ဆွဲစားခံနေရသူများ…

ဆွဲစားခြင်းဆိုတဲ့ မြန်မာစကားလုံးကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုအသုံးပြုကြပါတယ်။ အဲဒီထဲက အဓိပ္ပါယ်တစ်မျိုးက မတရားရယူခြင်း၊ အနိုင်ယူခြင်းဆိုတဲ့ အဓိပ္ပါယ်ပါ။ အဲလိုအလုပ်ခံရသူကိုလည်း မတရားရယူခံရသူ၊ အနိုင်ယူခံရသူလို့ ပြောနိုင်ပါတယ်။ အခုခေတ်စကားနဲ့ အလွယ်ပြောမယ်ဆိုရင်တော့ ဆွဲစားခံရသူပေါ့။ အခုလက်တွေ့ ခံနေရသူတွေအတွက် ဆိုရင်တော့ ဆွဲစားခံနေရသူတွေပေါ့… ။ ဒါဆိုရင် အဲလို ဆွဲစားခံရသူတွေဟာ ဘယ်သူတွေဖြစ်မလဲ…။ ဘယ်လိုဆွဲစားခံရတာလဲ…။ ဘာတွေကို ဆွဲစားခံနေရတာလဲ…။ ပြောမယ်ဆိုရင်တော့ အများကြီးပါ။ ဒီတော့ကား … အခုလက်ရှိ ဆွဲစားခံနေရတာ တွေကိုပဲ ပြောကြတာပေါ့..။

လက်တွေ့ ဆွဲစားခံနေရတဲ့သူတွေကို ပြောမယ်ဆိုရင်တော့ ဘုန်းဘုန်းအပါအ၀င် အမိမြန်မာနိုင်ငံက ထွက်လာပြီး အကြောင်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံမှာ ရောက်နေကြတဲ့ ဘုန်းဘုန်းတို့ ရွှေမြန်မာများကိုပဲ ပြောရမှာပါပဲ။ ``ဘုန်းဘုန်းကတော့ လာပြန်ပြီ ကိုယ့်မြန်မာအကြောင်း`` လို့လည်း မတွေးလိုက်ကြပါနဲ့ဦး။ ဘုန်းဘုန်းတို့မှာ ဉာတတ္ထစရိယ (အမျိုးကိုစောင့်ရှောက်ခြင်း) ဆိုတာ ရှိတဲ့အတွက် ကိုယ့်အမျိုးအကြောင်း၊ ကိုယ့်လူမျိုးအကြောင်းပဲ ပြောစရာရှိပါတယ်။ စောင့်ရှောက်တယ်ဆိုတာ အမှားမဖြစ်အောင်၊ ဆိုးကျိုးမဖြစ်အောင်၊ မှားနေတာတောင်မှ ပြန်ပြီးသတိဝင်လာအောင် တတ်နိုင်တဲ့ဘက်က အကူအညီပေးတာကို ဆိုတာပါ။ ဒါကြောင့် ဘုန်းဘုန်းလည်း ကိုယ့်မြန်မာအကြောင်းပြောပြီး တစ်ဘက်တစ်လမ်းက အပြုသဘောနဲ့ စောင့်ရှောက်ခြင်းပါ။ အင်း… စကားက အပြင်တောင် ရောက်သွားပြီ။ ပြောချင်တာက ဆွဲစားခံနေရတာတွေကိုပါ။ ပြည်ပမှာရောက်နေတဲ့ ဘုန်းဘုန်းတို့ မြန်မာတွေဟာ အကြောင်းအမျိုးမျိုးနဲ့ ဆွဲစားခံနေရတယ်ဆိုတာ ဆွဲစားခံနေရတဲ့ ရွှေမြန်မာတိုင်း သိကြပါတယ်။ ကျန်တဲ့ နိုင်ငံတွေမှာ ဘယ်လိုဘယ်နည်း ဆွဲစားခံနေရတယ်ဆိုတာ မသိပေမယ့် ဘုန်းဘုန်းအခုနေပြီး သာသနာပြုနေတဲ့ နိုင်ငံမှာရှိတဲ့ ဘုန်းဘုန်းတို့ ရွှေမြန်မာတွေကတော့
၁။ အချိန်တွေဆွဲစားခံနေရပါတယ်…
၂။ လူကိုဆွဲစားခံနေရပါတယ်….
၃။ ကိုယ့်ကျင့်တရားကို ဆွဲစားခံနေရပါတယ်…. ။

ရှုတ်သွားပြီလား…။ ပြောပြပါမယ်။ ဟုတ်ပါတယ်။ ဘုန်းဘုန်းတို့ အခုနေတဲ့ နိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားများအတွက် ကမ္ဘာ့အလုပ်သမားအဖွဲ့က သတ်မှတ်ထားတဲ့ တိကျတဲ့ အချိန်သတ်မှတ်ချက် မရှိပါဘူး။ သူတို့အလုပ်ရှင်တွေ အဆင်ပြေသလို သူတို့စိတ်တိုင်းကျ ခိုင်းနေကြတာကို တွေ့ရပါတယ်။ တစ်ခါတစ်လေ စောပြီးဆင်းပေးရတာ ရှိသလို၊ နောက်ကျမှ သိမ်းပေးရတာလည်း ရှိပါတယ်။ ဒကာလေးတစ်ယောက်က ပြောဖူးပါတယ်။ သူတို့အလုပ်ရှင်က တစ်ခါတစ်လေ အလုပ်ကျလို့ဆိုပြီး မနက်အစော ၇ နာရီလောက် အိပ်နေတာတောင် လာနိုးပြီးခိုင်းတယ်တဲ့။ တိကျတဲ့ အချိန်သတ်မှတ်ချက် မရှိသလို တစ်ခါတစ်လေ ညဘက်ချည်းပဲ ဆင်းရတာတွေလည်း ရှိပါတယ်။ တစ်ချို့ဆို အလုပ်အော်ဒါ ရလို့ဆိုပြီး နေ့ပိုင်းလုပ်တဲ့အချိန်က စပြီးဆက်တိုက် ညပိုင်းအထိ ၂၄နာရီလုံး မနားတမ်း လုပ်ပေးရတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ အချိန်ပိုဆင်းရလို့ ပိုက်ဆံရတာတော့ ကောင်းပါတယ်။ ကျန်းမာရေးနဲ့ ကြည့်ပြန်တော့လည်း မကောင်းပါဘူး။ သူတို့အလုပ်ရှင်တွေက အချိန်ကို လိုသလို ဆွဲစားရုံတွင် မဟုတ်ပါဘူး။ တစ်လကုန်လို့ လခရှင်းတဲ့အခါကျတော့ အချိန်တွေကို လျော့တွက်ပြီး ရှင်းတာတွေပါ လုပ်လာကြပါတယ်။ တစ်ခါတစ်လေ နားရမယ့် တနင်္ဂနွေတစ်ရက်တောင် မနားရဘဲ အလုပ်လုပ်ပေးရတာတွေလည်း ရှိပါတယ်။ ဒီနိုင်ငံမှာကတော့ နိုင်ငံခြားသား အလုပ်သမားတွေအတွက် အချိန်ဆိုတာ အလုပ်ရှင်အပေါ်မှာ မူတည်နေပါတယ်။ အလုပ်ရှင်ခိုင်းတဲ့အချိန်ပဲ လိုက်လုပ်နေရတဲ့အတွက် ကိုယ့်အတွက် ပုံသေတွက်လို့ မရတာက များပါတယ်။ ကိုယ်လုပ်ချင်တဲ့အလုပ်တွေ အချိန်ဇယားဆွဲပြီး ဘယ်လိုမှ လုပ်လို့မရပါဘူး။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ အလုပ်ရှင်တွေရဲ့ အချိန်ဆွဲစားတာကို ခံနေရလို့ပါ။ ဒါကြောင့် ဘုန်းဘုန်းတို့ နိုင်ငံခြားမှာ ရောက်နေတဲ့မြန်မာတွေဟာ အချိန်ဆွဲစားခံနေရသူတွေပါလို့ ဆိုရခြင်းပါ။

