ဥပုသ်သီလ၊ မုသာဝါဒနှင့် အလှူဒါန…

Q. အရှင်ဘုရား
၁။ ၈ပါးသီလတောင်းခံရာ၌ ဘုရားစင်ရှေ့၌ မိမိဖာသာဆိုပြီး တောင်းခံ၍ ရနိုင်ပါသလား
၂။ တပည့်တော် ဥပုသ်စောင့်တဲ့ အခါမှာမေ့ပြီး တူကလေးကို နောက်ပြောင်ပြီး ညာပြောမိပါတယ်။ သတိယတော့ ဥပုသ်ကျိုးသွားပြီ ဖြစ်တဲ့အတွက်ကြောင့် ဘုရားစင်ရှေ့မှာ ပြန်ပြီး ရှစ်ပါးသီလ တောင်းခံပြီး ပြန်ဆက်စောင့်လျှင် ဖြစ်နိုင်ပါသလား
၃။ တပည့်တော် တခြားမြို့ရှိ ဘုန်းကြီးကျောင်းအား ၀တ္ထုကပ်လှူချင်ပါသည်။ ကိုယ်တိုင်ကိုယ်ကျ မသွားနိုင်သောကြောင့် လူကြုံဖြင့် ပေးလိုက်ရပါသည်။ ကိုယ်တိုင်မကပ်လှူနိုင်သောကြောင့် အကျိုးပေး နဲသွားပါသလား
ကျေးဇူးအထူးတင်ရှိပါသည်။ အရှင်ဘုရားကျန်းမာပါစေ..
သင်းသင်းအေး
(MYANMAR TASAKI CO., LTD.)

A. ၁။ ၈ပါးသီလကို ဘုရားစင်ရှေ့မှာလည်း တောင်းခံပြီး ဆောက်တည်လို့ ရပါတယ်။ ဒါပေမယ့် ဘုရားစင်ရှေ့မှာ ဆောက်တည်တဲ့အခါမှာတော့ အာမဘန္တေဆိုတဲ့ စကားလုံးတွေ ဆိုစရာမလိုပါဘူး။ အာမဘန္တေဆိုတာ အရှင်ဘုရား ကောင်းပါပြီဘုရားလို့ အဓိပ္ပါယ်ရတဲ့ ၀န်ခံပါဠိစကား ဖြစ်ပါတယ်။ ဒီစကားလုံးဟာ ရှေ့ကတိုင်ပေးချပေးတဲ့ သီလပေးတဲ့ ရဟန်းသံဃာတော်များ ရှေ့မှာ သီလယူမှသာ ဆိုရမယ့် စကားလုံး ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်း ဘုရားစင်ရှေ့မှာ သီလယူတဲ့အခါ အာမဘန္တေတွေ မဆိုတော့ဘဲ သီလတောင်း၊ နမောတဿဆို၊ သရဏဂုံဆောက်တည်ပြီး နောက်ဆုံး သီလသိက္ခာပုဒ်တွေကို ဆောက်တည်ရုံပါပဲ။ ဒါဆို ဘုရားရှေ့မှာ သီလခံယူမှု အထမြောက်အောင်မြင်သွားပါပြီ။

၂။ မုသာဝါဒနဲ့ ပတ်သက်ပြီး ဘုရားရှင်ကတော့ သားတော်ရာဟုလာကို “ချစ်သား ရာဟုလာ မုသားဆိုလျင် ရယ်ဖွယ်မျှပင် မပြောနဲ့”လို့ မိန့်တော်မူပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မုသာဝါဒ ကျူးလွန်မိသူဟာ မလုပ်နိုင်တဲ့ အကုသိုလ် မရှိလို့ပဲလို့ ဆိုပါတယ်။ ဒါက မုသာဝါဒရဲ့ အပြစ်ကို ပြောတာပါ။ သီလသိက္ခာပုဒ်ပိုင်းမှာတော့ မုသာဝါဒကံမြောက်နိုင်တဲ့ အင်္ဂါရပ်တွေ ရှိပါတယ်။ မုသားပြောတဲ့ပုဂ္ဂိုလ်ဟာ ၁။ မမှန်သော အကြောင်းအရာဖြစ်ခြင်း ၂။ မှားယွင်းစေလိုသောစိတ်ရှိခြင်း ၃။ ထိုစိတ်ဖြင့်လုံ့လပြုခြင်း ၄။ မိမိလိမ်ညာ ပြောဆိုနေသည်ကိုသိခြင်း ဆိုတဲ့ ဒီအင်္ဂါရပ် လေးပါးလုံးနဲ့ ပြည့်စုံရင် မုသာဝဒါကံမြောက်ပြီး ဒီသိက္ခာပုဒ်လည်း ကျိုးပြတ်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဒီအင်္ဂါတွေနဲ့ မညီဘူးဆိုရင်တော့ ကံမမြောက်တဲ့အတွက် သိက္ခာပုဒ်မပျက်ပါဘူး။ ဒါပေမယ့် မုသာဝါဒသိက္ခာပုဒ်တော့ ညစ်နွမ်းပါတယ်။ ဒီလို ကျူးလွန်မိပေမယ့် အင်္ဂါရပ်တွေနဲ့ မပြည့်စုံတဲ့အတွက် သိက္ခာပုဒ် မကျိုးဘူးဆိုရင် ဘုရားရှေ့မှာ ထပ်ပြီးယူစရာမလိုပါဘူး။ သတိပြန်ဝင်ချိန်ကစပြီး နောင်ဒီလိုမဖြစ်အောင် ပြန်စောင့်ထိန်းမယ်ဆိုရင် ရပါတယ်။

