အရေးကြီးသည်မှာ…

လောက၌ လူအမျိုးမျိုး ရှိကြရာတွင် အချို့သူများသည် ပညာအားကောင်းကြ၏။ အချို့သည် တွေးခေါ်မှု အားကောင်းကြ၏။ အချို့သည် ၀ီရိယအားကောင်းကြ၏။ အချို့ကား လက်တွေ့အားသန်ပြီး အချို့ကား ကြံစည်မှု အားသန်ကြ၏။ မည်သို့ပင် အားသာချက် ကိုယ်စီရှိငြားသော်လည်း တစ်ခုတည်းကိုသာ စွဲကိုင်ထားပါက လွဲယိုင်သွားတတ်၏။ ပညာအားကောင်းသော်လည်း ကျင့်ကြံအားထုတ်မှုပါမှသာ လက်တွေ့အကျိုး ရနိုင်သကဲ့သို့ အတွေးအခေါ် အကြံအစည် အားသန်သူသည်လည်း တွေးတောကြံစည်နေရုံမျှနှင့်မပြီး လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ကြည့်မှသာ ပြီးနိုင်၏။ အဓိကမကျသည့် အရာများတွင် တွေးတောကြံစည်ကာ ပညာဉာဏ် အားကောင်းနေသည်ထက် အဓိကကျသည့် အရာများတွင် လက်တွေ့လိုက်နာ ကျင့်သုံးခြင်းကသာ အလိုရှိရာ ပြီးမြောက်နိုင်၏။ အရေးကြီးသည်မှာ အကျိုးမပြီး အချည်းနှီးအရာများတွင် အချိန်ကုန် ပင်ပန်းနေကြသည်ထက် အဓိကကျပြီး လက်တွေ့အကျိုးကြီးနိုင်သည့် အရာများတွင် အချိန်ရှိခိုက် အားစိုက်လိုက်ကြသည်က ပိုပြီးအကျိုးစီးပွားကို ဖြစ်ထွန်းစေ၏။ ဘ၀သံသရာ ကောင်းကျိုးကို ဆောင်နိုင်ပေ၏။

ဗုဒ္ဓလက်ထက်က မာလုကျပုတ္တဟူသော မထေရ်တစ်ပါးသည် အတွေးအခေါ် အားကောင်းသည့် မထေရ်တစ်ပါး ဖြစ်၏။ မည်မျှအားကောင်းသည်ဆိုသော် ရဟန်းဘ၀တွင် အားထုတ်ရမည့် ရဟန်းတရားကို လက်တွေ့အားမထုတ်ဘဲ အရေးမကြီးသည့် အချည်းအနှီး အတွေးများဖြင့် အချိန်ကုန်နေသည်အထိ အားကောင်းခဲ့၏။ မိမိဉာဏ်ဖြင့် လိုက်မမီသည့် အရာများတွင် အတွေးနယ်ချဲ့ကာ တွေးတောအဖြေရှာနေတတ်၏။ တွေးတောကြံစည်နေခြင်းဖြင့် မည်သည့်အကျိုးမျှ မဖြစ်နိုင်သည့်အပြင် ဘ၀လွတ်မြောက်ရေး၊ ရဟန်းတရား အားထုတ်ရေးတွင် အရေးမကြီးသည့် အကြံအစီများဖြင့်သာ နေ့စဉ်အချိန်ကုန်နေတော့၏။

တစ်နေ့ ထိုမထေရ်သည် တစ်ပါးတည်းထိုင်ကာ “လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း၊ လောကသည် အဆုံးရှိ၏ဟူ၍ လည်းကောင်း၊ လောကသည် အဆုံးမရှိဟူ၍လည်းကောင်း၊ အသက်သည်ပင် ကိုယ်ဟူ၍လည်းကောင်း၊ အသက်သည်တစ်ခြား ကိုယ်သည်တစ်ခြား ဟူ၍လည်းကောင်း၊ သတ္တ၀ါသည် သေသည်မှနောက်၌ ပြန်ဖြစ်သည်ဟူ၍လည်းကောင်း၊ သတ္တ၀ါသည် သေသည်မှနောက်၌ ပြန်မဖြစ်ဟူ၍ လည်းကောင်း၊ သတ္တ၀ါသည် သေသည်မှနောက်၌ ဖြစ်လည်းဖြစ်၏ မဖြစ်လည်းမဖြစ် ဟူ၍လည်းကောင်း၊ သတ္တ၀ါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း စသည်ဖြင့် မြတ်စွာဘုရားသည် မဟောကြားဘဲ ထိမ်ချန်ထား၊ ပယ်ထားသည့် အယူများရှိ၏၊ ထိုအယူတို့ကို မြတ်စွာဘုရားသည် ငါ့အား ဟောကြားတော်မမူ၊ ထိုသို့ မဟောကြားဘဲ ချန်ထားသည်ကို ငါမနှစ်သက်၊ ငါသည် မြတ်စွာဘုရားထံ ချည်းကပ်၍ ဤအကြောင်းကို မေးလျှောက်အံ့၊ အကယ်၍ မြတ်စွာဘုရားသည် ဖြေကြားပေးခြင်း မရှိပါက ငါသည် ရဟန်းသိက္ခာကိုစွန့်ကာ လူထွက်တော့အံ့…” စသည်ဖြင့် တွေးတောကြံစည်နေ၏။ မာလုကျပုတ္တမထေရ်သည် မိမိအကြံအတိုင်းပင် မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသည့် အချိန်ကိုစောင့်ကာ သွားရောက်၍ မေးလျှောက်လေတော့၏။ ဘုရားထံသွားကာ အကြပ်ကိုင်လေတော့၏။

