တရားအားထုတ်နေသည့် ယောဂီများ သိလိုလှသည့် မေးခွန်းများနှင့် ပတ်သက်၍…

Q. ဆရာတော်ဘုရား
တပည့်တော်တို့သည် မိတ်ဆွေကောင်းများကို အကြောင်းပြု၍ တရားဓမ္မကို ကျင့်ကြံ အားထုတ်နေကြသူများ ဖြစ်ကြပါသည်။ တပည့်တော်တို့ သိလိုသည်များကို ရိုသေစွာ နှိမ့်ချစွာ လျှောက်ထားမေးမြန်းလိုပါသည်။

၁။ တရားအားထုတ်ရာတွင် မိမိ မရောက်သေးသော တရားအဆင့်ကို ရောက်ပြီဟု ထင်တတ်သည်ဟု မှတ်သားရပါသည်။ တရားကျင့်ကြံအားထုတ်၍ တရားတန်ခိုးကြောင့် ကိလေသာတို့ ခေတ္တ ငုပ်လျိုးအားနည်းနေခြင်းနှင့် အရိယာမဂ်ကြောင့် သူ့အဆင့်နှင့်သူ ချုပ်ငြိမ်းရ-အားနည်းရမည့် ကိလေသာများ ချုပ်ငြိမ်းခြင်း၊ အားနည်းခြင်းကို မည်သို့ ခွဲခြားနိုင်ပါသလဲဘုရား။


A. ဖြေ။ ။ မှန်ပါတယ်။ တရားအားထုတ်နေတဲ့အချိန်မှာ အမျိုးမျိုးသော သမာဓိအစွမ်းများ၊ နိမိတ်များကြောင့် ကိုယ်မရောက်သေးတဲ့ တရားအဆင့်ကို ရောက်ပြီဟု ထင်တတ်ပါတယ်။ တရားအားထုတ်စဉ်မှာ ကိလေသာများ ခေတ္တငုတ်လျိုးအားနေခြင်းနဲ့ အရိယာမဂ်ကြောင့် သူအဆင့်နဲ့သူ ချုပ်ငြိမ်းအားနည်းရမည့် ကိလေသာများ ချုပ်ငြိမ်းအားနည်းနေခြင်းကို လက်တွေ့ဘ၀များ၊ လက်တွေ့အခြေအနေများနဲ့ စမ်းသတ်နိုင်ပါတယ်။ မဂ်နဲ့ ကိလေသာတွေ ငြိမ်းနေမှုမှာတော့ ကာမဂုဏ်အာရုံများနှင့် တွေ့တဲ့အခိုက်မှာလည်း တရားအားထုတ်စဉ်က အတိုင်းပဲ ပြန်လည်ပေါ်လာခြင်း ဖောက်ပြန်ပြောင်းလဲခြင်းမရှိ တစ်သမှတ်တည်း ဖြစ်နေတတ်ပါတယ်။ တရားတန်ခိုးကြောင့် ခေတ္တငုတ်လျိုးနေမှုမှာတော့ ကာမဂုဏ်အာရုံတွေနဲ့ တွေ့တဲ့အခါ စိတ်အစဉ်ဟာ သာမန်လူများလို၊ တရားအားမထုတ်ခင်က အခြေအနေလိုပဲ ကိလေသာများ ပြန်လည်ထကြွတတ်တာကို တွေ့ရပါလိမ့်မယ်။ တစ်ချို့ယောဂီများ တရားရိပ်သာမှာ အားထုတ်နေတုန်းကတော့ ကိလေသာများ မပေါ်တော့ဘူးလို့တောင် ထင်ရတဲ့အထိ စိတ်အဆင်တွေ ဖြစ်နေတတ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် အိမ်ပြန်ရောက်သွားတဲ့ အခါမှာတော့ ဒုံရင်းဒုံရင်းအတိုင်း ဖြစ်နေပြန်ပါတယ်။ ဒါဟာ အရိယာမဂ်နဲ့ တကယ်မသတ်နိုင်သေးဘဲ တရားအားထုတ်မှုအားကောင်း နေတုန်းမှာသာ ခေတ္တငုတ်လျိုးနေတာကြောင့် ဖြစ်ပါတယ်။

