တစ်နေ့တာကို ဖြတ်သန်းကြည့်ခြင်း

မြတ်စွာဘုရားရှင်ရဲ့ ဗုဒ္ဓကိစ္စများနဲ့ တစ်နေ့တာ ကုန်ဆုံးခဲ့ပုံတွေကို ဖတ်ရှုကြည်ညိုရင်း ကိုယ့်ရဲ့တစ်နေ့တာ ဖြတ်သန်းရတဲ့ အချိန်လေးတွေကို သတိတရ ဆင်ခြင်နေမိခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်တွေရဲ့ တစ်နေ့တာ ကုန်ဆုံးသမျှ အချိန်တွေကို ပြန်ကြည့်တဲ့အခါ “(၁) နံနက်ပိုင်းမှာ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခွင့်အားလျော်စွာ အနုမောဒနာပြုခြင်း ပုရေဘတ္တကိစ္စ (၂) နေလွဲအခါနဲ့ ညနေပိုင်းမှာ ပူဇော်ရန် ရောက်လာသူတို့ရဲ့ အပူဇော်ခံပြီး သင့်တော်တဲ့ တရားဟောခြင်း ပစ္ဆာဘတ္တကိစ္စ၊ (၃) ညာဥ့်ဦးယံမှာ ရဟန်းတို့အား တရားဟောခြင်း၊ ကမ္မဌာန်းပေးခြင်းစတဲ့ ပုရိမယာမကိစ္စ၊ (၄) သန်းခေါင်ယံမှာ စကြာဝဠာ တိုက်တစ်သောင်းမှ လာရောက်ကြတဲ့ နတ်၊ဗြဟ္မာတွေရဲ့ အမေးပုစ္ဆာပြဿနာတို့ကို ဖြေဆိုတော်မူခြင်း မဇ္ဈိမယာမကိစ္စ၊ (၅) မိုးသောက်ယံမှာ စင်္ကြံကြွတော်မူခြင်း၊ လျောင်းစက်ကျိန်းတော်မူခြင်း၊ နိရောဓသမာပတ် ဝင်စားတော်မူခြင်း၊ သမာပတ်မှ ထတော်မူတဲ့ အရုဏ်တက်ခါနီးအချိန် ယနေ့ ချွတ်ထိုက်တဲ့ သတ္တ၀ါကို ဗုဒ္ဓစက္ခုဖြင့် လောက(၃)ပါးကို ကြည့်တော်မူခြင်း ပစ္ဆိမယာမကိစ္စ ဆိုတဲ့ နေ့စဉ် ဗုဒ္ဓကိစ္စများနဲ့ပဲ (၄၅)ဝါလုံးလုံး ကုန်ဆုံးတော်မူခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဘုရားရှင်တွေရဲ့ တစ်နေ့တာ ကုန်ဆုံးချိန်တွေဟာ အများအတွက်၊ ဝေနေယျတွေ အတွက်ပဲ ဖြစ်နေခဲ့ပေမယ့် ဘုန်းဘုန်းအပါအဝင် သတ္တဝါအတော်များများရဲ့ တစ်နေ့တာ ဖြတ်သန်းမှုတွေကတော့ တစ်ခါတစ်လေ ဘာမှအကျိုးမရှိ အချည်းနှီးနဲ့ ဖြတ်သန်းနေကြသလို ဖြစ်နေတတ်ပါတယ်။ အကျိုးမရှိဆို ကိုယ့်အတွက်လည်း အကျိုးမရှိ၊ တခြားသူအတွက်လည်း အကျိုးမရှိဘဲ ဖြတ်သန်းနေကြတဲ့ အဖြစ်တွေတောင် ရှိနေတတ်ပါသေးတယ်။ တစ်နေ့တစ်နေ့ ကုန်ဆုံးသွားတဲ့ ကိုယ့်ရဲ့အချိန်တွေကို ပြန်တွေးကြည့်ရင် ဟိုလိုလို ဒီလိုလို ဟိုဟာလည်းမဟုတ်၊ ဒါလည်းမဟုတ်ပဲနဲ့ ကုန်သွားတာတွေလည်း အများကြီးပါပဲ။ ဖြတ်သန်းခဲ့ရတဲ့ တစ်နေ့တာ အချိန်ဟာ ဟိုလိုလို ဒီလိုလို ဖြစ်ခဲ့ရင်တောင်မှ မကောင်းတဲ့ အကုသိုလ်တွေနဲ့ မဖြတ်သန်းခဲ့ဘူး ဆိုရင် ဒါဟာ အဆိုးထဲကအကောင်း အနေနဲ့ တော်သေးတယ်လို့တောင် ပြောရမှာ ဖြစ်ပါတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့ တစ်နေ့တာဟာ ကုသိုလ်နဲ့ ဖြတ်သန်းခြင်း မဟုတ်တာတောင်မှ အကုသိုလ် အလုပ်တွေနဲ့ မဖြတ်သန်းမိဘူးဆိုရင် မဆိုးလှဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကုသိုလ်နဲ့ မဖြတ်သန်းမိလို့ ကုသိုလ်မရရုံပဲ ရှိပေမယ့် အကုသိုလ်နဲ့သာ ဖြတ်သန်းမိရင်တော့ အကုသိုလ်အပြစ်တွေပါ ရရှိလာတော့မှာ ဖြစ်ပါတယ်။

