အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၁)…

အခြေခံဝိပဿနာတရား အားထုတ်နည်းအကြောင်း ရေးသားတင်ပြပြီးနောက်မှာ သူတော် ကောင်းများရဲ့ အသံတွေကို ပြန်လည်ကြားလာရပါတယ်။ တစ်ချို့က ကျေးဇူးတင်တဲ့အကြောင်း၊ တစ်ချို့က သဘောကျတဲ့အတွက် တစ်ခြားသူများကိုလည်း တစ်ဆင့်ပြန်လည် မျှဝေဖြစ်ကြောင်း၊ တစ်ချို့က သူတို့လို အတွေ့အကြုံမရှိတဲ့ သူတွေအတွက် အလွယ်တကူ နားလည်လွယ်၊ လိုက်နာကျင့်သုံးဖို့ လွယ်ကြောင်း စသဖြင့် ပြန်လည်တုံ့ပြန်မှုများကို ရခဲ့ပါတယ်။ တစ်ချို့ကတော့ နောက်ဆက်တွဲအနေနဲ့ ဆက်လက်ဖော်ပြပေးဖို့နဲ့ တစ်ချို့ကြပြန်တော့ အားထုတ်နည်းကို သဘောကျပေမယ့် ဘ၀ရပ်တည်ရေး ရုန်းကန်လှုပ်ရှားနေရတဲ့ အတွက် ဘယ်လိုမှကို တရားအားထုတ်ဖို့ အချိန်မရဖြစ်နေကြောင်း၊ ဒါကြောင့် ဒီလို အချိန်မရတဲ့ သူတွေအတွက် ရနိုင်သမျှ လေ့ကျင့်နိုင်မယ့်နည်းလေးများကို ဆက်လက်ရေးသား ဖော်ပြပေးဖို့ လျှောက်ထားပါကြောင်း တောင်းဆိုလာကြပါတယ်။ ဒီလိုဒီလို ပြန်လည်တုံ့ပြန်မှုများကြောင့် ၀ိပဿနာ တရားအားထုတ်နည်း နောက်ဆက်တွဲကို ဆက်လက်ရေးသား တင်ပြပေးဖြစ်ခဲ့ပါတယ်။

ဘ၀ရဲ့ စားဝတ်နေရေး လှုပ်ရှားမှုတွေကြောင့် ဘယ်လိုမှ မအားလပ်တဲ့ သူတွေအများကြီး ရှိနေတယ်ဆိုတာ နားလည်ပေမယ့် ဒီလိုမအားလပ်မှုတွေကြောင့် တရားအားထုတ်ချင်ပေမယ့် အားမထုတ်နိုင် ဖြစ်ရတယ် ဆိုတာကိုတော့ ပြောပြပေးဖို့လိုပါတယ်။ တကယ်တော့ ၀ိပဿနာ အလုပ်ဆိုတာ ရိပ်သာသွားပြီး အချိန်ပြည့် ထိုင်ပြီးမှ အားထုတ်ရတဲ့ တရားအားထုတ်မှု မဟုတ်ပါဘူး။ အသက်ရှင်နေရင်၊ စိတ်နဲ့ခန္ဓာကိုယ်ရှိနေရင်၊ ခန္ဓာငါးပါး ရှိနေရင် ဘယ်လိုနေရာ၊ ဘယ်လိုအနေအထား၊ ဘယ်လိုအချိန်မှာမဆို အားထုတ်လို့ ရပါတယ်။။ နေ့စဉ် လှုပ်ရှားမှုများထဲမှာကိုပဲ လှုပ်ရှားနေတုန်း တရားအားထုတ်နိုင်တဲ့ နည်းတွေရှိပါတယ်။ အမှန်တော့ သတိအမှတ်သာ ရှိနေမယ်ဆိုရင် အဲဒီလှုပ်ရှားမှုတွေကပဲ တရားမှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာပါ။ တရားရှာ ကိုယ်မှာတွေ့ဆိုသလို ဘုရားရှင်ကလည်း ခန္ဓာကိုယ်ရဲ့ ဖြစ်သမျှ အနေအထားတွေ အပေါ်မှာ တရားရှာနိုင်ကြောင်း ဟောတော်မူပါတယ်။ ခန္ဓာကိုယ်က ထိုင်နေတဲ့အခါမှာလည်း ထိုင်နေတဲ့အနေအထား၊ လဲလျောင်းနေတဲ့အခါမှာလည်း လဲလျောင်းနေတဲ့ အနေအထား၊ ရပ်နေရင်လည်း ရပ်နေတဲ့အနေအထား၊ သွားနေရင်လည်း သွားနေတဲ့ အနေအထား စတဲ့ ဘယ်လိုပုံစံမျိုးမှာမဆို တရားရှာနိုင်ပါတယ်တဲ့။ ဒါကို မဟာသတိပဋ္ဌာနသုတ်မှာ ဣရိယာပုတ်ကို ဆင်ခြင်နည်းအဖြစ် ဖွင့်ပြထားပါတယ်။

