ဗုဒ္ဓဘာသာဝင် လူငယ်များအတွက် ဗုဒ္ဓဘာသာ မိတ်ဆက်...

ဒီစာစုလေးကို ဗုဒ္ဓဘာသာဝင် လူငယ်များလို့ ခေါင်းစဉ်တပ်လိုက်ခြင်းဟာ တစ်ခြားဘာသာဝင် လူငယ်များနဲ့ ယှဉ်လိုက်ရင် ဗုဒ္ဓဘာသာဝင် လူငယ်များ အနေနဲ့ ကိုယ့်ဘာသာအကြောင်း ဘာမှဂဃဏန မသိဘဲ ဖြစ်နေလို့ သူတို့သူတို့လေးတွေကို ရည်ရွယ်ပြီး တင်ပြပေးလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုပြောတော့ လူကြီးတွေက သူတို့မပါဘူးလို့လည်း ထင်နေကြဦးမယ်။ လူကြီးတွေလည်း အသက်ကြီးနေလို့ သီးသန့်ခေါင်းစဉ် မတပ်လိုပေမယ့် မသိသူတွေ များနေမယ်ဆိုတာတော့ အတော်များများက လက်ခံကြမှာပါ။ ဒီလိုဆိုတော့ ဒီစာစုလေးဟာ လူငယ်တွေအတွက် ဆိုတာထက် ဗုဒ္ဓဘာသာ အမည်ခံထားပြီး ဘာမှမသိဘဲ ဖြစ်နေတဲ့ သူတွေအတွက်လို့ ဆိုရင်ပိုမှန်ပါလိမ့်မယ်။ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အားနည်းချက်က အဲဒါပါပဲ။ လူကြီးလူငယ် အတော်များများက ကိုယ့်ဘာသာအကြောင်း မေးလာရင် အင်းအဲနဲ့ပဲ တိကျတဲ့အဖြေကို မပေးနိုင်ဘဲ ဖြစ်နေကြတဲ့ အဖြစ်ပါ။

ဟုတ်ပါတယ်။ အင်တာနက်မှာ စာတွေရေးနေ၊ ပြည်ပရောက် မြန်မာလေးတွေအတွက် တရားလေးတွေ ဟောပေးနေတော့ ဒီအားနည်းချက်ကို ဘုန်းဘုန်းတို့က သိနေရပါတယ်။ တစ်ခါတစ်လေလည်း လူငယ်လေးတွေနဲ့ စကားပြောဖြစ်တော့ သူတို့တွေ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး မသိတာတွေ အတော်များနေပါလားလို့ သတိပြုမိခဲ့ပါတယ်။ မသိတာတွေများဆို အခြေခံ သိသင့်သိထိုက်တာက အစ မသိတဲ့သူတွေ များများလာနေတဲ့ အဖြစ်ပါ။ ခုချိန်မှာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့ အပြစ်ပုံချလို့လည်း မဖြစ်ပါဘူး။ အခြေခံ နည်းစနစ်ကအစ ပုံစံမကျ ဖြစ်ခဲ့ကြတဲ့အတွက် မြန်မာဗုဒ္ဓဘာသာဝင်တွေမှာ ဘာသာတရားနဲ့ ပတ်သက်ပြီး အသိပညာ ဗဟုသုတ အားနည်းခဲ့တာလို့ပဲ ယေဘုယျ ပြောရမှာ ဖြစ်ပါတယ်။ အားနည်းချက်ကို အသားထား။ အခုအချိန်ရှိတုန်း လုပ်သင့်တာက မသိတာကို သိအောင်လုပ်ရမှာ ဖြစ်ပါတယ်။ လေ့လာဖို့ဆိုတော့ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ အင်တာနက်ကို အသုံးချပြီး လေ့လာမယ်ဆိုရင်လည်း မဆိုးလှပါဘူး။ ဘာသာတရားနဲ့ ပတ်သက်ပြီး သိချင်တာမှန်သမျှကို အင်တာနက် စာမျက်နှာတွေမှာ အတော်များများ ရှာဖွေလေ့လာ ဖတ်ရှုနေနိုင်ပြီ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မသိပါဘူးဆိုပြီး ဒီအတိုင်း နေကြတာထက်စာရင် ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာအကြောင်း သိသင့်သိထိုက်တာလေးတွေတော့ သိနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

သိသင့်သိထိုက်တာဆိုတော့ ဗုဒ္ဓဘာသာကို စတင်တည်ထောင် ဟောကြားပေးခဲ့တဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ဖြစ်စဉ်အကျဉ်းကစပြီး သိထားဖို့ လိုပါတယ်။ ပြီးတော့မှ ဗုဒ္ဓဆိုတာဘာလဲ၊ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ စတာတွေ အပါအဝင် ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်ရတဲ့အကြောင်း၊ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမနဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ ကျင့်ကြံလိုက်နာမှု အကြောင်း စသဖြင့် သိရှိထားရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အကျဉ်းလောက် သိထားရင်ကိုပဲ မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘုရားရှင်ရဲ့ အတ္ထုပ္ပတ္တိနဲ့ ပတ်သက်လို့ ဒီမှာဖော်ပြပေးမယ့် ဗုဒ္ဓရဲ့ မှတ်တမ်းအကျဉ်းလေးကိုပဲ စွဲစွဲမြဲမြဲ မှတ်သားထားဖို့ တိုက်တွန်းလိုပါတယ်။

ဗုဒ္ဓဘုရားရဲ့ မှတ်တမ်းအကျဉ်း
လူအမည် = သိဒ္ဓတ္ထ
ဘုရားဘွဲ့အမည်တော် = ဂေါတမဗုဒ္ဓ
မွေးသက္ကရာဇ် = မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ (BC- 623 ခန့်)
မိဘအမည် = ခမည်းတော် သုဒ္ဓေါဓနမင်း၊ မယ်တော် မဟာမာယာဒေဝီ မိဖုရား
နေပြည်တော် = ကပိလဝတ်မင်းနေပြည်တော် (ယခုခေတ် နီပေါနယ်)
အမျိုးအနွယ် = သကျသာကီဝင် မင်းမျိုး
အိမ်ထောင်ပြုချိန် = အသက် ၁၆နှစ်အရွယ်
ဇနီး = ဖွားဖက်တော် ဘဒ္ဒကဉ္စနာ ယသောဓရာ
သားတော် = ရာဟုလာ
နန်းစည်းစိမ်စံနှစ် = ၂၉နှစ် (မွေးကတည်းက တောထွက်ချိန်အထိ)
တောထွက်ချိန် = သက်တော် ၂၉နှစ်၊ မဟာသက္ကရာဇ် ၉၇ခုနှစ်၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ (BC- 594 ခန့်)
ဒုက္ကရစရိယကျင့်သည့်ကာလ = ၆ နှစ် (ခဲရင်းစွာကျင့်ရသည့် အကျင့်ဖြစ်သဖြင့် ဒုက္ကရစရိယဟုခေါ်သည်၊ ဒုက္ခစရိယ မဟုတ်ပါ။)
ဘုရားဖြစ်ချိန် = သက်တော် ၃၅နှစ်၊ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ (BC- 588 ခန့်)
တရားဟောသည့်ကာလ = ၄၅နှစ် (သက်တော် ၃၅မှ သက်တော် ၈၀အထိ)
ပရိနိဗ္ဗာန်စံတော်မူသည့်နှစ် = သက်တော် ၈၀၊ ဝါတော် ၄၅ဝါ၊ မဟာသက္ကရာဇ် ၁၄၈ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ (BC- 543 ခန့်)
ဒါကဗုဒ္ဓဘုရားရဲ့ ဖြစ်တော်စဉ် အကျဉ်းပဲ ဖြစ်ပါတယ်။ ဆက်ပြီးသိထားဖို့လိုတာက ဗုဒ္ဓဆိုတာနဲ့ ပတ်သက်လို့ သိသင့်တာလေးတွေ သိထားရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓ
ဗုဒ္ဓဆိုတာ ဘာလဲလို့မေးရင် ဒီစကားလုံး အဖွင့်အတိုင်း “သိသူ”လို့ အလွယ်ဖြေရမှာ ဖြစ်ပါတယ်။ သိတယ်ဆိုတော့ ဘာကိုသိတာလဲ ဆိုရင် သစ္စာလေးပါး အပါအဝင် သိစရာမှန်သမျှ အားလုံးကို သိတာလို့ ဖြေရမှာပေါ့။ အဲဒီသစ္စာကို ဘယ်သူကသင်ပြပေးလို့ သိတာလဲ၊ သူပဲသိပြီး တခြားသူတွေကို သိစေနိုင်သလားလို့ ထပ်ပြီးမေးခွန်း ထုတ်မယ်ဆိုရင်တော့ ဘုရားရှင်တွေဟာ သစ္စာလေးပါး တရားတော်ကို ဆရာမရှိဘဲ ကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်မှုနဲ့ သိရှိတော်မူတာဖြစ်ပြီး ကိုယ်တော်မြတ် သိတော်မူတဲ့အတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူတဲ့သူလို့ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဗုဒ္ဓဆိုတော့ ဒီနေရာမှာ
၁။ သမ္မာသမ္ဗုဒ္ဓ
၂။ ပစ္စေကဗုဒ္ဓ
ဆိုတဲ့ ဗုဒ္ဓ နှစ်မျိုးကို သိထားဖို့ လိုပါတယ်။

