အားငယ်သူအတွက် ဆေးတစ်ခွက်


သိပ်တော်ပြီး သိပ်အရည်အချင်းရှိတဲ့ ဒကာတစ်ယောက်။ အတိတ်ကံဝဋ်ကြွေးကြောင့် သူ့ဘဝလေး ဒုက္ခိတ ဘဝရောက်ခဲ့ရတယ်။ အားမပျက်ဖို့၊ အားမလျော့ဖို့၊ ဘဝကို အရှုံ့းမပေးဖို့ အလျဉ်းသင့်သလို သတိပေးနေရတယ်။ 

သူဘက်ကကြည့်တော့လည်း ဒီဝဋ်ကြွေးကြီးနဲ့အသက်ရှင်နေရတာကို မနှစ်မြို့လှပေဘူးပေါ့။ ဘာတတ်နိုင်မှာလည်း ဘုရားရဟန္တာတွေတောင်မှပဲ ဝဋ်ကြွေးတော်ကို တန်ခိုးတော်နဲ့ မတှန်းလှန်ခဲ့ဘူး။ ပေးဆပ်ဖို့လိုရင်တော့ ပေးဆပ်ကြရမှာပဲပေါ့။

တစ်ခု သတိပြုရမှာက စိတ်ဆိုတာက တစ်ယောက်တည်း ရှိနေတဲ့အခါ၊ ဖိအားတွေ များနေတဲ့အခါ၊ သိပ်ပင်ပန်း ဆင်းရဲလာတဲ့အခါ ထွက်ပေါက်တွေကို ရှာကြံတွေးနေတတ်ပါတယ်။ ရှာကြံတွေးတဲ့အခါမှာလည်း ကောင်းတဲ့အတွေးတွေက အဖြစ်နည်းတတ်ပြီး မကောင်းတဲ့အတွေးတွေပဲ အဖြစ်များနေတတ်တယ်။ ဆိုးလိုက်တဲ့ ငါ့ဘဝ သေတာပဲ ကောင်းတယ်ဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ စဉ်းစားတတ်ပါတယ်။ တရားအသိ၊ တရားနဲ့ မညှိမိရင် အဲဒီအတွေးကို လက်တွေ့အကောင်အထည် ဖော်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ 

တကယ်လို့များ သေပြီးတာပဲဆိုတဲ့ အတွေးမျိုးနဲ့သာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ လုပ်ဖြစ်ခဲ့ရင် အဲဒီလုပ်ရပ်ကြောင့် ကောင်းတဲ့ဘဝမှာ ဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီဘဝဒီခန္ဓာ ပြတ်ရင်ပြီးတာပဲ ဆိုတဲ့ ယုံကြည်မှုဟာ အယူလွဲမှားတဲ့ ဥစ္ဆေဒဒိဋ္ဌိ အယူအဆပဲ ဖြစ်ပါတယ်။ အဲဒီအယူအဆဟာ သတ္တဝါတွေကို အပါယ်လားစေတတ်တဲ့ သဘောရှိပါတယ်။ 

အမှန်တော့ ဝဋ်ကြွေးတွေနဲ့ ပေးဆပ်နေရတဲ့ သူတွေရဲ့ ဘဝမှာ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေဖို့ ကိုယ့်စိတ်ကို ပြုပြင်ဖို့နဲ့ ပတ်ဝန်းကျင်ရဲ့ ဖေးမမှုတွေကို ရယူဖို့ အထူးလိုအပ်လှတာ ဖြစ်ပါတယ်။ နာကျင်နေတဲ့ ခန္ဓာကိုယ်ကြီးအတွက် ခံစားချက်ကို တရားအသိ၊ ပညာအသိ၊ အပ္ပမာဒ သတိတရားတွေနဲ့ ရှုပွားနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ စိတ်ထွက်ပေါက်ကို စာဖတ်၊ စာရေး၊ တရားနာ၊ တရားမှတ်၊ မေတ္တာပွား၊ ဂုဏ်တော်ပွားတဲ့ အလုပ်တွေနဲ့ ကိုယ့်စိတ်ကို စိတ်ရိုင်းတွေ မဝင်နိုင်အောင် ကြိုးစားကြည့်ဖို့ လိုပါတယ်။