ဒီနေရာမှာ သတိထားရမှာက သီလသိက္ခာပုဒ်တွေဟာ တစ်ပုဒ်ချင်းယူထားရင် တစ်ခုကျိုးသွားတဲ့အခါ တစ်ခုပဲ ပျက်ပါတယ်။ တစ်ပုဒ်ချင်းယူတယ်ဆိုတာ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊ အာဒိန္နာဒါန… စသဖြင့် ယူချင်းကိုဆိုပြီး ပေါင်းယူတယ်ဆိုတာက အဋ္ဌင်္ဂသမ္ပန္နံဂတံ ဥပေါသထသီလံ သမာဒိယာမိလို့ဆိုပြီး ဆောက်တည်တာကို ပြောတာပါ။ ပေါင်းယူထားရင်တော့ တစ်ခုကျိုးရင် အားလုံးပျက်ပါတယ်။ ခုနက ပြောသလို အင်္ဂါရပ်တွေနဲ့ ညီလို့ သိက္ခာပုဒ် ကျိုးပေါက်သွားရင်တော့ ပြန်ယူပြီး ပြန်ဆောက်တည်နိုင်ပါတယ်။ ဒါပေမယ့် တစ်နေ့တာ ဆောက်တည်မှုမျိုးတော့ မဖြစ်တော့ဘူးပေါ့။ အချိန်ပိုင်း ဆောက်တည်တဲ့ ပုံစံမျိုးပဲ ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မကျူးလွန်မိအောင် ထိန်းနိုင်တာက အကောင်းဆုံးပါပဲ။ ဥပုသ်သီလလို့ ဆိုတဲ့အတွက် ဥပုသ်နေ့တစ်နေ့လေးမှာပဲ အထူးပြု ဆောက်တည်ကြရာမှာ တစ်နေ့လုံး အစအဆုံး ထိန်းနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် အချိန်ပိုင်းအနေနဲ့ ဆောက်တည်လိုက်ရရင်လည်း ဆောက်တည်တဲ့အခိုက်မှာ အတတ်နိုင်ဆုံး သတိထားနိုင်တာ ကောင်းပါတယ်။

၃။ အလှူဒါနပြုလုပ်တဲ့အခါ အဓိကပြည့်စုံသင့်တဲ့ အင်္ဂါရပ်တွေထဲမှာ စေတနာသုံးတန်ပြဋ္ဌာန်းဖို့က ပထမ အရေးအကြီးဆုံး အချက်ပဲ ဖြစ်ပါတယ်။ ဒုတိယအချက်က လှူဖွယ်ဝတ္ထု သန့်ရှင်းဖို့နဲ့ တတိယအချက်က အလှူခံပုဂ္ဂိုလ်မွန်မြတ်ဖို့ပါ။ ဒီအချက်တွေထဲမှာ စေတနာသုံးတန်ပြဋ္ဌာန်းမှုက ပိုပြီးအရေးကြီးပါတယ်။ စေတနာလည်းပြဋ္ဌာန်း လှူဖွယ်ဝတ္ထုကလည်း သန့်စင်၊ အလှူခံပုဂ္ဂိုလ်ကလည်း မွန်မြတ်ဆိုရင်တော့ အလွန်အကျိုးထူးတဲ့ အလှူဒါနဖြစ်သလို အကျိုးတရားလည်း အပြည့်ရစေမှာဖြစ်ပါတယ်။ ဒီအင်္ဂါရပ်တွေအရ ကိုယ်တိုင်ကိုယ်ကျ လှူမှုမလှူမှုထက် စေတနာသုံးတန် ဖြူစင်မှု မဖြူစင်မှုက ပိုပြီး အရေးကြီးတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီအင်္ဂါရပ်တွေနဲ့ ပြည့်စုံပြီး ကိုယ်တိုင်ကိုယ်ကျလည်း ရိုရိုသေသေ ပေးလှူနိုင်မယ်ဆိုရင်တော့ အချိုပေါ် သကာလောင်းသလို ပိုပိုပြီး အကျိုးကြီးစေမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်မလှူနိုင်လို့ တစ်ဆင့်ခံလှူဒါန်းတဲ့ အခါမှာလည်း စေတနာပြဋ္ဌာန်းပြီး လှူဒါန်းနိုင်ရင် ဒီအလှူဟာ အကျိုးအပြည့်အ၀ ရစေနိုင်တဲ့ အလှူပဲ ဖြစ်ပါတယ်။ အဓိကကတော့ စေတနာပဲ ဖြစ်ပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၈)...

