သိ ပယ် ဆိုက် ပွား…

“သိ ပယ် ဆိုက် ပွား” ဤစကားလေးများသည် ဗုဒ္ဓဘာသာ၏ သစ္စာလေးပါးကို အထိမိဆုံး ဖော်ညွန်းပေးသည့် စကားလေးများဖြစ်၏။ “သိ”ဟူသည် ဒုက္ခသစ္စာကို ရည်ညွန်းပြီး “ပယ်”ဟူသည် သမုဒယသစ္စာကို ရည်ညွန်းကာ “ဆိုက်”ဟူသည် နိရောဓသစ္စာကို ရည်ညွန်းလျက် “ပွား”ဟူသည်ကား မဂ္ဂသစ္စာကို ရည်ညွန်းထား၏။ ဒုက္ခသစ္စာသည် သိထားရမည့် အမှန်သစ္စာဖြစ်ပြီး သမုဒယသစ္စာသည်ကား ပယ်ရမည့် အမှန်သစ္စာဖြစ်ကြောင်းနှင့် နိရောဓသစ္စာသည် မျက်မှောက်ပြု ဆိုက်ရောက်ရမည့် အမှန်သစ္စာဖြစ်ကာ မဂ္ဂသစ္စာသည်ကား ပွားများရမည့် အမှန်သစ္စာဖြစ်ကြောင်း ရည်ညွှန်းလိုရင်း ဖြစ်ပါ၏။

မြတ်ဗုဒ္ဓက တရားဦး ဓမ္မစကြာ ဒေသနာတော်တွင် သစ္စာလေးပါးကို အတိအလင်း ရှင်းတော်မူထား၏။ တရားဦး ဒေသတနာတော်တွင် ရှင်တော်မြတ်က “ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲ၏၊ အိုရခြင်းသည်လည်း ဆင်းရဲ၏၊ နာရခြင်းသည်လည်း ဆင်းရဲ၏၊ သေရခြင်းသည်လည်း ဆင်းရဲ၏၊ မချစ်သော သူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊ ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏၊ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏၊ အကျဉ်းအားဖြင့် စွဲလန်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲ၏” ဟူ၍ ဆင်းရဲကြောင်း အမှန်တရား ဒုက္ခသစ္စာကို လည်းကောင်း၊

“ရဟန်းတို့ ဤသည်ကား ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ အကြင်တဏှာသည် ဘ၀သစ်၌ ဖြစ်စေတတ်၏၊ နှစ်သက်ခြင်း၊ တပ်မက်ခြင်းနှင့်တကွ ဖြစ်၏၊ ထိုထိုအာရုံ၌ လွန်စွာ နှစ်သက်တတ်၏။ ထိုတပ်မက်မှု တဏှာဟူသည် အဘယ်နည်း.. ကာမဂုဏ်တို့၌ တပ်မက်မှု ကာမတဏှာ၊ သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှု ဘ၀တဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှု ၀ိဘ၀တဏှာတို့တည်း” ဟူ၍ ဆင်းရဲဖြစ်ခြင်း၏ အကြောင်း အမှန်တရား သမုဒယသစ္စာကို လည်းကောင်း၊

“ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ယင်းဆင်းရဲချုပ်ငြိမ်းရာ ဟူသည် ထိုတပ်မက်မှု တဏှာ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက်ချုပ်ငြိမ်းရာ၊ စွန့်လွှတ်ရာ၊ တစ်ဖန်စွန့်ပယ်ရာ၊ လွတ်မြောက်ရာ၊ မကပ်ငြိရာ (နိဗ္ဗာန်)ပင် ဖြစ်၏” ဟူ၍ ဆင်းရဲချုပ်ရာ အမှန်တရား နိရောဓသစ္စာကို လည်းကောင်း၊

“ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ဤအရိယာမဂ်သည် အင်္ဂါရှစ်ပါးရှိ၏။ အင်္ဂါရှစ်ပါးဟူသော်ကား မှန်ကန်သော အမြင်၊ မှန်ကန်သော် ကြံစည်မှု၊ မှန်ကန်သော စကား၊ မှန်ကန်သော အလုပ်၊ မှန်ကန်သော အသက်မွေးမှု၊ မှန်ကန်သော အားထုတ်မှု၊ မှန်ကန်သော အောက်မေ့မှု၊ မှန်ကန်သော တည်ကြည်မှု” ဟူ၍ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့် အမှန်တရား မဂ္ဂသစ္စာကို လည်းကောင်း ရှင်းလင်းဟောကြားတော်မူပြီး

ထိုသစ္စာတရား လေးပါးတို့တွင် ဆင်းရဲကြောင်း အမှန်တရား ဒုက္ခသစ္စာသည် ထိုးထွင်းပိုင်းခြား၍ သိရမည့်တရား (တံခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျံ)၊ ဆင်းရဲခြင်း၏ အကြောင်းအမှန်တရား သမုဒယသစ္စာသည် ပယ်ရမည့်တရား (တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗံ)၊ ဆင်းရဲချုပ်ရာ အမှန်တရား နိရောဓသစ္စာသည် မျက်မှောက်ပြု ဆိုက်ရောက်ရမည့်တရား (တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗံ)၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့် အမှန်တရား မဂ္ဂသစ္စာသည် ပွားများရမည့်တရား (တံ ခေါ ပနိဒံ ဒုက္ခနိရောဓ ဂါမိနီပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗံ) ဟူ၍လည်း သစ္စာလေးပါတို့၏ သိထားရမည့်တရား၊ ပယ်ရမည့်တရား၊ မျက်မှောက်ပြုရမည့် တရား၊ ပွားများရမည့် တရားများကို အကျိုးသင့် အကြောင်းသင့် ထပ်ဆင့်ရှင်းပြတော်မူ၏။

