ဝါတွင်းကာလ အဓိဋ္ဌာန်တစ်ခု ဝင်ကြည့်ကြစို့


လာမည့် ဒုတိယဝါဆိုလပြည့်ကျော် (၁)ရက် (၃-၈-၂၀၁၂)နေ့ဆိုရင် ထေရဝါဒ ရဟန်းသံဃာတော်များရဲ့ ဝါဆိုဝါကပ် ပြုတော်မူရာ ဝါတွင်းကာလ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီနှစ်က ဝါထပ်တဲ့ နှစ်ဖြစ်တဲ့အတွက် ဝါထပ်တဲ့နှစ်တွေမှာဆိုရင် ဓမ္မစကြာ အခါတော်နေ့ကို ပထမဝါဆိုလပြည့်နေ့မှာ မပြုလုပ်ကြဘဲ ဒုတိယဝါဆိုလပြည့်နေကျမှ သတ်မှတ်ပြုလုပ်ကြသလို သံဃာတော်များရဲ့ ဝါဆိုရာ ကာလကိုလည်း ဒုတိယဝါဆိုလပြည့်ကျော် (၁)ရက်နေ့မှ စတင်သတ်မှတ် ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ဒုတိယဝါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်ပြည့်နေ့အထိ (၃)လတာကာလကို သံဃာတော်များရဲ့ ဝါဆိုဝါကပ်ပြုလုပ်တော်မူတဲ့ အခါအတွင်း ဖြစ်တဲ့အတွက် ဝါတွင်းကာလလို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ 

ဝါတွင်းကာလ ရောက်ပြီဆိုရင် မြန်မာဗုဒ္ဓဘာသာတွေဟာ ဘာသာတရားကို အထူးအလေးထားလေ့ရှိပြီး အကုသိုလ် အလုပ်များကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကာ ဥပုသ်ဆောက်တည်ခြင်း၊ တရားနာခြင်း၊ တရားစခန်းဝင်ခြင်း စတဲ့ ကောင်းမှုမျိုးစေ့လေးတွေကို သတ်မှတ်ပြုလုပ်လေ့ ရှိကြပါတယ်။ တစ်ချို့လည်း ဒီဝါတွင်းကာလမှာ ဘယ်လိုနေမယ်၊ ဘယ်လိုထိုင်မယ်၊ ဘာကုသိုလ်လုပ်မယ် စသဖြင့် အဓိဋ္ဌာန် တစ်ခုခုပြုကာ ကိုယ့်ကိုယ်ကို ကုသိုလ်ကောင်းမှုတွေမှာ သတ်မှတ်လုပ်ဆောင်ကြတာတွေလည်း ရှိတတ်ပါတယ်။ ဒီလိုအလုပ်တွေဟာ အလွန်ကောင်းမွန်တဲ့ အလုပ်တွေဖြစ်တဲ့အတွက် တစ်ချို့တစ်ချို့ လုပ်နေကြတာထက်စာရင် ဗုဒ္ဓဘာသာဝင် သူတော်စင်အားလုံး လုပ်နိုင်ကြရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကျန်တဲ့အချိန်တွေ မလုပ်နိုင်တာတောင်မှာ ဝါတွင်းကာလမှာတော့ ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်လေးပြုပြီး လုပ်ကြည့်နိုင်ရင် သိပ်ကောင်းမှာ ဖြစ်ပါတယ်။ 

တကယ်တော့ အဓိဋ္ဌာန်ဆိုတာ အဓိဋ္ဌာနဆိုတဲ့ ပါဠိစကားကို မြန်မာမှု ပြုထားတာဖြစ်ပါတယ်။ အဓိဋ္ဌာနဆိုတာ ဆောက်တည်ခြင်း၊ စိတ်ဆုံးဖြတ်တဲ့အတိုင်း မြဲမြံစွာ ထိန်းသိမ်းခြင်းကို ဆိုတာဖြစ်ပါတယ်။ ဘုရားရှင်တို့ ဖြည့်ကျင့်ရတဲ့ ပါရမီတွေထဲမှာလည်း အဓိဋ္ဌာန ပါရမီဆိုတာ ပါရှိပါတယ်။ ဘုရားလောင်းတို့ ဖြည့်ကျင့်တော်မူတဲ့ ဒီအဓိဋ္ဌာန ပါရမီက အပြစ်ကင်းတဲ့ အရာတွေမှာ စိတ်ကိုဆောက်တည်ခြင်း ဖြစ်ပြီး အဲဒီဆောက်တည်တဲ့ အတိုင်းလည်း မပျက်စီးအောင် ကြိုးကြိုးစားစား ထိန်းသိမ်းနေထိုင်ခြင်းကို ရည်ညွန်းပါတယ်။ ဒါက ပါရမီမြောက် ဖြည့်ကျင့်တဲ့ သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ သာမန်ပုဂ္ဂိုလ်တွေ အနေနဲ့လည်း ပါရမီမြောက်တဲ့ အထိ မဖြည့်ကျင့်နိုင်တာတောင်မှ တစ်နှစ်မှာ အနည်းဆုံး တစ်ခါလောက်တော့ အဓိဋ္ဌာန်လေးတွေ ၀င်ကြည့်သင့်ပါတယ်။ ပါရမီမြောက်တာ မမြောက်တာ အသာထား ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ကို ကောင်းတဲ့အရာလေး တစ်ခုအပေါ်မှာ မြဲမြံအောင် ဆောက်တည်ထားနိုင်ရင် ဒါဟာ ထူးခြားတဲ့ ကုသိုလ်တစ်ခု ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကျန်တဲ့အချိန်တွေမှာ မအားလပ်လို့ မလုပ်နိုင်ဘူး ဆိုရင်တောင်မှ ၀ါတွင်းကာလ အဓိဋ္ဌာန်လေး တစ်ခုလောက်တော့ ၀င်ကြည့်ကြပါလို့ ဆိုချင်တာ ဖြစ်ပါတယ်။

