ဝဋ်မှာအမြဲ ငရဲမှာ အပ…

ဗုဒ္ဓဘာသာ မြန်မာအများ ပြောဆိုသုံးနှုန်းလေ့ရှိကြသည့် မကောင်းမှု အကုသိုလ်နှင့် စပ်လျဉ်းသည့် သတိပေး ပြောဆိုမှု စကားများတွင် “၀ဋ်လိုက်တတ်တယ်၊ ၀ဋ်လိုက်လိမ့်မယ်၊ ငရဲကြီးမယ်…”စသည်ဖြင့် ပြောဆိုကြသည့် စကားများ ရှိ၏။ မကောင်းသည့် လုပ်ရပ်တစ်ခုခုကြောင့် ပြန်ခံရတတ်သည့် တန်ပြန်သက်ရောက်မှုတွင် ၀ဋ်အဖြစ် ပြန်ခံရသည့် အကုသိုလ်အကျိုးနှင့် ၀ဋ်ကျွေးမပါဘဲ အကုသိုလ် အပြစ်သက်သက်ကိုသာ ပြန်ခံရသည့် အကုသိုလ်အကျိုး ဟူ၍ရှိတတ်ရာ အချို့အကုသိုလ်ကံများသည် အကုသိုလ်အကျိုးကို ခံပြီးဖြစ်သော်လည်း နောက်ဆုံးအရိယာ ဘ၀အထိ ၀ဋ်ကြွေးးအနေဖြင့် ပေးဆပ်ရသည့် အကုသိုလ်များအဖြစ် ရှိတတ်ပြီး အချို့အကုသိုလ်ကံ များသည်ကား အကုသိုလ်အကျိုးကို ခံပြီးသည်နှင့် ပြီးပြတ်သွားနိုင်သည့်အပြင် ကုသိုလ်ကံအစွမ်းဖြင့် ယင်းအကုသိုလ်ကံ အကျိုးပေးခွင့်မရအောင်ပင် ပြုလုပ်နိုင်သည့် ကံများအဖြစ် ရှိတတ်၏။ ထို့ကြောင့်ပင် အပြစ်ခံပြီးသော်လည်း အကြွေးကျန်နေတတ်သည့် သဘောရှိသည့် ကံနှင့် အကြွေးမကျန် အပြစ်ခံကာ ကောင်းသည့်ကံဖြင့် အပပြုနိုင်သည့် သဘောရှိသည့်ကံများကို ရည်ရွယ်၍ “၀ဋ်မှာအမြဲ ငရဲမှာ အပ”ဟု ပြောစမှတ် ပြုကြခြင်းဖြစ်၏။

အကုသိုလ်အလုပ်တစ်ခုခုသည် အကုသိုလ်အကျိုးကို ပေးတတ်သည် မှန်သော်လည်း ပြုလုပ်တတ်သူ၏ စေတနာ၊ ရည်ရွယ်ချက်သို့လိုက်ကာ အကျိုးအပြစ် အကြီးအသေး ကွာခြားတတ်၏။ စေတနာရည်ရွယ်ချက် အားကောင်းပြီး ကြိုတင်ကြံစည်မှုများဖြင့် မဖြစ်ဖြစ်အောင် ပြုလုပ်တတ်သည့် အကုသိုလ်ကံများသည် အပြစ်ခံပြီးသော်လည်း အကြွေးကျန်ကာ ၀ဋ်ကြွေးအဖြစ် ခံရတတ်၏။ စေတနာပါသော်လည်း ရည်ရွယ်ချက်မရှိ ရုတ်တရက် မဖြစ်မနေ လုပ်လိုက်ရသည့် အကုသိုလ်ကံမျိုးသည်ကား စေတနာပါသဖြင့် အကျိုးသက်ရောက်မှု ရှိနိုင်သော်လည်း အကျိုးပေး အားနည်းကာ အားကောင်းသည့် ကုသိုလ်ကံတစ်ခုခုဖြင့် လွှမ်းမိုးနိုင်လျှင် ထိုမကောင်းမှု၏ အကျိုးပေးမှုကို အပပြုထားနိုင်၏။ ထို့ကြောင့် မကောင်းမှု အကုသိုလ်မှန်သမျှ မပြုလုပ်ဘဲ ရှောင်ရှားရန် လိုအပ်သော်လည်း မဖြစ်မနေလုပ်လိုက်ရသည့် အခါမျိုးတွင်ကား ၀ဋ်ကြွေးတင်သည့် အကုသိုလ်အပြစ်များ မဖြစ်ကြရန် အထူးသတိပြုသင့်ကြောင်း ဆိုခြင်းဖြစ်၏။

