နဲနဲလေးတော့ လွဲနေတယ် (၄)...

၅၂၈နဲ့ ၁၅၀၀…
လူငယ်တွေကြား၊ တစ်ချို့လူတွေကြားမှာ အလွဲနားလည်ပြီး အသုံးပြုနေတဲ့ စကားတစ်ခုရှိပါတယ်။ အချစ်နဲ့ ပတ်သက်ပြီး သုံးတဲ့စကားပါ။ တစ်ဦးနဲ့ တစ်ဦးကြားမှာ အချစ်တွေကို ဖော်ပြပြီး တွင်တွင်ကြီး သုံးနေတာတွေမှာ လွဲနေတာလေးက “ဒို့နှစ်ယောက်ကြားမှာ ဘာမှမရှိဘူး၊ ဒို့အချစ်က ရိုးသားတယ်၊ ဒို့မင်းအပေါ်မှာထားတဲ့ အချစ်ဟာ ၅၂၈အချစ်မျိုးပါ..”စသဖြင့် သုံးနေကြတာ ရှိသလို “ဒို့မင်းကိုချစ်တာ ၁၅၀၀အချစ်မျိုးနဲ့တင် မဟုတ်ဘူး ၅၂၈အချစ်မျိုးနဲ့ပါ ချစ်တာပါ…၊ ဘာပဲဖြစ်ဖြစ် မောင်စိတ်နှစ်မစိတ်နဲ့ ၅၂၈လို အချစ်မျိုးပဲ ကောင်းပါတယ်…” စသဖြင့် ပြောဆိုနေကြတာတွေပါ။ လူအတော်များများက မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့တပည့်ကြား၊ ညီအစ်ကို မောင်နှစ်မတွေကြားမှာထားတဲ့ အချစ်ဟာ အပြစ်ကင်းတဲ့ ၅၂၈ အချစ်မျိုးဖြစ်တယ်လို့ ထင်နေကြပြီး ချစ်သူသမီးရည်စားတွေရဲ့ အချစ်မျိုးကတော့ ၁၅၀၀ အချစ်လို့ နားလည်နေကြပါတယ်။ ဒါဟာ လွဲနေပါတယ်။ အများထင်နေသလို မိဘက သားသမီးကို ချစ်တဲ့အချစ်၊ ဆရာက တပည့်အပေါ်ထားတဲ့ အချစ်၊ ညီအစ်ကိုမောင်နှစ်မတွေရဲ့ အချစ်တွေဟာ ၅၂၈ အချစ်မျိုး မဟုတ်ပါဘူး။

တကယ်တော့ ၅၂၈အချစ် တစ်နည်းအားဖြင့် ၅၂၈ မေတ္တာဟာ ဖြူစင်ပါတယ်။ မျှော်လင့်ချက်ကင်းပါတယ်။ မေတ္တာအစစ်ဟာ ကိုယ့်အတွက်မပါဘဲ သူတစ်ပါးကို အကျိုးလိုလာခြင်း သက်သက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ၅၂၈မေတ္တာဟာ ပို့တိုင်းပို့တိုင်း ကိုယ့်အတွက်မပါ သူတစ်ပါး ချမ်းသာရေး သက်သက်ကိုသာ ရှေ့ရှုပို့သတာ ဖြစ်တဲ့အတွက် ဖြူစင်တဲ့ မေတ္တာအစစ်ဖြစ်ပါတယ်။ ဆိုကြပါစို့ မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့် စသူတို့ကြားမှာ ရှိနေတဲ့ အချစ်မျိုးဟာ ပို့တိုင်းပို့တိုင်း “ငါ့အဖေ၊ ငါ့အမေ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ဆရာ၊ ငါ့တပည့်၊ ငါ့အစ်ကို၊ ငါ့ညီ၊ ငါ့အစ်မ၊ ငါ့နှစ်မ”စတဲ့ ငါစွဲများဦးစီးပြီး ပို့သနေတဲ့ မေတ္တာများ ဖြစ်နေတဲ့အတွက် ဖြူစင်တဲ့ ၅၂၈မေတ္တာလို့ မပြောနိုင်ပါဘူး။ ၅၂၈ မေတ္တာကတော့ “သတ္တ၀ါအားလုံး ဘေးရန်ကင်းပါစေ…၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ…၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ…၊ ချမ်းသာစွာ မိမိကိုယ်ကို ရွက်ဆောင်နိုင်ပါစေ…”လို့ ပို့သတဲ့ မေတ္တာဖြစ်တဲ့အတွက် ပို့တိုင်းပို့တိုင်း ကိုယ့်အတွက်မပါ၊ ငါစွဲမပါ၊ သူတစ်ပါး ချမ်းသာရေး သက်သက်ပဲ ဖြစ်နေပါတယ်။ ဒီငါစွဲမပါ၊ ကိုယ့်အတွက်မပါဘဲ သူတစ်ပါး အကျိုးလိုးလာမှု သက်သက်ရှိတဲ့ မေတ္တာမျိုးကိုသာ ၅၂၈ မေတ္တာလို့ ခေါ်တာပါ။ ဒီနေရာမှာ ၅၂၈ မေတ္တာ ရေတွက်ပုံလေးကို တင်ပြလိုပါတယ်။

