ထို့ထက်အလွန်...

“ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကို ပျက်စီးအောင် ပြုနိုင်ရာ၏။
ရန်သူတစ်ယောက်သည် ရန်သူတစ်ယောက်ကို ပျက်စီးအောင် ပြုနိုင်ရာ၏။
မကောင်းသဖြင့် ထားအပ်သောစိတ်သည်ကား ထိုစိတ်ရှိသူကို ထိုရန်သူ၊ သူခိုးတို့ထက်ပင် ယုတ်ညံ့အောင် ပြုလုပ်နိုင်၏”
(ဂေါတမမြတ်စွာဘုရား)

သတ္တဝါတိုင်း၊ သတ္တဝါတိုင်း ဘဝတွင် ရန်သူအမျိုးမျိုးနှင့် ရင်ဆိုင်ဆုံတွေ့ရတတ်ပြီး အမျိုးမျိုးသော ပျက်စီးမှုများနှင့်လည်း ကြုံတွေ့ရတတ်၏။ အတွင်းရန်သူများနှင့်လည်း ကြုံတွေ့နိုင်သကဲ့သို့ အပြင်ရန်သူများနှင့်လည်း ကြုံတွေ့ရတတ်၏။ အတွင်းရန်သူများကြောင့် ပျက်စီးမှုများ ရှိနိုင်သကဲ့သို့ အပြင်ရန်သူများကြောင့် ပျက်စီးမှုများလည်း ရှိနိုင်ပေ၏။ သူခိုး၊ ဓားပြ၊ ရန်ဘက်ရန်ပြိုင် စသည့် အပြင်ရန်သူများကြောင့် ပျက်စီးမှုများလည်း ရှိနိုင်သကဲ့သို့ လောဘ၊ ဒေါသ၊ မောဟ၊ ဣဿာ၊ မစ္ဆရိယ စသည့် မကောင်းသည့် အတွင်းရန်သူများကြောင့် ပျက်စီးမှုများလည်း ရှိနိုင်ပေ၏။ သို့သော် ထိုပျက်စီးမှုများတွင် သူခိုးဓားပြစသည့် ရန်သူများကြောင့် ဖြစ်ပေါ်တတ်သည့် ပျက်စီးမှုများသည် တစ်ဘဝမျှသာ ဖြစ်သော်လည်း မကောင်းသည့် စေတနာ ဦးစီးထားသည့် အကုသိုလ်စိတ်ထားကြောင့် ဖြစ်ပေါ်တတ်သည့် ပျက်စီးမှုသည်ကား ထိုစိတ်ရှိသူအား အဆအထောင်မက ဘဝပေါင်းများစွာအထိ ပျက်စီးမှုကို ဖြစ်ပေါ်စေတတ်၏။ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကြောင့် ဖြစ်ပေါ်တတ်သည့် ပျက်စီးမှုသည် တဒင်္ဂအခိုက်အတံ့မျှသာ ဖြစ်ပေါ်စေသော်လည်း မိမိကိုယ်တိုင် ဆုတ်ကိုင်ထားသည့် မကောင်းသည့် စိတ်ထားသည်ကား မိမိအား သံသရာတစ်လျှောက်တွင် ဘဝပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေတတ်ပေ၏။ ထို့ကြောင့် အပြင်ရန်သူများကြောင့် ပျက်စီးမှုထက် အတွင်းရန်သူများကြောင့် ပျက်စီးမှုသည်ကား ထို့ထက်အလွန်ပင် ကြောက်စရာကောင်းကြောင်း ဆိုခြင်းဖြစ်ပါ၏။

မှန်၏။ မိမိတို့၏ လက်တွေ့ဘဝများတွင်လည်း ထိုအသက်ခန္ဓာ၊ စည်းစိမ်ဥစ္စာ၊ ရားထူးဌာနန္တရများ၏ ပျက်စီးမှုများကို ရင်ဆိုင်ကြုံတွေ့ကြရမည်သာ ဖြစ်ပါ၏။ တစ်ခါတရံ “ဘယ်သူတော့ ဘယ်သူ့ကြောင့် ဘယ်လိုဖြစ်သွားပြီ၊ ဘာဖြစ်သွားပြီ၊ ဘယ်လိုပျက်စီးသွားပြီ” စသည့် အပြောအဆို အဖြစ်အပျက်များနှင့် ကြုံတွေ့ဖူးကြမည် ဖြစ်သကဲ့သို့ တစ်ခါတရံ “ဘယ်သူတော့ဖြင့် သူ့တရားသူစီရင်သွားပြီ၊ သူ့လုပ်ရပ်ကြောင့် သူ့ဘဝ သူဖျက်သလို ဖြစ်သွားပြီ၊ သူ့လုပ်ရပ်က သူ့ကိုဒုက္ခပေးသွားပြီ” စသည့် အပြောအဆို အဖြစ်အပျက်များနှင့်လည်း ကြုံတွေ့ဖူးကြမည် ဖြစ်၏။ မည်သို့ပင် ကြုံတွေ့ကြသော်လည်း အရင်းစစ်သော် သူတပါးကြောင့် ပျက်စီးဆုံးရှုံးမှုထက် မိမိကြောင့် ပျက်စီးဆုံးရှုံးမှုသည်ကား ပို၍တန်ဘိုးများပြီး ပို၍ပင် ကြောက်စရာကောင်းကြောင်း ကောက်ချက်တစ်ခုသာ ထွက်ပေါ်လာခဲ့ပေ၏။ မည်သူက မည်ကဲ့သို့ ပျက်စီးစေသော်လည်း ထိုပျက်စီးမှုသည် မိမိကိုယ်တိုင် ပြစ်ပေါ်စေသည့် ပျက်စီးမှုနှင့် နှိုင်းယှဉ်လျှင်ကား အစအရာမက ကွာခြားနေမည်သာ ဖြစ်ပါ၏။ မိမိ၏ မကောင်းသည့် စိတ်စေတနာကြောင့် ဖြစ်ပေါ်တတ်သည့် ပျက်စီးမှုသည်ကား မိမိအား သံသရာတစ်လျှောက်တွင် မရေမတွက်နိုင်အောင်ပင် ပျက်စီးစေမည်သာ ဖြစ်ပါပေ၏။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူစဉ်က အဖြစ်အပျက်တစ်ခု ဖြစ်ပါ၏။ ထိုစဉ်က သာဝတ္တိပြည်တွင် အနာထပိဏ် သူဋ္ဌေး၏ နွားများကို ထိန်းသိမ်းစောင့်ရှောက်ပေးရသည့် နန္ဒအမည်ရသည့် နွားကျောင်းသား တစ်ယောက်ရှိ၏။ နန္ဒသည် နွားကျောင်းသား တစ်ယောက်ဖြစ်သော်လည်း အတော်အသင့် ချမ်းသာသူလည်း ဖြစ်၏။ တစ်ခါတရံ နန္ဒသည် အနာထပိဏ် သူဋ္ဌေးအိမ်သို့သွားစဉ် ဘုရားရှင်ကို ဖူးမျှော်ခွင့်ရပြီး တရားများလည်း နားကြခွင့် ရတတ်၏။ တစ်နေ့တွင် နန္ဒနွားကျောင်းသားသည် သူဋ္ဌေးအိမ်တွင် ဘုရားရှင်ကို ဖူးမျှော်ပြီး ဘုရားနှင့်တကွ ရဟန်းတော်များအား မိမိအိမ်သို့ ကြွရောက်ပါရန် ပင့်ဖိတ်တော်မူ၏။ ဘုရားရှင်သည် နန္ဒနွားကျောင်းသား၏ ပါရမီဉာဏ်ရင့်သန်မှု အနေအထားအရ အချိန်မတန်သေးဟုဆိုကာ နန္ဒ၏ ပင့်ဖိတ်မှုကို ငြင်းပယ်တော်မူခဲ့၏။