၂။ သောတာပတ္တိမဂ်သို့ ဆိုက်ရောက်နှင့်သူ တစ်ဦးသည် ကာမရာဂနှင့် ဒေါသ အားနည်းခြင်းကို မိမိသန္တာန်၌ ရေရှည် တွေ့နေရလျှင် တရားအားထုတ်နေ၍ တရားတန်ခိုးဖြင့် ကာမရာဂနှင့် ဒေါသတို့ အားနည်းနေခြင်းလော၊ သကဒါမိမဂ်ကြောင့် အားနည်းခြင်းလောကို မည်သို့ ခွဲခြားနိုင်ပါသလဲဘုရား။

ဖြေ။ ။ သကဒါဂါမိမဂ်ကြောင့် အားနည်းနေခြင်းကတော့ ကိလေသာအားလုံး လုံးဝနီးပါး ပယ်သတ်သွားသလို ဖြစ်နေတတ်ပါတယ်။ ရဟန္တာများလို အလုံးစုံးအကြွင်းမဲ့ မပယ်သတ်နိုင်သေးပေမယ့် ပေါ်လာခဲပါတယ်။ ပေါ်ရင်လည်း ခဏပဲ အဖြစ်သဘောလောက်ပေါ်ပြီး ကိလေသာများ မရှိသလောက် အားနည်းနေတတ်ပါတယ်။ ခဏခဏလည်း ပေါ်လေ့မရှိဘဲ အလွန်ကြာရှည်စွာနေမှသာ အကြောင်းတိုက်ဆိုင်တဲ့ အခိုက်ပေါ်လာတတ်ပြီး ချက်ချင်းပြန်လည် အားနည်းသွားတတ်ပါတယ်။

၃။ တရားအားထုတ်ရာတွင် လောကီအမှုကိစ္စများကို ငြီးငွေ့ခြင်း၊ တရားအားထုတ်ဖော်ချင်းနဲ့မှတစ်ပါး လူနှင့်ဝေးဝေး နေလိုခြင်း၊ ယခင်က ကြိုးစားခဲ့သော လောကီကြီးပွားရေးများကို စိတ်မဝင်စား မကြိုးစားလိုတော့ခြင်းများ ဖြစ်တတ်ပါသည်။ မည်သို့ ထိန်းညှိရပါသလဲဘုရား။

ဖြေ။ ။ တရားအစွမ်းများ အားကောင်းလာတဲ့အခါ လောကီကိစ္စများအပေါ် ငြီးငွေ့မှုများ ဖြစ်တတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကိုယ့်ရဲ့လက်ရှိအခြေအနေကို ပြန်ပြီး သုံးသပ်ဆင်ခြင် ညှိနိုင်ရပါမယ်။ ကိုယ့်အခြေအနေဟာ လောကီမှ အပြီးခွာလို့ရမရ၊ မခွာနိုင်တောင် လောကီကိစ္စများနဲ့ ကင်းလို့ရမရ ကြည့်ရပါမယ်။ လောကီကိစ္စများနဲ့ မကင်းနိုင်သေးဘူးဆိုရင်တော့ တာဝန်ဝတ္တရား တစ်ခုအဖြစ်နဲ့ သမ္မာအာဇီဝကျတဲ့ အလုပ်များကို လုပ်ပြီး လောကီနယ်မှာ နေလို့ရပါတယ်။ ဘုရားလက်ထက်ကလည်း သောတာပန်ဖြစ်နေတဲ့ လူတွေ အိမ်ထောင်ပြုသားမွေးရင်းနဲ့ လောကီကောင်းကျိုးတွေ လုပ်နေတာတွေ ရှိပါတယ်။ အထင်ရှားဆုံးကတော့ ၀ိသာခါ ဒကာမကြီးပါ။ သောတာပန်ဘ၀နဲ့ သားသမီးမြေးမြစ်အစုံ မိသားစုဘ၀ စိုစိုပြေပြေ ရှိခဲ့ပါတယ်။ ဃဋိကာရ အိုးထိန်းသည်ဆိုရင်လည်း အနာဂါမ်ဘ၀နဲ့ကိုပဲ လောကရဲ့တာဝန်တွေကို ၀တ္တရားတစ်ခုအနေဖြင့် လုပ်ပြီးနေသွားခဲ့တဲ့ သာဓကတွေရှိပါတယ်။ လောကီအလုပ်တွေမှာ စိတ်မ၀င်စား မကြိုးစားချင်တော့ပေမယ့် လောကီနယ်နဲ့ မကင်းနိုင်သေးရင်တော့ မဖြစ်မနေ လုပ်ပေးရမယ့် လောက၀တ်များအဖြစ် သတ်မှတ်ကာ သမ္မာအာဇီဝကျတဲ့ အလုပ်များကိုလုပ်ရင်း တစ်ဘက်ကလည်း တရားအားထုတ်ပြီး နေနိုင်အောင် ကြိုးစားနိုင်ပါတယ်။

