တရားအားထုတ်စဉ် ၀မ်းနည်းအားငယ် စိတ်များဖြစ်ပေါ်လာပါက ဘယ်လိုဆက်ရှုမှတ်သင့်ပါသလဲ..

Q. ဘုန်းဘုန်း
တပည့်တော်ဟာ အလုပ်တစ်ဖက်နဲ့ တရားအားထုတ်ခြင်းကို တတ်နိုင်သမျှ ပြုနေသူ ဖြစ်ပါတယ်။ ယခု တပည့်တော် တရားကို နေ့စဉ် ရှုမှတ်သောအခါ ရံခါ ဝမ်းနည်းအားငယ်စိတ်များ ဝင်လာပါတယ်။ လောကီ လုပ်ငန်းတာဝန်တွေကို နောက်မှာထားပြီး တရားသာ မှတ်နေချင်စိတ်လဲ ဖြစ်တတ်ပါတယ်။ ပြည်တွင်းမှာတုန်းက မဟာစည်ရိပ်သာမှာ တရားအားထုတ်ခဲ့စဉ်က တရားပြ ဆရာတော် အမိန့်ရှိဖူးတာက တရားကို ရက်ရှည် စွဲမြဲအားထုတ်ရင် ရိပ်သာက ထွက်သွားပြီးသော်လည်း ရိပ်သာကို ပြန်လာချင်စိတ်၊ တရား ဆက်အားထုတ်နေချင်စိတ်များ ဖြစ်တတ်တယ်လို့ အမိန့်ရှိပါတယ်။
တရားကြိုးစားအားထုတ်ခဲ့တဲ့ ယောဂီလူကြီးတစ်ယောက်ရဲ့ အတွေ့အကြုံအရလဲ သူဟာ တရားအားထုတ်ပြီး ရိပ်သာက ပြန်ထွက်လာစမှာ လူတောထဲ ပြန်ဝင်တော့ အရာရာကို စိတ်ကုန်ညည်းငွေ့သလို ဖြစ်လာတယ်။ မျက်စိထဲလဲ ဘာကြည့်ကြည့် အနိစ္စ စသည်သာ မြင်နေတယ်လို့ သိရပါတယ်။ တစ်ဦးနဲ့တစ်ဦး တရားအတွေ့အကြုံ ထပ်တူ မတူနိုင်ပေမယ့် တပည့်တော် ဖြစ်သလို စိတ်ပျက်အားငယ်စိတ်၊ ဝမ်းနည်း အထီးကျန်စိတ်များကို ကြုံရသူများလဲ ရှိနိုင်တယ်လို့ ထင်ပါတယ်။ ဘယ်လို ဆက်ရှုမှတ်ရမလဲ သိလိုပါတယ်ဘုရား။
တပည့်တော် ရုပ်နာမ်တို့၏ မရပ်မနား ဖြစ်ပျက်နေခြင်း၊ ဖြစ်ခြင်းပျက်ခြင်းများ၊ မိမိ အစိုးမရ မထိန်းချုပ်နိုင်ခြင်းများကို နေ့စဉ် ရှုမှတ်ရင်း ထိတ်လန့်ခြင်း၊ စိတ်အားငယ်ခြင်းများ ဖြစ်လာတာလဲ ဖြစ်နိုင်ပါတယ်။ ဘုန်းဘုန်းနဲ့ တရားအတွေ့အကြုံ ရှိပြီးတဲ့ အခြား ဓမ္မမိတ်ဆွေများထံက အကြံဥာဏ်များ ရယူလိုပါတယ်။ ဘုန်းဘုန်းကရော ဒီစာကို ဖတ်ရှုရတဲ့ တရားအတွေ့အကြုံ ရှိသူများကရော အကြံဥာဏ်များး ချီးမြှင့်စေလိုပါတယ်။
(မနီ)

