သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့…

``သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့`` ဤစာသားလေးကား မန်လည်ဆရာတော်ကြီး၏ မဃဒေ၀လင်္ကာသစ် စာအုပ်တွင် ပါရှိသည့် စာသားလေးဖြစ်၏။ ဗုဒ္ဓဓမ္မကို အခြေခံ စပ်ဆိုထားသည့် စာစုလေးလည်း ဖြစ်၏။ ဤစာစုအပြည့်အစုံမှာ ``သဒ္ဓါ ပညာ၊ သမာ ၀ီရိ၊ စောင်းနှယ်ညှိလော့၊ လောကီဓမ္မတာ၊ လူတို့မှာလျှင်၊ သဒ္ဓါမဆွန့်၊ ကွန့်၍ဖြိုးဝှန်၊ ဉာဏ်မလွန်နှင့်၊ သားမွန်လိမ္မာ၊ ဤအရာ၌၊ ပညာမဘက်၊ သဒ္ဓါထက်က၊ နက်၏ဆင်းရဲ၊ အမြဲမှန်စွာ၊ သဒ္ဓါနုံ့ဆွန့်၊ တွန့်၍ဉာဏ်ကွန်၊ ပညာလွန်သော်၊ ၀င်္ကံကောက်ကျစ်၊ ကျိုးမဖြစ်ဘူး၊ စင်စစ်ထိုပြီး၊ သမာဓိများ၊ ပျင်းရိပွား၏၊ အားထုတ်လွန်က၊ ပြန့်တတ်စွရှင်၊ ၀ီရိဆိုး၊ ညဉ့်ကိုနိုးမူ၊ သူခိုးဖြစ်တတ်၊ ဟူတုံလတ်၏၊ မပြတ်စိတ်က၊ သတိမလော့၊ ညီမျှသော်သာ၊ ကျိုးထင်ရာခဲ့`` (မဃဒေ၀လင်္ကာသစ်၊ ပိုဒ်၊ ၁၉၂၊ နှာ ၁၂၃) ဟူ၍ဖြစ်၏။

ဆရာတော်ကြီး၏ ဤလင်္ကာလေးကား ဘုရားဟောတရားကို ကဗျာလင်္ကာအဖြစ် ပြန်လည်တင်ပြထားခြင်း ဖြစ်၏။ လောကသားတို့၏ ပစ္စုပ္ပန် ကောင်းကျိုး၊ သံသရာကောင်းကျိုးကို ရည်ညွန်းဟောကြားထားသည့် မြတ်ဗုဒ္ဓ၏ ဤဓမ္မသည် မည်သည့်အရာမဆို အစွန်းမရောက်ကြရန် သတိပေးစကား ပြောကြားနေသကဲ့သို့ ဖြစ်၏။ တစ်စုံတစ်ခုကို ပြုလုပ်သည့်အခါ တစ်ခုတည်းကိုသာ စွဲကိုင်ပြီး မလုပ်မိကြရန်နှင့် မျှမျှတတဖြစ်စေရန်၊ တစ်ဘက်က အားကောင်းပြီး တစ်ဘက်မှာ အားနည်းနေမှု မဖြစ်စေဘဲ နှစ်ဘက်ညီမျှစေရန် ဆင်ခြင်လုပ်ကိုင်သင့်ကြောင်း ညွှန်ကြားမှုပေးထား၏။ ဤဓမ္မတွင် နှစ်ဘက်ညီနေရမည့် တရားနှစ်စုံရှိကြောင်း ဖော်ပြထား၏။ သဒ္ဓါ ပညာ ညီညွတ်မျှတစေမှုနှင့် သမာဓိ ၀ီရိယ ညီမျှနေမှုဟူသော နှစ်ဘက်ညီတရား နှစ်စုံကို ဟောကြားပေးထား၏။ ထိုတရားများကို ညီမျှစေရန် သတိတရားသည် အချုပ်ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြသတော်မူ၏။

