တရွယ်ရွယ်မှာ သုတ်သင်ပါ…

“ မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။
ပညာရှိသည် အရွယ်သုံးပါးတို့တွင် တပါးပါးသော အရွယ်၌ (မိမိကိုယ်ကို) လုံ့လထုတ်ကာ သုတ်သင်ရာ၏။”

(ဂေါတမမြတ်စွာဘုရား)

သတ္တဝါတိုင်း သတ္တဝါတိုင်း အသက်ရှင် နေထိုင်သမျှ ကာလပတ်လုံး အရွယ်သုံးပါးကို ကျင်လည်ဖြတ်သန်း ကြရမည်သာ ဖြစ်ပါ၏။ ငယ်ရွယ်နုပျိုစဉ် ပထမအရွယ်၊ အလယ်အလတ်ဖြစ်သည့် ဒုတိယအရွယ်၊ အကြီးပိုင်းဖြစ်သည့် တတိယ အရွယ်ဟူ၍ အရွယ်သုံးမျိုး ရှိကြရာတွင် အကောင်းဆုံးအရွယ်၊ တန်ဘိုးအရှိဆုံးအရွယ်၊ အနှစ်သာရ အရှိဆုံးအရွယ်အဖြစ် မိမိဖြတ်သန်း ကျင်လည်ရာအရွယ်များမှ တရွယ်ရွယ်ကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ရန် လိုအပ်လှ၏။ အရွယ်သုံးပါးလုံး အကောင်းဆုံးများဖြင့် ဖြတ်သန်းကျင်လည် နိုင်ကြမည်ဆိုက ပြောဖွယ်မရှိ အလွန်ကောင်းနေမည် ဖြစ်သော်လည်း ထိုသို့ မကောင်းနိုင်ပါလျှင်ကား တရွယ်ရွယ် တချိန်ချိန်မျှဖြစ်ဖြစ် ကောင်းနေစေရန် ကြိုးစားသင့်ပေ၏။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ သက်တမ်းအရ ပထမအရွယ်ကို မွေးစမှ အသက် ၂၅နှစ်အရွယ်အထိ သတ်မှတ်ပြီး ၂၅နှစ်မှ ၅၀ အထိကို ဒုတိယအရွယ်ဟု သတ်မှတ်ကာ ၅၀မှ ၇၅အထိ သို့မဟုတ် ၅၀အထက်အသက်များကို တတိယအရွယ်ဟု သတ်မှတ်ကြ၏။ ထိုသတ်မှတ်ချက်နှင့်အညီ မြန်မာအများ ပြောဆိုကြသည့် ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာဟူသည့် အပြောအဆို အသုံးအနှုန်းများလည်း ရှိနေကြ၏။ ယေဘုယျ သတ်မှတ်ကြသည့် အရွယ်များနှင့် ယေဘုယျ ပြောဆိုကြသည့် စကားများဖြစ်သဖြင့် အထူးပြောဖွယ် မရှိသော်လည်း မျက်မှောက်ခေတ် လူတို့၏ အခြေအနေများနှင့် အရွယ်ပိုင်းခြားမှုများ၊ လုပ်ဆောင်ချက်များကား ပြောစရာ ဖြစ်လာပေ၏။ မည်သည့်အရွယ်တွင်မှ အကျိုးမရကြသူများ ရှိနေခြင်းကြောင့်လည်း တချိန်ချိန် တရွယ်ရွယ်တွင်ဖြင့် မိမိအကျိုး၊ အများအကျိုး တစ်မျိုးမျိုးကို ဆောင်ရွက်ကြရန် ပညာရှိ သူတော်ကောင်းများက တိုက်တွန်းကြခြင်း ဖြစ်၏။

ထို့အပြင် အရွယ်ဟူသည် ယေဘုယျ သတ်မှတ်ချက်ဖြစ်သော်လည်း ထိုသတ်မှတ်ချက် အရွယ်သို့ မရောက်မီ ပြောင်းလဲဖောက်ပြန်တတ်သည့် သဘောများ ရှိနေသဖြင့် လက်ရှိရောက်ရှိနေသည့် အရွယ်တွင် အကောင်းဆုံးဖြစ်အောင် ကျင့်သုံးနေထိုင်ကြရန် တိုက်တွန်းပြောဆိုကြခြင်းလည်း ဖြစ်ပေ၏။ မြန်မာအများ သတ်မှတ်ထားသကဲ့သို့ ပထမအရွယ်တွင် ပညာရှာရမည် ဖြစ်သဖြင့် ပညာပဲရှာနေမိရင်း ရုတ်တရက် တစ်ခုခု ဖြစ်သွားမည်ဆိုပါက၊ ဒုတိယအရွယ်တွင် ဥစ္စာရှာ ဆိုသည့်အတိုင်း ဥစ္စာပဲ ရှာနေရင်း တစ်ခုခု ဖြစ်သွားခဲ့ပါက၊ တတိယအရွယ်တွင် တရားရှာဆိုသဖြင့် တတိယအရွယ်သို့ ရောက်သည်အထိ တရားမရှာဘဲ နေလိုက်မိရင်း တတိယအရွယ်မတိုင်မီ တစ်ခုခု ဖြစ်သွားသည် ဆိုပါက မည်သို့မျှ မတတ်နိုင်၊ မည်သူမျှ မကယ်နိုင် ဖြစ်သွားမည်မှာ အမှန်ပင် ဖြစ်ပါ၏။ ထို့ကြောင့် အရွယ်သတ်မှတ်ချက်များ ရှိနေသော်လည်း ထိုသတ်မှတ်ချက်များ သည် အချိန်မရွေး ပြောင်းလဲဖောက်ပြန်တတ်သည့် သဘောရှိနေသဖြင့် ယခုလက်ရှိအချိန်နှင့် လက်ရှိ အရွယ်မှာသာ အကောင်းဆုံးဖြစ်အောင် မိမိကိုယ်ကို စောင့်ရှောက်ကြရမည် ဖြစ်ကြောင်းဆိုခြင်း ဖြစ်ပါ၏။

ထိုသို့ အရွယ်သုံးပါးတွင် တရွယ်ရွယ်၌ အချိန်မရွေး တစ်ခုခု ဖြစ်သွားနိုင်သဖြင့် ပညာရှိသူတော်ကောင်းများက ပထမအရွယ်တွင်လည်း ပညာရှာရင်း ကုသိုလ်ရှာကြရန်၊ ဒုတိယအရွယ်တွင်လည်း ဥစ္စာရှာရင်း ကုသိုလ်ရှာကြရန်၊ တတိယအရွယ်တွင်ကား တရားရှာရမည့် အရွယ်ဖြစ်သဖြင့် တစိုက်မတ်မတ် တရားကိုသာ ရှာကြရန် အထူးတိုက်တွန်းကြခြင်း ဖြစ်ပါ၏။ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး သေခြင်းတရားနှင့် ပြောင်းလဲဖောက်ပြန်မှု တရားများက လာနေနိုင်မည် ဖြစ်သဖြင့် လက်ရှိအချိန်သည်သာ အကောင်းဆုံး အချိန်အဖြစ် သတ်မှတ်ကာ ကုသိုလ်တရားများကို ရသမျှ ပြုလုပ်သွားကြရန် သတိပေးကြခြင်း ဖြစ်ပါ၏။