မကောင်းတဲ့အလုပ်ဆိုရင် အချိန်မရွေး အလွယ်တကူ လုပ်တတ်ကြပေမယ့် ကောင်းတဲ့အလုပ်ကိုတော့ တစ်ခုခုနဲ့ အားပြုတိုက်တွန်းပေးမှ လုပ်တတ်ကြတဲ့ ပုထုဇဉ်တွေ အနေနဲ့ ဒီလို ကာလသတ်မှတ်ပြီး လုပ်ရတဲ့ ကုသိုလ်မျိုးတွေကို အဓိဋ္ဌာန်ဆိုတဲ့ သတ်မှတ်ချက်လေးတစ်ခုနဲ့ ကိုယ့်ကိုယ်ကို ပြဋ္ဌာန်းပြီး လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ပြဋ္ဌာန်းသတ်မှတ်ချက်တွေကို အစွဲမရှိဘဲ ကျော်လွှားနိုင်အောင် ကြိုးစားဖို့လိုပေမယ့် မကောင်းမှုတွေမှာ ပျော်တတ်တဲ့ ပုထုဇဉ်တွေ အနေနဲ့တော့ ကုသိုလ်တစ်ခုခု လုပ်နိုင်ဖို့ သတ်မှတ်ပြဋ္ဌာန်းချက် လေးတွေတော့ လိုနေတတ်ပါတယ်။ ဒါကြောင့် အဓိဋ္ဌာန်ဝင်ကြည့်ဖို့ သတ်မှတ်ကြည့်တာ ဖြစ်ပါတယ်။

ကုသိုလ်ကောင်းမှုတွေကို နေ့စဉ်တစ်ခုလောက်တော့ မပြတ်အောင် သတ်မှတ်ပြီး လုပ်မယ်လို့ အဓိဋ္ဌာန်ဝင်ကာ လုပ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပေမယ့် အဲဒီလို မလုပ်နိုင်သေးတဲ့ သူတွေအတွက်တော့ အရင်ဆုံး ၀ါတွင်းကာလလေးကိုတော့ သတ်မှတ်ပိုင်းခြားပြီး လုပ်ကြည့်ကြဖို့ လိုပါတယ်။ ၀ါတွင်းကာလ ()လလုံးမှာလည်း နေ့တိုင်းမလုပ်နိုင်သေးဘူး ဆိုရင်တော့ တစ်လမှာ လေးရက်ပဲ ရှိတဲ့ ဥပုသ်နေ့လေးတွေမှာတော့ ဥပုသ်သီလကို မဖြစ်မနေ စောင့်ထိန်းပြီး နေမယ်ဆိုတဲ့ အဓိဋ္ဌာန်လေး တစ်ခုလောက်တော့ လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဥပုသ်နေ့မှာ ဥပုသ်စောင့်ပြီးရင် ပြီးရောဆိုပြီး ကျန်တဲ့နေ့တွေမှာ လုပ်ချင်ရာလုပ်ဖို့တော့ မဟုတ်ပါဘူး။ ကျန်တဲ့နေ့တွေမှာလည်း ငါးပါးသီလကတော့ လုံနေရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ၀ါတွင်းကာလ ဥပုသ်နေတွေမှာတော့ ဥပုသ်သီလကို ဘယ်လိုပဲ ဖြစ်ဖြစ် စောင့်ဖြစ်အောင် စောင့်ထိန်းမယ်ဆိုတဲ့ အဓိဋ္ဌာန်တစ်ခုတော့ ၀င်ကြည့်ကြဖို့ ပြည်တွင်းပြည်ပမှာ ရှိတဲ့ မြန်မာဗုဒ္ဓဘာသာများကို တိုက်တွန်းလိုပါတယ်။

အရှင်ဘုရားတပည့်တော်တို့က အလုပ်မအားတော့ ဘုန်းကြီးကျောင်းလည်း မသွားနိုင်ဘူး၊ ဘုန်းကြီးဆီမှာလည်း ဥပုသ်သီလ မယူနိုင်ဘူးလို့ အကြောင်းတော့ မပြပါနဲ့ဦး။ ဥပုသ်သီလကို ကိုယ့်ခေါင်းရင်းမှာ ဘုရားရှင်ရှိနေသလို အာရုံပြုပြီး ကိုယ့်ဖာသာကိုယ် ဆောက်တည်လို့ ရနိုင်တာဖြစ်လို့ ဒီအတွက် ပူစရာ မရှိပါဘူး။ တစ်ချို့က တပည့်တော်တို့က ညပိုင်းအလုပ်တွေ လုပ်နေရတော့ အစားစားရတာ အဆင်မပြေဘူး ဆိုရင်လည်း ဒီဥပုသ်နေ့တစ်နေ့ အတွက်တော့ ကိုယ့်ဖာသာကို မွန်းတည့် ၁၂နာရီ မကျော်ခင် အဆင်ပြေသလို စားနိုင်အောင် ကြိုးစားသင့်ပါတယ်။ တစ်နေ့မှာ ညစာတစ်နပ်မစားလို့တော့ ချက်ချင်း မသေနိုင်လောက်ပါဘူး။ သေသွားလည်း ဥပုသ်စောင့်တဲ့ အဓိဋ္ဌာန်နဲ့ သေသွားတာဆိုတော့ ကောင်းရာ သုဂတိတော့ ရောက်စေမှာ အမှန်ပါပဲ။ ကျန်းမာရေးအရ ဘယ်လိုမှ မစားလို့ မဖြစ်ဘူးဆိုရင်တော့ ဆေးအဖြစ် တစ်ခုခုကို ဖန်တီးစားသောက်ကြည့်နိုင်ပါတယ်။ ဥပမာ သပြေသီး၊ သရက်သီး၊ ငှက်ပျောသီးတွေကို ကြေညက်အောင်ဖျော်ပြီး ဖျော်ရည်အဖြစ် သောက်တာမျိုး စသဖြင့်ပေါ့။ ကျန်းမာရေး မကောင်းပေမယ့် ဝေဒနာကို သီးခံနိုင်လို့ မသောက်ဘဲ နေနိုင်တယ်ဆိုရင်တော့ ဒါဟာ အမတန်ကောင်းတဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။

