အမျက်ပြေ၍ အခက်ဝေစေရန်


မည်သူမဆို ဘ၀တွင် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများသည်လည်း များပြားလာနေမည်သာ ဖြစ်၏။ ထိုအတွေ့အကြုံများတွင် အကောင်းများရှိသကဲ့သို့ အဆိုးများလည်း ရှိတတ်၏။ အမှန်များရှိသကဲ့သို့ အမှားများလည်း ရှိတတ်၏။ အကောင်းနှင့် အမှန်ဖြစ်ခဲ့သည့် အတွေ့အကြုံများသည် ကောင်းနေပြီးသား ဖြစ်သဖြင့် အထွေအထူး ပြောင်းစရာ မရှိသော်လည်း အဆိုးများနှင့် အမှားများကား မကောင်းသဖြင့် ပြောင်းပစ်ရန်လိုအပ်၏။ မမှန်သဖြင့် ပြင်ရန်လိုအပ်၏။ ထိုအမှားများသည် ကိုယ်ထိလက်ရောက် လုပ်ခဲ့သည့် အမှားများ၊ နှုတ်ဖြင့်ပြောဆိုခဲ့သည့် အမှားများ၊ စိတ်ဖြင့် ပြစ်မှားခဲ့သည့် အမှားများဟူ၍ အမျိုးမျိုးရှိတတ်ရာတွင် မည်သည့်အမှားမျိုးပင် ဖြစ်စေ အချိန်မီ သတိဝင်၍ ပြုပြင်နိုင်လျှင် အမှန်ဖြစ်လာပြီး အကောင်းအဖြစ် ပြောင်းသွားမည်သာ ဖြစ်၏။ အမျက်ပြေ၍ အခက်ဝေမည်သာ ဖြစ်၏။ အရေးကြီးသည်မှာ အချိန်မနှောင်းခင် ပြောင်းပြင်နိုင်မှုသည်သာ အဓိကဖြစ်၏။

မှန်၏။ ဘ၀တွင် မည်သူမဆို တစ်ခါတစ်ရံ သတိလက်လွတ် လုပ်လိုက်မိသည့် လုပ်ရပ်များ ရှိတတ်၏။ သတိလက်လွတ် ပြောလိုက်မိသည်များ၊ အကြောင်းအရင်း အစစ်အမှန်ကို မသိဘဲ မိမိစိတ်အထင်ဖြင့် ပြစ်မှားမိတတ်သည်များလည်း ရှိတတ်၏။ သတိလက်လွတ် လုပ်လိုက်မိတတ်သော်လည်း စေတနာပါသွားသည့် အခါ ထိုလုပ်ရပ်များသည် တစ်ဖန်အကျိုး ပြန်ထင်လာတတ်၏။ ပုထုဇင်များ ဖြစ်နေ၍လည်း တစ်ခါတစ်ရံ ပုထုဇင်တို့ သဘောသဘာဝအတိုင်း စိတ်ထင်သည့်အတိုင်း ပြုလုပ်ပြောဆိုကြံစည်မိတတ်၏။ တစ်စုံတစ်ယောက်ကို အကြောင်းပြု၍သော် လည်းကောင်း၊ တစ်စုံတစ်ခုကို အကြောင်းပြု၍သော် လည်းကောင်း အပြုမှား၊ အပြောမှား၊ အကြံအစည်မှားများ ဖြစ်ပေါ်တတ်၏။ ပြုလုပ်သူ မိမိသည် ဘာမျှမသိလိုက်သော်လည်း မိမိလုပ်ခဲ့သည့် အလုပ်၏ အကျိုးရလာဘ်က တန်ပြန်အကျိုး ပေးမှုကို ဖြစ်ပေါ်စေတတ်၏။ ထို့ကြောင့် မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သူနှင့်မဆို တဒင်္ဂပဲဖြစ်ဖြစ် အတူတကွ ရှိနေကြသည့် အခိုက်တွင် မသိနိုင်သည့် လုပ်ရပ်များကြောင့် တစ်ဦးအပေါ်တစ်ဦး သတိလက်လွတ် ပြုမူပြောဆိုကြံစည်မှုများ ရှိနိုင်ကြသဖြင့် အကယ်၍ အပြစ်တစ်စုံတစ်ရာ ရှိခဲ့ပါက ကျေပါစေကြောင်း ၀န်ခံတောင်းပန်မှုများ၊ ခွင့်လွတ်သီးခံမှုများနှင့် သံသရာအစဉ်အဆက် ပါမသွားရန် ကြိုးစားအားထုတ်သင့်ကြောင်း တိုက်တွန်းကြခြင်း ဖြစ်၏။