အကယ်၍ အခြေအနေအရ မကောင်းသည့်အလုပ်များဖြင့် လှုပ်ရှားရုန်းကန် နေခဲ့သည်များ ရှိပါကလည်း တစ်ချိန်ချိန် တရွယ်ရွယ်တွင် သတိဝင်ကာ ပြုပြင်နိုင်အောင် ကြိုးစားရမည် ဖြစ်ကြောင်း၊ ပြုပြင်လိုက်သည့် အချိန်၊ ပြုပြင်လိုက်နိုင်သည့် အရွယ်သည် နောက်ကျသည်ဟူသည် မရှိသဖြင့် အလျင်အမြန် သတိဝင်ကာ ပြုပြင်ကြရမှာ ဖြစ်ကြောင်း၊ ပထမအရွယ်တွင် မပြုပြင်နိုင်ပါက ဒုတိယအရွယ်၊ ဒုတိယအရွယ်တွင် မပြုပြင်နိုင်ပါကလည်း တတိယအရွယ် စသည်ဖြင့် အရွယ်သုံးမျိုးတွင် တရွယ်ရွယ်တွင်တော့ဖြင့် သတိပြုဆင်ခြင်ကာ သုတ်သင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ မိမိကိုယ်ကို အလျဉ်အမြန် သတိဝင်ကာ မကောင်းမှု အကုသိုလ် အလုပ်များမှ သုတ်သင်လိုက်နိုင်ခြင်းသည် မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်း ဖြစ်ကြောင်း ပညာရှိ သူတော်ကောင်းများက မိန်ကြားတော်မူခြင်း ဖြစ်ပါ၏။

ဗုဒ္ဓလက်ထက်က ဗောဓိကုမာရ အမည်ရသည့် မင်းသားတစ်ပါးရှိခဲ့၏။ ဗောဓိကုမာရသည် တစ်နေ့တွင် အကောင်းဆုံး လက်သမားဖြင့် အကောင်းဆုံး ပြဿာဒ်တစ်ခုကို ဆောက်လုပ်ကာ ပြဿာဒ်ပူဇော်ပွဲ တစ်ခုကို ပြုလုပ်လေ၏။ ထိုပြဿာဒ်ပူဇော်ပွဲသို့ ဘုရားအမှူးရှိသည့် သံဃာတော်များကိုလည်း ပင့်လျှောက်ထား၏။ အိမ်ထောင်ကျသည်မှာ ကြာပြီဖြစ်သော်လည်း သားသမီး မထွန်းကားသည့် ဗောဓိမင်းသားသည် အမျိုးမျိုးသော နည်းများဖြင့် သားသမီးရအောင် ကြိုးစားသော်လည်း မရနိုင်ဘဲရှိရကား ဤတစ်ကြိမ်တွင် ဘုရားရှင်ထံ အဓိဋ္ဌာန်ပြုလိုသဖြင့် ပြဿာဒ်ပေါ်သို့ ကြွရာလမ်းတွင် အကောင်းဆုံးအခင်းကိုခင်းလျက် ဘုရားအမှူးရှိသော သံဃာတော်များ မကြွမီကပင် “ဘုရားရှင်သည် ဤအခင်းပေါ်တွင်နင်း၍ ကြွပါက မိမိတို့အား သားသမီးရပါစေ”ဟု အဓိဋ္ဌာန်ပြု ဆုတောင်းထားလိုက်၏။ ဘုရားရှင်နှင့် သံဃာတော်များ ပြဿာဒ်ပေါ်သို့ ကြွရာအခင်းထိပ်သို့ ရောက်လာသည့်အခါ အရှေ့ဆုံးမှ ကြွတော်မူသည့် ဘုရားရှင်က အခင်းများကိုဖယ်လိုက်ရန် ဗောဓိမင်းသားအား မိန့်ကြားတော်မူ၏။ ဗောဓိမင်းသားကလည်း သူ့အကြံအတိုင်း အခင်းကို နင်း၍ ကြွတော်မူရန် လျှောက်ထားလေ၏။ ဗုဒ္ဓရှင်တော်မြတ်ကလည်း အခင်းကိုသာဖယ်ရန် မိန့်တော်မူ၏။ ဗုဒ္ဓက “ဗောဓိမင်းသားအနေဖြင့် မည်မျှပင် အဓိဋ္ဌာန်ပြု၍ သားသမီး ရအောင်ကြိုးစား အားထုတ်သော်လည်း ယခုဘဝတွင်ကား ရနိုင်ဖွယ် အကြောင်းမရှိကြောင်း၊ မင်းသားတို့ လင်မယားနှစ်ယောက်သည် အတိတ်က ပြုခဲ့သည့် မကောင်းမှု အကုသိုလ်ကံကြောင့် သားသမီး မရနိုင်ခြင်းဖြစ်ကြောင်း” စသည်ဖြင့် မိန့်တော်မူကာ ဗောဓိကုမာရ မင်းသား၏။ အတိတ်ဇာတ်ကြောင်းကို ဟောတော်မူလေ၏။

လွန်လေပြီးသော အတိတ်ဘဝတစ်ခုက လူအပေါင်းတို့သည် ကြီးစွာသော လှေသင်္ဘောကြီးဖြင့် သမုဒ္ဒရာသို့ ရွတ်လွှင့်သွားစဉ် ပင်လယ်ပြင်ထဲ၌ ထိုသင်္ဘောကြီး ပျက်ခဲ့လေ၏။ သင်္ဘောပေါ်ပါ လူအများတွင် ဇနီးမောင်နှံနှစ်ဦးသည် ကံကောင်းထောက်မစွာဖြင့် ပျဉ်ချပ်တစ်ခုကို ရရှိပြီး ထိုပျဉ်ချပ်အကူဖြင့် လက်ပစ်ကူးကာ အသက်လုရင်း နောက်ဆုံးတွင် ကျွန်းတစ်ကျွန်းသို့ ရောက်ရှိကာ အသက်ဘေးမှ ကင်းလွတ်သွားခဲ့ကြ၏။ ထိုဇနီးမောင်နှံသည် ကျွန်းပေါ်တွင် သွားလာလှုပ်ရှားရင်း စားသောက်စရာ မရှိသဖြင့် ငှက်ပေါင်းမြောက်များစွာ ဥထားသည့် ငှက်ဥများကိုသာ နှိုက်ယူဖုတ်ကင်ကာ စားသောက်ကြလေ၏။ ငှက်ဥများ မရှိသည့်အခါ ငှက်ငယ်လေးများအား ဖုတ်ကင်စားသောက်ကြ၏။ ထိုသို့ ငှက်ဥများ၊ ငှက်ကင်များကို စားသောက်လာ ကြသည်မှာ ကြာမြင့်လာခဲ့ပြီ ဖြစ်သဖြင့် ထိုဇနီးမောင်နှံ နှစ်ဦးတို့သည် အကုသိုလ်ကို အကုသိုလ်ဟုပင် မထင်ဘဲ ဖြစ်လာခဲ့၏။ ထိုဇနီးမောင်နှံသည် ပထမအရွယ်တွင်လည်း မိမိတို့၏ လုပ်ရပ်များကို မပြုပြင်မသုတ်သင်နိုင်၊ ဒုတိယအရွယ်တွင်လည်း သတိမဝင် မပြုပြင်ခဲ့၊ တတိယအရွယ်တွင်လည်း နောင်တမရ မေ့လျော့ကြကာ မကောင်းသည့် အလုပ်များဖြင့်သာ ဘဝနိဂုံး အဆုံးသတ်သွားခဲ့ကြ၏။ ထိုအကုသိုလ်၏ အပြစ်ကို ဘဝပေါင်းများစွာ ခံယူရင်း ယခုဗောဓိကုမာရ ဘဝတွင်လည်း ထိုအကုသိုလ်၏ အကျိုးဆက်အနေဖြင့် သားသမီး မရနိုင်ခြင်းဖြစ်၏။

