သမ္မာအာဇီဝအကြောင်း တစ်စေ့တစ်စောင်း…

သမ္မာအာဇီဝဟူသော စကားကို ဗုဒ္ဓဘာသာအများ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်၏။ ကြားလည်း ကြားဖူးကြသကဲ့သို့ အသုံးပြု ပြောဆိုမှုများလည်း ရှိနေကြ၏။ ထိုစကား၏ တိုက်ရိုက်အဓိပ္ပါယ်ကို ကောင်းသော၊ မှန်ကန်သော၊ အပြစ်ကင်းသော အသက်မွေးမှုဟု နားလည်ထားနိုင်၏။ မတရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေကာ အသက်မွေးခြင်းဟူသော မိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ တရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေအသက်မွေးမှုမျိုးကို သမ္မာအာဇီဝဟု ဆိုခြင်းဖြစ်၏။ အလွယ်ဆိုသော် မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည် သမ္မာအာဇီဝပင် ဖြစ်၏။ သို့ဆိုလျင် ဗုဒ္ဓဘာသာများ အနေဖြင့် မိမိတို့ ပြောဆိုအသုံးပြုနေကြသကဲ့သို့ မိမိတို့၏ အသက်မွေးမှုများသည် မှန်ကန်သည့် အသက်မွေးမှု သမ္မာအာဇီဝ ဖြစ်မဖြစ်ကို သိရှိရန် လိုအပ်လှ၏။ ထိုသို့ သိရှိနိုင်ရန် မှားယွင်းသည့် အသက်မွေးမှုများဖြစ်သည့် မိစ္ဆာဇီဝအမှုများကို ရှေးဦးစွာ နားလည်ထားရန် လိုအပ်ပြီး ထိုမိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်နိုင်မှသာ သမ္မာအာဇီဝ ဖြစ်မည့်အချက်ကို သတိပြုရမည် ဖြစ်၏။

စာပေအဖွင့်များအရ မုဆိုး၊ တံငါ အလုပ်များဖြင့် သူ့အသက်ကို သတ်ဖြတ်ကာ အသက်မွေးရသည့် ပါဏာတိပါတမှု၊ သူခိုး၊ ဓားပြလုပ်၍ ပစ္စည်းရှာဖွေရသော အဒိန္နာဒါနမှု၊ သူတပါး၏ ပစ္စည်းဥစ္စာကိုယူ၍ ကာမဂုဏ်ဖျက်စီးရသော ကာမမှု၊ မတရားရှေ့နေ၊ မတရားသက်သေလိုက်၍ ဖြစ်စေ၊ လိမ်လည်လှည့်ပတ် ရောင်းဝယ်၍ဖြစ်စေ ပစ္စည်းဥစ္စာ ရှာဖွေရသော မုသာဝါဒမှု၊ ပစ္စည်းဥစ္စာရအောင် ရန်တိုက်ပေးရသော ပိသုဏဝါစာမှု၊ ကွက်စိပ်စာပြော လူပြက်အလုပ်တို့ဖြင့် မဟုတ်မမှန် အကျိုးမရှိသော ဒဏ္ဍာရီ ဇာတ်ဝတ္ထုများကို ပြောဆိုသော သမ္ဖပ္ပလာပမှုများသည် မှားယွင်းသည့် အသက်မွေးမှု မိစ္ဆာဇီဝများပင် ဖြစ်၏။ ဤအမှုများသည် သီလသိက္ခာပုဒ်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် မိစ္ဆာဇီဝ အမှုများဖြစ်၏။

အထက်ပါ မိစ္ဆာဇီဝအမှုများအပြင် ဓားလှံသေနတ် ပိုက်ကွန်စသည့် လက်နက်များ ရောင်းချမှု၊ လူသတ္တဝါကို သွေးဆောင်ခေါ်ယူကာ ကျွန်အဖြစ်၊ ပြည်တန်ဆာအဖြစ် ရောင်းချသည့် လူကုန်ကူးမှု၊ နွားကျွဲဝက်ဆိတ် ကြက်ငှက်စသည်တို့ကို မွေးမြူ၍ သတ်ဖြတ်ရောင်းချမှု၊ ထန်းရည်အရက်ဘိန်းစသည့် မူးယဇ်ဆေးဝါး ရောင်းချမှု၊ သတ္တဝါကို သေစေနိုင်သည့် အဆိပ်စသည် ရောင်းချမှုများသည်လည်း မိစ္ဆာဇီဝအမှုများပင် ဖြစ်၏။ ထို့အပြင် မြင်းလောင်းနွားလောင်း ကျွဲတိုက်၊ ကြက်တိုက်ဖဲရိုက်ကာ လောင်းကစား အမှုများဖြင့် ပစ္စည်းဥစ္စာရှာဖွေ အသက်မွေးမှုများသည်လည်း မိစ္ဆာဇီဝအမှုများတွင် အကျုံးဝင်၏။

ဖော်ပြပါ မိစ္ဆာဇီဝအမှုများမှ ရှောင်ကြဉ်၍ တရားသဖြင့် ရရှိလာသည့် ပစ္စည်းဥစ္စာများကို ဓမ္မိယလဒ္ဓ ပစ္စည်း (ဓမ္မိယ - တရားနှင့်လျော်စွာ၊ လဒ္ဓ - ရအပ်သော ပစ္စည်း) ဟု ခေါ်၏။ ဥပမာ အထက်ပါ အလုပ်များမှကင်းသည့် မိဘစသူတို့ထံမှ ရရှိသော အမွေအနှစ်ပစ္စည်းများ၊ ကူလီ၊ ဝန်ထမ်း၊ စာရေးစာချီ၊ ကျောင်းဆရာ၊ လယ်ယာ စသည်လုပ်၍ ရအပ်သော ပစ္စည်းများ၊ မတရားအတိုးချခြင်းမျိုး မဟုတ်ဘဲ သင့်လျော်သည့် အတိုးမျှဖြင့် အတိုးအပွားချ၍ ရအပ်သော ပစ္စည်းများ စသည်တို့သည် များသောအားဖြင့် ဓမ္မိယလဒ္ဓ ပစ္စည်းများပင် ဖြစ်၏။ ထိုဓမ္မိယလဒ္ဓ ပစ္စည်းများဖြင့် အသက်မွေးမှုသည် သမ္မာအာဇီဝဖြင့် အသက်မွေးမှုများပင် ဖြစ်၏။


သို့ဆိုလျင် ယနေ့ခေတ် ငွေတိုးပေးနေကြသူများ၊ ပစ္စည်းယူ၍ ငွေတိုးချေးသူများ၊ ကုန်သည်ပွဲစား လုပ်နေကြသူများ၊ ဘဏ်တွင်အပ်နှံကာ အတိုးကိုသာ ထိုင်စားနေကြသူများ စသူစသူများ၏ အသက်မွေးမှုများနှင့် ပတ်သက်၍လည်း ထိုသူများ၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်မဖြစ် မေးစရာ ရှိလာပေ၏။ မေးလည်းမေးဖူးကြ၏။ ထိုအမေးအတွက်ကား ပညာရှင်များ၏ အဖြေသည် အမျိုးမျိုး ဖြစ်နိုင်သော်လည်း သီလ၊ သမာဓိ ပညာ ပြည့်စုံတော်မူသည့် ဆရာတော်ကြီး အတော်များများကား မတရားလိုချင်မှု ဝိသမလောဘမျိုး မဖြစ်လျှင် သမ္မာအာဇီဝဖြစ်ကြောင်း ဖြေဆိုတော်မူကြ၏။ မှန်၏။ ပုထုဇဉ်သဘာဝ လောဘသည် ရှိနေကြမည်သာ ဖြစ်၏။ လောဘသည် ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်နိုင်မည်ဖြစ်၏။ ထိုလောဘရှိနေသည့် ပုထုဇဉ်များ အနေဖြင့် အသက်မွေးဝမ်းကျောင်း အမှုများတွင် လောဘဖြင့်ရှာနေခြင်းများလည်း ရှိနေကြမည်သာ ဖြစ်၏။ ထိုလောဘသည် “ဘယ်သူသေသေ၊ ငတေမာပြီးရော” ဆိုသည့် မတရား ရယူမှု လောဘမျိုး မဖြစ်ရန်သာ အရေးကြီး၏။ သူ့ဘက်ကိုယ့်ဘက် သင့်လျော်သည့် ငဲ့ကွက်မှုမျိုးဖြင့် ရောင်းဝယ်ဖောက်ကား၊ ချေးငှါးမှုများမှာကား မတရား ဖိနှိပ်မှုမျိုး၊ နိုင်ထက်စီးနင်းပြုမှုမျိုး၊ မတော်မတရား အတိုးယူမှုမျိုး စသည် မဟုတ်သဖြင့် မိစ္ဆာဇီဝအမှုဟု မဆိုနိုင်ပေ။