ဒီနည်းကတော့ ပုဂ္ဂိုလ် ၁၂ယောက်ကို တစ်ယောက်ချင်း မေတ္တာလေးချက်နဲ့ အရင်ပွားပြီး နောက် အရပ်ဆယ်မျက်နှာနဲ့ ပြန်ပွားပေးခြင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် သဗ္ဗေသတ္တာ (အလုံးစုံသော သတ္တ၀ါတို့သည်) အဝေရာဟောန္တု (ဘေးရန်ကင်းကြပါစေ)၊ အဗျာပဇ္ဇာဟောန္တု (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)၊ အနီဃာဟောန္တု (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)၊ သုခီအတ္တာနံ ပရိဟရန္တု (ချမ်းသာစွာ မိမိကိုယ်ကို ရွတ်ဆောင်နိုင်ပါစေ)လို့ ပုဂ္ဂိုလ်တစ်ယောက်ချင်းကို ဒီလေးချက်နဲ့ ပွားရပါတယ်။ ဒီနည်းအတိုင်း သဗ္ဗေပါဏာ (အလုံးစုံသော ထွက်သက်ဝင်သက်ရှိသော သတ္တ၀ါများ)၊ သဗ္ဗေဘူတာ (အလုံးစုံသော ထင်ရှားရှိသော သတ္တ၀ါများ)၊ သဗ္ဗေပုဂ္ဂလာ (အလုံးစုံသောပုဂ္ဂိုလ်များ)၊ သဗ္ဗေအတ္တဘာဝပရိယာပန္နာ (အလုံးစုံသော အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါများ)၊ သဗ္ဗာဣတ္ထိယော (အလုံးစုံသော မိန်းမများ)၊ သဗ္ဗေပုရိသာ (အလုံးစုံသော ယောက်ျားများ)၊ သဗ္ဗေအရိယာ (အလုံးစုံသော အရိယာပုဂ္ဂိုလ်များ)၊ သဗ္ဗေအနရိယာ (အလုံးစုံသော ပုထုဇင်များ)၊ သဗ္ဗေဒေ၀ါ (အလုံးစုံသော နတ်ဒေ၀ါများ)၊ သဗ္ဗေ မနုဿာ (အလုံးစုံသော လူများ)၊ သဗ္ဗေ၀ိနိပါတိကာ (အလုံးစုံသော အပါယ်ငရဲကျရောက်သော သူများ) တို့ကိုလည်း တစ်ဦးချင်းကို အဝေရာဟောန္တုစတဲ့ အချက်လေးချက်နဲ့ ပွားများပါက ပုဂ္ဂိုလ် ၁၂ယောက်ဆိုတော့ မေတ္တာ ၄၈ချက် ဖြစ်ပါတယ်။ နောက် အဲဒီ (၁၂)ယောက်ကိုပဲ အရှေ့အရပ်၊ အနောက်အရပ်၊ တောင်အရပ်၊ မြောက်အရပ်၊ အရှေ့တောင်ထောင့်အရပ်၊ အနောက်တောင်ထောင့်အရပ်၊ အရှေ့မြောက်ထောင့်အရပ်၊ အနောက်မြောက်ထောင့်အရပ်၊ အောက်အရပ်၊ အထက်အရပ်ဆိုတဲ့ အရပ်ဆယ်များနှာနဲ့ တစ်ခုချင်း ပုဂ္ဂိုလ်တစ်ဦးချင်း မေတ္တာတစ်ချက်ချင်း ထပ်ပွားများတဲ့အခါ မေတ္တာ ၄၈၀ချက် ဖြစ်ပါတယ်။ ဥပမာ အရှေ့အရပ်၌ရှိသော အလုံးစုံသော သတ္တ၀ါတို့သည် ဘေးရန်ကင်းကြပါစေ..၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ…၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ…၊ ချမ်းသာစွာ မိမိကိုယ်ကို ရွတ်ဆောင်နိုင်ပါစေလို့ ပွားများပေးရသလိုပေါ့။ ဒီ၄၈၀နဲ့ ခုနက ပုဂ္ဂိုလ်သက်သက် ပွားများခဲ့တဲ့ ၄၈ချက်ပြန်ပေါင်းရင် ၅၂၈ချက်ဖြစ်ပါတယ်။ (၁၂ x 4 = ၄၈။ ၄၈ x 10 = ၄၈၀။ ၄၈၀ + ၄၈ = ၅၂၈) ဒီ၅၂၈မေတ္တာကိုပဲ ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာလို့ ခေါ်ခြင်း ဖြစ်ပါတယ်။ ဒီမေတ္တာမှာ ပို့သတိုင်း ပို့သတဲ့ ကိုယ့်အတွက်မပါဘဲ ငါစွဲကင်းကာ သူတစ်ပါးအတွက်သာ ဖြစ်နေတဲ့အတွက် တကယ့်ပြူစင်တဲ့ ၅၂၈ မေတ္တာလို့ ခေါ်ပါတယ်။ ဒါကြောင့် ဒီ ၅၂၈ မေတ္တာကို တစ်လွဲနားလည်ပြီး အသုံးပြုနေသူများ သတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။

၁၅၀၀ကတော့ မေတ္တာမဟုတ်ပါဘူး။ ကိလေသာပါ။ ကိလေသာဖြစ်တဲ့အတွက် လူအတော်များများ နားလည်ထားသလို သမီးရည်စားအချစ်၊ လင်မယားအချစ်တွေသာ ၁၅၀၀ အချစ်ဆိုတာမျိုး မဟုတ်ဘဲ ရဟန္တာ မဖြစ်သေးသူမှန်သမျှမှာ ဒီကိလေသာက ရှိနေမှာဖြစ်ပါတယ်။ ကိလေသာ အကျဉ်းကတော့ ၁၀ပါးပါပဲ။ အဲဒီဆယ်ပါးကို တစ်ခြား စိတ်၊ စေတသိက်၊ ရုပ်တွေနဲ့ မြောက်ပွားလိုက်တဲ့အခါ ၁၅၀၀အထိ ဖြစ်သွားခြင်း ဖြစ်ပါတယ်။ ၁၅၀၀ ကိလေသာ ရေတွက်ပုံကို အကျဉ်းသိသာရုံ တင်ပြရရင်… စိတ်၊ စေတသိက် ၅၂၊ နိပ္ဖန္နရုပ် ၁၈၊ လက္ခဏရုပ် ၄ = ပေါင်း ၇၅။ ယင်းသည် အတွင်း ၇၅၊ အပြင် ၇၅ဖြစ်၍ ၁၅၀ဖြစ်ပါတယ်။ အဲဒီ ၁၅၀ ဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္ဆ၊ အဟိရိက၊ အနောတ္တပ္ပ ဆိုတဲ့ ကိလေသာဆယ်ပါးတွင် တစ်ခုချင်း တစ်ခုချင်းမှာ ပါဝင်ဆက်စပ်မှုရှိနေတဲ့အတွက် စုစုပေါင်း ၁၅၀၀ဖြစ်ပါတယ်။ (၇၅ x ၂ = ၁၅၀။ ၁၅၀ x ၁၀ = ၁၅၀၀။) အဲဒါကို ၁၅၀၀ ကိလေသာလို့ဆိုတာပါ။ ဒီသဘောက အဘိဓမ္မာ မသင်ဖူးသူတွေအတွက် နားလည်ဖို့ခက်ပါလိမ့်မယ်။ ဒီနေရာမှာတော့ သိသာရုံလေးသာ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ ပြောချင်တာက ၅၂၈ မေတ္တာနဲ့ ၁၅၀၀ကိလေသာ မလွဲကြဖို့ပါ။ ၅၂၈မေတ္တာကို လူ့လောကမှာ နားလည်အသုံးပြုကြသလို အမှတ်မမှားကြဖို့ပါ။ ငါစွဲရှိနေ၊ ငါ့အတွက်ပါနေသေးတဲ့ အချစ်ဟာ ဖြူစင်တဲ့ ၅၂၈ မေတ္တာအစစ်မဟုတ်ဘူး ဆိုတာ သဘောပေါက်ကြဖို့ပါ။ ဒီလို သဘောပေါက်ပြီး အလွဲတွေကို ဖယ်ကာ အမှန်လေးတွေ ပြင်နိုင်ကြဖို့ အခုလို လွဲနေတာလေးကို တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

