မဇ္ဈိမလမ်း အကျင့်စွမ်း

“မြင်အောင်ကြည့်ပါ ထင်ယောင်မမိပါနဲ့
သိအောင်တွေးပါ ထိအောင်မတွေးပါနဲ့
မှန်အောင်ပြောပါ ကြံဆောင်မပြောပါနဲ့
ကောင်းအောင်လုပ်ပါ စောင်းအောင်မလုပ်ပါနဲ့
ဖြောင့်အောင်မွေးပါ မှောင့်အောင်မမွေးပါနဲ့
ဟုတ်အောင်ထုတ်ပါ ပုတ်အောင်မထုတ်ပါနဲ့
ကြိုကြိုသိပါ အပိုအလိုမရှိပါနဲ့
ငြိမ်အောင်လုပ်ပါ တိမ်တောင်မလုပ်ပါနဲ့”
စတဲ့စကားများ အခမဲ့ကြားနေငြားလည်း
အခမဲ့နေလို့လားမသိ အမှတ်တမဲ့ပင် များနေဘိ၏။

အများတကာ မသိလို့ မှားတာတွေ ရှိပေမယ့်
အမှားတွေကြား အများတကာလို မမှားရအောင်
အမှန်အသိနဲ့ ပြန်ညှိကြဖို့
မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့အတွေး
မှန်ကန်တဲ့အပြော၊ မှန်ကန်တဲ့အလုပ်
မှန်ကန်တဲ့အသက်မွေးမှု၊ မန်ကန်တဲ့ အားထုတ်မှု
မှန်ကန်တဲ့ သတိရှိမှု၊ မှန်ကန်တဲ့ တည်ကြည်မှု
တွေနဲ့
အသိပညာ အကျင့်ပါအောင်
မြင့်ရာရည်မှန်း အရောက်လှမ်းဖို့
အလယ်အလတ်လမ်း အကျင့်စွမ်းဖြင့်
လိုရာပန်းတိုင် သင်စွဲကိုင်လော့...။ ။
(မနာပ ဒါယီဆရာတော်)

Read more »

“အား”

လူ့စွမ်းအား၊ လူ့ခွန်အား၊ လူ့အင်အားကို “အား”ဟု ခေါ်သည်။ “အား”ဟူသည် တရားပေတည်း။ တရားဟူသော “အား”သည် လူ့ဘဝ၏ အနှစ်ချုပ်တည်း။ လူတစ်ယောက်၏ နောက်ဆုံးပိုင်ဆိုင်ခွင့်လည်း ဖြစ်သည်။ လူ့ဘဝ နောက်ဆုံး အသားတင် အမြတ်လည်း ဖြစ်သည်။ တရား“အား” မရှိသောလူသည် လောကအနိုင်ကျင့်သမျှ ခံနေရမည်။ ကိုယ့်အရှိကို ကိုယ်မနိုင်တော့ဘဲ အရှိအောက်၌ ပြားပြားဝပ် ပူလောင်နေရမည် ဖြစ်သည်။ ဆင်းရဲအပူ အရှုပ်အညစ် အန္တရာယ် မကောင်းကျိုးအမျိုးစုံကို လျော့အောင်၊ နည်းအောင်၊ လွတ်ကင်းအောင်၊ ကုန်ဆုံးအောင် လုပ်ပေးနိုင်မှ “အား”ဟုခေါ်သည်။ ချမ်းသာတန်ခိုး ကောင်းကျိုးမျိုးစုံ၊ အောင်မြင်တိုးတက်မှု မျိုးစုံကိုရအောင်၊ တိုးအောင်၊ ပွားအောင်၊ များအောင်၊ မြင့်အောင် စွမ်းဆောင်ပေးနိုင်မှလည်း “အား”ဟုခေါ်သည်။ “အား”ပါအောင်၊ “အား”သွင်းထားမှ အားကိုးရမည် ဖြစ်သည်။ “အား”အကုန်လုံးကို ချုပ်ကိုင်ထားသော အရာကား သတိဉာဏ်တည်း။ အထူးအားဖြင့် သတိပေတည်း။

