ကုသိုလ်ဘာကြောင့် လုပ်ရတယ်…

“ကုသိုလ်ဘာကြောင့် လုပ်သလဲ”ဆိုတဲ့ မေးခွန်းတစ်ခုကို ကိုရီးယား ယောဂီတစ်ယောက်က မေးဖူးပါတယ်။ “အကုသိုလ်တွေ ရှိနေတဲ့အတွက်ကြောင့်”လို့ ယေဘုယျသဘော အရင်ဆုံး အဖြေပေးပြီး ကုသိုလ်နဲ့ ပတ်သက်လို့ နားလည်အောင် အသေးစိပ် ထပ်ပြောပြပေးဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကံကံရဲ့ အကျိုးကို ယုံကြည်လက်ခံထားကြတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် ကုသိုလ်အကုသိုလ်ရဲ့ အခန်းကဏ္ဍဟာ သိပ်ကိုအရေးကြီးတဲ့ ဘဝဖန်းတီးချက်တွေ ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ ကုသိုလ်ဟာ လုပ်ဖို့ကို လိုအပ်တဲ့အတွက် မဖြစ်မနေ လုပ်ကိုလုပ်ရခြင်း ဖြစ်ပါတယ်။ မလုပ်ဘဲနေရင်ကော မဖြစ်ဘူးလားဆိုတော့။ ဖြစ်ပါတယ်။ ဒါပေမယ့် ကုသိုလ်မလုပ်ရင်တော့ အကုသိုလ်အလုပ်တွေက အစားထိုးနေရာ ယူသွားဖို့ များနေမှာဖြစ်ပြီး အကုသိုလ်တွေ များနေပြီဆိုရင်တော့ ဘဝမှာလည်း အဆိုးတွေပဲ များလာနေတော့မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကုသိုလ်ဆိုတာက သီးသန့်လုပ်ယူမှကို ရတတ်တဲ့သဘောရှိပြီး အကုသိုလ်ကတော့ မလုပ်လည်းဘဲ အလိုလို ရောက်ရောက်လာတတ်တဲ့ သဘောရှိတဲ့အတွက် အဖြစ်လွယ်၊ အရောက်လွယ်တဲ့ အကုသိုလ်တွေ မဖြစ်အောင် ကုသိုလ်ကောင်းမှုကို ကြိုးစားလုပ်ယူကြရခြင်း ဖြစ်ပါတယ်။

နောက် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ လိုအပ်တဲ့ ပန်းတိုင်ကို အရောက်လှမ်းဖို့အတွက် ကုသိုလ်လုပ်တာ ဖြစ်တယ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဗုဒ္ဓဘာသာဝင်တွေအတွက် အရေးကြီးဆုံး ပန်းတိုင်က ဒုက္ခအားလုံး ချုပ်ငြိမ်းရေးပန်းတိုင်ဖြစ်ပြီး ဒီပန်းတိုင်ကို မရမီစပ်ကြား တစ်ဘဝမှတစ်ဘဝ ကျင်လည်နေရတဲ့ သံသရာ ကာလမှာလည်း ဘဝအဆင့်အတန်းမြင့်ရေး၊ ဘဝချမ်းသာရေးတွေဟာလည်း အရေးကြီးတဲ့ ရည်မှန်းချက် ပန်းတိုင်တွေပဲ ဖြစ်ပါတယ်။ ဒီရည်မှန်းချက် ပန်းတိုင်တွေကို လှမ်းကိုင်နိုင်ဖို့အတွက် မဖြစ်မနေ ကုသိုလ်ကောင်းမှုတွေကို လုပ်ရတာလို့ဆိုရင် ဒါဟာ မှန်ကန်သင့်မြတ်တဲ့ အဖြေပဲ ဖြစ်ပါတယ်။

ကုသိုလ်ဆိုတော့ ဗုဒ္ဓဘာသာဝင်တွေ လုပ်သင့်တဲ့ကုသိုလ်၊ ရည်မှန်းရာ ပန်းတိုင်တွေကို လှမ်းကိုင်နိုင်အောင် အထောက်အကူပေးမယ့် ကုသိုလ်တွေက အမျိုးအစားအနေနဲ့ သုံးမျိုးသုံးစား ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီသုံးမျိုးက အားလုံးကြားဖူးပြီးသား ဖြစ်တဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တွေပဲ ဖြစ်ပါတယ်။ ဒီသုံးမျိုးထဲမှာ သီလကုသိုလ်ကတော့ အခြေခံအကျဆုံး ကုသိုလ်ဖြစ်ပြီး ဒီကုသိုလ်ကို ပြည့်စုံအောင် လုပ်ထားနိုင်မယ်ဆိုရင်တော့ ခုနပြောခဲ့တဲ့ ပန်းတိုင်တွေထဲက ဘဝအဆင့် အတန်းမြင့်ရေးဆိုတဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါနကုသိုလ်ကတော့ ရရှိလာတဲ့ ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာရေးအတွက် အထောက်အကူ ပေးမှာဖြစ်ပြီး ဘာဝနာကုသိုလ်ကတော့ အရေးကြီးဆုံးဖြစ်တဲ့ ဒုက္ခငြိမ်းရာကို လှမ်းကိုင်နိုင်မယ့် အထွတ်အထိပ် ကုသိုလ်ကြီးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အရေးကြီးဆုံး ပန်းတိုင်တွေကို လှမ်းကိုင်နိုင်ဖို့အတွက် လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်တွေဖြစ်တဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တွေကို စွမ်းနိုင်သမျှ ကြိုးစားလုပ်ကိုင်ကြရမှာ ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒီဘဝမှာ လူ့ဘဝကို ရလာကြတဲ့သူတွေထဲမှာ ဗုဒ္ဓဘာသာဝင်တွေ အဖြစ်နဲ့ ကံကံရဲ့ အကျိုးကို ယုံကြည်ပြီး ကိုယ်လုပ်တဲ့ အလုပ်တွေအပေါ်မှာ အလေးထားတတ်တဲ့ သူတွေအနေနဲ့ ဘဝရဲ့ ဒုက္ခတွေကိုငြိမ်းပြီး သံသရာဇာတ်သိမ်းဖို့အတွက် ဒီဘဝမှာပဲ တရားဘာဝနာအလုပ်ကို ကြိုးစားအားထုတ်ကာ ကိလေသာကုန်ခမ်း နိဗ္ဗာန်နန်းကို သွားနိုင်မယ်ဆိုရင်တော့ ဘဝမှာ အရေးကြီးဆုံးဖြစ်တဲ့ ပန်းတိုင်ကို ရယူနိုင်ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိသန္ဓေနေရတဲ့ ဒုက္ခ၊ အိုရနာရတဲ့ ဒုက္ခ၊ သေရတဲ့ဒုက္ခ၊ သေပြီးတစ်ခါ ဘဝသံသရာ ကျင်လည်နေရတဲ့ ဒီလိုဒုက္ခအပေါင်းကို အကြွင်းမဲ့ ချုပ်စေဖို့ဆိုတာ ဘာဝနာကုသိုလ် တစ်ခုတည်းပဲ ရှိတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘာဝနာဆိုတာတောင်မှ ရုပ်နာမ်တွေရဲ့ အဖြစ်အပျက်ကို ဉာဏ်နဲ့အမှန် သိမြင်နိုင်တဲ့ ဝိပဿနာ ဘာဝနာနဲ့မှပဲ ဒီအဆုံးစွန်ဖြစ်တဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာဝန်လက်စသိမ်းပြီး ဒုက္ခငြိမ်းလိုသူတွေအနေနဲ့ ဘာဝနာကုသိုလ်ကို ကြိုးစားအားထုတ်ကြဖို့ လိုတယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။

