နှစ်သစ်အတွက် ခွန်းဆက်ချွေခြင်း

အားလုံး မင်္ဂလာပါ။

၁၃၇၃ခုနှစ်ရဲ့ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းများ ချွေလိုက်ပါတယ်။ အချိန်တွေဟာ သိပ်မြန်လွန်းတဲ့အတွက် တစ်နှစ်ကုန်သွားပြန်ပါပြီ။ ခဏလေးလို့ ထင်ရတယ်နော်။ ကုန်သွားတဲ့ တစ်နှစ်မှာ ပြန်ပြီးစဉ်းစားကြည့်ရင် ပျော်ရွှင်စရာတွေ၊ စိတ်ညစ်စရာတွေ၊ အလိုပြည့်တာတွေ၊ အလိုမပြည့်တာတွေ စတဲ့ အကောင်းအဆိုး လောကဓံတွေနဲ့ ကျော်ဖြတ်ခဲ့ရတယ်ဆိုတာ လူတိုင်းပါပဲ။ ပြီးတော့ အဲဒီကျော်ဖြတ်ခဲ့ရ တာတွေထဲမှာ ကုသိုလ်တွေများသလား၊ အကုသိုလ်တွေ များသလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ရင် အင်း… အများအားဖြင့် အကုသိုလ်တွေက များနေကြမှာပါ။

ထားပါတော့။ အတိတ်ဆိုတာ ကျန်ခဲ့ပြီလေ။ ဒီတော့ တို့တစ်တွေ အခုနှစ်သစ်ကစပြီး အနာဂတ် အချိန်တွေအတွက် ဘယ်လိုကုန်ကြမယ်၊ဘယ်လို ဖြတ်သန်းကြမယ်ဆိုတာကိုပဲ စဉ်းစားကြတာပေါ့။ သိတဲ့အတိုင်း ဘ၀က ဘာမှကြိုတွက်လို့ မရ၊ ကြိုမြင်လို့လည်း မရတဲ့ အခြေအနေ ဖြစ်နေတာဆိုတော့ အနာဂတ်အတွက် စိတ်သစ်လူသစ်နဲ့ အစီအစဉ်အသစ်တွေ ချတဲ့အခါ မျှမျှတတ စီစဉ်တတ်ဖို့ လိုပါတယ်။ မျှမျှတတဆိုတာ အစီအစဉ် ချတဲ့အခါ ဒီဘ၀အတွက်ရော နောင်သံသရာအတွက်ပါ ထည့်ပြီးချရမယ်ဆိုတာကို ပြောတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဘ၀တိုးတက်ရေးတွေ လုပ်နေတုန်း ရုတ်တရက် တစ်ခုခု ဖြစ်သွားခဲ့မယ်ဆိုရင် နောင်သံသရာအတွက် ပြင်ဆင်ထားမှုတွေလည်း အဆင်သင့်ရှိနေအောင်လို့ပါ။ သေချာတွေးကြည့်ရင် အားလုံးဟာ မြဲတာတစ်ခုမှ မရှိသလို၊ ပုံသေတွက်လို့ရတာလည်း တစ်ခုမှ မရှိဘူးဆိုတာ အသေအချာပါပဲ။ ဒါကြောင့် ပစ္စုပ္ပန်ရော သံသရာပါ ကောင်းစေမယ့် မျှမျှတတ ရှိမယ့်အစီအစဉ်တွေ ချမှတ်ကြပါလို့ တိုက်တွန်းရတာ ဖြစ်ပါတယ်။

နှစ်သစ်ကစပြီး စိတ်သစ်လူသစ်နဲ့ ဘ၀အောင်မြင်ရေး တိုးတက်ရေးတွေ ချမှတ်တဲ့အခါ ပညာရေးအစီအစဉ်၊ စီးပွားရေး အစီအစဉ်၊ ကျန်းမာရေး အစီအစဉ်၊ ကုသိုလ်ရေး အစီအစဉ်ဆိုတဲ့ ဦးတည်ချက်လေးရပ် တစ်ခါတည်း ပါနိုင်၊ တစ်ခါတည်းလုပ်နိုင်တဲ့ အစီအစဉ်တွေ ချမှတ်နိုင်ဖို့ လိုပါတယ်။ တစ်နေ့တစ်နေ့ ကုန်ဆုံးသွားတဲ့အခါ ဒီလေးခုလုံး ရနိုင်အောင် ကြိုးစားရပါမယ်။ လေးခုလုံး မရနိုင်တာတောင်မှ အနည်းဆုံး ကုသိုလ်လေးတော့ ရမှဖြစ်မှာပါ။ ကုသိုလ်ရဖို့အတွက်က ဘာမှ မခက်ပါဘူး။ အိပ်ရာက နိုးတာနဲ့ သရဏဂုံလေး ရွတ်တတ်တဲ့ အကျင့်လေး လုပ်လိုက်ရုံပါ။ ဒါဆို အဲဒီနေ့အတွက် အမြတ်ထွက်သွားတာပေါ့။ ဒီလိုပဲ တစ်ခြား ပညာရေး၊ ကျန်းမာရေး၊ စီပွားရေးတွေလည်း ရအောင်ယူနိုင်ဖို့ ကြိုးစားနိုင်ရပါမယ်။ ဒီလေးချက်ညီမယ်ဆိုရင် အခုဘ၀ရော နောင်သံသရာမှာပါ ကြီးပွားချမ်းသာမှာ မလွဲပါဘူး။