ဒီသုတ်တော်မှာ ဗုဒ္ဓမြတ်စွာက “ရဟန်းတို့… ရဟန်း (တရားအားထုတ်တဲ့ ယောဂီ)သည် သွားလျှင်လည်း သွားသည်ဟု သိ၏။ ထိုင်လျှင်လည်း ထိုင်သည်ဟု သိ၏။ ရပ်လျှင်လည်း ရပ်သည်ဟု သိ၏။ လျောင်းလျှင်လည်း လျောင်းသည်ဟု သိ၏။ ထိုရဟန်း (ယောဂီ)၏ ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏။ ထိုရုပ်အပေါင်းကို ထိုထိုအမူအရာအားဖြင့် သိ၏” လို့ ဟောတော်မူထားပါတယ်။ ဒီဟောကြားချက်ကို ကြည့်ရင် တရားမှတ်တာ ဘယ်လိုပုံစံမျိုးမှာမဆို မှတ်နိုင်တယ်ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင်က “ရဟန်းတို့ တစ်ဖန် ထို့ပြင် ရဟန်းသည် ရှေ့သို့တိုးရာ၊ နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိ၏။ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကွေးရာဆန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ သိလျှက် ပြုလေ့ရှိ၏။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ သွားရာရပ်ရာ ထိုင်ရာအိပ်ရာ နိုးရာ တိတ်ဆိတ်နေရာ၌ သိလျက် ပြုလေ့ရှိ၏။”ဟု အသေးစိပ် ထပ်မိန့်ပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် မြတ်ဗုဒ္ဓက နေ့စဉ်လှုပ်ရှားမှုများမှာပဲ မှတ်တတ်အောင်၊ မှတ်နိုင်အောင် မိန့်တော်မူထားတာကို တွေ့ရပါတယ်။ နောက်ဆုံး အပေါ့အလေး အညစ်အကြေး စွန့်တာကအစ အမှတ်သတိနဲ့ ပြုမူမယ်ဆိုရင် အမှတ်အာရုံ ဖြစ်ကြောင်း အတိအလင်း ရှင်းတော်မူထားပါတယ်။ ဒါကြောင့် အလုပ်တွေများပြီး မအားလို့ တရားအားမထုတ်နိုင်ဘူး ဆိုသူတွေအတွက် မြတ်ဗုဒ္ဓရဲ့ ဖော်ပြပါ ဟောကြားချက်များက ဒီလိုနေ့စဉ် လှုပ်ရှားနေမှုများ၊ မအားလပ်မှုများကပင် မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတယ်ဆိုတာ သတိပြုခိုင်းနေပါတယ်။

မှန်ပါတယ်။ တကယ့်ကို သတိအမှတ်နဲ့သာ မှတ်သိနေမယ်ဆိုရင် လူတိုင်းလူတိုင်းရဲ့ နေ့စဉ်လှုပ်ရှား ရုန်းကန်မှုတွေဟာ မှတ်စရာတွေပါပဲ။ နေ့စဉ်ဖြစ်ပျက် လှုပ်ရှားနေတဲ့အတွက် သတိမမူမိ ဖြစ်နေကြလို့သာ တရားအားထုတ်ဖို့ အချိန်မရ ဖြစ်နေကြတာပါ။ သတိကပ်ပြီး ဘာပဲဖြစ်ဖြစ် သိနေလိုက်ရင် နေ့စဉ်လှုပ်ရှားမှုတွေဟာ တရားအမှတ်တွေပါပဲ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်က လွဲလို့ မနက်အိပ်ရာကထ ညအိပ်ရာဝင် အိပ်မပျော်ခင် အချိန်အထိ ဖြစ်ပျက်နေတာတွေဟာ မှတ်စရာ အာရုံတွေပါပဲ။ ဒီအဖြစ်အပျက်တွေကိုသာ လိုက်သိနေမယ်ဆိုရင် ရိပ်သာသွားပြီး အထွေအထူး တရားအားထုတ်ဖို့တောင် လိုမယ်မထင်ပါဘူး။ မနက်အိပ်ရာက နိုးတာနဲ့ တစ်ပြိုက်နက် စိတ်မှာ အသိဝင်လာပါပြီ။ အဲဒီအချိန်ကစပြီး ကိုယ့်ရဲ့အမူအရာကို စိတ်နဲ့မြင်အောင် ကြည့်ကြည့်ပါ၊ မှတ်ကြည့်ပါ။ အိပ်ရာက နိုးနိုးချင်း ချက်ချင်းမထချင်သေးလို့ လှဲနေတဲ့အချိန်မှာ စိတ်ကိုနှာသီးဖျားမှာ အာရုံပြုလို့ ထွက်သက်ဝင်သက်လေး မှတ်ကြည့်ပေါ့။ ထလာပြီး စောင်ခေါင်းအုံး ခေါက်သိမ်းတဲ့ အခါလည်း အဲဒီလှုပ်ရှားမှုကို သတိထားပြီး လုပ်ကြည့်လိုက်ပါ။ စောင်ကိုမတာ၊ လက်နှစ်ဖက်နဲ့ ခေါက်နေတာ၊ ပြီးတော့ သိမ်းတာစသဖြင့် ဘာပဲလုပ်လုပ် အဲဒီလုပ်နေတဲ့ လှုပ်ရှားမှုမှာ အသိလေးတွေနဲ့ လိုက်လုပ်ကြည့်လိုက်ပါ။ အဲဒီလို သိပြီးလုပ်နေတဲ့ အချိန်မှာ ကိုယ့်စိတ်မှာ တစ်ခြားလောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ စတာတွေ ကင်းနေတတ်ပါတယ်။ လုပ်သမျှ လှုပ်ရှားမှုတွေအပေါ် သိပြီးနေနေတာ၊ သိပြီးလုပ်နေတာတွေဟာ တရားအားထုတ်နေတာပါပဲ။

