သေမှာ မကြောက်ကြသူများ

ဤလောက၌ ပုထုဇင် ပုဂ္ဂိုလ်သတ္တ၀ါ မှန်သမျှသည် သေရမည်ကို ကြောက်ကြ၏။ ထို့ကြောင့်လည်း သေရမည့်ဘေးနှင့် ကြုံကြသည့်အခါ လွတ်ရာလမ်းကို နည်းအမျိုးမျိုးဖြင့် ကြိုးစားရှာဖွေကြခြင်း ဖြစ်၏။ အသက်ရှင်အောင် နည်းအမျိုးမျိုးဖြင့် အားထုတ်ကြ၏။ သေဘေးနှင့် မကြုံရအောင် အသက်ရှင် ရပ်တည်နိုင်ရေး နည်းလမ်းကို ရှာဖွေကြ၏။ အစာမစားလျှင် သေရမည်ကို ကြောက်ကြသဖြင့် အစာစားကြ၏။ ရေမသောက်လျှင် သေမည်စိုးသဖြင့် ရေသောက်ကြ၏။ ရောဂါကြောင့် သေမည်ကို ကြောက်ကြသဖြင့် ရောဂါမဖြစ်အောင်၊ ဖြစ်လာလျှင်လည်း ပျောက်ကင်းသက်သာအောင် အားထုတ်ကြ၏။ မှန်၏။ ထို့အတွက်ကြောင့်လည်း စည်းစိမ်ဥစ္စာနှင့် ခြေလက်အင်္ဂါတစ်ခုခု ယှဉ်လာလျှင် စည်းစိမ်ဥစ္စာကို စွန့်၍ ခြေလက်အင်္ဂါကို ရွေးချယ်ကြခြင်းဖြစ်၏။ ခြေလက်အင်္ဂါတို့နှင့် အသက်ယှဉ်လာလျှင် ခြေလက်အင်္ဂါတို့ကို စွန့်၍ အသက်ကို ရွေးချယ်ကြခြင်းဖြစ်၏။ မသေဘူးဆိုလျှင် အသက်ကလွဲ၍ ကျန်သည့်အရာများကို စွန့်လွတ်ရန် ၀န်မလေးတတ်ကြပေ။ ဤသည်တို့မှာ သေရမည်ကို ကြောက်ကြသောကြောင့်ပင် ဖြစ်၏။ သာမန်သူများ မဆိုထားဘိ လောကတွင် ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ရသဖြင့် မခံစားနိုင်ဖြစ်ပြီး မိမိကိုယ်ကို သတ်သေရန် ကြိုးစားကြသည့် သူများပင်လျှင် လက်တွေ့သေကြရမည် ဆိုသောအခါ ကြောက်လန့်မှု ဖြစ်ကြသေး၏။

ကြားဖူးသည့် ပုံပြင်လေး တစ်ခုရှိ၏။ ရှေးတုန်းက ကျေးရွာတစ်ရွာတွင် အလွန်ဒုက္ခဆင်းရဲ ဖြစ်သဖြင့် မိမိကိုယ်ကို ဆွဲကြိုးချသေရန် ကြိုးစားသည့် သူတစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူသည် မိမိကိုယ်ကို သတ်သေရန် ကြိုးအရှည်တစ်ချောင်းကို ယူကာ ရွားထိပ်က သစ်ပင်ကြီးရှိရာ အရပ်သို့ သွား၏။ သစ်ပင်ရှိရာသို့ ရောက်သည့်အခါ ကြိုးတစ်စကို သစ်ပင်၏သစ်ကိုင်း တစ်ခုတွင် ချည်ပြီး ကျန်တစ်စကို မိမိ၏ လည်ပင်းတွင် ချည်ကာ သစ်ပင်ပေါ်မှ ခုန်ချလေ၏။ သို့သော် မည်သို့ပင် ကြိုးစားကြိုးစား ဘာမျှမဖြစ်ဘဲ အသက်ရှင်လျှက်သာရှိ၏။ စင်စစ် ထိုသို့ဖြစ်ခြင်းမှာ သူ၏ကြိုးမှာ သစ်ကိုင်းနှင့် မြေကြီးထက်နှစ်ဆလောက် ရှည်နေသောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း ခုန်ချတိုင်း ကြိုးစက မြေကြီးပေါ်တွင် ပုံလျက်သားဖြစ်ကာ မသေခြင်းဖြစ်၏။ ထိုအချင်းအရာကို မြင်းစီးပြီး တစ်နေရာသို့ ခရီးသွားသည့် သူတစ်ယောက်က တွေ့ကာ ``ဟေ့လူ… ဘာလုပ်နေတာလဲ`` ဟု မေး၏။ ထိုအခါ သစ်ပင်ပေါ်မှ သူက ``ကျွန်တော်ကိုယ့်ကိုယ်ကို သတ်သေမလို့ပါ။ ဒါပေမယ့် ဘယ်လိုဖြစ်မှန်း မသိ၊ သေလို့ကို မရဘူးဖြစ်နေတယ်``ဟု ပြန်ပြော၏။ ထိုအခါ ခရီးသွားက အခြေအနေကို ကြည့်ပြီး ``ဟာ… ခင်ဗျားနှယ်… အ ရန်ကော… ခင်ဗျားလုပ်တာက ဟုတ်မှမဟုတ်ဘဲ… လာဆင်းခဲ့ ကျွန်တော်ပြမယ် သေသေချချာကြည့်`` ဟု ဆိုကာ သေကြောင်းကြံမည့် သူဆီမှ ကြိုးကိုယူပြီး သူကိုယ်တိုင် သစ်ပင်ပေါ်တက်သွားကာ အောက်ကလူကို ``ဟေ့လူ… ဒီမှာ ကျုပ်ပြမယ် သေသေချချာကြည့်.. ခင်ဗျားဟာက ကြိုးရှည်နေလို့ ဖြစ်တာ၊ ကြိုးကို ဒီလိုတိုအောင် ဖြတ်၊ ပြီးရင် ဒီလို လည်ပင်မှာ ချည်ပြီး ဒီလိုခုန်ချရတယ်..`` ဟု ဆိုကာ သူ့လည်ပင်းကို ကြိုးကွင်းစွပ်ကာ သူကိုယ်တိုင် ခုန်ချပြလိုက်၏။ အပြကောင်းသည့် ခရီးသွားကား တစ်ခါတည်း မိမိကိုယ်ကို မိမိသတ်သေပြီး ဖြစ်သွားလေ၏။ ထိုအခြင်းအရာကို မြင်သည့်အခါ အမှန်တကယ် မိမိကိုယ်ကို သတ်သေရန် ကြိုးစားသည့် ရွာသားမှာ အလွန်အမတန် ကြောက်လန့်ပြီး ``ဟာ… သေတာဟာ ကြောက်စရာကြီးပါလား…`` ဟု ရေရွတ်ပြီး မသေရဲတော့ဘဲ ကြောက်အားလန့်အား ရွာထဲပြန်ဝင် ပြေးသွားလေ၏။ ဤပုံပြင်လေးသည် ဟာသဆန်ဆန် ပုံပြင်လေးဖြစ်သော်လည်း တစ်ဘက်က ကြည့်ပါက အမှန်တကယ် သေချင်ကြသည့် သူများပင်လျှင် လက်တွေ့သေရမည် ဆိုသောအခါ ကြောက်လန့်တတ်ကြကြောင်း သွယ်ဝိုက်ပြီး နားလည်သဘောပေါက်နိုင်၏။ ထို့ကြောင့် သေရမည်ကို မကြောက်သည့်သူ မရှိဟု ပြောဆိုကြခြင်း ဖြစ်၏။