မိမိ၏ မကောင်းမှု လုပ်ရပ်များသည် ကာယကံမြောက် ကျူးလွန်မိသည်အထိ ရောက်မသွားသေးပါက ယခုဘ၀မှာပင် တစ်ဦးအပေါ်တစ်ဦး ၀န်ချတောင်းပန်မှုများ ပြုလုပ်ကြခြင်းဖြင့် အပြစ်များ ပြေငြိမ်းသွားကာ ကောင်းကျိုးများကို ဖြစ်နိုင်ပေ၏။ မိမိသည် ပုထုဇင်ဖြစ်သဖြင့် တစ်စုံတစ်ယောက်အပေါ်တွင် အလုံးစုံ ပြည့်စုံစွာ မသိနိုင်တတ်ပေ။ မသိနိုင်သဖြင့်လည်း မိမိစိတ်နှင့် အခန့်မသင့်သည့်အခါ မိမိမအလိုအတိုင်း မဖြစ်သည့် အခါမျိုးတွင် အနည်းဆုံး နှုတ်ဖြင့်သော်လည်းကောင်း၊ စိတ်ဖြင့်သော်လည်းကောင်း အပြစ်ဖြစ်ဖွယ် အပြောအဆို ကြံစည်မှုများ ပြုလုပ်တတ်ပေ၏။ အကယ် ထိုတစ်စုံတစ်ယောက်သည် မိမိထက် အကျင့်သီလပြည့်စုံသူ ဖြစ်ခဲ့ပါက မိမိပြောဆိုကြံစည်မှုများသည် အပြစ်တစ်စုံတစ်ရာ ဖြစ်ပေါ်တတ်ပေ၏။ တစ်ဘက်သူက မသိနိုင်သော်လည်း မိမိလုပ်ရပ်ကို မိမိက သိနိုင်သဖြင့် တန်ပြန်သက်ရောက်မှုလည်း မိမိထံသို့သာ ရောက်လာတတ်ပေ၏။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ယောက် အပေါ်တွင် အပြစ်ရှိက ခွင့်လွတ်ကြရန် တောင်းပန်သမှု ပြုကြသင့်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဗုဒ္ဓလက်ထပ်က သောရေယျ အမည်ရသည့် သာဝတ္ထိပြည်သား သူဋ္ဌေးသား တစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူဋ္ဌေးသားသည် အပေါင်းအသင်း သူငယ်ချင်းများနှင့်အတူ ရေကစားရန် ရေချိုးဆိပ်သို့ ထွက်လာခဲ့၏။ ထိုအချိန်သည် အရှင်မဟာကစ္စည်း မထေရ်သည်လည်း မြို့တွင်းသို့ ဆွမ်းခံဝင်ရန် ရေချိုးဆိပ်တွင် ရေသပ္ပါယ်တော်မူနေသည့် အချိန်ဖြစ်၏။ သောရေယျ သူဋ္ဌေးသားသည် ရေးချိုးဆိပ်သို့ ရောက်သည့်အခါ ရေးချိုးနေသည့် အရှင်မဟာကစ္စည်း မထေရ်ကို မြင်ပြီး မထေရ်၏ ရွှေအဆင်းကဲ့သို့ ၀င်းဝါနေသည့် အသားအရေကို ကြည့်ကာ “ဤမထေရသည် ငါ့ဇနီးဖြစ်မူကား ကောင်းလေစွ၊ ငါ့ဇနီး၏ အသားအရေ အဆင်းသည် ဤမထေရ်ကဲ့သို့ ဖြစ်ပါမူကား ကောင်းလေစွ…” ဟု ကြံစည်မိလေ၏။ ထိုသို့ ကြံစည်သည့်အခိုက်မှာပင် သောရေယျသူဋ္ဌေးသားသည် ယောက်ျားအသွင်ပျောက်ကာ မိန်းမအသွင်ဖြင့် ကိုယ်လက်အင်္ဂါများ အကုန်ပြောင်းသွားလေတော့၏။ မိန်းမတစ်ဖြစ်လဲ သောရေယျသူဋ္ဌေးသားသည် အသွင်ပြောင်းသွားသည့် မိမိကိုယ်ကိုကြည့်ကာ အလွန်ရှက်လှသဖြင့် သာဝတ္ထိပြည်မှ ထွက်ပြေးသွားကာ နောက်ဆုံးတွင် ကုန်သည်များနှင့်အတူ တက္ကသိုလ်ပြည်သို့ ရောက်သွားလေ၏။ ထိုတက္ကသိုလ်ပြည်မှာပင် သူဋ္ဌေးသားတစ်ယောက်နှင့် ပေါင်းဖက်မိကာ ကလေးနှစ်ယောက်ပင် ရခဲ့လေတော့၏။ သာဝတ္တိပြည်တွင်လည်း သူဋ္ဌေးသားဘ၀ဖြင့် အိမ်ထောင်ကျကာ ကလေးများ ရရှိခဲ့သေး၏။ ယခုတစ်ဖန် မိန်းမဘ၀ဖြင့် ကလေးနှစ်ယောက် ထပ်ရပြန်၏။ တစ်ဘ၀တည်း၌ပင် ယောက်ျားဘ၀၊ မိန်းမဘ၀ဖြင့် သားသမီးများ ရရှိခဲ့သည့် သောရေယျ၏ ဘ၀သည် လက်တွေ့ဆန်သည့် ကံအကျိုးပေးသဘောကို ထင်ဟပ်စေလေ၏။