နောက်တစ်ခုက လူကို ဆွဲစားခံနေရခြင်းပါ။ လူကို ဆွဲစားတယ်ဆိုလို့ သူတို့နိုင်ငံသားတွေဟာ လူသားစားတဲ့ သူတွေလားလို့ မေးစရာ ရှိပါတယ်။ လူသားစားတာထက် ဆိုးပါတယ်။ လူကိုသတ်ပြီး တစ်ခါတည်း စားပစ်လိုက်ရင် ဖြေလို့ရပါသေးတယ်။ ခုဟာက ကိုယ်လက်အင်္ဂါလေးတွေပဲ ဖြတ်ပြီးဆွဲစားခံ နေရလို့ပါ။ တစ်ချို့ကလေးတွေဆို မြန်မာပြည်က လာတုန်းက အကောင်း ဒီရောက်ပြီး တစ်ပတ်နှစ်ပတ်အတွင်းမှာပဲ စက်ထဲလက်ညက်လို့ လက်သန်းဖြတ်ရတာနဲ့၊ လက်ညှိုးဖြတ်ရတာနဲ့၊ တစ်ချို့ဆို လက်ချောင်းလေးတွေ အကုန်ပါသွားတဲ့အထိ ဖြစ်တာတွေ ရှိပါတယ်။ တစ်ချို့လည်း အလေးအပင် မ ရင်း ခြေထောက်ပေါ် ဟိုဟာပြုတ်ကျလို့၊ ဒါပြုတ်ကျလို့ ခြေချောင်းလေးတွေ ဖြတ်လိုက်ရတာတွေလည်း ရှိပါတယ်။ ဒါက လုပ်ငန်းမကျွမ်းကျင်လို့ ဖြစ်တာလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စတွေက လုပ်ငန်းမကျွင်းကျင်လို့ ဖြစ်တာထက် စက်ရုံအကြီးအကဲ အချို့ရဲ့ မဆင်မခြင် ခိုင်းစေတာတွေကြောင့် ဖြစ်တာလည်း ပါပါတယ်။ ပြီးတော့ ပြောဆိုဆက်ဆံတဲ့ အခါမှာလည်း လူသားချင်း ကိုယ်ချင်းမစာတဲ့ သဘောမျိုးတွေနဲ့ ဆက်ဆံလာကြလို့ ခိုက်ရန်ဖြစ်ပွားရာက ပြဿနာတွေတက်၊ ရုံးရောက်ဂတ်ရောက်ပြီး စက်ရုံကထုတ်ပစ်လိုက်တဲ့အထိ ဖြစ်တာတွေလည်း ရှိပါတယ်။ ဒါဟာ လူကိုဘ၀အခြေအနေမဲ့အောင် လုပ်လိုက်သလိုဖြစ်ပါတယ်။ နောက်တစ်ချက်က အဆမတန် နေ့မအား၊ ညမနားခိုင်းတဲ့အတွက် လူတွေဟာ ပုံမှန်စိတ်မဟုတ်တော့ဘဲ ကြောင်တောင်တောင်လေးတွေ ဖြစ်လာတာကိုလည်း တွေ့ရပါတယ်။ တစ်ချို့ဆို စိတ်ရောဂါဖြစ်လို့ မြန်မာပြည် ပြန်ပို့လိုက်ရတဲ့အထိ ဖြစ်သွားတာတွေ ရှိပါတယ်။ ပြောမယ်ဆိုရင် အများကြီးပါ။ သူ့နိုင်ငံမှာလာပြီး အလုပ်လုပ်နေရတဲ့အတွက် ငွေနောက်ကိုလိုက်ရင်း ရလာတဲ့ဆိုးကျိုးကတော့ လူတွေကို ကိုယ်လက်အင်္ဂါချို့အောင် စိတ်ကယောင်ချောက်ခြားဖြစ်အောင် ဆွဲစားခံနေရခြင်းပါ။

