တုံ့ပြန်မှု မတူကြသူများ…

လောကမှာ လူအမျိုးမျိုး၊ စရိုက်အမျိုးမျိုး၊ ပုံစံအမျိုးမျိုး ရှိကြသလို အမြင်အမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး၊ လက်ခံမှုအမျိုးမျိုး၊ တုံ့ပြန်မှုအမျိုးမျိုးလည်း ရှိတတ်ပါတယ်။ လူချင်းတူပေမယ့် အမြင်ချင်းမတူ၊ အတွေးအခေါ်ချင်းမတူ၊ တုံပြန်မှုချင်း မတူတတ်ပါဘူး။ တစ်ချို့က အကောင်းဘက်က မြင်တတ်သလို တစ်ချို့က အဆိုးဘက်က မြင်တတ်ပါတယ်။ တစ်ချို့က အကောင်းကိုရှာပြီး တုံ့ပြန်တတ်သလို တစ်ချို့က အဆိုးကိုရှာပြီး တုံ့ပြန်တတ်ပါတယ်။ တစ်ချို့က ကုသိုလ်ဖြစ်အောင် ယူတတ်သလို တစ်ချို့က အကုသိုလ်ဖြစ်အောင် ယူတတ်ပါတယ်။ ဒါဟာ သတ္တ၀ါတွေရဲ့ သဘော၊ လောကရဲ့ သဘောပါပဲ။ အမှန်တော့ ဒါတွေဟာ ချီးမွမ်းတတ်တဲ့သူနဲ့ ကဲ့ရဲ့တတ်တဲ့သူတွေရဲ့ သဘောလက္ခဏာတွေပါပဲ။ စာလိုပြောရင်တော့ သဒ္ဓါတရား ဓာတ်ခံရှိသူနဲ့ သဒ္ဓါတရား ဓာတ်ခံမရှိသူတွေရဲ့ ခြားနားချက်တွေပါပဲ။ သဒ္ဓါတရား အားကောင်းသူရဲ့ တုံ့ပြန်မှုဟာ ကုသိုလ်ဖြစ်စရာ ကောင်းတဲ့အချက်တွေနဲ့ တုံ့ပြန်တတ်ပြီး သဒ္ဓါတရား ခေါင်းပါးသူရဲ့ တုံ့ပြန်မှုကတော့ အကုသိုလ်ဖြစ်စရာ မကောင်းတဲ့အချက်တွေနဲ့ တုံ့ပြန်တတ်ပါတယ်။ အထူးသဖြင့် သဒ္ဓါတရား ရှိတဲ့သူဟာ ရတနာသုံးပါးနဲ့ ပတ်သက်မှုများမှာ ကုသိုလ်စိတ်များနဲ့ မြင်တတ်၊ကြည့်တတ်၊ တွေးခေါ်တတ်၊ ရယူတတ်၊ တုံ့ပြန်တတ်ပေမယ့် သဒ္ဓါတရားမရှိသူကတော့ ရတနာသုံးပါးအပေါ်လည်း အပြစ်မြင်တတ်၊ မကောင်းတွေးတတ်၊ မကောင်းယူတတ်၊ အဆိုးတုံ့ပြန်တတ်ပါတယ်။ ဒါဟာ မတူညီတဲ့သူတွေရဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေပဲ ဖြစ်ပါတယ်။

မှန်ပါတယ်။ လောကမှာရှိတဲ့လူတိုင်း အမြဲမကြာမကြာ ကြုံတတ်တဲ့ လောကဓံက ဒီကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ လောကဓံပါပဲ။ လောကဓံရှစ်ပါးလုံး ကြုံရတတ်ပေမယ့် အများဆုံး ကြုံရတာက ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ လောကဓံတွေပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း ချီးမွမ်းခြင်း ခံဖူးကြသလို ကဲ့ရဲ့ခြင်းလည်း ခံဖူးကြပါတယ်။ ခံနေရဦးမှာပါပဲ။ မတူညီတဲ့သူ၊ မတူညီတဲ့ စရိုက်၊ မတူညီတဲ့ အတွေးအခေါ် ရှိနေတဲ့ သူတွေနဲ့ တွေ့နေသမျှတော့ ဒီလိုကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေက ရှိနေကြမှာပဲ ဖြစ်ပါတယ်။ သဒ္ဓါတရား ဓာတ်ခံရှိတဲ့သူတွေဟာ ကောင်းတဲ့သဘောတွေနဲ့ တုံပြန်နေကြမှာဖြစ်ပြီး သဒ္ဓါတရား မရှိသူတွေကတော့ အဆိုးတွေနဲ့ တုံ့ပြန်ကြမှာ မလွဲပါဘူး။ ဒါဟာ ရှောင်လွဲမရတဲ့ လောကဓံပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဘယ်လိုတုံ့ပြန်မှုမျိုးပဲလာလာ ခံနိုင်ရည်ရှိအောင် ကြိုးစားလိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။ ဘယ်လိုတုံ့ပြန်မှုမျိုးလာလာ ကိုယ့်စိတ်ကို ကိုယ်မယိမ်းယိုင်အောင်၊ မတုန်မလှုပ် ခံနိုင်အောင် လေကျင့်နေထိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။

ဘုန်းဘုန်းကိုယ်တိုင်လည်း ဒီလိုမတူညီတဲ့ တုံ့ပြန်မှုတွေကို အများကြီး ကြုံဖူးပါတယ်။ ဘုန်းကြီးဆိုပြီး လူတိုင်းက ကြည်ညိုကြမယ်၊ လေးစားကြမယ်၊ ချီးမွမ်းကြမယ်လို့တော့ မထင်လိုက်ပါနဲ့။ ဘုန်းကြီးလည်း ကြည်ညိုတဲ့သူရှိသလို မကြည်ညိုတဲ့ သူတွေလည်း ရှိပါတယ်။ ဘုန်းကြီးကိုလည်း ချီးမွမ်းကြသူတွေရှိသလို အပြစ်ပြော ကဲ့ရဲ့ကြတဲ့ သူတွေရှိပါတယ်။ တိုက်ရိုက်မဟုတ်တာတောင်မှ ကွယ်ရာမှာ သွားပုတ်လေလွင့် ပြောခံရတာတွေရှိပါတယ်။ အမှန်တော့ ဒီလို ကဲရဲ့ချီးမွမ်းခံရတာတွေဟာ ဘုန်းဘုန်းတို့လို သာမန်ရဟန်းတော်များအတွက် မဆိုထားနဲ့ အလုံးစုံ ပြည့်စုံတ်ာမူတဲ့ အနန္တတန်ခိုးရှင် သဗ္ဗညု ဘုရားရှင်များအထိပါပဲ။ ဘုရားရှင်တွေလည်း ကဲ့ရဲ့ခံပါသေးတယ်။ အပုတ်ချခံရပါသေးတယ်။ လောကဓံကို ခံရပါသေးတယ်။ ဒါကြောင့် ဘုရားရှင်တွေတောင် မလွတ်တဲ့ ဒီလိုကဲ့ရဲ့မှု၊ ချီးမွမ်းမှုဆိုတဲ့ တုံ့ပြန်မှုတွေမှာ ရဲရဲရင်ဆိုင် ခံနိုင်ရည်ရှိအောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ သေချာတာကတော့ ဒါဟာ မတူညီတဲ့သူတွေရဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေပဲ ဖြစ်ပါတယ်။

