Facebookက အမေးတစ်ပုဒ် (၃)

မေး။ အရှင်ဘုရား.. တပည့်တော် မေးလျှောက်စရာများရှိလို့ မေးပါရစေဘုရား။ ၀ါတွင်းကာလ နီးလာဘီဆိုတော့ အိမ်အပြောင်းအရွေ့များ အယူအဆအရ မလုပ်ကြရပါဘူးလို့ ဆိုတယ်ဘုရား၊ အကယ်၍ ပြောင်းရွေ့စရာများ ရှိရင်လည်း ၀ါမ၀င်ခင်ကထဲက စတိသဘော ပြောင်းထားရပါတယ်တဲ့။ ဒီလိုမှ မဟုတ်ရင်တော့ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ပေါ့ဘုရား။ တပည့်တော်များလည်း ဒါတွေကို လိုက်နာ ကျင့်သုံးလာတာလည်း ကြာလှပါဘီဘုရား။ ရေရေလည်လည် မသိဘဲ လိုက်နာကျင့်သုံးလာရတော့ တစ်ခါတစ်လေ အဓိပ္ပါယ်ကို တိတိကျကျမသိဘဲ။ ရည်ရွယ်ချက်ကို တိတိကျကျမသိဘဲ။ မျိုးရိုးစဉ်ဆက် ကျင့်သုံးလာလို့ ကျင့်သုံးနေရတယ်လို့ ဆိုလို့လည်း ရပါတယ်။ ယခုတော့ ဒီလိုအယူအဆတွေကို တကယ်ဘဲ လိုက်နာကျင့်သုံး သင့်သလားဆိုတာကို တွေးမိလာရ ပါတယ်။ တကယ်ကျင့်သုံးရမယ်ဆိုရင်လည်း ဘာကြောင့်ကျင့်သုံး သင့်သလဲဆိုတာကိုလည်း သိချင်လာ ပါတယ်။ အဲ့သည့်အတွက် ဘုရားဟောကျမ်းစာများတွင် ဖော်ပြပါဝင်ပါသလားဘုရား။ မေတ္တာရှေ့ထား၍ တပည့်တော်အား ဖြေကြားပေးပါဟု လျောက်ထားပါရစေဘုရား...။

လေးစားစွာဖြင့်...
ဗုဒ္ဓဟောကြား မြတ်တရား

ဖြေ။ မြန်မာနိုင်ငံမှာ ဝါတွင်းကာလနဲ့ ပတ်သက်တဲ့ အရိုးစွဲနေတဲ့ အမှားတွေ အများကြီးရှိပါတယ်။ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ အယူအဆ အမှားတွေဟာ ကြာတော့ဘုရားပဲ ဟောသလိုလို၊ ကျမ်းဂန်တွေမှာပဲ ပါသလိုလို ဖြစ်ကုန်တာတွေ အများကြီးပါပဲ။ ဒီအများကြီးတွေထဲက မေးခွန်းရှင်မေးထားသလို၊ ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ စတာတွေလည်းရှိသလို ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတာတွေတောင် ပါနေပါသေးတယ်။ ဒီအယူအဆတွေဟာ ဘုရားဟောထဲမှာ မပါတဲ့၊ ဘုရားဟောနဲ့ မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ်ပါတယ်။

ဝါတွင်းကာလမှာ အိမ်ပြောင်းရင်၊ အိမ်ရွှေ့ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေ၊ လောကဓာတ်ဆရာတွေရဲ့ ဟောပြောမှုတွေကြောင့် အခုနောက်ပိုင်းမှာ လူအတော်များများက ရက်ကောင်းရက်မြတ်ရွေးတာတို့၊ ဝါမဆိုခင်၊ ဒါမှမဟုတ် ဝါကျွတ်ပြီးမှ လုပ်တာတို့ စတာတွေ ဖြစ်လာကြတာ ဖြစ်နိုင်ပါတယ်။ ရှေးတုန်းကတော့ ရာသီဥတု အနေအထားအရ ဝါတွင်းဆိုတာ မိုးတွင်းကာလ ဖြစ်တဲ့အတွက် မိုးရွာနေတဲ့အချိန်မှာ အပြောင်းအရွှေ့လုပ်ရင် ပိုပြီးဒုက္ခများနိုင်တဲ့အတွက် ချောက်ချောက်သွေ့သွေ့ဖြစ်တဲ့ မိုးမကျခင်ကာလ ဒါမှမဟုတ် မိုးရာသီပြီးမှ လုပ်ကြတဲ့ အစဉ်အလာတွေ ရှိကြပါတယ်။ ဒါက ရာသီဥတု အခြေအနေကြောင့် ဖြစ်ပါတယ်။ ခုနောက်ပိုင်းတော့ ဗေဒင်ဆရာ၊ ယတြာဆရာ၊ နက္ခတ္တဆရာ စတဲ့လောကဓာတ် ဆရာတွေရဲ့ အာဘော်တွေ၊ ဒီလောကဓာတ် ဆရာတွေရဲ့ အယူအဆကို ယုံကြည်သူတွေကြောင့် ဝါတွင်းကာလ အိမ်မပြောင်းကောင်းတာတို့၊ အိမ်မရွှေ့ကောင်းတာတို့၊ အိမ်မဆောက်ကောင်းတာတို့၊ အိမ်ထောင် မပြုကောင်းတာတို့ စတာတွေ ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။ ဒီလိုခေတ်စားလာတာတွေဟာ ဘုရားဟောမှာပါလို့ လုပ်ကြတာတော့ မဟုတ်ကြပါဘူး။