တစ်နေ့တွင် သာဝတ္ထိပြည်မှ သောရေယျ၏ သူငယ်ချင်းတစ်ယောက်သည် တက္ကသိုလ်ပြည်သို့ ရောက်လာခဲ့၏။ ထိုသူငယ်ချင်းကို မြင်သည့်အခါ မိန်းမတစ်ဖြစ်လဲ သောရေယျသည် ကောင်းစွာမှတ်မိပြီး ထိုသူငယ်ချင်းနှင့် တွေ့ဆုံကာ သူ၏ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလေ၏။ သောရေယျ၏ သူငယ်ချင်းသည် အဖြစ်အပျက်အားလုံးကို သိရပြီး “ယခုအခါ အရှင်မဟာကစ္စည်း မထေရ်သည်လည်း တက္ကသိုလ်ပြည်ကိုပင် အမှီပြု၍ သီတင်းသုံး နေတော်မူကြောင်း၊ သောရေယျအနေဖြင့် အရှင်မဟာကစ္စည်းမထေရ်ထံ သွားရောက်ကာ အပြစ်ကို ၀န်ချတောင်းပန်သင့်ကြောင်း…” စသဖြင့် အကြံပြုလိုက်၏။ သောရေယျလည်း သူငယ်ချင်း အကြံပြုသည့်အတိုင်း အရှင်မဟာကစ္စည်းမထေရ်ထံ သွားရောက်ကာ မိမိပြစ်မှားခဲ့သည့် အပြစ်ကို ခွင့်လွတ်ရန် ၀န်ချတောင်းပန်လိုက်သဖြင့် မိန်းမအသွင်မှ မူလသူဋ္ဌေးသား အသွင်သို့ ပြန်ရောက်သွားခဲ့၏။ သောရေယျသည် မိမိ၏ ဘ၀ဖြစ်သန်းမှု၊ မိမိ၏ ပြစ်မှားမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ကံတရား၏ တန်ပြန်အကျိုးသက်ရောက်မှု စသည်များကို ကောင်းစွာသဘောပေါက် သိမြင်ပြီး နောက်ဆုံးတွင် အရှင်မဟာကစ္စည်းမထေရ်ထံတွင် ရဟန်းအဖြစ်ဖြင့် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့လေ၏။ ရဟန်းဘ၀ဖြင့် ရဟန်းတရားကို ကြိုးစားအားထုတ်ကာ ကိလေသာကုန်ခမ်းပြီး ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခဲ့လေတော့၏။ ဤကား သီလသမာဓိပညာ မြင့်မားသည့် သူများအပေါ်တွင် ကာယကံမြောက်၊ ၀စီကံမြောက်ပြစ်မှားခြင်းမျိုး မဟုတ်ဘဲ မနောကံမျှဖြင့် ပြစ်မှားမိခဲ့သည့် အမှားတစ်ခု၏ တန်ပြန်သက်ရောက်မှုကို ခံခဲ့ရသည့် သောရေယျ သူဋ္ဌေးသား၏ လက်တွေ့ဘ၀အကြောင်း တစ်စေ့တစ်စောင်းပင် ဖြစ်ပါ၏။

