တရားအားထုတ်စဉ် ၀မ်းနည်းအားငယ် စိတ်များဖြစ်ပေါ်လာပါက ဘယ်လိုဆက်ရှုမှတ်သင့်ပါသလဲ..

Q. ဘုန်းဘုန်း
တပည့်တော်ဟာ အလုပ်တစ်ဖက်နဲ့ တရားအားထုတ်ခြင်းကို တတ်နိုင်သမျှ ပြုနေသူ ဖြစ်ပါတယ်။ ယခု တပည့်တော် တရားကို နေ့စဉ် ရှုမှတ်သောအခါ ရံခါ ဝမ်းနည်းအားငယ်စိတ်များ ဝင်လာပါတယ်။ လောကီ လုပ်ငန်းတာဝန်တွေကို နောက်မှာထားပြီး တရားသာ မှတ်နေချင်စိတ်လဲ ဖြစ်တတ်ပါတယ်။ ပြည်တွင်းမှာတုန်းက မဟာစည်ရိပ်သာမှာ တရားအားထုတ်ခဲ့စဉ်က တရားပြ ဆရာတော် အမိန့်ရှိဖူးတာက တရားကို ရက်ရှည် စွဲမြဲအားထုတ်ရင် ရိပ်သာက ထွက်သွားပြီးသော်လည်း ရိပ်သာကို ပြန်လာချင်စိတ်၊ တရား ဆက်အားထုတ်နေချင်စိတ်များ ဖြစ်တတ်တယ်လို့ အမိန့်ရှိပါတယ်။
တရားကြိုးစားအားထုတ်ခဲ့တဲ့ ယောဂီလူကြီးတစ်ယောက်ရဲ့ အတွေ့အကြုံအရလဲ သူဟာ တရားအားထုတ်ပြီး ရိပ်သာက ပြန်ထွက်လာစမှာ လူတောထဲ ပြန်ဝင်တော့ အရာရာကို စိတ်ကုန်ညည်းငွေ့သလို ဖြစ်လာတယ်။ မျက်စိထဲလဲ ဘာကြည့်ကြည့် အနိစ္စ စသည်သာ မြင်နေတယ်လို့ သိရပါတယ်။ တစ်ဦးနဲ့တစ်ဦး တရားအတွေ့အကြုံ ထပ်တူ မတူနိုင်ပေမယ့် တပည့်တော် ဖြစ်သလို စိတ်ပျက်အားငယ်စိတ်၊ ဝမ်းနည်း အထီးကျန်စိတ်များကို ကြုံရသူများလဲ ရှိနိုင်တယ်လို့ ထင်ပါတယ်။ ဘယ်လို ဆက်ရှုမှတ်ရမလဲ သိလိုပါတယ်ဘုရား။
တပည့်တော် ရုပ်နာမ်တို့၏ မရပ်မနား ဖြစ်ပျက်နေခြင်း၊ ဖြစ်ခြင်းပျက်ခြင်းများ၊ မိမိ အစိုးမရ မထိန်းချုပ်နိုင်ခြင်းများကို နေ့စဉ် ရှုမှတ်ရင်း ထိတ်လန့်ခြင်း၊ စိတ်အားငယ်ခြင်းများ ဖြစ်လာတာလဲ ဖြစ်နိုင်ပါတယ်။ ဘုန်းဘုန်းနဲ့ တရားအတွေ့အကြုံ ရှိပြီးတဲ့ အခြား ဓမ္မမိတ်ဆွေများထံက အကြံဥာဏ်များ ရယူလိုပါတယ်။ ဘုန်းဘုန်းကရော ဒီစာကို ဖတ်ရှုရတဲ့ တရားအတွေ့အကြုံ ရှိသူများကရော အကြံဥာဏ်များး ချီးမြှင့်စေလိုပါတယ်။
(မနီ)

A. မှန်ပါတယ်။ တရားအားထုတ်တဲ့ ယောဂီတိုင်းမှာ မတူညီတဲ့ အတွေ့အကြုံအာရုံတွေ ပေါ်လာတတ်ပါတယ်။ တစ်ချို့လည်း သမာဓိ နိမိတ်တွေကြောင့် ပေါ်လာတတ်တာ ရှိသလို တစ်ချို့လည်း စိတ်ကူးအကြံအစည်များကြောင့် ပေါ်လာတတ်တာ ရှိပါတယ်။ တစ်ချို့လည်း ၀ိပဿနာဉာဏ်များ တဖြည်းဖြည်း ရင့်ကျက်လာတဲ့အတွက် ဉာဏ်စဉ်များတက်ကာ ရုပ်နာမ်တို့ရဲ့ အပျက်ကိုချည်းမြင်တဲ့ ဘင်္ဂဉာဏ်၊ ရုပ်နာမ်သင်္ခါရတိုရဲ့ အပျက်ချည်းကိုသာ မြင်နေရတဲ့အတွက် ကြောက်စရာဘေးအဖြစ် မြင်တဲ့ဘယဉာဏ်၊ ရုပ်နာမ်သင်္ခါတို့အပေါ်မှာ အလွန်းငြီးငွေ့လာတဲ့ နိဗ္ဗိဒါ ဉာဏ် စတဲ့ဉာဏ်စဉ်များကြောင့်လည်း မတူညီတဲ့ ခံစားမှု အာရုံတွေ ဖြစ်ပေါ်လာတတ်တာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၀ိပဿနာဆိုတာ ပေါ်ရာပေါ်ရာကို လိုက်ရှုမှတ်တာ ဖြစ်တဲ့အတွက် စိတ်မှာပဲ ပေါ်ပေါ် ခန္ဓာကိုယ်မှာပဲ ပေါ်ပေါ် ပေါ်သမျှအာရုံတွေကို သတိကပ်ပြီး လိုက်ရှုမှတ်ဖို့ လိုပါတယ်။

