အမေ… ပြီးတော့ ကာမေသု…

Q. ဘုန်းဘုန်း ဦးဝိစိတ္တဘုရား
(၁) မိန်းကလေး တယောက်ကို သူ့မိခင်က ပြည့်တန်ဆာပွဲစားထံ ငွေလေးသိန်းခန့်နဲ့ ရောင်းချတာ တစ်ဖက်နိုင်ငံက မကောင်းတဲ့အိမ် ရောက်ပြီးမှ ကလေးမကို မြန်မာအချင်းချင်းကကယ်လို့ လွတ်မြောက်လာရပါတယ်။ ကလေးမက အမေက ဒီအဒေါ်ကြီးနဲ့ လိုက်သွားရမယ်လို့ အမေ ထည့်လိုက်လို့ လိုက်လာရပြီး ဘာမှ မသိကြောင်း၊ အိမ်က မထွက်ခင် ငွေလက်ခံယူနေတာ တွေ့လို့ မေးတော့လဲ သူ့ဆီက အမေ ရစရာရှိတဲ့ ပိုက်ဆံပါလို့ ပြောတယ်လို့ ပြောပါတယ်။ ဟိုအိမ်ရောက်တော့ ခိုင်းတာကို မလုပ်ဘူး ငြင်းနေရင်း စာနာတတ်သူများ (ဒီအလုပ်လုပ်နေရတဲ့ မိန်းကလေးတွေလား မသိ)က ကူညီလို့ ထွက်ပြေးနိုင်ခဲ့ပါတယ်။ သူတို့ထက် ဆင်းရဲတဲ့ မိဘတွေ အနားမှာ အများကြီး ရှိတာတောင် ဘယ်မိဘမှ ဒီလိုလုပ်တယ် မကြားမိတော့ သူ့အမေကို သူ စိတ်နာနေပါတယ်။ ခင်ပွန်းကြီး ၁၀ ပါး မပြစ်မှားနဲ့ ဆိုတဲ့ စကားကိုလဲ သူနဲ့ကျ ဘယ်လို ပြောရမလဲ မသိတော့ပါဘူး။ ကလေးမလေးကို တရားနည်းနဲ့ပြောဆို နားချနိုင်မယ့် စကားရှိရင် တပည့်တော်တို့ကို တစ်ဆင့် ချီးမြှင့်ပေးပါဘုရား။
(၂) နောက် ဒီမိန်းကလေးဟာ အဖမရှိပဲ ပိုင်ရှင် အုပ်ထိန်းသူ မိခင်က ကြည်ကြည်ဖြူဖြူ ရောင်းလိုက်တာဆိုတော့ သူ မလွတ်မြောက်ခင် သူ့ကို ငြင်းဆန်နေတဲ့ကြားက ကျူးလွန်ခဲ့တဲ့သူနဲ့ စီစဉ်ပေးသူများဟာ ကာမေသု မြောက်ပါသလားဘုရား။ ပိုင်ရှင်ရှိ ကာမဂုဏ်ကို မပြစ်မှားရဆိုတော့ ဒီမိန်းကလေးက မိခင်က သဘောတူပြီး ကာယကံရှင်က သဘောမတူတာ သိရလို့ပါ။
Kenneth


A. (၁) လောကကြီးမှာ ဒီလိုမိဘမျိုးလည်း ရှိတတ်ပါတယ်။ ခင်ပွန်းကြီးဆယ်ပါး မပြစ်မှားတာ ကောင်းပါတယ်။ ပြီးတာတွေလည်း ပြီးခဲ့ပြီပေါ့။ အမေကိုယ်တိုင်က ဒီလိုလုပ်တယ်ဆိုတော့ ပြောရတာတောင် ခပ်ခက်ခက်ဖြစ် ရပါတယ်။ ဘာပဲဖြစ်ဖြစ် အမေဟာ အမေဖြစ်တဲ့အတွက် ကိုယ့်ဘက်က မပြစ်မှားမိဖို့ အရေးကြီးပါတယ်။ ကိုးလလွယ်ကာ ပင်ပင်ပန်းပန်း မွေးထုတ်ပေးခဲ့တဲ့ ကျေးဇူးကလည်း မသေးဘူးလေ။ လူ့ဘ၀ကို ရလာတာဟာ အတိတ်က ကောင်းတဲ့ကံတွေကြောင့်ဖြစ်သလို ဒီလိုမကောင်းတဲ့ အမေမျိုးမှာ လာဖြစ်ရတာကတော့ မကောင်းတဲ့ကံရဲ့ အကျိုးဆက်တွေဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ခါ ကုသိုလ်ကျိုးနဲ့ အကုသိုလ်ကျိုးဟာ တွဲပြီးအကျိုးပေးတတ်တာ ရှိပါတယ်။ အတိတ်က လုပ်ခဲ့တဲ့ အကျိုးဆက်တွေတောင် ဒီလိုဖြစ်နေသေးရင် ဒီဘ၀မှာ မိဘနဲ့ပတ်သက်ပြီး ပြစ်မှားဆော်ကားမိရင် နောင်ဘ၀အဆက်ဆက် ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အမေဟာ အမေပဲဖြစ်တဲ့အတွက် ကိုယ့်ဘက်က မစော်ကားမိအောင် နေတာကောင်းပါတယ်။ အမေကို စဉ်းစားတိုင်း ဒီစိတ်တွေဖြစ်မယ်ဆိုရင် မစဉ်းစားဘဲ နေနိုင်အောင်ကျိုးစား၊ တွေ့ရင်အကုသိုလ်ဖြစ်မယ်ဆိုရင် မတွေ့ဘဲ နေနိုင်အောင် ကျိုးစား၊ ပိုပြီးလေ့ကျင့်နိုင်မယ်ဆိုရင်တော့ အမေရဲ့ ကောင်းကွက်လေးတွေကို ရှာပြီးမြင်တတ်၊ တွေးတတ်ပေးနိုင်ရင် ကောင်းပါတယ်။ အဓိကကတော့ အမေဟာ မကောင်းပေမယ့် အမေဟာ အမေဖြစ်တဲ့အတွက် ကိုယ့်ဘက်က မပြစ်မှား မကျူးလွန်မိအောင် ကြိုးစားတာ အကောင်းဆုံးပါ။ အဲလိုမှမဟုတ်ရင် သံသရာစက်က ထပ်ပြီးရှည်နေ၊ အကုသိုလ်ရဲ့ အကျိုးတွေက ထပ်ပြီးလာနေဦးမှာဆိုတော့… ဒီစက်ကြီးမရှည်အောင် ဖြစ်နိုင်ရင် ဒီဘ၀မှာပဲ ပြတ်သွားအောင် အားလုံးကိုခ၀ါချ ဘ၀လွတ်မြောက်ရေးအတွက် ကြိုးစားလိုက်တာ အကောင်းဆုံးနည်းပါ။