A. မှန်ပါတယ်။ တရားအားထုတ်တဲ့ ယောဂီတိုင်းမှာ မတူညီတဲ့ အတွေ့အကြုံအာရုံတွေ ပေါ်လာတတ်ပါတယ်။ တစ်ချို့လည်း သမာဓိ နိမိတ်တွေကြောင့် ပေါ်လာတတ်တာ ရှိသလို တစ်ချို့လည်း စိတ်ကူးအကြံအစည်များကြောင့် ပေါ်လာတတ်တာ ရှိပါတယ်။ တစ်ချို့လည်း ၀ိပဿနာဉာဏ်များ တဖြည်းဖြည်း ရင့်ကျက်လာတဲ့အတွက် ဉာဏ်စဉ်များတက်ကာ ရုပ်နာမ်တို့ရဲ့ အပျက်ကိုချည်းမြင်တဲ့ ဘင်္ဂဉာဏ်၊ ရုပ်နာမ်သင်္ခါရတိုရဲ့ အပျက်ချည်းကိုသာ မြင်နေရတဲ့အတွက် ကြောက်စရာဘေးအဖြစ် မြင်တဲ့ဘယဉာဏ်၊ ရုပ်နာမ်သင်္ခါတို့အပေါ်မှာ အလွန်းငြီးငွေ့လာတဲ့ နိဗ္ဗိဒါ ဉာဏ် စတဲ့ဉာဏ်စဉ်များကြောင့်လည်း မတူညီတဲ့ ခံစားမှု အာရုံတွေ ဖြစ်ပေါ်လာတတ်တာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၀ိပဿနာဆိုတာ ပေါ်ရာပေါ်ရာကို လိုက်ရှုမှတ်တာ ဖြစ်တဲ့အတွက် စိတ်မှာပဲ ပေါ်ပေါ် ခန္ဓာကိုယ်မှာပဲ ပေါ်ပေါ် ပေါ်သမျှအာရုံတွေကို သတိကပ်ပြီး လိုက်ရှုမှတ်ဖို့ လိုပါတယ်။

ဒီအတိုင်းပါပဲ။ တရားအားထုတ်တဲ့အခါ ဖြစ်ပေါ်နေတဲ့ ၀မ်းနည်းအားငယ်စိတ်ဆိုတာလည်း စိတ်မှာပေါ်လာတဲ့ ရှုမှတ်ပစ်ရမယ့် အာရုံပါ။ စိတ်မှာဘယ်လို အာရုံမျိုး၊ ခံစားမှုမျိုး၊ အကြံအစည်မျိုးပဲ ပေါ်ပေါ် အဲဒီစိတ်ကို စိတ်နဲ့လိုက်သိပြီး ရှုမှတ်ပစ်ရပါမယ်။ ၀မ်းနည်းအားငယ်စိတ်ဖြစ်ရင်လည်း အဲဒီစိတ်ကို သတိကပ်ပြီး တစ်ထပ်တည်း သိနေအောင် ကြိုးစားရှုမှတ်ဖို့ လိုပါတယ်။ ဒီစိတ်ဘာကြောင့်ပေါ်တယ်၊ ဘယ်လိုဖြစ်လိမ့်မယ်ဆိုတာ လိုက်ပြီးခံစားမှု မပြုဘဲ အဲဒီစိတ်ဖြစ်နေတဲ့ လက်ရှိအခြေအနေကိုပဲ လိုက်ပြီးသိအောင် ရှုမှတ်ရပါမယ်။ အဲလိုရှုမှတ်တဲ့အခါ ဒီစိတ်ပျောက်ပြီး နောက်စိတ်တစ်မျိုး ဖြစ်ပေါ်ရင်လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ နောက်ထပ် စိတ်မှာပဲဖြစ်ဖြစ် ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ် ရှုမှတ်စရာ အာရုံတစ်ခုခု ပေါ်လာတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပေါ်လာသမျှကို လိုက်ပြီးသိရှိ ရှုမှတ်နေဖို့ပါ။ စိတ်ကူးတာ၊ ကြံစည်တာ၊ တွေးတောတာ၊ ၀မ်းနည်းတာ၊ ၀မ်းသာတာ၊ ဒေါသဖြစ်တာ၊ အလိုမကျတာ၊ ပူတာအေးတာ၊ ပေါ့တာလေးတာ၊ ကိုက်တာခဲတာ စတဲ့ ဘယ်လိုဟာမျိုးပဲ ပေါ်လာပေါ်လာ သတိတကပ်ပြီး လိုက်သိလိုက်မှတ်နေဖို့ပါ။ ဒီလိုပေါ်ရာပေါ်ရာကို လိုက်သိ၊ လိုက်မှတ်နေတာကိုပဲ ၀ိပဿနာရှုတယ်လို့ ခေါ်တာပါပဲ။ အဲဒီလိုရှုရင်း နောက်ပိုင်းသူ့ဟာသူ တဖြည်းဖြည်းဉာဏ်တွေတိုးတက် လာပါလိမ့်မယ်။ အဓိကကတော့ ဘာပဲဖြစ်ဖြစ် ရှုမှတ်ပစ်ဖို့ပါ။ နောက်တစ်ချက်က အဲဒီစိတ်ပျက်အားငယ်စိတ်များ အရမ်းများလို့ ဘယ်လိုမှ မရှုမှတ်နိုင်ဘူး ဖြစ်နေရင် အဲဒါကို လစ်လျူရှုပြီး တစ်ခြားမှတ်စရာ အာရုံတစ်ခုခုကို လိုက်မှတ်ကြည့်ပါ။ ဥပမာ ၀င်လေထွက်လေကို မှတ်တာမျိုး၊ ဖောင်းတာပိန်တာကို မှတ်တာမျိုးလိုပေါ့။ ပြီးတော့ ဒီစိတ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မေတ္တာဘာဝနာပွားတာမျိုး၊ ဗုဒ္ဓါနုဿတိပွားတာမျိုး စတာတွေကိုလည်း ပြောင်းလုပ်ပြီး နောက်ဝိပဿနာပိုင်းကို ပြန်မှတ်ကြည့်ပေါ့။ တဖြည်းဖြည်း အဆင်ပြေသွားမှာပါ။ စိတ်မပျက်၊ စိတ်ဓာတ်မကျဘဲ ကြိုးစားရှုမှတ်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။