ဒါကြောင့် နှစ်သစ်မှာ စိတ်သစ်လူသစ် အစီအစဉ်အသစ်တွေနဲ့ အခုဘ၀ရော နောင်ဘ၀မှာပါ ချမ်းသာရအောင် ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ ကျန်းမာဆိုတဲ့ အချက်လေးချက်ကို မျှမျှတတ လုပ်နိုင်အောင် ကြိုးစားဖို့ အထူးတိုက်တွန်းရင်း နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက် စကားပါးလိုက်ရပါတယ်။

အားလုံး ၁၃၇၃ခုနှစ်ရဲ့ နှစ်သစ်မှစပြီး နောင်ဘ၀သံသရာအထိ ကိုယ်ကျန်းမှာ စိတ်ချမ်းသာ၍ လိုအင်ဆန္ဒ ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း..

မေတ္တာဖြင့်… အရှင်ဝိစိတ္တ (မနာပ ဒါယီ)

Read more »

ပြည်တော် မပြန်နိုင်သေးသူများနှင့် ပြည်တော် မနေနိုင်သူများအကြောင်း တစ်စေ့တစ်စောင်း…

တစ်လောက ကိုရီးယားနိုင်ငံမှာ တရားမဝင် အလုပ်သမားဘဝနဲ့ နှစ်ပေါင်းအတော်ကြာ အလုပ်လာလုပ်နေတဲ့ ဒကာတစ်ယောက်နဲ့ စကားပြောရင်း ဘုန်းဘုန်းက သူ့ကို “အင်း ဒကာတော်လည်း ဒီမှာရောက်နေတာ အတော်ကြာရောပေါ့၊ ဘယ်အချိန် အိမ်ပြန်ဖို့ စိတ်ကူးထားလဲ”လို့ မေးကြည့်တော့ ဒကာတော်က “ပြန်တော့ပြန်ချင်တာပေါ့ဘုရား၊ ဒါပေမယ့် အရှင်ဘုရားသိတဲ့အတိုင်း ရွှေပြည်တော်ကလည်း မျှော်တိုင်းဝေးနေသေးတော့ ပြန်လို့မဖြစ်သေးပါဘူးဘုရား”လို့ ငြီးရင်းလျှောက်ထားပါတယ်။ သူလျှောက် ထားတာကို နားထောင်ပြီး ဘုန်းဘုန်းမှာ ရွှေပြည်တော်အရေး တွေးနေမိပြန်ပါတယ်။ “ရွှေပြည်တော်ကြီးက ဘယ်တော့ဘယ်လို…” စသဖြင့်ပေါ့။

မနှစ်က မြန်မာပြည် ပြန်သွားတုန်းကလည်း မြန်မာပြည်ကကျောင်းမှာ ကိုရီးယားမှ ပြန်ချင်လို့ ပြန်လာသူတွေရယ်၊ မပြန်ချင်သေးပေမယ့် ကိုရီးရားအစိုးရက ပြန်ပို့လိုက်တဲ့အတွက် ပြန်လာရတဲ့ သူတွေရယ် ဆုံဖြစ်ကြတော့ ဟိုပြောဒီပြောပြောရင်း အတော်များများက ကိုရီးယားကို ပြန်သွားဖို့ ကြိုးစားနေကြတယ်ဆိုတာ သိရပါတယ်။ သူတို့ကိုလည်း ဘုန်းဘုန်းက “ဒကာတော်တို့က ဘာဖြစ်လို့ ရွှေပြည်တော်မှာ မနေနိုင်ဘဲ ရွှေပြည်တော်က ခွါပြေးချင်ကြတာလဲ”လို့ မေးကြည့်တော့ သူတို့က “ဘုန်းဘုန်းကလည်း သိရဲ့သားနဲ့ မေးနေပြန်ပါပြီ၊ ဒီမှာဘာမှ လုပ်စရာမရှိတဲ့အပြင် တပည့်တော်တို့ကလည်း ဒီရောက်ပြီး ဘာမှမလုပ်တတ်တော့ ရှိတာလေးထိုင်စားပြီး ဒီအတိုင်း ဟိုလိုလို ဒီလိုလိုနေနေရတာ၊ ကြာတော့မခံနိုင်ဘူးဘုရား၊ ဒါကြောင့် သူများနိုင်ငံကို ပြန်မသွားချင်ပေမယ့် ပြန်သွားဖို့ လုပ်ရတာပါဘုရား” စသဖြင့် လျှောက်ထားကြပါတယ်။ သူတို့အခေါ် ၂၊က ၃၊က တွေ ပြန်လုပ်ကြမယ့် သဘောပါပဲ။