ဗုဒ္ဓစာပေတွေမှာတော့ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ မလုပ်ကောင်းဘူး၊ ဘယ်အချိန်မှာ လုပ်ရမယ် စသဖြင့် ဟောထားတာ မရှိပါဘူး။ ဘယ်လိုမင်္ဂလာ၊ ဘယ်လိုနက္ခတ်တွေနဲ့ အညီမှ လုပ်ရမယ်ဆိုတာ မရှိပါဘူး။ ဒီလို နည်းတွေကိုလည်း ဘုရားမြတ်စွာက အားမပေးပါဘူး။ အဲ နက္ခတ်၊ မင်္ဂလာ စတဲ့အယူအဆတွေ သိပ်ပြင်းပြနေတယ်ဆိုရင်တော့ ကောင်းတဲ့အကျင့်ကို များများကျင့်ကြဖို့ပဲ မိန့်တော်မူပါတယ်။ ဒီစကားတော်ကို ပရိတ်ကြီး၊ ပုဗ္ဗဏှသုတ်မှာ လာတဲ့စကားတော်က အထင်းအရှား ဖြစ်စေပါတယ်။ အဲဒီသုတ်တော်မှာ ဘုရားရှင်က “ကောင်းမြတ်သောအကျင့်ကို ကျင့်နေသူများအဖို့ အမြဲတမ်း နက္ခတ်ကောင်းပါတယ်၊ အမြဲတမ်း ကျက်သရေမင်္ဂလာ ရှိပါတယ်၊ အမြဲတမ်း ကောင်းသော မိုးလင်းခြင်း ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အိပ်ရာထခြင်း ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အချိန်အခါ ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော ပူဇော်ခြင်း ဖြစ်ပါတယ်” လို့ ဟောကြားတော်မူထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

နောက် အိမ်အပြောင်းအရွှေ့ ပြုလုပ်ကြတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာ အထူးမိန့်တော် မူထားတာ မရှိပေမယ့် အိမ်သစ်တက်တဲ့အခါ၊ မြို့ရွာအသစ်တည်တဲ့ အခါတွေနဲ့ ပတ်သက်ပြီးတော့ မဟာပရိနိဗ္ဗာနသုတ်မှာ မိန့်တော်မူထားတဲ့ ဘုရားစကားတော် ရှိပါတယ်။ ဒီသုတ်တော်မှာ ဘုရားရှင်က “ပညာရှိသည် အကြင်အရပ်၌ အိမ်ရာဆောက်လုပ်နေထိုင်၏၊ ဤအရပ်၌ သီလရှိသော၊ ကိုယ်နှုတ်နှလုံး စောင့်သုံးသော၊ မြတ်သောအကျင့်ကို ကျင့်သောပုဂ္ဂိုလ်တို့ကို ဆွမ်းကျွေးပြီးလျှင် ထိုအရပ်၌ ရှိသောနတ်တို့အား အလှူ၏ အဖို့ကို အမျှဝေရာ၏၊ ဤသို့ အမျှပေးဝေလတ်သော် နတ်တို့သည် ပူဇော်ခံရသဖြင့် ထိုအမျှပေးဝေသူကို အတုန့်ပြန်၍ ပူဇော်ကုန်၏၊ မြတ်နိုးခံရသဖြင့်လည်း အတုန့်ပြန်၍ မြတ်နိုးကုန်၏၊ ထို့ကြောင့် မိခင်သည် ရယ်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ ထိုအမျှဝေသူကို စောင့်ရှောက်၏၊ နတ်တို့စောင့်ရှောက်ခံရသောသူသည် အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာတို့ကိုသာ တွေ့မြင်ရလေ၏” လို့ ဟောကြားတော်မူထားတာကို တွေ့ရပါတယ်။ ဒီစကားတော်အရ အိမ်အသစ်တက်တဲ့အခါ၊ နေရာအသစ် ပြောင်းတဲ့အခါမှာ အိမ်တက်အလှူစတာတွေ လုပ်ကြခြင်း ဖြစ်ပါတယ်။ ဒီလိုအလုပ်မျိုးကတော့ ဘုရားရှင်ရဲ့ တရားတော်နဲ့လည်း ညီညွတ်လှတဲ့အတွက် ကောင်းတဲ့အစဉ်အလာလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်အချိန်၊ ဘယ်ကာလမှာ ဘာမလုပ်ကောင်းဘူး ဆိုတာတွေကတော့ ဘုရားဟောနဲ့ မညီသလို၊ ကိုယ့်ရဲ့ ကံတရားတွေကို မယုံကြည်ကြလို့ပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ တကယ်လို့သာ အခါကာလတွေ ပြောကြကြေးဆိုရင် ဝါးတွင်းဝါပတွေ ရွေးစရာမလိုပါဘူး။ မကောင်းတာလုပ်တဲ့ သူတွေအတွက် အချိန်တိုင်းဟာ မကောင်းတာတွေ ဖြစ်နေမှာဖြစ်ပြီး ကောင်းတာလုပ်တဲ့သူတွေအတွက် အချိန်တိုင်းဟာ အကောင်းတွေပဲ ဖြစ်နေကြမှာ ဖြစ်ပါတယ်။ ဘယ်အချိန်အိမ်ပြောင်းပြောင်း ကိုယ်ကမကောင်းဘူးဆိုရင် မကောင်းတာတွေကို တွေ့ကြုံလာရမှာ ဖြစ်ပြီး ကိုယ်ကကောင်းနေမယ်ဆိုရင် ဝါတွင်းမှမဟုတ်ပါဘူး ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကောင်းနေကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဝါတွင်းကာလ၊ အိမ်မပြောင်းရ၊ အိမ်ထောင်မပြုရ စတဲ့အယူအဆတွေဟာ ဘုရားဟောအရ လုပ်ကြတာမဟုတ်ဘဲ၊ ရှေးရိုးစွဲအယူအဆတွေကြောင့်နဲ့ ခေတ်စားလာတဲ့ လောကဓာတ်ဆရာတွေရဲ့ အယူအဆတွေကြောင့် မလိုအပ်ဘဲ အယူသည်းလာကြတာ ဖြစ်ကြောင်း၊ ဘုရားဟောအနေနဲ့ကတော့ တကယ်လို့ နက္ခတ်၊ မင်္ဂလာတွေ ရွေးကြကြေးဆိုရင် ကောင်းတဲ့အကျင့်တွေ လုပ်နေခြင်းဟာ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ စတာတွေ ဖြစ်နေကြမှာ ဖြစ်ပြီး မကောင်းတဲ့ အလုပ်တွေ လုပ်နေတဲ့အချိန်ဟာ မကောင်းတဲ့ အတိတ်နိမိတ်တွေ ဖြစ်နေကြမှာ ဖြစ်ကြောင်း မှတ်သားကြရမှာ ဖြစ်ပြီး ဒီလို ဘယ်အချိန်၊ ဘယ်ကာလစတာတွေ ရွေးကြဖို့ထက် ဘယ်လိုမကောင်းမှုကို ဘယ်လိုရှောင်ကြဉ်ကြည့်ကြမယ်၊ ဘယ်လိုကောင်းမှုမျိုးကို ဘယ်လိုရှာပြီး လုပ်ကြမယ် စသဖြင့် ရွေးချယ်ခြင်းကသာ ဗုဒ္ဓအလိုတော်ကျ ဖြစ်ကြောင်း ဆိုလိုချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဝါတွင်းကာလ ဘာမလုပ်ရ၊ ညာမလုပ်ရ စတဲ့အယူအဆတွေဟာ အရိုးစွဲနေတဲ့ ရှေးအယူအဆများနဲ့ ဗေဒင်နက္ခတ် စတဲ့ လောကဓာတ်ဆရာတွေရဲ့ အယူအဆများသာ ဖြစ်ပြီး ဘုရားဟော အယူအဆ မဟုတ်တဲ့အပြင် ဘုရားဟောနဲ့လည်း မညီတဲ့အလုပ်များ ဖြစ်တဲ့အတွက် ဒီလိုအယူအဆတွေမှာ အာရုံမထားကြဘဲ တကယ်အလေးထားရမှာက မိမိတို့ရဲ့ လုပ်ရပ်များကိုသာ အလေးထားရမှာဖြစ်ကာ ကောင်းတဲ့အလုပ်၊ ကောင်းတဲ့အကျင့်များ လုပ်နေကြတဲ့ အချိန်တိုင်းဟာ ကောင်းတဲ့ ရက်ကောင်းရက်မြတ် အချိန်ကောင်းများပဲ ဖြစ်ပြီး မကောင်းတဲ့ အလုပ်များကို လုပ်နေတဲ့ အချိန်တွေဟာ မကောင်းတဲ့ နက္ခတ်၊ အမင်္ဂလာ အချိန်တွေသာ ဖြစ်တဲ့အတွက် ဝါတွင်းကာလ ဘာမလုပ်ရ၊ ညာမလုပ်ရ စတဲ့ အခြေအမြစ်မရှိတဲ့ အယူအဆတွေ လိုက်နေကြမယ့်အစား ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံး ဖြစ်အောင် နေကြည့်ကြဖို့ပဲ ဖြစ်ပါကြောင်း အမေးကြည့်၍ အဖြေညှိလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၃)...

ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာ ငါးကမ္ဘာ
ဗုဒ္ဓဘာသာ မြန်မာအများရဲ့ လွဲနေတတ်တဲ့ အလွဲတွေအကြောင်း စာတွေရေးပေးနေတာသိတော့ ဒကာတစ်ယောက်က “အရှင်ဘုရား တပည့်တော်တို့ မြန်မာတွေမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာမှာ အဲဒီလိုပဲ သတ်သေပြီး သေရတယ်ဆိုတာ ဟုတ်ပါသလားဘုရား၊ ဟုတ်တယ်ဆိုရင် တပည့်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ရဟန်းတစ်ပါးဟာ ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့လှီးပြီး သတ်သေသွားပေမယ့် အဲဒီအခိုက်မှာ ရဟန္တာ ဖြစ်သွားတယ်လို့လည်း ဖတ်ဖူးပါတယ်၊ ရဟန္တာဖြစ်သွားရင် နောင်ဘဝ မရှိတော့ဘူး မဟုတ်လားဘုရား၊ ဒါဆိုရင် ဒီအဖန်ငါးရာ ငါးကမ္ဘာခံရတဲ့ကိစ္စ တပည့်တော် ဘယ်လိုနားလည်ရမလဲ ဘုရား”လို့ မေးဖူးပါတယ်။ ဟုတ်ပါတယ်။ ဒီဒကာပြောမှပဲ ဘုန်းဘုန်းအတွေးထဲမှာ ဒီအဖန်ငါးရာငါးကမ္ဘာ ကိစ္စနဲ့ ပတ်သက်ပြီး လွဲနေတဲ့ မြန်မာတွေရဲ့ အလွဲကို တင်ပြပေးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာငါးကမ္ဘာအကြောင်းကို လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အခုလို တင်ပြဖြစ်တာ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီလို ကိုယ့်ကိုယ်ကို သတ်သေရင် နောင်ဘဝတွေမှာလည်း ဘဝပေါင်းငါးရာ တိုင်အောင် အခုလိုပဲ သတ်ပြီးသေရတယ်ဆိုတဲ့ အယူအဆဟာ အတော်ကိုလွဲနေတဲ့ အယူအဆ ဖြစ်ပါတယ်။ ဘုရားဟောမဟုတ်သလို ကျမ်းဂန်မှာပါတဲ့ အချက်လည်း မဟုတ်ပါဘူး။ ပိဋကတ်တော်မှာလာတဲ့ ဇာတ်တော်တစ်ခုတော့ ရှိပါတယ်။ အဲဒီဇာတ်တော်က ဧကနိပါတ် ၊ မတကဘတ္တဇာတ် ဖြစ်ပါတယ်။ ဒီဇာတ်တော်မှာ ဒိသာပါမောက္ခ ဆရာကြီးတစ်ဦးဟာ သေသူကို ရည်စူးပြီး ဆိတ်တစ်ကောင်းကို သတ်ဖို့ရေချိုးပေးချိန်မှာ အဲဒီဆိတ်ဟာ တစ်ပြိုင်တည်းမှာ ရယ်လည်းရယ်ပြီး ငိုလည်းငိုတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ဆရာကြီးက ဘာကြောင့်ရယ်လည်းရယ်၊ ငိုလည်းငိုတာလဲလို့ မေးတော့ ဆိတ်က “ကျွန်ုပ်လည်း အတိတ်ဘတစ်ခုမှာ အခုဆရာကြီးလိုပဲ ဆိတ်တစ်ကောင်ကို လည်ဖြတ်သတ်ခဲ့မိလို့ အဲဒီအကုသိုလ်ဝဋ်ကျွေးဟာ ဒီဘဝအထိ ဘဝပေါင်း (၄၉၉)ဘဝတိုင်တိုင် လည်ဖြတ်အသတ်ခံခဲ့ရကြောင်း၊ ဒီလိုဝဋ်ကျွေးကို နောက်တစ်ဘပဲ ခံပြီးရင် ကုန်ဆုံးတော့မှာ ဖြစ်တာကိုတွေးပြီး ဝမ်းသာလို့ ရယ်ခြင်းဖြစ်ကြောင်းနဲ့၊ ငိုတာကတော့ အခုအကျွန်ုပ်ကို သတ်မယ့်ဆရာကြီးလည်း ကျွန်ုပ်လိုပဲ ဘဝပေါင်းငါးရာ အသတ်ခံရတော့မှာပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ်မိတဲ့အတွက် ငိုခြင်းဖြစ်ကြောင်း” ပြောကြားလိုက်ပါတယ်။ ဒီတော့မှ ဆရာကြီးဟာ ကြောက်လန့်ပြီး ဆိတ်ကိုမသတ်တော့ဘဲ လွှတ်လိုက်ပါတယ်။ ဒါပေမယ့် အကုသိုလ်ဝဋ်ကျွေးရှိတဲ့ ဆိတ်ဟာတစ်နေရာမှာ မိုးကြိုးထိလွင့်လာတဲ့ ကျောက်ချက်ထိပြီး လည်ပင်းပြတ်ကာ သေသွားခဲ့ရပါတယ်။ ဝဋ်ကျွေးပါလာတော့ တစ်ဦးမသတ်လည်း တစ်ခုခုနဲ့ သေသွားရတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်လာ အကြောင်းအရာကိုကြည့်ရင် ဆိတ်ဟာအတိတ်ဘဝ လူဖြစ်စဉ်က ဆိတ်တစ်ကောင်ကို သတ်ခဲ့မိတဲ့ ဝဋ်ကျွေးကြောင့် ဘဝပေါင်းငါးရာတိုင်အောင် အသတ်ခံပြီး သေခဲ့ရတဲ့အဖြစ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို သတ်သေလို့ အဖန်ငါးရာ၊ ဘဝငါးရာ ခံရတာ မဟုတ်ဘဲ သူများကို သတ်မိတဲ့ အကုသိုလ် ဝဋ်ကျွေးကြောင့် ဘဝပေါင်းများစွာ အသတ်ခံရတဲ့ ဇာတ်တော်လာ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒီဇာတ်တော်လာ အကြောင်းကို နားစွန်နားဖျား ကြားမိရာက ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်ဆိုပြီး မြန်မာများ အမှတ်လွဲနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာအထိ အဲဒီလို ထပ်တူသတ်သေရမယ်ဆိုတဲ့ အယူအဆဟာ လွဲနေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒီလိုပြောတော့ ကိုယ့်ကိုယ်ကို သတ်သေတာ အဖန်းငါးရာ ငါးကမ္ဘာ ခံရတာမဟုတ်ဘူးဆိုပြီး စိတ်ညစ်ညစ်နဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း မလုပ်မိကြဖို့ လိုပါတယ်။ လူအတော်များများက မဟုတ်တာဆို သိပ်ပြီးအတုယူတတ်တာ ဆိုတော့ သူများသတ်သေတာတွေကြည့်ပြီး ကိုယ့်ကိုယ်သတ်သေမိမှာစိုးလို့ ပြောရတာပါ။ သေချာစဉ်းစားရမှာက အဲဒီလို စိတ်ညစ်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ရဲ့ သေခါနီး စိတ်အစဉ်ဟာ ဘယ်လိုမှ ကောင်းတဲ့စိတ်အတွေး မဖြစ်နိုင်တဲ့အတွက် ဒီစိတ်နဲ့ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်ဆိုရင် ကောင်းတဲ့ဘုံဘဝမှာ ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ သေခါနီးမှာဖြစ်တဲ့ စိတ်အစဉ်ဟာ နောက်ဘဝမှာ အရင်အကျိုးပေးတာ ဖြစ်တဲ့အတွက် သေခါနီးစိတ်အစဉ်ဟာ အထူးသတိပြုရမယ့် အချက်ဖြစ်ပါတယ်။