သို့သော် သေမှာမကြောက်သူများသည် အမှန်ပင်ရှိ၏။ မည်သို့သော သူများသည် သေမှာမကြောက်ကြကြောင်း ဗုဒ္ဓစာပေတွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူထားသည်များ ရှိ၏။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ် ပါဠိတော် အဘယသုတ်တွင် သေမှာမကြောက်သည့် ပုဂ္ဂိုလ်လေးယောက် ရှိကြောင်း မြတ်ဗုဒ္ဓဟောတော်မူထား၏။ ဤတရားတော်သည် ဇာဏုေဿာဏီ အမည်ရှိသော ပုဏ္ဏားကြီး၏ မေးမြန်းလျှောက်ထားချက်ကို မြတ်စွာဘုရားရှင်မှ ဖြေကြားဟောထားခြင်းဖြစ်၏။ ဤအဘယသုတ်တွင် သေမှာကြောက်သည့်သူများ နှင့် သေမှာ မကြောက်သည့် သူများကို ဟောတော်မူထားသော်လည်း ဤနေရာတွင် သေမှာမကြောက်သူများကိုသာ တင်ပြလိုပါ၏။ အဘယ့်ကြောင့်ဆိုသော် သေမှာမကြောက်သူများကို တင်ပြလိုက်ကာမျှဖြင့် အပြန်အားဖြင့် သေမှာကြောက်သည့် သူများကိုလည်း အလွယ်တကူ နားလည်နိုင်မည် ဖြစ်သောကြောင့်ပင် ဖြစ်၏။

မြတ်စွာဘုရားရှင်မှ ပုဏ္ဏားကြီးအား
``- ပုဏ္ဏား… ဤလောက၌ အချို့သောသူသည် ကာမဂုဏ်တို့၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ချစ်ခင်ဖွယ် ကာမဂုဏ်တို့သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့ကို စွန့်ရတော့မည်``ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။

- ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် ကိုယ်၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ချစ်ခင်ဖွယ် ကိုယ်သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကိုယ်ကို စွန့်ရတော့မည်``ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။

- ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် မကောင်းမှုကို မပြု။ ကြမ်းကြုတ်မှုကို မပြု။ ညစ်နွမ်းမှု အကုသိုလ်ကို မပြု။ ကောင်းမှုကို ပြုပြီးဖြစ်၏။ ကုသိုလ်ကို ပြုပြီးဖြစ်၏။ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးဖြစ်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ငါသည် မကောင်းမှုကို မပြု၊ ကြမ်းကြုတ်မှုကို မပြု၊ ညစ်နွမ်းမှုကို မပြု၊ ကောင်းမှုကို ပြုပြီးပြီ၊ ကုသိုလ်ကို ပြုပြီးပြီ၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးပြီ၊ အချင်းတို့ စင်စစ် မကောင်းမှုကို မပြုသော၊ ကြမ်းကြုတ်မှုကို မပြုသော၊ ညစ်နွမ်းမှုကို မပြုသော၊ ကောင်းမှုကို ပြုပြီးသော၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးသော သူတို့၏ လားရာဂတိ ဟူသမျှသို့ ဘ၀နောင်ခါ ငါလားရတော့အံ့ တကား``ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။

- ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် သူတော်ကောင်းတရား၌ မယုံမှား။ ဝေခွဲနိုင်၏။ ဆုံးဖြတ်နိုင်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ငါသည် စင်စစ် သူတော်ကောင်းတရား၌ မယုံမှား၊ ဝေခွဲနိုင်၏၊ ဆုံးဖြတ်နိုင်၏``ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။ ပုဏ္ဏား… သေခြင်းသဘောရှိသည်ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိန်လန့်ခြင်းသို့ မရောက်သော သူတို့သည် ဤလေးမျိုးတို့တည်း`` ဟု မိန့်တော်မူ၏။