မတူညီတဲ့ တုံ့ပြန်မှုတွေ ကြုံဖူးခဲ့တာများပေမယ့် ထူးထူးခြားခြား သတိထားမိတဲ့ ဒကာလေးနှစ်ယောက်ရဲ့ တုံ့ပြန်မှုလေးတွေကတော့ စိတ်အစဉ် ရင့်ကျက်မှုကို ပိုမိုဖြစ်စေခဲ့ပါတယ်။ မနှစ်က ဖြစ်မှာပါ။ ဒကာလေးတစ်ယောက် အလုပ်အဆင်မပြေ၊ ကျန်းမာရေး မကောင်းတဲ့အတွက် ကျောင်းမှာခဏ နေထိုင်တည်းခိုပြီး ဆေးခန်းပြချင်တယ်ဆိုလို့ အခန်းအပိုမရှိပေမယ့် အဆင်ပြေသလို နေနိုင်ရင်နေဖို့ အခွင့်ပေးခဲ့ပါတယ်။ ဒီဒကာလေးဟာ ပင်ကိုယ်သဒ္ဓါတရား ဓာတ်ခံကောင်းတယ်လို့ပဲ ဆိုရမလား ကျောင်းမှာနေရတာကို သူသဘောကျ ကျေနပ်နေပါတယ်။ ဘုန်းကြီးနဲ့အတူ နေပြီး ဘုန်းကြီးဝေယျာဝစ္စလုပ်လိုက်၊ ဘုရားရှိခိုးလိုက်၊ ကျောင်းသန့်ရှင်းရေးလုပ်လိုက်၊ ဘုန်းဘုန်းအားတဲ့ အချိန်မှာလည်း သူသိချင်တဲ့ မေးခွန်းတွေမေးလိုက်၊ မှတ်သားနာယူလိုက်နဲ့ သူ့ဘ၀ဟာ တော်တော်လေးကို ပြောင်းလဲနေပါတယ်။ သူကိုယ်တိုင်လည်း ဘုန်းဘုန်းနဲ့ အနေနီးတာနဲ့အမျှ ဘုန်းဘုန်းအပေါ် ကြည်ညိုမှုတွေ တိုးတိုးလာကြောင်း၊ ဘုန်းဘုန်းရဲ့ တစ်နေ့တာ နေထိုင်မှုတွေအပေါ် ကြာလေကြည်ညိုလေ ဖြစ်ရကြောင်း နှုတ်ကဖွင့်လျှောက်တဲ့ အထိဖြစ်သွားသလို အပြင်မှာလည်း ဘုန်းကြီးကျောင်းမှာ ရခဲ့တဲ့အသိတရား၊ ဘုန်းကြီးကျောင်းမှာ နေရတဲ့ ကျေးဇူး၊ အရိပ်ခိုကာ ကျွေးထားပေးတဲ့ ဘုန်းကြီးရဲ့ စေတနာတွေကို တစ်ခြားသူများ ၀မ်းသာပီတိပွား သဒ္ဓါတရားတိုးအောင် ပြောဖြစ်တယ်လို့ ဆိုပါတယ်။ ခုတော့ ဒီဒကာလေးဟာ မြန်မာပြည်ပြန်ရောက်သွားပြီး ဘုန်းကြီးဝတ်နေတယ်လို့ ကြားရပါတယ်။ ထားပါတော့ ဒါက သဒ္ဓါတရား အားကောင်းတဲ့ ဒကာလေးတစ်ယောက်ရဲ့ တုံ့ပြန်မှုလေးအကြောင်းပါ။

နောက်တစ်ယောက်ကတော့ မကြာသေးပါဘူး။ မြန်မာပြည်ပြန်ခါနီး နေစရာ အခက်အခဲ ဖြစ်နေတဲ့အတွက် ဘုန်းဘုန်းကျောင်းမှာပဲ နေခွင့်ပေးထားဖြစ်ပါတယ်။ နေခွင့်ပေးရုံတင်မဟုတ်ပါဘူး။ သူလိုအပ်တဲ့ လေယာဉ်လက်မှတ်ကိစ္စ၊ ပစ္စည်းပစ္စယကိစ္စ စတာတွေကအစ ဘုန်းဘုန်းတတ်နိုင်သမျှလေးတွေပါ အကူအညီ ပေးဖြစ်ပါတယ်။ ကျောင်းမှာ အခန်းအပို မရှိပေမယ့် အပြင်မှာ လွတ်လွတ်လပ်လပ် နေခွင့်ရအောင် အခွင့်ပေးထားပါတယ်။ ဘုန်းဘုန်းကိုယ်တိုင်လည်း အပြင်မှာဆိုရင် သူမလွတ်လပ်မှာစိုးလို့ အခန်းထဲမှာပဲ အနေများပါတယ်။ ဆွမ်းကိစ္စအတွက် သူအပန်းကြီးမှာစိုးလို့ တစ်ခြားဘာမှ မလုပ်စေဘဲ ကျောင်းမှာလာပို့တဲ့ ဆွမ်းချိုင့်တွေကိုပဲ အဆင်ပြေသလို နွှေးကပ်ဖို့ ပြောထားပါတယ်။ အခြေအနေအရ ဆွမ်းချိုင့်လာမပို့နိုင်တဲ့ ဒကာလေးတွေ ရှိတဲ့အတွက် ဆွမ်းဘုဉ်းပေးပြီး ကျန်တဲ့ဟင်းတစ်ချို့ကို နောက်နေ့အတွက် ချန်ထားပြီး သူလည်းစားနိုင်အောင် စီစဉ်ပေးပါတယ်။ သဒ္ဓါတရားအားနည်းတာကတော့ သူ့ရှေ့မှာထိုင်ပြီး ဘုရားရှိခို၊ တရားထိုင်ပြနေတာတောင် လက်အုပ်ချီပြီး သူပါလိုက်ရှိခိုးခြင်း မပြုတာပါပဲ။ ကျောင်းမှာဝတ်ရွတ်စဉ် စာအုပ်ရှိတဲ့အတွက် အားရင်ကုသိုလ်ဖြစ်အောင် ရွတ်ဆိုရှိခိုးဖို့ ပြောပေမယ့် မထူးခြားခဲ့ပါဘူး။ ဒါပေမယ့် ဘုန်းဘုန်းကတော့ အတင်းချုပ်ချယ်မှု မပြုခဲ့ပါဘူး။ သူ့သဘောအတိုင်း လွတ်လွတ်လပ်လပ်ပဲ နေစေပါတယ်။ အဲလိုသူ့အတွက် လွတ်လွပ်လပ်လပ်လေး ထားပေးတာတောင် နောက်အပြင်မှာ ပြန်ကြားတဲ့ သူ့ရဲ့တုံ့ပြန်မှုက ဘုန်းကြီးအပေါ် အပြစ်ပြောတဲ့ တုံ့ပြန်မှုလေးတွေ၊ ဘုန်းကြီးအပေါ် ကဲ့ရဲ့တဲ့ အပြောအဆိုလေးတွေ ပြောတယ်ဆိုတဲ့ တုံ့ပြန်မှုပါပဲ။ မြန်မာစကားနဲ့ ပြောရရင် အရိပ်နေနေ အခက်ချိုးချိုး ပုံစံလေးတွေနဲ့ တုံ့ပြန်မှုတွေပါပဲ။ အင်း… သူ့အပေါ် ဘာစိတ်မှ မဖြစ်ပေမယ့် သူ့ရဲ့အပြစ်တွေအတွက်တော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ရဟန်းတစ်ပါးအပေါ် ရေရေရာရာ တိတိကျကျ မသိ၊ အခြေအမြစ်မရှိဘဲ များများဝေဘန်လေလေ သူ့အတွက် အပြစ်ကြီးကြီးလေးလေးဆိုတာ သူမသိတာကိုတော့ ၀မ်းနည်းစရာပါပဲ။ ခုတော့ သူလည်း မြန်မာပြည် ပြန်သွားပါပြီ။ သေချာတာကတော့ သဒ္ဓါတရား ဓာတ်ခံအားနည်းတဲ့ ဒီဒကာလေးရဲ့ တုံ့ပြန်မှုကတော့ အပြစ်ဖြစ်စရာတွေ ဖြစ်ခဲ့တယ် ဆိုတာပါပဲ။

