ပရိတ် (သို့) အရံအတား


မြန်မာဗုဒ္ဓဘာသာအများ ရွတ်ပွားသရဇ္ဈာယ် ပူဇော်လေ့ရှိကြသည့် ပရိတ်ဟူသော စကားသည် ပရိတ္တဟူသော ပါဠိစကားကို မြန်မာမှုပြုထားသည့် ပါဠိပျက် ဝေါဟာရတစ်ခုဖြစ်သည်။ ပရိတ္တဟူသည် အရံအတားဟု အဓိပ္ပါယ်ရ၏။ မိမိထံသို့ ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်လာစေရန် သစ္စာတရားဖြင့် အဓိဋ္ဌာန်ထားကာ ပရိတ်အရံအတားဖြင့် တားဆီးကာကွယ်ခြင်းပင် ဖြစ်၏။ ဤပရိတ်တော်များသည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် ဘုရားရှင်နှင့် တပည့်ရဟန္တာထေရ်ရှင်များက ဘေးရန်အန္တရာယ်များ ကျရောက်နေသည့် အရပ်ဒေသ၊ ပုဂ္ဂိုလ်များထံ ကြွရောက်၍ ရွတ်ပွားချီးမြှင့်တော်မူကာ အန္တရာယ်များ ကင်းရှင်းစေရန် အရံအတားပြုပေးထားသည့် အစစ်အမှန် ဒေသနာတော်များပင် ဖြစ်၏။ ဆိုင်ရာ အခြေအနေသို့လိုက်ကာ သင့်လျော်သည့် ပရိတ်တော်ကို ရွတ်ပွားပေးတော်မူခဲ့သည့် မြတ်ဗုဒ္ဓနှင့် တပည့်သား သံဃာတော်များ၏ ပရိတ်တော်များသည် ပိဋကတ်တော်များတွင် အခိုင်အမာ မှတ်တမ်းအဖြစ် ရှိနေပြီးဖြစ်၏။ ယနေ့ခေတ် မြန်မာဗုဒ္ဓဘာသာဝင်များ ရွတ်ပွားပူဇော်လျက်ရှိသည့် ပရိတ်ကြီး (၁၁)သုတ်ဟူသည် ပိဋကတ်တော်တွင် မှတ်တမ်းတင်ထားသည့် ပရိတ်တော်များအား ရွေးနှုတ်ကာ အလွယ်တကူ ပူဇော်နိုင်ရန် ပြုလုပ်ထားသည့် ဘုရားဟော မူရင်းများပင် ဖြစ်ပါ၏။

ပရိတ်တော်များ၏ အဓိက အချက်မှာ ရတနာသုံးပါး၏ ဂုဏ်တော်များနှင့် ကံစွမ်းများကို အထင်အရှား ထုတ်ဖော်ပူဇော်ရင်း သစ္စာပြုထားချက်များပင် ဖြစ်၏။ ကတိသစ္စာတည်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ဟူသော စာဆိုအတိုင်း သစ္စာကို အခြေပြုကာ ကျရောက်လာမည့် ဘေးအန္တရာယ်များကို ဂုဏ်တော်အစွမ်း၊ ကုသိုလ်အစွမ်း၊ သစ္စာအစွမ်းများဖြင့် အရံအတားပြု ကာကွယ်ပေးခြင်းပင်ဖြစ်၏။ ပရိတ်တော်များ၏ အကျိုးသက်ရောက်မှုသည် ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်စေရန်နှင့် ကျရောက်ပြီး ဘေးအန္တရာယ်များ ပပျောက်စေရန် အထူးအကျိုးပြုပေးခြင်းပင် ဖြစ်၏။ 

