မွေးနေ့အထိမ်းအမှတ်အဖြစ် သူငယ်ချင်းများကို အရက်ဖိုးအလှူပြုတာ ကုသိုလ်ရ၊ မရ...

Q. အရှင်ဘုရား…
မွေးနေ့အထိမ်းအမှတ်အဖြစ် သူငယ်ချင်းများကို အရက်ဝယ်တိုက်ပြီး အရက်ဖိုးအလှူပြုပေးတာ ကုသိုလ်ရပါသလားဘုရား။ တပည့်တော်ကတော့ မသောက်ပါဘုရား။ သူငယ်ချင်းများရဲ့ ဆန္ဒကို ဖြည့်ပေးတဲ့အနေနဲ့ သူတို့ဖြစ်ချင်တာကို လုပ်ပေးတာပါဘုရား။ အဲလိုလှူတာ အကျိုးရှိမရှိ။ သူတပါးလိုအပ်တာကို ဖြည့်ပေးတာဖြစ်တဲ့အတွက် ကောင်းတဲ့အလုပ်လို့ ယူလို့ရမရ သိချင်ပါတယ်ဘုရား။ ကျေးဇူးတင်ပါတယ်။
(မင်းလွင်၊ ခေတ္တ-ကိုရီးယား)


A. သူတပါးလိုအပ်တာကို ဖြည့်ပေးတဲ့နေရာမှာ ကောင်းတဲ့အရာ ကောင်းတဲ့လိုအပ်ချက်တွေကို ဖြည့်ပေးမှသာ တကယ့်ကောင်းတဲ့အလုပ်လို့ ယူဆလို့ရပြီး မိတ်ဆွေအစစ်လို့ ယူဆလို့ရပါတယ်။ အပါယသဟာယ မိတ္တလို့ခေါ်တဲ့ မကောင်းတဲ့အရာတွေမှာ အပေါင်းအဖော်ဖြစ်တာ လိုက်လျောတာ ဖြည့်ဆည်းပေးတာဟာ မကောင်းမှုကို အားပေးရာရောက်တဲ့အတွက် မိတ်ဆွေအတု လက္ခဏာထဲမှာ ပါဝင်ပါတယ်။

အရက်ဝယ်တိုက်ပြီး အရက်ဖိုး အလှူပြုပေးတာ ကုသိုလ်လုံးဝမရတဲ့အပြင် အကျိုးလည်းမရှိပါ။ အရက်မဟုတ်ဘဲ တခြားအစားအသောက် အလှူမျိုးဆိုရင်တော့ ကုသိုလ်ရပါတယ်။ အရက်ကတော့ မလှူကောင်းတဲ့အလှူ၊ တစ်နည်းအားဖြင့် အပါယ်လားစေနိုင်တဲ့ အလှူထဲမှာ ပါလို့ပါ။ ဘုန်းဘုန်းတို့ ပရိဝါပါဠိတော်မှာ မလှူကောင်းတဲ့ အလှူငါးမျိုးကို ဖော်ပြထားပါတယ်။ အဲဒီငါးမျိုးက

