ရေလိုက်လွဲနေကြသူများ…

“မကောင်းတဲ့အလုပ်ဆိုတာ လုပ်ပါများရင် အဲဒီမကောင်းမှုကို မကောင်းမှုလို့ မမြင်တော့ဘဲ နေ့စဉ်ပုံမှန် လုပ်နေကျ အလုပ်တစ်ခုလိုထင်ပြီး ပျော်ပျော်ပါးပါး လုပ်နေမိတတ်တယ်” ဆိုတဲ့ စာလေးကို ဖတ်လိုက်ရတော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတစ်ချို့ကို မြင်ယောင်မိပါတယ်။ ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာလည်း ရှိပါတယ်။ တစ်ချို့ နေ့စဉ်သောက်ကြ၊ စားကြ၊ ပျော်ကြပါးကြ၊ အလောင်းအစားလုပ်ကြ စတာတွေနဲ့ အပျော်လွန်နေကြပြီး အဲဒီအလုပ်တွေ လုပ်နေရတာကို မကောင်းဘူးလို့ မထင်ဘဲ ဖြစ်နေကြတာတွေပါ။ ပြီးတော့ အဲဒီသူတွေက သူတို့လို့ မလုပ်တဲ့သူတွေကိုတောင် မလုပ်လို့ ကဲ့ရဲ့ပြောဆိုတတ်ကြတယ်လို့လည်း ကြားနေရပြန်ပါတယ်။ ဒါကြောင့်လည်း တစ်ချို့ မသောက်မစားတဲ့သူတွေက သောက်တတ်စားတတ်တဲ့ သူတွေကို ရှောင်ကြတာ ဖြစ်မှာပါ။ ခေတ်ကာလကိုက သောက်တတ်စားတတ်မှ ခေတ်မီတယ်လို့ထင်ကာ အဲဒီအပေါ်မှာ ရေလိုက်လွဲပြီး တစ်လွဲဂုဏ်ရှိနေသလို မြင်နေကြတဲ့ခေတ် ဖြစ်နေလေတော့ မသောက်မစားတတ်တာကိုပဲ လူအလူဖျင်းလို့ ထင်နေကြတဲ့ အဖြစ်ပါ။

တစ်လောကတောင် မသောက်မစားဘဲ ရှောင်ကြဉ်နေတဲ့ ဒကာလေးတစ်ယောက် ကျောင်းကို ရောက်လာတော့ သူအရက်မသောက်တဲ့ အတွက်သူ့ကို အပြောခံရတဲ့အကြောင်း လျှောက်ပြပါသေးတယ်။ သူက “အရှင်ဘုရားရေ… သူငယ်ချင်းတွေဆိုတော့ အားနာပါးနာနဲ့ ဆိုင်ကိုလိုက်သွားမိတာ ဆိုင်ရောက်တော့ အရက်ဝိုင်းမှာ ဘာမှမလုပ်ဘဲ ထိုင်နေတဲ့ တပည့်တော်ကို တစ်ခွက်လောက် သောက်ဖို့ပြောပြီး တိုက်ကြပါတယ်၊ တပည့်တော်က မသောက်ဘဲ ငြင်းဆန်တဲ့အခါကျတော့ “မင်းတို့ အရမ်းရိုးအမနေကြနဲ့၊ ခုခေတ်ကြီးမှာ သောက်သောက်စားစား လူ့မင်းသား၊ မသောက်မစား လူ့ငနွားတဲ့၊ မင်းတို့လည်း သိပ်ပြီးတော့ နွားကျမနေကြနဲ့”လို့ ခုမှစတွေ့ဖူးတဲ့ တပည့်တော်ကို အရက်ဝိုင်းမှာ စီနီယာကြီးတစ်ယောက်က ပြောတယ်ဘုရား၊ နောက်ပိုင်း တစ်ခြားသူတွေကလည်း “ဘာဖြစ်လဲ တစ်ခါတစ်လေတော့လည်း လုပ်ပေါ့ကွာ”လို့ တိုက်တွန်းပြီး သောက်ခိုင်းပါတယ်၊ နောက်ဆုံးတော့ မဖြစ်တော့ဘူးဆိုပြီး တပည့်တော် အဲဒီဝိုင်းက ထွက်လာခဲ့ရတဲ့ အဖြစ်ပါပဲဘုရား…”လို့ လျှောက်ပြပါတယ်။ ဒီတော့ ဘုန်းဘုန်းက “အင်း… အရက်ဝိုင်းသွားရင်တော့ အရက်သမားစကားတော့ ကြားရမှာပဲ၊ မသွားဘဲ နေနိုင်တာကောင်းပေမယ့် သွားမိလို့ ကြားရရင်လည်း အရက်ဝိုင်းကစကား အရက်ဝိုင်းမှာ ထားခဲ့တာ ကောင်းပါတယ်၊ အရက်သမားစကားတွေတော့ ဒကာလေးအနေနဲ့ လိုက်ပြီး ခံစားမနေပါနဲ့”လို့ပဲ ပြောဖြစ်လိုက်ပါတယ်။

