လုပ်ချလိုက်ပြန်ပါပြီ…

ဘုန်းဘုန်းအနေနဲ့ ကျန်းမာရေး သိပ်မကောင်းလို့ ပို့စ်ရေးတာလေးတွေ နားမလို့ကြံကာ ရှိသေးတယ် အမြင်မတော်တာတွေက ပေါ်လာပြန်တော့ သွေးမအေးခင် နည်းနည်းတော့ လုပ်လိုက်ဦးမယ်ဟဲ့ ဆိုပြီးဒီပို့စ်လေးကို ရေးလိုက်ရပြန်ပါတယ်။ တစ်ခြားမဟုတ်ပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ ဘုန်းကြီးပင့်စာလေးပါ။ ကဲ… ပင့်စာလေးကို အရင်ဖတ်ကြည့်ကြပါဦး။

ကျောင်းထိုင် ဘုန်းတော်ကြီး အလိုရှိသည်။ (မူရင်းဖတ်ရန်)
ဖင်လန် နိုင်ငံ၊ နယ်သာလန် နိုင်ငံနှင့် ဒိန်းမတ် နိုင်ငံ တွင် ရောက်ရှိနေသော ဗမာလူမျိုးအချို့၏ သားသမီးများအား ၃၈ ဖြာ မင်္ဂလာ တရားတော်များ၊ ယဉ်ကျေးမှု့အလေ့အထများ၊ ဗမာစာပေ သင်ကြားပေးရန် နှင့် အခါကြီး ရက်ကြီးများတွင် ဥပုသ်သီလ ပေးရန်အတွက်တို့ ဖြစ်သည်။ လျှောက်ထားသော ရဟန်းသံဃာတော်သည်
အကျင့်စာရိတ္တ ဝိနည်းသိက္ခာနှင့် အညီ ကျင့်ကြံသည့် ရဟန်းဖြစ်ရမည့်အပြင် မြန်မာနိုင်ငံတွင် လက်ရှိမတရားအုပ်ချုပ် ဖိနှိပ်နေသော စစ်အစိုးရမှ ပေးအပ်ထားသည့် ဘွဲ့ သို့မဟုတ် ဂုဏ်ထူးဆောင် ဆု တခုခုကို လက်ခံထားသော ရဟန်းမျိုးမဖြစ်ရပါ။
ထို့အပြင် လိင်တူဆက်ဆံခြင်း၊ မာတုဂါမ နှင့် ဖောက်ပြားလော်လီသော စရိုက်မျိုးရှိသည့် အလဇ္ဇီသံဃာများ မျိုးမဟုတ်ရပါ။ ဖန်လန်နိုင်ငံအတွင်းနှင့် နယ်သာလန်နိုင်ငံ များ အတွင်းတွင် ပြည်တွင်း ခရီးသွားလာနိုင်သည့် ကျန်းမာရေးမျိုး ရှိရပါမည်။
လစာအား စကင်ဒီနေဗီးယန်းနိုင်ငံများတွင် သာသနာရေး ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ၏ လစာကဲ့သို့ ပေးပါမည်။ ထို့အပြင် တစ်နှစ်တွင် ခွင့် (၄) ပါတ် ရရှိပါမည်။ စိတ်ဝင်စား လျှောက်ထား လိုပါက အောက်ဖော်ပြ ဖုန်းနံပါတ်များသို့ ဆက်သွယ် လျှောက်ထား နိုင်ပါသည်။
ဖင်လန်နိုင်ငံ
ကိုသန့်ဇင်ထွန်း (+၃၅၈ ၅ဝ၅၇၂၁၆၃ဝ)
ကိုကျော်ကျော်ဌေး (+၃၅၈ ၄ဝ၉၆၁၂ဝ၉ဝ)
ကိုရွှေလှ (+၃၅၈ ၄ဝ၄၁၁၆ဝ၆၇)
ကိုငြိမ်းချမ်းအောင် (+၃၅၈ ၄၄ဝ၈၈၈ဝ၁၆)
နယ်သာလန်နိုင်ငံ
ကိုထွန်းထွန်းဦး ( +၃၁ ၂၅၁၂၇၃ဝ၈၈)
ကိုထွန်းအောင် (+၃၁ ၂ဝ၃၄ ၅၅၅၉၄)
ဒိန်းမတ်နိုင်ငံ
ကိုတေဇသူရ (+ ၄၅ ၅၃၁၅၆၄၃၉)
ကိုအောင်စိုး (+ ၄၅ ၉၆၃၅ဝဝ၉၈)
ကိုချိုငြိမ်း (+ ၄၅ ၃၁၅ဝ၉၂၅၂)