ပညာရှိ သူတော်ကောင်းများကတော့ ကုန်ဆုံးသွားတဲ့ ကိုယ့်ရဲ့တစ်နေ့တာကို ပြန်ဆင်ခြင်ကြည့်လို့မှ ကုသိုလ်၊ ပညာ၊ ကျန်းမာရေး၊ စည်စိမ်ဥစ္စာ၊ စိတ်စွမ်းအားတန်ခိုး ဒီငါးမျိုးထဲက တစ်ခုမှကို မရလိုက်ဘူးဆိုရင် အဲဒီနေ့ဟာ အကျိုးမရှိ အချည်းနှီးဖြစ်တဲ့ နေ့ပဲလို့ ဆုံးမလေ့ရှိပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာကို ပြန်ဆင်ခြင်ကြည့်လို့မှ ကုသိုလ်တစ်ခုခု မရလိုက်ဘူး၊ လောကီလောကုတ္တရာ ပညာ တစ်ခုခုမှ မရလိုက်ဘူး၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိလိုက်ဘူး၊ စည်းစိမ်ဥစ္စာ ရှာဖွေမှုလည်း တစ်ခုမှ မလုပ်ဖြစ်ဘူး၊ စိတ်အစဉ် တည်ငြိမ်မှု၊ စိတ်စွမ်းအား တိုးတက်မှု တစ်ခုခုကိုလည်း တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူးဆိုရင် ကုန်ဆုံးသွားတဲ့ တစ်နေ့တာဟာ အကျိုးမပြီး အချည်းနှီးကုန်ဆုံးခြင်းပဲလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အချည်းနှီး အကျိုးမရှိဖြစ်စေတာက အဲဒီငါးမျိုးထဲက တစ်ခုမှကို ရအောင်မလုပ်နိုင်တဲ့အပြင် အကုသိုလ်အလုပ်တွေနဲ့ပဲ တစ်နေ့တာကို ကုန်ဆုံးခဲ့ကြမယ်ဆိုရင်တော့ ဒါဟာ ဘာနဲ့မှ အစားထိုးလို့ မရတဲ့ အချည်းနှီးကုန်းဆုံးမှုပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ကိုယ့်ရဲ့တစ်နေ့တာ ဖြတ်သန်းမှုဟာ အကျိုးကြီးဖို့ထက် အကျိုးမယုတ်အောင် အရင်လုပ်ဖို့ လိုလာတဲ့ သဘောရှိပါတယ်။ တစ်နေ့တာကုန်ဆုံးချိန်ဟာ အကုသိုလ်အလုပ်တွေနဲ့ မကုန်မိအောင် အရင်ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အိပ်ရာက နိုးထမှုကနေ အိပ်ရာဝင်သွားတဲ့အထိ တစ်နေ့တာ အချိန်တွေကို အကုသိုလ် အလုပ်၊ အကုသိုလ်အပြော၊ အကုသိုလ် အတွေးတွေနဲ့ပဲ ဖြတ်သန်းကုန်ဆုံး မသွားရအောင် ကြိုးစားကြဖို့ လိုပါတယ်။ အိပ်ရာက နိုးနိုးချင်း မကောင်းတဲ့အတွေး၊ ကိလေသာအတွေးက အရင်စဖြစ်လာမယ်၊ အဆဲလေးနဲ့ နှုတ်ဆက်ကြမယ်၊ အရက်ခွက်လေးနဲ့ မျက်နှာသစ်ကြမယ်ဆိုရင် တစ်နေ့တာရဲ့ အစဟာ အကုသိုလ်တွေနဲ့ စလိုက်သလို ဖြစ်တတ်တဲ့အတွက် ကုသိုလ်ဖြစ်စရာ အကျင့်လေးတွေ မလုပ်ဖြစ်တောင်မှ ဒီလိုအကုသိုလ်ဖြစ်စရာတွေနဲ့ တစ်နေ့တာကို မစမိအောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့တစ်နေ့တာရဲ့ အစဟာ အကုသိုလ်နဲ့ စမိပြီဆိုရင် အကုသိုလ်ရဲ့ သဘောက လုပ်မိသွားရင် လက်ရဲ့ဇက်ရဲ့ဖြစ်ပြီး ဆက်တိုက် လုပ်ဖြစ်တတ်တဲ့အတွက် ကျန်တဲ့အချိန်တွေမှာလည်း အကုသိုလ်အပြစ်တွေကို မကြောက်မရွံ့ လုပ်ဖြစ်နေတတ်ပါတယ်။ ဒါဆိုရင် တစ်နေ့တာရဲ့ ဖြတ်သန်းမှုဟာ အကျိုးမရှိဘဲ အရှုံးနဲ့ ဖြတ်သန်းမိသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တစ်နေ့တာကို ကောင်းမှုကုသိုလ်တွေ၊ အကျိုးကြီးတာတွေနဲ့ မဖြတ်သန်းနိုင်တောင်မှ အကုသိုလ်အပြစ်တွေနဲ့ မဖြတ်သန်းမိအောင် ကြိုးစားကြဖို့ ဆိုရခြင်း ဖြစ်ပါတယ်။

အဲဒီလို ကိုယ်ရဲ့တစ်နေ့တာကို အကုသိုလ်အပြစ်တွေနဲ့ မဖြတ်သန်းမိအောင် အရင်ကြိုးစားပြီးရင်တော့ တစ်ဆင့်တက်ပြီး ကုန်ဆုံးသွားတဲ့ တစ်နေ့တာမှာ အကျိုးတစ်စုံတစ်ရာ ရဖို့အတွက် သူတော်ကောင်းများ ဆုံးမသလို ကုသိုလ်ကောင်းမှုတစ်ခုခု၊ ပညာတစ်ခုခု၊ စည်းစိမ်ဥစ္စာတစ်မျိုးမျိုး၊ ကျန်းမာရေး စောင့်ရှောက်မှု တစ်ခုခုနဲ့ စိတ်အစဉ်ကောင်းမွန်စေမှု တစ်ခုခုကို အရယူနိုင်အောင် ကြိုးစားလေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှု တစ်ခုခုလို့ ဆိုတဲ့အတွက် သိန်းထောင်နဲ့ချီပြီး လုပ်ရမဲ့ကုသိုလ်မျိုးလို့ မတွေးပါနဲ့။ ပိုက်ဆံမကုန်ဘဲ လုပ်လို့ရတဲ့ ကုသိုလ်မျိုးလေးကို လုပ်မိရင်ကိုပဲ ဒါဟာ အဲဒီနေ့အတွက် အကျိုးရှိသွားတာပါပဲ။ ဆိုကြပါစို့ မနက်အိပ်ရာက နှိုးတာနဲ့တစ်ပြိုင်နက် ဘုရားကို အာရုံပြုပြီး နမော တဿ ဘုရားရှိခိုးလေးတွေ ရွတ်လိုက်တာ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသဖြင့် သရဏဂုံလေးတွေ ရွတ်လိုက်ကြတာ၊ သတ္တဝါအားလုံး ဘေးရန်ကင်းစေဖို့ မေတ္တာစိတ်လေးနဲ့ မေတ္တာလေး ပို့ကြည့်လိုက်တာ၊ ဘုရားသောက်တော်ရေလေး ကပ်လှူလိုက်တာ စသဖြင့် ဘာမှမကုန်ဘဲ လုပ်လို့ရတဲ့ ကုသိုလ်လေးတွေ အများကြီးပါပဲ။ အဲဒီကုသိုလ်တစ်မျိုးမျိုးကို လုပ်နိုင်အောင် ကြိုးစားပြီး တစ်နေ့တာကို အစပြုကြည့်မယ်ဆိုရင် အဲဒီနေ့ဟာ ကိုယ့်အတွက်တော့ အကျိုးရှိတဲ့ နေ့ပါပဲ။