ငွေးတိုးချေးသူများ၊ ဘဏ်တွင်အပ်နှံ၍ အတိုးစားနေသူများတွင် အစိုးရဘဏ်၊ အစိုးရအသိအမှတ်ပြု ဘဏ်တွင်အပ်နှံကာ ထိုအတိုးဖြင့် နေသူများမှာ မတရားသဖြင့် အတိုးရယူမှုမျိုး မဟုတ်သဖြင့် မိစ္ဆာဇီဝ မဖြစ်ဟု ဆိုရမည်ဖြစ်ပြီး အပြင်တွင် ငွေတိုးချေးသူများ အနေဖြင့်ကား မတရားအတိုးယူမှုမျိုး မဟုတ်ဘဲ သင့်လျော်သည့် အတိုးနှုန်းဖြင့် ချေးငှါးသူလည်း အဆင်ပြေ၊ မိမိလည်း အဆင်ပြေသည့် သဘောမျိုးဖြစ်ပါက မိစ္ဆာဇီဝ မဖြစ်ဟု ဆိုနိုင်သော်လည်း မတရား အဆမတန် အတိုးနှုန်းဖြင့် အဆမတန် အနိုင်အထက်ပြု၍ ချေးငှါးလျှင်ကား မိစ္ဆာဇီဝ ဖြစ်နိုင်ပြီး ထိုသူတို့၏ အသက်မွေးမှုသည်လည်း သမ္မာအာဇီဝ မဖြစ်ဟု ဆိုနိုင်မည် ဖြစ်၏။

ကုန်သည်ပွဲစား အလုပ်များတွင်ကား သမ္မာအာဇီဝ ဖြစ်မဖြစ် အထူးသတိပြုဖွယ် အချက်များရှိ၏။ ယနေ့ခေတ် ကုန်သည်ပွဲစားများသည် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောဆိုမှုများဖြင့် အမျိုးမျိုး လိမ်ညာလှည့်ဖြားကာ မတရား ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသဖြင့် မိစ္ဆာဇီဝ အမှုများ ဖြစ်နေသည်က များနေကြ၏။ မုသာဝါဒအမှုများ၊ ဝိသမလောဘ အမှုများဖြင့် မတရား စီးပွားရှာမှုများ ရှိနေသဖြင့် ထိုသူအချို့၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်ရန်ခဲယင်းလှပေ၏။ သို့သော် အချို့ကား မတရား လိုချင်မှုများကိုရှောင်ကာ မှန်ကန်သည့် အကျိုးဆောင်မှုများ၊ မှန်ကန်သည့် ဈေးနှုန်းများဖြင့် သင့်လျော်သည့် အမြတ်အစွန်းဖြင့် အသက်မွေးလေ့ ရှိတတ်၏။ ထိုသို့သော သူများ၏ အသက်မွေးမျိုးကိုကား သမ္မာအာဇီဝကျသည့် အသက်မွေးမှုဟု ဆိုလိုက ဆိုနိုင်ပေ၏။ ယနေ့ခေတ်တွင် ထိုသို့သော ကုန်သည်ပွဲစားများ မရှိသလောက် ရှားနေနိုင်သော်လည်း အနည်းငယ်မှာ ရှိနေနိုင်သဖြင့် ထိုအနည်းငယ်ကို ရည်ရွယ်ကာ သမ္မာအာဇီဝဖြစ်နိုင်ကြောင်း ဆိုခြင်း ဖြစ်ပါ၏။

တရားသဖြင့် ရအပ်သော ဓမ္မိယလဒ္ဓပစ္စည်းဖြင့် အသက်မွေးခြင်းကို သမ္မာအာဇီဝဟု ဆိုသဖြင့် အချို့က သိနားလည်သည့် အချိန်တွင် မိစ္ဆာဇီဝအလုပ်များကို ရှောင်ကြဉ်ကာ သမ္မာအာဇီဝဖြင့် အသက်မွေးမှု ပြုနေသော်လည်း မသိနားမလည်ခင်က မိစ္ဆာအမှုများဖြင့် ရှာဖွေထားသည့် ပစ္စည်းဥစ္စာများကို ပိုင်ဆိုင် အသုံးပြုမှုများကား ရှိနေသဖြင့် ထိုပစ္စည်းများဖြင့် အသက်မွေးမှုများသည် သမ္မာအာဇီဝ ဖြစ်မဖြစ် သံသယ ဝင်တတ်ကြ၏။ စာပေအဖွင့်များတွင် ထိုအတွက် သမ္မာအာဇီဝကို သုတ္တန်အလို သမ္မာအာဇီဝနှင့် အဘိဓမ္မာအလို သမ္မာအာဇီဝဟူ၍ နှစ်မျိုးနှစ်စား နားလည်ထားနိုင်ကြောင်း ဖွင့်ပြ၏။ တရားသဖြင့် ရအပ်သော ပစ္စည်းများကို စားသောက်သုံးစွဲခြင်း၊ တရားလမ်းအတိုင်း ပစ္စည်းရှာဖွေခြင်းမျိုးသည် သုတ္တန်အလို သမ္မာအာဇီဝဖြစ်ပြီး မတရားသဖြင့် ပစ္စည်းရရန် အခွင့်ကြုံလာသော်လည်း ထိုပစ္စည်းရမည့် လုပ်ငန်းကို မလုပ်ဘဲ ရှောင်ကြဉ်နေခြင်းသည် အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်၏။ ထို့ကြောင့် မသိနားမလည်ခင်က မတရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာများကို သုံးစွဲနေသော်လည်း နားလည်သဘောပေါက်လာသည့်အခါ ထိုကဲ့သို့ မတရားအမှုများကို ရှောင်ကြဉ်နေလျှင် အဘိဓမ္မာအလို သမ္မာအာဇိဝ ဖြစ်နိုင်သေးကြောင်း ဆိုခြင်းဖြစ်၏။ ထိုမတရားသဖြင့် ရခဲ့သည့် ပစ္စည်းဥစ္စာများကို မစွန့်လွှတ်ဘဲ အသုံးပြုနေမှု ရှိသော်လည်း နောက်ထပ် မလုပ်ဘဲ ရှောင်ကြဉ်မှုကို ဒီနေရာမှာ အဘိဓမ္မာအလို သမ္မာအာဇီဝ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်၏။