နောက် အရေးကြီးဆုံး ဆွဲစားခံနေရတာက ကိုယ်ကျင့်သိက္ခာတွေပါ။ ကိုယ်ကျင့်သီလဆိုတာ ကိုယ်ကိုယ်တိုင် ထိမ်းရင်ဖြစ်တာပဲ သူတို့နဲ့ဘာဆိုင်လို့လည်းလို့ ပြောစရာရှိပါတယ်။ တိုက်ရိုက်တော့ မဆိုင်ပါဘူး။ ဒါပေမယ့် သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုလို့ပဲ ပြောရမလား၊ ဓလေ့ထုံးစံလို့ပဲ ပြောရမလား အရက်ကိုတခမ်းတနား သောက်လေ့ရှိတဲ့အကျင့် ရှိပါတယ်။ ဒီလို အကျင့်ရှိတဲ့သူတွေဆီမှာနေ၊ သူတို့နဲ့အတူ အလုပ်လုပ်နေရတဲ့အခါ ဆိုတော့ အလိုက်အထိုက် အဆင်ပြေအောင် လိုက်ပြီးနေရတာတွေလည်း ရှိပါတယ်။ လိုက်မလုပ်ရင် လိုက်မသောက်ရင် လုပ်ငန်းခွင်မှာ တစ်ခုခုဖြစ်လာတာတွေလည်း ရှိပါတယ်။ လူဆိုတာကလည်း သိတဲ့အတိုင်း ပုထုဇင်တွေဖြစ်တဲ့အတွက် စိတ်ကမခိုင်သေးတော့ ဒါလေးက ဘာမှမဖြစ်လောက်ပါဘူး ဆိုတဲ့အတွေးနဲ့ နည်းနည်းလောက် စသောက်မိရာက နောက်အရက်စွဲသွားတဲ့ အထိဖြစ်ကုန်ပါတယ်။ အရက်သောက်တတ်လာရင် ကျန်တဲ့အကုသိုလ်တွေကိုပါ လုပ်ဖို့ဝန်မလေးတော့ပါဘူး။ ဒီလိုနဲ့ ကိုယ်ကျင့်သိက္ခာတွေက တဖြည်းဖြည်းပျက်ပြား လာကုန်ကြတာပါ။ သေချာပြန်တွေးကြည့်လိုက်တော့ ကိုယ့်နိုင်ငံမှာရှိရင် နေရတဲ့ပတ်ဝန်းကျင်နဲ့ ထိန်းသိမ်းပေးမယ့် သူတွေနဲ့ဆိုတော့ တော်ရုံတန်ရုံမဟုတ်တာတွေ မလုပ်ဖြစ်ပါဘူး။ သူများနိုင်ငံရောက်လာတဲ့အခါ အနီးကပ်ထိန်းပေးမယ့် သူကလည်းမရှိ၊ လွတ်လပ်မှုကလည်းရလာ၊ ငွေလေးတွေကလည်း လိုသလိုရှိလာ၊ လူပင်ပန်းစိတ်ပင်ပန်းမှု တွေကလည်းများ ဆိုတော့ စိတ်လွတ်ကိုယ်လွတ်ဖြစ်ပြီး မဟုတ်တာတွေ လိုက်လုပ်ရာက ကိုယ်ကျင့်သိက္ခာတွေပါ ပျက်ကုန်ကြတော့တာပါ။ ဒီကြားထဲ သူနိုင်ငံရဲ့ ဓလေ့ထုံးစံတွေနဲ့ သွားတိုးတဲ့အခါကျတော့ နဂိုးကတည်းက မရှိတဲ့ ကိုယ်ကျင့်သိက္ခာတွေဟာ တက်တက်စင်ကုန်ပါလေရော။ အလွယ်ပြောရရင် ကိုယ်ကျင့်သိက္ခာတွေပါ ဆွဲစားခံနေရပါလေရောပေါ့…။ အရာရာမှာ ကိုယ့်ကိုယ်ကိုသာ ပဓာနလို့ ဆိုပေမယ့် ပတိရူပဒေသ၀ါသ (သင့်လျော်လျောက်ပတ်တဲ့ နေရာဒေသ) ဖြစ်ဖို့၊ ကလျာဏမိတ္တ (မိတ်ကောင်းဆွေကောင်း အပေါင်းအသင်းကောင်း) ရှိဖို့တွေကလည်း လူတစ်ယောက် တိုးတက်ဖို့၊ ကိုယ့်ကျင့်တရာကောင်းဖို့ အတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ဒီလို အချက်တွေ အားနည်းတဲ့ နိုင်ငံမျိုးမှာ နေကြတဲ့သူတွေ အတွက်လည်း တိုက်ရိုက်မဟုတ်တာတောင်မှ သွယ်ဝိုက်တဲ့နည်းနဲ့ ကိုယ်ကျင့်သိက္ခာတွေကို ဆွဲစားခံနေရမှာ သေချာပါတယ်။

ဒါကြောင့် အထက်မှာပြောခဲ့သလို အမိနိုင်ငံကထွက်ပြီး သူများတိုင်းပြည်မှာ နေကြရတဲ့သူတွေဟာ ဒီလိုမျိုးဆွဲစားမှုတွေကို ခံနေရသူတွေပါလို့ ဆိုရခြင်းပါ။ ကိုယ်လိုရာကို ဆွဲပြီးပြောတာပါလို့ ပြောမယ်ဆိုလည်း ခံရမှာပါ။ သေချာတာကတော့ တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့တော့ ဘုန်းဘုန်းတို့ မြန်မာများ ရောက်ရာနိုင်ငံများမှာ ဆွဲစားခံနေရတယ်ဆိုတာ ငြင်းလို့မရပါဘူး။ အနည်းနဲ့အများ၊ အကြီးနဲ့အသေးပဲ ကွဲပြားကြမှာပါ။ တကယ်တော့ ဒီအခြေအနေတွေကို ပြည်တွင်းမှာ ရှိတဲ့သူတွေက သိမှာမဟုတ်ကြပါဘူး။ သူတို့ကတော့ အချိန်တန် ပို့တဲ့လုပ်ခလေးရရင် ပြီးနေမှာပါ။ ဘုန်းဘုန်းတို့ကတော့ အနီးကပ်ထဲထဲဝင်ဝင် နေနေရတဲ့အတွက် အကုန်သိနေရလို့ အကယ်၍များ အမိမြန်မာပြည်မှာ ကျန်နေတဲ့သူများ ဒီအခြေအနေလေးတွေ သိသွားရင် ပြည်ပကသူတွေ ရှာဖွေပို့ထားတဲ့ ငွေကြေးလေးတွေကို ကိုယ်ချင်းစာစိတ်နဲ့ ပိုပြီးစုမိဆောင်းမိဖြစ်အောင် ဆင်ခြင်းတတ်ဖို့၊ ပြည်ပမှာ အလုပ်ထွက်ပြီး လုပ်နေကြသူတွေ အနေနဲ့လည်း ကိုယ့်ဘ၀ရဲ့ ဆွဲစားခံနေရတဲ့ အခြေအနေမှန်လေးတွေကို သိရှိပြီး ဒီလိုဆွဲစားခံနေရတာတွေက အမြန်ဆုံးရုန်းထွက်နိုင်အောင် အသုံးနဲ့အဖြုံး ဆင်ခြင်စုဆောင်းနိုင်ကြစေဖို့ စတဲ့စတဲ့ စေတနာမှန်လေးတွေနဲ့ ဒီစာစုလေးကို ရေးသားတင်ပြလိုက်ရခြင်းပါ။ အားလုံး ဆွဲစားခံနေရသူများ အဖြစ်မှ အမြန်ဆုံး ရုန်းထွက်နိုင်ကြပါစေ…

Read more »

လုပ်ချလိုက်ပြန်ပါပြီ…

ဘုန်းဘုန်းအနေနဲ့ ကျန်းမာရေး သိပ်မကောင်းလို့ ပို့စ်ရေးတာလေးတွေ နားမလို့ကြံကာ ရှိသေးတယ် အမြင်မတော်တာတွေက ပေါ်လာပြန်တော့ သွေးမအေးခင် နည်းနည်းတော့ လုပ်လိုက်ဦးမယ်ဟဲ့ ဆိုပြီးဒီပို့စ်လေးကို ရေးလိုက်ရပြန်ပါတယ်။ တစ်ခြားမဟုတ်ပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ ဘုန်းကြီးပင့်စာလေးပါ။ ကဲ… ပင့်စာလေးကို အရင်ဖတ်ကြည့်ကြပါဦး။

