ဗုဒ္ဓလက်ထက် ဧတဒဂ်ရ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပသကာ၊ ဥပါသိကာမများ...

ဘုရားရှင်လက်ထက် ထူးချွန်သည့် ဧတဒဂ် (ဧတဒဂ္ဂ=ဤသူသည် မြတ်၏ဟု ဘုရားရှင်မိန့်တော်မူသော ပုဂ္ဂိုလ်) ဘွဲ့ရ ထူးချွန်သည့် ဘိက္ခု(ရဟန်းယောက်ျား)၊ ဘိက္ခုနီ(ရဟန်းမိန်းမ)၊ ဥပသကာ(အမျိုးသား)၊ ဥပါသိကာမ(အမျိုးသမီး)တို့၏ ဘွဲ့အမည်နဲ့ ရရှိတော်မူသည့် ဧတဒဂ်ဘွဲ့တော်တို့ကို ကြည်ညိုနိုင်ရန်၊ ကုသိုလ်ပွားနိုင်ရန်၊ ဗဟုသုတအဖြစ် တင်ပြလိုက်ပါသည်။ ဖတ်ရှုကြည်ညိုပြီး ကုသိုလ်စိတ်များ တိုးပွားနိုင်ကြပါစေ…

ဧတဒဂ်ဘွဲ့တံဆိပ်တော်ရ ဘိက္ခု (ရဟန်းယောက်ျား) ၄၁ပါး
၁။ အဂ္ဂရတ္တညူဘွဲ့တံဆိပ်ရသူ အရှင်ကောဏ္ဍည
၂။ ပညာအရာ၌ ထူးချွန်မှု အဂ္ဂမဟာပညာ ဘွဲ့တံဆိပ်ရသူ အရှင်သာရိပုတ္တရာ
၃။ တန်ခိုးအရ၌ အဂ္ဂဣဒ္ဓိမန္တ ဘွဲ့တံဆိပ်ရသူ အရှင်မဟာမောဂ္ဂလာန်
၎။ ဓူတင်ဆောင် အဂ္ဂဓုတင်္ဂဓရ ဘွဲ့တံဆိပ်ရသူ အရှင်မဟာကဿပ
၅။ ဒိဗ္ဗစက္ခုဉာဏ်ဘွဲ့တံဆိပ်ရသူ အရှင်အနုရုဒ္ဓါ
၆။ အမျိုးမြတ် အဂ္ဂဥစ္စကုလိက ဘွဲ့တံဆိပ်ရသူ အရှင်ဘဒ္ဒိယ (ဤအရှင်သည် ဘ၀မခြားဘဲ ဘ၀ပေါင်း ငါးရာတိုင်တိုင်ဆက်၌ မင်းဖြစ်ဖူးသောကြောင့် အမျိုးမြတ်ဘွဲ့တံဆိပ်ရသည် ဟူ၏။)
၇။ အသံကောင်း အဂ္ဂမဉ္ဖူသရ ဘွဲ့တံဆိပ်ရသူ အရှင်လကုဏ္ဍကဘဒ္ဒိယ
၈။ ခြင်္သေ့သံဖြင့်ကြုံးဝါးသည့် အဂ္ဂသီဟနာဒိက ဘွဲ့တံဆိပ်ရသူ အရှင်ပိဏ္ဍောလဘာရဒွါဇ (ဤအရှင်သည် အရဟတ္တဖိုလ်ရသည့်နေ့မှာပင် မဂ်ဖိုလ်၌သံသယရှိသောသူသည် ငါ့ကိုမေးကြဟု မကြောက်မရွံ့ ခြင်္သေ့သံဆို၍ ဘုရားရှင်ရှေ့တော်၌လည်း အရှင်ဘုရားသာသနာတော်၌ ပြုဖွယ်ကိစ္စသည် အကျွန်ုပ်အား အပြီးတိုင်ရောက်ပါပြီ ဟု ခြင်္သေ့သံကို ဆိုလေသည်။ ထို့ကြောင့် ဤဧတဒဂ်ဘွဲ့ရသည်ဟူ၏။)