ဒီတော့ကား သတ်သေမှုနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ သူတပါးကို သတ်လိုက်တာမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် ဘဝငါးရာ အဖန်ငါးရာ အဲဒီလိုပဲ သတ်ပြီးသေရတယ်ဆိုတာ အခြေအမြစ်မရှိတဲ့ စကားပြစ်ကြောင်းနဲ့၊ သူတပါးကို ကိုယ်ကသတ်တာဆိုရင်တော့ သတ်တဲ့စိတ်စေတနာအတိုင်း ဒီအကုသိုလ်ဝဋ်ကျွေးကို ပြန်လည် ပေးဆပ်ရတတ်ပြီး အကုသိုလ်အပြစ် သိပ်ကြီးရင် ဘဝပေါင်း ငါးရာအထိတောင် ခံရတတ်ကြောင်း သတိပြုကြရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို သတ်သေမှုအပိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ခန္ဓာကိုယ်ကို ငြီးငွေ့လို့ သတ်လိုက်တဲ့ အပိုင်းမှာ အပြစ်မရှိပေမယ့် ဒေါသအလျောက် သတ်မိရင်တော့ အပြစ်ဖြစ်တတ်ပါတယ်။ အပြစ်ဖြစ်တတ်တယ်ဆိုတာ ခုနပြောသလို သေခါနီး စိတ်အစဉ်ဟာ မကောင်းနိုင်တဲ့အတွက် သေပြီးနောက် အပါယ်ဘုံဘဝတွေအထိ ရောက်စေနိုင်တာဖြစ်လို့ အပြစ်ဖြစ်တတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓလက်ထက်က ဝဂ္ဂလိ အမည်ရှိတဲ့ မထေရ်တစ်ပါးဟာ ခန္ဓာကိုယ်ကိုငြီးငွေ့ပြီး ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်တဲ့အတွက် ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့ဖြတ်ပြီး သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီမထေရ်ဟာ ဒီအခိုက်မှာ ဝေဒနာကို ရှုလိုက်တဲ့အတွက် ရဟန္တာဖြစ်သွားတယ်လို့ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် (၄၉)မှာ ဖော်ပြပါရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ဒီလိုသတ်သေလိုက်တဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာ ခံစရာမရှိတော့ဘူးဆိုတာ သတိပြုနိုင်မှာ ဖြစ်ပါတယ်။