စင်စစ် ၀ဋ်ကြွေးခံရသည် ဖြစ်စေ၊ ငရဲခံရသည် ဖြစ်စေ နှစ်ခုလုံးသည် အကုသိုလ်ကံ၏ အကျိုးပေးမှုများပင် ဖြစ်၏။ မိမိလုပ်ခဲ့သည့် အကုသိုလ်အလုပ်သည် စေတနာရည်ရွယ်ချက် အပြည့်ဖြင့် တမင်သက်သက် ကြိုတင်ကြံစည်ကာ ပြုလုပ်သည့် အကုသိုလ်ကံဖြစ်ပါက အကုသိုလ် အပြစ်ခံပြီးသော်လည်း နောက်ဆုံးအရိယာ ဘ၀အထိ ထိုအကုသိုလ်ကံ၏ အကျိုးပေးသက်ရောက်မှု ရှိနေသေးကာ အကြွေးအဖြစ် ပေးဆပ်ရတတ်၏။ တစ်ခါတစ်ရံ မကောင်းသည့် အကုသိုလ်အလုပ်ကို လုပ်ဖြစ်သွားသော်လည်း တမင်ကြိုတင်ကြံစည်ပြီး လုပ်သည့်အလုပ်မျိုး မဟုတ်ဘဲ မဖြစ်မနေလုပ်လိုက်ရသည့် အခါမျိုးလည်း ရှိတတ်၏။ ထိုသို့သော အကုသိုလ် အလုပ်မျိုးသည်ကား ကောင်းမှုကုသိုလ်တစ်ခုခုဖြင့် ချေဖျက်နိုင်လျှင် မကောင်းမှုအကုသိုလ် အကျိုးပေးခွင့်မသာဘဲ အဟောသိကံ ဖြစ်သွားတတ်သည့်အပြင် အပြစ်ခံရလျှင်လည်း ထိုအပြစ်ဒဏ်ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် ပြေပျောက်သွားကာ နောက်ကံတစ်ခု၏ အကျိုးပေးကို ရရှိစေသည့် သဘောရှိ၏။

မှန်၏။ ၀ဋ်ကြွေးသည်ကား အလွန်ကြောက်ဖွယ် ကောင်းလှ၏။ ၀ဋ်ကြွေးတင်သည့် အကုသိုလ် အလုပ်ဖြစ်ခဲ့လျှင်ကား လောကအထွဋ် ဖြစ်တော်မူသည့် အနန္တ တန်ခိုးရှင် ဘုရားပင်လည်း ၀ဋ်ကြွေးမှန်က ပေးဆပ်ခဲ့ရ၏။ ဗုဒ္ဓစာပေများတွင် ဖော်ပြထားသည့် ၀ိပါက်တော် (၁၂)ပါးသည် မြတ်ဗုဒ္ဓ ပါရမီဖြည့်စဉ် အလောင်းတော်ဘ၀က လုပ်ခဲ့သည့် အကုသိုလ်ကံများ၏ အကြွေးများပင် ဖြစ်၏။ အကုသိုလ်အပြစ်များကို ခံပြီးသော်လည်း နောက်ဆုံးဘ၀အထိ ၀ဋ်ကြွေးတော်ကို ပေးခံသွားခဲ့ရ၏။ ဗုဒ္ဓ၏ ၀ဋ်ကြွေးတော် (၁၂)ပါးတွင် “ဝေဘာရတောင်စောင်းမှ ကျောက်မောင်းဆင်ကာ ဒေ၀ဒတ်က လုပ်ကြံသဖြင့် ခြေတော်ကို ကျောက်လွှာထိသည့် ဒဏ်ကို ခံခဲ့ရသည့် ၀ဋ်ကြွေးတော်သည် အတိတ်ဘ၀ ပါရမီဖြည့်စဉ်က သူကြွယ်အမျိုး၌ ဖြစ်ခဲ့ပြီး ထိုစဉ်က ညီကိုလှည့်စားခေါ်သွားကာ ကျောက်ဖြင့်ဖိညှပ်၍ ကြိတ်ချေထုသတ်ခဲ့သည့် အကုသိုလ် အလုပ်ကြောင့် ဖြစ်ကြောင်း၊ ယခုဘ၀ ရှင်တော်ဗုဒ္ဓအဖြစ်မှာ ခါးကိုက်တတ်သည့် ဝေဒနာကို မကြာမကြာ ခံစားရသည့် ၀ဋ်ကြွေးတော်သည် အတိတ်ဘ၀ လက်ဝှေ့သမား ဖြစ်စဉ်က ပြိုင်ဘက်ကို အနိုင်ရသည့်အခါတိုင်း ခါးရိုးကို ရိုက်ချိုးကာ မြေပေါ်ချသတ်ပြခဲ့သည့် အကုသိုလ် အလုပ်ကြောင့် ဖြစ်ကြောင်း၊ ဘုရားဘ၀ နောက်ဆုံးအချိန်တွင် ၀မ်းတော်လားပြီး အားအင်ချို့ကာ ပရိနိဗ္ဗာန်စံတော်မူခဲ့ ရသည့် ၀ဋ်ကြွေးတော်သည်လည်း အတိတ်ဘ၀ တစ်ခုတွင် ဆေးစရာဖြစ်စဉ်က ဆေးဖိုမပေးဘဲ ရှောင်လွဲနေတတ်သည့် လူနာတစ်ဦးအား ၀မ်းလျှောဆေးတိုက်ကာ လုပ်ကြံခဲ့သည့် အကုသိုလ် အလုပ်ကြောင့် ဖြစ်ကြောင်း” စသည်ဖြင့် ဗုဒ္ဓကိုယ်တော်တိုင် ပြန်လည်ဟောကြားတော် မူခဲ့သည် ဖြစ်စဉ်များကို ကြည့်လျှင် ၀ဋ်မှာအမြဲ ဖြစ်ခဲ့သည် သာဓကများအဖြစ် အထင်အရှား ရှိနေသည်သာ ဖြစ်ပါ၏။

