘယ်လိုကြောင့်ရတဲ့ နောင်တမျိုးပဲ ဖြစ်ဖြစ် သေချာတာကတော့ နောင်တရဲ့နောက်မှာ စိုရိမ်းပူဆွေး ငိုကြွေးမှုတွေနဲ့အတူ စိတ်အစဉ်ဟာ လေးလံထိုင်းမှိုင်း နေတတ်တယ်ဆိုတာပါပဲ။

တကယ်တော့ လောကမှာ ရှိတဲ့ပုထုဇင်မှန်သမျှ နောင်တမရဖူးတဲ့သူ မရှိပါဘူး။ နဲနဲလေး၊ အခိုက်အတန့်လေးလောက် ဖြစ်ဖြစ် ရဖူးတဲ့သူတွေချည်းပါပဲ။ တစ်ချို့ကျတော့ အခိုက်အတန့်ဖြစ်တဲ့ နောင်တ၊ တစ်ချို့ကတော့ တစ်သက်လုံး စွဲထင်နေတဲ့ နောင်တ၊ တစ်ချို့က အချိန်မီပြင်လို့ရတဲ့ နောင်တ၊ တစ်ချို့က ပြင်မရတော့ဘဲ နောက်ဆုံးအချိန်မှရတဲ့ နောင်တ စသဖြင့် အမည်အမျိုးမျိုးနဲ့ နောင်တ အမျိုးမျိုးတွေ ဖြစ်ဖူးရဖူးကြတဲ့ သူတွေ အများကြီး ရှိမှာပါ။ တစ်ချို့ကတော့ အပြောမှားမိလို့ နောင်တဖြစ်နေကြသလို တစ်ချို့ကျပြန်တော့လည်း ကိုယ်ထိလက်ရောက် လုပ်ဆောင်မိလို့ နောင်တရနေတာတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူမဆို အနည်းနဲ့အများ နောင်တရဖူးကြတာတွေ ရှိပေမယ့် ကိုယ်ရတဲ့ နောင်တဟာ ပြင်မရတဲ့အချိန်၊ ပြင်မရတဲ့ နောင်တမျိုး မဖြစ်ဖို့တော့လိုပါတယ်။ အမှားတစ်ခုခုကြောင့် နောင်တပြန်ရပြီး ပြင်မယ်လို့ ဆုံးဖြတ်တဲ့အချိန်မှာ နောက်မကျဖို့ အရေးကြီးပါတယ်။ ပြီးတော့ မှားလိုက်တဲ့အမှားဟာလည်း နောင်တရတဲ့အချိန်မှာ ပြင်မရတဲ့ အမှားမျိုးအထိ မမှားမိအောင် ကြိုးစားကြဖို့ လိုပါတယ်။ မှားတတ်တဲ့ သတ္တ၀ါတွေဖြစ်လို့ မှားမိကြပေမယ့် ဘယ်လိုမှ ပြုပြင်လို့ မရတဲ့ အမှားမျိုး မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ အဲဒီလို ပြင်လို့ရပြီး ပြင်ချိန်ရတဲ့ အမှားမျိုးနဲ့ နောင်တမျိုးဆိုရင်တော့ ပျက်အစဉ် ပြင်ခဏဆိုသလို နောင်တရလို့ ပြင်လိုက်နိုင်ရင် အကောင်းပြန်ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