ကျောင်းထိုင် ဘုန်းတော်ကြီး အလိုရှိသည်။ (မူရင်းဖတ်ရန်)
ဖင်လန် နိုင်ငံ၊ နယ်သာလန် နိုင်ငံနှင့် ဒိန်းမတ် နိုင်ငံ တွင် ရောက်ရှိနေသော ဗမာလူမျိုးအချို့၏ သားသမီးများအား ၃၈ ဖြာ မင်္ဂလာ တရားတော်များ၊ ယဉ်ကျေးမှု့အလေ့အထများ၊ ဗမာစာပေ သင်ကြားပေးရန် နှင့် အခါကြီး ရက်ကြီးများတွင် ဥပုသ်သီလ ပေးရန်အတွက်တို့ ဖြစ်သည်။ လျှောက်ထားသော ရဟန်းသံဃာတော်သည်
အကျင့်စာရိတ္တ ဝိနည်းသိက္ခာနှင့် အညီ ကျင့်ကြံသည့် ရဟန်းဖြစ်ရမည့်အပြင် မြန်မာနိုင်ငံတွင် လက်ရှိမတရားအုပ်ချုပ် ဖိနှိပ်နေသော စစ်အစိုးရမှ ပေးအပ်ထားသည့် ဘွဲ့ သို့မဟုတ် ဂုဏ်ထူးဆောင် ဆု တခုခုကို လက်ခံထားသော ရဟန်းမျိုးမဖြစ်ရပါ။
ထို့အပြင် လိင်တူဆက်ဆံခြင်း၊ မာတုဂါမ နှင့် ဖောက်ပြားလော်လီသော စရိုက်မျိုးရှိသည့် အလဇ္ဇီသံဃာများ မျိုးမဟုတ်ရပါ။ ဖန်လန်နိုင်ငံအတွင်းနှင့် နယ်သာလန်နိုင်ငံ များ အတွင်းတွင် ပြည်တွင်း ခရီးသွားလာနိုင်သည့် ကျန်းမာရေးမျိုး ရှိရပါမည်။
လစာအား စကင်ဒီနေဗီးယန်းနိုင်ငံများတွင် သာသနာရေး ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ၏ လစာကဲ့သို့ ပေးပါမည်။ ထို့အပြင် တစ်နှစ်တွင် ခွင့် (၄) ပါတ် ရရှိပါမည်။ စိတ်ဝင်စား လျှောက်ထား လိုပါက အောက်ဖော်ပြ ဖုန်းနံပါတ်များသို့ ဆက်သွယ် လျှောက်ထား နိုင်ပါသည်။
ဖင်လန်နိုင်ငံ
ကိုသန့်ဇင်ထွန်း (+၃၅၈ ၅ဝ၅၇၂၁၆၃ဝ)
ကိုကျော်ကျော်ဌေး (+၃၅၈ ၄ဝ၉၆၁၂ဝ၉ဝ)
ကိုရွှေလှ (+၃၅၈ ၄ဝ၄၁၁၆ဝ၆၇)
ကိုငြိမ်းချမ်းအောင် (+၃၅၈ ၄၄ဝ၈၈၈ဝ၁၆)
နယ်သာလန်နိုင်ငံ
ကိုထွန်းထွန်းဦး ( +၃၁ ၂၅၁၂၇၃ဝ၈၈)
ကိုထွန်းအောင် (+၃၁ ၂ဝ၃၄ ၅၅၅၉၄)
ဒိန်းမတ်နိုင်ငံ
ကိုတေဇသူရ (+ ၄၅ ၅၃၁၅၆၄၃၉)
ကိုအောင်စိုး (+ ၄၅ ၉၆၃၅ဝဝ၉၈)
ကိုချိုငြိမ်း (+ ၄၅ ၃၁၅ဝ၉၂၅၂)

ဖတ်ပြီးသွားပြီလား…။ ဘယ်လိုမြင်လဲ…။ တို့ရွှေမြန်မာတွေက အဲလိုခေါင်းကောင်းကြတာပါ။ ဘုန်းကြီးပင့်စာက ကုမ္ပဏီအလုပ် လျှောက်လွှာကျနေတာပဲ။ ခေတ်ကာလ အခြေအနေအရ အားနည်းချက်ကိုစီ ရှိကြတာမှန်ပါတယ်။ ဒီထဲမှာ ကိုးကွယ်ခံပုဂ္ဂိုလ်တွေရဲ့ အားနည်းချက်တွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီလိုလူသိရှင်ကြား သတ်မှတ်ချက်တွေနဲ့ ဘုန်းကြီးပင့်တာကတော့ မကောင်းပါဘူး။ ဒါတွေကိုကြည့်ပြီး စစ်မှန်တဲ့ ဘုန်းကြီးတွေဟာ အဲလိုနေရာ၊ အဲလို ဒကာမျိုးကို ရှောင်သွားတတ်ပါတယ်။ ဒီလိုကိစ္စမျိုးဆိုတာ အင်တာနက်က၊ အွန်လိုင်းကနေ လျှောက်ထားရ၊ ပင့်ရမယ့် ကိစ္စမျိုး မဟုတ်ပါဘူး။ ပြည်တွင်းမှာ ရှိတဲ့ ဆိုင်ရာဆိုင်ရာ သံဃာတော်များ၊ မထေရ်ကြီးများ၊ ဆရာသမားများနဲ့ တိုင်ပင်ကာ ကိုယ်လိုချင်တဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ ရဟန်းတော်ကို သာသနာပြုစေလွှတ်ပေးဖို့ တောင်းပန်လျှောက်ထား ရမှာပါ။ ဒါမှလည်း ကိုယ်လိုချင်တဲ့ အချက်နဲ့ ပြည့်စုံတဲ့ ရဟန်းတော်ကို ရနိုင်မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ရဟန်းတော်အချင်းချင်းသာ ရဟန်းကိစ္စ၊ ရဟန်းသိက္ခာကို သိကြလို့ပါ။ အခုလို ပင့်လိုက်တဲ့အခါမှ ပိုပြီးအလဇ္ဇီ ရဟန်းတော်တွေ အကြိုက်ဖြစ်သွားတတ်ပါတယ်။ မက်လုံးပေးပြီး ပင့်ထားတာတွေက ရှိနေတာကိုး။