လူ့“အား”သည် တစ်ကိုယ်ရေတစ်ယောက်“အား”၊ စုပေါင်း “အား”ဟု (၂)မျိုးရှိသည်။ သတိနှင့် ဉာဏ်ပညာသည် တစ်ကိုယ်ရေတစ်ယောက်“အား”ဖြစ်၍ ခန္တီနှင့်မေတ္တာသည် စုပေါင်း “အား”ဖြစ်သည်။ တစ်ဦးတစ်ယောက်စီ၏ “အား”ကောင်းမှ စုပေါင်း “အား” ဖော်ထုတ်၍ ဖြစ်နိုင်သည်။ နှစ်ယောက်ပေါင်းမိလျှင် “အား”နှစ်ဆ တက်လာမည်။ မြောက်များစွာ ပေါင်းမိလျှင် ပို၍ “အား” တိုးပွား များပြားလာမည်။ တစ်ကိုယ်ရေ “အား” မရှိဘဲ စုပေါင်းလိုက်လျှင် အားမတက်ဘဲ အားပျက်သွားတတ်သည်။

တစ်ကိုယ်ရေ “အား”ကို ဖော်ထုတ်ရာ၌
၁။ ပစ္စည်းဖြင့် အားယူခြင်း
၂။ လောကအတတ်ပညာဖြင့် အားယူခြင်း
၃။ တရားဖြင့် အားယူခြင်း
အားဖြင့် (၃)မျိုးရှိ၏ဟု ဆိုနိုင်သည်။ ပစ္စည်းဖြင့် အားယူရခြင်းသည် မခိုင်သည့် ကောက်ရိုးကို ကြိုးကျစ်၍ လွန်ဆွဲရသည်နှင့်တူသည်။ ကြာရှည်အစွဲမခံ၊ မမျှော်လင့်ဘဲ ကြိုးပြတ်၍ ရုပ်ပျက်ဆင်းပျက် လဲကျသွားတတ်သည်။

ထိုမျှသာမက ပစ္စည်းသည် ပင်လယ်ရေနှင့်တူသည်။ ပင်လယ်ရေ အလွန်များသော်လည်း သူ့ချည်းသက်သက် များသည်မဟုတ်၊ ရေနှင့်အညီအမျှ ဆားပါဝင်သည်။ ရေရှိသလောက် ဆားရှိသည်။ ထို့ကြောင့် ငန်လွန်း၍ သောက်သုံးမဖြစ်၊ ပင်လယ်ထဲ သင်္ဘောဖြင့်သွားလျှင် သောက်သုံးရန် ရေချိုရေကောင်းကို သီးခြားယူသွားရသည်။ ပစ္စည်းလည်း သူ့ချည်းသက်သက်လာသည်မဟုတ်၊ ပစ္စည်းရှိသလောက် ဆားနှင့်တူသည့် အပူဆင်းရဲ ဘေးရန်များ တွဲပါလာသည်။ ရှိသလောက် ပူရတတ်သည်။ ရေချိုရေကောင်းနှင့်တူသည့် တရားရေကိုယူနိုင်မှ နှလုံးစိတ်ဝမ်း အေးချမ်းစွာ သောက်သုံးရမည်။

ထိုမှတစ်ပါး ပစ္စည်းသည် ဧည့်သည်များသာ ဖြစ်သည်။ အိမ်၌အမြဲနေရန် ရောက်လာသည်မဟုတ်။ ခဏနေပြီး မကြာမီ ပြန်သွားကြမည် ဖြစ်သည်။ ပစ္စည်းရလာလျှင် ရောက်လာသည့် ဧည့်စာရင်းကို မှတ်နေခြင်းဖြစ်၍ ပစ္စည်းကုန်သွားလျှင် ပြန်သွားသည့် ဧည့်စာရင်းကို မှတ်နေခြင်းဖြစ်သည်။ ကိုယ်ပိုင်တရား “အား” မကျန်ဘဲ ဧည့်စာရင်း မှတ်နေရုံဖြင့် လူ့ဘဝသည် ဘာမှအဓိပ္ပါယ်မရှိ၊ လူ့စွမ်းအား မပြည့်လျှင် လူဖြစ်ကျိုးမနပ်၊ ပစ္စည်းသည် တကယ့်“အား” အစစ်များ မဟုတ်သေး၊ သတိဉာဏ်ကင်းလျှင် “အား”ပျက်တတ်၍ သတိဉာဏ်ရှိမှ “အား”အဖြစ်ကျန်ရစ်မည်။ ပစ္စည်းသည် တရား“အား”၏ ကုန်ကြမ်းသာ ဖြစ်သည်။ တစ်နေ့တစ်ရက်မျှ မကင်းနိုင်သည့် လူ့အဖော်များလည်း ဖြစ်သည်။ အဖော်ဆိုလျှင် “အား”ရှိမှ ကောင်းမည်။