Read more »

ရုပ်ကိုလည်းပြင် စိတ်လည်းပြင်…

ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိနေတဲ့ ဘာသာခြား ဒကာမလေး တစ်ယောက်က ဘုန်းဘုန်းကို မေးမြန်းတိုင်ပင် ဖူးပါတယ်။ အဲဒါက ဒီနေ့ခေတ်စားနေတဲ့ ခွဲစိပ်ပြုပြင်တာတွေနဲ့ ပတ်သက်တဲ့အကြောင်းပါ။ သူမအနေနဲ့ တစ်ခြားသူငယ်ချင်းတွေလိုပဲ စိတ်တိုင်းမကျဖြစ်နေတဲ့ မျက်နှာပေါ်က အရာလေးတွေကို အထူးသဖြင့် ကြည့်မကောင်းဖြစ်နေတဲ့ သူ့မနှာခေါင်းကို ခွဲစိပ်ပြီး ပြင်ကြည့်ရင်ကောင်းမလားတဲ့…။ တိုင်ပင်စရာရှားလို့ ဘုန်းကြီးကိုမှ လာတိုင်ပင်ရတယ်လို့။ အမှန်တော့ ဘုန်းကြီးဆို ဗေဒင်တတ်တင်ထင်ပြီး ဗေဒင်မေးချင်တာလဲ ပါချင်ပါမှာပါ။ ခွဲစိပ်လိုက်ရင် မွေးကတည်းက ပါလာတဲ့ ရုပ်အဆင်းကို ပြောင်းလဲလိုက်တဲ့အတွက် လက်ရှိရှိထားတဲ့ ကံကြမ္မာတွေဟာ အဆိုးဘက်ကို ပြောင်းရင်ပြောင်းသွား တတ်တယ်လို့ သူမအမေက ပြောတယ်၊ အဲဒါ အမေပြောတဲ့အတိုင်း ဖြစ်နိုင်မဖြစ်နိုင် ပြောပေးစေချင်တယ်တဲ့။ ပြီးတော့ ခွဲစိပ်ပြီး ပြုပြင်သင့်၊ မသင့်၊ ဘယ်လိုလုပ်ရမယ်ဆိုတာလည်း အကြံပြုပါတဲ့လေ…။ ဘုန်းဘုန်းဘာပြောရမှာလဲ…။ သူ့ရုပ်သူပြင်တဲ့ဟာ။ ဒါပေမယ့် တစ်ခုတော့ ပြောလိုက်ပါတယ်။ “ရုပ်ကိုပဲ ပြင်မနေနဲ့။ စိတ်ကိုလည်း ပြင်ဦး”လို့...။

ဟုတ်ပါတယ်။ ရုပ်ဆိုတာဟာ ဖောက်ပြန်ပျက်ဆီးတတ်တဲ့ သဘောရှိနေတဲ့အတွက် ဖောက်ပြန်တိုင်း၊ ပျက်ဆီးတိုင်း လိုက်ပြီး ပြုပြင်နေမယ်ဆိုရင်တော့ ဆုံးမှာမဟုတ်ပါဘူး။ လူ့စိတ်ကလည်း အလိုပြည့်တယ်ဆိုတာ ရှိတာမှ မဟုတ်တာ။ တစ်ခါတစ်လေ ကိုယ့်မျက်နှာကိုယ်ကြည့်ပြီး “အင်း…ငါ့မျက်နှာမှာ ဒါလေးကတော့ ဖျက်နေတယ်၊ ဒါလေးကို ခွဲစိပ်ပြုပြင်လိုက်ရင် အတော်ကြည့်ကောင်းမှာပဲ”ဆိုတဲ့ စိတ်ကူးနဲ့ ပြုပြင်ကြည့်တတ်ကြတယ်။ အဲဒါလေးခွဲစိပ်ပြီး နောက်တစ်ခါ ကိုယ့်မျက်နှာကိုမှန်နဲ့ ပြန်ကြည့်တော့ “အင်း… ဒါလေးပါ ထပ်ပြီး ခွဲစိပ်လိုက်ရင်တော့ ပိုကောင်းမှာပဲ”လို့ အတွေးထပ်ဖြစ် ပြန်ပါတယ်။ ထပ်ဖြစ်တော့ ထပ်ပြင်၊ ပြီးတော့ တစ်ခါပြန်ကြည့် ထပ်တွေ့ပြန်ရော၊ ထပ်တွေ့တော့ ထပ်ပြင်ချင်ပြန်ပါတယ်။ ဒီလိုနဲ့၊ ထပ်ကြည့်၊ ထပ်မြင်၊ ထပ်ပြင်သံသရာက မပြီးနိုင်အောင်ကို အလိုမကျ ဖြစ်နေပါတော့တယ်။ စကားစပ်လို့ မျက်နှာကို ခွဲစိတ်ပြုပြင်လိုက်တာ အကြိမ်ပေါင်း ၅၀အထိ ဖြစ်သွားတဲ့ အမျိုးသမီး တစ်ယောက်အကြောင်း သတိရမိပါသေးတယ်။ ဒီအမျိုးသမီးကြီးက “သူမလည်း ခွဲစိပ်ပြုပြင်ဖို့ စကာစတော့ မျက်နှာမှာရှိတဲ့ အဆင်မပြေတာ တစ်ခုလောက်ကို ခွဲစိပ်ပြုပြင် ကြည့်လိုက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ စခဲ့တာဖြစ်ပေမယ့် နောက်ပိုင်း တစ်ခုပြီးတစ်ခု အလိုမကျမှုတွေ ဖြစ်ဖြစ်လာပြီး အခုလို ရုပ်ပျက်ဆင်းပျက် မျက်နှာကြီးနဲ့အတူ အကြိမ်ပေါင်း ၅၀အထိ ခွဲစိပ်ပြုပြင် ဖြစ်ခဲ့တဲ့အကြောင်း၊ ဘယ်လောက်ပဲ ပြုပြင်ပြုပြင် အလိုမကျဖြစ်ပြီး ဆုံးနိုင်မှာ မဟုတ်တဲ့အကြောင်း..” စသဖြင့် ခွဲစိပ်ပြုပြင်မှုနဲ့ ပတ်သက်တဲ့ သူမအတွေ့အကြုံကို အင်တာဗျူးတစ်ခုမှာ ပြောပြဖူးပါတယ်။