ပြည်ပမှာရှိတဲ့ သူတွေရဲ့ ပြည်တော်မပြန်နိုင်တဲ့ အကြောင်းလေးတွေ၊ ပြည်တွင်းမှာရှိတဲ့ သူတွေရဲ့ ပြည်တော်မှာ မနေနိုင်တဲ့ အကြောင်းလေးတွေ ကြားရတော့ ဘုန်းဘုန်းလည်း ကိုယ့်ကိုယ်ကို ပြည်ပမှာ အနေကြာနေရတဲ့ အဖြစ်လေးကို တွေးနေမိပြန်ပါတယ်။ ဘုန်းဘုန်းပြည်ပမှာ ကြာနေတဲ့ အကြောင်းကိုတော့ လူဒကာတွေလို မိသားစု အရေးကြောင့်လို့ အကြောင်းမပြနိုင်ပေမယ့် ပြည်ပမှာရှိတဲ့ ရွှေမြန်မာတွေရဲ့ အမျိုးသားရေးရယ်၊ ဘုန်းတော်အနန္တရှင်ရဲ့ ဘုန်းဘုရားအရေးတွေကြောင့်လို့ အကြောင်းပြရင် မဆိုးဘူးလားပေါ့။ ဗုဒ္ဓဘာသာ ရွှေမြန်မာတွေအပေါ် တစ်လုံးတစ်ပါဒ ဟောပြောဆုံးမကာ အသိတစ်ခုရပြီး ကုသိုလ်ရစေချင်တာရယ်၊ ဗုဒ္ဓဘာသာကို စိတ်ဝင်စားကြတဲ့ ရွှေမြန်မာမဟုတ်တဲ့ အိမ်ရှင်နိုင်ငံခြားသားတွေကို ဘုန်းဘုရားရဲ့ ဓမ္မအနှစ်သာရတွေ တစ်လုံးတစ်ပါဒ သိရှိခံစားစေချင်တာရယ်၊ နောက် ပြည်တွင်းမှာရှိတဲ့ လိုအပ်တဲ့ လူမှုရေး၊ ဘာသာရေး၊ ပညာရေး ကဏ္ဍတွေမှာ တစ်ဘက်တစ်လမ်းက အထောက်အကူ ပြုပေးစေချင်တာရယ် စတာစတာတွေက လောလောဆယ် ဘုန်းဘုန်းအနေနဲ့ ပြည်တော်မှာ မနေနိုင်သေးဘဲ ပြည်ပမှာ ရှည်ကြာစေတဲ့ အကြောင်းပြချက်တွေလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘုန်းဘုန်းတို့ ရွှေမြန်မာတွေရဲ့ ပြည်တော်မပြန်နိုင်၊ ပြည်တော်မှာ မနေနိုင်တဲ့ အကြောင်းပြချက်ကိုတော့ လောကီဓမ္မတာ လူတို့ရွာဆိုတဲ့အတိုင်း လောကီအရေး၊ မိသားစုအရေး စတာတွေကြောင့်လို့ပဲ ယေဘုယျ ပြောရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အရေးအတွက် နိုင်ငံရေးအလုပ်ကို ကြိုးစားလုပ်နေကြရလို့ ပြည်တော်မပြန်နိုင်၊ ပြည်တွင်းမှာ မနေနိုင်တာတွေလည်း ရှိတော့ရှိတာပေါ့။ ဒါကတော့ အနည်းစုပါပဲ။ အများအားဖြင့်တော့ မိသားစု စားဝတ်နေရေးကြောင့်ပဲ ဖြစ်ပါတယ်။ ခုနောက်ပိုင်း ကြည့်မယ်ဆိုရင် မြန်မာအတော်များများဟာ နိုင်ငံအတော်များများမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေပြီး အကြောင်းပြချက် အမျိုးမျိုးနဲ့ပဲ ပြည်တော်မပြန်နိုင် ဖြစ်နေကြသလို ပြည်တွင်းမှာ ရှိနေကြသူတွေကလည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ ပြည်ပကို ထွက်ခွါဖို့ ကြိုးစားနေကြတာကို တွေ့ရတတ်ပါတယ်။ တစ်ချို့ဆိုရင် ပြည်တော်မပြန်နိုင်ရုံမကဘဲ ပြည်တော်နဲ့ ဝေးသထက်ဝေးရာ တတိယနိုင်ငံအထိတောင် သွားကြဦးမယ်လို့ ဆိုသူတွေလည်း ရှိနေလေရဲ့။ ထားပါတော့။ ဒါက သူ့အကြောင်းနဲ့ သူပဲလေ။

