စိတ်အားဖြည့် စကားစုလေးများ… (၁)

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ် ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

စကားလုံး…
စကားလုံးတွေနောက်ကို လိုက်ပြီး မခံစားပါနဲ့။ စကားလုံးဆိုတာ ပညတ်တွေဖြစ်တဲ့ အတွက် ချစ်ရင် အကောင်းပြောကြမှာ ဖြစ်ပြီး၊ မုန်းရင်တော့ အဆိုးပြောကြမှာပါ။

တကယ်မြဲချင်ရင်…
ရားထူဌာနန္တရတွေ မြဲဖို့အတွက် ဗေဒင်၊ ဓာတ်ရိုက်ဓာတ်ဆင်တွေ မလိုပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ လိုပါတယ်။ ကိုယ့်ရဲ အကျင့်သီလမြဲဖို့ပဲ လိုပါတယ်။ ကိုယ်ကျင့်မြဲမှ ကိုယ်လည်းမြဲမှာပါ။

ကြည်ညိုတတ်ပါစေ…
ဘယ်ပုဂ္ဂိုလ်က ဘယ်လိုကြည်ညိုစရာကောင်းတယ် ဆိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုစရာ ကောင်းနေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်မှ သူများရဲ့ ကြည်ညိုမှုကို ခံနိုင်ပါမယ်။ အဲလိုမှ မဟုတ်ရင် သူများရဲ့ ကြည်ညိုခံမှုဟာ ခဏပဲဖြစ်မှာပါ။

ကိုယ်ဖြစ်ကိုယ်ခံ…
ကိုယ်လုပ်သမျှ သူများတွေ မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိနေပြီးသားပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို မညာမိဖို့ ကိုယ့်အလုပ်တွေကို ရိုးသားစွာ လုပ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်လုပ်တဲ့ အကောင်းအဆိုးကို ကိုယ်ပဲခံရမှာ ဖြစ်လို့ပါ။

ဒီလိုနေကြည့်ပါ…
အချစ်ရှိရင် အပြစ်ရှိတတ်သလို အမုန်းရှိရင်လည်း အရှုံးရှိတတ်ပါတယ်။ ဒါကြောင့် အပြစ်ကင်းဖို့နဲ့ အရှုံးမရှိဖို့အတွက် မချစ်မမုန်းဘဲ နေနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။

အပြစ်မဖြစ်အောင်…
အပြစ်ဆိုတာဟာ ကိုယ့်ကိုအကြောင်းပြုပြီး ဖြစ်တတ်ကြသလို သူများကို အကြောင်းပြုပြီးလည်း ဖြစ်တတ်တယ်ဆိုတာ သတိပြုဆင်ခြင်သင့်ပါတယ်။ ကိုယ့်ကို အကြောင်းပြုပြီး ဖြစ်တတ်တဲ့ အပြစ်တွေကိုတောင် မဖြစ်အောင် မလုပ်နိုင်သေးပဲနဲ့ သူများအပြစ်တွေကိုကြည့်ပြီး ကိုယ်မှာ အကုသိုလ် အပြစ်တွေ ထပ်တိုးအောင် မလုပ်သင့်ပါဘူး။

အကုသိုလ်မဖြစ်အောင်…
တစ်နေ့တစ်နေ့ ကိုယ်တစ်ယောက်တည်းတောင် အကုသိုလ်တွေက မရေတွက်နိုင်အောင် ဖြစ်နေတာ သူများကိုကြည့်ပြီး၊ သူများကိုအမှီပြုပြီး အကုသိုလ်တွေထပ်ဖြစ်မယ်၊ အကုသိုလ်တွေ ထပ်တိုးနေမယ်ဆိုရင်တော့ နေရတဲ့ အခိုက်ဟာ အကုသိုလ်တွေနဲ့ချည်း ဖြစ်နေကြတော့မှာပါ။

ကိုယ်ကောင်းအောင်အရင်လုပ်…
ပုထုဇင်တွေဖြစ်နေသမျှ ရမ်းနေကြမှာပါ။ ရမ်းနေသမျှ အပြစ်အနာအဆာတွေလည်း ရှိနေကြမှာပါ။ ဒီတော့ကား ရမ်းနေကြတဲ့သူချင်း အတူတူ ဘာဖြစ်လို့ သူများရမ်းတာ၊ သူများအပြစ်အနာ အဆာဖြစ်တာ၊ သူများရဲ့ မလျော်တာ၊ သူများရဲ့ ကောင်း၊ မကောင်းတာတွေကို လိုက်ကြည့်နေကြမှာလဲ…။ ဘုရားရှင် မိန့်ကြားတော်မူသလို ကိုယ့်ရဲ့ ကောင်းမကောင်းတာတွေကိုသာ မြင်အောင်ကြည့်၊ ကိုယ်ကောင်းမှု မကောင်းမှု ပြုမပြုကိုသာကြည့်ပြီး ကိုယ်ကောင်းအောင် အရင်လုပ်သင့်ကြတာပေါ့။