ဆိုလိုတာက မြန်မာအများ အမှတ်မှားနေကြတဲ့ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ အဲဒီလိုပဲ သေရတယ်ဆိုတဲ့ အယူအဆဟာ လွဲနေတဲ့ အယူအဆဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို သတ်တဲ့ကံမဟုတ်ဘဲ သူများကို သတ်ခဲ့တဲ့ ပါဏာတိပါတ ကံမျိုးကသာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံ အကြီးအသေးကိုလိုက်ပြီး တစ်ခါတစ်လေ ဘဝပေါင်းငါးရာအထိ ပြန်လည် အသတ်ခံရတတ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ပါဏာတိပါတကံ မမြောက်တဲ့အတွက် ပါဏာတိပါတကံကို ကျူးလွန်တဲ့အပြစ်အတိုင်း ပြန်ခံရတာတွေ မရှိပေမယ့် လောကဓံကို မခံနိုင်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ဟာ အသေမကောင်းတဲ့အတွက် ဘဝကူးလည်း မကောင်းနိုင်တာဖြစ်လို့ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း လွဲနေတဲ့အလွဲတစ်ခု ဖြစ်ကြောင်း သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် လွဲနေကြတဲ့ အလွဲတွေထဲမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာအဲဒီလိုပဲ သတ်သေရတတ်တယ်ဆိုတဲ့ မြန်မာတွေရဲ့ အခြေအမြစ်မရှိတဲ့ အလွဲဟာလည်း နည်းနည်းလေးမဟုတ် အများကြီးကို လွဲနေတဲ့ အလွဲတစ်ခုသာ ဖြစ်တဲ့အတွက် ဒီလိုအလွဲမျိုးကို အစဉ်အဆက် အရိုးစွဲနေအောင် မလွဲမိကြဖို့နဲ့ တကယ်သတ်ချင်ရင် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကိလေသာတွေကိုသာ အပြီးသတ်နိုင်အောင် ကြိုးစားကြဖို့ အသိပေးတိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိဝင်ကာ ပြုပြင်နိုင်ဖို့ စေတနာထား မေတ္တာအားဖြင့် အသိစကား ပါးလိုက်ရပါတယ်။

Read more »

ဝိဘဇ္ဇဝါဒ နဲ့ Critical thinking…

ဝိဘဇ္ဇဝါဒဆိုတာ စိစစ်ဝေဖန် ပိုင်းခြားပြီး လက်ခံကျင့်သုံးတဲ့ အယူဝါဒဖြစ်ပြီး Critical thinking ဆိုတာကတော့ ဝေဖန်တွေးခေါ်တဲ့ သဘောမျိုးဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုကို ဘာမှစဉ်းစားဆင်ခြင် သုံးသပ်ခြင်းမရှိဘဲ လက်ခံတဲ့သဘောမျိုး မဟုတ်ဘဲ အကြောင်းနဲ့အကျိုး၊ အဆိုးနဲ့အကောင်း ချင့်ချိန်ပိုင်းခြားကာ သဘာဝကျတဲ့ အကောင်းမျိုးဆိုရင် လက်ခံပြီး သဘာဝမကျတဲ့ မမှန်တဲ့အရာမျိုးဆိုရင် လက်ခံခြင်း မပြုတဲ့ သဘောကို ဝိဘဇ္ဇလို့ ပြောလိုက ပြောနိုင်မှာဖြစ်ပြီး တစ်ယောက်ယောက် တစ်ခုခုနဲ့ ပတ်သက်ပြီး စိစစ်တဲ့သဘော၊ သုံးသပ်တဲ့သဘော၊ ထောက်ပြဝေဖန်တဲ့ သဘောနဲ့ ကြံစည် တွေးခေါ်ခြင်းမျိုးကိုတော့ Critical thinking အနေနဲ့ ပြောလိုက ပြောနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Critical thinkingရဲ့ တစ်ချို့အဖွင့်တွေက အပြစ်ရှာတဲ့ သဘောနဲ့ တွေးခေါ်ခြင်းမျိုးကို ညွန်းဆိုတာတွေ ရှိတဲ့အတွက် ဝိဘဇ္ဇဝါဒရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့တော့ ကွာခြားမှုတွေ ရှိနိုင်ပါတယ်။ ဝိဘဇ္ဇဝါဒဟာ အပြစ်ရှာတဲ့ သဘောမျိုးမဟုတ်ဘဲ အကြောင်းအကျိုး ဆက်စပ်မှုရှိမရှိ၊ ယုတ္တိကျမှု ရှိမရှိစတာတွေကိုသာ ဝေဖန်စိစစ်ခြင်းသဘော ဖြစ်တဲ့အတွက် ဉာဏ်နဲ့ယှဉ်တဲ့ ဝေဘန်စိစစ်မှုလို့ ဆိုမယ်ဆိုက ဆိုနိုင်မှာ ဖြစ်ပါတယ်။