ဆိုလိုတာက ၀ါတွင်းကာလ ဥပုသ်နေ့တစ်ရက်လောက်တော့ ဥပုသ်သီလစောင့်ထိန်းခြင်း အဓိဋ္ဌာန် တစ်ခုကို ကြိုးစားပြီး လုပ်ကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီကောင်းတဲ့ အဓိဋ္ဌာန် တစ်ခုဟာ တစ်ခါတစ်လေ ဘ၀မှာ အခက်အခဲတွေနဲ့ ကြုံတဲ့အခါ ကိုယ်ကိုယ်ကို သစ္စာဆိုပြီး ကျော်လွှားနိုင်တဲ့အထိ အားအင်ကို ဖြစ်စေနိုင်သလို ဘ၀တစ်လျှောက်မှာ ဒီအချိန် ဒီကာလတုန်းက ဒီလိုအလုပ်တွေ လုပ်ခဲ့တယ်ဆိုတာ ကိုယ့်သမိုင်းကိုယ် သံသယကင်းစေ၊ ကိုယ်ကိုယ်ကို အားခွန်တွေ ပေးစေ၊ ယုံကြည်မှုတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ ဥပုသ်နေ့ တစ်ရက်လောက်တော့ သူများအသတ်သတ်တာ၊ သူများပစ္စည်းခိုးတာ၊ မေထုန်ကိစ္စမှီဝဲတာ၊ မုသားပြောတာ၊ အရက်သေစာမူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာ၊ နေလွဲညစားစာတာ၊ ဆိုကရေးတီးခြင်း ကြည့်ရှုနားထောင်ခြင်းနဲ့ အမွေးနံ့သာ သုံးဆောင်မှီဝဲတာ၊ ကိလေသာဖြစ်စေနိုင်တဲ့ နူးညံ့ပျော့ပြောင်းပြီး မြင့်မြတ်တဲ့ နေရာတွေမှာ နေထိုင်အသုံးပြုတာ တွေကနေ ရှောင်ကြဉ်ပြီး နေမယ်ဆိုတဲ့ အဓိဋ္ဌာန်လေးနဲ့ မပျက်အောင် ကြိုးစားနေနိုင်မယ်ဆိုရင် ဒါဟာ ကိုယ့်အတွက် အောင်မြင်တဲ့ အဓိဋ္ဌာန်တစ်ခု ဖြစ်သလို ဒီအလုပ်လေးကို တွေးတိုင်းတွေးတိုင်း အားခွန်တွေနဲ့ ကုသိုလ်ပီတိတွေ တိုးနေစေမှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခုခုလိုချင်လို့ တစ်ခုခုရချင်လို့ စတဲ့ လိုချင်တပ်မက်တဲ့ လောဘနဲ့ ကိုးန၀င်း မိုးလင်းမှ သိမယ်ဆိုတဲ့ လောကီအကျိုးကို မျှော်ကိုးတဲ့ အဓိဋ္ဌာန်မျိုး မဖြစ်ဖို့လိုပြီး ကုသိုလ်ရလိုတဲ့ စိတ်နဲ့ မကောင်းမှု မလုပ်ဖြစ်အောင် သီလနဲ့ ထိန်းလိုတဲ့ သဘောနဲ့ ဘာမျှော်လင့်ချက်မှ မပါဘဲ ဆောက်တည်တဲ့ သီလအဓိဋ္ဌာန်မျိုး ဖြစ်အောင် ကြိုးစားဖို့လိုပါတယ်။ ဒါမှသာ ဥပုသ်စောင့်ခြင်းဆိုတဲ့ အဓိဋ္ဌာန်ရဲ့ အဓိပ္ပါယ်လည်း အပြည့်အ၀ အနှစ်သာရ ရှိမှာ ဖြစ်ပါတယ်။ မျှော်လင့်ချက်ပါပြီး လုပ်တဲ့အလုပ်မှန်သမျှ အကျိုးတရား အပြည့်အ၀ မရတတ်တာကို သတိပြုဆင်ခြင်ပြီး ဘာလိုလို့ ဘာလုပ်တဲ့ သဘောမျိုး မဖြစ်စေတဲ့ အဓိဋ္ဌာန်မျိုး ဖြစ်အောင် ကြိုးစားသင့်ပါတယ်။

ပြောချင်တာက သတ်မှတ်ချက်ပါမှ ကောင်းတဲ့အလုပ်ကို လုပ်တတ်ကြတဲ့ ပုထုဇဉ်တွေရဲ့ သဘာဝအတိုင်း မျှော်လင့်ချက်မပါတဲ့ သတ်မှတ်ချက်လေးတစ်ခု အနေဖြင့် ဥပုသ်သီလ စောင့်သုံးခြင်းဆိုတဲ့ အဓိဋ္ဌာန်လေးတစ်ခုကို စမ်းပြီးလုပ်ကြည့်ကြဖို့ ပြောချင်တာပါ။ လောကမှာ ဥပုသ်မစောင့်ဖူးတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိနေတဲ့အတွက် မစောင့်ဖူးသေးတဲ့ သူတွေအနေနဲ့ ဥပုသ်လည်းစောင့်ရင်း အဓိဋ္ဌာန်လည်းဝင်ရင်း၊ တစ်နည်းအားဖြင့် ဥပုသ်စောင့်နိုင်အောင် အဓိဋ္ဌာန်ဝင်ခြင်းဖြင့် ကြိုးစားကြည့်ခြင်းကို စမ်းပြီးလုပ်ကြည့်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ ဒီလိုသာ အဓိဋ္ဌာန်လေး ၀င်ကြည့်နိုင်မယ်ဆိုရင် ကိုယ်ကမမျှော်လင့်ပေမယ့် ကိုယ်လုပ်တဲ့ ကောင်းတဲ့ကံရဲ့ အကျိုးပေးမှုကတော့ သူ့အလုပ်သူလုပ်လာမှာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ကတော့ ကောင်းတဲ့အလုပ်ကို လုပ်နေဖို့ပဲ လိုပါတယ်။