အမှန်ကြည့်တတ်ပါစေ…
သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့ စိတ်အတွေးဟာ ပြဿနာကို ပြေလည်စေတဲ့ သဘောမရှိဘဲ သံသရာကိုသာ ရှည်နေစေတဲ့ သဘောရှိပါတယ်။ ပုထုဇင် လူသားများဖြစ်၍ အလုံးစုံပြည့်စုံတဲ့ သူဆိုတာ မရှိနိုင်သလို အမှားမလုပ်မိတဲ့သူ၊ မမှားဖူးတဲ့သူဆိုတာလည်း မရှိနိုင်ပါဘူး။ ဒီလိုအမှားတွေ ရှိတတ်တဲ့သူအချင်းချင်း သူမှားတယ်၊ ကိုယ်မှန်တယ်ဆိုပြီး ငြင်းခုံကြ၊ ခိုက်ရန်ဖြစ်ကြ၊ အငြိုးအတေးထားကြမယ်ဆိုရင် ဒီသံသရာကြီးဟာ ဒီဘ၀မှာရော နောင်ဘ၀ဘ၀များအထိပါ ပါသွားကြတော့မှာပါ။ ဒါကြောင့် အကြောင်းရှိလို့ အကျိုးအနေနဲ့ ခေတ္တလာတွေ့ကြတဲ့ အခိုက်မှာ အမှားတွေကို မကြည့်ဘဲ အမှန်လေးတွေကိုသာ ကြည့်တတ်တဲ့ အကျင့်လေးတွေ လုပ်ပေးသင့်ကြပါတယ်။

အပေါင်းအသင်း…

အပေါင်းအသင်းဆိုတာ အများကြီးရှိဖို့ မလိုပါဘူး။ မကောင်းတဲ့အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက် ရှိတာက ပိုပြီး ပစ္စုပ္ပန် သံသရာ ကောင်းကျိုးတွေကို ဖြစ်စေပါတယ်။ မကောင်းတဲ့ အပေါင်းအသင်း အများကြီး ရှိနေတာထက် ကောင်းတဲ့အပေါင်းအသင်း အနည်းငယ်ရှိနေတာက ဒီဘ၀ရော နောင်သံသရာပါ ကောင်းကျိုးဖြစ်စေတာပါ။ မကောင်းတဲ့အရာတွေမှာ အဖော်မွန်ဖြစ်စေတတ်တဲ့ အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အရာတွေမှာ ညွှန်ကြားပြသပေးတဲ့ အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုပြီးတန်ဘိုးရှိလှပါတယ်။ သောက်မှစားမှ ကျွေးနိုင်မွေးနိုင် ပေးနိုင်ကမ်းနိုင်မှ အဖော်ဖြစ်တဲ့ အပေါင်းအသင်းများ ပေါများနေတာထက် ဒုက္ခရောက်ချိန်မှာ နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်း ပြုတတ်တဲ့ အပေါင်းအသင်း အနည်းငယ်က ပိုပြီးအားကိုးရပါတယ်။ သောက်မှစားမှ မဟုတ်တာလုပ်မှ အပေါင်းအသင်းတွေ ပေါများတာထက် အပေါင်းအသင်းမပေါပေမယ့် အကုသိုလ်မဖြစ်ဘဲ ရှိနေတာက ပိုပြီး အကျိုးများပါတယ်။

Read more »