ပြီးတော့ ရေချိုးခန်း အိမ်သာဝင်ဖို့ သွားတဲ့အခါမှာလည်း လှမ်းတဲ့ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်လိုက်ပါ။ ဘယ်ခြေလှမ်းရင် ဘယ်လှမ်းတယ်၊ ညာခြေလှမ်းရင် ညာလှမ်းတယ်လို့ သိပြီး လှမ်းသွားကြည့်လိုက်ပါ။ ဒါဟာ ခြေလှမ်းတိုင်းအတွက် သိမှတ်နေတာဖြစ်ပြီး ဒီလိုသိပြီး လှမ်းနေတဲ့အချိန်မှာ ကိုယ့်သန္တာန်မှာ တစ်ခြားကိလေသာတွေ မဖြစ်ပါဘူး။ လှမ်းတိုင်းလှမ်းတိုင်း သိပြီးလှမ်းနေမယ်ဆိုရင် ဒီခေတ်ပြောနေတဲ့ ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုတာထက် ပိုပြီးအကျိုးကြီးနေပါတယ်။ ဆရာတော်တစ်ပါးက သူ့ယောဂီစစ်သားတစ်ယောက်ကို တရားပြတုန်းက “ဘယ်လှမ်းရင်လည်း ဘယ်လှမ်းတယ် ညာလှမ်းရင်လည်း ညာလှမ်းတယ်လို့ သိပြီးလှမ်းပါ”လို့ သင်ပြတဲ့အခါ အဲဒီစစ်သားက “ဒါလား…တရားအားထုတ်တာ စစ်တပ်မှာဆို နေ့တိုင်းဘယ်ညာ အော်နေရတာ“လို့ ပြောပါတယ်တဲ့။ ဒီတော့ ဆရာတော်က စစ်သားလေးကို “အဲဒီလို အော်ပြီးဘယ်ညာ လှမ်းတုန်းက လှမ်းနေတဲ့အမူအရာ ဘယ်ညာခြေလှမ်းတွေကို သိပြီးလှမ်းဖူးလား”လို့ မေးလိုက်တော့မှ စစ်သားလေးက “ဒီလိုပဲ နေ့စဉ်လှမ်းနေကျဆိုတော့ လှမ်းလိုက်တာပဲ”လို့ ဖြေပါတယ်။ ဒီတော့ ဆရာတော်က “အခုမှတ်ခိုင်းတာက အဲဒီလို မသိဘဲ လှမ်းနေတာတွေကို သိပြီးလှမ်းခိုင်းတာပဲ”လို့ မိန့်တော့မှ စစ်သားလေး သဘောပေါက်သွားတယ်လို့ ပြောဖူးပါတယ်။

ဟုတ်ပါတယ်။ ဒီအတိုင်းပါပဲ။ ဘယ်သူမဆို ခြေလှမ်းတွေတော့ လှမ်းနေကြတာပါပဲ။ ဒါပေမယ့် လှမ်းတဲ့ခြေလှမ်းတိုင်းကို အသိမကပ်ဘဲ လှမ်းနေကြခြင်းပါ။ ပုံမှန်သွားလာနေတဲ့အတွက် ဒီသွားလာနေတဲ့ အပေါ် သတိမပြုမိခြင်း ဖြစ်ပါတယ်။ သွားလာနေတဲ့ ခြေလှမ်းတွေဟာ သိပြီးလှမ်းနေရင် လှမ်းတိုင်းလှမ်းတိုင်း မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာကို သတိမပြုမိကြခြင်း ဖြစ်ပါတယ်။ အသိဒကာမလေး တစ်ယောက်ကို ဒီသွားနေတဲ့ ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်ပါ စိတ်တည်ငြိမ်ပါတယ်လို့ ပြောပြဖူးပါတယ်။ တစ်နေ့ အဲဒီဒကာမလေးဟာ စာကြည့်တိုက်က အပြန်မှာ ဒီစကားလေးကို သတိရပြီး သူလှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာ သိပြီးလှမ်းကြည့်တဲ့အကြောင်း၊ ဒီလို သိပြီးလှမ်းလာခဲ့တဲ့အတွက် စိတ်မှာတစ်ခြား အတွေးတွေ မ၀င်ဘဲ လှမ်းနေတဲ့ ခြေလှမ်းတိုင်းဟာ ပေါ့ပါးသွက်လပ်နေကြောင်း၊ နောက်ဆိုရင် ဘယ်သွားသွား လှမ်းတဲ့ခြေလှမ်းတွေကို တတ်နိုင်သမျှ သိပြီးလှမ်းသွားနိုင်အောင် ကြိုးစားလေ့ကျင့် ကြည့်ပါမည့်အကြောင်း လျှောက်ထားဖူးပါတယ်။ ဒါကြောင့် နေ့စဉ်သွားလာနေရတဲ့ ကိုယ့်ရဲ့သွားနေတဲ့ ခြေလှမ်းတိုင်းကို တစ်ခါတစ်လေ သိပြီးလှမ်းကြည့်ကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။

ပြီးတော့ ရေချိုးခန်းရောက်၊ မျက်နှာသစ်တဲ့အခါမှာလည်း ရေခွက်ကိုင်တာ၊ ရေထည့်တာ၊ ရေကိုလက်နဲ့ခံတာ၊ လက်နဲ့မျက်နှာကို ပွတ်တာတွေ၊ သွားတိုက်ဖို့ သွားတိုက်တံကို ကိုင်တာ၊ သွားတိုက်ဆေးထည့်တာ၊ မှန်ကြည့်ပြီး သွားတိုက်နေတာတွေက အစ ရေချိုးခန်း၊ အိမ်သာတွင်းမှာ လှုပ်ရှားနေတဲ့ အမူအရာ မှန်သမျှကို လှုပ်ရှားမှုနဲ့ သိမှုတစ်ခါတည်း ကပ်နေ၊သိနေတယ်ဆိုရင် ဒါဟာ တရားအားထုတ်နေတာပါပဲ။ နေ့စဉ်အလုပ်တွေထဲမှာ တရားရှာနေတာ၊ တရားအားထုတ်နေတာပါ။ ဘုရားရှင်က ဘယ်လောက်အထိတောင် ပြောလည်းဆိုရင် အိမ်သာဝင်ပြီး အိမ်သာတက်တာကအစ သိပြီးလှုပ်ရှားနေဖို့ ပြောပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ် လှုပ်ရှားမှုမှန်သမျှကို စိတ်က သိနေဖို့ပါပဲ။