ပြင်မရတဲ့အမှားတွေနဲ့ ပြင်မရတဲ့ အချိန်မှ နောင်တရမိတဲ့အတွက် နောက်ကျသွားပြီး ဘုရားတောင် ကယ်လို့မရတဲ့ သူတွေအကြောင်း စဉ်းစားမိတော့ ဘုရားလက်ထက်က နာမည်ကြီး နောင်တရသူ နှစ်ယောက်အကြောင်း သွားပြီးသတိရမိ လိုက်ပါတယ်။ သူတို့ကတော့ အားလုံးသိပြီးသား ဖြစ်ကြတဲ့ အရှင်ဒေ၀ဒတ်နဲ့ အဇာတသက် ဘုရင်တို့ပါပဲ။ ရှင်ဒေ၀ဒတ်ဟာ သက်ရှိထင်ရှား ရှိစဉ်မှာ ဘုရားရှင်ကို အမျိုးမျိုး နှောက်ယှက်ဖျက်ဆီးခဲ့တဲ့အပြင် အရမ်းအပြစ်ကြီးတဲ့ ဘုရားကို သွေးစိမ်းတည်အောင်လုပ်မိ၊ သံဃာကို သင်းခွဲမိတဲ့အထိ အနန္တရိယကံကြီးတွေကို ကျူးလွန်မိခဲ့ပါတယ်။ သူကျူးလွန်ခဲ့တဲ့ အပြစ်တွေကို နောက်ဆုံးမှာ နောင်တတွေ၊ သတိသံဝေဂတွေရပြီး ဘုရားရှင်ကို ဖူးမျှော်ဖို့နဲ့ ၀န်ချတောင်းပန်ဖို့အသွားမှာ ကျူးလွန်ခဲ့တဲ့ အမှားအပြစ်တွေက အရမ်းကြီးလေတော့ လမ်းမှာပဲ မြေမြိုခံလိုက်ရပါတယ်။ အရှင်ဒေ၀ဒတ် ရခဲ့တဲ့ နောင်တဟာ ပြင်မရတဲ့ နောင်တနဲ့၊ ပြင်မရတဲ့အချိန်မှာ ရခဲ့တဲ့ နောင်တဖြစ်ခဲ့လေတော့ ဘုရားလည်းမကယ်နိုင်တဲ့ အမှားမျိုးဖြစ်ခဲ့ရပါတယ်။

အဇာတသတ်ဘုရင်ဆိုလည်း ဒီအတိုင်းပါပဲ။ ဖခင်ဘုရင်ကြီးကို သတ်မိခဲ့တဲ့ နောင်တဟာ သူကိုယ်တိုင် သူ့သားလေးမွေးတော့မှပဲ ဖခင်မေတ္တာကို အပြည့်အ၀ နားလည်ခဲ့ပြီး အဖေရှိရာသွားခဲ့ပေမယ့် အဖေက သူညှင်းစဲနှိပ်စက်ခဲ့တဲ့ ဒဏ်တွေနဲ့ သေသွားခဲ့ပါပြီ။ အဲဒီနောင်တတွေနဲ့အတူ နောင်ပိုင်းသတိသံဝေဂရလို့ ဘုရားသာသနာမှာ အကြီးအကျယ်ချီးမြှောက် ထောက်ပံ့၊ ဘုရားသာသနာကို နက်နက်နဲနဲ သက်ဝင်ယုံကြည်မှု ရှိခဲ့ပေမယ့် အဖေကိုသတ်ခဲ့တဲ့ ပိတုဃာတက ကံကြီးက ရှိခဲ့လေတော့ ဘုရားရှင်လည်း မကယ်နိုင်တဲ့ အထိဖြစ်ခဲ့ရပါတယ်။ အဇာတသက်ဘုရင်ဟာ အမှားအတွက် အချိန်မီ နောင်တရခဲ့ပေမယ့် ပြင်မရတဲ့ အမှားဖြစ်ခဲ့လို့ ပြင်မရတဲ့ နောင်တနဲ့အတူ ငရဲကျသွားခဲ့ရပါတယ်။ ဒါကြောင့် အမှားကျူးလွန်မိတတ်ပေမယ့် ကျူလွန်လိုက်တဲ့အမှားဟာ နောင်တရတဲ့အချိန်မှာ ပြင်မရတဲ့နောင်တမဖြစ်ဖို့၊ နောင်တရချိန်ဟာ နောက်ကျသွားချိန်မဖြစ်ဖို့ အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