ဆိုလိုသည်မှာ မတရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာကို သုံးစွဲနေရာ၌ သုတ္တန်အလို မိစ္ဆာဇီဝဖြစ်သော်လည်း နောက်ထပ်တွေ့ကြုံလာသည့် မတရား ပစ္စည်းဥစ္စာရှာဖွေမှုမျိုးကို ရှောင်ကြဉ်နိုင်လျှင်ကား အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်နေနိုင်သဖြင့် သုတ္တန် သမ္မာအာဇီဝဖြစ်အောင် မတတ်နိုင်သော်လည်း အဘိဓမ္မာ သမ္မာအာဇီဝဖြစ်အောင် နောက်ထပ်မတရား ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးမှ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြရန် ဆိုလိုရင်း ဖြစ်၏။ ဤသဘောအရ သမ္မာအာဇီဝ နှစ်မျိုးတွင် တရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာများဖြင့် အသက်မွေးလေ့ရှိသည့် သုတ္တန်အလို သမ္မာအာဇီဝမျိုးနှင့် နောက်ထပ်မိစ္ဆာဇီဝအမှုကို မပြုတော့သော်လည်း မသိနားမလည်ခင်က ရရှိထားသည့် မိစ္ဆာဇီဝပစ္စည်းများကို သုံးစွဲ၍ အသက်မွေးလေ့ရှိသည့် အဘိဓမ္မာအလို သမ္မာအာဇီဝမျိုးတို့၏ အကျိုးသက်ရောက်မှု ကွာခြားချက်ကား ရှိနေနိုင်၏။ အထူးသဖြင့် အလှူဒါန ပြုမှုမျိုးတွင် အကျိုးပေးမှု ကွာခြားချက်များ ရှိနေ၏။ ဓမ္မိယလဒ္ဓပစ္စည်းများဖြင့် အလှူဒါနပြုသူသည် အကျိုးတရားအပြည့်အဝ ရရှိနိုင်သော်လည်း မိစ္ဆာဇီဝဖြင့် ရအပ်သော ပစ္စည်းများဖြင့် အလှူဒါနပြုသူများကား အကျိုးတရား အပြည့်အဝ မရရှိနိုင်ပေ။ သို့သော် မတရားသဖြင့် ရအပ်သော ပစ္စည်းဝတ္ထုဖြင့် အလှူဒါနပြုသည့်အခါ အကျိုးတရား တစ်စုံတစ်ခုမျှ မရနိုင်ဟုကား မမှတ်အပ်ပေ။ အကျိုးတရား အပြည့်အဝသာ မရနိုင်ခြင်းဖြစ်၏။ ထိုက်သင့်သည့် အကျိုးသက်ရောက်မှုကား ရရှိနိုင်သည်သာ ဖြစ်ပါ၏။

ဓမ္မိယလဒ္ဓပစ္စည်း၏ အကျိုးကြီးမှုနှင့် ပတ်သက်၍ တစ်ခါတရံ စာရေးသူအနေဖြင့် သူများနိုင်ငံ စက်ရုံအလုပ်ရုံများတွင် လာရောက်အလုပ် လုပ်နေကြသည့် စာရေးသူ ပတ်ဝန်းကျင်ရှိ မြန်မာဒကာဒကမများအား “အခုလို ကိုယ့်အားနဲ့ရင်းပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ လုပ်အားခနဲ့ ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေကို အလကား အချည်းနှီးဖြစ်အောင် မလုပ်ကြဘဲ ဘဝရှေးရေးအတွက် စုလည်းစု၊ သံသရာရေးအတွက် အကျိုးကြီးတဲ့ ကုသိုလ်ကောင်းမှုကိုလည်း များများလုပ်ကြ” ဟု တိုက်တွန်းပေးရခြင်း ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံခြားရှိ ကားစက်ရုံ၊ ပလစတစ်စက်ရုံ၊ ချည်စက်ရုံစသည့် စက်ရုံအလုပ်ရုံများတွင် လုပ်နေရသည့် သူတို့၏ ပစ္စည်းဥစ္စာရှာဖွေမှုသည် သူများအောက်ကျို့ကာ သူများအခိုင်းခံများ ဖြစ်နေကြသော်လည်း မည်သူကိုမျှ မထိခိုက်သည့် တရားသဖြင့် အသက်မွေးရသည့် အစစ်အမှန် သမ္မာအာဇီဝ အလုပ်မျိုး ဖြစ်နေခြင်းကြောင့် ဖြစ်ပါ၏။

အထက်တွင်ဖော်ပြခဲ့သည့် သမ္မာအာဇီဝဆိုင်ရာ ဆွေးနွေးချက်များအရ ယနေ့ခေတ်အခြေအနေတွင် သမ္မာအာဇီဝဖြင့် အသက်မွေးရန်မှာ အလွန်မလွယ်လှသည့် အခြေအနေမျိုး ဖြစ်နေပေ၏။ သို့သော် မလွယ်သည်ကားမဟုတ်၊ မလိုက်နာနိုင်ကြခြင်းသာ ဖြစ်ပါ၏။ သီလသိက္ခာပုဒ်ကို ဖောက်ဖျက်ကျူးလွန်ကာ စီးပွားရှာရသည့် မိစ္ဆာဇီဝအမှုများကို ရှောင်ကြဉ်ကာ မတရားလိုချင်သည့် ဝိသမလောဘမျိုးကို အတတ်နိုင်ဆုံး သတိဖြင့် ထိန်းချုပ်ပြီး သင့်လျော်သည့် အသက်မွေးမှုမျိုးကို ပြုနိုင်လျှင် အကြီးအကျယ် မချမ်းသာသော်လည်း သမ္မာအာဇီဝကျကျ အသက်မွေးမှုမျိုးကား ဖြစ်နိုင်ပေ၏။ မိမိတို့၏ စောင့်ထိန်းမှု၊ ထိန်းချုပ်မှု၊ တစ်ဘဝတစ်နပ်စာအတွက် မကြည့်မှုများ အပေါ်တွင်သာ တည်မှီနေပေတော့၏။

အချုပ်ပြောလိုသည်မှာ နေရသည့် ဘဝအခိုက်တွင် အသက်မွေးဝမ်းကျောင်းမှုများနှင့် ပတ်သက်၍ တစ်ဘဝတစ်နပ်စာ ကောင်းစားရေးကိုကြည့်ပြီး မိစ္ဆာဇီဝ အလုပ်များဖြင့် အသက်မွေးရသည့် ပစ္စည်းဥစ္စာ ရှာဖွေမှုများကို ရှောင်ကြဉ်ကာ မတရား လိုချင်သည့် ဝိသမလောဘမျိုး မဟုတ်သည့် ကောင်းရောင်းကောင်းဝယ် တရားသဖြင့် အသက်မွေးမှုများကိုသာ ကြိုးစားအားထုတ်ခြင်းဖြင့် သမ္မာအာဇီဝကျသည့် အသက်မွေးမှုအဖြစ် ရွေးချယ်သင့်ကြောင်း၊ မိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်ကာ သမ္မာအာဇီဝကျသည့် ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးဖြင့် မိမိတို့၏ နေရသည့် ဘဝအခိုက်ကို မှန်ကန်သည့် အသက်မွေးမျိုးဖြစ်အောင် ကြိုးစားအားထုတ်သင့်ကြောင်း စသည်ဖြင့် ပြောလိုရင်း ဖြစ်ပါ၏။