ဒါကြောင့် ဘ၀မှာ တစ်ခါလောက်တော့ အဓိဋ္ဌာန်လေး ၀င်ကြည့်ချင်တဲ့ သူတွေအနေနဲ့ အခွင့်အရေး တစ်ခုအဖြစ် ဒီနှစ်ဝါတွင်း ဥပုသ်နေ့တွေမှာ ဥပုသ်သီလကို မပျက်အောင် စောင့်ထိန်းမယ်ဆိုတဲ့ အဓိဋ္ဌာန်လေးကို ၀င်ကြည့်ကြဖို့ အကြံပြု တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ လက်တွေ့ကျင့်ရင် လက်တွေ့အကျိုး ရစေနိုင်တဲ့ တရားတော်ရဲ့ ဂုဏ်တော်အစွမ်းကို ကိုယ်ကိုယ်တိုင် ဒိဋ္ဌမျက်မြင် သိမြင်လိုသူတွေ အနေနဲ့ ကိုယ်ကိုယ်တိုင် လက်တွေလုပ်ဆောင် ကြည့်ခြင်းဖြင့် အဓိဋ္ဌာန်တစ်ခု ၀င်ကြည့်ကြဖို့ တိုက်တွန်းရင်း ဒီနှစ်ဝါတွင်းကာလာ ဥပုသ်နေ့များကို ဖော်ပြလိုက်ပါတယ်။ အားလုံး မျှော်လင့်ချက်မပါတဲ့ ကုသိုလ်စိတ်နဲ့ အဓိဋ္ဌာန်လေးတွေ ၀င်နိုင်ကြပါစေ

၁။ ဒုတိယဝါဆို လပြည့် ဓမ္မစကြာ အခါတော်နေ့၊ ကြာသပတေးနေ့ (2-8-2012)
၂။ ဒုတိယဝါဆို လပြည့်ကျော် (၈)ရက်၊ သောကြာနေ့ (10-8-2012)
၃။ ဒုတိယဝါဆို လကွယ်နေ့၊ သောကြာနေ့ (17-8-2012)
၎။ ဝါခေါင် လဆန်း (၈)ရက်၊ စနေနေ့ (25-8-2012)
၅။ ဝါခေါင် လပြည့်နေ့၊ စနေနေ့ (1-9-2012)
၆။ ဝါခေါင် လပြည့်ကျော် (၈)ရက်၊ တနင်္ဂနွေနေ့ (9-9-2012)
၇။ ဝါခေါင် လကွယ်နေ့၊ စနေနေ့ (15-9-2012)
၈။ တော်သလင်း လဆန်း (၈)ရက်၊ တနင်္ဂနွေနေ့ (23-9-2012)
၉။ တော်သလင်း လပြည့်နေ့၊ တနင်္ဂနွေနေ့ (30-9-2012)
၁၀။ တော်သလင်း လဆန်း (၈)ရက်၊ တနင်္လာနေ့ (8-10-2012)
၁၁။ တော်သလင်း လကွယ်နေ့၊ တနင်္လာနေ့ (15-10-2012)
၁၂။ သီတင်းကျွတ် လဆန်း (၈)ရက်၊ အင်္ဂါနေ့ (23-10-2012)
၁၃။ သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့၊ အင်္ဂါနေ့ (30-10-2012)

Read more »

ဘက်လိုက်ခြင်း


အချစ်အမုန်းကို ဦးစားပေးရင် ဘက်လိုက်မှုတွေ ဖြစ်တတ်တယ်တဲ့။ 

ဘက်လိုက်တာကို စာလိုပြောတော့ အဂတိလို့ ပြောပါတယ်။ မလိုက်သင့်တဲ့ဘက်ကိုလိုက်ခြင်း၊ မပြုသင့်တာကို ပြုခြင်းလို့ ဆိုပါတယ်။ အဂတိတရားတွေကို ကြည့်ရင်



၁။ ဆန္ဒာဂတိ = ချစ်တဲ့အတွက် အဂတိလိုက်ခြင်း
၂။ ဒေါသာဂတိ = မုန်းတဲ့အတွက် အဂတိလိုက်ခြင်း
၃။ မောဟာဂတိ = အမှားအမှန်ကိုမသိ၊ ဆင်ခြင်တုံတရားမရှိတဲ့အတွက် အဂတိလိုက်ခြင်း
၎။ ဘယာဂတိ = ကြောက်တဲ့အတွက် အဂတိလိုက်ခြင်း ဆိုတဲ့ ဒီလေးပါးကို တွေ့ရမှာ ဖြစ်ပါတယ်။ 