မြတ်စွာဘုရားသည် ဗောဓိကုမာရ၏ သားသမီးမရနိုင်ခြင်းအကြောင်း အထက်ပါ အတိတ်ဇာတ်ကြောင်းကို ပြန်လည်ဟောကြားတော်မူရင်း “ မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။ ပညာရှိသည် အရွယ်သုံးပါးတို့တွင် တပါးပါးသော အရွယ်၌ (မိမိကိုယ်ကို) လုံ့လထုတ်ကာ သုတ်သင်ရာ၏ ” (ဓမ္မပဒ၊ အတ္တဝဂ်၊ ဗောဓိကုမာရဝတ္ထု) ဟူသော ဤတရားစကားတော်ကို မိန့်ကြားတော်မူ၏။ ဒေသနာတော်၏ အဆုံးတွင် ဗောဓိကုမာရသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်သွားလေ၏။

ဤကား အရွယ်သုံးပါး၌ တပါးပါးတွင် သုတ်သင်ရန်လိုကြောင်း မိန့်တော်မူသည့် ဘုရားရှင်၏ တရားစကား ဖြစ်ပေါ်ရာ နောက်ခံဇာတ်လမ်း တစ်စိပ်တဒေသပင် ဖြစ်ပါ၏။ ဤဒေသနာတော်တွင် ဗုဒ္ဓမြတ်စွာ မိန့်တော်မူသည်မှာ အရွယ်သုံးပါးတွင် တရွယ်ရွယ်၌ မိမိကိုယ်ကို ကောင်းစွာသုတ်သင်ရင်း ထိန်းသိမ်း စောင့်ရှောက်ကြရန် မိန့်တော်မူလိုရင်း ဖြစ်ပါ၏။ မှန်၏။ မိမိတို့သည် ပုထုဇဉ်များ ဖြစ်နေကြသဖြင့် အမှား မကင်းမိကြသော်လည်း ထိုအမှားကို တစ်သက်လုံး မှားမသွားမိကြရန် သတိပြုရမည် ဖြစ်ပါ၏။ သတိမပြုမိသဖြင့် မှားမိကြပါက ထိုအမှားအတွက် ပြန်လည်ပေးဆပ်ရမှုသည် အကြိမ်ပေါင်းများစွာ ဖြစ်နေကြမည် ဖြစ်ပါသောကြောင့် မိမိတို့၏ လုပ်ရပ်များကို သတိပြုဆင်ခြင်ကာ ပြုလုပ်ကြရန် ဖြစ်ပါ၏။

သေချာတွေးကြည့်ပါက အရွယ်ဟူသည် အချိန်တန်လျှင် ကျော်လွန်လာကြရမည် ဖြစ်သော်လည်း ထိုအရွယ်တွင် ဖြတ်သန်းစဉ်ကာလ လုပ်ဆောင်ခဲ့ကြသည့် လုပ်ရပ်များကား ကျော်သွား၍လည်း မရသကဲ့သို့ လွန်ထား၍လည်း ရမည်မဟုတ်နိုင်ပေ။ အရွယ်သုံးပါးတွင် ဖြတ်သန်းစဉ် လုပ်ဆောင်ခဲ့သည့် မိမိတို့၏ လုပ်ဆောင်ချက်များသည် ယခုဘဝ အရွယ်များ ကုန်ဆုံးသွားသော်လည်း နောက်နောက်ဘဝ အရွယ်များအထိ အစဉ်လိုက်ကာ အကျိုးပေးနေမည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကုသိုလ်အလုပ်ဖြစ်စေ၊ ကုသိုလ်အလုပ်ဖြစ်စေ စေတနာဖြင့် လုပ်ဖြစ်ခဲ့ပါက အကျိုးမပေးရသေးသမျှ မပျောက်ပျက်ဘဲ အခွင့်သာက အကျိုးပေးကြသည်သာ ဖြစ်ပါ၏။ အကျိုးမပေးနိုင်သည့် အဟောသိကံများ ရှိသော်လည်း ထိုကံများသည် အလွန်သေးငယ်သည့် ကံလေးများသာ ဖြစ်နေပြီး ယေဘုယျအားဖြင့် စေတနာနှင့် လုပ်ခဲ့သည် ကံများကား အရွယ်လွန်သည်အထိ အကျိုးပေးခွင့်ရှိက ပေးနေမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် အရွယ်ဟူသည် အရေးမကြီးသော်လည်း ထိုအရွယ်တွင် လုပ်ဆောင်ကြသည့် လုပ်ဆောင်ချက်များကား အရေးကြီးလှသဖြင့် အရွယ်သုံးပါး တပါးပါးဝယ် အမှားမဝယ် မိကြရန်လိုကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဆိုလိုသည်မှာ မွေးဖွားခြင်းရှိနေကြသည့် သတ္တဝါမှန်သမျှ သေဆုံးခြင်းလည်း ရှိနေကြမည့်အပြင် မွေးသေနှစ်ခုကြား ဖြတ်သန်းကြရသည့် အရွယ်များ၊ အချိန်များလည်း ရှိနေကြမည် ဖြစ်သဖြင့် ထိုဖြတ်သန်းကြသည့် အရွယ်များကို အထူးသတိပြုဆင်ခြင်ကာ ဖြစ်သန်းကြရမှာ ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ အရွယ်သုံးပါး ဖြတ်သန်းစဉ်ကာလတွင် တစ်စုံတစ်ခုသော အကြောင်းကြောင့် မကောင်းသည့် အလုပ်များဖြင့် ဖြတ်သန်းကျင်လည်ခဲ့ ရသည်ရှိသော် ထိုအကုသိုလ် အလုပ်များကို တစ်ရွယ်ရွယ်၊ တစ်ချိန်ချိန်တွင် မလုပ်ဘဲ ရှောင်ကြဉ်နိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း၊ မထူးပါဘူးဟူသည့်စိတ်ဖြင့် မထူးဇာတ် မခင်းကြဘဲ မလုပ်ဘဲ နေလိုက်နိုင်ချိန်သည် နောက်ကျသည့် အချိန်မဟုတ်သည်ကို သတိပြုကာ လက်ရှိအချိန်၊ လက်ရှိအရွယ်မှာ အကောင်းဆုံး ပြုပြင်နိုင်အောင် မိမိကိုယ်ကို သုတ်သင်ကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ မကောင်းမှုကို မလုပ်ဖြစ်အောင် သတိပြုဆင်ခြင် သုတ်သင်နိုင်လိုက်ခြင်းသည် မိမိကိုယ်ကို အကောင်းဆုံး စောင့်ရှောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်သဖြင့် အရွယ်သုံးပါးတွင် တပါးပါး၌ သုတ်သင်နိုင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အချုပ်အားဖြင့် တင်ပြလိုသည်မှာ “မည်သူမဆို လက်ရှိရောက်ရှိနေသည့် သက်တမ်းအရ အရွယ်သုံးပါးကို ရင်ဆိုင်ဖြတ်သန်း ကျော်လွှားကြရမည် ဖြစ်သဖြင့် မိမိတို့ ဖြတ်သန်းရမည့် အရွယ်တွင် အကောင်းဆုံးအလုပ်များ၊ အပြစ်ကင်းသည့် အလုပ်များ၊ အနှစ်ရှိသည့် အလုပ်များ၊ ကုသိုလ်အလုပ်များဖြင့် ဖြတ်သန်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ ထိုသို့ အရွယ်သုံးပါးလုံးတွင် အပြည့်အစုံ မလုပ်နိုင်သော်လည်း တရွယ်ရွယ်တွင် အကောင်းဆုံးဖြစ်အောင် အားထုတ်ကြရမှာ ဖြစ်ပါကြောင်း၊ သေချာသည်မှာ အရွယ်ဟူသည် အချိန်မရွေး ဖောက်ပြန်ပြောင်းလဲနိုင်သဖြင့် မည်သည့်အရွယ်တွင် မဆို ကုသိုလ်ကောင်းမှုများဖြင့် တွဲဖတ်ကျင်လည်နိုင်အောင် ဖြတ်သန်းကြခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါကြောင်း၊ မည်သည့်အရွယ်၊ မည်သည့်အချိန်ဟူသည် မည်သူမျှ အတိအကျ မသိနိုင်ဘဲ ယခုအချိန်သည်သာ တိကျသည့် အကောင်းဆုံး အချိန်ဖြစ်သဖြင့် ယခုလက်ရှိအချိန်တွင်သာ မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် အကောင်းဆုံး သုတ်သင်ကြရမှာ ဖြစ်ပါကြောင်း” စေတနာစကား မေတ္တာအားဖြင့် အသိပေးတင်ပြလိုက်ရပါသည်။