ထားပါတော့။ ဒီနေရာမှာ ဘုန်းဘုန်းပြောချင်တာက လူချင်းတူပေမယ့် ခံယူချက်ချင်းမတူ၊ သဒ္ဓါတရားချင်းမတူ၊ တုံ့ပြန်မှုချင်း မတူတတ်တာလေးတွေကို ပြောချင်တာပါ။ လောကမှာနေသမျှ ဒီလိုမတူညီတဲ့ တုံ့ပြန်မှုများနဲ့ ချီးမွမ်းခံရ၊ ကဲ့ရဲ့ခံနေရမယ်ဆိုတာ သတိပြုစေချင်တာပါ။ ဒီဒကာလေးနှစ်ယောက်ကို ကြည့်မယ်ဆိုရင် မတူညီတဲ့ ခံယူချက်၊ မတူညီတဲ့ သဒ္ဓါတရားကြောင့် ရရှိတဲ့အကျိုး ရလာဘ်လည်း ကွားခြားသွားတော့တာပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့အနေအထိုင်နဲ့ သဘောထားက တစ်သမှတ်တည်း အတူတူရှိနေပေမယ့် ခံယူတတ်တဲ့သူ၊ သဒ္ဓါတရားရှိတဲ့သူနဲ့ မခံယူတတ်တဲ့သူ၊ သဒ္ဓါတရားမရှိတဲ့သူတွေရဲ့ သူတို့သူတို့ အသီးသီးအမြင် အပေါ်လိုက်ပြီး ဒီလိုချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတွေ ဖြစ်စေတာပဲ ဖြစ်ပါတယ်။ နေထိုင်မှုက တစ်သမှတ်တည်း ဖြစ်ပေမယ့် အမြင်မတူမှုတွေကြောင့် တုံ့ပြန်မှုတွေက ဆန့်ကျင်ဘက် ဖြစ်ကုန်တော့တာပါ။ အရင်းစစ်တော့ ဒါဟာ သတ္တ၀ါတွေရဲ့ သဘောပဲ ဖြစ်ပါတယ်။ ကြိုက်ရင်အပြစ်မမြင်၊ ချစ်ရင်အပြစ်မမြင်တတ်ပေမယ့် မကြိုက်ရင်၊ မုန်းရင် ဘာပဲလုပ်လုပ် အကောင်းမမြင်တတ်တဲ့ သတ္တ၀ါတွေရဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီသဘောဟာ လောကမှာရှိတဲ့သူတွေ မဖြစ်မနေ ရှောင်လွဲမရ ကြုံတွေ့ရမယ့် လောကဓံပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းအနေနဲ့ သူတို့လေးတွေကို ကျေးဇူးတင်မိတာက ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း လောကဓံတွေနဲ့ စိတ်အစဉ် ရင့်ကျက်စေအောင်၊ လောကဓံကို ခံနိုင်ရည်ရှိအောင် ဖြစ်စေခဲ့တာတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလိုသဘောမျိုးဟာ ဘုန်းဘုန်းတို့တင် မဟုတ်ပါဘူး။ လောကမှာရှိတဲ့ လူတိုင်းတွေ့ကြုံရမယ့် သဘောတွေပဲ ဖြစ်ပါတယ်။ အဓိကကတော့ ဘယ်လို လောကဓံပဲလာလာ ကိုယ်ကိုယ်တိုင် ခံနိုင်ရည် ရှိအောင် ကြိုးစားကြဖို့ပါ။ ချီးမွမ်းခံရတဲ့ အခါလည်း အလွန်အကျူး မကျေနပ်ဖို့၊ ကဲ့ရဲ့ခံရတဲ့အခါလည်း အရမ်းမတုန်လှုပ်ဖို့ ကိုယ့်ရဲ့စိတ်ကို လေ့ကျင့်ဖို့လိုပါတယ်။ အထူးသဖြင့် ကဲ့ရဲ့မှုနဲ့ တုံ့ပြန်လာတဲ့အခါ “ဤကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်အလာပေတည်း၊ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်၊ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏၊ များစွာဟောပြောသူကိုလည်း ကဲ့ရဲ့ကုန်၏၊ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏၊ လောက၌ အကဲ့ရဲ့လွတ်သော သူမည်သည်မရှိ။ လုံးဝအကဲ့ရဲ့ ခံရသူ၊ လုံးဝအချီးမွမ်းခံရသူမည်သည် ရှေးကလည်းမရှိခဲ့ဘူး၊ နောင်လည်းရှိမည်မဟုတ်၊ ယခုလည်းမရှိ..”ဆိုတဲ့ ဘုရားစကားတော်အတိုင်း ကဲ့ရဲ့မှုကို လောကဓံတစ်ခုအဖြစ် မတုန်မလှုပ်တဲ့စိတ်နဲ့ ခံနိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် လူအမျိုးမျိုး၊ အကျင့်စရိုက် အမျိုးမျိုးရှိတဲ့ လူတွေကြားမှာ နေနေရတဲ့ လောကသားများအနေနဲ့ လူချင်းမတူရင် တုံ့ပြန်မှုချင်းလည်း မတူတတ်တာကို ကောင်းကောင်းသဘောပေါက် ဆင်ခြင်ပြီး ဘယ်လိုတုံ့ပြန်မှုမျိုးပဲလာလာ လူတိုင်းကြုံတွေ့ရမယ့် အခိုက်အတန့် လောကဓံများအဖြစ် မတူညီတဲ့ ဒီတုံ့ပြန်မှုများကို အသုံးချကာ ကိုယ့်ရဲ့ဘ၀တက်လမ်းအတွက် ခံနိုင်ရည်ရှိအောင် ကြိုးစားကြရင်း အတွေ့အကြုံကောင်းများ ရယူနိုင်ကြဖို့ ဘုန်းဘုန်းရဲ့ ကိုယ်တွေလေးကို အခြေခံကာ တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