တိုးတက်ပွင့်လင်းလာတဲ့ ဒီနေ့လို ခေတ်ကြီးမှာ အင်တာနက်ကနေ တရားနာ၊ တရားစာဖတ်၊ အထွေထွေ ဗဟုသုတတွေ ရှာကြံဖတ်ပြီး ကိုယ့်စိတ်ကိုယ် ဖြေလို့လည်း ရနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ကိုယ်ကိုယ်တိုင်က ရွေးချယ်တတ်ဖို့တော့ လိုပါတယ်။ ဒီနေ့ခေတ်စားနေတဲ့ ဖေ့စ်ဘုက်လို လူမှုကွန်ယက်မျိုးကို အသုံးပြုပြီးလည်း ကိုယ့်စိတ်ထွက်ပေါက်ကို ရှာလို့ရနိုင်တတ်ပါတယ်။ ဒါပေမယ့် ဖေ့စ်ဘုက်ခ်မှာက ကောင်းကျိုးပြုတာတွေ ရှိသလို မကောင်းတာတွေကလည်း အများကြီး ရှိနေတတ်ပါတယ်။ တင်သမျှစာတွေ၊ တက်သမျှပို့စ်တွေကို လိုက်ဖတ်လိုက်ခံစားပြီး နေမယ်ဆိုရင်တော့ တစ်ချို့ပို့စ်တွေက စိတ်ဓာတ်ခွန်အား ဖြစ်ဖို့ထက် စိတ်ရိုင်းတွေသာ ဝင်သွားစေတတ်တာက ပိုများတတ်ပါတယ်။ 

အင်တာနက် စာမျက်နှာအချို့ဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ အပြစ်တင်မှုတွေကို အကာအကွယ်မရှိ လုပ်နေကြတာ ဖြစ်တဲ့အတွက် အဲဒီလို စာမျက်နှာတွေကများ ကိုယ်လေးစားရတဲ့ သူ၊ ကိုယ်မြတ်နိုးရတဲ့သူ၊ ကိုယ်ကြည်ညိုရတဲ့ သူတစ်ဦးဦးကို အပြစ်ပြော ဝေဘန်ပုတ်ခတ်လာတဲ့အခါ ကိုယ့်စိတ်ထဲမှာ မခံမရပ်နိုင်ဖြစ်ပြီး ပြန်လည်တုန့်ပြန်မိရာက ကိုယ်ပါအဲဒီ ရောဂါတွေ ကူးစက်ခံရကာ စိတ်ထဲမှာ အဲဒီအတွေးတွေနဲ့ လေးလံနေစေတဲ့အပြင် ဒီဒဏ်တွေကလည်း ဒုက္ခိတဘဝနဲ့ အကြွေးတွေကို ပေးဆပ်နေရတဲ့ ကိုယ့်ဘဝအတွက် အားမဖြစ်ဘဲ အပြစ်ဖြစ်စေတတ်တာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ 

အဓိကကတော့ ကိုယ်ကိုယ်တိုင်ရဲ့ ခံယူမှုနဲ့ စိတ်သဘောထားအပေါ် မူတည်နေတာပဲ ဖြစ်ပါတယ်။ လောကမှာ အကောင်းအဆိုးဆိုတာ အမြဲဒွန်တွဲနေတာ ဖြစ်တဲ့အတွက် ဘယ်လိုအရာမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်အခြေအနေနဲ့ ချိန်ထိုးပြီး ကိုယ့်အတွက်ကောင်းမယ့်ဟာကိုသာ ယူပြီး ကိုယ့်အတွက် အကျိုးမရှိမယ့် အရာတွေဆို မယူမိဖို့၊ မခံစားမိဖို့ လိုပါတယ်။ ခံစားရင် အမှန်တရားလည်း မမှန်များတတ်ပြီး ကိုယ်သာ အခံများတတ်တယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ 