အားလုံး… မိမိကိုယ်ကို တရွယ်ရွယ်တွင် သုတ်သင်နိုင်ကြပါစေ…

Read more »

ဧည့်သည်…

“လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း…”


ကိုရီးယားဧည့်သည်များနှင့်အတူ မြန်မာပြည်အထက်ပိုင်း ခရီးထွက်စဉ်က စာရေးသူတို့ အဖွဲ့သည် မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး၏ မင်းကွန်းတောင်ရိုး၊ ဓမ္မနာဒ ကျောင်းတိုက်ကြီးသို့လည်း သွားရောက်ကာ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများအား ကြည့်ရှုလေ့လာ ကြည်ညိုဖြစ်ခဲ့၏။ ဆရာတော်ဘုရားကြီး၏ ကျောင်းတိုက်သို့ရောက်သည့်အခါ ဆရာတော်ကြီး သီတင်းသုံး နေထိုင်တော်မူသွားသည့် နေရာ၊ ဆရာတော်ဘုရားကြီး ရေးသားပူဇော်သွားသည့် စာပေများကို ကြည့်ရှုလေ့လာ ရှင်းလင်းပြောကြားပေးရင်း ဆရာတော်ကြီး၏ ဧည့်သည်အကြောင်း ရေးစပ်ထားသည့် အထက်ပါ ကဗျာလေးကို အထူးသတိထားမိခဲ့၏။ ယခင်ကတည်းက ရထားပြီး ဖြစ်သော်လည်း အမှတ်တမဲ့သာ ရှိခဲ့သည့် ထိုကဗျာလေးသည် ယခုတစ်ခါ ပြန်လည်ဖတ်မှတ်မိသည့် အချိန်တွင်ကား အနှစ်သာရရှိသည့် ကဗျာတစ်ပုဒ်အဖြစ် စိတ်ထဲတွင် စွဲထင်သွားခဲ့တော့၏။ အထပ်ထပ် ရွတ်ဖတ်ရင်း ဆိုလိုရင်း အဓိပ္ပါယ်ကိုပါ ကိုရီးယား ဧည့်သည်များအား ရှင်းပြပေးဖြစ်ခဲ့၏။ မြန်မာပြည်သို့ ဧည့်သည်အဖြစ် ရောက်ရှိလာခဲ့ကြသည့် ကိုရီးယား ဧည့်သည်များအား ဆရာတော်ကြီး ဆိုလိုသည့် ဧည့်သည်အကြောင်း ပြန်လည်ဟောကြားပေးဖြစ်ခဲ့၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် တရားပွဲကြွစဉ် ဝေါမြို့၊ အဗျားဗိုလ်တဲရွာရှိ နောင်တော်ကြီးတစ်ပါး၏ ကျောင်းသို့ ခေတ္တဝင်ကာ ဆွမ်းစားနေစဉ် ဆွမ်းစာကျောင်းတွင် ရေးသားချိတ်စွဲထားသည့် ဆရာတော်ကြီး၏ ဧည့်သည်အကြောင်း ကဗျာကို နောက်ထပ်တစ်ဖန် ဖတ်မှတ်ခဲ့ရပြန်ပါ၏။ နောင်တော်ကြီးက “ဧည့်သည်တိုင်း၏ လမ်းခရီး” ဟူသော ခေါင်းစဉ်ဖြင့် မင်းကွန်းဆရာတော် ဘုရားကြီး၏ သီးကုံးရေးသားမှုကို အောက်ပါအတိုင်း စုစည်းပူဇော်ထား၏။

လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ခဲ့။
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား။ ။

ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏။
ငါနေသည့်အိမ် ငါ၏အိမ်ဟု
ငါ့အိမ်မှာထား ငါ့မယားနှင့်
ငါ့လင်သားနှင့် ငါးသားသမီး
ငါ့ပစ္စည်းဟု ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့။
အမှန်မှာမူ
ငါလာသောခါ လက်ဗလာတည်း
ပြန်ရပါလျင် လက်ချည်းပင်တည်း
ငါ့တွင် ကိုယ်ပိုင်မရှိပါတကား။
လာသူလာလည်း လာစမ်းပါစေ မဆီးလေနှင့်
သွားသူသွားလည်း သွားစမ်းပါစေ မတားလေနှင့်
တို့တတွေမှာ သဘာဝလျှင် အမိရင်ဝယ်
ထွက်ဝင်ခိုနား ခရီးသွားသည့်
ဧည့်သည်တွေပါတကား…။ ။
(မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး)

ဆရာတော်ကြီး၏ အထက်ပါ ကဗျာများကို ဖတ်မှတ်ပြီး နောင်တော်ကြီးကျောင်းမှ အပြန်ခရီးတွင် ဟိုကြွဒီကြွဖြင့် ဧည့်သည်လာ ဧည့်သည်သွား ဖြစ်နေသည့် မိမိဘဝကိုမိမိ ပြန်လည်သတိပြု ဆင်ခြင်မိနေခဲ့၏။ ထို့အတူ သံဝေဂဉာဏ်လည်း ဖြစ်နေခဲ့၏။ အထူးသဖြင့် စာရေးသူ လျှောက်လှမ်းနေသည့် ဘဝတစ်လျှောက်တွင် တွေ့ကြုံခဲ့ရသည့် အခိုက်အတန့်ဆုံကာ ကွဲကွာသွားခဲ့ကြသည့် ဧည့်သည်များ အကြောင်းကိုလည်း သတိတရ ဖြစ်နေခဲ့ပြန်၏။ မခေါ်ဘဲနှင့်ရောက်လာပြီး မနှင်ဘဲနှင့် ပြန်သွားခဲ့ကြသည့် ဧည့်သည်များအကြောင်းကိုလည်း အတွေးနယ်ချဲ့နေမိ၏။