အထက်ပါ သောရေယျမထေရ် တစ်ဖြစ်လဲ သောရေယျသူဋ္ဌေးသားအကြောင်း အဖြစ်အပျက်ကို ကြည့်ပါက အမှားလုပ်ခဲ့သည့် ကံတရား၏ တန်ပြန်သက်ရောက်မှု သဘောကို ကောင်းစွာသိမြင်နိုင်ပေ၏။ ရုတ်တရက် ပြစ်မှားခဲ့သည့် အပြစ်၏ အကျိုးသက်ရောက်မှုသည် ကြီးမားပြီး ရှည်ကြာလှသည်ကို သတိပြုနိုင်မည်ဖြစ်၏။ မကောင်းမှု အကုသိုလ်အပြစ်သည် ဘာမျှမဖြစ်လောက်ပါဘူး၊ အသေးအဖွဲလေးပါဟု တွေးကာ အထင်သေးပြီး လုပ်မိတတ်ပေမယ့် ပေးဆပ်ရသည့်အခါ အပြစ်ကြီးမားပြီ့း အချိန်ကြာလှသည်ကို နားလည်နိုင်ပေ၏။ ထို့သို့ ဆိုးကျိုးကြီးများကို ဖြစ်စေနိုင်သဖြင့် ပညာရှိများက မည်သို့သော မကောင်းမှု ဒုစုရိုက်မျိုးကိုမျှ မပြုလုပ်မိကြရန် သတိပေးတော်မူကြခြင်း ဖြစ်၏။ အကယ်၍ ရုပ်တရက် လုပ်ခဲ့မိသည့် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများ ရှိလျှင်လည်း အချိန်မီ အသိဝင်ကာ ပြုပြင်နိုင်သမျှ ပြုပြင်ကြ၍ တောင်းပန်ခြင်း၊ ခွင့်လွတ်ခြင်းများဖြင့် သံသရာရှည်ကြာမည့် အပြစ်များကို ဖြတ်တောက်ကြရန် တိုက်တွန်းတော်မူကြခြင်း ဖြစ်၏။

မြတ်စွာဘုရားရှင်၏ သာသနာတော်တွင်လည်း ဘုရားရှင်သည် ရဟန်းတော်များ အချင်းချင်း အကယ်၍ အပြစ်များ ရှိခဲ့လျှင် ရှိခဲ့သည့် အပြစ်များကို ၀န်ခံခြင်း၊ တောင်းပန်ခြင်းများ ပြုလုပ်စေသည့်အပြင် အပြစ်မြင်ကလည်း ပြောဆိုဆုံးမရန် အချင်းချင်း ဖိတ်ကြားကြဖို့ တိုက်တွန်းတော်မူခြင်း ဖြစ်၏။ ထို့ကြောင့်လည်း ၀ါတွင်းကာလပြီးဆုံး၍ ၀ါကျွတ်ကြသည့်အခါ ရဟန်းတော်များအချင်းချင်း သိမ်အတွင်း စုရုန်းကာ အပြစ်များဝန်ချတောင်းပန် ဖိတ်ကြားခြင်း အလေ့ကို ထေရ၀ါဒ ရဟန်းတော်များ အနေဖြင့် ယနေ့တိုင်အောင် လုပ်ဆောင်နေကြခြင်း ဖြစ်၏။ ရဟန်းတော်များ ၀ါကျွတ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်လေ့ရှိကြသည့် ပ၀ါရဏာပွဲသည် ထိုဓလေ့ကို လက်တွေ့အကောင်အထည် ဖော်ပေးနေသည့်ပွဲပင် ဖြစ်ပါ၏။ ထို့ကြောင့် ဘုရားရှင် မိန့်တော်မူသည့်အတိုင်း နေရသည့်အခိုက်တွင် တစ်ဦးနှင့်တစ်ဦး အမျက်ပြေ၍ အခက်ဝေစေရန် ၀န်ချတောင်းပန်ခြင်း၊ ခွင့်လွတ်သီးခံခြင်းများဖြင့် သံသရာအဆက် တိုစေရန် ကြိုးစားကြဖို့ သတိပေးတော်မူခြင်း ဖြစ်ပါ၏။

