ငြင်းခုံမှုများရပ်ကြစို့…

ယနေ့ခေတ်သည် ရုပ်ပိုင်းဆိုင်ရာများ အဖက်ဖက်မှ တိုးတက်နေသည့် ခေတ်ကာလ ဖြစ်သည့်အလျှောက် လိုချင်သိချင်သည်များကိုလည်း အမျိုးမျိုးသော ခေတ်မီပစ္စည်းများကို အသုံးပြု၍ သိနေနိုင်ကြ၊ ရနေနိုင်ကြပြီ ဖြစ်၏။ အသိပေးချင်သည်များကိုလည်း ထိုရုပ်ဝတ္ထုပစ္စည်းများ အကူအညီဖြင့် ချက်ချင်းပြန့်နှံ့အောင် အသိပေး ဖြန့်ဝေနေနိုင်ပြီ ဖြစ်၏။ ထိုခေတ်ပေါ် အထောက်အကူပြု ပစ္စည်းများတွင် အင်တာနက်သည် တစ်ကမ္ဘာလုံးအထိ ဖြန့်ထားနိုင်သည့် ကွန်ယက်တစ်ခု ဖြစ်သဖြင့် လူသားများ အချင်းချင်း အချိန်အတိုအတွင်း သိလိုရာ သိချင်ရာကို ချက်ချင်းဖြန့်ဝေပေးနိုင်၏။ ထိုအချက်သည် ကောင်းသည့်အချက်ဖြစ်သကဲ့သို့ ဆိုးသည့်အချက်လည်း ဖြစ်ပေါ်နေ၏။ ဘာသာရေးဘက်ကကြည့်လျှင် အင်တာနက်ကို အသုံးပြု၍ တရားတော်များ နားကြားခွင့်ရနေကြ၏။ တရားစာများ ဖတ်ခွင့်ကြုံနေကြ၏။ တရားတော်များ ဆွေးနွေးခွင့် ရနေကြ၏။ မိမိသိထားသည်များကို တစ်ဆင့်ဖြန့်ဝေခွင့် ရနေကြ၏။ တရားအနှစ်ကို မသိသေးသူများလည်း တစ်ဆင့်သိခွင့်ရနေကြ၏။ အလွန်ကောင်းမွန်သည့် အွန်လိုင်းသာသနာပြု လုပ်ငန်းတစ်ခုကဲ့သို့ ဖြစ်နေပေ၏။ ဤကား ကောင်းသည့်အချက်ပင် ဖြစ်၏။

သို့သော် ဆိုးသည့်အချက်မှာ ထိုအင်တာနက်ကို အသုံးပြု၍ အွန်လိုင်းငြင်းခုံမှုများ၊ ဘာသရေး တိုက်ပွဲများ ဖြစ်နေသည့်အချက်ပင် ဖြစ်၏။ ဘာသရေး ငြင်းခုံမှုများသည် အခြားဘာသာများဖြင့် ငြင်းခုံတိုက်ပွဲဝင် နေကြခြင်း မဟုတ်ဘဲ မိမိတို့ ဗုဒ္ဓဘာသာဝင် အချင်းချင်းသာ ဖြစ်နေကြခြင်း ဖြစ်၏။ ငြင်းခုံကြရာတွင် အမှန်သစ္စာကို ရှင်းလင်းသူများအပြင် ဘာသာရေးကို ခုတုံးလုပ်လိုသူများ အယူစွဲ ၀ါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဆရာစွဲ ရှိနေသည့်သူများ၊ မိမိသိသည့် အနည်းငယ်လေးကို စွဲကိုင်ပြီး ငြင်းဆန်နေသူများ၊ မိမိသည်သာ အမှန်ဟု မိမိကိုယ်ကို အထင်ကြီးကာ ဘာသာရေး အစွန်းရောက်သူများ စသူစသူတို့ကလည်း ထိုအင်တာနက်ကို အသုံးပြု၍ ၀ါဒဖြန့်ကြ၊ မိမိတို့ဆရာသည်သာ မှန်သည်ဟူ၍ တစ်ဖက်သတ် ပုဂ္ဂိုလ်ရေး ကြည်ညိုမှုများဖြင့် အမှန်အမှား မခွဲခြားဘဲ ပုဂ္ဂိုလ်ရေး ထိခိုက်ပြောဆို နေကြ၏။ ထိုအထဲတွင် စာတွေ့ကို ကိုင်၍ပြောဆို နေကြသူများ ရှိသကဲ့သို့ ငါတွေ့ကို ကိုင်၍ပြောဆိုနေသူများလည်း ရှိ၏။ ပိဋကတ်စာပေနဲ့ ညှိ၍ စာပေအတိုင်း လက်ခံလိုက်နာ ပြောဆိုနေသူများ ရှိသကဲ့သို့ စာပေက အဓိကမကျပါဘူး ကိုယ်တွေ့က အဓိကကျသည်ဟု ငါတွေ့ကို စွဲကိုင်ပြောဆိုနေသူများလည်း ရှိ၏။ ငါတို့ဆရာသည်သာ အမှန်ဟူ၍ မိမိတို့ဆရာ ပြောသမျှ အကုန်မှန်သည်ဟူ၍ ပုဂ္ဂိုလ်ရေး ကြည်ညိုမှု တစ်ခုတည်းကို ကြည့်၍ မျက်စိစုံမှိတ် ငြင်းခုံနေသူများ ရှိသကဲ့သို့ ပုဂ္ဂိုလ်ရေး အစွဲမရှိဘဲ ဗုဒ္ဓဓမ္မကို အမှန်တကယ် လေ့လာလိုက်စားပြီး ဆရာတော်များ ဟောသမျှကို အမှားအမှန် ချင့်ချိန်ကာ ဓမ္မအနှစ်သာရ ရှုထောင့်မှ ပြောဆိုကာကွယ် သူများလည်း ရှိ၏။ မည်သို့ဆိုစေ ဤသို့ ငြင်းခုံနေကြခြင်းသည် မကောင်းလှပေ။ ငြင်းခုံရာမှ အမှားများ ပိုများလာတတ်သည်ကို သတိပြုသင့်လှ၏။ ငြင်းခုံရာမှ ရန်များလာတတ်၏။ ငြင်းခုံရာမှ အားနည်းချက်များ ဖော်ဆောင်လာကာ ပုဂ္ဂိုလ်ရေး ထိခိုက်လာသည် အထိဖြစ်လာတတ်၏။ ငယ်ကျိုးငယ်နာများ ဖော်လာသည်အထိ ဖြစ်လာတတ်၏။