၎။ တရားအားထုတ်ရာတွင် ဖြစ်ပျက်ကို ရှုရင်း လက္ခဏာရေးများ ထင်ရှားလာသောအခါ အနိစ္စ ဒုက္ခ အနတ္တ သုံးပါးစလုံးကို ရှုခြင်းနှင့် မိမိသန်ရာ တစ်ပါးတည်းကိုသာ ရှုခြင်း ဘယ်အရာက ပိုခရီးရောက်ပါသလဲဘုရား။

ဖြေ။ ။ ဒါကတော့ ကိုယ်အားသန်တဲ့ လက္ခဏာကို အဓိကထားပြီး ရှုနိုင်ပါတယ်။ ဒါပေမယ့် ၀ိပဿနာဉာဏ် မရင့်သန်သေး၊ မသန့်ရှင်းသေးတဲ့ ယောဂီအနေနဲ့ကတော့ သုံးမျိုးလုံးကို အားထုတ်နိုင်ရင် ပိုကောင်းပါတယ်။ အဲလိုအားထုတ်နိုင်မှသာ လက္ခဏာရေး သုံးပါးက ပယ်သတ်ပေးနိုင်၊ ပယ်ခွာပေးနိုင်တဲ့ ပပဉ္စတရားတွေကို အသီးသီး ပယ်ခွာပေးနိုင်မှာပါ။ ဉာဏ်စဉ်မြင့်လာရင်၊ သန့်ရှင်းလာရင်တော့ တစ်ခုတည်းကို အားစိုက်ပြီးရှုရင်း မဂ်ဉာဏ်ဖိုလ်ဉာဏ် ရနိုင်ပါတယ်။

၅။ အနိစ္စကို စီးဖြန်းရ စိတ်ထက်သန်ပြီး ရှုမှတ်သူ၊ ဒုက္ခကို စီးဖြန်းရသန်ပြီး ရှုမှတ်သုံးသပ်သူ၊ အနတ္တကို စီးဖြန်းရသန်ပြီး ရှုမှတ်သုံးသပ်သူ သုံးဦးသည် တရားတက်ရာတွင် မည်သို့ ကွာခြားပါသလဲဘုရား။

ဖြေ။ ။ ဒါကလည်း ခုနပြောသလို ၀ိပဿနာဉာဏ် မသန့်ရှင်းသေး၊ မရင့်သန်သေးခင်တော့ သိပ်ပြီးထူးခြားမှု မရှိလှသေးပဲ တရားတက်ရာတွင်လည်း ကွာခြားမှု မရှိလှသေးပါဘူး။ ၀ိပဿနာဉာဏ် မသန့်ရှင်းသေးတဲ့ ယောဂီအနေနဲ့ သုံးမျိုးလုံးကို ရှုမှတ်နိုင်ရင်ပိုကောင်းပါတယ်။ ဒါမှ အနိစ္စလက္ခဏာဖြင့် မာနကို ပယ်ခွာစေနိုင်၊ ဒုက္ခလက္ခဏာဖြင့် တဏှာကို ပယ်ခွာနိုင်၊ အနတ္တလက္ခဏာဖြင့် ဒိဋ္ဌိကို ပယ်ခွာနိုင်စေမှာ ဖြစ်ပါတယ်။ ၀ိပဿနာဉာဏ် သန့်ရှင်းသွားရင်တော့ ကိုယ်အားသန်ရာကို ရှုရင်းကြိုးစားမှုနဲ့ ပါရမီအရှိန်အလိုက် တရားတက်မှု ကွားခြားတတ်ပါတယ်။