ဘုရားထံမှောက် ရောက်သည့်အခါ မာလုကျပုတ္တမထေရ်သည် မိမိကြံစည်ထားသည့် အတွေးများ၏ အဖြေကို မေးလျှောက်လေတော့၏။ မြတ်စွာဘုရားသည် ထိုအဖြေများကို ဟောကြားတော်မမူဘဲ ချန်ထားသည်ဟုထင်ကာ အပြစ်တင်သည့် သဘောများဖြင့် လူထွက်မည်ဟုပင် အကြပ်ကိုင်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “မာလုကျပုတ္တ… ငါသည် သင့်ကို မာလုကျပုတ္တ သင်လာခဲ့လော့..၊ ငါဘုရားအထံမှာ မြတ်သောအကျင့်ကို ကျင့်လော့၊ သင်သိချင်သည့် လောကသည်မြဲခြင်း၊ မမြဲခြင်း၊ သတ္တ၀ါသည် သေသည်မှနောက်၌ တစ်ဖန်ပြန်ဖြစ်ခြင်း၊ မဖြစ်ခြင်း စသည့်မေးခွန်းများကို သင့်ကို ငါဘုရား ဟောကြားပေးမည်ဟု ဆိုခဲ့ဖူးသလော..” ဟု မေးတော်မူလိုက်၏။
“အရှင်ဘုရား… မဆိုခဲ့ဖူးပါဘုရား…”

“သင်ကလည်း ငါဘုရားကို သင်အလိုရှိတဲ့ မေးခွန်းတွေ ဖြေပေးမှ ရဟန်းပြုမည်၊ မြတ်သောအကျင့်ကို ကျင့်မည်ဟု ဆိုခဲ့ဖူးသလော…”
“အရှင်ဘုရား မဆိုခဲ့ဖူးပါဘုရား..”

“မာလုကျပုတ္တ ဤသို့ဆိုလျှင် ငါကလည်း သင့်ကို တစ်စုံတစ်ခုမျှ မဆိုခဲ့၊ သင့်ကလည်း ငါ့ကို တစ်စုံတစ်ခုမျှ မဆိုခဲ့ပါပဲလျှက် အဘယ်သူ တောင်းပန်သည်ဖြစ်၍ အဘယ်သူ့ကို တုံ့ပြန်ပြောကြားရမည်နည်း..၊ စင်စစ် သင်သည် ရဟန်းဘ၀ရနေသော်လည်း အရေးကြီးသည့်အရာကို မလုပ်ဘဲ မလိုအပ်သည်များတွင် အချိန်ကုန်နေသဖြင့် မဂ်ဖိုလ်မပြီး အချည်းနှီးသာဖြစ်နေ၏…”ဟု နောက်ဆုံးတွင် ဘုရားရှင်က မာလုကျပုတ္တအား ပြစ်တင်ပြောဆို ဆုံးမကာ အရေးကြီးသည့်အရာနှင့် အရေးမကြီးသည့် အရာများကို ခွဲခြားပြသ ဟောကြားတော်မူခဲ့၏။