တစ်ချိန်တွင်ကား ဘုရားရှင်သည် နောက်ပါတပည့် ရဟန်းသံဃာများနှင့်အတူ တစ်နေရာသို့ ဒေသစာရီ ကြွချီတော်မူရင်း နန္ဒနွားကျောင်းသား၏ ပါရမီဉာဏ် ရင့်သန်ချိန်အရ နန္ဒ၏အိမ်သို့လည်း ကြွတော်မူလေ၏။ နန္ဒသည် ဘုရားရှင်နှင့် သံဃာတော်များ ကြွတော်မူလာသည်ကို ဝမ်းမြောက်ဝမ်းသာ ခရီးကြိုဆိုပြီး (၇)ရက်ပတ်လုံး ဆွမ်းအလုပ်အကျွေး ပြုတော်မူကာ တရားဓမ္မ နာကြားလေ၏။ ခုနှစ်ရက်မြောက် နောက်ဆုံးနေ့တွင် နန္ဒသည် သောတာပန်တည်ခဲ့လေ၏။ ထိုနေ့တွင် ဘုရားရှင်နှင့် သံဃာတော်များသည်လည်း ကျောင်းတော်သို့ ပြန်လည်ကြွချီတော်မူခဲ့၏။ နန္ဒနွားကျောင်းသားသည် ဘုရားရှင်နှင့် သံဃာတော်များအား အတော်အသင့် လိုက်ပါပို့ဆောင်ပေးရင်း အပြန်ခရီးတွင် ရန်သူမုဆိုးတစ်ယောက်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့လေ၏။

နန္ဒသေဆုံးသွားသည်ကို တွေ့မြင်ရသည့် ရဟန်းတော်အချို့သည် ဘုရားရှင်အား “ဘုရားရှင်နှင့် သံဃာတော်များ ကြွလာတော်မူသဖြင့် ဤသို့နန္ဒနွားကျောင်းသား သေရခြင်းဖြစ်ကြောင်း” လျှောက်ထားကြ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ရဟန်းတို့… နန္ဒနွားကျောင်းသားသည် ဘုရားရှင်ကြွသည်ဖြစ်စေ၊ မကြွသည်ဖြစ်စေ သေခြင်းတရားက လွတ်မြောက်နိုင်မည် မဟုတ်ပေ၊ စင်စစ် နန္ဒ၏ ပျက်စီးမှုသည်ကား ဘာမှပြောပလောက်စရာ မရှိ။ မကောင်းသည့် စိတ်ထားသည်သာလျှင် တစ်စုံတစ်ယောက်အား ခိုးသူရန်သူများထက် ပို၍နာကျင် ပျက်စီးမှုကို ဖြစ်ပေါ်စေ၏” ဟု မိန့်တော်မူကာ
“ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကို ပျက်စီးအောင် ပြုနိုင်ရာ၏။
ရန်သူတစ်ယောက်သည် ရန်သူတစ်ယောက်ကို ပျက်စီးအောင် ပြုနိုင်ရာ၏။
မကောင်းသဖြင့် ထားအပ်သောစိတ်သည်ကား ထိုစိတ်ရှိသူကို ထိုရန်သူ၊ သူခိုးတို့ထက်ပင် ယုတ်ညံ့အောင် ပြုလုပ်နိုင်၏” (ဓမ္မပဒ၊ စိတ္တဝဂ်၊ နန္ဒဃောပါလက ဝတ္ထု) ဟူသော အထက်ပါ တရားစကားတော်ကို ဟောကြားတော်မူလေ၏။

ဤဒေသနာတော်အရ အပြင်ရန်သူနှင့် အတွင်းရန်သူတို့၏ အကျိုးသက်ရောက်မှု ခြားနားချက်ကို ကောင်းစွာသိနိုင်မည် ဖြစ်၏။ သူခိုး၊ ဓားပြ ရန်သူစသည့် အပြင်ရန်သူတို့ကြောင့် ပျက်စီးရသည့် ပျက်စီးမှုထက် မကောင်းသည့် စိတ်စေတနာကြောင့် ပျက်စီးရသည့် ပျက်စီးမှုက ပို၍ပြင်းထန်သည်ကို သတိပြုနိုင်မည် ဖြစ်၏။ ရန်သူခိုးသူများသည် မိမိအား တစ်ဘဝအတွက်သာ သေအောင်သတ်နိုင်သော်လည်း မိမိသန္တာန်တွင်ရှိသည့် မကောင်းသည့် စိတ်စေတနာသည်ကား မိမိအား ဘဝပေါင်းများစွာ အကြိမ်ကြိမ် သေအောင်သတ်နိုင်သည်ကို မမေ့ကြရန် လိုအပ်ပေ၏။ တစ်ဘဝတွင် တစ်ခါသေကျေ ပျက်စီးကြရမည့် အရေးထက် သံသရာတွင် အကြိမ်ကြိမ် သေကျေပျက်စီးကြရမည့် အရေးကို ပို၍အလေးထားသင့်ပေ၏။ မည်သူ့ကြောင့်၊ မည်သည့်အရာကြောင့် သေကျေပျက်စီးကြရသည်ထက် မိမိ၏ မကောင်းသည့် စိတ်စေတနာကြောင့် သေကျေပျက်စီးကြရမည့် အရေးကို ပို၍သတိပြုသင့်ပေ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူခိုးဓားပြစသည့် အပြင်ရန်သူများသည် တဒင်္ဂ အခိုက်အတံ့တွင်သာ သေကျေပျက်စီးမှုကို ပြုနိုင်သော်လည်း မကောင်းသည့် စိတ်စေတနာဖြစ်သည့် အတွင်းရန်သူသည်ကား ထို့ထက်အလွန် သံသရာမှာ အကြိမ်ကြိမ် သေကျေပျက်စီးမှုကို ပြုနိုင်သောကြောင့် ဖြစ်ပါပေ၏။

စင်စစ် လူအတော်များများသည် လက်ရှိရရှိနေသည့် ဘဝအပေါ်တွင်သာ ပျက်စီးမည့်အရေး တွေးပူနေလေ့ရှိ၏။ ယခုဘဝအတွက်သာ အပြင်ရန်သူများ၏ တိုက်ခိုက်ပျက်စီးမှုဘေးမှ ကာကွယ်ရန် အားထုတ်လေ့ရှိကြ၏။ သူခိုး၊ ဓားပြစသည့် အန္တရာယ်များကိုသာ အာရုံထားပြီး ထိုအန္တရာယ်များ မကျရောက်ရေးကိုသာ ကြိုးစားလေ့ရှိကြ၏။ သံသရာတွင် အကြိမ်ကြိမ် သေကျေပျက်စီးရမည့် အရေးထက် တစ်ဘဝတစ်ခါ သေကျေပျက်စီးရမည့် အရေးကို အလေးပေးလေ့ရှိကြ၏။ ထို့ကြောင့်လည်း စည်းစိမ်ဥစ္စာများ မပျက်စီးဖို့၊ အသက်ခန္ဓာ မပျက်စီးဖို့ဆိုလျှင် သူများအသက် သတ်ရန်လည်း ဝန်မလေး၊ သူများပစ္စည်း ခိုးယူရန်လည်း ဝန်မလေး၊ အိမ်ထောင်ရေး ဖောက်ဖျက်ရန်လည်း ဝန်မလေး၊ လိမ်ညာပြောဆိုရန်လည်း ဝန်မလေး၊ အရက်သေစား မူးယဇ်ဆေးဝါး သောက်စားသုံးစွဲရန်လည်း ဝန်မလေးကြခြင်း ဖြစ်နေကြ၏။ အမှန်အားဖြင့် ထိုသို့ တဒင်္ဂအခိုက် ပျက်စီးမည်ကို ကြောက်သဖြင့် ကိုယ်ကျင့်သီလ ဖောက်ဖျက်သည်အထိ လုပ်လိုက်ခြင်းသည် ဘဝတွင် တစ်ကြိမ်သေကျေပျက်စီး စေမှုထက် သံသရာတွင် အကြိမ်ကြိမ် သေကျေပျက်စီးမှုအထိ ဖြစ်ပေါ်ခဲ့သည်သာ ဖြစ်ပါပေ၏။ ဤသည်မှာ မိမိကိုယ်တိုင် ပြုလုပ်ခဲ့သည့် မိမိ၏ စိတ်စေတနာကြောင့်သာ ဖြစ်ပါပေ၏။ ထို့ကြောင့် သူတော်ကောင်းများက အပြင်ရန်ထက် အတွင်းရန်က ထို့ထက်အလွန် ကြောက်ဖွယ်ဖြစ်ကြောင်း ဆိုကြခြင်း ဖြစ်ပါ၏။