ထို့ကြောင့်လည်း ဗုဒ္ဓဘာသာ မြန်မာများက မိမိတို့ အိမ်ဂေဟာများသို့ ပင့်ဖိတ်ကာ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူပူဇော်ပြီး အန္တရာယ်ခပ်သိမ်း ပပျောက်ငြိမ်း၍ ကောင်းကျိုးချမ်းသာ ဖြစ်ပါစေရန် ပရိတ်တော်များကို ရွတ်ပွားသရဇ္ဈယ်စေခြင်း ဖြစ်၏။ မိမိတို့ အိမ်ဂေဟာ အနီးဝန်းကျင် အတွင်းရှိ မြင်အပ်၊ မမြင်အပ်သည့် အနှောက်အယှက်များ၊ အန္တရာယ်များ မကျရောက်စေရန် ပရိတ်တရား ရွတ်ပွားစေကြခြင်း ဖြစ်၏။ 

သတိပြုရမည်မှာ အန္တရာယ်ဟူသည် အပြင်အန္တရာယ်နှင့် အတွင်းအန္တရာယ်ဟူ၍ နှစ်မျိုးရှိရာတွင် ပရိတ်တော်များကား အပြင်အန္တာရာယ်ကိုသာ အထူးသဖြင့် အရံအတားပြု ကာကွယ်ပေးခြင်း ဖြစ်ပြီး အတွင်းအန္တရာယ်များကိုကား မိမိ၏ သတိ၊ ပညာများဖြင့်သာ မိမိကိုယ်တိုင် အရံအတားပြု ကာကွယ်ကြရမည်သာ ဖြစ်ပါ၏။ အတွင်းအန္တရာယ်ဟူသည်ကား မိမိကိုယ်ကို ပူလောင်စေသည့် လောဘ၊ ဒေါသ၊ မောဟ၊ မာနစသည့် ကိလေသာတရားများပင် ဖြစ်ပါ၏။ ထိုအတွင်းအန္တရာယ်များ အတွက်ကား ပရိတ်တရားများထက် မိမိ၏ သတိပညာတရားများက ပို၍လိုအပ်လှသည်သာ ဖြစ်၏။ သို့သော် ပရိတ်ရွတ်ကာ သမထအကျင့်အဖြစ် သမာဓိများ တိုးပွားနေလျှင်ကား အတွင်းရန်ဖြစ်သည့် ကိလေသာ တရားမျးကို အတိုင်းအတာ တစ်ခုအထိ အရံအတား ပြုပေးနေမည်သာ ဖြစ်ပါ၏။ 

ပရိတ်တော်များ၏ ဖွင့်ဆိုမှုများသည် မေတ္တာတရားကို အခြေခံကာ ဂုဏ်တော်များဖြင့် ထုံလွှမ်းထားသည့် ဖွင့်ဆိုမှုများ ဖြစ်သဖြင့် ရွတ်ပွားပူဇော်သူများကို အပြင်အန္တရာယ်များဖြစ်သည့် မကောင်းသည့် နတ်များ၊ နာနာဘာဝများ၏ နှောက်ယှက်မှုများမှ တားဆီးပေးပြီး သူတော်ကောင်းများ၏ တန်ပြန်ချစ်ခင်နှစ်သက် မြတ်နိုးမှုကို ရရှိစေနိုင်ပေ၏။ ပရိတ်ဒေသနာတော်များသည် မည်သည့်သတ္တဝါကိုမျှ ဆင်းရဲဒုက္ခရောက်စေသည့် အကြောင်းအရာ ဖွင့်ဆိုချက်များ မပါရှိသဖြင့် ပရိတ်ရွတ်ခြင်းအားဖြင့် ရွတ်ဆိုသူများအား တစ်စုံတရာ ဆိုးကျိုးဖြစ်ပေါ်နိုင်ဖွယ်အကြောင်း မရှိလှပေ။ ထို့အပြင် ဤပရိတ်ဒေသနာတော်များ၏ ထူးခြားမှုအဖြစ် ရွတ်ဆိုပူဇော်သူ၏ စိတ်စေတနာနှင့် မေတ္တာတရားအပေါ်အခြေခံကာ သိသာသည့် တန်ပြန်အကျိုးပေး သက်ရောက်မှုများကိုပင် ရရှိခံစားနိုင်မည်မှာ အသေအချာပင် ဖြစ်၏။ ဤသည်မှာ လက်တွေ့ကျင့်ကြံသူများ လက်တွေ့ခံစားနိုင်သည့် တရားတော်၏ သန္နိဋ္ဌိကဂုဏ်တော် အဖွင့်အတိုင်းပင် ဖြစ်၏။ 