ဗုဒ္ဓအလိုတော်အရ ဒုက္ခသစ္စာသည် ပိုင်းခြားပြီးသိရမည့် အသိတရား၊ သမုဒယသစ္စာသည် ပယ်ရမည့် အပယ်တရား၊ နိရောဓသစ္စာသည် ဆိုက်ရောက်ရမည့် အဆိုက်တရားနှင့် မဂ္ဂသစ္စာသည် ပွားများရမည့် အပွားတရားများ ဖြစ်ကြောင်း နားလည်ထားနိုင်ပေ၏။ ဒုက္ခကို ဒုက္ခဟုသိကာ ဒုက္ခဖြစ်ခြင်း အကြောင်းတရားကို ပယ်၍ ဒုက္ခအားလုံးချုပ်ရာကို မျက်မှောက်ပြု ဆိုက်ရောက်စေလျက် ဒုက္ခချုပ်ရာ လမ်းစဉ်အကျင့်တရားကို ပွားများရမည့် သဘောပင် ဖြစ်ပါ၏။ အလွယ်ပြောရလျှင် သစ္စာလေးပါး မြတ်တရားတို့သည် သိ ပယ် ဆိုက် ပွား ကျင့်ကြံထားရမည့် တရားများပင် ဖြစ်ပါ၏။ ဤကား ဗုဒ္ဓအလိုတော်ကျ သစ္စာတရားများအပေါ် ကျင့်ကြံအားထုတ် ရမည့် သဘောများ ဖြစ်ပါ၏။

သို့သော် ပုထုဇင်များသည်ကား ထိုသဘောတရားများနှင့် လွဲချော်ကာ သိထားရမည့် တရားများကို ပယ်နေကြပြီး ပယ်ရမည့် တရားများကိုကား တွယ်နေကြ၏။ ဆိုက်ရောက်ရမည့် တရားများတွင် မဆိုက်ရောက်နိုင်ဘဲ ပွားများရမည့် တရားများတွင် အမှားများနေကြ၏။ သတ္တ၀ါတို့သည် ဒုက္ခကို ဒုက္ခဟု မသိဘဲ တွယ်တာနေတတ်ကြ၏။ ထို့ကြောင့်လည်း “ငါ ငါ့ဥစ္စာ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ဇနီး၊ ငါ့ရွှေ၊ ငါ့ငွေ” စသည်ဖြင့် ဒုက္ခတရားများအပေါ် အတွယ်တာကြီး တွယ်တာနေကြကာ ထာဝရတည်တံ့ကာ မပျက်စီးတော့မည့် အရာများသဖွယ် တပ်မက်နေကြ၏။ စင်စစ် ထိုအရာများသည် အမှန်တည်သည့် အရာများ မဟုတ်ဘဲ ရုပ်နာခန္ဓာ အစုကြီးမျှသာ ဖြစ်နေပေ၏။ အသေအချာ တွေးကြည့်လျင် ထိုရုပ်အစု နာမ်အစုသည်လည်း ဒုက္ခကြီးပင် ဖြစ်၏။ ဤရုပ်နာမ်ခန္ဓာ ရှိနေသဖြင့်လည်း အိုခြင်း၊ နာခြင်း၊ သေခြင်းများ ဖြစ်ပေါ်နေကြရ၏။ ထိုကြောင့် ဒုက္ခအစုဖြစ်သည့် ဤရုပ်နာမ်အစုကို ဒုက္ခဟု အမှန်သိအောင် ကြိုးစားပြီး ယင်းဒုက္ခဖြစ်ခြင်း၏ အကြောင်းကို ပယ်သတ်ကြရမည်ဟု ဆိုခြင်းဖြစ်ပါ၏။

အချို့က ဒုက္ခ၏ သဘောအမှန်ကို မသိသဖြင့် လောကတွင် ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ကြသည့်အခါ ငါစွဲများဖြင့် “ငါရှိနေ၊ ငါအသက်ရှင်နေသမျှ ဒီလိုဒုက္ခတွေနဲ့ တွေ့နေဦးမှာပဲ၊ ငါမရှိရင်တော့ ဒါတွေပြီးသွားမှာပဲ”ဟု တစ်လွဲနားလည်ကာ မိမိကိုယ်ကို အဆုံးစီရင်သွားသူများ ရှိ၏။ မိမိကိုယ်ကို သတ်သေလိုက်ရင် ဒုက္ခငြိမ်းပြီဟု အထင်မှားပြီး တစ်နည်းနည်းဖြင့် သေကြောင်းကြံကာ ဘ၀ကို အဆုံးသတ်သွားတတ်ကြ၏။ စင်စစ် ထိုနည်းသည် မှန်ကန်သည့် နည်းလမ်းမဟုတ်ပေ။ ထိုသို့ မိမိကိုယ်ကို သတ်သေခြင်းဖြင့် ဒုက္ခအမှန် ငြိမ်းနိုင်မည်မဟုတ်ပေ။ ယခုဘ၀ ခန္ဓာကိုယ်ကြီး ပျက်သုဉ်းသွားသော်လည်း နောက်ထပ်တစ်ဖန် ဘ၀သစ်က ရှိနေပြန်သဖြင့် တစ်ဖန်ပြန်၍ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတရားများကို ရရှိနေကြဦးမည်သာ ဖြစ်၏။ အမှန်တကယ် ဒုက္ခငြိမ်းလိုပါက ထိုဒုက္ခများ ဖြစ်ပေါ်ရခြင်း၏ အကြောင်းတရားဖြစ်သည့် တရားခံကို ပယ်သတ်ရမည်သာ ဖြစ်ပါ၏။