သမ္မာသမ္ဗုဒ္ဓဆိုတာ လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း (ပညာ၊ သဒ္ဓါ၊ ဝိရိယ တရားအားသာမှုကို လိုက်ပြီး ကွဲပြားမှုရှိ) ဒါန၊ သီလစတဲ့ ပါရမီတော်များကို ဖြည့်ကျင့်ကာ ပါရမီတော် ပြီးပြည့်စုံတဲ့အခါမှာ သိစရာမှန်သမျှ အကြွင်းအကျန်မရှိ အကုန်အစင်ကို သိတော်မူနိုင်တဲ့ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီး ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာတရားအတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူနိုင်တဲ့ ဘုရားမျိုး ဖြစ်ပါတယ်။

ပစ္စေကဗုဒ္ဓဆိုတာ နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ဒါန၊ သီလစတဲ့ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူကာ ပါရမီတော် ပြည့်စုံတော်မူတဲ့အခါ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပြီး သစ္စာလေးပါး တရားတော်ကို ဆရာမကူ ကိုယ်တော်တိုင် သိတော်မူခဲ့ပေမယ့် သတ္တဝါဝေနေယျတွေကို သိရှိအောင် ဟောတော်မမူနိုင်တဲ့၊ သာသနာပကာလမှာ ပွင့်တော်မူတဲ့ ဘုရားငယ်မျိုး ဖြစ်ပါတယ်။

ဒီဗုဒ္ဓနှစ်မျိုးမှာ အခုကြုံတွေ့နေရတဲ့ သာသနာတော်ဟာ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူတဲ့ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ပဲ ဖြစ်ပါတယ်။ ဒီလို သမ္မာသမ္ဗုဒ္ဓဘုရားရှင်များရဲ့ သာသနာထွန်းကားရာ ကာလကို သာသနာတွင်းကာလို့ခေါ်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်များ ပွင့်ထွန်းတော် မမူတဲ့ကာလကိုတော့ သာသနာပ ကာလလို့ခေါ်ကာ အဲဒီသာသနာပ ကာလမှာပဲ ပစ္စေကဗုဒ္ဓ အရှင်မြတ်များ ပွင့်ပေါ်တော်မူကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဆိုတာနဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ဗုဒ္ဓဘာသာ လူငယ်တွေအတွက် မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ
ဗုဒ္ဓအကြောင်းကို အနည်းငယ် မိတ်ဆက်အနေနဲ့ သိထားပြီးရင်တော့ ဗုဒ္ဓဘာသာဆိုတာနဲ့ ပတ်သက်ပြီး သိထားဖို့ လိုပါတယ်။ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဟောကြားချက်၊ ဗုဒ္ဓဘာသာဆိုတော့ ဘုရားရှင်ရဲ့ အယူဝါဒ၊ ဟောကြားချက်လို့ပဲ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဘုရားရှင်ရဲ့ ဟောကြားချက်ဆိုတာ ဘုရားဖြစ်တော်မူပြီးနောက် ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်ကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီဟောကြားချက်ကိုပဲ ဒီနေ့ခေတ် အသုံးအနှုန်းတွေနဲ့ ပြောတော့ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ အခေါ်အဝေါ်တွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီအခေါ်တွေဟာ အမျိုးမျိုး ဖြစ်နေပေမယ့် ရည်ညွန်းချက်ကတော့ ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကိုပဲ ရည်ညွန်းတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အကျဉ်းဆုံး စကားလုံးတွေနဲ့ ပြောမယ်ဆိုရင်တော့ သီလ၊ သမာဓိ၊ ပညာ ဒီသုံးမျိုးကိုပဲ တိုက်ရိုက်ပြောရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့ ဝါဒနဲ့ ပတ်သက်ပြီး ဘုရားရှင်ရဲ့ ဝါဒဟာ ကံကံရဲ့အကျိုးအပြစ်ကို ဟောကြားတော်မူတဲ့ ကမ္မဝါဒ၊ အကြောင်းအကျိုးကို ထောက်ပြတဲ့ ကြောင်းကျိုးဆက်စပ်မှု ဝါဒ၊ အမှားအမှန်ကို စိစစ်ဝေဘန် လက်ခံစေတဲ့ ဝိဘဇ္ဇဝါဒ၊ အစွန်းမရောက်တဲ့ အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးတဲ့ မဇ္ဈိမပဋိပဒါ ဝါဒ၊ အရာအားလုံးမှာ အတ္တဆိုတာ မရှိဘဲ အစိုးမရခြင်း အနတ္တသဘောသာ ရှိတယ်ဆိုတဲ့ အနတ္တဝါဒ စသဖြင့် အမည်အမျိုးမျိုးနဲ့ ဖွင့်ဆိုပြောကြားနိုင်ပေမယ့် အားလုံးကို ခြုံပြီးပြောရမယ်ဆိုရင်တော့ ဘုရားရှင်ရဲ့ ဟောပြောပို့ချချက် အယူဝါဒဟာ တကယ့်အမှန်တရားဖြစ်တဲ့ အမှန်တကယ်ဝါဒ (Realism)ပဲ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ အမှန်တရားအစစ်တွေပဲ ဖြစ်ပါတယ်။ ဒီအမှန်တရားဟာလည်း ဘုရားဟောလိုက်လို့ မှန်တာမဟုတ်ပါဘူး။ မှန်လို့ ဘုရားဟောတာပဲ ဖြစ်ပါတယ်။ အဲဒါကို စာလိုပြောတော့ သစ္စာတရားလို့ ပြောကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ ဗုဒ္ဓဘာသာကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာလို့ ဆိုခြင်းဖြစ်ပါတယ်။

ဘာကြောင့် ဘုရားရှင်ရဲ့ဟောကြားချက်ဟာ အမှန်တကယ်ဝါဒလို့ ဆိုရတာလဲဆိုရင် ရုပ်နာမ်များနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါ အားလုံးမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်နေလို့ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာမှန်ပြီး တခြားဘာသာဝင်တွေအတွက် မမှန်ဘူးဆိုတာ မရှိပါဘူး။ နာမ်ရုပ်များနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါအားလုံးမှာ အကုန်မှန်နေတာ ဖြစ်ပါတယ်။