ဒါအမှန်ပါပဲ။ ဖောက်ပြန်တတ်တဲ့ သဘောရှိတဲ့ ရုပ်ကိုပဲ လိုက်ပြင်နေလို့ကတော့ အလိုကျနိုင်မှာ မဟုတ်ပါဘူး။ အကြိမ်၅၀လည်း မပြည့်နိုင်၊ ၆၀၊ ၇၀ စသဖြင့် ဘယ်နှစ်ကြိမ်ပဲ ပြင်ပြင် ပြီးမှာမဟုတ်တာတော့ သေချာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမြဲဖောက်ပြန်နေတဲ့ ရုပ်ကိုပြင်နေတာ ဖြစ်တဲ့အတွက် ဒီတစ်ခုပြင်ပြီးလည်း နောက်တစ်ခုပြင်စရာက ထပ်ပေါ်လာ၊ ထပ်ဖြစ်လာနေမှာပဲ ဖြစ်လို့ပါ။ အရင်းစစ်တော့ အမှန်ကို မမြင်တဲ့ စိတ်ကြောင့် ပြင်ပြီးရင်းပြင်ရင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်ရမှာက ရုပ်မဟုတ်ဘူး၊ စိတ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ရုပ်ကိုပြင်တာထက် စိတ်ကိုပြင်ကြလို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။ အကယ်၍ ပုထုဇင်တွေဖြစ်လို့ ရုပ်ကလည်း ပြင်နေရသေးတယ်ဆိုရင် ရုပ်ကိုလည်းပြင်၊ စိတ်လည်းပြင်ကြပေါ့လို့ ဆုံးမခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ အပုတ်ကောင် ဖြစ်နေတဲ့ ဒီရုပ်ဟာ နေ့စဉ်ပြင်နေရပါတယ်။ နေ့စဉ်သန့်ရှင်းအောင် လုပ်နေရပါတယ်။ တစ်နေ့မပြင်ရင် တစ်နေ့အနံ့ထွက်နေတာ ဆိုတော့ နေ့တိုင်းနေ့တိုင်း မရိုးနိုင်အောင်ကို ပြင်နေရပါတယ်။ မပြင်ဘဲ ထားမယ်ဆိုရင်လည်း ခန္ဓာကိုယ်မှာ ရှိတဲ့ အပေါက်တွေက ထွက်လာသမျှ အရာဟာ ဘာတစ်ခုမှ ကောင်းတာမရှိတော့ ရွံရှာဖွယ်ပဲ ဖြစ်နေပါတော့တယ်။ ဒါကလည်း ဒီရုပ်တရားဟာ အကောင်ပုတ်ဆိုတာ သိနိုင်တဲ့ အသိဉာဏ်ရှိမှ ဖြစ်မှာပါ။ တစ်ချို့ မသိကြတော့ ဒီအပုတ်ကောင်ဖြစ်တဲ့ ရုပ်ကောင်ကိုပဲ အဟုတ်ထင်ကာ မာနတွေ ၀င်နေကြပါတယ်။ အပေါ်ယံအရေပြားကို ရွှေအလား ထင်မှတ်ပြီး အမျိုးမျိုးနဲ့ ချယ်သနေကြပါတယ်။ နောက်ဆုံးတော့ ပြင်မဆုံးဖြစ်နေတဲ့ ဒီရုပ်ဟာ သေရင်ထားခဲ့ရမယ့် အကောင်ပုတ်ဆိုတဲ့ အမည်ပညတ်တစ်ခုပဲ ဖြစ်နေပါတယ်။ ဒါကို မသိတော့ ဟန်ဆောင်မှုများနဲ့အတူ အခိုက်အတန့်သာဖြစ်တဲ့ ပြင်ထားတဲ့ရုပ်အပေါ် အစွဲတရားတွေနဲ့ အလွဲအမှား စိတ်ထားတွေအထိ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ရုပ်ကိုအမှီပြုပြီး စိတ်ပါဒုက္ခ ဖြစ်နေကြပါတယ်။ ရုပ်ကို သန့်ရှင်းအောင် လုပ်နေပေမယ့် စိတ်ကို မသန့်ရှင်းမိကြတော့ အကုသိုလ် အညစ်အကြေးတွေနဲ့ လောဘမျက်နှာ၊ ဒေါသမျက်နှာ၊ မောဟမျက်နှာ၊ မာနမျက်နှာ၊ ဣဿာ၊ မစ္ဆရိယ မျက်နှာတွေအဖြစ် ပြောင်းပြောင်းနေကုန် ပါတော့တယ်။ လှချင်လို့ မျက်နှာကို ခွဲစိပ်ပြုပြင် အလှဆင်ပေမယ့် ပိုပိုလှမလာဘဲ ကိလေသာလွှမ်းတဲ့ မျက်နှာတွေနဲ့ အိုအိုလို့သာ ပိုပြလာပါတော့တယ်။ ဒါကြောင့် လှချင်လို့ ပြင်ကြရင်လည်း ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ရုပ်မလှပေမယ့် စိတ်လှနေရင် လူလည်းလှလို့ အခုဘ၀မှာရော သံသရာမှာပါ အလှတရားတွေ ပိုင်ဆိုင်နေရမှာ အမှန်ပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကတော့ စိတ်ကို အထူးသတိပြုဖို့ အမြဲမိန့်တော်မူပါတယ်။ စိတ်ကိုပြင်ဖို့ အမြဲတိုက်တွန်းတော် မူပါတယ်။ ရုပ်ကို သန့်ရှင်းအောင် ပြုပြင်ကြသလို စိတ်ကိုလည်း သန့်ရှင်းအောင် ပြုပြင်ကြဖို့ အထူးဟော တော်မူပါတယ်။ ရုပ်မှာ အညစ်အကြေးတွေ စွန်းထင်လာတဲ့အခါ သန့်ရှင်းအောင် ဆေးကြောပေးရသလို စိတ်မှာ အညစ်အကြေးတွေ ဖြစ်ရင်လည်း သန့်ရှင်းအောင် ဆေးကြောပေးကြဖို့ ညွန်ပြတော်မူပါတယ်။ “ရေကြောင့်ဖြစ်တဲ့ ရွှံ့ပေရင် ရေနဲ့ဆေးမှပဲ သန့်ရှင်းသွားတတ်သလို၊ စိတ်ကြောင့်ဖြစ်တဲ့ အညစ်အကြေးဟာလည်း စိတ်နဲ့ဆေးမှပဲ သန့်ရှင်းနိုင်ကြောင်း..” ဆုံးမတော်မူပါတယ်။ အရင်းစစ်တော့ စိတ်မညစ်စေဖို့ပါပဲ။ စိတ်မှာ အညစ်အကြေးတွေ မဖြစ်ဖို့ပါပဲ။ အကယ်၍ စိတ်မှာသာ အညစ်အကြေးဖြစ်ပြီး စိတ်ညစ်နွမ်းပြီဆိုပါက ရုပ်ကို ဘယ်လောက်ပဲ လှအောင်ပြင်နေပါစေ အကျိုးမပြီး အချည်းနှီးပဲ ဖြစ်နေတတ်ကြောင်း သတိပြုကြဖို့ လိုအပ်လှပါတယ်။ ဗုဒ္ဓစာပေ တစ်နေရာမှာ မြတ်ဗုဒ္ဓက “ခိုးသူတစ်ယောက်သည်၊ ခိုးသူတစ်ယောက်ကို မြင်သော် ပျက်ဆီးအောင်ပြုရာ၏၊ ရန်သူတစ်ယောက်သည် ရန်သူတစ်ယောက်ကို မြင်သော် ပျက်ဆီးအောင် ပြုရာ၏၊ မကောင်းသဖြင့် ထားအပ်သော စိတ်သည်ကား ထိုစိတ်ရှိသူကို ထို့ထက်ပင် ယုတ်ညံ့အောင် ပြုနိုင်၏။” (နန္ဒဂေါပါလက၀တ္ထု)ဟု မိန့်တော်မူပါတယ်။ ဆိုလိုတာက မကောင်းတဲ့၊ ညစ်နွမ်းတဲ့ စိတ်ဟာ အဲဒီစိတ်ရှိနေတဲ့သူကို အဆိုးဆုံးအထိ ပျက်စီးအောင် ဖျက်စီးတတ်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။