ထိုအကြောင်းတရား တရားခံသည် တွယ်တာမှု သမုဒယပင် ဖြစ်ပါ၏။ ဗုဒ္ဓရှင်တော် မိန့်တော်မူသကဲ့သို့ ဒုက္ခဖြစ်ခြင်း၏ အကြောင်းတရားဖြစ်သည့် တွယ်တာမှု သမုဒယခေါ် တဏှာကို ပယ်သတ်နိုင်မှသာ ဒုက္ခအမှန်ငြိမ်းနိုင်မည် ဖြစ်၏။ ကာမဂုဏ်အာရုံများတွင် တပ်မက်တတ်သည့် တဏှာ၊ ငါငါ့ဥစ္စာဟု စွဲလမ်းတတ်သည့် တဏှာနှင့် ကုသိုလ်အကုသိုလ်ဟူသည် မရှိ၊ အရာရာသည် တစ်ဘ၀ပြီးလျှင် အကုန်ပြီးပြီဟု ထင်မှတ်တတ်သည့် တဏှာများကို အကြွင်းမရှိ ပယ်သတ်နိုင်မှသာ ဒုက္ခအမှန် ငြိမ်းနိုင်မည် ဖြစ်၏။ တဏှာကင်းလျှင် ဒုက္ခကင်းမည်ဖြစ်သဖြင့် တဏှာကို သတ်နိုင်မှသာ ဒုက္ခအမှန် ငြိမ်းနိုင်မည်ဖြစ်၏။ ထို့ကြောင့် ဒုက္ခအားလုံး၏ ဖြစ်ပေါ်ခြင်း အကြောင်းအမှန်ဖြစ်သည့် တဏှာကို ပယ်သတ်နိုင်အောင် ကြိုးစားကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။

ထိုသို့ တဏှာကို ပယ်သတ်နိုင်လျှင်ကား ဒုက္ခလည်း ချုပ်ငြိမ်းကာ နောင်ထပ်တစ်ဖန် ဘ၀သစ် ဖြစ်ပေါ်ခြင်းမရှိသည့် နိဗ္ဗာန်သို့ မျက်မှောက်ပြု ဆိုက်ရောက်နိုင်ကြမည် ဖြစ်၏။ ယခုဘ၀ အသက်ရှင်စဲမှာပင် ကိလေသာ တဏှာကို အကြွင်းမဲ့ ပယ်သတ်နိုင်လျင် အသက်ရှင်စဲမှာပင် ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည် ဖြစ်သကဲ့သို့ တဏှာကုန်ခမ်းပြီး ယခုဘ၀ ဇာတ်သိမ်းသွားလျှင်လည်း နောက်ထပ်တစ်ဖန် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းများကင်းရာ နိဗ္ဗာန်သို့ ဆိုက်ရောက်သွားကြမည် ဖြစ်၏။ နိဗ္ဗာန်သို့ ဆိုက်ရောက်သွားလျင်ကား သံသရာဝဋ်မှ ထွက်မြောက်က ဘ၀ဇာတ်သိမ်း ချုပ်ငြိမ်းသွားသည်သာ ဖြစ်ပေတော့၏။ ထို့ကြောင့် ဒုက္ခဖြစ်ကြောင်း တဏှာကို ပယ်သတ်၍ တဏှာချုပ်ရာ နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်အောင် ကြိုးစားရန်လည်း လမ်းညွန်တော်မူခြင်း ဖြစ်ပါ၏။