ဒီလိုပဲ တစ်နေ့တာကို ကုသိုလ်တစ်ခုခု ရအောင်လုပ်ပြီး ဖြတ်သန်းမှု မလုပ်နိုင်ရင်တောင်မှ အပြစ်ကင်းတဲ့ ပညာရပ်တစ်ခုခုရအောင် ကြိုးစားတာ၊ အပြစ်ကင်းတဲ့ စည်းပွားဥစ္စာတစ်ခုခု ရအောင် ရှာဖွေနိုင်တာ၊ ကိုယ့်ကျန်းမာရေး တစ်ခုခုကို အသိသတိယှဉ်ပြီး စောင့်ရှောက်လိုက်တာ၊ တစ်နေ့တာ ဖြတ်သန်းချိန်မှာ ကိုယ့်ရဲ့အတွေ့အကြုံကို အခြေခံတဲ့ တည်ငြိမ်မှု၊ ကိုယ့်စိတ်ကို ရင့်ကျက်အောင် လေ့ကျင့်မှု တစ်ခုခု လုပ်လိုက်တာ စတာတွေနဲ့ ဖြတ်သန်းနိုင်ရင်လည်း ဒါဟာ အကုသိုလ်အပြစ်သာ ကင်းမယ်ဆိုရင် ကိုယ့်အတွက်တော့ အမြတ်ထွက်တဲ့နေ့၊ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းတဲ့နေ့လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

ဒီထက်ပိုကောင်းတဲ့ အကောင်းဆုံး တစ်နေ့တာ ဖြတ်သန်းမှုကတော့ အိပ်ရာက နိုးချိန်ကစပြီး အိပ်ရာထဲဝင် အိပ်ပျော်သွားတဲ့အထိ ကိုယ့်ရဲ့ကိုယ်နှုတ်အမူအရာတွေကို သတိမလွှတ်စေဘဲ လှုပ်ရှားမှုမှန်သမျှ အသိကပ်ပြီး ကုန်ဆုံးသွားမှုမျိုးပဲ ဖြစ်ပါတယ်။ ဒီလိုကုန်ဆုံးမှုဟာ နေ့စဉ်ဖြတ်သန်းမှုကို သတိပဋ္ဌာန်လို့ခေါ်တဲ့ သတိကပ်ပြီး ကုန်ဆုံးမှုဖြစ်တဲ့အတွက် လှုပ်ရှားမှုတိုင်းမှာ တရားပါပြီး ကုန်ဆုံးသွားမှုမျိုး ဖြစ်ပါတယ်။ ဒီလိုဆိုတော့ အဲဒီလို သတိပဋ္ဌာန်နဲ့ တစ်နေ့တာကို ကုန်ဆုံးဖို့ ဘာမှမလုပ်ဘဲ တရားပဲ အားထုတ်နေရမလိုမျိုး ထင်ကောင်းထင်နိုင်ပါတယ်။ အဲလိုမဟုတ်ပါဘူး။ တစ်နေရာမှာထိုင်ပြီး တရားမှတ်နေဖို့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့စိတ်နဲ့ကိုယ်မှာ ဖြစ်ပေါ်လာတဲ့ အရာတွေမှာပဲ အသိပ်ကပ်ပြီး လိုက်သိလိုက်လုပ်နေဖို့ကို ပြောလိုတာ ဖြစ်ပါတယ်။ လှုပ်ရှားမှု မှန်သမျှမှာ ကိလေသာ ကြားမခိုအောင် လက်ခြေလှုပ်ရင်လည်း သတိထားလှုပ်ဖို့၊ အလုပ်လုပ်ရင်လည်း သတိထားလုပ်ဖို့၊ စကားပြောရင်လည်း သတိထားပြောဖို့၊ စိတ်ရဲ့ အတွေးအကြံတွေကိုလည်း သတိထားပြီး ဒီအတွေးအကြံကို သိနေဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်နှုတ်အမူအရာတွေကို သတိကပ်ပြီး ကုန်ဆုံးနေမယ်ဆိုရင် ဒါဟာ တစ်နေ့တာမှာ ကိလေသာကြားမခိုဘဲ အသိတရားနဲ့ ကုန်ဆုံးစေတာဖြစ်တဲ့အတွက် အကောင်းဆုံး တစ်နေ့တာ ဖြတ်သန်းမှုပဲလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက လူတိုင်းလူတိုင်း နေ့စဉ်ကုန်ဆုံး ဖြတ်သန်းနေကြတဲ့ တစ်နေ့တာပေါင်းများစွာကို အကျိုးမပြီး အချည်းနှီး ဖြတ်သန်းမှုမျိုး မဖြစ်အောင် အကုသိုလ်ကိုရှောင်ပြီး ကုသိုလ် ပညာစတဲ့ ကောင်းကျိုးတစ်ခုခုနဲ့ ဖြတ်သန်းနိုင်အောင် ကြိုးစားကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ တစ်နေ့တာ ကုန်ဆုံးမှုကို အကျိုးကြီးအောင် ကုန်ဆုံးစေတဲ့ ကုန်ဆုံးမှုမျိုး မလုပ်နိုင်တာတောင်မှ အကျိုးယုတ်တဲ့ ကုန်ဆုံးမှုမျိုး မဖြစ်စေဖို့ ပထဆုံး အကုသိုလ်တွေနဲ့ မဖြတ်သန်းမိအောင် ကြိုးစားပြီး နောက်တစ်ဆင့်အနေနဲ့ ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ ကျန်းမာရေးနဲ့ စိတ်စွမ်းအား တစ်မျိုးမျိုးကို ရအောင်ကြိုးစားရင် တစ်နေ့တာကို အမြတ်ထွက်အောင် ကြိုးစားကြည့်ဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။ အကောင်းဆုံးနဲ့ အကျိုးအကြီးဆုံး ဖြတ်သန်းမှုကတော့ နေ့စဉ်ဖြတ်သန်းနေတဲ့ ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာနဲ့ စိတ်အမူအရာတွေမှာ သတိကပ်ပြီး အသိအကျင့် ထပ်တူဖြစ်အောင် နေထိုင်လေ့ကျင့်ကာ ဖြတ်သန်းမှုပဲဖြစ်ကြောင်း မီးမောင်းထိုးပြလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ကုန်ဆုံးမှုပေါင်းများစွာနဲ့ တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းနေကြတဲ့ သတ္တဝါများ အနေနဲ့ မိမိတို့ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုများကို တန်ဘိုးရှိရှိ၊ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ကြဖို့ မိမိတို့ရဲ့ တစ်နေ့တာများမှာ မကောင်းမှုအကုသိုလ် အပြစ်များနဲ့ ကုန်ဆုံးမှုမျိုး မဖြစ်ရအောင် အရင်ဆုံး ကြိုးစားကြပြီး ကုန်ဆုံးမှုတိုင်းမှာ အကျိုးအမြတ် ထွက်ကြစေဖို့ ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ ကျန်းမာ၊ တန်ခိုး တစ်မျိုးမျိုးကိုလည်း ရနိုင်သမျှ ယူနိုင်အောင်ကြိုးစားရင်း အကောင်းဆုံး တစ်နေ့တာကို ကုန်ဆုံးခြင်းအဖြစ် ကိုယ်ဖြတ်သန်းနေတဲ့ အချိန်တိုင်းမှာ သတိတရားကို လိုက်ကိုင်ထားပြီး ကိလေသာကြားမခိုအောင် အသိအကျင့်ထပ်တူ ဆင့်နိုင်အောင်သာ လေ့ကျင့်နေထိုင် ဖြတ်သန်းကြရမှာ ဖြစ်ပါကြောင်း အသိပေးတိုက်တွန်း လိုက်ရပါတယ်။