ခင်ပွန်းကြီးဆယ်ပါးနှင့် စပ်လျဉ်း၍…

Q. အရှင်ဘုရား…
ခင်ပွန်းကြီး ၁၀ ပါးမှာ ၁-ဘုရား၊ ၂-ပစ္စေကဗုဒ္ဓါ၊ ၃-ရဟန္တာ၊ ၄-အဂ္ဂသာဝက၊ ၅-အမိ၊ ၆-အဘ၊ ၇-အလေးအမြတ်ပြုအပ်သော ဆရာ၊ သမာဓိနှင့်ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ၊ ၈-လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ၊ ၉-ပစ္စည်းလေးပါး ဒါယကာ( ပေးကမ်းဖူးသူ )၊ ၁၀-တရားဟော ပုဂ္ဂိုလ် လို့ ဖတ်ရှုရပါတယ်ဘုရား။ ရဟန္တာနှင့် အဂ္ဂသာဝကများ ပါသော်လည်း သောတာပန်စသည့် ကျန်သံဃာများ မပါသည်ကို တွေ့ရပါသည်။ ၇ နှင့် ၈ မှာလဲ အလေးအမြတ် ပြုအပ်သော ဆရာနှင့် လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးသော ဆရာမှာ တစ်မျိုးတည်းဟု ထင်ပါသည်။ သမာဓိနှင့်ပြည့်စုံ ဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ- ဆိုသည်မှာလည်း ဘာကို ဆိုမှန်း နားမရှင်းပါ။ ၁၀- တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ ဖြစ်သဖြင့် နားမရှင်းပါ။ တပည့်တော်အား သနားသဖြင့် ရှင်းပြပေးတော်မူပါ ဘုန်းဘုန်း။
အောင်မြင့်


A. ခင်းပွန်းကြီးဆယ်ပါးနဲ့ ပတ်သက်ပြီး ခုတလော လူတွေကြားမှာ တော်တော်လေးပြောဆိုလာကြတာ တွေ့ရပါတယ်။ ကောင်းလည်းကောင်းပါတယ်။ ပိဋကတ်စာပေတွေမှာတော့ ခင်ပွန်းကြီးဆယ်ပါးဆိုတဲ့ အမည်နဲ့ ဒီဆယ်ပါးလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ တစ်စုတစ်စည်းတည်း ဟောထားဖွင့်ဆိုထားတာတွေ အများကြီး မတွေ့ရပါဘူး။ ဒီခင်ပွန်းကြီးဆယ်ပါးကို စာပေမှာကတော့ မိတ္တပူဇာ တရားဆယ်ပါးအနေဖြင့် ဖော်ပြပါတယ်။ တေမိယဇာတ်တော်မှာ တေမိမင်းသားက သူ့ကိုမြေမြှပ်သတ်ခါနီးအချိန်ကျမှ ရထားမှူးအား ဒီမိတ္တပူဇာတရားဆယ်ပါးကို ဟောတော်မူပါတယ်။ မိတ္တပူဇာရဲ့ အဓိပ္ပါယ်ကို ကျေးဇူးမမေ့အပ် မပြစ်မှားအပ်သော မိတ်ဆွေကောင်းကြီး ဆယ်ယောက်လို့ နားလည်နိုင်ပါတယ်။ ခုခေတ်မှာတော့ ဒီဆယ်ပါးကို ခင်ပွန်းကြီးဆယ်ပါး အနေဖြင့် ခေါ်ဝေါ်ပြောဆိုနေကြပါတယ်။ တစ်ခါတစ်ရံ ခင်ပွန်းကြီးဆယ်ပါး ဖော်ပြကြရမှာ စကားလုံးဝေါဟာရ အသုံးအနှုန်းလေးတွေကြောင့် အနည်းငယ်ကွဲပြားနေတာကို တွေ့ရပါတယ်။ ခင်ပွန်းကြီးဆယ်ပါးကို စာပေမှာလာတဲ့ အတိုင်းဒီနေရာမှာ ထပ်ပြီး ဖော်ပြရရင်

(၁) ဗုဒ္ဓ-= သဗ္ဗညုဘုရားသခင်
(၂) ပစ္စေကဗုဒ္ဓ= ဘုရားငယ်ခေါ် ပစ္စေကဗုဒ္ဓ
(၃) အရဟန္တ= အာသဝေါကုန်ပြီးသော ရဟန္တာ
(၄) အဂ္ဂသာဝက= မြတ်စွာဘုရား၏ လက်ယာတော်ရံ လက်ဝဲတော်ရံ သာဝကများ
(၅) မာတာ= မိခင်
(၆) ပိတာ-= ဖခင်
(၇) ၀ုဒ္ဓါဝစာယန= အသက်သိက္ခာ ဂုဏ်ဝါသီလ အာစာရ အမျိုးစသည်တို့၌ မိမိထက်ကြီးမြတ်၍ ရိုသေအပ်သူများ
(၈) အာစရိယ= သွန်သင်ဆုံးမ ပညာသင်ပေးတတ်သော ဆရာမြတ်
(၉) ဟိတကရ= ထမင်းအဖျော် အိပ်ယာနေရာ အ၀တ်ပုဆိုးစသော အာမိသနှင့်တကွ တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူမှန်သမျှ
(၁၀) ဓမ္မကထိက= ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ တရားဟောဆရာ
ဆိုတဲ့ ဒီတရားဆယ်ပါးပဲဖြစ်ပါတယ်။ (တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀)