ဗုဒ္ဓက “မာလုကျပုတ္တ… အကယ်၍ တစ်စုံတစ်ယောက်သည် လောကသည် မြဲမမြဲ၊ သတ္တ၀ါ သေသည်မှနောက်၌ ဖြစ်မဖြစ် စသည့်အကြောင်းအရာများကို မြတ်စွာဘုရားသည် မဟောကြားပေးသမျှ မြတ်သောအကျင့်ကို ငါမကျင့်ဟု ဆိုလာငြားအံ့၊ ထိုသူသည် မြတ်သောအကျင့်ကို မကျင့်မီ သို့မဟုတ် မကျင့်ရဘဲနှင့်ပင် သေလွန်ရာ၏၊ အကြောင်းကား ထိုကဲ့သို့သော အချည်းနှီးကိစ္စများအား ငါဘုရားသည် ဟောကြားပေးမည် မဟုတ်သောကြောင့်ပင် ဖြစ်၏…” “မာလုကျပုတ္တ… ဥပမာအားဖြင့် ပြင်းထန်သည့် အဆိမ်လူးမြားဖြင့် အပစ်ခံရသူသည် ရှေးဦးစွာ အဆိပ်လူးမြားကို နှုတ်ကာအသတ် အရင်ကယ်ရမည် ဖြစ်သော်လည်း အဓိကကျသည့် အရာကိုမလုပ်ဘဲ ဤအဆိပ်လူးမြားကို မည်သူကပစ်လိုက်သည်၊ ဤမြားသည် မည်သည့်နေရာက လာသည်၊ မည်သည့်အကြောင်းကြောင့် အပစ်ခံရသည် စသည်ဖြင့် မြားပစ်သူကို လိုက်ရှာနေပါက ထိုသူကို မတွေ့မီပင် အသက်သေသွားရာ သကဲ့သို့ ထို့အတူ သင်သည်လည်း အဓိကအရေးကြီးသည့် ရဟန်းတရားကို အားမထုတ်သေးဘဲ လောကအကြောင်း သတ္တ၀ါအကြောင်း စကြာဝဠာအကြောင်း စသည်များကို ဘုရားမဟောသေးသမျှ မြတ်သောအကျင့်ကို မကျင့်ဟု တွေးတောနေပါက ထိုမြတ်သောအကျင့်ကို မကျင့်ရသေးမီပင် သေလွန်သွားနိုင်ရာ၏…”

“မာလုကျပုတ္တ… လောကသည် မြဲသည်ဖြစ်စေ၊ မမြဲသည်ဖြစ်စေ၊ သတ္တ၀ါသည် ဘ၀သစ်တွင် ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ထိုအတွေးများရဲ့ အဖြေကို တိကျစွာ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ တွေးခေါ်သူအတွက် တစ်စုံတစ်ခုမျှ ထူးခြားလာမည်မဟုတ်၊ ထိုအတွေးများ၊ အဖြေများ မှန်မှားဖြစ်နေငြားလည်း ပဋိသန္ဓေနေရမှုများ၊ အိုရမှုများ၊ သေရမှုများ၊ ပူဆွေးငိုကြွေးခြင်းများ၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းများ စသည်တို့သည် ရှိနေကြမည်သာ ဖြစ်၏၊ စင်စစ် လောကအကြောင်း သတ္တ၀ါအကြောင်းစသည် တွေးနေခြင်းထက် ရှေးဦးစွာ လုပ်သင့်သည်မှာ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေးခြင်းစသည်တို့ကို ယခုမျက်မှောက်ဘ၀မှာပင် ဖျက်စီးနိုင်အောင် ကြိုးစားနိုင်ခြင်းကသာ ပိုပြီးအရေးကြီး၏၊ ထိုအရာများကို ဖျက်စီးပစ်နိုင်ရန်ကိုသာ ငါဘုရားပညတ်တော်မူ၏…”

“မာလုကျပုတ္တ… ငါဘုရား၏ သာသနာတော်တွင် သင်သည် ငါဘုရား မဟောကြားသည်ကို မဟောကြားသည့်အတိုင်း၊ ဟောကြားသည်ကို ဟောကြားသည့်အတိုင်းသာ မှတ်သားလော့၊ လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ မမြဲဟူ၍လည်းကောင်း၊ အသက်သည်ပင် ကိုယ်ဟူ၍လည်းကောင်း၊ အသက်တစ်ခြား ကိုယ်တစ်ခြား စသည်ဖြင့်လည်းကောင်း၊ သတ္တ၀ါ သေသည်မှနောက်၌ ဖြစ်၏၊ မဖြစ်၊ ဖြစ်လည်းဖြစ်၏၊ ဖြစ်လည်းမဖြစ် စသည်ဖြင့်လည်းကောင်း လောကအကြောင်း သတ္တ၀ါအကြောင်း စသည်တို့ကို ငါဘုရား ဟောကြားတော်မမူ၊ အကြောင်းကား ဟောကြားခြင်းဖြင့် အကျိုးစီးပွားနှင့်မစပ်၊ မြတ်သောသာသနာတော်၏ အစအနမျှလည်း မဖြစ်၊ ၀ဋ်ဆင်းရဲကို ငြီးငွေ့ခြင်းငှါ၊ ရာဂကင်းခြင်းငှါ၊ ရာဂချုပ်ခြင်းငှါ၊ ကိလေသာ ငြိမ်းခြင်းငှါ၊ သစ္စာလေးပါးကို သိမြင်ခြင်းငှါ စသည်ဖြင့် မဖြစ်သောကြောင့်တည်း..” “မာလုကျပုတ္တ… ဤကား ဆင်းရဲတည်း၊ ဤကား ဆင်းရဲဖြစ်ကြောင်းတည်း၊ ဤကား ဆင်းရဲချုပ်ရာတည်း၊ ဤကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်တည်း စသည်ဖြင့် ငါဘုရား ဟောကြားတော်မူ၏၊ အကြောင်းကား ထိုတရားသည် အကျိုးစီးပွားနှင့် စပ်ယှဉ်၏၊ သာသနာအတွက် အားအင်ဖြစ်၏၊ ၀ဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ၊ ကိလေသာရာဂ ကင်းငြိမ်းခြင်းငှါ၊ သစ္စာလေးပါးကို သိမြင်ခြင်းငှါစသည်ဖြင့် အကျိုးဖြစ်သောကြောင့်တည်း၊ ထို့ကြောင့် သင်သည် ငါဘုရား မဟောကြားသည်ကို မဟောကြားသည့်အတိုင်း၊ ဟောကြားသည်ကို ဟောကြားသည့်အတိုင်း မှတ်သားလိုက်နာ ကျင့်ကြံလေလော့...” စသည်ဖြင့် အကျယ်မိန့်တော်မူလိုက်၏။ နောက်ဆုံးတွင် မာလုကျပုတ္တမထေရ်သည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်သက်ကျေနပ်စွာ လက်ခံသွားလေတော့၏။ (မဇ္ဈိမပဏ္ဏာသ၊ ဘိက္ခုဝဂ်၊ စူဠမာလုကျသုတ်) ဤကား ဗုဒ္ဓလက်ထပ် အတွေးအခေါ်ပိုင်းတွင် အားသာကာ အရေးကြီးသည့် အပိုင်များတွင် မလုပ်ဖြစ်ဘဲ အချည်းနှီး အချိန်ကုန်နေခဲ့သည့် မာလုကျပုတ္တ မထေရ်အကြောင်း တစ်စေ့တစ်စောင်းသာ ဖြစ်၏။