ဟုတ်တယ်။ အရက်ဝိုင်းနားသွားရင် အရက်သမား စကားတော့ ကြားရမှာ အမှန်ပါပဲ။ အဲဒီအတွက် လိုက်ပြီး မခံစားမိဖို့တော့ လိုပါတယ်။ သောက်တတ်မှ ဂုဏ်ရှိတယ်၊ သောက်တတ်မှ ခေတ်မီတယ်၊ သောက်တတ်မှ အပေါင်းအသင်းပေါတယ်လို့ ထင်နေတတ်ကြတဲ့ သူတွေကြားမှာဆိုတော့ မသောက်မစားဘဲ ရှောင်ကြဉ်ကြတဲ့ သူတွေအနေနဲ့ သူတို့ရဲ့ အပြောအဆိုကိုတော့ ခံရမှာ ဖြစ်ပါတယ်။ သွားမိတာကိုက ကိုယ့်အမှားပဲလေ။ တစ်ခါတစ်လေတော့လည်း လူမှုရေးအရ လုပ်ရတာပဲ ဘုရားလို့ ဆိုကြတဲ့သူတွေ ရှိပါသေးတယ်။ လူမှုရေးအရ လုပ်ရင်းလုပ်ရင်း လူမှုရေးကနေ ပူမှုအရေးတွေ ဖြစ်သွားမယ်ဆိုရင်တော့ ဒါဟာ ကိုယ့်အတက် ကိုယ်ပြန်ဆူးတာပဲ ဖြစ်ပါတယ်။ ဘယ်သူကမှတော့ မွေးကတည်းက သောက်မွေးလာတာ မဟုတ်ပါဘူး။ သွားရင်းလာရင်း ပေါင်းရင်းသင်းရင်းနဲ့ပဲ လူမှုရေးဆိုကာ စသောက်မိရာက စွဲသွားကြတာ ဖြစ်ပါတယ်။ အစကတော့ ကိုယ်က အရက်ကို သောက်တာပါ၊ နောက်တော့ အရက်က ကိုယ့်ကိုပြန်သောက်သွားပြီး အသက်ပါ ပျောက်သွားတာ ဖြစ်ပါတယ်။

ဘုန်းဘုန်းရဲ့ ညီအရင်း တစ်ယောက်ရှိပါတယ်။ အခုသူလည်း အရက်က သောက်တာကို ခံနေရတဲ့ အဖြစ်ပါ။ တစ်လောကပဲ စိတ္တဇဆေးရုံအထိ တင်လိုက်ရသေးတယ် ပြောတာပါပဲ။ သူ့ကိုလည်း ဘုန်းဘုန်းတို့က အတတ်နိုင်ဆုံး ပြောဆိုပြုပြင် ပေးပါတယ်။ မြန်မာပြည် ပြန်တုန်းကတောင် ဘုန်းဘုန်းဆီမှာပဲ ဒုလ္လဘရဟန်း ခဏ၀တ်ခိုင်းပြီး တရားထိုင် ပုတီးစိပ် လုပ်ခိုင်းခဲ့ပါတယ်။ နောင်မသောက်ဖို့လည်း ကတိတွေ အမျိုးမျိုးတောင်း၊ ခြိမ်းခြောက်မှုတွေ အမျိုးမျိုးလုပ်ပြီး အရက်ဖြတ်ခိုင်းခဲ့ပေမယ့် သူကိုယ်တိုင်က မဖြတ်နိုင်တဲ့ အခါကျတော့ ခုလို ရူးသလို ကြောင်သလို ဖြစ်ကုန်တော့တာပဲ။ ဘုန်းဘုန်းအနေနဲ့ အမှန်ပြောရရင် ညီအစ်ကို အရင်းဆိုပေမယ့် ပြောမရဆိုမရ ဆုံးမလို့မရ၊ အတတ်နိုင်ဆုံး လုပ်ပေးလို့ မရရင်တော့ သဗ္ဗေသတ္တာ ကမ္မဿကာထဲပဲ ထည့်လိုက်ရတော့တာပါပဲ။ ပြောချင်တာက ဘုန်းဘုန်းရဲ့ ညီကိုယ်တိုင် ရေလိုက်လွဲပြီး အရက်နဲ့ ပျော်ခဲ့မိတော့ အခုလို အရက်က သူ့ကိုပြန်သောက်နေရတာနဲ့ ကြုံနေရတယ်ဆိုတာကို ပြောချင်တာပါ။ ဒါဟာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့မိတဲ့ အရက်ရဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။

မနှစ်က မြန်မာပြည်မှာ ပြန်ပြီးဝါဆိုဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ဝါဆိုမှပဲ ပေါ်လာလိုက်တဲ့ နာရေးတွေကလည်း မနည်းလှပါဘူး။ ဘုန်းဘုန်းတို့ကျောင်းကို ကိုးကွယ်တဲ့ ရပ်ကွက်ကလည်း ၀န်ထမ်းရပ်ကွက် ဆင်းရဲတဲ့ရပ်ကွက်ဆိုတော့ သာရေးပဲဖြစ်ဖြစ် နာရေးပဲဖြစ်ဖြစ် ဘုန်းဘုန်းတို့ကျောင်းကိုပဲ လာပင့်လေ့ရှိပါတယ်။ အဲဒီဝါတွင်းကတော့ သာရေးထက် နာရေးလာပင့်တာက ပိုများပါတယ်။ တော်ကြာသက်ပျောက်လုပ်ဖို့ လာပင့်လိုက်၊ တော်ကြာသရဏဂုံတင်ဖို့ လာပင့်လိုက်၊ တော်ကြာရက်လည် လာပင့်လိုက်နဲ့ပေါ့။ ဘုန်းကြီးဆိုတာကလည်း သိတဲ့အတိုင်း ရယ်စားငိုစားဆိုတော့ သာရေးလည်းကြွ၊ နာရေးလည်း ကြွပေးရပါတယ်။ လာပင့်တဲ့နာရေးတွေ မေးလိုက်လို့ရှိရင် ဘာဖြစ်လို့သေတာလဲဆို အရက်ကြောင့်သေတာ၊ အသက်ဘယ်လောက်လဲဆို အသက် ၂၀ကျော် ၃၀ ၀န်းကျင်စတာတွေချည်းပဲ များပါတယ်။ နောက်တော့ သူတို့လာပင့်ပြီဆိုတာနဲ့ ဘာကြောင့်သေတယ်ဆိုတာ မမေးနဲ့ အရက်ကြောင့်သေတယ်ဆိုတာ ပြောစရာမလိုအောင် ကွက်တိလိုဖြစ်နေပါတယ်။