မှန်၏။ စာရေးသူ အပါအဝင် ပုထုဇဉ်သတ္တဝါမှန်သမျှ အားလုံးဧည့်သည်ချည်းသာ ဖြစ်ပါ၏။ အိမ်ပိုင်ယာပိုင်မရှိ ဟိုဟိုဒီဒီ ကျင်လည်နေကြရသည့် သတ္တဝါများ ဖြစ်သဖြင့် ဧည့်သည်လာ၊ ဧည်သည်သွား အဖြစ်နှင့်သာ အချိန်ကုန်နေကြရ၏။ ထိုသို့ ဧည့်သည်အဖြစ်နှင့် ဟိုဟိုဒီဒီ အတည်တကျမရှိ ဖြစ်နေသဖြင့်လည်း တစ်ခါတရံ အိမ်ကောင်းများတွင် လည်ပတ်ခဲ့ရသည်များ ရှိခဲ့ကြသကဲ့သို့ တစ်ခါတရံ အိမ်စုတ်များတွင် နေခဲ့ရသည်များလည်း ရှိခဲ့ကြ၏။ တစ်ခါတရံ အိမ်ရှင်ကောင်းများနှင့် ကြုံခဲ့ရသကဲ့သို့ တစ်ခါတရံ အိမ်ရှင်ဆိုးများနှင့်လည်း ကြုံခဲ့ကြ၏။ မည်သို့သော အခြေအနေမျိုးတွင် ရှိခဲ့ပါစေ ဧည့်သည်များ ဖြစ်နေသဖြင့် အချိန်တန်လျင် အိမ်ပြန်ခဲ့ကြရသည်သာ ဖြစ်ပါ၏။ ဧည့်သည်အဖြစ်ဖြင့် သွားရောက်လည်ပတ်စဉ် ကြုံတွေ့ခဲ့ရသည့် သံယောဇဉ် မှန်သမျှသည်လည်း အချိန်တန်သည့်အခါ ချန်ခဲ့ကြရသည်သာ ဖြစ်ပါ၏။ ဧည်သည်များ ဖြစ်နေသမျှ အချိန်တန်လျင် အိမ်ပြန်ကြရမည်မှာ ဓမ္မတာပင် ဖြစ်ပါ၏။ သို့သော် မိမိပြန်မည့်အိမ်သည် မည်သို့သော အိမ်ဖြစ်မည် ဆိုသည်ကိုကား မိမိကိုယ်တိုင်မှတပါး၊ မိမိ၏ တည်ဆောက်မှုများမှတပါး၊ မိမိ၏ ဖန်တီးမှုများမှတပါး အခြားမရှိသည်သာ ဖြစ်ပါ၏။

ဤကား ခေတ်စကားနှင့် ပြောသည့် ဧည့်သည်အကြောင်းပင် ဖြစ်ပါ၏။ ဓမ္မစကားဖြင့် ပြောလျှင်ကား အရိယာ မဖြစ်သေးသည့် ပုထုဇဉ်များသည် သံသရာ ခရီးသွားနေကြသည့် ဧည့်သည်များ ဖြစ်နေပြီး ထိုဧည်သည်များ၏ အိမ်ဟူသည်ကား (၃၁) ဘုံ၊ တစ်နည်းအားဖြင့် သွားရာဂတိ (၅)မျိုးသာ ဖြစ်နေပါ၏။ သံသရာခရီး သွားနေကြသည့် ခရီးသွား ဧည့်သည်မှန်သမျှ အချိန်တန် အိမ်ပြန်ကြသည့်အခါ လူတို့နေရာ ဘုံဌာနခေါ် လူ့အိမ်၊ နတ်တို့စံရာ ဘုံဌာနခေါ် နတ်အိမ်၊ တိရစ္ဆာန်တို့သွားရာ ဘုံဌာနခေါ် တိရစ္ဆာန်အိမ်၊ ပြိတ္တာတို့ ကျင်လည်ရာ ဘုံဌာနခေါ် ပြိတ္တာအိပ်နှင့် ငရဲသားများ ခံစားရာဘုံဌာနခေါ် ငရဲအိမ်ဟူသည့် အိမ်များသို့သာ ပြန်ကြရမည် ဖြစ်ပါ၏။ ထိုအိမ်ငါးမျိုးတွင် လူ့အိမ်နှင့် နတ်အိမ်တို့သည် အိမ်ကောင်းများဟု ဆိုနိုင်ပြီး တိရစ္ဆာန်အိမ်၊ ပြိတ္တာအိမ်၊ ငရဲအိမ်တို့ကား အိမ်ဆိုးများဟု ဆိုရမည်သာ ဖြစ်ပါ၏။ မည်သို့ပင် အိမ်ဆိုးအိမ်ကောင်း ကွဲပြားနေသော်လည်း သံသရာခရီးသွား ဧည့်သည်များသည်ကား အချိန်တန်လျင် မိမိတို့ ဖန်တီးတည်ဆောက်ထားသည့် အတိုင်းသာ မိမိတို့နှင့်သင့်လျော်သည့် မိမိတို့အိမ်သို့သာ ပြန်ကြရမည် ဖြစ်ပါ၏။

သို့ဆိုလျင် သံသရာ ခရီးသွား ဧည့်သည်များအဖို့ အိမ်ပြန်သည့်အခါ မည်သည့်အိမ်သို့သွား၍ မည်သည့်အရာကို ယူဆောင်သွားမည်နည်းဟူသည့် အချက်ကို စဉ်းစားဖွယ် လိုအပ်လာပေ၏။ နောင်ထပ်လယ်စရာ အိမ်မရှိအောင် ယခုလက်ရှိ ဧည့်သည်အဖြစ် နေရသည့်အဖြစ်ကို အဆုံးသတ်ထားနိုင်လျင်ကား အိမ်ဆိုးအိမ်ကောင်း ရွေးစရာမလိုဘဲ အိမ်လယ်ရသည့် အလုပ်မှ ကင်းလွတ်သွားမည် ဖြစ်သော်လည်း ထိုသို့မလုပ်နိုင်သည့် ဧည့်သည်တစ်ယောက်အဖြစ်သာ နေထိုင်သွားမည်ဆိုပါက မကောင်းသည့် အိမ်များသို့လည်း သွားရောက်နေရမည် ဖြစ်ပါ၏။ ထို့ကြောင့် အိမ်စဉ်လှည့်လည် နေရသည့် ဧည့်သည်အဖြစ်မှ ကင်းလွတ်စေရန် အိမ်ပိုင်ယာပိုင်လေးရှိထားရန် လိုအပ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။ သံသရာခရီးသွား ဧည့်သည်အဖြစ်မှ ကုသိုလ်ကောင်းမှုများဖြင့် တည်ဆောက်ထားသည့် ကိုယ်ပိုင်အိပ်ပိုင်ရှင်၊ သစ္စာဉာဏ်ဖြင့် အရယူထားသည့် တည်မြဲသည့် သွားရာဂတိပိုင်ရှင်များအဖြစ် ယခုလက်ရှိအချိန်ကို အသုံးချကာ ကြိုးစားတည်ဆောက် ထားသင့်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

သို့သော် ပုထုဇဉ်သတ္တဝါတို့သည်ကား ဧည့်သည်အဖြစ် နေနေရသည့် မိမိတို့၏ ဘဝအမှန်ကို မေ့လျော့ကာ ငါဟူသော အတ္တများကြောင့် ခဏတာဘဝတွင် အစအရာ မကစွာဖြင့် ချစ်ကြမုန်းကြဖြစ်ကာ မလိုသည့်အခါ ဒေါသဖြစ်လိုက်၊ လိုသည့်အခါ လောဘဖြစ်လိုက်ဖြင့် ဧည့်သည်အဖြစ်မှ ရုန်းမထွက်နိုင်ဘဲ တစ်အိမ်မှတစ်အိမ်သို့ ကူးပြောင်းလို့သာ နေနေကြပေ၏။ ဧည့်သည်အဖြစ်ဖြင့် ခဏတာ ရောက်လာခဲ့သည့် မိမိတို့၏ အဖြစ်ကို မေ့လျော့ကာ ငါ့သား၊ ငါးသမီး၊ ငါ့ဇနီး၊ ငါ့ဥစ္စာ စသည်များ အပေါ်တွင်သာ အကျေနပ်ကြီး ကျေနပ်နေလေ ကြတော့၏။ အမှန်အားဖြင့် မိမိကိုယ်တိုင် ဧည့်သည်အဖြစ် ရောက်လာခဲ့စဉ်ကပင် ဘယ်ကလာ၍ ဘယ်အိမ်တွင် နားရမည်ကို မသိနိုင်သည့်အပြင် ရောက်လာချိန်ကတည်းကလည်း မည်သည့်အရာမျှ ပါလာခဲ့သည် မဟုတ်သည်မှာ သတိပြုရမည့် အချက်ပင်ဖြစ်၏။