ဖော်ပြပါ ဒီခင်ပွန်းကြီး ဆယ်ပါးလုံးကို ကြည့်ရင် ကိုယ့်အပေါ် အနည်းငယ်မျှ ကျေးဇူးပြုဖူးတဲ့သူ မှန်သမျှ မပါဘဲ ကျန်နေခဲ့တာ မရှိပါဘူး။ ခြုံကြည့်လိုက်ရင် အားလုံးပါဝင်နေပါတယ်။ နံပါတ်စဉ်တွေ ရှေ့နောက်မညီ ဖြစ်ချင်ဖြစ်နေပေမယ့် ကျေးဇူးပြုဖူးတဲ့ ပုဂ္ဂိုလ်များကို သင့်လျော်သလို ပြောဆိုကြမယ်ဆိုရင် ဒီဆယ်ပါးထဲမှာ တစ်နေရာရာမှာတော့ သွားပြီးအကြုံးဝင်နေပါတယ်။ အမည်နာမ အနေဖြင့်သာ အတိအကျ ဖော်ပြပါရှိခြင်း မရှိတာပဲ ရှိရင်ရှိတတ်ပါတယ်။ သောတာပန် သကာဒါဂါမ် အနာဂါမ်စသည်ဖြင့် တိကျတဲ့အမည်များဖြင့် ဖော်ပြထားခြင်း မရှိသော်လည်း ဒီပုဂ္ဂိုလ်များဟာ နံပါတ် (၇) ဖြစ်တဲ့ အသက်သိက္ခာဂုဏ်ဝါသီလ အကျင့် အမျိုးစသည် မြင့်မြတ်တဲ့ ရိုသေရမည့်သူများ စာရင်းမှာပါဝင်နေပြီး ဖြစ်ပါတယ်။ မေးခွန်းရှင်ရဲ့ အမေးမှာမေးထားတဲ့ သမာဓိနဲ့ ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ ဆိုတာဟာလည်း ကိုယ့်ထက်သီလသမာဓိ ပညာဂုဏ်တို့နဲ့ပြည့်စုံတဲ့ သူများကိုပဲ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ “တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ“လို့ ဆိုတဲ့ နားလည်မှုကတော့ အတွေးလွန်တဲ့ နားလည်မှုပါ။ စာပေမှာ တိုက်ရိုက်လာတဲ့ စကားနဲ့ ပြောရင် ဓမ္မကထိကလို့ ဆိုပါတယ်။ ဒီမှာပါတဲ့ ဓမ္မဆိုတဲ့ စကားကိုက ရှင်းနေပါတယ်။ တရားတဲ့။ တရားဆိုကတည်းက မတရားတာမဟုတ်ဘူးဆိုတာ ကန့်ပြီးသားပါ။ မတရားတာဆိုတာ အကုသိုလ်တရားတွေ မကောင်းတဲ့အပါယ်လားစေမယ့် တရားတွေ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိဆန်တဲ့ အယူအဆတွေကို ဆိုခြင်းဖြစ်ပါတယ်။ တရားလို့ဆိုလိုက်တဲ့အတွက် ဒီမတရားတာတွေကို အလိုလိုကန့်လိုက်ပြီးဖြစ်ပါတယ်။ ဒီမတရားတာတွေကို ပယ်ရှားပြီး တရားတာတွေကို ဟောပြောပြသပေးတဲ့ ပုဂ္ဂိုလ်ဟာ ဓမ္မကထိက (တရားဟော ဆရာ)ပါပဲ။ ဒီလိုနားလည်လိုက်ရင် ရှင်းသွားပါပြီ။

အမှန်တော့ ဒီခင်ပွန်းကြီးဆယ်ပါးဆိုတာ လောကသားများအတွက် မပြစ်မှားသင့်တဲ့ မပြစ်မှားကောင်းတဲ့ ကျေးဇူးပြုသင့်တဲ့ ကျေးဇူးဆပ်သင့်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ လောကသားတိုင်း ဒီဆယ်ပါးနဲ့ မကြုံဖူးတဲ့သူ မရှိတဲ့အတွက် ကြုံတဲ့အခါမှာ မပြစ်မှားမိအောင်၊ ပြစ်မှားမိရင်လည်း ပြန်လည်တောင်းပန်နိုင်အောင်၊ ကျေးဇူးတရားရှိသူများ ဖြစ်တဲ့အတွက် ထိုကျေးဇူးများကို ပြန်လည်ဆပ်တတ်အောင် ကြိုးစားသင့်ကြပါတယ်။