အထက်ပါ ဟောကြားချက်တွင် မြတ်ဗုဒ္ဓမှ သေမှာ မကြောက်သည့် ပုဂ္ဂိုလ်လေးမျိုးကို ခွဲခြားဟောကြားတော် မူထားသည်ကို ဖတ်ရှုကြည်ညိုနိုင်ကြမည် ဖြစ်၏။ ထိုဟောကြားချက်ကို အနှစ်ချုပ် အလွယ်နားလည်အောင် ကောက်ချက်ချပြရလျှင် သေမှာ မကြောက်သူတို့ဟူသည်
၁။ ကာမဂုဏ်တို့၌ တပ်မက်မှုရာဂ၊ တွယ်တာမှုသံယောဇဉ်၊ ဆာလောင်မွတ်သိပ်ပူပန်ခြင်း ကင်းသောသူ
၂။ ခန္ဓာကိုယ်၌ တွယ်တာနှစ်သက် တပ်မက်မှုတဏှာ ကင်းသောသူ
၃။ မကောင်းမှု အကုသိုလ်ကို မပြု၊ ကောင်းမှုကုသိုလ်ကို ပြုပြီးသောသူ
၎။ သူတော်ကောင်းတရား၌ ယုံမှားသံသယ မရှိသောသူ
ဟူသော ဤလေးမျိုးတို့ပင် ဖြစ်ပါ၏။

မှန်၏။ စင်စစ် လူ့ဘ၀တွင် နေသည့်အခိုက် ကာမဂုဏ်အာရုံများ နောက်သို့သာ လိုက်နေကြသူများ၊ ``ငါ၊ င့ါခန္ဓာ``ဟု စွဲလမ်းတပ်မက်မှု ရှိနေကြသူများ၊ ကုသိုလ်ကောင်းမှု မရှိ အကုသိုလ်များဖြင့်သာ အချိန်ကုန်နေကြသူများ၊ သူတော်ကောင်းတရားကို မသိနားမလည်သူများသည် သေခါနီးအခါကာလတွင် မိမိတို့ ဘ၀သံသရာအတွက် အားကိုးအားထားပြုစရာ တစ်စုံတစ်ခုမျှ မရှိသည့်အတွက် သေရမည်ဆိုသည့်အခါ ကြောက်ကြခြင်းဖြစ်၏။ အပြန်အားဖြင့် အသက်ရှင်နေသည့်အခိုက် ကာမဂုဏ်အာရုံများ နောက်သို့မလိုက်သူ၊ ငါ၊ ငါ့ခန္ဓာဟု တပ်မက်စွဲလမ်းမှု မရှိသူ၊ အကုသိုလ်ကိုပြုခြင်းမရှိ ကုသိုလ်များဖြင့်သာနေသူ၊ သူတော်ကောင်းတရားကို သိရှိနားလည် လိုက်နာကျင့်ကြံနေသူများ အတွက်ကား မိမိတို့သံသရာအတွက် ရိက္ခာအပြည့်ထုတ်ပြီး ဖြစ်သဖြင့် ယခုဘ၀သေရမည့် အရေးတွေးပြီး ကြောက်စရာမလိုကြခြင်း ဖြစ်၏။ အထူးသဖြင့် မဟုတ်သည့်အရာများ၊ မကောင်းသည့်အမှုများကို ပြုလုပ်ထားခြင်း မရှိကြသည့်အတွက် မိမိကိုယ်ကိုမိမိ ယုံကြည်မှုအပြည့် ရှိနေပြီး မည်သည့်နေရာ၊ မည်သည့်အချိန်တွင်ဖြစ်စေ မည်သို့သော အရာမျိုးကိုမှ ကြောက်လန့်တုန်လှုပ်မှု မရှိနိုင်တော့ပေ။

ထို့အပြင် သေခြင်းတရားနှင့် ပတ်သက်၍ ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်၊ သာမာဝတီဝတ္ထုတွင် မြတ်ဗုဒ္ဓဟောတော်မူထားသည့် တရားတစ်ပုဒ်ကိုလည်း သတိရမိ၏။ မြတ်ဗုဒ္ဓက သာမာဝတီကို အကြောင်းပြု၍ အောက်ပါဂါထာ တစ်ပုဒ်ဖြင့် သတိပေးစကား ဟောကြားခဲ့၏။
``အပ္ပမာဒေါ အမတံ ပဒံ၊ ပမာနော မစ္စုနော ပဒံ၊
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။``
ဟူသော ဤတရားဂါထာ၏ ဆိုလိုရင်းမှာ ``မမေ့လျှော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်ပြီး မေ့လျှော့ပေါ့ဆခြင်းသည် သေခြင်း၏ အကြောင်းဖြစ်၏။ မမေ့မလျှော့ နေကြသူများသည် သေခြင်းကင်းသူများနှင့် တူကုန်ပြီး မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ နေကြသူများသည် အသက်ရှင်နေသော်လည်း သေနေကြသူများနှင့် တူကြကုန်၏။`` ဟူ၍ဖြစ်၏။