လောကအတတ်ပညာသည် လောကနောက်သို့ လိုက်သွားရုံသာ စွမ်းနိုင်သည်။ လောကကို အနိုင်ယူနိုင်သည့် နည်းလမ်းမဟုတ်၊ လောကအောက်ကသာ နေရမည်။ လောကအနိုင်ကျင့်သည်ကိုသာ ခံရမည်။ ထို့ကြောင့် လူ့“အား”အစစ် မဟုတ်သေး။

ပစ္စည်းဟူသော လောကအရှိနှင့် အတတ်ပညာဟူသော လောကအသိသည် လူ့ခြေထောက်မျှသာ ဖြစ်သည်။ လောကအောက်ကသာ သွားရမည်။ ပစ္စည်းပေါများပါလျက်၊ လောကအတတ်ပညာ တစ်ဖက်ကမ်းခက် တတ်မြောက်ထားပါလျက် မဆုံးနိုင်သည့် လူမှုဒုက္ခ ပြဿနာများဖြင့် ပူလောင်ရှုပ်ထွေးနေသူတွေ ဒုနှင့်ဒေး မြောက်မြားစွာ ရှိနေကြသည်။

တရားသည် လူ့အတောင်ပံ ဖြစ်သည်။ တရားဖြင့်အားယူနိုင်မှ လောကအပေါ် လွှမ်းမိုးနိုင်မည်။ သောကပရိဒေဝစသည့် လူ့အပူမျိုးစုံကို လွှမ်းမိုး၍ ပျံသန်းနိုင်သည်။ ငှက်သည် ခြေထောက်ကို သွားလာလှုပ်ရှားနေဖို့ အခိုက်အတန့်သာ သုံးသည်။ အရေးကြုံလာလျှင် တောင်ပံကို အားကိုးသည်။ နောက်မှခဲတုတ်စသည်ဖြင့် လိုက်ပစ်ခတ်လာလျှင် တောင်ပံကိုအားပြုပျံသန်း ရှောင်တိမ်းသည်။ ဘေးရန်လိုက်လာသော်လည်း မမှီဘဲ ဘေးရန်လွတ်သွားသည်။ အဝေးကိုသွားလိုလျှင်လည်း တောင်ပံကိုပင် အားပြု၍ ပျံသန်းသည်။ တောင်ပံဖြင့်ပျံလိုလျှင် ခြေထောက်ဖြင့် အားယူပေးရသည်။

လူသည် ပစ္စည်းနှင့်အတတ်ပညာ ခြေထောက်ရှိသော်လည်း တရားတောင်ပံဖြင့် ပျံသန်းမှ ဘေးရန်ဆင်းရဲ အပူမျိုးစုံ လွတ်ငြိမ်းနိုင်မည်။ အရှိကလူကိုနိုင်လျှင် လူဒုက္ခရောက်မည်။ လူကအရှိကိုနိုင်မှ လူချမ်းသာမည်။ တရားအသိ သတိရှိနေမှလည်း ကိုယ့်အရှိကို ကိုယ်နိုင်မည်။ အရှိအားလုံးကို “အား”အဖြစ် ပြောင်းလဲအနိုင်ယူရန် အချိန်အာရုံစိတ်ကို ထိန်းသိမ်းအသုံးချ ပေးနိုင်သည့် သတိ“အား” အထူးလိုအပ်သည်။ သတိမရှိလျှင် အားပျက်၍ သတိရှိမှ အားတက်သည်။ သတိလွတ်လျှင် ဘဝ နာသည်၊ သတိကပ်ပေးမှ ဘာဝနာ ပေါ်လာသည်။

လောကအတတ်ပညာသည် သညာဝိတက်ကို အရင်းခံ၍ ဘဝအသုံးချ တရားဆိုင်ရာ ဉာဏ်ပညာသည် သတိသမာဓိကို အခြေခံသည်။ “အား”အစစ် ရလိုသူသည်
၁။ မည်သည့်အလုပ်ကိုမဆို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် စူးစူးစိုက်စိုက် လုပ်တတ်ရမည်
၂။ အရှိကိုအရှိအတိုင်း ဉာဏ်ဖြင့်ကြည့်ရှု သုံးသပ်ဆုံးဖြတ်တတ်ရမည်
၃။ မည်သည့်အရာမဆို တစ်ခုခုကုန်သွားတိုင်း “အား”တစ်ခုခု ကျန်နေခဲ့ရမည်
ဤသည်ပင်လျှင် အိမ်တွင်းမဂ္ဂင် လူ့ကျင့်စဉ်ဖြစ်သည်။