အဲဒီလို ဒီဘဝမှာ ဒုက္ခငြိမ်းရာအမှန်ဖြစ်တဲ့ နိဗ္ဗာန်ပန်းတိုင်ကို မတက်လှမ်းနိုင်သေးဘူး ဆိုရင်တော့ သေချာပေါက် သံသရာလည်နေကြရဦးမှာ ဖြစ်ပါတယ်။ သံသရာလည်တဲ့အခါ သတ္တဝါတွေ အနေနဲ့ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေရဲ့ အကျိုးရလာဘ်ကိုလိုက်ပြီး လူ့ဘုံ၊ နတ်ဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံနဲ့ ငရဲဘုံတွေမှာ ဖြစ်နိုင်တဲ့အတွက် ဒီဘုံတွေထဲက ကောင်းတဲ့သုဂတိဘုံလို့ ခေါ်ဆိုနိုင်တဲ့ လူ့ဘုံနဲ့ နတ်ဘုံတွေကို ရအောင်ကြိုးစား အားထုတ်ကြဖို့ လိုလာပြန်ပြီ ဖြစ်ပါတယ်။ သံသရာ ကျင်လည်ရာကာလမှာ ဘဝအဆင့်အတန်း မြင့်ဖို့လိုလာပြီ ဖြစ်ပါတယ်။ သံသရာ ခရီးသွားတွေအတွက် အဆင့်အတန်းမြင့်တဲ့ ဘဝဆိုတာ ခုနပြောခဲ့တဲ့ လူ့ဘုံနတ်ဘုံလို့ခေါ်တဲ့ သုဂတိဘဝတွေပဲ ဖြစ်ပါတယ်။ ဒီလို အဆင့်မြင့်တဲ့ ဘဝတွေကို ရဖို့အတွက် လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်ကတော့ သီလကုသိုလ်ပဲ ဖြစ်ပါတယ်။ သီလကုသိုလ်ဟာ မကောင်းတဲ့ ဒုစရိုက်တွေကို မလုပ်ဖြစ်အောင်၊ ကောင်းတဲ့အလုပ်တွေမှာ လုပ်ဖြစ်အောင် ကိုယ့်ရဲ့ ကာယကံ၊ ဝစီကံတွေကို ထိန်းပေးတဲ့ ကုသိုလ်ဖြစ်တဲ့အတွက် ကိုယ်ကျင့်တရားကောင်းနေ၊ သီလလုံခြုံနေတဲ့ သူတွေဟာ သေပြီးနောက်ဘဝတွေမှာ ကောင်းတဲ့သုဂတိ ဘဝတွေမှာပဲ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိဗ္ဗာန်ရောက်တဲ့အထိ ဒီဘဝမှာ မကြိုးစားနိုင်ကြသေးသူတွေ အနေနဲ့ ဘဝသံသရာမှာ အဆင့်အတန်းမြင့်တဲ့ ဘဝတွေမှာ ဖြစ်စေဖို့ သီလကုသိုလ်ကို အားထုတ်ကြဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုတော့ကား သီလလုံခြုံတဲ့အတွက် အဆင့်မြင့်တဲ့ ဘဝတွေမှာ ဖြစ်နိုင်ပေမယ့် အဲဒီအဆင့်မြင့်တဲ့ ဘဝတွေမှာ စားရမယ့်သောက်ရမယ့် ဆင်းရဲချို့တဲ့ နေကြမယ်ဆိုရင်လည်း မဖြစ်သေးပြန်ပါဘူး။ အဆင့်မြင့်တဲ့ လူ့ဘဝ၊ နတ်ဘဝ စတာတွေမှာ ဖြစ်နေပေမယ့် စားဝတ်နေရေးအတွက် ရုန်းကန်ရင်းနဲ့ပဲ ဆင်းဆင်းရဲရဲ ဘဝကို ဖြတ်သန်းကာ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်အားထုတ်နိုင်မှု မရှိပြန်ဘူးဆိုရင်လည်း ဘဝအဆင့်အတန်း မြင့်ပေမယ့် ဘဝချမ်းသာမှု မဖြစ်ဘဲ ဖြစ်နေတတ်ပြန်ပါတယ်။ ဒီလိုအဆင့်အတန်းမြင့်တဲ့ ဘဝကိုရနေပေမယ့် ဆင်းရဲနေတဲ့ ဘဝမျိုး မဖြစ်စေဖို့အတွက် ဒါနကုသိုလ်ကို လုပ်ဖို့လိုအပ်လာခြင်း ဖြစ်ပါတယ်။ ဒါနကုသိုလ်ဟာ ဘဝချမ်းသာမှုကို ဖြစ်စေတဲ့ ကုသိုလ်မျိုး ဖြစ်တဲ့အတွက် ပေးကမ်းလှူဒါန်း စွန့်ကြဲမှု ပြုနေသူတွေဟာ ရုပ်ဝတ္ထုပိုင်းမှာ ချမ်းသာနေသူတွေ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ သူတပါးလိုအပ်တာကို ပေးလိုက်တဲ့အတွက် ကိုယ်လိုအပ်တဲ့အခါမှာလည်း ရရှိနေခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဒါနကုသိုလ်ရဲ့ မပြောင်းလဲတဲ့ နိယာမပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝမှာ လိုလေသေးမရှိ ချမ်းသာစေဖို့အတွက် ဒါနကုသိုလ်ကို ကြိုးစားအားထုတ်ကြဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက ဗုဒ္ဓဘာသာတွေအတွက် ကုသိုလ်လုပ်တယ်ဆိုတာ လိုအပ်တဲ့ ပန်းတိုင်တွေကို လှမ်းကိုင်နိုင်ဖို့အတွက် လုပ်ကြခြင်းဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ဒုက္ခအားလုံး ငြိမ်းစေဖို့၊ ဒုက္ခမငြိမ်းနိုင်သေးလို့ သံသရာ လည်နေရတဲ့ အခါမျိုးမှာလည်း ကောင်းတဲ့ဘုံဘဝတွေမှာ ဖြစ်စေဖို့၊ ကောင်းတဲဘုံဘဝမှာလည်း စားရမယ့် သောက်ရမယ့် ဘဝမျိုးမဟုတ်ဘဲ သက်သောင့်သက်သာ ချမ်းသာတဲ့ ဘဝဖြစ်စေဖို့ဆိုတဲ့ လိုအပ်ချက်တွေကြောင့် ကုသိုလ်ကောင်းမှုကို လုပ်ဖို့လိုအပ်တယ်၊ လုပ်ကြတယ်လို့ ဆိုချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုအပ်ချက်တွေ အတွက်လည်း လုပ်ရမယ့် ကုသိုလ်တွေက ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်ဆိုတဲ့ ကုသိုလ်သုံးမျိုးလုံးပဲ ဖြစ်ပြီး ဒီသုံးမျိုးလုံးကို စုံအောင်လုပ်နိုင်တဲ့ သူတွေဟာ နိဗ္ဗာန်မရသေးတောင်မှ အဆင့်မြင့်တဲ့ဘဝမှာ ချမ်းချမ်းသာသာ ဖြစ်နေကြမယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် ဒီကုသိုလ်သုံးမျိုးမှာ အဓိက အခြေခံအကျဆုံး ကုသိုလ်က သီလကုသိုလ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါနတွေ လှိုင်လှိုင်လုပ်နေပေမယ့် သီလမဖြူစင်ရင် ဒါနရဲ့ အကျိုးပေး အားနည်းနေတတ်ပြီး တရားဘာဝနာအလုပ် အားထုတ်တဲ့ အခါမှာလည်း သီလမဖြူစင်ရင် ဘာဝနာဉာဏ်ဖြစ်ဖို့ပါ မလွယ်ဘဲ ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် တရားအားထုတ်တဲ့ သူတွေအနေနဲ့ အခြေခံဖြစ်တဲ့ သီလမဖြူစင်ရင် စိတ်လည်းဖြူစင်မှာ မဟုတ်ဘဲ စိတ်မဖြူစင်ရင် သမာဓိ ဖြစ်ဖို့လည်း မလွယ်ဖြစ်ကာ သမာဓိမတည်ရင် ပညာဖြစ်ဖို့လည်း ခက်ခဲနေတတ်ပါတယ်။ ဒါကြောင့် ဒါနလုပ်တာပဲ ဖြစ်ဖြစ်၊ ဘာဝနာအလုပ် အားထုတ်တာပဲ ဖြစ်ဖြစ် အခြေခံဖြစ်တဲ့ သီလကုသိုလ်ကို အကောင်းဆုံးဖြစ်အောင် အရင် ကြိုးစားအားထုတ်ဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ သီလကုသိုလ်ကို အခြေခံတဲ့ ဒါနကုသိုလ်၊ ဘာဝနာကုသိုလ်တွေကို လုပ်နိုင်မယ်ဆိုရင်တော့ အလုံးစုံပြည့်စုံတဲ့ ကုသိုလ်တွေ ဖြစ်နေမှာ အမှန်ပဲဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ဒါနသီလဘာဝနာ ကုသိုလ်သုံးမျိုးမှာ တစ်မျိုးတည်း လုပ်ဖို့ထက် သုံးမျိုးလုံး လုပ်ဖို့လိုတယ်ဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။ ဒါနလုပ်တာ သဘောကျလို့ ဒါနကုသိုလ် တစ်ခုတည်းလုပ်နေပြီး သီလကုသိုလ်မပါ၊ သီလမလုံခြုံပြန်ရင်လည်း အဆင့်မြင့်မြင့် သုဂတိ ဘဝမှာ ဖြစ်ဖို့မလွယ်သလို သီလကုသိုလ်မပါ သီလမဖြူစင်ဘဲနဲ့ ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်နေပြန်ရင်လည်း တရားမတက်၊ ဉာဏ်မတက်ဘဲ အကျိုးထူးတရားရဖို့ ခက်ခဲနေတတ်တယ်ဆိုတာ နှလုံးသွင်း ဆင်ခြင်ထားရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သီလကိုလုံခြုံအောင် စောင့်ထိန်းပြီး ဒါနနဲ့ဘာဝနာ ကုသိုလ်တွေကို ကြိုးစားကျင့်ကြံ အားထုတ်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် အချုပ်အားဖြင့် ကုသိုလ်ဘာကြောင့် လုပ်တာလဲ ဆိုတဲ့အချက်နဲ့ ပတ်သက်လို့ ကုသိုလ်ဆိုတာ ဗုဒ္ဓဘာသာတွေအတွက် ဒုက္ခငြိမ်းစေဖို့၊ ဘဝအဆင့်အတန်း မြင့်စေဖို့နဲ့ ရရှိလာတဲ့ ဘဝမှာ ချမ်းသာစေဖို့ဆိုတဲ့ ဆန္ဒတွေကြောင့် လုပ်ရတာဖြစ်ကြောင်း၊ ဒီဆန္ဒတွေပြည့်ဖို့အတွက် သီလကုသိုလ်ကို အခြေခံတဲ့ ဒါနကုသိုလ်၊ ဘာဝနာကုသိုလ်တွေကို စွမ်းနိုင်သမျှ ကြိုးစားအားထုတ် ပြုလုပ်ကြရမှာ ဖြစ်ကြောင်း၊ ဖြစ်နိုင်ရင် ဘာဝနာကုသိုလ်လို့ ခေါ်တဲ့ တရားအလုပ်ကို ကြိုးစားအားထုတ်ရင်း ဒီဘဝမှာပဲ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရင် အကောင်းဆုံးဖြစ်ပေမယ့် အဲဒီလို မလုပ်နိုင်သေးရင်လည်း သီလကုသိုလ်ကို ကျင့်ကြံစောင့်ထိန်းကာ အဆင့်မြင့်တဲ့ သုဂတိဘဝကို အရယူကာ အဲဒီသုဂတိဘဝမှာ ချမ်းသာဖို့အတွက် ဒါနကုသိုလ်ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်ကြောင်း စသဖြင့် အသိပေးတင်ပြရင်း လူတိုင်းလူတိုင်း ကုသိုလ်တရားတွေကို ရနိုင်သမျှ ပြုလုပ်ကြဖို့ တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