ဖတ်ပြီးသွားပြီလား…။ ဘယ်လိုမြင်လဲ…။ တို့ရွှေမြန်မာတွေက အဲလိုခေါင်းကောင်းကြတာပါ။ ဘုန်းကြီးပင့်စာက ကုမ္ပဏီအလုပ် လျှောက်လွှာကျနေတာပဲ။ ခေတ်ကာလ အခြေအနေအရ အားနည်းချက်ကိုစီ ရှိကြတာမှန်ပါတယ်။ ဒီထဲမှာ ကိုးကွယ်ခံပုဂ္ဂိုလ်တွေရဲ့ အားနည်းချက်တွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီလိုလူသိရှင်ကြား သတ်မှတ်ချက်တွေနဲ့ ဘုန်းကြီးပင့်တာကတော့ မကောင်းပါဘူး။ ဒါတွေကိုကြည့်ပြီး စစ်မှန်တဲ့ ဘုန်းကြီးတွေဟာ အဲလိုနေရာ၊ အဲလို ဒကာမျိုးကို ရှောင်သွားတတ်ပါတယ်။ ဒီလိုကိစ္စမျိုးဆိုတာ အင်တာနက်က၊ အွန်လိုင်းကနေ လျှောက်ထားရ၊ ပင့်ရမယ့် ကိစ္စမျိုး မဟုတ်ပါဘူး။ ပြည်တွင်းမှာ ရှိတဲ့ ဆိုင်ရာဆိုင်ရာ သံဃာတော်များ၊ မထေရ်ကြီးများ၊ ဆရာသမားများနဲ့ တိုင်ပင်ကာ ကိုယ်လိုချင်တဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ ရဟန်းတော်ကို သာသနာပြုစေလွှတ်ပေးဖို့ တောင်းပန်လျှောက်ထား ရမှာပါ။ ဒါမှလည်း ကိုယ်လိုချင်တဲ့ အချက်နဲ့ ပြည့်စုံတဲ့ ရဟန်းတော်ကို ရနိုင်မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ရဟန်းတော်အချင်းချင်းသာ ရဟန်းကိစ္စ၊ ရဟန်းသိက္ခာကို သိကြလို့ပါ။ အခုလို ပင့်လိုက်တဲ့အခါမှ ပိုပြီးအလဇ္ဇီ ရဟန်းတော်တွေ အကြိုက်ဖြစ်သွားတတ်ပါတယ်။ မက်လုံးပေးပြီး ပင့်ထားတာတွေက ရှိနေတာကိုး။