(၂) ကာမေသုမိစ္ဆာစာရကံ ကျူးလွန်တဲ့နေရာမှာ အုပ်ထိန်းသူ ရှိနေရင် ကံမြောက်ပါတယ်။ အုပ်ထိန်းသူဆိုတဲ့နေရာမှာ အုပ်ထိန်းသူရှိသူ မိန်းမအမျိုးအစား ၂၀ ရှိကြောင်း ပါရာဇိကဏ် အဋ္ဌကထာမှာ ဖော်ပြပါတယ်။ အဲဒီ (၂၀) က ၁။ မာတုရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊ ၂။ ပိတုရက္ခိတ- အဖအုပ်ထိန်းသော မိန်းမ၊ ၃။ မာတာပိတုရက္ခိတ- မိဘနှစ်ပါးအုပ်ထိန်းသော မိန်းမ ၄။ ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသော မိန်းမ၊ ၅။ ဘဂိနိရက္ခိတ- အစ်မကြီး အစ်မငယ် အုပ်ထိန်းသော မိန်းမ၊ ၆။ ဉာတိရက္ခိတ- ဆွေမျိုးအုပ်ထိန်းသော မိန်းမ၊ ၇။ ဂေါတ္တရက္ခိတ- အမျိုးနွယ်တူ အုပ်ထိန်းသော မိန်းမ၊ ၈။ ဓမ္မရက္ခိတ- အတူနေသီတင်းသုံးဖော် စောင့်ရှောက်အုပ်ထိန်းသော မိန်းမ၊
(အထက်ပါ ၈ယောက်သော အုပ်ထိန်းသူရှိ မိန်းမများအား အတင်းအဓမ္မ သွားလာကျူးလွန်ပါက ထိုမိန်းမများတွင် ကာမေသုကံမထိုက်ဘဲ သွားလာလွန်ကျူးသူ ယောက်ျားများတွင်သာ ကံထိုက်သည်ဟု ဆိုပါတယ်။)

၉။ သာရက္ခာ- ထိန်းမြားကြောင်းလမ်းပြီးသူ၊ လက်ထပ်ပြီးသူ အုပ်ထိန်းသော မိန်းမ၊ ၁၀။ သပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန် သတ်မှတ်လျက် ဒဏ်ထားပြီး အုပ်ထိန်းသော မိန်းမ၊ ၁၁။ ဓနတ္ထီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသော မိန်းမ၊ ၁၂။ ဆန္ဒ၀ါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ၊ ၁၃။ ဘောဂ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖော်သော မိန်းမ၊ ၁၄။ ၀ဋ၀ါသိနီ- ပုဆိုးပေး၍ (ပုဆိုးတန်းတင်ပြု၍) နေသောမိန်းမ၊ ၁၅။ သြဒ၀တ္တကိနီဓရ- ခွက်လက်ဆုံချ၍ မိဘနှစ်ပါး ထိန်းမြားပေးသော မိန်းမ၊ ၁၆။ သြဘဋစုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားဖြစ်နေသော မိန်းမ၊ ၁၇။ ဒါသီစဘရိယာစ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ၁၈။ ကမ္မကာရီစ ဘရိယာစ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ၁၉။ ဓဇာဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သော မိန်းမ၊ ၂၀။ မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖော်ရန် ငှါးရမ်းထားသော ခေတ္တမယားဖြစ်သူ မိန်းမ
(အထက်ပါ ၁၂ယောက်သော မိန်းမတို့တွင် သွားလာကျူးလွန်ပါက ယောက်ျားရော မိန်းမပါ နှစ်ဦးလုံး ကာမေသု မိစ္ဆာစာရ ကံထိုက်သည်ဟု ဆိုပါတယ်။)

ဒါကြောင့် အထက်ပါ စာပေဖွင့်ဆိုချက်များအရ မေးခွန်းတွင်ရည်ရွယ်သည့် မိန်းကလေးမှာ အမေကိုယ်တိုင် သဘောတူပေမယ့် တစ်ခြားအုပ်ထိန်းသူ တစ်ဦးဦးရှိနေသည့်အတွက် ကာမေသုကံ မထိုက်ဟုဆိုနိုင်ပြီး မိန်းကလေးငြင်းဆန်နေတဲ့ကြားက အတင်းအဓမ္မ သွားလာကျူးလွန်သူများမှာ အုပ်ထိန်းသူရှိသော မိန်းမဖြစ်၍ သေချာပေါက် ကာမေသုကံမြောက်ပါတယ်။

9 မှတ်ချက်များ (...ရေးရန်):

  • Anonymous says:
    Monday, April 27, 2009

    ပျော်ပါးဖို့ အတွက် မိဘအိမ်ကနေသွားခေါ်လို့ ရတဲ့ မိန်းကလေးတွေ မြန်မာပြည်မှာ တော်တော်လေးရှိနေပါပြီ ဘုန်းဘုန်းရေ။ စားဝတ်နေရေးအတွက် မိဘကိုယ်တိုင်ကိုက လိုလိုချင်ချင်သမီးအပျိုကို ခွင့်ပြုလုပ်ခိုင်းနေကြပါတယ်။ အခြေအနေအရပ်ရပ်ကို ဆက်၍တွေးသာ ကြည့်တော်မူပါတော့ ဘုရား....