ထို့အတူ တန်ခိုးတော်အရာတွင် ဧတဒဂ် ရတော်မူသည့် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးသည်လည်း ခိုးသားငါးရာ၏ ရိုက်နှက်မှုဒဏ်ဖြင့် ပရိနိဗ္ဗာန် ၀င်စံတော်မူခဲ့ရ၏။ ထိုအကြွေးသည် အတိတ်ဘ၀ တစ်ခုက မျက်မမြင် မိခင်အိုကြီးအား တောအုပ်တစ်နေရာ ခေါ်ဆောင်သွားကာ သူခိုးဓားပြများ၏ ရိုက်ပုတ်လုယက်စေမှုကို ဖြစ်စေခဲ့သည့် အကုသိုလ်လုပ်ရပ်၏ ၀ဋ်ကြွေးကြောင့်ပင် ဖြစ်၏။ ထိုအကုသိုလ်ကြောင့်ပင် ဘ၀ပေါင်းများစွာ အပြစ်ခံကာ နောက်ဆုံးဘ၀အထိ ကျန်အကြွေးကို ပြန်ဆပ်ခဲ့ရ၏။ ရည်ရွယ်ချက် ကြီးကြီးဖြင့် ကြိုတင်ကြံစည်ကာ စေတနာအပြည့်ထည့်ပြီ့း ပြုလုပ်ခဲ့သည့် မကောင်းသည့် လုပ်ရပ်တစ်ခုသည် သာမာန်အကုသိုလ်အကျိုး အဖြစ် မဟုတ်တော့ဘဲ အရိယာဘ၀အထိ လိုက်လာတတ်သည့် ၀ဋ်ကြွေးတစ်ခုအဖြစ် ခံရတတ်သည်ကို မြတ်ဗုဒ္ဓနှင့် အရိယာ သာဝကကြီးများက ထင်ရှားပြနေပေ၏။

မည်သို့ပင်ဆိုစေ အကုသိုလ်အလုပ်၏ တန်ပြန်သက်ရောက်မှုသည် “ငရဲ” သို့မဟုတ် မိမိလုပ်ခဲ့သည့် လုပ်ရပ်နှင့် ထပ်တူပြန်ခံရသည့် “၀ဋ်ကြွေး”အဖြစ် ရှိနေသည်မှာ အသေအချာပင် ဖြစ်ပါ၏။ မကောင်းသည့် အလုပ်တစ်ခုသည် ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ပြုလုပ်သူ၏ စေတနာ ရည်ရွယ်ချက်သို့ လိုက်ကာသာ အကျိုးအပြစ် ကြီးမှုမကြီးမှုကို ဖြစ်စေ၏။ တစ်ခါတစ်ရံ လုပ်လိုက်သည့် မကောင်းမှုအလုပ်သည် အသေးအဖွဲလေးပင် ဖြစ်သော်လည်း လုပ်သည့်ပုဂ္ဂိုလ်၏ စေတနာမှာ ပြင်းထန်ကြီးမားနေသဖြင့် အကျိုးရလာဘ်သည်လည်း ကြီးမားသွားတတ်သည်များ ရှိတတ်၏။ အသေးအဖွဲလေးဟု အထင်သေးကာ ပြုလုပ်တတ်သည့် အကုသိုလ်သည် အကျိုးပေးသည့်အခါ အလွန်ဆိုးဝါးစွာ အကျိုးပေးတတ်သည်ကို သတိပြုသင့်၏။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓက “အနည်းငယ်သော မကောင်းမှုသည် ငါ့အား အကျိုးသက်ရောက်လိမ့်မည် မဟုတ်ဟု မကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များသော် ရေအိုးသည် ပြည့်လာဘိသကဲ့သို့ သူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို ပြုဖူးဖန်များလာသော် မကောင်းမှုဖြင့် ပြည့်၏။” ဟု ဟောတော်မူခြင်း ဖြစ်၏။