၆။ တရားအားထုတ်ရာတွင် ယခင်က အပြစ်ဟု မမြင်ခဲ့သည့် အနုစား ကိလေသာများကိုပါ အပြစ်မှန်း သိလာသောအခါ ကိလေသာအားလုံးကို စက်ဆုတ်ရွံရှာပြီး အမြန် ချုပ်ငြိမ်းလိုစိတ် ဖြစ်လာတတ်ပါသည်။ ကိလေသာနှင့် နေရသည့် ဘဝကို အလိုမရှိခြင်း ဖြစ်လာပါသည်။ ထိုအခါ တရားနာခြင်း၊ တရားအားထုတ်ခြင်းနှင့် လှူဒါန်းခြင်းမှတစ်ပါး လောကီကိစ္စများကို စိတ်မဝင်စားတော့ပါ။ ဤသည်မှာ မဇ္ဈိမပဋိပဒါမကျဘဲ အစွန်းရောက်သွားနိုင်ပါသလား သိလိုပါသည်။

ဖြေ။ ။ အစွန်းရောက်တယ်လို့ ပြောလို့မရပါ။ တရားသဘောကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အဆင့်ဆင့်ကြောင့် ဖြစ်တတ်တဲ့ သဘောများဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလို မကင်းနိုင်သေးရင်တော့ လောကီကိစ္စများအပေါ် အစွန်းမရောက်အောင် စိတ်မ၀င်စားသော်လည်း တာဝန်ဝတ္တရားတစ်ခု အနေဖြင့် လုပ်ပေးနိုင်ရင်ပိုကောင်းပါတယ်။

၇။ အချို့ယောဂီများသည် မိမိတို့ မြတ်နိုးသောတရားကို ပို၍ ဖြောင့်ဖြူးစွာ ကျင့်ကြံနိုင်ရန် သေခါနီးတွင် နောင်ဘဝ ရဟန်း ဖြစ်လိုကြောင်း ဆုပန်သွားပါသည်။ ထိုသူများဆုတောင်း ပြည့်နိုင်ပါသလားဘုရား။ ရဟန်းပြုလိုသော်လည်း မိဘဆွေမျိုး အသိုင်းအဝိုင်းက သဘောမတူသဖြင့် ရဟန်းဘဝ မရောက်သူများ မျက်မှောက်ခေတ်တွင် တွေ့နေရရာ ဆန္ဒရှိပြီး ပါရမီလည်း ပါလာပါလျက် အဘယ့်ကြောင့် ဆုတောင်းမပြည့်ကြသလဲ သိလိုပါသည်။

ဖြေ။ ။ ပြင်းပြတဲ့စိတ်ဆန္ဒနှင့် အမှန်တကယ်လိုလိုချင်ချင် ထပ်ခါထပ်ခါ ဆုတောင်းသွားပါက ရဟန်းဖြစ်လိုတဲ့ ဆုတောင်းပြည့်နိုင်ပါတယ်။ တစ်ချို့ဟာ ဒီဘ၀မှာ ရဟန်းပြုလိုတဲ့ ဆန္ဒရှိပြီး ပါရမီပါလာပေမယ့် အတိတ်ဘ၀က ထက်သန်ပြင်းပြတဲ့ စိတ်နဲ့ ရဟန်းဖြစ်ရပါလို၏ဆိုတဲ့ ဆုတောင်းမပါခဲ့ရင်လည်း ဒီဘ၀မှာ ဘယ်လိုပဲ ရဟန်းဝတ်ဖို့ ကြိုးစားကြိုးစား အကြောင်းတစ်ခုခုကြောင့် မအောင်မြင်ပဲ ပျက်တတ်ပါတယ်။

မှတ်ချက်။ ။ အထက်ပါ ဖော်ပြချက်များဟာ ဘုန်းဘုန်းတစ်ပါးတည်းရဲ့ စိတ်ဆန္ဒနဲ့ ဖြေကြားပေးခြင်းမဟုတ်ပါ။ တတ်သိနားလည်သော ဆရာတော်နှင့်တိုင်ပင် ဆွေးနွေးပြီး သင့်လျော်သလို ပြန်လည်ဖြေကြားပေးခြင်း ဖြစ်ပါတယ်။ စိတ်ကျေနပ်မှု မရှိခဲ့ပါက ဘုန်းဘုန်းရဲ့ အားနည်းမှုသာဖြစ်ပါကြောင်း ၀န်ခံပါတယ်။

ရိုသေစွာ ရှိခိုးဦးခိုက်ပါသည်ဘုရား။
အရှင်ဘုရား ကျမ်းမာချမ်းသာစွာ သာသနာပြုနိုင်ပါစေဘုရား။
ဓမ္မခရီးသည်များ

5 မှတ်ချက်များ (...ရေးရန်):