တစ်လောက ဒကာတစ်ယောက်နဲ့ စကားပြောတော့ သူက Critical thinking အကြောင်းကို ပြောလာပါတယ်။ ပြီးတော့ သူက “တပည့်တော်အမြင် အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ ဒီCritical thinkingဟာ တကယ်တော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀) ကျော်လောက်ကတည်းက ဘုရားရှင်က ဖော်ထုတ်ထားပြီးသား ဖြစ်ပါတယ်၊ ကာလာမသူတို့သားတွေကို ဘုရားဟောတဲ့ အကြောင်းအရာတွေကိုကြည့်ရင် ဒီCritical thinkingရဲ့ သဘောတွေကို တွေ့ရမှာ ဖြစ်ပါတယ်၊ တပည့်တော် သေသေချာချာ မပြောတတ်ပေမယ့် ဒီခေတ်လူတွေ ပြောနေကြတဲ့ Critical thinking ဆိုတာ ဗုဒ္ဓဘုရားရှင် ထုတ်ဖော်ဟောကြားထားတဲ့ ကာလာမသုတ် တရားတော်လောက် မပြည့်စုံ၊ မထိမိဘူးလို့ ထင်ပါတယ်၊ တပည့်တော် ဒီကာလာမ သုတ်တော်ကို ဗိုလ်ချုပ်အောင်ဆန်းရေးတဲ့ စာတစ်ပုဒ်ကို ဖတ်ပြီးကတည်းက စိတ်ထဲမှာ စွဲစွဲမြဲမြဲ ဖြစ်နေမိတာ၊ ဒီအကြောင်း စာရေးချင်ပေမယ့် ဗုဒ္ဓစာပေအပိုင်းက သိပ်မပိုင်တော့ မရေးဖြစ်တာ၊ အရှင်ဘုရား ဒီအကြောင်းလေးကို ရေးပေးမယ်ဆိုရင် တော်တော်ကောင်းမှာပါဘုရား” စသဖြင့် ပြောလျှောက်လာပါတယ်။ ဘုန်းဘုန်းလည်း အဲဒီတုန်းက “အကြောင်း ညီညွတ်တဲ့အခါ ရေးတာပေါ့”လို့ ပြောပြီး မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့တာ ခုမှပဲ အကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ အဲဒီဒကာ ပြောသလိုပဲ ဒီလိုစိစစ်ဝေဖန်တဲ့ အတွေးအခေါ်မျိုး၊ ယုတ္တိကျတဲ့ အယူအဆမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကျော်လောက်ကတည်းက ဗုဒ္ဓဘုရား ထုတ်ဖော်ဟောကြားပြီးသား ဖြစ်ပါတယ်။ ဒါကို ကာလာမသုတ်ကို ဖတ်ဖူးတဲ့ ပညာရှင်အတော်များများက အသိအမှတ်ပြု လက်ခံပြီးသား ဖြစ်ပါတယ်။ ဝေဖန်ပိုင်းခြား စိစစ်ပြီးမှ လက်ခံကျင့်သုံးသင့်တဲ့ အယူဝါဒခေါ် ဝိဘဇ္ဇဝါဒကို ဘုရားရှင်ကိုယ်တော်တိုင်က လက်ခံကျင့်သုံး ဟောပြောဖြန့်ဝေခဲ့ခြင်း ဖြစ်ပါတယ်။ အရာရာကို မျက်စိမှိတ် ယုံကြည်လက်ခံတတ်တဲ့ မျက်ကန်းယုံကြည်မှုကို အားမပေးဘဲ အကြောင်းအကျိုး ရှိမရှိ၊ မှန်ကန်ပြီး ယုတ္တိကျမှု ရှိမရှိ စသဖြင့် စိစစ်ဝေဖန်ပိုင်းခြားကာ ကိုယ်ပိုင်အသိဉာဏ်နဲ့ယှဉ်ပြီး လက်ခံသင့်မခံသင့် စဉ်းစားချင့်ချိန်ဖို့အတွက် ဒီလိုဝိဘဇ္ဇဝါဒမျိုးကို ဘုရားရှင်က ထုတ်ဖော်ပြသပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်ကိုလည်း “ဗုဒ္ဓဟာ ကယ်တင်ရှင်မဟုတ်သလို ဖန်ဆင်းရှင်လည်း မဟုတ်ဘဲ နည်းပေးလမ်းပြပေးတဲ့ လမ်းညွန်အဖြစ်နဲ့ သတ္တဝါတွေကို အမှန်အမှား ခွဲခြားပြသပေးတဲ့ ဝိဘဇ္ဇဝါဒီပဲ”လို့ဆိုရင် ဒီစကားဟာ အလွန်လိုက်ဖက်တဲ့ စကားလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကလည်း ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလ အတွင်းမှာ ဟောကြားခဲ့တဲ့ တရားတော်တွေအရရယ်၊ ကာလာမသူတို့သားတွေကို ဟောကြားတော်မူတဲ့ ကေသမုတ္တိသုတ်လာ တရားတော်အရရယ်ကြောင့် ရဲရဲကြီးပြောရဲတာ ဖြစ်ပါတယ်။

ဘုရားရှင်ရဲ့ ဝိဘဇ္ဇ အယူအဆနဲ့ ပတ်သက်ပြီး ကာလာမသုတ်ခေါ် ကေသုမုတ္တိသုတ်ကိုကြည့်ရင် ဒီအဆိုကို ပိုပြီးထင်ဟပ်စေမှာ ဖြစ်ပါတယ်။ ဗုဒ္ဓလက်ထက်က ကေသမုတ္တိဆိုတဲ့ နိဂုံးရွာကြီး တစ်ရွာရှိပါတယ်။ အဲဒီရွာကြီးမှာ ကာလာမအမျိုးအနွယ်တွေ စုဝေးနေထိုင်ကြပါတယ်။ ဒါကြောင့် ဒီရွာကြီးကို ကေသမုတ္တိရွာ၊ ဒါမှမဟုတ် ကာလမရွာရယ်လို့ ခေါ်ကြခြင်း ဖြစ်ပါတယ်။ ဒီရွာဟာ မြို့ကြီးတွေရဲ့ အစပ်မှာ ရှိနေတဲ့အတွက် မြို့သွားတဲ့သူတိုင်းက ဖြတ်ကျော်ပြီး သွားကြရပါတယ်။ အဲဒီလို ကြားခံရွာကြီး ဖြစ်နေတဲ့အတွက်လည်း လူပေါင်းစုံ၊ အယူဝါဒပေါင်းစုံ၊ ဆရာပေါင်းစုံကလည်း ဒီရွာမှာ ဝင်ထွက်သွားလာနားခိုကာ ကိုယ်ပိုင် အယူအဆတွေကို ဟောပြောလေ့ရှိကြခြင်း ဖြစ်ပါတယ်။ ဟိုဆရာလာရင် တစ်မျိုးပြော၊ ဒီဆရာလာရင် တစ်မျိုးဟောပြီး အယူဝါဒ အမျိုးမျိုးကို နားကြားထားရတဲ့ ကာလာမ ရွာသူရွာသားတွေဟာ ဆရာအမျိုးမျိုးနဲ့ ဟောကြားချက် အမျိုးမျိုးကြောင့် ဘယ်အယူအဆကို လက်ခံပြီး ဘယ်အယူအဆက အမှန်ဆိုတာ ခွဲခြားဖို့ အတော်ကို ခက်ခဲနေကာ စိတ်မှာလည်း သို့လောသို့လော သံသယတွေပဲ တိုးပွားနေခဲ့တယ်လို့ ဆိုပါတယ်။