ဆင်းတုတော်နဲ့ နေ့သစ်နံသစ်…
ဗုဒ္ဓဘာသာများရဲ လွဲတတ်တဲ့၊ လွဲနေတဲ့ အလွဲလေးတွေ ထုတ်ပြရာမှာ ဒီတစ်ခါတော့ ရုပ်ပွားဆင်းတုတော် ထုလုပ်ကိုးကွယ်တာနဲ့ ပတ်သက်တဲ့ အလွဲလေးတစ်ခု ပြောဖို့လိုလာပြန်ပါတယ်။ ဒီနေ့ခေတ်မြန်မာများဟာ ရုပ်ပွားဆင်းတုတော်ကို ကိုယ်ကိုယ်တိုင် ကိုးကွယ်ပူဇော်လိုလို့ ထုလုပ်ကိုးကွယ်တာတွေ ရှိသလို ဗေဒင်ဆရာတွေရဲ့ ညွန်ကြားမှုကြောင့် ထုလုပ်ကိုးကွယ်တာလည်း ရှိပါတယ်။ တစ်ချို့က ဘုရားဆင်းတုတော် ထုလုပ်ကိုးကွယ်တာကို ကိုယ်ကဘယ်နေ့သား၊ ဘယ်နေ့သမီးဖြစ်လို့ ဘာသစ်သားနဲ့ ထုလုပ်တာ၊ ဘာကျောက်နဲ့ ထုလုပ်တာ၊ ဘုရားပလ္လင်အောက်က ဘယ်လိုသတ္တ၀ါမျိုး ထုလုပ်စေတာ၊ ဆင်စီးပြီးမြင်းရံဖို့အတွက် ဆင်ခံမြင်းခံဘုရား ထုလုပ်စေတာ စသဖြင့် ရုပ်ပွားတော် ပူဇော်ကိုးကွယ်ချင်တာထက် ကိုယ့်အတွက် ဓာတ်တူနံတူဖြစ်အောင်၊ ကိုယ်အန္တရာယ်ကင်းအောင်၊ အစစအရာရာ အောင်မြင်အောင် စတာတွေက ပိုပြီးလွှမ်းမိုးနေပါတယ်။ ဘုရားကို အာရုံပြုချင်တာထက် ဘုရားကို အသုံးချချင်တာက ပိုများနေပါတယ်။

တစ်ချို့ရှိပါသေးတယ်။ ဒက္ခိဏသာခါ ဘုရားဆင်းတုတော်ကို ကိုးကွယ်ရင် အိမ်မီးကွင်းတယ်ဆိုပြီး ထုလုပ်ပူဇော်တာပါ။ တကယ်လို့ ဒက္ခိဏသာခါ ဘုရားကို ထုလုပ်စေတယ်ဆိုရင်လည်း ဘုရားဆင်းတုတော်ကို ကြည်ညိုဖွယ်ဖြစ်အောင် ထုလုပ်ခိုင်းသင့်တာပေါ့။ ခုဟာက ဘယ်ဆရာက ဘယ်လိုထွင်လိုက်တယ် မသိပါဘူး။ ဘုရားရုပ်ပွားတော်ကို ပုပုကွကွထုလုပ်ထားတာ၊ ပြီးတော့ ပခုံးနှစ်ဘက်၊ ဒူးခေါင်းစတာတွေမှာ သပ်ရိုက်ထားတာတွေအထိ ဖန်တီးထုလုပ်ထားတာတွေကြောင့် ဘုရားဆင်းတုတော်ဟာ ကြည်ညိုဖွယ် အသွင်ကို ပျောက်နေတော့တာပါ။ ဒက္ခိဏသာခါ ဘုရားဆင်းတုတော်ကို ပြန်ကြည့်ရင် တွေ့ပါလိမ့်မယ်။ ဗုဒ္ဓဘာသာတွေဟာ ဘုရားရုပ်ပွားတော်ကို ဖြစ်သလိုပူဇော်ကြတဲ့ အပြင် လောကီရေးတွေအတွက်ပါ အသုံးချသလို ဖြစ်နေပါတယ်။ ဒါလည်း မဖြစ်သင့်ပါဘူး။