ထိုငြင်းခုံမှု အားလုံး၏ လက်သည်မှာ အစွဲတရားကြောင့်ပင် ဖြစ်ပါ၏။ အယူဝါဒ အစွဲသည် အသက်ပင် အသေခံသည်အထိ စွန့်လွတ်ရန် ခဲရင်းလှ၏။ ထိုအစွဲတရားများသည် ပုဂ္ဂိုလ်ကို အမှီပြု၍ ဖြစ်လာသည့် အစွဲတရားများ ဖြစ်သည်ကများ၏။ ဗုဒ္ဓလက်ထက်ကို ပြန်ကြည့်လျှင် အလွယ်တကူ သိနိုင်၏။ ဗုဒ္ဓနှင့် ခေတ်ပြိုင်ပေါ်ပေါက်ခဲ့ကြသည့် တိတ္တိဆရာကြီးများသည် ထိုစဉ်က တပည့်ပေါင်း မြောက်များစွာဖြင့် ဗုဒ္ဓကို ယှဉ်ပြိုင်နိုင်ကြ၏။ အတုမရှိ ဗုဒ္ဓရှင်တော်လက်ထက်တွင်ပင် ဗုဒ္ဓ၀ါဒကို လက်မခံနိုင်ဘဲ မိမိတို့ ဆရာဝါဒသာ အမှန်ဟူ၍ စွဲကိုင်သူများ အများအပြား ရှိသည်ကို သဘောပေါက်နိုင်ကြ၏။ ဤသည်မှာ ပုဂ္ဂိုလ်တစ်ဦး၏ ၀ါဒတစ်ခုကို ယုံကြည်လက်ခံမိပြီဆိုလျှင် စွန့်လွတ်ရန် ခဲယင်းသည်ဟူသည့် အချက်ကို မီးမောင်းထိုးပြနေခြင်းပင် ဖြစ်၏။ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက်တွင်လည်း သာသနာတွင် သံဃာဂိုဏ်းကွဲအမျိုးမျိုး ပေါ်ပေါက်ခဲ့၏။ ထိုဂိုဏ်းကွဲများသည်လည်း အယူဝါဒ မတူညီသည့် ပုဂ္ဂိုလ်များကို အစွဲပြု၍ ထိုပုဂ္ဂိုလ်များ၏ ၀ါဒကို ယုံကြည်လက်ခံသူများမှ တစ်ဆင့် အင်အားကောင်းလာခြင်း ဖြစ်၏။

ယနေ့ခေတ်တွင် ထိုသဘောများ တဖြည်းဖြည်း များလာသည်ကို တွေ့ရ၏။ တရားဓမ္မ ဟောပြောပြသကြသည့် ဆရာသမားများကို အစွဲပြု၍ သူ့ဆရာ ကိုယ့်ဆရာစသည့် ပုဂ္ဂိုလ်ရေး ကြည်ညိုမှုများဖြင့် ဆရာစွဲ ၀ါဒစွဲများ တဖြည်းဖြည်း အားကောင်းလာသည်ကို တွေ့နေရ၏။ တရားဟောဆရာများကလည်း အများသားပင်။ အချို့က စာတတ်ပေတတ်များဖြစ်ပြီး အချို့ကား စာပေပရိယတ် မပြည့်စုံသော်လည်း လက်တွေ့အားထုတ်မှု အားကောင်းသူများဖြစ်၏။ စာပေပရိယတ် တတ်ကျွမ်းပြီး လက်တွေ့အားထုတ်မှု ပဋိပတ်အားနည်းသည့် ဆရာအချို့က စာပေကို အားပြု၍ စာပေအတိုင်း ဟောပြောပြသကြ၏။ စာမတတ်သော်လည်း လက်တွေ့ပိုင်ပိုင် အားထုတ်ထားသည့် ဆရာအချို့ကား လက်တွေ့ပိုင်းကို အားပြု၍ ဟောပြောပြသကြ၏။ ထိုအဆင့်အထိကား ပြဿနာ မရှိသေးပေ။ ဆိုးလာသည်ကား တစ်ဘက်နှင့်တစ်ဘက် ပုတ်ခတ်ပြောဆို လာကြခြင်းပင်ဖြစ်၏။ လက်တွေ့အားသန်သည့် ပုဂ္ဂိုလ်များက ငါတွေ့နဲ့ကိုင်ပြီး ဟောပြောကာ စာပေသင်စရာ မလို၊ စာတတ်စရာမလိုဟု လုပ်လာကြသကဲ့သို့ စာပေအားကောင်းသည့် စာတတ်ပေတတ်များကလည်း စာတွေ့ကို ကိုင်ကာစာနှင့်သာညှိပြီး ငါတွေ့အပေါ် အထင်သေးပုတ်ခတ် လာတတ်ကြ၏။ သူ့ဘက်ကိုယ့်ဘက် အမှန်ဟု ယူဆကြသော်လည်း စင်စစ်စာတွေ့ရော ငါတွေ့ပါ အထူးလိုအပ်၏။ စာပေသည်အခြေခံ ကျသဖြင့် စာပေတတ်ပြီး ကိုယ်တွေ့အားထုတ်မှုများဖြင့် ပြန်လည်ဟောပြော ပို့ချကြရန် လိုအပ်လှ၏။ ထိုသို့ စာတွေ့လက်တွေ့ဖြင့် ပြန်လည်ဟောပြော ပြသမည်ဆိုလျှင် ထိုဆရာများ၏ ဟောပြောမှုများတွင် မည်သည့်ပြဿနာမျှ မပေါ်နိုင်တော့ပေ။ ထိုဆရာတော်များ၏ တရားများအပေါ်တွင်လည်း မည်သည့်ဝေဘန်မှုမျိုးမျှ မရှိနိုင်ပေ။ မြန်မာနိုင်ငံတွင် ထိုသို့စာတွေ့လက်တွေ့ နှစ်ရပ်လုံးဖြင့် ဟောပြောပြသနေသည့် ဓမ္မကထိက ဆရာတော်ကြီးများ များစွာရှိပါ၏။ စာရေးသူတို့ ငယ်စဉ်ကတည်းကပင် ဟောကြားပြသလာခဲ့သည်မှာ ယနေ့အထိ ထိုဆရာတော်များ၏ ဟောပြောမှုနှင့် စပ်လျဉ်း၍ ဝေဘန်သံ တစ်စုံတစ်ခုမျှ မကြားရပေ။ ဤသည်မှာ စာလည်းတတ် တရားလည်းအားထုတ်ပြီး စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်ကာ ဟောကြားခဲ့ခြင်းကြောင့်ပင် ဖြစ်ပါ၏။

မှန်၏။ မျက်မှောက်ခေတ်တွင် တရားဟော ဓမ္မကထိက ဆရာများ အများအပြား ပေါ်ပေါက်နေသော်လည်း စာတွေ့လက်တွေ့ နှစ်ရပ်လုံးတွင် ကျွမ်းကျင်ပိုင်နိုင်ပြီး ဟောပြောပြသသည့် ဆရာများအားနည်းလာ သည်ကိုတွေ့ရ၏။ အချို့က စာပေပရိယတ်ကိုသာ ကိုင်စွဲထားပြီး ဟောပြောပြသကြ၏။ အချို့က စာတွေ့မရှိ ခန္ဓာကိုယ်တွေ့ဟုဆိုကာ ငါတွေ့ကို ကိုင်စွဲပြီး ဟောပြောပြသ၏။ ထိုဆရာများသည် အပြောအဟော ကောင်းသဖြင့် တဖြည်းဖြည်း နာမည်ရလာကာ တပည့်တပန်းများလည်း တိုးပွားလာနေကြ၏။ သို့သော် ကောက်ရိုးမီးကဲ့သို့ တစ်ရှိန်ထိုးတက်ပြီး တစ်ရှိန်ထိုး ပြုတ်ကျသွားသည်ကိုလည်း တွေ့ရတတ်၏။ ပရိတ်သတ် အားကောင်းလာသည့်အခါ ပရိတ်သတ်အရှိန်ဖြင့် စင်ပေါ်တွင် ပြောချင်ရာပြောပြီး မိမိသိသည့် အနည်းငယ်ကို ကိုင်စွဲပြီး သတိလက်လွတ်ဖြစ်ကာ ငါ့ဝါဒ ငါ့ဂိုဏ်းလို ဖြစ်လာ၏။ ထိုအခါ အသိဉာဏ် ဆင်ခြင်တုံတရား ရှိသည့်သူများက ထောက်ပြဝေဘန်လာသည့်အခါ နဂိုပုဂ္ဂိုလ်စွဲ ယုံကြည်မှု ရှိထားသူများက ပြန်လည်တိုက်ခိုက်လာ ကုန်ကြ၏။