မိမိနှင့်ဆိုရာ အချိန်အင်အား ပစ္စည်းစသည်တို့သည် အမြဲနှုတ်နေကြသည်။ နှုတ်ပုံ (၃)မျိုးရှိသည်။
၁။ တားမရသည့် သဘာဝအနှုတ် တစ်မျိုး (ပြင်သမျှ ပျက်သွားခြင်း၊ ဖြည့်သမျှ ကုန်သွားခြင်းစသည်)
၂။ လိုအပ်၍ နှုတ်ယူနေရသည့် အနှုတ်တစ်မျိုး (နေ့စဉ်စုဆောင်းထားသည့် ပစ္စည်းထဲမှ နှုတ်ယူသုံးစွဲနေရခြင်း စသည်)
၃။ မလိုအပ်၍ နှုတ်ပစ်နေရသည့် အနှုတ်တစ်မျိုး (စိတ်ထဲ၌ ကိလေသာရုပ်ခန္ဓာ၌ အညစ်အကြေး၊ အိမ်ကျောင်းထဲ၌ အမှိုက်ကို စွန့်ပစ်နေရခြင်းစသည်)

ထိုသုံမျိုးတွင် မည်သည့်နည်းဖြင့်ပင် နှုတ်၍ကုန်ဆုံးသွားသည် ဖြစ်စေ၊ သတိဉာဏ်ဖြင့် “အား”တစ်ခုခု ကျန်နေခဲ့အောင် ဆွဲယူစစ်ထုတ်ထားတတ်ရမည်။ ကုန်ဆုံးသွားခြင်းသည် “အား”သာ ဖြစ်ရမည်။ တစ်ခုခုကုန်သွားတိုင်း ဒါန၊ သီလ၊ သမာဓိ၊ ဝိပဿနာ “အား” တစ်ခုခုပေါ်လာရမည်။ ဤသို့ သတိဉာဏ်သည် တစ်ကိုယ်ရေတစ်ယောက် “အား”ကို ကျေနပ်လောက်အောင် ဖော်ထုတ်ပေးသည်။

စုပေါင်းအားကို ခန္တီနှင့်မေတ္တာက ဖန်တီးပေးသည်။ သည်းခံခွင့်လွှတ်မှု အားနည်းလျှင် မေတ္တာအား ဖော်ထုတ်ဖို့မလွယ်၊ ဥပေက္ခာ အားနည်းလျှင်လည်း မေတ္တာမစင်ကြယ်တတ်၊ ဆွေမျိုးမိတ်ဆွေ၊ တစ်စိမ်း မည်သူနှင့် အတူနေရနေရ ခန္တီ၊ ဥပေက္ခာမွှမ်းထုံသည့် မေတ္တာဖြင့် လွှမ်းခြုံထားနိုင်မှ စုပေါင်း“အား”ကို ရနိုင်မည်။ သတိဉာဏ် ဦးဆောင်မှလည်း စုပေါင်းအား စေ့စပ်သေချာမည်။

အများနှင့်စုပေါင်းနေလျှင် ယင်ကောင်လို မရှုပ်ထွေး၊ မညစ်ညမ်းစေရ၊ ပျားကောင်လို ဖွဲ့စည်းပုံ စနစ်ဖြင့် ဖြောင့်မှန်စွာ ပေါင်းစုတတ်ရမည်။