ဆိုကြပါစို့။ ဗုဒ္ဓရဲ့ သစ္စာလေးပါး အမှန်တရားမှာ ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီး ဘုရားရှင်က “ပဋိသန္ဓေနေရတာ ဒုက္ခ၊ အိုရတာဒုက္ခ၊ နာရတာ ဒုက္ခ၊ သေရတာဒုက္ခ၊ မချစ်မနှစ်သက်ဖွယ်တွေနဲ့ အတူယှဉ်တွဲနေရာတာ ဒုက္ခ၊ ချစ်ခင်နှစ်သက်ဖွယ်တွေနဲ့ ကွေကွင်းရတာ ဒုက္ခ၊ အလိုရှိတဲ့ အရာကို မရတာဒုက္ခ၊ အကျဉ်းအားဖြင့် ဒီခန္ဓာကြီးကပင် ဒုက္ခ”လို့ ဖွင့်ဆိုဟောပြောပြပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် ခန္ဓာရှိနေတဲ့သူမှန်သမျှ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်သတ္တဝါမှာ မဆို ဒီဒုက္ခက ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီဒုက္ခဟာဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းတရားကိုရှာတော့ တွယ်တာမှု သံယောဇဉ် သမုဒယကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကို ဗုဒ္ဓက သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်း အမှန်တရား တစ်ခုအနေနဲ့ ထပ်ပြီးရှင်းတော်မူပါတယ်။ အကြောင်းရှိရင် အကျိုးရှိတတ်သလို အကြောင်းချုပ်ရင်လည်း အကျိုးချုပ်တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုဒုက္ခရှိရင် ဒုက္ခချုပ်ကြောင်းလည်း ရှိမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဗုဒ္ဓဘုရားရှင်က နိရောဓလို့ခေါ်တဲ့ နိဗ္ဗာန်ကိုဆိုက်ရင် ဒီဒုက္ခလည်း ချုပ်ပြီလို့ဆိုကာ နိရောဓသစ္စာ ဒုက္ခချုပ်ကြောင်း အမှန်တရားကို ဟောတော်မူခြင်း ဖြစ်ပါတယ်။ အဲဒီလိုဆိုတော့ ဒီဒုက္ခချုပ်ရာကို သွားဖို့အတွက် ကျင့်ကြံအားထုတ်ရမယ့် လမ်းလည်းရှိဖို့ လိုလာပြန်ပြီဖြစ်ပါတယ်။ ဒီအတွက် ဘုရားရှင်က မှန်ကန်တဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ရှင်းလင်းပြသကာ မဂ္ဂသစ္စာဖြစ်တဲ့ ဆင်းရဲချုပ်ရာသို့ လျှောက်လမ်းရာ လမ်းမှန်ကို ပြသတော်မူခြင်း ဖြစ်ပါတယ်။

ဒီသစ္စာလေးပါး အဖွင့်ကိုကြည့်ရင် အားလုံးအတွက် အမှန်တွေပဲ ဖြစ်နေတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ခန္ဓာရှိနေတဲ့ သတ္တဝါမှန်သမျှ ဒီသစ္စာတရားအတိုင်း လွဲမှားခြင်းမရှိ မှန်ကန်နေတဲ့အတွက် ဘုရားဟော တရားတော်၊ ဘုရားရှင်ရဲ့ အယူအဆတော်၊ ဗုဒ္ဓရဲ့ဝါဒတော်ကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာ၊ အမှန်သစ္စာတရားလို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာခေါ် ဗုဒ္ဓရဲ့အဆုံးအမနဲ့ ပတ်သက်ပြီး ဒီလောက်လေး သိထားရင်ကိုပဲ မဆိုဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်
ဆက်လက်ပြီးတော့ ဗုဒ္ဓဘာသာဝင် ဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ အလွယ်ပြောတော့ ဗုဒ္ဓဘုရားရဲ့ အယူဝါဒ ဟောကြားချက်များကို လက်ခံလိုက်နာ ကျင့်သုံးကြတဲ့ သူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်တာဖြစ်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ဘယ်သူ့ပယောဂ၊ ဘယ်သူ့စည်းရုံးလှုံ့ဆော်မှုမှ မပါဘဲ ကိုယ်ကိုယ်တိုင် ကျေနပ်လက်ခံလို့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏” လို့ဆိုကာ သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူထားကြသူတွေကို ဗုဒ္ဓဘာသာဝင်လို့ ပြောဆိုကြတာ ဖြစ်ပါတယ်။

ဆိုတော့ကား ကိုယ်ကိုယ်တိုင် ရတနာသုံးပါးကို ကိုးကွယ်ပါ၏လို့ သရဏဂုံကို ခံယူဆောက်တည်ပြီး ဗုဒ္ဓဘာသာ ဖြစ်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘာကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို သရဏလို့ ဆိုတာလဲ၊ ဘာကြောင့် ရတနာသုံးပါးဟာ ကိုးကွယ်ခံထိုက်တာလဲလို့ မေးလာခဲ့မယ်ဆိုရင် “သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်တဲ့ အတွက်ကြောင့် ရတနာသုံးပါးဟာ သရဏ အမည်ရကြောင်း၊ ရတနာသုံးပါးကို ကိုးကွယ်တာနဲ့ ပတ်သက်လို့ ဘုရားရှင်ဟာ သတ္တဝါတွေကို ကြီးပွားချမ်းသာကြောင်း နည်းလမ်းကို ဖြစ်စေ၊ မကြီးပွား မချမ်းသာကြောင်း မကောင်းတဲ့ နည်းလမ်းတွေကနေ ပယ်ခွါစေ၊ အပြစ်ကင်းပြီး ဂုဏ်ကျေးဇူးအပေါင်းနဲ့ ပြည့်စုံစေတဲ့အတွက် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ တရားတော်ဟာလည်း ကျင့်ကြံလိုက်နာသူတွေကို ဘဝသံသရာ ခရီးမှ ဆွဲထုတ်ကယ်တင်နိုင်ခြင်း၊ ကျင့်စဲအခိုက်နှင့် ကျင့်ပြီးနောက်မှာလည်း သက်သာငြိမ်းချမ်းမှုကို ဖြစ်စေခြင်းနှင့် သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီး စေနိုင်ခြင်း စတာတွေကြောင့် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ သံဃာတော်ဟာလည်း ကောင်းမှုကုသိုလ်ကို ကြီးကျယ်များပြာစေ၊ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီးစေတဲ့ အတွက်ကြောင့် ကိုးကွယ်ခြင်း ဖြစ်ကြောင်း” စသဖြင့် ရတနာသုံးပါးကို ကိုးကွယ်ရခြင်း အကြောင်းနဲ့ ပတ်သက်ပြီး ဒီလောက်တော့ သိထားဖို့ လိုပါတယ်။

နောက် သရဏဂုံကို ခံယူပြီး ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်လာတဲ့ သူတစ်ယောက်အတွက် မှန်ကန်တဲ့အယူဝါဒ သမ္မာဒိဋ္ဌိ ရှိနေဖို့လည်း လိုပါတယ်။ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါး၊ ကံကံရဲ့ အကျိုးတရား၊ အကြောင်းအကျိုး ဆက်စပ်မှုနဲ့ မျက်မှောက်လောက တမလွန်လောက စတာတွေအပေါ်မှာ သံသယမရှိ အမှန်သိပြီး ယုံကြည်လက်ခံဖို့ လိုပါတယ်။ ဒါမှလည်း ဗုဒ္ဓအလိုကျ မှန်ကန်တဲ့ အယူရှိသူ ဖြစ်နေမှာ ဖြစ်ပါတယ်။

ဒီတော့ကား သရဏဂုံကို ခံယူထားပြီး ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ဒီသရဏဂုံ တည်မြဲဖို့အရေး၊ မပျက်စီးရေးအတွက်လည်း ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ စာပေမှာကတော့ သရဏဂုံ ပျက်စီးတတ်တဲ့ အကြောင်း (၂)မျိုးရှိတယ်လို့ ဖွင့်ပြပါတယ်။
၁။ သေသွားရင် သရဏဂုံပျက်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ် သေသူကို သရဏဂုံတင်တယ်ဆိုတဲ့ အသုံးဟာ ဒီမှာ အကြုံးမဝင်ပါဘူး။ သေသူကို သရဏဂုံ တင်လို့လည်း မရပါဘူး။ သေရင် သရဏဂုံဟာ အလိုလိုကို ပျက်သွားပါတယ်။
၂။ မသေသေးပေမယ့် သရဏဂုံကို ခံယူထားတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါးထက် ပိုပြီး တစ်ခြားအယူဝါဒတွေကို လက်ခံယုံကြည်မယ်၊ ဗုဒ္ဓဘာသာကိုပစ်ပြီး တစ်ခြားအယူဝါဒကို လက်ခံသွားမယ်ဆိုရင် ဒါလည်း သရဏဂုံ ပျက်တဲ့အကြောင်းထဲမှာ ပါဝင်ပါတယ်။ ဒီအချက်ကတော့ အသက်ရှင်နေတဲ့ အချိန်မှာကို သရဏဂုံ ပျက်စရာအကြောင်း ရှိတဲ့အတွက် သတိပြုဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဘေးဒုက္ခတစ်ခုခု၊ အကြောက်တရား တစ်ခုခုကြောင့် စိတ်မပါဘဲ တစ်ခြားအယူဝါဒတွေကို လက်ခံလိုက်နာ လုပ်နေရတာတွေ ရှိတတ်ပါတယ်။ ဒါကတော့ ကိုယ့်စိတ်က ရတနာသုံးပါးကို တကယ်ပစ်လိုတဲ့ သဘောမဟုတ်တဲ့အတွက် သရဏဂုံကတော့ မပျက်ပါဘူး။ သရဏဂုံတော့ ညစ်နွမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း သတိပြု ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။