မှန်၏။ ယနေ့ခေတ်သည် ဆုတ်ကပ်ကာလ ဖြစ်၍လားမသိ။ ဘုရားအစရှိသည့် သူတော်ကောင်းများက မည်မျှပင် မကောင်းမှု အကုသိုလ်၏ အကျိုးအပြစ်များကို ဟောပြောပါသော်လည်း မကောင်းမှု၏ ဒဏ်ခတ်မှုကို မခံရသေးသမျှ ပုထုဇင်များသည် မကောင်းမှု အကုသိုလ်ကို မကြောက်ကြဘဲ ဖြစ်နေပေ၏။ ၎င်းတို့သည် မကောင်းမှုများ အကျိုးပေးမှုကို စုပြုံပြီး ခံလာရပြီ ဆိုမှသာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ နီးစပ်ရာ အားကိုးကို ရှာတတ်ကြသည့် သဘောရှိ၏။ အချို့လည်း မိမိ၏ လုပ်ရပ်ကို သတိမပြု မဆင်ခြင်ဘဲ မကောင်းသည့် ဒဏ်ခက်မှုများ ကြုံသည့်အခါမှသာ “ကံဆိုးလိုက်တာ၊ ၀ဋ်ကြီးလိုက်တာ”ဟု ဆိုကာ ကံနှင့်ဝဋ်ကို ပုံချတတ်ကြ၏။ စင်စစ် အချို့သော မကောင်းသည့် လုပ်ရပ်များ၏ တန်ပြန်သက်ရောက်မှုသည် နောင်ဘ၀များအထိ မစောင့်တော့ဘဲ ယခုဘ၀မှာပင် လက်တွေ့အကျိုး ပေးသည်များလည်း ရှိတတ်၏။ သူတစ်ပါးကို ဒဏ်ခတ်သည့် အကုသိုလ်ကံသည် ယခုဘ၀မှာပင် မိမိကိုယ်တိုင် ပြန်ခံရသည့် အခါများလည်း ရှိတတ်၏။ ထိုအခါ အချို့က “အဲဒါ ၀ဋ်လည်တာ”ဟု ဆိုတတ်ကြ၏။ အချို့ကလည်း “သူ့စရိတ်နဲ့ သူသွားတာပဲ”ဟု ဆိုတတ်ကြ၏။ မည်သို့ပင်ဆိုစေ ဤသည်မှာ မကောင်းသည့်လုပ်ရပ်၏ တန်ပြန်အကျိုးသက်ရောက်မှုပင် ဖြစ်၏။

စေတနာပါသည့် လုပ်ရပ်များသည် ကံမြောက်သည့် လုပ်ရပ်များဖြစ်သဖြင့် အလုပ်လုပ်သည့် အခါတိုင်း စိတ်စေတနာကို အထူးသတိပြု လုပ်သင့်လှ၏။ အထူးသဖြင့် မကောင်းသည့် အကုသိုလ် အလုပ်များသည် မလုပ်ဘဲ နေနိုင်လျှင် အကောင်းဆုံး ဖြစ်သော်လည်း မဖြစ်မနေ လုပ်မိကြသည့်အခါ စေတနာ ရည်ရွယ်ချက် အားကောင်းသည့် လုပ်ရပ်များ မဖြစ်ရန် ဆင်ခြင်သင့်လှ၏။ ရုတ်တရက် လုပ်ဖြစ်ခဲ့သည့် မကောင်းမှု လုပ်ရပ်များတွင် စေတနာ ရည်ရွယ်ချက် အားနည်းတတ်သဖြင့် အကျိုးပေးလည်း အားနည်းတတ်သော်လည်း ကြိုတင်ပြင်ဆင်ပြီး စေတနာရည်ရွယ်ချက် အပြည့်ဖြင့် ပြုလုပ်ကြသည့် အကုသိုလ် လုပ်ရပ်များသည်ကား စေတနာ ရည်ရွယ်ချက် အားကြီးသဖြင့် အကျိုးပေးလည်း အားကြီးတတ်သည်ကို သတိပြုသင့်၏။ အသေအချာတွေးကြည့်လျှင် စေတနာရည်ရွယ်ချက်ဖြင့် ကြိုတင်ပြင်ဆင် ကျူးလွန်တတ်သည့် အပြစ်များသည် ဓမ္မဥပဒေအားဖြင့် မဆိုထားနှင့် လောကဥပဒေအားဖြင့်လည်း ကြိုတင်ပြင်ဆင်မှု ပါသဖြင့် ပို၍အပြစ်ကြီးသည်ကို သတိပြုမိကြမည် ဖြစ်၏။ ထို့ကြောင့် မည်သည့်အကြောင်းဖြင့်ပင် ဖြစ်စေ မကောင်းမှု အကုသိုလ်ကို မလုပ်မိကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။