တစ်ခါက တရားပွဲတစ်ခုတွင် စာရေးသူက “စည်းစိမ်ဥစ္စာနှင့် ကိုယ်လက်အင်္ဂါ ယှဉ်လာလျှင်၊ စည်းစိမ်ဥစ္စာကို စွန့်လွှတ်ရမည်ဖြစ်ပြီး၊ ကိုယ်လက်အင်္ဂါနှင့် အသက်ယှဉ်လာလျှင်၊ ကိုယ်လက်အင်္ဂါကို စွန့်လွှတ်ရမည် ဖြစ်ကာ၊ အသက်နှင့် သီလယှဉ်လာလျှင် အသက်ကိုစွန့်လွှတ်ပြီး သီလကို လုံခြုံအောင် စောင့်ထိန်းသင့်ကြောင်း” ဟောပြောသည့်အခါ ဒကာလေးတစ်ယောက်က “အသက်ရှင်မှ သီလကို ထိန်းနိုင်မှာ ဖြစ်သဖြင့် သီလနှင့် အသက်ယှဉ်လာလျှင် အဘယ့်ကြောင့် အသက်ကို စွန့်လွှတ်ရမည်ကို နားမလည်ကြောင်း” မေးလာသဖြင့် သူ့အမေးကို အခြေခံကာ “သို့ဆိုလျှင် အသက်ရှင်ရေးအတွက် သူများအသက်ကို သတ်မလား၊ သူများဥစ္စာခိုးမလား၊ သူများသားမယား ပစ်မှားမလား…၊ အဲဒီလို လုပ်လိုက်သည့်အတွက် ဒီဘဝမသေတော့ဘူးလား…” စသည်ဖြင့် ပြန်လည်မေးခွန်းထုတ်ရင်း ရှင်းပြလိုက်ရသေး၏။ ထိုဒကာလေးမှာ မသိနားမလည်၍ မေးခြင်းဖြစ်သော်လည်း မျက်မှောက်ခေတ်တွင် အတော်များများက တစ်ဘဝတစ်နပ်စာ မပျက်စီးရေးအတွက် သီလကို စွန့်လွှတ်ရန်မှာ ဝန်မလေးဘဲ ဖြစ်နေကြသည်မှာ အမှန်ပင် ဖြစ်နေပါ၏။ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကြောင့် ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ အသက်များ ပျက်စီးမည့်အရေးသာ တွေးပူနေပြီး ဘဝသံသရာ အကြိမ်ကြိမ် ပျက်စီးမည့်အရေးကိုကား တွေးပူခြင်း မရှိသဖြင့် မကောင်းသည့် စိတ်စေတနာဖြင့် မကောင်းမှုလုပ်ရန်မှာလည်း ဝန်မလေးကြခြင်း ဖြစ်နိုင်ပါ၏။ ဤသို့သာဆိုသော် ပျက်စီးမှုများသည် ထို့ထက်အလွန်ပင် ဖြစ်နေကြမည်သာ ဖြစ်ပါပေ၏။

ဆိုလိုသည်မှာ လူတိုင်းလူတိုင်း ဘဝတွင် အသက်ခန္ဓာ၊ စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရတို့၏ သေကျေပျက်စီးမှုများနှင့် ကြုံတွေ့ကြရမည်ကို ကြောက်ကြသော်လည်း ရှောင်လွဲ၍ မရသည့် ထိုပျက်စီးမှုများတွင် သူခိုး၊ ဓားပြစသည့် အပြင်ရန်သူများကြောင့် သေကျေပျက်စီးကြရသည်ထက် မကောင်းသည့် စိတ်စေတနာဖြစ်သည့် မိမိတို့၏ အတွင်းရန်သူများကြောင့် သေကျေပျက်စီးရမည့် အရေးကို ပိုမိုကြောက်သင့်ကြောင်း ဆိုလိုခြင်း ဖြစ်ပါ၏။ အပြင်ရန်သူများကြောင့် ပျက်စီးရသည့် ပျက်စီးမှုသည် တစ်ဘဝတစ်ခဏမျှသာ ဖြစ်သော်လည်း အတွင်းရန်သူများကြောင့် ပျက်စီးရသည့် ပျက်စီးမှုသည့်ကား ဘဝသံသရာတစ်လျှောက် အကြိမ်ကြိမ် ပျက်စီးမှုကို ရောက်စေသဖြင့် အတွင်းရန်သူကြောင့် ပျက်စီးမည့်အရေးကို ပိုမိုအလေးပေးကာ အတွင်းစိတ်ထားများ ကောင်းအောင်သာ ကြိုးစား အားထုတ်သင့်ကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။ တစ်ဘဝ တစ်ခဏ ပျက်စီးကြရမည့် အရေးထက် ထို့ထက်အလွန် ပျက်စီးသွားမည့်အရေးကို ပိုမိုသတိပြုသင့်ကြောင်း အသိပေးလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် မည်သူမဆို လွန်ဆန်မရ ပျက်စီးရမည့် အသက်ခန္ဓာ၊ စည်းစိမ်ဥစ္စာ၊ ရာထူးဂုဏ်သိန်တို့၏ ပျက်စီးမှုများတွင် တဒင်္ဂပျက်စီးမှုထက် ထို့ထက်အလွန် အကြိမ်ကြိမ် ပျက်စီးရမည့် ပျက်စီးမှုမျိုး မဖြစ်ကြစေရန် တစ်ဘဝတစ်နပ်စာအတွက် မတွေးဘဲ ဘဝသံသရာအရေးတွေးကာ အကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းရင်း စိတ်စေတနာကောင်းများဖြင့် ကောင်းသည့်အလုပ်များကိုသာ ကြိုးစားအားထုတ်ကြပါဟု အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါသည်။

Read more »