ထို့ကြောင့် အသက်ရှင်နေသမျှ အသက်မွေးဝမ်းကျောင်း ကိစ္စကို ပြုနေကြရမည့် လောကဘုံသားများ အနေဖြင့် မိမိတို့၏ အခိုက်အတံ့ အသက်ရှင် နေထိုင်ရေးအတွက် မတရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေးခြင်းဟုဆိုသော မိစ္ဆာဇီဝ အမှုများကို တဒင်္ဂအဆင်ပြေရေးကိုသာကြည့်၍ အလွယ်တကူ အသက်မွေးမှု မပြုသင့်ဘဲ ထိုမိစ္ဆာဇီဝ အမှုများမှ ရှောင်ကြဉ်ကာ ပစ္စုပ္ပန်တွင် အကြီးအကျယ် မချမ်းသာသော်လည်း သံသရာတွင် ချမ်းသာစေမည့် မိမိသူတပါး မထိခိုက်သည့် အပြစ်ကင်းသည့် မှန်ကန်သည့် သမ္မာအာဇီဝ အမှုများဖြင့်သာ အသက်မွေးမှု ပြုလုပ်သင့်ကြောင်း အသိစကားပါးရင်း ကျင့်နိုင်သူများ ကျင့်ကြံနိုင်ကြစေ၊ သိလိုသူများ သိရှိနိုင်ကြစေရန် စေတနာမှန်ဖြင့် သမ္မာအာဇီဝအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မှတ်ချက်။ ။
စီးဘောက်စ်တွင် တောင်းဆိုထားသည့် ဒကာဇော်လင်း၏ တောင်းဆိုချက်အရ မဟာဂန္ဓာရုံဆရတော် ဘုရားကြီး၏ ရတနာ့ဂုဏ်ရည်စာအုပ်ပါ မိစ္ဆာဇီဝအဖွင့်ကို ကိုးကား၍ ရိုးသားစွာ တင်ပြအပ်ပါသည်။

Read more »

လစဉ်ဟောကြား မြတ်တရား (၂)

အကောင်းဆုံးဘဝ အရတော်ကြပါစေ
လစဉ်ပြုလုပ်လာခဲ့တဲ့ တရားပွဲနဲ့ ရွှေမြန်မာတွေ့ဆုံပွဲမှာ (၃)လပိုင်းရဲ့ တရားပွဲကို ပြီးခဲ့တဲ့ ၂၇-၃-၂၀၁၁ရက်၊ တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာလည်း ထုံးစံအတိုင်း တရားခေါင်းစဉ်လေး တစ်ခုပေးပြီး ဓမ္မလက်ဆောင်အဖြစ် ဟောကြား ချီးမြှင့်ပေးဖြစ်ခဲ့ပါတယ်။ တရားနာပရိတ်သတ် အများစုဟာ လူငယ်အမျိုးသားတွေပဲ ဖြစ်နေတဲ့အတွက် ဒီပရိတ်သတ်နဲ့ ကိုက်ညီမယ့် တရားတော်နဲ့ ဟောကြားမယ့် အကြောင်းအရာကိုလည်း ဘုန်းဘုန်းအနေနဲ့ ကြိုတင်စဉ်းစားရပါတယ်။ အများစုဟာ ဘာသာတရားနဲ့ အလှမ်းဝေးကြတဲ့ သူတွေဖြစ်သလို မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ အဖြစ်နဲ့သာ ကျင်လည်နေကြရတာ ဖြစ်တဲ့အတွက် ဝိပဿနာဆိုင်ရာ၊ အဘိဓမ္မာဆိုင်ရာ တရားတော်တွေ ဟောပေးဖို့ကျတော့ တော်တော်စဉ်းစားရပါတယ်။ ဟောမယ်ဆိုလည်း နားလည်လွယ်စေမယ့် အကြောင်းအရာကိုပဲ ရွေးချယ်ဟောပေးရပါတယ်။ တရားနာပရိတ်သတ်ဟာ ဒီပရိတ်သတ်တွေပဲ အဖြစ်များ နေတာကြောင့်လည်း သူတို့အတွက် မှတ်မိတာ မမှတ်မိတာ အသာထား။ ကိုယ့်အတွက်ကတော့ ဟောပြီးသားတရား ထပ်ဟောလို့ မဖြစ်ပြန်ပါဘူး။ ဒါကြောင့် မဟောဖူးသေးတဲ့ တရားကို ရွေးချယ်ပြီး သူတို့သူတို့လေးတွေနဲ့ သင့်လျော်တဲ့ တရားအမည်တစ်ခုပေးကာ နားလည်လွယ်အောင်ပဲ ဟောကြားပေးရတာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်တရားပွဲမှာ ဟောကြားပေးဖြစ်ခဲ့တဲ့ တရားတော်ရဲ့ အမည်က “အကောင်းဆုံးဘဝ အရတော်ကြပါစေ” ဆိုတဲ့ တရားတော်ပဲ ဖြစ်ပါတယ်။

အကောင်းဆုံး ဘဝဆိုတာ အကောင်းဆုံးတွေ ရနေတဲ့ဘဝ၊ ရခဲတဲ့ အရာကို ရနေတဲ့ဘဝကို အကောင်းဆုံလို့ ဒီနေရာမှာ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီရခဲခြင်းဆိုတဲ့ စကားကို ပါဠိလို ဒုလ္လဘဆိုတဲ့ စကားလုံးနဲ့ ညွန်းဆိုပြီး ဒုလ္လဘတရား ငါးပါးရှိကြောင်းလည်း ဗုဒ္ဓဘုရား ဟောကြားတော်မူါတယ်။ ဒီငါးပါးကတော့
၁။ ဘုရားပွင့်တော်မူရန် ရခဲခြင်း (ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော)
၂။ လူအဖြစ်ကို ရခဲခြင်း (မနုဿဿဘာဝေါ ဒုလ္လဘော)
၃။ သဒ္ဓါတရားနဲ့ ပြည့်စုံရန် ရခဲခြင်း (ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ)
၎။ ရဟန်းအဖြစ်ကို ရခဲခြင်း (ပဗ္ဗဇ္ဇိတဘာဝေါ ဒုလ္လဘော)
၅။ သူတော်ကောင်းတရား ကြားနာဖို့ရန် ရခဲခြင်း (သဒ္ဓမ္မဿဝနံ ဒုလ္လဘံ)
တို့ပဲ ဖြစ်ပါတယ်။

ဒီငါးပါးမှာ အခုလူ့ဘဝကို ရနေကြတဲ့ သူတွေဟာ ရခဲခြင်းတရားကို ရနေကြတဲ့ သူတွေဖြစ်တဲ့အတွက် အကောင်းဆုံးဘဝကို ရနေကြတဲ့ သူတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ လူ့ဘဝဟာ တခြားတခြား ဘုံသားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အလွန်ရခဲ့တဲ့ ဘဝဖြစ်ပါတယ်။ ကမ္ဘာမှာ လူတွေသန်းပေါင်း မြောက်များစွာ ရှိနေပေမယ့် နေ့စဉ်သတ်ဖြတ် စားသောက်နေကြတဲ့ သတ္တဝါတွေ၊ ပြိတ္တာဖြစ်နေကြတဲ့ သတ္တဝါတွေ၊ ငရဲခံနေရတဲ့ သတ္တဝါတွေ စတဲ့ အပါယ်ဘုံသားတွေနဲ့ ယှဉ်ကြည့်လိုက်ရင် လူ့ဘဝ ရနေတဲ့သူတွေဟာ အလွန်အမတန် နည်းပါးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လူ့ဘဝဟာ ရခဲတဲ့ဘဝလို့ ဆိုခြင်းဖြစ်ပါတယ်။ ပြီးတော့ လူ့ဘဝဟာ လိုချင်တာတွေကို အရယူနိုင်တဲ့ ဘဝလည်း ဖြစ်ပါတယ်။ လူအဖြစ်နဲ့ အကောင်းဆုံးအရာတွေကို ပြုလုပ်အားထုတ်ပြီး အကောင်းဆုံးဘဝတွေကို ရောက်အောင် ရွေးချယ်သွားနိုင်သလို အမြင့်ဆုံးဖြစ်တဲ့ ဘုရားအဖြစ်၊ ရဟန်းအဖြစ်တွေကိုလည်း လူ့ဘဝနဲ့ အရယူနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီလို ရခဲတဲ့ဘဝ၊ ရချင်တဲ့အရာတွေကို ရွေးချယ်ရယူနိုင်တဲ့ ဘဝ ဖြစ်တဲ့အတွက် လူ့ဘဝဟာ အကောင်းဆုံးဘဝလို့ ဆိုခြင်းဖြစ်ပါတယ်။