အကြောင်းကြောင့် အကျိုးဖြစ်ခြင်းသာ…

ခုတစ်လော ဘုန်းဘုန်းတို့ ဒယ်ဂူးမှာ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေက သိပ်မြန်လွန်းတယ်လို့ ထင်ရသလိုပါပဲ။ အဝေးရောက် မြန်မာတွေ တစ်ပတ်ပဲခြားပြီး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြတဲ့ အဖြစ်အပျက်လေးတွေပါ။ ဒါကြောင့် အင်တာနက် သတင်းတွေကိုကြည့်ပြီး တစ်ချို့ဆရာတော်များက “အရှင်ဘုရားတို့ ဒယ်ဂူးလည်း ဘယ်လိုဖြစ်နေတာလဲ” ဆိုတဲ့အမေးတွေ၊ တစ်ချို့ဒကာ၊ ဒကာမတွေကလည်း “ဘုန်းဘုန်းတို့ ဒယ်ဂူးမှာ ဘာတွေဖြစ်နေတာလဲ”ဆိုတဲ့ လျှောက်ထားသံလေးတွေ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဘုန်းဘုန်းတို့ရဲ့ စိတ္တသုခ လူမှုကူညီရေး အသင်းကလည်း မကြာခင်ကမှ ပေါ်ပေါက်လာပြီး ဒီအသင်းပေါ်လာပြီးမှ ဒီလိုအဖြစ်အပျက်တွေ ဖြစ်ခဲ့တဲ့အတွက် တစ်ချို့က အသင်းအကျိုးဆောင် ကလေးတွေကိုမြင်တိုင်း ပြောင်သလိုလို နောက်သလိုလို စကားလေးတွေနဲ့ “မင်းတို့ အသင်းပေါ်လာမှ ဒီလိုဖြစ်လာတာ”လို့ ဆိုလာတာတွေလည်း ရှိလာပြန်ပါတယ်။ တစ်ချို့ဆိုရင် လူမှုကူညီရေး အသင်းကို “နာရေးကူညီမှုအသင်း”၊ အကျိုးဆောင်အချို့ကို “ကိုကျော်သူ” စသဖြင့် ခနဲ့တဲ့တဲ့ ပြောလာတာ လေးတွေတောင် ရှိတယ်လို့ ဆိုပါတယ်။

“ပြောချင်သူတွေကတော့ ပြောနေကြမှာပါပဲ။ ပြောချင်ရာ ပြောကြပါစေ။ ဒါဟာ ဂုဏ်ယူစရာပါပဲ။ လုပ်နေတဲ့ အလုပ်လေးတွေ အကျိုးသက်ရောက်မှု ရှိလာတဲ့ သဘောပဲပေါ့။ ဘာမှမလုပ်လို့ ဘာမှမဖြစ်ရင် ဘာမှလည်း ပြောစရာ မရှိဘူးမဟုတ်လား၊ ခုတော့ ပြောစရာ ရှိလာတယ်ဆိုတော့ ဒါဟာ အလုပ်ရဲ့ အကျိုးသက်ရောက်မှု ရှိနေလို့ပဲလေ။ ဂရုမစိုက်ပါနဲ့၊ ကိုယ့်စေတနာသာ အဓိကပဲ မဟုတ်လား၊ အလုပ်လုပ်ရင်တော့ အပြောခံရမှာ အသေအချာပဲလေ၊ ဒါတွေကို ခေါင်းထဲမှာ ထည့်မထားပါနဲ့” လို့ ကလေးတွေကို အားပေးရပါတယ်။

အဲဒါပါပဲ။ ကိုယ်ကိုယ်တိုင်တော့ ဘာမှမလုပ်ဖြစ်ဘဲ သူများလုပ်ရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ် စသဖြင့် ပြောကြတာ ဗမာတွေရဲ့ ထုံးစံလို ဖြစ်နေပါပြီ။ ဗမာလို့ပြောတော့ လူမျိုးတွေအထိ ထိခိုက်စေပါတယ်။ တစ်ချို့တွေလို့ပဲ ပြောပါရစေတော့။ အကောင်းမြင်သဘောနဲ့ ဝေဘန်ထောက်ပြပေးတာ ကျေးဇူးတင် လက်ခံနိုင်ပေမယ့် အဆိုးမြင်တဲ့ သဘောနဲ့ သွားပုတ်လေလွင့် ပြောလာတဲ့ အပေါ်မှာတော့ ဘုန်းဘုန်းရဲ့ ကလေးတွေ မခံနိုင်သေးတဲ့ သဘောရှိပါတယ်။ အသက်အရွယ်လည်းငယ်၊ အတွေ့အကြုံလည်း မရင့်ကျက်သေးကြတော့ အပြောအဆို ဝေဘန်မှုလေးတွေအပေါ်မှာ လိုက်ခံစားပြီး သူတို့လေးတွေ စိတ်မကောင်းဖြစ်ကြခြင်း ဖြစ်မှာပါ။ ဒီအတွက်လည်း စိတ်ဓာတ်မကျဘဲ ရှေ့သို့သာ ဆက်ချီတက်ပါလို့ သူတို့လေးတွေကို ထပ်ပြီးတိုက်တွန်း အားပေးရပါတယ်။ ထားပါတော့။ ဒါက အလုပ်လုပ်သူတွေကို မလုပ်တဲ့သူတွေက ပြစ်တင်ပြောဆို ဝေဘန်တတ်တဲ့ သဘောလေးတွေကို ပြောပြတာပါ။