  • kenneth says:
    Monday, April 27, 2009

    ကျွန်တော် ဘုန်းဘုန်းကို ဒီမေးခွန်း မေးလျှောက်တာ မိခင်တသောင်းမှာ တစ်ယောက်တောင် မရှိနိုင်တဲ့ ဖြစ်ရပ်ဆန်းမို့လို့ သနားစရာ ကလေးမကို ဘယ်လို စကားမျိုးနဲ့ အားပေးနှစ်သိမ့်သင့်သလဲ မေးတာပါ။ ကံဆိုးတဲ့လူတွေကို အားပေးစကား ပြောရင် သာမန်လူ တတ်သမျှ အားပေးတာထက် တရားဓမ္မ နှံ့စပ်ပြီး သီလရှိတဲ့ သူတွေ ပြောတာက စကားလုံးတွေ ပိုထိရောက်လို့ပါ။ ဒီလို အဖြစ်မျိုးတွေ မြန်မာပြည်မှာ တော်တော်လေး ရှိနေပြီဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဒါ ရှာမှ ရှားတဲ့ အဖြစ်ပါ။ မိဘတိုင်း ဒီလို မယုတ်မာပါဘူး။

    ကျွန်တော် ကုန်းကောက်စရာ မရှိအောင် မွဲတဲ့ ဘဝက လာတာပါ။ ဘုရားစကား နားထောင်ပြီး ဒါန သီလတွေ လုပ်လို့ ဆင်းရဲဝဋ်က ကျွတ်လာတာ။ စားဝတ်နေရေးအတွက် မိဘကိုယ်တိုင်က လိုလိုချင်ချင် သမီးအပျိုကို ခွင့်ပြုလုပ်ခိုင်းနေတယ် ဒါမျိုးတွေ တော်တော်လေး ရှိတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါ လိမ်တာပါ။ ကျွန်တော့်လောက် ဆင်းရဲခဲ့တာ ရှိဦးမလား။ ကျွန်တော့်ရပ်ကွက်ထဲမှာလဲ ဘယ်မိဘမှ သမီးကို ဒါမျိုးလုပ်ခိုင်းတာ မမြင်ဖူးဘူး။ ရောက်ဖူးတဲ့ ဘယ်ဆင်းရဲသားရပ်ကွက်မှာမှလဲ မတွေ့ဖူးဘူး။

    စီးပွားရေး မကောင်း လူတွေ ဆင်းရဲလို့ မိဘတွေ အများကြီး သမီးတွေကို ပြည့်တန်ဆာ လုပ်ခိုင်းနေပါပြီဆိုပြီး မိဘတွေ သိက္ခာကျအောင် မဟုတ်တာ မပြောပါနဲ့ဗျာ။ ဆင်းရဲသား မိဘတိုင်း ဒီလို မယုတ်မာပါဘူး။ ကျွန်တော် မေးမိတာ နိုင်ငံရေး အမြတ်ထုတ်ချင်တဲ့ လူတွေအတွက် အသုံးချခံ ဖြစ်သွားရင် တောင်းပန်ပါတယ်။

  • Anonymous says:
    Tuesday, April 28, 2009

    ကိုkenneth ယူဆသလို နိုင်ငံရေးအမြတ်ထုတ်ဖို့ ရည်ရွယ်ချက်ဆိုတာနှင့် ဒီcomment ကိုရေးမိတာနှင့် သိပ်တော့မဆိုင်ပါဘူးခင်ဗျ။ အကို အရမ်းဆင်းရဲတဲ့ ဘ၀ကတက်လာလို့  ဒီလို ဘ၀မျိုးက လူတွေက ဒါမျိုးတော့ မလုပ်လောက်ဖူးလို့ လဲ တရားသေမတွက်ပါနှင့်။

    အကို့ အနေနှင့် ပြည်ပမှာရောက်နေတာ တော်တော်ကြာနေလို့ လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် ဒီလိုမျိုး ပတ်ဝန်းကျင်တွေနှင့် သိပ်မပတ်သတ် အလှမ်းဝေးနေလို့ မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    ဒီဘက်နှစ်တွေမှာ လူတွေရဲ့ အကျင့်စာရိတ္တပိုင်းဟာ တော်တော်လေးကို ယိုယွင်းပျက်စီးလို့ လာနေပါတယ်။ အထူးသဖြင့် ပညာအခြေခံလည်းမရှိ၊ ၀င်ငွေကလည်း မရှိ၊ မိသားစုကများပြီး စားဝတ်နေရေးကျပ်တည်းလွန်းလာကြတော့ မိဘတွေလည်း ကြံမိကြံရာ လုပ်မိကြတာဖြစ်ပါလိမ့်မယ်။ ဒီလိုမျိုးအဖြစ်တွေက လွန်ခဲ့တဲ့ ဆယ်စုနှစ် (၂)ခုလောက်ကတည်းက နယ်စပ်ဘက်က တိုင်းရင်းသား မိသားစုတွေဆီမှာ ဖြစ်နေကြပါပြီ။ မိသားစုဦးရေကများ၊ ဖခင်လုပ်သူကအသက်အရွယ်ကြီးလို့ အလုပ်မလုပ်နိုင်၊ မိခင်လုပ်တဲ့သူက ပိုက်ဆံမယ်မယ်ရရမရှာတတ်။ ဒီလိုနှင့် အရွယ်ရောက်တဲ့သမီးအကြီးတွေက မိသားစုအတွက်ဘ၀ကိုရင်းပြီး တစ်ဘက်နိုင်ငံမှာ သွေးသားနှင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုကိုပြန်ထောက်ရတဲ့အဖြစ်မျိုးတွေ အများကြီးရှိခဲ့ပါတယ်။ အခုလည်း ရှိနေတုန်းပါဘဲ။ (ပြည့်တန်ဆာမို့ လို့ ဆိုပြီး သူတို့ ကို အထင်မသေးလိုက်ပါနှင့်။ မိဘနှင့်မောင်နှမတွေကို လုပ်ကျွေးနေကြတဲ့သူတွေပါ။)