ပျက်စီးခြင်းနှင့် ဖျက်စီးခြင်း…

ဗျသနဟူသော ပါဠိစကားလုံးကို ပျက်စီးခြင်းဟု မြန်မာပြန်ဆိုကြ၏။ ဤစကားလုံးသည် ဗုဒ္ဓဘာသာအများစုနှင့် ရင်နှီးကျွမ်းဝင်ပြီးသား စကားလုံးဖြစ်၏။ ဘာသာရေးပွဲများရှိတိုင်း၊ နေ့စဉ်အိမ်မှာ ဘုရားရှိခိုင်းတိုင်း ရွတ်ဆိုရှိခိုးနေသည့် သြကာသ ကန်တော့ချိုး၏ ဒုတိယပိုင်းတွင် ပါဝင်သည့် ဆုတောင်းများမှ တစ်ခုသာ ဖြစ်၏။ သြကာသ ကန်တော့တိုင်း ၀န်ချတောင်းပန်ပြီးနောက် ဆိုလေ့ရှိသည့် “ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းကြ ကုန်သည်ဖြစ်၍…” စသည်ဖြင့် ဆုတောင်းကြသည့် ဆုတောင်းများတွင် ပါဝင်သည့် စကားဖြစ်၍လည်း မသိသော်လည်း သိနေ၏၊ နားမလည်သော်လည်း ကြားနေကျဖြစ်၏ဟု ဆိုခြင်းဖြစ်ပါ၏။

ဗုဒ္ဓဘာသာ မြန်မာအများ ရွတ်ဆိုဆုတောင်းလေ့ ရှိကြသည့် ဤဗျသနတရား ငါးပါးကို နိဒါန၀ဂ္ဂသံယုတ်တွင် ဖော်ပြထား၏။ ယင်းဗျသန တရားငါးပါးမှာ
(၁) ဉာတိ ဗျသန = ဆွေးမျိုးပျက်စီးခြင်း
(၂) ဘောဂ ဗျသန= စည်းစိမ်ဥစ္စပျက်စီးခြင်း
(၃) ရောဂ ဗျသန = အနာရောဂါ နှိပ်စက်၍ ပျက်စီးခြင်း
(၄) သီလ ဗျသန = ကိုယ်ကျင့် သီလပျက်စီးခြင်း နှင့်
(၅) ဒိဋ္ဌိ ဗျသန = မှန်ကန်သော အယူဝါဒ ပျက်စီးခြင်း
ဟူ၍ ဖြစ်၏။ ဤငါးပါးတို့တွင် ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ အနာရောဂါ နှိပ်စက်သဖြင့် ပျက်စီးခြင်းများကြောင့် သတ္တ၀ါတို့အား အပါယ်လေးပါးသို့ လားရောက်စေမှု၊ ကျရောက်စေမှု မရှိနိုင်သော်လည်း ကိုယ်ကျင့်သီလပျက်စီးခြင်းနှင့် အယူဝါဒပျက်စီးခြင်း များကြောင့်ကား အပါယ်လေးပါးသို့ ကျရောက်စေနိုင်ပေ၏။ ဤနေရာတွင် အထူးနားလည် ထားသင့်သည်မှာ ပျက်စီခြင်းနှင့် ဖျက်စီးခြင်း မတူညီသည့် အချက်ပင်ဖြစ်၏။

မှန်၏။ ပျက်စီးခြင်းသည် အလိုအလျောက် သဘ၀အတိုင်း ဖြစ်တတ်သည့် သဘောဖြစ်ပြီး ဖျက်စီးခြင်းသည်ကား မိမိကိုယ်တိုင်နှင့် တစ်စုံတစ်ယောက်၏ ပယောဂကြောင့် ဖြစ်ပေါ်တတ်သည့် သဘောဖြစ်၏။ ပယောဂပါလာလျှင် လုပ်ဆောင်ချက်ပါလာပြီး လုပ်ဆောင်ချက်ရှိလာလျှင် စေတနာလည်း ရှိလာနိုင်၏။ စေတနာပါသည့် အလုပ်ဖြစ်လျှင် ကံမြောက်လာနိုင်ပြီး ကံမြောက်လာလျှင် တန်ပြန်အကျိုးပေးမှုလည်း ရှိလာနိုင်ပေ၏။ ပျက်စီးတတ်သည့် သဘောဖြစ်သဖြင့် ပျက်စီးခြင်းတွင် တစ်စုံတစ်ခု ထိခိုက်မှု မရှိနိုင်သော်လည်း ဖျက်စီးခြင်းကြောင့် ပျက်စီးသွားသည့် သဘောဆိုလျှင်ကား တန်ပြန်သက်ရောက်မှုကို ခံရမည်သာ ဖြစ်ပေ၏။ ထို့ကြောင့် ဗျသနတရားငါးပါးတွင် ဉာတိဗျသန၊ ဘောဂဗျသန၊ ရောဂဗျသနများကြောင့် သတ္တ၀ါတို့အား အပါယ်ငရဲစသည် ကျရောက်မှုကို မဖြစ်စေနိုင်သော်လည်း သီလဗျသန၊ ဒိဋ္ဌိဗျသနများကြောင့်ကား အပါယ်ငရဲ စသည်တို့သို့ ကျရောက်စေနိုင်ကြောင်း ဆိုခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ ရောဂါနှိပ်စက်သဖြင့် ပျက်စီးခြင်းတို့သည် ဖျက်စီးခြင်းကြောင့် ပျက်စီးခြင်း မဟုတ်သဖြင့် တန်ပြန်အကျိုးတရား မရှိသော်လည်း သီလပျက်စီခြင်း အယူဝါဒပျက်စီးခြင်းသည်ကား မိမိကိုယ်တိုင်ဖြစ်စေ၊ တစ်စုံတစ်ယောက်ကဖြစ်စေ ဖျက်စီးသဖြင့် ပျက်စီးခြင်း ဖြစ်သဖြင့် တန်ပြန်အကျိုး သက်ရောက်မှု ရှိကြောင်း ဆိုခြင်းဖြစ်၏။