လူ့ဘဝနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေမှာလာတဲ့ သုတ္တန်တစ်ခုကတော့ လူ့ဘဝဟာ အကောင်းဆုံးဘဝ၊ သုဂတိဘဝ ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြထားပါတယ်။ ဒီသုတ်တော်ဟာ ပုဗ္ဗပဉ္စနိမိတ္တသုတ်ပဲ ဖြစ်ပါတယ်။ နတ်ပြည်က နတ်သား၊ နတ်သမီးတွေထဲမှာ အချို့နတ်သား နတ်သမီးတွေဟာ နတ်သက်ကြွေ စုတေခါနီးအချိန်မှာ နိမိတ်ငါးမျိုး ထင်တတ်တယ်လို့ ဆိုပါတယ်။ စတုမဟာရာဇ်၊ တာဝတိံသာ စတဲ့ နတ်ပြည်လောက နတ်သားနတ်သမီးတွေဟာ လူတွေလို ပဋိသန္ဓေနေရခြင်း၊ အိုခြင်း၊ နာခြင်းမရှိဘဲ ကုသိုလ်ကောင်းမှု အရှိန်ကြောင့် နတ်သားနတ်သမီးတွေဟာ အရွယ်ရောက်သူတွေအဖြစ် တစ်ခါတည်း တန်းဖြစ်လာကြပါတယ်။ ဒီလိုအရွယ်ရောက်ပြီး နတ်သားနတ်သမီးအဖြစ်နဲ့ပဲ အိုခြင်းနာခြင်းမရှိ ကုသိုလ်အရှိန် ရှိသမျှ နတ်စည်းစိမ်ချမ်းသာကို ခံစားကြရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နတ်သားနတ်သမီးတွေ သေတာတော့ ရှိပါတယ်။ အိုနာတာတွေ မရှိပေမယ့် သေတဲ့အခါ သေခါနီးကာလမှာတော့ နိမိတ်လက္ခဏာတွေ ထင်လာတတ်ပါတယ်။ နတ်သက်ကြွေခါနီး နတ်သားနတ်သမီးတွေမှာ စုတေခါနီး နိမိတ်ငါးမျိုး ထင်လာတတ်ပါတယ်။ အဲဒီ နိမိတ်ငါးမျိုးကတော့
၁။ သူတို့သူတို့ ပန်ဆင်အသုံးပြုထားတဲ့ နတ်ပန်းတွေ ညှိုးနွမ်းလာခြင်း
၂။ သူတို့ဝတ်ဆင်ထားတဲ့ နတ်ဝတ်တန်ဆာတွေ ညစ်နွမ်းလာခြင်း
၃။ လက်ကတီးကြား၊ ဂျိုင်းကြားမှာ ချွေးတွေထွက်လာခြင်း (ပုံမှန်အားဖြင့် နတ်သားနတ်သမီးများ ချွေးထွက်လေ့မရှိ)
၎။ ကိုယ်ရောင်ကိုယ်ဝါတွေဟာ တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်လာခြင်း
၅။ နေနေရတဲ့ နတ်ဘုံဝမှာ မပျော်မွေ့တော့ခြင်း
ဆိုတဲ့ နိမိတ်ငါးမျိုးပဲ ဖြစ်ပါတယ်။

ဒီလို နိမိတ်တွေ ထင်လာတာကို တွေ့ရတဲ့အခါ တစ်ခြားနတ်သားနတ်သမီးတွေက ဒီနိမိတ်တွေကိုကြည့်ပြီး အဲဒီနတ်သား နတ်သမီးတွေ နတ်သက်ကြွေကာ စုတေတော့မယ်ဆိုတာ သိကြပါတယ်။ အဲဒီလို နိမိတ်ထင်လာတဲ့ နတ်သားနတ်သမီးတွေကို သူတော်ကောင်းနတ်တွေကနေ သွားပြီးတော့ အမှာစကားဆိုကြပါတယ်။ ဒီသုတ်တော်မှာတော့ စကားသုံးခွန်းမှာတယ်လို့ ဆိုပါတယ်။ နတ်သက်ကြွေခါနီး နတ်သားနတ်သမီးတွေကို မှာတဲ့အဲဒီ စကားသုံးခွန်းကတော့
၁။ ဒီဘဝကနေ စုတေပြီးနောက် သုဂတိ ဘဝကို ရောက်အောင်သွား
၂။ သုဂတိဘဝရောက်တဲ့အခါ ရသင့်ရထိုက်တာကို ရအောင်ယူ
၃။ ရသင့်ရထိုက်တာကို ရပြီးရင် အဲဒီအရာကို တည်တံ့ခိုင်မြဲအောင် ကြိုးစား
ဆိုတဲ့ စကားတွေပဲ ဖြစ်ပါတယ်။
နတ်တွေမှာတဲ့ ဒီစကားသုံးမျိုးမှာ သုဂတိဘဝဆိုတာ လူ့ဘဝကို ဆိုခြင်းဖြစ်ပြီး၊ ရသင့်ရထိုက်တဲ့အရာ ဆိုတာ သဒ္ဓါတရားကို ဆိုခြင်းဖြစ်ကာ အဲဒီအရာကို ခိုင်မြဲအောင် ကြိုးစားဆိုတာ သဒ္ဓါတရားမြဲအောင် ကြိုးစားလို့ ဆိုခြင်းဖြစ်ကြောင်း ဒီသုတ္တန်နဲ့ စာပေအဖွင့်တွေက ဆိုပါတယ်။ ဒါက နတ်တွေကတောင် ပြောဆိုလေ့ရှိတဲ့ လူ့ဘဝအကြောင်း အကောင်းလေးတွေပဲ ဖြစ်ပါတယ်။

ဒီဒေသနာတော်အရ လူ့ဘဝဟာ တကယ့်ကို အကောင်းဆုံး ဘဝဖြစ်တယ်ဆိုတာ သိနိုင်ကြပါတယ်။ ဒါပေမယ့် ဒီလိုအကောင်းဆုံးဘဝမှာ နတ်တွေပြောသလို ရသင့်ရထိုက်တာကို ရအောင်ယူပြီး၊ မြဲသင့်မြဲထိုက်တာကို မြဲနေနိုင်မှ အကောင်းဆုံးဘဝ အရတော်ကြမှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ရင် အကောင်းဆုံး ဘဝကို ရထားပေမယ့် အရမတော်တဲ့ အဖြစ်တွေနဲ့လည်း ကြုံတွေ့တတ်ပါတယ်။ လက်ရှိရထားတဲ့ အကောင်းဆုံး လူ့ဘဝမှာ အရတော်ကြဖို့ စာပေတွေက ပြောတဲ့အတိုင်း သဒ္ဓါတရားကို ရရှိအောင် ကြိုးစားပြီး သဒ္ဓါမြဲဖို့လည်း အထူးလိုအပ်လှပါတယ်။ သိတဲ့အတိုင်း သဒ္ဓါတရား ရှိဖို့၊ သဒ္ဓါတရား ခိုင်မြဲဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ပုထုဇဉ်သဘာဝ စိတ်တွေကလည်း ခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတတ်တဲ့ အတွက်ကြောင့် သဒ္ဓါတရားကို ထိန်းဖို့ခက်နေကြခြင်းလည်း ဖြစ်ပါတယ်။