ဆိုလိုသည်မှာ အလုပ်တစ်ခု၏ အကျိုးသက်ရောက်မှုသည် ပြုလုပ်သူ၏ စေတနာသို့လိုက်ကာ အကျိုးအပြစ် အကြီးအသေး ကွဲပြားနိုင်သဖြင့် မည်သို့ပင်ဖြစ်စေ ခဏတာ တွေ့ကြုံဆုံကြ ပေါင်းဖော်ကြသည့် အခိုက်တွင် တစ်ဦးနှင့်တစ်ဦး အပြစ်မဖြစ်စေရန် တောင်းပန်သူကလည်း စေတနာအရင်းခံဖြင့် တောင်းပန်ပြီး ခွင့်လွတ်သူကလည်း မေတ္တာအပြည့်ဖြင့် ခွင့်လွတ်ကြရန် ဖြစ်ပါ၏။ သံသရာတွင် ကျင်လည်ခဲ့ရသည့် ဘ၀ပေါင်းများစွာတွင် အမျိုးမတော်စပ်ဖူးသူ မရှိနိုင်သဖြင့် ယခုဘ၀ တွေ့ဆုံကြသည့် အခိုက်တွင်လည်း မိမိတို့၏ အမျိုးများကို ပြန်တွေ့ကြရသည်ဟု သဘောထားကာ မှားခဲ့သည့်သူကလည်း အမှားများကို ၀န်ချတောင်းပန်ပြီး အတောင်းပန်ခံရသူကလည်း ခွင့်လွတ်သီးခံခြင်းဖြင့် မေတ္တာ ထားနိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါ၏။ အမှားမလုပ်မိလျှင် အကောင်းဆုံး ဖြစ်သော်လည်း မှားမိလာပြီဆိုလျှင်ကား အပြစ်ကျေရန် အလွတ်တကူ ၀န်ချတောင်းပန်ခြင်းကိုလည်း ပြုလုပ်သင့်ပေ၏။ သို့မှသာ အပြစ်ရှိသူလည်း အပြစ်ကျေ၍ ခံရသူလည်း အမျက်ပြေမည် ဖြစ်ပါ၏။

အချုပ်အားဖြင့် အကုသိုလ်အပြစ်ဖြစ်ရန် အလွယ်လွယ်လှသည့် ယနေ့ခေတ်တွင် ကာယကံ၊ ၀စီကံ၊ မနေကံတို့ကို အကြောင်းပြု၍ မကောင်းမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဖြစ်ပေါ်လာသည့် အပြစ်များ အမျက်ပြေ၍ အခက်ဝေစေရန်၊ အဖြစ်နည်း၍ အပြစ်စဲစေရန် တွေ့ကြဆုံကြ ကြုံကြရသည့် အခိုက်အတန့်တွင် တစ်ဦးနှင့်တစ်ဦး အပြစ်များကို ၀န်ချတောင်းပန်ခြင်း။ အပြစ်ရှိက ပြောဆိုဆုံးမကြရန် ဖိတ်ခေါ်ခြင်း၊ အပြစ်ပြ၍ ဆုံးမလာလျှင် လက်ခံပြုပြင်ခြင်း၊ အမှားသိ၍ တောင်းပန်လာလျှင်လည်း ခွင့်လွတ်ပေးခြင်းများဖြင့် အကြောင်းဆုံ၍ ပေါင်းဆုံကြသည့် အမျိုးများအပေါ် အကောင်းဆုံးမျှော်ကာ ပေါင်းဖော်ကြပါဟု အလေးဂရု တိုက်တွန်းမှု ပြုလိုက်ရပါ၏။ အားလုံး အမျက်ပြေ၍ အခက်ဝေနိုင်ကြပါစေ…

Read more »