ယနေ့ခေတ် ဗုဒ္ဓဘာသာဝင် အတော်များများသည် ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းအပေါ် ကောင်းစွာနာလည် သဘောပေါက်ဟန် မရှိကြပေ။ သို့ဖြစ်၍လည်း ပျက်စီးချိန်တန်၍ ပျက်စီးသွားကြသည့် အရာများအပေါ် အလွန်စိုးရိမ်သောက ဖြစ်ကာ ယူကြုံးမရ ဖြစ်နေတတ်ပြီး မပျက်စီးသင့်သည့် အရာများကိုကား လစ်လျူရှုကာ ဖျက်စီးနေကြသကဲ့သို့ ဖြစ်နေပေ၏။ အမျိုးများ ပျက်စီးသည့်အခါ၊ စည်းစိမ်ဥစ္စာများ ပျက်စီးသည့်အခါ၊ ရောဂါနှိပ်စက်သဖြင့် ပျက်စီးသည့်အခါများတွင်သာ အလွန်တုန်လှုပ်ပြီး မအိပ်နိုင် မစားနိုင် တမှိုင်မှိုင် ဖြစ်တတ်ကြသော်လည်း သီလပျက်စီးသည့်အခါ၊ အယူဝါဒပျက်စီးသည့် အခါတွင်ကား ဘာမှမဖြစ်သကဲ့သို့ နေတတ်ကြ၏။ တဒင်္ဂပျက်စီးမှုအပေါ်တွင်သာ စိုးရိမ်မှု လွန်ကဲတတ်ကြပြီး သံသရာနှင့်ချီကာ ခံရမည့် ပျက်စီးမှု အပေါ်တွင်ကား ကြောက်ရွံ့တုန်လှုပ်မှု မရှိကြပေ။ နောင်ခါလာ နောင်ဈေးဆိုသကဲ့သို့ နောင်ခံရမည့် အရေးအပေါ် အလေးမမူမိကြဘဲ တဒင်္ဂခဏ ယခုဘ၀အတွက်သာ အာရုံထားနေလေကြ၏။ ဤသို့သာဆိုလျှင် နောင်ခံရသည့်အခါတွင်ကား ပြန်ရစရာ မရှိအောင်ပင် ဖြစ်နေကြပေတော့၏။

စင်စစ် ဗျသနတရားငါးပါးတို့တွင် ဉာတိဗျသနခေါ် အမျိုးများ ပျက်စီးသည့်အခါ တုန်လှုပ်ဖွယ် မရှိလှပေ။ သံသရာနှင့် ချီသည့် ဘ၀များစွာတွင်လည်း ဤကဲ့သို့ ပျက်စီးခြင်းများနှင့် ကြုံခဲ့ကြရပြီးသည်သာ ဖြစ်၏။ နိဗ္ဗာသို့ မျက်မှောက်မပြု နိုင်သေးသမျှ ဤကဲ့သို့သော အမျိုးအဆွေများ၏ သေဆုံးပျက်စီးခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရမည်သာ ဖြစ်၏။ မိမိကိုယ်တိုင်လည်း လွန်ဆန်၍ မရနိုင်ပေ။ မွေးဖွားခြင်း၏ အဆုံးသည် သေဆုံးခြင်း ဖြစ်သဖြင့် မွေးလာခဲ့ပြီ ဆိုကတည်းက သေဆုံးရန် ဖြစ်လာခဲ့ခြင်း ဖြစ်၏။ ထိုသေဆုံးပျက်စီးမှုသည် တံဆိပ်ကပ်ထားခြင်း မရှိသဖြင့် အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ဖြစ်ပေါ်လာနိုင်၏။ ထို့ကြောင့် မိဘထက် အရင် သေဆုံးသွားသည့် သားသမီးများ ရှိသကဲ့သို့ ဆရာ့ရှေ့က သေသွားသူများလည်း ရှိ၏။ သားသမီးများ၏ အသုဘကို လိုက်ပို့ပေးရသည့် မိဘများရှိသကဲ့သို့ တပည့်၏ နောက်ဆုံးခရီးတွင် အသုဘ ရှုခဲ့ရသည့် ဆရာသမားများလည်း ရှိ၏။ သားသမီးအတွက် ရက်လည်ဆွမ်းသွပ်ပြီး ကုသိုလ်ပြုပေးနေရသည့် မိဘများရှိသကဲ့သို့ တပည့်အတွက် သက်ပျောက်ဆွမ်းကပ်ကာ သရဏဂုံတင်ပေးရသည့် ဆရာသမားများလည်း ရှိ၏။ ဤသည်မှာ မိမိတို့အလိုအတိုင်း မဖြစ် သူ့သဘောအတိုင်း သူဖြစ်နေသည့် ပျက်စီးခြင်း၏ နိယာမပင် ဖြစ်၏။ အမြဲမရှိ ပြောင်းလဲဖြစ်ပေါ်နေတတ်သည့် ပျက်စီးခြင်းသဘောတွင် အမျိုးဟူသည်မရှိ သတ္တ၀ါအားလုံးမှာပင် ထိုပျက်စီးခြင်းက ရှိနေ၏။ ထို့ကြောင့် ရုပ်နာမ်နှစ်ပါး ပိုင်ဆိုင်ထားသည့် သတ္တ၀ါ စာရင်းဝင် မိမိသည်ပင် သေဆုံးပျက်စီးခြင်းကို မလွန်ဆန်နိုင်သည့် အပေါ်တွင် အမျိုးများပျက်စီးမှုနှင့်စပ်၍ကား မည်သို့မျှ မတတ်နိုင်သည့် သဘ၀မျှသာ ဖြစ်သဖြင့် ဉာတိဗျသနနှင့် ကြုံကြရာတွင် မတုန်မလှုပ် ရင်ဆိုင်နိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါပေ၏။