သတိရှိလျှင် အလုပ်ဖြစ်သည်။ အလုပ်ဖြစ်လျှင် “အား”ပါသည်။ အလုပ်တိုင်း “အား”ပါအောင် သတိကို အသုံးချကာ
၁။ လုပ်ကိုင်ဆောင်ရွတ်လိုသည့် အာရုံကို အလုပ်မဖြစ်မချင်း ပုံပေါ်အောင် ဖော်ယူရမည်။
၂။ အာရုံနှင့်စိတ် ချပ်ချပ်ရပ်ရပ် စွပ်မိသွားအောင် ကပ်ပေးရမည်။
၃။ အချိန်အကြိမ် လုပ်ငန်းပမာဏအားဖြင့် ကန့်သတ်ထားသည့် အလုပ်မပြီးမချင်း အာရုံမပျောက်အောင် ထိန်းထားရမည်။
၎။ အလုပ်တစ်ခုလုပ်နေစဉ် အခြားအာရုံ မဝင်ရအောင် ကန့်သတ်ထားနိုင်ရမည်။
၅။ အလုပ်တစ်ခု လုပ်နေစဉ် အစအလယ်အဆုံး အကုန်သိနေအောင် အသိချင်းစပ်ထားရမည်။
၆။ ပြုလုပ်နေစဲအလုပ်အားလုံး အရေးကြီးသည်ဟု သဘောထားရမည်။
သို့ရာတွင် တစ်ချိန်၌ အလုပ်တစ်ခုသာ အရေးကြီးရမည်။ နှစ်ခုသုံးခု တစ်ပြိုင်တည်း ပြွက်သိပ်၍ အရေးကြီးလျှင် ရှုပ်သွားမြုပ်သွားတတ်သည်။ အရှိအောက် ပိသွားတတ်သည်။

အမြဲအားရှိနေဖို့ သတိကို အမြဲကိုင်စွဲထားရုံသာတည်း။ ကိလေသာကိုနိုင်မှ တရား“အား”ဟုခေါ်သည်။ ကိလေသာသည် သတိနှင့်တွဲမဖြစ်နိုင်၊ သတိကိုင်သလောက် ကိလေသာကိုနိုင်ပြီး အံဖွယ်ထူးခြား လူ့စွမ်းအားများ အဆက်မပြတ် ရရှိနေတော့မည်သာ ဖြစ်ပေသည်။

မှတ်ချက်။ ။ တိပိဋက ယောဆရာတော်၏ “တိပိဋက ဓမ္မလက်ဆောင်များ” စာအုပ် ထုတ်နှုတ်တင်ပြပါသည်။

Read more »

ဒါနမြောက်အောင် ပေးပါ...

ဒါနဆိုတာ ပေးကမ်းခြင်းကို ပြောတာဖြစ်ပါတယ်။ သဒ္ဓါတရား အားနည်းလို့ မပေးလိုမကမ်းလိုတဲ့ လူတွေရှိတတ်ပေမယ့် အတော်များများက ရှိရင်ပေးတတ်ကြတဲ့ သူတွေများပါတယ်။ သူများတွေကို ပေးဖို့သဘောမကျတဲ့ သူတွေဖြစ်စေဦးတော့ ကိုယ့်မိဘ၊ မိသားစု၊ ဆွေမျိုးစတဲ့သူတွေ အပေါ်မှာတော့ လိုအပ်ရင် လိုအပ်သလို၊ ရှိရင်ရှိသလို ပေးတတ်ပါတယ်။ အဲဒီလို ပေးတဲ့အခါ သဒ္ဓါတရားကောင်းလို့ စေတနာပြတ်ပြီး ပေးလိုက်ကြတဲ့ အပေါ်မှာ အထွေအထူး ပြောစရာမရှိပေမယ့် မဖြစ်မနေ ပေးနေရတဲ့အပေါ်၊ ဝတ္တရားအရ ပေးနေရတဲ့အပေါ်၊ င့ါမိဘ၊ ငါ့မိသားစုဆိုတဲ့ အသိတွေကြောင့် ပေးနေရတဲ့ အပေါ်တွေမှာ ပြောစရာလေးတွေက ရှိလာပါတယ်။ ပေးချင်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ တာဝန်ဝတ္တရား အရပေးတာပဲ ဖြစ်ဖြစ်၊ သဒ္ဓါပေါက်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ ပေးပေး ပေးတယ်ဆိုတာ ဒါနကုသိုလ်ပါပဲ။ ဒါပေမယ့် အဲဒီပေးတဲ့အပေါ်မှာ ပေးတဲ့သူရဲ့ စေတနာကိုလိုက်ပြီး ဒါနမြောက်၊ မမြောက်တော့ ကွာခြားပါတယ်။ စေတနာကောင်းနဲ့ပေးရင် ကုသိုလ်ရပေမယ့် ပေးတဲ့အပေါ်မှာ တဏှာနဲ့ မပေးမိကြဖို့တော့ အထူးသတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။ တဏှာမကပ်တဲ့ ဒါနသက်သက်ပေးခြင်းမျိုးနဲ့ ပေးနိုင်အောင် ကြိုးစားပြီး ဒါနမြောက်အောင် လေ့ကျင့်သင့်ပါတယ်။