နေ့စဉ်လှုပ်ရှားမှုတွေထဲက တစ်ခြား အ၀တ်အစားလဲတာ၊ အလှပြင်တာ၊ မနက်စာပြင်စားတာ၊ အိမ်ကထွက်ပြီး လုငန်းခွင်းသွားတဲ့အခါ၊ ကားရထားစီးဖို့ စောင့်နေတဲ့အခါ၊ ကားပေါ်ရထားပေါ်မှာ ထိုင်နေတဲ့အခါ စတဲ့ ကိုယ့်ရဲ့လှုပ်ရှားမှု ဣရိယာပုတ်တွေမှာလည်း သိသိပြီး နေမယ်ဆိုရင် ဒါဟာ တရားအားထုတ်တာပါပဲ။ တစ်ခြားအချိန်တွေမှာ မသိနိုင်တာတောင်မှ ကားပေါ်ရထားပေါ်မှာ ထိုင်ပြီး နေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့နှာသီးဖျားလေးမှာ စိတ်ကို ကပ်ထားပြီး မျက်လွှာလေးကို မသိမသာချလို့ ထွက်လေ၊ ၀င်လေလေးတွေကို နှာသီးဖျားက တိုးထွက်တိုးဝင်လာတဲ့ အတိုင်း အစအဆုံး သိနေမှတ်နေဖြစ်ရင်ကိုပဲ နေ့စဉ်လှုပ်ရှားမှုတွေထဲက တရားအားထုတ်မှုလေးတွေ ဖြစ်နေတာပါ။ လုပ်ငန်းခွင်မှာလည်း အလုပ်ရှိလို့ အလုပ်လုပ်နေတဲ့ အချိန် လှုပ်ရှားနေတဲ့ အလုပ်အပေါ်မှာ အသေးစိပ်သိပြီး လိုက်လုပ်နေရင်လည်း စိတ်က အလုပ်မှာပဲ အာရုံရောက်ကာ တည်ငြိမ်နေပါတယ်။ ဒီလို အချိန်မှာ ကိုယ့်စိတ်မှာ လောဘဖြစ်စရာ။ ဒေါသဖြစ်စရာ စတာတွေ မရှိဘဲ ဖြစ်နေတတ်လို့ အလုပ်လုပ်ရင်း တရားမှတ်နေဖြစ်ပါတယ်။ အလုပ်မရှိလို့ ထိုင်နေတဲ့အခါလည်း အားတာနဲ့ အာနာပါနလေး လုပ်ကြည့်မယ်ဆိုရင် ဒါဟာ တရားမှတ်ဖြစ်သွားတာပါပဲ။ နောက်ဆုံး အိမ်ပြန်ရောက်လို့ စားသောက်ပြီး လုပ်စရာရှိတာတွေကို တတ်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်ပြီးလို့ အိပ်ရာဝင်တဲ့အချိန် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အိပ်ရာပေါ်လှဲချ၊ မျက်လွှာလေးချ၊ စိတ်ကိုနှာသီးဖျားမှာ အာရုံပြု၊ ထွက်လေ၀င်လေ အစအဆုံး လိုက်သိပြီး အိပ်ပျော်သွားတဲ့အထိ မှတ်သိနိုင်လိုက်ပြီဆိုရင်တော့ အဲဒီနေ့တစ်နေ့လုံး ကိုယ့်အတွက် တရားအားထုတ်မှုနဲ့ အဆုံးသတ်သွားခဲ့ပါပြီ။ ဒီလိုနည်းနဲ့ မနက်အိပ်ရာထမှ ညအိပ်ရာဝင်တဲ့အထိ လှုပ်ရှားမှုများအပေါ် သတိကပ်ကာ တရားမှတ်နိုင်ပါတယ်။ တကယ်မှတ်ချင်ရင် အခုပြောခဲ့သလို တစ်နေ့တာ လှုပ်ရှားမှုများမှာ ကြိုက်သလို မှတ်နိုင်ပါတယ်။ သတိသာ ထားလိုက်မယ်ဆိုရင် မှတ်စရာတွေချည်းပါပဲ။

ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် တကယ်တရား အားထုတ်ချင်တယ်ဆိုရင် အထပ်ဖော်ပြပါအတိုင်း နေ့စဉ်လှုပ်ရှားမှုများကိုပဲ တတ်နိုင်သမျှ သိအောင်ကြိုးစား နေနိုင်ပါက စားဖို့သောက်ဖို့ ရှားရင်း တရားအလုပ်ပါ တစ်ခါတည်း လုပ်ပြီးသား ဖြစ်နေတာပါလို့ ဆိုခြင်းဖြစ်ပါတယ်။ အချုပ်ကတော့ ဘုရားရှင် မိန့်တော်မူသလို လျောင်း၊ထိုင်၊ရပ်၊သွား လေးပါးဣရိယာများနဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်လိုအနေအထားမျိုး တွေမှာမဆို သိပြီးလှုပ်ရှားနေပါက နေ့စဉ်အလုပ်တွေမှာ ဉာဏ်စဉ်တွေ ထုတ်ဖြစ်နေတာဖြစ်လို့ ဘာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် ဖြစ်ခိုက်လုပ်ခိုက်ကို သိအောင်လုပ်ပါလို့ ဆိုတာပါပဲ။
နောက်ဆက်တွဲများကို အဆင်ပြေသလို ဆက်လက်တင်ပြပေးသွားပါမည်…

Read more »

ဟောင်းနွမ်းနေတဲ့ ဘုရားပုံများ၊ ပန်းချီကားချပ်များနဲ့ တရားစာအုပ်များကို ဘယ်လိုလုပ်သင့်ပါသလဲ…

Q. အရှင်ဘုရား…
တပည့်တော် တစ်ခုလောက် မေးလျှောက်ချင်ပါတယ်ဘုရား။ တပည့်တော်တို့အိမ်မှာ ချိတ်ထား၊ ပူဇော်ထားတဲ့ ဘုရားပုံတော်များ၊ ဘုရားပုံပါတဲ့ ပန်းချီကားများနဲ့ ဟောင်းနွမ်းဆုတ်ပြဲနေတဲ့ တရားစာအုပ်များ ရှိပါတယ်။ အဲဒီ ဘုရားပုံတွေနဲ့ ပန်းချီကားတွေဟာ ချိတ်ဆွဲထားလို့လဲ အမြင်မကောင်းဖြစ်နေတဲ့ အပြင်၊ ဘုရားစာအုပ် အဟောင်းတွေကလည်း ကြာလာတော့ ပိုးတွေထိုးပြီး ပျက်ဆီးလာပါတယ်။ ဒါတွေကို အမှိုက်ပုံမှာ သွားစွန့်ရင် ဘုရားပုံတွေ၊ ပန်းချီကားတွေ ဖြစ်လို့ အပြစ်ဖြစ်မှာ ကြောက်ပါတယ်၊ စာတစ်လုံး ဘုရားတစ်ဆူဆိုတဲ့ အတွက် တရားစာအုပ်ကို လွင့်ပစ်ရောင်းစားပစ်ရင်လည်း မကောင်းဘူးလို့ထင်ပါတယ်။ တပည့်တော်ကို ဒီပုံတော်တွေနဲ့ စာအုပ်တွေကို အပြစ်မဖြစ်အောင် ဖြေရှင်းနည်းလေး ချီးမြှင့်ပေးတော်မူပါဘုရား..။ ကျေးဇူးကြီးလှပါတယ်။
ဒေါ်ယဉ်ယဉ်ထွေး