ဒီအဂတိ တရားတွေဟာ ယေဘုယျအားဖြင့် အချစ်အမုန်းကိုပဲ အခြေခံပြီး ဖြစ်လေ့ရှိတာကို တွေ့ရတတ်ပါတယ်။ ချစ်ရင်လည်း ဘက်လိုက်တတ်သလို မုန်းရင်လည်းပဲ ဘက်လိုက်တတ်ပါတယ်။ တစ်ချို့လည်း အချစ်အမုန်းကြောင့် မဟုတ်ပေမယ့် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်ကို မခွဲခြားတတ်တဲ့အတွက် ဘက်လိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ချို့ကျတော့ မလွန်ဆန်နိုင်တဲ့ အကြောက်တရားကြောင့်လည်း ဘက်လိုက်တဲ့ သဘောရှိပါတယ်။ ပုထုဇဉ်တွေဟာ တကယ်တမ်းကျတော့ အလွန်ကြောက်တတ်တဲ့ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ ကြောက်တယ်ဆိုတာကလည်း သီလမလုံခြုံလို့ ကြောက်ကြတာပဲ ဖြစ်ပါတယ်။ သီလလုံခြုံနေတဲ့သူဟာ မဟုတ်တာ ဘာမှ မလုပ်ထားတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေပြီး အပြစ်ကင်းတဲ့ သူတစ်ယောက် ဖြစ်နေတဲ့အတွက် ကြောက်စိတ်ဆိုတာလည်း မရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကြောက်တရားကင်းအောင်၊ အဂတိတရား ကင်းအောင် ကိုယ်ကျင့်သီလလုံကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

စာပေအဖွင့်တွေမှာ အဂတိတရား လိုက်ခြင်း မလိုက်ခြင်းရဲ့ အကျိုးအပြစ်နဲ့ ပတ်သက်ပြီး
“အဂတိတရား လေးပါးကို လိုက်စားပြုကျင့်သူသည် လဆုတ်အခါ လမင်း၏ အရောင်အဝါသည် တနေ့တခြား လျော့ပါး ဆုတ်ယုတ် သကဲ့သို့ စည်းစိမ် ဥစ္စာနှင့်တကွ ဂုဏ်ကျေးဇူး ကျော်စောခြင်းတို့သည် လျော့ပါး ဆုတ်ယုတ်တတ်လေသည်။
အဂတိတရား လေးပါးကို မလိုက်စား မပြုကျင့်သူသည် လဆန်းအခါ၌ လမင်း၏ အရောင်အဝါသည် တနေ့တခြား ထွန်းလင်း တောက်ပသကဲ့သို့ ကျက်သရေ ၊ ဂုဏ်သိန် ၊ စည်းစိမ်ဥစ္စာတို့သည် တနေ့တခြား ကျော်ကြားတိုးတက် ပေါ်လွင်ထင်ရှား လေသည်။” လို့ ဖွင့်ဆိုရှင်းပြထားတာကို တွေ့ရပါတယ်။ 

ဆိုတော့ကား ဘက်လိုက်တတ်ရင် အဂတိတရား ကျူးလွန်ရာ ရောက်တဲ့အပြင် ကိုယ့်အကျိုးတရားတွေလည်း ဆုတ်ယုတ်တတ်တဲ့အတွက် ဘက်လိုက်မှုနဲ့ အကြောက်တရားမှ ကင်းဝေးရအောင် ကိုယ့်ကျင့်တရားကောင်းအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ 

Read more »

ဘဝထဲမှာ ဓမ္မတွဲပါ


ဘဝမှာ ဓမ္မမပါရင်
အလှဆိုတာ ခဏပါပဲ။


အငယ်တွေလည်း ဘဝထဲမှာ ဓမ္မတွဲမှ

အလတ်တွေလည်း ဘဝအဖြာဖြာမှာ ဓမ္မပါမှ

အကြီးတွေလည်း ဘဝအဆုံး ဓမ္မသုံးမှ
တွေ့ကြုံလာရ တက်အကျနဲ့

အကောင်းအဆိုး ကြောင်းအကျိုးကို

ဓမ္မစကား၊ ဓမ္မအားနဲ့

အလှတရား ရသွားစေမှာ အမှန်ပါပဲ။
တွေကာမနှေး အသေအချာတွေးရင်

ဓမ္မဆိုတာ အကျင့်သိက္ခာ အဖြာဖြာနဲ့

အသိသတိ ထပ်တူရှိမယ့်

အဆင့်မခွဲ အကျင့်မြဲရေးပါပဲ။

ဒါကြောင့်...

အစနဲ့အဆုံး
ဘဝတစ်ခုလုံးမှာ
အလှတွေဖုံးစေဖို့

ခဏမကြည့် ဓမ္မနဲ့ညှိပြီး

အသိအကျင့် ထပ်တူဆင့်လျက်

ဘဝထဲမှာ ဓမ္မတွဲကာ

လိုရာပန်းတိုင် သင်ဆွဲကိုင်လော့။ ။
(မနာပဒါယီ ဆရာတော်)