ပြောချင်တာက သိပ်တော်တဲ့ ကိုယ့်ဒကာနဲ့ ကိုယ့်ဒကာလို အားငယ်နေတဲ့သူတွေ အနေနဲ့ ဘဝရဲ့ ဝဋ်ကြွေးတွေကို ပေးဆပ်နေရတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ရော၊ ပံ့ပိုးမှုတွေမှာပါ အားရှိနေအောင် ကြိုးစားဖို့လိုကြောင်း။ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ဖြစ်စေဖို့ အားဖြစ်စေမယ့် တရားတွေ၊ စာတွေနဲ့ ပံ့ပိုးဖို့လိုသလို၊ အားမဖြစ်စေမယ့်၊ စိတ်ကို အနှောက်အယှက် ဖြစ်စေမယ့်၊ စိတ်မှာ ဘဝင်မကျမှုတွေ တိုးစေမယ့် စာတွေ၊ အပြုအမူ အပြောအဆို စတာတွေကို လိုက်ခံစားပြီး ကိုယ့်စိတ်ကို ပင်ပန်းအောင် မလုပ်ဖို့နဲ့ ပေးဆပ်နေရတဲ့ ကိုယ့်ဘဝကို ဆိုးလှချည်လားဆိုတဲ့ အတွေးတွေနဲ့ အားငယ်စိတ်ပျက်မှုတွေ မဖြစ်စေဘဲ ကံကြွေးပါလို့ ပေးဆပ်နေရတယ်လို့ သဘောထားပြီး အပြစ်တွေ ထပ်မတိုးအောင်သာ သတိတရားနဲ့ ကြိုးစားနေထိုင်ဖို့လိုကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အားနည်းနေတဲ့ ကိုယ့်ဘဝမှာ အားတွေဖြစ်စေဖို့ စိတ်ဓာတ်ခွန်အား ဖြစ်စေမယ့် ဓမ္မအသိ၊ ဘဝအသိများနဲ့ ညှိကာ ကိုယ့်ကိုယ်ကို သတိနဲ့သာ ဆင်ခြင်ပြီး နေထိုင်ကြဖို့ တိုက်တွန်းရင်း အားငယ်သူများအတွက် အားဆေးတစ်ခွက်အဖြစ် အသိတစ်ခု အမျှပြုလိုက်ပါတယ်။

မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

မင်းအိမ်


မြန်မာနိုင်ငံသား အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အဆိုးအမြင်တွေနဲ့ ကိုယ့်မြန်မာနိုင်ငံအကြောင်း ၊ ကိုယ့်လူမျိုးအကြောင်း ဟိုပြောဒီပြော သိပ်မပြောကြပါနဲ့။ တကယ်တော့ အဲဒီလို ပြောနေတာ ကိုယ့်အိမ်ကို ကိုယ်ပြန်ပြီး အဆိုးဖြစ်အောင် လုပ်နေသလို ဖြစ်နေပါတယ်။ ဘယ်သူတွေဘာပဲ ပြောပြော မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံသား အားလုံးရဲ့ ကိုယ်ပိုင်အိမ်ပါပဲ။ ကိုယ့်အိမ်ကောင်းရင် ကိုယ်ဂုဏ်ရှိမယ်။ ကိုယ့်အိမ်ဆိုးရင် ကိုယ်ညှိုးငယ်မယ်။ ဒီတော့ ကိုယ့်အိမ်ကို အဆိုးဖြစ်အောင် လုပ်မယ့်အစား ကိုယ်စွမ်းနိုင်တဲ့ဘက်က အကောင်းဖြစ်အောင် ဝိုင်းပြင်ကြတာပေါ့။ ဆရာဇော်ဂျီရဲ့ မင်းအိမ်ဆိုတဲ့ ကဗျာလေးကို ဖတ်ကြည့်ပြီး ပြင်သင့်တာပြင်ကြပါစို့။