သို့သော် ပရိတ်တရား ရွတ်ပွားပူဇော်ခြင်းအားဖြင့် ဓမ္မာနုဿတိ ဘာဝနာဖြစ်နေပြီး အပြင်ရန်များကို မေတ္တာတရားဖြင့် အရံအတားပြုပေးနေမည် ဖြစ်သော်လည်း မိမိ၏ အတွင်းရန်များဖြစ်သည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန စသည့် ကိလေသာတရားများကိုကား ပရိတ်ရွတ်ပေးသည့် သံဃာတော်များ၊ ပရိတ်ရွတ်ပေးသည့် ပုဂ္ဂိုလ်များက ကင်းငြိမ်းသွားစေရန် အရံအတား အကာအကွယ် ပြုပေးနိုင်မည်မဟုတ်ဘဲ မိမိ၏ အတွင်းရန်များကို မိမိ၏ သတိတရား၊ ပညာတရား သမထ၊ ဝိပဿနာ ကျင့်စဉ်များဖြင့်သာ အရံအတားပြု ကားကွယ်ပေးနိုင်မည်ဖြစ်၏။ 

ဆိုလိုသည်မှာ ပရိတ်တော်များ ရွတ်ပွားသရဇ္ဈာယ်ခြင်းနှင့် ပတ်သက်၍ ပရိတ်တော်ဟူသည် အပြင်ပမှ ကျရောက်လာမည့် မြင်အပ်မမြင်အပ်သည့် အန္တရာယ်များကို အရံအတားပြု တားဆီးကာကွယ်ပေးနိုင်သည့် ဓမ္မဒေသနာများ ဖြစ်သဖြင့် ရွတ်ပွားသူများ၊ ရွတ်ပွားပေးသူများ အနေဖြင့် အပြင်အန္တရာယ်များကို ပရိတ်တော်များဖြင့် အကာအကွယ် အရံအတား ပြုထားနိုင်သော်လည်း အတွင်းအန္တရာယ်များ ဖြစ်သည့် ကိလေသာရန်များကိုကား တစ်စုံတယောက်က မကျရောက်စေရန် အရံအတား ကာကွယ်မှုများ မလုပ်ပေးနိုင်ဘဲ မိမိကိုယ်တိုင်သာ သတိကို အခြေခံသည့် သီလ၊ သမာဓိ၊ ပညာ အကျင့်တရားများဖြင့် အရံအတားပြု ကာကွယ်ကြရမည် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မိမိသည်သာ မိမိ၏ အတွင်းအန္တရာယ်များကို ကာကွယ်ရမည်သာ ဖြစ်ပါ၏။

ထို့ကြောင့် မြတ်ဗုဒ္ဓ၏ ပရိတ်တရား ဒေသနာတော်များကို ရွတ်ပွားပူဇော်ကာ အန္တရာယ်များမှ အရံအတားပြု ကာကွယ်လိုကြသည့် သူများအနေဖြင့် အတွင်းအပြင် အန္တရာယ်များကို ပရိတ်တရား ရွတ်ပွားပူဇော် နာယူခြင်း အားဖြင့်လည်းကောင်း သီလကို အခြေခံသည့် သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာများကို ဆောက်တည်ကျင့်ကြံခြင်း အားဖြင့်လည်းကောင်း ကာကွယ်ကြရမည် ဖြစ်ပါကြောင်း ပရိတ် (သို့) အရံအတားအကြောင်း တစ်စိပ်တဒေသ အသိမျှလိုက်ရပါသည်။ 