တကယ်တော့ အခု ဘုန်းကြီးကိုးကွယ်ချင်ကြ ပင့်ချင်ကြတဲ့ ဒကာလေးများ မသိလို့ပါ။ ဘုန်းဘုန်းတို့ သာသနာမှာ ဘုရားအလုပ်ကိုလုပ်ရင် ဘုရားက ကျွေးထားပြီးသားပါ။ အမှန်တကယ် သာသနာပြုချင်စိတ်ရှိပြီး သာသနာတော်ကို တကယ်ချစ်တဲ့ ရဟန်းတော်များအတွက် ပင့်စာထဲကလို သတ်မှတ်ချက်တွေ မလိုပါဘူး။ သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့ ရဟန်းတော်တွေဟာ သူများလှူတာတွေကို များများစားရလေ များများကျင့်ရလေဖြစ်တဲ့ အတွက် ဒကာ၊ ဒကာမ လှူသည်ဖြစ်စေ၊ မလှူသည်ဖြစ်စေ ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာပါ။ အမှန်တော့ ဒီလိုပင့်တယ်ဆိုကတည်းက ကိုးကွယ်သူတွေဟာ ပုဂ္ဂိုလ်ကို ကိုးကွယ်နေသလို ဖြစ်နေပါတယ်။ ဘုရားသာသနာမှာ ပုဂ္ဂိုလ်ကို ကိုးကွယ်မှုထက် အဲဒီကိုးကွယ်ခံ ပုဂ္ဂိုလ်မှာ ရှိတဲ့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဂုဏ်ကို ကိုးကွယ်တာပါ။ အဲလို ဂုဏ်ရှိတဲ့ ကိုးကွယ်ခံပုဂ္ဂိုလ်ဆိုရင် ခုနသတ်မှတ်ထားတဲ့ အချက်တွေ မလိုတော့ပါဘူး။ ကိုးကွယ်ချင်တဲ့ ပုဂ္ဂိုလ်တွေ မသတ်မှတ်လည်းပဲ ကိုးကွယ်ခံဘက်က ပြည့်စုံအောင် နေပြီးသားပါ။

နိုင်ငံခြားမှာဖြစ်တဲ့အတွက် အခက်အခဲ အမျိုးမျိုး ရှိတယ်ဆိုတာ သိပါတယ်။ သာသနာပြု ရဟန်းကောင်းတွေ ရဖို့ဆိုတာလည်း အခက်အခဲတစ်ခု ဖြစ်တယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေ မဖြစ်အောင် ဆောင်ရွက်တဲ့အခါ သေသေချာချာ စဉ်းစားဆောင်ရွက်တတ် ရပါတယ်။ အခုလို လုပ်ရပ်တွေဟာ စစ်မှန်တဲ့ ရဟန်းတော်တွေရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင်လုပ်ရာ ရောက်သလို ဗုဒ္ဓဘာသာဝင်တွေ အတွက်လည်း ဘာသာခြားများရဲ့ ကဲ့ရဲ့ခံ၊ အထင်သေး အမြင်သေးခံရတာတွေ ဖြစ်တတ်ပါတယ်။ ``မင်းတို့ ဗုဒ္ဓဘာသာဟာ ဒီလိုပဲလား `` လို့ ဘာသာတရားအထိ အစော်ကားခံရတတ်ပါတယ်။ သူသူကိုယ်ကိုယ် ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကို အပြစ်ပြောတာ မခံချင်ကြပါဘူး။ တို့သာသနာမှာ အစစ်အမှန် အကိုးကွယ်ခံပုဂ္ဂိုလ်တွေ အများကြီး ရှိပါသေးတယ်။

ဒါကြောင့် တို့ဗုဒ္ဓဘာသာ ရွှေမြန်မာများ အတွက် အထူးသတိပေးချင်တာက ဘာပဲလုပ်လုပ် ပြီးပြီးရောဆိုတဲ့ သဘောမလုပ်ကြဖို့နဲ့ စဉ်းစဉ်းစားစား လုပ်ကြဖို့ပါ။ ကိုယ့်ကြောင့် ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာ ဂုဏ်သိက္ခာကျအောင် မလုပ်ကြဖို့ပါ။ ဆရားကောင်း သမားကောင်း၊ မိတ်ကောင်းဆွေကောင်းများနဲ့ တိုင်ပင်ပြီး လုပ်ကြဖို့ပါ။ ဒီအကြောင်းကိုပြောရတာက ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်ရပါတယ်။ နောက်ဆိုရင် အမှားကို ဉာဏ်နဲ့ရှုပြီး အမှန်ကို လိုက်တုတတ်ဖို့ အကြံပြုလိုခြင်း ဖြစ်ပါတယ်။

12 မှတ်ချက်များ (...ရေးရန်):