ဤသဒ္ဓါ၊ ပညာ၊ ၀ီရိယ၊ သတိ၊ သမာဓိဟူသော တရားငါးကို အဘိဓမ္မာတွင် ဣနြေ္ဒငါးပါးအဖြစ်ဖြင့်လည်းကောင်း၊ ဗလ (ဗိုလ်)ငါးပါး အဖြစ်ဖြင့်လည်းကောင်း ဖော်ပြကာ ဗောဓိပက္ခိယတရားများတွင် ထည့်သွင်းထား၏။ ဗောဓိဉာဏ်ကို ရရာရကြောင်း အထောက်အကူပြု တရားများအဖြစ် ဖွင့်ပြထား၏။ ဗောဓိဉာဏ်ဟူသည် သစ္စာလေးပါးကို သိကြောင်းတရားဖြစ်သဖြင့် ဤတရားများကို လက်ကိုင်ထားပြီး မှန်ကန်စွာ လိုက်နာကျင့်သုံးနိုင်ပါလျှင် လောကီအကျိုးများသာမက လောကုတ္တရာအကျိုးများအထိ ရရှိနိုင်စေမည်သာ ဖြစ်ပါ၏။ သို့သော် တစ်ခုခုလွန်ကဲသွားပါကလည်း အစွန်းရောက်ကာ လမ်းလွဲသွားတတ်ကြောင်း သတိပြုသင့်၏။ ထို့ကြောင့် ထိုတရားများကို ညီမျှစေရန် အားထုတ်ရမည်ဖြစ်၏။ မည်မျှအထိ ညီမျှရန်လိုသနည်းဆိုသော် စောင်းကြိုးကဲ့သို့ ညီရန်လို၏ဟုဆို၏။ စောင်းကြိုးမညီပါက စောင်းသံသည်လည်း ကောင်းမွန်စွာ ထွက်ပေါ်မလာနိုင်သကဲ့သို့ သဒ္ဓါနှင့် ပညာ၊ သမာဓိနှင့် ၀ီရယအတွဲများ မညီပါကလည်း ကောင်းကျိုးများ အပြည့်အ၀ အစစ်အမှန် မရှိနိုင်ဘဲ ရှိတတ်၏။ ထို့ကြောင့် စောင်းကြိုးကို ညီအောင်ညှိသကဲ့သို့ သဒ္ဓါပညာ၊ သမာဓိဝီရိယတို့ကိုလည်း ညီအောင်ညှိပေးရ၏။ ထိုတရားများညီမျှစေရန် သတိတရားဖြင့် ညှိပေးရ၏။ ထိမ်းပေးရ၏။ တည့်ပေးရ၏။ သတိဟူသည်ကား ပိုသည်မရှိ လိုသည်သာ ဖြစ်၍ သတိမရှိဘဲ မည်သည့်အရာမျှ မှန်ကန်တည့်မတ်နိုင်မည် မဟုတ်ပေ။

မှန်၏။ အတွဲညီမှ အကျိုးရ၏ဆိုသကဲ့သို့ သဒ္ဓါနှင့် ပညာအတွဲသည်လည်း ညီမျှရ၏။ ညီမျှမှသာ မှန်ကန်သည့် အကျိုးကိုဖြစ်စေမည် ဖြစ်၏။ ဤ၌ သဒ္ဓါသည် ယုံကြည်မှုဖြစ်ပြီး ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို ယုံကြည်မှုဖြစ်၏။ ပညာသည်ကား စူးစမ်းဆင်ခြင်ခြင်း ဖြစ်ပြီး အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားဝေဘန် စိစစ်ပေး၏။ ဤနှစ်ပါးတွင် တပါးပါးက အားကောင်းသွားလျှင် အစွန်းရောက်သွားတတ်၏။ သဒ္ဓါဟူသည့် ယုံကြည်မှုအားကောင်းပြီး ဆင်ခြင်တတ်သည့် ပညာအားနည်းပါက အလွဲကိုးကွယ်မိတတ်၏။ ကိုးကွယ်သင့် မကိုးကွယ်သင့် မစဉ်းစားဘဲ သူများယောင်သည့်အတိုင်း လိုက်ယောင်မိတတ်၏။ မည်သူက မည်ကဲ့သို့ဖြစ်သည်၊ မည်ကဲ့သို့ စွမ်းသည်စသည်ဖြင့် ပြောလာလျှင် မှန်မမှန် မစဉ်းစားတော့ဘဲ အပြည့်အ၀ ယုံကြည်ကိုးကွယ်မိတတ်၏။ နောင်မှ ဖွတ်ထွက်မှ တောင်ပို့မှန်း သိကြရသည့် အဖြစ်များလည်း တွေ့ကြုံကြဖူးမည် ဖြစ်၏။ ပညာမပါဘဲ သဒ္ဓါချည်းအားကောင်းသွားလျှင် ထိုသို့ဖြစ်တတ်၏။