အဲဒီလောက်ကို အရက်သမားတွေ ပေါနေကြတော့တာပါ။ မြို့တွေမှာရော တောတွေမှာပါ လူငယ်တွေကစပြီး အရက်သမားတွေချည်း ဖြစ်နေကုန်ကြပါတယ်။ အရက်သောက်တာ တော်တော်လေးကို ဆိုးဆိုးရွားရွား ဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့တွေကိုကြည့်ပြီး ဘုန်းဘုန်းတို့လည်း တတ်နိုင်သမျှ ဟောပြောပေးပါတယ်။ အရက်ရဲ့ ဆိုးကျိုးတွေကို ဖော်ထုတ်ပြပါတယ်။ နောက်ဆုံး ကျောင်းကဘလက်ဘုတ်မှာတောင် အရက်နဲ့ အသက်ဆိုတဲ့ ကဗျာလေးကို ရေးပြီးသတိပေးထား လိုက်ပါတယ်။ မြန်မာပြည်က ဘုန်းဘုန်းကျောင်းမှာ ရေးကပ်ထားတဲ့ ကဗျာလေးက ဒီလိုပါ…
“အများသောက်တဲ့ ထိုအရက်
သောက်သုံးသူကို သူကဖျက်
ရုပ်ကိုလည်းဖျက် စိတ်လည်းဖျက်
အသက်ကိုပင် သူကဖျက်။
တစ်စက်ဝင်လျင် တစ်ရက်ဖျက်
လျော့ပြန်လေပြီ သက်ရှင်ရက်
သွားပြန်လေပြီ တစ်ယောက်တစ်ရက်။
ရှောင်ပါလေကွယ် ထိုအရက်…။


သေချာတွေးကြည့်ရင် အရက်က ဒီကဗျာမှာ စပ်ထားသလိုပဲ သောက်တဲ့သူတွေကို ဖျက်စီးပစ်ပါတယ်။ အရင်ဆုံး စိတ်ဓာတ်တွေကို ဖျက်စီးပါတယ်။ နောက်ကြာလာတော့ ရုပ်အဆင်းကိုပါ ဖျက်စီးပစ်လိုက်ပါတယ်။ နေ့စဉ်အရက်ကို စွဲသောက်နေတဲ့သူတွေဟာ မကြာပါဘူး မျက်နှာမှာ အဆီတွေပျံလာပြီး ဖောယောင်လာတာကို တွေ့ရပါတယ်။ ၀တာလည်းမဟုတ်ဘဲ မျက်နှာတစ်ခုတည်း ၀သလို ဖောလာပါတော့တယ်။ ကြာတော့ ကြည့်ရတဲ့သူတောင် သူ့မျက်နှာကို မကြည့်ရဲလောက်အောင် ဖြစ်လာပါတယ်။ နောက်ဆုံးတော့ အရက်ကပဲ သူတို့ရဲ့အသက်ကို နှုတ်သွားတဲ့အထိ ဖြစ်စေပါတော့တယ်။ ဒါကြောင့် အရက်ကို ရှောင်ကြဉ်ကြဖို့ ပြောတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို မကောင်းတဲ့ ဆိုးကျိုးတွေ ရှိနေပေမယ့် အရက်ကျွန်ဖြစ်နေတဲ့ သူတွေကတော့ အရက်သောက်လို့ အပြစ်ပြောတာကို ကြိုက်မှာမဟုတ်ပါဘူး။ အရက်က သောက်တာကို ခံနေရတဲ့ သူတို့တွေက အရက်သောက်တတ်တာကိုပဲ ဂုဏ်ယူစရာအဖြစ် ထင်နေတတ်ကြပါတယ်။ အရက်အသောက်ကောင်းတာကိုပဲ ချီးကျူးစရာလို့ ထင်နေတတ်ကြပါတယ်။ ဘုန်းဘုန်းတို့ အခုရောက်နေတဲ့ နိုင်ငံမှာဆို ပိုးဆိုးပါတယ်။ အရက်သောက်လို့ ပင်ပန်းပြီး အလုပ်မဆင်းနိုင်ရင် သူဋ္ဌေးက ကြည်ကြည်ဖြူဖြူ ခွင့်ပေးပေမယ့် အလုပ်ပင်ပန်းပြီး ကျန်းမာရေး မကောင်းလို့ ခွင့်တောင်းရင်တော့ အမျိုးမျိုးပြောဆို ကြိမ်းမောင်းတတ်တယ်လို့ ဆိုပါတယ်။ တရားမ၀င် အလုပ်သမားဖြစ်ပေမယ့် အရက်သောက်ထားတဲ့အချိန် ရဲနဲ့တွေ့ရင်တော့ ရဲက သူအရက် သောက်ထားတယ်ဆိုပြီး မဖမ်းဘဲ လွှတ်ပေးတတ်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒီလို အရက်နဲ့ပတ်သက်တဲ့ လွတ်လပ်မှုတွေ ရှိနေကြတဲ့အတွက်လည်း ရွှေမြန်မာတွေအနေနဲ့ အကြိုက်ကြီး ကြိုက်နေကြတာလည်း ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ အရက်က သောက်တာကို ခံနေရတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

အရက်က ကိုယ့်ကို သောက်နေတာကို သောက်မှန်းမသိတော့ တစ်လွဲဆံပင်ကောင်းပြီး အကောင်းကို မကောင်းထင်၊ မကောင်းကို အကောင်းထင်ကာ ရေလိုက်လွဲကုန်တာ ဖြစ်ပါတယ်။ အရက်သောက်မှ လူရာဝင်တယ်၊ မိတ်ဆွေအပေါင်းအသင်း ပေါတယ်၊ ခေတ်မှီတယ်ဆိုတဲ့ အတွေးတွေနဲ့ အလိုက်လွဲနေကြတာ ဖြစ်ပါတယ်။ တစ်လွဲအတွေးတွေနဲ့ ကိုယ့်ကိုယ်ကို “သောက်သောက်စားစား၊ လူ့မင်းသား”လို့ ထင်နေကြတာ ဖြစ်ပါတယ်။ ပိုက်ဆံရှိတုန်း၊ အလုပ်ရှိတုန်း၊ သန်တုန်းမြန်တုန်း၊ မသေခင်တုန်းတော့ လူ့မင်းသားလို့ ထင်ချင်ထင်ကြမှာပေါ့။ အဲ… ပိုက်ဆံလည်းမရှိ၊ အလုပ်လည်းမရှိ၊ ကုသိုလ်လည်းမရှိ၊ သီလလည်း မရှိရင်တော့ ကိုယ့်စကားနဲ့ကို လူ့ငနွားပြန်ဖြစ်တတ်တယ် ဆိုတာတော့ သတိပြုကြဖို့ လိုပါတယ်။