လူဆိုတာက ငါစွဲလေးတွေ မကင်းသေးတော့ ပေးတာချင်းအတူတူ ငါနဲ့ပတ်သက်တဲ့ သူတွေကိုပဲ ပေးချင်တတ်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငါ့အဖေအတွက်၊ ငါ့အမေအတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုးအတွက် စသဖြင့် ငါလေးတွေ ဦးစီးပြီး ပေးတတ်ကြခြင်း ဖြစ်ပါတယ်။ အဲဒီလို ပေးတာလည်း ဒါနရဲ့ပေးကမ်းခြင်း သဘောပဲ ဖြစ်ပေမယ့် ပေးတဲ့အပေါ်မှာ ငါဆိုတဲ့ တဏှာက ဦးစီးထားတာဆိုတော့ ဒါနမြောက်မှုထက် တဏှာရဲ့ ချယ်လှယ်မှုနောက်ကို ရောက်သွားတတ်တဲ့ သဘောက ပိုများတတ်ပါတယ်။ ဒါကြောင့်လည်း တစ်ခါတလေ “ငါဒီလောက်ပေးနေတာတောင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ စိတ်ကွက်မှုတွေ၊ ငါပေးထားတာတွေကို ဘာလုပ်ပြစ်တယ်၊ ညာလုပ်ပြစ်တယ်” ဆိုတာတွေ ဖြစ်လာပြီး ပေးတာကို အကြောင်းပြုလို့ စိတ်မကောင်းဖြစ်ရတာနဲ့၊ စိတ်အခန့်မသင့် ဖြစ်ရတာနဲ့၊ မပေးတာပဲ ကောင်းပါတယ်ဆိုတဲ့ စိတ်စေတနာ ပျက်မှုတွေ ဖြစ်ရတာနဲ့ စသဖြင့် စိတ်အမျိုးမျိုး ဖြစ်ကြရခြင်း ဖြစ်ပါတယ်။ ပေးပေမယ့် စေတနာမပြတ်တာရယ်၊ ငါဆိုတဲ့ တဏှာလေးတွေက ကပ်နေတာတွေရယ်ကြောင့် ပေးခြင်းရဲ့ နောက်မှာ အပြစ်လေးတွေ ရောက်သွားတတ်တာလေးတွေ ရှိတတ်ကြခြင်း ဖြစ်ပါတယ်။

တကယ်တော့ မိဘ၊ ဆရာသမား၊ မိသားစု၊ ဆွေမျိုးစတာတွေဟာ ကိုယ်တတ်နိုင်ရင် ပေးချင်လို့ပဲဖြစ်ဖြစ် ဝတ္တရားအရပဲ ဖြစ်ဖြစ် ပေးတာတော့ ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ပေးတဲ့အခါမှာတော့ ငါစွဲလေးတွေကိုဖြုတ်ပြီး ပြတ်သားတဲ့ စေတနာသက်သက်နဲ့ တဏှာမကပ်ဘဲ ပေးနိုင်အောင် ကြိုးစားမယ်ဆိုရင် ကုန်သွားတာချင်း အတူတူ ဒါနအားက အများကြီး တာသွားတာကို သတိပြုမိဖို့ လိုပါတယ်။ အပေးတတ်ရင် သားသမီးဝတ္တရားကို ဖြည့်နေရင်း၊ မိဘဝတ္တရားကို ဖြည့်ဆည်းပေးရင်းနဲ့ကိုပဲ ဒါနမြောက်နေတယ်ဆိုတာ မမေ့ကြဖို့ လိုပါတယ်။