မျက်မှောက်ခေတ်တွင်လည်း မာလုကျပုတ္တကဲ့သို့ အတွေးနယ်လွန်သူများရှိ၏။ အရေးကြီးသည်ကို အကောင်အထည်မဖော်ဘဲ မိမိအတွက်လည်း အကျိုးမပြီး အများအတွက်လည်း အထောက်အကူ မပြုသည့် အရာများဖြင့် အချိန်ကုန်နေသူများ ရှိ၏။ ထိုသူများသည် မြတ်ဗုဒ္ဓမိန့်တော်မူသကဲ့သို့ပင် အဆိပ်လူမြားကို အရင်မနှုတ်ဘဲ မြားပစ်သူကို လိုက်ရှာနေသူနှင့် တူနေပေ၏။ စင်စစ် မလိုအပ်သည်များ၊ မိမိဉာဏ်နှင့် လိုက်မမီသည်များတွင် အချိန်ကုန်နေမည့်အစား လက်တွေ့ကျသည့် ကျင့်ကြံအားထုတ်မှုများဖြင့် အကောင်အထည် ဖော်နိုင်ရန်သာ ကြိုးစားအားထုတ်သင့်လှ၏။ မြတ်ဗုဒ္ဓ၏ အချို့အရာများသည် သဗ္ဗညုတဉာဏ်ဖြင့် ဟောကြားထားသည့်အရာများ ဖြစ်သဖြင့် မိမိ၏ အသိဉာဏ်နှင့် လိုက်မမီနိုင်သည်များ ရှိတတ်၏။ ထိုသို့သော အရာများတွင် မရရအောင် တွေးတောကြံစည်နေကြလျှင် အချိန်သာကုန်ပြီး အကျိုးမပြီး ဖြစ်နေတတ်၏။ အရေးကြီးသည်မှာ မိမိလုပ်နိုင်သည့်၊ လုပ်သင့်သည့် အရာများကို လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ရန်သာ ဖြစ်၏။ လက်တွေ့ကျင့်ကြံမှုဖြင့်သာ သိရန်ကြိုးစားသင့်၏။ မြတ်ဗုဒ္ဓက ဝေဘန်စိစစ် လက်ခံရန် ဟောကြားထားသော်လည်း အကျိုးစီးပွားနှင့် မစပ်သည့် အရာများတွင် အချိန်ကုန်ခံကာ ဝေဘန်စိစစ်နေစေရန် ဟောတော်မူခြင်း မဟုတ်ပေ။ မိမိသူတစ်ပါး အကျိုးများစေပြီး ကိလေသာကုန်ရာ အကျင့်တရားများကိုသာ နည်းမှန်လမ်းမှန် စနစ်မှန်ဖြင့် ကျင့်ကြံပွားများနိုင်စေရန် ပညာနှင့်စိစစ်ကာ လက်တွေ့လိုက်နာစေလိုခြင်း ဖြစ်၏။ အသိတရားတွင်သာ ရပ်တန့်မနေဘဲ အကျင့်တရားပါ ကျင့်ကြံစေရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ အရေးမကြီးသည့်အရာများတွင် အချိန်မကုန်စေဘဲ အရေးကြီးသည်များကို လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်စေလိုခြင်း ဖြစ်၏။ အဓိကကျသည်မှာ အသိနောက်ကို အကျင့်လိုက်စေလိုရင်း ဖြစ်၏။