ထို့အတူ ဘောဂဗျသနခေါ် စည်းစိမ်ဥစ္စာများ ပျက်စီးမှုအပေါ်တွင်လည်း သဘာဝ နိယာမကို နားလည်သဘောပေါက်ရန် လိုအပ်ပေ၏။ စည်းစိမ်ဥစ္စာဟူသည် ထိုက်မှရသည့် သဘောရှိသည့်အပြင် ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံသားသမီးဆိုးဟူသော ရန်သူမျိုးငါးပါးတို့နှင့် အမြဲမပြတ် ဆက်စပ်နေသဖြင့် အချိန်မရွေး ပျက်စီးပျောက်ပျက် သွားနိုင်ပေ၏။ ပျက်စီးချိန်တန်လျှင် မည်သည့်နေရာတွင် မည်မျှလုံခြုံအောင် ထားပါသော်လည်း ပျက်စီးသွားတတ်ပေ၏။ မိမိက မည်မျှပင် ကြိုးစားရှာဖွေ စုဆောင်းနေပါသော်လည်း အချိန်တန်သည့်အခါ မိမိနှင့်မဆိုင် အများပိုင် ဖြစ်သွားသည်များ ရှိသကဲ့သို့ မိမိရှာဖွေထားမှုများအား မိမိမစားရဘဲ ထားခဲ့ရသည်များလည်း ရှိ၏။ ဤသဘောကို မျက်မှောက်ခေတ် အဖြစ်အပျက်များက မီးမောင်းထိုးပြ ပေးနေပေ၏။ မြန်မာပြည်အပါအ၀င် ကမ္ဘာတစ်ဝှန်းတွင် နေ့စဉ်ကြားနေရသည့် သတင်းများက မီးလောင်မှုများ၊ ရေကြီးမှုများ၊ ငလျင်လှုပ်မှုများ စသည့် သဘာဝဘေး အန္တရာယ်များကြောင့် လူမည်မျှသေသည်၊ ပစ္စည်းဥစ္စာ ဆုံးရှုံးမှု မည်မျှရှိသည် စသည်ဖြင့် ပျက်စီးမှုကို သက်သေပြနေပေ၏။ မြန်မာနိုင်ငံတွင်လည်း နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း တစ်တိုင်းလုံးနီးပါး ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရ၏။ စည်းစိမ်ဥစ္စာအပြည့်ဖြင့် ချမ်းသာခဲ့သူများသည် သဘာဝ နိယာမ သဘောများကြောင့် ကုန်းကောက်စရာ မရှိအောင်ပင် ဖြစ်ခဲ့ကြရ၏။ စင်စစ်ဤသည်မှာ ရှာဖွေစုစောင်းထားသည့် စည်းစိမ်ဥစ္စာများ၏ မမြဲခြင်း သဘောများပင် ဖြစ်၏။ ပျက်စီးခြင်းနှင့် အမြဲမပြတ် ဆက်စပ်နေသည့် စည်းစိမ်ဥစ္စာများ၏ အဆုံးပင်ဖြစ်၏။ ထို့ကြောင့် အဖြစ်ရှိလျှင် အပျက်ရှိတတ်သကဲ့သို့ ပိုင်ဆိုင်မှုရှိလျှင် ဆုံးရှုံးမှု ရှိတတ်သည့် လောကသဘာဝအရ ပျက်စီးတတ်သည့် စည်းစိမ်ဥစ္စာများအပေါ်တွင် မတုန်မလှုပ် ရင်ဆိုင်နိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါပေ၏။

ရောဂဗျသနခေါ် အနာရောဂါကြောင့် ပျက်စီးသည့်အပေါ်တွင်လည်း အလားတူ သတိပြု ဆင်ခြင်ကြရန် လိုအပ်ပေ၏။ စင်စစ် အနာရောဂါဟူသည် အခြားမဟုတ် မိမိတို့ အသီးသီး ရရှိထားသည့် ခန္ဓာကိုယ်ကြီးကပင် အနာရောဂါ အစုကြီး ဖြစ်နေပေ၏။ ရုပ်တရားကြီးကပင် အနာရောဂါကြီး ဖြစ်နေပေ၏။ အနာရောဂါဟူသည် ရုပ်တရားအပေါ် အမှီပြုပြီး ဖြစ်ပေါ်တတ်သည့် ဖောက်ပြန်မှုပင် ဖြစ်၏။ ထို့ကြောင့် ရောဂါဟူသည် ရုပ်ပင်ဖြစ်သည်ဟု ဆိုခြင်းဖြစ်၏။ သို့ဖြစ်၍ ရုပ်တရားရှိ၍ ဖောက်ပြန်မှုသဘောအဖြစ် ထင်ရှားလာသည့် ရောဂါကြောင့် ပျက်စီးတတ်သည့် သဘောကို ကောင်းစွာနာလည်ပြီး မတုန်မလှုပ် ရင်ဆိုင်နိုင်အောင် ကြိုးစားရန်သာ ရှိပေ၏။ ရုပ်တရားရှိ၍ ဖောက်ပြန်မှု ရှိခြင်းကို ရောဂါဖြစ်ခြင်းဟု ဆိုသဖြင့် ရောဂါစုဖြစ်သည့် ရုပ်တရား၊ တစ်နည်းအားဖြင့် ရောဂါကြောင့် ပျက်စီးတတ်သည့် ရုပ်တရားများ ဖောက်ပြန်ပျက်စီးမှု အပေါ်တွင် သတိပြုဆင်ခြင်ကာ ဖောက်ပြန်ခြင်းကို ဝေဒနာနုပဿနာ ရှုမှတ်ပွားများခြင်းဖြင့်သာ ရင်ဆိုင်ကြရမည် ဖြစ်ပါ၏။

ဗျသနတရား ငါးပါးတွင် ဗုဒ္ဓဘာသာဝင်များ အထူးပြု ဆင်ခြင်ရမည့် ဗျသနများကား သီလဗျသနနှင့် ဒိဋ္ဌိဗျသနများပင် ဖြစ်၏။ ပျက်စီးခြင်းတရားငါးပါးတို့တွင် အမျိုးပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာပျက်စီးခြင်း၊ အနာရောဂါကြောင့် ပျက်စီးခြင်းများသည် တုန်လှုပ်ဖွယ်၊ ကြောက်လန့်ဖွယ် မလိုသည့် ဗျသနများ ဖြစ်သော်လည်း သီလဗျသနခေါ် သီလပျက်စီးသည့်အခါ၊ ဒိဋ္ဌဗျသနခေါ် အယူဝါဒ လွဲမှားသည့် အခါများတွင်ကား အလွန်ကြောက်လန့် တုန်လှုပ်ဖွယ် ကောင်းပေတော့၏။ သီလပျက်လျှင် အခြားအခြား ဒါနစသည့် ကုသိုလ်များကို မည်မျှပင် ကြိုးစားလုပ်ဆောင်သော်လည်း အပါယ်လားမှုဘေးမှ မလွန်မြောက်နိုင်သည်အထိ ဖြစ်ရတတ်၏။ ကိုယ်ကျင့်သီလဖြစ်သဖြင့်လည်း ကိုယ်ကျင့်ရမည့်အပြင် သီလပျက်လျှင်လည်း ကိုယ်ကဖျက်ခြင်း ဖြစ်သဖြင့် ခံရလျှင်လည်း ကိုယ်သာပင် ဖြစ်နေပေ၏။ ထို့ကြောင့် သီလပျက်စီးသည့်အခါ မတုန်မလှုပ်ဘဲ နေ၍မဖြစ် အလွန်ပင် တုန်လှုပ်ဖွယ် ဖြစ်ပေသည်ဟု ဆိုခြင်းဖြစ်ပြီး တုန်လှုပ်ခြောက်ခြားမှု မဖြစ်စေဖို့် သီလမပျက်စေရန်သာ ကြိုးစားအားထုတ်ရမည်ဟု ဆိုခြင်းဖြစ်၏။