တခြားနိုင်ငံမှာရှိတဲ့ ရွှေမြန်မာများရဲ့ ပြည်တော်မပြန်နိုင်သေးတဲ့ အကြောင်းကို တိတိကျကျ မပြောနိုင်ပေမယ့် ဘုန်းဘုန်းတို့ အခုလက်ရှိနေနေတဲ့ နိုင်ငံမှာရှိတဲ့ ရွှေမြန်မာများရဲ့ ပြည်တော်မပြန်နိုင်သေးတဲ့ အကြောင်းကတော့ တစ်ယောက်တစ်ယောက်မျိုးနဲ့ အမျိုးမျိုးရှိနေတတ်ပါတယ်။ တစ်ချို့လည်း မြန်မာပြည် ပြန်သွားရင် ဘာလုပ်စားမှာလဲ ဆိုတဲ့သူတွေ ရှိသလို တစ်ချို့လည်း မြန်မာပြည်မှာဆို ဒီလောက်လခမျိုး ဘယ်လိုလုပ် ရနိုင်မှာလဲလို့ ဆိုလာသူတွေလည်း ရှိပါတယ်။ တစ်ချို့ကျတော့လည်း ဒီနိုင်ငံမှာ နှစ်တော်တော်ကြာအောင် နေထိုင်လုပ်ကိုင်နေပေမယ့် ရွှေပြည်တော်မှာက ဘာမှလက်ဆုတ်လက်ကိုင် မရှိဘဲ ဖြစ်နေသူတွေ ရှိနေသလို တစ်ချို့ကျတော့လည်း နှစ်ကြာလာတာနဲ့အမျှ ဟိုလိုလို ဒီလိုလို ဖြစ်လာသူတွေလည်း ရှိနေပြန်ပါတယ်။ အဆိုးဆုံးက ရည်ရွယ်ချက်တွေပျောက်ပြီး ရရစားစား သွားသွားလာလာနဲ့ ရောက်တဲ့နေရာမှာ ရသမျှအလုပ်လေးနဲ့ ရသမျှသုံးပြီး ကြုံသလိုပျော်နေကြတာပဲ ဖြစ်ပါတယ်။

ဘုန်းဘုန်းနဲ့သိတဲ့ ဒကာတစ်ချို့ဆို ရွှေပြည်တော်က ထွက်လာတာ ဆယ်နှစ်ကျော်ကျော် ရှိနေပြီး အိုဗာစတေးအဖြစ်နဲ့ အဖမ်းအဆီးကိုရှောင်ကာ နေ့အိပ်ညလုပ်ဘဝကို ကျင်လည်ဖြတ်သန်းနေခဲတာ အတော်ကြာနေပြီ ဖြစ်ပါတယ်။ အသိဒကာလေး တစ်ချို့ဆို စရောက်ကတည်းက သူဋ္ဌေးကို အလုပ်အကြွေးပြုခဲ့ရလို့ သူတို့ကျေးဇူးနဲ့ သူဋ္ဌေးကသာ ကြီးပွားချမ်းသာလာပြီး စက်တွေတစ်လုံးပြီး တစ်လုံးဝယ်၊ စက်ရုံတွေ တစ်ခုပြီးတစ်ခု တိုးချဲ့ကာ ရှိပြီးရင်း ရှိသွားခဲ့ကြပေမယ့် သူတို့မှာတော့ ဒုံရင်းဒုံရင်းနဲ့ပဲ အသက်သာကြီးလာတယ် ဘာမှဖြစ်မလာဘဲ ပေးသမျှလေးအပေါ်မှာ အကျေနပ်ကြီးကျေနပ်လို့ ပျော်သလို နေပစ်လိုက်ကြတာတွေလည်း ရှိပါတယ်။ တစ်ချို့ကျပြန်တော့ ရွှေပြည်တော်က မထွက်ခင်ကတည်း အိမ်ထောင်ကျပြီး သားသမီးတွေ ရှိခဲ့ကြပေမယ့် ရှာရင်းပို့ရင်း၊ သုံးရင်းစွဲရင်းနဲ့ပဲ သားသမီးအရေး၊ မိသားစုအရေးတွေးကာ တစ်နှစ်ပြီးတစ်နှစ်သာကုန်လို့ သားသမီးတွေတောင် ဘွဲ့တွေရကုန်တဲ့အထိ ဖြစ်သွားခဲ့ကြပေမယ့် သူတို့ကိုယ်တိုင်ကတော့ ပြည်တော်ပြန် မရောက်နိုင်ကြသေးတဲ့ အဖြစ်ပါ။