  • win latt says:
    Wednesday, March 18, 2009

    မရေးတော့ဘူးလို့နေတာပဲဘုရား...
    အရှင်ဘုရားက ရေးတော့တပည့်တော် လဲ ပါပရစေတော့...။
    ဖတ်ပြီးပါပြီ...အဆိုးဆုံးကတော့ စည်းကမ်းချက်တွေ ဖတ်လိုက်ရလို့ပါဘဲ...။
    ဘုန်းကြီးပင့်တာလား....အလုပ်ခေါ်တာလား...။
    သူတို့အပြောကိုကြည့်ရင် ဗုဒ္ဓဘာသာဝင်မှဟုတ်ပါလေစ..။
    ကြုံဘူးပေါင် ဂုဏ်ထူးဆောင် အမောင်မင်းတို့ရယ်
    ...လန်...လန်....ကလား။

  • Dr Phyo Wai Kyaw says:
    Wednesday, March 18, 2009

    ဘုန်းဘုန်းဘုရား
    ကျန်းမာရေးကိုလည်း ဂရုစိုက်တော်မူပါ..
    ပိုစ့်များကိုလည်း ရေးသားတော်မူပါဦး..
    ...
    တရားကို အကယ် မလိုချင်ဘဲနဲ့ အကြောင်းတစ်ခုခုကြောင့် ဘုန်းကြီးပင့်တာနဲ့ တူပါတယ်။

  • Anonymous says:
    Wednesday, March 18, 2009

    (ကျောင်းထိုင် မရမီ)
    ကျောင်းထိုင်ဘုန်းကြီး အလိုရှိသည်။ ဘာဖြစ်ရမည်။ ညာဖြစ်ရမည်။ လခရမည်။ ခွင့်ပေးမည်။

    (ကျောင်းထိုင် ရပြီးနောက်)

    “ဟေ့ ဘုန်းကြီး... တရားဟောရမယ်။ မြန်မြန်လာခဲ့။ ဒါရုံးချိန်”

    “ဒီမှာ ဘုန်းကြီး။ မင်္ဂလာသင်တန်းမှာ ကျုပ်သားကို ပထမ မပေးလို့ကတော့ လခဖြတ်မှာနော်။ ဘာမှတ်လဲ”

    “ဘုန်းကြီး။ ဒီလ မင်္ဂလာဆွမ်းကျွေးတွေ ကင်ပွန်းတပ်တွေ တော်တော်များသွားတယ်။ ဒါပေမယ့် အိုဗာတိုင်ကြေး မပေးဘူးနော်။ အလုပ်ခန့်တုန်းက အိုဗာတိုင်ကြေး ပေးရမယ်လို့ မပါဘူး”

    “ဘုန်းကြီး။ မနေ့က ကျောင်းလာတဲ့ အဖြူတွေကို ငါးပါးသီလတရား ဟောလိုက်တယ် ကြားတယ်။ သုရာမေရယဆိုလား ဘာဆိုလား။ အရက်မသောက်ဖို့တွေ ဘာတွေ သူတို့ကို မဟောပါနဲ့။ နောက် ဒီလိုလူတွေ ကျောင်းလာရင် ဝိုင်တို့ ဘီယာတို့ဆိုတာ အရက်မဟုတ်လို့ သောက်သင့်တယ်လို့ ပြင်ဟောပါ။ ဒါပဲ”

    “ဒီမှာဘုန်းကြီး။ ဟိုကောင်လေးက ဘုန်းကြီးကို ချစ်လွန်းလို့ ကျောင်းလာ ဝတ်ပြုလုပ်ကျွေးပါရစေဆိုတာ ယောက်ျားစစ်စစ် မဟုတ်လို့ မသင့်တော်ဘူး ပြောလိုက်တယ်ဆို။ အခြောက်တွေကို ဥရောပမှာ discriminate မလုပ်ရဘူးဆိုတာ နားမလည်ဘူးလား။ နောက်ဆို ဘာလုပ်လုပ် ခံလိုက်ပါ။ ရှင်းရဲ့လား”

    “ဘုန်းကြီး။ ကမ္ဘာ့စီးပွားရေးကျလို့ အလုပ်ဖြုတ်ခံရတဲ့ ပထမဆုံးဘုန်းကြီး ဖြစ်ချင်နေပြီထင်တယ်။ ခပ်ကဲကဲ ကောင်မလေးတွေ ကျောင်းလာတာ နောက်ကို အဖော်မပါဘဲ မလာရဘူး၊ ညဘက်ကြီး မလာရဘူး ပြောလွှတ်တယ်ဆို။ ယူရို များများ လှူနိုင်တဲ့သူကို ဒီလို မပြောရဘူးဗျ။ ဘုန်းကြီးဖြစ်နေပြီး မားကက်တင်းလဲမတတ်၊ ခက်တာပဲ”