တကယ်တော့ ဆင်းတုတော်ဆိုတာ မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူခဲ့တဲ့ ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿကစေတီဆိုတဲ့ စေတီလေးမျိုးထဲမှာ ဘုရား၊ ရဟန္တာ အရှင်မြတ်များကို ရည်မှန်းပြီး ထုလုပ်ထားတဲ့ ဥဒ္ဒိဿ စေတီအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ စေတီဆိုတာ ကိုးကွယ်ပူဇော်တဲ့ သူများရဲ့ ကုသိုလ်လုပ်ရာ၊ ကောင်းမှုပြုရာ၊ ထာဝရမပျက်ဆီးနိုင်တဲ့ ကုသိုလ်ရွှေအိုးမြုပ်ရာ ဌာနဖြစ်တဲ့အတွက် စေတီလို့ ခေါ်တာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ပွားဆင်းတုတော်ဟာ ဥဒ္ဒိဿကစေတီဖြစ်တဲ့ အတွက် သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ကိုးကွယ် ပူဇော်သင့်ပါတယ်။ ဘုရားရှင်ဟာ ၃၂ပါးသော ယောက်ျားမြတ်တို့ရဲ့ လက္ခဏာတော်များနဲ့ ပြည့်စုံတဲ့ လူသားစင်စစ် ဖြစ်တော်မူတဲ့အတွက် လောကမှာ အချောဆုံး၊ အကြည်ညိုဆုံးလူသား ဖြစ်ပါတယ်။ ဒီလိုလူသားကိုမှ ပုကွကွ၊ ပုတိုတိုဖြစ်အောင် ဖန်တီးထုလုပ်တာကတော့ ဒါဟာ ဘုရားကြည်ညိုလို့ ထုလုပ်တာမဟုတ်ဘဲ၊ ဘုရားကိုခုတုံးလုပ်ပြီး အဆောင်သဘောထားချင်လို့ ထုလုပ်စေတာပဲ ဖြစ်ပါတယ်။

နှလုံးသားမှာ ဘုရားတည်ဖို့က အဓိကကျပေမယ့် နှလုံးသားမှာ မတည်ခင် ပုံတော်ကိုမှန်းပြီး ဂုဏ်တော်လွှမ်းဖို့ ကလည်း လိုလာပြန်ပါတယ်။ ဘုရားပုံတော်ကို ကြည့်လို့မှ ဂုဏ်တော်မလွှမ်းနိုင်အောင် ဖြစ်ရတဲ့ ရုပ်ပွားဆင်းတုတော်မျိုး ကတော့ သာမန်သဒ္ဓါတရား နုသေးတဲ့ သူတွေအတွက် သဒ္ဓါတိုးဖို့ ခက်ခဲလှပါတယ်။ ဘုရားဆင်းတုတော်ကို ကြည်ညိုဖွယ်ဖြစ်အောင် ထုလုပ်ထားရင် မျက်နှာတော်ကို ကြည့်နေရတာကိုက ပီတိတိုးနေတာပါ။ ဆင်းတုတော် ထုလုပ်တဲ့သူတွေ အနေနဲ့လည်း ရုပ်ပွားတော်ကို ဖြစ်သလို မထုလုပ်သင့်ပါဘူး။ ဘုရားဆိုတာ အတုမရှိသလို၊ တူအောင်လည်း ထုလို့မရပေမယ့် ကြည်ညိုဖွယ်ဆောင်တဲ့ မျက်နှာတော် ကိုယ်ဟန်အနေအထားနဲ့ လက်အနေအထား မုဒြာများကို စေတနာထား ထုလုပ်သင့်ပါတယ်။ ၀ယ်ယူပူဇော်တဲ့သူတွေ ဘုရားရုပ်ပွားတော်ကို ကြည့်လိုက်တာနဲ့ ရင်ထဲမှာ ကြည်နူးသွားစေရင် သူတို့လည်း ကုသိုလ်ရသလို ကိုယ်လည်းကုသိုလ်ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီမှာအဓိက ပြောချင်တာက ရုပ်ပွားဆင်းတုတော် ထုလုပ်စေပြီး ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာများ အနေနဲ့ ဘာသာရေးကို လောကီရေးများနဲ့ ရောပြွမ်းပြီး ကိုယ့်အတွက်နဲ့ ဘုရားဆင်းတုတော်ကို အသုံးချတဲ့အထိ မဖြစ်ကြဖို့ လိုပါတယ်။ ဘာသားနဲ့ပဲထုလုပ်ထား ထုလုပ်ထား ကြည်ညိုဖွယ်ကို ဆောင်စေတဲ့ ဆင်းတုတော်ဆိုရင် တရိုတသေနဲ့ ပုံတော်ကိုမှန်းပြီး ဂုဏ်တော်လွှမ်းနိုင်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ်က ဘာနေ့နံဖြစ်လို့ ဘုရားဆင်းတုတော်ကို ဘယ်လိုအသားနဲ့ ထုထားတာမှ ကိုးကွယ်မယ်ဆိုတာထက် ပုံတော်ကိုမှန်းပြီး ဂုဏ်တော်အထိ အာရုံပြုနိုင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာများ အနေနဲ့ ဆင်းတုတော် ထုလုပ်ကိုးကွယ်တာကို လောကီရေးများနောက်လိုက်ပြီး နေ့သစ်နံသစ်တွေနဲ့ ပုံစံအမျိုးမျိုး ထုလုပ်ကာ ဖြစ်သလို ကိုးကွယ်မှုမျိုး မဖြစ်ကြစေဖို့နဲ့ ကြည်ညိုဖွယ်ကိုဆောင်တဲ့ ရုပ်ပွားဆင်းတုတော်အပေါ်တွင် သက်တော်ထင်ရှား ဘုရားရှင်အား အာရုံထားပြီး ပုံတော်မှသည် ဂုဏ်တော်အထိ ပွားနိုင်အောင် ကြိုးစားကြဖို့ လွဲနေတာလေးကို သတိပြုနိုင်ရန် တင်ပြလိုက်ရပါတယ်။