ပြည်တော် မပြန်နိုင်သေးသူများအကြောင်း သိသမျှ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ သင်ခန်းစာ ယူမယ်ဆိုရင် ယူစရာကောင်းတဲ့သူတွေရဲ့ အဖြစ်အပျက်တွေ ရှိသလို သံဝေဂယူမယ်ဆိုရင် ယူစရာကောင်းတဲ့ သူတွေရဲ့ အဖြစ်တွေကလည်း အများကြီးပါပဲ။ တစ်ချို့ဆို ရွှေပြည်တော်က ထွက်လာခါစမှာ ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ရှာဖွေစုဆောင်းပြီး သေသေချာချာ ကျစ်ကျစ်လစ်လစ် နေထိုင်ခဲ့ကြပေမယ့် နှစ်လည်းကြာလာ အပေါင်းအသင်းလည်း ပေါလာတဲ့နောက်မှာတော့ အသောက်အစား အပျော်အပါးတွေမှာ သာယာမိလိုက်တဲ့အတွက် အရက်သမား လုံးလုံးဖြစ်ကာ ရရစားစား သွားသွားလာလာနဲ့ ရွှေပြည်တော်လည်း မပြန်နိုင်၊ သူများနိုင်ငံမှလည်း စားဖို့သောက်ဖို့ အနိုင်နိုင်ဖြစ်ကာ ရောဂါများတောင် စွဲကပ်သွားတဲ့အထိ ဖြစ်သွားတာတွေလည်း ရှိပါတယ်။ တစ်ချို့ဆိုလည်း ရောက်လာတာ ဘယ်လောက်တောင် ကြာနေပြီလဲဆို သူတို့ဒီကို ရောက်လာပြီးမှ နောက်မှာအဖေဆုံး၊ အမေဆုံး၊ သားသမီးဆုံးတဲ့အထိ ဖြစ်သွားကြပါပြီ။

တကယ့်ကို သံဝေဂ ရစရာကောင်းတာက သားသမီးတွေ လေးငါးနှစ်အရွယ်မှာ မိသားစုအရေး၊ သားသမီးရေးအတွက်ဆိုကာ ပြည်ပထွက်လာခဲ့တဲ့ အဖေဟာ ပြည်တွင်းမှာရှိတဲ့ သားသမီးက ရုတ်တရက် ဆုံးသွားခဲ့ပေမယ့် အခိုက်အတံ့ပဲ နှမျောတသ စိတ်မကောင်း ဖြစ်ခဲ့ကြရပြီး ပြည်တော်ပြန်ဖို့အထိတော့ ဖြစ်မလာခဲ့ကြတာပါပဲ။ သက်တမ်းအရကြည့်ရင် အရင်သေရမယ့် အဖေက ပြည်ပကနေပြီး သားအတွက်၊ သမီးအတွက် ရည်စူးပြီး ကုသိုလ်လုပ် အမျှပေးဝေခဲ့ကြရသူတွေရဲ့ အဖြစ်တွေဟာ တကယ့်ကို သံဝေဂရစရာတွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ကာယကံရှင်တွေ့ ကိုယ်တိုင်ကတော့ တဒင်္ဂ သံဝေဂ ဖြစ်ခဲ့ကြပေမယ့် ပြည်တော်ကတော့ မပြန်ဖြစ်ခဲ့ကြသေးပြန်ပါဘူး။