ယုံကြည်မှုဟူသည်ကလည်း အခက်သားပင်။ ယုံမိပြီဆိုလျှင် ဇွတ်မှိတ်ပြီး ယုံမိတတ်ကြ၏။ ပညာဉာဏ်အားနည်းပြီး အစွဲတရားကြီးသူများဖြစ်လျှင် ပို၍ပင် ယုံကြည်မှု အားကောင်းတတ်၏။ ထိုသူများသည် ယုံကြည်မိလျှင် အပြည့်အ၀ ယုံကြည်မိတတ်ကြသဖြင့် မျက်ကန်းယုံကြည်မှုဟုပင် ပြောရလောက်အောင် ဖြစ်တတ်၏။ မျက်မှောက်ခေတ်တွင် ထိုသို့ ပညာအားနည်းပြီး သဒ္ဓါအားကောင်းသူများကို အမြောက်အများ တွေ့နေရ၏။ အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာ အများစုသည် ထိုသို့ဖြစ်နေ၏။ အားကိုးရာအစစ်ကို ပယ်ပြီး ရေလိုက်လွဲနေကြသည်ကို တွေ့ရ၏။ ဘုရားကအောက် မျောက်ကအထက်ဆိုသကဲ့သို့ အိမ်တွင် ဘုရားစင်ထက် နတ်စင်က တောက်ပနေ၏။ ပန်းသစ်သီး အရက်တို့ဖြင့် ဝေဆာနေ၏။ ရတနာသုံးပါးထက် အတွင်းအပြင်နတ်များကို ပို၍ယုံကြည်မှု၊ အားကိုးမှုဖြစ်နေကြ၏။ သဒ္ဓါတရားသည် တစ်လွဲအားကောင်းနေကြ၏။ မိမိတို့လုပ်ရပ်သည် သဘာဝကျမကျ၊ ယုတ္တိရှိမရှိ၊ မှန်မမှန် မစဉ်းစားမိကြဘဲ ဇွတ်အတင်း ယုံကြည်နေမိကြတော့၏။ ပညာအားနည်းပြီး သဒ္ဓါအားကောင်းနေမှုက အလွဲတွေကို ကိုးကွယ်မိစေလေတော့၏။ အချို့ဆိုလျှင် ရတနာသုံးပါးထက် ဘိုးတော်၊ ဘွားတော်၊ မယ်တော်၊ အသေထွက်၊ အရှင်ထွက်၊ ဗေဒင်ယတြာ၊ ဓာတ်ရိုက်ဓာတ်ဆင် ဂိုဏ်းဆရာများအထိ ကိုးကွယ်အားကိုးရာများ အဖြစ် အားကိုးတကြီး ယုံကြည်လာနေကြ၏။ တစ်ဘ၀တစ်နှစ်စာ အဆင်ပြေစေရန် ဘုရားပစ်၊ တရားပစ်၊ သံဃာပစ်ပြီး သံသရာနှစ်စေမည့် အရာများနောက်ကို ပညာမပါသည့် ယုံကြည်မှုဖြင့် အားကိုးတကြီး လိုက်နေကြ၏။ ထိုသို့ အလွဲကိုးကွယ်မိကြသဖြင့်လည်း နောင်ဘ၀မဆိုထားဘိ ယခုဘ၀တွင်ပင် အမှားများ၊ ဒုက္ခများနှင့် ကြုံတွေ့နေကြသည်ကိုလည်း တွေ့နေရ၏။ နတ်ကတော်ရိုက်လို့၊ ဘိုးတော်ကိုင်လို့၊ ဗေဒင်ဆရာ မွှေလို့စသည်ဖြင့် ဒုက္ခရောက်ခဲ့ကြသူများလည်း အများအပြားပင်ဖြစ်၏။ ပညာအားနည်းပြီး ယုံကြည်မှုအားကောင်းကြသဖြင့် ဆရာအလွဲကို ကိုးကွယ်မိကြ၏။ ဆရာတစ်ပါး လွဲချော်သွားက တပည့်အများ အပါယ်လား၏ဟု ဆိုသကဲ့သို့ ဆရာအမှားကြောင့် သံသရာအထိ ဒုက္ခတွေဖြစ်ခဲ့ကြ၏။ ဤသည်မှာ သဒ္ဓါဟူသည့် ယုံကြည်မှုအားကောင်းပြီး ပညာအားနည်းသောကြောင့်ဖြစ်၏။