ထို့ကြောင့် မာလုကျပုတ္တကဲ့သို့ စကြာဝဠာကြီး ဘယ်ကစသည်၊ လူသားများ ဘယ်ကစသည်၊ ကံတရား၏ အတိုင်းအဆ မည်မျှရှိသည် စသည်ဖြင့် သိခြင်း၊ မသိခြင်းဖြင့် လွတ်မြောက်ရေး၌ အထောက်အကူ မဖြစ်သည့် အချည်းအနှီး အတွေးအခေါ်များတွင် အချိန်ပေးကာ တွေးနေကြသည်ထက် သံယောဇဉ်ကုန်ရာ၊ ကိလေသာကုန်ရာ၊ နောက်ထပ်တစ်ဖန်၊ မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းစသည် ကင်းရာဖြစ်သည့် လက်တွေ့အကောင်အထည်ဖော် ကျင့်ကြံရမည့် အရာများကို လိုက်နာကျင့်သုံး နေထိုင်ခြင်းကသာ အရေးကြီးသည့်အရာများ ဖြစ်သဖြင့် မြားပစ်သူကို လိုက်ရှာမနေကြဘဲ မြားကိုသာ အရင်ဆုံး နှုတ်နိုင်အောင် ကြိုးစားကြရင်း အချိန်ရှိခိုက်၊ လုပ်နိုင်သည့်အခိုက်တွင် မိမိ၏ ပစ္စုပ္ပန်အကျိုး၊ သံသရာအကျိုး ပွားတိုးစေမည့် လုပ်ရပ်များကိုသာ အသိနှင့်အကျင့် ထပ်တူဖြစ်ရန် ကြိုးစားသင့်ပါကြောင်း အသိပေးတင်ပြလိုက်ပါ၏။ အရေးကြီးသည်မှာ ကျင့်ကြံအားထုတ်မှုသာ အဓိက ဖြစ်ပါပေတော့၏။

Read more »

မိန်းမဘ၀မှ လွန်မြောက်ချင်ရင်…

Q. အရှင်ဘုရားကို မေးခွန်းတစ်ခုလောက် မေးချင်နေမိတာ ဘယ်မှာ မေးရမှန်းမသိလို့ ဒီcomment မှာပဲ မေးလိုက်ပါတယ်ဘုရား....။ တပည့်တော် သူငယ်ချင်း မိန်းခလေး တစ်ယောက်က နောက်ဘဝမှာ ယောကျာ်းလေး အရမ်းဖြစ်ချင်နေပါသည် ဘုရား၊ အဲဒါ ဒီဘဝမှာ ဘာကောင်းမှု ကုသိုလ်ကို အလေးပေး လုပ်ဆောင်ရမယ်ဆိုတာကို ကရုဏာရှေ့ထား ဖြေကြား ပေးတော်မူပါဘုရား.....။
ကိုဗညား(ခေတ္တ စင်ကာပူ)