စာပေ ပရိယတ် တတ်ကျွမ်းသော်လည်း လက်တွေ့အားထုတ်မှု မရှိပါက ထိုတတ်ကျွမ်းမှု၏ အနှစ်သာရကို မိမိကိုယ်တိုင်လည်း မခံစားရဘဲ မိမိ၏ ပရိတ်သတ်များ အတွက်လည်း အကျိုးကျေးဇူးနည်းပါးလှ၏။ ဗုဒ္ဓရှင်တော်က “နွားရှင်တို့အား နွားတို့ကို ရေတွက်အပ်နှင်းလိုက်ရသော နွားကျောင်းသားသည် နွားနို့အရသာကို မခံစားလိုက်ရသကဲ့သို့ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို များစွာဟောပြောနေသော်လည်း မကျင့်မကြံ မေ့လျော့ပေါ့တန် နေသူသည် ပြုထိုက်သည်ကို ပြုသည်မမည်၊ မဂ်ဖိုလ်အရသာကို မခံစားရ“ (ဓမ္မပဒ၊ ဒွေသဟာယကဘိက္ခု ၀တ္တု) ဟု ဟောတော်မူထားသဖြင့် စာတွေ့အားကောင်းရုံဖြင့် မလုံလောက်ဘဲ လက်တွေ့အားထုတ်မှုများလည်း လိုအပ်သည်ကို သတိပြုသင့်လှ၏။ လက်တွေ့မပါ စာကိုသာ အားပြုလာလျှင် ဝေဘန်စရာ ဖြစ်လာတတ်၏။

ထို့အတူ စာပေပရိယတ် အခြေခံ အားနည်းကြသော်လည်း လက်တွေ့အားထုတ်မှု အားကောင်းသူများက ခန္ဓာကိုယ်တွေ့ဟုဆိုကာ ငါတွေ့တရားများကို စာပေနှင့်မညှိ၊ ၀ိနည်းမသိဘဲ ပြောချင်ရာပြောကာ ထင်ရာစွက် ဟောလာကြသည်လည်း ရှိ၏။ ထိုသူများကား ဤတရားသည် ငါကိုယ်တိုင် ခန္ဓာကိုယ်တွေ့ သိထားသည့် တရားဟုဆိုကာ တစ်ဆင့်ပြန်လည် ဖောက်သည်ချ၏။ စာပေမတတ်၊ ၀ိနည်းမသိသည့်အခါ ပြောသင့်သည့် စကား၊ မပြောသင့်သည့်စကား၊ ၀ိနည်းတော်နှင့် ကိုက်ညီသည့်စကား မကိုက်ညီသည့် စကားဟု မခွဲခြားဘဲ ဟောပြောကြသဖြင့် ဝေဘန်တိုက်ခိုက် ခံရပြန်၏။ ထေရ၀ါဒ ဗုဒ္ဓဘာသာတွင် ၀ိနည်းသည် သာသနာ၏ အသက်ဖြစ်သကဲ့သို့ ရဟန်းသံဃာတော်များ၏ သီလလည်း ဖြစ်၏။ ရဟန္တာသော်မှလည်း ၀ိနည်းတော်အတိုင်း လိုက်နာကျင့်သုံးရ၏။ ၀ိနည်းသည် မည်သူမျှ ပြုပြင်ပြင်ဆင်၍ မရသည့် ဗုဒ္ဓ၏ အာဏာဒေသနာတော် ဖြစ်၏။ စာပေမသိ ၀ိနည်းမရှိဘဲ ငါတွေ့ဟုဆိုကာ ဟောချင်ရာဟော၍ ၀ိနည်းတော်နှင့် မကိုက်ညီလျှင် သီလကို လွန်ကျူးရာ ရောက်သကဲ့သို့ ဗုဒ္ဓ၏ ဥပဒေကို ဖောက်ဖျက်ရာလည်း ရောက်၏။ ၀ိနည်းတော်တွင်ကား မှန်သော်လည်း မပြောရဟု ပညတ်ထားချက်များ ရှိ၏။ စာပေပရိယတ်မရှိ ခန္ဓာကိုယ်တွေ့ဟု ပြောဟောသူများ သတိပြုသင့်သည့် အချက်မှာ ပုဂ္ဂိုလ်တစ်ဦးနှင့် တဦးမှာ တရားသိပုံချင်း မတူညီသည့် အချက်ပင် ဖြစ်၏။ မိမိအားထုတ်ပြီး သိသည့်အသိနှင့် အခြားသူအားထုတ်ပြီး သိသည့်အသိ တစ်ထပ်တည်း ကျချင်မှကျမည် ဖြစ်၏။ စာပေမညှိဘဲ ငါသိဟုကိုင်စွဲကာ ဟောကြားမှုများသည် ငါ့အတွက် မှန်သော်လည်း သူများအတွက် မှန်ချင်မှ မှန်မည်ဆိုသည့် အချက်ကို သတိပြုသင့်လှ၏။ ဗုဒ္ဓသည်ပင် တရားဟောသည့်အခါ ဝေနေယျစ္ဆာသယခေါ် ဝေနေယျတို့၏ အလိုသို့ လိုက်ကာ ထိုပုဂ္ဂိုလ်များနှင့် သင့်လျော်မည့် တရားကိုသာ ရွေးခြယ်ဟောပြောသည်ကို အတုယူသင့်၏။ ငါတွေ့တိုင်း တစ်ခြားသူများလည်း င့ါလိုဖြစ်မည်ဟု တစ်ထစ်ချ သတ်မှတ်ထား၍ မရပေ။ ထိုသို့ တစ်လမ်းတည်းစွဲကိုင်ပြီး ဟောပြောပြသနေလျှင် ဝေဘန်ထောက်ပြစရာ ဖြစ်လာတတ်၏။ ငါတွေ့ကို စာတွေနှင့်ချိန်ပြီး စာပေလည်း မလွတ်စေအောင် ပညာရှိများလည်း အကဲ့ရဲ့လွတ်အောင် ဟောကြားရန် လိုအပ်လှ၏။ ထိုကြောင့် လူအများကို ဦးဆောင်မှုပြုနေသည့် ဆရာများ၊ တရားဟော တရားပြများသည် စာတွေ့နှင့်လက်တွေ့ နှစ်မျိုးလုံး ပြည့်စုံရန်လိုအပ်ကြောင်း၊ စာတွေ့ကို အခြေခံ၍ လက်တွေ့နှင့် ပေါင်းစပ်ကာ ကောင်းမြတ်သည်ကို ညွန်ပြပေးရန် လိုကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဤနေရာတွင် စာရေးသူ ပြောလိုသည်မှာ ဆရာစွဲ၊ ၀ါဒစွဲ၊ ပုဂ္ဂိုလ်စွဲများထားပြီး တစ်သမှတ်တည်းကိုင်စွဲကာ ဗုဒ္ဓဘာသာဝင် အချင်းချင်း ငြင်းခုံမှုမှား ရပ်တန့်ကြရန်နှင့် မိမိတို့ ကိုးကွယ်သည့် ဆရာသမားများ၏ ဟောပြောချက်များကိုသာ တစ်ထစ်ချ အမှန်ဟု မသတ်မှတ်ကြရန် ဖြစ်ပါ၏။ ဟောပြောသူ ဆရာများသည် စာတွေ့များ ရှိသကဲ့သို့ ငါတွေ့များလည်း ရှိသဖြင့် မိမိတို့ကိုယ်တိုင်သာလျှင် မှန်ကန်သည့် ဟောပြောချက်၊ လမ်းညွှန်ချက်ကို ရွေးချယ်စိစစ်၍ လိုက်နာကျင့်သုံးကြရန် ဖြစ်ပါ၏။ တို့ဆရာက သည်လိုပြောလို့ ဆရာ့စကားသည်သာ အမှန်ဟု မသတ်မှတ်ကြဘဲ မိမိတို့ကိုယ်တိုင်သာလျှင် ယုံကြည်မှုနှင့် စဉ်းစားဆင်ခြင်မှု ပေါင်းစပ်ကာ ကောင်းမြတ်ရာကိုသာ သွားကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါ၏။ မည်သူမှားသည် မည်သူမှန်သည်ဟူသည့် ငြင်းခုံမှုများသည် ပြဿနာ ပြေလည်ရာ လမ်းကြောင်းမှန် မဟုတ်ဘဲ မိမိတို့ကိုယ်တိုင်သာ ဆရာကောင်းကို ရွေးချယ်စိစစ်ကြရန် ဖြစ်ပါ၏။ ဆရာတစ်ပါး လွဲချော်သွားက တပည့်အများ အပါယ်လား၏ဟု ဆိုသည့်အတိုင်း မိမိတို့ ဆည်းကပ်ကိုးကွယ်သည့် ဆရာသည် အလွဲအမှားများကို ဟောပြောပေးနေသည့် ဆရာဖြစ်ပါက မိမိတို့လည်း အလွဲလမ်းကို လိုက်သွားနိုင်ပါသဖြင့် အစွဲအလန်းများကိုပယ်ပြီး အမြဲလန်းစေမည့် အမှန်လမ်းကို လျှောက်နိုင်ဖို့် ကြိုးစားကြရန်သာ ဖြစ်ပါ၏။ ကိုးကွယ်ရာမှ ဘေးမဖြစ်ကြရန်သာ ကြိုးစားသင့်ပါကြောင်း…