အချို့ကား ပညာအားကောင်းကြ၏။ ပညာအားကောင်းသဖြင့် အရာရာမှာ တွေးတောဆင်ခြင်နေသည်သာ များနေ၏။ ဝေဖန်ပြောဆိုမှုများနှင့်သာ အချိန်ကုန်နေ၏။ လက်တွေ့မလုပ်ဖြစ်ဘဲ ဒဿနဆန်ဆန် အတွေးများဖြင့်သာ ဟိုလိုလိုဒီလိုလို ဖြစ်နေတတ်ကြ၏။ တစ်ခါတစ်ရံ ``ကုသိုလ်ကောင်းမှုဆိုတာ လုပ်စရာမလိုပါဘူး၊ စိတ်ထဲရှိရင် ပြီးတာပဲ``ဟု ပြောတတ်ကြ၊ ဆင်ခြင်ပေးတတ်ကြ၏။ ပညာအားကောင်းသဖြင့် ကောက်ကျစ်စဉ်းလဲမှုများလည်း ဖြစ်စေကြ၏။ သဒ္ဓါအားနည်းပြီး ပညာအားကောင်းသဖြင့် မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်ကို ကြည့်ကြည့် ဝေဖန်အကြည့်၊ အဆိုးမြင် အကြည့်များကသာ ဦးဆောင်နေကာ မကောင်းသည့်ဘက်ကိုသာ ဦးတည်နေမိတတ်ကြ၏။ ထို့ကြောင့် သဒ္ဓါအားနည်းပြီး ပညာအားကောင်းလျင်လည်း စဉ်းလဲကောက်ကျစ်တတ်၏ဟု ဆိုခြင်းဖြစ်၏။ နွားနို့ပို့သည့်ကုလားကြီး နွားနို့လှူသကဲ့သို့ ဖြစ်မိတတ်ကြ၏။ ကုလားကြီးသည် နွားနို့ပို့သွားစဉ် စက်ဘီးမှောက်ပြီး နွားနို့အိုးကြီးပါ မြေပြင်ပေါ်ကျမှောက်သွား၏။ ထိုအခါမှ နွားနို့ပို့ကုလားကြီးက ``မှောက်သွားသည့် နွားနို့အိုး ရွှေတိဂုံဘုရားအား လှူပါ၏``ဟု ဆိုကာ လှူလိုက်လေသတဲ့..။ စဉ်းစားကြည့်စေချင်၏။ ကုလား၏ နွားနို့အလှူသည် ကုသိုလ်ဖြစ်မဖြစ်။ တစ်ခါတစ်ရံ ယုံကြည်မှုအားနည်းပြီး စူးစမ်းဆင်ခြင်မှု အားကောင်းလျှင် ကုလားကြီး နွားနို့လှူသကဲ့သို့ ဖြစ်တတ်၏။ ဆိုလိုသည်မှာ သဒ္ဓါအားနည်းပြီး ပညာအားကောင်းလျှင်လည်း လမ်းလွဲပြီး အစွန်းရောက်တတ်ကြောင်း ဆိုလိုရင်းဖြစ်၏။

ထို့ကြောင့် လောကီကောင်းကျိုး၊ လောကုတ္တရာ ကောင်းကျိုးအမှန်ဖြစ်လိုလျှင် သဒ္ဓါနှင့်ပညာ ညီမျှရန်လိုကြောင်း ဆိုခြင်းဖြစ်၏။ တစ်ခုခုအားကောင်းသွားလျှင် အစွန်းရောက်တတ်သဖြင့် နှစ်ဘက်ညီရန် လိုကြောင်း ဟောတော်မူခြင်းဖြစ်၏။ ထိုတရားနှစ်ခု ညီမျှရန်အတွက်ကား ကြားမှသတိတရားက ထိန်းပေးရ၏။ သဒ္ဓါအားကောင်းပြီး ပညာအားနည်းနေလျှင် ပညာအားကောင်းလာစေရန်၊ ပညာအားကောင်းပြီး သဒ္ဓါအားနည်းနေလျှင် သဒ္ဓါအားကောင်းလာစေရန် သတိတရားဖြင့်ချိန်ကာ ထိုတရားနှစ်ခု ညီမျှအောင် ပြုလုပ်ပေးရ၏။ ဤကား သဒ္ဓါပညာ နှစ်ပါးညီရာညီကြောင်း နှစ်ဘက်ညီတရား တစ်ခုဖြစ်၏။

ထို့အတူပင်။ သမာဓိနှင့် ၀ီရိယအတွဲလည်း ညီရန်လိုအပ်လှ၏။ သမာဓိဟူသည် တည်ကြည်ခြင်းဖြစ်ပြီး ၀ိရီယကား လုံ့လအားထုတ်မှုဖြစ်၏။ သမာဓိသည် ပျင်းရိခြင်း ကောသဇ္ဇ၏ ဘက်တော်သားဖြစ်ခြင်းကြောင့် သမာဓိအားကောင်းပြီး ၀ီရိယ အားနည်းနေလျှင် စိတ်အစဉ်ကို ပျင်းရိခြင်း ကောသဇ္ဇတရားက လွှမ်းမိုးဖိစီးသွားတတ်၏။ ဤအတူ ၀ီရိယသည်လည်း စိတ်ပျံ့လွင်မှု ဥဒ္ဓစ္စ၏ အသင်းအပင်း ဘက်တော်သားဖြစ်သဖြင့် ၀ီရိယအားကောင်းပြီး သမာဓိအားနည်းနေလျှင် စိတ်အစဉ်ကို ပျံ့လွင့်မှု ဥဒ္ဓစ္စတရားက လွှမ်းမိုးဖိစီးတတ်၏။ ထို့ကြောင့် ``သမာဓိလွန်သော် ကောသဇ္ဇ၊ ၀ီရိယလွန်သော် ဥဒ္ဓစ္စ``ဟု ဆိုခြင်းဖြစ်၏။ သမာဓိကို ၀ီရိယနှင့် ယှဉ်တွဲပေးလိုက်သော် ယင်းသမာဓိသည် ပျင်းရိခြင်း ကောသဇ္ဇသို့ ကျရောက်ရန် အခွင့်မရနိုင်၊ ၀ီရိယကို သမာဓိနှင့် ယှဉ်စပ်ပေးလိုက်သော် ယင်းဝီရိယသည် စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စုသို့ ကျရောက်ရန် အခွင့်မရနိုင်တော့ပေ။ ထိုသို့ သမာဓိ ၀ီရိယ ညီမျှနေပါက အစွန်းရောက်မှု မရှိတော့ဘဲ ကောင်းကျိုးကိုသာ ဖြစ်စေနိုင်ပေ၏။ ထိုတရားများညီမျှရန်အတွက် သတိကပင် ထိန်းသိမ်းပေးရမည်ဖြစ်၏။