    “ဘာလဲ....အလုပ်လျှောက်လွှာတုန်းက ပါတဲ့ စာသားတွေလား။ သြော်...အဲဒါက လူရှိန်အောင် ထည့်ထားတာဗျ။ အဲဒီအတိုင်း လိုက်လုပ်နေစရာ မလိုဘူး။ အောက်နားမှာ မင်အဖြူနဲ့ ရေးထားတာ မတွေ့ဘူးလား။ ရေလိုက်ငါးလိုက် လုပ်တတ်ရမည်ဆိုတာ”

  • Anonymous says:
    Wednesday, March 18, 2009

    အလျင်စလိုနဲ့ ရေးမိရင်း မရည်ရွယ်ဘဲ ဖြစ်သွားတာလဲ ဖြစ်နိုင်ပါတယ်။ စာက သံဃာတွေ သည်းမခံနိုင်စရာ အဓိပ္ပာယ် ထွက်သွားမှန်း ပြန်သတိမထားမိဘူး ထင်ပါတယ်။

    ဒါပေမယ့် ဖတ်ရင်း ရယ်ချင်သွားလို့ ရေးမိတာပါ။ ဒီလို အလုပ်သမား ခေါ်သလို ခေါ်ခန့်ရင် ခန့်ပြီးတော့လဲ ဦးဇင်းကို မျိုးစုံနိုင်တော့မှာပဲ စဉ်းစားမိလို့ နောက်ရေးမိပါတယ်။ တစ်ဖက်က ဒီလို ရင့်သီးချင်တဲ့ဆန္ဒ မရှိဘဲ အမှတ်မထင် စကားအသုံးချွတ်ချော်သွားတဲ့ အမှားဆိုရင် တောင်းပန်ပါတယ်။

  • Senior General Than Shwe says:
    Wednesday, March 18, 2009

    ခရစ်ယန်ဘုန်းကြီး သာသနာပြုလျှောက်တာနဲ့ မှားနေတာတူတယ် အဲဒီလူတွေနားမလည်တာလား ဘုန်းကြီးတပါးနဲ့ပတ်သက်ပြီးအလိမ်ခံရတယ်ဆိုရင်တောင် ဒီလိုမလုပ်သင့်ဘူး ဘယ်လိုလူတွေလဲ

  • Anonymous says:
    Thursday, March 19, 2009

    သာသနာရေးဦးစီးက ပေးတဲ့ ဘွဲ့တွေ ရထားတဲ့ သံဃာတွေထဲမှာ လေးစားကြည်ညိုဖွယ် သံဃာတွေ အများကြီး ရှိကြမှာပါ။ ပျံလွန်တော်မူသွားတဲ့ မင်းကွန်းဆရာတော်ကြီးလို သီလသမာဓိရော စေတနာပါ အားကြီးတဲ့ သံဃာတော်တွေ မရှားပါဘူး။ အဂ္ဂမဟာပဏ္ဍိတလို ဘွဲ့မျိုးရ ဆရာတော်ကြီးတွေ လှမ်းလျှောက်မှာ မဟုတ်မှန်း သိနိုင်ရက်သားနဲ့ ဒီစာသားကို တမင်ထည့်တာကတော့ မလုပ်သင့်ဘူး။

    သံဃာတော်တွေကို အစိုးရက ဘွဲ့ပေးတာတွေဟာ မသင့်တော်ဘူး၊ မလုပ်အပ်ဘူးလို့ မြင်တဲ့ ကိုယ်ကိုယ်တိုင်တောင် ဒီကြော်ငြာဖတ်ပြီး မနှစ်မြို့နိုင် ဖြစ်ရတယ်။