Read more »

ကိုယ်ကျင့်သီလ…

ဗုဒ္ဓဘာသာဝင်များ စောင့်ထိန်းကြတဲ့ သီလကို ကိုယ်ကျင့်သီလလို့လည်း ခေါ်ပါတယ်။ ဒီစကားလုံးလေးဟာ အဓိပ္ပါယ် သိပ်လေးနက်ပါတယ်။ “ကိုယ်ကျင့်သီလ”တဲ့။ ဟုတ်တယ်။ ကိုယ်ကျင့်မှ ကိုယ်ရမှာကိုး။ ကိုယ်မကျင့်ဘဲ ဘုရားရှေ့မှာ ဘယ်လောက်ပဲ သီလတွေယူယူ၊ ဘုန်းတော်ကြီးတွေက ဘယ်လောက်ပဲ သီလတွေပေးပေး ကိုယ်ကိုယ်တိုင် မကျင့်ရင် ပါးစပ်ပေးပေးပြီး၊ ပါးစပ်ယူ ယူတာပဲ ဖြစ်ပါလိမ့်မယ်။

မကြာသေးပါဘူး။ ဒကာတစ်ယောက်က လျှောက်ဖူးပါတယ်။ “အရှင်ဘုရား တပည့်တော် သီလယူတဲ့အခါ သုရာမေရယ သိက္ခာပုဒ်နေရာမှာ လိုက်မဆိုဘဲ နေလိုက်တယ်ဘုရား…၊ အဲဒါ ဒီသီလကို မယူတဲ့အတွက် ကျန်တဲ့ သီလတွေပါ ကျိုးပါသလား ဘုရား…”တဲ့။ တကယ်တော့ ငါးပါးသီလဆိုတာ ဗုဒ္ဓဘာသာဝင်များ အတွက် ဘုရားရှေ့မှာ၊ ရဟန်းတော် တစ်ပါးပါးထံမှာ ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ နေ့စဉ်စောင့်ထိန်းရမယ့် နိစ္စသီလ ဖြစ်ပါတယ်။ သီလယူယူ မယူယူ ဒီငါးပါးသီလဟာ ဗုဒ္ဓဘာသာအဖြစ် ခံယူလိုက်တာနဲ့ အလိုလို တည်နေပြီးသား၊ ရှိနေပြီးသားဖြစ်ပါတယ်။ ဘုရားလက်ထက်က ဘုရားတရားနာပြီး ဥပါသကာ ဥပါသိကာမများ အဖြစ် ခံယူပါ၏လို့ ဘုရားရှင်ကို လျှောက်တဲ့သူများ ရှိပါတယ်။ အဲဒီသူများဟာ ဘုရားရှင်ရှေ့မှာပဲ တပည့်တော် သရဏဂုံနဲ့ ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းပါမည့်အကြောင်း လျှောက်ထားရင်း ဥပါသကာ ဥပါသိကာမ များအဖြစ် ခံယူသွားကြပါတယ်။ အလွယ်ပြောမယ်ဆိုရင် ဥပါသကာ၊ ဥပါသိကာမများဆိုတာ ရတနာသုံးရပ်ကို အမြဲမပြတ် ကိုးကွယ်ဆည်းကပ်တတ်သူကို ပြောတာပါ။ ရတနာသုံးရပ်ကို အမြဲမပြတ် ကိုးကွယ်တယ်ဆိုတာ သရဏဂုံနဲ့ ငါးပါးသီလကို မပျောက်ပျက်အောင် စောင့်ထိန်းနေထိုင်ခြင်းလို့ တစ်နည်းအားဖြင့် ပြောနိုင်ပါတယ်။

ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်များ ကိုယ့်ကိုယ်ကို ပြန်လည်စဉ်းစား ဆင်ခြင်ကြည့်သင့်ပါတယ်။ ကိုယ်ကိုယ်တိုင် ဥပါသကာ ဥပါသိကာမများ ဖြစ်ပြီလားလို့…။ အခြေခံဖြစ်တဲ့ သရဏဂုံနဲ့ ငါးပါးသီလကိုမှ လုံခြုံအောင် မစောင့်ထိန်းနိုင်သေးရင်တော့ ဥပါသကာ ဥပါသိကာမများလို့ ပြောရမှာ ခက်လှပါတယ်။ ပါးစပ်က ဗုဒ္ဓဘာသာလို့ ဘယ်လောက်ပဲ ပြောပြော၊ သီလတွေ ဘယ်လောက်ပဲ ယူယူ လက်တွေ့အားဖြင့် ကိုယ်ကိုယ်တိုင် ရအောင်မကျင့်နိုင်သေးရင်တော့ ကိုယ်ကျင့်သီလတွေ ရနေတယ်၊ တည်နေတယ်လို့ မပြောနိုင်သေးပါဘူး။ ကိုယ်ကျင့်မှ ကိုယ်ရမှာဖြစ်တဲ့ ဒီသီလဟာ ကိုယ်ကိုယ်တိုင်ပဲ လုပ်ယူရပါတယ်။ သူများပေးလို့ မရပါဘူး။ တောင်းပြီးယူရတဲ့ အရာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ကျင့်သုံးပြီး ရယူရတဲ့ အရာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ နိဗ္ဗာန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိဗ္ဗာန်ကို သွားဖို့အတွက် အခြေခံ လှေခါးကတော့ သီလပဲဖြစ်ပါတယ်။ ဘုရားရှင်အဆုံးအမတွေကို လိုက်နာကျင့်သုံးတဲ့ သူတွေဟာ ဒီနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။ ဘုရားအဆုံးအမဆိုတာ တစ်ခြားမဟုတ်ပါဘူး၊ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကိုပဲ ပြောတာပါ။ ဒီသိက္ခာသုံးရပ်ကို မဂ္ဂင်ရှစ်ပါးပဲလို့ အလွယ်နားလည်နိုင်ပါတယ်။ မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်သွားဖို့အတွက် တစ်ခုတည်းသော လမ်းဖြောင့်ဖြစ်ပါတယ်။ ဒီလမ်းမှာ သီလတည်မှု၊ သမာဓိရှိမှု၊ ပညာပြည့်မှုတွေ ပါဝင်နေပါတယ်။ သီလတည်မှ သမာဓိတည်နိုင်ပြီး၊ သမာဓိတည်မှလည်း ပညာရနိုင်ပါတယ်။ ဒီသုံးမျိုးလုံးဟာ တစ်ခုတည်း၊ တစ်စပ်တည်းပါး။ ဒါကြောင့် သုံးမျိုးလုံးပေါင်းပြီး တစ်ကြောင်းတည်းသော လမ်းအဖြစ်ရှိနေတာပါ။ အရေအတွက်အားဖြင့် မဂ္ဂင်ရှစ်ပါးလို့ ပြောပေမယ့် အချုပ်အားဖြင့် သီလ၊ သမာဓိ၊ ပညာပါပဲ။ ဒါကို သိက္ခာသုံးရပ် အကျင့်မြတ်လို့ပြောနိုင်ပြီး ဗုဒ္ဓရဲ့ အဆုံးအမ အနှစ်ချုပ်လို့လည်း ပြောနိုင်ပါတယ်။