Read more »

အစာမကြေတာတွေ များလာရင်ဖြင့်…

အစာမကြေဖြစ်တယ်ဆိုတဲ့ စကားကို အစားအသောက်တွေနဲ့ ပတ်သက်လို့ ပြောဆိုသုံးနှုံးကြတာ ရှိသလို ဒီနေ့ခေတ်မှာတော့ အဲဒီစကားလုံးကို တစ်ခြားအဓိပ္ပါယ်တစ်မျိုးနဲ့ သုံးလာတာလည်း ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား ဖြစ်ပေါ်တတ်တဲ့ မကျေနပ်ချက်လေးတွေ၊ သဘောမကျတာလေးတွေ၊ စိတ်ထဲမှာ မျက်နေတာလေးတွေကိုလည်း အစာမကြေဖြစ်တယ်လို့ ပြောဆိုလာတာကို တွေ့ရပါတယ်။ “သူ မင်းကို အစာမကြေဖြစ်နေတယ်၊ မင်း..ငါ့အပေါ် ဘာအစာမကြေ ဖြစ်လို့လဲ..”စသဖြင့် ပြောဆိုသုံးနှုန်းလာတာ ကြားရတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး စိတ်ထဲမှာ မတင်မကျနဲ့ ဘ၀င်မကျ ဖြစ်နေတာ၊ မကြေမချမ်းဖြစ်နေတာ၊ အလိုမကျ ဖြစ်နေတာလေးတွေ ရှိနေတာကိုပဲ အစာမကြေ ဖြစ်နေကြတယ်လို့ ဆိုလေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အစာမကြေတာလေးတွေ များလာမယ်ဆိုရင်တော့ ကြာရင် နာကျင်ပေါက်ကွဲလာတဲ့အထိ ဖြစ်လာနိုင်တယ်ဆိုတာ သတိပြုစရာ ဖြစ်ပါတယ် ။

ဟုတ်ပါတယ်။ အပေါင်းအသင်းများ၊ အစုအဖွဲ့များ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ အတူတူ နေထိုင်လုပ်ကိုင် ကျင်လည်ကြရတဲ့ သူအတော်များများကို ကြည့်လိုက်ရင် ငယ်ပေါင်းကြီးဖော်တွေ မဟုတ်ဘဲ အခုမှလာပြီး အလုပ်သဘောအရ အတူနေထိုင် လုပ်ကိုင်ဖြစ်ကြတာဆိုတော့ ပေါင်းရသင်းရတာ တော်တော်လေး ခက်တတ်တဲ့ သဘောရှိတာကို တွေ့ရတတ်ပါတယ်။ စတွေ့ကာစတော့ အဆင်ပြေသလို ရှိကြပေမယ့် ကြာလာတဲ့အခါမှာတော့ တစ်ယောက်အကြောင်း တစ်ယောက်သိလာ၊ တစ်ယောက်အကျင့်စရိုက်ကို တစ်ယောက်ကသိလာပြီး မတူညီတဲ့ အကျင့်စရိုက်တွေကြောင့် အတူနေရင်း၊ ပေါင်းရင်းသင်းရင်းနဲ့ပဲ ပိုပြီးချစ်ခင် ရင်းနှီးမှု မရှိတဲ့အပြင် တဖြည်းဖြည်းပိုပိုလို့သာ ဆက်ဆံရေးတွေက မကောင်းဘဲ ဖြစ်လာတတ်တာကို တွေ့ရတတ်ပါတယ်။ နောက်ဆုံးတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အစာမကြေတာလေးတွေပါ ရှိလာပြန်တော့ အဲဒီ အစာမကြေတာလေးတွေကို စုထားစုထားရင်း ကြာတော့အစိုင်အခဲ ဖြစ်လာကာ ပေါက်ကွဲကုန်တဲ့အထိ ဖြစ်ကုန်ပါတယ်။ ဒီလို ပေါက်ကွဲကုန်တဲ့အထိ ဖြစ်လာစေတဲ့ အဓိက တရားခံကတော့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ရှိနေကြတဲ့ အစာမကြေတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