ထို့အတူ ဧည့်သည်လုပ်ရင်း အချိန်တန် အိမ်ပြန်သွားသည့် အခါတွင်လည်း ကုသိုလ်ကောင်းမှုမှလွဲ၍ ဘာတစ်ခုမျှ ယူဆောင်မသွားနိုင် ကြသည်ကို အထူးသတိ ပြုသင့်ပေ၏။ အကောင်းဆုံးကား ယခုလက်ရှိ အချိန်မှာပင် ဟိုအိမ်ဒီအိမ် လယ်နေရသည့် သံသရာ ခရီးသွား ဧည့်သည်များအဖြစ်မှ ရုန်းထွက်ကာ တစ်ယောက်တည်းလာ တစ်ယောက်တည်း သွားမှုများကင်းရာ သံသရာအဆုံးဖြစ်သည့် နိဗ္ဗာန်သို့သာ အရောက်သွားနိုင်ရန် ကြိုးစားသင့်လှပေ၏။ သို့မဟုတ်လည်း လားရာဂတိ မြဲမြံသွားသည့် အရိယာအဖြစ်သို့ရောက်အောင် ကြိုးစားလိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။

ထို့ကြောင့် အချုပ်အားဖြင့် လက်ချည်းဗလာ လာခဲ့ရပြီး လက်ချည်းဗလာ ပြန်သွားရမည့် ဧည့်သည်အဖြစ်ဖြင့် ရောက်ရှိနေသည့် မိမိတို့၏ လက်ရှိဧည့်သည်ဘဝကို အဆုံးသတ်ကာ လားရာဂတိ အမှန်ရှိသည့် အိမ်ပိုင်ယာပိုင် အိမ်ရှင်များအဖြစ် ကုသိုလ်တရား ကြိုးစားပွားရင်း သုဂတိဘဝမှသည် နိဗ္ဗာန်အထိ အရောက်လှမ်းနိုင်စေရန် အချိန်ရှိခိုက် လုံ့လစိုက်ကြပါဟု စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပေတော့၏။

Read more »

သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိ…

ဘုန်းဘုန်းတို့ ကမ္ဘာအေး သာသနာ့တက္ကသိုလ်မှာ အဆောင်မှူးအဖြစ်နဲ့ တာဝန်ထမ်းနေတုန်းက နှစ်စဉ် သင်တန်းသား အသစ်များ အဆောင်ကို ရောက်လာတိုင်း ဘုန်းဘုန်းအနေနဲ့ ရှောင်ရန်ဆောင်ရန်လေးများကို ပြောဆိုဆုံးမပေးလေ့ ရှိခဲ့ဖူးပါတယ်။ အဲဒီလို ဆုံးမတဲ့အခါတိုင်း သင်တန်းသားများကို အမြဲပြောလေ့ရှိတဲ့ စကားလေးကတော့ “အရှင်ဘုရားတို့ အနေနဲ့ အထူးသတိပြုသင့်တာက ရောက်ခါစမှာ သူများတွေလုပ်တာကို လိုက်လုပ်ရင်း ဘာမသိ ညာမသိနဲ့ အမှားတွေနောက်ကို လိုက်မလုပ်ဖို့လိုကြောင်း၊ အဲဒီလို လိုက်လုပ်တဲ့အခါ အထိုင်ကျပြီး ကျွမ်းကျင်နေတဲ့ သူတွေအတွက် ဘာမှမဖြစ်နိုင်ပေမယ့် အသစ်ရောက်လာတဲ့ အရှင်ဘုရားတို့မှာတော့ ကျွမ်းကျင်မှု မရှိဘဲ အမှားတွေ တွေ့တတ်ကြောင်း၊ သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိ ဖြစ်တတ်ကြောင်း၊ ဒါကြောင့် ဘာပဲလုပ်လုပ် အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး လုပ်သင့်မလုပ်သင့် စဉ်းစားဆင်ခြင် လုပ်ကိုင်သင့်ကြောင်း” စသဖြင့် ပြောဆိုဖူးပါတယ်။ အထူးသဖြင့် “သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိ” ဆိုတာနဲ့ ပတ်သက်ပြီး အချိန်ယူကာ သတိပေး ပြောဆိုဖြစ်ခဲ့ပါတယ်။

အမောင်တောင်မှန်း မြောက်မှန်းမသိဆိုတဲ့ ဒီစကားလေးကို အခုအချိန်မှာလည်း ကြုံရင်ကြုံသလို ခိုင်းနှိုင်းပြောဆို နေရတုန်းပါပဲ။ အခုခေတ် လူငယ်အတော် များများရဲ့ တောင်မှန်းမြောက်မှန်း မသိတဲ့ အဖြစ်အပျက်လေးတွေကလည်း ပိုပိုများလားနေတော့ ပိုလို့တောင် ပြောဆိုသုံးနှုန်း ဖြစ်နေပါသေးတယ်။ ဒီနှစ်ဘုန်းဘုန်းတို့ မြန်မာပြည် ပြန်ကြွသွားတုန်းကတောင် အမောင်တောင်မှန်း မြောက်မှန်းမသိသူလေးတွေနဲ့ တွေ့ခဲ့ရလို့ ပြောဆိုပြုပြင်ပေးခဲ့ ရပါသေးတယ်။

မြန်မာပြည်မှာရှိခိုက် မုဒုံကို တရားဟောဖို့သွားရင်း နောင်တော်ကြီးတစ်ပါးရဲ့ ကျောင်းမှာခဏ နားကာ နေ့ဆွမ်းစားခဲ့ရပါတယ်။ အဲဒီတုန်းက ဆွမ်းဝိုင်းအနားမှာ ယပ်ခပ်ပေးနေတဲ့ ကိုရင်လူထွက် ကျောင်းသားလေး တစ်ယောက်ကို ကြည့်လိုက်တော့ လည်ပင်းမှာ လက်ဝါးကပ်တိုင် ဆွဲကြိုးကို ဆွဲထားတာ တွေ့လိုက်ရလို့ သူ့ကို ဘယ်သူပေးတာလဲလို့ မေးလိုက်တော့ “လမ်းမှာတွေ့လို့ ဝယ်ပြီးဆွဲထားတာ”လို့ ဖြေပါတယ်။ ဘာအဓိပ္ပါယ်လဲဆိုတာကော သိလားလို့ မေးတော့ “မသိပါဘုရား မင်းသားမင်းသမီးတွေ ဆွဲထားတာတွေ့လို့ ဆွဲတာပါ”လို့ ဖြေပါတယ်။ ဒါနဲ့သူ့ကို အဲဒီလက်ဝါးကပ်တိုင် ဆွဲကြိုးနဲ့ပတ်သက်ပြီး လက်ဝါးကပ်တိုင်ရဲ့ အဓိပ္ပါယ်ကို ပြောပြခဲ့ရပါသေးတယ်။ အဲဒီလို ရှင်းပြတော့လည်း သူတို့လေးတွေ ကောင်းကောင်း သဘောပေါက်သွားပြီး ချက်ချင်းဖြုတ်ပစ်လိုက်ကြပါတယ်။