၉။ တရားဟောကောင်း အဂ္ဂဓမ္မကထိက ဘွဲ့တံဆိပ်တော်ရသူ အရှင်ပုဏ္ဏ
၁၀။ အကျဉ်းအကျယ်ကိုဖွဲ့တတ်ရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်မဟာကစ္စည်း
၁၁။ စိတ်နှလုံးဖြင့်ပြီးသော ကိုယ်ကိုဖန်ဆင်းရာ၌ အဂ္ဂစေတာဝိ၀ဋ္ဋ ဘွဲ့တံဆိပ်ရသူ အရှင်စူဠပန်
၁၂။ အဂ္ဂသညာဝိ၀ဋ္ဋကုသလ အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်မဟာပန်
၁၃။ ကိလေသာကင်း၍နေသောအရာ၊ မြတ်သောအလှူခံပုဂ္ဂိုလ်အရာ၌ ဘွဲ့တံဆိပ်နှစ်ထပ်ရသူ အရှင်သုဘူတိ
၁၄။ အရညကင်တောရ ဘွဲ့တံဆိပ်ရသူ ရှားတောနေ အရှင်ရေ၀တ
၁၅။ ဈာန်ဝင်စားသောအရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်ကင်္ခါရေ၀တ
၁၆။ လုံ့လ၀ီရိယအရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်ကောဋိဝိသောဏ
၁၇။ သာယာနာပျော်ဖွယ်ရှိအောင် ရွတ်ဖတ်တတ်သောအရာ၌ အဂ္ဂကလျာဏ ၀ါက္ကရ ဘွဲ့တံဆိပ်ရသူ အရှင်ကုဋိကဏ္ဏသောဏ
၁၈။ လာလ်လာဘပေါများသောအရာ၌ အဂ္ဂလာဘီ ဘွဲ့တံဆိပ်တော်ရ အရှင်သီဝလိ
၁၉။ သဒ္ဓါအားကြီးသောအရာ၌ အဂ္ဂသဒ္ဓါဓိမုတ္တ ဘွဲ့တံဆိပ်တော်ရ အရှင်ဝက္ကလိ
၂၀။ သိက္ခာသုံးပါးကို လိုလားလိုက်နာရာ၌ အဂ္ဂသိက္ခာကာမ ဘွဲ့တံဆိပ်တော်ရ သားတော် အရှင်ရာဟုလာ
၂၁။ အဂ္ဂသဒ္ဓါပဗ္ဗဇ္ဖိတအရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်ရဋ္ဌပါလ
၂၂။ စာရေးတံခေါ် မဲလိပ်ချအလှူကို အမြဲနံပါတ်တစ်ရသူအဖြစ် အဂ္ဂ ပဌမသလာက ဂဏှန္တ ဘွဲ့တံဆိပ်တော်ရ အရှင်ကောဏ္ဍဒါန
၂၃။ ကဗျာဂါထာ သီးကုံးဖွဲ့ဆိုရာ၌ လျင်မြန်ခြင်း အဂ္ဂပဋိဘာဝန၀န္တ ဘွဲ့တံဆိပ်တော်ရ အရှင်ဝင်္ဂီသ
၂၄။ ထက်ဝန်းကျင်ကြည်ညိုဖွယ်ကို ဆောင်ရာ၌ အဂ္ဂသမန္တပါသာဒိက ဘွဲ့တံဆိပ်တော်ရသူ အရှင်ဥပသေန