သေချာတွေးကြည့်လိုက်ရင် ဒီနောင်တ အားလုံးရဲ့ တရားခံဟာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်မိလိုက်ခြင်းနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်မိလိုက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ကိုယ်ကိုယ်တိုင်ရဲ့ အလုပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ နောင်တဖြစ်အောင် လုပ်တာလည်း ကိုယ်ပဲဖြစ်သလို နောင်တမဖြစ်အောင် လုပ်တာလည်း ကိုပဲဖြစ်ပါတယ်။ လုပ်သင့်တာကို မလုပ်မိတဲ့ နောင်တထက် ပိုဆိုးတာက မလုပ်သင့်မလုပ်ထိုက်တဲ့ အမှားကို ကျူးလွန်မိတဲ့အတွက် ဖြစ်ခဲ့ရတဲ့ နောင်တက ပိုဆိုးပါတယ်။ အမှားလုပ်မိတယ်ဆိုတာ အမှားအမှန်ကို မခွဲခြားနိုင်မိလို့ ဖြစ်ပါတယ်။ အမှားအမှန် မခွဲခြားနိုင်ခြင်းဟာ အငြိုးအတေး အာဃာတတွေနဲ့ စိတ်ဆိုးစိတ်တိုတတ်တဲ့ ဒေါသစိတ်တွေကြောင့် ဖြစ်ပါတယ်။ ဒေါသော အတ္ထံ နဇာနာတိလို့ ဆိုသလို ဒေါသဖြစ်ရင် အကြောင်းအကျိုး၊ အကောင်းအဆိုးကို မသိဘဲ၊ အမှားအမှန်ကို မခွဲခြားတတ် ဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အငြိုးအတေး အာဃာတတွေနဲ့ မလိုမုန်းထားစိတ်တွေကြောင့် ငြင်းခုံခိုက်ရန်ဖြစ်ကာ ရန်ဖြစ်ကြရာမှ ရုံးရောက်ဂတ်ရောက်၊ အချုပ်ရောက်၊ ထောင်ရောက်တွေ ဖြစ်ကုန်တတ်ပါတယ်။ အဲဒီလိုအချိန်ကျတော့မှ သွေးအားသွားပြီး ငါလုပ်ခဲ့တာ မှားပါလားလို့ နောင်တရမိတတ်ပါတယ်။ ဒါပေမယ့် ဒီနောင်တဟာ လွန်ကျူးမိပြီးမှ ဖြစ်တတ်ကြတာဆိုတော့ ကိုယ့်လုပ်ရပ်အတွက် ပြန်တော့ပေးဆပ်ရပါတယ်။ တကယ်လို့များ ဒီနောင်တတွေရဲ့ အကြောင်းဖြစ်တဲ့ အမှားကျူးလွန်မှုကို မလုပ်ဖြစ်ခဲ့ရင်၊ အမှားမကျူးလွန်ခင် စိတ်ကို ထိန်းနိုင်ခဲ့မယ်ဆိုရင် ဒီလို နောင်တရတဲ့အထိ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် နောင်တမဖြစ်ချင်ရင် ဘာပဲဖြစ်ဖြစ် အမှားမကျူးလွန်မိခင် ကိုယ့်စိတ်ကို ထိန်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

အမှန်တော့ စိတ်ဆိုတာက လေကျင့်ပေးရင် ထိန်းလာနိုင်တတ်ပါတယ်။ စိတ်ဆိုးလွယ်တဲ့သူ၊ စိတ်တိုလွယ်တဲ့ သူတွေလည်း သတိလေးထားပြီး ကိုယ့်ရဲ့စိတ်လေးကို ထိန်းကြောင်းပေးကြည့်ရင် တဖြည်းဖြည်း ရလာတတ်ပါတယ်။ ဘုန်းဘုန်းရဲ့ ကျောင်းအကျိုးဆောင် ဒကာလေးတစ်ယောက်ဆိုရင် အရင်တုန်းက စိတ်တော်တော် မြန်တတ်ပါတယ်။ ရိုးဖြောင့်ပြီး မဟုတ်မခံ စိတ်ရှိတဲ့အတွက် ပြောဆိုတဲ့အခါလည်း ပွင့်ပွင့်လင်းလင်း ဒဲ့တိုးပြောတတ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း တစ်ခါတစ်လေ အများအထင် လွဲတာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူ့ကိုလည်း တစ်ခါတစ်လေ ဘုန်းဘုန်းက “သည်းခံတတ်တဲ့ အကျင့်လေးတွေ လုပ်ပေးဖို့၊ အများအတွက် အလုပ်လုပ်တဲ့သူဟာ သူများထက်ပိုပြီး စိတ်ရှည်ဖို့၊ အလုပ်မလုပ်တဲ့ သူတွေအတွက် ဘာသံမှ၊ ဘာတိုက်ခိုက်မှုမှ မရှိတတ်ပေမယ့် အလုပ်လုပ်လာပြီဆိုရင်တော့ ပြောတာဆိုတာ တိုက်ခိုက်တာတွေ ရှိတတ်တဲ့အတွက် ကိုယ့်စိတ်ကို ကျောင်းအပေါ်ထားတဲ့ စေတနာ၊ အများအတွက် လုပ်ပေးတဲ့ စေတနာတွေနဲ့ အကောင်းဆုံး သည်းခံနိုင်အောင် လေ့ကျင့်ကြည့်ဖို့..” ပြောပြဖြစ်ပါတယ်။ ဒကာလေးကလည်း အရင်လိုမဟုတ်တော့ဘဲ သူကိုယ်တိုင် “ငါ့ကို ဦးဇင်းကလည်း ဒီလိုပြောထားတယ်၊ ငါ့စိတ်ကို ငါထိန်းမှ ဖြစ်မယ်..”ဆိုတဲ့ အတွေးတွေနဲ့ စိတ်တိုတတ်တာ၊ သည်းမခံတတ်တာတွေကို သည်းခံလာနိုင်အောင်၊ စိတ်ရှည်အောင် လေ့ကျင့်ပါတယ်လို့ ဆိုပါတယ်။ စိတ်ဆိုးစိတ်တိုဖြစ်စရာ နေရာတွေ၊ အလုပ်တွေ၊ လူတွေကိုရှောင်ပြီး နေလိုက်တယ်လို့ ဆိုပါတယ်။ တကယ်လည်း သူအဲလိုဖြစ်အောင်နေတာကို ဘုန်းဘုန်း သတိထားမိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းအကျိုးဆောင် ဒကာလေးတစ်ယောက် အဲဒီလိုစိတ်ထားလေးတွေနဲ့ သူ့စိတ်ကို သူပြုပြင် လာတာတွေကတော့ သူ့အတွက်ရော အများအတွက်ပါ နောင်တကင်းရာ ဖြစ်နေမှာ အမှန်ပါပဲ။