အစာမကြေတာကို စာစကားနဲ့ပြောတော့ အမျက်လို့ ပြောနိုင်ပါတယ်။ ပါဠိစာပေကတော့ ကောဓလို့ ဆိုပါတယ်။ ကောဓပဲဖြစ်ဖြစ်၊ အမျက်ပဲဖြစ်ဖြစ်၊ အစာမကြေတာပဲ ဖြစ်ဖြစ် ဒီသဘောတရားတွေ လူတစ်ယောက်ချင်းရဲ့ စိတ်ထဲမှာ၊ ရင်ထဲမှာ ကိန်းနေကြမယ် ဆိုရင်တော့ အစာမကြေတာတွေ များလာပြီး နောက်ဆုံး ပေါက်ကွဲလာတဲ့အထိ ဖြစ်တတ်တယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ တကယ်တော့ ကောဓဆိုတာ ဒေါသ အသေးစားလေးပဲ ဖြစ်ပါတယ်။ ကောဓလေးတွေ များများလာပြီး စုစည်းလာတဲ့အခါ အစိုင်အခဲ တစ်ခုအဖြစ်နဲ့ နောက်ဆုံးမှာ ပေါက်ကွဲတဲ့ ဒေါသအဆင့်အထိ ရောက်သွားတတ်ပါတယ်။ ဒေါသအဖြစ် ပြောင်းသွားပြီဆိုရင်တော့ အကြောင်းအကျိုး အကောင်းအဆိုး မခွဲခြားနိုင်တော့ဘဲ အမှားများစွာကို ကျူးလွန်မိတဲ့အထိ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကောဓခေါ် အစာမကြေတာလေးတွေ မဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

လူ့လောကအသိုင်းအ၀ိုင်းမှာ နေနေကြတဲ့ သူတွေအတွက် နေ့စဉ်တွေ့ထိ ဆက်ဆံနေရတဲ့ ဒီအသိုင်းအ၀ိုင်းကြားမှာ တစ်နည်းမဟုတ်တစ်နည်း တစ်ဦးအပေါ်တစ်ဦး ကိုယ်အမူအရာကြောင့်ပဲ ဖြစ်ဖြစ်၊ စကားကြောင့်ပဲဖြစ်ဖြစ် နားလည်မှုလွဲတာလေးတွေ ရှိတတ်ပါတယ်။ ဒီလို နားလည်မှုလွဲတာလေးတွေ ဖြစ်လာရင် တိုက်ရိုက်ပြောဆို ဖြေရှင်းနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ နားလည်မှု လွဲတာလေးတွေကို မဖြေရှင်းပဲ စိတ်ထဲမှာ တေးတေးထားရင် အဲဒီနားလည်မှု လွဲတာလေးတွေဟာ တဖြည်းဖြည်း များများလာပြီး အစာမကြေ ဖြစ်လာတာတွေအထိ ဖြစ်တတ်ပါတယ်။ အစာမကြေ ဖြစ်လာပြီဆိုရင် တစ်ဦးနဲ့တစ်ဦးကြားမှာ နေထိုင်ပြောဆို ဆက်ဆံရတာတွေကအစ ကသိကအောင့် ဖြစ်လာတတ်ပါတယ်။ ဒီလိုနဲ့ အစာမကြေ ဖြစ်တာတွေဟာ တစ်ဦးချင်းစီရဲ့ အပြောအဆို အနေအထိုင်လေးတွေကြောင့် ပိုပိုများများလာပြီး နောက်ဆုံးမှာ ခိုက်ရန်ဒေါသဖြစ်တဲ့အထိ ဖြစ်လာတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အစာမကြေဖြစ်လာ၊ အဆင်မပြေဖြစ်လာပြီဆိုရင် တစ်ဘက်လူ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော ကိုယ့်ကိုစောင်းပြီး လုပ်နေပြောနေတယ်လို့ကို ထင်လာတတ်ပါတယ်။ စိတ်ထဲမှာအောင်းနေတဲ့ အစာမကြေမှုတွေ၊ အမျက်တွေက လူတစ်ယောက်ကို အကောင်းမြင်ပေးဖို့ မဖြစ်နိုင်တဲ့အထိ ပိတ်ဆို့ထားတတ်ပါတယ်။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အကောင်းမမြင်တော့ဘူး ဆိုရင်တော့ သူဘာပဲလုပ်လုပ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်တာတွေပဲ ထင်နေမြင်နေ တတ်ပါတော့တယ်။ ဒါဟာ နားလည်မှုလွဲရာက စခဲ့တဲ့ အစာမကြေမှုတွေရဲ့ အကျိုးသက်ရောက်မှုပဲ ဖြစ်ပါတယ်။