(၁) မဇ္ဇဒါန = သေရည်အရက် ဘိန်းစတဲ့ ယစ်မျိုးအလှူ
(၂) သမဇ္ဖဒါန = ဇာတ်၊ ရုပ်သေး၊ အငြိမ့်စတဲ့ အဆိုအတီးကချေသည် သဘင်အလှူ
(၃) ဣတ္ထိဒါန = ကာမအမှုအတွက် အလိုဖြည့်စေရန် မိန်းမအလှူ
(၄) ဥသဘဒါန = နွားမတို့အလယ်တွင် ထယ်ဝါခန့်ငြားတဲ့ နွားလား၊ နွားသိုးကြီးတို့ကို လွှတ်ပေးတဲ့ အလှူ
(၅) စိတ္တကမ္မဒါန = ကာမရာဂစိတ်ကို ဖြစ်ပေါ်စေတဲ့ ပန်းချီ၊ ပန်းပုရုပ် စတဲ့ သုခုမအနုပညာ အလှူ
တို့ဖြစ်ပါတယ်။
ဒီအလှူငါးမျိုးအပြင် တစ်ခြား မလှူကောင်းတဲ့ အလှူတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့
-သတ္တဒါနလို့ခေါ်တဲ့ လက်နက်ခဲယမ်းအလှူ
-၀ိသဒါနခေါ်တဲ့ သေကျေပျက်ဆီးစေတဲ့ အဆိပ်အလှူ
-သင်္ခလိကဒါနခေါ်တဲ့ လက်ထိပ်သံခြေချင်းအလှူ
-ကုက္ကဋ သူကရဒါနခေါ် ကြက်ဝက်သားကောင်အလှူ
စတာတွေပါ။

ဒါကြောင့် အထက်ပါအလှူများဟာ ဘယ်လောက်ပဲ အကုန်ကျခံ လှူဒါန်းပေးကမ်းပေမယ့် အကျိုးမရှိ၊ ကုသိုလ်မဖြစ်တဲ့ အလှူတွေ ဖြစ်တဲ့အတွက် မွေးနေ့မှာ အရက်ဖိုးလှူပြီး ဧည့်ခံကျွေးမွေးတာဟာ ကုသိုလ်မဖြစ်ပါဟု ဖြေကြားလိုက်ပါတယ်။ အရက်မှ မဟုတ်ပါ ဒီမှာဖော်ပြထားတဲ့ အလှူအားလုံးကို အလှူပြုတဲ့အခါ မလှူဖြစ်အောင် ကျိုးစားပြီး အပြစ်ကင်းတဲ့ အလှူဖြစ်အောင် တစ်ခြားအရာတွေကိုသာ လှူကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။

Read more »

တောင်းပါများလျှင် အမုန်းရတတ်သည်…

ဘုန်းဘုန်းတို့ တရားပွဲတစ်ခုမှာ တရားပွဲမစခင် ဒကာလေးများနဲ့ ဟိုအကြောင်း ဒီအကြောင်းပြောကြရင်း ဒကလေးတစ်ယောက်က သူရဲ့အတွေ့အကြုံအကြောင်း ပြောပြပါတယ်။ သူက ပရဟိတလုပ်ငန်းလေးတွေကို ကြိုးစားလုပ်ပေးနေတဲ့ ဒကာလေးပါ။ ပရဟိတလုပ်တယ်ဆိုတော့ သိတဲ့ခင်တဲ့ သူငယ်ချင်းအပေါင်း အသင်းများဆီက တတ်နိုင်သမျှ အလှူငွေလေးတွေ အလှူခံ စုဆောင်းပေးရတာပေါ့။ ပြီးတော့ မြန်မာပြည်က လိုအပ်တဲ့နေရာလေးတွေမှာ တစ်ဆင့်ပြန်လှူပေးပေါ့။ ဒီအလုပ်လေးတွေ လုပ်ပေးတာပါ။ အဲလိုလုပ်ရင်း သူနဲ့သိတဲ့ သူတစ်ယောက်အကြောင်း စကားစပ်ပြောဖြစ်ပါတယ်။ သူ့အသိက အဲလိုပရဟိတ အလုပ်လေးတွေ ကြိုးစားလုပ်ပေးနေတဲ့ သူတော်တော်များနဲ့ ခင်မင်ရင်နှီးတဲ့အတွက် တစ်လတစ်လ လခထုတ်ရင် ဟိုတစ်သောင်း ဒီတစ်သောင်းနဲ့ လှူဖြစ်တဲ့အကြောင်း အခုအချိန် သူလည်းအလုပ်လက်မဲ့ ဖြစ်နေတဲ့အတွက် ပုံမှန်အလှူခံနေကျ သူငယ်ချင်းများကို မလှူနိုင်တဲ့အတွက် သူတို့တွေနဲ့ မတွေ့အောင် ရှောင်နေရတဲ့အကြောင်း ပြောပြလျှောက်ထားပါတယ်။ ဒကာလေးကတော့ သူ့အတွေ့အကြုံလေးကို ပြန်လည်ပြောပြတယ်ဆိုပေမယ့် ဘုန်းဘုန်းခေါင်းထဲမှာတော့ အတွေးပေါင်းစုံရောက်လာပါတယ်။