သဒ္ဓါဆိုတာ ရတာနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးကို ယုံကြည်မှုလို့ ယေဘုယျ နားလည်ထားနိုင်ပါတယ်။ ဒီအဖွင့်တွေအရ ပုထုဇဉ်တွေမှာ ရတနာသုံးပါးနဲ့ ပတ်သက်ပြီး ယုံကြည်မှုမြဲဖို့၊ ကံတရားနဲ့ ပတ်သက်ပြီး ယုံကြည်မှုခိုင်ဖို့ အတော်ခဲယင်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ကိုယ့်မှာရှိနေတဲ့ သဒ္ဓါတရားဟာ တစ်ခါတလေ အကောင်းဆုံးအလုပ်တစ်ခုခုကို လုပ်ဖို့ဆုံးဖြတ်ထားပေမယ့် တော်ကြာပြောင်းရင် ပြောင်းသွားတတ်သလို ဘယ်နေ့ဘယ်အချိန်မှာ ဒါနလုပ်လိုက်မယ်၊ သီလဆောက်တည်လိုက်မယ်၊ ဘာဝနာ တစ်ခုခုကို အားထုတ်လိုက်မယ်၊ ဘယ်သူ့ကို ဘာလေးကူညီလိုက်မယ်၊ ဘာလေးလုပ်ပေးလိုက်မယ် စတဲ့အတွေးအကြံ ရည်ရွယ်ချက်တွေ ရှိနေပေမယ့် တကယ်လုပ်မယ်ဆိုတော့ ပျက်ပြယ်သွားတာတွေလည်း ရှိတတ်ပါတယ်။ မရခင်တုန်းကတော့ ရလာရင် ဘာလုပ်လိုက်မယ်လို့ ရည်ရွယ်ထားတတ်ပေမယ့် တကယ်ရလာတဲ့အခါကျတော့ စိတ်ပြောင်းသွားတတ်တာ၊ သဒ္ဓါတရား လျော့သွားတတ်တာတွေလည်း အများကြီး ဖြစ်တတ်ကြပါတယ်။ ဒီလို အဖြစ်မျိုးကတော့ ပုထုဇဉ် မှန်သမျှ သူသူကိုယ်ကိုယ် ဖြစ်တတ်တဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ ဖြစ်တတ်တဲ့ သဘောဆိုတာထက် ဒါဟာ သဒ္ဓါတရား မခိုင်မြဲတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် သဒ္ဓါတရားဟာ ရှိဖို့ခဲရင်းသလို၊ မြဲဖို့လည်း ခဲရင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

လူအတော်များများမှာ သဒ္ဓါတရား ရှိဖို့ခဲယင်းတတ်သလို ရှိပြီးသား အရာကို မြဲဖို့အတွက်လည်း ကိုယ်ကိုယ်တိုင်ပဲ ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ သဒ္ဓါတရား တည်တံ့ဖို့အတွက် ဘယ်တန်ခိုးရှင်ကမှ လုပ်ဆောင်ပေးလို့ မရပါဘူး။ ဗုဒ္ဓလက်ထက်က တန်ခိုးတော်အရာမှာ ဧတဒဂ် ရတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန် မထေရ်ကြီးတောင်မှ တစ်စုံတစ်ယောက်ရဲ့ သဒ္ဓါတရားကို မြဲမြံတည်တံ့အောင် တန်ခိုးတော်နဲ့ မလုပ်ပေးနိုင်ဘူးလို့ ဆိုပါတယ်။ ဒီစကားတော်ကို အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီး ကိုယ်တော်တိုင် အလုပ်အကျွေး ဒကာကြီးတစ်ယောက်ကို မိန့်တော်မူဖူးပါတယ်။

တစ်ခါက မြတ်စွာဘုရားရှင်မှာ ဆွမ်းကိစ္စ အလှူနှစ်ခုနဲ့ ကြုံခဲ့ရဖူးပါတယ်။ တစ်ဦးက အရှင်သီဝလိလောင်းကို (၇)နှစ်ပတ်လုံး ကိုယ်ဝန်ဆောင်ခဲ့ရတဲ့ မယ်တော် သုပ္ပဝါသာ ဒကာမဖြစ်ပြီး တစ်ဦးက အရှင်မောဂ္ဂလာန်မထေရ်ရဲ့ အလုပ်အကြွေး ဒကာကြီးပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် အနေဖြင့် အလုပ်အကျွေးဒကာကြီးက အရင်ဆွမ်းပင့်ထားတာ ဖြစ်ပေမယ့် ကိုယ်တိုင်ချီးမြှောက်ရမယ့် အကြောင်းရှိနေတဲ့အတွက် သုပ္ပဝါသာ ဒကာမကြီးရဲ့ ဆွမ်းကို အရင်ချီးမြှောက်လိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က အလုပ်အကျွေး ဒကာကြီးရဲ့ ခွင့်ပြုချက်ကိုယူဖို့ အရှင်မဟာမေဂ္ဂလာန် မထေရ်ကို အမိန့်ရှိတော်မူပါတယ်။ အရှင်မောဂ္ဂလာန် မထေရ်လည်း ဒကာကြီးဆီရောက်ပြီး အကျိုးအကြောင်းပြောပြတော့ ဒကာကြီးက “ကောင်းပါပြီဘုရား အရှင်ုဘရားအနေနဲ့ ဒီခုနှစ်ရက်အတွင်းမှာ တပည့်တော်ရဲ့ စည်းစိမ်ဥစ္စာရယ်၊ တပည့်တော်ရဲ့ အသက်ရယ်၊ တပည့်တော်ရဲ့ သဒ္ဓါတရားရယ် ဒီသုံးမျိုး မပျက်အောင်၊ မပြောင်းအောင် တာဝန်ယူပေးပါဘုရား”လို့ လျှောက်ထားပါတယ်။ ဒီတော့ မထေရ်မြတ်က “ဒကာကြီးရေ စည်းစိမ်ဥစ္စာနဲ့ အသက်ကိုတော့ တာဝန်ယူပေးလို့ရတယ်၊ သဒ္ဓါတရားကိုတော့ ဒကာကြီးကိုယ်တိုင်ပဲ တာဝန်ယူပါ”လို့ ပြန်မိန့်လိုက်ပါတယ်။ နောက်ဆုံးတော့ သူ့သဒ္ဓါတရားကို သူယုံကြည်တဲ့ ဒကာကြီးက ဘုရားရှင် အမိန့်ရှိတော်မူတဲ့အတိုင်း လိုက်နာဆောင်ရွက် သွားခဲ့ပါတယ်။


ဒီမှာ အဓိက ပြောချင်တာက သဒ္ဓါတရားနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ တန်ခိုးတော်အရာမှာ ဧတဒဂ် ရတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန် မထေရ်ကြီးကိုယ်တိုင်တောင် တစ်စုံတစ်ယောက်ရဲ့ သဒ္ဓါတရားကို မြဲမြံအောင် လုပ်မပေးနိုင်ဘဲ သဒ္ဓါတရားမြဲဖို့ ကိုယ်တိုင်ပဲ လုပ်ရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သဒ္ဓါတရားဟာ အဲဒီလောက်ကို တည်တံ့ဖို့ ခဲယင်းတာဖြစ်ပါတယ်။ ဘယ်တန်ခိုးရှင်ကမှ သဒ္ဓါတရားမြဲအောင် လုပ်မပေးနိုင်သလို ဖြစ်ဖို့ရဖို့ ခဲရင်းတဲ့ ဒီသဒ္ဓါတရားကိုလည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်ယူရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နတ်တွေမှာသလို ရခဲတဲ့ သဒ္ဓါကို ရအောင်လုပ်ဖို့က ကိုယ်ကိုင်တိုင်ပဲ လုပ်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