A. ဒကာမရေ… ဒီလိုအခက်အခဲတွေက အိမ်တွေမှာရော ဘုန်းကြီးကျောင်းတွေမှာပါ ဖြစ်တတ်ပါတယ်။ ဘုရားပုံတွေဖြစ်လို့ ဖြစ်သလို လွင့်ပစ်ဖျက်ဆီးပစ်ပြန်ရင်လည်း ကိုယ့်စိတ်ကိုက မသန့်ဖြစ်နေတတ်ပါတယ်။ စေတနာ ရည်ရွယ်ချက် မရှိပေမယ့် အပြစ်လုပ်မိတယ်လို့ ထင်တတ်ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ သန့်သန့်ပြန့်ပြန့် နေရာတစ်ခု၊ ဒါမှမဟုတ် သံပုံးတစ်ခုခုမှာ အားလုံးစုပုံပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ။ ဘုန်းဘုန်းကျောင်းမှာဆိုလည်း ဒီလိုနည်းနဲ့ပဲ ဖြေရှင်းဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးပြီး မီးပူဇော်လိုက်တဲ့အတွက် ဒီဘုရားပုံတော်များ၊ ဘုရားစာအုပ်အဟောင်းများကို တစ်ခြားသူတွေ အနေနဲ့လည်း အသုံးမပြုဖြစ်တော့ပါဘူး။ ရှင်းလင်းဖြေရှင်းလိုက်တဲ့ ကိုယ့်မှာလည်း မီးပူဇော်လိုက်တယ်လို့ စိတ်ထဲမှာ ဖြစ်နေတဲ့အတွက် စိတ်သန့်ရှင်းသွားပါတယ်။ ဘုရားရှင်ရဲ့ ရုပ်ကလာပ်တော်ကို တေဇောဓာတ် လောင်မြိုက်တဲ့သဘော အာရုံယူပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါကြောင့် လွင့်ပစ်ရခက်၊ ထားရခက်တဲ့ ဘုရားပုံတော်များ၊ ပန်းချီများနဲ့ တရားစာအုပ် အဟောင်းများကို တွေ့ရာမှာ ဖြစ်သလို စွန့်ပစ်တာမျိုး မလုပ်ပဲ သန့်ရှင်းသပ်ရပ်တဲ့ နေရာတစ်ခုမှာ မီးပုံရှို့ပြီး မီးပူဇော်တဲ့နည်းနဲ့ ဖြေရှင်းတာဟာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားပေးလိုက်ပါတယ်။

Read more »

မရှိတောင့်တ ရှိကြောင့်ကြ…

“မရှိမကောင်း၊ ရှိမကောင်း”ဆိုတဲ့ စကားလေးကို ကြားမိတော့ ကိုယ့်အဖြစ်နဲ့နှိုင်းပြီး စဉ်းစားမိပါတယ်။ “မရှိမကောင်း၊ ရှိမကောင်း”တဲ့ အဖြစ်တော့ မဟုတ်ဘူး၊ “မရှိတောင့်တ၊ ရှိကြောင့်ကြ”တဲ့ အဖြစ်ပါ။ ဘာမှမရှိတော့လည်း ရှိချင်နေပြီး၊ ရှိလာပြန်တော့ အဲဒီရှိနေတဲ့ အပေါ်မှာ ကြောင့်ကြစိုက်နေရ၊ ပူပင်နေရတဲ့ အဖြစ်ပါ။ တစ်ခါတစ်လေကျတော့ “အင်း… မရှိတာက ပိုကောင်းပါလား..”လို့လည်း တွေးမိပြန်ပါတယ်။ ဒီနေ့ခေတ်လို ရုပ်ပိုင်းဆိုင်ရာတွေ တစ်ခုပြီးတစ်ခု တိုးတက်နေတဲ့ အခါမျိုးမှာ ပိုဆိုးတာပေါ့။ လိုချင်စရာတွေ၊ ရချင်စရာတွေကလည်း အများကြီးပဲလေ။ ပုထုဇင် သဘာဝ စိတ်ဆိုတာကလည်း အခက်သားပဲ။ သူများရှိတော့ ကိုယ်လည်းရှိချင်၊ သူများရတော့ ကိုယ်လည်းရချင် တတ်ပါတယ်။ သူများရှိတာ ကိုယ့်မှာမရှိရင် ရှိချင်ကြတယ်၊ ရှိအောင်တောင့်တကြတယ်၊ ရှိအောင်လုပ်ကြတယ်လေ။ ရှိလာပြန်တော့ တစ်ခါ အဲဒီအရာတွေအပေါ် စိုးရိမ်လာရ၊ ကြောင့်ကြစိုက်လာရ၊ တစ်ခုခုများ ဖြစ်သွားမလားလို့ ပူလာရ ပြန်ပါတယ်။ ဒါကြောင့်ပဲ “မရှိတောင့်တ၊ ရှိကြောင့်ကြ”ဆိုတဲ့ စကားကို ပြောဆိုသုံးနှုန်းကြတာ နေမှာပါ။

ဟုတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်ရင် ဘာမှမရှိ၊ ဘာမှ မဖြစ်တဲ့ အချိန်တုန်းကနဲ့ အခု နဲနဲလေးရှိလာ၊ ဖြစ်လာတဲ့အချိန် တော်တော်ကွာခြားနေတာ တွေးမိပါတယ်။ ဟိုတုန်းက အချိန်ထက် အခုအချိန်က ပိုပြီးပူပင်စရာတွေ၊ ကြောင့်ကြစိုက်စရာတွေ၊ လွတ်လပ်မှု မရှိတာတွေ တဖြည်းဖြည်း ပိုပိုများလာနေတယ်လို့ ထင်မိပါတယ်။ တကယ်လည်း အဲလိုပါပဲ။ ကိုယ်တင်ပဲလားဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က သူတွေလည်း ဒီလိုပါပဲ။ သူတို့ကို ကြည့်လိုက်ရင် မအားရတာနဲ့၊ မလွတ်လပ်တာနဲ့၊ သူတို့မရှိလို့ မဖြစ်တာတွေနဲ့ဘဲ တစ်ခုခု တိုင်ပင်ပြီး လုပ်ကြမယ်၊ တစ်နေရာရာကို စုပေါင်းပြီး သွားကြမယ်ဆို ညှိနှိုင်းလို့ကို မရဖြစ်နေပြန်ပါတယ်။ ဟိုတုန်းကဆို သူငယ်ချင်းတွေ၊ မိတ်ဆွေအပေါင်း အသင်းတွေ ဘာပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား တက်ညီလက်ညီ စည်းစည်းလုံးလုံး ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားလို့ ရခဲ့ကြပါတယ်။ ခုတော့ အဲဒီလို အခွင့်အရေးတွေ မရှိတော့သလို ဖြစ်နေပါတယ်။ “အော်… အဲဒီတုန်းက ဘာမှမရှိ၊ ဘာမှမှ မဖြစ်သေးတာပဲ..”လို့ ဖြေတွေးလေး တွေးကြည့်ပေမယ့် အဲဒီတုန်းကလည်း အဲဒီအလျှောက် မရှိသေး၊ မရသေးတာတွေ တောင့်တရင်း ခုလောက် ဒုက္ခမကြီးတာတောင် ဒုက္ခလေးတွေနဲ့ ဖြတ်သန်းခဲ့ရပြီး အခုလို နဲနဲရှိလာ၊ နဲနဲရလာပြန်တော့လည်း ဒီအရာတွေအပေါ်မှာ ကြောင့်ကြစိုက်ရင်း ဒုက္ခတွေက ရှိလာရပြန်ပါတယ်။ အရင်းစစ်တော့ မရှိတော့လည်း မရှိတဲ့ဒုက္ခ၊ ရှိတော့လည်း ရှိတဲ့ဒုက္ခတွေ ဖြစ်နေပြီး မရှိတဲ့အခါတောင့်တလို့ ရှိတဲ့အခါ ကြောင့်ကြနေရတဲ့ သဘောပါပဲ။ ကောင်းတာတော့ နှစ်ခုလုံး မကောင်းလှပါဘူး။

ကောင်းမကောင်းတော့ မသိဘူး။ စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ပကာသန စတာတွေဟာ ပုထုဇင်တွေရဲ့ စိတ်အစဉ်ကို ဒုက္ခဖြစ်စေတာတော့ အသေအချာပါပဲ။ ဒီအရာတွေ မရှိသေးခင်တုန်းကလည်း ရှိချင်ရချင်လို့ ကြိုးစားလိုက်ကြ၊ လှုပ်ရှားလိုက်ကြ၊ ပင်ပန်းလိုက်ကြရသလို ရှိလာပြန်တော့လည်း ပျက်စီးသွားမှာ၊ ပျောက်ပျက်သွားမှာ၊ ကျရှုံးသွားမှာ၊ ပြုတ်ကျသွားမှာတွေအတွက် ပူပန်ကြောင့်ကြ လာရပြန်ပါတယ်။ ပိုဆိုးတာက ရရှိလာတဲ့ ဒီစည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ပကာသနတွေကို အမှီပြုပြီး လောဘတွေ ကြီးလာတာ၊ ဒေါသတွေ အားကောင်းလာတာ၊ မာနတွေ တိုးလာတာတွေပါ။ လူလူချင်း မတူသလို မတန်သလို ဖြစ်လာတာတွေပါ။ ကိုယ်ရဲ့ ဒီအရာတွေ မရှိခင်က အချိန်တွေမှာ ကိုယ်လည်းဒီလို တောင့်တခဲ့ရတာတွေကို မေ့နေပြီး ရှိလာရလာတဲ့ အပေါ်မှာ အမြဲထာဝရ တည်တံ့နေ၊ မြဲမြံခိုင်ခံ့နေတယ်လို့ ထင်နေကာ ဘ၀မေ့နေတဲ့ အဖြစ်တွေပါ။ သေချာတွေးကြည့်ရင် ဒီစည်းစိမ်ဥစ္စာ၊ ရထူးဌာန၊ ဂုဏ်ပကာသနတွေဟာ လူကိုပျက်ဆီးစေတယ် ဆိုတာ ထင်ရှားပါတယ်။ ဒီအရာတွေနဲ့ ပတ်သက်လာရင်၊ ဒီရရှိထားတဲ့ အရာတွေ မြဲမြံနေဖို့ဆိုရင် မိဘအပေါ်လည်း ပစ်မှားတတ်၊ ဆရာသမားအပေါ်လည်း မကောင်းလုပ်တတ်၊ ဆွေမျိုးတွေအပေါ်လည်း မကောင်းကြံတတ်၊ မိတ်ကောင်းဆွေကောင်းတွေ အပေါ်လည်း အသုံးချတတ် နောက်ဆုံး ရတနာသုံးပါး အပေါ်အထိ လစ်လျူရှုလာတတ်ပါတယ်။ အရင်းစစ်တော့ မရှိခင် တောင့်တခဲ့တဲ့ အရာတွေ ရရှိလာတဲ့အပေါ်မှာ ပျောက်ပျက်၊ ဆုံးရှုံးသွားရမှာကို ကြောင့်ကြပူပန်မှုကြောင့်ပဲ ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာ၊ ရထူးဌာနန္တရ၊ ဂုဏ်ပကာသနတွေရဲ့ ဖမ်းစားမှုမှ ရှုန်းမထွက်နိုင်လို့၊ ရှုန်းမထွက်ချင်လို့ပဲ ဖြစ်ပါတယ်။