  • ဓမ္မခရီးသည် says:
    Saturday, June 20, 2009

    သာဓု သာဓု သာဓုပါဘုရား။

    တရားအားထုတ်စဉ် လောဘ ကိလေသာ နှောင့်ယှက်လာလျှင် အလောဘ ဖြစ်အောင် တပ်မက်ဖွယ် မဟုတ်သည်ကို ဆင်ခြင်ခြင်းဖြင့်လည်းကောင်း၊ ဒေါသ ကိလေသာ နှောင့်ယှက်လာလျှင် အဒေါသ ဖြစ်သော မေတ္တာကို ပွားခြင်း စသည်ဖြင့်လည်းကောင်း တွန်းလှန်နိုင်သော်လည်း စိတ်ပြန့်လွင့်ခြင်း ဥဒစ္စမှာ မကြာခဏ ကြားခိုနှောင့်ယှက်တတ်ပြီး အချို့ယောဂီများအတွက် အပယ်ချနိုင်သည့် ကိလေသာကြီးများထက်ပင် ပို၍ သမာဓိကို ဖျက်ဆီးလေ့ရှိပါသည်။ ရာဂ ဒေါသ မာနတို့ အတိုင်းအတာ တစ်ခုထိ နည်းပါးလျော့ကျအောင် ထိန်းချုပ်ထားနိုင်သည့် ကာလမှာပင် ဥဒစ္စသည် အကြောင်းရှာ ဝင်ရောက်ပြီး အလွန် နှောင့်ယှက်တတ်ပါသည်။ အာရုံနည်းပါးအောင် နေခြင်း၊ ကမ္မဌာန်းအာရုံတစ်ခုတည်းတွင်သာ အဖန်ဖန် စူးစိုက်နေခြင်းများဖြင့် တွန်းလှန်သော်လည်း မရပါ။ ထို့ကြောင့် ဥဒစ္စကို နိုင်နင်းစေမည့် နည်းလမ်းများကို ညွှန်ပြပေးတော်မူပါဘုရား။

  • ဓမ္မခရီးသည်သို့...
    တရားအားထုတ်တဲ့ ယောဂီဟာ ဣနြေ္ဒလည်း ညီမျှဖို့ လိုပါတယ်။ အထူးသဖြင့် ဒီနေရာမှာတော့ သမာဓိလို့ ခေါ်တဲ့ သမာဓိနြေ္ဒ နဲ့ ၀ီရိယလို့ ခေါ်တဲ့ ၀ီရိယိနြေ္ဒ ညီမျှဖို့ လိုပါတယ်။ သမာဓိဆိုတာ တည်ကြည်မှုဖြစ်ပြီး ၀ိရီယကတော့ လုံ့လအားထုတ်မှုဖြစ်ပါတယ်။ သမာဓိဟာ ပျင်းရိခြင်း ကောသဇ္ဇရဲ့ ဘက်တော်သားဖြစ်လို့ သမာဓိအားကောင်းပြီး ၀ီရိယ အားနည်းနေရင် စိတ်အစဉ်ကို ပျင်းရိခြင်း ကောသဇ္ဇတရားက လွှမ်းမိုးဖိစီးသွားတတ်ပါတယ်။ ဒီလိုပဲ ၀ီရိယဟာ စိတ်ပျံ့လွင်မှု ဥဒ္ဓစ္စရဲ့ အသင်းအပင်း ဘက်တော်သားဖြစ်တဲ့အတွက် ၀ီရိယအားကောင်းပြီး သမာဓိအားနည်းနေရင် စိတ်အစဉ်ကို ပျံ့လွင့်မှု ဥဒ္ဓစ္စတရားက လွှမ်းမိုးဖိစီးတတ်ပါတယ်။ ဒါကြောင့် ``သမာဓိလွန်သော် ကောသဇ္ဇ၊ ၀ီရိယလွန်သော် ဥဒ္ဓစ္စ``လို့ ဆိုခြင်းဖြစ်ပါတယ်။ သမာဓိကို ၀ီရိယနဲ့ ယှဉ်တွဲပေးလိုက်ရင် ဒီသမာဓိဟာ ပျင်းရိခြင်း ကောသဇ္ဇသို့ ကျရောက်ရန် အခွင့်မရနိုင်၊ ၀ီရိယကို သမာဓိနဲ့ ယှဉ်စပ်ပေးလိုက်ရင် ဒီဝီရိယဟာ စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စုသို့ ကျရောက်ရန် အခွင့်မရနိုင်တော့ပါ။ ဒီလို သမာဓိ ၀ီရိယ ညီမျှနေပါက အစွန်းရောက်မှု မရှိတော့ဘဲ ကောင်းကျိုးကိုသာ ဖြစ်စေနိုင်ပါတယ်။ ဒီတရားများညီမျှရန်အတွက် သတိကပင် ထိန်းသိမ်းပေးရမှာ ဖြစ်ပါတယ်။။