Read more »

အစာမကြေတာတွေ များလာရင်ဖြင့်

အစာမကြေဖြစ်တယ်ဆိုတဲ့ စကားကို အစားအသောက်တွေနဲ့ ပတ်သက်လို့ ပြောဆိုသုံးနှုံးကြတာ ရှိသလို ဒီနေ့ခေတ်မှာတော့ အဲဒီစကားလုံးကို တစ်ခြားအဓိပ္ပါယ်တစ်မျိုးနဲ့ သုံးလာတာလည်း ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား ဖြစ်ပေါ်တတ်တဲ့ မကျေနပ်ချက်လေးတွေ၊ သဘောမကျတာလေးတွေ၊ စိတ်ထဲမှာ မျက်နေတာလေးတွေကိုလည်း အစာမကြေဖြစ်တယ်လို့ ပြောဆိုလာတာကို တွေ့ရပါတယ်။ “သူ မင်းကို အစာမကြေဖြစ်နေတယ်၊ မင်း..ငါ့အပေါ် ဘာအစာမကြေ ဖြစ်လို့လဲ..”စသဖြင့် ပြောဆိုသုံးနှုန်းလာတာ ကြားရတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး စိတ်ထဲမှာ မတင်မကျနဲ့ ဘ၀င်မကျ ဖြစ်နေတာ၊ မကြေမချမ်းဖြစ်နေတာ၊ အလိုမကျ ဖြစ်နေတာလေးတွေ ရှိနေတာကိုပဲ အစာမကြေ ဖြစ်နေကြတယ်လို့ ဆိုလေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အစာမကြေတာလေးတွေ များလာမယ်ဆိုရင်တော့ ကြာရင် နာကျင်ပေါက်ကွဲလာတဲ့အထိ ဖြစ်လာနိုင်တယ်ဆိုတာ သတိပြုစရာ ဖြစ်ပါတယ် ။

ဟုတ်ပါတယ်။ အပေါင်းအသင်းများ၊ အစုအဖွဲ့များ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ အတူတူ နေထိုင်လုပ်ကိုင် ကျင်လည်ကြရတဲ့ သူအတော်များများကို ကြည့်လိုက်ရင် ငယ်ပေါင်းကြီးဖော်တွေ မဟုတ်ဘဲ အခုမှလာပြီး အလုပ်သဘောအရ အတူနေထိုင် လုပ်ကိုင်ဖြစ်ကြတာဆိုတော့ ပေါင်းရသင်းရတာ တော်တော်လေး ခက်တတ်တဲ့ သဘောရှိတာကို တွေ့ရတတ်ပါတယ်။ စတွေ့ကာစတော့ အဆင်ပြေသလို ရှိကြပေမယ့် ကြာလာတဲ့အခါမှာတော့ တစ်ယောက်အကြောင်း တစ်ယောက်သိလာ၊ တစ်ယောက်အကျင့်စရိုက်ကို တစ်ယောက်ကသိလာပြီး မတူညီတဲ့ အကျင့်စရိုက်တွေကြောင့် အတူနေရင်း၊ ပေါင်းရင်းသင်းရင်းနဲ့ပဲ ပိုပြီးချစ်ခင် ရင်းနှီးမှု မရှိတဲ့အပြင် တဖြည်းဖြည်းပိုပိုလို့သာ ဆက်ဆံရေးတွေက မကောင်းဘဲ ဖြစ်လာတတ်တာကို တွေ့ရတတ်ပါတယ်။ နောက်ဆုံးတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အစာမကြေတာလေးတွေပါ ရှိလာပြန်တော့ အဲဒီ အစာမကြေတာလေးတွေကို စုထားစုထားရင်း ကြာတော့အစိုင်အခဲ ဖြစ်လာကာ ပေါက်ကွဲကုန်တဲ့အထိ ဖြစ်ကုန်ပါတယ်။ ဒီလို ပေါက်ကွဲကုန်တဲ့အထိ ဖြစ်လာစေတဲ့ အဓိက တရားခံကတော့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ရှိနေကြတဲ့ အစာမကြေတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