    မြန်မာပြည်မြို့ ကြီးအချို့ မှာလည်း အဲဒီလိုကိစ္စမျိုးတွေက ဖြစ်နေပါပြီ။ မိဘတွေက မိသားစုဝန်ကိုမထမ်းနိုင်ကြတော့တဲ့အခါမှာ (အထူးသဖြင့် ဖခင်မရှိတော့တဲ့ မိသားစုတွေမှာ) သမီးတွေက မိသားစုအတွက် ရင်းရပါတော့တယ်။ အဓိကကတော့ ပညာမရှိခြင်း၊ မိသားစုဦးရေများခြင်း၊ ပုံမှန်ရပ်တည်နိုင်လောက်အောင် မိသားစုဝင်ငွေမကောင်းခြင်း စတာတွေကြောင့်ပါ။ အဲဒီအချိန်မှာ တအားငတ်လာတော့ ကိုယ်ကျင့်တရားဆိုတာကို သူတို့ ခေါင်းထဲထည့်ဖို့ ဆိုတာက မလွယ်လောက်ဖူးလေ။ Survive လုပ်ဖို့ အတွက် ဟိုးအတွင်းထဲမှာရှိနေတဲ့အတ္တက ခေါင်းထောင်ထလာပြီကိုး။

    တကယ်လို့ ကိုkennethအနေနှင့် ဒါမျိုးမရှိနိုင်သေးဘူးလို့ ထင်နေသေးတယ်ဆိုရင် ရန်ကုန်မှာရှိတဲ့ ဒီလိုပြည့်တန်ဆာကိစ္စတွေကို ပညာပေးကူညီပေးနေရတဲ့ NGO အဖွဲ့ အစည်းတွေရှိပါတယ်။ သူတို့ ဆီကို စုံစမ်းမေးမြန်းကြည့်နိုင်ပါတယ်။ သူတို့ တွေသုတေသနလုပ်ထားတဲ့ စာတမ်းတွေရှိပါတယ်။ နီးစပ်တဲ့သူကနေတဆင့် ငှားဖတ်ကြည့်လို့ ရပါတယ်။

    ဒီလို ၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းမျိုးတွေက မြန်မာပြည် နယ်အသီးသီးမှာလည်း ရှိနေပါတယ်။ ခရီးအထွက်များပြီး စပ်စုတတ်လို့ ရှိရင် ဒီလိုမျိုး ဇာတ်လမ်းတွေနားမဆံ့အောင် ကြားနိုင်ပါတယ်။ တချို့ ဆို ငွေထောင်ဂဏန်းလောက်ရဖို့ အတွက် ဘ၀ကို ရင်းနေကြရပါတယ်။ တကယ်သနားစရာကောင်းကြတဲ့ ဘ၀တွေပါ။

    ဒီမှာ ကျွန်တော် ကွန်မန့် ရေးရတဲ့ရည်ရွယ်ချက်က ဒီလိုအဖြစ်မျိုးတွေကို ပြောနေရုံနှင့်မပြီးဘဲ ဘယ်လို Constructive Approach လုပ်မလဲဆိုတာ ၀ိုင်းစဉ်းစားစေချင်လို့ ပါ။ ဘာသာရေးဘက်ကရော၊ လူမှုရေးဘက်ကရော၊ စီးပွားရေးဘက်ကရော (နိုင်ငံရေးဘက်ကိုတော့လုံးဝမပြောလိုပါ။ ကိုယ်ဘာမှမတတ်နိုင်လို့ ပါ) ဘယ်လို ၀ိုင်းဝန်းကူညီဆောင်ရွက်ကြမလဲ ဆိုတာ အဖြေရှာစေချင်လို့ ပါဗျာ။