Read more »

တရားအားထုတ်နေသည့် ယောဂီများ သိလိုလှသည့် မေးခွန်းများနှင့် ပတ်သက်၍…

Q. ဆရာတော်ဘုရား
တပည့်တော်တို့သည် မိတ်ဆွေကောင်းများကို အကြောင်းပြု၍ တရားဓမ္မကို ကျင့်ကြံ အားထုတ်နေကြသူများ ဖြစ်ကြပါသည်။ တပည့်တော်တို့ သိလိုသည်များကို ရိုသေစွာ နှိမ့်ချစွာ လျှောက်ထားမေးမြန်းလိုပါသည်။

၁။ တရားအားထုတ်ရာတွင် မိမိ မရောက်သေးသော တရားအဆင့်ကို ရောက်ပြီဟု ထင်တတ်သည်ဟု မှတ်သားရပါသည်။ တရားကျင့်ကြံအားထုတ်၍ တရားတန်ခိုးကြောင့် ကိလေသာတို့ ခေတ္တ ငုပ်လျိုးအားနည်းနေခြင်းနှင့် အရိယာမဂ်ကြောင့် သူ့အဆင့်နှင့်သူ ချုပ်ငြိမ်းရ-အားနည်းရမည့် ကိလေသာများ ချုပ်ငြိမ်းခြင်း၊ အားနည်းခြင်းကို မည်သို့ ခွဲခြားနိုင်ပါသလဲဘုရား။


A. ဖြေ။ ။ မှန်ပါတယ်။ တရားအားထုတ်နေတဲ့အချိန်မှာ အမျိုးမျိုးသော သမာဓိအစွမ်းများ၊ နိမိတ်များကြောင့် ကိုယ်မရောက်သေးတဲ့ တရားအဆင့်ကို ရောက်ပြီဟု ထင်တတ်ပါတယ်။ တရားအားထုတ်စဉ်မှာ ကိလေသာများ ခေတ္တငုတ်လျိုးအားနေခြင်းနဲ့ အရိယာမဂ်ကြောင့် သူအဆင့်နဲ့သူ ချုပ်ငြိမ်းအားနည်းရမည့် ကိလေသာများ ချုပ်ငြိမ်းအားနည်းနေခြင်းကို လက်တွေ့ဘ၀များ၊ လက်တွေ့အခြေအနေများနဲ့ စမ်းသတ်နိုင်ပါတယ်။ မဂ်နဲ့ ကိလေသာတွေ ငြိမ်းနေမှုမှာတော့ ကာမဂုဏ်အာရုံများနှင့် တွေ့တဲ့အခိုက်မှာလည်း တရားအားထုတ်စဉ်က အတိုင်းပဲ ပြန်လည်ပေါ်လာခြင်း ဖောက်ပြန်ပြောင်းလဲခြင်းမရှိ တစ်သမှတ်တည်း ဖြစ်နေတတ်ပါတယ်။ တရားတန်ခိုးကြောင့် ခေတ္တငုတ်လျိုးနေမှုမှာတော့ ကာမဂုဏ်အာရုံတွေနဲ့ တွေ့တဲ့အခါ စိတ်အစဉ်ဟာ သာမန်လူများလို၊ တရားအားမထုတ်ခင်က အခြေအနေလိုပဲ ကိလေသာများ ပြန်လည်ထကြွတတ်တာကို တွေ့ရပါလိမ့်မယ်။ တစ်ချို့ယောဂီများ တရားရိပ်သာမှာ အားထုတ်နေတုန်းကတော့ ကိလေသာများ မပေါ်တော့ဘူးလို့တောင် ထင်ရတဲ့အထိ စိတ်အဆင်တွေ ဖြစ်နေတတ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် အိမ်ပြန်ရောက်သွားတဲ့ အခါမှာတော့ ဒုံရင်းဒုံရင်းအတိုင်း ဖြစ်နေပြန်ပါတယ်။ ဒါဟာ အရိယာမဂ်နဲ့ တကယ်မသတ်နိုင်သေးဘဲ တရားအားထုတ်မှုအားကောင်း နေတုန်းမှာသာ ခေတ္တငုတ်လျိုးနေတာကြောင့် ဖြစ်ပါတယ်။