၂၅။ ကျောင်းအိပ်ယာနေရာ ခင်းတတ်ရာ၌ အဂ္ဂသေနာသန ပညာပက ဘွဲ့တံဆိပ်ရသူ အရှင်ဒဗ္ဗ
၂၆။ နတ်တို့ချစ်မြတ်နိုးအပ်သည့်အရာ၌ အဂ္ဂဒေ၀ါနံ ၀ိယမနာပ ဘွဲ့တံဆိပ်တော်ရ အရှင်ပိလိန္ဒ၀စ္ဆ
၂၇။ တရားကို လျင်စွာသိသောအရာ၌ အဂ္ဂခိပ္ပဘိည ဘွဲ့တံဆိပ်ရသူ အရှင်ဒါရုစိ
၂၈။ ဆန်းဆန်းကြယ်ကြယ် စကားကိုပြောဆိုတတ်ရာ၌ အဂ္ဂစိတ္တ ကထိက ဘွဲ့တံဆိပ်ရသူ အရှင်ကုမာရကဿပ
၂၉။ အဂ္ဂပဋိသမ္ဘိဒါပတ္တဉာဏ်ရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်မဟာကောဋ္ဌိတ
၃၀။ ဗဟုသုတအရာ၊ သတိမမေ့သည့်အရာ၊ ပညာလျင်သည့်အရာ၊ လုံ့လရှိသည့်အရာ၊ အလုပ်အကျွေးကောင်းအရာ ပေါင်းဘွဲ့တံဆိပ်ငါးခုရသူ အရှင်အာနန္ဒာ
၃၁။ အခြံအရံများခြင်းအရာ၌ အဂ္ဂမဟာပရိသ ဘွဲ့တံဆိပ်ရသူ အရှင်ဥရုဝေဠကဿပ
၃၂။ အမျိုးကို ကြည်ညိုအောင်ပြုလုပ်တတ်ရာ၌ အဂ္ဂကုလပသာဒက ဘွဲ့တံဆိပ်ရသူ အရှင်ကာဠုဒါယီ
၃၃။ အနာရောဂါကင်းရာ၌ အဂ္ဂအပ္ပါဗျာဓိက ဘွဲ့တံဆိပ်တော်ရသူ အရှင်ဗာကုလ
၃၄။ ပုဗ္ဗေနိဝါသဉာဏ်၌ အဂ္ဂပုဗ္ဗေနိဝါသ အနုဿရန္တ ဘွဲ့တံဆိပ်ရသူ အရှင်သောဘိတ
၃၅။ ၀ိနည်းဓိုရ်ရာထူး၌ အဂ္ဂ၀ိနယဓရ ဘွဲ့တံဆိပ်ရသူ အရှင်ဥပါလိ
၃၆။ ဘိက္ခုနီမတို့ကို ဆုံးမရာ၌ အကောင်းဆုံး အဂ္ဂဘိက္ခုနောဝါဒက ဘွဲ့တံဆိပ်ရသူ အရှင်နန္ဒက
၃၇။ ဣနြေ္ဒကောင်းရာ၌ အဂ္ဂဣနြ္ဒိယဂုတ္တဒွါရ ဘွဲ့တံဆိပ်ရသူ ညီတော်မင်းနန်ခေါ် အရှင်နန္ဒ
၃၈။ ရဟန်းတော်တို့ကို ဆုံးမရာ၌ အကောင်းဆုံး အဂ္ဂဘိက္ခုသြ၀ါဒက ဘွဲ့တံဆိပ်ရသူ အရှင်မဟာကပ္ပိန္န
၃၉။ တေဇောကသိုဏ်းရာထူး၌ အဂ္ဂတေဇောဓာတု ကုသလ ဘွဲ့တံဆိပ်ရသူ အရှင်သာဂတ
၄၀။ ဒေသနာတော် အသစ်အသစ် တင်ရာ၌ အဂ္ဂပဋိဘာနေယျက ဘွဲ့တံဆိပ်ရသူ အရှင်ရာဓ
၄၁။ ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ အဂ္ဂလုခစီဝရဓရ ဘွဲ့တံဆိပ်ရသူ အရှင်မောဃရာဇ