    ကျွန်တော်ပြောတာ လက်မခံနိုင်သေးရင် ပြန်လည်ချေပနိုင်ပါတယ်ခင်ဗျား။ ကျေးဇူးပါ။

  • kenneth says:
    Tuesday, April 28, 2009

    ကျွန်တော်လဲ အဲဒီလို ဆင်းရဲတဲ့ အကြိုအကြားတွေက လာခဲ့တာပါ။ ရန်ကုန်မှာရော နယ်စပ်မှာရော ကြိုက်တဲ့နေရာ မေးပါ။ ဗုဒ္ဒဘာသာ ကရင် ဗမာ မွန် တိုင်းရင်းသားတွေကြားထဲမှာ မိဘလုပ်ကျွေးနေတဲ့ ပြည့်တန်ဆာတို့၊ ဆင်းရဲလို့ ဒီဘဝ ရောက်ရတာပါဆိုပြီး ဂုဏ်ရှိနေတဲ့သူတို့ မရှိပါဘူး။ စက်ချုပ် ဈေးရောင်း၊ ပန်းရံရွက်နေတဲ့ မိန်းကလေးတွေ ကြားထဲမှာလဲ ဒီလို မိန်းကလေးမျိုးကို မပေါင်းသင်းကြပါဘူး။
    ကျွန်တော် ပြောမိတဲ့ စကားက ပုံကြီးချဲ့ အမြတ်ထုတ်ချင်တဲ့ သူတွေအတွက် အကွက် ဖြစ်သွားမှာ စိုးလို့ပါ။ ဒီလို ပြောတတ်တဲ့လူတွေ ကျွန်တော့်မိတ်ဆွေတွေထဲမှာကို ရှိပါတယ်။ ပြောတုန်းက မိတ်ဆွေကို လက်ဝဲသမား ဖြစ်ဖို့များတယ်လို့ မပြောလိုက်တာက ဘာသာမဲ့ လက်ဝဲသမား၊ တိုးတက်တယ်ဆိုတဲ့ လူတွေက ဒီစကားမျိုး များများပြောမှန်း ကျွန်တော် သိပေမယ့် အားနာလို့ပါ။ အဓိကက ခေတ်ကြီးမကောင်းဘူးဆိုတာ လူတိုင်း သိတယ်။ တခြားသက်သေတွေ အများကြီးပါ။ မိဘတွေ သိက္ခာကျအောင် ကိန်းဂဏန်းတွေ ၁၀၀၀ နဲ့မြှောက် ပုံကြီးမချဲ့ပါနဲ့။ မိဘတိုင်း ဒီလို မယုတ်မာပါဘူး။
    ဘုရားမရှိခိုးတာ ဂုဏ်ရှိတယ်ထင်တဲ့ ကျွန်တော့်အသိတွေ ဒါမျိုး လုပ်ကြံသတင်း အမြဲလွှင့်တယ်။ သီလရှင် ဆရာလေးတွေ ဒီအလုပ်လုပ်စားနေပါပြီဆိုတဲ့ စာထုတ် လူကြားထဲ ဟောပြောတဲ့ ကွန်မြူနစ် မိတ်ဆွေတစ်ယောက်ကို သည်းမခံနိုင်တော့ဘဲ ဒါ မဟုတ်ဘူးဆိုတာ ငြင်းတော့ ဘယ်နေရာ ဘာကျောင်းဆိုတာ ဘာသက်သေမှ ပြန်မပြနိုင်ဘဲ အတင်း ဒီစာကို ဖျက်မပေးနိုင်ဘူးဆိုပြီး ခံငြင်းတယ်။ ဟုတ်ရင် ရေး၊ ဘယ်နေရော ဘယ်ကျောင်းဆိုတာ မပြောနိုင်၊ ရန်ကုန်မှာလဲ မနေတာ ၁၅ နှစ်လောက် ရှိတဲ့လူက အဝေးကနေ လိမ်တာ ဘာသာရေး သိက္ခာကျလို့ မခံနိုင်တာပါ။ ဟုတ်ရင် သက်သေပြဖို့၊ နေရာပြောဖို့ ကျောင်းနာမည် ပြောဖို့ကျ ဘာမှ မပြောနိုင်ဘူး။ ဟုတ်ရင် သံဃအဖွဲ့အစည်းတွေ တိုင်လို့ရတယ်။ ရန်ကုန်က ဘုန်းကြီးကျောင်းတွေ တိုင်ရင်တောင် နီးနီးဝေးဝေး သာသနာ သိက္ခာကျမခံဘဲ ချက်ချင်း ဖြေရှင်းပေးမှာပဲ။ ဒါ မဟုတ်ပေမယ့် သီလရှင်တွေ သိက္ခာမကျပါဘူး။ အစိုးရကိုပဲ လူမုန်းကြမှာမို့ နိုင်ငံရေး ပရိယာယ်ပါဆိုတဲ့ပုံမျိုး မလုပ်ပါနဲ့။ ခေတ်မကောင်းလို့ ကွန်မြူနစ်မိဘတွေရဲ့ သမီးတွေ ပြည့်တန်ဆာ လုပ်စားကုန်ပြီလို့ ကိုယ်ပြန်ထိအောင် လုပ်ကြံသတင်းလွှင့်တာကျ မလုပ်ကြပါလား။
    သာသနာ့ဝန်ထမ်းနေတဲ့ သီလရှင်လေးတွေကို ကြည်ညိုလို့ ကျွန်တော် ဦးဇင်းတွေရော သီလရှင်တွေရော တတ်နိုင်သမျှ လှူနေတဲ့သူမို့ မဟုတ်မှန်း သိတာ။ ဆန်လောင်းရင်တောင် ထပ်ထပ်လောင်းနေရင် အားနာပါပြီ တော်ပါပြီ၊ ပြည့်စုံပါပြီ ပြောတတ်တဲ့ ဆရာကြီး ဆရာလေးတွေ။ ဘာမှ အကျင့်မပျက်ဘူး။ ဒါကို အားကျပြီး သီလရှင်ဝတ်ပြီး လိုက်တောင်းတဲ့ အရပ်ထဲက လူဝတ်ကြောင် သီလရှင်တုတွေက တခြားပဲ။
    စီးပွားရေး ကျပ်တည်းလို့ မိန်းကလေးတွေ ပျက်စီးနေပြီဆိုတဲ့ စကားကို မိန်းကလေးတွေ ရှေ့မရှောင် လမ်းပြသလို အထပ်ထပ် ပြောတယ်။ တကယ်ဆို လမ်းမှားနေတဲ့ ကလေးမတွေ တွေ့ရင်တောင် သမီးချင်း စာနာစိတ်နဲ့ ဆိုဆုံးမကြပါ။ ထိုင်းမှာလဲ ပြည်တွင်းမှာ ကျပ်တည်းလို့ စက်ရုံအလုပ်သမလေးတွေ၊ အိမ်ဖော်တွေ အဖြစ်နဲ့ ရုန်းကန်နေရတာ အများကြီးပဲ။ ဟိုအတန်းရောက်သွားတဲ့ မိန်းကလေးကို ဒီလို ရိုးသားတဲ့ မိန်းကလေးမျိုးက သူနဲ့ တတန်းစားတည်း အထင်မခံပါဘူး။