တစ်နေ့ မြတ်စွာဘုရားရှင်ဟာ အဲဒီကာလာမ ရွာကြီးကို ခရီးတစ်ထောက် ကြွရောက်တော်မူလာခဲ့ပါတယ်။ ဘုရားရှင်ရဲ့ ဂုဏ်သတင်းနဲ့ ဘုရားရှင် ကြွတော်မူလာတဲ့ အကြောင်းကိုကြားတော့ ကာလာမရွာသားများဟာ ဘုရားရှင်ထံ ချည်းကပ်ပြီး သူတို့ရဲ့ ခံစားချက်ကို လျှောက်ကြပါတယ်။ သူတို့က “အရှင်ဂေါတမ ကျွန်ုပ်တို့ နေထိုင်ရာအရပ်သို့ ရောက်လာသမျှသော ဘာသာရေး ခေါင်းဆောင်ဟူသမျှတို့သည် အချင်းကာလာမအနွယ်တို့ အယူဝါဒဟူသမျှတို့တွင် ငါတို့၏ အယူဝါဒသည်သာလျှင် အကောင်းဆုံးဖြစ်သည်ဟု ပြောလေ့ရှိကြသဖြင့် ကျွန်ုပ်တို့မှာ မည့်သည့်အယူဝါဒ အကျင့်အကြံဟာ ကောင်းကြောင်းကို မဆုံးဖြတ်နိုင်အောင် ဖြစ်နေကြရပါသည်ဘုရား”လို့ လျှောက်ထားတော်မူကြပါတယ်။ ဒီအခါမှာ မြတ်စွာဘုရားရှင်က ကိုယ်တော်မြတ်ရဲ့ အယူအဆ ဖြစ်တော်မူတဲ့ ဝိဘဇ္ဇဝါဒကို ရှင်းရှင်းလင်းလင်း မိန့်တော်မူလိုက်ပါတယ်။

ဗုဒ္ဓဘုရားရှင်က “အချင်းကာလာမတို့ သင်တို့သည် အယူဝါဒတစ်ခုကို
၁။ တဆင့်ကြားရုံမျှဖြင့် ဟုတ်ပြီ၊ မှန်ပြီဟု အမှန်မယူကြနှင့်၊
၂။ ဘိုးဘေးစဉ်ဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း အမှန်မယူကြနှင့်၊
၃။ ဤအရာသည် ဤသို့ဖြစ်သတဲ့ဟူသော ကောလဟလဖြင့်လည်း အမှန်မယူကြနှင့်၊
၎။ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်၊
၅။ မိမိကြံစည်ထားသောအကြံဖြစ်၍ ဟုတ်လှပြီဟူ၍လည်း အမှန်မယူကြနှင့်၊
၆။ သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကျ၍လည်း အမှန်မယူကြနှင့်၊
၇။ အထောက်အထားရှိသည်ဆို၍လည်း အမှန်မယူကြနှင့်၊
၈။ မိမိယူဆသည့် အယူအဆနှင့် အယူဝါဒခြင်း တူရုံမျှနှင့်လည်း အမှန်မယူကြနှင့်၊
၉။ မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း အမှန်မယူကြနှင့်၊
၁ဝ။ ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်၊

သင်တို့သည် မိမိတို့ကိုယ်တိုင် “ဤတရားတို့သည် အကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း၊ ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏”ဟု သိကြသောအခါ ထိုတရားတို့ကို ပယ်ကြကုန်လော့။ “ဤတရားတို့သည် ကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ ချီးမွမ်းအပ်သောတရားတို့တည်း၊ ဤတရားတို့နှင့် ပြည့်စုံလျှင်၊ ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ကုန်၏” ဟု သိကြသောအခါ ထိုတရားတို့ကို ကျင့်ကြံကြကုန်လော့” ဟူ၍ ဟောကြားတော်မူလိုက်ပါတယ်။ ဒီတော့မှ ကာလာမရွာသားတွေဟာ သံသယရှင်းသွားပြီး ဘယ်လိုအယူအဆကို လက်ခံယူဆသင့်တယ်ဆိုတာ သဘောပေါက် သိမြင်သွားခဲ့ကြပါတယ်။ (အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်၊ ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်)