သုကို ယှဉ်၊ ဒုကို ကြဉ်…

“သုကို ယှဉ်၊ ဒုကို ကြဉ်” ဆိုတဲ့ မြန်မာဆိုရိုးစကား တစ်ခုရှိပါတယ်။ ဒီဆိုရိုးနဲ့ ပတ်သက်ပြီး မြန်မာဆိုရိုးစကား စာအုပ်မှာတော့ “သုစရိုက် ၁၀ပါးကို လိုက်နာကျင့်သုံး၍ ဒုစရိုက် ၁၀ပါးမှ ရှောင်ကြဉ်ခြင်း” လို့ ဖွင့်ဆိုရှင်းပြပြီး ရှင်ဥက္ကံသလင်္ကာ ဆုံးမစာမှာပါတဲ့ “သုကို ယှဉ်၊ ဒုကို ကြဉ်၊ မယှဉ်လျှင် မြုပ်တတ်သည်။ မကြဉ်လျှင် စုပ်တတ်သည်” ဆိုတဲ့ ဆုံးမစာလေးကိုပါ ကိုးကားဖော်ပြထားတာကို တွေ့ရပါတယ်။ သုကိုယှဉ်ပြီး ဒုကိုကြဉ်မှ အစဉ်ထာဝရ ဘဝလှကာ အစစအရာရာ အမြင့်နေရာမှာ ရှိကြမှာဖြစ်ကြောင်း၊ သုကိုမယှဉ်နိုင်ပါက အောက်အောက်ဘဝတွေမှာ မြုပ်နေတတ်ပြီး ဒုကိုမကြဉ်နိုင်ပါကလည်း အဲဒီတရားတွေရဲ့ စုပ်ယူခြင်းကို ခံရကာ ဘဝမှာ ဒုက္ခလှလှတွေ့လို့ စုပ်သထက်စုပ်နေကြမှာ ဖြစ်ကြောင်း၊ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သုကိုယှဉ်နိုင်အောင် ကြိုးစားပြီး ဒုကိုကြဉ်နိုင်အောင် အားထုတ်ကြရမှာဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သုဆိုတာ သုစရိုက်ကို ပြောတာဖြစ်ပြီး ဒုဆိုတာကတော့ ဒုစရိုက်ကို ပြောတာဖြစ်ပါတယ်။ သုစရိုက်ဆိုတာ အပြစ်ကင်းတဲ့ ကောင်းတဲ့အလေ့အကျင့် အလုပ်အကိုင် အပြောအဆို အကြံအစည်လို့ အဓိပ္ပါယ်ရပြီး ဒုစရိုက်ဆိုတာကတော့ အပြစ်နဲ့တကွဖြစ်တဲ့ မကောင်းတဲ့အလေ့အကျင့် အလုပ်အကိုင် အပြောအဆို အကြံအစည်လို့ အဓိပ္ပါယ်ရပါတယ်။ တစ်နည်းအားဖြင့် သုစရိုက်ဆိုတာ ကိုယ်နဲ့ပြုတဲ့ ကောင်းတဲ့အလုပ်၊ နှုတ်နဲ့ပြောတဲ့ ကောင်းတဲ့အပြော၊ စိတ်နဲ့ကြံတဲ့ ကောင်းတဲ့အကြံများကိုဆိုပြီး ဒုစရိုက်ဆိုတာကတော့ ကိုယ်နဲ့ပြုတဲ့ မကောင်းတဲ့အလုပ်၊ နှုတ်နဲ့ပြောတဲ့ မကောင်းတဲ့အပြော၊ စိတ်နဲ့ကြံတဲ့ မကောင်းတဲ့ အကြံတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလိုကိုယ်နှုတ်နှလုံး သုံးမျိုးလုံးနဲ့ လုပ်ကိုင်ပြောဆိုကြံစီကြတဲ့ အလေ့အကျင့်တွေကိုပဲ စရိုက်လို့ခေါ်တာဖြစ်ပြီး ပြုလုပ်တဲ့သူတွေရဲ့ လုပ်ရပ်ကိုလိုက်ပြီး ကောင်းတဲ့ အလေ့အကျင့် သုစရိုက်၊ မကောင်းတဲ့အလေ့အကျင့် ဒုစရိုက်လို့ ကွဲပြားခြားနားသွားကြတာ ဖြစ်ပါတယ်။

ထူးခြားတာကတော့ ပြုလုပ်တဲ့သူတွေရဲ့ စရိုက်ကိုလိုက်ပြီး ကောင်းတဲ့အလေ့အကျင့် ရှိသူတွေဟာ ကောင်းတဲ့သုစရိုက်တွေကြောင့် ကောင်းတဲ့အကျိုးတွေ ဖြစ်ပေါ်စေပြီး မကောင်းတဲ့ အလေ့အကျင့် ရှိသူတွေဟာ မကောင်းတဲ့ ဒုစရိုက်တွေကြောင့် မကောင်းတဲ့ အကျိုးတွေ ဖြစ်ပေါ်စေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် မကောင်းကျိုးတွေ မဖြစ်ဖို့နဲ့ ကောင်းကျိုးတွေ ဖြစ်ပေါ်စေဖို့ သုကိုယှဉ်ပြီး ဒုကိုကြဉ်ပါလို့ ပညာရှင်များက ပြောဆိုဆုံးမကြတာ ဖြစ်ပါတယ်။

ဗုဒ္ဓစာပေတွေမှာတော့ သုစရိုက်တရားဆယ်ပါး၊ ဒုစရိုက်တရား ဆယ်ပါးရှိကြောင်း ဖွင့်ဆိုရှင်းပြပြီး ဒုစရိုက်ဆယ်ပါးကို မလုပ်ဘဲ ရှောင်ကြဉ်ခြင်းကိုပဲ သုစရိုက်ဆယ်ပါးလို့ အမည်တပ်ကာ ပြောဆိုခြင်း ဖြစ်ကြောင်းနဲ့ ဒုစရိုက်ဆယ်ပါးဆိုတာ တခြားမဟုတ်ဘဲ ကိုယ်နဲ့လုပ်တဲ့ မကောင်းတဲ့ ကာယကံသုံးပါး၊ နှုတ်နဲ့ပြောဆိုတဲ့ မကောင်းတဲ့ ဝစီကံလေးပါး၊ စိတ်နဲ့ကြံစည်တဲ့ မကောင်းတဲ့ မနောကံသုံးပါးကိုပဲ ဆိုလိုတာဖြစ်ကြောင်း ဖွင့်ဆိုပြပါတယ်။ အဲဒီအဖွင့်တွေအရ
ကာယဒုစရိုက် သုံးပါးဆိုတာ
၁။ သူတပါးအသက်ကို သတ်ဖြတ်ခြင်း (ပါဏာတိပါတ)
၂။ သူတပါးဥစ္စာကို ခိုးယူခြင်း (အဒိန္နာဒါန)
၃။ ကာမဂုဏ်ကိစ္စတွေမှာ ဖောက်ပြန်မှားယွင်းစွာကျင့်ခြင်း (ကာမေသုမိစ္ဆာစာရ)
တို့ဖြစ်ပြီး
ဝစီဒုစရိုက် လေးပါးဆိုတာ
၎။ မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း (မုသာဝါဒ)
၅။ ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုခြင်း (ပိသုဏဝါစာ)
၆။ ကြမ်းတမ်းယုတ်မာသော စကားကို ပြောဆိုခြင်း (ဖရုသဝါစာ)
၇။ အကျိုးမရှိ အချည်းနှီးဖြစ်သည့် ပိန်ဖျင်းသော စကားကို ပြောဆိုခြင်း (သမ္ဖပ္ပလာပ)
တို့ ဖြစ်ကာ
မနောဒုစရိုက် သုံးပါးကတော့
၈။ သူတပါးပိုင်ဆိုင်မှုများကို မတရားရယူရန် ကြံစည်ခြင်း (အဘိဇ္ဈာ)
၉။ သူတပါးတို့၏ အသက်နှင့်စည်းစိမ်ဥစ္စာ ပျက်စီးရာပျက်စီးကြောင်း ကြံစည်ခြင်း (ဗျာပါဒ)
၁၀။ ကံကံ၏ အကျိုးကိုပယ်၍ လွဲမှားစွာ ယုံကြည်ခြင်း (မိစ္ဆာဒိဋ္ဌိ)
တို့ပဲ ဖြစ်ပါတယ်။