ဧတဒဂ်ဘွဲ့တံဆိပ်တော်ရ ဘက္ခုနီ (ရဟန်းမိန်းမ) ၁၃ ပါး
၁။ အဂ္ဂရတ္တညူ ဘွဲ့တံဆိပ်တော်ရ မိထွေးတော် မဟာပဇာပတိဂေါတမီ
၂။ အဂ္ဂမဟာပညာ ဘွဲ့တံဆိပ်တော်ရ ခေမာထေရီ
၃။ တန်းခိုးအရာ၌ ဧတဒဂ်ရ ဥပ္ပလ၀ဏ်ထေရီ
၎။ ၀ိနည်းဓိုရ်အရာ၌ အဂ္ဂ၀ိနယဓာရီ ဘွဲ့တံဆိပ်တော်ရ ပဋာစာရီထေရီ
၅။ တရားဟောရာကောင်းရာ၌ အဂ္ဂဓမ္မကထိက ဘွဲ့တံဆိပ်တော်ရ ဓမ္မဒိန္နထေရီ
၆။ ဈာန်ဝင်စားသောအရာ၌ အဂ္ဂဈာယိက ဘွဲ့တံဆိပ်တော်ရ နန္ဒာထေရီ
၇။ လုံလ၀ီရယကောင်းသောအရာ၌ အဂ္ဂ၀ီရိယ ဘွဲ့တံဆိပ်တော်ရ သောဏာထေရီ
၈။ ဒိဗ္ဗစက္ခုဉာဏ်အရာ၌ ဘွဲ့တံဆိပ်တော်ရ ဗကုလာ(သကုလာ)ထေရီ
၉။ လျင်မြန်သော အဘိညာဉ်အရာ၌ အဂ္ဂခိပ္ပဘိည ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒါကုဏ္ဍလကေသာထေရီ
၁၀။ ပုဗ္ဗေနိဝါသဉာဏ်အရာ၌ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒါကပိလာနီထေရီ
၁၁။ ဉာဏ်အမြင်ကြီးရာ၌ ဘွဲ့တံဆိပ်တော်ရ ရဟုလာမယ်တော် ဘဒ္ဒကဉ္စနာယသော်ဓရာထေရီ
၁၂။ ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ ဘွဲ့တံဆိပ်တော်ရ ကိသာဂေါတမီထေရီ
၁၃။ သဒ္ဓါတရားကောင်းရာ၌ သဒ္ဓါဓိမုတ္တ ဘွဲ့တံဆိပ်တော်ရ သိင်္ဂါလမာတာထေရီ