ရချင်ရင် ပေးပါ



မပေးဘဲ မရချင်ပါနဲ့။ ကိုယ်ကရချင်ရင် ကိုယ်ကအရင် ပေးပြရမှာ ဖြစ်ပါတယ်။ ပေးရတယ်ဆိုတဲ့ စကားက ပေးရင် ရတယ်ဆိုတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ အဲဒီလို ပေးလိုက်တဲ့အတွက် ရလာတဲ့ အခါမှာလည်း ကိုယ်ပေးလိုက်တဲ့ အရာနဲ့တန်အောင်တော့ ပြန်ရကြတာပဲ ဖြစ်ပါတယ်။ ဒီပေးခြင်းဟာ ပစ္စည်း ဥစ္စာပေးခြင်းမျိုးကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ရုပ်ဝတ္ထု အသွင်အပြင် အနေအထား အားလုံးနဲ့ သက်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ကိုယ်ဘာလိုချင်လဲဆိုတာ ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး ကိုယ်က အပြုံးလိုချင်ရင် ကိုယ်ကအရင် ပြုံးပြရမှာဖြစ်သလို ကိုယ်က အကောင်းကြားချင်ရင်လည်း ကိုယ်ကအရင် အကောင်းပြောပြရမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ကိုယ့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ရင် ကိုယ်ကအရင် အကောင်းဆုံးဖြစ်အောင် ပြုမူနေထိုင် ဆက်ဆံပြရမှာ ဖြစ်ပါတယ်။ 

အဲ… အဲဒီလို ကိုယ်ကောင်းရဲ့သားနဲ့ သူကမကောင်းဘူးဆိုရင်တော့ ဒါဟာ သူ့အကြောင်းပဲ ဖြစ်ပါတယ်။ သူ့အကြောင်းဟာ သူ့အကျိုးပဲ ဖြစ်တဲ့အတွက် သူ့အကျိုးဟာ ကိုယ့်အဆိုးမဖြစ်ဖို့ ကိုယ်ကောင်းအောင် ကိုယ်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ကောင်းချင်ရင် ကိုယ်ပြောင်းပြင်ရမှာ ဖြစ်ပြီး ကိုယ်ကောင်းပြရင်လည်း ကိုယ်ကောင်းရမှာဖြစ်တဲ့အတွက် အကောင်းတွေကို ရချင်ရင် ကိုယ်ကအရင် အကောင်းပေးနိုင်အောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ သေချာတာကတော့ စေတနာနဲ့ပေးရင် ပေးတာနဲ့အမျှ ရနေကြမှာပဲ ဖြစ်ပါတယ်။ 

Read more »

တော်သလင်းလပြည့်နေ့ (သို့) ဂရုဓမ္မအခါတော်နေ့


မြန်မာတို့ရဲ့ လ ၁၂လကို ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များနဲ့ ထူးခြားစွာ သတ်မှတ်ထားကြရာမှာ တော်သလင်းလရဲ့ လပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့အဖြစ် သတ်မှတ်ချက်ဟာလည်း တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တော်သလင်းလပြည့်နေ့ ဖြစ်တဲ့ ဒီနေ့ကို ဘာသာရေးဆိုင်ရာ နေ့အဖြစ် ဂရုဓမ္မ အခါတော်နေ့လို့ ပြောဆိုသုံးနှုန်းကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေထဲက ကုရုဓမ္မဇာတကကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့လို့ သတ်မှတ်ကြခြင်းဖြစ်ပါတယ်။ မူရင်းစကားမှာ ကုရုဓမ္မဖြစ်ပြီး နောက်ပိုင်းဝေါဟာရ အပြောင်းအလဲတစ်ခု အနေနဲ့ ဂရုဓမ္မလို့ ပြောဆိုကြခြင်း ဖြစ်ပါတယ်။