ထားပါတော့။ သူ့အကြောင်းနဲ့သူ၊ သူ့အခြေအနေနဲ့သူ ပြည်ပမှာနှစ်တွေကြာပြီး ပြည်တော်မပြန်နိုင် ဖြစ်နေတာ မဆန်းပေမယ့် ကိုယ်လည်းအကျိုးမရှိ၊ မိသားစုလည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမရှိဘဲ ပြည်တော်မပြန်နိုင် ဖြစ်နေကြတာကတော့ အဆန်းဖြစ်သွားပါပြီ။ ပြည်တော်လည်း မပြန်နိုင်၊ ဥစ္စာလည်းမစုမိ၊ ကုသိုလ်လည်းမစုမိဘဲ အရက်ကြွေး၊ ဖဲကြွေးအပျော်အပါး အကြွေးတွေသာ များလာပြီး အကျင့်သိက္ခာတွေပါ ပျက်ပြားလာမယ် ဆိုရင်တော့ ဒါဟာ ပြည်တော်မပြန်နိုင်ရုံမက ဘဝသံသရာမှာ လူဘုံ၊ နတ်ဘုံတွေအထိ မပြန်နိုင်ဘဲ ဖြစ်သွားမှာ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ပြည်ပမှာအနေကြာလို့ ပြည်တော်မပြန်နိုင်တဲ့ သူတွေအတော်များများဟာ စားဝတ်နေရေး အခြေအနေကြောင့်ပဲ မပြန်နိုင်ကြတာ များပါတယ်။ စားဝတ်နေရေးဆိုတာ အသက်ရှင်နေသမျှ လိုအပ်နေတာ အမှန်ပဲဖြစ်ပေမယ့် အဲဒီအရေးတွေပဲ ဦးစားပေးပြီး ရှာလိုက်ဖွေလိုက် စားလိုက်သောက်လိုက် လုပ်နေကြမယ်ဆိုရင်တော့ အသက်သာဆုံးသွားမယ် ဒီအရေးတွေက ပြီးသွားမှာ မဟုတ်ပါဘူး။ ရလေလိုလေ၊ လိုက်လေဝေးလေ ဖြစ်နေတဲ့ ဒီစားဝတ်နေရေး ကိစ္စတွေနောက်ပဲ တစိုက်မတ်မတ် လိုက်နေလို့ကတော့ ဒီအရေးတွေ မပြည့်ခင်ဘဲ ကိုယ်နဲ့ကိုယ့်အသိုင်းအဝိုင်းဟာ အပြောင်းလဲကြီး ပြောင်းလဲသွားနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်တော်မပြန်နိုင်သေးသူတွေ အနေနဲ့ အချိန်ယူပြီး စဉ်းစားဖို့လိုလာတာက ပြည်ပမှာ အနေကြာလာတဲ့ မိမိတို့အနေနဲ့ အနေကြာသလောက် အကျိုးဖြစ်ထွန်းရဲ့လား ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ရွှေပြည်တော်မှာ နေတာထက်စာရင် ပြည်ပမှာ အနေကြာလိုက်တဲ့အတွက် မိမိတို့မှာ စားဝတ်နေရေး ကုသိုလ်ရေးတွေမှာ ပိုပြီးတိုးတက်ဖြစ်ထွန်းမှု ရှိမရှိနဲ့၊ ပြည်ပမှာ အနေကြာလာတဲ့ မိမိတို့ရဲ့ အကျင့်သိက္ခာတွေဟာ ရွှေပြည်တော်မှာ နေတာထက်ပိုပြီး လုံခြုံမှု၊ ပိုပြီးမြင့်မားလာမှု ရှိမရှိစတာတွေကိုလည်း အလေးအနက် စဉ်းစားကြဖို့ လိုလာပြီ ဖြစ်ပါတယ်။ ရလိုက်တာနဲ့ ပေးဆပ်လိုက်ရတာ ဘယ်ဟာက ပိုများမများ သုံးသပ်ဖို့နဲ့ တစ်ဘဝကောင်းစားရေးထက် သံသရာကောင်းစားရေး အတွက်လည်း ထည့်တွက်ရမယ်ဆိုတာ သတိပြုဖို့ လိုလာပြီ ဖြစ်ပါတယ်။ ဘယ်သူကောင်းစားရေး ဘယ်ဝါကောင်းစားရေးလည်း လုပ်ဖို့လိုသလို မိမိရဲ့ ပစ္စုပ္ပန် သံသရာကောင်းစားရေးလည်း လုပ်ဖို့လိုတယ်ဆိုတာ မမေ့လျော့ကြဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။