ဧတဒဂ် ဘွဲ့တံဆိပ်ရ ဥပါသကာ (အမျိုးသား) ၁၀ ယောက်
၁။ ရှေးဦးစွာ သရဏဂုံတည်ရာ၌ ဘွဲ့တံဆိပ်ရသူ တဖုဿဘလ္လိကာ ကုန်သည်ညီနောင်
၂။ အလှူဒါနအများဆုံးအရာ၌ ဘွဲ့တံဆိပ်ရသူ အနာထပိဏ်သူဌေးကြီး
၃။ တရားဟောကောင်းဘွဲ့တံဆိပ်ရသူ စိတ္တသူကြွယ်
၎။ သင်္ဂဟ၀တ္ထုလေးပါးဖြင့် ထောက်ပံ့၍ ပရိတ်သတ်အား မိမိထံသို့ရောက်အောင် ဆွဲဆောင်ရာ၌ ဘွဲ့တံဆိပ်ရ ဟတ္ထာဠာဝက
၅။ အခါမပြတ် အကောင်းအမြတ်တို့ကို ပေးလှူတတ်ရာ၌ ဘွဲ့တံဆိပ်ရ မဟာနံသာကီဝင်မင်း
၆။ နှစ်သက်ဖွယ်အရာကို ပေးလှူတတ်ရာ၌ ဘွဲ့တံဆိပ်ရ ဝေသာလီမြို့နေ ဥဂ္ဂသူကြွယ်
၇။ သံဃာ့အလုပ်အကျွေးကောင်းအရာ၌ ဘွဲ့တံဆိပ်ရ ဟတ္ထိဂါမရွာနေ ဥဂ္ဂသူကြွယ်
၈။ မတုန်မလှုပ်ကြည့်ညိုရာ၌ ဘွဲ့တံဆိပ်ရ သူရပန် (သူရဗန္ဓ-သူရဗန်)
၉။ သီလ၊ သမာဓိ၊ ပညာစသော ဂုဏ်ကျေးဇူး အထူးရှိသောပုဂ္ဂိုလ်ကို ဂုဏ်ကျေးဇူးအလျောက် ကြည်ညိုမြတ်နိုးတတ်သော ပုဂ္ဂလပသန္န ဘွဲ့တံဆိပ်ရ ဆရာဇီဝက
၁၀။ ဘုရားနှင့်အကျွမ်းဝင်ရာ၌ ဘွဲ့တံဆိပ်ရ နကုလပိတာ (သူသည် ဘုရားရှင်၏ အဘအဖြစ် ဘ၀ပေါင်းငါးရာ၊ ဘကြီးအဖြစ် ဘ၀ငါးရာ၊ ဘထွေးအဖြစ် ဘ၀ငါးရာ၊ ၀ရီးအဖြစ် ဘ၀ငါးရာ ဆက်ဖြစ်ဖူးသောကြောင့် ဘုရားရှင်အား ချစ်သားချစ်သားဟု ခေါ်လေ့ရှိ၏။ ထို့ကြောင့်လည်း ၀ိဿာသက ဘွဲ့တံရသည်ဟူ၏။)