A. ဒကာတော်ရေ… မေးချင်တဲ့ မေးခွန်းလေးတွေကို ဒီစာမျက်နှာရဲ့ ဆက်သွယ်ရန်မှာ ဖော်ပြထားတဲ့ အီးမေးလ်မှပဲ ဖြစ်ဖြစ်၊ ဒီစာမျက်နှာရဲ့ အောက်ဆုံးမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍမှာပဲ ဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်။ အချိန်ရရင် ရသလို ဖြေပေးသွားပါမယ်။ အခု ဒကာတော်မေးတဲ့ မေးခွန်းကို ဖြေကြားပေးရမယ်ဆိုရင် အင်္ဂုတ္တရပါဠိတော် သံယောဂသုတ်မှာ ဟောကြားထားတဲ့ တရားတော်ကိုပဲ ကိုးကား ဖြေကြားပေးပါမယ်။ ဒီသုတ်တော်မှာ မိန်းမအဖြစ်၊ ယောက်ျားအဖြစ်မှ လွန်မြောက်နိုင်တဲ့ အချက်တွေကို ဖော်ပြထားပါတယ်။ တကယ်လို့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်ရဲ့မိန်းမ ဘ၀ကို မလိုချင်ဘူး ဒီဘ၀ကနေ လွန်မြောက်ချင်တယ်ဆိုရင် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ မိန်းမဣနြေ္ဒ၊ မိန်းမအမူအရာ၊ မိန်းမအသွင်အပြင်၊ မိန်းမမာန၊ မိန်းမအလိုဆန္ဒ၊ မိန်းမအသံ၊ မိန်းမအ၀တ်တန်ဆာတွေ အပေါ်မှာ တပ်မက်တဲ့ တဏှာဆန္ဒနဲ့ နှလုံးမသွင်းဖို့ လိုသလို မိန်းမတစ်ယောက်အနေနဲ့ ယောက်ျားတစ်ယောက်အပေါ်မှာ ဖြစ်တတ်တဲ့ အဲဒီယောက်ျားရဲ့ ဣနြေ္ဒ၊ အမူအရာ၊ အသွင်အပြင်၊ မာန၊ အလိုဆန္ဒ၊ အသံ၊ အ၀တ်တန်ဆာ စတာတွေနဲ့ ပတ်သက်ပြီး တွယ်တာတပ်မက်မှု မရှိဖို့လိုပါတယ်။ အဲဒီအချက်တွေကို မဖြစ်အောင်ကြိုးစားပြီး ဘယ်လိုကုသိုလ်မျိုးပဲ ဖြစ်ဖြစ် ကုသိုလ်လုပ်တိုင်းလုပ်တိုင်း ယောက်ျားဘ၀ကို ရလိုတဲ့ ဆန္ဒဆုတောင်းနဲ့ လုပ်မယ်ဆိုရင် ကောင်းမှုကုသိုလ်ဟာ တောင်းတတဲ့အတိုင်း ဖြစ်ပေါ်စေမှာ ဖြစ်တဲ့အတွက် လိုချင်တဲ့ ယောက်ျားဘ၀ကို ရနိုင်ပါတယ်။ အဓိကကတော့ ရရှိထားတဲ့ မိန်းမဘ၀အပေါ်မှာ ကျေနပ်နှစ်သက် စွဲလန်းတပ်မက်မှု မဖြစ်ဖို့ရယ် ဒီလိုမိန်းမဘ၀ကို ကျေနပ်နေမှုနဲ့ ယောက်ျားတစ်ယောက်အပေါ်မှာ မိန်းမတစ်ယောက်က တပ်မက်စွဲလန်းတတ်တဲ့ စွဲလန်းနေမှုမျိုး မဖြစ်ဖို့ လိုပါတယ်။ ရရှိထားတဲ့ ဘ၀အပေါ်မှာ တပ်မက်နှစ်သက်နေရင် နောက်ထပ်တစ်ခါ ဒီဘ၀မှာပဲ ပြန်လည်ဖြစ်တတ်တဲ့ ဘ၀တဏှာက ရှိနေတဲ့အတွက် မိန်းမဘ၀ကို မလိုချင်ရင် မိန်းမနဲ့ပတ်သက်တာတွေအပေါ် မတပ်မက်ဖို့ပဲ ဖြစ်ပါတယ်။

ဒါက မေးသူရှိလို့ ဘုန်းဘုန်းအနေနဲ့ ဖြေပေးလိုက်ရတာ ဖြစ်ပါတယ်။ တကယ်တော့ သံသရာနဲ့ ယှဉ်ကြည့်ရင် ဘယ်လိုဘ၀မျိုးမှ မကောင်းပါဘူး။ ယောက်ျားဘ၀မှာလည်း ဒုက္ခတွေနဲ့ ကြုံတွေ့နေရမှာ ဖြစ်သလို မိန်းမဘ၀မှာလည်း ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့နေရမှာ ဖြစ်ပါတယ်။ ဘ၀ကိုဖြတ်နိုင်မှ ဒီဘ၀တွေရဲ့ ဒုက္ခမှ လွတ်မြောက်နိုင်မှာ ဖြစ်ပြီး ဘ၀ကင်းရာ နိဗ္ဗာန်ကို ရောက်နိုင်မှာဖြစ်ပါတယ်။ ဘ၀ကို လိုချင်တပ်မက်နေသမျှ ရလာတဲ့ဘ၀မှာ ဒုက္ခပေါင်းစုံ၊ ကိလေသာအစုံနဲ့ တစ်ခါပြန်ပြီး ကျင်လည်ကြရဦးမှာ ဆိုတာ သတိပြုစေချင်ပါတယ်။ အကောင်းဆုံးကတော့ မိန်းမဘ၀ပဲ ဖြစ်ဖြစ်၊ ယောက်ျားဘ၀ပဲ ဖြစ်ဖြစ် လက်ရှိရထားတဲ့ ဘ၀မှာ နောက်ထပ်ပြန်ပြီး ဘ၀မဖြစ်ရေး ကြိုးစားလိုက်ခြင်းကသာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ လက်ရှိရထားတဲ့ ဘ၀အရ မိန်းမဘ၀ဟာ အရာရာ အခက်အခဲတွေ ရှိနေတတ်ပေမယ့် နိဗ္ဗာန်ရရေး၊ ကိလေသာကုန်ရေးမှာတော့ မိန်းမဖြစ်လို့ ကိလေသာ မကုန်ရဘူး၊ နိဗ္ဗာန်မရနိုင်ဘူးဆိုတာ မရှိပါဘူး။ မိန်းမဘ၀မှာပဲ ကိလေသာကုန်အောင် ကြိုးစားအားထုတ်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ နောက်ထပ် ဘယ်လိုဘ၀မျိုးကိုမှ တောင့်တမနေတော့ဘဲ အခုဘ၀မှာပဲ လွတ်မြောက်ရာလမ်းကို ကြိုးစားရှာဖွေတာက အကောင်းဆုံးပဲလို့ အကြံပြုလိုပါတယ်။ အင်း… ဘာပဲဖြစ်ဖြစ် နောက်ဘ၀တွေမှာ ယောက်ျားဘ၀ကိုပဲ ရချင်နေတယ်ဆိုရင်တော့ ခုနပြောခဲ့တဲ့ အချက်တွေနဲ့အညီသာ ကြိုးစားကြည့်ပါလို့ ဖြေကြားပေးလိုက်ပါတယ်။