၂။ သောတာပတ္တိမဂ်သို့ ဆိုက်ရောက်နှင့်သူ တစ်ဦးသည် ကာမရာဂနှင့် ဒေါသ အားနည်းခြင်းကို မိမိသန္တာန်၌ ရေရှည် တွေ့နေရလျှင် တရားအားထုတ်နေ၍ တရားတန်ခိုးဖြင့် ကာမရာဂနှင့် ဒေါသတို့ အားနည်းနေခြင်းလော၊ သကဒါမိမဂ်ကြောင့် အားနည်းခြင်းလောကို မည်သို့ ခွဲခြားနိုင်ပါသလဲဘုရား။

ဖြေ။ ။ သကဒါဂါမိမဂ်ကြောင့် အားနည်းနေခြင်းကတော့ ကိလေသာအားလုံး လုံးဝနီးပါး ပယ်သတ်သွားသလို ဖြစ်နေတတ်ပါတယ်။ ရဟန္တာများလို အလုံးစုံးအကြွင်းမဲ့ မပယ်သတ်နိုင်သေးပေမယ့် ပေါ်လာခဲပါတယ်။ ပေါ်ရင်လည်း ခဏပဲ အဖြစ်သဘောလောက်ပေါ်ပြီး ကိလေသာများ မရှိသလောက် အားနည်းနေတတ်ပါတယ်။ ခဏခဏလည်း ပေါ်လေ့မရှိဘဲ အလွန်ကြာရှည်စွာနေမှသာ အကြောင်းတိုက်ဆိုင်တဲ့ အခိုက်ပေါ်လာတတ်ပြီး ချက်ချင်းပြန်လည် အားနည်းသွားတတ်ပါတယ်။

၃။ တရားအားထုတ်ရာတွင် လောကီအမှုကိစ္စများကို ငြီးငွေ့ခြင်း၊ တရားအားထုတ်ဖော်ချင်းနဲ့မှတစ်ပါး လူနှင့်ဝေးဝေး နေလိုခြင်း၊ ယခင်က ကြိုးစားခဲ့သော လောကီကြီးပွားရေးများကို စိတ်မဝင်စား မကြိုးစားလိုတော့ခြင်းများ ဖြစ်တတ်ပါသည်။ မည်သို့ ထိန်းညှိရပါသလဲဘုရား။

ဖြေ။ ။ တရားအစွမ်းများ အားကောင်းလာတဲ့အခါ လောကီကိစ္စများအပေါ် ငြီးငွေ့မှုများ ဖြစ်တတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကိုယ့်ရဲ့လက်ရှိအခြေအနေကို ပြန်ပြီး သုံးသပ်ဆင်ခြင် ညှိနိုင်ရပါမယ်။ ကိုယ့်အခြေအနေဟာ လောကီမှ အပြီးခွာလို့ရမရ၊ မခွာနိုင်တောင် လောကီကိစ္စများနဲ့ ကင်းလို့ရမရ ကြည့်ရပါမယ်။ လောကီကိစ္စများနဲ့ မကင်းနိုင်သေးဘူးဆိုရင်တော့ တာဝန်ဝတ္တရား တစ်ခုအဖြစ်နဲ့ သမ္မာအာဇီဝကျတဲ့ အလုပ်များကို လုပ်ပြီး လောကီနယ်မှာ နေလို့ရပါတယ်။ ဘုရားလက်ထက်ကလည်း သောတာပန်ဖြစ်နေတဲ့ လူတွေ အိမ်ထောင်ပြုသားမွေးရင်းနဲ့ လောကီကောင်းကျိုးတွေ လုပ်နေတာတွေ ရှိပါတယ်။ အထင်ရှားဆုံးကတော့ ၀ိသာခါ ဒကာမကြီးပါ။ သောတာပန်ဘ၀နဲ့ သားသမီးမြေးမြစ်အစုံ မိသားစုဘ၀ စိုစိုပြေပြေ ရှိခဲ့ပါတယ်။ ဃဋိကာရ အိုးထိန်းသည်ဆိုရင်လည်း အနာဂါမ်ဘ၀နဲ့ကိုပဲ လောကရဲ့တာဝန်တွေကို ၀တ္တရားတစ်ခုအနေဖြင့် လုပ်ပြီးနေသွားခဲ့တဲ့ သာဓကတွေရှိပါတယ်။ လောကီအလုပ်တွေမှာ စိတ်မ၀င်စား မကြိုးစားချင်တော့ပေမယ့် လောကီနယ်နဲ့ မကင်းနိုင်သေးရင်တော့ မဖြစ်မနေ လုပ်ပေးရမယ့် လောက၀တ်များအဖြစ် သတ်မှတ်ကာ သမ္မာအာဇီဝကျတဲ့ အလုပ်များကိုလုပ်ရင်း တစ်ဘက်ကလည်း တရားအားထုတ်ပြီး နေနိုင်အောင် ကြိုးစားနိုင်ပါတယ်။