    ဘုန်းကြီး လိုချင်ရင် နိုင်ငံရေးစိတ် ဘယ်လောက် ရှိသလဲ၊ နိုင်ငံရေး ဘယ်လောက် လုပ်သလဲ ဆိုတာထက် ရဟန်းသိက္ခာနဲ့ ဘယ်လောက် ပြည့်စုံသလဲ ဆိုတာပဲ ကြည့်ပြီး ရိုရိုသေသေ ပင့်ဖိတ်သင့်ပါတယ်။ သံဃာတော်တွေ တရားမျှတမှုကို လိုလားတယ်၊ ဒကာဒကာမတွေ အကျိုးစီးပွား လိုလားတယ်ဆိုတာ ၂၀၀၈ စက်တင်ဘာလက သက်သေပြခဲ့ပြီးပါပြီ။ မလိုအပ်တာကို ထည့်ပြောနေစရာ မလိုပါဘူး။

  • Lin says:
    Thursday, March 19, 2009

    သိထားသလောက်ကိုလျှောက်ထားအပ်ပါသည်အရှင်ဘုရား။
    အဲဒီလိုရေးလိုက်ရင်ငရဲကြီးမယ် မလုပ်အပ်ဘူး၊တစ်ခြားဘာသာဝင်တွေကဲ့ရဲ့ စရာဖြစ်မယ်ဆိုတာကိုအဲဒီကြေညာတင်တဲ့သူတွေသိပါတယ်ဘုရား။
    အဲဒါကအကြောင်းရှိလို့ တင်တာပါ၊ဘယ်ဘုန်းကြီးမှအဲဒီလိုပင့်ခေါ်လို့ မရတာသိပါတယ်ဘုရား၊ သည်းခံတော်မူပါ၊ အဲဒီနိုင်ငံကဘုန်းကြီးတစ်ပါးက ဒကာတွေဆီကို ပညာပြသွားတာ ဘယ်ကိုမှလဲပြောမရ တိုင်မရ ပြုမရနဲ့  ဘုန်းကြီးမို့ လို့ ယုံစားလိုက်တာ အကုန်မှားသွားပါလေရောဘုရား၊ အဲဒီဘုန်းကြီးရဲ့ ဆရာ(သာသနာ့ဥသျှောင်တွင်ပါဝင်သူ)ကိုလျှောက်ပြန်တော့လဲ
    ငါနဲ့ မဆိုင်ဘူး မင်းတို့ ဘာသာရှင်းဆိုပြီး ခေါင်းရှောင်ပါတယ်ဘုရား၊ အကြောင်းစုံသိချင်ပါရင် ကြေညာထဲကဖုန်းနံပါတ်တွေကိုသာဆက်မေးပါတော့ဘုရား။ အဲဒီလိုဘုန်းကြီးမျိုးရှိလို့ ဒီလိုကြေညာမျိုးတမင်ပေါ်လာတာပါဘုရား၊

  • Dr Phyo Wai Kyaw says:
    Thursday, March 19, 2009

    တရားကို အကယ်မလိုချင်ဘဲ အကြောင်းတစ်ခုခုကြောင့် ဘုန်းကြီးပင့်တာနဲ့ တူပါတယ်လို့....ပြောခဲ့ဖူးပါတယ်..။

    အငြင်းပွားဖွယ် ကွန်မန့်လေးကို လာရေးသွားသူ ဝေ ကိုမေတ္တာထပ်ရပ်ခံချင်တာက ထပ်မရေးပါနဲ့လို့ပါပဲ.. ရှင်းနေတာကို ထပ်ထပ် ရှူပ်ကြရင်း ဘုန်းဘုန်းရဲ့ အေးချမ်းတဲ့ ဘလော့မှာ ငြင်းကြပြုကြနဲ့ ဆူညံကုန်ပါ့မယ်။

    ပညာရှိများလည်း မငြင်းကြပါနဲ့တော့။ မှားတဲ့သူတွေ မှားတာကို ၀န်ခံရင် ပြီးတာပါပဲ။

    ဘုန်းဘုန်းဘုရား... တပည့်တော်ရေးတာ ကွန်မန့်တာမှာ အမှားပါရင် မထောက်မညှာဆုံးမတော်မူပါ။