ဟုတ်ပါတယ်။ အဖေတို့အမေတို့ကို ပေးတာ၊ မိသားစုကိုကျွေးတာ၊ ဆွေမျိုးတွေကို ထောက်ပံ့တာ စတာတွေဟာ အပေးတတ်ရင် ဒါနလုပ်နေကြတာပဲ ဖြစ်ပါတယ်။ ငါစွဲလေးတွေကပ်ထားတဲ့ တဏှာလေးတွေကို ခွါပြီး မျှော်လင့်ချက်ကင်းတဲ့ ပြတ်သားတဲ့ စေတနာလေးတွေနဲ့ တတ်နိုင်သလောက် ပေးနိုင်ကြမယ်ဆိုရင် သားသမီးဝတ္တရားကို ဖြည့်ရင်း၊ မိဘဝတ္တရားအရ စောင့်ရှောက်ပေးရင်းနဲ့ကိုပဲ အထွေအထူး အလှူပွဲကြီး မလုပ်ရဘဲ ဒါနမြောက်နေကြတာ ဖြစ်ပါတယ်။ ဆိုတော့ကား မိဘမိသားစု စတာတွေကို ထောက်ပံ့ပေးကမ်း နေတာတွေဟာ ကုသိုလ်မရဘူးလားဆိုတော့ ရပါတယ်။ ရပေမယ့် ငါလေးတွေ၊ မျှော်လင့်ချက်လေးတွေ၊ စေတနာ မပြတ်တာလေးတွေက ပါနေတတ်ကြတော့ ပေးပေမယ့် ဒါနရဲ့အားတွေ၊ ဒါနမြောက်မှုတွေ၊ ဒါနရဲ့ ထောက်ပံ့မှုသဘောလေးတွေ တစ်ခါတလေ ပျောက်နေတတ်တဲ့ အဖြစ်လေးတွေကို သတိပြုမိစေချင်တာ ဖြစ်ပါတယ်။

ဆိုလိုတာက ပေးတယ်ဆိုတာ ဘယ်သူ့ကိုပဲ ပေးပေး စေတနာပြတ်ပြီး တဏှာမကပ်ရင် ဒါနတွေ မြောက်နေတာ ဖြစ်တဲ့အတွက် ဝတ္တရားအရ ပေးရတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကြောင့် ပေးရတာပဲ ဖြစ်ဖြစ်၊ မလွန်ဆန်နိုင်လို့ ပေးရတာပဲ ဖြစ်ဖြစ်၊ ပိုလျှံနေလို့ ပေးရတာပဲ ဖြစ်ဖြစ်၊ ကျေးဇူးဆပ်တဲ့ အနေနဲ့ ပေးကြတာပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ပေးပေး ပေးလို့ကုန်သွားတာချင်း အတူတူ “ငါမိုလို့ ပေးနိုင်တာ၊ ငါ့မိဘ၊ ငါ့မိသားစု၊ ငါ့ဆွေးမျိုးစတာတွေ ဖြစ်လို့ ငါပေးတာ၊ ငါပေးတဲ့အရာတွေကို ငါဖြစ်စေချင်သလို ဖြစ်ကိုဖြစ်ရမှာ” စတဲ့ ပေးကမ်းမှုနောက်မှာ ဖြစ်ပေါ်တတ်တဲ့ တဏှာလေးတွေ၊ စေတနာမပြတ်မှုလေးတွေ၊ မျှော်လင့်ချက်ထားတာလေးတွေကို ခွာပြီး ပြတ်သားတဲ့ သဒ္ဓါတရားနဲ့ စေတနာအပြည့်ထားကာ ဒါနမြောက်အောင် ပေးကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလိုငါတွေကိုခွာပြီး တဏှာမပါဘူးဆိုရင် မိဘကိုပေးနေတာ၊ မိသားစုကို ကျွေးနေတာ၊ ဆွေးမျိုးတွေကို ထောက်ပံ့နေတာ စတာတွေဟာ နည်းတာများတာ ပဓာနမကျဘဲ ဒါနလေးတွေ မြောက်နေကြတယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ပေးတာချင်းအတူတူ အပေးမတတ်ရင် တဏှာကပ်တတ်ပြီး အပေးတတ်ရင် ဒါနအမြတ်တွေ ဖြစ်တတ်တဲ့အတွက် ဘယ်လိုအကြောင်းကြောင့်ပဲ ပေးပေး၊ ဘယ်သူ့ကိုပဲ ပေးပေး ပေးတဲ့အခါမှာ ငါလေးတွေ၊ တဏှာလေးတွေကို ခွာပြီး အားကြီးတဲ့ သဒ္ဓါ၊ ပြတ်သားတဲ့ စေတနာ၊ မျှော်လင့်ချက်ကင်းတဲ့ ဘာဝနာတွေနဲ့ ပေးနိုင်အောင် ကြိုးစားရင်း ပေးလိုက်ရတဲ့အလျောက် ဒါနမြောက်အောင်သာ ပေးကြဖို့ အသိပေးတိုက်တွန်း လိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