တကယ်တော့ ဘယ်သူမဆို တစ်နည်းမဟုတ်တစ်နည်း အမှားလေးတွေ လုပ်မိတတ်ပါတယ်။ တစ်ခါတစ်လေ စေတနာမပါဘဲ ရုတ်တရက်ဖြစ်သွားတတ်တဲ့ အလွဲအချော်လေးတွေ၊ အပြောမှား၊ အလုပ်မှားလေးတွေ ရှိတတ်ပါတယ်။ အဲဒီလို ရှိလာတဲ့အခါ သူသူကိုယ်ကိုယ် ကိုယ်ချင်စာတရားနဲ့ နားလည်ပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။ အကယ်၍ သူ့နေရာမှာ ကိုယ်ဆိုရင်လည်း ဒီလိုဖြစ်မိမှာပဲလို့ သူ့နေရာကနေ အစားထိုး တွေးကြည့်သင့်ပါတယ်။ သူမှားသလို ကိုယ်လည်းမှားဖူးတတ်တာ လေးတွေကို သတိရပြီး ခွင့်လွှတ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ နားလည်မှုပေးနိုင်အောင် အားထုတ်သင့်ပါတယ်။ အဲလိုမှမဟုတ်ဘဲ မှားတတ်တဲ့အပေါ်မှာ အပြစ်တွေပဲ မြင်နေမယ်ဆိုရင်တော့ ကြာရင် တစ်ဦးနဲ့တစ်ဦးကြား အစာမကြေမှုတွေ ဖြစ်လာတတ်ပါတယ်။ ကိုယ်က အစာမကြေဖြစ်လာရင် တစ်ဘက်ကလည်း ပြန်ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ နှစ်ဦးနှစ်ဘက်လုံး အစာမကြေတာတွေများပြီး နောက်ဆုံးမှာ မခေါ်မပြောနိုင်၊ မမြင်မကြည့်နိုင်တဲ့အထိ ဖြစ်လာကာ အမုန်းကြီးမုန်းတဲ့အထိ ဖြစ်ကုန်တတ်ပါတယ်။ ဒါဟာ အသေးအဖွဲ့ နားလည်မှုလွဲတာလေးက စခဲ့တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစာမကြေ ဖြစ်ကြရခြင်းရဲ့ အကြောင်းဖြစ်တဲ့ နားလည်မှု လွဲတာလေးတွေကို ထိပ်တိုက်တွေ့ဆုံခြင်းနဲ့ ဖြေရှင်းကြဖို့ ဆိုကြခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးကြားမှာ နားလည်မှုက အရမ်းအရေးကြီးပါတယ်။ နားလည်မှုမရှိရင်၊ နားလည်မှု မပေးနိုင်ရင် တစ်ဦးနဲ့တစ်ဦး အကြာကြီး ဆက်ဆံလို့ မရကြပါဘူး။ အချစ်ဆိုတာ နားလည်ခြင်းပဲလို့ ဆိုတဲ့အတိုင်း နားလည်မှု မရှိရင် ချစ်လို့လည်း မရပါဘူး။ အချစ်မရှိရင် အပြစ်ပဲ ကြည့်တတ်ပါတယ်။ အပြစ်ကြည့်ပြီဆိုရင်တော့ နားလည်မှုလည်း ပေးလို့မရ ဖြစ်လာတတ်ပါတယ်။ တကယ်တော့ ဘယ်လောက်ပဲ အချစ်ကြီးတယ်ပဲ ပြောပြော နားလည်မှုလွဲလာပြီဆိုရင် အချစ်တွေလည်း လျော့လာတတ်ပါတယ်။ နားလည် ပေးခြင်းဟာ ချစ်နေခြင်းပဲ ဖြစ်တဲ့အတွက် အချစ်ရှည်ချင်ရင် နားလည်မှုလည်း ရှည်အောင်ကြိုးစားသင့်ပါတယ်။ နားလည်မှုရှည်ဖို့အတွက် နားလည်မှု ပေးဖို့လိုပါတယ်။ နားလည်မှုရအောင် လုပ်ယူဖို့လိုပါတယ်။ အကြောင်းတစ်ခုခုကြောင့် တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုလွဲစရာ ပေါ်လာရင် တိုက်ရိုက်တွေ့ဆုံပြီး ဒီလိုကြားတယ်၊ ဒီလိုပြောကြတယ် အဲဒါဟုတ်လား၊ မဟုတ်ဘူးလား စသဖြင့် တွေ့ဆုံမေးမြန်းပြီး အဖြေမှန်ကို ရယူနိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒါမှလည်း နားလည်မှုကို ရေရှည်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ ကိုယ့်အချင်းချင်း တိုက်ရိုက်မမေးမြန်း၊ မဖြေရှင်းဘဲ တစ်ဆင့်စကား တစ်ဆင့်အကြားနဲ့ စိတ်ထဲမှာ တေးမှတ်ထားမယ်ဆိုရင်တော့ ဒါဟာ အစာမကြေမှု စလာတာ ဖြစ်ပါတယ်။ အစာမကြေဖြစ်လာပြီ ဆိုရင်တော့ ကွဲကြပြဲကြဖို့ စလာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစာမကြေမှုတွေ မဖြစ်ရအောင် နားလည်မှုရှိကြဖို့၊ နားလည်မှု ပေးကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