အစာမကြေတာကို စာစကားနဲ့ပြောတော့ အမျက်လို့ ပြောနိုင်ပါတယ်။ ပါဠိစာပေကတော့ ကောဓလို့ ဆိုပါတယ်။ ကောဓပဲဖြစ်ဖြစ်၊ အမျက်ပဲဖြစ်ဖြစ်၊ အစာမကြေတာပဲ ဖြစ်ဖြစ် ဒီသဘောတရားတွေ လူတစ်ယောက်ချင်းရဲ့ စိတ်ထဲ၊ ရင်ထဲမှာ ကိန်းနေကြမယ် ဆိုရင်တော့ အစာမကြေတာတွေ များလာပြီး နောက်ဆုံး ပေါက်ကွဲလာတဲ့အထိ ဖြစ်တတ်တယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ တကယ်တော့ ကောဓဆိုတာ ဒေါသ အသေးစားလေးပဲ ဖြစ်ပါတယ်။ ကောဓလေးတွေ များများလာပြီး စုစည်းလာတဲ့အခါ အစိုင်အခဲ တစ်ခုအဖြစ်နဲ့ နောက်ဆုံးမှာ ပေါက်ကွဲတဲ့ ဒေါသအဆင့်အထိ ရောက်သွားတတ်ပါတယ်။ ဒေါသအဖြစ် ပြောင်းသွားပြီဆိုရင်တော့ အကြောင်းအကျိုး အကောင်းအဆိုး မခွဲခြားနိုင်တော့ဘဲ အမှားများစွာကို ကျူးလွန်မိတဲ့အထိ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကောဓခေါ် အစာမကြေတာလေးတွေ မဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

လူ့လောကအသိုင်းအ၀ိုင်းမှာ နေနေကြတဲ့ သူတွေအတွက် နေ့စဉ်တွေ့ထိ ဆက်ဆံနေရတဲ့ ဒီအသိုင်းအ၀ိုင်းကြားမှာ တစ်နည်းမဟုတ်တစ်နည်း တစ်ဦးအပေါ်တစ်ဦး ကိုယ်အမူအရာကြောင့်ပဲ ဖြစ်ဖြစ်၊ စကားကြောင့်ပဲဖြစ်ဖြစ် နားလည်မှုလွဲတာလေးတွေ ရှိတတ်ပါတယ်။ ဒီလို နားလည်မှုလွဲတာလေးတွေ ဖြစ်လာရင် တိုက်ရိုက်ပြောဆို ဖြေရှင်းနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ နားလည်မှု လွဲတာလေးတွေကို မဖြေရှင်းပဲ စိတ်ထဲမှာ တေးတေးထားရင် အဲဒီနားလည်မှု လွဲတာလေးတွေဟာ တဖြည်းဖြည်း များများလာပြီး အစာမကြေ ဖြစ်လာတာတွေအထိ ဖြစ်တတ်ပါတယ်။ အစာမကြေ ဖြစ်လာပြီဆိုရင် တစ်ဦးနဲ့တစ်ဦးကြားမှာ နေထိုင်ပြောဆို ဆက်ဆံရတာတွေကအစ ကသိကအောင့် ဖြစ်လာတတ်ပါတယ်။ ဒီလိုနဲ့ အစာမကြေ ဖြစ်တာတွေဟာ တစ်ဦးချင်းစီရဲ့ အပြောအဆို အနေအထိုင်လေးတွေကြောင့် ပိုပိုများများလာပြီး နောက်ဆုံးမှာ ခိုက်ရန်ဒေါသဖြစ်တဲ့အထိ ဖြစ်လာတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အစာမကြေဖြစ်လာ၊ အဆင်မပြေဖြစ်လာပြီဆိုရင် တစ်ဘက်လူ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော ကိုယ့်ကိုစောင်းပြီး လုပ်နေပြောနေတယ်လို့ကို ထင်လာတတ်ပါတယ်။ စိတ်ထဲမှာအောင်းနေတဲ့ အစာမကြေမှုတွေ၊ အမျက်တွေက လူတစ်ယောက်ကို အကောင်းမြင်ပေးဖို့ မဖြစ်နိုင်တဲ့အထိ ပိတ်ဆို့ထားတတ်ပါတယ်။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အကောင်းမမြင်တော့ဘူး ဆိုရင်တော့ သူဘာပဲလုပ်လုပ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်တာတွေပဲ ထင်နေမြင်နေ တတ်ပါတော့တယ်။ ဒါဟာ နားလည်မှုလွဲရာက စခဲ့တဲ့ အစာမကြေမှုတွေရဲ့ အကျိုးသက်ရောက်မှုပဲ ဖြစ်ပါတယ်။