ဒီမှာအဓိက ပြောချင်တာက အဆိုးတွေဖြစ်လာရင် ဘယ်သူကြောင့် ဘယ်ဝါကြောင့် စသဖြင့် အပြစ်တင် ပုံချတတ်တဲ့ အကျင့်လေးတွေ၊ ဘာလုပ်လို့၊ ညာလုပ်လို့ ဒီလိုဖြစ်တာ စသဖြင့် စွဲတတ်တဲ့ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်တတ်တဲ့ သဘောလေးတွေကို ပြောချင်တာပါ။ ဒယ်ဂူးမြို့မှာ မြန်မာတွေ တစ်ပတ်ပဲခြားပြီး သေသွားတာနဲ့ ပတ်သက်ပြီးတော့ တစ်ချို့က အစွဲလေးတွေ ရှိနေတတ်ပါတယ်။ ဒါဘာဖြစ်လို့၊ ဘာကြောင့် စသဖြင့်ပေါ့။ အမှန်တော့ ဘယ်သူ့ဘယ်ဝါကြောင့်ရယ်မှ မဟုတ်ပါဘူး။ သူ့အကြောင်းသူ ဖန်သွားကြခြင်းသာ ဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးပေါ်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ပြီးတော့ ပုံသေတွက်လို့ မရတဲ့ မမြဲခြင်းသဘော၊ ဘယ်အချိန်မှာ၊ ဘယ်နေရာမှာ၊ ဘာရောဂါနဲ့ ဘယ်လိုသေရမယ် ဆိုတဲ့ တံဆိပ်ကပ်ထားလို့ မရတဲ့ သေခြင်းသဘောတွေရဲ့ လက်တွေ့ဆန်တဲ့ ဖောက်ပြန်ပြောင်းလဲမှုတွေကြောင့်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဘယ်သူကတော့ဖြင့် သေချင်လို့ သေကြရတာတော့ မဟုတ်ပါဘူး။ မသေချင်ဘဲ သေဖို့အကြောင်းဖန်လာလို့ အကျိုးအနေနဲ့ သေခြင်းတရား ဖြစ်ပေါ်သွားကြခြင်း ဖြစ်ပါတယ်။

အကြောင်းဆိုတော့ ဒီဘဝအကြောင်းရယ်၊ အတိတ်အတိတ်က အကြောင်းတွေရယ် ပေါင်းစုံသွားခြင်းလို့ပဲ ပြောရမှာဖြစ်ပါတယ်။ သတ္တဝါ တစ်ဦးဦး သေကြရတယ်ဆိုတာ ကံကုန်လို့သေခြင်း၊ သက်တမ်းကုန်လို့ သေခြင်း၊ အသက်ကံနှစ်မျိုးကုန်လို့ သေခြင်း၊ ဥပစ္ဆေဒကခေါ် ရုတ်တရက် လတ်တလော သေဖို့အကြောင်း ဖြစ်ပေါ်လာလို့ သေခြင်းဆိုတဲ့ သေခြင်းလေးမျိုးမှာ တစ်မျိုးမျိုးကြောင့် သေကြရတာ ဖြစ်ပါတယ်။ ဒါက အတိတ်အကြောင်းလို့ ပြောရမှာ ဖြစ်ပါတယ်။ တစ်ချို့ကျတော့ ဒီဘဝမှာ ကိုယ့်ကိုယ်စောင့်ရှောက်မှု မရှိဘဲ အသွားအလာ၊ အနေအထိုင် အစားအသောက်တွေမှာ မဆင်မခြင် အလွန်အကျွံ ဖြစ်သွားတဲ့အတွက် နောက်ဆုံး အသက်ဆုံးတဲ့အထိ ဖြစ်ခဲ့ကြရတာတွေလည်း ရှိတတ်ပါတယ်။ ဒါကတော့ သူတို့သူတို့တွေရဲ့ ပစ္စုပ္ပန် အနီးဆုံး အကြောင်းတွေလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် သေကြရတဲ့သူ အားလုံးဟာ အကြောင်းကြောင့် အကျိုး ဖြစ်သွားခဲ့ကြရခြင်းသာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ မွေးလာတာကိုက သေဖို့အကြောင်းဖြစ်လာခြင်းပဲ ဖြစ်ပါတယ်။ ဘဝသံသရာ တစ်လျှောက်လုံးမှာလည်း အကြိမ်ကြိမ်မွေးပြီး အကြိမ်ကြိမ် သေခဲ့ကြရတာတွေ မရေမတွက်နိုင်အောင်ပဲ ဖြစ်ပါတယ်။ နိဗ္ဗာန်မရသေးသမျှတော့ သတ္တဝါတွေဟာ မွေးကြ၊ အိုကြ၊ နာကြ၊ သေကြရမှာဦးမှာ ဖြစ်ပါတယ်။ မွေးခြင်းရှိလို့ သေခြင်းဖြစ်လာတဲ့ သဘောမှာ အရင်းစစ်တော့ ဘယ်သူ့ဘယ်သူကြောင့်မှ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ရဲ့ သံသရာက ထွက်မြောက်အောင် မလုပ်နိုင်ခြင်းကြောင့် ဒါမှမဟုတ် သံသရာလည်အောင် လုပ်နေကြတဲ့ လုပ်ရပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ရှိစေတော့။ ပြောချင်တာက လူအတော်များများဟာ ဘာလေးပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လာရင် အကြောင်းအကျိုး စဉ်းစားဆင်ခြင်မှု မရှိဘဲ ဘာကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘာဖြစ်လို့ ညာဖြစ်လို့ စတဲ့ မခိုင်လှုံတဲ့ အကြောင်းပြတွေနဲ့ အဆိုးဘက်က တွေးလေ့တွေးထ၊ မြင်လေ့မြင်ထရှိကာ အလွယ်တကူ အပြစ်ပုံချတတ်တာလေးတွေနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ကိုယ်ဖြစ်ရင်တော့ အကောင်း၊ သူများဖြစ်ရင်တော့ မကောင်း၊ ကိုယ်ဆိုရင်တော့ မမှား၊ သူများဆိုရင်တော့ အမှား၊ ကိုယ့်ဘက်ဆိုရင်တော့ အပြစ်မရှိ၊ သူ့ဘက်ဆိုရင်တော့ အပြစ်ရှိတယ်လို့ ထင်တတ်မြင်တတ်တဲ့ အကျင့်လေးတွေကို အမှန်မြင်ကြည့်စေ၊ သူ့နေရာမှာကိုယ်ဆိုတဲ့ အတွေးလေးတွေနဲ့ အစားထိုးခံစားကာ နားလည်ပေး ကြည့်စေချင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တတ်တဲ့ သဘောလေးတွေကို အမှန်သိစေချင်တာ ဖြစ်ပါတယ်။ အကောင်းမပြောရင်တောင်မှ အစောင်းမပြောကြစေချင်တဲ့ ဆန္ဒသက်သက်ပဲ ဖြစ်ပါတယ်။