ဘဝမှာ လူတိုင်းမလွဲမသွေ ကြုံတွေ့နေရမှာက အကောင်းအဆိုး၊ အတက်အကျ၊ အနိမ့်အမြင့် စတဲ့ လောကဓံပဲ ဖြစ်ပါတယ်။ ဒီတရားဟာ လူတိုင်းရှောင်လို့မရ တွေ့ကိုတွေ့ကြရမယ့် တရားဖြစ်တဲ့အတွက် လောကဓမ္မလို့ ဆိုတာဖြစ်ပါတယ်။ ဘဝမှာ ဘာမှပုံသတ်တွက်လို့ မရဘူးဆိုတာဟာလည်း အမြဲပြောင်းလဲနေတဲ့ ဒီလောကဓံတရားတွေရဲ့  ပုံဖော်မှု သင်္ကေတတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပေါလိုက်မပေါလိုက်၊ အသိုင်းအဝိုင်းစုံလိုက် မစုံလိုက်၊ ဂုဏ်ဖော်ခံလိုက် မခံလိုက်၊ ချမ်းသာလိုက်ဆင်းရဲလိုက်နဲ့ အကောင်းတွေရော အဆိုးတွေပါ တစ်မျိုးပြီးတစ်မျိုး ကြုံနေကြရတာ ဖြစ်ပါတယ်။ ဘယ်သူမဆို အားလုံးဟာ အနည်းနဲ့အများ ဒီလို အတက်အကျလေးတွေ ရှိနေကြတာဖြစ်တဲ့အတွက် လောကဓံဆိုတာဟာ သတ္တဝါတွေအတွက် အထူးအဆန်း ဖြစ်တဲ့ တရားမဟုတ်ပါဘူး။ အဲထူးဆန်းသွားတာကတော့ အဲဒီအပြောင်းအလဲတွေ အပေါ်မှာ မတုန်မလှုပ် ခံနိုင်ရည်ရှိအောင် ကြိုးစားနေထိုင်သွားနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ပြောင်းလဲနေတဲ့ အပြောင်းအလဲတွေမှာ ခံနိုင်ရည်ရှိဖို့အတွက် သတ္တဝါတိုင်း သတ္တဝါတိုင်း ကိုယ့်သန္တာန်မှာ ကိုယ်ခံစွမ်းအားတွေ၊ အပြောင်းအလဲကို ရင်ဆိုင်နိုင်တဲ့ အထောက်အပံ့ကောင်းတွေ၊ နည်းစနစ်တွေ ရှိထားကြဖို့ လိုပါတယ်။ အချိန်မရွေး ကြုံတွေ့နိုင်တဲ့ အတက်အကျ၊ အနိမ့်အမြင့် သဘောတွေမှာ ဖြေဆည်နိုင်တတ်တဲ့ ဖြေဆည်ရာကောင်းတွေ ရှိထားကြဖို့လည်း လိုပါတယ်။ ဖြေစရာကောင်း မရှိဘူးဆိုရင် ဒုက္ခကြုံတဲ့အခါ လွဲမှားတဲ့ ဖြေဆည်ရာနောက်ကို လိုက်မိတတ်ပြီး အဲဒီ အမှားကြောင့် ပိုပြီး ဒုက္ခက တိုးစေတတ်ပါတယ်။ တစ်ချို့ဆိုရင် စိတ်ဖိစီးမှုတွေများ၊ ဒုက္ခတွေများတဲ့အတွက် ပြေရာပြေကြောင်း အရက်သောက်လိုက်တာတို့၊ ကလပ်သွားပြီး ပျော်လိုက်ပါးလိုက်ကြတာတို့ လုပ်ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ဖြေဆည်ရာက လွဲနေတော့ မပြေတဲ့အပြင် ပိုပြီး ဒုက္ခတွေ၊ ပြဿနာတွေနဲ့ ကြုံကြရတာတွေလည်း ရှိတတ်ပါတယ်။ ဒုက္ခဖြစ်လို့ အပြင်ပိုင်း အပျော်တွေနဲ့ ဖြေဆည်ကြပေမယ့် အတွင်းက မပျော်တဲ့အခါကျတော့ ဖြေပေမယ့် မပြေတဲ့ သဘောပဲ ဖြစ်ပါတယ်။

တကယ်တမ်းတော့ ဒုက္ခဖြစ်တယ်၊ ခံစားရတယ်ဆိုတာ စိတ်မှာဖြစ်နေတဲ့ သဘောပဲဖြစ်တဲ့အတွက် ဖြေမယ်ဆိုလည်း စိတ်မှာပြေအောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ စိတ်မှာပြေဖို့ကတော့ စိတ်ခွန်အားကိုဖြစ်စေတဲ့ မှန်ကန်တဲ့ လမ်းညွှန်ချက်နဲ့ပဲ ဖြေလို့ရမှာဖြစ်ပါတယ်။ မှန်ကန်တဲ့ လမ်းစဉ်ဆိုတာ ဗုဒ္ဓဘာသာတွေ အတွက်ကတော့ အမှန်သစ္စာရှင်ဖြစ်တဲ့ ဘုရားရှင်ရဲ့ တရားတွေနဲ့ပဲ ဖြေဆည်ရာ ရကြမှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဓမ္မကပဲ ဘဝအလှကို မကျအောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘဝရဲ့ဒုက္ခကို မြတ်ဗုဒ္ဓရဲ့ နှုတ်ကဖွင့်ဆိုပြတဲ့ ဘဝအမှန်တရားတွေနဲ့ပဲ ရင်ဆိုင်ကျော်လွှားနိုင်ကြမှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဓမ္မကို ဘဝထဲမှာ တွဲထားနိုင်မှ ဘဝဟာလည်း မလွဲယိုင်ကြမှာ ဖြစ်ပါတယ်။

အတော်များများက ဓမ္မလို့ပြောရင် အသက်ကြီးမှ၊ နောက်ဆုံးအရွယ်မှ၊ အိုမင်းမစွမ်းဖြစ်မှ လိုက်စားရမယ့်တရား၊ ကျင့်ကြံအားထုတ်ရမယ့် တရားလို့ ထင်တတ်ကြပါတယ်။ အမှန်တော့ တရားဆိုတာ အရွယ်မရွေး သူ့အရွယ်အလိုက် ဘဝနဲ့ထပ်တူ တွဲပြီးယူသွားရမှာ၊ တွဲပြီးလေ့ကျင့်သွားရမှာ ဖြစ်ပါတယ်။ ငယ်တဲ့သူတွေလည်း ငယ်တဲ့အလျောက်၊ အလယ်အလတ် အရွယ်တွေကလည်း အလည်အလတ်အလျောက်၊ အကြီးတွေကလည်း အကြီးအရွယ်အလျောက် ဓမ္မလမ်းကို တွဲပြီးလျှောက်နိုင်အောင် ဘဝကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ဘဝရဲ့ အခက်အခဲတွေကို ဓမ္မရဲ့ လမ်းညွှန်မှုတွေနဲ့ ရင်ဆိုင်ကျော်လွှားကာ ခံနိုင်ရည် ရှိလာကြမှာ ဖြစ်ပါတယ်။