တကယ်တော့ ဘယ်သူမဆို အမှားလေးတွေ လုပ်မိတတ်ပါတယ်။ တစ်ခါတစ်လေ စေတနာမပါဘဲ ရုတ်တရက်ဖြစ်သွားတတ်တဲ့ အလွဲအချော်လေးတွေ၊ အပြောမှား၊ အလုပ်မှားလေးတွေ ရှိတတ်ပါတယ်။ အဲဒီလို ရှိလာတဲ့အခါ သူသူကိုယ်ကိုယ် ကိုယ်ချင်စာတရားနဲ့ နားလည်ပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။ အကယ်၍ သူ့နေရာမှာ ကိုယ်ဆိုရင်လည်း ဒီလိုဖြစ်မိမှာပဲလို့ သူ့နေရာကနေ အစားထိုး တွေးကြည့်သင့်ပါတယ်။ သူမှားသလို ကိုယ်လည်း မှားဖူးတတ်တာလေးတွေကို သတိရပြီး ခွင့်လွှတ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ နားလည်မှုပေးနိုင်အောင် အားထုတ်သင့်ပါတယ်။ အဲလိုမှမဟုတ်ဘဲ မှားတတ်တဲ့အပေါ်မှာ အပြစ်တွေပဲ မြင်နေမယ်ဆိုရင်တော့ ကြာရင်တစ်ဦးနဲ့တစ်ဦးကြား အစာမကြေမှုတွေ ဖြစ်လာတတ်ပါတယ်။ ကိုယ်က အစာမကြေဖြစ်လာရင် တစ်ဘက်ကလည်း ပြန်ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ နှစ်ဦးနှစ်ဘက်လုံး အစာမကြေတာတွေများပြီး နောက်ဆုံးမှာ မခေါ်မပြောနိုင်၊ မမြင်မကြည့်နိုင်တဲ့အထိ ဖြစ်လာကာ အမုန်းကြီးမုန်းတဲ့အထိ ဖြစ်ကုန်တတ်ပါတယ်။ ဒါဟာ အသေးအဖွဲ့ နားလည်မှုလွဲတာလေးက စခဲ့တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစာမကြေ ဖြစ်ကြရခြင်းရဲ့ အကြောင်းဖြစ်တဲ့ နားလည်မှု လွဲတာလေးတွေကို ထိပ်တိုက်တွေ့ဆုံခြင်းနဲ့ ဖြေရှင်းကြဖို့ ဆိုကြခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးကြားမှာ နားလည်မှုက အရမ်းအရေးကြီးပါတယ်။ နားလည်မှုမရှိရင်၊ နားလည်မှု မပေးနိုင်ရင် တစ်ဦးနဲ့တစ်ဦး အကြာကြီး ဆက်ဆံလို့ မရကြပါဘူး။ (Love is understanding) အချစ်ဆိုတာ နားလည်ခြင်းပဲလို့ ဆိုတဲ့အတိုင်း နားလည်မှု မရှိရင် ချစ်လို့လည်း မရပါဘူး။ အချစ်မရှိရင် အပြစ်ပဲ ကြည့်တတ်ပါတယ်။ အပြစ်ကြည့်ပြီဆိုရင်တော့ နားလည်မှုလည်း ပေးလို့မရ ဖြစ်လာတတ်ပါတယ်။ တကယ်တော့ ဘယ်လောက်ပဲ အချစ်ကြီးတယ်ပဲ ပြောပြော နားလည်မှုလွဲလာပြီဆိုရင် အချစ်တွေလည်း လျော့လာတတ်ပါတယ်။ နားလည် ပေးခြင်းဟာ ချစ်နေခြင်းပဲ ဖြစ်တဲ့အတွက် အချစ်ရှည်ချင်ရင် နားလည်မှုလည်း ရှည်အောင်ကြိုးစားသင့်ပါတယ်။ နားလည်မှုရှည်ဖို့အတွက် နားလည်မှု ပေးဖို့လိုပါတယ်။ နားလည်မှုရအောင် လုပ်ယူဖို့လိုပါတယ်။ အကြောင်းတစ်ခုခုကြောင့် တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုလွဲစရာ ပေါ်လာရင် တိုက်ရိုက်တွေ့ဆုံပြီး ဒီလိုကြားတယ်၊ ဒီလိုပြောကြတယ် အဲဒါဟုတ်လား၊ မဟုတ်ဘူးလား စသဖြင့် တွေ့ဆုံမေးမြန်းပြီး အဖြေမှန်ကို ရယူနိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒါမှလည်း နားလည်မှုကို ရေရှည်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ ကိုယ့်အချင်းချင်း တိုက်ရိုက်မမေးမြန်း၊ မဖြေရှင်းဘဲ တစ်ဆင့်စကား တစ်ဆင့်အကြားနဲ့ စိတ်ထဲမှာ တေးမှတ်ထားမယ်ဆိုရင်တော့ ဒါဟာ အစာမကြေမှု စလာတာ ဖြစ်ပါတယ်။ အစာမကြေဖြစ်လာပြီ ဆိုရင်တော့ ကွဲကြပြဲကြဖို့ စလာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစာမကြေမှုတွေ မဖြစ်ရအောင် နားလည်မှုရှိကြဖို့၊ နားလည်မှု ပေးကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