    ဘုန်းဘုန်းလည်း အမြန်ဆုံး ကျန်းမာတော်မူပါစေ။

  • Anonymous says:
    Thursday, March 19, 2009

    ကျွန်တော် ပညာရှိလို့ မပြောရဲတဲ့ ရိုးရိုးလူတယောက်ပါ။
    ဒီကိစ္စ ဒီတင် မပြီးအောင် တစ်ဖက်က လုပ်နေလို့ ဝင်ပြောပါရစေ။
    အထက်ပါ ဝိုင်းဆိုသူ ရေးတဲ့ စာသားမျိုး တသွေမတိမ်းကို တခြားနာမည်နဲ့ လာရေးထားတာ တခြား ဘလော့က ကွန်မန့်တွေမှာလဲ တွေ့ပါတယ်။ .---မလုပ်အပ်ဘူးဆိုတာ သိတယ်၊ ဘယ်ဘုန်းကြီးမှ ဒီလို ပင့်ခေါ်လို့ မရမှန်းလဲ သိပါတယ်--ရေးထားတော့ စကတည်းက ဘုန်းကြီး တကယ်လိုချင်လို့ မဟုတ်ရင် ဘာလို့ လိမ်ပြီး ကြော်ငြာရတာလဲ မေးပါရစေ။ မသိနားမလည်တဲ့ ရိုးအတဲ့ ကိုယ်တော်တစ်ပါးပါး လျှောက်မိရင်တောင် အရူးလုပ်ဖို့လား။

    ကိုယ် မကျေနပ်တာ ရှိရင် သက်ဆိုင်တဲ့ ပုဂ္ဂိုလ်ကို ဗြောင်ပြောရှင်းပါ။ မဆိုင်တဲ့ သံဃာအားလုံး သိက္ခာကို မချပါနဲ့။

    ဒီကြော်ငြာတင်တဲ့ မိုးသီးဇွန်ဘလော့မှာ သံဃာတော်တွေ မကောင်းကြောင်း ကွန်မန့်တွေ အလုံးအရင်းနဲ့ တက်နေတာ မသင်္ကာလို့ စစ်ဆေးလိုက်တော့ ဘလော့ရေးသူတွေကိုယ်တိုင် အလံရှူးလုပ်ပြီး ကိုယ့်ဟာကိုယ် ပြန်ရေးနေတာ ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒီလို မရေးသင့်ကြောင်း ကန့်ကွက်တဲ့ ကွန်မန့်တွေကို နောက်ပိုင်း လုံးဝ ဖော်ပြမပေးဘဲ ထိန်ချန်ထားပါတယ်။ moderate လုပ်ထားတော့၊ သာသနာ သိက္ခာကျအောင် မမှန်မကန် မရေးသင့်ကြောင်း ကန့်ကွက်တဲ့ ကွန်မန့်တွေကို ပိတ်ပြီး ကိုယ်ရေးတာကိုပဲ နာမည် အမျိုးမျိုးနဲ့ တင်လို့ ရပါတယ်။ စာဖတ်သူ အများစုက သံဃာတွေကိုပဲ စိတ်ပျက် စိတ်ကုန်နေလေဟန် ကိုယ့်ကွန်မန့် ကိုယ်ပြန်ရေးပြီး ဒီလို လိမ်ညာလှည့်စားမှုမျိုး မလုပ်သင့်ပါ။

    ဘာသာရေး ဘလော့တွေ အဖတ်များတော့ နိုင်ငံရေး ဘလော့ကို သိပ်မတက်ဖြစ်လို့ အစက သတိမထားမိပါ။ ခုတော့ တစ်ခု ပြောပါရစေ။ အဲဒီဘလော့ဘေးက ယနေ့ ဆိုတဲ့ မေးခွန်းတွေထဲမှာ --စစ်အုပ်စုဒေါက်တိုင် ဘယ်နှစ်ယောက်ကို သင် သုတ်သင်နိုင်ခဲ့ပြီလဲ--လို့ ပါပါတယ်။ ကိုယ်ကြိုက်ရာ ကိုယ်လုပ်ပါ။ ဒါပေမယ့် ဒီလို သတ်ဖြတ်တဲ့ အလုပ်မျိုးကို “ရွှေဝါရောင် လှုပ်ရှားမှု” အမည်ပေးထားတာ သာသနာရော သံဃာတော်တွေပါ သိက္ခာကျစေပါတယ်။ သတ်မယ် ဖြတ်မယ်ဆိုယင် ဘုရားအမှူးရှိတဲ့ သံဃာထုကို ကိုယ်စားပြုတဲ့ ရွှေဝါရောင် ဆိုတဲ့ ဝေါဟာရကို မသက်ဆိုင်ဘဲ ယူမသုံးအပ်။