ဓမ္မပဒလာ ထိုတရားစကားသည် မြတ်ဗုဒ္ဓနေ့စဉ် မိန့်တော်မူနေကြဖြစ်သည့် အပ္ပမာဒေန သမ္ပာဒေထ - မမေ့မလျော့ မပေါ့မဆသော သတိတရားနှင့် ပြည့်စုံအောင်နေကြ ဟူသော မိန့်မှာချက်ကို ထပ်ဆင့်အထူးပြု သတိပေးထားသကဲ့သို့ ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ဤမိန့်မှာချက်ကို ဆက်စပ်ယူလိုက်လျင် အထက်တွင်ဖော်ပြခဲ့သည့် သေမှာမကြောက်သူများ ပြည့်စုံရမည့် အချက်များနှင့် ပြည့်စုံသူများအား မမေ့မလျော့ မပေါ့မဆ နေကြသူများအဖြစ် ညွှန်ပြနိုင်မည်ဖြစ်ပြီး သေမှာမကြောက်သူများဟူသည် သတိရှိကြသူများပင်တည်းဟု ကောက်ချက်ချနိုင်မည် ဖြစ်၏။

ထို့ကြောင့် လောကတွင် သေရမည်ကို လူတိုင်းကြောက်ကြသည် ဆိုသော်လည်း သေမှာမကြောက်သည့် သူများလည်း ရှိသည်ကို အထက်ဖော်ပြပါ မြတ်ဗုဒ္ဓ ဟောတော်မူချက်များက သက်သေပြုနေပြီး ဖြစ်သဖြင့် မိမိတို့ ယခုလက်ရှိဘ၀တွင် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန်၊ သေရမည့်အရေး တွေးကြောက်စရာ မလိုသည့် သေမှာမကြောက်သူများ ဖြစ်စေရန် အချိန်ရှိခိုက် သတိစိုက်၍ ကြိုးစားကြရန်သာ လိုအပ်ပေတော့၏။ ထိုသို့ ကြိုးစားကြရန်လည်း တိုက်တွန်းလိုပါ၏။ အဘယ့်ကြောင့်ဆိုသော် သေခြင်းတရားဟူသည် အချိန်မရွေး၊ နေရာမရွေး၊ အရွယ်မရေး ဧကန်မုချ လာနိုင်သောကြောင့်ပင် ဖြစ်ပါ၏။

Read more »

ကိုယ်ကျင့်သီလ

ဗုဒ္ဓဘာသာဝင်များ စောင့်ထိန်းကြတဲ့ သီလကို ကိုယ်ကျင့်သီလလို့လည်း ခေါ်ပါတယ်။ ဒီစကားလုံးလေးဟာ အဓိပ္ပါယ် သိပ်လေးနက်ပါတယ်။ “ကိုယ်ကျင့်သီလ”တဲ့။ ဟုတ်တယ်။ ကိုယ်ကျင့်မှ ကိုယ်ရမှာကိုး။ ကိုယ်မကျင့်ဘဲ ဘုရားရှေ့မှာ ဘယ်လောက်ပဲ သီလတွေယူယူ၊ ဘုန်းတော်ကြီးတွေက ဘယ်လောက်ပဲ သီလတွေပေးပေး ကိုယ်ကိုယ်တိုင် မကျင့်ရင် ပါးစပ်ပေးပေးပြီး၊ ပါးစပ်ယူ ယူတာပဲ ဖြစ်ပါလိမ့်မယ်။

ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ နိဗ္ဗာန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိဗ္ဗာန်ကို သွားဖို့အတွက် အခြေခံ လှေခါးကတော့ သီလပဲဖြစ်ပါတယ်။ ဘုရားရှင်အဆုံးအမတွေကို လိုက်နာကျင့်သုံးတဲ့ သူတွေဟာ ဒီနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။ ဘုရားအဆုံးအမဆိုတာ တစ်ခြားမဟုတ်ပါဘူး၊ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကိုပဲ ပြောတာပါ။ ဒီသိက္ခာသုံးရပ်ကို မဂ္ဂင်ရှစ်ပါးပဲလို့ အလွယ်နားလည်နိုင်ပါတယ်။ မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်သွားဖို့အတွက် တစ်ခုတည်းသော လမ်းဖြောင့်ဖြစ်ပါတယ်။ ဒီလမ်းမှာ သီလတည်မှု၊ သမာဓိရှိမှု၊ ပညာပြည့်မှုတွေ ပါဝင်နေပါတယ်။ သီလတည်မှ သမာဓိတည်နိုင်ပြီး၊ သမာဓိတည်မှလည်း ပညာရနိုင်ပါတယ်။ ဒီသုံးမျိုးလုံးဟာ တစ်ခုတည်း၊ တစ်စပ်တည်းပါး။ ဒါကြောင့် သုံးမျိုးလုံးပေါင်းပြီး တစ်ကြောင်းတည်းသော လမ်းအဖြစ်ရှိနေတာပါ။ အရေအတွက်အားဖြင့် မဂ္ဂင်ရှစ်ပါးလို့ ပြောပေမယ့် အချုပ်အားဖြင့် သီလ၊ သမာဓိ၊ ပညာပါပဲ။ ဒါကို သိက္ခာသုံးရပ် အကျင့်မြတ်လို့ပြောနိုင်ပြီး ဗုဒ္ဓရဲ့ အဆုံးအမ အနှစ်ချုပ်လို့လည်း ပြောနိုင်ပါတယ်။