ဆိုလိုတာက နောင်တဆိုတာ ပုထုဇင်တိုင်း ဖြစ်တတ်ပေမယ့် အဲဒီနောင်တကင်းအောင် နောင်တဖြစ်ရမယ့် အလုပ်တွေ မလုပ်ဖြစ်ခင် စိတ်ကို ကြိုးစားလေ့ကျင့်ပြီး ထိန်ကြောင်းပေးကြည့်ကြဖို့ ဆိုချင်တာပါ။ အကယ်၍ မထိန်းနိုင်လို့ ကျူးလွန်မိခဲ့မယ် ဆိုရင်လည်း ပြုပြင်လို့ မရတဲ့အချိန်၊ ပြုပြင်လို့ မရတဲ့ နောင်တမျိုးအထိ မဖြစ်အောင်တော့ ကိုယ့်စိတ်ကို သတိကပ်ကာ လေ့ကျင့်ကြည့်ဖို့ လိုပါတယ်။ နောင်တရတဲ့အချိန်ဟာ နောက်မကျတဲ့အချိန်ဖြစ်ဖို့ အရေးကြီးပါတယ်။ အမှားအတွက် နောင်တရတဲ့အခါမှာလည်း “မှားခဲ့မိလေခြင်း…”ဆိုပြီး အမှားအပေါ်မှာ နောင်တတရားတွေနဲ့ ပူဆွေးနေဖို့ မလိုပါဘူး။ မှားမှန်းသိတာနဲ့ အဲဒီအမှားကို သင်္ခန်းစာယူပြီး နောင်မမှားအောင် ကြိုးစားဖို့ပဲ လိုပါတယ်။ ပြုပြင်လို့ ရတဲ့အမှားမျိုးဆိုရင် နောင်တရလို့ ပြုပြင်နိုင်တဲ့အချိန်ဟာ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အဓိကကတော့ ဖြစ်သမျှ နောင်တများဟာ လုပ်သမျှ အမှားများကြောင့် ဖြစ်တဲ့အတွက် အမှားမလုပ်မိအောင်၊ အမှားလုပ်ချင်တဲ့ စိတ်ဖြစ်တဲ့အခါ အဲဒီစိတ်ကို စိတ်လေးနဲ့ မြင်အောင်ကြည့်ပြီး တစ်မိနစ် နှစ်မိနစ်စသဖြင့် အာရုံပြုပြီး နေကြည့်မယ်ဆိုရင် သွေးစူနေတဲ့စိတ်ဟာ တဖြည်းဖြည်း ငြိမ်လာတတ်ပါတယ်။ စိတ်ငြိမ်လာရင် အမှားလုပ်မိတော့မယ့် စိတ်ကိုလည်း မလုပ်မိအောင် ထိန်းလာနိုင်ပါလိမ့်မယ်။ အမှားမလုပ်မိရင် နောင်တဆိုတာလည်း မရှိနိုင်ပါဘူး။