နောက် အဲဒီလို ရလာတဲ့ သဒ္ဓါတရားကို ကောင်းစွာတည်တံ့အောင် ထာဝရမပျောက်အောင် လုပ်ဖို့အတွက်ကလည်း အနည်းဆုံး သောတာပန်အဆင့်ကို ရောက်ထားမှ စိတ်ချရမှာ ဖြစ်ပါတယ်။ သောတာပန်ဖြစ်သွားရင်တော့ သဒ္ဓါတရား လုံးဝမြဲသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘဝ သောတာပန် ဖြစ်အောင် မလုပ်နိုင်သေးပေမယ့်လည်း သောတာပန်အလား သရဏဂုံနဲ့ ကံငါးပါးလုံထားမယ်ဆိုရင်တော့ သဒ္ဓါတရားလည်း ကောင်းကောင်းမြဲနေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီဘဝမှာ သောတာပန် အဖြစ်ကို မရနိုင်သေးတာတောင်မှ အနည်းဆုံး သရဏဂုံနဲ့ ငါးပါးသီလလောက်တော့ လုံထားမှ ဖြစ်မှာလို့ ဆိုခြင်းဖြစ်ပါတယ်။

ပြောချင်တာက အကောင်းဆုံးဘဝ အရတော်ကြစေဖို့ ပြောချင်တာ ဖြစ်ပါတယ်။ အကောင်းဆုံးဘဝ တစ်ခုအဖြစ် ရရှိလာတဲ့ လူ့ဘဝမှာ ရသင့်ရထိုက်တဲ့ သဒ္ဓါတရားကို ရအောင်ကြိုးစားပြီး အဲဒီသဒ္ဓါတရားကို တတ်နိုင်သမျှ မြဲမြံအောင်ကြိုးစားကာ အရတော်တဲ့ ဘဝဖြစ်အောင် ကြိုးစားကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ ရရှိထားတဲ့ အကောင်းဆုံးဘဝ ထာဝရကောင်းစေဖို့၊ သဒ္ဓါတရား ထာဝရတည့်တံ့စေဖို့ ဆိုတာဟာ အရိယာအဖြစ်ကို ရရှိထားမှ စိတ်ချရနိုင်ပေမယ့် ဒီဘဝမှာ ကံငါးပါးကို လုံအောင်ထိန်းပြီး ဒါနအလုပ်၊ ဘာဝနာအလုပ်တွေကို ကြိုးစားအားထုတ် ထားနိုင်မယ်ဆိုရင်တော့ သောတာပန်အလား သဒ္ဓါတရားအားကောင်းကာ လားရာဂတိလည်း ကောင်းနေနိုင်မှာ ဖြစ်တဲ့အတွက် လက်ရှိရရှိထားတဲ့ လူ့ဘဝမှာ အနည်းဆုံးတော့ ကံငါးပါးကို လုံအောင်ကြိုးစားကြဖို့ အသိပေး တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အကောင်းဆုံးဘဝ အရတော်ကြပါစေ ဆိုတဲ့ ဒီနေ့တရားတော်အရ အကောင်းဆုံးဘဝဖြစ်တဲ့ လူ့ဘဝကို ရရှိထားကြတဲ့ သူတွေအနေနဲ့ လူလည်းဖြစ်၊ ဘုရားသာသနာနဲ့လည်းကြုံ၊ အထိုက်အလျောက် သဒ္ဓါတရားလေးတွေလည်း ရှိနေကြပြီ ဖြစ်တဲ့အတွက် ကိုယ်လက်ရှိရထားတဲ့ အကောင်းဆုံး အခြေအနေကို ဒီထက်ပိုတဲ့ အရတော်တဲ့ အကောင်းဆုံး ဘဝမျိုးဖြစ်အောင် ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို ကြိုးစားအားထုတ်ရင်း သဒ္ဓါတရားအားကောင်းတဲ့ဘဝ အရကောင်းတဲ့ သူတွေဖြစ်အောင်လည်း ဆထပ်ပိုပြီး အားထုတ်လိုက်ကြဖို့ အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

အားလုံး အကောင်းဆုံးဘဝ အရတော်ကြပါစေ…

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၉)...

ဝါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်း
မြန်မာဗုဒ္ဓဘာသာ အများစု လွဲနေတတ်တဲ့ အရိုးစွဲနေတဲ့ အလွဲတွေထဲမှာ ဝါတွင်းကာလနဲ့ ပတ်သက်တဲ့ အလွဲလေးတွေလည်း ရှိနေပြန်ပါတယ်။ ဝါတွင်းကာလ ဘာမလုပ်ရ၊ ညာမလုပ်ရ စတဲ့အပြောအဆို အမှတ်မှား အလွဲတွေကြားထဲက ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တော်တော်ကျယ်ကျယ် ပြန့်ပြန့်ဖြစ်နေတဲ့ အလွဲတစ်ခု ဖြစ်ပါတယ်။ ၀ါမ၀င်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ၀ါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘ၀င်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာလားလို့ မေးလာသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဝါတွင်းကာလ အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းကိုလည်း နည်းနည်းလေးတော့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြရန် အကြောင်းဖန်လာခဲ့ပြန်ပါတယ်။

တကယ်တော့ ၀ါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ၀ိနည်းဥပဒေ ပညတ်သတ်မှတ်ပြီးချိန်မှသာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေါ်ဝေါ်သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။ ရဟန်းတော်များ ၀ါတွင်းသုံးလကာလပတ်လုံး တစ်ခြားတစ်နေရာသို့ ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက်အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေဟာ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။ ပိဋကတ်မှာ ပါတဲ့အချက်လည်း မဟုတ်ပါဘူး။ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင် ၀ါဆိုဖို့ ပညတ်ချက်တွေ မသတ်မှတ်ချိန်တုန်းက ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပါ။ ဘုရားရှင်အနေနဲ့ ၀ါဆိုဖို့ ၀ိနည်းဥပဒေ သတ်မှတ်ချိန်ဟာ ဘုရားဖြစ်တော်မူပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်နောက်ပိုင်းမှ ပေါ်ပေါက်ခဲ့တာပါ။ ၀ါတွင်းကာလနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟာ ရဟန်းတော်များအတွက်သာ သီးသန့်ဝိနည်း ဥပဒေထားကာ ပညတ်ချက်ပဲရှိပါတယ်။ လူတွေအတွက် ၀ါတွင်းကာလမှာ ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူး စတဲ့ ဥပဒေ သတ်မှတ်ချက် မရှိပါဘူး။ တစ်ခုတော့ရှိတယ် ဥပုသ်နေ့တွေမှာ ဥပုသ်သီလစောင့် စေလိုတဲ့ ဟောကြားချက်အချို့ရှိပါတယ်။ ဒါကလည်း ၀ါတွင်းကာလမှ မဟုတ်ပါဘူး။ ၀ါတွင်းမဟုတ်တဲ့ အချိန်တွေမှာလည်း ဥပုသ်နေ့များမှာ ဥပုသ်သီလစောင့်လို့ ရပါတယ်။

ဘုရားရှင်ဟာ လူတွေအတွက် ကာမဂုဏ်အာရုံများ နည်းအောင်၊ ကိလေသာများပါးအောင် ကျင့်ကြံနေထိုင်ကြဖို့သာ ဟောကြားလေ့ရှိပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်မပြုရ၊ ပြုရင်ဘာဖြစ်မယ်ဆိုတဲ့ အထူးတလည် ဟောကြားသတ်မှတ်ချက် မရှိပါဘူး။ သာသနာ့ဝန်ထမ်းများကိုတော့ အိမ်ထောင်မပြုရ၊ ကာမဂုဏ်မေထုန် မမှီဝဲရဆိုတာကိုတော့ အထူးသတ်မှတ် ပညတ်တော်မူပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘုရားရှင် အထူးဟောတော်မူတဲ့အချက်က အိမ်ထောင်ပြုပြီး နောက်ပိုင်း အိမ်ထောင်ရေးကို ဘယ်လိုအဆင်ပြေအောင် နေထိုင်ရမယ့်အချက်နဲ့ အိမ်ထောင်ပြုသူ လင်ယောက်ျား ဇနီးမယားတို့ လိုက်နာကျင့်ကြံရမယ့် တာဝန်များ၊ အိမ်ထောင်ရေးကို ထိခိုက်ပျက်ပြားစေမယ့်အပြင် သံသရာပါ ဒုက္ခရောက်စေမယ့် အိမ်ထောင်ရေး ဖောက်ပြန်မှုများကို မပြုလုပ်ကြဖို့ ပညတ်သတ်မှတ်တော် မူပေးတဲ့ အချက်ပဲဖြစ်ပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်ပြုရမယ်၊ ဘယ်အချိန်မှာ အိမ်ထောင်မပြုရဘူး ဆိုတဲ့အချက် မဟုတ်ပါဘူး။