ဒီဆယ်ပါးကို ဒုစရိုက်ဆယ်ပါးလို့ဆိုပြီး ဒီအလုပ်တွေနဲ့ ကျင်လည်နေထိုင် လှုပ်ရှားနေတဲ့ သူတွေကိုလည်း ဒုစရိုက် အလုပ်များနဲ့ နေထိုင်သူများအဖြစ် ပြစ်တင်ပြောဆိုကြခြင်း ဖြစ်ပါတယ်။ ဒီဒုစရိုက်အလုပ်တွေနဲ့ပဲ အမြဲမပျက် လုပ်ကိုင်ဆောင်ရွတ် နေသူတွေဟာလည်း ဒုစရိုက်အလုပ်များကြောင့် မကောင်းတဲ့ ဘုံဘဝများအထိ ကျရောက်နိုင်ကာ ကုသိုလ်တရားများနဲ့ ဝေးသထက် ဝေးနေကြမှာဖြစ်တဲ့အတွက် ဒီအလုပ်တွေကနေ ရှောင်ကြဉ်ကြဖို့နဲ့ ဒီလိုဒုစရိုက်အလုပ်တွေက ရှောင်ကြဉ်နိုင်ပါက အလိုလို ကောင်းတဲ့သုစရိုက် အလုပ်တွေကို လုပ်နေပြီးသား ဖြစ်တဲ့အပြင် ကောင်းတဲ့ဘုံဘဝတွေမှာ ရောက်ရှိကာ ကောင်းကျိုးချမ်းသာတွေနဲ့ နီးသထက်နီးနေမှာ ဖြစ်တဲ့အတွက် ကောင်းတဲ့သုစရိုက် အလုပ်တွေနဲ့ နေထိုင်နိုင်သမျှ နေထိုင်ကြဖို့ တိုက်တွန်းပြောဆိုကြခြင်း ဖြစ်ပါတယ်။

အလွယ်ပြောရရင်တော့ မကောင်းတဲ့ ဒုစရိုက်အလုပ်တွေက ရှောင်ကြဉ်ကြဖို့ ပြောလိုတာ ဖြစ်ပါတယ်။ ဒီဒုစရိုက်အလုပ်တွေက ရှောင်ကြဉ်ပြီး နေနိုင်ပါက သုစရိုက်အလုပ်တွေကို လုပ်နေပြီးသား ဖြစ်တဲ့အတွက် ကိုယ့်ရဲ့အလုပ်တွေဟာ သုစရိုက်အလုပ် ဟုတ်မဟုတ် စဉ်းစားနေစရာ မလိုဘဲ ဒုစရိုက်အလုပ်တွေကို မလုပ်မိအောင် ကြိုးစားနေထိုင်ကြရမယ်ဆိုတဲ့ အချက်ကိုပဲ နားလည်သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။ ဆိုရိုးစကားအရ ပြောရရင်တော့ ဒုကိုရှောင်ကြဉ်ခြင်းဟာ သုနဲ့ယှဉ်နေခြင်းပဲလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကာမဂုဏ်တရားများ အားကြီးလာပြီး သီလ၊ သမာဓိ၊ ပညာ တရားများ အားနည်းလာတဲ့ ဒီနေခေတ်မှာတော့ လူအတော်များများဟာ ဒုကိုယှဉ်ပြီး သုကိုပဲ ကြဉ်နေကြတော့တာ ဖြစ်ပါတယ်။ အကုသိုလ်တရားများ လွှမ်းမိုးလာမှုမှာ အကုသိုလ်ကို အကုသိုလ်လို့ မသိဘဲဖြစ်လာတာတွေက အဆိုးဆုံး ဖြစ်လာနေပြီး အကုသိုလ်ကို အကုသိုလ်လို့ မသိတဲ့အတွက် ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာလည်း သုစရိုက်လား၊ ဒုစရိုက်တွေလားဆိုတာလည်း သိဖို့မလွယ်တော့တဲ့ အနေအထားအထိ ရောက်နေကြတော့တာ ဖြစ်ပါတယ်။ ရှောင်ကြဉ်ရမယ့် ဒုစရိုက်တွေမှာ အတော်များများ အပျော်များနေကြတော့ ကိုယ့်ရဲ့အလုပ်တွေဟာ မကောင်းတဲ့ အလေ့အကျင့်တွေ ဖြစ်နေပေမယ့် အဲဒီမကောင်းတဲ့ အလုပ်တွေအပေါ်မှာ အပြစ်လို့ မမြင်ကြဘဲ ဒုမှာပဲ ယှဉ်ပြီးရင်း ယှဉ်နေကြတော့တာ ဖြစ်ပါတယ်။ ဒုမှာယှဉ်နေသမျှ သုမှာလည်း အလိုလို ကြဉ်ပြီးသား ဖြစ်နေတဲ့အတွက် ကြာလေမြုပ်လေ၊ ကြာလေစုပ်လေပဲ ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။

တစ်ချို့က မကောင်းတဲ့ ဒုစရိုက်အလုပ်တွေနဲ့ ကျင်လည်နေရပေမယ့် အချိန်တန် ကံအကျိုးပေး မရောက်လာသေးတဲ့အတွက် ကောင်းတာလေးတွေ ဖြစ်နေတဲ့အပေါ်မှာ သတိမမူမိဘဲ ဒီအလုပ်တွေနဲ့ အကျိုးပေးတယ်ဆိုကာ ဒုမှာပဲပျော်နေကြတာတွေ ရှိတတ်ပါတယ်။ ဒုနဲ့ပျော်ရင်း တဒင်္ဂအကောင်းလေးတွေ ဖြစ်နေတဲ့အပေါ်မှာ ဒုကြောင့်ကော်တယ်လို့ထင်ကာ ဒုစရိုက်အလုပ်တွေက ရုန်းမထွက်နိုင်ဘဲ ဖြစ်နေကြတဲ့အတွက် ကြာလေသုနဲ့ ဝေးလေဖြစ်နေကြတဲ့ သူတွေလည်း ရှိနေတတ်ပြန်ပါတယ်။ တကယ်တော့ ဒုစရိုက်အလုပ်တွေကြောင့် ကောင်းတာလေးတွေဖြစ်ပြီး ကော်နေကြတယ်ဆိုတာ တဒင်္ဂအခိုက်အတံ့ပဲ ဖြစ်ပါတယ်။ တဒင်္ဂမဟုတ်၊ ဒီဘဝတစ်လျှောက်လုံး ကော်နေကြတယ်ဆိုရင်လည်း သေပြီးနောက်မှာတော့ ဒုနဲ့ယှဉ်မိတဲ့ အလုပ်တွေကြောင့် မကော်နိုင်ဘဲ အော်နေကြရမှာ အမှန်ပဲ ဖြစ်ပါတယ်။

အကျိုးတရား ပြောင်းပြန်အနေနဲ့ ပြောမယ်ဆိုရင် ဒုစရိုက်အလုပ်တွေကို မလုပ်ဖြစ်အောင် ရှောင်ကြဉ် နေလိုက်ခြင်းဟာ သုစရိုက်အလုပ်တွေနဲ့ နေလိုက်ခြင်းဖြစ်တဲ့အတွက် အလုပ်ကောင်းခြင်းပဲ ဖြစ်ပါတယ်။ သုဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုက အကောင်းလို့ အဓိပ္ပါယ်ရတဲ့အတွက် အကောင်းလုပ်ရင် အကောင်းရမှာ သဘာဝနိယာမပဲ ဖြစ်ပါတယ်။ ဒါဟာ ဒုစရိုက်အလုပ်တွေကို မလုပ်ဖြစ်ဘဲ ရှောင်ကြဉ်လိုက်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ဒုစရိုက်တရား ဆယ်ပါးကနေ ရှောင်ကြဉ်ခြင်းဟာ ကံငါးပါးကို လုံနေခြင်းပဲ ဖြစ်ပြီး ကံငါးပါးလုံနေခြင်းဟာ အခြေခံဖြစ်တဲ့ ငါးပါးသီလကို လုံနေခြင်းပဲ ဖြစ်ပါတယ်။ ဒုစရိုက်တရား ဆယ်ပါးကို တူရာစုလိုက်မယ်ဆိုရင် ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒနဲ့ မိစ္ဆာဒိဋ္ဌိဆိုတဲ့ ကံငါးပါးပဲ ထွက်လာမှာ ဖြစ်ပါတယ်။ ဒီကံငါးပါးဟာ ဗုဒ္ဓဘာသာတွေအတွက် အခြေခံ သီလပဲ ဖြစ်ပါတယ်။ ဒါကြောင့် သီလလုံနေခြင်းဟာ တစ်နည်းအားဖြင့် ဒုစရိုက်တရားများမှ ရှောင်ကြဉ်နေခြင်း ဖြစ်တဲ့အတွက် သေပြီးဒုတိယဘဝမှာ အပါယ်ဘေးက ရှောင်ကြဉ်ထားပြီးဖြစ်ကြောင်းနဲ့ အကျင့်သီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင် စောင့်ထိန်းကြဖို့လိုကြောင်း ဆိုကြခြင်းဖြစ်ပါတယ်။