စိတ်ကို ညစ်နွမ်းစေတဲ့ အရာများ အများအပြား ရှိနေပေမယ့် နီဝရဏတရား ငါးပါးကတော့ မဂ်ဖိုလ်နိဗ္ဗာန်ကို ဟန့်တားနိုင်တဲ့အထိ ညစ်နွမ်းစေ၊ တားမြစ်ပိတ်ပင်စေပါတယ်။ ကာမစ္ဆန္ဒဆိုတဲ့ ကာမဂုဏ်အလိုဆန္ဒ၊ ဗျာပါဒလို့ခေါ်တဲ့ သူတစ်ပါးကို ပျက်စီးစေလိုမှု၊ ထိနမိဒ္ဓလို့ခေါ်တဲ့ လေးလံပျင်းရိထိုင်းမှိုင်းမှု၊ ဥဒ္ဓစ္စကုက္ကုစ္စလိုခေါ်တဲ့ ပြန့်လွင့်မှု နှလုံးမသာယာမှု၊ ၀ိစိကစ္ဆာလို့ခေါ်တဲ့ သို့လောသို့လော သံသယဖြစ်ကာ မဝေခွဲနိုင်မှုများဟာ နီဝရဏတရားများ ဖြစ်တဲ့အတွက် ဒီတရားများနဲ့ စိတ်ကို မညစ်နွမ်းရအောင် သတိတရားနဲ့ ပြုပြင်ပေးကြဖို့၊ အကုသိုလ်ဖြစ်စရာ အာရုံများ၊ ကိလေသာဖြစ်စရာ အရာများနဲ့ စိတ်ကို မညစ်နွမ်းရအောင် မမေ့မလျော့တဲ့ သတိတရားနဲ့ ပြုပြင်ပေးကြဖို့ ဆုံးမတော်မူခြင်း ဖြစ်ပါတယ်။