သို့သော် ထိုတဏှာချုပ်ရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုရန်မှာ မလွယ်လှပေ။ နည်းမှန်လမ်းမှန်ဖြင့် ကျင့်ကြံပွားများ အားထုတ်နိုင်မှသာ ဆိုက်ရောက်နိုင်မည် ဖြစ်၏။ ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်သော်လည်း နည်းစနစ် မမှန်ပါက အချိန်ကုန် လူပန်းပြီး လိုရာပန်းတိုင်ကို မရောက်နိုင်ဘဲ ဖြစ်တတ်၏။ ထိုသို့သော အလွဲအမှားများ မဖြစ်ပေါ်စေရန် မြတ်စွာဘုရားရှင်က ကျင့်ကြံပွားများရမည့် နည်းမှန်လမ်းမှန်ကို ညွန်ပြတော်မူခဲ့၏။ ဒုက္ခတရားများ၏ ချုပ်ရာနိဗ္ဗာန်သို့ သွားနိုင်မည့် လမ်းစဉ်များကို အချက်ရှစ်ချက်ဖြင့် ထင်ရှားပြသတော်မူခဲ့၏။ ဒုက္ခဖြစ်ကြောင်း တဏှာကို ပယ်သတ်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူများ အနေဖြင့် အမြင်မှန်၊ အတွေးမှန်၊ အပြောမှန်၊ အလုပ်မှန်၊ အသက်မွေးမှုမှန်၊ ကြိုးစားအားထုတ်မှုမှန်၊ အောက်မေ့မှုမှန်၊ တည်ကြည်မှုမှန်ရန် လိုအပ်ကြောင်းနှင့် ဤအင်္ဂါရှစ်ပါးနှင့်အညီ လိုက်နာကျင့်သုံးနိုင်ပါလျှင် ဒုက္ခချုပ်ရာ လမ်းစဉ်မှန်ကို လျှောက်လှမ်းနေသူများသာ ဖြစ်ကြောင်း မိန့်တော်မူ၏။ ထို့ကြောင့် ဒုက္ခအမှန်ငြိမ်းရာ ဖြစ်သည့် ဤမဂ္ဂရှစ်ရပ် လမ်းသွယ်မြတ်သည် မပြတ်ပွားများအပ်သည့် မဖောက်မပြန် မှန်ကန်သည့် သစ္စာတရားပင် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဆိုလိုသည်မှာ သိ ပယ် ဆိုက် ပွား ဟူသည် မြတ်စွာဘုရားရှင်၏ သစ္စာလေးပါး မြတ်တရား၏ ကျင့်ပွားရမည့် သဘောတရားပင် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ ဆင်းရဲကြောင်း တရားအမှန်ကို သိအောင်ကြိုးစားပြီး ထိုဆင်းရဲ ဖြစ်ပေါ်ခြင်း၏ အကြောင်းဖြစ်သည့် တရားအမှန်ကို ပယ်စေကာ ဆင်းရဲဖြစ်ရာအကြောင်း၏ ချုပ်ရာသို့ ဆိုက်ရောက်စေပြီး ဆင်းရဲချုပ်ရာသို့ ဆိုက်ရောက်စေမည့် အကျင့်လမ်းစဉ်ကို ပွားများကြရမည် ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။ စာစကားဖြင့် ပြောရလျှင် ဒုက္ခသစ္စာကို သိစေလျက်၊ သမုဒယသစ္စာကို ပယ်ကာ၊ နိရောဓသစ္စာသို့ ဆိုက်ရောက်စေပြီး မဂ္ဂသစ္စာကို ပွားများကြရမည် ဖြစ်ကြောင်းနှင့် ဤသစ္စာလေးပါး သဘောတရားကိုပင် သိ ပယ် ဆိုက် ပွား ဟုဆိုကြောင်း သိရှိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် သစ္စာလေးပါး သဘောတရားများ ဖြစ်သည့် သိ ပယ် ဆိုက် ပွား မြတ်တရားကို အမှန်သိရှိကာ နိဗ္ဗာန်စခန်း တက်လှမ်းလိုသူ များထိုသူတို့သည် ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုရန် လမ်းစဉ်မှန်ဖြစ်သည့် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ကြံပွားများရာ တစ်ခုတည်းသော ကျင့်စဉ်ဖြစ်သည့် သတိကို အထူးပြုထိန်းပေးကြောင်း တရားအားထုတ်မှု ၀ိပဿနာ အလုပ်ကို ကြိုးစားအားထုတ်ရင်း မိမိတို့၏ ကျင့်ကြံမှုနှင့် အညီသာ သစ္စာလေးပါးကို အမှန်သိ၊ အမှန်ပယ်၊ အမှန်ဆိုက်၊ အမှန်ပွားနိုင်မည် ဖြစ်ပါသဖြင့် အချိန်ရှိခိုက် လုံ့လစိုက်ကာ တရားအလုပ် အားထုတ်ကြဖို့ သိ ပယ် ဆိုက် ပွား ဤဆောင်းပါးဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါပေတော့၏။

Read more »

ဒု - သ - န - သော…

ဒု - သ - န - သော ဆိုတဲ့ ဒီစကား လေးလုံးအကြောင်း မကြာမကြာ အမေးခံရဖူးပါတယ်။ တစ်ချို့လည်း ကြားဖူးနေပေမယ့် အဓိပ္ပါယ် တိတိကျကျ မသိတဲ့အတွက် မေးကြခြင်းဖြစ်သလို တစ်ချို့လည်း စာအုပ်စာပေတွေ ဖတ်ရင်းကြားညပ်ပါလာလို့ ဖတ်လိုက်ရပေမယ့် အကျယ်မရှင်းထားတော့ ဘာမှန်းမသိ ဖြစ်တဲ့အတွက် မေးကြတာလည်း ရှိပါတယ်။ တကယ်တော့ ဒီအသံတွေဟာ မကောင်းတဲ့ အလုပ်ကြောင့် မကောင်းတဲ့ ဘ၀ကနေ ခံစားနေရတဲ့ မကောင်းကျိုးတွေအပေါ် နောင်တရတဲ့ သူတွေရဲ့ သံဝေဂနဲ့အတူ အသိပေးတဲ့ သတိပေးသံတွေပဲ ဖြစ်ပါတယ်။ ဒီ စကားလေးတွေ ဖြစ်ပေါ်ခဲ့ရခြင်း အကြောင်းရဲ့ အတိတ်ကို ပြန်ကြည့်လိုက်ရင် ကြောက်လန့်စရာ တကယ့်ကိုပဲ ကောင်းလှပါတယ်။ ဒီအသံပိုင်ရှင်တွေရဲ့ အတိတ်က လုပ်ရပ်တွေဟာ ကြောက်တတ်မယ်ဆိုရင် တကယ်ပဲ ကြောက်စရာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓအနေနဲ့ ဒီ အကြောင်းတရားကို ဟောကြားဖြစ်ခဲ့တာကတော့ ကောသလဘုရင်နဲ့ ဆက်စပ်နေပါတယ်။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့ သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသား အမျိုးသမီး တစ်ဦးကို နှစ်သက်သဘောကျခဲ့ပါတယ်။ နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီး အကြောင်းကို စုံးစမ်းခိုင်းတဲ့အခါ အိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီး အပေါ်စွဲလန်းနေမိတဲ့ အတွက် ဒီအမျိုးသမီးကို အရယူဖို့ သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာ အလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်းနည်းနဲ့ အပြစ်ရှာပြီး အပြစ်အတိုင်း အဆုံးစီရင်ကာ ကျန်ခဲ့တဲ့ အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ယောက်ျားကို တာဝန်တစ်ခုကို စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးက “အချင်းယောက်ျား… ငါ့ဘုရင်နန်းတော်ကနေ တစ်ယူဇနာ ကျော်ကျော်လောက်မှာ ရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏ၀တီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ် ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးဟာ မဖြစ်နိုင်တာကို တမင်အပြစ်ရှာပြီး ခိုင်းတဲ့သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသားကတော့ အမိန့်အတိုင်း သွားရောက် ဆောင်ယူရမှာ ဖြစ်ပါတယ်။