ဆိုလိုတာက သုကိုယှဉ်ပြီး ဒုကိုကြဉ်နိုင်ဖို့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းကြရမှာ ဖြစ်ကြောင်း ဆိုလိုတာဖြစ်ပါတယ်။ ကံငါးပါးကို လုံခြုံအောင် ထိန်းသိမ်းနေထိုင်ခြင်းဟာ ဒုစရိုက်တရားတွေက ရှောင်ကြဉ်နေခြင်း ဖြစ်တဲ့အတွက် ကောင်းတဲ့သုစရိုက် အကျင့်တွေနဲ့ နေနေတာဖြစ်ပြီး ကောင်းတဲ့အကျင့်တွေနဲ့ နေထိုင်နေခြင်းဟာ ဒုကိုကြဉ်ပြီး သုနဲ့ယှဉ်နေတာ ဖြစ်တဲ့အတွက် ဘဝမှာ အထက်တန်းကျကျ မျက်နှာပန်းလှကာ သုနဲ့မယှဉ်တဲ့အတွက် မြုပ်ရမယ့်ဘေး၊ ဒုကိုမကြဉ်တဲ့အတွက် စုပ်ရမယ့်ဘေးတွေက အလိုလို ရှောင်ကြဉ်ပြီးဖြစ်ကြောင်း၊ အရင်းစစ်တော့ ဒီလို မမြုပ်၊ မစုပ်ဘဲ ဘဝလှနေခြင်းဟာ ကိုယ်ကျင့်သီလကို လုံခြုံစေခြင်းကြောင့် ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူမဆို ဘဝမှာ အလှတွေလာပြီး မြုပ်ရာကနေ လှုပ်လာစေဖို့၊ စုပ်ရာကနေ ကောင်းတာတွေနဲ့ ဟုတ်လာစေဖို့အတွက် ဒုလို့ခေါ်တဲ့ မကောင်းတဲ့ ဒုစရိုက်တွေကိုကြဉ်ပြီး သုလို့ခေါ်တဲ့ ကောင်းတဲ့ သုစရိုက်တွေနဲ့ယှဉ်ကာ အခြေခံအကျဆုံးဖြစ်တဲ့ ကိုယ်ကျင့်သီလကို လုံခြုံအောင် ကြိုးစားရင်း ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံး လျှောက်နိုင်အောင် ရိုးသားစွာ အားထုတ်ကြပါလို့ စေတနာစကားနဲ့ အသိပါးလိုက်ရပါတယ်။
အားလုံး ဒုကိုကြဉ်ပြီး သုကို ယှဉ်နိုင်ကြပါစေ…

Read more »

ကိုယ်နာသော်လည်း စိတ်မနာပါစေနှင့်…

တစ်ခါက ရန်ကုန်မြို့ရှိ၊ ပုဂ္ဂလိကဆေးရုံ တစ်ခုတွင် ဆေးကုသမှု ခံယူနေရသည့် ရဟန်းဒကာကြီး တစ်ဦးထံ ကျန်းမာရေး သတင်းသွားမေးရင်း ရောက်ရှိသွားခဲ့၏။ အသက်အရွယ် ကြီးရင့်လာမှုနှင့် ရောဂါဝေဒနာ နှိပ်စက်မှု ဒဏ်များကြောင့် ခန္ဓာကိုယ် အလွန်ပင်ပန်းနေသည့် ဒကာကြီးသည် စာရေးသူကို မြင်ရသည့်အခါ ဝမ်းမြောက်မှုနှင့်အတူ ကုတင်တွင် လှဲနေရာမှ ထထိုင်လိုက်ပြီး လက်အုပ်ချီကာ အရိုအသေးပေးလေ၏။ စာရေးသူလည်း ဒကာကြီး သက်သာသလိုသာ နေပါဟုပြောရင်း သူ့ကျန်းမာရေး အခြေအနေကို မေးမြန်းကာ တရားစကား အနည်းငယ် ဟောကြားပေးဖြစ်ခဲ့၏။ အသက်အရွယ် ရလာသော်လည်း တရားအလုပ် အားထုတ်မှုတွင် အားနည်းလှသည့် ဒကာကြီးသည် ရောဂါဝေဒနာ ရလာမှုအပေါ်တွင် အလွန်ခံစားနေရသည့် သဘောရှိ၏။ ထို့အတူ အကြောက်တရားလည်း ဖြစ်ပေါ်နေဟန် ရှိ၏။ နာပြီးရင် သေရမည်ဟူသည့် နိယာမကို လက်ခံလာသဖြင့်လည်း ပို၍ကြောက်လာဟန် ရှိပေ၏။ ပုထုဇဉ်များ၏ သဘောသဘာဝအရ ဒုက္ခတရား အားကြီးလာသည့်အခါ အားကိုးရာ ဘာသာတရားကို ရှာလေ့ရှိသည့်အတိုင်း ဒကာကြီးလည်း ဘာသာတရား၏ အားကိုးရာကို ရှာလာဟန် ရှိပေ၏။ ထို့ကြောင့်လည်း စာရေးသူနှင့် တွေ့ဆုံသည့်အခါ ဒကာကြီးက “အရှင်ဘုရား အိုမင်းမစွမ်း ဖြစ်လာပြီး နာကျင်မှုတွေ ပြည့်နှက်လာတဲ့ တပည့်တော်တို့လို သူတွေအတွက် ဘုရားပေးတဲ့ တရားဆေးလေးများရှိရင် ဟောကြားပေးပါလားဘုရား”လို့ တောင်းဆိုလာလေ၏။ ဒကာကြီး၏ တောင်းဆိုချက်အရ စာရေးသူလည်း ဘုရားစကား အငှါးသုံးကာ “ဒကာကြီးရေ အိုပြီးနာလာကြတဲ့ သူတွေအတွက် ဘုရားရှင်က ကိုယ်နာသော်လည်း စိတ်မနာအောင် နေနိုင်ခြင်းဟာ အကောင်းဆုံး နေထိုင်နည်းပဲ ဖြစ်တယ်လို့ မိန့်တော်မူပါတယ်”စသည့် စကားဖြင့် အစချီကာ တရားစကား ဟောကြား ပေးဖြစ်ခဲ့၏။

မှန်၏။ ဘုရားရှင် ကိုယ်တော်တိုင်ပင် “ကိုယ်နာသော်လည်း စိတ်မနာစေနှင့်”ဟူသော အထက်ပါ စကားတော်ကို မိန့်တော်မူခဲ့ဖူး၏။ ဗုဒ္ဓဘုရား လက်ထက်တော်အခါက နကုလပိတာ အမည်ရသည့် သူကြွယ်တစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူကြွယ်သည် မြတ်စွာဘုရား၊ ဘဂ္ဂတိုင်း၊ သုသုမာရဂိရမြို့၊ ဘေသကဠတောတွင် သီတင်းသုံးနေတော်မူသည့် သတင်းကို ကြားသိပြီးနောက် ဘုရားရှင်ထံ သွားရောက်ဖူးမျှော်ကာ တရားစကား လျှောက်ထားလေ၏။ သူကြွယ်က “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် အိုမင်းမစွမ်းဖြစ်ကာ အရွယ်သုံးပါးတွင် နောက်ဆုံးအရွယ်သို့ ရောက်ရှိလာပါပြီ၊ ခန္ဓာကိုယ်သည်လည်း မပြတ်နာကျင်လျက် ဘုရားတရားသံဃာတော်များကိုလည်း အမြဲတစေ မဖူးမြင်နိုင်တော့ပါဘုရား၊ သို့ဖြစ်ပါ၍ မြတ်စွာဘုရားသည် တပည့်တော်အား တရားစကား မိန့်ကြားတော်မူပါဘုရား…” ဟု မြတ်ဗုဒ္ဓအား လျှောက်ထားလေ၏။