ရုပ်ကိုပြုပြင်တဲ့အခါ ရေချိုးခြင်း၊ ဆပ်ပြာတိုက်ခြင်း၊ အမွေးနံ့သာများ အသုံးပြုခြင်းစတာတွေနဲ့ ပြုပြင်ပေးကြသလို စိတ်ကိုလည်း သီလဆောက်တည်ခြင်း၊ ဒါနပြုပေးခြင်း၊ ကမ္မဋ္ဌာန်းပွားများပေးခြင်း၊ ၀ိပဿနာအလုပ် အားထုတ်ခြင်းများနဲ့ ပြုပြင်ပေးဖို့လိုကြောင်း တိုက်တွန်းကြပါတယ်။ ဒီလို ပြုပြင်ပေးတဲ့အခါ သီလတရားကို ခံတပ်ထားပြီး၊ ဒါနရဲ့ ထောက်ပံ့မှုနဲ့အတူ ပစ္စုပ္ပန် ချမ်းသာရေးအတွက် သမထကို အသုံးပြုကာ သံသရာမှသည် နိဗ္ဗာန်အထိ ရောက်စေဖို့အတွက် ၀ိပဿနာနည်းနဲ့ ပြုပြင်ကြဖို့ ညွန်ပြတော်မူပါတယ်။ ဆိုကြပါစို့ ကိုယ်သန္တာန်မှာ အမြဲကိလေသာ ကာမဂုဏ်အားကြီးတဲ့ စိတ်တွေ ဖြစ်ဖြစ်နေ၊ ဘာလေးပဲမြင်မြင်၊ ဘယ်သူ့ကိုပဲ မြင်မြင် ကာမရာဂစိတ်တွေပဲ ဖြစ်ဖြစ်နေတယ်ဆိုရင် အပုတ်ကောင်ကို နှလုံးသွင်းဆင်ခြင်ရတဲ့ အသုဘကမ္မဋ္ဌာန်းကို ပွားများတာတို့၊ ထစ်ခနဲဆို စိတ်တိုတတ်၊ စိတ်ဆိုးတတ်၊ ဘာပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲ ကြည့်ကြည့် အလိုမကျဘဲ ဖြစ်နေတတ်တဲ့ စိတ်တွေ ဖြစ်ဖြစ်နေတယ်ဆိုရင် မေတ္တာကမ္မဋ္ဌာန်းကို ပွားများပေးတာတို့ စသဖြင့် ကမ္မဋ္ဌာန်းလေးတွေနဲ့ စိတ်ကို ပြုပြင်ကြည့်ရပါမယ်။ အကောင်းဆုံးကတော့ စိတ်မှာ ဘာပဲဖြစ်ဖြစ် ဖြစ်သမျှပေါ်သမျှကို သတိတရားနဲ့ သိအောင်ကြိုးစားပြီး အဲဒီဖြစ်သမျှ ပေါ်သမျှ အရာတွေကို ဖြစ်စဲဖြစ်ခိုက်၊ ပေါ်စဲပေါ်ခိုက်မှာ မကောင်းတဲ့စိတ်ရဲ့ စွဲဆောင်မှုနောက်ကို မလိုက်ဖြစ်အောင် ပြုပြင်ကြည့်ရပါမယ်။ ဒါကတော့ ၀ိပဿနာတရား အားထုတ်မှုနဲ့ပဲ ပြုပြင်ပေးလို့ ရပါမယ်။ ၀ိပဿနာနည်းဟာ ပေါ်ရာပေါ်ရာတွေကို လိုက်လိုက်ပြီး သိမှတ်ပေးရတဲ့ နည်းဖြစ်တဲ့အတွက် ဒီနည်းကို အသုံးပြုပြီး စိတ်ကိုပြုပြင်ပေးကြည့်ဖို့ လိုပါတယ်။ စိတ်ကို ပြုပြင်မှု အားကောင်းလာ၊ သတိတရားနဲ့ ဖြစ်သမျှစိတ်ကို သိလာနိုင်၊ စိတ်ရဲ့ ဖြစ်ခိုက်ပေါ်ခိုက်ကို သိပြီး စိတ်ခေါ်ရာနောက်ကို မလိုက်နိုင်အောင် ပြုပြင်လာနိုင်ပြီ ဆိုရင်တော့ ရုပ်ကိုလည်း ပြုပြင်ပြီး ဖြစ်နေပါပြီ၊ ရုပ်ကိုအစွဲပြုပြီး ဖြစ်လာမယ့် ပြုပြင်စရာတွေကိုလည်း ပြုပြင်ပြီး ဖြစ်နေပါပြီ။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် နေ့စဉ်နေ့စဉ် ရုပ်ကိုပြင်နေကြသလို စိတ်ကိုလည်း တစ်နေ့ထက် တစ်နေ့ ကောင်းတဲ့စိတ်၊ ကိလေသာနည်းတဲ့စိတ်၊ ဒေါသနည်းတဲ့စိတ်၊ မာနနည်းတဲ့စိတ်၊ မနာလိုမှု၊ ၀န်တိုမှု နည်းတဲ့စိတ်လေးတွေ ဖြစ်အောင် မမေ့မလျော့ မပေါ့မဆတဲ့ သတိတရားနဲ့ ပြုပြင်ပေးကြည့်ကြဖို့၊ စိတ်ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အညစ်အကြေးများကို စိတ်နဲ့ပဲ သန့်ရှင်းအောင် ဆေးကြောပြုပြင်ပေးကြဖို့၊ ရုပ်ကိုပြင်ဖို့ အချိန်၊ လူ၊ ငွေ၊ ပစ္စည်းစတာတွေနဲ့ အားစိုက်ကြိုးစား ပြုပြင်ကြသလို စိတ်ကိုလည်း သီလ၊ သမာဓိ၊ ပညာသတိတရားများနဲ့ ကြိုးစားအားထုတ်ကာ ပြုပြင်ပေးကြဖို့ ဆုံးမဟောကြား ပေးကြခြင်း ဖြစ်ပါတယ်။ ဖြစ်သင့်တာကတော့ ရုပ်ကိုလည်းပြင် စိတ်လည်းပြင်တတ်ကြဖို့ပဲ ဖြစ်ပါတော့တယ်။ အားလုံး နာမ်ရုပ်နှစ်သင်း အမြင်ရှင်းအောင် ပြင်နိုင်ကြပါစေ…

Read more »

ဆူလာပြန်ပြီ ဆူနာမီ…

စိတ်ပင်ပန်းလို့ စိတ်နွမ်းပြေအောင် တရားတော်တွေနဲ့ စိတ်ပန်းဖြေချင်တယ်ဆိုမှ ဆူနာမီတရားနာမိလို့ အပန်းမပြေတဲ့အပြင် ပိုလို့တောင် နွမ်းနေပါတော့တယ်ဆိုတဲ့ ဒကာလေးတစ်ယောက်ရဲ့ အသံက နားထဲရောက်လာပြန်ပါတယ်။ ကိုယ်ကိုယ်တိုင်က အင်တာနက်စာမျက်နှာမှာ ဓမ္မအနှစ်သာရ သက်သက်တွေကိုပဲရေးပြီး တတ်နိုင်သမျှ နှစ်သက်မှုတွေကို မျှဝေပေးမယ်ဆိုတဲ့ ဆန္ဒနဲ့ သူတစ်ပါးကို ဝေဖန်တာ၊ တိုက်ခိုက်တာ၊ ဟိုလူ့အကြောင်းပြောတာ၊ ဒီလူ့အကြောင်း ပြောတာတွေ မလုပ်ဖြစ်အောင်၊ စာဖတ်သူများကို လောကီလောကုတ္တရာ အနှစ်တစ်ခုခုပဲ ပေးနိုင်အောင် ကြိုးစားနေပေမယ့် ခုတလော ဓမ္မစာမျက်နှာတွေမှာ ဆူနာမီနဲ့ ပတ်သက်ပြီး ပွဲက နဲနဲဆူလာပြန်တော့ စစ်မှန်တဲ့ အမှန်သစ္စာဘက်က ပူလာရပြန်ပါတယ်။