ရှိပါစေတော့။ ပြောမယ်ဆိုရင်ကတော့ ပြောစရာတွေ အများကြီးပါပဲ။ ဒီနေရာမှာ အဓိက ပြောချင်တာက ရေလိုက်မလွဲကြဖို့ပါ။ မကောင်းတာကို မကောင်းမှန်း သိသိကြီးနဲ့ အမှားမလိုက်မိကြဖို့ပဲ ဖြစ်ပါတယ်။ သောက်မှစားမှ လူရာဝင်တယ်၊ ဂုဏ်ရှိတယ်၊ ခေတ်မီတယ်ဆိုတဲ့ အမြင်လွဲတွေနဲ့ အမှားကို အမှန်မထင်မိကြဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ကြိုက်လို့သောက်တာ၊ ကိုယ်မကြောက်လို့ သောက်တာဆိုရင်လည်း ကိုယ့်တစ်ယောက်တည်းပဲ အကြိုက်လုပ်တာ ကောင်းပါတယ်။ ကိုယ်လိုမသောက်လို့ မသောက်တဲ့လူကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာမျိုး မဆွဲဆောင်မိဖို့ မပြောမိဖို့ အထူးလိုအပ်လှပါတယ်။

ဖြစ်သင့်တာကတော့ ကိုယ်ကိုယ်တိုင်လည်း ဒီအရက်ရဲ့ ဆိုးကျိုးတွေကို ဆင်ခြင်ပြီး အရက်က ကိုယ့်ကိုသောက်နေတာတွေက ရုန်းထွက်နိုင်အောင် ကြိုးစားသင့်ပါတယ်။ သောက်ခွင့်ရတုန်း သောက်နေနိုင်တုန်း သောက်ရတာဟာ ခေတ်မီပါတယ်ဆိုတဲ့ အမြင်အတွေးတွေနဲ့ ရေလိုက်လွဲနေတာတွေကို အမြန်ဆုံး ပြုပြင်ကြည့်သင့်ပါတယ်။ ပြုပြင်နိုင်အောင်လည်း ကြိုးစားပါလို့ တိုက်တွန်းလိုပါတယ်။ ဘယ်ရယ်မဟုတ်၊ ဘယ်သူကိုမှ ရည်ရွယ်တာမဟုတ်ဘဲ ပြုပြင်စေလိုတဲ့ စေတနာ ရည်ရွယ်ချက် သက်သက်နဲ့ ဒီပို့စ်လေးကို ရေးလိုက်တာ ဖြစ်တဲ့အတွက် အားလုံးနားလည်မှုနှင့်အတူ အကယ်၍ ရေလိုက်လွဲနေရင် ပြုပြင်ကြည့်ကြဖို့ တိုက်တွန်းသမှု ပြုလိုက်ရပါတော့ကြောင်း…။

Read more »

ဝါဆိုသင်္ကန်း လှူဒါန်းရကျိုး...

ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇)မျိုးထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီး ဒီကုသိုလ်ကို အမြဲမပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင် သေပြီးနောက် ဘဝမှာ အပါယ်မလားဘူးလို့ အဋ္ဌကထာဆရာများက ဖွင့်ပြထားပါတယ်။ အဲဒီနိဗဒ္ဓအလှူ (၇)မျိုးက
၁။ သရဏဂုံတည်နေခြင်း
၂။ ငါးပါးသီလလုံခြုံနေခြင်း
၃။ စာရေးတံမဲအလှူ လှူဒါန်းခြင်း
၎။ လပြည့်လကွယ် ၁၅ရက်နေ့များမှာ လှူဒါန်းတဲ့ ပက္ခအလှူ လှူဒါန်းခြင်း
၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
၆။ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း
၇။ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း တို့ပဲ ဖြစ်ပါတယ်။ ဒီအလှူတွေထဲက နံပါတ် (၅)အလှူဟာ ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ဒီခုနှစ်မျိုးထဲက တစ်မျိုးမျိုးကို စွဲမြဲအောင် ထိန်းသိမ်းပြုလုပ်ထားမယ်ဆိုရင် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ဒီဝါဆိုသင်္ကန်းအလှူကို လုပ်ထားပေမယ့် တစ်ခြားအပါယ်လားစေတဲ့ အကုသိုလ်တွေက အားကြီးနေမယ်ဆိုရင်တော့ အပါယ်လားနိုင်ပါသေးတယ်။ တစ်ခြားအကုသိုလ်တွေ မရှိဘူးဆိုရင်တော့ ဒီနိဗဒ္ဓအလှူထဲက တစ်မျိုးမျိုးကို ပြုလုပ်ထားသူဟာ အပါယ်မလားနိုင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်း လှူဒါန်းရကျိုးလို့ သီးသန့်မဟုတ်ဘဲ သင်္ကန်းလှူရကျိုးနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာတွေမှာ ဖွင့်ပြထားတာကတော့ သင်္ကန်းအလှူဟာ အမျိုးသားများအတွက် ဘုရားတစ်ဆူဆူရဲ့ အထံတော်မှာ ဧဟိဘိက္ခု (ရဟန်းလာလော့) အခေါ်ခံရကာ ရဟန်းအဖြစ်ကို ရရှိနိုင်ခြင်း၊ အမျိုးသမီးများအတွက် ဝိသာခါတို့လို တန်ဘိုးအလွန်ကြီးမားတဲ့ မဟာလတာ တန်ဆာကို ဆင်မြန်းနိုင်ခြင်း အကျိုးထူးတရားတွေကိုလည်း ရရှိစေနိုင်တယ်လို့ ဆိုပါတယ်။ ကိံဒဒသုတ်မှာတော့ အဝတ်သင်္ကန်း လှူဒါန်းတဲ့သူဟာ အဆင်းကို လှူဒါန်းရာရောက်တဲ့အတွက် ရုပ်အဆင်းအင်္ဂါ လှပခြင်းအကျိုးကို ရရှိစေတယ်လို့ ဆိုပါတယ်။