မှန်ပါတယ်။ ဒီလို ဘုရားရှင်ရဲ့ အဆုံးအမတွေ တည်နေဖို့အတွက် ဆုတောင်းနေလို့ မရပါဘူး။ တည်အောင်ကျင့်ယူမှ ရပါတယ်။ ကိုယ်ကိုယ်တိုင် ကျင့်ယူရပါတယ်။ အဲဒီလိုကျင့်တဲ့အခါ အခြေခံဖြစ်တဲ့ ကိုယ်ကျင့် သီလကို အရင်ဆုံးလုံခြုံအောင် ကျင့်ဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဗုဒ္ဓဘာသာဝင်တွေ အတွက် သီလဟာ အခြေခံ အကျဆုံးဖြစ်လို့ပဲ ဖြစ်ပါတယ်။ သီလမလုံခြုံပဲ အထက်လုပ်ငန်းတွေ ဖြစ်တဲ့ ဘာဝနာ အလုပ်တွေ လုပ်နေလို့ကတော့ ဆရာတော်ကြီးတစ်ပါး ဆုံးမသလို “အပေါ်ပိုင်းကတော့ တိုက်ပုံအင်္ကျီ၊ ခေါင်းပေါင်းစ တလူလူနဲ့ အောက်ပိုင်းကျတော့ ပုဆိုးမပါတဲ့သူ“ လိုပဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း အောက်ပိုင်းလုံခြုံအောင် စောင့်ထိန်းစေဖို့ ငါးပါးသီလဟာ ခါးဝတ်ပုဆိုးလို မြဲနေရမယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

သီလဟာ အလွန်အရေးကြီးတဲ့အတွက် ဒီသီလကို စောင့်ထိန်းကြဖို့ ဆရာသမားများက အမြဲဆုံးမလေ့ ရှိပါတယ်။ ဆုံးမတဲ့အခါမှာလည်း ဥပမာလေးများပေးပြီး ဆုံးမလေ့ရှိပါတယ်။ ကောင်းကျိုးဆိုးပြစ်တွေကို ပြပြီးလည်း ဆုံးမလေ့ရှိပါတယ်။ သီလနဲ့ ပတ်သက်ပြီး ဆုံးမကြတဲ့ ဆုံးမမှုတွေထဲက ပထမရွှေကျင် ဆရာတော်ဘုရားကြီးရဲ့ သိဿကောဝါဒ ဆုံးမစာမှာ ဆုံးမထားတဲ့ သီလဆိုင်ရာ အဆုံးအမတွေကတော့ ဥပမာဥပမေယျ စုံလင်လှပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ဆရာတော်ကြီးရဲ့ အဆုံးအမလေးများကို တစ်ဆင့်မျှဝေရင်း ကိုယ်ကျင့်သီလဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် ကျင့်သုံးရယူကြဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

”ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုံနှင့်တူ၏၊ အန္တရာယ်မရှိ။
ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏၊ အပါယ်မရောက်။
ရေရှိမှ ကြာပွားသည်၊ သီလရှိမှ သမာဓိများသည်။
ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏။
ပညာရှိလျက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏။
စာပေပို့ချနိုင်လျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။
တရားဟောကောင်းလျက် သီလမရှိလျှင် အနံ့မမွှေးသော ပန်းနှင့်တူ၏။
ကျမ်းဂန်တတ်လျက် သီလမရှိလျှင် အဆိပ်သီးပင်နှင့်တူ၏။
ဘုန်းကြီးလျက် သီလမရှိလျှင် အနှစ်မရှိသော သစ်ပင်နှင့်တူ၏။
သီလရှိမှ ဒါနနှင့်ဘာဝနာ အကျိုးပေးသန်၏။
ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်၊ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
အကုသိုလ်သည် သတ္တ၀ါကို အပါယ်ဆွဲချ၏၊ သီလရှိသူကို မဆွဲချနိုင်။
ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ၊ သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။
လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာ၏၊ သီလစောင့်လျှင် ဘ၀အဆက်ဆက်ချမ်းသာ၏။
ဆီမီးသည် လင်းခိုက် လူလယ်တင့်၏၊ ငြိမ်းလျှင်မှောင်၏၊ ညှော်နံ့ထွက်၏။
သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏၊ ပျက်လျှင်မှောင်၏၊ ညှော်နံ့ထွက်၏။ ”

အထက်ပါ သီလဆိုင်ရာ အဆုံးအမများမှာ ပထမရွှေကျင် ဆရာတော်ကြီး၏ အဆုံးအမ တစ်စိတ်တစ်ဒေသပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီး၏ အဆုံးအမများကိုကြည့်လျှင် သီလရဲ့ အရေးပါမှုကို အလွယ်တကူ သိနိုင်ပါတယ်။ အခြေခံဖြစ်တဲ့ သီလမလုံခြုံလျှင် ကျန်တဲ့ဒါနဘာဝနာ အလုပ်များမှာ အကျိုးပေးအားနည်းပြီး နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်နဲ့ အလှမ်းဝေးနေတတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက် အတွက် အခြေခံဖြစ်တဲ့ ငါးပါးသီလလောက်တော့ လုံခြုံမှကို ဖြစ်မှာပါ။ နိဗ္ဗာန်မရသေးတာတောင် ဘ၀ကူးကောင်းဖို့၊ သံသရာခရီးမှာ အပါယ်မလားဖို့ အနည်းဆုံး ငါးပါးသီလလောက်တော့ လုံခြုံဖို့ လိုအပ်ပါတယ်။ သီလမလုံခြုံပဲ ဒါနတွေ ဘယ်လောက်ပဲ လုပ်လုပ်အပါယ် တံခါးပိတ်ဖို့ မလွယ်လှပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါနဟာ စည်းစိမ်ဥစ္စာ ချမ်းသာမှု သက်သက်ကိုသာ အကျိုးပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုပဲ သီလမလုံခြုံပဲ ဘာဝနာ အားထုတ်နေရင်လည်း သမာဓိတည်ဖို့ ခဲရင်းသလို သမာဓိ မတည်ရင်လည်း အထက်မဂ်ဉာဏ်ကို ရဖို့ခဲရင်းလှပါတယ်။ အချုပ်ကြည့်ရင် ဒါနအကျိုးပေးသန်ဖို့နဲ့ ဘာဝနာဉာဏ်တွေမြင့်ဖို့ သီလသည်သာ ပဓာနကျတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ်လုပ်ကိုယ်စံ၊ ကိုယ်ကျင့်ကိုယ်ရဆိုတဲ့ စကားအတိုင်း ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ဘ၀ အတက်အကျ အရှုံးအနိမ့်ကို ဖန်တီးနိုင်တာ ဖြစ်တဲ့အတွက် ပစ္စုပ္ပန် သံသရာ ချမ်းသာစေတတ်တဲ့ ဒီသီလကို ကိုယ်ကိုယ်တိုင်ကျင့်ပြီး ကိုယ်ကိုယ်တိုင် ရယူနိုင်အောင် ကိုယ်ကျင့်သီလရဲ့ အရေးပါမှု တစ်စိတ်တစ်ပိုင်းကို ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက် သတိပေးရင်း ပုဆိုးထမီလုံအောင် ၀တ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Read more »