ဒါကြောင့် အကြွင်းမဲ့ နောင်တကင်းဖို့ဆိုတာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်မှပဲ ဖြစ်နိုင်ပေမယ့် ပုထုဇင်များ အနေနဲ့လည်း နောင်တနည်းအောင်၊ ပြုပြင်မရတဲ့ နောင်တမျိုးမဖြစ်အောင်၊ နောင်တရချိန်ဟာ နောက်ကျတဲ့ အချိန်မဖြစ်ရလေအောင် လက်ရှိ ကိုယ့်ရဲ့ အပြောအဆို၊ အပြုအမူ အနေအထိုင်များကို သတိနဲ့ ထိန်းသိမ်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်ကို ဒေါသတရား၊ အငြိုးအတေးများနဲ့ မလွှမ်းမိုးမိစေဘဲ ဘာပဲဖြစ်ဖြစ် ဖြစ်နေတဲ့စိတ်ကို သိအောင်ကြိုးစားပြီး အမှားကင်းအောင်၊ အမှားနည်းအောင် လေ့ကျင့်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီလိုနည်းနဲပဲ နောင်တကင်းရာလမ်းမှန်ကို လျှောက်လမ်းကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။ အားလုံးအမှားကင်းပြီး နောင်တရှင်းကြပါစေ…

Read more »

ဒီမှာလည်းလိုအပ်နေ…

တစ်နေ့က ရန်ကုန်မှာရှိတဲ့ ရဟန်းဒကာမကြီးဆီ ဖုန်းဆက်တော့ ဒကာမကြီးက “အရှင်ဘုရား… ဒီနှစ်ဝါဆိုလည်း မြန်မာပြည်မှာ ပြန်ဝါဆိုဖြစ်မှာလားဘုရား…”လို့ လျှောက်ပါတယ်။ “သိပ်တော့မသေချာဘူး ဒကာမကြီး…၊ ဘာဖြစ်လို့လဲ..”လို့ မေးတော့ “အော် တစ်ခြားမဟုတ်ပါဘူးဘုရား… အရှင်ဘုရား ပြန်ကြွလာရင် တပည့်တော်မှာ ရှိတာလေးတွေ စုဆောင်းပြီး အရှင်ဘုရားနဲ့အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သွားပြီးတော့ ကင်ဆာဓာတ်ရောင်ခြည်စက်အတွက် အလှူခံနေတာကို သွားလှူမလို့ စဉ်းစားထားလို့ပါ၊ အရှင်ဘုရားလည်းလှူ၊ တပည့်တော်လည်း လှူပေါ့ဘုရား”လို့ ပြန်လျှောက်ပါတယ်။ “ကောင်းပါပြီ ဒကာမကြီး ပြန်ဝါဆိုဖြစ်တော့ သွားလှူကြတာပေါ့”လို့ ဘုန်းဘုန်းက ပြန်ပြောရင်း ကင်ဆာရောဂါဖြစ်ပြီး ဓာတ်ရောင်ခြည်နဲ့ ဓာတ်ကင်ထားဖူးတဲ့ ဒကာမကြီးကို တရားအားထုတ်ပြီးပဲ သေဖို့အတွက် ပြင်ဆင်နိုင်အောင်၊ ဝေဒနာကို သတိပဋ္ဌာန်နဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားနေဖို့ တိုက်တွန်းဖြစ်ခဲ့ပါတယ်။

ဒကာမကြီးနဲ့ ဖုန်းပြောပြီးတော့ ဘုန်းဘုန်းခေါင်းထဲမှာ ပြည့်သူ့ဆေးရုံကြီးနဲ့ ကင်ဆာဓာတ်ရောင်ခြည်စက် အကြောင်း အတွေးတွေပဲ ရောက်နေမိပါတယ်။ ဒီအတွက် မြန်မာပြည် ပြန်ကြွတဲ့အခါ တတ်နိုင်သလောက် လှူဖို့လည်း အာရုံပြုမိပါတယ်။ ပြီးတော့ စိတ်ဝင်စားသူများရှိရင်လည်း လှူနိုင်ဖို့ အသိပေးတဲ့သဘောနဲ့ ဒီအကြောင်းလေးကို စာရေးပြီး တင်ပြလိုက်ရင် ကောင်းမှာပဲဆိုတဲ့ အတွေးနဲ့ အခုဒီစာလေးကို ရေးတင်ဖြစ်တယ် ဆိုပါတော့။