စကားစပ်လို့ သိပ်ချစ်ခင်ကြတဲ့ တပည့်ဒကာလေး နှစ်ယောက်အကြောင်း သတိရမိပါတယ်။ သူတို့ဟာ အရင်တုန်းက အတော်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ဘယ်သွားသွား ဘယ်လာလာ အတူတူ တစ်တွဲတွဲ ဖြစ်နေကြလို့ ဘေးကလူတွေကတောင် သူတို့ကို လင်မယားတွေလို့ ပြောကြတဲ့အထိ ချစ်ခင်ကြတဲ့သူတွေပါ။ ခုတော့ ဒီဒကာနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အမုန်းကြီးမုန်းပြီး ရန်သူတွေလို ဖြစ်ကုန်ကြပါတယ်။ သူတို့တွေ ဒီလိုဖြစ်သွားရခြင်းရဲ့ အကြောင်းက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲရာက စခဲ့ကြတာပါ။ အဲဒီလို နားလည်မှု လွဲတာလေးအတွက် တိုက်ရိုက်ဖြေရှင်းရမှာကို အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းအချင်းချင်း မေးလို့မကောင်းပါဘူး၊ ပြောလို့မကောင်းပါဘူး ဆိုတဲ့အတွေးတွေနဲ့ မဖြေရှင်းပဲ ထားရင်းထားရင်းနဲ့ ကြာတော့ ဘေးကတိုက်တာတွေရော၊ ဟိုလူကပြော ဒီလူကပြောတာ တွေရောကြောင့် တစ်ယောက်အပေါ်တစ်ယောက် အမြင်တွေစောင်းပြီး အစာမကြေတာတွေပါ အောင်းလာကာ နောက်ဆုံးတော့ ပေါင်းလို့မရတဲ့အထိ ဖြစ်ကုန်တယ်လို့ သိရပါတယ်။ ဘုန်းဘုန်းတို့လည်း အတတ်နိုင်ဆုံး ဖြေရှင်းပေး၊ ညှိပေးပေမယ့် သူတို့ တစ်ဦးချင်းမှာရှိနေတဲ့ ငါဆိုတဲ့ အတ္တမာနတွေကြောင့် ဘယ်လို့မှ ညှိလို့မရဖြစ်ကာ ကွဲကြပြဲကြတာပဲ အဖတ်တင်ခဲ့ကြပါတယ်။ ဒါတွေအားလုံးရဲ့ အဓိကတရားခံကတော့ နားလည်မှုလွဲတာရယ် အစာမကြေတာတွေရယ်က စခဲ့တာပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ အဓိကပြောချင်တာက တစ်ယောက်နဲ့ တစ်ယောက်ကြား အစာမကြေ မဖြစ်ရအောင် ဘာပဲဖြစ်ဖြစ် ကိုယ်ချင်းစာတရားနဲ့ နားလည်မှုပေးကြဖို့ ပြောလိုရင်း ဖြစ်ပါတယ်။ အစာမကြေမှုတွေ များလာရင် အဆင်မပြေမှုတွေနဲ့ အတူနေမှုတွေမှာ မပြေမလည်မှုတွေ ဖြစ်စေနိုင်တဲ့အတွက် နားလည်မှု လွဲတာလေးတွေကို တိုက်ရိုက်တွေ့ဆုံ မေးမြန်းပြောဆိုခြင်းဖြင့် ပြေလည်အောင် ကြိုးစားကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဟန်ဆောင်မှုမပါ ရိုးသားစွာနဲ့ပဲ အတူနေတဲ့ သူအချင်းချင်း နားလည်မှုကို တည်ဆောက်ကာ အစာမကြေမှုတွေ ဖျောက်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အစာမကြေတာတွေ များလာခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်ပေါ်တတ်တဲ့ ဆိုးကျိုးတွေက နှစ်ဦးနှစ်ဘက်လုံး အကျိုးယုတ်မှုကိုသာ ဖြစ်စေတတ်တဲ့အတွက် တဒင်္ဂခဏ တွေ့ဆုံရတဲ့ အခိုက်အတန့်လေးမှာ တစ်ဦးနဲ့တစ်ဦး အစာမကြေမှုတွေနဲ့ အမျက်လေးတွေ မဖြစ်ကြစေဖို့ အသေးအဖွဲ နားလည်မှု လွဲတာလေးတွေကအစ သူများစကား နားမယောင်ဘဲ ကိုယ့်အချင်းချင်း ထိပ်တိုက်တွေ့ဆုံ ပြောဆိုခြင်းဖြင့် နားလည်မှုရအောင် တည်ဆောက်ကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတော့တယ်။ အားလုံး အစာကြေနိုင်ကြပါစေ…

မှတ်ချက်။ ဤပို့စ်လေးသည် လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က တင်ခဲ့ပြီးသည့် ပို့စ်လေးဖြစ်ပါသည်။ လိုအပ်ချက်အရ ထက်မံဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။



Read more »

Facebook က အမေးတစ်ပုဒ် (၆)

Aye Mya Mya Moe
မေး။ အရှင်ဘုရား သိချင်တာလေတခုရှိလို့ပါဘုရား။
မိုးညှင်းသမ္ဗုဒ္ဓေ ကိုအလုံး 1000 ပုတီးစိပ်ရင် ဆုတောင်းပြည့်တယ်ဆိုတာ ဟုတ်ပါသလားဘုရား။

မနာပ ဒါယီ အရှင်ဝိစိတ္တ
ဖြေ။ ကိုယ်လုပ်ထားတဲ့ ကောင်းမှုကုသိုလ်ရဲ့ အကျိုးပေးချိန်နဲ့ တောင်းဆုပြုထားမှု တိုက်ဆိုင်ကြုံတွေ့သွားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီဘုရားကိုသွားပြီး ဒီလို ပုတီးစိပ်တိုင်း ဆုတောင်းပြည့်နိုင်တာတော့ မဟုတ်ပါဘူး။ ကောင်းမှုနဲ့ မကောင်းမှုဆိုတာ ပြုလုပ်တဲ့သူနဲ့ အကျိုးပေးချိန် တိုက်ဆိုင်မှ၊ အကျိုးပေးခွင့်သာမှ အကျိုးပေးတာ ဖြစ်ပါတယ်။ အကျိုးပေးချိန် မတန်သေးရင် ကောင်းတာတွေ လုပ်နေပေမယ့် မကောင်းတာတွေနဲ့ ကြုံတွေ့နေရတတ်ပြီး မကောင်းတာတွေ လုပ်နေသူတွေလည်း ကောင်းတာလေးတွေ ကြုံနေရတတ်ပါတယ်။ ဒါက ကောင်းမှုမကောင်းမှု အကျိုးပေးချိန် မတန်သေးလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းကံဆိုတာ များများလုပ်ပေးနိုင်လေ ကံကောင်းမှုတွေ များများရောက်လာလေဖြစ်ပြီး ကံကောင်းမှုကြောင့် ကောင်းကျိုးတွေ များများရောက်လာတာဟာ ဆုတောင်းပြည့်တာပါပဲ။

ဒါကြောင့် ဆုတောင်းပြည့်တာ မပြည့်တာ ကံရဲ့အလုပ်ဖြစ်ပြီး ကုသိုလ်ကောင်းမှုလုပ်တာက ကိုယ့်ရဲ့အလုပ်ပဲ ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် သီလကိုအခြေခံတဲ့ ကုသိုလ်ကောင်းမှုသာ များများလုပ်ဖို့ တိုက်တွန်းလိုပါတယ်။

Aye Mya Mya Moe
မေး။ ကျေးဇူးတင်ပါတယ် အရှင်ဘုရား။ မေတ္တာကိုဘယ်လိုပို့ရမလဲ ပြောပြပါလားဘုရား။ တပည်တော်မ အလုပ်ရှာဖို့ ဘယ်လိုပို့ရမလဲမသိ ဖြစ်နေလို့ပါဘုရား။ ဒီမြို့နယ်မှာ ရှိတဲ့နေရာ ၄ ၅ ခုကို ရှာမှာဆိုတော့ မေတ္တာပို့ရအောင်လည်း နေရာအတိအကျ မသိဘူး။ အလုပ်ရှင်လဲ အတိအကျမသိတော့ ဘယ်လိုပို့ရမလဲ မသိဘူးဖြစ်နေလို့ပါဘုရား။ ဘယ်လိုလုပ်ရမလဲ ရှင်းပြပေးပါအုံးဘုရား။