ထို့အတူ ဒိဋ္ဌိဗျသနခေါ် အယူဝါဒ ပျက်စီးမှုသည်လည်း တုန်လှုပ်ခြောက်ခြားဖွယ်ပင် ဖြစ်ပါ၏။ အယူတစ်ပါးလွဲချော်သွားပါက အပါယ်မှတစ်ပါး လားရာမရှိ ဖြစ်တတ်ပေ၏။ အယူဝါဒ အစွဲတရားဟူသည်ကလည်း အခက်သားပင် ယုံကြည်မိပြီ စွဲလန်းမိပြီဆိုလျှင် အသက်ပင် အသေခံသည်အထိ စွဲကိုင်ထားတတ်၏။ ထိုသို့သာ အယူမှားကို စွဲကိုင်ထားမိလျှင် မှန်ကန်သည့် အယူဝါဒ ပျက်စီးပြီး အမှန်လမ်းကြောင်းနှင့် လွဲကာ နိဗ္ဗာန်နှင့် ဝေးသထက် ဝေးနေပေတတ်၏။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓက နိဗ္ဗာန်သွားရာလမ်းဖြစ်သည့် မဂ္ဂင်လမ်းစဉ်တွင် သမ္မာဒိဋ္ဌိဟူသည့် အယူဝါဒမှန်ကန်ရေး လမ်းစဉ်တစ်ခုကို အဦးပြုကာ ဟောကြားသမှု ပြုတော်မူခဲ့ခြင်း ဖြစ်ပေ၏။ အယူဝါဒ မှန်ကန်မှုရှိမှ အတွေးအခေါ် အကြံအစီ၊ အပြောအဆို၊ အလုပ်အကိုင်နှင့် အားထုတ်မှု စသည်တို့သည်လည်း မှန်ကန်နိုင်မည် ဖြစ်သဖြင့် ထိုအယူဝါဒ မမှားကြရန်နှင့် အယူဝါဒ မပျက်စီးကြရန် အထူးတိုက်တွန်းတော်မူခြင်း ဖြစ်၏။ အကယ်၍ မိမိသည် ထိုအယူဝါဒသာ ပျက်စီးခဲ့ပြီဆိုပါက အလွဲအမှားလမ်းစဉ်များနှင့် သံသရာဝဲသြဃတွင် အမှန်ပင် မျှောနေပြီး အောက်အောက်ဘုံဝတွင် ကျင်လည်နေရသဖြင့် နိဗ္ဗာန်နှင့် ဝေးပြီးရင်းဝေးနေမည် ဖြစ်ပါသောကြောင့် အယူဝါဒ ပျက်စီးသည့်အခါ အလွန်တုန်လှုပ်ဖွယ် ဖြစ်ကြောင်း၊ ထိုကြောင့် ထိုအယူဝါဒကို မပျက်စီးစေရန် အထူးသတိပြု ဆင်ခြင်ကာ မှန်ကန်သည့် အယူဝါဒဖြင့် နေနိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုကြခြင်း ဖြစ်ပါ၏။

ဤ၌ ဆိုလိုသည်မှာ ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းအပေါ် အထူးသတိပြု ဆင်ခြင်ကြရန် ဆိုလိုရင်း ဖြစ်ပါ၏။ ပျက်စီးခြင်းသည် သဘာဝ နိယာမတစ်ခု ဖြစ်ပြီး ဖျက်စီးခြင်းသည်ကား လုပ်ဆောင်ဖန်တီးခြင်း ဖြစ်သဖြင့် ပျက်စီးချိန်တန်သည့် ပျက်စီးမှုအပေါ်များတွင် စိုးရိမ်ဖွယ် မရှိသော်လည်း ဖျက်စီးသဖြင့် ပျက်စီးမှုများ အပေါ်တွင်ကား အလွန်ကြောက်မက် တုန်လှုပ်ဖွယ် ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်၏။ ပျက်စီးတတ်သည့် အမျိုး၊ ဥစ္စာ၊ ရောဂါများသည် သဘာဝ တရားများဖြစ်သဖြင့် ပျက်စီးမည်မှာ ဧကန်ဖြစ်သော်လည်း ဖျက်စီးမှသာ ပျက်စီးတတ်သည့် အကျင့်သီလနှင့် အယူဝါဒများသည်ကား ပျက်စီးရန် မသင့်သည့်အရာ၊ မပျက်စီးစေရန် ထိန်းသိမ်းရမည့် အရာဆိုသည်မှာလည်း အမှန်ပင် ဖြစ်ပါပေ၏။ သဘာဝအလျောက် ပျက်စီးမှုများတွင် တန်ပြန်သက်ရောက်မှုသည် အခိုက်အတန့်သာ ဖြစ်သော်လည်း ဖျက်စီးသဖြင့် ပျက်စီးမှုများတွင်ကား တန်ပြန်သက်ရောက်မှုသည် အပါယ်လားစေနိုင်သည် အထိ ကြီးလေးတတ်ပေ၏။

ထို့ကြောင့် နေရသည့် ဘ၀အခိုက်အတန့်၌ မဖြစ်မနေ ကြုံတွေ့ရမည့် ပျက်စီးမှုများတွင် ဖျက်စီးမှုကြောင့် ပျက်စီးသွားသည့် ပျက်စီးမှုမျိုး မဖြစ်ကြစေရန် လိုအပ်ပေ၏။ ရုပ်ပိုင်းဆိုင်ရာများ ပျက်စီးမှုတွင် မတုန်မလှုပ်ရင်ဆိုင်ရန်နှင့် စိတ်ပိုင်းဆိုင်ရာ အကျင့်သီလ အယူဝါဒများ ပျက်စီးမှုတွင်ကား သတိတရားနှင့် မပျက်စီးအောင် ထိန်းသိမ်းရန် ကြိုးစားသင့်ပေ၏။ အကယ်၍ ထိုပျက်စီးမှုများ ရောက်လာသည့်အခါတွင်လည်း အခြားအရာများထက် သီလနှင့်အယူဝါဒကိုသာ မပျက်စီးစေရန် အားထုတ်သင့်ပေ၏။ အဘယ်ကြောင့်ဆိုသော် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများသည် သဘာဝတရားဖြစ်သည့်အပြင် အပါယ်လားစေနိုင်သည့် အရာများ မဟုတ်ကြသော်လည်း သီလအကျင့်နှင့် အယူဝါဒ ပျက်စီးမှုသည်ကား အပါယ်လားစေနိုင်သည့် အရာများ ဖြစ်သောကြောင့်ပင် ဖြစ်ပါ၏။ သို့ဖြစ်၍ ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းတွင် ပျက်စီးတတ်သည့် အရာများအပေါ် ခံနိုင်ရည် ရှိအောင်ကြိုးစားပြီး ဖျက်စီးမှသာ ပျက်စီးကာ အဖျက်ခံရသဖြင့် ပျက်စီးတတ်သည့် အရာများအပေါ်တွင်ကား မပျက်စီးစေရန် မိမိကိုယ်တိုင်သာ ပဓာနကျသဖြင့် မိမိ၏ အကျင့်သီလ အယူဝါဒများကို ဖျက်စီးခြင်းဖြင့် မပျက်စီးအောင် အထူးသတိပြု ဆင်ခြင်ကာ ထိန်းသိမ်းစောင့်ရှောက်ရန်သာ ဖြစ်ပါပေတော့ကြောင်း…

Read more »

နဲနဲလေးတော့ လွဲနေတယ် (၆)...