တကယ်တော့ အခု ဘုန်းကြီးကိုးကွယ်ချင်ကြ ပင့်ချင်ကြတဲ့ ဒကာလေးများ မသိလို့ပါ။ ဘုန်းဘုန်းတို့ သာသနာမှာ ဘုရားအလုပ်ကိုလုပ်ရင် ဘုရားက ကျွေးထားပြီးသားပါ။ အမှန်တကယ် သာသနာပြုချင်စိတ်ရှိပြီး သာသနာတော်ကို တကယ်ချစ်တဲ့ ရဟန်းတော်များအတွက် ပင့်စာထဲကလို သတ်မှတ်ချက်တွေ မလိုပါဘူး။ သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့ ရဟန်းတော်တွေဟာ သူများလှူတာတွေကို များများစားရလေ များများကျင့်ရလေဖြစ်တဲ့ အတွက် ဒကာ၊ ဒကာမ လှူသည်ဖြစ်စေ၊ မလှူသည်ဖြစ်စေ ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာပါ။ အမှန်တော့ ဒီလိုပင့်တယ်ဆိုကတည်းက ကိုးကွယ်သူတွေဟာ ပုဂ္ဂိုလ်ကို ကိုးကွယ်နေသလို ဖြစ်နေပါတယ်။ ဘုရားသာသနာမှာ ပုဂ္ဂိုလ်ကို ကိုးကွယ်မှုထက် အဲဒီကိုးကွယ်ခံ ပုဂ္ဂိုလ်မှာ ရှိတဲ့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဂုဏ်ကို ကိုးကွယ်တာပါ။ အဲလို ဂုဏ်ရှိတဲ့ ကိုးကွယ်ခံပုဂ္ဂိုလ်ဆိုရင် ခုနသတ်မှတ်ထားတဲ့ အချက်တွေ မလိုတော့ပါဘူး။ ကိုးကွယ်ချင်တဲ့ ပုဂ္ဂိုလ်တွေ မသတ်မှတ်လည်းပဲ ကိုးကွယ်ခံဘက်က ပြည့်စုံအောင် နေပြီးသားပါ။

နိုင်ငံခြားမှာဖြစ်တဲ့အတွက် အခက်အခဲ အမျိုးမျိုး ရှိတယ်ဆိုတာ သိပါတယ်။ သာသနာပြု ရဟန်းကောင်းတွေ ရဖို့ဆိုတာလည်း အခက်အခဲတစ်ခု ဖြစ်တယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေ မဖြစ်အောင် ဆောင်ရွက်တဲ့အခါ သေသေချာချာ စဉ်းစားဆောင်ရွက်တတ် ရပါတယ်။ အခုလို လုပ်ရပ်တွေဟာ စစ်မှန်တဲ့ ရဟန်းတော်တွေရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင်လုပ်ရာ ရောက်သလို ဗုဒ္ဓဘာသာဝင်တွေ အတွက်လည်း ဘာသာခြားများရဲ့ ကဲ့ရဲ့ခံ၊ အထင်သေး အမြင်သေးခံရတာတွေ ဖြစ်တတ်ပါတယ်။ ``မင်းတို့ ဗုဒ္ဓဘာသာဟာ ဒီလိုပဲလား `` လို့ ဘာသာတရားအထိ အစော်ကားခံရတတ်ပါတယ်။ သူသူကိုယ်ကိုယ် ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကို အပြစ်ပြောတာ မခံချင်ကြပါဘူး။ တို့သာသနာမှာ အစစ်အမှန် အကိုးကွယ်ခံပုဂ္ဂိုလ်တွေ အများကြီး ရှိပါသေးတယ်။

ဒါကြောင့် တို့ဗုဒ္ဓဘာသာ ရွှေမြန်မာများ အတွက် အထူးသတိပေးချင်တာက ဘာပဲလုပ်လုပ် ပြီးပြီးရောဆိုတဲ့ သဘောမလုပ်ကြဖို့နဲ့ စဉ်းစဉ်းစားစား လုပ်ကြဖို့ပါ။ ကိုယ့်ကြောင့် ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာ ဂုဏ်သိက္ခာကျအောင် မလုပ်ကြဖို့ပါ။ ဆရားကောင်း သမားကောင်း၊ မိတ်ကောင်းဆွေကောင်းများနဲ့ တိုင်ပင်ပြီး လုပ်ကြဖို့ပါ။ ဒီအကြောင်းကိုပြောရတာက ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်ရပါတယ်။ နောက်ဆိုရင် အမှားကို ဉာဏ်နဲ့ရှုပြီး အမှန်ကို လိုက်တုတတ်ဖို့ အကြံပြုလိုခြင်း ဖြစ်ပါတယ်။

Read more »

မြန်မာဆိုတာ…

မြန်မာဆိုတဲ့ စကားလုံးဟာ တိုင်းပြည်၊ လူမျိုးကို ကိုယ်စားပြု သုံးစွဲတဲ့ စကားလုံး ဖြစ်ပါတယ်။ ဒီစကားလုံးနောက်က နိုင်ငံနဲ့တွဲပြီး မြန်မာနိုင်ငံလို့ သုံးပါက မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ပြည်နယ်တိုင်းများကို ကိုယ်စားပြုပြီး လူမျိုးနဲ့တွဲကာ မြန်မာလူမျိုးလို့ သုံးပါက မြန်မာနိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် တိုင်းတပါး သွားတဲ့အခါမှာ နေရာဒေသနဲ့ လူမျိုးတွေ ဘယ်လောက်ပဲကွဲကွဲ နိုင်ငံခြားသားများနဲ့ ပြောဆိုသုံးနှုံးကြတဲ့အခါမှာ မြန်မာဟုသာ သုံးစွဲကြခြင်းဖြစ်ပါတယ်။ ဖြည့်စရာ စာရွက်စာတမ်းများတွင်လည်း နိုင်ငံနေရာတွင် မြန်မာနိုင်ငံ၊ လူမျိုးနေရာတွင် မြန်မာလူမျိုး ဟုသာဖြည့်ကြပြီး ကရင်၊ ဗမာစသည် မဖြည့်ကြပေ။ ဒါဟာလည်း မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။