ဆိုလိုတာက ဝါဆိုသင်္ကန်းစတဲ့ သင်္ကန်းအလှူကို လှူဒါန်းရတဲ့ သူတွေဟာ အဆင်းကိုလှူရာရောက်သလို နိဗဒ္ဓအလှူ အမျိုးအစားဖြစ်တဲ့အတွက် စွဲမြဲတဲ့ ကုသိုလ်ဖြစ်စေကာ ဒီစိတ်နဲ့ သေသွားပါက သေပြီးနောက်မှာ အပါယ်မလားနိုင်ခြင်း အကျိုးထူးကို ဖြစ်စေတဲ့အပြင် နောက်ဆုံးမှာ အမျိုးသားများအတွက် ဧဟိဘိက္ခုရဟန်းအဖြစ်၊ အမျိုးသမီးများအတွက် မဟာလတာတန်ဆာကို ဆင်မြန်းခွင့်စတဲ့ အကျိုးများကို ဖြစ်စေကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

Read more »

ဗြဟ္မဒဏ်…

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခါနီး မှာတော်မူသွားသည့် စကားများတွင် “ချစ်သားအာနန္ဒာ… ငါဘုရား ကွယ်လွန်သောအခါ၌ ဆန္နရဟန်းအား ဗြဟ္မဒဏ်ပေးအပ်၏၊ ပေးရမည်”ဟူသည့် အမှာစကားလည်း တစ်ခုအပါအ၀င် ဖြစ်၏။ ထိုအခါ အရှင်အာနန္ဒာမထေရ်က “မြတ်စွာဘုရား… ဗြဟ္မဒဏ်ဟူသည် အဘယ်ပါနည်း”ဟု မေးမြန်း လျှောက်ထားသည့်အခါ မြတ်ဗုဒ္ဓက “ချစ်သား အာနန္ဒာ… ဆန္နရဟန်းသည် သူပြောဆိုလိုရာ စကားကို ပြောဆိုနိုင်၏၊ သို့ရာတွင် ရဟန်းတို့ကမူ ထိုဆန္နရဟန်းအား တစ်စုံတစ်ခုမျှ မပြောဆိုအပ်၊ မဆုံးမအပ်၊ မကံမြစ်အပ်၊ ဤကား ဗြဟ္မဒဏ်တည်း…”ဟု မိန့်တော်မူ၏။ ဤကား မဟာပရိနိဗ္ဗာနသုတ်တွင် လာသည့် ဗုဒ္ဓမြတ်စွာ၏ နောက်ဆုံးအချိန်တွင် မှာကြားတော်မူသွားသည့် ဆန္နရဟန်းအား ဗြဟ္မဒဏ်ပေးရမည်ဟူသည့် စကားရပ်ဖြစ်ပါ၏။

စင်စစ် ဆန္နရဟန်းကား အခြားသူမဟုတ်။ မြတ်ဗုဒ္ဓနှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဖွားမြင်တော်မူခဲ့သည့် ဖွားဖက်တော် ဆန္နအမတ်ပင် ဖြစ်၏။ ဘုရားအလောင်း တောထွက်တော်မူသည့် နေ့တွင်လည်း အနော်မာမြစ်ကားနားအထိ လိုက်ပါပို့ဆောင်ပေးခဲ့သည့် အတူနေ တပည့်အလုပ်အကျွေးလည်း ဖြစ်၏။ မြန်မာဗုဒ္ဓဘာသာအများက သူ့ကို မြင်းမြီးဆွဲ မောင်စံဟု သိနေကြ၏။ မြတ်ဗုဒ္ဓ ဘုရားဖြစ်တော်မူပြီးနောက်၌ ဆန္နသည် ရဟန်းအဖြစ်ကို ရယူကာ သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့၏။ ထို့ကြောင့်သူ့ကို ဆန္နမထေရ်ဟု ခေါ်ကြ၏။ ဆန္နရဟန်းသည် ရဟန်းဖြစ်တော်မူခဲ့သော်လည်း ရဟန်းတရားကို ကောင်းကောင်းအားထုတ်မှု မရှိလှပေ။ ဖွားဖက်တော်ဟူသော အခေါ်အဝေါ်၊ ဘုရားရှင်၏ ငယ်ဖော်ဟူသော အသုံးအနှုန်း၊ ဗုဒ္ဓ၏ လူ့ဘ၀က အလုပ်အကျွေးဟူသော အပြောအဆိုများတွင် သာယာကာ မာန်မာန ၀င်နေဟန် ရှိပေ၏။ ဆန္နရဟန်း၏ အပြောအဆို အနေအထိုင် အလုပ်အကိုင် အမှားများ မြင်ရတွေ့ရသဖြင့် အခြားသော ရဟန်းတော်များက ပြောဆိုဆုံးမသည့် အခါတွင်လည်း သူက “အရှင်ဘုရားတို့ အနေနဲ့ တပည့်တော်ကို ပြောဆိုဆုံးမစရာ အကြောင်းမရှိပါဘူး၊ တပည့်တော်ရဲ့ ဘုရား၊ တပည့်တော်ရဲ့ တရား၊ တပည့်တော်ရဲ့ ဆရာရဲ့ အရှိန်ကြောင့် ပြောမည့်ပြော တပည့်တော်ကသာ ပြောရမှာပါဘုရား…” စသည်ဖြင့် အဆုံးအမ မခံ၊ ပြန်လှန်၍ပင် ပြောဆိုတတ်သေး၏။