ကပ်ပြီးရင် မကိုင်နဲ့…
ဗုဒ္ဓဘာသာ မြန်မာများရဲ့ အိမ်တွေမှာ ဆွမ်းစားပင့်လို့ ကြွရောက်တဲ့အခါ ဆွမ်းကပ်ပြီးတာနဲ့ မကြာမကြာ ကြားရတဲ့ စကားတစ်ခွန်းက “ဟဲ့…ဟဲ့… ကပ်ပြီးရင် မကိုင်နဲ့တော့၊ ကိုင်လို့မရတော့ဘူး..”ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဘာဖြစ်လို့ဆိုတဲ့ တိကျတဲ့ အကြောင်းပြချက်မရှိဘဲ ကြားဖူးနားဝနဲ့ တစ်လွဲနားလည် အသုံးပြုနေကြသလို ဖြစ်နေပါတယ်။ ဆွမ်းကပ်ပြီးမှကိုင်ရင် အကပ်ပျက်ပြီး သံဃာတော်များ မဘုဉ်းပေးရမှာ စိုးလို့လား၊ ကပ်ပြီးမှကိုင်ရင် ၀ိနည်းတော်အရ အာပတ်သင့်မှာ စိုးလို့လား ဘာရယ်ကြောင့်မသိ။ အဖြေက တိတိကျ မရှိဘဲ ဖြစ်နေပါတယ်။ တစ်လောကပဲ ကျောင်းမှာဆွမ်းလာကပ်တုန်း ဆွမ်းကပ်ပြီးတော့ ဒကာလေးတစ်ယောက်က အဝေးက ဟင်းခွက်လေးတွေ နီးအောင်ရွေ့ပေးနေတာကို အနီးမှာ ရှိနေတဲ့ ဒကာမက “ဟဲ့..ဟဲ့… ကပ်ပြီးရင် မကိုင်တော့နဲ့“လို့ ပြောသံကြားလိုက်ရလို့ အကျိုးအကြောင်း ရှင်းပြလိုက်ရပါသေးတယ်။

တကယ်တော့ ကပ်ပြီးရင် ကိုင်လည်းပဲ အကပ်ပျက်မှု မပျက်မှုက အကပ်ခံတဲ့ သံဃာတော်နဲ့ပဲ သက်ဆိုင်ပါတယ်။ ဘုဉ်းကြီးတွေ ဆွမ်းဘုဉ်းပေးနေချိန်မှာ ဟိုဟာထည့် ဒါထည့် ဟိုကြားဝင် ဒီကြားဝင် လုပ်တဲ့အခါ ဆွမ်းဘုဉ်းပေးတဲ့ ရဟန်းတော်တွေ ကျဉ်းကြပ်မှာစိုးလို့ မကိုင်ခိုင်းဘဲ ဘေးကနေ လိုအပ်တာ လုပ်ပေးဖို့ ပြောတာဆိုရင်တော့ ဘာမှအထူး ပြောစရာ မရှိပါဘူး။ အဲလိုမှ မဟုတ်ဘဲ ဆွမ်းကပ်ပြီး ကိုင်ရင် အကပ်ပျက်ပြီး မဘုဉ်းပေးကောင်းမှာ စိုးလို့ဆိုရင်တော့ လွဲနေပါတယ်။

ဝိနည်းတော်မှာ ဆွမ်းစတာတွေ ကပ်ပြီးရင် အကပ်ပျက်နိုင်တဲ့ အကပ်ပျက်ကြောင်း အင်္ဂါ (၆)ပါးကို ဖော်ပြထားပါတယ်။ ဒီ အကပ်ပျက်ကြောင်း အင်္ဂါခြောက်ပါးကတော့
(၁) အကပ်ခံတဲ့ရဟန်းက ငြိကပ်တွယ်တာမှု မရှိ၊ အာလယပြတ် စွန့်လိုက်ခြင်း
(၂) အကပ်ခံတဲ့ ရဟန်းက သိက္ခာချ လူထွက်သွားခြင်း
(၃) အကပ်ခံထားတဲ့ ရဟန်းကိုယ်တိုင်က ကပ်လှူထားသည်များကို သူတစ်ပါးအား ပေးလိုက်ခြင်း
(၄) ကပ်လှူထားသည်များကို လူစသည်တို့က လုယူထွက်ပြေးသွားခြင်း
(၅) အကပ်ခံပုဂ္ဂိုလ် သေဆုံးသွားခြင်းနဲ့
(၆) လိင်ပြန်သွားခြင်း
တို့ပဲ ဖြစ်ပါတယ်။
ဒီအင်္ဂါခြောက်ပါး တစ်ပါးပါးငြိစွန်းနေရင်တော့ အကပ်ပျက်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ ကပ်ပြီးသားကို ကိုင်ခြင်းကြောင့် အကပ်မပျက်ပါဘူး။ အခြေအနေအရ သံဃာတော်များရဲ့ ခွင့်ပြုချက်ကို ယူပြီးအနီးကပ် ပြုစုလှူဒါန်းနိုင်ပါတယ်။ တစ်ချို့ဆရာတော်ကြီးများကတော့ ဟိုကိုင်ဒီကိုင် ဟိုထည့်ဒီထည့် လုပ်ပေးတာ မကြိုက်တတ်တဲ့အတွက် ခွင့်ပြုချက်ကိုမေးပြီး ဆက်ကပ်လှူဒါန်းပေးတာ ကောင်းပါတယ်။ သေချာတာကတော့ ကပ်ပြီးရင် မကိုင်ကောင်းဘူးဆိုတဲ့ အချက်ကတော့ မဟုတ်ဘူးဆိုတာပါ။

ဒါကြောင့် လူတွေကြားမှာ ကြားကြားနေရတဲ့ ဒီလိုဘာမှန်းမသိဘဲ ရှေးရှေးကတည်းက စွဲလာခဲ့တဲ့ နားလည်မှု အသိတွေကြောင့် ပြောဆိုသုံးနှုံး နေကြတာတွေဟာ လွဲနေတတ်တဲ့ သဘောလေးတွေ ရှိတတ်တဲ့အတွက် သတိပြု ဆင်ခြင်နိုင်ဖို့ လွဲချက်လေးကို ထုတ်နှုတ်တင်ပြ အသိပေးရခြင်း ဖြစ်ပါတယ်။ ဒီတင်ပြချက်လေးများကို မှတ်သားပြီး ပြုပြင်ဆင်ခြင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