တစ်ချို့ကလည်း တရားဘက်ကို လိုက်စားတာများသွားရင် လူ့လောကနဲ့ အန်ဝင်ခွင်ကျ မဖြစ်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါဟာ ဘဝထဲမှာ ဓမ္မတွဲပြီး မနေတတ်လို့ပဲ ဖြစ်ပါတယ်။ ဘုရားလက်ထက်ကဆိုရင် (၇)နှစ်အရွယ်လောက်တည်းက သောတာပန်တည်ပြီး အဲဒီ သောတာပန် ဘဝနဲ့ပဲ အိမ်ထောင်သားမွေးပြုကာ လူ့လောက အသိုင်းအဝိုင်းမှာ အကောင်းဆုံး တည်ဆောက်မှုကို ပြုသွားတဲ့သူတွေ အများကြီးရှိခဲ့ပါတယ်။ ဘဝထဲမှာ ဓမ္မတွဲပြီး ဘဝတစ်လျှောက်လုံး ဓမ္မအသိတွေနဲ့ မှန်ကန်တဲ့ ဘဝနေထိုင်မှုတွေ ပြုသွားကြတာလည်း အများကြီးပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့သူတွေ အနေနဲ့ ဝိသာခါ ကျောင်းအမကြီတို့၊ အနာထပိဏ် သူဌေးတို့က သက်သေပဲ ဖြစ်ပါတယ်။ ဓမ္မကို မှန်ကန်အောင် သိရှိလက်ခံပြီး အဲဒီအသိအတိုင်း ဘဝကို အပြစ်ကင်းအောင် တည်ဆောက်နိုင်ရင် ဘဝနဲ့ ဓမ္မဟာ တသားတည်းဖြစ်သွားမှာ ဖြစ်သလို ဓမ္မရဲ့ လမ်းညွန်မှုနဲ့ ဘဝရဲ့ ဒုက္ခကို ခံနိုင်ရည် ရှိလာကြမှာ ဖြစ်ပါတယ်။

တစ်လောက ကိုရီးယား ဒကာကြီး တစ်ယောက်နဲ့တွေ့တော့ သူက သူ့အကြောင်းကို တစ်စိပ်တဒေသကို  ပြောပြဖူးပါတယ်။ သူ့ဘဝမှာ အခက်အခဲပေါင်းစုံ၊ ဒုက္ခပေါင်းစုံနဲ့ လောကဓံပေါင်းစုံကို ခံခဲ့ရတဲ့အကြောင်း၊ ဒီအခက်အခဲ ဒုက္ခတွေကိုလည်း ဖြေဆည်ရာ ပေါင်းစုံနဲ့ ဖြေဆည်ကြည့်ခဲ့ပေမယ့် ဘယ်လိုမှ မပြေခဲ့ကြောင်း၊ မဟာယာန ဗုဒ္ဓဘာသာ ကျမ်းစာတွေနဲ့ တရားကျင့်စဉ်တွေကိုလည်း လိုက်လုပ်ဖြစ်ပေမယ့် စိတ်မှာသိပ်ပြီး ကျေနပ်မှု မရခဲ့ကြောင်း၊ ဒါပေမယ့် လွန်ခဲ့တဲ့ (၃)နှစ်လောက်ကစပြီး ကိုရီးယားလို ဘာသာပြန်ထားတဲ့ ထေရဝါဒ ကျမ်းစာတွေထဲက ဒီဃနိကာယ ကျမ်းစာတွေကို ဖတ်လိုက်ရတော့မှ ဘုရားဟောတွေကို လက်တွေ့နာနေရသလို ခံစားရပြီး အဲဒီ တရားတော်တွေနဲ့ပဲ စိတ်မှာကျေနပ်မှုရကာ ဘဝရဲ့ ဒုက္ခတွေကို အကောင်းဆုံး ရင်ဆိုင်ခံစား ကျော်လွှားနိုင်ခဲ့ကြောင်း၊ ဒါကြောင့် သူ့အတွက်ကတော့ ထေရဝါဒ ဓမ္မတွေဟာ ဘဝနဲ့ တစ်သားတည်း ရှိနေရမယ့်တရား၊ ဘဝထဲမှာ တွဲထားရမယ့် တရားလို့ ခံယူကြောင်း စသဖြင့် လျှောက်ထားဖူးပါတယ်။  

ဒကာကြီးရဲ့  လျှောက်ထားချက်ဟာ သူ့ရဲ့ ကိုယ့်တွေ့ပဲ ဖြစ်ပါတယ်။ ခုချိန်မှာ သူ့ကိုကြည့်ရတာ တည်တည်ငြိမ်ငြိမ် ရှိလှပြီး သူ့မိသားစု၊ သူ့အသိုင်းအဝိုင်းအထိ ဘဝထဲမှာ ဓမ္မတွဲပြီး နေနိုင်အောင် လမ်းညွန်ပေးနေတာကိုလည်း သိရှိရပါတယ်။ ဒီဒကာကြီးဟာ ဒုက္ခကြောင့် ဗုဒ္ဓထံရောက်လာပေမယ့် ဗုဒ္ဓရဲ့စံကြောင့် အမှန်လမ်းကို လျှောက်လာခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲဒါပါပဲ။ ဘုရားရှင်ရဲ့ တရားတော်တွေဟာ ဒုက္ခရောက်လို့ပဲ ကျင့်ကျင့်၊ ချမ်းသာလို့ပဲ ကျင့်ကျင့် မှန်ကန်တဲ့ လမ်းစဉ်အတိုင်းသာ လိုက်နာကျင့်သုံးမယ်ဆိုရင် ဘယ်သူက ဘယ်လိုမျိုးနဲ့ပဲ ချည်းကပ်ပါစေ လက်တွေ့ကျတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါဟာ တရားတော်ရဲ့ ဂုဏ်တော်တွေထဲက သန္ဒိဋ္ဌိကဆိုတဲ့ ကိုယ်တိုင်ဒိဋ္ဌ သိမြင်ခံစားနိုင်ခြင်းဆိုတဲ့ ဂုဏ်တော်ရဲ့ ပုံဖော်မှုတစ်ခုပဲ ဖြစ်ပါတယ်။