မကြာသေးခင်က အင်တာနက်ဓမ္မ စာမျက်နှာအချို့မှာ ဆူနာမီဆရာတော်နဲ့ ဒကာလေးအချို့တို့ အွန်လိုင်းမှာ ဆွေးနွေးမှုများကို တင်ထားတာတွေ့ပြီး သေချာအချိန်ပေး နားထောင်ဖြစ်ပါတယ်။ အမေးနွားကျောင်းသား အဖြေဘုရားလောင်းလို့ ဆိုတဲ့စကားကို ပြောင်းပြန်ဖြစ်အောင် ဖြေတဲ့ဘက်က ဝေ့လည်ကြောင်ပတ် လုပ်နေတာကို တွေ့ရပါတယ်။ ဘုရားလက်ထက်က တိတ္တိဆရာအချို့ရဲ့ အဖြေလို “ဟုတ်သလားဆို…မဟုတ်ဘူး၊ မဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်…”ဆိုတဲ့ ဟိုလိုလို ဒီလိုလို အဖြေတွေပဲ နားထောင်လိုက်ရပါတယ်။ တိကျတဲ့ အဖြေမရခဲ့ပါဘူး။ သေချာတာကတော့ ဘုရားဟော စာပေတွေဟာ ဆူနာမီအတွက် ဆူနာမီမုန်တိုင်းနဲ့အတူ ပျောက်ပါသွားနေပြီဆိုတာ သေချာပါတယ်။ သာသနာတော်ရဲ့ အသက်ဖြစ်တဲ့ ၀ိနည်းတော်ကို ထည့်မတွက်ဘဲ ဒါတွေက ပညတ်တွေပါဆိုပြီး အရာရာ ပညတ်နဲ့ပဲ ကိုင်ပေါက်နေတာကို တွေ့ရပါတယ်။ ၀ိနည်းဆိုတာ မြတ်ဗုဒ္ဓရဲ့ အာဏာဒေသနာဆိုတာကို မေ့ထားပြီး အာဏာကို တော်လှန်သလို ဖြစ်နေပါတယ်။ သာမန်ပုထုဇင်များမပြောနဲ့ ရဟန္တာမထေရ်များတောင် ၀ိနည်းတော်အတိုင်းမညီရင် အာပတ်သင့်စေလို့ ပညတ်တော်မူခဲ့တဲ့ ဘုရားအမိန့်တော်ကို ပရမတ်တစ်ခုတည်းကိုင်ပြီး အပိုင်ဆန့်ကျင်နေတာဟာ မုန်တိုင်းထက် ကြောက်စရာ ပိုကောင်းနေပါတယ်။ ငါ့တွေ့ငါတွေ့ဆိုပြီး ငါ့နည်းအတိုင်း ငါဟောတာဆိုပေမယ့် ဘုရားသားတော် ဖြစ်နေတဲ့အတွက် ဘုရားမျက်နှာကိုတော့ ကြည့်ဖို့လိုပါတယ်။ ဘုရားက မလုပ်နဲ့ဆိုတာကိုတော့ မလုပ်ဘဲ လိုက်နာဖို့ လိုပါတယ်။

ခုတော့ အဲလိုမဟုတ်ဘဲ ဘုရားမလုပ်နဲ့ဆိုတာကို မလိုက်နာရုံတင်မကဘူး ဘုရားမလုပ်တဲ့အရာတွေကိုပါ လုပ်နေတာကို သူ့အပြောနဲ့ သူ့အဟော၊ သူ့လုပ်ရပ်တွေက တိုက်ရိုက်ပြနေတာကို တွေ့ရပြန်ပါတယ်။ ဘုရားက လွတ်မြောက်မှုအတွက် နည်းပေးလမ်းပြမှုလောက်ပဲ ပြုပြီး လက်တွေ့ကျင့်ကြံမှု အပိုင်းက ကိုယ်ကိုယ်တိုင် လုပ်ရမယ်လို့ ဟောထားတာတွေနဲ့ ဆန့်ကျင်ပြီး ဆူနာမီက တရားအလုပ်ကို ကူလုပ်ပေးနေပါတယ်တဲ့။ ဘေးကနေ သတိပေးတဲ့အနေနဲ့ လမ်းညွှန်ပေးတာ မဟုတ်တော့ဘဲ တရားအားထုတ်သူတွေကို သူ့အစွမ်းတွေထည့်ပေးပြီး သူရထားတာတွေကို မျှပြီးပေးနေသလို လုပ်နေပါတယ်တဲ့။ သူ့ရဲ့နည်းတွေဟာ ယောဂီများအတွက် ကိုယ်ကိုယ်တိုင် ကျင့်ယူရမယ့် အရာကို သူ့အားနဲ့ အချောင်ယူနိုင်အောင် လုပ်ပေးနေသလို ဖြစ်နေပါတယ်။ သူ့ရဲ့နည်းတွေဟာ အားလုံးပညတ်တွေပဲ၊ အရာရာ ဘာမှမရှိဘူးဆိုပြီး ဟောပြောနေတာ တွေကြောင့် အယူလွဲနေတဲ့ နတ္ထိက၀ါဒ ဆန်ဆန်ဖြစ်နေပြန်ပါတယ်။ သမုတိသစ္စာနဲ့ ပရမတ္တသစ္စာနှစ်မျိုးမှာ ပရမတ္ထသစ္စာက အဓိကကျပေမယ့် ဆူနာမီကတော့ အစွန်းရောက်စေတဲ့အထိ ပရမတ်ကို ဟောပြောနေတာကို တွေ့နေရပါတယ်။ ပြီးတော့ အနတ္တ အနတ္တဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပြီး ဘုရားဟောတဲ့ အနတ္တနဲ့ ဆန့်ကျင်ပြီး သူတီထွင်ထားတဲ့ အနတ္တတွေနဲ့ သဒ္ဓါလွန်ကဲပြီး ပညာနည်းနေသူများကို ရိုက်သွင်းနေသလို ဖြစ်နေပါတယ်။