မှန်ပါတယ်။ ဒီလို ဘုရားရှင်ရဲ့ အဆုံးအမတွေ တည်နေဖို့အတွက် ဆုတောင်းနေလို့ မရပါဘူး။ တည်အောင်ကျင့်ယူမှ ရပါတယ်။ ကိုယ်ကိုယ်တိုင် ကျင့်ယူရပါတယ်။ အဲဒီလိုကျင့်တဲ့အခါ အခြေခံဖြစ်တဲ့ ကိုယ်ကျင့် သီလကို အရင်ဆုံးလုံခြုံအောင် ကျင့်ဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဗုဒ္ဓဘာသာဝင်တွေ အတွက် သီလဟာ အခြေခံ အကျဆုံးဖြစ်လို့ပဲ ဖြစ်ပါတယ်။ သီလမလုံခြုံပဲ အထက်လုပ်ငန်းတွေ ဖြစ်တဲ့ ဘာဝနာ အလုပ်တွေ လုပ်နေလို့ကတော့ ဆရာတော်ကြီးတစ်ပါး ဆုံးမသလို “အပေါ်ပိုင်းကတော့ တိုက်ပုံအင်္ကျီ၊ ခေါင်းပေါင်းစ တလူလူနဲ့ အောက်ပိုင်းကျတော့ ပုဆိုးမပါတဲ့သူ“ လိုပဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း အောက်ပိုင်းလုံခြုံအောင် စောင့်ထိန်းစေဖို့ ငါးပါးသီလဟာ ခါးဝတ်ပုဆိုးလို မြဲနေရမယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

သီလဟာ အလွန်အရေးကြီးတဲ့အတွက် ဒီသီလကို စောင့်ထိန်းကြဖို့ ဆရာသမားများက အမြဲဆုံးမလေ့ ရှိပါတယ်။ ဆုံးမတဲ့အခါမှာလည်း ဥပမာလေးများပေးပြီး ဆုံးမလေ့ရှိပါတယ်။ ကောင်းကျိုးဆိုးပြစ်တွေကို ပြပြီးလည်း ဆုံးမလေ့ရှိပါတယ်။ သီလနဲ့ ပတ်သက်ပြီး ဆုံးမကြတဲ့ ဆုံးမမှုတွေထဲက ပထမရွှေကျင် ဆရာတော်ဘုရားကြီးရဲ့ သိဿကောဝါဒ ဆုံးမစာမှာ ဆုံးမထားတဲ့ သီလဆိုင်ရာ အဆုံးအမတွေကတော့ ဥပမာဥပမေယျ စုံလင်လှပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ဆရာတော်ကြီးရဲ့ အဆုံးအမလေးများကို တစ်ဆင့်မျှဝေရင်း ကိုယ်ကျင့်သီလဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် ကျင့်သုံးရယူကြဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

”ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုံနှင့်တူ၏၊ အန္တရာယ်မရှိ။
ပုထုဇင်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏၊ အပါယ်မရောက်။
ရေရှိမှ ကြာပွားသည်၊ သီလရှိမှ သမာဓိများသည်။
ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏။
ပညာရှိလျက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏။
စာပေပို့ချနိုင်လျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။
တရားဟောကောင်းလျက် သီလမရှိလျှင် အနံ့မမွှေးသော ပန်းနှင့်တူ၏။
ကျမ်းဂန်တတ်လျက် သီလမရှိလျှင် အဆိပ်သီးပင်နှင့်တူ၏။
ဘုန်းကြီးလျက် သီလမရှိလျှင် အနှစ်မရှိသော သစ်ပင်နှင့်တူ၏။
သီလရှိမှ ဒါနနှင့်ဘာဝနာ အကျိုးပေးသန်၏။
ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်၊ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
အကုသိုလ်သည် သတ္တ၀ါကို အပါယ်ဆွဲချ၏၊ သီလရှိသူကို မဆွဲချနိုင်။
ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ၊ သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။
လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာ၏၊ သီလစောင့်လျှင် ဘ၀အဆက်ဆက်ချမ်းသာ၏။
ဆီမီးသည် လင်းခိုက် လူလယ်တင့်၏၊ ငြိမ်းလျှင်မှောင်၏၊ ညှော်နံ့ထွက်၏။
သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏၊ ပျက်လျှင်မှောင်၏၊ ညှော်နံ့ထွက်၏။ ”

အထက်ပါ သီလဆိုင်ရာ အဆုံးအမများမှာ ပထမရွှေကျင် ဆရာတော်ကြီး၏ အဆုံးအမ တစ်စိတ်တစ်ဒေသပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီး၏ အဆုံးအမများကိုကြည့်လျှင် သီလရဲ့ အရေးပါမှုကို အလွယ်တကူ သိနိုင်ပါတယ်။ အခြေခံဖြစ်တဲ့ သီလမလုံခြုံလျှင် ကျန်တဲ့ဒါနဘာဝနာ အလုပ်များမှာ အကျိုးပေးအားနည်းပြီး နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်နဲ့ အလှမ်းဝေးနေတတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက် အတွက် အခြေခံဖြစ်တဲ့ ငါးပါးသီလလောက်တော့ လုံခြုံမှကို ဖြစ်မှာပါ။ နိဗ္ဗာန်မရသေးတာတောင် ဘ၀ကူးကောင်းဖို့၊ သံသရာခရီးမှာ အပါယ်မလားဖို့ အနည်းဆုံး ငါးပါးသီလလောက်တော့ လုံခြုံဖို့ လိုအပ်ပါတယ်။ သီလမလုံခြုံပဲ ဒါနတွေ ဘယ်လောက်ပဲ လုပ်လုပ်အပါယ် တံခါးပိတ်ဖို့ မလွယ်လှပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါနဟာ စည်းစိမ်ဥစ္စာ ချမ်းသာမှု သက်သက်ကိုသာ အကျိုးပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုပဲ သီလမလုံခြုံပဲ ဘာဝနာ အားထုတ်နေရင်လည်း သမာဓိတည်ဖို့ ခဲရင်းသလို သမာဓိ မတည်ရင်လည်း အထက်မဂ်ဉာဏ်ကို ရဖို့ခဲရင်းလှပါတယ်။ အချုပ်ကြည့်ရင် ဒါနအကျိုးပေးသန်ဖို့နဲ့ ဘာဝနာဉာဏ်တွေမြင့်ဖို့ သီလသည်သာ ပဓာနကျတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ်လုပ်ကိုယ်စံ၊ ကိုယ်ကျင့်ကိုယ်ရဆိုတဲ့ စကားအတိုင်း ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ဘ၀ အတက်အကျ အရှုံးအနိမ့်ကို ဖန်တီးနိုင်တာ ဖြစ်တဲ့အတွက် ပစ္စုပ္ပန် သံသရာ ချမ်းသာစေတတ်တဲ့ ဒီသီလကို ကိုယ်ကိုယ်တိုင်ကျင့်ပြီး ကိုယ်ကိုယ်တိုင် ရယူနိုင်အောင် ကိုယ်ကျင့်သီလရဲ့ အရေးပါမှု တစ်စိတ်တစ်ပိုင်းကို ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက် သတိပေးရင်း ပုဆိုးထမီလုံအောင် ၀တ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Read more »