Read more »

ဒီလိုဆက်ဆံကြည့်ပါ…

လောကမှာ လူတွေဟာ ပုံစံအမျိုးမျိုး၊ အကျင့်စရိုက် အမျိုးမျိုးရှိတဲ့ အတွက်ကြောင့် ဆက်ဆံပေါင်းသင်းရတာ အတော်ခက်တယ်လို့ ပြောလေ့ရှိတတ်ကြပါတယ်။ မတူညီတဲ့ ပတ်ဝန်းကျင်၊ မတူညီတဲ့ ဘာသာစကား၊ မတူညီတဲ့ ယဉ်ကျေးမှု၊ မတူညီတဲ့ စရိုက်စတဲ့ အချက်တွေကြောင့် ကိုယ်နဲ့အ်ံဝင်ခွင်ကျ မဖြစ်ဘဲရှိတတ်တယ်လို့ ပြောကြပါတယ်။ ကိုယ့်ကိုယ်ကိုရော အံဝင်ခွင်ကျဖြစ်ရဲ့လား… စိတ်တိုင်းကျ ဖြစ်ရဲ့လား… လို့ ပြန်မေးကြည်ရင်လည်း မဖြစ်ပြန်ပါဘူးတဲ့… အဲဒါဆို ဘယ်လိုလုပ်ကြမလဲပေါ့…။ ထားပါတော့။ တကယ်တော့ လောကမှာ လူတွေဘယ်လောက်ပဲ အမျိုးမျိုးကွဲပြား ခြားနားကြပါစေ သေသေချာချာ ခွဲခြားလိုက်ရင် သုံးမျိုးပဲရှိပါတယ်။

၁။ ကိုယ်နဲ့တန်းတူဖြစ်တဲ့သူ
၂။ ကိုယ့်ထက်သာတဲ့သူ
၃။ ကိုယ်အောက်နိမ့်တဲ့သူ ဒီသုံးမျိုးပါပဲ။

ဆိုတော့ အဲဒီသုံးမျိုးကို အဆင်ပြေအောင်၊ အကုသိုလ် မဖြစ်အောင် ဘယ်လို ဆက်ဆံကြည့်မလဲ... ဘယ်လိုဆက်ဆံ သင့်သလဲ….။ ဆရာတော်ကြီးတစ်ပါးကတော့ ဗြဟ္ဗာစိုရ်တရား လက်ကိုင်ထားပြီး ဆက်ဆံကြဖို့ ညွှန်ပြထားပါတယ်။ ပြီးတော့ အောက်ပါအတိုင်း ဆောင်ပုဒ်လေး လုပ်ပေးထားပါတယ်။ အဲဒီဆောင်ပုဒ်လေး ဖတ်ပြီးကြိုးစား ဆက်ဆံကြည့်ကြစို့..