ဒါက ကာလာမရွာသားများကို ဘုရားရှင်ဟောတော်မူခဲ့တဲ့ တရားတော် အစစ်အမှန်ပဲ ဖြစ်ပါတယ်။ ဒီဟောကြားချက်ကို ကြည့်မယ်ဆိုရင် မြတ်စွာဘုရားရှင်ရဲ့ ဝိဘဇ္ဇဝါဒနဲ့ ယုတ္တိကျမှုကို အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြတ်စွာဘုရားရှင်ရဲ့ အယူဝါဒရေးရာနဲ့ ပတ်သက်တဲ့ လွတ်လပ်ပွင့်လင်း၊ အမြင်ရှင်းကာ ဉာဏ်ပါသည့် သဘောကို ကောင်းကောင်းကြီး သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဘုရားရှင် မိန့်တော်မူတဲ့ စိစစ်ဝေဖန်ပိုင်းခြားစေတဲ့ သဘောတရားမှာ အရာရာကို အဆိုးဘက်က ရှုမြင်ကာ ဆီလိုအပေါက်ရှာပြီး ဝေဖန်မှုသဘောမျိုးမှ မဟုတ်ဘဲ ဉာဏ်နဲ့ယှဉ်တဲ့ ကြောင်းကျိုးသင့်ပြီး လက်တွေ့ဆန်တဲ့ စိစစ်ဝေဖန်မှု သဘောမျိုးဆိုတာ ရှင်းရှင်းလင်းလင်း နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်စားနေတဲ့ Critical thinkingရဲ့ သဘောက တစ်ခါတစ်လေ အပြစ်ရှာတဲ့ သဘောမျိုးနဲ့ တွေးခေါ်စေမှုမျိုး ဖြစ်နေပေမယ့် မြတ်ဗုဒ္ဓရဲ့ ဝိဘဇ္ဇဝါဒကတော့ ဒီသဘောမျိုးကိုရှောင်းပြီး ကိုယ်ကိုယ်တိုင် လက်တွေ့လုပ်ဆောင်စေကာ ကောင်းရင်၊ အပြစ်မရှိရင် လက်ခံလိုက်နာ ကျင့်သုံးပြီး၊ မကောင်းရင်၊ အပြစ်ရှိရင် လက်မခံဘဲ ပယ်ဖို့ လမ်းညွှန်ပေးမှု သက်သက်သာ ဖြစ်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗုဒ္ဓဘာသာရဲ့ အယူဝါဒ ရေးရာနဲ့ ပတ်သက်ပြီး “ဗုဒ္ဓရဲ့ အယူဝါဒတွေဟာ လွတ်လပ်ပြီး ဒီမိုကရေစီဆန်တယ်”လို့ ပညာရှင်များက ကောက်ချက်ချကြခြင်း ဖြစ်ပါတယ်။

ထားပါတော့။ ဒီမှာအဓိကပြောချင်တာက ဝိဘဇ္ဇဝါဒနဲ့ Critical thinkingအကြောင်းလေး နည်းနည်းပြောချင်တာ ဖြစ်ပါတယ်။ ဝိဘဇ္ဇဝါဒဟာ ဉာဏ်နဲ့ယှဉ်ကာ ယုတ္တိကျတဲ့ စိစစ်ဝေဖန်ပိုင်းခြားပြီး လက်ခံကျင့်သုံးတဲ့ ဝါဒဖြစ်ပြီး Critical thinking ကတော့ စိစစ်ပိုင်းခြားတဲ့ အတွေးအခေါ်ဆိုပေမယ့် တစ်ခါတရံမှာ အပြစ်ရှာတဲ့ ဝေဖန်တွေးခေါ်မှုမျိုးတွေ ပါဝင်နေတတ်တယ်ဆိုတာ ခွဲခြားသိစေချင်တာ ဖြစ်ပါတယ်။ Critical thinkingလို အတွေးအခေါ်မျိုး လိုအပ်ပေမယ့် ဉာဏ်နဲ့ယှဉ်တဲ့ Critical thinkingမျိုး ဖြစ်ဖို့လည်း လိုအပ်ကာ ဒီလိုအပ်ချက်အတွက် အပြည့်စုံဆုံး အယူဝါဒဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ဝိဘဇ္ဇဝါဒပဲဆိုတာ ထုတ်ဖော် ပြောကြားလိုတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုပွင့်လင်းပြီး ယုတ္တိကျကာ ဉာဏ်နဲ့ယှဉ်တဲ့ ဝေဖန်စိစစ်တဲ့ ဝိဘဇ္ဇဝါဒမျိုးကို လက်ခံကျင့်သုံးပြီး ကိုယ့်ရဲ့အယူဝါဒရေးရာမှာ အမှားမရှိရအောင် လိုက်နာကျင့်သုံးကြဖို့ အသိပေးတိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အယူဝါဒ အမျိုးမျိုးနဲ့ ဟောပြောမှုအမျိုးမျိုး၊ ဆရာအမျိုးမျိုး၊ ဂိုဏ်းအမျိုးမျိုး၊ တွေးခေါ်မှု အမျိုးမျိုးတွေ ရောယှက်ရှုတ်ထွေးလာတဲ့ ဒီလိုခေတ်ကာလကြီးမှာ အယူအမှား အတွေးအမှားကြောင့် ဘဝအမှားတွေ မဖြစ်ကြစေဖို့ ကိုယ်ယုံကြည်ကိုးကွယ် လက်ခံကျင့်သုံးတဲ့ အယူဝါဒဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ဝိဘဇ္ဇဝါဒလို မှတ်ကျောက်အတင်ခံနိုင်၊ စိစစ်ဝေဖန်ခံနိုင်တဲ့ အယူဝါဒ ဟုတ်မဟုတ် ကိုယ်ကိုယ်တိုင်ပဲ ဉာဏ်နဲ့ယှဉ်ကာ စိစစ်ဝေဖန်ပြီး လက်ခံကျင့်သုံးကြဖို့နဲ့ ဗုဒ္ဓဘာသာဝင်ဆိုရင်လည်း ဗုဒ္ဓအလိုတော်အတိုင်း ဝိဘဇ္ဇဝါဒီဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း ဝိဘဇ္ဇဝါဒနဲ့ Critical thinking အကြောင်း တစ်စေ့တစ်စောင်း လေ့လာတင်ပြလိုက်ရပါကြောင်း…။

မှတ်ချက်။ စာရေးဖို့ ကုန်ကြမ်းရှာပေးတဲ့သဘောနဲ့ Critical thinkingအကြောင်း ပြောဆိုဆွေးနွေးပေးခဲ့တဲ့ ဒကာတော်ကို အထူးကျေးဇူးတင်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