ဒါနဲ့ သူဆင်းရဲသားလည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့ပါတယ်။ လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောက်ျားကိုလည်း လှူကာ ကျန်တဲ့အစားအစာတွေကိုလည်း မြစ်ထဲမှာ ရှိတဲ့သတ္တ၀ါတွေကို ကျွေးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်ပါတယ်။ တိုတိုပြောရရင် ဒီကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ ကုမုဒြာကြာနဲ့ အရုဏ၀တီမြေကို ရရှိခဲ့ပါတယ်။ ဘုရင်အမိန့်အတိုင်း လိုအပ်တာကို ယူဆောင်ပြီး နန်းတော်သို့ အချိန်မီရောက်အောင် ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ ဘုရင်ကြီးဟာ သူဆင်းရဲသား မရောက်ခင် နန်းတော်မြို့တံခါးကို စောစော အပိတ်ခိုင်းလိုက်ပါတယ်။ ဆင်းရဲသားယောက်ျားဟာ မြို့တံခါး ပိတ်ထားတဲ့အတွက် အဲဒီည အိပ်စရာမရှိတဲ့အခါ နောက်ဆုံး သတ္တ၀ါတွေရဲ့ ထုံးစံအတိုင်း ဒုက္ခရောက်မှ ဘုရားကျောင်းကန်ကို သတိရကာ မြတ်စွာဘုရားကျောင်းတော်မှာ သွားရောက်အိပ်စက်ခဲ့ရပါတယ်။

ကောသလဘုရင်ဟာ အဲဒီညမှာ ဆင်းရဲသားယောက်ျားကို မင်းဒဏ်နဲ့ အဆုံးစီရင်ပြီး သူ့မယားကို သိမ်းပိုက်ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေး စတဲ့အတွေးတွေနဲ့ ကိလေသာမီး တောက်လောင်ကာ အိပ်မရ ဖြစ်နေခဲ့ပါတယ်။ အိမ်မပျော် ဖြစ်နေတဲ့ ဘုရင်ဟာ ညဥ့်နက်နက်အချိန်မှာ လောဟကုမ္ဘီငရဲမှာ ငရဲခံနေရတဲ့ ငရဲသားလေးယောက်ရဲ့ အသံကို ထူးထူးခြားခြား ကြာလိုက်ရပါတယ်။ အဲဒီငရဲသား လေးယောက်ဟာ ငရဲခံရင်း သူတို့မှားခဲ့တဲ့ အမှားအတွက် ခံရတဲ့ ဒုက္ခတွေကို တစ်ယောက်နဲ့တစ်ယောက် ကြားရအောင် အော်ဟစ်ညဉ်းညူ ပြောကြားဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက်က “ဒု”၊ တစ်ယောက်က “သ”၊ တစ်ယောက်က “န”၊ တစ်ယောက်က “သော”လို့ တစ်လုံးစီလောက်ပဲ အော်ပြောနိုင်ကြပြီး ငရဲအိုးထဲ ပြန်မြုပ်သွားခဲ့ကြပါတယ်။ အိပ်မပျော်ဖြစ်နေတဲ့ ကောသလမင်းကြီးဟာ အဲဒီအသံကြီးတွေကို ကြားပြီး အရမ်းထိတ်လန့်ကာ ဘယ်လိုမှ အိပ်မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရပါတယ်။