မဖြစ်ပါရစေနဲ့တော့…

ပုထုဇင်တွေဟာ အမြဲလိုချင်နေတတ်၊ ရချင်နေတတ်၊ ဖြစ်ချင်နေတတ်ပါတယ်။ ဒါကြောင့်လည်း ဘာလေးပဲလုပ်လုပ် လိုချင်ဖြစ်ချင်ရချင်တဲ့ စိတ်ဆန္ဒတွေနဲ့ တောင့်တကြပါတယ်။ ဒီစိတ်ကြောင့်ပဲ ဘာကုသိုလ်လေးပဲ လုပ်လုပ် ဖြစ်ပါရစေ၊ ရပါရစေ စသဖြင့် ဆုတောင်းလေ့ရှိကြပါတယ်။ ဖြစ်ချင်တာတွေက များတဲ့အတွက် ကုသိုလ်လေးကနဲနဲ တောင်းတာတွေက အများကြီး ဖြစ်နေကြပါတယ်။ ဘုရားရှေ့သွားပြီး လှူတာက ရေတစ်ခွက်၊ ပန်းတစ်စည်း တောင်းတဲ့ဆုတွေက “ဤကုသိုလ်ကောင်းမှုကြောင့် လူ့စည်းစိမ် နတ်စည်းစိမ်အပြည့်နဲ့ ဘာဖြစ်ရပါလို၏၊ ညာဖြစ်ရပါလို၏“ စတဲ့ ဆုတောင်းသံတွေကလည်း မကြားချင် အဆုံးဖြစ်နေပါတယ်။ ကုသိုလ်ကောင်းမှုလုပ်တဲ့သူ အတော်များများရဲ့ အသံတွေ နားထောင်လိုက်ရင် သူတို့ပြုတဲ့ ကုသိုလ်အပေါ် ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ တောင်းနေကြတာကို ကြားနေရမှာပါ။ တောင်းတာတွေကို နားထောင်ကြည့်တဲ့အခါ များသောအားဖြင့် ဖြစ်ပါစေလို့ပဲ ဆုတောင်းနေတာကို တွေ့မြင်ကြားသိနေရပါတယ်။ မဖြစ်ပါရစေနဲ့လို့ ဆုတောင်းပြီး ကုသိုလ်လုပ်သူ အတော်ရှားလှပါတယ်။ အမှန်တော့ မဖြစ်မနေ တောင်းချင်တယ်ဆိုရင်လည်း ဖြစ်ပါရစေလို့ တောင့်တနေမယ့်အစား မဖြစ်ပါရစေနဲ့လို့ တောင်းတာက ပိုပြီးအဓိပ္ပါယ်ပြည့်ဝကာ အနှစ်သာရ ရှိပါတယ်။

မှန်ပါတယ်။ ဖြစ်ချင်လို့ ရချင်လို့ တောင့်တပြီး ကုသိုလ်လုပ်ကာ ဖြစ်ပါရစေ၊ ရပါရစေလို့ ဆုတောင်းတဲ့အတွက် မိမိတို့ လုပ်တဲ့ကံစွမ်းအလျောက် ဖြစ်လာရလာမှာပါ။ ဒါပေမယ့် ဒီလိုဖြစ်လာ ရလာတော့လည်း အလိုပြည့်လား ဆိုပြန်တော့ အလိုမပြည့် ပြန်ပါဘူး။ ဒါကြောင့် ထပ်လုပ်၊ ထပ်လိုချင်၊ ထပ်ပြီး ဖြစ်ပါရစေ ဆိုတာတွေ တောင့်တလာပြန်ပါတယ်။ ဒီလိုနဲ့ ဘ၀သံသရာ လွတ်မြောက်မှုက ဝေးဝေးနေကုန်ပါတော့တယ်။ အများစုကတော့ ဖြစ်ပါရစေဆိုတဲ့ စိတ်ဆန္ဒတွေနဲ့ တောင့်တပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ထူးထူးခြားခြား မဖြစ်ပါရစေနဲ့လို့ တောင့်တတဲ့ သူတစ်ယောက်အကြောင်း စာပေမှာ ဖတ်မှတ်လိုက်ရပါတယ်။ ဖတ်ပြီး ကြည်ညိုစိတ်ပါ ဖြစ်ခဲ့ရပါတယ်။ အဲဒီသူကတော့ အခြားသူမဟုတ်ပါဘူး။ ဘုန်းဘုန်းတို့ရဲ့ ဂေါတမဘုရားရှင်ပါပဲ။

ဘုရားရှင်ဟာ ပါရမီဖြည့်စဉ် အတိတ်ဘ၀ တစ်ခုမှာ ကဏှဆိုတဲ့ ရသေ့တစ်ပါး ဖြစ်ခဲ့ပါတယ်။ ကဏှရသေ့ အဖြစ်နဲ့ ပါရမီတွေဖြည့်ကာ ကုသိုလ်ကောင်းမှုတွေ ကြိုးစားအားထုတ်ခဲ့ပါတယ်။ အသားအလွန် အမတန် မည်းလွန်းလှတဲ့အတွက် ကဏှလို့ အမည်တွင်ပါတယ်။ ကဏှရသေ့ဟာ အကျင့်တရားတွေ အပြင်းအထန် အားထုတ်တဲ့အတွက် သိကြားမင်းရဲ့ ကျောက်ဖြာက ပူလာပါတယ်။ ကျောက်ဖြာပူတော့ သိကြားမင်း မနေနိုင်တော့ပါဘူး။ သူ့ရာထူးကို ယူမယ့်သူ ပေါ်လာပြီဆိုတာ သတိပေးသလို ဖြစ်တဲ့အတွက် လူ့ပြည့်ကို ကြည့်လိုက်တော့ ကုသိုလ်ကောင်းမှုတွေ ကျင့်ကြံအားထုတ်မှုတွေ ကြိုးစားအားထုတ်နေတဲ့ ကဏှရသေ့ကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် သိကြားမင်းဟာ လူ့ပြည့်ဆင်းပြီး စုံးစမ်းပါတယ်။ ဒီရသေ့ ဘာလိုချင်လို့ ဒီလောက်တောင် ကုသိုလ်ကောင်းမှုတွေ အပြင်းအထန် အားထုတ်နေရတယ်ဆိုတာကို သိကြားမင်း သိချင်နေပုံရပါတယ်။ ဒါကြောင့်လည်း လူ့ပြည်သွားပြီး စုံစမ်းမေးမြန်းခြင်း ဖြစ်ပါတယ်။ သိကြားမင်းဟာ ကဏှာရသေ့ရှေ့မှောက်ရောက်ပြီး သူသိချင်တာတွေ မေးမြန်းစုံးစမ်းပါတော့တယ်။