ဒီလိုအကြောင်းအကျိုးနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ရင် အသေးအဖွဲလေးကစပြီး ခုလိုသေခြင်းတရားမျိုးအထိ မြင်ကြည့်တတ်ကြဖို့ အထူးလိုအပ်လှပါတယ်။ ကိုယ့်ရဲ့လက်ရှိ ဖြစ်နေတဲ့ အနေအထားရဲ့ အနီးဆုံးအကြောင်း တရားနဲ့ အဝေးဖြစ်တဲ့ အတိတ်အကြောင်းတရားအထိ မြင်နိုင်မယ်ဆိုရင် လူတွေဟာ ကိုယ့်ဘဝအခြေအနေကို အမှန်သိလာနိုင်မှာဖြစ်ပြီး ကြောင်းကျိုးဆက်စပ်မှု ကမ္မနိယာမ သဘောတရားကိုလည်း ကောင်းကောင်းနားလည် သဘောပေါက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီဘဝမှာ ကိုယ်ရရှိနေရတဲ့ လက်တွေ့ဘဝ အကျိုးတရား၊ သူများနဲ့ယှဉ်ရင် အားနည်းချက်၊ အားသာချက် ကွာခြားမှုများ၊ လူချင်းအတူတူ အကျိုးပေးချင်း ကွဲပြားမှုများ စတာတွေကို သတိပြု ဆင်ခြင်တတ်ကြမယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း အစစအရာရာ သတိထားလာတတ်မှာ ဖြစ်သလို သူတပါးအပေါ်မှာလည်း ကိုယ်ချင်းစာ နားလည်လာတတ်ကြမှာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် တစ်ချို့ချို့ လူတွေဟာ ရရှိလာတဲ့ ဒီဘဝမှာ သူများနဲ့မတူဘဲ ဘဝအခြေအနေ နိမ့်ကျနေတာ၊ အဆိုးတွေနဲ့ ဖြတ်သန်းနေရတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ရရှိလာတဲ့ ကိုယ့်ဘဝ နိမ့်ကျနေတာကို သတိမပြုမိဘဲ ဒီဘဝမှာလည်း ကိုယ့်ရဲ့လုပ်ရပ်တွေက အဆိုးဘက်ကို ဦးတည်သွားနေတာတွေလည်း ရှိနေတတ်ပြန်ပါတယ်။ သူတို့တွေ ဒီဘဝမှာတောင် ကိုယ်ရဲ့အကျိုးပေး သက်ရောက်မှုက ဒီလောက်နိမ့်ကျနေ၊ ဒီလောက်အဆိုးတွေ ဖြစ်နေရင် မကောင်းတဲ့ အမြင်အတွေး အလုပ်များနဲ့ ဖြတ်သန်းနေကြမယ် ဆိုရင်တော့ ဒီလုပ်ရပ်တွေဟာ အနာဂတ်မှာ ကိုယ်ကိုယ်တိုင်လုပ်ခဲ့တဲ့ အကြောင်းတရားရဲ့ အကျိုးသက်ရောက်မှုအဖြစ် ဒီထက်ကိုပိုပြီး ဆိုးဝါးနိမ့်ကျစေမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်လုပ်ရပ်ကို ကိုယ့်ဘဝကို ဖန်တီးနေတဲ့ အကြောင်းကြောင့် အကျိုးဖြစ်တတ်တဲ့ နိယာမပဲ ဖြစ်ပါတယ်။

ဆိုလိုတာက လောကမှာ လူအတော်များများဟာ သူများအပြစ်ပြောဖို့၊ သူများအပြစ်ထောက်ပြဖို့၊ သူများအပြစ်ဝေဘန်ဖို့ လွယ်တတ်ကြသလောက် ကိုယ့်ကိုယ်ကို အကျိုးသင့်အကြောင်းသင့် ဆင်ခြင်ဖို့၊ အကြောင်းကြောင့် အကျိုးဖြစ်တတ်တဲ့ သဘောကို သတိပြုမိဖို့ကျတော့ အလွယ်တကူ မလုပ်နိုင်တဲ့ သဘောရှိတတ်တဲ့အတွက် သူများမလုပ်နိုင်တဲ့ အလုပ်ကို ကိုယ်ကကြိုးစားလေ့ကျင့်ရင်း ကိုယ့်ကိုယ်ကို အပြစ်မဖြစ်အောင်၊ အကုသိုလ်မဖြစ်အောင်၊ ကြောင်းကျိုးဆက်စပ်မှုရဲ့ မကောင်းတဲ့ တန်ပြန်သက်ရောက်မှု ရောက်မလာအောင် ဘာပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အကောင်းလေးတွေရှာပြီး ကြည့်တတ်အောင် ကြိုးစားလေ့ကျင့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ အကြောင်းရှိရင် အကျိုးရှိတတ်တယ်ဆိုတဲ့ သဘောကို သတိပြုဆင်ခြင်ရင်း အကျိုးကောင်းအောင် အကြောင်းကောင်းတွေ လုပ်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဖြစ်ခဲ့ကြတဲ့ အရာတွေဟာ ဘယ်သူကြောင့်၊ ဘယ်ဝါကြောင့်၊ ဘာကြောင့်ညာကြောင့် စတာတွေထက် ကာယကံရှင်တွေ လုပ်ခဲ့ကြတဲ့ အနီးအဝေး အကြောင်းတရားတွေရဲ့ အကျိုး သက်ရောက်မှုကြောင့်သာ ဖြစ်တယ်ဆိုတဲ့ ကြောင်းကျိုးဆက်စပ်မှု နိယာမ သဘောတရားကို နားလည်သဘောပေါက်ကာ ကိုယ်ကိုယ်တိုင်သာ ကိုယ့်ရဲ့အကျိုးပေးကောင်းဖို့ လက်ရှိအလုပ်တွေမှာ အကြောင်းကောင်းအောင် အသိသတိနဲ့ ဆင်ခြင်ပြီး ကြိုးစားနေထိုင် လေ့ကျင့်ကြပါလို့ တိုက်တွန်းရင်း အစစအရာရာ မမေ့မလျော့ သတိရှိကြဖို့ စေတနာထား မေတ္တာအားဖြင့် အသိပေးစကား ပါးလိုက်ရပါတယ်။

Read more »

လစဉ်ဟောကြား မြတ်တရား (၃)