စင်စစ် ဤသဒ္ဓါ၊ ပညာ၊ သတိ၊ သမာဓိ၊ ၀ီရိယဟူသော ဣနြေ္ဒငါးပါးသည် ဘာဝနာတရားအားထုတ် နေသည့်သူများအတွက် မဖြစ်မနေ ညီညွတ်နေရမည့် တရားများဖြစ်၏။ တရားအားထုတ်စဉ်သာ မဟုတ် လောကီအလုပ်များတွင် အမှားနည်းပြီး အကျိုးဖြစ်ထွန်းကာ အစွန်းမရောက်စေရန် အတွက်လည်း ဤတရားများ၏ ညီညွတ်မှုက အထောက်အပံ့ပြုပေးနေ၏။ သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့် ၀ီရိယကို အတွဲညီစွာ မျှမျှတတ ကျင့်သုံးနိုင်လျှင် မိမိတို့ အလိုရှိသည့် လောကီလောကုတ် ကောင်းကျိုးများကိုသာ ဖြစ်စေနိုင်ပေ၏။ ထိုအတွဲများ ညီညွတ်မှု၏ အချုပ်ကား သတိတရားပင်ဖြစ်ပါ၏။ သတိသည်ကား သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့်ဝီရိယ ညီမျှရေးအတွက် အခါခပ်သိမ်း အမြဲတမ်း အလိုရှိအပ်သော တရားဖြစ်၏။ သတိတရားသည် အခါခပ်သိမ်း နေရာတိုင်းတွင် အားကောင်းမှသာလျှင် သင့်မြတ်လှပေ၏။

အချုပ်အားဖြင့် လောကတွင် အစွန်းရောက်ပြီး တစ်ခုတည်းကိုသာ လွန်လွန်ကဲကဲဖြစ်နေပါက လမ်းလွဲနေမည်ဖြစ်သဖြင့် မည်သည့်အရာမျှ အစွမ်းမရောက်စေရန် သတိပြုကြရမည်ဖြစ်၏။ အထူးသဖြင့် လောကီကိစ္စများ၊ လောကုတ္တရာ အလုပ်များတွင် သဒ္ဓါဟူသည့် ယုံကြည်မှု၊ ပညာဟူသည့် စူးစမ်းဆင်ခြင်မှုကို ညီမျှစွာ ဆောင်ရွက်ကြရန်နှင့် ပျင်းရိခြင်း၏ ဘက်တော်သား တည်ကြည်မှုဟူသော သမာဓိနှင့် ပျံ့လွင်ခြင်း၏ ဘက်တော်သား ဥဒ္ဓစ္စဟူသော ၀ီရိယတို့ကို ညီမျှစွာ ဆောင်ရွက်ကြရန် အထူးလိုအပ်လှ၏။ အတွဲမညီဘဲ သဒ္ဓါဟူသည့် ယုံကြည့်မှုအားကောင်းပြီး စူးစမ်းဆင်ခြင်ခြင်း ပညာအားနည်းပါက အလွဲကိုးကွယ်မိတတ်ပြီး ပညာအားကောင်းပြီး သဒ္ဓါအားနည်းပါက စဉ်းလဲကောက်ကျစ်တတ်၏။ ထို့အတူ တည်ကြည်မှု သမာဓိအားကောင်းပြီး ကြိုးစားအားထုတ်မှု ၀ီရိယ အားနည်းပါက ပျင်းရိတတ်ပြီး ၀ီရိယအားကောင်းပြီး သမာဓိ အားနည်းပါကလည်း ပျံ့လွင့်တတ်၏။ ထို့ကြောင့် ထိုအတွဲများညီမျှစေရန် ညှိပေးသည့် အရာကား သတိတရားသာဖြစ်သောကြောင့် ``စောင်းကြိုးပမာ ညီမျှရမည့် သဒ္ဓါ ပညာ သမာ ၀ီရိယ`` တရားများကို သတိတရားလက်ကိုင်းထားပြီး ညီမျှအောင် ကြိုးစားသင့်လှပေသည်သာ ဖြစ်ပါကြောင်….။