မနက်လင်းတော့ ကောသလဘုရင်ဟာ ညကအဖြစ်အပျက်တွေကို တွေးတောကြောက်လန့်ပြီး ပညာရှိပုရောဟိတ်ကို မေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက “အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက်အန္တရအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်၊ ဒီအန္တရာယ်တွေကင်းဖို့ သဗ္ဗသတဆိုတဲ့ ယဇ်ကို ပူဇော်ရပါမယ်၊ ဒီယဇ်ပူဇော်ဖို့အတွက် ဆင်၊ မြင်း၊ နွားလဥသဘ၊ နို့ညှစ်နွားမ၊ ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊ ၀က်၊ သတိုးသား၊ သတိုးသမီး စသဖြင့် သတ္တ၀ါတစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီး ပူဇော်ရပါမယ်၊ အဲဒါဆို ဘုရင်ကြီးရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မရှိပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်ပါတယ်။ ကောသလဘုရင်ဟာ ဉာဏ်အမြင်နည်းပါးပြီး ကိုယ့်အသက်ရှင်ရေးဆို ဘာမဆိုလုပ်နိုင်တဲ့သူ ဖြစ်တဲ့အတွက် ပုရောဟိတ်ပြောတဲ့အတိုင်း စီရင်စေပါတယ်။ ဘုရင်ရဲ့ ယဇ်ပူဇော်မှုအစီအစဉ်ကြောင့် တိုင်းပြည်တစ်ပြည်လုံး အုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သားသမီးပါသွားတဲ့ မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြပါတယ်။ ဒီအသံတွေကြောင့် ကောသလမင်းကြီးရဲ့ မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီး ဒါဟာ လမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့ အကြောင်း၊ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဘုရားရှင်သာ ဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက်ကြားဖို့ အကြောင်း အကြံပြုလိုက်ပါတယ်။ နောက်ဆုံးတော့ ကောသလမင်းကြီးဟာ မိဘုရားကြီးရဲ့ အကြံအတိုင်း ဘုရားရှင်ထံ သွားရောက်ခဲ့ပါတယ်။

ဘုရားရှင်ထံ ရောက်တဲ့အခါ ကောသလမင်းကြီးက ညကကြားခဲ့ရတဲ့ အသံတွေအကြောင်း လျှောက်ထားတဲ့အခါ မြတ်ဗုဒ္ဓက အဲဒီအသံတွေဟာ တခြားမဟုတ် မကောင်းတဲ့ ကာမေသုမိစ္ဆာစာရ ကံကြောင့် လောဟကုမ္ဘီငရဲမှ ကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ်အကြောင်းကို ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓက “ဒီငရဲသားတွေဟာ ကဿပ မြတ်စွာဘုရားရှင် လက်ထက်တုန်းက အတူသွားအတူလာ အတူပျော်ပါး စားသောက်ကြတဲ့ ချမ်းသားတဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူဋ္ဌေးသားလေးယောက်ဟာ ငွေကြေး ချမ်းသာကြတဲ့အတွက် အပျော်အပါး အမျိုးမျိုးကို ပျော်ပါးကြရင်း နောက်ဆုံးသူတို့ လေးယောက်တိုင်ပင်ကာ စည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့ အမျိုးသမီးတွေကို ပေးကာ သူတို့နဲ့ ပျော်ပါးတဲ့ အခါ အသုံးပြုကြဖို့ ဆုံးဖြတ်ပြီး ချောမောလှပတဲ့ အမျိုးသမီးမှန်သမျှ အိမ်ထောင်ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီး ပျော်ပါးခဲ့ကြကြောင်း၊ ကဿပဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာ ပွင့်တဲ့အတွက် သူဋ္ဌေးသားလေးယောက်ဟာ ကာမေသုမိစ္ဆာစာရ အမှုကို နှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီအကုသိုလ်ကြောင့်ပဲ သူတို့လေးယောက် သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ကာ အ၀ီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာ ခံစားပြီး အခုတစ်ခါ လောဟကုမ္ဘီငရဲမှာ ထပ်ပြီး ခံနေရတာ ဖြစ်ကြောင်း၊ မင်းကြီးကြားတဲ့ အသံတွေဟာ လောဟကုမ္ဘီငရဲမှာ ခံစားနေရတဲ့ အဲဒီ သူဋ္ဌေးသား လေးယောက်ရဲ့ အသံပဲ ဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင်ကာ ကောသလမင်းကြားခဲ့တဲ့ အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါတယ်။

မြတ်စွာဘုရားရှင်က ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေထဲက
“ဒု”ဆိုတဲ့ အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။ ငါတို့အား စည်းစိမ်ဥစ္စများ ထင်ရှားရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏မှီရာ ကိုင်းကျွန်းသဖွယ် ဖြစ်သည့် ကုသိုလ်ကောင်းမှုကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“သ” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ငရဲသား အနေနဲ့
ဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။ လောဟကုမ္ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီး ဖြစ်သော်လည်း ထိုငရဲခံရမှုသည် မည်သည့်အခါတွင် အဆုံးသတ်မည်နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“န”ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
တ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။ ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲခံရခြင်း၏ အပိုင်းအခြားသည် မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြားကို ပြုမိခဲ့လေပြီ” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“သော”ဆိုတဲ့ အသံဟာလည်း ဒီအသံပိုင်ရှင် အနေနဲ့
သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။ ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘ၀ကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကို သိလေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည် ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါတော့အံ့” လို့ ပြောလိုတာ ဖြစ်ကြောင်း စသဖြင့် ဒု - သ - န - သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ဟောကြား ချီးမြှင့်တော်မူပါတယ်။

အသံပိုင်ရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဆိုလိုရင်း အဓိပ္ပါယ်တွေကို ကြားနာလိုက်ရတဲ့ ကောသလဘုရင်ဟာ အရမ်းကြောက်လန့်သွားပြီး သူများသားမယားကို ပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်း ပျောက်ကုန်ပါတော့တယ်။

ဒီဖော်ပြချက်တွေကတော့ ဒု - သ - န - သော ဆိုတဲ့ တရားစကားကို ဟောကြားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ဒု - သ - န - သော ဆိုတဲ့ စကားအဓိပ္ပါယ်နဲ့ ဒီစကားပိုင်းရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်း လေးပဲ ဖြစ်ပါတယ်။