၎။ တရားအားထုတ်ရာတွင် ဖြစ်ပျက်ကို ရှုရင်း လက္ခဏာရေးများ ထင်ရှားလာသောအခါ အနိစ္စ ဒုက္ခ အနတ္တ သုံးပါးစလုံးကို ရှုခြင်းနှင့် မိမိသန်ရာ တစ်ပါးတည်းကိုသာ ရှုခြင်း ဘယ်အရာက ပိုခရီးရောက်ပါသလဲဘုရား။

ဖြေ။ ။ ဒါကတော့ ကိုယ်အားသန်တဲ့ လက္ခဏာကို အဓိကထားပြီး ရှုနိုင်ပါတယ်။ ဒါပေမယ့် ၀ိပဿနာဉာဏ် မရင့်သန်သေး၊ မသန့်ရှင်းသေးတဲ့ ယောဂီအနေနဲ့ကတော့ သုံးမျိုးလုံးကို အားထုတ်နိုင်ရင် ပိုကောင်းပါတယ်။ အဲလိုအားထုတ်နိုင်မှသာ လက္ခဏာရေး သုံးပါးက ပယ်သတ်ပေးနိုင်၊ ပယ်ခွာပေးနိုင်တဲ့ ပပဉ္စတရားတွေကို အသီးသီး ပယ်ခွာပေးနိုင်မှာပါ။ ဉာဏ်စဉ်မြင့်လာရင်၊ သန့်ရှင်းလာရင်တော့ တစ်ခုတည်းကို အားစိုက်ပြီးရှုရင်း မဂ်ဉာဏ်ဖိုလ်ဉာဏ် ရနိုင်ပါတယ်။

၅။ အနိစ္စကို စီးဖြန်းရ စိတ်ထက်သန်ပြီး ရှုမှတ်သူ၊ ဒုက္ခကို စီးဖြန်းရသန်ပြီး ရှုမှတ်သုံးသပ်သူ၊ အနတ္တကို စီးဖြန်းရသန်ပြီး ရှုမှတ်သုံးသပ်သူ သုံးဦးသည် တရားတက်ရာတွင် မည်သို့ ကွာခြားပါသလဲဘုရား။

ဖြေ။ ။ ဒါကလည်း ခုနပြောသလို ၀ိပဿနာဉာဏ် မသန့်ရှင်းသေး၊ မရင့်သန်သေးခင်တော့ သိပ်ပြီးထူးခြားမှု မရှိလှသေးပဲ တရားတက်ရာတွင်လည်း ကွာခြားမှု မရှိလှသေးပါဘူး။ ၀ိပဿနာဉာဏ် မသန့်ရှင်းသေးတဲ့ ယောဂီအနေနဲ့ သုံးမျိုးလုံးကို ရှုမှတ်နိုင်ရင်ပိုကောင်းပါတယ်။ ဒါမှ အနိစ္စလက္ခဏာဖြင့် မာနကို ပယ်ခွာစေနိုင်၊ ဒုက္ခလက္ခဏာဖြင့် တဏှာကို ပယ်ခွာနိုင်၊ အနတ္တလက္ခဏာဖြင့် ဒိဋ္ဌိကို ပယ်ခွာနိုင်စေမှာ ဖြစ်ပါတယ်။ ၀ိပဿနာဉာဏ် သန့်ရှင်းသွားရင်တော့ ကိုယ်အားသန်ရာကို ရှုရင်းကြိုးစားမှုနဲ့ ပါရမီအရှိန်အလိုက် တရားတက်မှု ကွားခြားတတ်ပါတယ်။

