ဘဝအစာ ဓမ္မကဗျာများ (၁)


အကြောင်းလှပြီး အကောင်းရစေဖို့
အကြောင်းမလှလို့ မကောင်းရခဲ့ရင်
အဟောင်းရတာလို့ သဘောထား
မနောလှအောင် ကြိုးစားပြီး
အတိုးပွားစေမယ့် ရိုးသားမှုနဲ့
သီလကို အခြေခံ
သမထကို ပုံမှန်ပွား
သတိပဋ္ဌာန်းအားကို မပြတ်ရှူ
အမှတ်ပြုရမှာက အနိစ္စ
အမှန်သိရမှာက ဒုက္ခ
ဆင်ခြင်ရမှာက အနတ္တ
အတ္တဆိုတာ ငါမဟုတ်
တဏှာအထုတ်ကို ခါကာထုတ်
မှန်ရာအလုပ်ကို အခါခါလုပ်ရင်း
ဝါသနာအရှုတ်ကို ဘာဝနာလုပ်ကာ
အကြောင်းလှအောင် အားထုတ်
ကောင်းမှုအဖြာဖြာ ကြိုးစားလုပ်လော့။ ။


ခဏလေးပါ
အခက်အခဲဆိုတာ တစ်သက်တွဲနေတာ မဟုတ်ပါဘူး။
ဘဝရဲ့ အလှည့်အပြောင်း၊ မမြဲခြင်းရဲ့  အလှည့်အပြောင်း
အကြောင်းအကျိုးရဲ့ အပြောင်းအလဲ၊ အကောင်းအဆိုးရဲ့  အပြောင်းအလဲပါပဲ။
မကောင်းတွဲလည်း ခဏ၊ အပြောင်းအလဲလည်း ခဏ
အဟောင်းတွဲလည်း ခဏ၊ အကောင်းတွဲလည်း ခဏ
ဘာပဲဖြစ်ဖြစ် အားလုံးဟာ ခဏလေးပါပဲ။
အစလေးမှာ လွဲနေပေမယ့် အထမနှေးအောင် တွဲနေရမှာက
သဒ္ဓါနဲ့ ပညာ၊ သမာဓိနဲ့ ဝီရိယ အညီမျှအောင် ကြိုးစား
တန်ခိုးအများဆုံးက သတိ၊ အားလုံးကို ညှိနေရမှာပါ။
သတိတွေရလို့ အသိတွေ မကျတော့ဘူးဆိုရင်
ရှိနေကြတဲ့ လောကဓံဟာ
ပြောင်းလဲခြင်းရဲ့ အသွင်သန္တာန်အဖြစ်
ကျန်နေရစ်မှာ အမှန်အစစ်ပါပဲ။ 

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