ဒီနေရာမှ အဓိက ပြောချင်တာက အများသိထားကြတဲ့ ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေ အကြောင်းနဲ့ ဒီအသံတွေကို ပြုကြတဲ့ ငရဲသားတွေရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ ဒီငရဲသားတွေရဲ့ အတိတ်က လုပ်ခဲ့တဲ့ သူတပါး သားမယားကို ဖျက်စီးခဲ့တဲ့ ကာမေသုမိစ္ဆာစာရ ကံရဲ့ တန်ပြန်သက်ရောက်မှု အကျိုးပေးရဲ့ ကြောက်စရာ ကောင်းပုံကို သိစေချင်တာ ဖြစ်ပါတယ်။ စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ခံရတတ်တဲ့ သဘောကို သဘောပေါက် နားလည်စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို အကုသိုလ်မျိုး မပြုဖြစ်အောင် ကိုယ်ကျင့်သီလကို အထူးလုံခြုံစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အဖြစ်အပျက် အဓိပ္ပါယ်တွေကို ကောင်းကောင်းနားလည် သဘောပေါက်ပြီး ရခဲတဲ့ လူ့ဘ၀ကို ရထားကာ ဘုရားသာသနာနဲ့လည်း ကြုံနေကြတဲ့ အခိုက်မှာ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများကိုပါ ရသမျှ စုဆောင်းနိုင်ကြဖို့ ဒီစာစုလေးနဲ့ အသိပေးရင်း ဒု သ န သောမှ ရှောင်နိုင်အောင် ကြိုးစားကြဖို့လည်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၂)...

ဝိကာလနဲ့ အချိန်သတ်မှတ်ချက်…
တစ်လောက ဒကာလေးတစ်ချို့ ကျောင်းမှာဆွမ်း လာကပ်ကြပါတယ်။ ကျောင်းကိုအရောက် နောက်ကျတာရယ်၊ ဆွမ်းပွဲပြင်နေရတာ တွေရယ်ကြောင့် ဆွမ်းစားချိန် နည်းသွားသလို ဖြစ်ခဲ့ပါတယ်။ ဒီတော့ ဒကာလေးတစ်ယောက်က “ဘုန်းဘုန်း ဖြည်းဖြည်းဘုဉ်းပေးပါဘုရား…၊ စားနေရင်း ၁၂နာရီကျော်သွားလည်း ဖြစ်တယ်မဟုတ်လား ဘုရား…”လို့ လျှောက်ပါတယ်။ သူပြောမှပဲ ဒကာဒကာမတွေ ဒီလိုမှတ်ထားတာတွေ များနေတယ်ဆိုတာ ထပ်ပြီး သတိထားမိပါတယ်။ အကြောင်းသင့်ရင်တော့ ရှင်းပြပေးဦးမယ်လို့ စဉ်းစားခဲ့ပါတယ်။

တစ်ခါတုန်းကလည်း မြန်မာပြည်မှာသွားပြီး ရဟန်းဝတ်ကာ ထေရ၀ါဒ အဖြစ်နဲ့ ပြန်ရောက်လာတဲ့ ကိုရီးယား ဘုန်းကြီးတစ်ပါးနဲ့ ဆွမ်းစားရင်း ၁၂နာရီထိုးခါနီးတော့ ဘုန်းဘုန်းက “အရှင်ဘုရား မြန်မြန်ဘုဉ်းပေးမှဘုရား၊ ၁၂နာရီ ထိုးတော့မယ်”လို့ သတိပေးတဲ့အခါ အဲဒီဘုန်းကြီးက “ရပါတယ်ဘုရား မြန်မာပြည်မှာဆို အခုမှ ၉နာရီခွဲပဲ ရှိသေးတယ်”လို့ ပြောလာပါတယ်။ ကိုရီးယားနဲ့ မြန်မာပြည်က ၂နာရီခွဲလောက်ကွာတော့ ကိုရီးယားမှာ ၁၂နာရီဆို မြန်မာပြည်မှာ မနက် ၉နာရီခွဲပဲ ရှိပါသေးတယ်။ ဒီဘုန်းကြီးက အချိန်ကို သူလိုသလိုများ သတ်မှတ်နေလား မသိဘူးလို့ ကိုယ့်ဖာသာကိုယ် တွေးနေရင်း အချိန်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး သူ့ကိုလျှောက်ထား ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒါတွေဟာ နေလွဲညစား စားခြင်းနဲ့ ပတ်သက်တဲ့ လွဲနေတဲ့ သတ်မှတ်ချက် အလွဲလေးတွေပဲ ဖြစ်ပါတယ်။ တစ်ချို့က တကယ်ပဲ ဘုန်းကြီးတွေ ဆွမ်းစားနေတုန်း ၁၂နာရီကျော်သွားလည်း စားကောင်းတယ်လို့ ထင်နေတတ်ပါတယ်။ တကယ်တော့ ၀ိကာလ သတ်မှတ်မှုဟာ နာရီနဲ့ သတ်မှတ်တာထက် နေနဲ့သတ်မှတ်တာက ပိုမှန်ပါတယ်။ ဘုရားလက်ထက်က အခုလို နာရီအမျိုးမျိုးတွေ မပေါ်သေးတော့ ခေါင်းတည့်တည့်မှာ နေရောက်နေတဲ့အချိန်ကို နေမွန်းတည့်ချိန်လို့ သတ်မှတ်ပြီး ဦးခေါင်းတည့်တည့်က ကျော်သွားရင်တော့ နေမွန်းလွဲချိန်လို့ သတ်မှတ်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ၀ိကာလကို နေလွဲချိန်နောက်ပိုင်းကာလလို့ သတ်မှတ်တာဖြစ်ပါတယ်။ ဒီလို နေနဲ့ သတ်မှတ်ချက်အရ စားနေတုန်း ၁၂နာရီတိတိမှာ နေလွဲသွားပြီဆိုရင် မစားရတော့ပါဘူး။ စားရင်အာပတ်သင့်ပါတယ်။ ၁၂နာရီကျော်သွားပေမယ့် နေမွန်းမတည့်သေးဘူးဆိုရင် စားကောင်းပါတယ်။ ဒီလို တစ်ချို့နိုင်ငံတွေဟာ နေရဲ့ရွေ့လျားမှုကြောင့် ၁၂နာရီခွဲ၊ တစ်ခါတစ်လေ ၁နာရီလောက်မှ နေမွန်းတည့်တာတွေ ရှိတဲ့အတွက် အဲဒီနိုင်ငံတွေမှာ ရှိတဲ့ ထေရ၀ါဒ ဘုန်းကြီးတွေဟာ ၁၂နာရီခွဲ၊ တစ်နာရီလောက်အထိ ဆွမ်းစားကြတာ ဖြစ်ပါတယ်။ အဓိကကတော့ ၁၂နာရီ ထိုးတာမထိုးတာထက် နေမွန်းတည့်တာ မတည့်တာက အဓိကကျပါတယ်။