ဆိုလိုတာက အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်မပြန်နိုင်သူတွေ၊ ပြည်တော်မှာ မနေနိုင်သူတွေဟာ တဖြည်းဖြည်း များလာနေတဲ့ ရွှေပြည်တော်သားတွေ အနေနဲ့ ပြည်တော်မပြန်နိုင်တဲ့ မိမိတို့ရဲ့ အခြေအနေ၊ ပြည်တော်မှာ မနေနိုင်တဲ့ မိမိတို့ရဲ့ အခြေအနေကို သေချာသုံးသပ် ဆင်ခြင်ပြီး လိုအပ်လို့ မပြန်နိုင်၊ မနေနိုင် ဖြစ်နေကြရင်လည်း လိုအပ်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပြီး သင့်တင့်လျောက်ပတ်တဲ့ အချိန်မှာ ဒီသံသရာကနေ ရုန်းထွက်နိုင်အောင် ကြိုးစားကာ ဘယ်မှာပဲနေနေ ကိုယ့်ရဲ့ပစ္စုပ္ပန် သံသရာ ကောင်းစားရေးအတွက်လည်း စွမ်းနိုင်သမျှ ကြိုးစားကြဖို့လိုကြောင်း ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဘယ်အလုပ်မဆို အတိုင်းအတာကို ကျော်လွန်လာရင် အစွန်းရောက်သွားတတ်တဲ့အတွက် ပြည်တွင်းပြည်ပမှာနေရင်း မိမိတို့ရဲ့ လက်ရှိအနေအထားကို အစွန်းရောက်မသွားအောင် သတိပြုဆင်ခြင် နေထိုင်ကြဖို့နဲ့ ပြည်တော်ပြန်ခြင်း၊ မပြန်ခြင်း၊ ပြည်တော်ခွာခြင်း၊ မခွါခြင်းထက် ရောက်ရာနေရာ ဖြစ်ရာအခြေအနေမှာ ကိုယ်ကိုယ်ကို အရှုံးမပေါ်အောင် ကြိုးစားကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်တော်မပြန်နိုင်သူတွေပဲ ဖြစ်ဖြစ်၊ ပြည်တော်မှာ မနေနိုင်သူတွေပဲ ဖြစ်ဖြစ် ဘယ်သူမဆို အခြေအနေအရ မိမိတို့ လက်ရှိဖြစ်နေတဲ့ အနေအထားမှာ ကိုယ့်ကိုယ်ကိုသာ ထိန်းထိန်းသိမ်းသိမ်း နေထိုင်ရင်း မိမိအရေး၊ မိသားစုအရေး၊ ဆွေမျိုးအရေးတွေအပြင် သံသရာအရေးအတွက်လည်း ကြိုတင်ပြင်ဆင်ကာ မြန်ပြည်တော်နဲ့ ဝေးနေပေမယ့် နိဗ္ဗာန်ရွှေပြည်နဲ့တော့ နီးနေသူများဖြစ်အောင် ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Read more »

သီလလုံခြင်း၊ မလုံခြင်းရဲ့ အကျိုး၊ အပြစ်များ…

ပါဏာတိပါတ
ဆောင်ပုဒ်လင်္ကာ =
ပါဏာတိပါတ်၊ သူ့သက်သတ်က၊ ချို့တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်၊ အားအင်ချွတ်ယွင်း၊ လျင်ခြင်းလည်းဝေး၊ ဘေးကိုကြောက်တတ်၊ အသတ်ခံရာ၊ အနာများလျက်၊ ခြွေရံပျက်၍၊ အသက်တိုလျ၊ ပြစ်များစွာ့သည်၊ ရှောင်က အပြန်အကျိုးတည်း။

ပါဏာတိပါတခေါ် သူ့အသက်ကို သတ်လေ့ရှိသူများသည်
၁။ မျက်စိ၊ နား၊ နှားခေါင်းစတဲ့ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းတတ်ခြင်း
၂။ ဖြစ်ရာဘဝ၌ ရုပ်ဆင်းအင်္ဂါ မွဲပြာခြောက်ခမ်း၍ စိုစိုပြေပြေ မရှိဖြစ်တတ်ခြင်း
၃။ အားအင်ချွတ်ယွင်းကာ အားနည်းတတ်ခြင်း
၎။ လျင်မြန်ဖျတ်လတ်ခြင်း မရှိခြင်း
၅။ ကြောက်ရွံ့တတ်ခြင်း
၆။ သူများသတ်၍ သေရခြင်း၊ ကိုယ်ကိုယ်တိုင် အဆိပ်စသည်စား၍ သေရခြင်း
၇။ အနာရောဂါများတတ်ခြင်း
၈။ အခြွေအရံမရှိ ပျက်စီးတတ်ခြင်း
၉။ အသက်တိုခြင်း စသည့် အပြစ်များကို ခံစားရတတ်ပြီး ပါဏာတိပါတမှ ရှောင်ကြဉ်ပါက ဤအပြစ်များ၏ ပြောင်းပြန်ကောင်းကျိုးကို ခံစားရတတ်သည်။

အဒိန္နာဒါန

ဆောင်ပုဒ်လင်္ကာ =
အဒိန္နာဒါ၊ ခိုးမိပါမူ၊ ဥစ္စနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊ ရှောင်ကအပြန်အကျိုးတည်း။