5 မှတ်ချက်များ (...ရေးရန်):

  • ဝင်းဇော် says:
    Friday, June 12, 2009

    ဘုန်းဘုန်း
    တပည့်တော် ရောက်နေတဲ့ မြို့မှာ ကြီးစိုးနေတဲ့ မြန်မာသုံးလေးယောက်က ပညာပြလို့ တပည့်တော် စိတ်ဆင်းရဲနေရလို့ မသူတော်ဘေး ကြုံရရင် ဘယ်လို လုပ်ရမလဲ သိချင်ပါတယ်။
    တပည့်တော် ပြဿနာ တစ်ခုခု ဖြစ်ရင် ကိုယ်မှားတာ ကိုယ်လွန်တာလဲ ရှိနိုင်တယ်ဆိုတာ သိပါတယ်။ တစ်ဖက်ကိုပဲ အပြစ်မပြောပါဘူး။ ဒါပေမယ်လို့ ဒီကို ရောက်စမှာ သူတို့က သူတို့ ကိုယ်ရေးကိစ္စတွေအတွက် ငွေတောင်းတာ၊ လူကို ဟိုဟာဒီဟာ ခိုင်းတာ၊ နိုင်ငံရေးလုပ်ဖို့ဆိုပြီး အလှူခံတာတွေကို ပထမ အမုန်းမခံချင်လို့ ပေးပေမယ့် အကြိမ်များလာတော့ ငွေလဲ မပေး၊ ခိုင်းလဲ လုပ်မပေးဘဲ နေမိပါတယ်။ ဗိုလ်ကျလာတယ် ထင်လို့ပါ။ သူတို့ဟာ ဒီမြို့မှာ လူတွင်ကျယ်တွေ ဖြစ်လာနိုင်ပြီး လုပ်မပေးရင် ပြဿနာရှာနိုင်တယ်ဆိုတာကို မသိပါဘူး။ သူများနိုင်ငံမှာ မြန်မာချင်း ဒီလို ဗိုလ်ကျလို့ ရမယ် မထင်လို့လဲ ပါပါတယ်။
    အလုပ်တွေ လစ်လပ်ရင် တပည့်တော်ကို အသိမပေးဘဲ ဖုံးထားတာတို့၊ ကျန်တဲ့လူတွေက အလုပ်သွားလျှောက်လို့ရကြောင်း လာမပြောချင်အောင်လဲ တပည့်တော်ဟာ ဒီအလုပ်ကို လုပ်နိုင်မယ် မထင်ကြောင်း ခဏခဏ ချူချာကြောင်း သတင်းလွှင့်တာတို့ လုပ်ပါတယ်။ တပည့်တော် ရောက်စက နေထိုင်မကောင်းလို့ စိတ်ညစ်ရတာကို အနားမှာ မိသားစု မရှိတော့ သူတို့မြန်မာချင်းကိုပဲ ရင်ဖွင့်မိတာ ပါပါတယ်။ အခုတော့ နေထိုင်မကောင်းရင်တောင် အလုပ်မရအောင် သတင်းလွှင့်မှာ စိုးလို့ ဖုံးထားရပါတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ ဗမာတွေက ဒီလို မလုပ်ဘဲ လူတွင်ကျယ် ဖြစ်နေတဲ့ သုံးလေးယောက်ထဲပါ။ ဒါပေမယ့် သူတို့က လူတွင်ကျယ်ဆိုတော့ တပည့်တော် စိတ်ညစ်နေရပါတယ်။
    သူတို့က အမြှောက်အပင့်ကြိုက်၊ ငွေကြိုက်တော့ မြှောက်ပင့်ပေါင်းရင်၊ ငွေပေးရင် ပြေလည်နိုင်တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် မြှောက်တာပင့်တာကို ဘုရားမကြိုက်၊ သူတော်ကောင်းတွေလဲ မကြိုက်ဘူးလို့ သိထားတော့ မလုပ်ချင်ပါဘူး။ ငွေပေးရင်လဲ တကြိမ်နဲ့ မပြီးဘဲ အကြိမ်ကြိမ် ဖြစ်နေမှာရော၊ သူတို့ မြန်မာ့အရေး လုပ်တယ်ဆိုတဲ့ နိုင်ငံရေးကိစ္စတွေက သူတို့ ငွေကုန်မခံပဲ သူများတွေပိုက်ဆံပဲ လိုက်တောင်းနေတာ မြင်နေရတာကြောင့်ရော မပေးချင်ပါဘူး။ အလုပ်မရှိသေးလို့ ဝင်ငွေအဆင်မပြေတဲ့ လူတွေကိုတောင် အလုပ်မရှိကြောင်း၊ အသုံးမကျကြောင်း ကွယ်ရာမှာ အတင်းပြောလိုက်၊ ဆင်းရဲတယ်ဆိုပြီး သူတို့အတင်းပြောခဲ့တဲ့လူဆီ ပိုက်ဆံသွားကောက်လိုက် လုပ်နေတာလဲ သိလို့ပါ။
    တပည့်တော် သူတို့အပါအဝင် ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး။ ဒါပေမယ့် သူတို့က လူတွင်ကျယ်တွေဆိုတော့ သူတို့ကို မလိုက်လျောရင် ဘာဒုက္ခမှ မပေးလဲ အဲဒီလူကို လူတောမတိုးအောင်၊ ဝင်မဆံ့အောင် ညစ်ထားတော့ စိတ်ညစ်ရပါတယ်။ သူများနိုင်ငံမှာ မြန်မာအသိုင်းအဝိုင်းလေးက ကျဉ်းတော့ ဒီအသိုင်းအဝိုင်း ကျဉ်းကျဉ်းလေးထဲမှာ ညစ်ထားရင် နေစရာမရှိ စိတ်ညစ်ရပါတယ်။ ဘယ်လိုလုပ်ရမလဲ အကြံပေးပါဘုရား။