တရားတော်ရဲ့ ဂုဏ်တော်တွေထဲမှာ လာပါ လုပ်ကြည့်ပါလို့ ဖိတ်ခေါ်နိုင်တဲ့ ဂုဏ်တော်၊ ကိုယ်တိုင်သိမြင်နိုင်တဲ့ ဂုဏ်တော်၊ လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ရင် ကျင့်သုံးနိုင်သလောက် အကျိုးသက်ရောက်မှုကို ခံစားနိုင်တဲ့ ဂုဏ်တော်၊ ကျင့်ကြံအားထုတ်ဖြစ်ရင် အချိန်မရွေး အကျိုးကို ပေးစွမ်းနိုင်တဲ့ ဂုဏ်တော် စသဖြင့် ဂုဏ်တော် (၆)ပါးအထိ ရှိနေပြီး လက်တွေ့လုပ်တဲ့ သူတွေကိုလည်း လက်တွေ့သက်ရောက်မှုကို ခံစားစေတာလည်း အများကြီးပဲ ရှိနေတာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ကိုယ်တိုင်ပဲ လက်တွေ့ကျအောင် ဘဝထဲမှာ ဓမ္မတွဲပြီး နေထိုင် ကျင့်သုံးဖြစ်ဖို့ပဲ ဖြစ်ပါတယ်။ ဓမ္မဆိုတာကတော့ အဓမ္မရဲ့ ဆန်ကျင့်ဘက်ဖြစ်တဲ့အတွက် မကောင်းတဲ့ ဘက်မှာ ပျော်လေ့ရှိတဲ့ ပုထုဇဉ်တွေ အတွက်တော့ ဘဝထဲမှာ ဓမ္မတွဲဖို့ အတော်လေး ခက်ခဲနေမှာ ဖြစ်ပေမယ့် ဒီအခက်အခဲဆိုတာ လက်တွေ့ကျင့်သုံးပြီး အကျိုးသက်ရောက်မှုကို ရရှိခံစားလာရတဲ့အခါ ပြေပျောက်သွားမှာပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ဘဝဆိုတာဟာ တဒင်္ဂဖြစ်တည်မှု တစ်ခုဖြစ်ပြီး အဲဒီဖြစ်တည်မှုရဲ့နောက်မှာ ပျောက်ပျက်မှု၊ မတည်မြဲမှုဆိုတာ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ရောက်နေတတ်တာ ဖြစ်တဲ့အတွက် ဒီသဘောတွေကို ခံနိုင်ရည်ရှိအောင် လူတိုင်းလူတိုင်းဟာ ဘဝအရှိကို ဓမ္မအသိနဲ့ ညှိနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဘဝထဲမှာ ဓမ္မတွဲထားနိုင်အောင် ကျင့်သုံးကြရမှာ ဖြစ်ပါတယ်။ ငယ်ရွယ်သူတွေလည်း ကိုယ့်အရွယ်နဲ့ အမျှ ဓမ္မကပြတာတွေကို ခံယူကြရမှာ ဖြစ်သလို၊ အလယ်အလတ် ပုဂ္ဂိုလ်တွေလည်း အလတ်ပိုင်းမှာ အမြတ်လှိုင်းတွေ ဖြစ်တဲ့ ဓမ္မပိုင်းတွေ ပါနေအောင် ကြိုးစားနေရမှာ ဖြစ်ပြီး အကြီးတွေ အနေနဲ့ကတော့ ကိလေသာကို အပြီးမသွေ ပယ်နိုင်ရင် အကောင်းဆုံး ဖြစ်ပေမယ့် အဲဒီလောက်အထိ မဖြစ်နိုင်သေးရင်လည်း ဘဝအဆုံးအထိ ဓမ္မသုံးကြည့်ရင်း အရှိမှန်သမျှ သိနိုင်အောင် ကြိုးစားကျင့်ကြံ နေထိုင်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီလို နေထိုင်ခြင်းဟာ အရွယ်သုံးပါးလုံးမှာ ဓမ္မတွဲပြီး နေထိုင်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် တဒင်္ဂဆိုတဲ့ ဘဝမှာ အစနဲ့အဆုံး ဘဝတစ်ခုလုံးမှာ ဓမ္မအသိတွေဖုံးပြီး လိုက်နာကျင့်သုံး နေထိုင်နိုင်မယ်ဆိုရင် လက်တွေ့မှာလည်း အကောင်းအဆိုး၊ အတက်အကျ၊ အနိမ့်အမြင့်စတဲ့ လောကဓမ္မများကို အလွယ်တကူ ရင်ဆိုင်ကျော်လွှား နိုင်မှာဖြစ်ပြီး သံသရာ ဘဝါဘဝတွေမှာလည်း လိုရာပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်တဲ့အတွက် အဖြစ်ဆိုတဲ့ ဘဝလေးမှာ အပျက်ဆိုတဲ့ ဝယလေးကို ပိုင်ဆိုင်ထားကြတဲ့ သတ္တဝါတွေ အနေနဲ့ အဖြစ်အပျက် သဘောမှာ အနှစ်မဲ့တဲ့ သဘောတွေနဲ့ မကြုံမတွေ့ရလေအောင် ကိုယ့်အရွယ်အရ၊ ကိုယ့်အနေအထားအရ၊ ကိုယ့်အခြေအနေအရ ကိုယ့်ရဲ့ဘဝထဲမှာ ဓမ္မတွဲပြီး တည်ဆောက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း ဘဝအရှိကို ဓမ္မအသိနဲ့ ညှိကြည့်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။ 

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