ထိုအပြုအမှုများကြောင့် မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် ဆန္နရဟန်းကို ကဲ့ရဲ့တော်မူကာ ၀ိနည်းသိက္ခာပုဒ် ပညတ်ပေးခဲ့ရ၏။ ၀ိနည်းသိက္ခာပုဒ် ပညတ်၍ တားမြစ်သော်လည်း ဆန္နရဟန်းသည် မိမိကိုယ်ကို ပြုပြင်ခြင်းမရှိ အပြုမှား၊ အပြောမှား၊ အကြံမှားများဖြင့်သာ နေမြဲနေနေပေ၏။ နောက်ဆုံးတွင် မြတ်ဗုဒ္ဓသည် ဆန္နရဟန်း၏ အခြေအနေရ ဘုရားပရိနိဗ္ဗာန်ပြုသွားမှသာ တရားရနိုင်သည့် အနေအထား ရှိနေသဖြင့် ပရိနိဗ္ဗာန် စံတော်မူခါနီးတွင် အရှင်အာနန္ဒာမထေရ်အား ဆန္နရဟန်းကို သံဃာတော်များက ဗြဟ္မဒဏ်ပေးကြရန် မိန့်တော်မူခဲ့ခြင်း ဖြစ်ပေ၏။ ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးနောက်၌ သံဃာတော်များသည် ဗုဒ္ဓမိန့်တော်မူသည့်အတိုင်း ဆန္နရဟန်းအား ဗြဟ္မဒဏ် ပေးလိုက်ကြ၏။ ဆန္နရဟန်းနှင့် ပတ်သက်သည့် အကောင်းအဆိုး မှန်သမျှကို ဘာတစ်ခုမျှ မပြော လျစ်လျူရှု၍သာ နေလိုက်ကြတော့၏။ ထိုအခါ အဖွဲ့အစည်းနှင့် နေရသည့်ဘ၀တွင် အဖွဲ့အစည်းက အသိအမှတ်မပြု တစ်ပါးတည်း အထီးကျန် နေလိုက်ရသဖြင့် ဆန္နရဟန်း သတိသံဝေဂ ရလာခဲ့၏။ မာန်မာန ကျလာခဲ့၏။ အထီးကျန်ဖြစ်ကာ ဆိုဆုံးမသူ မရှိသည့် အဖြစ်၏ ဆင်းရဲဒုက္ခကို ကောင်းစွာ သဘောပေါက်သွားခဲ့၏။ ထို့ကြောင့် သံဃာ့ပရိတ်သတ်အား ပြန်တောင်ပန်းကာ ရဟန်းတရားကို ကြိုးစားအားထုတ်ခဲ့၏။ နောက်ဆုံးတွင် အရှင်အာနန္ဒာ မထေရ်၏ ကျေးဇူးဖြင့် ဆန္နရဟန်းသည် ရဟန္တာ ဖြစ်သွားခဲ့လေတော့၏။ ဤကား ဗြဟ္မဒဏ် အပေးခံရသဖြင့် ဆင်းရဲခဲ့ရသည့် အဖြစ်နှင့် နောင်တရကာ ၀န်ချတောင်းပန်သဖြင့် ရဟန်းတရား ရရှိတော်မူသွားသည့် ဆန္နရဟန်း၏ ဘ၀တစ်စိပ်တစ်ဒေသပင် ဖြစ်၏။

ဤ၌ အဓိကပြောလိုသည်မှာ ဗြဟ္မဒဏ် အကြောင်းပင် ဖြစ်ပါ၏။ အလွယ်ပြောရလျှင် ဗြဟ္မဒဏ်ဟူသည် အပြောခက်၊ အဆိုခက်၊ အဆုံးအမခက်သည့် သူများအား ဒဏ်ခတ်သည့် သဘောဖြင့် နောင်ကြဉ်စေရန် ပြုပြင်ဆုံးမသည့် ဒဏ်တစ်ခုပင် ဖြစ်၏။ ဗြဟ္မဒဏ်ပေးလိုက်သဖြင့် အပေးခံရသူ နောင်တရ၍ ပြန်လည်ဝန်ချ တောင်းပန်လာလျှင် ခွင့်လွတ်သီးခံပြီး တရားအလုပ်များဖြင့် ကောင်းမွန်စေလိုရန် ဖြစ်၏။ နောက်ဆုံး ဗြဟ္မဒဏ်ပေးသော်လည်း နောင်တမရ အသိမ၀င် မပြုပြင်လျှင်ကား သဗ္ဗေသတ္တာ ကမ္မဿကာဟုသာ သဘောထားရမည့် သဘောရှိ၏။

စင်စစ် အသေအချာတွေးကြည့်လျှင် ဗြဟ္မဒဏ်သည် အခြားအခြားသော ပြစ်ဒဏ်များထက်ပင် ကြောက်စရာ ကောင်းလှပေ၏။ အခြားသော ဒဏ်များသည် မိမိက အပြစ်ဒဏ်ခံပြီးလျှင် ပြီးသွားပြီး မိမိပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနှင့် ကင်းကွာနိုင်ဖွယ် မရှိသော်လည်း ဗြဟ္မဒဏ် အပေးခံရပါက အဖွဲ့အစည်းရှိပြီး အဖွဲ့အစည်းအပြင် ရောက်နေသကဲ့သို့ ဖြစ်နေပေ၏။ မည်သူမျှ မရှိသည့်အခါ တစ်ဦးတစ်ယောက်တည်း လွတ်လပ်မှုပင် ရှိသေးသည်ဟု ထင်ဖွယ်ရှိသော်လည်း အဆိုးလည်းပြောသူ အကောင်းလည်း ပြောသူမရှိသည့်အခါတွင်ကား ထိုလွတ်လပ်မှုသည် အထီးကျန်မှု၊ စိတ်အားငယ်မှု၊ အမှားအမှန် မခွဲခြားနိုင်မှု စသည်စသည်ဖြင့် အဆိုးဘက်သို့သာ ပြောင်းသွားတတ်ပေ၏။ အလုံးစုံပြည့်စုံသူ မဟုတ်သဖြင့် ဆရာကောင်း သမားကောင်း၊ မိတ်ကောင်း ဆွေကောင်းများ၏ အကြံပေးမှု၊ ကူညီဖေးမမှုများ လိုအပ်လှသော်လည်း ဗြဟ္မဒဏ် အပေးခံရသဖြင့် ထိုအကူအညီများ ဆုံးရှုံးနေရမှုသည် အမှန်စင်စစ် ကြောက်စရာ အစစ်ပင် ဖြစ်ပေတော့၏။ ထို့ကြောင့် ပညာရှိများက အဆုံးအမလွယ်သူ ဖြစ်စေရန် တိုက်တွန်းတော်မူကြခြင်း ဖြစ်၏။ အဆုံးအမခက်သဖြင့် လစ်လျူရှုကာ ဒဏ်ပေးခံရလျှင် နောင်တတရား အထီးကျန်မှုများနှင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာဆိုးကျိုးကိုသာ ဖြစ်စေနိုင်ကြောင်း သတိပေးတော်မူခြင်း ဖြစ်၏။