  • ××××××× says:
    Sunday, June 14, 2009

    ဆရာတော်ဘုရား

    တပည့်တော်တို့သည် မိတ်ဆွေကောင်းများကို အကြောင်းပြု၍ တရားဓမ္မကို ကျင့်ကြံ အားထုတ်နေကြသူများ ဖြစ်ကြပါသည်။

    တပည့်တော်တို့ သိလိုသည်များကို ရိုသေစွာ နှိမ့်ချစွာ လျှောက်ထားမေးမြန်းလိုပါသည်။

    တရားအားထုတ်ရာတွင် မိမိ မရောက်သေးသော တရားအဆင့်ကို ရောက်ပြီဟု ထင်တတ်သည်ဟု မှတ်သားရပါသည်။
    တရားကျင့်ကြံအားထုတ်၍ တရားတန်ခိုးကြောင့် ကိလေသာတို့ ခေတ္တ ငုပ်လျိုးအားနည်းနေခြင်းနှင့် အရိယာမဂ်ကြောင့် သူ့အဆင့်နှင့်သူ ချုပ်ငြိမ်းရ-အားနည်းရမည့် ကိလေသာများ ချုပ်ငြိမ်းခြင်း၊ အားနည်းခြင်းကို မည်သို့ ခွဲခြားနိုင်ပါသလဲဘုရား။

    သောတာပတ္တိမဂ်သို့ ဆိုက်ရောက်နှင့်သူ တစ်ဦးသည် ကာမရာဂနှင့် ဒေါသ အားနည်းခြင်းကို မိမိသန္တာန်၌ ရေရှည် တွေ့နေရလျှင် တရားအားထုတ်နေ၍ တရားတန်ခိုးဖြင့် ကာမရာဂနှင့် ဒေါသတို့ အားနည်းနေခြင်းလော၊ သကဒါမိမဂ်ကြောင့် အားနည်းခြင်းလောကို မည်သို့ ခွဲခြားနိုင်ပါသလဲဘုရား။

    တရားအားထုတ်ရာတွင် လောကီအမှုကိစ္စများကို ငြီးငွေ့ခြင်း၊ တရားအားထုတ်ဖော်ချင်းနဲ့မှတစ်ပါး လူနှင့်ဝေးဝေး နေလိုခြင်း၊ ယခင်က ကြိုးစားခဲ့သော လောကီကြီးပွားရေးများကို စိတ်မဝင်စား မကြိုးစားလိုတော့ခြင်းများ ဖြစ်တတ်ပါသည်။ မည်သို့ ထိန်းညှိရပါသလဲဘုရား။

    တရားအားထုတ်ရာတွင် ဖြစ်ပျက်ကို ရှုရင်း လက္ခဏာရေးများ ထင်ရှားလာသောအခါ အနိစ္စ ဒုက္ခ အနတ္တ သုံးပါးစလုံးကို ရှုခြင်းနှင့် မိမိသန်ရာ တစ်ပါးတည်းကိုသာ ရှုခြင်း ဘယ်အရာက ပိုခရီးရောက်ပါသလဲဘုရား။

    အနိစ္စကို စီးဖြန်းရ စိတ်ထက်သန်ပြီး ရှုမှတ်သူ၊ ဒုက္ခကို စီးဖြန်းရသန်ပြီး ရှုမှတ်သုံးသပ်သူ၊ အနတ္တကို စီးဖြန်းရသန်ပြီး ရှုမှတ်သုံးသပ်သူ သုံးဦးသည် တရားတက်ရာတွင် မည်သို့ ကွာခြားပါသလဲဘုရား။