လွှတ်သော်လည်း မလွတ်သေးပါက

"သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည့်၊
ရေပွက်ပမာ၊ တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊
လူတကာတို့၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လှဲတတ်သည်၊

မချွတ်စသာ၊ သတ္တ၀ါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊
ပန်ခဲ့တုံ၏။
ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊
ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊
ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊
ချန်ဘိစင်စစ်၊အပြစ်မဲ့ရေး၊
ခွင့်လွှတ်ပေး၏။ သွေးသည် အနိစ္စာ ငါ့ခန္ဓာတည်း။"
(အနန္တသူရိယအမတ်ကြီး)

စာရေးသူ စာသင်သား ဘဝကတည်းက မကြာမကြာ ဆိုလေ့ရှိသည့် ကဗျာအပိုင်းအစလေးမှာ “သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း” ဟူသော အနန္တသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာလေးမှ တစ်စိတ်တစ်ဒေသပင် ဖြစ်၏။ လက်တွေ့အားဖြင့်လည်း လောကတွင် တစ်စုံတစ်ယောက် ကြီးပွားတိုးတက်ရေးအတွက် တစ်စုံတစ်ယောက်မှာ တစ်နည်းနည်းဖြင့် ပျက်စီးသွားကြသည့် အဖြစ်အပျက်လေးများကို တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့နေဖူးသဖြင့် ထိုအဖြစ်အပျက်လေးများကို သတိရတိုင်း ထိုကဗျာအပိုင်းအစလေးကို ရေရွတ်မိတတ်ခြင်း ဖြစ်ပါ၏။ စာရေးသူကား ထိုအပိုင်းအစလေးကိုသာ လိုရာဆွဲယူ အသုံးပြုထားသော်လည်း ထိုကဗျာလင်္ကာ တစ်ပုဒ်လုံး၏ အဓိပ္ပါယ်မှာ နက်ရှိုင်းလှ၏။ ဆိုလိုရင်းမှာ သံဝေဂယူဖွယ် ကောင်းလွန်းလှ၏။

စာပေလောကတွင် ဤကဗျာလင်္ကာနှင့် ပတ်သက်၍ အနန္တသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာအဖြစ် တင်စားလေ့ရှိကြ၏။ အနန္တသူရိယ အမတ်ကြီးသည် နရပတိစည်သူမင်း၏ အမိန့်ဖြင့် ပြည်နှင်ဒဏ်အပေးခံရကာ အသက်ကို စတေးသွားရခါနီး အချိန်တွင် အထက်ပါ မျက်ဖြေလင်္ကာကို ရေးသားကာ ဘုရင့်ထံ အပ်နှံခဲ့ခြင်း ဖြစ်၏။ အမတ်ကြီး၏ ရသမြောက်သည့် ထိုရင်ဖွင့်ချက်တွင် လောကဓမ္မတာနှင့် ဓမ္မသဘာဝကို အထင်အရှားတွေ့မြင်ရ၏။ ခွင့်လွှတ်ခြင်းနှင့် မိမိကိုယ်ကို အမျက်ဖြေခြင်းကို ဂုဏ်မြောက်အောင် ထုတ်ဖော်နိုင်ခဲ့၏။ ဤလင်္ကာနှင့် ပတ်သက်၍ ဘာသာတရား ရှုထောင့်ကကြည့်ကာ စာရေးသူ ခံစားမိသည့် ကောက်ချက်တစ်ခုမှာ “တစ်စုံတစ်ယောက်က တစ်စုံတစ်ဦးကို မသတ်ဘဲ လွှတ်လိုက်သော်လည်း ရုပ်နာမ်နှစ်ခု ခန္ဓာအစုကို ပိုင်ဆိုင်ထားသည့် သတ္တဝါတစ်စုအတွက် သေခြင်းတရားက အချိန်တန်လျင် လွှတ်သော်လည်း မလွတ်နိုင်ဘဲ ရောက်လာမည်သာ ဖြစ်သည်”ဟူသည့် မှတ်ချက်ပင်ဖြစ်၏။