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

အကောင်းကြားက အဟောင်းများ ပေးဆပ်နိုင်သမျှ ပေးဆပ်သွား


ဒကာလေးတစ်ယောက်နဲ့ တွေ့ဖူးပါတယ်။ သူ့ဘဝလေးကလည်း ကျန်တဲ့သူတွေအတွက် သတိပြုဆင်ခြင်စရာပါ။ ဒီဒကာလေးက အရက်လည်းမသောက်၊ ဆေးလိပ်လည်းမသောက်၊ ကွမ်းမစား၊ မဟုတ်တာဆို ဘာမှမလုပ်တဲ့အပြင် မိဘအပေါ် သိပ်သိတတ်တဲ့သူပါ။ အလုပ်အားပြီဆိုရင် ကျောင်းကိုရောက်လာတဲ့သူပါ။ ဒါပေမယ့် သူ့ဘဝမှာ ရောက်တဲ့နေရာတိုင်း သိပ်အဆင်ပြေကြီး မဟုတ်လှပါဘူး။ တစ်ခုမဟုတ် တစ်ခုကတော့ အခက်အခဲကို ရှိနေတတ်တာ ဖြစ်ပါတယ်။ အကောင်းတွေလုပ်တာလည်း ကျန်တဲ့သူတွေနဲ့ယှဉ်ရင် အတော်လုပ်တဲ့ ကလေးတစ်ယောက်ပါ။ သူဒီလောက်ကောင်းတာတွေ လုပ်နေပေမယ့် သူ့ရဲ့အကျိုးသက်ရောက်မှုကတော့ အဆင်မပြေတာ၊ အခက်အခဲ ဖြစ်နေတာပဲ များတတ်ပါတယ်။ တစ်ခါတလေ သူ့အကြောင်းတွေ သိနေရတော့ သူ့ကို အားပေးစကား ပြောဖြစ်ခဲ့ပါတယ်။ ကိုယ့်ဘဝအနေအထားကို တအားကြီး စိတ်ပျက်လက်ပျက် မဖြစ်ဖို့နဲ့ စိတ်ဓာတ်မကျဖို့ပါ။ 

တစ်ချို့ကိစ္စတွေမှာ ကံအကြွေးတွေ ပါလာရင် ပြန်ပြီးပေးဆပ်ရပါတယ်။ ကံရဲ့သဘောက ဒီဘဝရဲ့ ကံကြီးပဲ သက်ရောက်မှု ရှိနေတာမဟုတ်ဘဲ အတိတ်အတိတ်ရဲ့ ကံအကျိုးပေး သက်ရောက်မှုတွေကလည်း ရှိနေပြန်တော့ ဒီဘဝမှာ အကောင်းတွေ လုပ်နေပေမယ့် အတိတ်ကံလက်ကျန်တွေရဲ့ အကျိုးပေးချိန်တွေကြုံနေရင် ကောင်းတာလုပ်နေရင်းနဲ့ကိုပဲ အဆင်မပြေတာတွေ ကြုံတတ်ပါတယ်။ အတိတ်ဘဝတွေမှာ တစ်ချို့ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်တွေမှာ အကုသိုလ်လေးတွေ ကပ်ပါလာတဲ့အခါ အဲဒီကံရဲ့ သက်ရောက်မှုလေးတွေ အဖြစ် အကောင်းလေးတွေ လုပ်နေပေမယ့် အဆင်မပြေမှုတွေ၊ အခက်အခဲလေးတွေဟာ မကောင်းတဲ့ကံရဲ့ ကြားညှပ်မှုအနေနဲ့ ပါနေတတ်တာ ဖြစ်ပါတယ်။ တစ်ခုသတိပြုရမှာက တစ်ချို့အတိတ်ကံရဲ့ မကောင်းကံကြွေးက အားကြီးနေပေမယ့် ဒီဘဝရဲ့ ကောင်းကံတွေက တန်ပြန်သက်ရောက်မှုတွေနဲ့ အားပြုပေးထားတဲ့အတွက် သေရမယ့်ကံမျိုးက ထိခိုက်ဒဏ်ရာ ရတဲ့အဆင့်လောက်ပဲ ဖြစ်သွားတတ်တာတွေလည်း ရှိတတ်တာ ဖြစ်ပါတယ်။  အဓိကကတော့ အကောင်းတွေလုပ်နေပေမယ့် အဆင်မပြေမှုတွေ၊ အခက်အခဲတွေ ရှိနေတတ်တဲ့ ကိုယ့်ကိုကိုယ် သတိပြုဆင်ခြင်ပြီး ပေးဆပ်ဖို့ပါလာတဲ့ ကံတွေကို ပေးဆပ်နေတယ်လို့ သဘောထားကာ စိတ်ဓာတ်မကျအောင်၊ အပြစ်အဖြစ်သက်သာအောင် နေတတ်ဖို့ပဲ ဖြစ်ပါတယ်။ 