ထိုအခါ ဘုရားရှင်က “သူကြွယ် သင်၏စကားသည် အမှန်ပင်ဖြစ်ပေ၏၊ ဤခန္ဓာကိုယ်သည် အမြဲနာကျင်နေသည့် သဘောရှိ၏၊ ဤခန္ဓာကိုယ်ကို ရွတ်ဆောင်ထားသူမှန်သမျှ တစ်စုံတစ်ဦးမျှ တဒင်္ဂအားဖြင့်သော်လည်း အနာကင်းခြင်းဟူသည် မရှိနိုင်ကြပေ၊ သူကြွယ် ထို့ကြောင့် သင့်ကိုသင် ငါသည်နာကျင်သော ကိုယ်ရှိသူဖြစ်ပါလျက် ငါ၏စိတ်သည် နာကျင်မှုကင်းသူ ဖြစ်လတ္တံ့ဟုသာ ကျင့်အပ်၏” ဟု နကုလပိတာအား မိန့်ကြားတော်မူလိုက်၏။

ဘုရားရှင်၏ အထက်ပါ “ကိုယ်နာသော်လည်း စိတ်မနာအောင်ကျင့်”ဟူသော စကားတော်ကို ကြားနာပြီးနောက် အလွန်ကျေနပ်နှစ်သက်စွာဖြင့် နကုလပိတာသည် ဘုရားရှင်အထံတော်မှ ထွက်ခွါသွားပြီး အရှင်သာရိပုတ္တရာ မထေရ်ထံ အဖူးအမျှော် ရောက်ခဲ့ပြန်လေ၏။ အရှင်သာရိပုတ္တရာ မထေရ်ထံ ရောက်သည့်အခါ စိတ်နှလုံး ကြည်လင်နေသည့် နကုလပိတာ သူကြွယ်ကိုကြည့်ကာ အရှင်သာရိပုတ္တရာ မထေရ်မှ “သူကြွယ် သင့်ကို ကြည့်ရသည်မှာ စိတ်နှလုံး ကြည်လင်နှစ်သက်နေသည့် သဘောရှိ၏ အဘယ်အကြောင်းကြောင့်နည်းဟု” မေးတော်မူလေ၏။ သူကြွယ်က “အရှင်ဘုရား တပည့်တော် ဘုရားရှင်အထံတော်မှ “ကိုယ်နာသော်လည်း စိတ်မနာအောင်ကျင့်”ဟူသော တရားစကားတော်ကို နာကြားခဲ့ရသောကြောင့် အလွန်ကျေနပ် နှစ်သက်မှုကို ဖြစ်ရပါသည်ဘုရား” ဟု လျှောက်ထားလေ၏။ ဆက်လက်၍ အရှင်သာရိပုတ္တရာ မထေရ်မှ နကုလပိတာအား “သူကြွယ် သို့ဆိုလျှင် သင်သည်မြတ်စွာဘုရားရှင်အား အဘယ်မျှဖြင့် နာကျင်သော ကိုယ်ရှိသူဖြစ်၍ အဘယ်မျှဖြင့် နာကျင်သော စိတ်ရှိသူဖြစ်သနည်း၊ အဘယ်မျှဖြင့် နာကျင့်သော ကိုယ်ရှိသူသာဖြစ်၍ နာကျင်သော စိတ်မရှိသူ ဖြစ်ပါသနည်းဟူသော မေးခွန်းများကို ထပ်မံမေးလျှောက်ခဲ့သလော”ဟု မေးတော်မူလိုက်၏။ ထိုအခါမှ သူကြွယ်မှာ “အရှင်ဘုရား တပည့်တော် ထိုမေးခွန်းကို မမေးလျှောက်မိပါဘုရား…၊ အရှင်ဘုရား အနေဖြင့်သာ တပည့်တော်အား လိုအပ်သည့်အချက်များကို ဖြည့်စွက်ဟောကြား ချီးမြှင့်တော်မူပါဘုရား”ဟု ပြန်လည်လျှောက်ထားရင်း အရှင်သာရိပုတ္တရာ၏ တရားစကားကို ဆက်လက်နားကြားတော်မူလေ၏။

အရှင်သာရိပုတ္တရာ မထေရ်မှ “သူကြွယ် အဘယ်သို့လျှင် နာကျင်သော ကိုယ်ရှိသူဖြစ်၍ နာကျင်သော စိတ်ရှိသူလည်း ဖြစ်သနည်းဆိုသော် ဤသာသနာတော်၌ အရိယအဆင့်သို့ မရောက်သေးသော ပုထုဇဉ်တို့သည် ရုပ်ကို အတ္တဟူ၍ ရှု၏၊ ရုပ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍သော်လည်းကောင်း၊ ရုပ်၌အတ္တဟူ၍သော်လည်းကောင်း ရှု၏၊ ငါသည်ရုပ်ဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟူ၍ ထကြလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်၏၊ ရုပ်သည်ငါဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟု ထင်မှတ်နေ၏၊ ထိုသူ၏ ရုပ်သည်ဖောက်ပြန်၏၊ တစ်မျိုးတဖုံဖြစ်၏၊ ထိုသူအား ရုပ်ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ထို့အတူ ဝေဒနာ (ခံစားခြင်း)၊ သညာ (မှတ်သားခြင်း)၊ သင်္ခါရ (ပြုပြင်စီရင်ခြင်း)၊ ဝိညာဏ (အထူးမှတ်သိခြင်း)ကို အတ္တဟူ၍ ရှု၏၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူ၍သော်လည်းကောင်း၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်၌ အတ္တဟူ၍သော်လည်းကောင်း ရှု၏၊ ငါသည် ဝေဒနာ၊ ငါသည်သညာ၊ ငါသည် သင်္ခါရ၊ ငါသည်ဝိညာဏ်ဖြစ်၏၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်သည် ငါ၏ဥစ္စာဖြစ်၏ဟူ၍ ထကြွလွှမ်းမိုးသော အခြင်းအရာဖြင့်တည်၏၊ ထိုအရာတို့သည် ငါ၏ဥစ္စာဖြစ်၏ဟု ထင်မှတ်နေ၏၊ ထိုသူ၏ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့သည် ဖောက်ပြန်၍ တစ်မျိုးတဖုံဖြစ်၏၊ ထိုသူအား ထိုတရားတို့၏ ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ သူကြွယ် ဤသို့လျှင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့၌ ငါ၊ ငါ၏ဥစ္စာဟု ရှုမြင်နေသူများသည် နာကျင်သော ကိုယ်ရှိသူဖြစ်၍ နာကျင်သော စိတ်ရှိသူလည်း ဖြစ်၏”ဟု ဖြေကြားပေးတော်မူ၏။