ကံကံရဲ့ အကျိုးအပြစ်နဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာတစ်ယောက်ဟာ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကို ဆောင်ဖို့ လိုပါတယ်။ မကောင်းမှုဒုစရိုက်အမှုကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ပြီး ကောင်းမှုသုစရိုက်ကို လုပ်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ မကောင်းမှု ဒုစရိုက်ကို ရှောင်ဖို့အတွက် သီလကို ထိန်းသိမ်း စောင့်ရှောက်ရပါမယ်။ အနည်းဆုံး ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းထားတဲ့ သူဟာ မကောင်းမှု ဒုစရိုက်ကိုလည်း ရှောင်ကြဉ်ပြီး ဖြစ်ပါတယ်။ ကောင်းမှုဆောင်ဆိုတာကတော့ ဗုဒ္ဓဘာသာတွေရဲ့ ကောင်းမှုလုပ်ခြင်း ရည်ရွယ်ချက်က နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးနဲ့ နိဗ္ဗာန်မရခင် သံသရာလည်ရတဲ့ အခါမှာလည်း သံသရာခရီးမှာ ချမ်းသာရေးအတွက်ပဲ ဖြစ်ပါတယ်။ ဒီလို ပန်းတိုင်တွေကို လှမ်းကိုင်ဖို့အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ သီလကို အခြေခံတဲ့ ဘာဝနာ အလုပ်ကို ကြိုးစားအားထုတ်ရမှာဖြစ်ပြီး နိဗ္ဗာန် မရခင် သံသရာလည်တဲ့ အခါမှာလည်း ကောင်းတဲ့သုဂတိ ဘဝတွေမှာဖြစ်ဖို့ သီလကုသိုလ်ကို ကောင်းကောင်းထိန်းသိမ်းပြီး ဒါနကုသိုလ်ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းများနဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ယုံကြည်မှုနဲ့ ကျင့်ကြံမှုကို လက်တွေ့လိုက်နာ ကျင့်ကြံပြီး ကိုယ်လုပ်ရင် ကိုယ်ရမယ်၊ ကိုဖြစ်ရင် ကိုခံရမယ်ဆိုတဲ့ မှန်ကန်ပြီး အကြောင်းအကျိုးသင့်တဲ့ အယူဝါဒကို သဘောပေါက် နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီထက်နားလည်ချင်ရင်တော့ ဒီထက်ပိုပြီး လေ့လာကျင့်ကြံကြည့်ရမှာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေကို မိတ်ဆက်သဘောလောက် သိနိုင်မယ်လို့ ထင်ပါတယ်။ အလွန်လေးနက်ပြီး ကျယ်ပြန့်လှတဲ့ ဗုဒ္ဓအဆုံးအမတွေကို စာမျက်နှာ တစ်ခုနှစ်ခုလောက်နဲ့တော့ ပြည့်စုံအောင် တင်ပြဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခု တင်ပြခဲ့တာလေးတွေကိုပဲ သေသေချာချာ လေးလေးနက်နက် ဖတ်မှတ်ထားမယ်ဆိုရင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်က မေးလာခဲ့မယ်ဆိုရင် ဘာမှမသိတာထက်စာရင် သိသလောက်တော့ ဖြေကြားပေးနိုင်ကြမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ဗုဒ္ဓဘာသာအဖြစ် ခံယူထားပြီး ဘာတစ်လုံးမှ မသိဘဲ ဖြစ်နေတဲ့ သူတွေအတွက်တော့ အများကြီး အထောက်အကူဖြစ်တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာ ဖြစ်နေပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ မသိဘဲ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကိုယ်ကိုးကွယ်တဲ့ ဘုရား၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားနဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ယုံကြည်မှု တရားတွေကို နည်းနည်းလေးပဲ ဖြစ်ဖြစ် အသိတစ်ခု ရရှိစေဖို့ အခုတင်ပြခဲ့တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးကို လေ့လာပြီး သိသင့်သိထိုက်တဲ့ အချက်တွေကို သိအောင်ကြိုးစားရင်း ဗုဒ္ဓဘာသာဝင် ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို အသိအကျင့် ထပ်တူဖြစ်အောင်သာ လေ့လာကျင့်ကြံ အားထုတ်ကြပါလို့ စေတနာကောင်းနဲ့ တိုက်တွန်းလိုက်ရပါတယ်။

Read more »

ကျေးဇူးတရား ဘယ်လိုဆပ်ရမလဲ ..

Q. ဘုန်းဘုန်း သိချင်တာလေး ရှိလာလို့ ရိုသေစွာ မေးလျှောက်အပ်ပါတယ် ဘုရား။
တစ်နေ့က တပည့်တော် ဘုရားခန်းထဲထိုင်နေရင်း ကျေးဇူးတရားအကြောင်း ပြန်စဉ်းစားမိတယ်ဘုရား။ တပည့်တော် သိတာက
၁။ ကျေးဇူးသိတတ်ရမယ်
၂။ သိတဲ့အတိုင်းလည်း ပြန်ဆပ်ရမယ်
၃။ မဆပ်နိုင်တောင် ကျေးဇူးကို ချေဖျက်တဲ့အရာမျိုး မလုပ်ရဘူး.. စသဖြင့်
မိဘ၊ ဆရာသမား၊ မိတ်ဆွေတွေလိုမျိုး လူပုဂ္ဂိုလ်တွေအပေါ် ကျေးဇူးဆပ်တာတော့ ထိုက်သင့်သလောက် တပည့်တော် နားလည်ပါတယ် ဘုန်းဘုန်း။ အကောင်းဆုံးကျေးဇူးဆပ်နည်းက တရားဓမ္မနဲ့ ကျေးဇူးဆပ်ရမယ် ဆိုတာ..

ဒါပေမယ့် ရဟန်းသံဃာတွေရဲ့ ကျေးဇူးကိုကျတော့ ဘယ်လိုဆပ်ရမလဲ ဘုရား။ ဆိုလိုတာက ဥပမာ ဘုန်းဘုန်းတို့ ရေးတဲ့ဆိုဒ်တွေကို ၀င်ဖတ်တယ်။ တရားအသိတွေရတယ်၊ ဒါဆိုရင်ပဲ ကျေးဇူးကရှိသွားပြီ။ အဲ အဲလိုမကပဲ ဘုန်းဘုန်းတို့ဆီက တိုက်ရိုက်အဆုံးအမစကား တစ်ခွန်း ရရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တရားတစ်ပုဒ်တစ်လေ နာကြားရရင်ပဲဖြစ်ဖြစ် ဒီလိုဆိုရင် ကျေးဇူးက ပိုများသွားပြန်ကော။
အဲလို၊ အဲလို တပည့်တော်အပေါ် ကျေးဇူးရှိဖူးတဲ့ ရဟန်းသံဃာတွေကို ပြန်စဉ်းစားကြည့်တော့ တော်တော်လေးကို အရေအတွက် များနေတာကို တွေ့ရတယ်ဘုရား။