တစ်ခါကလည်း ကျောင်းမှာဧည့်သည်နဲ့ စကားပြောနေတုန်း နယ်ကဧည့်သည်တွေ ရောက်လာကြပါတယ်။ မလေးရှားကို သွားပြီးအလုပ်လုပ်မယ့် ကလေးတစ်ယောက်ကို လိုက်ပို့ကြတာပါဆိုပြီး ကျောင်းကို ရောက်လာကြတာ မိသားစုလိုက်ပါပဲ။ အလုပ်သွားလုပ်မယ့် ကောင်းလေးရဲ့ သူငယ်ချင်းလေးတွေလည်း ပါပါတယ်။ ကျောင်းရောက်ဘုန်းကြီးကို ရှိခိုးနေတဲ့အချိန် သတိထားကြည့်မိလိုက်တော့ အတူပါလာတဲ့ အသက်၂၀အရွယ် ကောင်းလေးတစ်ယောက်ရဲ့ လည်ပင်းမှာဆွဲထားတဲ့ လက်ဝါးကပ်တိုင် ဆွဲကြိုးကို အထင်သား မြင်တွေ့လိုက်ရပါတယ်။ ကြည့်လိုက်တော့ အဲဒီကောင်လေးက ဘုရားနဲ့ ဘုန်းကြီးကို ရှိခိုးနေတာ ဝပ်နေတာပါပဲ။ ဘုရားမရှိခိုး၊ ဘုန်းကြီးမရှိခိုးပဲ ဒီအတိုင်း ထိုင်နေတာဆိုရင်တော့ ဒီကလေး ခရစ်ယာန်ဘာသာဝင် ဖြစ်နိုင်တာမို့ ဘာမှပြောစရာ မရှိပေမယ့် ဗုဒ္ဓဘာသာဝင် ကလေးတစ်ယောက်က ဒီလို လက်ဝါးကပ်တိုင်ဆွဲကြိုးကြီးနဲ့ ဘုန်းကြီးကျောင်းမှာ ရှိနေတာကိုတော့ ပြောပြပေးဖို့ လိုအပ်လာပါတယ်။ ဒါနဲ့ အဲဒီကလေးကို မင်းလည်ပင်းက ဆွဲကြိုးကြီးက ဘယ်ကရတာလဲလို့ မေးတော့ သူများပေးထားတာတဲ့။ သူလည်း လှလို့ဆိုပြီး ဆွဲထားတာလို့ ဆိုပါတယ်။ အဲဒီဆွဲကြိုးမှာပါတဲ့ လက်ဝါးကပ်တိုင်က ဘာအဓိပ္ပါယ်ဆိုတာရော သိလားလို့ မေးတော့ မသိတဲ့အကြောင်း ပြောလာတဲ့အတွက် အဲဒီကလေးကိုလည်း ရှင်းပြခဲ့ရပါသေးတယ်။ ဒီကောင်းလေးလည်း ခုနလိုပဲ တမင်တကာ ဆွဲနေတာတော့ မဟုတ်ပါဘူး။ သူများဆွဲတာတွေ့လို့ ဆွဲတဲ့သဘောပဲ ဖြစ်ပါတယ်။

နောက်အဖြစ်လေးတစ်ခုက ကိုရီးယားမှာ ဖြစ်ပါတယ်။ အလွန်ရင်းနှီးတဲ့ ဒကာလေးတစ်ယောက်ရဲ့ အဖြစ်ပါ။ သူက တရားမဝင် အလုပ်သမားဘဝနဲ့ အလုပ်လုပ်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ ဘုန်းဘုန်းလည်း ကိစ္စရှိလို့ တစ်နေရာကို ကြွနေတုန်း ဘူတာရုံအရှေ့မှာ သူ့ကို တွေ့လိုက်ရပါတယ်။ တွေ့တွေ့ချင်း သူ့လည်ပင်းမှာ ဆွဲထားတဲ့ လက်ဝါးကပ်တိုင် ဆွဲကြိုးလေးကို သတိထားမိလိုက်ပါတယ်။ ဒါနဲ့ “ဟေ့ မင်းကဘာလို့ ဒီဆွဲကြိုးကို ဆွဲထားရတာလဲ…၊ မင်းလိုဘာသာတရား ကိုင်းရှိုင်းပြီး ရဟန်းတော်များနဲ့ တရင်းတနှီး ရှိနေတဲ့သူတစ်ယောက်က ပိုလို့တောင် မဆွဲသင့်ဘူး” စသဖြင့် ပြောဆိုပြုပြင်ကာ ဘာလို့ဒါကို ဆွဲထားရတာလဲလို့ မေးတော့ “ ဒီနိုင်ငံမှာက ခရစ်ယာန် သာသနာပြုတွေ၊ လက်ကမ်းစာစောင် ဝေတဲ့သူတွေက ဟိုနားလည်းတွေ့ရ၊ ဒီနားလည်း တွေ့နေရပြီး မြေအောက်ရထားတွေဆိုလည်း ကောင်းကောင်းကို မစီးရကြောင်း၊ အခုလို ဒါလေး ဆွဲထားတာတွေ့တော့ သူတို့တွေက ခရစ်ယာန် တစ်ယောက်လို့ထင်ပြီး ဘာမှဝေတာကမ်းတာ မလုပ်တဲ့အတွက် သူတို့ရဲ့ အနှောက်အယှက်က ကင်းနိုင်ကြောင်း၊ ဒါကြောင့် ဒါလေးကို ဆွဲထားတာဖြစ်ကြောင်း” သူက ပြန်ပြောလာပါတယ်။ သူပြောတဲ့ အကြောင်းပြချက်က ကောင်းပေမယ့် ဒီလိုကိစ္စမျိုးဆိုတာ တခြားနည်းနဲ့ ရှောင်တိမ်းသင့်ကြောင်း၊ ကိုယ်အနေအထိုင် သက်သာဖို့ လုပ်တာဆိုပေမယ့် သေချာတွေးကြည့်ရင် ဒါဟာ သူ့အယူဝါဒကို ကိုယ်ကပြန်လည် ဖြန့်ဝေပေးနေသလို ဖြစ်နေကြောင်း၊ ဗုဒ္ဓဘာသာဟာ လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့် ရှိပေမယ့် လွဲနေတာလေးတွေကိုတော့ ပြုပြင်ပေးနိုင်ကြောင်း စသဖြင့် ပြောဆိုကာ သူ့ကို အကြောင်းနဲ့အကျိုးနဲ့ ပြောပြပေးဖြစ်ခဲ့ပါသေးတယ်။

အဲဒါပါပဲ။ ဒီနေ့ခေတ် လူငယ်အတော်များများရဲ့ အခြေအနေက သူများလုပ်လို့ လိုက်လုပ်၊ သူများယောင်လို့ လိုက်ယောင်နေကြပေမယ့် ဘာမှန်းမသိဘဲ ဖြစ်နေကြတဲ့ အခြေအနေတွေပါ။ အထူးသဖြင့် မြန်မာနိုင်ငံက လူငယ်တွေဟာ မျက်စိပိတ်နားပိတ် ဖြစ်နေကြတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေက လွှမ်းမိုးထားတဲ့ အတွက် ဒီလိုအရာတွေ နောက်ကိုလိုက်ရင်း အသိပညာ ဗဟုသုတတွေပါ လျော့နည်းလာကုန်တော့တာ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံထဲကို စိမ့်ဝင်လာတဲ့ နိုင်ငံခြား ရုပ်ရှင်းကားတွေရဲ့ လွှမ်းမိုးမှုတွေကလည်း သူတို့ကို အတုလိုက်ပြီး လုပ်စေကုန်တာ ဖြစ်ပါတယ်။ လှရင်၊ ပေါ်ပြူလာဖြစ်ရင် ပြီးရောဆိုတဲ့ စိတ်လေးတစ်ခုတည်းနဲ့ ဘာမှန်းမသိ ညာမှန်းမသိတာတွေကို လိုက်ယူလိုက်တု နေကြတော့ တဖြည်းဖြည်းနဲ့ လွဲနေကုန်တော့တာ ဖြစ်ပါတယ်။