၁။ တန်းတူတွေ့လျှင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်သည်။ ပြိုင်မည့်အစား မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။ (ပြောင်းရမည်)
မှန်ပါတယ်။ ကိုယ်နဲ့ တန်းတူဖြစ်တဲ့ သူတွေနဲ့ ဆက်ဆံတဲ့အခါ မေတ္တာစိတ်နဲ့ ဆက်ဆံပါတဲ့။ အသက်၊ သိက္ခာ၊ ဂုဏ်ဝါ၊ ရာထူးဌာနန္တရ စတာတွေ တူညီတဲ့သူကို ကိုယ်နဲ့တန်းတူဖြစ်သူလို့ ဆိုလိုပါတယ်။ ဒီလိုတန်းတူဖြစ်တဲ့ သူတွေနဲ့ ဆက်ဆံတဲ့အခါ မေတ္တာစိတ်လေးနဲ့ ဆက်ဆံတတ်ဖို့လိုပါတယ်။ မေတ္တာဆိုတာ ချစ်ခင်ခြင်း၊ နှစ်သက်ခြင်း၊ အကျိုးလိုလားခြင်းပါ။ တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ တစ်နည်းအားဖြင့် နားလည်ခြင်းကို ပြောတာပါ။ နားလည်မှုရှိနေရင် ချစ်လို့ရနေတာပါပဲ။ နားလည်ပေးနေတာဟာ မေတ္တာရှိနေလို့ပါပဲ။ အဲလိုမေတ္တာစိတ်မရှိရင် တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်လေးတွေ ဖြစ်လာတတ်ပါတယ်။ ပြိုင်လာပြီဆိုရင် ပုထုဇင်တွေ သဘာဝ မဟုတ်တာတွေ၊ မလုပ်သင့်တာတွေ လုပ်လာပြီး အများအားဖြင့် မကောင်းတဲ့ဘက်ကိုပဲ ဦးတည်သွားတတ်ကြပါတယ်။ အဲဒီအခါ တစ်ဦးနဲ့တစ်ဦး ဒေါသအာဃာတတွေပွားပြီး အမုန်းတွေသာ တိုးလာကာ နောက်ဆုံးဆက်ဆံရေး အဆင်မပြေ ဖြစ်လာတတ်ကြပါတယ်။ ဒါကြောင့် တန်းတူဖြစ်တဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါ မေတ္တာစိတ်ဖြင့် ဆက်ဆံကြပါလို့ ဆရာတော်ကြီးက ဆုံးမခြင်း ဖြစ်ပါတယ်။ အဲလိုမှမဟုတ်ရင် ဆက်ဆံရေးအတွက် အဆင်မပြေဖြစ်နိုင်တဲ့ ပြိုင်ဆိုင်မှုတွေ ၀င်လာတတ်တဲ့အတွက်ပါ။