  •ုkenneth says:
    Tuesday, April 28, 2009

    ပြည့်တန်ဆာတွေကို ကူညီနေတဲံ အန်ဂျီအိုတွေမှာလဲ တစ်ချို့က ပြည့်တန်ဆာဆိုတာ ခွဲခြားဆက်ဆံရာ ရောက်တယ်။ ရိုးရိုးအလုပ်သမားလိုပဲ သူတို့လဲ လိင်အလုပ်သမ sex worker သာ ဖြစ်တယ်။ discriminate မလုပ်ရဘူးဆိုပြီး ပြည့်တန်ဆာ အရေအတွက် တိုးအော်င ဝါဒဖြန့်ပေးသလို လုပ်နေတာ။ အိပ်ခ်ျအိုင်ဗွီ မဖြစ်အောင် အနေအထိုင် ဆင်ခြင်ဖို့၊ ဖြစ်ပြီးသားလူတွေကို မချိုးနှိမ်ဖို့ ရဟန်းတော်တွေက ဆုံးမတယ်။ ကြိုက်သလိုနေ၊ ဘာပစ္စည်းလေး ဆောင်ထား ဆိုတာမျိုးက ရဟန်းနဲ့ မအပ်စပ်လို့ ဝင်မပြောဘူး။ ခုလဲ မဆိုင်တာတွေ ပြောချင်ရင် မဆိုင်တဲ့သူတွေနဲ့ ပြောပါ့မယ်။ သာသနာရေး ဘလော့တစ်ခုမှာ ဒီ တစ်တစ်ခွခွ ဆွေးနွေးရမယ့် ကိစ္စတွေ ဝင်မပြောပါနဲ့ မိတ်ဆွေ။
    ကျွန်တော် ထပ်မပြောချင်တော့ဘူး။ အဓိကက ကျွန်တော် ဘာသာရေး သက်သက် မေးလျှောက်တာပါ။ ဒါပဲ သိချင်တယ်။ ကျွန်တော် မေးချင်တာ နှစ်ခုတည်းပါ။ ဒါကို သာသနာတော်က ဘယ်လို သဘောထားလဲ သိချင်တယ်။ နားလည်ပေးပါဗျာ။
    ထပ်ပြောချင်လဲ ကျွန်တော်နဲ့ မဆိုင်တော့ပါဘူး။

  • Anonymous says:
    Tuesday, April 28, 2009

    ကိုkenneth ရေ

    ကျွန်တော် ပြောခဲ့သလိုဘဲ အကို့ အနေနှင့် ပြည်ပမှာရောက်နေတာ တော်တော်ကြာနေလို့ လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် ဒီလိုမျိုး ပတ်ဝန်းကျင်တွေနှင့် သိပ်မပတ်သတ် အလှမ်းဝေးနေလို့ မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဥပမာဗျာ။ အကို့ အနေနှင့် ရန်ကုန်မှာနေတာ အနှစ် (၃၀) ရှိပြီဆိုပါတော့။ ရန်ကုန်ရဲ့ နေရာတော်တော်များများလည်း ရောက်ဖူးမယ်။ ဒါပေမဲ့ တနေ့ ကမှ နယ်ကနေ ရန်ကုန်ကို ရောက်လာတဲ့သူတစ်ယောက် သွားချင်တဲ့နေရာတစ်ခုကို အကို ရောက်ဖူးချင်မှရောက်ဖူးလိမ့်မယ်။ ဘာလို့ လဲဆိုတော့ အဲဒီနေရာနှင့် ကိုယ်နှင့်က သိပ်ပတ်ပတ်သက်သက်မရှိခဲ့လို့ ဘဲ။ အဲဒါကို အဲဒီနေရာကြီး မရှိပါဘူး။ ငါရန်ကုန်မှာနေလာတဲ့ အနှစ် (၃၀) ရှိပါပြီကွာ လို့ သွားပြောလို့ မရပါဘူး။ ကိုယ့်ကိုယ်ရေးကိုယ်တာကိစ္စမျိုး ကိုယ်လုပ်နေကျ အလုပ်ကိစ္စမျိုးနှင့် ပတ်သတ်မှုမရှိရင် တချို့ အကြောင်းတွေကို Detail သိဖို့ ဆိုတာ မလွယ်နိုင်ပါဘူး။

    အခုကိစ္စလည်း အဲဒီလိုပါဘဲ။ အကိုဘ၀ပေါင်းစုံကနေ ကျင်လည်လာတာ ဟုတ်ကောင်းဟုတ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ Field နှင့် ပတ်သတ်မှုမရှိရင် ဒီကိစ္စတွေကို ထဲထဲဝင်ဝင် မသိနိုင်ပါဘူး။

    လူတချို့ သွားပုပ်လေလွင့်ပြောတဲ့ သတင်းတွေ၊ ကောလဟလတွေလိုမျိုး အခုကိစ္စကို ပေါ့ပေါ့တန်တန်ပြောနေတာမဟုတ်ပါဘူး။

    တကယ် ဒီအကြောင်းတွေသိချင်ရင် ကျွန်တော်ပြောခဲ့တဲ့ အဖွဲ့ အစည်းတွေမှာ သူတို့ Research Data တွေရှိပါတယ်။ ၁၉၉၀ နောက်ပိုင်း ကနေ ယနေ့ အချိန်အထိ နိုင်ငံတ၀ှမ်းမှာဖြစ်နေတဲ့ Real Situation တွေကို သူတို့ ငွေအမြောက်အမြားအကုန်အကျခံပြီး နှစ်ပေါင်းများစွာ အချိန်ယူပြီး ပညာရှင်တွေနှင့် လုပ်ထားတဲ့ Data တွေပါ။ ဒီ Research တွေမှာ ပါတဲ့အကြောင်းအရာတွေက လိမ်လို့ မရပါဘူး။ အဆင့်ဆင့် စီစစ်မှု၊ စစ်ဆေးမှုတွေဖြတ်သန်းပြီးမှ ထွက်လာတဲ့ Final Report တွေပါ။ အကြောင်းကြောင်းတွေကြောင့် Public ကို ချပြခွင့်မရှိလို့ သာ လူအများမသိကြတာပါ။