ဧတဒဂ်ဘွဲ့တံဆိပ်ရ လူမိန်းမ ၁၀ယောက်
၁။ ရှေးဦးစွာ သရဏဂုံတည်ရာ၌ ဘွဲ့တံဆိပ်ရသူ သေနိယသူဌေးသမီး သုဇာတာ
၂။ အလှူဒါနအများဆုံးအရာ၌ ဘွဲ့တံဆိပ်ရသူ ပုဗ္ဗာရုံကျောင်းအကြီး ၀ိသာခါ
၃။ အကြားအမြင်ဗဟုသုတအရာ၌ ဘွဲ့တံဆိပ်ရသူ ခုဇ္ဇုတ္တရာ (သူမသည် သာမာဝတီအမှူးပြုသော မောင်းမငါးရာတို့အား ကျမ်းဂန်များ သင်ကြားပို့ချပေးရပြီး ထိုကျမ်းသည် သုတ္တန္တပိဋက၌ ဣတိဝုတ္တကဟူသော အမည်ဖြင့် သီးခြားရှိသည်။)
၎။ မေတ္တာဖြင့်နေသောအရာ၌ ဘွဲ့တံဆိပ်ရသူ သာမာဝတီ
၅။ ဈာန်ဝင်စားရာ၌ ဘွဲ့တံဆိပ်ရသူ နန္ဒမာတာ ဥတ္တရာ
၆။ အကောင်းအမြတ်ပေးလှူရာ၌ ဘွဲ့တံဆိပ်ရသူ ကောလိယမင်းသမီး သုပ္ပ၀ါသာ
၇။ သူနာကိုအကောင်းဆုံးပြုစုလုပ်ကျွေးရာ၌ ဘွဲ့တံဆိပ်ရသူ သုပ္ပိယာ
၈။ မတုန်မလှုပ်ကြည့်ညိုရာ၌ ဘွဲ့တံဆိပ်ရသူ ကောတိယာနီ
၉။ ဘုရားရှင်နှင့် အကျွမ်းဝင်ခြင်းအရာ၌ ဘွဲ့တံဆိပ်ရသူ နကုလမာတာ (နကုလပိတာနှင့်တူ)
၁၀။ တစ်ဆင့်ကြားကာမျှဖြင့် ဘုရားကို ကြည်ညိုသောအရာ၌ ဘွဲ့တံဆိပ်ရသူ ကာလီ
(အင်္ဂုတ္တရပါဠိတော်၊ ပထမအုပ်၊ စာမျက်နှာ ၂၃)

Read more »

ကောင်းမှုအစု ကြိုးစားပြုလော့ ...


ကောင်းမှုအစု ကြိုးစားပြုလော့..

ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ
ဓမ္မတာတည်း။

သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘ၀၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။


မှတ်ချက်။ ဇီဝိတံ ဗျာဓိကာလော စ၊ ဒေဟနိက္ခေပနံ ဂတိ။ ပဉ္စေ တေ ဇီဝလောကသ္မိံ အနိမိတ္တာ န နာယရေ။ ဟူသော ပါဠိကို ကိုးကားရေးပါသည်။

Read more »

အင်္ဂုလိမာလ....ပြီးတော့ ယောနိသောမနသိကာရ....