မင်းအိမ်
-----
မကောင်းမင်းအိမ်
ကောင်းမင်းအိမ်တည်း
မင်းအိမ်ရွှဲစို အမိုးယိုသော်
မငြိုးသင့်ပါ မင်းတက်ဖာပေါ့။

အကာအခင်း ပျက်ယိုယွင်းသော်
မငြင်းစေချင် မင်းဆက်ပြင်ပေါ့။

အခွင်အနဲ့ အရွဲ့အစောင်း
မကောင်းမပြေ ဟောင်းထွေထွေကို
အခြေနှင့်မျှ ဉာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း။ ။

(ဆရာဇော်ဂျီ)

Read more »

ဒါနမြောက်အောင် ပေးပါ

ဒါနဆိုတာ ပေးကမ်းခြင်းကို ပြောတာဖြစ်ပါတယ်။ သဒ္ဓါတရား အားနည်းလို့ မပေးလိုမကမ်းလိုတဲ့ လူတွေရှိတတ်ပေမယ့် အတော်များများက ရှိရင်ပေးတတ်ကြတဲ့ သူတွေများပါတယ်။ သူများတွေကို ပေးဖို့သဘောမကျတဲ့ သူတွေဖြစ်စေဦးတော့ ကိုယ့်မိဘ၊ မိသားစု၊ ဆွေမျိုးစတဲ့သူတွေ အပေါ်မှာတော့ လိုအပ်ရင် လိုအပ်သလို၊ ရှိရင်ရှိသလို ပေးတတ်ပါတယ်။ အဲဒီလို ပေးတဲ့အခါ သဒ္ဓါတရားကောင်းလို့ စေတနာပြတ်ပြီး ပေးလိုက်ကြတဲ့ အပေါ်မှာ အထွေအထူး ပြောစရာမရှိပေမယ့် မဖြစ်မနေ ပေးနေရတဲ့အပေါ်၊ ဝတ္တရားအရ ပေးနေရတဲ့အပေါ်၊ င့ါမိဘ၊ ငါ့မိသားစုဆိုတဲ့ အသိတွေကြောင့် ပေးနေရတဲ့ အပေါ်တွေမှာ ပြောစရာလေးတွေက ရှိလာပါတယ်။ ပေးချင်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ တာဝန်ဝတ္တရား အရပေးတာပဲ ဖြစ်ဖြစ်၊ သဒ္ဓါပေါက်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ ပေးပေး ပေးတယ်ဆိုတာ ဒါနကုသိုလ်ပါပဲ။ ဒါပေမယ့် အဲဒီပေးတဲ့အပေါ်မှာ ပေးတဲ့သူရဲ့ စေတနာကိုလိုက်ပြီး ဒါနမြောက်၊ မမြောက်တော့ ကွာခြားပါတယ်။ စေတနာကောင်းနဲ့ပေးရင် ကုသိုလ်ရပေမယ့် ပေးတဲ့အပေါ်မှာ တဏှာနဲ့ မပေးမိကြဖို့တော့ အထူးသတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။ တဏှာမကပ်တဲ့ ဒါနသက်သက်ပေးခြင်းမျိုးနဲ့ ပေးနိုင်အောင် ကြိုးစားပြီး ဒါနမြောက်အောင် လေ့ကျင့်သင့်ပါတယ်။