၂။ ကိုယ့်ထက်သာလျှင် မုဒိတာဝင်၊ မ၀င်ဣဿာ ယိုင်တတ်သည်။
ယိုင်မည့်အစား မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။ (ပြောင်းရမည်)
ဒီအချက်က အထူးသတိပြုရမယ့် အချက်ပါ။ ကိုယ့်ထက်သာတဲ့သူနဲ့ ဆက်ဆံတဲ့အခါ မုဒိတာ တရားလက်ကိုင်ထာပြီး ဆက်ဆံတတ်ဖို့လိုပါတယ်။ မုဒိတာဆိုတာ သူတစ်ပါးကြီးပွားတိုးတက် အောင်မြင်တဲ့အပေါ်မှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ပေးတာပါ။ ဒီလို ကိုယ့်ထက်သာတဲ့ သူတွေနဲ့ ဆက်ဆံတဲ့အခါ မုဒိတာ တရားမထားနိုင်ရင်တော့ သူတစ်ပါးကြီးပွား တိုးတက်တာကို မနာလိုဖြစ်တဲ့ ဣဿာက ဦးစီးသွားပြီး ကိုယ့်ကိုယ်ကိုလည်း အကျိုးမရှိ သူတစ်ပါးအတွက်လည်း အကျိုးမရှိတာတွေ လုပ်မိတတ်ပါတယ်။ ဒီဣဿာဆိုတဲ့ အကုသိုလ်တရားဟာ တော်တော်ကြောက်စရာ ကောင်းပါတယ်။ ဒီတရားကိုယ့်သန္တာန်မှာ ကိန်းလာပြီဆိုရင်တော့ ဘယ်သူဘာလုပ်လုပ် အကောင်းမမြင်တော့ဘဲ အဆိုးတွေသာ တွေးမြင်နေတတ်ပါတယ်။ ဒါဟာ သူနဲ့ဆန့်ကျင်ဘက် တရားဖြစ်တဲ့ မုဒိတာတရား ကိုယ့်သန္တာန်မှာ မကိန်းတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် သူ့ကံနဲ့သူ၊ သူ့ကြိုးစားမှုနဲ့သူ ဖြစ်လာတဲ့အပေါ်မှာ ငါဝမ်းမြောက်နိုင်အောင် ကြိုးစားမယ် ဆိုတဲ့အတွေးနဲ့ ကိုယ့်ထက်သာတဲ့သူတွေနဲ့ တွေ့ကြုံဆက်ဆံတဲ့အခါ မုဒိတာတရား လက်ကိုင်ထားပြီး ဆက်ဆံဖို့ ဆုံးမခြင်းပါ။ ဒီလိုမှ စိတ်မထားတတ်ရင် နှစ်ဦးဆက်ဆံရေးကြားမှာ ဣဿာဆိုတဲ့ အကုသိုလ်တရားက ၀င်ရောက်နှောက်ယှက်တတ်တဲ့ အတွက်ပါ။

၃။ ကိုယ့်အောက်ငယ်လျှင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်သည်။ နိုင်မည့်အစား ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။ (ပြောင်းရမည်)
ဒီအချက်ကတော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများ အလွယ်တကူ ဆင်ခြင်လိုက်နာနိုင်တဲ့ အချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများဟာ သူတစ်ပါးကြီးပွားတာကို ၀မ်းမြောက်ပေးရမယ့် မုဒိတာတရားသာ ဖြစ်ဖို့ခက်တာ သူတစ်ပါးအပေါ် သနားတတ်တဲ့ ကရုဏာတရားကတော့ အလွယ်တကူ ဖြစ်တတ်တဲ့အတွက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ထက် အသက်၊ သိက္ခာ၊ ဂုဏ်ဝါ၊ ရာထူးဌာနန္တရ စတာတွေ နိမ့်ကျတဲ့ သူတွေအပေါ်မှာ သနားကြင်နာတတ်တဲ့ ကရုဏာတရားနဲ့ ဆက်ဆံတတ်ဖို့လိုပါတယ်။ ဒါမှသာ ကိုယ့်အောက်နိမ့်တဲ့သူတွေ အပေါ်မှာ အနိုင်ယူတတ်တဲ့ လုပ်ရပ်တွေ မဖြစ်ပေါ်မှာပါ။ ချီးမြှောက်ထောက်ပံ့ စောင့်ရှောက်မှုတွေ ဖြစ်လာမှာပါ။ တကယ်တော့ ဒီလိုကိုယ့်အောက် ငယ်တဲ့သူတွေ နိမ့်ကျတဲ့သူတွေနဲ့ တွေ့ကြုံဆက်ဆံတဲ့အခါ ချီးမြှောက်ထောက်ပံ့မှုတွေ မရှိရင်နေပါစေ အနိုင်ယူမှုတွေ၊ နိုင်ထက်စီးနင်းလုပ်မှုတွေ မရှိဖို့အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်အောက်ငယ်တဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါ အနိုင်ယူမှုတွေမရှိဘဲ ဆက်ဆံရေး ကောင်းမွန်အဆင်ပြေစေဖို့ ကရုဏာတရား လက်ကိုင်ထားပြီး ဆက်ဆံကြဖို့ ဆရာတော်ကြီးက ဆုံးမတော်မှုခြင်း ဖြစ်ပါတယ်။