အဋ္ဌကထာများမှာတော့ ကုရုတိုင်းသားတို့ ကျင့်သုံးတဲ့ တရားဖြစ်တဲ့အတွက် ကုရုဓမ္မလို့ ဆိုခြင်းဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကုရုဓမ္မခေါ် ဂရုဓမ္မဆိုတာ ပဉ္စသီလ ခေါ် ငါးပါးသီလကို ဆိုခြင်းပဲ ဖြစ်ပါတယ်။ အတိတ်ဘ၀တစ်ခုမှာ ဘုရားလောင်းဟာ ဣန္ဒပတ္တနဂိုရ်ပြည်ရဲ့ ကောရဗျဘုရင်အဖြစ် အုပ်ချုပ်စဉ်အခါက တိုင်းပြည်တစ်ပြည်လုံးကို ငါးပါးသီလစောင့်ထိန်းဖို့ ညွှန်ကြားပြီး သီလတရားနဲ့ ပြည့်စုံစေပါတယ်။ တစ်တိုင်းပြည်လုံး ပဉ္စသီလကို လုံခြုံအောင် စောင့်ထိန်းကြတဲ့အတွက် အဲဒီတိုင်းပြည်မှာ မိုးလေ၀သ မှန်ကန်ပြီး ကောက်ပဲသီးနှံနဲ့ ဆန်ရေစပါး ပေါများကာ တိုင်းသူပြည်သားတွေဟာ အေးအေးချမ်းချမ်း ငြိမ်းချမ်းတည်ငြိမ်တဲ့အပြင် သီလလုံခြုံကြတဲ့အတွက် အသက်ရှည်ပြီး ရောဂါဘယများလည်း ကင်းဝေးကြပါတယ်။ အဲဒီအချိန်မှာ တစ်ဘက်မှာရှိတဲ့ ကာလိင်္ဂမင်း အုပ်ချုပ်တဲ့ ဒန္တပူရပြည်မှာတော့ မိုးခေါင်ရေရှားဖြစ်ကာ ဆန်ရေစပါးရှားပါပြီး တိုင်းသူပြည်သားတွေဟာလည်း ဒုက္ခအမျိုးမျိုး ကြုံနေရပါတယ်။ ဒီတော့ ကလိင်္ဂမင်းဟာ ကောရဗျမင်းရဲ့ တိုင်းပြည်အခြေအနေကို စုံစမ်းပြီး ကောရဗျမင်း ကျင့်သုံးတဲ့ ကုရုဓမ္မကို လိုက်နာကျင့်သုံးစေကာ မိမိတိုင်းသူပြည်သားတွေကိုလည်း သီလနဲ့ ပြည့်စုံစေပါတယ်။ ဒီလို ကုရုဓမ္မကို ကျင့်သုံးတဲ့အတွက် ကလိင်္ဂမင်းရဲ့ တိုင်းပြည်မှာလည်း မိုးလေ၀သမှန်ကန်ကာ တိုင်းပြည်လည်း ငြိမ်းချမ်းသာယာ လာခဲ့ပါတယ်။ ဒါဟာ ကရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံစောင့်ထိန်းစေလို့ပဲ ဖြစ်ပါတယ်။ ဒါက ကုရုဓမ္မဇာတ်တော်ရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်ကို အကြောင်းပြုပြီး မြန်မာဗုဒ္ဓဘာသာများဟာလည်း ဆန်ရေစပါး စိုက်ပျိုးရာဖြစ်တဲ့ မိုးရာသီရဲ့ တော်သလင်းလမှာ မိုးလေ၀သ မှန်ကန်စေဖို့နဲ့ ဗုဒ္ဓဘာသာတွေ အနေနဲ့ ဂရုဓမ္မခေါ် ငါးပါးသီလကို အလေးထားပြီး စောင့်ထိန်းစေဖို့ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ အဖြစ် နေ့ထူးနေ့မြတ်တစ်ခု သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက အရေးကြီးဆုံး တရားက ဂရုဓမ္မ တရားပဲ ဖြစ်ပါတယ်။ ငါးပါးသီလရဲ့ အစွမ်းထက်မြက်မှုပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း အနည်းဆုံး သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တာ၊ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်တာ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုများမှ ရှောင်ကြဉ်တာ၊ လိမ်ညာပြောဆိုတာတွေမှ ရှောင်ကြဉ်တာ၊ အရက်သေစာ မူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာတွေမှ ရှောင်ကြဉ်တာတွေကို ပျောက်ပြက်မှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ကြမယ်ဆိုရင် တစ်ဦးချင်းရဲ့ စိတ်အစဉ်မှာ ငြိမ်းချမ်းနေပြီး အချင်းချင်း နှိပ်စက်ခြင်းတွေ ကင်းနေကြမှာ ဖြစ်ပါတယ်။ တစ်ခုချင်းရဲ့ စိတ်အစဉ်မှာ သီလတွေနဲ့ ထိန်းသိမ်းလို့ ငြိမ်းနေကြမယ်ဆိုရင် အဲဒီနိုင်ငံ၊ အဲဒီလူမျိုးတွေကို စောင့်ရှောက်ကြတဲ့ နတ်ဒေ၀တာတွေဟာလည်း စောင့်ရှောက်မှု အားကောင်းပြီး