အတွေးတစ်ခုက “တောင်းပါများရင် အမုန်းခံရတတ်တယ်”ဆိုတဲ့ ကောက်ချက်ချ အတွေးလေးပါ။ အလှူခံတယ်ဆိုတဲ့စကားလုံးဟာ ဘာသာရေးအသုံးနဲ့ သုံးတဲ့သဘောပါ။ အမှန်တော့ တောင်းတာပါပဲ။ ကိုယ့်အတွက်တောင်းတာနဲ့ အများအတွက် တောင်းတာကွာတာပါပဲ။ ဘယ်လိုပဲ အလှူခံခံ အလှူခံပါများရင် နောက်ဆုံး ကိုယ့်မြင်ရင်တောင် အဝေးကနေ ရှောင်သွားတတ်တဲ့အထိ ဖြစ်တတ်ပါတယ်။ တကယ်တော့ ဘယ်အလုပ်ပဲလုပ်လုပ် အရိပ်အကဲ အခြေအနေကိုကြည့်ပြီး အစွန်းရောက်မသွားအောင် လုပ်တတ်ဖို့လိုပါတယ်။ ဘုရားစကားနဲ့ပြောရင် မဇ္ဈိမပဋိပဒါဖြစ်တဲ့ အလယ်အလတ်လမ်းစဉ်ပေါ့။ ဘာပဲလုပ်လုပ် တစ်ဘက်ကိုအားများသွားရင် တစ်ဘက်က ယုတ်လျော့သွားတတ်ပါတယ်။ အဲလိုဆို အစွန်းရောက်သွားပြီပေါ့။ အတ္တဟိတပဲလုပ်လုပ် ပရဟိတပဲလုပ်လုပ် အစွန်းမရောက်အောင် လုပ်တတ်ဖို့လိုပါတယ်။ အစွန်းမရောက်ဘဲ မယုတ်မလွန် လုပ်နိုင်မယ်ဆိုရင် ဘာပြဿနာမှ ပေါ်နိုင်စရာ မရှိသလို ကိုယ်အလုပ်လည်း အောင်မြင်နိုင်ပါတယ်။

ဒီသဘောပါပဲ အလှူခံတာပဲ ဖြစ်ဖြစ် တောင်းတာပဲဖြစ်ဖြစ် ကာလဒေသ အခြေအနေ အချိန်အခါ မသိဘဲ လုပ်မိရင်တော့ တောင်းပါများရင် အမုန်းရတတ်ပါတယ်။ တောင်းခြင်းကြောင့် အမုန်းခံရတတ်တယ်လို့ ဆိုရမှာပေါ့။ သတ္တ၀ါတို့ရဲ့ သဘောကိုက မလုပ်နဲ့ဆိုရင် လုပ်ချင်တတ်ကြသလို လုပ်ပါလို့ပြောရင် မလုပ်ချင် တတ်ကြတဲ့ သဘောကိုး။ လှူပါလို့ ပြောရင်လှူချင်တဲ့ စိတ်ရှိချင်မှ ရှိမှာပါ။ တစ်ခါတစ်ခါတော့လည်း သူ့အလိုလို သဒ္ဓါပေါက်ပြီး လှူဒါန်းလာတာလည်း ရှိပါတယ်။ အဲလိုသဒ္ဓါပေါက်လို့ လှူဒါန်းမှုက ကိုယ်သတ်မှတ်ပြီး အလှူခံတာထက် များရင်လည်း များတတ်ပါတယ်။ ဒါကြောင့် တောင်းတဲ့အခါ အလှူခံတဲ့အခါ အမုန်းမရအောင် အစွန်းမရောက်ဖို့ အခြေအနေ အရိပ်အကဲ သိဖို့လိုပါတယ်။