    ပြည့်တန်ဆာဖြစ်ကြရတယ်ဆိုတာ အချို့ က မိမိစရိုက်ဝါသနာကြောင့်ဖြစ်ကြတာလည်း ရှိသလို၊ တချို့ တွေကတော့ အကြောင်းကြောင်းတွေကြောင့် မိမိစိတ်အလိုမပါဘဲ ဒီဘ၀ကို ရောက်လာကြရတာပါ။ (အတိတ်ဘ၀တွေက ကံဝဋ်ကြွေးတွေကြောင့်လို့ ပြောလို့ ရပါတယ်။) ဒုတိယအမျိုးအစား ပြည့်တန်ဆာတွေ ဒီအလုပ်လုပ်နေကြလို့  ပျော်နေကြမယ်ထင်သလားဗျာ။ သူတို့  ဘ၀ရပ်တည်မှုအတွက်၊ မိသားစုဘ၀အတွက် ခန္ဓာကိုယ်ကို ရင်းပြီးတော့ တာဝန်တစ်ခုလိုမျိုး လုပ်နေကြတာပါ။ သူတို့ မှာ တခြားလုပ်တတ်တာလည်း မရှိဘူး။ ရှိတဲ့အလုပ်တွေကလည်း သူတို့ လိုနေတဲ့ ငွေပမာဏကို ပြည့်မှီအောင် မဖြည့်ဆီးနိုင်ဘူးကိုး။

    ဒီ Field ကို စိတ်ဝင်စားလို့ Study လုပ်ချင်ရင်တော့ Resource ယူလို့ ရတဲ့နေရာတွေ ရန်ကုန်၊ မန္တလေးနှင့် ကျိုင်းတုံ၊ လားရှိုးလို မြို့ တွေမှာ အဖွဲ့ အစည်းတွေရှိပါတယ်။ သူတို့ တွေကို မေးကြည့်ရင် ပိုသေချာတိကျတဲ့အဖြေတွေကို ပေးနိုင်ပါလိမ့်မယ်။ နောက်ပြီး မြန်မာပြည်နှင့်ပတ်သတ်ပြီး လူမှုရေးစိတ်ပညာဘာသာနှင့် လူထုစီမံခန့် ခွဲရေးဘာသာရပ်တွေ ပြည်တွင်းမှာနှင့် ပြည်ပမှာ လေ့လာထားတဲ့သူတွေနှင့် နီးစပ်လို့ ရှိရင်လည်း မေးစမ်းကြည့်လို့ ရနိုင်ပါတယ်။ ပါးစပ်ထဲတွေ့ ကရာ ပြောတယ်လို့ ထင်နေမှာစိုးလို့ ပါ။ ကျွန်တော်ပြောတာထက် ပညာရှင်တွေ ပြောတာပိုတိကျနိုင်ပါတယ်။ သူတို့ မှာ အချက်အလက်အထောက်အထား၊ဓါတ်ပုံတွေ၊ Graph တွေနှင့် ခိုင်ခိုင်မာမာရှိပါတယ်။

    အော် မေ့ပြီး ပြောဖို့ ကျန်ခဲ့တော့မလို့ ။ ကျွန်တော် နိုင်ငံရေးသမားလည်း မဟုတ်ပါ။ စိတ်လည်းမ၀င်စားပါ။ ၀ါသနာလည်း မပါပါ။ အခုပို့ စ်မှာလည်း ကျွန်တော်သိထားတဲ့ အကြောင်းအရာအချို့ ကို ဗဟုသုတ အလို့ ငှာ ၀င်ရောက် ဖြန့် ဝေပြောကြားခြင်းမျှသာဖြစ်ပါတယ်ခင်ဗျား။ ဘုန်းဘုန်းရဲ့ ဘာသာရေး Website စာမျက်နှာပေါ်မှာ မဟုတ်တာ၊ တန်ဖိုးမရှိတာ၊ အကျိုးမဲ့တာတွေကို ရေးလို ပြောလိုစိတ်လုံးဝ မရှိပါ ခင်ဗျား။ နောက်ပြီး ဘုန်းဘုန်းကိုယ်တိုင်လည်း လောကီ လောကုတ်နှစ်ပိုင်းလို ကျွမ်းကျင်နားလည်နေတဲ့ ပုဂ္ဂိုလ်ဖြစ်နေလို့ လည်း အခုလို့ ကွန်မန့် မျိုးဝင်ပေးတာပါ။

  • Anonymous says:
    Tuesday, April 28, 2009

    ကိုkenneth ခင်ဗျား

    “ဒီလို အဖြစ်မျိုးတွေ မြန်မာပြည်မှာ တော်တော်လေး ရှိနေပြီဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဒါ ရှာမှ ရှားတဲ့ အဖြစ်ပါ။ မိဘတိုင်း ဒီလို မယုတ်မာပါဘူး။”

    ဆိုတဲ့ ကိုkenneth ရဲ့ စကားအတွက် ကျွန်တော်ဖြေရှင်းချက်ပေးတာပါ။ ကျွန်တော် ပထမဆုံးတင်တဲ့ ကွန်မန့် ကိုသေသေချာချာ ပြန်ဖတ်ကြည့်ပါ။ တစ်တစ်ခွခွစကားတစ်ခုမှ မပါသလို၊ မဆိုင်တာတွေလည်း တစ်ခုမှမပါပါဘူး။ အခုလိုကိစ္စမျိုးတွေ မြန်မာပြည်မှာ အများကြီးရှိနေပါသေးတယ်ဆိုတဲ့ သတင်းစကားပေးရုံသက်သက်ပါ။ ကျွန်တော် ဘာများ ရိုင်းမိလို့ လဲခင်ဗျား။