မှန်ပါတယ်။ မြန်မာနဲ့ပတ်သက်လို့ ပြောကြမယ်ဆိုရင် ထူးခြားချက်တွေ၊ ဂုဏ်ယူစရာတွေ၊ မြန်မာဖြစ်ရတဲ့ အတွက် ဘာနဲ့မှ မလဲနိုင်တာတွေ၊ တန်ဘိုးမဖြတ်နိုင်တာတွေ စတာစတာတွေက အများကြီးရှိပါတယ်။ ဘုန်းဘုန်းတို့နဲ့ သိတဲ့နိုင်ငံခြားသားများ မြန်မာပြည်သွားပြီး ပြန်လာကြတဲ့အခါ မြန်မာပြည်အကြောင်း၊ မြန်မာလူမျိုးများအကြောင်း၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများအကြောင်း ချီးကျူးစကားများ လာလာပြောကြပါတယ်။ အဲဒီအခါတိုင်းလည်း ဂုဏ်ယူဝမ်းသာ ကျေနပ်မှု ဖြစ်ရပါတယ်။ အထူးသဖြင့် လာရောက်ကြတဲ့ ဧည်သည်တွေအပေါ်မှာ ဧည့်ဝတ်ကျေတတ်တဲ့ အကျင့်ဟာ ကမ္ဘာမှာ မြန်မာကလွဲပြီး တစ်ခြားမရှိပါဘူး။ ကိုယ်မရှိရင်နေ ဧည့်သည်တွေ အဆင်ပြေရင် ပြီးတာပဲ ဆိုတဲ့ စိတ်ခံယူချက်ဟာ မြန်မာတွေမှာပဲ ရှိပါတယ်။ အားနာတတ်တာလည်း မြန်မာကလွဲပြီး မရှိပါဘူး။ အရှက်အကြောက်ရှိတာ၊ ကြင်နာသနားတတ်တာ၊ ကူညီချင်တတ်တာ၊ ကြီးတဲ့သူတွေအပေါ် ရိုသေလေးစားတတ်တာ၊ မိဘဆရာသမားတွေအပေါ် ၀တ္တရားကျေပွန်တာ၊ မတွန့်မဆုတ်ပေးကမ်း လှူဒါန်းတတ်တာ စတာစတာတွေဟာ မြန်မာတို့ရဲ့ ဂုဏ်ယူစရာ အချက်တွေပါ။ တကယ်တော့ ဒီကောင်းမြတ်တဲ့ အစဉ်အလာယဉ်ကျေးမှုတွေဟာ ဘာသာတရား အဆုံးအမတွေရဲ့ သက်ရောက်မှုကြောင့်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ ဒါကြောင့်လည်း မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာကို အခြေခံထားတာဟု ဆိုကြခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် ခေတ်ကာလ အခြေအနေ ပြောင်းလဲလာတာက တစ်ကြောင်း ဘာသာတရား အဆုံးအမများကို မသိနားမလည်မှု၊ လိုက်နာကျင့်သုံးမှုများ အားနည်းလာတာက တစ်ကြောင်း လူတွေရဲ့ သန္တာန်မှာ လောဘ၊ ဒေါသ၊ အတ္တ၊ မာန စတဲ့တရားများ တိုးပွားလာတာက တစ်ကြောင်း စတဲ့စတဲ့ အကြောင်းတွေကြောင့် မြန်မာတို့ရဲ့ ဂုဏ်ယူစရာ၊ ချစ်စရာ၊ အတုယူအားကျ စရာများဟာ တဖြည်းဖြည်း ယုတ်လျော့လာခဲ့တာကို တွေ့ရပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ မြန်မာတို့ရဲ့ လုပ်ရပ်တွေဟာ ကဲ့ရဲ့စရာ၊ အရှက်ရစရာတွေ ဖြစ်လာတာကို တွေ့ရပါတယ်။ အတ္တစိတ်တွေများပြီး ကိုယ့်အတွက် စဉ်းစားတာတွေ၊ ကိုယ်အဆင်ပြေရင် ပြီးတာပါပဲ ဘယ်သူဘာဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူးဆိုတဲ့ အတွေးတွေနဲ့ ပြောဆိုလုပ်ကိုင် လာတာတွေ အခုနောက်ပိုင်း ပိုပြီးဆိုးလာတာကို တွေ့ရပါတယ်။

ဟုတ်ပါတယ်။ ခုနပြောခဲ့သလို မြန်မာများဟာ သူများအပေါ် သနားကြင်နာတတ်တဲ့ ကရုဏာတရား များသလောက် သူများကြီးပွားတိုးတက်တဲ့ အပေါ်မှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ပေးတတ်တဲ့ မုဒိတာ တရားအလွန် ခေါင်းပါးလာတာကို တွေ့ရပါတယ်။ မစားရတဲ့အမဲ သဲနဲ့ပက်တဲ့ လုပ်ရပ်တွေ များလာကြပါတယ်။ ကိုယ့်လူမျိုး အချင်းချင်း ကိုယ်ချင်းစာစိတ်၊ ကူညီရိုင်းပင်းစိတ်တွေ မဲ့လာကြပါတယ်။ နှမချင်းကိုယ်ချင်းစာစိတ် ပျောက်လာပါတယ်။ ဒါကြောင့်လည်း အချင်းချင်း မညီမညွတ်တာတွေ ပိုများလာခြင်း ဖြစ်ပါတယ်။ အဆိုးဆုံးက အဲဒီ မညီညွတ်မှုပါ။ မြန်မာတွေ မညီညွှတ်ကြတဲ့အတွက် ဒီမညီညွတ်မှုကို နင်းပြီး အခြားသူများရဲ့ အနိုင်ယူမှု၊ တိုက်ခိုက်မှုတွေကို ခံရတာလည်း ဒုနဲ့ဒေးဖြစ်နေပါပြီ။ အထူးသဖြင့် ဒီမညီညွတ်မှုဟာ တစ်ခြားတိုင်းရင်းသား များထက် ဗမာများမှာ ပိုပြီးတွေ့ရတတ်ပါတယ်။ ဒီမညီညွတ်မှုတွေဟာ လူ့အဖွဲ့အစည်းမှာရော ဘာသာရေး အဖွဲ့အစည်းတွေမှာပါ ကျော်မကောင်း ကြားမကောင်းအောင် ဖြစ်လာပါတယ်။ တော်ကြာ ဘယ်သူနဲ့ ဘယ်သူက မတည့်လို့ ဘယ်သူတော့ ဘယ်လိုဖြစ်သွားလေရဲ့ ဆိုတဲ့ သတင်းတွေကတော့ မကြားချင်အဆုံးပါပဲ။ ပိုပြီး ရှက်စရာကောင်းတာက ဘာသာရေး လုပ်နေတဲ့သူအချင်းချင်း တိုက်ခိုက်ပြောဆို ပုတ်ခတ် ကွဲပြဲကြတာတွေပါ။ တကယ်တော့ ဘာသာရေးလုပ်တယ်ဆိုတာ အတ္တ၊ မာနတွေနည်းပါးအောင်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားတွေ တိုးပွားအောင် လုပ်နေခြင်းပါ။ ခုတော့ အဲလိုမဟုတ်ပါဘူး။ ဘာသာရေးလုပ်ရင်း အစွဲတွေတိုးလာပြီး ငါ့တို့ဆရာပြောတာမှ အမှန်၊ ငါတို့နည်းမှ အမှန် ဖြစ်ကာ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ပြောဆို ပြိုင်ဆိုင်ကြရင်း ကတောက်ကဆဖြစ်၊ ကွဲပြဲကုန်ကြပါတယ်။ နောက်ဆုံး ကိုးကွယ်တဲ့ဆရာတွေအထိ ကူးစက်သွားပြီး ဆရာအချင်းချင်းပါ အဆင်မပြေတဲ့အထိ ဖြစ်လာကြပါတယ်။ ဒီလို ကိစ္စတွေဟာ ပြောမယုံ ကြုံမှသိဆိုသလို လက်တွေ့ကြုံဖူးသူတွေ သိကြပါတယ်။ ဒီလို မညီညွတ်မှုတွေရဲ့ အရင်းခံကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးမှု အတ္တမာနတွေကို ရှေ့တန်းတင်ကြတဲ့အပြင် သူတစ်ပါးအပေါ် ၀မ်းမြောက်မှုပေးရတဲ့ မုဒိတာတရား ခေါင်းပါးမှုတွေကြောင့် ဖြစ်ပါတယ်။