“အရှင်ရသေ့… ဘာကြောင့် ဒီလောက်တောင် ကုသိုလ်ကောင်းမှုတွေ ကျင့်ကြံအားထုတ်မှုတွေ အပြင်းအထန် လုပ်နေတာလဲ…၊ အရှင်ရသေ့ ဘာကိုလိုချင်လို့လဲ…၊ ဘာတွေဖြစ်ချင်ပြီး ဘာဆုတွေ လိုချင်လို့လဲ… ဘာဆုတွေများ တောင်းပါသလဲ…“ လို့ သိကြားမင်း စတင်မေးမြန်း စုံစမ်းပါတယ်။ ဒီတော့ ဘုရားလောင်း ကဏှရသေ့က…

“သိကြားမင်း… င့ါမှာဖြစ်ပါရစေလို့ တစ်ခြားဆုတောင်းတာ မရှိပါဘူး…၊ ဒါပေမယ့် မဖြစ်ပါရစေနဲ့လို့ ဆုတောင်းတာတော့ ရှိပါတယ်“လို့ ဘုရားလောင်း ရသေ့က ဖြေကြားပါတယ်။ ဒီအခါ သိကြားမင်းက…

“အရှင်ရသေ့… ဘယ်လိုမဖြစ်ပါရစေနဲ့“လို့ ဆုတောင်းပါသလဲ ဆိုတာကို ထပ်မေးလို့ ဘုရားလောင်းရသေ့က
“သိကြားမင်း… ငါတောင့်တတာက ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်းမှာ ဘယ်တော့မှ ကောဓဆိုတဲ့ အမျက်ထွက်မှု၊ ဒေါသဆိုတဲ့ စိတ်ဆိုးစိတ်တိုမှု၊ လောဘဆိုတဲ့ လိုချင်ရချင်မှု၊ သမုဒယလို့ခေါ်တဲ့ ကပ်ငြိတွယ်တာမှု တဏှာ မဖြစ်ပါရစေနဲ့လို့ပဲ တောင့်တပါတယ်” လို့ အဖြေပေးလိုက်ရော သူများတွေ ဖြစ်ပါရစေလို့ ဆုတောင်းနေတဲ့အချိန်မှာ ဒီလိုမဖြစ်ပါရစေနဲ့လို့ ဆုတောင်းတဲ့ ကဏှရသေ့ရဲ့ ဆုတောင်းကို နားထောင်ပြီး သူ့နေရာအတွက် စိတ်ချသွားရတဲ့ သိကြားမင်း နတ်ပြည်ပြန်တက် သွားပါတော့တယ်။

ဒီနေရာမှာ ပြောချင်တာက ကဏှရသေ့ရဲ့ တောင့်တမှု၊ ဆုတောင်းမှု၊ ကြိုးစားကျင့်ကြံ အားထုတ်မှုတွေပါ။ ကဏှရသေ့က “ကောဓ မဖြစ်ပါရစေနဲ့၊ ဒေါသ မဖြစ်ပါရစေနဲ့၊ လောဘမဖြစ်ပါရစေနဲ့၊ ကပ်ငြိတွယ်တာမှု မဖြစ်ပါရစေနဲ့“တဲ့။ သိပ်ကောင်းတဲ့ တောင့်တချက်လေးတွေပါ။ ဟုတ်ပါတယ်။ ကောဓဆိုတာ အမျက်ကို ပြောတာပါ။ တစ်စုံတစ်ဦးအပေါ်မှာ တစ်စုံတစ်ခု အပေါ်မှာ အမြင်မကြည့်မှု၊ အခဲမကြေမှု၊ မျက်နေမှုတွေဟာ ကောဓပါပဲ။ ဒီလို ကောဓဆိုတဲ့ အမျက်လေးတွေ တဖြည်းဖြည်း များလာမယ်ဆိုရင်တော့ ပေါက်ကွဲမှုတွေ ဖြစ်ကုန်တတ်ပါတယ်။ အမျက်ကြီးလာရင် အခဲမကြေမှုတွေလည်း ဖြစ်လာတတ်ပါတယ်။ ဒီကောဓတွေ ဖြစ်နေသမျှ ဘ၀မှာ အဆင်မပြေမှုတွေ ကိုယ်စိတ်ပင်ပန်းမှုတွေ ဖြစ်နေတတ်ပါတယ်။ ဒါကိုသိလို့ ဘုရားလောင်း ရသေ့က ဖြစ်လေရာဘ၀တိုင်းမှာ ကောဓမဖြစ်ဖို့ တောင့်တခြင်းဖြစ်ပါတယ်။

ပြီးတော့ ကဏှရသေ့က “ဒေါသဘယ်တော့မှ မဖြစ်ပါရစေနဲ့“တဲ့။ မှန်ပါတယ်။ ဒေါသဟာ အလွန်ကြောက်စရာ ကောင်းတဲ့ အကုသိုလ်ပါ။ ဒေါသရှိနေရင် စိတ်ဆိုးစိတ်တိုမှုတွေ ခဏခဏ ဖြစ်နေတတ်ပါတယ်။ အဲဒီစိတ်ဆိုးစိတ်တိုမှုတွေ အားကောင်းလာရင် ပေါက်ကွဲတတ်ပြီး အဆင်အခြင်မဲ့ လုပ်တတ်ကြပါတယ်။ “ဒေါသော အတ္ထံ န ဇာနာတိ“ဆိုတဲ့ စကားအတိုင်း ဒေါသဖြစ်လာရင် အဆိုးအကောင်း၊ အကျိုးအကြောင်းကို မသိတော့ပါဘူး။ စိတ်လိုက်မာန်ပါ လုပ်ကုန်တော့တာပါပဲ။ အဲဒီအခါ ဒီဒေါသရဲ့ နောက်ဆက်တွဲက နောင်တတရားဖြစ်လာတတ်ပြီး နောင်တရဲ့ နောက်ကွယ်မှာတော့ သောကဆိုတဲ့ စိုးရိမ်မှု၊ ပရိဒေ၀ဆိုတဲ့ ငိုကြွေးမှု စတာတွေ ထပ်ပေါ်လာတော့တာပါပဲ။ ဒါကြောင့် ဘုရားလောင်းရသေ့က ဒီလိုအန္တရာယ်ကြီးတဲ့ ဒေါသ မဖြစ်ပါရစေနဲ့လို့ တောင့်တခြင်းဖြစ်ပါတယ်။