  • kenneth says:
    Thursday, April 30, 2009

    ဒီမိန်းကလေးကို စာနာအားပေးကြတဲ့ လူငယ်တွေမှာလဲ သူမှ ကံဆိုးလေခြင်း၊ ငါတို့ မိဘတွေ ငါတို့ကို ဒါမျိုး ဘယ်တော့မှ မလုပ်ပါဘူး ဆိုတဲ့ စိတ်မျိုးနဲ့ စာနာအားပေးကြတယ်။ မိဘအရွယ်တွေကလဲ ကလေးမလေး ကံဆိုးလေခြင်း၊ ငါတို့ မိဘတွေ ဘယ်လောက်ငတ်ငတ် ကိုယ့်သားသမီးကိုယ် ဒီလို မလုပ်ရက်ပါဘူးဆိုတဲ့ စိတ်မျိုး ရှိကြတယ်။ အများနဲ့မတူ ကံဆိုးတဲ့ ကလေးမလေးဆိုပြီး စာနာကြတာ။ ဒါ မိဘနဲ့ သားသမီးကြားမှာ ရှိတဲ့ ယုံကြည်စိတ်ချမှုကြောင့်ပါ။ မိတ်ဆွေပြောတာက ..ဒါဘာထူးဆန်းလဲ။ ထမင်းငတ်လာရင် မိဘဆိုတာလဲ စိတ်ချရတာ မဟုတ်ဘူး..လို့ မပြောပေမယ့် ပြောရာ ရောက်နေပြီဆိုတာ သတိထားပါ မိတ်ဆွေ။ ဒီစိတ်မျိုး ဒီသံသယမျိုး သားသမီးတွေမှာ ဝင်သွားတာ ကောင်းမလား ဆိုးမလား စဉ်းစားကြည့်ပါ။ တကယ် စိတ်မချရတဲ့ မိဘမျိုးဆို ထားပါတော့။ မိဘ အများအပြားက သားသမီးကို ကောင်းစားစေချင်ကြ၊ ဒုက္ခမရောက်စေချင်ကြတာ ထုံးစံပါ။ သမီးကို ကိုယ့်အိမ်ကနေ ပျော်ပါးဖို့ ငွေပေးခေါ်လို့၇တဲ့ မိဘတွေ မြန်မာပြည်မှာ အများကြီးဆိုတဲ့ စကားဟာ မိဘနဲ့ သားသမီးကြားက တစ်သက်တာ ယုံကြည်မှုကို ချိုးဖျက်ပစ်လိုက်တာပဲ။ တစ်သောင်းမှာ တစ်ယောက် ဖြစ်တယ်ဆိုလဲ တစ်ပြည်လုံး သန်း ၆၀ မှာ ၆၀၀၀ တော့ စာရင်းလိုက်ကောက်ရင် ထွက်လာမှာပေါ့။ ဒါ မိဘအများစု မဟုတ်ဘူး။ ဆင်းရဲတိုင်းလဲ ဒါမျိုး မယုတ်မာဘူး။ ဒီယုံကြည်မှုလေး သားသမီးတွေ ကလေးတွေမှာ ရှိနေတာကို မချိုးဖျက်ချင်ပါနဲ့ မိတ်ဆွေ။ မိဘဆိုတာ မယုံရဘူးလို့ သွယ်ဝိုက်ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ဘယ်လောက် တစ်ခွမိုက်ရိုင်းတယ်ဆိုတာ လက်မခံချင်နေပါ။ ကလေးတွေရှေ့တော့ ဒီလို သွားမပြောပါနဲ့။ ထပ်လဲ မပြောပါရစေနဲ့တော့။

  • ဆွေးနွေးသူများသို့...
    ဒီအဖြေရဲ့ တက်လာတဲ့ ကွန့်မန့်လေးတွေ ကို ဖတ်ပြီးဒီပို့စ်လေးကို ဖြုတ်ပစ်ရကောင်းမလားဆိုတဲ့ အတွေးတွေဝင်ခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ငြင်းရင်းခုံရင်းနဲ့ မလိုအပ်တာတွေ ဖြစ်လာမှာ ဆိုးလို့ပါ။ ဒါပေမယ့် မဖြုတ်ဖြစ်ခဲ့ပါဘူး။ မဖြုတ်ဖြစ်တာကလည်း ဒီမှာဖြေပေးထားတဲ့ မိဘအပေါ် ဘယ်လိုပဲဖြစ်ဖြစ် မပြစ်မှားတာ ကောင်းတယ်ဆိုတဲ့ အချက်ရယ်၊ ကာမေသုကံဆိုတာ ဒီလိုသူများကို ကျူးလွန်ရင် ကံထိုက်တယ်ဆိုတဲ့ အချက်လေးတွေရယ်ကို တစ်ခြားစာဖတ်သူများအနေဖြင့် တစ်လုံးတစ်ပါဒမျှ သိသွားပါစေရယ်ဆိုတဲ့ အတွေးနဲ့ မဖြုတ်ဖြစ်တာပါ။ ၀ိုင်းဝန်းဆွေးနွေးကြတာတွေက ကိုယ့်အမြင်၊ ကိုယ့်အတွေ့အကြုံလေးတွေကို အခြေခံပြီး ဆွေးနွေးကြတာဆိုတော့ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်လို့ ပြောလို့ မရပါဘူး။ အထူးသတိပေးချင်တာက စကားလုံးတွေနောက်ကို လိုက်ပြီးမခံစားကြဖို့ပါ။ စကားတစ်လုံးချင်းဟာ မြင်တဲ့သူရဲ့အမြင်မှာ လိုက်ပြီး အဓိပ့ါယ် အယူအဆ ကွဲပြားတတ်လို့ပါ။ ဒါကြောင့် ဒီအမေးရဲ့ လိုရင်းအဖြေတွေကိုပဲ ခံယူသွားကြဖို့နဲ့ မြန်မာပြည်ရဲ့ အခြေအနေတွေကို အကျယ်အကျယ် မပြောကြစေဖို့ ဒီလောက်နဲ့ပဲ ဆေါးနွေးမှုလေးတွေကို ရပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