ဒီအကျင့်ဆိုးတွေဟာ ပြည်တွင်းမှာတင်မဟုတ်ဘဲ ပြည်ပနိုင်ငံတွေအထိ ကူးစက်လာပါတယ်။ ပြည်တွင်းမှာက ကျယ်ပြန့်ပြီး သူသူကိုယ်ကိုယ် ဖြစ်နေတဲ့အတွက် သိပ်မသိသာပေမယ့် ပြည်ပနိုင်ငံတွေမှာက အနည်းစုသာ ဖြစ်နေတဲ့အတွက် ပိုပြီးသိသာပါတယ်။ ဘယ်သူကတော့ ဘာဖြစ်တယ်၊ ဘယ်လိုကိစ္စပေါ်တယ်၊ ဘာပြဿနာ တက်တယ်ဆိုတဲ့ သတင်းတွေဟာ မကြားချင်အဆုံး ကြားနေရပါတယ်။ ကြားရတိုင်းလည်း ကောင်းတဲ့သတင်းတွေ မဟုတ်ဘဲ မကောင်းတဲ့ သတင်းတွေချည်း ဖြစ်နေလေတော့ အချို့ဆို မြန်မာလို့ ပြောရမှာတောင် ရှက်တယ်ဆိုတာတွေ ဖြစ်လာပါတယ်။ ဒါတွေဟာ အမှန်ပါပဲ။ ဘုန်းဘုန်းလည်း ကိုယ်တိုင်နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့အတွက် အကြောင်းစုံကို သိနေရပါတယ်။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် စက်ရုံတစ်ရုံမှာ ရွှေဘယ်နှစ်ယောက်ရှိလဲ မေးကြည့် သုံးယောက်ရှိရင် ထမင်းအိုးသုံးအိုး၊ လေးယောက်ရှိရင် ထမင်းအိုးလေးအိုး ဆိုတာကွက်တိ ပြောလို့ရအောင် ရွှေမြန်မာတွေက ဆိုးပြကြတာပါ။ တကယ်ဆို ခဏတာလာပြီး အလုပ်လုပ် ငွေရှာကြတဲ့အခိုက် ကိုယ့်အချင်းချင်း ညီညီညွတ်ညွတ်ရှိပြီး တစ်ယောက်နဲ့ တစ်ယောက်ရိုင်းပင်း ကူညီကြရင် ဘယ်လောက်များ ကောင်းလိုက်မလဲ… ညီညွတ်မှုရဲ့ အားနဲ့ စည်းစည်းလုံးလုံး နေနိုင်ကြရင် ဘယ်လောက်စိတ်ချမ်းသာ ကြမလဲ… လို့တွေးမိပါတယ်။

ဘုန်းဘုန်းရဲ့ အမတစ်ယောက်က သူအလုပ်လုပ်နေတဲ့ နိုင်ငံမှာ အဲဒီနိုင်ငံသား၊ အခြားနိုင်ငံခြားသားများထက် ကိုယ့်မြန်မာအချင်းချင်း ပိုကြောက်ရတယ်လို့ ပြောဖူးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တိုက်ခိုက်နေကြ တာတွေဟာလည်း မနည်းဘူးလို့ သူ့ကိုယ်တွေ့လေးတွေ ပြောပြဖူးပါတယ်။ တကယ်ပါ။ မြန်မာတွေ မညီညွတ်ကြတာကတော့ ကမ္ဘာကျော်ပါပဲ။ မြန်မာ၊ အထူးသဖြင့် ဗမာဟာ တစ်ယောက်တည်းနေရင် ကောင်းတယ်၊ နှစ်ယောက်ထက်ပိုလာရင် မတည့်ကြတဲ့အတွက် မကောင်းဘူးလို့ ပြောစမှတ်ဖြစ်အောင်ကို စံတင်လောက်ပါတယ်။ စက်ရုံတွေမှာဆိုရင် သိတဲ့အတိုင်း အရင်ရောက်တဲ့သူ ရှိသလို နောက်မှရောက်လာတဲ့ သူတွေလည်း ရှိပါတယ်။ တရားမ၀င်နေတဲ့ သူတွေရှိသလို တရားဝင်နေတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီသူတွေဟာ တစ်ရုံတည်း အတူနေကြပေမယ့် ကိုယ့်မာနလေးတွေနဲ့ ကိုယ်ပါ။ တရားမ၀င်ဖြစ်နေပေမယ့် လုပ်သက်ကြာပြီး အလုပ်ခွင်မှာ နေရာလေး ရနေတဲ့သူကလည်း သူ့မာနနဲ့သူ အသစ်ရောက်လာတဲ့ သူတွေအပေါ်မှာ တင်စီးဆက်ဆံတာတို့ သူကျွမ်းကျင်ရာလေးတွေနဲ့ အနိုင်ယူပြတာတို့ လုပ်တတ်သလို အသစ်ရောက်လာတဲ့ သူတွေကလည်း တို့ကတရားဝင်နေတာ ဘယ်သူ့ကို ဂရုစိုက်ရမှာလည်းဆိုတဲ့ မာနလေးတွေနဲ့ ကြီးသည်ငယ်သည် မစဉ်းစားဘဲ အတင်စီးမခံ အကြောမခံ နောက်ဆုံး စကားလုံးတောင် အမှားမခံ ကြတဲ့အခါကျတော့ တစ်ရုံတည်းမှာ ရှိနေပေမယ့် အဆင်မပြေကြတော့ပါဘူး။ မတည့်ကြတော့ပါဘူး။ ဒါဘာကြောင့်လည်း ဆိုတော့ ကိုယ်စီကိုယ်စီ ရှိကြတဲ့ မာနလေးတွေရယ် တစ်ဦးနဲ့တစ်ဦး ဖြည့်ပြီးတွေးပေး၊ နားလည်ပေးဖို့ အားနည်းတာလေး တွေရယ်ကြောင့်ပါ။ တကယ်တော့ မတည့်ဘူး၊ ကြည့်မရတော့ဘူးဆိုရင် တစ်ဘက်လူ ဘာပဲလုပ်လုပ် အကောင်းမမြင်တတ်တော့ပါဘူး။ အကောင်းမမြင်တဲ့အတွက် မကောင်းမြင်ကြတဲ့ အခါ မပေါင်းချင်တော့တဲ့အထိ ဖြစ်ကုန်ကြတာပါ။ ဒီလိုဆိုရင် မချစ်မနှစ်သက်သူနဲ့ အတူနေရတာလည်း ဒုက္ခပဲဆိုတဲ့ ဘုရားစကားလို ဒုက္ခတွေသာ တိုးပွားလာနေတော့တာပေါ့။ ဒါတွေဟာ အရင်းစစ်တော့ မာနတွေများပြီး မုဒိတာတွေ အားနည်းကာ နားလည်မှုတွေ လျော့လာတာကြောင့် ဖြစ်ပါတယ်။