  • ဓမ္မ-G says:
    Sunday, June 21, 2009

    အရှင်သူမြတ်ဘုရား

    အချို့ဟာ တရားအရာမှာလဲ ခရီးအရောက်မြန်ကြ၊ တရားတက်လွယ်ကြပါတယ်။ ခက်ခဲလေးလံတဲ့ တရားခွေတွေ၊ တရားစာအုပ်တွေကို ဝိုင်းပြီး နာကြ၊ ဖတ်ကြရင်လဲ အခြားသူတွေလို နားမလည်တာ၊ မလိုက်နိုင်တာ ညည်းငွေ့တာ မဖြစ်ကြဘဲ သူတို့က စိတ်ဝင်တစား နာနိုင်ဖတ်နိုင် ခံစားနားလည်နိုင်ကြပါတယ်။ နှုတ်က ထုတ်မဝန်ခံကြပေမယ့် ငါးပါးသီလကို နိစ္စသီလလို မြဲတာ၊ မနာလိုဖြစ်အောင် ဘယ်လိုဆွပေးပေး မနာလို ဝန်တို မဖြစ်ကြတာလဲ တွေ့ရပါတယ်။ သူတို့ဟာ သီလတို့၊ တရားအားထုတ်မှုတို့မှာ ဒီလို ခရီးရောက်လွယ်နေတာ ရှေးဘဝက ကောင်းမှုတွေ ပြုခဲ့လို့လား၊ ဒီဘဝမှာပဲ သဒ္ဒါတရား ပြင်းထန်မှုကြောင့်လား သိချင်ပါတယ်။

    (က)တရားအဆင့်ကို မပင်ပန်းဘဲ သက်သက်သာသာနဲ့ ရောက်ခဲ့တဲ့ ယောဂီတဦးဟာ (ခ)တရားအဆင့်ကို ဒီ့ထက် အများကြီး အချိန်တွေပေး ပင်ပန်းခံပြီး ကြိုးစားပေမယ့် နှစ်တွေကြာလဲ ဆက်မတက်တော့ဘူးဆိုရင် ဘာကြောင့်ပါလဲ သိချင်ပါတယ်။ ကုသိုလ်ကံက ဒီလောက်ပဲ အကျိုးပေးနိုင်ဖို့ ပါလို့လား။ ပါရမီ မရှိတော့လို့လား သိချင်ပါတယ်။

    ဘုရားလက်ထက်က တရားထူးရသူတွေဟာ ရှေးဘဝက ဒါနကောင်းမှုတွေ ပြုခဲ့လို့ဆိုတာ သိရပါတယ်။ ကြိုးစားပေမယ့် တောင့်တတဲ့ အဆင့်ကို ခရီးမရောက်ရင် တရားအားထုတ်မှုကို ရပ်ပြီး ဒါန ကောင်းမှုတွေနဲ့ ပါရမီ အရင် ဖြည့်သင့်သလား သိချင်ပါတယ်။

    မေတ္တာကမ္မဌာန်းဟာ ဒေါသကိလေသာကို ချုပ်ငြိမ်းတဲ့အထိ ခရီးရောက်နိုင်သလား၊ တစ်နည်း အနာဂါမိမဂ်ဖိုလ်ကို ကျေးဇူးပြုနိုင်ပါသလား သိချင်ပါတယ်။