ဘဝမှာ အကောင်းတွေ လုပ်နေပေမယ့် အကောင်းကြားမှာ မကောင်းများနေတာဟာ အဟောင်းများရဲ့ သက်ရောက်မှုဆိုတာ အားလုံးက သတိပြုကြရမှာ ဖြစ်ပါတယ်။ အဟောင်းများကြောင့် မကောင်းကြားရောက်နေကြရင်လည်း စိတ်မပျက်၊ စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုကိုယ် အကြွေးဆပ်နေရတယ်လို့ သဘောထားပြီး လက်ရှိအနေအထားမှာ အမှားတွေထပ်မများအောင်ပဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကုသိုလ်တွေကြားမှာ အကုသိုလ်တွေ ရမသွားအောင်ပဲ ကိုယ့်ရဲ့ကံတွေကို သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။ တကယ်တော့ အဆင်မပြေမှုများ၊ အခက်အခဲများဆိုတာက လူတိုင်းကြုံနေကြတဲ့ လောကဓံရဲ့ အပြောင်းအလဲပဲ ဖြစ်တဲ့အတွက် လောကဓံပြောင်းတိုင်း ကိုယ့်စိတ်က လိုက်ပြောင်းလိုက်ခံစားနေမယ်ဆိုရင် ဒီအပြောင်းအလဲတွေနဲ့ပဲ ဘဝတစ်ခုဟာ အဆုံးသတ်သွားစရာ ဖြစ်နေပါလိမ့်မယ်။ 

ဒါကြောင့် ပေးဆပ်ဖို့ရှိနေတဲ့ အကျိုးဆက်တွေအပေါ်မှာ စိတ်ပျက်အားငယ်မဖြစ်စေဘဲ အကောင်းတွေကိုသာ ကြိုးစားလုပ်ရင်း ဖြစ်ပေါ်လာတဲ့ အဟောင်းတွေကို ကုသိုလ်စွမ်းအား အကျင့်တရားများနဲ့သာ ရင်ဆိုင်ကျော်လွှားနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

Read more »

အဋ္ဌာနကောပဒေါသ (သို့) မလိုအပ်ဘဲ ဒေါသထွက်ခြင်း


စာပေမှာလာတဲ့ အဋ္ဌာနကောပဒေါသ အကြောင်းကိုဖတ်ရင်း ကိုယ့်ကိုယ်ကို ပြန်ဆင်ကြည်မိပါတယ်။ အဋ္ဌာနကောပဒေါသဆိုတာ တိုက်ရိုက်ကတော့ အရာမဟုတ်တဲ့အရာတွေမှာ ဒေါသထွက်တာကို ပြောတာပါ။ အလွယ်ပြောရရင်တော့ မလိုအပ်ဘဲ ဒေါသထွက်ခြင်းပါပဲ။ နေပူရင်လည်း နေပူလို့၊ မိုးရွာရင်လည်း မိုးရွာလို့၊ လေတိုက်ရင်လည်း တိုက်လို့၊ အေးရင်လည်း အေးလို့ စသဖြင့် အလိုလိုနေရင်း သဘာဝ ဓမ္မတွေအပေါ်မှာ၊ မခိုင်လုံတဲ့ အာရုံတွေအပေါ်မှာ အလိုမကျဖြစ်တာ၊ စိတ်ဆိုးစိတ်တိုတာ စတဲ့ သဘောတွေကို စာလိုတော့ အဋ္ဌာနကောပဒေါသလို့ ပြောတာဖြစ်ပါတယ်။ 