ဒါကြောင့် လောကမှာ ဘယ်သူတွေ ဘာတွေပဲကွဲကွဲ လူတန်းစားအားဖြင့် သုံးမျိုးပဲ ရှိတဲ့အတွက် ဒီလူတန်းစား သုံးမျိုးနဲ့ အဆင်ပြေ ဆက်ဆံနိုင်ဖို့အတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာစတဲ့ ဗြဟ္မာစိုရ်တရား လက်ကိုင်ထားကာ ဆက်ဆံကြည့်ကြပါလို့ တိုက်တွန်းရင်း တန်ဖိုးရှိတဲ့ ဒီဆက်ဆံနည်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။

Read more »

အကုသိုလ်မဖြစ်အောင် ကြိုးစားကြစို့…

ဆရာတော်ကြီးတစ်ပါးက မိန့်ကြားဖူးပါတယ်။ “ပုထုဇင်တွေဟာ တစ်နေ့တစ်နေ့ အိပ်ပျော်နေချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ကုသိုလ် သို့မဟုတ် အကုသိုလ်စိတ် တစ်ခုခုနဲ့နေကြတာ”တဲ့။ ဟုတ်ပါတယ်။ စိတ်ဆိုတာဟာ တစ်ပြိုင်တည်း နှစ်စိတ်ဖြစ်လေ့မရှိပါဘူး။ အကုသိုလ်စိတ်ဖြစ်နေရင် ကုသိုလ်စိတ်မဖြစ်နိုင်သလို ကုသိုလ်စိတ်ဖြစ်နေရင်လည်း အကုသိုလ်စိတ် မဖြစ်နိုင်ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ကတော့ ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်တဲ့ဘ၀င်စိတ်ပါ။ ဆိုတော့ကား.. အိပ်ရာကနိုးတဲ့အချိန်ကနေ ညအိပ်ရာဝင်တဲ့အချိန်အထိ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ရင် ကုသိုလ်ဖြစ်တဲ့အချိန်က များသလား၊ အကုသိုလ်ဖြစ်တဲ့အချိန်က များသလား သိနိုင်ပါတယ်။ ကုသိုလ်စိတ် မဖြစ်တဲ့အချိန်ဟာ အကုသိုလ်စိတ်တွေ ဖြစ်နေနိုင်တဲ့အတွက် အကုသိုလ်စိတ်မဖြစ်အောင် ကြိုးစားနေထိုင်သွားကြဖို့ လိုပါတယ်။

တစ်နေ့တစ်နေ့ ကုသိုလ်မဖြစ်ချင်နေပါစေ အကုသိုလ်မဖြစ်အောင် နေတတ်ဖို့အရေးကြီးပါတယ်။ အကုသိုလ်မဖြစ်အောင် နေထိုင်ဖို့အတွက်က အကုသိုလ်မဖြစ်အောင်မြင်တတ် တွေးတတ်ဖို့လိုပါတယ်။ အကုသိုလ်မဖြစ်အောင် မြင်တတ်ဖို့က အကောင်းမြင်တတ်ဖို့လိုပါတယ်။ အကောင်းမြင်တတ်မှ အကောင်းတွေး တတ်မှာပါ။ အကောင်းတွေးတတ်တာဟာ အကုသိုလ်မဖြစ်အောင် တွေးလိုက်တာပါ။ လောကမှာ ရှိရှိသမျှ ပုဂ္ဂိုလ်သတ္တ၀ါတွေကို ကြည့်ကြည့်လိုက်ပါ။ အလုံးစုံပြည့်စုံတဲ့ ပုဂ္ဂိုလ်ရယ်လို့ တစ်ယောက်မှ မရှိပါဘူး။ အဲလို မပြည့်စုံတဲ့ သူတွေဖြစ်နေတဲ့အတွက် သူတို့ရဲ့အားနည်းချက်တွေ ချို့ယွင်းချက်တွေကိုကြည့်ရင် အပြစ်တွေကိုပဲ တွေ့ရမှာပါ။ အပြစ်တွေကိုကြည့်မိတာနဲ့ နောက်ဆက်တွဲအဖြစ် အကုသိုလ်ဖြစ် စရာတွေပဲ တွေ့လာရမှာပါ။ အဲဒီအခါ အကုသိုလ်စိတ်တွေလည်း မခေါ်ဘဲဝင်လာတော့တာပါပဲ။ ဒါကြောင့် ဘယ်သူ့ကိုပဲကြည့်ကြည့် အကုသိုလ်မဖြစ်အောင် ကြည့်တတ်ဖို့လိုပါတယ်။ တစ်နည်းပြောရရင် အကောင်းဘက်က မြင်တတ်၊ ကြည့်တတ်ဖို့လိုပါတယ်။ အကောင်းမြင်တတ်ဖို့ဆိုတာက ဘယ်သူ့ကိုပဲတွေ့တွေ့ ကောင်းတာလေးတွေကို ရှာဖွေစဉ်းစား မြင်တတ်ကြည့်တတ်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ အဲဒီအပေါ်မှာ လိုက်နာကျင့်ကြံ တတ်ရပါမယ်။