အမှန်အားဖြင့် ဆန္နရဟန်းသည် အဆုံးအမခက်သဖြင့် နောက်ဆုံးတွင် ဗြဟ္မဒဏ်ပေးကာ ဆုံးမလိုက်ရသော်လည်း အလွန်ဆိုးဝါးလှသည်ကား မဟုတ်လှပေ။ ယနေ့ခေတ်နှင့်ယှဉ်လျှင် ဆန္နရဟန်း၏ လုပ်ရပ်များသည် ကြီးကျယ်သည်ဟုပင် မဆိုသာပေ။ မျက်မှောက်ခေတ်တွင် ဆိုဆုံးမခေတ်သဖြင့် ဗြဟ္မဒဏ်ပေးရမည် ဆိုလျှင်ကား မရေမတွက်နိုင်အောင် များနေကြမည်သာ ဖြစ်ပေ၏။ ယနေ့ခေတ်တွင် အချို့သူများသည် ပညာရှိသူတော်ကောင်းထံ အဆုံးအမခံရန် အသာထား၊ ဆုံးမပေးသည့် သူ့ကိုပင် အကောင်းမမြင် အပြစ်တင်သူများက ပိုများလှ၏။ အဆုံးအမပြုပေးလျှင် ၀မ်းမြောက်မှုနှင့် လက်ခံလိုက်နာ ပြုပြင်ရန်မဆိုထားနှင့် ဆုံးမပြုပြင်သူကိုပင် ရှောင်ကြဉ်သွားတတ်ကြ၏။ မိမိအမှားလုပ်နေသည်ကို အသိမ၀င် မပြုပြင်ကြဘဲ အမှန်ပြောသူ၊ ညွန်ပြသူကိုပင် အပြစ်ရှာသည်ဟု ထင်တတ်ကြသေး၏။ သို့ဖြစ်၍လည်း အချို့ဆရာသမားများက မရလျှင်လည်း သူ့ထိုက်နှင့်သူပဲ ရှိပါစေတော့ဟုသာ နေလိုက်တတ်ကြ၏။ ထိုအခါ ဆိုးကျိုးဖြစ်သွားသူမှာ အဆုံးအမခက်သူသာ ဖြစ်ခဲ့ရ၏။ ဆရာမရှိ၊ ဆုံးမပြုပြင်သူမရှိ၊ အကောင်းညွန်သူမရှိသည့် ဘ၀ဖြင့် အမှားအမှန် မခွဲခြားနိုင်ဘဲ အမှားကို အမှန်ထင်ကာ လျှောက်နေမိသဖြင့် နောက်ဆုံးတွင် အပါယ်လားသည့် အဖြစ်နှင့် ကြုံကြရတတ်ပေ၏။ ထို့ကြောင့် အဆုံးအမခက်သူ ဖြစ်နေတတ်သော်လည်း ဗြဟ္မဒဏ်ပေးရသည်အထိ ဆုံးမရခက်သူ မဖြစ်ကြရန် ဆိုခြင်းဖြစ်၏။

စာရေးသူ၏ အသိုင်းအ၀ိုင်းတွင်လည်း ထိုသို့ အဆုံးအမ ခက်သူများ ရှိနေတတ်၏။ အချို့က အပြောခံ အဆိုခံ အဆုံးအမခံရမည်ကို ကြောက်သဖြင့် ဆရာသမားများနှင့် ဝေးရာကို ရှောင်နေတတ်ကြ၏။ ပုထုဇင်၏ သဘောအရ အပြစ်အပြောခံရလျှင် မကြိုက်ဖြစ်တတ်ကြ၏။ ထို့ကြောင့်လည်း အပြစ်ပြ၍ ပြောလာသည့်အခါ အလိုမကျ ဖြစ်ကြဟန် ရှိပေ၏။ ဘုန်းကြီးနှင့်တွေ့လျှင်၊ ဘုန်းကြီးကျောင်းသွားလျှင် အပြစ်ပြောခံရမည်ကို စိုးရိမ်သဖြင့် “မသွားတာကောင်းပါတယ်”ဟု တွေးကာ ရှောင်နေတတ်သည့် သဘောရှိ၏။ ထိုသို့ ရှောင်ရင်ရှောင်ရင်း ကြာသည့်အခါ ဘုရားကျောင်းကန်နှင့်ဝေးကာ အဆုံးအမလည်းကင်းပြီး အသုံးမကျသည်များဖြင့်သာ ကျင်လည်နေတတ်ပေ၏။ အကောင်းလည်းပြောသူ၊ အဆိုးလည်းပြောသူ မရှိသဖြင့် အကောင်းအဆိုး အမှားအမှန် မခွဲခြားနိုင်ဘဲ အလွဲအမှားများသာ ဖြစ်ပေါ်နေသည်များ ရှိတတ်၏။ အရင်းစစ်သည့်အခါ မိမိက မကောင်းသည်များ လုပ်မိနေသဖြင့် မကောင်းပြပြီး အကောင်းပြောမည်ကို ရင်မဆိုင်လိုသဖြင့် အဆုံးအမများ ဝေးရာသို့ ရှောင်နေကြသည့် သဘောရှိ၏။ စင်စစ် အသေအချာတွေးကြည့်လျှင် အပြစ်ပြပြီး ပြောဆိုပေးသူ ရှိနေသည်ကိုပင် ကျေးဇူးတင်သင့်လှ၏။ မိမိမမြင်သည့် အပြစ်ကို မြင်စေသဖြင့် မိမိကိုယ်တိုင် ပြင်ခွင့်ရလျှင် ဤသည်မှာ ကုသိုလ်ကံ ထူးသည်၍သာ ဖြစ်ပါ၏။ ထို့ကြောင့် ပညာရှိများက “အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပြသူအဖြစ် သဘောထားပါ”ဟု ဆိုကြခြင်း ဖြစ်၏။