- အဲဒါ တကယ်လို့ တစ်ပါးချင်းစီ ဆပ်နိုင်မယ်ဆို၊ ဒါမှမဟုတ် တစ်ပါးပါးကို အကြောင်းတိုက်ဆိုင်လို့ ဆပ်ခွင့်ကြုံပြီဆို ဘယ်လိုကျေးဇူးဆပ်ရမလဲ ဘုရား၊
- ဘယ်လို ကျေးဇူးဆပ်တာ အကောင်းဆုံး ဖြစ်စေမလဲ ဘုန်းဘုန်း
- အဆုံးအမတွေကို လိုက်နာ ကျင့်သုံးတာ အကောင်းဆုံး ဆိုခဲ့ရင်လည်း.. ဒီ့အပြင် တခြား ဘယ်လိုနည်းတွေနဲ့ ကျေးဇူးဆပ်လို့ ရနိုင်သေးလဲ ဘုရား
- နောက်ပြီး ကျေးဇူးရှိတဲ့ ရဟန်းသံဃာတွေက များလွန်းတော့ အားလုံးကိုခြုံပြီး ကျေးဇူးဆပ်မယ်ဆို ဘယ်လိုနည်းက သင့်လျော်ပါသလဲ ဘုန်းဘုန်း။
- ဘုရားရှင် ဟောကြားခဲ့တဲ့ ကျေးဇူးဆပ်နည်းလေးများ ရှိခဲ့ရင်လည်း ရိုရိုသေသေ ဖတ်ရှု နာကြားချင်ပါတယ်ဘုရား။

ရိုသေစွာ ဦးတင်လျက်
ဖိုးသား

A. ၃၈ဖြာ မင်္ဂလာ တရားတော်တွေထဲမှာ သူ့ကျေးဇူးကို သိတတ်ခြင်းဟာ မင်္ဂလာတစ်ပါးပဲလို့ ဘုရားဟောပါတယ်။ ကျေးဇူးတရားဆိုတာ ကျေးဇူးကို မသိတတ်တဲ့သူတွေ အများကြီးထဲက ကျေးဇူးရှိတယ်လို့ သိတတ်ရင်ကိုပဲ အတော်လေး ဟုတ်နေပါပြီ။ ဒီထက်ပိုပြီး ကျေးဇူးတရား ရှိတယ်ဆိုတာကိုသိကာ ဒီကျေးဇူးကို ပြန်ဆပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အကယ်၍ အခွင့်မသာလို့ ပြန်မဆပ်နိုင်တာတောင်မှ ကျေးဇူးရှင်ကို မစော်ကားမိဖို့ လိုပါတယ်။ ကျေးဇူးမဆပ်နိုင်တာဟာ တာဝန်မကျေရုံလောက်ပဲ ဖြစ်နိုင်ပေမယ့် ကျေးဇူးရှင်ကို စော်ကားမိရင်တော့ ဒါဟာ ကိုယ်ကိုယ်တိုင် ပြန်ခံရတဲ့အထိ ပေးဆပ်ရတတ်ပါတယ်။ ဒါကြောင့် ကျေးဇူးတရားကို သိတတ်ဖို့ လိုသလို သိပြီးရင်လည်း ပြန်ဆပ်တတ်ဖို့လိုကာ ပြန်မဆပ်နိုင်သေးရင်လည်း ကျေးဇူးရှင်ကို ကျေးမစွပ်ဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ကျေးဇူးတရားကို ပြန်ဆပ်ဖို့ကတော့ ဒကာလေး ပြောသလို တရားနဲ့ဆပ်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် တရားနဲ့အညီ၊ ဆရာသမားများရဲ့ ဆုံးမသြဝါဒနဲ့အညီ ကျင့်ကြံနေထိုင်ခြင်းဟာ ကျေးဇူးတရားကို အကောင်းဆုံး ပြန်လည်တုံ့ပြန်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို မဆပ်နိုင်သေးပါက တရားဓမ္မနဲ့ ဆပ်ခြင်း၊ ပစ္စည်းလာဘ်လာဘနဲ့ ဆပ်ခြင်းဆိုတဲ့ ကျေးဇူးဆပ်နည်း နှစ်မျိုးထဲက ပစ္စည်းဝတ္ထုနဲ့ ဆပ်နိုင်ရင်လည်း ကျေးဇူးကို ပြန်လည်တုံ့ပြန်ရာ ရောက်ပါတယ်။ ဆရာဒကာဆိုတဲ့ ကျေးဇူးတင်ထိုက်၊ ကျေးဇူးဆပ်ထိုက်သူတွေရဲ့ ကျေးဇူးဆပ်မှုမှာ ရဟန်းတော်များက ဒကာဒကာမများရဲ့ ကျေးဇူးကို ဓမ္မနဲ့ ကျေးဇူးပြန်ဆပ်နိုင်ပြီး ဒကာဒကာမများကတော့ ရဟန်းသံဃာတော်များကို အာမိသဆိုတဲ့ ပစ္စည်းဝတ္ထုနဲ့ ပြန်လည်ကျေးဇူးဆပ်နိုင်ပါတယ်။ နောက်တစ်ချက် ဆရာဒကာများကြားမှာ လိုက်နာကျင့်ကြံရမယ့် တာဝန်ဝတ္တရားများနဲ့အညီ လိုက်နာကျင့်သုံး နေထိုင်ခြင်းဟာလည်း အချင်းချင်း ကျေးဇူးဆပ်နေခြင်းတွေပဲ ဖြစ်ပါတယ်။

လူ့ကျင့်ဝတ်ဆိုတော့ သိင်္ဂါလသုတ်မှာ ဘုရားဟောထားတဲ့ လူဒကာဒကာမတွေရဲ့ ကျင့်ဝတ်ငါးပါးကိုပဲ ပြောရမှာဖြစ်ပါတယ်။ လူဒကာဒကာမတွေ အနေနဲ့ ရဟန်းသံဃာတော်များ အပေါ်မှာ
၁။ မေတ္တာနဲ့ယှဉ်တဲ့ ကာယကံမှုကိုပြုခြင်း
၂။ မေတ္တာနဲ့ယှဉ်တဲ့ ဝစီကံမှုကို ပြုခြင်း
၃။ မေတ္တာနဲ့ယှဉ်တဲ့ မနောကံမှုကို ပြုခြင်း
၎။ အလောဘတံခါးကို ဖွင့်ထားခြင်း (အလိုရှိသည့်အခါ အလှူခံဖို့ ဖိတ်ကြားခြင်း)
၅။ ဆွမ်းစတဲ့ အာမိသတို့ကို ပေးလှူခြင်း ဆိုတဲ့ အချက်ငါးချက်နဲ့အညီ နေထိုင်ကျင့်သုံးဖို့ ဟောကြားထားပါတယ်။ လူဒကာဒကာမများ အနေနဲ့ ဒီကျင့်ဝတ်နဲ့အညီ ကျင့်ကြံနေထိုင်နိုင်မယ်ဆိုရင်လည်း ဒါဟာ ကျေးဇူးဆပ်နေတာပဲ ဖြစ်ပါတယ်။ ဒီငါးပါးမှာ အဓိကကတော့ မေတ္တာတရားပဲ ဖြစ်ပါတယ်။ ကျေးဇူးတရား များများရှိလေ အဲဒီရဟန်းသံဃာတော်ကို မေတ္တာများများ ပို့ပေးလေဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ကျေးဇူးဆပ်နေတာပဲ ဖြစ်ပါတယ်။ နောက် တတ်နိုင်သမျှ ကျေဇူးရှင် ရဟန်းသံဃာတော်တို့ လိုအပ်တဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုင်ရာ ပစ္စည်းအာမိသများကို ပေးလှူပေးနေခြင်းဟာလည်း ကျေးဇူးဆပ်တာပဲ ဖြစ်ပါတယ်။