Read more »

Live Questions and Answers (3)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

22 Apr 10, 01:50 PM
Reader:
နာနာဘာဝ ဝိနာဘာဝ ဆိုတာ ဘာကို ဆိုလိုပါသလဲဘုရား။ ဝေမာနိက ပြိတ္တာများကို ဆိုလိုတယ်လို့ ထင်ခဲ့တာ ပါဠိအဓိပ္ပာယ်က ဒီလို မထွက်ဘူးလို့ သိရလို့ အမှန်ကို သိလိုပါတယ်ဘုရား…

22 Apr 10, 03:00 PM
မနာပဒါယီ>>> Reader:
နာနာဘာဝ ၀ိနာဘာဝဆိုတာ သေကွဲရှင်ကွဲ ကွဲကွာခြင်းကို ဆိုပါတယ်။ ပါဠိတစ်ပုဒ်ချင်းရဲ့ အဓိပ္ပါယ်က နာနာဘာဝဆိုတာ အသီးအသီးဖြစ်ခြင်း၊ ဇာတိအားဖြင့် အထူးထူးအပြားပြား ဖြစ်ခြင်း၊ အရပ်တစ်ပါး ဝေးကွားသွားသဖြင့် ကွေကွင်းရခြင်းလို့ အဓိပ္ပါယ်ရပြီး ၀ိနာဘာဝဆိုတာ ကင်း၍ဖြစ်ခြင်း၊ သေဆုံးသွားသဖြင့် ကွေကွင်းရခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် သေကွဲရှင်ကွဲ ကွဲကွာခြင်းကို ပါဠိလို နာနာဘာဝ ၀ိနာဘာဝလို့ ဆိုတာ ဖြစ်ပါတယ်။

23 Apr 10, 10:45 PM
ကိုမြင့်မောင်:
အရှင်ဘုရား.တပည့်တော်ရွာပြန်တုန်းက သီလရှင်တွေတင်လာတဲ့ကားကို တားစီးမိပါတယ်ဘုရား။ အထဲမှာ သီလရှင်တွေပြည့်နေလို့ အပေါ်တက်ခိုင်းလို့ တက်ထိုင်ပြီး လိုက်ခဲ့တယ်။ အဲဒီအတွက် အကုသိုလ် ဖြစ်ပါသလား ဘုရား...
23 Apr 10, 11:35 PM
မနာပဒါယီ>>> ကိုမြင့်မောင်
:
အကုသိုလ်ဖြစ်မဖြစ်ဆိုတာ ကိုယ့်ရဲ့စိတ်စေတနာ အပေါ်မှာ မူတည်ပါတယ်။ ခရီးသွားတာဖြစ်တဲ့အတွက် အခြေအနေအရ ဆရာလေးတွေစီးလာတဲ့ ကားအပေါ်တက်ထိုင်လိုက်ရတာ ဖြစ်ပေမယ့် စော်ကားလိုတဲ့ စေတနာ မရှိတဲ့အတွက် အကုသိုလ် မဖြစ်ပါဘူး။ အဓိကကတော့ ကိုယ့်ရဲ့ စိတ်စေတနာပါပဲ။ အပေါ်အောက်ဆိုတာတွေကတော့ တစ်ခါတစ်လေ ဘုန်းကြီးတွေလည်း ဖြစ်တတ်ပါတယ်။ လေးငါးထပ်ရှိတဲ့ တိုက်တွေကို ဆွမ်းခံကြွတဲ့အခါ ဆွမ်းစားကြွတဲ့ အခါတွေမှာ လူတွေက အပေါ်ထပ်မှာ ရှိနေတာတွေ၊ ကိုယ့်အထပ်နဲ့ကိုယ် ဘုရားစင်လေးတွေ လုပ်ထားတဲ့အတွက် အပေါ်ထပ်ကလူတွေက အောက်ထပ် ဘုရားစင်တွေပေါ်မှာ ရှိနေတာတွေ စသဖြင့် အများကြီးပါ။ နောက်ဆုံးကောက်ချက်ချဖို့က ကိုယ့်ရဲ့စိတ်စေတနာနဲ့ပဲ ကောက်ချက်ချ ဆုံးဖြတ်ရမှာပါ။ စေတနာ မပါတဲ့ လုပ်ရပ်ဟာ ကံမမြောက်ပါဘူး။ ကံမမြောက်ရင် အကျိုးပေးလည်း မရှိပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်စစ်ပြီး စေတနာဆိုးနဲ့ ဟုတ်မဟုတ် သုံးသပ်ကာ စိတ်အစဉ်ကို သက်သာအောင် လေ့ကျင့်ပါလို့ အကြံပြုပါတယ်..