ပိုဆိုးတာက တောနေလူတန်းစား အများစုဖြစ်တဲ့ မြန်မာနိုင်ငံမှာ တောကလူတွေ ကြည့်နေကြတဲ့ ရုပ်ရှင်ဒရာမာတွေရဲ့ လွှမ်းမိုးသက်ရောက်မှုတွေက ပိုဆိုးနေတာ ဖြစ်ပါတယ်။ နိုင်ငံခြားက စိမ့်ဝင်လာတဲ့ ဝတ်စားဆင်ယင်မှု ဓလေ့စရိုက်တွေ၊ ဇာတ်လမ်းဇာတ်ကွက်ကို အခြေခံကာ အယူအဆ သွတ်သွင်းကြတဲ့ ဝါဒဖြန့်မှုတွေကို ပြည်တွင်းမှာရှိတဲ့ အနုပညာရှင် အချို့ကလည်း နိုင်ငံခြားက နာမည်ကြီးမင်းသား မင်းသမီးတွေနောက် အတုလိုက်ပြီး လုပ်ပြကြရာက မြန်မာရုပ်ရှင်ဇာတ်ကား အကြည့်များကြတဲ့ တောက ညီငယ်မောင်မယ်များအတွက် အတုယူပြီး လိုက်လုပ်စရာတွေအဖြစ် ပြောင်းလွဲကုန်တော့တာ ဖြစ်ပါတယ်။ ဘယ်မင်းသားက ဆွဲထားလို့၊ ဘယ်မင်းသမီး ဝတ်ထားလို့ဆိုပြီး ဘာမသိညာမသိ လိုက်လုပ်မိတာတွေဟာ သူများယောင်လို့ယောင် အမှန်တောင်မှန်း မြောက်မှန်းမသိ ဖြစ်ကုန်တဲ့အဖြစ်ကို ရောက်ကုန်တော့တာ ဖြစ်ပါတယ်။

တစ်ဘက်က ပြန်ကြည့်တော့လည်း ဒီလိုဖြစ်လာတာတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ သိသင့်သိထိုက်တာတွေကို မသိတာ၊ အမည်ခံ ဗုဒ္ဓဘာသာတွေသာ များလာတာ၊ ဘာသာတရားအပေါ် စိတ်ဝင်စားမှု နည်းလာတာ၊ ဆရာဒကာ ကွာဟမှုတွေများလာတာ၊ ဘာသာတရားနဲ့ ပတ်သက်ပြီး လက်ဆင့်ကမ်း အမွေးပေးတာတွေ နည်းလာတာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပြီးတော့ သူများဘာသာတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ယှဉ်ကြည့်ရင် ဒီနေ့ခေတ် ဗုဒ္ဓဘာသာတွေရဲ့ ဘာသာရေး အမွေးပေးမှုတွေဟာ စနစ်မကျသလို ဖြစ်နေတာကို တွေ့ကြောင့်လည်း ပါပါတယ်။

ဟိုး အရင်တုန်းကတော့ ဘုန်းကြီးကျောင်း ပညာရေးကို ဦးစားပေးတဲ့ ဘုန်းကြီးကျောင်းထွက်တွေများပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ အခြေခံ အကြောင်းအရာ သိသင့်သိထိုက်တာတွေကို သိကြတဲ့ သူတွေဖြစ်ကြတဲ့အတွက် အဲဒီခေတ်က ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာရေး အခြေခံ အားကောင်းကြပေမယ့် ဒီနေ့ခေတ်မှာတော့ လူငယ်တွေဟာ ဘာသာတရားလိုက်စားဖို့ နေနေသာ ဘုန်းကြီးကျောင်းတောင် မသွားလိုကြတော့ဘဲ ဘုန်းကြီးကျောင်းတွေနဲ့ကို အလှမ်းဝေးလာနေတော့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘုန်းကြီးကျောင်းတွေနဲ့ အလှမ်းဝေးလေ ဘာသာရေး အခြေခံတွေ အားနည်းလေ၊ ဘာသာရေး အသိတရားတွေနည်းလေ တခြားအယူဝါဒတွေကို အလွယ်တကူ လက်ခံယုံကြည်မှုတွေ များလေ ဖြစ်လာကုန်တာ ဖြစ်ပါတယ်။

တစ်ခါတလေကျတော့လည်း ဘာရယ်မဟုတ် လိုက်လုပ်မိတတ်တဲ့ သဘောရှိပေမယ့် ဒီလိုလုပ်မိတာကိုက မသိလို့ လုပ်ဖြစ်နေတာ ဖြစ်ပါတယ်။ သိရင်လုပ်မိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သိအောင် ကြိုးစားကြဖို့ လိုပါတယ်။ ကိုယ့်ဘာသာအကြောင်း၊ ကိုယ့်ယဉ်ကျေးမှုအကြောင်း၊ ကိုယ့်ဓလေ့ ထုံးစံများ အကြောင်း စသဖြင့် သိဖို့လိုသလို သူများဘာသာ၊ သူများယဉ်ကျေးမှု၊ သူများ ဓလေ့ထုံးစံ လေးတွေလည်း သိကြဖို့ လိုပါတယ်။ သိမှလည်း ရှောင်နိုင်ဆောင်နိုင် ကျင့်နိုင်ကြံနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီတော့ကား ဒါတွေကိုသိဖို့ ဘယ်သူ့မှာ တာဝန်ရှိတယ်၊ ဘယ်ဝါ့မှာတာဝန် ရှိတယ်လို့ ပြောနေမယ့်အစား ကိုယ်ကိုယ်တိုင်ရဲ့ လက်တွေ့ကျင့်ကြံ ကြိုးစားလုပ်ဆောင်မှုကလည်း အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။ လက်သည်ချည်းပဲ အားကိုးလို့မရဘဲ ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြဖို့ လိုပါတယ်။ အဲဒီလိုသာ သူများအားနဲ့ ကိုယ့်အား ပေါင်းစပ်နိုင်မယ်ဆိုရင်တော့ အစစအရာရာ ကောင်းမြတ်လာနိုင်ကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ ပြောချင်တာက သဒ္ဓါပညာဝိရိယ အားတွေ ယုတ်လျော့လာတဲ့ အခုလို အချိန်မျိုးမှာ မသိလို့ လုပ်မိကြတဲ့ အလုပ်တွေကလည်း ကြာလေများလေ ဖြစ်လာနိုင်တာ ဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင်က ဘာမှ သိမထားဘူးဆိုရင် သူများလုပ်လို့ လိုက်လုပ်တာ၊ သူများပြောလို့ လိုက်ပြောတာတွေ ဖြစ်လာတတ်ပြီး အသိမှား အမြင်မှား အလုပ်မှားတွေကြောင့် အသေးအဖွဲလေးကစပြီး မလုပ်သင့်တဲ့ အလုပ်တွေအထိ လုပ်လာမိတတ်တယ်ဆိုတာ သတိပြု ဆင်ခြင်ကြရင်း သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိ မဖြစ်ရလေအောင် လက်သည်လည်းအားကိုး ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြပါလို့ စေတနာစကားနဲ့ တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