ဟုတ်ပါတယ်။ ဘုန်းဘုန်းအပါအဝင် လူအတော်များများဟာ တစ်ခါတလေ ဘာမဟုတ်တဲ့ အရာလေးတွေမှာလည်း အလိုမကျဖြစ်လိုက်၊ မကျေမနပ်ဖြစ်လိုက်၊ စိတ်ဆိုးစိတ်တိုဖြစ်လိုက်၊ စိတ်ကောက်လိုက် စတာတွေ ဖြစ်လေ့ရှိတတ်ကြပါတယ်။ သွေးဆူနေလို့ ကိုယ့်စိတ်ကို မသိလိုက်ပေမယ့် သွေးအေးသွားလို့ စဉ်းစားကြည့်လိုက်တဲ့အခါ “ဘာကြောင့် မကျေမနပ်ဖြစ်တယ်၊ စိတ်ဆိုးစိတ်တိုတယ်၊ စိတ်ကောက်တယ်”ဆိုတဲ့ အကြောင်းပြချက်က ရည်ရည်ရာရာ ရှာမရဘဲ ဖြစ်နေတတ်ပါတယ်။ ပိုးဆိုးတာက ဘယ်သူမှကိုယ့်ကို ဘာမှမလုပ်ရဘဲနဲ့ကို ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အလိုမကျဖြစ်နေတာ၊ စိတ်တိုင်းမကျ ဖြစ်နေတာပါပဲ။ နောက်တော့ ကိုယ့်အလိုမပြည့်ရာက မိုးကိုအပြစ်တင်လိုက်၊ နေကိုအပြစ်တင်လိုက်၊ လေကိုအပြစ်တင်လိုက် စတာတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ တစ်ခါတလေ ဘာမှမဆိုင်တဲ့သူအပေါ်မှာ ကိုယ့်အလိုမကျတာတွေက ဒေါသအဖြစ် ရောက်သွားတတ်တာတွေလည်း ရှိတတ်ပြန်ပါတယ်။ ကိုယ့်ဒေါသကြောင့် ဘာမှမသိဘဲ အိပ်နေတဲ့ ခွေးတွေ၊ကြောင်တွေတောင်မှ ခြေထောက်နဲ့ အကန်ခံလိုက်ရတာတွေလည်း ရှိနေတတ်ပြန်ပါတယ်။ 

စိတ်ရဲ့ဆန်းကြယ်မှုက တစ်ခါတလေ ကိုယ့်အလိုမပြည့်တာက တခြားအာရုံတွေနောက် ရောက်သွားပြီး အဲဒီအာရုံအပေါ်မှာ ပေါက်ကွဲသွားတဲ့ သဘောတွေလည်း ရှိတတ်ပါတယ်။ တခါတလေ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်အလိုမကျ ဖြစ်မှုတွေက တပည့်တွေအပေါ်ရောက်သွားပြီး တပည့်တွေရဲ့ ပုံမှန်အလေ့အကျင့်တွေအပေါ်မှာကိုပဲ အပြစ်တွေမြင်ပြီး ဒေါသအလျောက် ဆူမိတာ၊ ဒေါသအလျောက် ဆုံးမမိတာတွေ ဖြစ်ကုန်တော့တာပါ။ တစ်ချို့မိဘတွေလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ဒေါသနဲ့ကိုယ် ကိုယ့်အလိုအတိုင်း မဖြစ်ရာက အဲဒီ အလိုမကျမှုဟာ သားသမီးတွေ၊ တူတွေတူမတွေအပေါ်မှာ ကျရောက်စေတော့တာ ဖြစ်ပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေကြားမှာလည်း အလားတူပါပဲ။ တစ်ခါတလေ ကိုယ့်အိမ်မှာအဆင်မပြေတာတွေက ဘာမှမဟုတ်ဘဲ သူငယ်ချင်းတွေအပေါ်မှာ သွားပြီးပေါက်ကွဲနေတတ်တဲ့ အဖြစ်တွေပါ။ အရင်းစစ်တော့ ဒါတွေဟာ အဋ္ဌာနကောပဒေါသရဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ ဘာမှမဆိုင်တာတွေ အပေါ်မှာ လိုက်ပြီးစိတ်ဆိုးစိတ်တို အလိုမကျ မကျေမနပ် ဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ 