24 Apr 10, 10:15 AM
Jaram:
ဒုလ္လဘ ဝတ်ပေးလိုက်တဲ့ သားက သာသနာ့ဘောင်ထဲမှာ ဝိနည်းနဲ့မလျော်တာတွေ ပြုမူပျော်ပါးနေတယ် တိုင်ကြားခံရလို့ သားကို ဇွတ်လူဝတ်လဲစေရင် မိဘ အပြစ်ရှိပါသလားဘုရား။
24 Apr 10, 02:08 PM
မနာပဒါယီ>>> Jaram:
သာသနာတော်မှာ သာသနာ့တာဝန်ကို ကောင်းစွာထမ်းဆောင်နေတဲ့ ရဟန်းတော်တစ်ပါးပါးကို လူထွက်အောင် လုပ်ဆောင်ရင်တော့ အပြစ်ဖြစ်နိုင်ပေမယ့် ဒီလို ကိုယ့်သားတစ်ယောက်အပေါ်မှာ သူရဲ့ လုပ်ရပ်တွေအတွက် ပိုပြီးအပြစ်မကြီးစေဖို့၊ ပြီးတော့ သူ့ကို အမှီပြုပြီး သာသနာတော် မညှိုနွမ်းစေဖို့ စတဲ့ စေတနာ ရည်ရွယ်ချက်ကောင်းများနဲ့ လူထွက်စေတယ်ဆိုရင် အပြစ်မကြီးနိုင်ပါဘူး။ ဒါပေမယ့် သေချာစုံစမ်းပြီး ဆုံးဖြတ်လုပ်တတ်ဖို့လိုပါတယ်။ သာသနာ့ဘောင် ရောက်နေတဲ့အတွက် ဆရာဥပဇ္ဈာယ်ရဲ့ ညွှန်ကြားမှုလည်း ခံယူဖို့လိုပါတယ်။ သေးငယ်တဲ့၊ အာပတ်ဖြေရင် ပျောက်မယ့် ၀ိနည်းသိက္ခာပုဒ် သေးသေးလေးတွေနဲ့ မညီညွတ်တာကြောင့် အတင်းလူဝတ်လဲ စေတာမျိုးဆိုရင်တော့ နောင်တစ်ချိန် အကျင့်အားကောင်းသွားမှုတွေ ရှိတတ်တဲ့အတွက် သေချာတိုင်ပင် စဉ်းစားဖို့တော့လိုပါတယ်။ အဲလိုမှမဟုတ်ဘဲ ကိုယ့်သားဟာ တကယ့်ကိုပဲ သာသနာတော်မှာ ကြီးမားတဲ့ ၀ိနည်းသိက္ခာပုဒ်တွေ ကျူးလွန်ပြီးနေတာဆိုရင်တော့ သူ့သံသရာ ကောင်းစေရေးကို ရေးရှုတဲ့ စိတ်နဲ့လူထွက်စေတာမှာ အပြစ်မရှိနိုင်ပါဘူး။ တစ်ခါတစ်လေ ကိုယ့်သားလေး ရဟန်းဝတ်နဲ့ မြင်နေရရင်ပြီးရော သူဘာလုပ်လုပ် နေပါစေလို့ လွှတ်ထားလိုက်ရင် သူ့အတွက်လည်း ပိုပြီးအပြစ်ကြီးသလို ရဟန်းဝတ်နဲ့ အပြစ်တွေလုပ်နေတာကို သိနေရတဲ့ ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူ့ဝတ်ကြောင်နဲ့ ကိုယ့်သားသမီးဆို ကိုယ်ကိုယ်တိုင် ရိုက်ပုတ်ဆုံးမလည်း လိုသလို ပြုပြင်ကြည့်နိုင်လို့ ရတဲ့အတွက် ဒီလို သူ့အတွက်လည်း အကျိုးမရှိ၊ မိဘတွေအတွက်လည်း အကျိုးမရှိ၊ သာသနာတော် အတွက်လည်း အကျိုးမရှိတဲ့ သားမျိုးဆို လူထွတ်စေတာ အကောင်းဆုံးပါပဲ။ ပိုပြီးကြီးလေးတဲ့ အပြစ်တွေ မဖြစ်စေဖို့ဆိုတဲ့ စေတနာနဲ့ ဇွတ်အတင်း လူထွက်စေတာဖြစ်လို့ ဒီအတွက် အပြစ်မဖြစ်ပါဘူးလို့ပဲ ဖြေကြားလိုပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