၆။ တရားအားထုတ်ရာတွင် ယခင်က အပြစ်ဟု မမြင်ခဲ့သည့် အနုစား ကိလေသာများကိုပါ အပြစ်မှန်း သိလာသောအခါ ကိလေသာအားလုံးကို စက်ဆုတ်ရွံရှာပြီး အမြန် ချုပ်ငြိမ်းလိုစိတ် ဖြစ်လာတတ်ပါသည်။ ကိလေသာနှင့် နေရသည့် ဘဝကို အလိုမရှိခြင်း ဖြစ်လာပါသည်။ ထိုအခါ တရားနာခြင်း၊ တရားအားထုတ်ခြင်းနှင့် လှူဒါန်းခြင်းမှတစ်ပါး လောကီကိစ္စများကို စိတ်မဝင်စားတော့ပါ။ ဤသည်မှာ မဇ္ဈိမပဋိပဒါမကျဘဲ အစွန်းရောက်သွားနိုင်ပါသလား သိလိုပါသည်။

ဖြေ။ ။ အစွန်းရောက်တယ်လို့ ပြောလို့မရပါ။ တရားသဘောကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အဆင့်ဆင့်ကြောင့် ဖြစ်တတ်တဲ့ သဘောများဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလို မကင်းနိုင်သေးရင်တော့ လောကီကိစ္စများအပေါ် အစွန်းမရောက်အောင် စိတ်မ၀င်စားသော်လည်း တာဝန်ဝတ္တရားတစ်ခု အနေဖြင့် လုပ်ပေးနိုင်ရင်ပိုကောင်းပါတယ်။

၇။ အချို့ယောဂီများသည် မိမိတို့ မြတ်နိုးသောတရားကို ပို၍ ဖြောင့်ဖြူးစွာ ကျင့်ကြံနိုင်ရန် သေခါနီးတွင် နောင်ဘဝ ရဟန်း ဖြစ်လိုကြောင်း ဆုပန်သွားပါသည်။ ထိုသူများဆုတောင်း ပြည့်နိုင်ပါသလားဘုရား။ ရဟန်းပြုလိုသော်လည်း မိဘဆွေမျိုး အသိုင်းအဝိုင်းက သဘောမတူသဖြင့် ရဟန်းဘဝ မရောက်သူများ မျက်မှောက်ခေတ်တွင် တွေ့နေရရာ ဆန္ဒရှိပြီး ပါရမီလည်း ပါလာပါလျက် အဘယ့်ကြောင့် ဆုတောင်းမပြည့်ကြသလဲ သိလိုပါသည်။

ဖြေ။ ။ ပြင်းပြတဲ့စိတ်ဆန္ဒနှင့် အမှန်တကယ်လိုလိုချင်ချင် ထပ်ခါထပ်ခါ ဆုတောင်းသွားပါက ရဟန်းဖြစ်လိုတဲ့ ဆုတောင်းပြည့်နိုင်ပါတယ်။ တစ်ချို့ဟာ ဒီဘ၀မှာ ရဟန်းပြုလိုတဲ့ ဆန္ဒရှိပြီး ပါရမီပါလာပေမယ့် အတိတ်ဘ၀က ထက်သန်ပြင်းပြတဲ့ စိတ်နဲ့ ရဟန်းဖြစ်ရပါလို၏ဆိုတဲ့ ဆုတောင်းမပါခဲ့ရင်လည်း ဒီဘ၀မှာ ဘယ်လိုပဲ ရဟန်းဝတ်ဖို့ ကြိုးစားကြိုးစား အကြောင်းတစ်ခုခုကြောင့် မအောင်မြင်ပဲ ပျက်တတ်ပါတယ်။

မှတ်ချက်။ ။ အထက်ပါ ဖော်ပြချက်များဟာ ဘုန်းဘုန်းတစ်ပါးတည်းရဲ့ စိတ်ဆန္ဒနဲ့ ဖြေကြားပေးခြင်းမဟုတ်ပါ။ တတ်သိနားလည်သော ဆရာတော်နှင့်တိုင်ပင် ဆွေးနွေးပြီး သင့်လျော်သလို ပြန်လည်ဖြေကြားပေးခြင်း ဖြစ်ပါတယ်။ စိတ်ကျေနပ်မှု မရှိခဲ့ပါက ဘုန်းဘုန်းရဲ့ အားနည်းမှုသာဖြစ်ပါကြောင်း ၀န်ခံပါတယ်။

ရိုသေစွာ ရှိခိုးဦးခိုက်ပါသည်ဘုရား။
အရှင်ဘုရား ကျမ်းမာချမ်းသာစွာ သာသနာပြုနိုင်ပါစေဘုရား။
ဓမ္မခရီးသည်များ

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