အမှန်တော့ ပုထုဇဉ် သဘာဝ ဒေါသကတော့ ရှိနေကြတာ ဖြစ်ပေမယ့် တစ်ချို့ဒေါသတွေဟာ အကြောင်းပြ မခိုင်လုံဘဲ ထွက်နေတဲ့ သဘောတွေ အများကြီးရှိနေတာကို သတိပြုရမှာ ဖြစ်ပါတယ်။ ထွက်သင့်တဲ့ ဒေါသကို ထွက်ဖို့ပြောတာ မဟုတ်ပါဘူး။ ဒေါသဆိုတာကတော့ ထိန်းနိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပေမယ့် မထိန်းနိုင်လို့ ဒေါသတွေ ဖြစ်ကြမယ်ဆိုရင်လည်း အကြောင်းခိုင်လုံမှ ထွက်တာက ဖြေမယ်ဆိုရင် ရှာကြံပြီး ဖြေလို့ရသေးတာပေါ့။ ဘာမှမဟုတ်ဘဲ ထစ်ခနဲဆို စိတ်ဆိုးလိုက်၊ ထစ်ခနဲဆို စိတ်တိုလိုက်၊ ထစ်ခနဲဆို အလိုမကျဖြစ်လိုက်၊ ဟိုဟာလည်းအလိုမကျ၊ ဒါလည်းအလိုမကျ၊ ဟိုလိုလည်းမဟုတ်၊ ဒီလိုလည်းမဟုတ်၊ ဟိုလူလုပ်လည်း အဆင်မပြေ၊ ဒီလူလုပ်လည်း အဆင်မပြေ အလိုလိုနေရင်း မကျေမနပ် ဖြစ်နေတာတွေကတော့ ဒါဟာ အဋ္ဌာနကောပဒေါသပဲ ဖြစ်ပါတယ်။ 