အဒိန္နာဒါနခေါ် သူတပါးပစ္စည်းဥစ္စာကို ခိုးယူလုယက်သူသည်
၁။ ဆင်းရဲမွဲတေခြင်း
၂။ ငတ်မွတ်ခေါင်းပါးခြင်း
၃။ အလိုရှိသည့်အရာကို မရနိုင်ခြင်း
၎။ အကြောင်းအမျိုးမျိုးကြောင့် စည်းစိမ်ဥစ္စာများ ပျက်စီးတတ်ခြင်း စသည့် အပြစ်များကို ခံစားရတတ်ပြီး ရှောင်ကြဉ်ပါက ဤအပြစ်များ၏ ပြောင်းပြန်ကောင်းကျိုးကို ခံစားရတတ်သည်။

ကာမေသုမိစ္ဆာစာရ

ဆောင်ပုဒ်လင်္ကာ =
မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏။ ဣတ္ထိ ပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါအပြန်အကျိုးတည်း။

ကာမေသုမိစ္ဆာစာရခေါ် သူတပါးလင်သား သမီးသားနှင့် ဇနီးမယားကို မှောက်မှားဖျက်စီးသူသည်
၁။ မလိုမုန်းထား ရန်သူများခြင်း
၂။ ပစ္စည်းလာဘ်လာဘ ရှားပါးတိတ်ဆိတ်ခြင်း
၃။ ချမ်းသာမှုမရှိခြင်း
၎။ မိန်းမဖြစ်တတ်ခြင်း
၅။ မိန်းမမဟုတ်၊ ယောက်ျားမဟုတ် ဖြစ်တတ်ခြင်း
၆။ ယောက်ျားဖြစ်လျင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း
၇။ မျက်နှာပျက်၍ အရှက်ကွဲခြင်း
၈။ စိုးရိမ်ကြောင့်ကြမှု အားကြီးခြင်း
၉။ ချစ်သူများနှင့် ကွေ့ကွင်းရခြင်း စသည့် အပြစ်များကို ခံစားရတတ်ပြီး ရှောင်ကြဉ်ပါက ဤအပြစ်များ၏ ပြောင်းပြန်ကောင်းကျိုးကို ခံစားရတတ်သည်။

မုသာဝါဒ

ဆောင်ပုဒ်လင်္ကာ =
မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏။ မရောက်သြဇာ၊ နှုတ်လျာကြမ်းထော်၊ လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန်အကျိုးတည်း။

မုသာဝါဒခေါ် မုသားစကားပြောသူများသည်
၁။ စကားပီပီသသ မပြောတတ်ခြင်း
၂။ သွားများမညီမညာ ဖြစ်တတ်ခြင်း
၃။ အာခံတွင်းပုပ်ညှီနံစော်တတ်ခြင်း
၎။ ကိုယ်အရေအသား ခြောက်ကပ်ခြင်း
၅။ ပုံဟန်မလှဘဲ ဆိုးဝါးချွတ်ယွင်း ဖောက်ပြန်ခြင်း
၆။ သူတပါးအပေါ် သြဇာအာဏာမတည်ခြင်း
၇။ အပြောအဆို နှုတ်လျှာကြမ်းတမ်းခြင်း စသည့် အပြစ်များကို ခံစားရတတ်ပြီး ရှောင်ကြဉ်ပါက ဤအပြစ်များ၏ ပြောင်းပြန်ကောင်းကျိုးကို ခံစားရတတ်သည်။

သုရာမေရယ

ဆောင်ပုဒ်လင်္ကာ =
သေရည်သောက်လင့်၊ သင့်မသင့်၌၊ ရေးခွင့်မသိ၊ ပျင်းရိမေ့ရူး၊ ကျေးဆူးမဆပ်၊ ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊ ရှောင်ခါအပြန်အကျိုးတည်း။

သုရာမေရယခေါ် အရက်သေစာမူးယဇ်ဆေးဝါး သောက်စားသုံးစွဲသော သူသည်
၁။ အရေးအခွင့် သင့်မသင့်ကို မသိတတ်ခြင်း
၂။ ပျင်းရိတတ်ခြင်း
၃။ မေ့လျော့မူးရူးတတ်ခြင်း
၎။ သူ့ကျေးဇူးကို မသိတတ်ခြင်း
၅။ အရှက်အကြောက် ဟိရီ သြတ္တပ္ပတ္တတရား ကင်းခြင်း
၆။ အရက်သေစာ သောက်စားမိသူမှာ မပြုရဲသည့် အကုသိုလ်မရှိခြင်း စသည့် အပြစ်များကို ခံစားရတတ်ပြီး ရှောင်ကြဉ်ပါက ဤအပြစ်များ၏ ပြောင်းပြန်ကောင်းကျိုးကို ခံစားရတတ်သည်။

ကျမ်းကိုး =
ရတနာ့ဂုဏ်ရည် (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