လက်တွေ့ဘ၀မှာလည်း ဒီအဖြစ်တွေနဲ့ ကျင်လည်နေကြသူတွေ အများကြီးရှိပါတယ်။ အသိတစ်ယောက်ဆိုရင် ရထူးတိုးချင်လို့ဆိုပြီး သူ့ဆိုင်ရာဆိုင်ရာတွေကို ဖားနေရတာ မမောနိုင်၊ မပန်းနိုင်ပါပဲ။ ဟိုဟာလေးပေးရ၊ ဒါလေးပေးရနဲ့ တစ်ခုပြီးတစ်ခု လိုက်လုပ်နေတယ်လေ။ သူ့ကိုကြည့်ပြီး ပင်ပန်းလိုက်တာလို့ ကိုယ်ကတွေးနေပေမယ့် သူကတော့ သူတောင့်တတဲ့ အရာကို လိုချင်နေတော့ ဒုက္ခမှန်း သိသိနဲ့ပဲ လုပ်ပြနေရပါတယ်။ ရာထူးဂုဏ်လိုချင်တော့ ကိုယ့်လောက်မှ ပညာမတတ်တဲ့အပြင် ကိုယ့်ထက်ငယ်တဲ့ ဘာကတော် ညာကတော်တွေကိုလည်း အောက်ကျို့နေရတော့တာပေါ့။ မရှိတဲ့အရာကို ရှိချင်၊ မရတဲ့ အရာကို ရချင်နေတဲ့ သူလိုသူတွေရဲ့ ဒုက္ခကလည်း မသေးပါလားလို့ တွေးမိပါတယ်။ နောက်အသိ တစ်ယောက်ကျပြန်တော့ ရာထူးပါဝါ ရှိတဲ့သူတစ်ယောက်ပါ။ ပညာလည်းတတ်၊ စည်းစိမ်ဥစ္စာလည်း ရှိ၊ ရာထူးလည်း ရှိနေပေမယ့် သူလည်း သူ့ဒုက္ခနဲ့သူ သိပ်ပင်ပန်းနေတာ တွေ့ရပြန်ပါတယ်။ ဒီရာထူးနဲ့ စည်းစိမ်ဥစ္စာတွေက ဆက်စပ်နေလေတော့ ရာထူးမြဲရင် သူ့စည်းစိမ်မြဲနေမှာ ဖြစ်ပြီး ရာထူးမဲ့ရင် သူ့စည်းစိမ်လည်း ပဲ့မှာသေချာသိနေတဲ့ သူ့မှာ ရာထူးအတွက် ကြောင့်ကြစိုက်နေရပြန်ပါတယ်။ ရာထူးမြဲဖို့အတွက် ကြောင့်ကြစိုက်နေရတဲ့သူ၊ သူ့နေရာ မပျောက်ရေးဆိုရင် အထက်ကိုဖားပြီး အောက်ကိုဖိဖို့အတွက် ၀န်မလေးတဲ့သူ ဖြစ်နေပါတယ်။ ရပြီးသားအရာအပေါ်၊ ရှိပြီးသားအပေါ် မပျောက်ပျက်ရအောင် ကြောင့်ကြစိုက်ရတဲ့ သူ့ဒုက္ခကလည်း မသေးပြန်ပါဘူး။ ဘာပဲဖြစ်ဖြစ် အသိနှစ်ယောက်လုံးဟာ ဒုက္ခကိုယ်စီနဲ့ပါ။ မရှိလို့ တောင့်တရတဲ့ဒုက္ခနဲ့ ရှိလို့ကြောင့်ကြရတဲ့ ဒုက္ခတွေပိုက်ထားတဲ့ သူတို့ဟာ စည်းစိမ်ဥစ္စာ၊ ရာထူးဌာန၊ ဂုဏ်ပကာသနတွေရဲ့ ဖမ်းစားမှုအောက်ကို ရောက်မှန်းမသိ ရောက်နေကြပါတယ်။

မှန်ပါတယ်။ ဒါကြောင့် ပညာရှိများက စည်းစိမ်ဥစ္စာ၊ ရထူးဌာနန္တရ၊ ဂုဏ်ပကာသနတွေဟာ လူကိုပျက်စီးစေ တတ်တဲ့အတွက် ဒီအရာတွေကို အရမ်းမတောင့်တကြဖို့နဲ့ ရရှိလာခဲ့ရင်လည်း စိုးရိမ်ကြောင့်ကြမှု မလွန်ကဲကြဖို့ ဆုံးမကြခြင်း ဖြစ်ပါတယ်။ ဒီအရာတွေအပေါ် သတိမထားဘဲ တွယ်တာမှုများခဲ့ရင်တော့ အဲဒီစည်းစိမ်ဥစ္စာ၊ ဂုဏ်ပကာသနတွေကြောင့် ပစ္စုပ္ပန်ရော တမလွန်မှာပါ ဒုက္ခရောက်စေမှာ အမှန်ပဲလို့ သတိပေးကြခြင်း ဖြစ်ပါတယ်။ ဒီလို သတိပေးသူတွေထဲမှာ ဘုရားလောင်း တေမိမင်းသားက အကောင်းဆုံးသက်သေပါပဲ။ ဘုရားလောင်းဟာ တေမိမင်းသား ဘ၀က စကားမပြောဘဲ အ ချင်ယောင် ဆောင်ခဲ့ပါတယ်။ ဒီလိုနေခဲ့တာဟာ စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ ဂုဏ်ပကာသနတွေကို ကြောက်လို့ပါပဲ။ သူရယူရမယ့် စည်းစိမ်ဥစ္စာဟာ တစ်ခြားအရာမဟုတ်ဘဲ တိုင်းပြည်ရဲ့ ရှင်ဘုရင်ဆိုတဲ့ ရာထူးနဲ့ ထီးနန်းစည်းစိမ်ကြီး ဖြစ်နေပါတယ်။ စည်းစိမ်ဥစ္စာ၊ ဂုဏ်ပကာသနကြောင့် ပျက်ဆီးတာချင်းယှဉ်ရင် သူ့ရဲ့ပျက်ဆီးမှုက ပိုပြီး အပြစ်ကြီးလေးနိုင်တဲ့အတွက် ဒီစည်းစိမ်ဥစ္စာ ဂုဏ်ပကာသနတွေကို ကျောခိုင်းကာ တောထွက်သွားခြင်း ဖြစ်ပါတယ်။ သေချာတာကတော့ တေမိမင်းသားဟာ စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ပကာသနတွေဟာ သတ္တ၀ါတွေကို မရှိတောင့်တ၊ ရှိကြောင့်ကြစေပြီး ပျက်ဆီးစေနိုင်တဲ့အတွက် ဒီအရာတွေကင်းရာလမ်းကို ရွေးချယ်သွားခြင်းပဲ ဖြစ်ပါတယ်။