ဗုဒ္ဓလက်ထပ်တော် အခါက မာတိကာမာတာဆိုတဲ့ ဒကာမကြီးတစ်ယောက်ဟာ ရွာကိုတရားအားထုတ်ဖို့ ကြွလာတဲ့ ရဟန်းတော်များအထံက ကမ္မဋ္ဌာန်းတရားကို အားထုတ်ပြီး အနာဂါမ်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ကမ္မဋ္ဌာန်းပေးတဲ့ ရဟန်းတော်များကတော့ တရားမရနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ ဒီလို သူ့ရဟန်းများ တရားမရတာဟာ ဘာကြောင့်ဆိုတာသိတဲ့ ဒကာမကြီးက ရဟန်းတော်များနဲ့ သင့်တော်မယ့် ဆွမ်းအာဟာရ စတဲ့လိုအပ်ရာရာတွေကို စီမံဖန်တီး လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီလို ဒကာမကြီးရဲ့ စီမံဖန်တီးမှုကို ခံယူပြီး ရဟန်းတော်များဟာ တရားကို ကြိုးစားအားထုတ်လိုက်တာ တစ်ပါးပြီးတစ်ပါး တရားရသွားခဲ့ပါတယ်။ မာတိကာမာတာ ဒကာမကြီးဟာ ရဟန်းတော်များရဲ့ ကမ္မဋ္ဌာန်းတရား ပြသမှုကျေးဇူးကို ကိုယ်ကိုယ်တိုင် လက်တွေ့တရားအားထုတ်ခြင်း၊ ရဟန်းတော်များ လိုအပ်တဲ့ ဆွမ်းအစရှိတဲ့ အာမိသကို လှူဒါန်းထောက်ပံ့ပေးခြင်းနဲ့ ပြန်ပြီးကျေးဇူးဆပ်ကာ ရဟန်းတော်များကို တရားရသွားစေခဲ့ပါတယ်။ ဒါကိုကြည့်ရင် လူဒကာဒကာမများ အနေနဲ့ ရဟန်းတော်များအပေါ် လိုအပ်တဲ့ အာမိသဝတ္ထုများ လှူဒါန်းထောက်ပံ့ ပေးနေတာဟာလည်း ကျေးဇူးရှင်ကို ကျေးဇူးဆပ်နေရာ ရောက်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ကျင့်မယ်၊ မေတ္တာလည်းပွားမယ်၊ အာမိသလည်း ထားမယ်ဆိုရင် လူတွေအနေနဲ့ ရဟန်းတော်များရဲ့ ကျေးဇူးတရားကို အထိုက်အလျောက် ဆပ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ဒကာလေးအပေါ် ကျေးဇူးများတဲ့ ရဟန်းသံဃာတော်များအား ကျေးဇူးဆပ်မယ်ဆိုရင် အဲဒီရဟန်းတော်များ သင်ကြားဟောကြားပေးတဲ့အတိုင်း လိုက်နာကျင့်သုံးနေထိုင်ခြင်း၊ ကျေးဇူးရှင် ရဟန်းတော်များကို မေတ္တာများများ ပို့သပေးခြင်း၊ အကြောင်းတိုက်ဆိုင်လို့ လက်တွေ့ကြုံဆုံခွင့်ရရင် မေတ္တာနဲ့ယှဉ်တဲ့ ကိုယ်နှုတ်စိတ် အမူအရာတွေနဲ့ ပြုစုလုပ်ကျွေးခြင်း၊ ကျေးဇူးရှင် ရဟန်းသံဃာတော်များအား လိုအပ်တဲ့ ဆွမ်းစတဲ့ အာမိသများကို တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးခြင်း စတဲ့နည်းတွေနဲ့ ကျေးဇူးဆပ်နိုင်ပါတယ်။ ကျေးဇူးများရင်များသလို တစ်ပါးချင်းပဲ ဖြစ်ဖြစ် အားလုံးကို ခြုံပြီးပဲ ဖြစ်ဖြစ် အကောင်းဆုံး ကျေးဇူးဆပ်နည်းကတော့ မေတ္တာတရားပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် တရားလည်းကျင့်မယ်၊ မေတ္တာလည်း ပို့သပေးမယ်ဆိုရင် ဒါဟာ အကောင်းဆုံး ကျေးဇူးဆပ်နည်းပဲ ဖြစ်ပါတယ်။ ပစ္စည်းလေးပါးနဲ့ လိုအပ်ရင် လိုအပ်သလို တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးခြင်းဖြင့်လည်း အာမိသနဲ့ ကျေးဇူးဆပ်နိုင်သလို ရဟန်းတော်များ တရားဓမ္မ အားထုတ်နိုင်ဖို့ ထောက်ပံ့ကူညီပေးခြင်း၊ တရားဓမ္မ ဆွေးနွေးပေးခြင်းဖြင့်လည်း ဓမ္မနဲ့အညီ ကျေးဇူးဆပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျေးဇူးတွေများလွန်းလို့ ကျေးဇူးဆပ်ဖို့ အခက်အခဲ ဖြစ်နေတဲ့ ဒကာလေးအနေနဲ့ တရားနဲ့အညီ ကျေးဇူးဆပ်နိုင်ဖို့ တရားလည်းကျင့်၊ ကျင့်သိတဲ့အတိုင်းလည်း ဟောပြော၊ ကျင့်ဝတ်များလည်း ဖြည့်ဆည်းကာ မေတ္တာလည်းပွား၊ အာမိသအားနဲ့လည်း လှူဒါန်းပေးမယ်ဆိုရင် တာဝန်အကျေဆုံး ကျေးဇူးဆပ်သူတစ်ယောက် ဖြစ်နေမှာ ဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

Read more »

မရှိမကောင်း၊ ရှိမကောင်း (သို့) မရှိမကောင်း ရှိမှကောင်း…

စည်းစိမ်ဥစ္စာတွေ၊ ရာထူးဌာနန္တရတွေ၊ အသုံးအဆောင် ပစ္စည်းဝတ္ထုတွေဟာ လူတွေအတွက် လိုအပ်တဲ့ အရာတွေ ဖြစ်ပါတယ်။ ရှိထားရင်ကောင်းသလို အသုံးလည်းတည့်ပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဒီအရာတွေကြောင့်ပဲ လူတွေမှာ မကောင်းတာတွေ ဖြစ်ပေါ်နေပြီး ဒုက္ခတွေ ထပ်တိုးနေတာတွေလည်း ရှိနေပြန်ပါတယ်။ ပစ္စည်းဥစ္စာတွေဆိုတာ ရှိထားရင် ဘဝမှာ နေရထိုင်ရာတာ သက်သောင့်သက်သာ ရှိတတ်ပေမယ့် ရှိလာရင်လည်း ရှိတဲ့အလျောက် ပူရပင်ရ၊ စိုးရိမ်ကြောင့်ကြ နေရတတ်ပြန်ပါတယ်။ သိပ္ပံပညာများ တိုးတက်လာတာနဲ့အမျှ အသုံးအဆောင် ပစ္စည်းဝတ္ထုတွေကလည်း တစ်မျိုးပြီးတစ်မျိုး ဆန်းသစ်ဖြစ်ပေါ်လာနေတဲ့ ဒီနေ့ခေတ်မှာ ဒီအသုံးအဆောင် ပစ္စည်းတွေ၊ စည်းစိမ်ဥစ္စာတွေဟာ လိုအပ်လာတဲ့အပြင် ရှိထားရင်လည်း ကောင်းတဲ့အရာတွေ ဖြစ်ပါတယ်။ သို့သော် အဲဒီရှိလာတာတွေရဲ့ နောက်ကွယ်မှာ မရှိတာက ပိုကောင်းတယ်ဆိုတဲ့ အချက်ကို လက်ခံလာကြတာတွေလည်း အများကြီး ရှိနေပြန်ပါတယ်။ မရှိတာမကောင်းပေမယ့် ရှိရင်လည်း မကောင်းဘူးလို့ ဆိုလာသူတွေလည်း တဖြည်းဖြည်း များလာနေပါတယ်။