    အမှားအယွင်းပါရင် ခွင့်လွှတ်တော်မူပါဘုရား။ ရိုသေစွာ ကန်တော့ပါ၏။

  • ဖြိုးလေး says:
    Monday, June 22, 2009

    ဘုန်းဘုန်း
    ဘုရားတရားသံဃာနဲ့ ဆရာသမား မိဘကို တပည့်တော် ရိုသေပါတယ်။ လုပ်လဲ လုပ်ကျွေးပါတယ်။ အခု ပြောနေကြတဲ့ အမေ့ခြေရာ ခံယူတာကို လုပ်သင့်လား သိချင်ပါ၏ဘုရား။ ခြေတော်ရာဆိုတာ ဘုရားခြေတော်ရာ စက်တော်ရာ လို့ပဲ ကြားဖူးနေတော့ အမေက ဘုရားမဟုတ် သံဃာမဟုတ်ဘဲ အမေ့ခြေရာကို ယူကိုးကွယ်တာ လုပ်ရမလား မလုပ်ရလားဘုရား။
    အမေ့က မာန အရမ်းကြီးတယ်ဘုရား။ ဒုလ္လဘ ဝတ်တုန်းက အမေ ကုသိုလ်ရစေချင်လို့ အမေ့ကို ပင့် ပြတာ မြင်တော့ တခြားရဟန်းမယ်တော်တွေလို ဦးလဲမချဘူး။ စကားလဲ လူလူချင်း ပြောသလိုပဲ အထက်က ပြောတယ်။ တပည့်တော်တို့ ဘုရားတို့ မသုံးဘူး။ ရှိခိုးခံ ရိုသေခံချင်လို့ မှုတ်ပါဘူး။ တခြား ရဟန်းမယ်တော်တွေလို ဝမ်းသာကြည်နူးမလားလို့ လုပ်မိတာ အမေ့လုပ်ပြပုံက တပည့်တော် သင်္ကန်းဝတ်ကြီးနဲ့ လူရှေ့ အရှက်ကွဲစရာ ဖြစ်သွားလို့ပါ။ အမေတို့ခေတ်က ဘုရားမရှိခိုးရဘူး။ အိမ်မှာ ဘုရားစင် ထားစရာမလိုဘူး။ ဘုရားတွေ ဘုန်းကြီးကျောင်းတွေ မသွားရဘူး။ တိုးတက်တဲ့ လူငယ်မှန်ရင် ဘာဘာသာမှ ကိုးကွယ်စရာ မလိုဘူး ဆိုတဲ ဗကပတွေနဲ့ ပေါင်းမိတော့ အမေက အဲလို ဖြစ်သွားလို့ပါ။ တပည့်တော် ဘုရားပုံတွေ ကိုယ့်အခန်းထဲ သယ်လာရင်လဲ အမေ မကြိုက်တော့ သူများပေးပစ်ဖို့ အမြဲ ပြောပါတယ်။ အမေ့ကို ရှိခိုးရင်တော့ ကြိုက်ပါတယ်။ ရှိခိုးဖို့လဲ ပြောပါတယ်။ အခု အမေ့ခြေရာ ယူဖို့က လုပ်သင့်မလုပ်သင့် ဘုရားသားတော်တစ်ပါးကို လာမေးတာပါ။ မာနကြီးပြီး ဘုန်းကြီးတွေတောင် မရှိခိုးချင်တဲ့ အမေ့ကို ပိုမာန်တက်အောင် လုပ်သလို ဖြစ်သွားရင် ငရဲပေးသလို ဖြစ်သွားမလား ဘုန်းဘုန်း။
    အမေ့ကို တရားစာအုပ်တွေပေး၊ ဘာသာရေးအကြောင်း ပြောပြနဲ့ လုပ်ကြည့်ပါတယ်။ အရမ်းအနှိမ်ခံရတယ်။ ကွယ်ရာမှာပါ သူများတွေနဲ့ ရယ်စရာလှောင်စရာလို သတင်းလွှင့်ပြောတော့ မလုပ်ရဲတော့ဘူး။ ကိုယ့်အမေက ကိုယ့်ကို ဘာသာရေး အားကိုးတဲ့ ငတုံး ငကြောင်တစ်ကောင်လို ဟားနေရင် သူများတွေကပါ လိုက်နှိမ်လာမှာ စိုးလို့ပါ။
    ဘုန်းဘုန်းတို့ရော မယ်တော်တွေကို တရားဘက် ဆွဲခေါ်ရတာ လွယ်ပါလား။ နည်းပရိယာယ်တွေ သုံးရတာ ရှိရင် ဘယ်လိုလုပ်ရလဲ ပြောပြပါ ဘုန်းဘုန်း။

  • The Bliss Of Emancipation says:
    Monday, June 22, 2009

    မေးခွန်းတွေရော၊ အဖြေတွေပါ အင်မတန်တန်ဖိုးရှိပြီး အကျိုးများပါတယ်ဘုရား။
    သာဓု၊ သာဓု၊ သာဓု။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