ဘုရားလောင်း တေမိမင်းသားလောက် စည်းစိမ်ဥစ္စာ၊ ဂုဏ်ပကာသနတွေကို စွန်ပြီး တောထွက်တဲ့အထိ မဖြစ်နိုင်သေးပေမယ့် ကိုယ့်အတိုင်း အတာအလျှောက် ဒီတောင့်တမှုတွေ၊ ကြောင့်ကြမှုတွေ သက်သာအောင်တော့ ကြိုးစားကြဖို့ လိုပါတယ်။ ပုထုဇင်တွေဖြစ်နေတဲ့အတွက် လိုချင်တောင့်တမှုတွေ များတတ်ပေမယ့် ကိုယ့်ပမာဏနဲ့ကို ဒုက္ခမများရအောင် တောင့်တဖို့တော့ လိုပါတယ်။ မမီတဲ့ပန်းကို လက်လှမ်းသလိုမျိုး မတန်မဆ၊ မတော်မတရား တောင့်တတာမျိုး မဖြစ်အောင် လက်ရှိရထား၊ ရှိထားတာလေးတွေနဲ့ အလုပ်ဖြစ်နေတယ်ဆိုရင် ဒီအတိုင်းအတာအပေါ်မှာ ရောင့်ရဲနိုင်အောင် ကြိုးစားသင့်ပါတယ်။ လိုချင်တိုင်း တောင့်တနေလို့ကတော့ ဆုံးမှာမဟုတ်ပါဘူး။ လိုချင်လို့တောင့်တ၊ တောင့်တလို့ လိုက်လုပ်နေသမျှ မဆုံးနိုင်တဲ့ ဒုက္ခတွေနဲ့ပဲ ဘ၀နိဂုံး ချုပ်သွားတတ်ပါတယ်။ ဒီလိုပါပဲ။ ရရှိလာတဲ့ အရာတွေအပေါ် ကြောင့်ကြပူပင်မှု တွေဟာလည်း အတိုင်းအတာ တစ်ခုအထိလောက်ပဲ ကြောင့်ကြသင့်ပါတယ်။ ကိုယ်ကဘယ်လောက်ပဲ ကြောင့်ကြပူပန်နေပါစေ စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ပကာသနဆိုတာ ကိုယ်နဲ့မထိုက်ရင်၊ ဒါမှမဟုတ် ပျက်စီးချိန်တန်ရင် ဘယ်လိုမှ တားမရပါဘူး။ ဒီသဘောကို နားလည်ပြီး ရရှိတဲ့အရာတွေရဲ့ ပျက်စီးဆုံးရှုံးမှုကို ကြုံရတဲ့အခါမှာ စိတ်ကိုဖြေနိုင်အောင်၊ ဘယ်အရာမှ အမြဲမရှိဘူးလို့ သဘောပေါက်ပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်နိုင်အောင်၊ ပျက်စီးတတ်တဲ့ သဘောရှိတဲ့ အရာတွေ ပျက်စီးမှာကို အလွန်အကျွံ ပူပင်ကြောင့်ကြမနေဘဲ မပျက်စီးခင် လုပ်သင့်တာ၊ ယူသင့်တာကို လုပ်ယူနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ဒီအတိုင်း ကိုယ့်ကိုယ်ကို သတိတရားနဲ့ စဉ်းစားဆင်ခြင်နိုင်၊ ဖြေသိမ့်နိုင်၊ ဒုက္ခကို ရင်ဆိုင်နိုင်မှပဲ တောင့်တမှု၊ ကြောင့်ကြမှုတွေ သက်သာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ ပြောလိုတာက စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ပကာသနတွေဟာ မရှိရင်လည်း တောင့်တတတ်သလို ရှိရင်လည်း ကြောင့်ကြနေရတတ်တဲ့ အတွက် စိတ်အလိုအတိုင်း လိုချင်တာနောက်ပဲ လိုက်မနေကြဖို့၊ ရရှိလာတဲ့ အရာများအပေါ်မှာလည်း စိုးရိမ်ကြောင့်ကြမှုများနှင့် အလွန်အကျွံဖြစ်ကာ တွေးတောပူပင်မှု မများကြဖို့၊ ဒုက္ခဆိုတာ မရှိလည်းဖြစ်၊ ရှိလည်းဖြစ်တဲ့အတွက် မရှိတဲ့အခါမှာလည်း မရှိတဲ့အတိုင်းအတာနဲ့ လိုချင်တောင့်တမှုကို ထိန်းချုပ်ပြီး ရှိတဲ့အခါလည်း ရှိတဲ့အပေါ်မှာ မာနမ၀င် သတိထင်ကာ စိုရိမ်ကြောင့်ကြမှု မများကြဖို့၊ မရှိတောင့်တ ရှိကြောင့်ကြတတ်တဲ့ စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရ ဂုဏ်ပကာသနတွေ ရှိခြင်း မရှိခြင်းအပေါ်မှာ အကြောင်းပြု၍ ဖြစ်ပေါ်လေ့ရှိတဲ့ ဒုက္ခအပေါင်းကို သတိပညာနှင့် စဉ်းစားဆင်ခြင် အသိဝင်ကြဖို့ စေတနာစကား ပါးလိုက်ရပါတယ်။ အားလုံး မရှိတောင့်တ၊ ရှိကြောင့်ကြရတဲ့ အဖြစ်မှ ကင်းဝေးကြပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