အကျိုးလိုလားခြင်း



အကျိုးလိုလားခြင်းကို မေတ္တာလို့ ပြောနိုင်ပါတယ်။ မေတ္တာဓာတ်ကို အခြေခံထားတဲ့ သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် သူ့အကျိုးကို လိုလားနေကြတာ ဖြစ်တဲ့အတွက် အလွန်အဆင်ပြေပြေ ရှိတတ်ကြပါတယ်။ သူတပါးအပေါ် ကြီးပွားစေချင်၊ သူတပါးအပေါ် ချမ်းသာစေချင်၊ သူတပါးအပေါ် အန္တရာယ်ကင်းစေချင် စတာတွေဟာ သူ့အကျိုးကို လိုလားတဲ့ မေတ္တာရဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ အဲဒီလို သူတပါးအပေါ် အကျိုးလိုလားတဲ့ မေတ္တာတွေ များများထားနိုင်လာရင် သူတပါး ကြီးပွားချမ်းသာလေ ကိုယ်ကဝမ်းသာလေပဲ ဖြစ်ပါတယ်။ အဲ အကျိုးလိုလားတဲ့ မေတ္တာစိတ်များ မထားနိုင်လို့ကတော့ သေချာတယ် သူတပါး ကြီးပွားလေ ကိုယ့်မှာမနာလိုစိတ်တွေများလေ စိတ်ဆင်းရဲလေပဲ ဖြစ်နေမှာ အမှန်ပါပဲ။ တစ်ခါတလေ တစ်ချို့က ကိုယ့်အကျိုးကိုပဲ လိုလားတတ်ပြီး အဲဒါကိုလည်း  မေတ္တာယောင်ယောင် ထင်နေတတ်ပါတယ်။ မေတ္တာရဲ့ အကျိုးလိုလားခြင်းက သူတပါးအပေါ်မှာ အဓိကထားပါတယ်။ ကိုယ့်အကျိုးကိုပဲ လိုလား၊ ကိုယ်ကြီးပွားရေးအတွက်ပဲ စဉ်းစားတာမျိုးကတော့ မေတ္တာမဟုတ်ဘဲ အတ္တသဘော၊ ဝိသမလောဘသဘော သက်ရောက်သွားတတ်ပါတယ်။ ဒါကတော့ အထူးစဉ်းစားရမယ့် အပိုင်းပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား သတ္တဝါတိုင်းဟာ ကိုယ့်မိသားစုမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အမျိုး အသိုင်းအဝိုင်းမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ရပ်ရွာမှာပဲ ဖြစ်ဖြစ်၊ ကိုယ်မြို့၊ ကိုယ့်တိုင်း၊ ကိုယ့်နိုင်ငံမှာပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး အကျိုးလိုလားတဲ့ စိတ်ထားလေးတွေသာ များများထားနိုင်ကြမယ်ဆိုရင် နေရာတိုင်းမှာ ငြိမ်းချမ်းနေကြမှာ ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် သူတပါးအပေါ် အကျိုးလိုလားတဲ့ မေတ္တာစိတ်တွေ များများထားနိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ 

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