လူဆိုတာက ငါစွဲလေးတွေ မကင်းသေးတော့ ပေးတာချင်းအတူတူ ငါနဲ့ပတ်သက်တဲ့ သူတွေကိုပဲ ပေးချင်တတ်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငါ့အဖေအတွက်၊ ငါ့အမေအတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုးအတွက် စသဖြင့် ငါလေးတွေ ဦးစီးပြီး ပေးတတ်ကြခြင်း ဖြစ်ပါတယ်။ အဲဒီလို ပေးတာလည်း ဒါနရဲ့ပေးကမ်းခြင်း သဘောပဲ ဖြစ်ပေမယ့် ပေးတဲ့အပေါ်မှာ ငါဆိုတဲ့ တဏှာက ဦးစီးထားတာဆိုတော့ ဒါနမြောက်မှုထက် တဏှာရဲ့ ချယ်လှယ်မှုနောက်ကို ရောက်သွားတတ်တဲ့ သဘောက ပိုများတတ်ပါတယ်။ ဒါကြောင့်လည်း တစ်ခါတလေ ငါဒီလောက်ပေးနေတာတောင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ စိတ်ကွက်မှုတွေ၊ ငါပေးထားတာတွေကို ဘာလုပ်ပြစ်တယ်၊ ညာလုပ်ပြစ်တယ် ဆိုတာတွေ ဖြစ်လာပြီး ပေးတာကို အကြောင်းပြုလို့ စိတ်မကောင်းဖြစ်ရတာနဲ့၊ စိတ်အခန့်မသင့် ဖြစ်ရတာနဲ့၊ မပေးတာပဲ ကောင်းပါတယ်ဆိုတဲ့ စိတ်စေတနာ ပျက်မှုတွေ ဖြစ်ရတာနဲ့ စသဖြင့် စိတ်အမျိုးမျိုး ဖြစ်ကြရခြင်း ဖြစ်ပါတယ်။ ပေးပေမယ့် စေတနာမပြတ်တာရယ်၊ ငါဆိုတဲ့ တဏှာလေးတွေက ကပ်နေတာတွေရယ်ကြောင့် ပေးခြင်းရဲ့ နောက်မှာ အပြစ်လေးတွေ ရောက်သွားတတ်တာလေးတွေ ရှိတတ်ကြခြင်း ဖြစ်ပါတယ်။

တကယ်တော့ မိဘ၊ ဆရာသမား၊ မိသားစု၊ ဆွေမျိုးစတာတွေဟာ ကိုယ်တတ်နိုင်ရင် ပေးချင်လို့ပဲဖြစ်ဖြစ် ဝတ္တရားအရပဲ ဖြစ်ဖြစ် ပေးတာတော့ ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ပေးတဲ့အခါမှာတော့ ငါစွဲလေးတွေကိုဖြုတ်ပြီး ပြတ်သားတဲ့ စေတနာသက်သက်နဲ့ တဏှာမကပ်ဘဲ ပေးနိုင်အောင် ကြိုးစားမယ်ဆိုရင် ကုန်သွားတာချင်း အတူတူ ဒါနအားက အများကြီး တာသွားတာကို သတိပြုမိဖို့ လိုပါတယ်။ အပေးတတ်ရင် သားသမီးဝတ္တရားကို ဖြည့်နေရင်း၊ မိဘဝတ္တရားကို ဖြည့်ဆည်းပေးရင်းနဲ့ကိုပဲ ဒါနမြောက်နေတယ်ဆိုတာ မမေ့ကြဖို့ လိုပါတယ်။

ဟုတ်ပါတယ်။ အဖေတို့အမေတို့ကို ပေးတာ၊ မိသားစုကိုကျွေးတာ၊ ဆွေမျိုးတွေကို ထောက်ပံ့တာ စတာတွေဟာ အပေးတတ်ရင် ဒါနလုပ်နေကြတာပဲ ဖြစ်ပါတယ်။ ငါစွဲလေးတွေကပ်ထားတဲ့ တဏှာလေးတွေကို ခွါပြီး မျှော်လင့်ချက်ကင်းတဲ့ ပြတ်သားတဲ့ စေတနာလေးတွေနဲ့ တတ်နိုင်သလောက် ပေးနိုင်ကြမယ်ဆိုရင် သားသမီးဝတ္တရားကို ဖြည့်ရင်း၊ မိဘဝတ္တရားအရ စောင့်ရှောက်ပေးရင်းနဲ့ကိုပဲ အထွေအထူး အလှူပွဲကြီး မလုပ်ရဘဲ ဒါနမြောက်နေကြတာ ဖြစ်ပါတယ်။ ဆိုတော့ကား မိဘမိသားစု စတာတွေကို ထောက်ပံ့ပေးကမ်း နေတာတွေဟာ ကုသိုလ်မရဘူးလားဆိုတော့ ရပါတယ်။ ရပေမယ့် ငါလေးတွေ၊ မျှော်လင့်ချက်လေးတွေ၊ စေတနာ မပြတ်တာလေးတွေက ပါနေတတ်ကြတော့ ပေးပေမယ့် ဒါနရဲ့အားတွေ၊ ဒါနမြောက်မှုတွေ၊ ဒါနရဲ့ ထောက်ပံ့မှုသဘောလေးတွေ တစ်ခါတလေ ပျောက်နေတတ်တဲ့ အဖြစ်လေးတွေကို သတိပြုမိစေချင်တာ ဖြစ်ပါတယ်။