ဘုန်းဘုန်းတို့ ဖတ်ရှုလေ့လာဖူးတဲ့ စာပေတွေအရ အကုသိုလ်မဖြစ်အောင် ဆက်ဆံနည်းလေးတွေ၊ တွေးနည်းလေးတွေ ရှိပါတယ်။ အဲဒီနည်းလေးတွေကို ကြည့်ပြီး အကုသိုလ်မဖြစ်အောင် လေ့ကျင့်ကြည့်ပါ။ ဒီသဘောတွေအရ…
* လူပုဂ္ဂိုလ်တွေထဲမှာ အချို့ပုဂ္ဂိုလ်တွေဟာ နှုတ်ထွက်စကား ကြမ်းတမ်းပေမယ့် စိတ်ထားအရမ်းကောင်းတာကို တွေ့ရတတ်ပါတယ်။ အဲလိုသူမျိုးကို သူတို့ရဲ့ အပြောအဆိုကြမ်းတမ်းမှုကို မကြည့်ဘဲ “အော်…သူဟာ အပြောအဆိုကြမ်းတမ်းပေမယ့် စိတ်ထားလေးတော့ ကောင်းရှာသားပဲ”လို့ အကောင်းဘက်ကတွေးပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။
* အချို့ကျတော့ အပြောအဆိုအရမ်းကောင်းပြီး အရမ်းနူးညံ့သိမ်မွေ့တတ်ကြပေမယ့် စိတ်ထားယုတ်ညံ့ပါတယ်။ အဲဒီလိုသူမျိုးကျတော့လည်း “သူဟာ စိတ်ဓာတ်မကောင်းပေမယ့် အပြောအဆိုတော့ ညင်သာနူးညံ့ပါလား”လို့ တွေးပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။
*အချို့ကျတော့ အပြောအဆိုလည်း မကောင်း၊ စိတ်ထားလည်း ယုတ်ညံ့တတ်ကြပေမယ့် တစ်ခါတစ်ရံ အနည်းငယ်ကောင်းတာလေးတွေ ရှိတတ်ပါတယ်။ အဲလိုသူမျိုးကိုလည်း သူ့ရဲ့ ကောင်းကွက်အနည်းငယ်လေး ကိုပဲ ရှာကြံပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။
* အချို့ကျတော့ အပြောအဆိုလည်းမကောင်း၊ စိတ်ထားလည်း မကောင်း၊ တစ်ခါတစ်ရံလည်း ကောင်းကွက်ဆို ဘာမှကို ရှာမရတာတွေ ရှိပါတယ်။ အဲလိုလူမျိုးကျတော့ ဘာမှမဖြစ်အောင် ဥပေက္ခာသာ ပြုနိုင်အောင် ကြိုးစားရပါမယ်။ ဥပေက္ခာပြုတာဟာ ကုသိုလ်လည်းမဖြစ်၊ အကုသိုလ်လည်း မဖြစ်အောင် ကြိုးစားတာပါ။

ဒါကြောင့်…တစ်နေ့တစ်နေ့ ကုန်ဆုံးရတဲ့အချိန်လေးတွေမှာ အကုသိုလ်စိတ်တွေ မများရအောင် အကောင်းမြင်တတ်အောင်၊ အကောင်းတွေးတတ်အောင် လေ့ကျင့်ပြီး ကုသိုလ်စိတ်ဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