စကားစပ်လို့ သိပ်ချစ်ခင်ကြတဲ့ တပည့်ဒကာလေး နှစ်ယောက်အကြောင်း သတိရမိပါတယ်။ သူတို့ဟာ အရင်တုန်းက အတော်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ဘယ်သွားသွား ဘယ်လာလာ အတူတူ တစ်တွဲတွဲ ဖြစ်နေကြလို့ ဘေးကလူတွေကတောင် သူတို့ကို လင်မယားတွေလို့ ပြောကြတဲ့အထိ ချစ်ခင်ကြတဲ့သူတွေပါ။ ခုတော့ ဒီဒကာနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အမုန်းကြီးမုန်းပြီး ရန်သူတွေလို ဖြစ်ကုန်ကြပါတယ်။ သူတို့တွေ ဒီလိုဖြစ်သွားရခြင်းရဲ့ အကြောင်းက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲရာက စခဲ့ကြတာပါ။ အဲဒီလို နားလည်မှု လွဲတာလေးအတွက် တိုက်ရိုက်ဖြေရှင်းရမှာကို အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းအချင်းချင်း မေးလို့မကောင်းပါဘူး၊ ပြောလို့မကောင်းပါဘူး ဆိုတဲ့အတွေးတွေနဲ့ မဖြေရှင်းပဲ ထားရင်းထားရင်းနဲ့ ကြာတော့ ဘေးကတိုက်တာတွေရော၊ ဟိုလူကပြော ဒီလူကပြောတာ တွေရောကြောင့် တစ်ယောက်အပေါ်တစ်ယောက် အမြင်တွေစောင်းပြီး အစာမကြေတာတွေပါ အောင်းလာကာ နောက်ဆုံးတော့ ပေါင်းလို့မရတဲ့အထိ ဖြစ်ကုန်တယ်လို့ သိရပါတယ်။ ဘုန်းဘုန်းတို့လည်း အတတ်နိုင်ဆုံး ဖြေရှင်းပေး၊ ညှိပေးပေမယ့် သူတို့ တစ်ဦးချင်းမှာရှိနေတဲ့ ငါဆိုတဲ့ အတ္တမာနတွေကြောင့် ဘယ်လို့မှ ညှိလို့မရဖြစ်ကာ ကွဲကြပြဲကြတာပဲ အဖတ်တင်ခဲ့ကြပါတယ်။ ဒါတွေအားလုံးရဲ့ အဓိကတရားခံကတော့ နားလည်မှုလွဲတာရယ် အစာမကြေတာတွေရယ်က စခဲ့တာပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ အဓိကပြောချင်တာက တစ်ယောက်နဲ့ တစ်ယောက်ကြား အစာမကြေ မဖြစ်ရအောင် ဘာပဲဖြစ်ဖြစ် ကိုယ်ချင်းစာတရားနဲ့ နားလည်မှုပေးကြဖို့ ပြောလိုရင်း ဖြစ်ပါတယ်။ အစာမကြေမှုတွေ များလာရင် အဆင်မပြေမှုတွေနဲ့ အတူနေမှုတွေမှာ မပြေမလည်မှုတွေ ဖြစ်စေနိုင်တဲ့အတွက် နားလည်မှု လွဲတာလေးတွေကို တိုက်ရိုက်တွေ့ဆုံ မေးမြန်းပြောဆိုခြင်းဖြင့် ပြေလည်အောင် ကြိုးစားကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဟန်ဆောင်မှုမပါ ရိုးသားစွာနဲ့ပဲ အတူနေတဲ့ သူအချင်းချင်း နားလည်မှုကို တည်ဆောက်ကာ အစာမကြေမှုတွေ ဖျောက်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အစာမကြေတာတွေ များလာခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်ပေါ်တတ်တဲ့ ဆိုးကျိုးတွေက နှစ်ဦးနှစ်ဘက်လုံး အကျိုးယုတ်မှုကိုသာ ဖြစ်စေတတ်တဲ့အတွက် တဒင်္ဂခဏ တွေ့ဆုံရတဲ့ အခိုက်အတန့်လေးမှာ တစ်ဦးနဲ့တစ်ဦး အစာမကြေမှုတွေနဲ့ အမျက်လေးတွေ မဖြစ်ကြစေဖို့ အသေးအဖွဲ နားလည်မှု လွဲတာလေးတွေကအစ သူများစကား နားမယောင်ဘဲ ကိုယ့်အချင်းချင်း ထိပ်တိုက်တွေ့ဆုံ ပြောဆိုခြင်းဖြင့် နားလည်မှုရအောင် တည်ဆောက်ကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတော့တယ်။ အားလုံး အစာကြေနိုင်ကြပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