တောင်းပါများရင် အမုန်းရတတ်တယ်ဆိုတဲ့ စကားလေးနဲ့စပ်ပြီး ဗုဒ္ဓစာပေထဲက ဇာတ်တော်လေးတစ်ခုကို သတိရမိပါတယ်။ အဲဒီဇာတ်တော်လေးကို ဒီနေရာမှာ တိုက်ဆိုင်မှုရှိတဲ့အတွက် တင်ပြလိုက်ပါတယ်။ ဇာတ်တော်ရဲ့အမည်က မဏိကဏ္ဌဇာတ်တော်ပါ။

ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး ထီးနန်းအုပ်ချုပ်ချိန်က ဘုန်းဘုန်းတို့ ဘုရားလောင်းဟာ ချမ်းသာတဲ့ပုဏ္ဏားမျိုးမှာ မွေးဖွားပါတယ်။ ဘုရားလောင်းပုဏ္ဏားမှာ ညီငယ်တစ်ယောက်လည်း ရှိပါတယ်။ မိဘနှစ်ပါး ကွယ်လွန်သွားတဲ့အခါ ညီအစ်ကိုနှစ်ယောက်လုံး ရသေ့များဝတ်ပြီး နောင်တော်ရသေ့က ဂင်္ဂါမြစ်အထက်ပိုင်း ကျောင်းသင်္ခမ်းမှာနေပြီး ညီတော်ရသေ့က ဂင်္ဂါမြစ်အောင်ပိုင်း ကျောင်းသင်္ခမ်းမှာ ကမ္မဋ္ဌာန်းအားထုတ်ပြီး နေကြပါတယ်။ တစ်နေ့မှာ မဏိကဏ္ဌဆိုတဲ့ နဂါးမင်းဟာ လူငယ်အသွင် ဖန်ဆင်းပြီး ဂင်္ဂါမြစ်ကမ်းနားတစ်လျှောက် လမ်းလျှောက်ထွက်ရင်း ညီတော်ရသေ့ရဲ့ ကျောင်းသင်္ခမ်းကိုရောက် စကားပြောဆိုကြကာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးမှုရသွားပါတယ်။ နဂါးမင်းဟာ ပြန်ခါနီးဆိုရင် ရသေ့အပေါ် ချစ်ခင်ကျင်နာမှုကို ပြတဲ့သဘောနဲ့ လူငယ်အသွင်ဖျောက်ပြီး နဂါးအသွင်းဖြင့် ရသေ့တစ်ကိုယ်လုံးကို ရစ်ပတ်ပြီး ခေါင်းပေါ်မှာ ပါးပြင်းမိုးကာ ခဏနေပြီးမှ ပြန်သွားလေ့ရှိပါတယ်။ ဒီလိုပဲ နေ့စဉ်ဖြစ်နေတဲ့အခါ ညီတော်ရသေ့ဟာ ကြောက်စိတ်ဝင်ပြီး စားမ၀င်အိပ်မပျော် တရားလည်းအားထုတ်လို့မရဘဲ ပိန်ချုံးလာပါတယ်။ ဒီအကြောင်းကို နောင်တော်ရသေ့နဲ့တွေ့လို့ ပြောဆိုတဲ့အခါ နောင်တော်က နောင်အခါ နဂါးမင်းလာရင် နဂါးမင်းဝတ်ဆင်လာတဲ့ ပတ္တမြားကိုတောင်းဖို့ အကြံပြုပါတယ်။ ညီတော်ရသေ့လည်း နောင်တော်အကြံပြုတဲ့အတိုင်း နဂါးမင်းလာတဲ့အခါ ပတ္တမြားကို တောင်းပါတယ်။ နဂါးမင်းလည်း အဲဒီနေ့က စပြီးနောက်ပိုင်း ထပ်မလာတော့ပါဘူး။ နဂါးမင်းမလာတော့တဲ့အတွက် ညီတော်ရသေ့လည်း တရားကောင်းကောင်း အားထုတ်လို့ ရသွားပါတယ်။