    အဓိကကတော့ ဘာသာရေးဟာ ဘိန်းပဲလို့ ခံယူလို့ ဗုဒ္ဓဘာသာကို အထင်မကြီးရင် ကိုယ့်ဟာကိုယ် နေပါ။ သံဃာတွေကို သိက္ခာချစရာ တခုပေါ်တိုင်း အားတက်သရော ဖြစ်ပြီး သံဃာထု တစ်ရပ်လုံးနဲ့ ဗုဒ္ဓမြတ်စွာပါ သိက္ခာကျအောင် မစော်ကားပါနဲ့။

    ဒီကြော်ငြာ စပြီး တင်တဲ့ အရှင်လဲ ဒီလို မလုပ်အပ်ပါ။

  • win latt says:
    Friday, March 20, 2009

    မျိုးကိုပြောတာ လက်ခံပါတယ်။
    ကျွန်တော့ကွန်မင့်ကိုလဲ မိုးသီးဇွန်ဘလော့က ထိန်ချန်ထားခဲ့ပါတယ်..။အလံလှူးသမားတွေနဲ့ သံဃာတော်တွေမကောင်းကြောင်းရေးသူတွေသာသူ့ ကွန်မင့်မှာဖေါ်ပြတာတွေ့ရပါတယ်။ဒါကြောင့် မူရင်းကြော်ငြာနဲ့အတူ..ဒီပြဿနာကို သန်ရှင်းဖြူစင်တဲ့ သာသနာတော်အတွင်းမရောက်အောင် ဝိုင်းဝန်းကြဖို့အထူးလိုအပ်လှပါတယ်။ မိုးသီးဇွန်ဘလော့ကတော့ သူ့ထုံးစံအတိုင်း ဖွကြီးလုပ်မယ်၊မလောင်လောင်အောင်မီးထိုးပေးမယ်၊ပေးစာကမ်းစာ စားနေသူပီပီ တာဝန်ကြေအလုပ်လုပ်နေမှာပဲ။ဒါပေမဲ့ ကျွေးတာစားတာခြင်းအတူတူဟိုအကောင်တွေကမှ အကောင်းအဆိုးခွဲခြားတတ်သေးတယ်၊သခင်ကိုသခင်မှန်းသိသေးတယ်လို့ပဲပြောချင်ပါတယ်ဗျာ။

  • စိတ် says:
    Saturday, March 28, 2009

    သာသနာဖျက်မဲ့..အနောက်နိုင်ငံရောက်အောက်ခြေလွတ်
    လူတန်းစားတွေ...
    တော်ပါပြီးဆက်မရေးတော့ဘူး...
    ဘုန်းဘုန်းရဲ့စာတွေဖတ်ပြီးဒေါသကိုမျိုသိမ့်လိုက်ပါတော့မယ်.
    အမြင်မှန်ရပြီး..တို့ဘုရားသာသနာကိုတဖက်တလှမ်းကပံပိုးပေး
    နိုင်တဲ့သူးများ..အမြန်ဆုံးဖြစ်လာနိုင်ကြပါစေ.

  • ဟာဂျီဝက်စ်လီ says:
    Sunday, April 05, 2009

    မွတ်ကုလား ၊ မိုးသီဇွန် ဖွတာပဲဖြစ်မယ် ။
    ကျနော်က အစ္စလာမ်ဘာသာဝင်ဆိုပေမယ့် ...........။ အလည်လာဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ။

    http://anti786.blogspot.com


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