ဒီလိုဆိုရင် ဘုရားဟောမဟုတ်တဲ့ ဒီဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ သတ်မှတ်ချက်ဟာ မြန်မာပြည်မှာ ဘာကြောင့် လေးလေးနက်နက် ရှိနေကြတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအချက်ကတော့ ရှေးအစဉ်လာကတည်းက အရိုးစွဲလာခဲ့တဲ့ အချက်တွေဖြစ်နိုင်ပါတယ်။ ရှေးကလူကြီးသူမများဟာ ဘုရားသာသနာကို အလွန်သတ်ဝင် ယုံကြည်ကြပြီး ဘာသာရေးကို အထူးအလေးထားတဲ့ သူများဖြစ်ကြပါတယ်။ ရဟန်းတော်များ ၀ါတွင်းကာလ ၀ါဆိုဝါကပ်ပြုကြတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ လူတွေအနေနဲ့လည်း ကာမဂုဏ်အာရုံများနဲ့ ဆက်စပ်နေတဲ့ ဒီအိမ်ထောင်ပြု သားမွေးခြင်း ကိစ္စများကို မလုပ်ကြဘဲ တစ်နှစ်ပတ်လုံး အလုပ်များနဲ့သာ အချိန်ကုန်နေပြီး မိုးတွင်းကာလမှာသာ အနားရကြတဲ့ အချိန်လေးမှာ ကုသိုလ်ကောင်းမှုများ များများလုပ်ဖြစ်ကြဖို့ ကြိုးစားအားထုတ်ရင်း ၀ါတွင်းကာလမှာ အိမ်ထောင်ပြုခြင်းကို အထူးတလည် မပြုလုပ်ကြခြင်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် စဉ်းစားမိတာက ၀ါတွင်းကာလဟာ မိုးရာသီကာလ ဖြစ်တဲ့အတွက် မင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ဖို့အတွက် မိုးအဆက်မပြတ်ရွာမှုက အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုဖြစ်စေသလို မိုးရာသီကာလ သီးနှံစပါး စိုက်ပျိုးထားချိန်များဖြစ်လို့ စားဝတ်နေရေးအရလည်း အခက်အခဲ ဖြစ်နိုင်တဲ့အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်ကာလ အိမ်ထောင်ပြုခြင်းကို မပြုလုပ်ကြဘဲ ရှောင်ကြဉ်ကြတာဖြစ်နိုင်ပါတယ်။ ဒီအစဉ်အလာများဟာ အခုခေတ်ရောက်လာတဲ့ အခါမှာတော့ ဗေဒင်ယတြာ ဓာတ်ရိုက်ဓာတ်ဆင် ဆရာများရဲ့ လက်ချက်ကြောင့် ၀ါတွင်းကာလ အိမ်ထောင်ပြုရင်ပဲ တစ်ခုခုဖြစ်နိုင်သလို၊ အိမ်ထောင်ရေးပဲ မတည်မြဲတော့သလို၊ တစ်ခုခုပဲ ထဖြစ်တော့မလို ပြောဆိုဟောပြောလာကြရာက ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အစဉ်အလာ ယုံကြည်မှုကြီးက လွှမ်းမိုးသက်ရောက် လာခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ ဘယ်အချိန် အိမ်ထောင်ပြုပြု အိမ်ထောင်ပြုသူ နှစ်ဦးရဲ့ အနေအထားကိုလိုက်ပြီး အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှုဆိုတာ ဖြစ်ကြတာပါ။ ၀ါတွင်းကာလ အိမ်ထောင်ပြုမိလို့ အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှု ဖြစ်ရတယ်ဆိုတာမျိုး မရှိပါဘူး။ ၀ါပမှာ အိမ်ထောင်ပြုသူတွေလည်း အိမ်ထောင်ရေး ပြဿနာတွေ အများကြီး ရှိနေကြပါတယ်။ အဓိကကတော့ တာဝန်ကိုယ်စီကျေပွန်ပြီး အကျင့်သီလ ကောင်းမွန်နေမှုကသာ အဓိကဖြစ်ပါတယ်။ ဘယ်အချိန် အိမ်ထောင်ပြုမှုက အဓိကမကျပါဘူး။ သေချာတာကတော့ ဘုရားရှင်အနေနဲ့ ၀ါတွင်းကာလ အိမ်ထောင် မပြုရဘူးဆိုတဲ့ အချက်ကို လုံးဝဟောကြားတော် မမူဘူးဆိုတဲ့ အချက်ကတော့ အသေအချာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ၀ါတွင်းကာလ အိမ်ထောင်မပြုခြင်းကို ဘုရားဟောလို့ မပြုတာလို့ မမှတ်ကြဘဲ ၀ါတွင်းကာလ အခိုက်အတန့်လေးမှာ ကိလေသာ အာရုံကာမဂုဏ်များ နည်းနေစေဖို့နဲ့ ကုသိုလ်ကောင်းမှုများ များများလုပ်ခွင့် ရစေဖို့ အိမ်ထောင်ပြုခြင်းကို မပြုကြခြင်း ဖြစ်တယ်လို့ လက်ခံယုံကြည်လိုက်ကြရင် အလွန်ကောင်းပါတယ်။ သေချာတာကတော့ ၀ါတွင်းကာလမှာ လူတွေလည်း အိမ်ထောင်မပြုရ၊ မေထုန်မပြုရ၊ ရှစ်ပါးသီလပဲ ဆောက်တည်ပြီး နေရမယ်ဆိုတဲ့ သတ်မှတ်ဟောကြားချက် မရှိပါဘူးဆိုတာပါ။ မိမိတို့အနေဖြင့် ၀ါတွင်းကာလ အိမ်ထောင်ပြုလိုကလည်း ပြုနိုင်ကြပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်ပြုလို့ အပါယ်ငရဲ လားရတယ်ဆိုတာ မရှိပါဘူး။ အိမ်ထောင်ကျပြီး အိမ်ထောင်ရေးဖောက်ပြန်လို့ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်လို့ အပါယ်ငရဲ လားရတာပဲ ရှိပါတယ်။

ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းသည် ဘာမှမသက်ဆိုင်တဲ့အတွက် ဘုန်းကြီးတွေရဲ့ ၀ါဆိုချိန်ကြောင့် တို့တွေအိမ်ထောင်ပြုရေးကို ထိခိုက်တယ်ဆိုတာ မတွေးကြဖို့နဲ့ အိမ်ထောင်ပြုလိုက ၀ါတွင်းဝါပ အဓိကမကျဘဲ အိမ်ထောင်ကျပြီး နောက်ပိုင်းအိမ်ထောင်ရှင်နှစ်ဦးတို့ရဲ့ တာဝန်ကျေမှုနဲ့ အိမ်ထောင်ရေး မဖောက်ပြန်မှုကသာ အဓိကကျပါကြောင်း ထပ်လောင်းပြောဆိုရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