အနှစ်ထုတ်ယူ စွမ်းတဲ့သူ
တစ်လတစ်ကြိမ် အထူးကျင်းပ ပြုလုပ်ပေးဖြစ်နေတဲ့ လစဉ်တရားပွဲနဲ့ ရွှေမြန်မာ ဆုံညီပွဲကို လေးလပိုင်းမှာလည်း ပုံမှန်အတိုင်း ကျင်းပပြုလုပ် ဖြစ်ခဲ့ပါတယ်။ ဒီလမှာတော့ မြန်မာ့နှစ်သစ်ကူးလည်း ရှိနေတဲ့အတွက် နှစ်သစ်ကူးအလှူပွဲ ကျင်းပမယ့်ရက်နဲ့ အချိန်ကိုက်ယူပြီး ၁၇-၄-၂၀၁၁၊ တနင်္ဂနွေနေ့၊ ၁၃၇၃ခုနှစ်ရဲ့ မြန်မာ့နှစ်ဆန်း တစ်ရက်နေ့မှာပဲ လစဉ်တရားပွဲ၊ နှစ်ဦးအလှူပွဲ၊ ဇီဝိတဒါနပွဲစတဲ့ ခေါင်းစဉ်များနဲ့ အထွေထွေ ကုသိုလ်ပွဲအဖြစ် ကျင်းပဖြစ်ခဲ့ပါတယ်။ ကုသိုလ်အမျိုးအစား စုံသလောက် ပရိတ်သတ်ကလည်း စည်ကားလှတဲ့အတွက် တရားပွဲအချိန်ကို တော်တော်လေးညှိပြီး ဟောကြားပေးခဲ့ရပါတယ်။ သူ့အစီအစဉ်နဲ့သူ အချိန်ကိုက်အောင် အပိုင်းလေးတွေခွဲပြီး စီစဉ်ရတာဖြစ်တဲ့အတွက် တရားဟောတာကို အရင်လို အေးအေးဆေးဆေး မဟောကြားနိုင်ခဲ့ပါဘူး။ ဒါပမယ့် ဟောကြားခွင့်ရတဲ့ နာရီဝက်ကျော်ကျော် အချိန်အတွင်းမှာတော့ လိုရင်းပါအောင် ဟောကြားပေးဖြစ်ခဲ့ပါတယ်။ နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ ဖြတ်သန်းနိုင်ဖို့၊ အတိတ်က အရိပ်တွေကို သင်ခန်းစာယူပြီး အနာဂတ်မှာ အမှားမဖြစ်ဖို့၊ တစ်နှစ်တစ်နှစ် ဖြတ်သန်းရတဲ့ အချိန်ဟာ အလွန်တိုတောင်းလှတဲ့အတွက် အချိန်တိုင်းမှာ အနှစ်သာရရှိရှိ ဖြတ်သန်းနိုင်ကြဖို့၊ အနှစ်နဲ့အကာ ခွဲခြားကာ အနှစ်သာရကို အရယူနိုင်ကြစေဖို့ စတဲ့စတဲ့ ရည်ရွယ်ချက်လေးတွေနဲ့ ဒီလရဲ့ တရားခေါင်းစဉ်ကိုလည်း “အနှစ်ထုတ်ယူ စွမ်းတဲ့သူ”လို့ အမည်ပေးကာ လစဉ်ဟောကြား မြတ်တရား တစ်ပုဒ်အဖြစ် ဟောကြားချီးမြှင့် ပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ လူတိုင်းလူတိုင်း ဖြတ်သန်းခဲ့ရတဲ့ အတိတ်အချိန်တွေကိုကြည့်ရင် များသောအားဖြင့် ဟိုလိုဒီလိုလိုပဲ ဖြတ်သန်းခဲ့ကြရတာ များတတ်ပါတယ်။ တဒင်္ဂအခိုက်အတံ့ ကြီးပွားရေးနောက်ကိုလိုက်ပြီး ပညာရှာသူကရှာ၊ ဥစ္စာရှာသူကရှာ၊ မဆိုစလောက်သူတွေက တရားရှာသူကရှာနဲ့ပဲ အချိန်တွေဟာ ကုန်ပြီးရင်းကုန်ရင်း ဖြစ်နေကြတာ များလှပါတယ်။ တစ်ချို့လည်း ပညာရှာရင်း၊ စီးပွားရှာရင်းနဲ့ပဲ ဘာမှမရလိုက်ဘဲ ဘဝဆုံးသွားသူတွေ ရှိသလို တစ်ချို့လည်း စီးပွားရှာရင်း စီးပွားလည်းပျက်၊ အကျင့်တရားလည်းပျက်ကာ ဘဝပါ ပျက်သွားကြတဲ့အထိ ဖြစ်ကုန်ကြသူတွေလည်း ရှိတတ်ပါတယ်။ တစ်ချိုဆိုရင် စည်းစိမ်ဥစ္စာ နောက်ကိုလိုက်ရင်း စည်းစိမ်ဥစ္စာလည်း မရ၊ ခန္ဓာကိုယ်လည်း နွမ်းလျကာ အသက်ရှင်နေရတဲ့ ဘဝဟာလည်း အဓိပ္ပါယ်မဲ့ဖြစ်ပြီး နောက်ဆုံး ပစ္စုပ္ပန်မှာရော သံသရာမှာပါ ဘာမှအနှစ်သာရ မရလိုက်ဘဲ ရရှိလာတဲ့ လူ့ဘဝကို အရှုံးနဲ့ပဲ နိဂုံးချုပ်သွားကြရတဲ့ သူတွေအထိ ဖြစ်သွားကြတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် သိပ်မကြာလှတဲ့ လူ့ဘဝမှာ အနှစ်သာရကို ရနိုင်သမျှ ထုတ်ယူပြီး အစွမ်းရှိတဲ့သူများဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဘဝမှာ အနှစ်သာရတွေ ထုတ်ယူပြီး အစွမ်းရှိတဲ့သူတွေ ဖြစ်စေဖို့ ထုတ်ယူသင့်တဲ့ အနှစ်သာရက အများကြီး မရှိပါဘူး။ သုံးမျိုးပဲ ရှိပါတယ်။ အဲဒီသုံးမျိုးက
၁။ စည်းစိမ်းဥစ္စာတွေရဲ့ အနှစ်သာရ
၂။ ခန္ဓာကိုယ်ရဲ့ အနှစ်သာရနဲ့
၃။ အသက်ရှင်နေတဲ့ ဘဝရဲ့ အနှစ်သာရ
ဆိုတဲ့ အနှစ်သုံးမျိုးပဲ ဖြစ်ပါတယ်။ ဒီသုံးမျိုးရဲ့ အနှစ်သာရကို ရနိုင်သမျှ ထုတ်ယူသွားနိုင်မယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ တကယ့်ကိုပဲ စွမ်းနိုင်တဲ့သူ၊ အနှစ်ရှိတဲ့သူ၊ ပစ္စုပ္ပန် သံသရာ ကြီးပွားတိုးတက်မယ့်သူ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီသုံးမျိုးကို အရင်းတည်ကာ ထုတ်လို့ရသမျှ အနှစ်သာရတွေကို ထုတ်ယူသွားနိုင်တဲ့သူဟာ ဗုဒ္ဓအလိုရှိတော်မူတဲ့ အနှစ်ထုတ်ယူ စွမ်းတဲ့သူ ဖြစ်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။

ဆိုတော့ကား စည်းစိမ်ဥစ္စာတွေရဲ့ အနှစ်သာရကို ဘယ်လိုထုတ်သင့်သလဲ ဆိုတော့ ဗုဒ္ဓစာပေက “ပဉ္စန္နံ ဝေရာနံ သာဓာရဏ ဘာဝေန နိဿာရဿ ဣမဿ ဓနဿ ဒါနံ နာမ သာရော”လို့ ဖွင့်ဆိုရှင်းပြပါတယ်။ ဒီစကားရဲ့ ဆိုလိုရင်းက “စည်းစိမ်ဥစ္စာဆိုတာ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံ သားဆိုးသမီးဆို ဆိုတဲ့ ရန်သူမျိုးငါးပါးနဲ့ အမြဲမပြတ် ဆက်ဆံနေတဲ့အတွက် အနှစ်သာရ ရှာမရတဲ့ အဲဒီစည်းစိမ်ဥစ္စာတွေရဲ့ အနှစ်သာရဟာ ပေးကမ်းလှူဒါန်းခြင်းဆိုတဲ့ ဒါနတရားပဲ” လို့ ဆိုလိုတာ ဖြစ်ပါတယ်။

မှန်ပါတယ်။ ဒီစာပေအဖွင့်အတိုင်းပါပဲ။ ကိုယ်ကိုယ်တိုင် ကြိုးစားရှာဖွေ စုစောင်းထားတဲ့ စည်းစိမ်ဥစ္စာဆိုတာ ရေ၊ မီး၊ မင်း၊ သူခိုးဓားပြ စတဲ့ ရန်သူများကြောင့် အချိန်မရွေး ပျက်စီးသွားနိုင်သလို သေပြီးနောက်လည်း တပါတည်း ယူဆောင်သွားလို့မရ ထားခဲ့ရမယ့် အရာများပဲ ဖြစ်ပါတယ်။ နောက် ပစ္စည်းဥစ္စာရဲ့ သဘောက ကိုယ်နဲ့ထိုက်မှလည်း ရတတ်တဲ့ သဘောရှိတဲ့အတွက် ကိုယ်ကဘယ်လောက်ပဲ ကြိုးစားရှာဖွေ စုစောင်းပေမယ့် မရထိုက်ဘူးဆိုရင် တစ်မျိုးမျိုးနဲ့ကို ပျောက်ပျက်ကုန်တော့တာ ဖြစ်ပါတယ်။ ဒီဘဝမှာ ကိုယ့်အတွက် အဆင်မပြေလို့ နောင်ဘဝအတွက် ထုတ်ပိုးယူသွားလို့ ရသလားဆိုတော့လည်း သေသွားရင် ကိုယ်နဲ့မဆိုင်တော့ဘဲ ကိုယ်ပိုင်ဆိုင်တာတွေကို သူများတွေက ရယူသွားကြတော့တာ ဖြစ်ပါတယ်။ ဒီလိုရန်သူတစ်မျိုးမျိုးကြောင့် ပျက်စီးတတ်တဲ့သဘော၊ ကိုယ်နဲ့ထိုက်မှ ရတတ်တဲ့သဘော၊ သေရင်ယူသွားလို့မရ ထားသွားရတဲ့ သဘောရှိတဲ့အတွက် စည်းစိမ်ဥစ္စာဆိုတာ တကယ်တော့ ဘာမှအနှစ်သာရ မရှိတဲ့အရာတွေလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီစည်းစိမ်ဥစ္စာတွေကို အနှစ်သာရရှိသွားဖို့၊ ထာဝရ မပျောက်ပျက်အောင် ထိန်းသိမ်းထားဖို့၊ သေရင်ကိုယ်နဲ့ တပါတည်း ယူဆောင်သွားဖို့ဆိုတာ ဒီစည်းစိမ်ဥစ္စာတွေကို အသုံးပြုပြီး ဒါနလုပ်ကာသာ ယူဆောင်သွားရမှာ ဖြစ်ကြောင်း၊ ဒါနလုပ်ခြင်းဟာ စည်းစိမ်ဥစ္စာတွေရဲ့ အနှစ်သာရကို ထုတ်ခြင်းဖြစ်ကြောင်း၊ ဒီလိုစည်းစိမ်ဥစ္စာတွေကို အရင်းပြုပြီး ဒါနလုပ်ကာ အနှစ်ထုတ်သွားနိုင်သူသည် စွမ်းနိုင်သူဖြစ်ကြောင်း စသဖြင့် ဆိုခြင်းဖြစ်ပါတယ်။