    တရားအားထုတ်ရာတွင် ယခင်က အပြစ်ဟု မမြင်ခဲ့သည့် အနုစား ကိလေသာများကိုပါ အပြစ်မှန်း သိလာသောအခါ ကိလေသာအားလုံးကို စက်ဆုတ်ရွံရှာပြီး အမြန် ချုပ်ငြိမ်းလိုစိတ် ဖြစ်လာတတ်ပါသည်။ ကိလေသာနှင့် နေရသည့် ဘဝကို အလိုမရှိခြင်း ဖြစ်လာပါသည်။ ထိုအခါ တရားနာခြင်း၊ တရားအားထုတ်ခြင်းနှင့် လှူဒါန်းခြင်းမှတစ်ပါး လောကီကိစ္စများကို စိတ်မဝင်စားတော့ပါ။ ဤသည်မှာ မဇ္ဈိမပဋိပဒါမကျဘဲ အစွန်းရောက်သွားနိုင်ပါသလား သိလိုပါသည်။

    အချို့ယောဂီများသည် မိမိတို့ မြတ်နိုးသောတရားကို ပို၍ ဖြောင့်ဖြူးစွာ ကျင့်ကြံနိုင်ရန် သေခါနီးတွင် နောင်ဘဝ ရဟန်း ဖြစ်လိုကြောင်း ဆုပန်သွားပါသည်။ ထိုသူများဆုတောင်း ပြည့်နိုင်ပါသလားဘုရား။ ရဟန်းပြုလိုသော်လည်း မိဘဆွေမျိုး အသိုင်းအဝိုင်းက သဘောမတူသဖြင့် ရဟန်းဘဝ မရောက်သူများ မျက်မှောက်ခေတ်တွင် တွေ့နေရရာ ဆန္ဒရှိပြီး ပါရမီလည်း ပါလာပါလျက် အဘယ့်ကြောင့် ဆုတောင်းမပြည့်ကြသလဲ သိလိုပါသည်။

    ရိုသေစွာ ရှိခိုးဦးခိုက်ပါသည်ဘုရား။ အရှင်ဘုရား ကျမ်းမာချမ်းသာစွာ သာသနာပြုနိုင်ပါစေဘုရား။

  • မေးခွန်းရှင်များ၏ အမေးများကို အချိန်ယူပြီး ဖြေကြားပေး သွားပါမယ်။ လောလောဆယ်တော့ အလုပ်နည်းနည်းများနေတဲ့ အတွက်... အချိန်နည်းနည်း စောင့်ပေးကြပါ။ ပြီးတော့... တရားဘာဝနာ အားထုတ်မှုနဲ့ ပတ်သက်တဲ့ မေးခွန်းရှင်များ အနေဖြင့်... မေးတဲ့သူရဲ့ နာမည်သို့မဟုတ် အဖွဲ့လေးများ ဖော်ပြပြီး မေးစေချင်ပါတယ်။ နောင်တစ်ချိန်မှာ အွန်လိုင်းအမေးအဖြေများအမည်ဖြင့် စာအုပ်ထုတ်သွားရန်လည်း ရည်ရွယ်ထားလို့ပါ..
    အားလုံးကို ကျေးဇူးတင်ပါတယ်...
    မေတ္တာဖြင့်.. ဘုန်းဘုန်း

  • ဓမ္မခရီးသည် says:
    Sunday, June 14, 2009

    ဆရာတော်ဘုရား

    တပည့်တော်တို့မှာ တတ်နိုင်သမျှ တရားအားထုတ်ကြ၊ အချင်းချင်း ဆွေးနွေး အကြံတောင်းကြ လုပ်ကြပေမယ့် အဖွဲ့ရယ်လို့ အမည်မရှိပါ။ တရားအားထုတ်ရာမှာလဲ အချို့ဆို သူ တရားထိုင်ကြောင်း ဝါသနာ မတူသူများကိုတောင် အသိမခံပါ။ အပြစ်ကို ကြံဖန်ရှာပြီး တွေ့တဲ့အခါ တရားသမားတန်မဲ့ဆိုပြီး ရှာကြံ ကဲ့ရဲ့တတ်သူတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်လိုဘူးလို့ ပြောပါတယ်။

  • သစ္စာအလင်း says:
    Monday, June 15, 2009

    ဘုန်းဘုန်းဘုရား

    XXXXXX မေးမြန်းသွားသောမေးခွန်းများကိုတပည့်တော်လည်းသိလိုလှပါတယ်ဘုရား။ မေးမြန်းတဲ့XXXXXကိုကျေးဇူးတင်ပါတယ်..။ဘုန်းဘုန်းကျန်းမာချမ်းသာပါစေကြောင်းမေတ္တာပို့သလျက်အဖြေများကိုစောင့်မျှော်နေပါတယ်ဘုရား။
    ရိုသေလေးစားစွာကန်တော့လျှက်
    သစ္စာအလင်း


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