မှန်၏။ လောကတွင် သတ္တဝါမှန်သမျှ မွေးပြီးလျှင် သေကြရမည်သာ ဖြစ်၏။ သေခြင်း၏အစသည် မွေးခြင်းသာ ဖြစ်၏။ မွေးလာလျှင် သေကြရမည် ဖြစ်သဖြင့် ထိုသေခြင်းတရားသည် သတ္တဝါတိုင်းအတွက် ဘဝတစ်ခုတွင် မဖြစ်မနေ ကြုံတွေ့နေကြမည်သာ ဖြစ်၏။ အချိန်တန်၍ သေခြင်းတရား ရောက်လာပါက မည်သည့်နေရာတွင် မည်သို့ပင် ရှောင်တိမ်းနေသော်လည်း မလွှတ်နိုင်သည်မှာ အသေအချာပင် ဖြစ်၏။ သေရမည်ကို ကြောက်သဖြင့် ထိုသေခြင်းတရားကလွတ်အောင် အမျိုးမျိုး ရှောင်တိမ်းနေသော်လည်း ကံကုန်လျှင်ကား မည်သို့မျှ ရှောင်၍ရမည် မဟုတ်လှပေ။ အချိန်မတန်သေးသဖြင့် သေခြင်းတရားမှ တစ်ကြိမ်နှစ်ကြိမ် လွတ်ကောင်းလွတ်နိုင်သော်လည်း ထိုလွတ်ခြင်းသည် အစဉ်ထာဝရ လွတ်ခြင်းမဟုတ်နိုင်ပေ။ အပြင်ရန်သူတစ်ဦးဦးနှင့် ကြုံတွေ့သဖြင့် ထိုသူများက မိမိ၏ အသက်အန္တရာယ်မှ လွတ်မြောက်အောင် လွှတ်ပေးကောင်း လွှတ်ပေးနိုင်သော်လည်း မိမိကိုယ်တိုင်က ကိလေသာတရားများမှ အမှန်တကယ် မလွတ်သေးပါက မည်သူက မည်မျှပင် လွှတ်ပေးစေကာမူ မလွတ်သေးသည်သာ ဖြစ်ပါ၏။ မိမိကိုယ်တိုင် ကိလေသာတရားများမှ လွတ်အောင်ကြိုးစားနိုင်မှသာ အမှန်တကယ် လွတ်နိုင်ကြမည်သာ ဖြစ်ပါ၏။

စင်စစ် ဘဝတစ်ခု၏ အစသည် ဇာတိဟူသည့် ပဋိသန္ဓေနေခြင်းဖြစ်ပြီး ထိုဇာတိ၏နောက်တွင် မဖောက်မပျက်ဘဲ ရောက်လာနေမည်ကား ဇရာဟူသည့် အိုခြင်းတရား၊ ဗျာဓိဟူသည့် နာခြင်းတရားနှင့် မရဏဟူသည့် သေခြင်းတရားများပင် ဖြစ်၏။ မရဏာနုဿတိ ကမ္မဋ္ဌာန်းတွင် သေခြင်းတရားနှင့် ပတ်သက်၍ “မရဏံ မေ ဓုဝံ၊ ဇီဝိတံ အဓုဝံ၊ ငါ့အားသေခြင်းတရားသည် မြဲသောသဘောရှိ၏၊ အသက်ရှင်ခြင်းသည် မမြဲသော သဘောရှိ၏။ မရဏံ မေ ဘဝိဿတိ၊ ဇီဝိတံ ဥပစ္ဆိဇ္ဇတိ- ငါ့အားသေခြင်းတရားသည် ဖြစ်လတ္တံ့၊ အသက်ရှင်ခြင်းသည် ပြတ်လတ္တံ့” စသည်ဖြင့် ဆင်ခြင်ရမည့် နည်းလမ်းများကို ညွှန်ပြထား၏။ ဘဝအဖန်ဖန်တွင် အကြိမ်အကြိမ်မွေးဖွားပြီး အကြိမ်ကြိမ် သေခဲ့ကြရပြီးသည့် သတ္တဝါများအနေဖြင့် ဘဝတစ်ခုတွင် ဇာတိဖြစ်လာပြီးနောက် မရဏတရားကား ဧကန်မုချ အချိန်မရွေး ရောက်လာနေမည်သာ ဖြစ်သဖြင့် သေခြင်းသည် မြဲသည့်သဘောရှိပြီး အသက်ရှင်ခြင်းသည် မမြဲသည့်သဘောရှိ၏။ ထိုသဘောများ ရှိနေသဖြင့် ဘဝတစ်ခုတွင် သေဘေးမှ မည်မျှပင် လွတ်လာခဲ့သည်ဟု ဆိုငြားသော်လည်း နောက်ဆုံးတွင်ကား သေခြင်းနှင့်ပင် အဆုံးသတ်သွားကြသည်သာ ဖြစ်၏။

အရင်းစစ်သော် အတွင်းကိလေသာ တရားများ မသေသေးသမျှ ဘဝမှာ အကြိမ်ပေါင်းများစွာ မည်မျှပင် သေနေငြားလည်း နောက်ထပ်ရှင်သန်မှုကား ရှိနေကြဦးမည်သာ ဖြစ်၏။ ဘဝအသစ် တစ်ဖန်ဖြစ်နေကြဦးမည်သာ ဖြစ်၏။ ဘဝအသစ်ရှိနေလျှင် နောက်ဆက်တွဲ အနေဖြင့် အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရားများလည်း အစဉ်အမြဲ ရောက်လာနေမြဲသာ ဖြစ်၏။ ထို့ကြောင့် အတွင်းကိလေသာ မသေသေးဘဲ အပြင်ရုပ်နာမ်များ သေအောင်ကြိုးစားနေခြင်း၊ ရရှိထားသည့် ယခုဘဝ အသက်ရှင်နေရမှုမှ သေမည်ကို ကြောက်သဖြင့် လွတ်မြောက်မှုရအောင် ကြိုးစားနေခြင်းများသည်လည်း တစ်ဘဝတစ်နပ်စာ အဖြစ်သာ ရကောင်းရနိုင်သော်လည်း သံသရာအဆက်ဆက်တွင်ကား အသေဆက်နေကြမည်သာ ဖြစ်၏။ ကိလေသာတရားများမှ မလွတ်ကင်းသေးသမျှ သေကြေပျက်စီးမှုများမှ တစ်ဘဝတစ်နပ်စာ လွတ်အောင်ကြိုးစားသဖြင့် ကံကောင်းထောက်မစွာ လွတ်ပင်လွတ်ငြားသော်လည်း အချိန်တန်လျင်ကား ဧကန်မုချ တွေ့ကြုံနေကြရမည်သာ ဖြစ်၏။