နောက် ခန္ဓာကိုယ်ရဲ့ အနှစ်သာရနဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓစာပေမှာ ဖွင့်ဆိုထားတဲ့ အဖွင့်လေးက “ဗဟုရောဂါနံ သာဓာရဏ ဘာဝေန နိဿာရဿ ဣမဿ ကာယဿ သီလံ နာမ သာရော” ဆိုတဲ့ ဖွင့်ဆိုချက်လေးပဲ ဖြစ်ပါတယ်။ ဒီအဖွင့်လေးရဲ့ ဆိုလိုရင်းက “ခန္ဓာကိုယ်ဆိုတာ အနာရောဂါ အမျိုးမျိုးနဲ့ အမြဲမပြတ် ဆက်ဆံနေတဲ့အတွက် အနှစ်သာရ ရှာမရတဲ့ ဒီခန္ဓာရဲ့ အနှစ်သာရဆိုတာ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆိုတဲ့ သီလတရားပဲ” လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီအဖွင့်အတိုင်းပါပဲ။ ကိုယ်ပိုင်ဆိုင်တယ်လို့ ထင်နေရတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ သေချာတွေးကြည့်တော့ အပုတ်ကောင်ကြီး ရုပ်ဆောင်ထားခြင်းပဲ ဖြစ်ပါတယ်။ တရားသဘောအရ ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံပြီးကြည့်လိုက်ရင် အနှစ်သာရရှိတယ်ဆိုတာ ဘာတစ်ခုမှ တွေ့ရမှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ထွက်သမျှအရာတွေဆိုရင်လည်း ဘယ်အပေါက်ကပဲ ထွက်ထွက် ကောင်းတယ်ဆိုတာ တစ်ခုမှ မရှိလှပါဘူး။ အရေပြားလေးဖုံးထားလို့သာ ဒီခန္ဓာကိုယ်ကြီးက လှတပတ ဖြစ်နေတယ်လို့ ထင်နေရပေမယ့် အပေါ်အရေပြားကို ခွာကြည့်ရင် အားလုံးဟာ စက်ဆုတ်ရွံရှာဖွယ်တွေပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုအပုတ်အစုတွေနဲ့ တည်ဆောက်ထားတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ ရောဂါအမျိုးမျိုးနဲ့ ဆက်ဆံနေတဲ့အတွက် အချိန်မရွေး တစ်ခုပြီးတစ်ခု ဖောက်ပြန်ပျက်စီးမှုတွေ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ရောဂါရတယ်ဆိုတာ တကယ်တော့ အပုတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီရုပ်ကောင်ကြီး ဖောက်ပြန်ခြင်းသဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ လူတွေပြောပြောနေတဲ့ ရောဂါရောဂါဆိုတာ တခြားမဟုတ်ပါဘူး။ ဒီရုပ်အစုကိုပဲ ဆိုတာဖြစ်ပါတယ်။ ရုပ်ရှိတဲ့အတွက် ဖောက်ပြန်ခြင်း သဘောတွေရှိနေပြီး ဒီလိုဖောက်ပြန်နေခြင်းဟာ ရောဂါရှိနေခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုရုပ်တရားကို အမှီပြုပြီး ရောဂါတွေ အမြဲမပြတ် ရှိနေတဲ့အတွက် ခန္ဓာကိုယ်ဆိုတာ အနှစ်သာရ ဘာတစ်ခုမှ ရှာမရတဲ့ အပုတ်ကောင်ကြီးသာ ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီလို ရောဂါအမျိုးမျိုးနဲ့ ဆက်ဆံနေတဲ့ အပုတ်ကောင်ဆိုတဲ့ ခန္ဓာကိုယ်ကြီးဟာ အနှစ်သာရ ရှာမရတဲ့အတွက် ဒီခန္ဓာကိုယ်ရဲ့ အနှစ်သာရကို ထုတ်ပါဆိုရင် ခန္ဓာအစုကို အရင်းပြုပြီး ကိုယ်ကျင့်သီလ ကောင်းအောင်သာ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သီလစောင့်ထိန်းခြင်းဟာ အနှစ်သာရမရှိတဲ့ ခန္ဓာကိုယ်ကို အရင်းပြုပြီး အနှစ်သာရ ထုတ်နေခြင်း ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကြီး ဒီထက်ပိုပြီး မဖောက်ပြန်ခင်၊ ခန္ဓာကိုယ်ကြီးကို သယ်ဆောင်သွားလို့ ရနေသေးခင်၊ ခြေလက်အင်္ဂါတွေကို လိုသလို လှုပ်ရှားလို့ ရနေသေးခင် ကိုယ်ကျင့်သီလကို ကြိုးစားစောင့်ထိန်းကြဖို့၊ ကိုယ်ကျင့်တရား မလုံခြုံဘဲ အနှစ်တစ်ရာကျော် အသက်ရှင် နေရခြင်းထက်စာရင် ကိုယ်ကျင့်တရား လုံအောင်စောင့်ထိန်းပြီး တစ်နေ့တစ်ရက် တစ်မနက်လောက် အသက်ရှင်နေရခြင်းက ပိုပြီးမြင့်မြတ်လှတဲ့ အတွက် အကျင့်သီလကို အထူးစောင့်ထိန်းကြဖို့နဲ့ ဒီလို ခန္ဓာကိုယ်ကို အရင်းပြုပြီး သီလစောင့်ထိန်းခြင်းဟာ အနှစ်သာရကို ထုတ်နေခြင်းဖြစ်ပြီး အစွမ်းရှိတဲ့သူတွေဖြစ်အောင် ကြိုးစားနေခြင်း ဖြစ်တဲ့အတွက် သီလဆောက်တည်ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ အနှစ်သာရကို စွမ်းနိုင်သမျှ ထုတ်ကြည့်ကြဖို့ စသဖြင့် ဆိုခြင်းဖြစ်ပါတယ်။