မနာပ ဒါယီ အရှင်ဝိစိတ္တ
ဖြေ။ မေတ္တာပို့ရမယ့် နေရာနဲ့ မေတ္တာပို့ရမယ့် ပုဂ္ဂိုလ်ကို အတိအကျ မသိပေမယ့် အလုပ်ရှာဖို့ မသွားခင် ဒါမှမဟုတ် သွားနေတဲ့အချိန်မှာတော့ ဘယ်နေရာ၊ ဘယ်ကုမ္ပဏီကို သွားမယ်ဆိုတာ ကြိုတင်စဉ်းစားထားပြီး ဖြစ်တတ်ပါတယ်။ အဲဒီလို အချိန်မှာ ကိုယ်သွားမယ့် ကုမ္ပဏီရှိရာ နေရာဒေသဝန်းကျင်ရှိ သမ္မာဒေဝနတ်ကောင်းနတ်မြတ်များနဲ့ သူတော်ကောင်းများ၊ ပြီးတော့ ကုမ္ပဏီ ပိုင်ရှင်များနဲ့ ဝန်ထမ်းများ၊ ဆိုင်ရာတာဝန်ရှိသူများနဲ့ ကိုယ်နဲ့ရှေးရှေးဘဝ တစ်ခုခုက ပတ်သက်ဆက်နွယ်ဖူးသူများ စသဖြင့် မြင်ဖူးတွေ့ဖူးခြင်း မရှိပေမယ့် စိတ်ကမှန်းပြီး စေတနာအမှန်နဲ့ မေတ္တာပို့ပေးနိုင်ပါတယ်။ မမြင်ဖူး၊ မရောက်ဖူးပေမယ့် အမည်ပညတ် သဘောအားဖြင့် ဘယ်နေရာ၊ ဘယ်ကုမ္ပဏီ၊ ဘယ်ကုမ္ပဏီပိုင်ရှင် ဘယ်ဝန်ထမ်းစတာတွေဆိုတာ အမှန်တကယ် ရှိနေတာတွေဖြစ်တဲ့အတွက် အဲဒီလို အမည်ပညတ်ရှိနေတာတွေကိုပဲ စိတ်ကမှန်းပြီး ပို့သပေးလို့ ရပါတယ်။ မျက်နှာအသွင်အပြင်နဲ့ ပုံရိပ်ကို တိုက်ရိုက်မမြင်နိုင်ပေမယ့် အမည်ပညတ်တွေနဲ့ မှန်းပြီးပို့သပေးလို့ ရပါတယ်။

ဥပမာ အလုပ်သွားရှာမယ့်နေရာကို စရောက်ရောက်ချင်း “ဤအရပ်ဤဒေသဤဝန်းကျင်၌ ရှိကြကုန်သော သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များနဲ့တကွ အားလုံးသော သူတော်ကောင်းအပေါင်း မြင်အပ်မမြင်အပ်တဲ့ ပုဂ္ဂိုလ်သတ္တဝါအပေါင်းကို ကိုယ်နဲ့တစ်သားတည်းထားပြီး ဘေးရန်ကင်းပါစေ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊ ချမ်းသာစွာ မိမိခန္ဓာဝန်ကို ရွတ်ဆောင်နိုင်ပါစေ” စသဖြင့် ပို့သပေးနိုင်ပါတယ်။ ကိုယ်နဲ့ထပ်တူစိတ်ထားဖို့ လိုတယ်ဆိုတာက ကိုယ်ဘေးရန်ကင်းချင်သလို သူတို့လည်းကင်းပါစေ၊ ကိုယ်ကိုယ်ဆင်းရဲခြင်း ကင်းချင်သလို သူတို့လည်း ကင်းပါစေ၊ ကိုယ်စိတ်ဆင်းရဲခြင်း ကင်းချင်သလို သူတို့လည်း ကင်းပါစေ စသဖြင့် ကိုယ်နဲ့ယှဉ်ပြီး စေတနာထားကြည့်စေချင်တဲ့ သဘောပဲဖြစ်ပါတယ်။

ပြီးတော့ နေရာအတိအကျ ကြိုတင်သိထားရင်တော့ အဲဒီနေရာကို စိတ်ထဲမှာမှန်းပြီး အကြိမ်ကြိမ် မေတ္တာပို့ထားပေးလို့ ရပါတယ်။ အဲဒီလိုပဲ ကုမ္ပဏီတစ်ခုခုကို သွားတဲ့အခါ သွားမယ့်ကုမ္ပဏီရဲ့ အမည်နဲ့ကုမ္ပဏီပိုင်ရှင်၊ ဝန်ထမ်းများ၊ ဤကုမ္ပဏီနှင့် ပတ်သက်ဆက်နွယ်လျက်ရှိတဲ့ ပုဂ္ဂိုလ်များစသဖြင့် အားလုံးကို စိတ်ကမှန်းပြီး ခုနပြောသလို မေတ္တာပို့ပေးလို့ ရပါတယ်။ တစ်ခုတော့ရှိပါတယ်။ တစ်ခုခုကို လိုချင်လို့ မေတ္တာပို့တဲ့ သဘောသက်ရောက်ပေမယ့် မေတ္တာပို့တဲ့အခိုက်မှာတော့ စိတ်မှာ မျှော်လင့်ချက်အကင်းဆုံးနဲ့ တကယ်ချမ်းသာစေလိုတဲ့ စိတ်စေတနာ သက်သက်နဲ့ မေတ္တာပို့နိုင်အောင် ကြိုးစားသင့်ပါတယ်။ လိုချင်တာရှိလို့ မေတ္တာပို့ပေးတဲ့ သဘောဆိုရင်တော့ အကျိုးသက်ရောက်မှုက ထင်သလောက် မဖြစ်ပေါ်နိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် မေတ္တာပို့တဲ့အခိုက်မှာတော့ စိတ်ကိုအသန့်ရှင်းဆုံးထားပြီး အရိုးရှင်းဆုံးအာရုံပြုမှုနဲ့ ပို့သပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။ အဲဒီလို ဖြစ်ဖို့လည်း တိုက်တွန်းလိုပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