Q. အရှင်ဘုရား…
ဦးတင်ပါတယ်ဘုရား…အဂ္ဂသာဝကအချို့ ပရိနိဗ္ဗာန်ပြုတော့ ၀ဋ်ကျွေးခံရသေးတယ်။ အင်္ဂုလိမာလကောဘုရား…တပည့်တော်သိချင်ပါသည်ဘုရား။ နောက်ပြီး ယောနိသောမနသိကာရအကြောင်း ကိုလည်း ထပ်မေးချင်ပါတယ်ဘုရား။ တိုးတက်လိုသူတွေမှာ ရှိသင့်မရှိသင့်။ အောင်မြင်မှုဟာ ပြိုင်ဘက်ကိုအခြေပြုရင် ယောနိသောမနသိကာရက အတားအဆီး ဖြစ်မဖြစ်သိချင်ပါသည်ဘုရား။
(ကိုဝင်းလတ်)


A. မြတ်စွာဘုရားအပါအ၀င် အရှင်မဟာမောဂ္ဂလာန်စတဲ့ အဂ္ဂသာဝကအချို့ ပရိနိဗ္ဗာန်မပြုခင် နောက်ဆုံးဘ၀မှာ ၀ဋ်ကျွေးခံကြရတာမှန်ပါတယ်။ အဲဒီဝဋ်ကျွေးဟာ အတိတ်ဘ၀တစ်ခုခုက ပြုလုပ်ခဲ့တဲ့ ၀ဋ်ကျွေးများကို ယခုဘ၀မှာ ခံကြရခြင်းဖြစ်ပါတယ်။ ငရဲမှာအပ ၀ဋ်မှာအမြဲဆိုတဲ့ စကားလို ငရဲမကျအောင် တစ်ခြားကုသိုလ်ကောင်းမှုများ ကြိုးစားရင်းကာကွယ်လို့ ရပေမယ့် ၀ဋ်ကတော့ လွန်ဆန်လို့ မရပါဘူး။ ဒါကြောင့် တန်ခိုးတော်အရာမှာ ဧတဒဂ်ရတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန်အရှင်မြတ်ပင် ခိုးသားငါးရာရဲ့ ရိုက်နက်မှုကို တန်ခိုးတော်နဲ့နှစ်ကြိမ်တိုင် ရှောင်ထွက်သွားနိုင်ပေမယ့် သုံးကြိမ်မြောက်မှာတော့ မရှောင်တော့ဘဲ ၀ဋ်ကျွေးကို ဆပ်သွားတဲ့ သာဓကရှိပါတယ်။

အင်္ဂုလိမာလ မထေရ်မြတ်ကတော့ နောက်ဆုံးဘ၀မှာ ဆရာ့ကျေးဇူးကို ဆပ်ဖို့အတွက် လူးသားတွေကိုသတ်ပြီး လက်ညှိုးတွေဖြတ်ခဲ့ပါတယ်။ လက်ညှိုးပေါင်းတစ်ထောင်ပြည့်အောင် နောက်ဆုံးတစ်ချောင်းအတွက် ဘယ်သူလာလာ သတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ မိခင်ကလည်းသားကို တားမြစ်ဖို့သားရှိရာကို သွားနေတဲ့အချိန်ပါ။ အကယ်၍များ အမေကိုသတ်မိမယ်ဆိုရင်တော့ အင်္ဂုလိမာလဟာ ပဉ္စာနန္တရိယကံကြောင့် သေချာပေါက် အ၀ီစိငရဲကိုလားမှာပါ။ အဲလို မဖြစ်အောင်ဘုရားရှင်က ကြားက၀င်ပြီး ကယ်တင်လိုက်နိုင်ပါတယ်။ ဘုရားရှင်ကယ်တယ်ရတာဟာလည်း အင်္ဂုလိမာလဟာ အတိတ်အတိတ် ဘ၀က ဖြည့်ခဲ့တဲ့ ပါရမီတွေ ကုသိုလ်တွေရဲ့အစွမ်းနဲ့ ဒီဘ၀မှာ ဘယ်လိုပဲဖြစ်ဖြစ် နိဗ္ဗာန်ဝင်ရမယ့် နောက်ဆုံးပစ္ဆိမဘ၀ိကပုဂ္ဂိုလ် ဖြစ်တဲ့အတွက်ကြောင့်ပါ။ အဲဒီမှာ အင်္ဂုလိမာလဟာ ဘုရားတရားတော်နာပြီး သောတာပန်တည်ပါတယ်။ သောတာပန် တည်တာနဲ့တပြိုင်နက် အပါယ်လားစေနိုင်တဲ့ အကုသိုလ်တွေကို ပယ်သတ်ပြီးဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလူတွေကို သတ်တဲ့ကံကြောင့် ပြန်ပြီးဝဋ်လည်တာတို့ မရှိတော့ပါဘူး။ တစ်ဘက်ကတွေးမယ်ဆိုရင်လည်း အဲဒီအသတ်ခံရတဲ့ သူတွေဟာလည်း အတိတ်ဘ၀တစ်ခုခုက ၀ဋ်ကျွေးကို ပြန်ဆပ်ရတာလို့ တွေးလို့ရနိုင်ပါတယ်။ ဒါတောင် အင်္ဂုလိမာလဟာ ကြီးမားတဲ့ ၀ဋ်ကျွေးတွေကို မခံလိုက်ရပေမယ့် ရဟန်းဖြစ်ပြီး ဆွမ်းခံကြွတဲ့ အချိန်မှာ သူသတ်ခဲ့တဲ့ သူအချို့ရဲ့ မိသားစုတွေ၊ ဆွေမျိုးတွေရဲ့ ၀ိုင်းပြီးခဲနဲ့ပေါက်တာတို့ ဆွမ်းလောင်းမဲ့သူ မရှိလို့ ဆွမ်းမရတာတို့ ကြုံရပါသေးတယ်။ နောက်ဆုံးမီးမဖွားနိုင်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အင်္ဂုလိမာလသုတ်ဟောပြီး မီးဖွားပေးစေမှ ပြန်ပြီးလူတွေရဲ့ ကြည်ညိုမှုကို ရသွားပါတယ်။ အင်္ဂုလိမာလရဲ့ နောက်ဆုံးဘ၀မှာ ၀ဋ်ကျွေးနဲ့ပတ်သက်လို့ ဒီလောက်ပဲ ခံရပြီး တစ်ခြားကြီးကြီးမားမား ခံရတဲ့အကြောင်း စာပေမှာ မတွေ့ပါဘူး။