အားလုံးသိတဲ့အတိုင်းပဲ။ ဘုန်းဘုန်းတို့ မြန်မာပြည်မှာက တစ်နိုင်ငံလုံး လိုအပ်နေတာတွေ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားပဲလို့ ဆိုရမှာပါ။ ဘယ်နေရာရောက်ရောက် လိုအပ်နေတဲ့ အသံတွေပဲ ကြားနေရပါတယ်။ အခုလည်း အများပြည်သူ အားထားရာဖြစ်တဲ့ ဒီဆေးရုံကြီးမှာ လိုအပ်နေပြန်ပါတယ်။ တစ်ခြားလိုအပ်ချက် အသေးအဖွဲလေးတွေက အများကြီးရှိပေမယ့် ဒီလိုအကြီးကြီးအတွက်ကတော့ တစ်ယောက်အားနဲ့ မရနိုင် အများဝိုင်းလှူမှ ဖြစ်နိုင်တဲ့အနေအထားပါ။ ဒီကင်ဆာ ဓာတ်ရောင်ခြည်စက် အကြောင်းကို ဘုန်းဘုန်းက ကိုယ်တွေ့ကြုံခဲ့တော့ ပိုသိပါတယ်။ ခုနပြောတဲ့ ဘုန်းဘုန်းဒကာမကြီးကိုယ်တိုင် အဲဒီမှာ အပတ်စဉ်သွားပြီး ဓာတ်ကင်နေရတာကို တွေ့နေမြင်နေရတဲ့အပြင် တစ်နှစ်ကပဲ အူမကြီးကင်ဆာ၊ အသည်းကင်ဆာတွေနဲ့ ပျံလွန်တော်မူသွားတဲ့ ဘုန်းဘုန်းဆရာသမားကိုလည်း ကိုယ်တိုင်လိုက်ပြီး နေ့စဉ်ဓာတ်ရောင်ခြည် ကင်ပေးခဲ့ရဖူးတော့ ပိုသိပါတယ်။

မြန်မာနိုင်ငံ တစ်ဝှန်းလုံးမှာ ဒီလိုကင်ဆာရောဂါ ဝေဒနာသည်တွေအတွက် ဓာတ်ရောင်ခြည်နဲ့ ကုတဲ့စက်က စုစုပေါင်းမှ သုံးလုံးပဲ ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်တစ်ခု၊ မန္တလေးတစ်ခုနဲ့ တောင်းကြီးမှာတစ်ခု ဒါပဲရှိပါတယ်။ တပ်မတော်ဆေးရုံတွေမှာတောင် မရှိလို့ အဲဒီဆေးရုံက ကင်ဆာဝေဒနာသည်တွေလည်း ဓာတ်ကင်မယ်ဆို ဒီဆေးရုံကြီးကိုပဲ လာကင်နေရတဲ့ အဖြစ်ပါ။ ရှိတဲ့စက်တွေကလည်း အရမ်းသက်တမ်း ကြာနေတဲ့အပြင် မန္တလေးက တစ်ခုက ပျက်နေပြီး၊ တောင်ကြီးက တစ်ခုကျပြန်တော့ အရမ်းဝေးနေပြန်ပါတယ်။ နောက်ဆုံးတော့ ရန်ကုန်ဆေးရုံကြီးကိုပဲ အားကိုးနေကြရပါတယ်။ ခုနောက်ပိုင်း မြန်မာပြည်မှာ ကင်ဆာဖြစ်သူတွေက ပိုပိုများများလာတော့ ဒီစက်ကြီးတစ်ခုတည်းကို စုပေါင်းအားကိုပြီး ဓာတ်ရောင်ခြည်ကင်ဖို့ တန်းစီနေကြရပါတယ်။ စက်ကဟောင်းလည်းဟောင်း လည်ပတ်နေရတာလည်း မရပ်မနားဆိုတော့ တဖြည်းဖြည်း အစွမ်းအာနိသင်တွေ လျှော့လာပါတယ်။ တစ်ခါကင်ရမှာကို နှစ်ခါ၊ သုံးခါပြန်ကင်နေရတဲ့အထိပါပဲ။ ဒီလို ကင်ဖို့ကိုလည်း လူနာတွေက အရမ်းမျာတော့ အလှည့်နဲ့ စောင့်ရပါတယ်။ ဒီကြားထဲ စက်ပျက်လို့ ပြင်နေတဲ့အတွက် အချိန်ကို ထပ်စောင့်နေရတာတွေလည်း ရှိပြန်ပါတယ်။ ကင်ဆာဖြစ်သူတွေ၊ ဓာတ်ကင်မယ့်သူတွေက များတော့ ဓာတ်ကင်မယ့်ရက်ကို ကင်ဆာဌာနက ထုတ်ပြန်ပေးတဲ့ အမည်စာရင်းအတိုင်း စောင့်ပြီးကင်ကြရပါတယ်။ လူနာတွေကများတော့ ကင်ဆာဝေဒနာရှင်တွေဟာ သူတို့နာမည်ပါမယ့်နေ့ကို သွားသွားပြီး စောင့်ကြည့်နေရာတာလည်း နေ့စဉ်လိုလိုပါပဲ။ တစ်ချို့ဆို နာမည်စာရင်း ပါလာတာကိုပဲ စာမေးပွဲအောင်စာရင်းမှာ ပါလာတဲ့ကျောင်းသားတွေလို ပျော်ပျော်ပါးပါးကြီး ဖြစ်သွားတာကို သတိထားမိပါတယ်။ ကင်ဆာရောဂါကြောင့် သောကဖြစ်နေပေမယ့် အရင်ဆုံး ဓာတ်ရောင်ခြည်ကင်ဖို့ စာရင်းစောင့်ရတာလည်း သောကတစ်မျိုး ဖြစ်နေကြတော့ ဒီစာရင်းပါလာတာကိုပဲ အဆိုးထဲက အကောင်းအနေနဲ့ မရှိရှိတာ ရှာကြံပြီး ၀မ်းသာပျော်ရွှင်နေကြရတဲ့ အဖြစ်ပါ။