တို့မြန်မာအကြောင်း ပြောမယ်ဆိုရင်တော့ မကုန်ပါဘူး။ ပြောရင်းနဲ့ သတိရလို့ ပြောရဦးမယ်။ မကြာသေးပါဘူး။ သူများနိုင်ငံ သတင်းစာထဲအထိ မြန်မာသတင်းတစ်ခု ပါလာခဲ့ပါတယ်။ သတင်းစာထဲပါလို့ ကောင်းသတင်းလို့ မထင်ပါနဲ့။ ထုံးစံအတိုင်း မကောင်းသတင်းပဲပေါ့။ မြန်မာမိန်းကလေး တစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက် အကြောင်းပါ။ မိန်းကလေးက ယောက်ျားလေးကို မုဒိန်းမုနဲ့ တရားစွဲတယ်ဆိုတဲ့ သတင်းပါ။ ဘယ်လိုကနေ ဘယ်လိုဖြစ်ကြတယ်ဆိုတာ မသိပေမယ့် သတင်းကတော့ အမျိုးမျိုး ထွက်လာပါတယ်။ တစ်ချို့ကလည်း နှစ်ဦးသဘောတူရာက မတည့်လို့ ဖြစ်လာတဲ့ ဇာတ်လမ်းလို့လည်း ပြောကြတယ်။ တစ်ချို့ကလည်း ဘယ်သူလွန်တယ်၊ ဘယ်သူလွန်တယ်ပေါ့။ ဘာပဲဖြစ်ဖြစ် သူများနိုင်ငံမှာလာပြီး ဒီလိုကိစ္စမျိုးအထိ ဟိုးလေးတစ်ကျော်ဖြစ်တာတော့ တကယ့်ကို မကောင်းပါဘူး။ ကိုယ်တွင်မဟုတ်ဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအထိ သိက္ခာကျရမယ့် အဖြစ်မျိုးပါ။ ဒါတွေဟာ တို့မြန်မာတွေ တစ်ဦးနဲ့တစ်ဦး ကိုယ်စီိအသိလေးတွေနဲ့ ကိုယ့်ကြောင့် ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံဂုဏ်သိက္ခာ မကျအောင် ထိန်းရမယ့် ကိစ္စတွေပါ။ ပြောရင်တော့ မပြီးတော့ပါဘူး။ နောက်ဆုံးတော့ ဘာကြောင့် ဒီလောက် အသိတွေ နည်းကုန်ကြတာလဲ… ဘာကြောင့် အတ္တမာနတွေ များကုန်ကြတာလဲ… တစ်ချိန်ချိန်မှာ သေကြရမယ့် သူချင်းအတူတူ ဘာကြောင့်ကိုယ်ချင်းစာတရား မထားနိုင်ကြ တာလဲ…. စတဲ့ အမေးပေါင်းစုံနဲ့သာ အချိန်ကုန်ခဲ့ပေါင်းလည်း မနည်းတော့ပါဘူး။

ထားပါတော့။ ဘုန်းဘုန်းလည်း ပြောရင်းပြောရင်း လေရှည်သွားပြန်ပါပြီ။ ပြောချင်တာက မြန်မာဆိုတာ ဒီလိုမဟုတ်ဘူး၊ ဒီလိုဆိုတာ ပြောချင်တာပါ။ မြန်မာတွေဟာ မင်းတို့ထင်သလို မညီညွတ်တဲ့သူတွေ မဟုတ်ဘူး၊ အကြင်နာကင်းမဲ့သူတွေ မဟုတ်ဘူး၊ မုဒိတာတရား မထားနိုင်တဲ့သူတွေ မဟုတ်ဘူး၊ အသိခေါင်းပါးတဲ့သူတွေ မဟုတ်ဘူး… မြန်မာဆိုတာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာတရား အဆုံးအမရှိသူတွေ၊ အချင်းချင်း ကိုယ်ချင်းစာတရားရှိသူတွေ၊ ဒုက္ခရောက်သူကို ကူညီတတ်တဲ့သူတွေ၊ ကြီးသူကို ရိုသေ၊ ငယ်သူကိုသနား၊ ရွယ်သူကို လေးစားတတ်တဲ့ သူတွေ၊ ညီညွတ်ရေးကို ဦးစားပေးတဲ့သူတွေ၊ နားလည်မှုအပြည့် ရှိတဲ့သူတွေ… စသည်စသည်ဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောပြလိုက်ချင်တာပါ။ ဒါပေမယ့် ခုတော့… မြန်မာဆိုတာ…

မှတ်ချက်။ ။ မြန်မာအားလုံးကို ဆိုခြင်းမဟုတ်သလို၊ အဆိုးတွေကိုချည်း ရေးသားပြောဆိုနေခြင်း မဟုတ်ပါ။ အကောင်းကတော့ ကောင်းပြီးသားဖြစ်တဲ့အတွက် ဒီအတိုင်းထားလိုက်လို့ ရပေမယ့် အဆိုးလေးတွေကို ပြောပြခြင်းဖြင့် သတိဝင်ကာ ဆင်ခြင်သွားစေလိုသော ရည်ရွယ်ချက်ဖြင့်သာ ထုတ်ဖော်ရေးသားခြင်း ဖြစ်ပါတယ်။ အပြစ်တွေကို ဖော်နေခြင်းမဟုတ်ကြောင်း နားလည်နိုင်ပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