ယောနိသောမနသိကာရ ဆိုတဲ့စကားလုံးကို စာပေအတိုင်း တိုက်ရိုက်ပြန်ဆိုရရင် “အသင့်အတင့် နှလုံးသွင်းခြင်း” လို့ ပြန်ဆိုလို့ရပါတယ်။ လူပြိန်းနားလည်အောင်ပြောရရင် “အပြစ်မဖြစ်အောင် နှလုံးသွင်းခြင်း၊ အကုသိုလ်မဖြစ်အောင် နှလုံးသွင်းခြင်း”လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ယောနိသောမနသိကာဖြစ်အောင် နေတာဟာ အကုသိုလ်မဖြစ်အောင်နေတာ။ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတာ။ ပိုပြီးအလွယ်ပြောရရင် အကောင်းဘက်က မြင်ကြည့်ပေးတာလို့ ပြောကြည့်နိုင်ပါတယ်။ စိတ်ကောင်းထားတာပေါ့။

သေချာတာပေါ့။ ဒီယောနိသောမနသိကာရဟာ တိုးတက်လိုသူတွေမှာ လုံးဝရှိရမယ့် တရားပါ။ ယောနိသော မနသိကာရမရှိဘဲ သူနဲ့ဆန့်ကျင်ဘက် အယောနိသော မနသိကာရရှိရင်တော့ ဘယ်လိုမှ အောင်မြင်တိုးတက်မှု မရနိုင်ပါဘူး။ အပေါင်းအသင်းကောင်းလို့ ပတ်ဝန်းကျင် မိဘဆွေမျိုး အသိုင်းအ၀ိုင်းကောင်းလို့ အောင်မြင်တိုးတက်မယ် ဆိုရင်လည်း ခဏပဲဖြစ်မှာပါ။ အောင်မြင်မှုအတွက် ပြိုင်ဆိုင်ရမယ်ဆိုရင်လည်း ဒီယောနိသော မနသိကာရကို လက်ကိုင်ထားပြီး ပြိုင်ဆိုင်မယ်ဆိုရင် ပိုပြီးအောင်မြင်တိုးတက်မှာပါ။ ဒီနေရာမှာ ပြိုင်ဆိုင်မှုအကြောင်း နည်းနည်းပြောချင်ပါတယ်။ ပြိုင်တယ်ဆိုတာ နှစ်မျိုးရှိပါတယ်။ သူတစ်ပါးနဲ့ပြိုင်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုပြိုင်ခြင်းပါ။ အဲလိုပြိုင်ရာမှာလည်း သူတစ်ပါးကို ထိခိုက်နစ်နာစေပြီးမှ အောင်နိုင်မှုရတဲ့ ပြိုင်ဆိုင်မှုနဲ့ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ ကိုယ်လမ်းကိုယ်ဖြောင့်ဖြောင့်သွားပြီး ရိုးသားစွာပြိုင်ဆိုင်တဲ့ ပြိုင်ဆိုင်မှုမျိုးလို့ နှစ်မျိုးနားလည် သဘောပေါက်နိုင်ပါတယ်။ အဲဒီပြိုင်ဆိုင်မှု နှစ်မျိုးမှာ မရိုးမသား ပြိုင်ဆိုင်မှုကတော့ ဘယ်လိုမှ အောင်မြင်မှု မရနိုင်ပါဘူး။ မရိုးသားတဲ့ စိတ်ရှိတာကိုက အယောနိသော မနသိကာရဆိုတဲ့ နှလုံးသွင်းမမှန်ကန်တာပါ။ ကံကောင်းလို့ အောင်မြင်တယ်ဆိုလည်း ခဏပါ။ စိတ်ကောင်းနှလုံးကောင်း ယောနိသောမနသိကာရလေးထားပြီး ရိုးသားစွာပြိုင်ဆိုင်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို လိပ်ပြာသန့်တဲ့ ပြိုင်ဆိုင်မှုဖြစ်မှာပါ။ အတိတ်ပါရမီနည်းလို့ ထင်သလောက် မအောင်မြင်တာတောင်မှ ရိုးသားစွားကြိုးစားတဲ့ ၀ီရိယအကျိုးတော့ ခံစားရမှာပါ။ အဲလိုဖြစ်အောင် ကြိုးစားသင့်ပါတယ်။ သဘောပေါက်ထားရမှာက ယောနိသောမနသိကာကြောင့်တော့ ပြိုင်ဆိုင်မှုကို အတားအဆီးမဖြစ်နိုင်ဘူးဆိုတာပါ။

တကယ်တော့ ပြိုင်တယ်ဆိုတဲ့နေရာမှာ သူများနဲ့ပြိုင်တာထက် ကိုယ့်ကိုယ်ကိုယ်နဲ့ ပြိုင်တာက ပိုပြီးအောင်မြင် တိုးတက်နိုင်ပါတယ်။ ဒီနေ့ငါနဲ့ မနက်ဖြန်ငါ မတူရအောင် ဒီနေ့ငါကို မနက်ဖြန်ငါက အနိုင်ရအောင်ပြိုင်သင့်ပါတယ်။ ဒီနေ့ငါဟာ ဒီလောက်ပဲသိတယ်ဆိုရင် မနက်ဖြန်ငါက ဒီနေ့ငါကို အနိုင်ရအောင် ဒီထက်ပိုပြီးသိအောင် ပြိုင်သင့်ပါတယ်။ ဒီနေ့ငါဟာ ကုသိုလ်၊ ပညာ၊ ဥစ္စာ စတာတွေ ဒီလောက်ပဲရလိုက်တယ်ဆိုရင် မနက်ဖြန်ငါက ဒီထက်ပိုပြီးရအောင် ပြိုင်နိုင်ရပါမယ်။ ဒီနေ့ငါရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ စတာတွေဟာ ဒီလောက်ပဲ တည်ငြိမ်အေးချမ်းသိမ့်မွေ့နေပေမယ့် မနက်ဖြန်ငါက ဒီထက်ပိုပြီး သိမ်မွေ့နူးညံ့အောင် ပြိုင်ဆိုင်သင့်ပါတယ်။ အဲလိုပြိုင်ဆိုင်နိုင်မယ်ဆိုရင် သေချာပေါက် လောကီလောကုတ္တရာ အကျိုးတွေဖြစ်ထွန်းပြီး အောင်မြင်မှုရမှာ မလွဲပါဧကန်ဖြစ်ပါတယ်လို့ လိုရင်းအနှစ်ချုပ် ဖြေကြားပေးလိုက်ပါတယ်ကွယ်….

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