ဒီအတိုင်းပါပဲ။ တရားအားထုတ်တဲ့အခါ ဖြစ်ပေါ်နေတဲ့ ၀မ်းနည်းအားငယ်စိတ်ဆိုတာလည်း စိတ်မှာပေါ်လာတဲ့ ရှုမှတ်ပစ်ရမယ့် အာရုံပါ။ စိတ်မှာဘယ်လို အာရုံမျိုး၊ ခံစားမှုမျိုး၊ အကြံအစည်မျိုးပဲ ပေါ်ပေါ် အဲဒီစိတ်ကို စိတ်နဲ့လိုက်သိပြီး ရှုမှတ်ပစ်ရပါမယ်။ ၀မ်းနည်းအားငယ်စိတ်ဖြစ်ရင်လည်း အဲဒီစိတ်ကို သတိကပ်ပြီး တစ်ထပ်တည်း သိနေအောင် ကြိုးစားရှုမှတ်ဖို့ လိုပါတယ်။ ဒီစိတ်ဘာကြောင့်ပေါ်တယ်၊ ဘယ်လိုဖြစ်လိမ့်မယ်ဆိုတာ လိုက်ပြီးခံစားမှု မပြုဘဲ အဲဒီစိတ်ဖြစ်နေတဲ့ လက်ရှိအခြေအနေကိုပဲ လိုက်ပြီးသိအောင် ရှုမှတ်ရပါမယ်။ အဲလိုရှုမှတ်တဲ့အခါ ဒီစိတ်ပျောက်ပြီး နောက်စိတ်တစ်မျိုး ဖြစ်ပေါ်ရင်လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ နောက်ထပ် စိတ်မှာပဲဖြစ်ဖြစ် ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ် ရှုမှတ်စရာ အာရုံတစ်ခုခု ပေါ်လာတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပေါ်လာသမျှကို လိုက်ပြီးသိရှိ ရှုမှတ်နေဖို့ပါ။ စိတ်ကူးတာ၊ ကြံစည်တာ၊ တွေးတောတာ၊ ၀မ်းနည်းတာ၊ ၀မ်းသာတာ၊ ဒေါသဖြစ်တာ၊ အလိုမကျတာ၊ ပူတာအေးတာ၊ ပေါ့တာလေးတာ၊ ကိုက်တာခဲတာ စတဲ့ ဘယ်လိုဟာမျိုးပဲ ပေါ်လာပေါ်လာ သတိတကပ်ပြီး လိုက်သိလိုက်မှတ်နေဖို့ပါ။ ဒီလိုပေါ်ရာပေါ်ရာကို လိုက်သိ၊ လိုက်မှတ်နေတာကိုပဲ ၀ိပဿနာရှုတယ်လို့ ခေါ်တာပါပဲ။ အဲဒီလိုရှုရင်း နောက်ပိုင်းသူ့ဟာသူ တဖြည်းဖြည်းဉာဏ်တွေတိုးတက် လာပါလိမ့်မယ်။ အဓိကကတော့ ဘာပဲဖြစ်ဖြစ် ရှုမှတ်ပစ်ဖို့ပါ။ နောက်တစ်ချက်က အဲဒီစိတ်ပျက်အားငယ်စိတ်များ အရမ်းများလို့ ဘယ်လိုမှ မရှုမှတ်နိုင်ဘူး ဖြစ်နေရင် အဲဒါကို လစ်လျူရှုပြီး တစ်ခြားမှတ်စရာ အာရုံတစ်ခုခုကို လိုက်မှတ်ကြည့်ပါ။ ဥပမာ ၀င်လေထွက်လေကို မှတ်တာမျိုး၊ ဖောင်းတာပိန်တာကို မှတ်တာမျိုးလိုပေါ့။ ပြီးတော့ ဒီစိတ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မေတ္တာဘာဝနာပွားတာမျိုး၊ ဗုဒ္ဓါနုဿတိပွားတာမျိုး စတာတွေကိုလည်း ပြောင်းလုပ်ပြီး နောက်ဝိပဿနာပိုင်းကို ပြန်မှတ်ကြည့်ပေါ့။ တဖြည်းဖြည်း အဆင်ပြေသွားမှာပါ။ စိတ်မပျက်၊ စိတ်ဓာတ်မကျဘဲ ကြိုးစားရှုမှတ်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