အဆိုးဆုံးက သူဟောပြောတာတွေကို ဗုဒ္ဓစာပေတွေနဲ့ မညှိတာဘဲ ဖြစ်ပါတယ်။ ငါတွေ့က အရေးကြီးပေမယ့် သဒ္ဓါပညာဝီရိယ အားတွေ ယုတ်လျော့လာနေတဲ့ ယနေ့ခေတ်ကြီးမှာ ဗုဒ္ဓစာပေတွေကပဲ စံတစ်ခုအဖြစ် မှန်မမှန်ကို စိစစ်ပေးနိုင်တာကို သူက စာပစ်ပြီး ငါဟစ်နေလေတော့ သူ့ရဲ့ငါတွေ့ဟာ အလွဲလမ်းအတွက် အားကိုးတစ်ခု ဖြစ်နေတာပါပဲ။ မဟာစည်ဆရာတော်ကြီး၊ မင်းကွန်းဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ ဖားအောက်တောရ ဆရာတော်ကြီး စတဲ့ သီလသမာဓိပညာ အားကောင်းလှတဲ့ ဆရာမထေရ်ကြီးများပင် စာပေအတိုင်း၊ စာပေနဲ့ညှိပြီး စာပေကို မလွန်စေဘဲ ဟောပြောပေးခဲ့တာ၊ ဟောပြောပေးနေတာတွေကို ဆန့်ကျင်ပြီး ဆူနာမီက ငါတွေ့တွေနဲ့ စာကိုမေ့နေတာတော့ လိုက်နာကျင့်ကြံသူတွေအတွက် ရင်လေးစရာ ဖြစ်နေပါတယ်။ ဒီလိုသာ ဆက်ပြီး စာပေကို ပစ်နေမယ်ဆိုရင်တော့ သူတီထွင်ထားတဲ့ အယူဝါဒတစ်ခု တည်ထောင်နေသလို ဖြစ်နေပါလိမ့်မယ်။ သူ့အနေနဲ့ ၀ါဒတစ်ခု တည်ထောင်တာက အရေးမကြီးပါဘူး။ အယူဝါဒမှိုင်းမိလို့ သူ့နောက်ကို လိုက်မိတဲ့ ကျင့်ကြံသူတွေပါ အလွဲလမ်းကို လိုက်မိနေပြီး ဆိုးကျိုးတွေ ကြုံလာတဲ့အခါမှ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးကို ကိုးကွယ်မိလို့ ဒီလိုဖြစ်တာပါလို့ ဆိုလာခဲ့ရင် ဘာသာသာသနာနဲ့ သံဃာ့ဥသျှောင် မထေရ်ကြီးများအထိ ပြောစရာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သူက၀ါဒတစ်ခု တည်ထောင်ပေမယ့် သူ့ဝါဒကို လိုက်နာသူများအနေနဲ့ ယုံကြည်မှုကို ပညာနှင့်ဆင်ခြင်နိုင်အောင် သတိပြုကြဖို့ လိုအပ်လှပါတယ်။ “ဆရာတစ်ပါး လွဲချော်သွားက တပည့်အများ အပါယ်လား၏..”လို့ ဆိုသလို မဖြစ်ရအောင် ဆရာအနေနဲ့ အလွဲမရှိစေဖို့နဲ့ တပည့်တွေအနေနဲ့လည်း အလွဲမမိဖို့ ကြိုးစားသင့်ပါတယ်။

ထားပါတော့။ ဒီနေရာမှာ သိစေလိုတာက ဟောတာပြောတာ ဖြန့်ဝေတာများဟာ ငါတွေ့ငါတွေ့ ဆိုပြီး ဗုဒ္ဓစာပေတွေနဲ့ ဆန့်ကျင်ပြီး မဖြစ်စေဖို့ အဓိကပြောလိုရင်း ဖြစ်ပါတယ်။ ကိုယ်တိုင်လိုက်နာကျင့်သုံးမှုဟာ အဓိကကျပေမယ့် သူတစ်ပါးကို ဟောကြားတဲ့အခါမှာတော့ ဗုဒ္ဓစာပေနဲ့ ညှိပြီး ဟောပြောပေးဖို့လိုပါတယ်။ ကိုယ်ကိုယ်တိုင်က သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်ဆိုရင်တော့ မဆိုလိုဘူးပေါ့။ အဲလိုမှမဟုတ်သေးရင် အမှားတွေ ဖြစ်နိုင်သေးတဲ့အတွက် ကိုယ့်ဝါဒကို သူများတွေကို ဟောကြားတဲ့အခါ အစွန်းမလွတ်အောင် စာပေနဲ့တိုက်ပြီး ဟောကြားစေချင်တာပါ။ အမှန်တော့ ဗုဒ္ဓစာပေမှာလာတဲ့အတိုင်း သွားတာက အမှားကင်းပြီး အကောင်းဆုံး လမ်းပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း မြောက်များစွာကတည်းက ဘုရားစာပေအတိုင်း ဟောပြောပို့ချလာခဲ့တဲ့ ဆရာတော်ကြီးများဆိုရင် ဘယ်သူမှ ဝေဖန်ထောက်ပြစရာမရှိဘဲ အခုချိန်အထိ စင်ပေါ်မှာ ရှိနေတယ်ဆိုတာကို ကိုယ်ပိုင်ဝါဒတွေနဲ့ ပေါ်ပြူလာဖြစ်အောင် ဖောက်ထွက်ဖို့ ကြိုးစားနေကြသူများ အနေနဲ့ အထူးသတိပြု သင့်လှပါတယ်။ လိုက်နာကျင့်သုံးသူများ အနေနဲ့လည်း ကိုယ်နဲ့အဆင်ပြေတယ်၊ အခိုက်အတန့် သမာဓိနိမိတ်လေးရပြီး ငြိမ်းချမ်းတယ်ဆိုရုံနဲ့ တရားတွေ့ပြီလို့ ကိုယ့်ကိုယ်ကိုသတ်မှတ်ကာ ဒီဆရာတော်ရဲ့ အယူဝါဒသာ အမှန်ဆိုပြီး ၀ါဒမှိုင်းမမိဘဲ သဒ္ဓါပညာ ညီမျှစွာ လိုက်နာကျင့်သုံးကြဖို့ အထူးလိုအပ်လှပါတယ်။

ဒါကြောင့် ဆူနာမီကို အကြောင်းပြုပြီး ဆူလာတာတွေကို ဓမ္မအနှစ်သာရများနဲ့ တည်ငြိမ်အေးချမ်း ငြိမ်းအေးစေဖို့၊ အမှားနည်းပြီး အမှန်လမ်းကို လျှောက်နိုင်စေဖို့ ဟောပြောသူများနဲ့ လိုက်နာသူများ အနေဖြင့် ဘုရားမျက်နှာကို ကြည့်ပြီး ဘုရားဟောတဲ့ အရာတွေနဲ့ ဆန့်ကျင်ပြီး မဟောပြော မပို့ချ၊ မလိုက်နာ မကျင့်သုံးကြဘဲ ငါအသိကို စာပေနဲ့ညှိကာ ဟောပြောပို့ချ၊ လိုက်နာကျင့်သုံးကြပါဟု စေတနာစကားဖြင့် အသိတရား ပါးလိုက်ရပါကြောင်း…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