အပြစ်ပြလာသူသည် စင်စစ် မိမိအကျိုးကို လိုလားသူဖြစ်၏။ မိမိ၏အကျိုးကို လိုလားသဖြင့်လည်း အပြစ်များကိုမြင်ပြီး အနှစ်များဖြင့် ပြင်စေရန် မှားကြောင်း၊ မလုပ်သင့်ကြောင်း ထောက်ပြပြောဆိုခြင်း ဖြစ်၏။ မိမိအားတိုက်ရိုက် ပြောဆိုလာသည်ကပင် အကောင်းပြုပြင်စေလို၍ ဆိုသည်မှာ ထင်ရှားလှ၏။ အချို့က အပြစ်ပြသော်လည်း မိမိအားတိုက်ရိုက်ပြခြင်း မဟုတ်ဘဲ မိမိကွယ်ရာတွင် အပုတ်ချခြင်း ဖြစ်နေတတ်၏။ အပြစ်ကားပြ၏ သို့သော် မိမိအား တိုက်ရိုက်ပြခြင်းမဟုတ်ဘဲ မိမိကွယ်ရာတွင် အခြားသူများအား မိမိ၏ အပြစ်ကို ပြနေလျှင်ကား မိမိအကျိုးကို မလိုလားသူသာ ဖြစ်၏။ မိမိအကျိုးကို မလိုလားသူဆိုပါက မိမိအမှားလုပ်လေ၊ အပြစ်လုပ်လေ၊ မကောင်းလုပ်လေ ကြိုက်လေမည်သာ ဖြစ်၏။ မိမိမကောင်းများများလုပ်၍ အဆိုးများများ ဖြစ်လာမှုကိုသာ လိုလားသဖြင့် အပြစ်မပြော မိမိသဘောဟုသာ ဆိုနေကြခြင်းဖြစ်၏။ မိမိအကျိုးကို လိုလားသူသည်ကား အမုန်းခံပြီး အပြစ်ပြကာ တိုက်ရိုက်ပြောဆိုပြုပြင် ပေးမည်သာဖြစ်၏။ ဤသဘောကို မိမိအနေဖြင့် ကောင်းစွာသဘောပေါက်ရန် လိုအပ်လှ၏။ အပေါ်ယံသဘော ဖော်လံဖော နေသူထက် မမှန်ပြော၍ အကြံပြောသူကို ကျေးဇူးတင်စွာဖြင့် အပြောခံရန် ဖိတ်ခေါ်သင့်ပေ၏။ အကောင်းမပြောသော်လည်း စေတနာ မနောဖြင့် အပြစ်ပြောလာသည်ကပင် အကျိုးလိုလား၍ ထောက်ပြခြင်းသာ ဖြစ်သည်ဟု နားလည်ထားရန် ကြိုးစားသင့်၏။

ဆိုလိုသည်မှာ ပုထုဇင်များ၏ သဘောအရ အပြစ်ပြောသည်ကို မကြိုက်တတ်ကြသော်လည်း အကျိုးလို၍ အပြစ်ပြောလာလျှင်ကား ကြိုက်တတ်ရန် ကြိုးစားသင့်ကြောင်း ဆိုလိုပါ၏။ အဆိုးအကောင်း အကျိုးအကြောင်း မည်သည့်အရာမျှ မပြောသည်ထက်စာလျှင် မိမိအား တိုက်ရိုက်အပြစ်ကို ပြောဆိုသည်က မိမိအကျိုးကို လိုလား၍ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။ ဆိုဆုံးမပေးသူ ရှိနေသည်ကပင် ကံကောင်းသူဖြစ်ကြောင်း ကျေးဇူးတင်တတ်ရန် ဖြစ်ပါ၏။ အပြောခက် အဆိုခက် အဆုံးမခက်သူ ဖြစ်သဖြင့် သူတော်ကောင်းများ၊ မိတ်ကောင်းမိတ်ဆွေများက ဗြဟ္မဒဏ်အပေးခံရသည့် အဖြစ်သို့ မရောက်စေဘဲ အဆုံးအမ လွယ်သူအဖြစ် ကြိုးစားသင့်ကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် လောက၌ ဆန္နရဟန်းကဲ့သို့ အဆုံးအမခက်၊ အပြောအဆိုခက်၊ ပြုပြင်ရခက်သူများ ရှိတတ်သော်လည်း ဗြဟ္မဒဏ် အပေးခံရသည်အထိ အဆုံးအမခက်သူ မဖြစ်စေရန် သူတော်ကောင်းများ၊ မိတ်ကောင်း ဆွေကောင်းများက မိမိ၏ အကျိုးကို လိုလားသဖြင့် အပြစ်ပြ၍ ပြောဆိုလာသည့်အခါ အပြစ်ပြောရ ကောင်းလားဟူသော အတွေးများဖြင့် အဝေးသွားက ရှောင်ရှားမနေကြဘဲ မည်သည့်အရာမျှ မပြောဘဲ နေသည်ထက်စာလျှင် အပြစ်ပြ၍ ပြောလာပေးသည်ကိုကပင် မိမိအကျိုးကို လိုလားသဖြင့် ပြောဆိုခြင်းဖြစ်သည်ဟု ၀မ်းမြောက်စွာလက်ခံ လိုက်နာပြုပြင် ကြရမှာဖြစ်ကြောင်း စေတနာဖြင့် အသိပေးစကား ပါးလိုက်ရပါသည်။ အားလုံး ဗြဟ္မဒဏ်မှ ကင်းနိုင်ကြပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