တစ်ခါက သိပ်မရှိရာကနေ အရမ်းရှိလာတဲ့ ဒကာမကြီးတစ်ယောက်နဲ့ ဟိုစပ်ဒီစပ် စကားပြောရင်း ဘုန်းဘုန်းက ဒကာမကြီးကို “ဒကာမကြီး အနေနဲ့ မရှိရာကနေ ရှိလာတော့ ဘာတွေထူးခြားသွားသလဲ၊ ဘာတွေရပြီး ဘာတွေဆုံးရှုံးသွားသလဲ” စသဖြင့် မေးကြည့်တော့ ဒကာမကြီးက “ကောင်းတာတွေလည်း ရှိတယ်၊ မကောင်းတာတွေလည်း ရှိပါတယ်ဘုရား၊ ကောင်းတာက ရှိလာတဲ့အတွက် တပည့်တော် လုပ်ချင်တဲ့ အလုပ်တွေ၊ တပည့်တော် လုပ်ချင်တဲ့ အလှူတွေ လုပ်ခွင့်ရတယ်၊ လူ့ဘဝမှာ သက်သောင့်သက်သာ နေရတယ်ဘုရား၊ မကောင်းတာကတော့ တပည့်တော်မှာ ဒီရှိလာတဲ့အရာတွေ အပေါ်မှာ ပျောက်ပျက်သွားမှာ၊ ကုန်ဆုံးသွားမှာ ပိုပြီးစိုးရိမ်ကြောက်ရွံ့လာတာပဲ ဘုရား၊ ပြီးတော့ ပိုပြီးသိသိသာသာ ဖြစ်လာတာက တပည့်တော် အရင်ကထက် လိုချင်တဲ့လောဘတွေ များလာတဲ့အချက်ပဲ ဖြစ်ပါတယ်၊ အရင်ကဆို အတိုင်းအတာ တစ်ခုလောက် ရလာရင်ကိုပဲ ကိုယ့်ကိုယ်ကို ကျေနပ်နှစ်သိမ့်နိုင်ပေမယ့် အခုတော့ နည်းနည်းလေးဆိုရင် ရတယ်လို့ကို မထင်တော့ဘဲ အချီကြီးတွေမှပဲ လိုချင်နေတော့တာ ဖြစ်ပါတယ်ဘုရား၊ ခပ်ကြွားကြွားလေး ပြောရရင်တော့ လောဘအသေးစားလေးတွေကို ပယ်လာတဲ့ သဘောများလားလို့တောင် ထင်မိပါတယ်၊ အမှန်တော့ လောဘအသေးစားကို ပယ်တာမဟုတ်ဘဲ နည်းရင်မလိုချင်တဲ့ လောဘအကြီးစားကြီးကို ပိုင်ဆိုင်နေတော့တာ ဖြစ်ပါတယ်၊ အဆိုးဆုံးက တပည့်တော် ရရှိလာတဲ့ အရာတွေအပေါ်မှာ သံယောဇဉ်တရားတွေနဲ့ ဘယ်တော့ပျက်ပျက်သွားမလဲဆိုတဲ့ စိုးရိမ်မှုနဲ့ အမြဲတမ်း ကြောင့်ကျပူပန် နေရတာပါပဲဘုရား၊ တပည့်တော် အခုတဖြည်းဖြည်း သဘောပေါက်လာတာက စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရတွေဟာ မရှိတာထက်၊ ရှိတာကပိုပြီး ပူပန်ကြောင့်ကျ စိုးရိမ်ရတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်ဘုရား” စသဖြင့် လျှောက်ထားသွားပါတယ်။

ဟုတ်ပါတယ်။ ဒကာမကြီး ပြောသွားသလိုပါပဲ။ လူတွေရဲ့ လောဘဆိုတာကလည်း သိတဲ့အတိုင်း ရှိပြီးရင်းရှိချင်၊ ရပြီးရင်း ရချင်နေတော့တာ ဖြစ်ပါတယ်။ အရမ်းချမ်းသာနေတဲ့ သူတွေကို သွားမေးကြည့် နောက်ထပ်ဒီထက်ပိုပြီး ချမ်းသာချင်သေးလား၊ ဒီထက်ပိုပြီး ရချင်ရှိချင်သေးလားဆိုရင် ချမ်းသာချင်တယ်၊ ရချင်ရှိချင်တယ်လို့ပဲဖြေမှာ အသေအချာပဲ ဖြစ်ပါတယ်။ လိုချင်တဲ့ အတိုင်းအတာကို ရလာတော့လည်း ကျေနပ်သွားလား၊ စိတ်ချမ်းသာသွားလားဆိုတော့ မကျေနပ်ပြန်၊ စိတ်မချမ်းသာပြန်ဘူး ဖြစ်နေတတ်ပါတယ်။ မကျေနပ်တာက လိုချင်မှုတွေက ရပ်မသွားလို့ပဲဖြစ်ပြီး ရလာတဲ့အပေါ်မှာ စိတ်မချမ်းသာတာကတော့ ရှိလာတာနဲ့အမျှ စိုးရိမ်ပူပန်မှုတွေက ပိုများလာလို့ပဲ ဖြစ်ပါတယ်။ မရှိတော့လည်း ရှိချင်၊ ရှိလာပြန်တော့လည်း ထပ်ရှိချင်၊ ထပ်ရှိလာတာနဲ့အမျှ ထပ်ပူပင်တာတွေပဲ အဖြစ်များနေတဲ့အတွက် သေချာတွေးကြည့်တော့ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ အဖြာဖြာတွေဟာ မရှိရင်လည်းမကောင်း၊ ရှိရင်လည်းမကောင်းဘူးဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။

အမှန်တော့ ပုထုဇဉ်သဘာဝ လိုချင်ရချင် ရှိချင်နေတာတွေကတော့ ရှိနေကြမှာပဲ ဖြစ်ပါတယ်။ လိုချင်တပ်မက်မှု လောဘဆိုတာက ရဟန္တာဖြစ်မှပဲ အကြွင်းမဲ့ ပယ်သတ်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုချင်တပ်မက်မှုကို ကိုယ်ကအတိုင်းအတိုင် တစ်ခုနဲ့ ကန့်သတ်ထားနိုင်အောင်တော့ ကြိုးစားရမှာ ဖြစ်ပါတယ်။ လောဘကို အကန့်လေးနဲ့ ထားပေးဖို့တော့ လိုပါတယ်။ မဟုတ်ရင် ရပြီးရင်းရချင်၊ ရှိပြီးရင် ရှိချင်ရာက အဲဒီလောဘရဲ့ သားကောင်ဖြစ်လာပြီး ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ မတရားလိုချင်တဲ့ ဝိသမလောဘတွေအထိ ဖြစ်လာကာ ဒီဝိသမလောဘက ကိုယ့်ကိုဒီဘဝမှာကော သံသရာမှာပါ ဒုက္ခဖြစ်စေမှာ ဖြစ်ပါတယ်။ မတရားလိုချင်တဲ့ ဝိသမလောဘ ဦးစီးလာရင် အမှားအမှန်ကိုလည်း မခွဲခြားတတ်တော့တဲ့အပြင် ကုသိုလ်တရားတွေနဲ့လည်း လွဲလာတတ်ကာ ရရှိလာတဲ့ အပေါ်မှာလည်း ရောင့်ရဲတင်းတိမ်ခြင်းမရှိ၊ ရရှိလာတာတွေ အပေါ်မှာလည်း စိုးရိမ်ပူပန် ကြောင့်ကျမှုတွေအထိ ဖြစ်လာတတ်တဲ့ သဘောရှိပါတယ်။ ဒီလို ဖြစ်လာပြီဆိုရင် လူဟာ လူစိတ်ပျောက်ကာ လူ့ကျင့်ဝတ်ပါ မရှိဘဲ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အဲဒီလို မဖြစ်ဖို့ လိုချင်တပ်မက်မှု လောဘကို အကန့်တစ်ခုနဲ့ ထိန်းကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။