အဆိုးတွေမဖြစ်အောင် မစကြမှာဖြစ်ပါတယ်။ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များရဲ့ အစောင့်အရှောက်ကို ခံကြရတဲ့ တိုင်းပြည်ဟာ မိုးလေ၀သ ရာသီဥတုမှအစ ကောင်းမွန်မှန်ကန်ပြီး ရာသီဥတု မှန်တဲ့အတွက် စိုက်ပျိုးရတဲ့ သီးနှံစပါးဟာလည်း ဖွံ့ဖြိုးတိုးတက်ကာ စားဝတ်နေရေးမှ အစ အစစအရာရာ ငြိမ်းချမ်းသာယာ နေကြမှာ ဖြစ်ပါတယ်။ ဒါဟာ အခြေခံဖြစ်တဲ့ ဂရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းနေထိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက အရာရာဟာ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောရှိတဲ့အတွက် အကြောင်းကောင်းရင် အကျိုးလည်းကောင်းမှာဖြစ်လို့ အကျိုးပေးကောင်းချင်သူတွေ အနေနဲ့ အကြောင်းကောင်းအောင် လုပ်ကြဖို့နဲ့ တစ်ဦးချင်းရဲ့ အကြောင်းတွေ ကောင်းနေရင် တစ်ဦးချင်းရဲ့ အကျိုးလည်းကောင်းနေပြီး အကြောင်းကောင်းသူ တစ်ဦးချင်း ပေါင်းထားတဲ့ အများဟာလည်း အကျိုးကောင်းတဲ့ အစုအဖွဲ့ ဖြစ်လာမှာဖြစ်ကာ အစုအဖွဲ့များနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာကြီးဟာလည်း ငြိမ်းချမ်းသာယာ တိုးတက်ဝပြောနေမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အကြောင်းကောင်းဆိုတဲ့ ဂရုဓမ္မလို တရားများကို ကြိုးစားကျင့်ကြံနေထိုင်ခြင်းဖြင့် အကျိုးကောင်းအောင် အားထုတ်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။ ဂရုဓမ္မခေါ် ငါးပါးသီလကို အခြေခံ အဆင့်အနေနဲ့ တည်တံ့အောင် ကြိုးစားပြီး အမြတ်ဆုံးပန်းတိုင်ကို လှမ်းကိုင်နိုင်အောင် အားထုတ်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အကျင့်တရားတွေ အားနည်းပြီး သီလတရားတွေ လျော့ရဲလာတဲ့ ဒီနေ့လို ခေတ်ကြီးမှာ အများမိုးခါးရေ သောက်လို့ ကိုယ်လည်းလိုက်သောက်တဲ့ ပုံစံမျိုး မဖြစ်စေကြဘဲ အများမလုပ်နိုင်တဲ့ အလုပ်ကို တစ်ဦးချင်း အရင်ကြိုးစား လုပ်ကိုင်ရင်း အများအားဖြစ်လာအောင် အားထုတ်တဲ့အနေနဲ့ လူပဲဖြစ်ဖြစ်၊ ရဟန်းပဲ ဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ အခြေခံအဆင့် သီလများကို လုံခြုံအောင် စောင့်ထိန်းကြဖို့၊ လူတွေအနေနဲ့ တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မ တရားတွေ ထွန်းကားလာအောင် နေ့စဉ်စောင့်ထိန်းရမယ့် ငါးပါးသီလကို လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားကြဖို့၊ ဒီလို တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မတွေ ထွန်းကားလာမယ်ဆိုရင် အဲဒီသူ၊ အဲဒီမိသားစု၊ အဲဒီလူမျိုး၊ အဲဒီတိုင်းပြည်ဟာ အမှန်တကယ် ငြိမ်းချမ်းသာယာ ၀ပြောလာမှာ ဖြစ်လို့ ဘာပဲဖြစ်ဖြစ် အနည်းဆုံး ဒီဂရုဓမ္မကိုတော့ အတတ်နိုင်ဆုံး လုံခြုံကြစေဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။ သေချာတာကတော့ ဂရုဓမ္မတရားတွေ များများထွန်းကားလေ ကမ္ဘာလောကကြီး ငြိမ်းချမ်းလေ ဖြစ်မယ်ဆိုတာ အသေအချာပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါကြောင်း ဂရုဓမ္မအခါတော်နေ့ရဲ့ ထူးခြားမှုတစ်ခုအဖြစ် အသိပေးတင်ပြရင်း ဗုဒ္ဓဘာသာတွေအတွက် အနည်းဆုံး အခြေခံဖြစ်တဲ့ ငါးပါးသီလကို လုံခြုံအောင် ကျင့်သုံးကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