ဆိုလိုတာက ပေးတယ်ဆိုတာ ဘယ်သူ့ကိုပဲ ပေးပေး စေတနာပြတ်ပြီး တဏှာမကပ်ရင် ဒါနတွေ မြောက်နေတာ ဖြစ်တဲ့အတွက် ဝတ္တရားအရ ပေးရတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကြောင့် ပေးရတာပဲ ဖြစ်ဖြစ်၊ မလွန်ဆန်နိုင်လို့ ပေးရတာပဲ ဖြစ်ဖြစ်၊ ပိုလျှံနေလို့ ပေးရတာပဲ ဖြစ်ဖြစ်၊ ကျေးဇူးဆပ်တဲ့ အနေနဲ့ ပေးကြတာပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ပေးပေး ပေးလို့ကုန်သွားတာချင်း အတူတူငါမိုလို့ ပေးနိုင်တာ၊ ငါ့မိဘ၊ ငါ့မိသားစု၊ ငါ့ဆွေးမျိုးစတာတွေ ဖြစ်လို့ ငါပေးတာ၊ ငါပေးတဲ့အရာတွေကို ငါဖြစ်စေချင်သလို ဖြစ်ကိုဖြစ်ရမှာစတဲ့ ပေးကမ်းမှုနောက်မှာ ဖြစ်ပေါ်တတ်တဲ့ တဏှာလေးတွေ၊ စေတနာမပြတ်မှုလေးတွေ၊ မျှော်လင့်ချက်ထားတာလေးတွေကို ခွာပြီး ပြတ်သားတဲ့ သဒ္ဓါတရားနဲ့ စေတနာအပြည့်ထားကာ ဒါနမြောက်အောင် ပေးကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလိုငါတွေကိုခွာပြီး တဏှာမပါဘူးဆိုရင် မိဘကိုပေးနေတာ၊ မိသားစုကို ကျွေးနေတာ၊ ဆွေးမျိုးတွေကို ထောက်ပံ့နေတာ စတာတွေဟာ နည်းတာများတာ ပဓာနမကျဘဲ ဒါနလေးတွေ မြောက်နေကြတယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ပေးတာချင်းအတူတူ အပေးမတတ်ရင် တဏှာကပ်တတ်ပြီး အပေးတတ်ရင် ဒါနအမြတ်တွေ ဖြစ်တတ်တဲ့အတွက် ဘယ်လိုအကြောင်းကြောင့်ပဲ ပေးပေး၊ ဘယ်သူ့ကိုပဲ ပေးပေး ပေးတဲ့အခါမှာ ငါလေးတွေ၊ တဏှာလေးတွေကို ခွာပြီး အားကြီးတဲ့ သဒ္ဓါ၊ ပြတ်သားတဲ့ စေတနာ၊ မျှော်လင့်ချက်ကင်းတဲ့ ဘာဝနာတွေနဲ့ ပေးနိုင်အောင် ကြိုးစားရင်း ပေးလိုက်ရတဲ့အလျောက် ဒါနမြောက်အောင်သာ ပေးကြဖို့ အသိပေးတိုက်တွန်း လိုက်ရပါတယ်။

မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