အခုဆို လက်ရှိရှိနေတဲ့ အဲဒီစက်က အသစ်မလဲလို့ကို မဖြစ်တော့တဲ့အနေအထား ဖြစ်နေပါတယ်။ အစိုးရကလည်း စက်တန်ဘိုးက အရမ်းဈေးကြီးလို့လားမသိ မဖြည့်ပေးနိုင်ပါဘူး။ နောက်ဆုံးတော့ ပြည်သူတွေပဲ အားကိုပြီး အခုလို အလှူခံနေရတယ်လို့ ဆိုပါတယ်။ ဘုန်းဘုန်းဆရာတော်ကြီးကို ဓာတ်ရောင်ခြည် ကင်နေတဲ့အချိန်က အလှည့်ကျ ဆရာဝန်နဲ့တွေ့ပြီး ဒီစက်တွေအကြောင်း မေးဖြစ်တော့ စက်တန်ဘိုးက ဒေါ်လာသိန်းနဲ့ချီ ပေးရမယ်လို့ သိရပါတယ်။ ဒေါ်လာ သိန်းရာထောင်ပေးရမယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက လှူမယ့်အလှူရှင် ရှိတယ်ဆိုတာတောင်မှ သူတို့အောက်ခြေ၀န်ထမ်းတွေ အနေနဲ့ ကျော်လုပ်လို့ မရတဲ့အကြောင်းတောင် ပြောဖြစ်ပါသေးတယ်။ ခုတော့ မဖြစ်မနေလိုအပ်နေပြီဆိုတော့ ဆေးရုံအုပ်ကြီးကိုယ်တိုင် သူ့ရုံးခန်းမှာ အလှူခံဌာနဖွင့်ပြီး အလှူခံနေတယ်လို့ သိရပါတယ်။ တန်ဘိုးက အရမ်းကြီးနေတော့ ဒီစက်ဝယ်ဖို့ ဘယ်တော့ပြည့်မယ်ဆိုတာ အချိန်ကာလ သတ်မှတ်လို့ မရဘူးနဲ့တူပါတယ်။ ရှိတာလေးကို ဖြစ်သလိုလည်ပတ်ပေးပြီး ခုကတည်းက စက်အသစ်အတွက် အလှူငွေ စုစောင်းနေရတဲ့ သဘောပါ။ ဒါကြောင့် ဘုန်းဘုန်းဒကာမကြီးက “အရှင်ဘုရား ၀ါဆိုပြန်ကြွလာမှ အတူသွားလှူကြတာပေါ့ ဘုရား..”လို့ လျှောက်တာနေမှာပါ။