ဆက်လက်၍ အရှင်သာရိပုတ္တရာ မထေရ်မှ “သူကြွယ် အဘယ်သို့လျှင် နာကျင်သော ကိုယ်ရှိသူသာဖြစ်၍ နာကျင်သော စိတ်ရှိသူ မဖြစ်သနည်းဆိုသော် ဤသာသနာတော်၌ အရိယာတပည့်သည် ရုပ်ကိုအတ္တဟူ၍ မရှု၊ ရုပ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍သော်လည်းကောင်း၊ ရုပ်၌အတ္တဟူ၍သော်လည်းကောင်း မရှု၊ ငါသည်ရုပ်ဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟူ၍ ထကြလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်၊ ရုပ်သည်ငါဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟု မထင်မှတ်၊ ထိုသူ၏ ရုပ်သည်ဖောက်ပြန်ခြင်း၊ တစ်မျိုးတဖုံဖြစ်ခြင်း ရှိနေသော်လည်း ထိုသူအား ရုပ်ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် မဖြစ်ကုန်။ ထို့အတူ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏကို အတ္တဟူ၍ မရှု၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် ဟူ၍သော်လည်းကောင်း၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်၌ အတ္တဟူ၍သော်လည်းကောင်း မရှု၊ ငါသည် ဝေဒနာ၊ ငါသည်သညာ၊ ငါသည် သင်္ခါရ၊ ငါသည်ဝိညာဏ်ဖြစ်၏၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်သည် ငါ၏ဥစ္စာဖြစ်၏ဟူ၍ ထကြွလွှမ်းမိုးသော အခြင်းအရာဖြင့် မတည်၊ ထိုအရာတို့သည် ငါ၏ဥစ္စာဖြစ်၏ဟု မထင်မှတ်၊ ထိုသူ၏ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့သည် ဖောက်ပြန်၍ တစ်မျိုးတဖုံဖြစ်သော်လည်း ထိုသူအား ထိုတရားတို့၏ ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် မဖြစ်ကုန်။ သူကြွယ် ဤသို့လျှင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့၌ ငါ၊ ငါ၏ဥစ္စာဟု မရှုမြင်သူများသည် နာကျင်သော ကိုယ်ရှိသူဖြစ်သော်လည်း နာကျင်သော စိတ်ရှိသူကား မဖြစ်” ဟု ဖြေကြားပေးတော်မူ၏။

နကုလပိတာသူကြွယ်သည် အရှင်သာရိပုတ္တရာ အထံတော်မှ ထိုတရားစကားတော်ကို နာကြားပြီးသည့် အခါတွင်လည်း အလွန်ကျေနပ် နှစ်သက်မှုဖြင့် ဝမ်းမြောက်ပီတိ ဖြစ်ခဲ့လေ၏ (သံယုတ်ပါဠိတော်၊ ခန္ဓဝဂ္ဂသံယုတ်၊ နကုလပီတုသုတ်)။ ဤကား နကုလပိတာသူကြွယ်ကို မိန်ကြားတော်မူခဲ့သည် “ကိုယ်နာသော်လည်း စိတ်မနာအောင်ကျင့်”ဟူသော ဘုရားရှင်၏ စကားတော်ကို အခြေခံသည့် နကုလပိတာနှင့်စပ်သည့် တရားစကားတော်ပင် ဖြစ်ပါ၏။

ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာတို့၏ တရားစကားတော်အရ နာကျင်မှုသည် ကိုယ်၏နာကျင်ခြင်း၊ စိတ်၏နာကျင်ခြင်းဟူ၍ နှစ်မျိုးနှစ်စား ရှိသော်လည်း စိတ်မနာအောင် ကျင့်သုံးနေထိုင်မှုသည် အကောင်းဆုံး အကျင့်ပင်ဖြစ်ကြောင်း သဘောပေါက် နားလည်နိုင်မည်ဖြစ်၏။ အမြဲမပြတ် ဖောက်ပြန်တတ်သည့် သဘောရှိသည့် ရုပ်တရား၏ ဖောက်ပြန်မှုအပေါ်တွင် ငါ၊ ငါ၏ခန္ဓာ၊ ငါ၏ရုပ်တရား စသည့် ငါစွဲများကြောင့် ဖောက်ပြန်ခြင်းသဘော အမှန်ကို မသိရှိဘဲ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့၏ စွဲရာနောက်သို့ လိုက်ပြီးရင်း လိုက်နေမိကြသဖြင့် ပုထုဇဉ်များမှာ ကိုယ်လည်းနာကျင်၊ စိတ်လည်းနာကျင် ဖြစ်နေကြခြင်း ဖြစ်၏။ အကယ်၍ ရုပ်၊ ဝေဒနာ စသည့်အရာများတွင် ငါ၊ ငါ၏ဥစ္စာစသည့် ငါစွဲအတ္တများ မရှိဘဲ ထိုအရာတို့၏ ဖောက်ပြန်ပျက်စီးမှု သဘောသဘာဝကို အရှိအတိုင်း သိရှိမည်ဆိုပါက ဖောက်ပြန်ခြင်းသဘောအရ ဖြစ်တတ်သည့် ကိုယ်၏နာကျင်ခြင်းများ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စိတ်၏နာကျင်ခြင်းကား ရှိလာမည်မဟုတ်ပေ။ ကိုယ်၏နာကျင်ခြင်းကား ဘဝသံသရာကျင်လည်နေပြီး ခန္ဓာရှိနေသမျှ တွေ့ကြုံနေရမည်ဖြစ်သဖြင့် အရေးကြီးသည်မှာ စိတ်မနာစေဖို့သာ ဖြစ်ပါ၏။ ထို့ကြောင့် စိတ်မနာစေရန် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူသော ခန္ဓာများတွင် ငါစွဲအတ္တများဖြင့် မလွှမ်းမိုး မတွယ်တာမိအောင် ကြိုးစာကျင့်ကြံ နေထိုင်ကြရမည်သာ ဖြစ်ပါ၏။ ထိုသို့နေထိုင်နိုင်ပါက ဘုရားစကားတော်အတိုင်း ကိုယ်နာသော်လည်း စိတ်နာမည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

ဤ၌ အဓိကပြောလိုသည်မှာ ကိုယ်နာသော်လည်း စိတ်မနာအောင် ကျင့်သုံးနေထိုင်မှုအကြောင်း ပြောလိုရင်း ဖြစ်ပါ၏။ ကိုယ်နာပြီး ဆေးရုံပေါ်တွင် နာကျင်မှုကို ခံနေရသည့် ရဟန်းဒကာကြီးအား စိတ်မနာအောင် ကျင့်သုံးနေထိုင်ဖို့ သတိပေးစကားအဖြစ် ပြောကြားပေးဖြစ်ခဲ့သည့် ဘုရားစကားတော်ကို ပြန်လည်ပူဇော်ရင်း စာဖတ်သူများအားလည်း စိတ်မနာအောင် ကျင့်သုံးနိုင်ကြဖို့ တဆင့်ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါ၏။ တဖက်တွင်လည်း အသက်အရွယ် ရလာသည်နှင့်အမျှ ရုပ်တရား၏ သိသိသာသာ ဖောက်ပြန်မှုကို ခံစားလာရသည့် စာရေးသူ မိမိကိုယ်ကို မိမိ သတိပြုမိစေရန် အချက်ပြ သတိပေးခြင်းလည်း ဖြစ်ပါ၏။

ထို့ကြောင့် ခန္ဓာရှိသူမှန်သမျှ ဖောက်ပြန်မှုများ ရှိနေကြမည်ဖြစ်ပြီး ဖောက်ပြန်နေသမျှ နာကျင်မှုများလည်း ရှိနေကြမည် ဖြစ်ရာတွင် ထိုနာကျင်မှုသည် စိတ်၏နာကျင်မှုအထိ မဖြစ်ကြစေရန် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူသည့် ခန္ဓာတရားများအပေါ်တွင် အမှန်အတိုင်း သိမြင်နိုင်အောင် ကြိုးစားရင်း ကိုယ်နာသော်လည်း စိတ်မနာကြစေရန် စိတ်နာကျင်မှုကို ဖြစ်စေတတ်သည့် ရုပ်၊ ဝေဒနာ စသည့်ခန္ဓာများအပေါ်တွင် ငါစွဲစင်အောင် သတိပညာတရားများ လက်ကိုင်ထားလျက် တရားအလုပ်သာ ကြိုးစားအားထုတ်ကြပါဟု အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါသည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