နောက်ဆုံးအနှစ်သာရ တစ်ခုဖြစ်တဲ့ အသက်ရှင်နေတဲ့ ဘဝရဲ့ အနှစ်သာရနဲ့ ပတ်သက်လို့ စာပေက “အနိစ္စာဒိ သဘာဝေဟိ အဘိဏှပ္ပဋိပီဠနတ္တာ နိဿာရဿ ဣမဿ ဇီဝိတဿ ဘာဝနံ နာမ သာရော” လို့ ဖွင့်ဆိုရှင်းပြပါတယ်။ ဒီအဖွင့်ရဲ့ ဆိုလိုရင်းက “အသက်ရှင်နေတဲ့ ဘဝဟာဆိုတာ မမြဲခြင်း အနိစ္စစတဲ့ သဘောတရားတွေနဲ့ အမြဲမပြတ် နှိက်စက်နေတဲ့အတွက် အနှစ်သာရ ရှာမရတဲ့ အသက်ရှင်နေရတဲ့ ဒီဘဝရဲ့ အနှစ်သာရဟာ တရားဓမ္မ ကျင့်ကြံအားထုတ်ခြင်း ဆိုတဲ့ ဘာဝနာ အလုပ်ပဲ ဖြစ်တယ်”လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီမှာဖွင့်ဆိုပြတဲ့ အဖွင့်အတိုင်းပါပဲ။ အသက်ရှင်နေတယ်ဆိုတဲ့ ဘဝဟာ အချိန်မရွေး ပျက်စီးတတ်တဲ့ မမြဲခြင်း အနိစ္စသဘော၊ အသက်ရှင်နေတဲ့ အခိုက်မှာ အချိန်မရွေး ဆင်းရဲနိုင်တဲ့ ဒုက္ခသဘော၊ အသက်ရှင်နေပေမယ့် ကိုယ်လိုသလို ဖန်တီးလို့ မရဘဲ သူ့အလိုအတိုင်း၊ သူဖြစ်ချင်တဲ့အတိုင်း ဖြစ်နေတဲ့ အနတ္တသဘော တွေနဲ့ အမြဲနှီးနွယ် ဆက်စပ်နေတဲ့အတွက် သေချာတွေးကြည့်ရင် အချိန်မရွေး ပြောင်းလဲနေတယ်ဆိုတာ ခံစားမိမှာ ဖြစ်ပါတယ်။ အသက်ရှင်နေတယ်ဆိုတဲ့ ဘဝဟာ အချိန်မရွေး သေနိုင်တဲ့သဘော၊ အချိန်မရွေး ဆင်းရဲနိုင်တဲ့သဘော၊ အချိန်မရွေး သူ့သဘော သူဆောင်သွားနိုင်တယ်ဆိုတဲ့ သဘောတရားတွေက ရှိနေတဲ့အတွက် တကယ်တော့ အနှစ်သာရ ဘာမှမရှိဘူးဆိုတာ သိမြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို အနှစ်သာရ မရှိတဲ့အတွက်ကြောင့်လည်း အသက်ရှည်မှု မရှည်မှုဟာ အဓိကမကျဘဲ အသက်ရှင်နေတဲ့ အခိုက်မှာ လုပ်သင့်လုပ်ထိုက်တာကို အမိအရ လုပ်လိုက်နိုင်ခြင်းဟာ အဓိကကျတယ်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။ အသက်ရှင်နေတဲ့ ဘဝမှာ အဓိကကျတာက ဒီအခိုက်အတံ့ကို အရင်းပြုပြီး တရားအလုပ် အားထုတ်နိုင်မှုဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တရားအားထုတ်ခြင်းဟာ အချိန်မရွေး ပြောင်းလဲတတ်တဲ့ အသက်ရှင်နေတဲ့ ဘဝရဲ့ အနှစ်သာရကို ထုတ်နေခြင်း ဖြစ်တဲ့အတွက် ရှင်နေတုန်းမှာ အနှစ်သာရကို ထုတ်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တရားရှာ ကိုယ်မှာတွေ့ဆိုသလို ရုပ်နာမ်နှစ်ခုနဲ့ တည်ဆောက်ထားပြီး သွားလာလှုပ်ရှား အသက်ထင်ရှား ဖြစ်နေတဲ့ ဒီဘဝမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေး သုံးပါးကို ဘာဝနာဉာဏ်နဲ့ အမှန်မြင်အောင် ကြိုးစားကျင့်ကြံ အားထုတ်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝရဲ့ အနှစ်သာရကို ထုတ်နိုင်ဖို့ သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာဆိုတဲ့ ဘာဝနာ တစ်ခုခုကို ကြိုးစားအားထုတ်ကြည့်ကြဖို့နဲ့ ဒီလို တရားအလုပ် အားထုတ်နေခြင်းဟာ အသက်ရှင်နေတဲ့ ဘဝရဲ့ အနှစ်သာရကို ထုတ်နေတာဖြစ်တဲ့အတွက် သေချာပေါက် စွမ်းနိုင်တဲ့သူများ ဖြစ်နေမှာဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက ဒီနေရာမှာ ပြောလိုတဲ့ အစွမ်းရှိသူဆိုတာ ဒါန၊ သီလ၊ ဘာဝနာအလုပ်ကို ဘယ်လောက်လုပ်နိုင်သူ၊ ဘယ်လိုလုပ်နိုင်သူ၊ ဘယ်လိုကျင့်ကြံ အားထုတ်နိုင်သူကိုသာ ဆိုခြင်းဖြစ်တဲ့အတွက် ပစ္စုပ္ပန် သံသရာဆိုတဲ့ ဘဝနှစ်ဖြာမှာ အစွမ်းရှိတဲ့သူ၊ စွမ်းနိုင်တဲ့သူဖြစ်ဖို့ လူတိုင်းလူတိုင်း စည်းစိမ်ဥစ္စာတွေရဲ့ အနှစ်သာရ၊ ခန္ဓာကိုယ်ရဲ့ အနှစ်သာရနဲ့ အသက်ရှင်နေတဲ့ ဘဝရဲ့ အနှစ်သာရတွေကို ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို ကြိုးစားအားထုတ်ရင်းဖြင့် လက်တွေ့လုပ်ဆောင်ကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာဆိုတာ ရန်သူမျိုးငါးပါးနဲ့ အမြဲဆက်ဆံနေတတ်သလို၊ ခန္ဓာကိုယ်ဟာလည်း ရောဂါအမျိုးမျိုးနဲ့ အမြဲဆက်ဆံနေတတ်ပြီး အသက်ရှင်နေပါတယ်ဆိုတဲ့ ဘဝဟာလည်း မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ အစိုးရမခြင်း သဘောတွေနဲ့ အမြဲနှိပ်စက်နေတတ်တဲ့အတွက် အနှစ်မရှိတဲ့ ဒီစည်းစိမ်ဥစ္စာ၊ ဒီခန္ဓာနဲ့ ဒီအသက်ရှင်နေမှုတွေရဲ့ အနှစ်သာရကို ဒါနပြုလုပ်ခြင်း၊ သီလဆောက်တည်ခြင်း၊ တရားအားထုတ်ခြင်းဖြင့်သာ စွမ်းနိုင်သမျှ ထုတ်ယူကြရမှာဖြစ်ပြီး ဒီလိုအနှစ်သာရများနဲ့ပဲ ဘဝမှာအစွမ်းရှိတဲ့ သူတွေဖြစ်အောင် ကြိုးစားကျင့်ကြံ အားထုတ်ကြရမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလရဲ့တရားပွဲမှာ အမည်ပေးထားတဲ့ “အနှစ်ထုတ်ယူ စွမ်းတဲ့သူ”ဆိုတဲ့ တရားခေါင်းစဉ်အတိုင်း ဘဝသံသရာ ခရီးဆက်ကြမယ့် သံသရာ ခရီးသွားများ အနေနဲ့ သံသရာခရီးမှာ သက်သောင့်သက်သာ သွားနိုင်ရန်အတွက် အမှန်တကယ် ယူဆောင်လို့ရနိုင်မယ့် ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်များကိုသာ စည်းစည်ဥစ္စာကို အရင်းပြုကာ အလှူဒါနပြုခြင်း၊ ခန္ဓာကိုယ်ကို အရင်းပြုကာ သီလဆောက်တည်ခြင်း၊ အသက်ရှင်နေတဲ့ ဘဝအခိုက်အတံ့ကို အရင်းပြုကာ တရားဘာဝနာအလုပ် အားထုတ်ခြင်းဖြင့် ရနိုင်သမျှ အရယူကာ စွမ်းနိုင်တဲ့သူများဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြဖို့ တိုက်တွန်းရင်း “အနှစ်ထုတ်ယူ စွမ်းတဲ့သူ”ဆိုတဲ့ တရားတော်ကို ဒီတစ်လရဲ့ လစဉ်ဟောကြား မြတ်တရားတစ်ပုဒ်အဖြစ် ထုတ်နှုတ်တင်ပြလိုက်ရပါတယ်။

- စည်းစိမ်ဥစ္စာ၊ နှစ်ဆိုတာ၊ ဒါနလုပ်ကာ ထုတ်ရသည်။
- ခန္ဓာကိုယ်မှ၊ နှစ်သာရ၊ သီလဆောက်ကာ ထုတ်ရသည်။
- သက်ရှင်နေရ၊ နှစ်သာရ၊ ဘဝနာကျင့်ကာ ထုတ်ရသည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