နောက်တစ်ခု “ဖြစ်လေရာ ဘ၀မှာ လောဘ ဘယ်တော့မှ မဖြစ်ပါရစေနဲ့“ ဆိုတဲ့ ကဏှရသေ့ရဲ့ တောင့်တမှုဟာလည်း လောဘရဲ့ ဆိုးကြိုးကို မလိုချင်ဘူးဆိုတာ ထင်ရှားလှပါတယ်။ သိတဲ့အတိုင်း လောဘကလည်း ရလေလိုချင်လေဖြစ်နေတာပါ။ အလိုကို မပြည့်နိုင်ဖြစ်နေတော့တာပါ။ အရဟတ္တမဂ်ကို မရသေးသမျှ လောဘကို အကြွင်းမဲ့ ပယ်သတ်နိုင်မှာ မဟုတ်ပါဘူး။ အကြွင်းမဲ့ မပယ်နိုင်သေးဘူးဆိုပြီး လောဘနောက် လိုက်နေလို့ကလည်း မဖြစ်ပြန်ပါဘူး။ လိုချင်တပ်မက်တတ်တဲ့ လောဘဆိုတာဟာ ဆားငန်ရေ သောက်သလိုပဲ သောက်လေသောက်လေ ငတ်မပြေ ဖြစ်နေတာပါ။ ရပြီးရင်း ရချင်ဖြစ်နေတာပါ။ ဒီလို လိုချင်ရချင်နေတဲ့ အတွက်လည်း တရားသည်မတရားသည် မသိ၊ မှားသည်မှန်သည် မသိ လောဘရဲ့ ခိုင်းစေမှုနောက်ကို လိုက်လုပ်နေမိ ပြန်ပါတယ်။ လောဘရဲ့ သားကောင်တွေ ဖြစ်နေကြရပါတယ်။ အကြွင်းမဲ့ မပယ်နိုင်သေးပေမယ့် တစ်ဖြည်းဖြည်း အပိုင်းအကန့်လေးတွေ လုပ်ပေးနိုင်ပါမှ လောဘရဲ့ ကျွန်မဖြစ်မှာပါ။ ဒီလိုမှ မလုပ်ပေးရင် လိုချင်တပ်မက်တတ်တဲ့ လောဘဟာ အဆုံးသတ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကဏှရသေ့က လောဘမဖြစ်ချင်တာပါ။

ဘုရားလောင်းကဏှရသေ့ရဲ့ နောက်ထပ်တောင့်တချက် တစ်ခုက “ဖြစ်လေရာ ဘ၀တိုင်းမှာ ကပ်ငြိတွယ်တာမှု တဏှာ ဘယ်တော့မှ မဖြစ်ပါရစေနဲ့“ ဆိုတဲ့ အချက်ပါ။ ဒီတဏှာကတော့ သတ္တ၀ါတွေရဲ့ အဆိုးဆုံး ရန်သူပဲ ဖြစ်ပါတယ်။ ကပ်ငြိတွယ်တာမှု ဆိုတဲ့ တဏှာရဲ့ အဖွင့်အတိုင်းပဲ ဒီတဏှာဟာ ကပ်ငြိစေ၊ တွယ်တာစေပါတယ်။ အရာဝတ္တု တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်သတ္တ၀ါ တစ်ဦးဦးကိုပဲ ဖြစ်ဖြစ် တွယ်တာမိပြီဆိုရင်တော့ နောက်ဆက်တွဲကတော့ ဒုက္ခတွေချည်းပါပဲ။ တွယ်တာမှု သံယောဇဉ်ကြောင့် ချစ်ခြင်းမုန်းခြင်းတွေအထိ ဖြစ်ပေါ်စေပြီး ဒီချစ်ခြင်းမုန်းခြင်းကြောင့်ပဲ မနာလိုမှု ၀န်တိုမှုတွေ ဖြစ်စေကုန်ပါတယ်။ မနာလိုမှုတွေ ၀န်တိုမှုတွေ ဖြစ်လာရင် ငြိမ်းချင်းမှုဆိုတာ မရှိတော့ပါဘူး။ ပူလောင်မှု၊ ပင်ပန်းမှုတွေပဲ ဖြစ်စေပါတယ်။ ဒါတွေဟာ တဏှာဆိုတဲ့ ကပ်ငြိတွယ်တာမှုကြောင့် ဖြစ်ရတာပါ။ ဒါကြောင့်လည်း ဒီတဏှာကို သံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားထဲမှာ ထည့်သွင်းပြီး တဏှာ မာန ဒိဋ္ဌိတို့ရဲ့ အပေါင်းအပါအဖြစ် ဘုရားရှင် ဟောတော်မူခြင်း ဖြစ်ပါတယ်။ တဏှာရဲ့ ဒီလိုဆိုးကြိုးတွေကို သိတော်မူတဲ့အတွက် ဘုရားလောင်းကဏှ ရသေ့ဟာ ဒီတဏှာ မဖြစ်ဖို့ တောင့်တခြင်း ဖြစ်ပါတယ်။

အများက ဖြစ်ပါရစေလို့ တောင့်တနေကြ၊ ဆုတောင်းနေကြတာတွေနဲ့ ဆန့်ကျင်ပြီး မဖြစ်ပါရစေနဲ့လို့ တောင့်တပြီး ကျင့်ကြံအားထုတ်တော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ ကဏှရသေ့ဘ၀ ဖြစ်စဉ်လေးဟာ အလွန်အတုယူ လိုက်နာစရာ ဖြစ်ပါတယ်။ ဖြစ်ပါရစေလို့ပဲ ဆုတောင်းဆုတောင်း မဖြစ်ပါရစေနဲ့လို့ပဲ တောင့်တတောင့်တ အမှန်တော့ နှစ်ခုလုံး တောင့်တတာတွေပါ။ ဒါပေမယ့် ဖြစ်ပါစေလို့ တောင့်တမှုကတော့ သံသရာရှည်မှုကို ဖြစ်စေတတ်ပြီး မဖြစ်ပါရစေနဲ့လို့ တောင့်တမှုကတော့ လွတ်မြောက်မှုကို ဦးတည်စေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆုတောင်းနေ့ဖို့ထက် လက်တွေ့ကျင့်ကြံဖို့က အရေးကြီးပါတယ်။ ဒီလို ကျင့်ကြံတဲ့အခါမှာသာ ဦးတည်ချက် မှန်ဖို့လိုပါတယ်။ တစ်ချို့ ကုသိုလ်တွေ အမျိုးမျိုး လုပ်ကြပါတယ်။ ဒီလိုလုပ်နေကြပေမယ့် ဦးတည်ချက်ကတော့ လူ့စည်းစိမ် နတ်စည်းစိမ် စတာတွေကို ရစေဖို့ဖြစ်နေပါတယ်။ တစ်ချို့ကြတော့ ဒီစည်းစိမ်တွေကို မရည်ရွယ်ပါဘူး။ လောဘကင်းမှု၊ ဒေါသကင်းမှု၊ မောဟကင်းမှု၊ နိဗ္ဗာန်မျက်မှောက်ပြုမှုတွေကို ဦးတည်ပါတယ်။ ဒီဦးတည်ချက်နဲ့ပဲ ဖြစ်ပါရစေဆိုတာတွေနဲ့ ဆန့်ကျင်ပြီး မဖြစ်ပါရစေနဲ့ ဆိုတာကို ရည်ရွယ်ကြပါတယ်။ ဒီလို မဖြစ်ပါရစေနဲ့လို့ ရည်ရွယ်မှုကတော့ လွတ်မြောက်မှုအတွက် ဦးတည်ချက်ကောင်း ဖြစ်စေပါတယ်။

ဒါကြောင့် တောင့်တမှု၊ ဆုတောင်းမှုဟာ မတောင့်တတတ်၊ မဆုတောင်းတတ်ရင် တဏှာရဲ့ ချယ်လှယ်မှုကြောင့် ဘ၀သံသရာ ရှည်ကြာမှုကိုသာ ဖြစ်စေတတ်တဲ့အတွက် ဖြစ်ပါရစေလို့ ဆုတောင်းမှုဖြင့် ဒုက္ခတိုးမှုကို မဖြစ်စေကြဘဲ ဘုရားလောင်း ကဏှရသေ့ ရည်ရွယ်တောင့်တ ကျင့်ကြံသလို မဖြစ်ပါရစေနဲ့ ဆိုတဲ့ ရည်ရွယ်တောင့်တမှုဖြင့်သာ လွတ်မြောက်ရာအမှန်လမ်းကို အမြန်လှမ်းနိုင်ဖို့ ကြိုးစားသင့်လှပါကြောင်း…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