ဇာတ်တော်ရဲ့ အကြောင်းအရာက ဒါပါပဲ။ ဒီဇာတ်တော်မှာ နောင်တော်ရသေ့ဟာ ဘုန်းဘုန်းတို့ ဘုရားလောင်းဖြစ်ပြီး ညီတော်ရသေ့ကတော့ အရှင်အာနန္ဒာလောင်းဖြစ်ပါတယ်။ ဒီဇာတ်တော်မှာ အဓိကပြောချင်တာက တောင်းမှုပါ။ တောင်းခြင်းကြောင့် အမုန်းခံတတ်တာကို ပြောချင်တာပါ။ တောင်းပါများလျှင် အမုန်းရတတ်တာကို ပြောချင်တာပါ။ ဒါကြောင့် ဒီဇာတ်တော်လာ သာဓကကို ယူပြီး အတ္တဟိတ၊ ပရဟိတဆောင်ရွက်လိုသူများ အထူးသတိပြုဖို့ အလှူခံခြင်းကြောင့် အမုန်းခံရမှု မဖြစ်အောင် သတိပြုကြဖို့၊ ဘာပဲလုပ်လုပ် အစွန်းမရောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်..

Read more »

အနုဿတိဟူသည်...

.အနုဿတိဟူသည် အဖန်ဖန်အထပ်ထပ် အောက်မေ့အပ်သော ကမ္မဋ္ဌာန်းတရားကိုဆိုပါတယ်။ အင်္ဂုတ္တိုရ်ပါဠိတော်၌ အနုဿတိ ဆယ်ပါးရှိကြောင်း ဖော်ပြထားသည်။ ယင်းဆယ်ပါးမှာ-

(၁) ဗုဒ္ဓါနုဿတိ = ဘုရားရှင်၏ဂုဏ်တော်ကျေးဇူးတော်တို့ကို အဖန်ဖန်အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၂) ဓမ္မာနုဿတိ = တရားတော်၏ဂုဏ်တော်တို့ကို အဖန်ဖန်အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၃) သံဃာနုဿတိ = သံဃာတော်တို့၏ဂုဏ်တော်တို့ကို အဖန်ဖန်အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၄) သီလာနုဿတိ = မိမိစောင့်ထိန်းသော သီလဂုဏ်ကို အဖန်ဖန်အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၅) စာဂါနုဿတိ = လှူဒါန်းခြင်း ဒါနဂုဏ်ကို အဖန်ဖန်အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၆) ဒေ၀တာနုဿတိ = နတ်တို့ကို သက်သေထား၍ နတ်အဖြစ်သို့ရောက်အောင် ပို့ဆောင်နိုင်သော သဒ္ဓါစသည့် မိမိ၏ကုသိုလ်တရားတို့ကို အဖန်ဖန်အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၇) ဥပသမာနုဿတိ = ကိလေသာမှကင်းငြိမ်းခြင်း ဥပသမာဂုဏ်ကို အဖန်ဖန်အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၈) မရဏာနုဿတိ = သေခြင်းတရားကို အဖန်ဖန်အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၉) ကာယဂတာသတိ = ဆံပင်စသည့် ၃၂ကောဋ္ဌာသကို အဖန်ဖန်အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၁၀) အာနာပါဏုဿတိ = ထွက်သက်ဝင်သက်ကို အဖန်ဖန်အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