ဘုန်းဘုန်းအနေနဲ့ အားလုံးကို သိစေချင်တာက ဘုန်းဘုန်းတို့ မြန်မာပြည်မှာ လိုအပ်နေတာကတော့ တစ်နိုင်ငံလုံး လိုအပ်နေတာ ဖြစ်ပေမယ့် အဲဒီထဲက အဓိက လိုအပ်နေတဲ့ နေရာလေးတွေကို တတ်နိုင်တဲ့သူတွေက တတ်နိုင်သလောက် ၀ိုင်းဝန်းအားဖြည့်ပေးကြဖို့ပါ။ ပြည့်စုံပြီးသား နေရာတွေမှာ အားဖြည့်ပေးကြတာနဲ့စာရင် မပြည့်သေးတဲ့ နေရာတွေကို အားဖြည့်ပေးစေချင်တာပါ။ တစ်နေ့တာ စားပြီးကုန်သွားတာထက်စာရင် ရေရှည်အကျိုးရှိမယ့် အရာမျိုးကို ရွေးချယ်ထောက်ပံ့ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ အမှန်တော့ ဒီရန်ကုန်ပြည်သူ့ဆေးရုံကြီးဆိုတာ မြန်မာနိုင်ငံတစ်ဝန်းမှာ ရှိတဲ့ မရှိဆင်းရဲသား၊ တောသူတောင်သားတွေရဲ့ အားထားရာနေရာ၊ ကင်ဆာရောဂါ ဝေဒနာရှင်တွေအတွက် ဘုန်းကြီးကျောင်းမှာတည်းပြီး ဆေးရုံကြီးမှာ သွားဓာတ်ကင်ဖို့အတွက် အထူးအားကိုးရာနေရာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၈၀ရာခိုင်နှုန်းဟာ အောက်ခြေလူတန်းစားတွေ ဖြစ်နေတော့ အထူးကုဆေးခန်းဆိုတာ၊ ပြီးတော့ နိုင်ငံခြားထွက်ပြီး ကုသဖို့ဆိုတာ မဖြစ်နိုင်ကြတော့ မရှိရှိတဲ့နေရာလေးပဲ အားကိုးအားထား ပြုနေရတဲ့ အခြေအနေပါ။ ဒီလိုအခြေအနေမျိုးမှာ ဒီလိုစက်ပစ္စည်းတွေ မပြည့်စုံတဲ့အခါဆိုတော့ ဝေဒနာရှင်တွေအတွက် ရောဂါဖြစ်ရင် သေရမလိုကိုပဲ ဖြစ်နေတာပါ။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့ အပြစ်ဖို့နေမယ့်အစား ဖြစ်လာတဲ့ အနေအထားအရ အားလုံးတစ်နိုင်တစ်ပိုင် ၀ိုင်းဝန်းပံ့ပိုးပေးကြမယ်ဆိုရင်တော့ လိုအပ်နေတဲ့ နေရာလေးတွေဟာ ဘယ်သူမှ မဖြည့်တာထက်စာရင် အတိုင်းအတာတစ်ခုအထိ အထောက်အကူ ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။

ဒါကြောင့် လိုအပ်နေတဲ့ နေရာလေးတွေ အများကြီးထဲက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ကင်ဆာဌာန ဓာတ်ရောင်ခြည်ပေးစက် ၀ယ်ယူနိုင်ဖို့ကလည်း အခုအချိန်မှာ လိုအပ်နေတဲ့ နေရာဌာန တစ်ခုဖြစ်နေတယ်ဆိုတာ အသိပေးရင်း ဆေးရုံအုပ်ကြီး ရုံးခန်းမှာဖွင့်ထားတဲ့ ကင်ဆာဓာတ်ရောင်ခြည်စက် ၀ယ်ယူနိုင်ရေး အလှူငွေ လက်ခံရာဌာနမှာ သွားရောက်ကာ မိမိတို့ တစ်နိုင်တစ်ပိုင် လှူဒါန်းနိုင်ကြဖို့ အသိပေး တင်ပြရခြင်း ဖြစ်ပါတယ်။ ဘုန်းဘုန်းကိုယ်တိုင်လည်း မြန်မာပြည်မှာ ကြွရောက်ဝါဆိုဖြစ်တဲ့အခါ ဒကာမကြီးကို ကတိပေးထားတဲ့အတိုင်း အဲဒီမှာ သွားလှူဖြစ်မှာပါ။ မကြွဖြစ်လည်း အလှူငွေပို့ပြီး ဒကာမကြီးကတစ်ဆင့် လှူဒါန်းခိုင်းဖြစ်မှာပါ။ မိမိတို့ရဲ့ တစ်ကျပ်တစ်ပြားသည် အများစုပေါင်းလိုက်တဲ့အခါ တစ်သိန်းတစ်သန်းမက ဖြစ်လာနိုင်တဲ့အတွက် တစ်ကျပ်တစ်ပြား အမြတ်ထားလို့ အားဖြည့်အလှူ ကုသိုလ်ယူနိုင်ကြပါစေ… အားလုံး ဆေးအလှူကြောင့် အနာရောဂါ ကင်းနိုင်ကြပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