တစ်ဖက်ကလည်း ဒီလိုဒေါသမျိုးတွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ကိုယ့်အလိုအတိုင်း မဖြစ်တာတွေက စတာတွေပါပဲ။ စိတ်ဖိစီးမှုတွေ၊ အလိုမကျမှုတွေ၊ တရားမရှိမှုတွေ၊ သတိမကပ်တာတွေက မလိုအပ်ဘဲ ထွက်ပေါ်တတ်တဲ့ ဒေါသတွေအဖြစ် ပုံပေါ်လာကြခြင်းပဲ ဖြစ်ပါတယ်။ အဓိကကတော့ သတိမကပ်မိကြလို့ပါပဲ။ သတိမရှိတော့ စိတ်ကိုမသိတော့ဘဲ အဲဒီမသိမှုက ကာယကံမြောက်၊ ဝစီကံမြောက်၊ မနောကံမြောက် ကျူးလွန်တဲ့အထိ ရောက်သွားစေတော့တာ ဖြစ်ပါတယ်။ သတိပျောက်တော့ အသိပါပျောက်ပြီး မသိတာတွေ ရောက်လာရာက မရှိရင်လည်း ဒေါသဖြစ်၊ မကြည်ရင်လည်း ဒေါသဖြစ်၊ မကောင်းရင်လည်း ဒေါသဖြစ်၊ မပြောင်းရင်လည်း ဒေါသဖြစ်၊ မလိုရင်လည်း ဒေါသဖြစ်၊ လိုတာမရရင်လည်း ဒေါသဖြစ် စသဖြင့် ကာလ၊ ဒေါသ၊ ပုဂ္ဂလနဲ့ သဘာဝတွေပါမကျန် အားလုံးအပေါ်မှာ အဋ္ဌာနကောပဒေါသတွေ ဖြစ်နေကြတော့တာပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ပုထုဇဉ်သဘာဝ ဒေါသထွက်တာတော့ ရှိကြတာ ဖြစ်ပေမယ့် အဲဒီဒေါသတွေကို ဘာပဲဖြစ်ဖြစ် ထွက်နေတတ်တဲ့ ဒေါသမျိုးမဖြစ်ရအောင် ကိုယ့်ကိုယ်ကို သတိလေးကပ်ပြီး ဆင်ခြင်တတ်၊ ကိုယ့်စိတ်ကို သတိလေးနဲ့ ထိန်းတတ်တဲ့ အကျင့်တွေရှိဖို့ လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ရာမှာလည်း တရားအသိတွေ ရှိလာအောင်၊ ကုသိုလ်တရားတွေမှာ ပျော်မွေ့လာအောင်၊ ကောင်းတဲ့အလုပ်တွေမှာ လုပ်ချင်ကိုင်ချင်စိတ်ရှိလာအောင် ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ကြည့်ရမှာ ဖြစ်ပါတယ်။ စိတ်ကိုဆင်ခြင်မှုအပိုင်းမှာ တရားတော်အပေါ် အခြေခံပြီး ဆင်ခြင်မှုဟာ အပြစ်ကင်းပြီး မှန်ကန်တဲ့ ဆင်ခြင်မှုပဲ ဖြစ်တဲ့အတွက် ဖိအားတွေများ၊ အသိတရားတွေပါးပြီး မတရားအားတွေ များလာတဲ့အခါတွေမှာ တခြားအရာတွေကို အားပြုတာထက် တရားတော်ကိုအားပြုပြီး တရားနဲ့ဆင်ခြင်နိုင်အောင် လေ့ကျင့်ကြည့်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်ဆိုတာ လုပ်ချင်လည်းမလုပ် မလုပ်ချင်လည်း လုပ်ရမှာ ဖြစ်တဲ့အတွက် တရားတော်နဲ့ပတ်သက်ပြီးလည်း မနာချင်လည်းနာ၊ မကြိုက်လည်းနာ၊ မကျင့်ချင်လည်းကျင့်နိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုကိုယ် တရားအသိတွေ တိုးလာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ တရားအသိတွေ များလာလို့ရှိရင် ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်မှာ ယုံကြည်မှု သဒ္ဓါတရားတွေ တိုးလာပြီး သတိတရားတွေလည်း များလာမှာဖြစ်ပါတယ်။ သတိများရင် အသိများလာမှာဖြစ်ပြီး အသိများရင် အမှားလည်းနည်းလာမှာဖြစ်ကာ အမှားနည်းလာခြင်းဟာ မလိုအပ်တဲ့ အရာတွေမှာ ဖြစ်ပေါ်တတ်တဲ့ အလိုမကျမှု ဒေါသတွေအထိ အမှန်ညှိသွားခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ သတိရှိနေခြင်းရဲ့ သက်ရောက်မှုပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒေါသဆိုရင် ဘယ်လိုဒေါသမျိုးမှ ကောင်းကျိုးပြုတာ မရှိပေမယ့် အကြောင်းအကျိုး သဘောနဲ့ ဖြစ်ပေါ်လာတဲ့ ဒေါသမျိုးဆိုရင် အဆိုးထဲက အကောင်းအနေနဲ့ အကြောင်းပြလို့ မဆိုးလှတာ ဖြစ်တဲ့အတွက် ဘာမှမဟုတ်တဲ့ အရာတွေမှာ ဖြစ်ပေါ်တတ်တဲ့ အဋ္ဌာနကောပ ဒေါသလို ဒေါသမျိုး မဖြစ်အောင်တော့ ကိုယ့်ကိုကိုယ် ဓမ္မကို အခြေခံတဲ့ သတိတရားမျိုး၊ အသိတရားမျိုးနဲ့ ဆင်ခြင်ရင်း တရားဆိုရင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နာယူမှတ်သား သင်ယူလေ့ကျင့်နိုင်အောင် ကြိုးစားကြပြီး အဲဒီတရားအသိနဲ့ပဲ ဘဝမှာ မလိုအပ်တဲ့ အရာတွေမှာ ဖြေဆည်ရာရနိုင်အောင် လေ့ကျင့်နေထိုင်ကျင့်သုံးကြရမှာ ဖြစ်ပါကြောင်း စေတနာကောင်းနဲ့ အသိပေးတိုက်တွန်းလိုက်ရပါတယ်။ 

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