ဆိုတော့ကား လောကမှာ စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရတွေဆိုတာ မရှိလည်းမကောင်း၊ ရှိလည်းမကောင်းတဲ့ အရာတွေဆိုတာ အမှန်ဖြစ်ပေမယ့် လောကမှာ မရှိရင်မကောင်း ရှိမှကိုကောင်းတဲ့ အရာတွေ ရှိနေတယ်ဆိုတဲ့ အချက်ကလည်း ရှိနေပြန်ပါတယ်။ မရှိရင်မဖြစ် ရှိမှကို ဖြစ်ရမှာဖြစ်သလို ရှိလာတာနဲ့အမျှ ကောင်းကျိုးတွေကို ပိုမိုဖြစ်စေတဲ့ အရာတွေကလည်း ရှိနေတဲ့အချက်ပဲ ဖြစ်ပါတယ်။ အဲဒီအရာတွေကတော့ ကုသိုလ်တရားတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကိုယ်ကျင့်သီလပေါ့။ ကိုယ်ကျင့်သီလဟာ သတ္တဝါတွေအတွက် မရှိရင် ကောင်းကိုမကောင်းတဲ့ အရာပဲဖြစ်ပြီး ရှိထားရင်တော့ ရှိထားသလောက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ သီလမရှိရင် ပစ္စုပ္ပန်မှာလည်း ကောင်းမှာမဟုတ်သလို သံသရာမှာလည်း ကောင်းမှာမဟုတ်ပါဘူး။ သီလရှိထားလို့ကတော့ ဒီဘဝနောင်ဘဝမှ နောက်ဆုံး နိဗ္ဗာန်အထိကို ကောင်းနေကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် လောကမှာ မရှိရင် မကောင်း၊ ရှိမှကို ကောင်းတဲ့အရာဟာ ကုသိုလ်တရား၊ အထူးသဖြင့် သီလတရားပဲလို့ ဆိုကြခြင်း ဖြစ်ပါတယ်။

ဘာဖြစ်လို့ သီလတရားဟာ ရှိထားရင်အကောင်းဆုံးလို့ ဆိုရတာလဲဆိုတော့ သီလရှိနေတဲ့သူတွေဟာ ဖြစ်ရာဘဝတိုင်းမှာ အရာရာ ကောင်းနေကြလို့ပဲ ဖြစ်ပါတယ်။ သီလရှိထားရင် ရှိထားတာနဲ့အမျှ ဒီဘဝမှာလည်း ကောင်းနေမှာဖြစ်ပြီး နောင်ဘဝ သံသရာမှသည် နိဗ္ဗာန်အထိအောင် ကောင်းနေကြတော့မှာ ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဖွင့်တွေအရ သီလရှိထားတဲ့သူတွေဟာ
၁။ ကောင်းသတင်းနဲ့ အသက်ရှင်နေရခြင်း
၂။ မမေ့မလျော့ခြင်းဆိုတဲ့ အကြောင်းကြောင့် စည်းစိမ်ဥစ္စာများ ယုတ်လျော့ပျက်စီးမှု မရှိခြင်း
၃။ ဘယ်လိုပရိတ်သတ်ထဲမဆို ရဲရဲဝံ့ဝံ့ ဝင်ရောက်နေထိုင် သွားလာနိုင်ခြင်း
၎။ သေခါနီးကာလမှာ တွေဝေငြီးငြူခြင်းမရှိဘဲ သေရခြင်း
၅။ သေပြီးနောက်မှာလည်း အပါယ်လေးပါးမှလွတ်ကာ သုဂတိဘုံဝမှာ ဖြစ်ရခြင်း
ဆိုတဲ့ အကျိုးတရား ငါးမျိုးကို ခံစားရမှာဖြစ်ကြောင်း နားလည်မှတ်သား နိုင်ပါတယ်။ ဒါကြောင့် ဒီလို ပစ္စုပ္ပန် သံသရာ ကောင်းကျိုးတွေကို ဖြစ်စေတတ်တဲ့အတွက် ကိုယ်ကျင့်သီလဟာ မရှိရင် မကောင်းဘဲ ရှိထားရင်၊ စောင့်ထိန်းထားရင်တော့ ရှိထားသမျှ၊ စောင့်ထိန်းထားသမျှ ကောင်းနေမှာပဲလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက လောကလူသားများ တောင့်တလေ့ရှိ၊ လိုချင်တပ်မက်မှု ရှိလေ့ရှိကြတဲ့ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေဆိုတာ အတိုင်းအတာ တစ်ခုအနေဖြင့် ရှိထားရင် ကောင်းပေမယ့် အတိုင်းအတာကို ကျော်လွန်တဲ့အထိ ဖြစ်လာခဲ့ရင် ရှိတာထက်၊ မရှိတာကမှ ပိုကောင်းနေတဲ့ သဘောရှိတတ်ပြီး မရှိလို့ပူရတာထက် ရှိလို့ပူရတာက ပိုပြီးပင်ပန်းမှုကို ဖြစ်စေတဲ့အတွက် ဒီအရာတွေဟာ မရှိမကောင်း၊ ရှိမကောင်းတဲ့ အရာတွေပဲလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါပေမယ့် သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ကုသိုလ်တရား၊ ဒါန၊ သီလ၊ ဘာဝနာ တရားတွေကတော့ မရှိရင်မကောင်း၊ ရှိထားမှကို ကောင်းတဲ့အရာတွေ ဖြစ်နေပြီး အထူးသဖြင့် သီလတရားကတော့ မရှိမဖြစ် ရှိကိုရှိရမယ့်၊ ရှိထားရင် ရှိထားတာနဲ့အမျှ အကောင်းတွေကို ဖြစ်စေမယ့် အစစ်အမှန် သဘာဝဓမ္မပဲ ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

စည်းစိမ်ဥစ္စာ ရထူးဌာနန္တရတွေဟာ ရှိထားရင် ကောင်းတယ်ဆိုတာထက် အဲဒီအရာတွေ အပေါ်မှာ သတိမကပ်နိုင်ရင် ရှိထားတာနဲ့အမျှ စိုးရိမ်ကြောင့်ကျ ပူပန်သောကကို ဖြစ်စေပေမယ့် ကိုယ်ကျင့်သီလစတဲ့ ကုသိုလ်တရားတွေကတော့ ရှိထားရင် ရှိထားသလောက် သောကကင်းစေ၊ စိုရိမ်ပူပန်မှုကင်းစေ၊ ယုံကြည်မှု သဒ္ဓါခိုင်မြဲမှုကို ဖြစ်စေ၊ ပစ္စုပ္ပန် သံသရာ ဘဝအဖြာဖြာမှာ ကောင်းတာတွေပဲ ဖြစ်စေနိုင်တဲ့အတွက် စည်းစိမ်ဥစ္စာ ရထူးဌာနန္တရတွေ ရှိပြီးရင်ရှိအောင် ကြိုးစားကြတာထက်စာရင် သီလစတဲ့ ကုသိုလ်တရားများ တိုးပွားသထက် တိုးပွားအောင် ကြိုးစားတာက အကောင်းဆုံးပဲ ဖြစ်တယ်ဆိုတာ သိစေလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် လောကလူသားများ အနေနဲ့ လောကမှာ မရှိမကောင်း ရှိမကောင်းဖြစ်တဲ့ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေနောက်ကို တကောက်ကောက်လိုက်ရင်း ရှိလာတာနဲ့အမျှ စိုးရိမ်ကြောင့်ကြမှုကို ဖြစ်စေ၊ ပစ္စုပ္ပန် သံသရာ မကောင်းကျိုးကို ဖြစ်စေကြတာထက်စာရင် ရှိထားရင် ရှိထားတာနဲ့အမျှ ဘဝတိုင်းမှာ အကောင်းဆုံးကို ဖြစ်စေတတ်တဲ့ ကိုယ့်ကျင့်တရား၊ ကုသိုလ်တရားများနောက်ကို လိုက်ပြီး ကိုယ့်ဘဝကို အဆင့်အမြင့်ဆုံးနဲ့ အကောင်းဆုံးကို ဖြစ်စေကြတာက တဒင်္ဂခဏမှသည် နိဗ္ဗာန်အထိ ကြည့်တတ်တဲ့ အတိုမပြု အရှည်ရှုတဲ့ သဘောဖြစ်တဲ့အတွက် မရှိမကောင်း ရှိမကောင်းဖြစ်တတ်တဲ့ သူအဖြစ်မှ မရှိရင်မကောင်း ရှိမှကိုကောင်းစေတဲ့ သူအဖြစ်သို့ ရောက်အောင် ကုသိုလ်တရားများကိုသာ ရသမျှ ကြိုးစားကြပါလို့ စေတနာထား မေတ္တာအားဖြင့် အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
အားလုံး မရှိမကောင်း ရှိမှကောင်းတဲ့ အရာများနဲ့ ပြည့်နေသူများ ဖြစ်ကြပါစေ။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