ဒါပေမယ့် ရာသီဥတု ဆိုးဝါးတဲ့နေရာတွေမှာ နေကို မမြင်ရတဲ့အခါတွေ ရှိတတ်တဲ့အတွက် အကောင်းဆုံးကတော့ ရောက်တဲ့နေရာမှာ သူ့နိုင်ငံအသီးသီးက သတ်မှတ်ထားတဲ့ စံတော်ချိန်အတိုင်း လိုက်နာကျင့်သုံးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒီလို နေကို အဓိကထား သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် ခုနက ကိုရီးယားဘုန်းကြီး ယူဆသလို ကိုရီးယားမှာနေပြီး မြန်မာစံတော်ချိန်ကို လှမ်းယူလို့ မရပါဘူး။ အဲလိုဆို ညစာစားချင်ရင် မနက်ပိုင်း ဖြစ်နေတဲ့ နိုင်ငံရဲ့ နာရီကိုကြည့်ပြီး စားလို့ရသလိုလို သတ်မှတ်ကုန်ပါလိမ့်မယ်။ ရောက်တဲ့နေရာမှာ သူ့နေရာက သတ်မှတ်တဲ့ နာရီအချိန်အတိုင်း လိုက်နာတာဟာ ၀ိကာလ ဘောဇနသိက္ခာပုဒ်ကို စောင့်ထိန်းဖို့အတွက် သံသယ အကင်းဆုံးပဲ ဖြစ်ပါတယ်။

စကားစပ်လို့ ဒကာတစ်ယောက်ရဲ့ အဖြစ်ကလေးကို သတိရမိပါတယ်။ အဲဒီ ဒကာတစ်ယောက် ဥပုသ်နေ့မှာ ဥပုသ်သီလယူပြီးတော့ ဗိုက်ကအရမ်းဆာတဲ့အတွက် ည ၁၂နာရီကျော်တော့ ထမင်းကြော်ပြီး စားလိုက်တယ်လို့ ဆိုပါတယ်။ သူ့အထင်က ည၁၂နာရီ ကျော်ရင် စားလို့ရပြီလို့ ထင်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒါဘုန်းဘုန်းကို လျှောက်ပြတော့ ၀ိကာလဘောဇ သိက္ခာပုဒ်ရဲ့ သတ်မှတ်ချိန်ဟာ နေမွန်းလွဲချိန်ကစပြီး နောက်တစ်နေ့ မနက်အရုဏ်တက်ချိန်အထိ သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် အရုဏ်တက်တဲ့အထိ ဒီသိက္ခာပုဒ်ကို စောင့်ထိန်းရမယ်လို့ ရှင်းပြဖြစ်ပါတယ်။ ဒါဟာ ဥပုသ်သည်တွေ အနေနဲ့ ၀ိကာလအချိန် သတ်မှတ်တာနဲ့ ပတ်သက်လို့ သတိထားရမယ့် အချက်ပဲ ဖြစ်ပါတယ်။

ထားပါတော။့ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ပြောချင်တာက ၀ိကာလ သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး လွဲနေတာလေးတွေ ရှိတဲ့အတွက် အခုတင်ပြခဲ့တာနဲ့ ပတ်သက်လို့ အမှတ်လွဲနေတာ ရှိကြရင်လည်း ပြင်နိုင်ကြဖို့ ပြောလိုရင်း ဖြစ်ပါတယ်။ အသေးအဖွဲလေးတွေပဲ ဆိုပေမယ့် အသေးအလွဲလေးတွေကစပြီး အလွဲကြီးတွေ ဖြစ်တတ်တဲ့အတွက် အသေးအဖွဲလေးတွေကိုလည်း တတ်နိုင်သမျှ သတိထားပြီး လိုက်နာကြတာ ကောင်းပါတယ်လို့ အကြံပြုရင်း လွဲတတ်တဲ့ အလွဲတစ်ခု အဖြစ် တင်ပြလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