သို့ဆိုလျင် ကိလေသာတရားများမှ အမှန်မလွတ်သေးဘဲ တဒင်္ဂအခိုက်အတန့် ချမ်းသာစေရေး၊ တဒင်္ဂအခိုက်အတန့် လွတ်မြောက်စေရေး အလေးပေးကာ ကိုယ်ကျင့်တရားများ ဖောက်ပြန်သည်အထိ၊ ဒုစရိုက်အမှုများ ကျူးလွန်သည်အထိ ကြိုးစားလုပ်ဆောင်နေကြသည့် သတ္တဝါများ၏ လုပ်ရပ်များသည် အမှန်တကယ်ချမ်းသာရေး၊ လွတ်မြောက်ရေး မဟုတ်ဘဲ သံသရာအဆက်ဆက် ဆင်းရဲစေမှု၊ ဘဝမှာ အဖန်ဖန်သေရမှု စသည်တို့ကိုသာ ဖြစ်စေသည်မှာ အထင်အရှားပင် ဖြစ်၏။ မိမိကိုယ်တိုင်က ကိလေသာတရာများမှ မလွတ်မြောက်သေးဘဲ တစ်စုံတစ်ယောက်၊ တစ်စုတစ်ခုထံမှ တဒင်္ဂအခိုက်အတန့် လွတ်မြောက်မှုရရေးအတွက် နည်းအမျိုးမျိုးဖြင့် ကြိုးစားနေကြခြင်းသည် အမှန်တကယ် အကျိုးမပြီး အချည်းနှီးသာ ဖြစ်စေမည်မှာ အသေအချာပင် ဖြစ်၏။

အကောင်းဆုံးနည်းမှာ မည်သူလွှတ်သည်ဖြစ်စေ၊ မလွှတ်သည်ဖြစ်စေ၊ မည်သူကြောင့် လွတ်သည်ဖြစ်စေ၊ မလွတ်သည်ဖြစ်စေ မိမိကိုယ်တိုင်သာ ကိလေသာတရားများမှ အမှန်လွတ်မြောက်နိုင်အောင် ကြိုးစားခြင်းသည်သာ အကောင်းဆုံးဖြစ်၏။ တဒင်္ဂအခိုက်အတန့် မဆိုထားနှင့် အသက်ဘေးနှင့် ယှဉ်လာလျင်ပင် အသက်ရှင်ရေးအတွက် အကျင့်သိက္ခာများ ပျက်ပြားသည်အထိ ရေလိုက်လွဲမှု မဖြစ်စေဘဲ အဖန်ဖန် သေခဲ့ရသည့် သံသရာဘဝါဘဝများကို ပြန်လည်စဉ်းစား ဆင်ခြင်ကာ အသက်နှင့် အကျင့်ယှဉ်လာလျင် အကျင့်တရားကို ဦးစားပေးနိုင်အောင် ကြိုးစားသင့်ပေ၏။ တစ်ဘဝ တစ်နှပ်စာ ရှင်သန်ရေးထက် သံသရာဘဝ အများ၌ ရှင်သန်နေရေးကို ဦးစားပေးသင့်ပေ၏။ အကျင့်တရားဖြင့် လွတ်မြောက်မှုကို အခြေတည်ကာ အဆုံးစွန်လွတ်မြောက်ရေးအတွက် ကိလေသာတရားများမှ လွတ်မြောက်ရန်အထိ ကြိုးစားအားထုတ်သင့်ပေ၏။ အခိုက်အတန့် လွတ်ရေးထက် အဆုံးစွန် လွတ်မြောက်ရေးကို အလေးပေးသင့်ပေ၏။

ထို့ကြောင့် လောကသားများ အနေဖြင့် အနန္တသူရိယ အမတ်ကြီး စဉ်းစားဆင်ခြင်သကဲ့သို့ ဘဝတွင် တစ်စုံတစ်ယောက်က တစ်ကြိမ်တစ်ခါ လွတ်မြောက်မှုအတွက် လွှတ်ပေးတတ်သော်လည်း မိမိကိုယ်တိုင်က ကိလေသာအစုများကြောင့် ရုပ်နာမ်နှစ်ခု၏ အနှောင်အဖွဲ့မှ မလွတ်မြောက်သေးပါက မည်သူက လွတ်အောင်လွတ်သော်လည်း အမှန်တကယ် လွတ်မြောက်မှုမျိုး မဖြစ်နိုင်သဖြင့် တဒင်္ဂအခိုက်အတန့် လွတ်မြောက်ရေးကို ဦးစားပေးကာ အကျင့်တရားဖောက်ပြားမှု၊ ဒုစရိုက်အမှု ကျူးလွန်မှုများအထိ မဖြစ်ကြစေဘဲ အမှန်တကယ် လွတ်မြောက်စေမှုကို ဖြစ်စေသည့် ကိလေသာတရားများ၏ ကုန်ဆုံးရာလမ်းစဉ်ကိုသာ တရားအလုပ် ကြိုးစားအားထုတ်ရင်းဖြင့် လိုရာပန်းတိုင်ကို အရောက်လှမ်းကိုင်ကြရမှာ ဖြစ်သဖြင့် မည်သူလွှတ်သည်ဖြစ်စေ၊ မလွှတ်သည်ဖြစ်စေ မိမိကိုယ်တိုင်သာ ကိလေသာ အနှောင်အဖွဲ့များမှ လွတ်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အသိပေးတိုက်တွန်းလိုက်ရပါသည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