အချုပ်အားဖြင့် မကောင်းသည့် လုပ်ရပ်တစ်ခုသည် အပါယ်ငရဲအထိ ကျရောက်နိုင်သကဲ့သို့ အပါယ်ငရဲမှ လွတ်လာပြန်လျှင်လည်း ထပ်တူပြန်လည် ပေးဆပ်ရသည့် ၀ဋ်ကြွေးများ ရှိတတ်သဖြင့် ငရဲနှင့်ဝဋ်ကို ရှည်စေတတ်သည့် မည်သည့်မကောင်းမှုမျိုးကိုမျှ မလုပ်မိကြရန် လိုအပ်လှပေ၏။ အသေးအဖွဲလေးဟု အထင်သေးကာ စေတနာပါပါဖြင့် လုပ်မိတတ်သည့် မကောင်းသည့် လုပ်ရပ်တစ်ခုသည် အကျိုးပေးသည့်အခါ ဘ၀ပေါင်းများစွာ မကောင်းသည့် အပြစ်ဒဏ်ကို ပြန်ခံရပြီး ထိုအပြစ်များ ခံပြီးသော်လည်း နောက်ဆုံးအရိယာ ဘ၀အထိ ၀ဋ်ကြွေးအဖြစ် ပြန်လည်ပေးဆပ်ရ တတ်သည်ကို သတိပြု ဆင်ခြင်သင့်လှပေ၏။ ကြိုတင်ပြင်ဆင်မှုနှင့် စေတနာ ရည်ရွယ်ချက်အားကြီးလျှင် ၀ဋ်ကြွေးတစ်ခုအဖြစ် ပြန်လည်ပေးဆပ်ရမြဲ ဖြစ်သဖြင့် ၀ဋ်ကိုမြဲစေမည့် အကုသိုလ်အမှုများ မလုပ်မိကြရန် ကြိုးစားသင့်လှ၏။ “၀ဋ်မှာအမြဲ ငရဲမှာ အပ”ဟု ဆိုကြသည့် အကုသိုလ်လုပ်ရပ်၏ တန်ပြန်အကျိုး ပေးမှုသည့် ငရဲ သို့မဟုတ် ၀ဋ်ကြွေး အဖြစ် ပြန်ခံရတတ်သဖြင့် မည်သည့် အကုသိုလ်အလုပ်မျိုးကိုမျှ မလုပ်မိကြရန် လိုအပ်ပေ၏။ အကောင်းဆုံးကား ၀ဋ်ကင်းပြတ်ရာ အလုပ်ကို လုပ်နိုင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။ ၀ဋ်ကင်းရာအလုပ်ကား ကံများကို ဖြတ်ပေးသည့် ဉာဏ်နှင့်ယှဉ်သည့် ဘာဝနာ အလုပ်ပင် ဖြစ်ပါ၏။

ထို့ကြောင့် ငရဲနှင့်ဝဋ် ကင်းရာဖြစ်သည့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို အချိန်ရှိခိုက် သတိစိုက်၍ ရရှိထားသည့် ဘ၀အခိုက်တွင် မကောင်းမှုရှောင်ပြီး ကောင်းမှုဆောင်ကာ အားသွန်ခွန်စိုက် ကြိုးစားလိုက်ကြရန်သာ တိုက်တွန်းလိုက်ရပေတော့၏။ ငရဲနှင့်ဝဋ် တွဲ၍လွှတ်သည့် အပြစ်အကုသိုလ် ဤထိုထိုကို မပိုသတိ အလိုမရှိအောင် သတိဆောင်ပြီး မကောင်းမှုကို ရှောင်နိုင်ရန်သာ ကြိုးစားပါဟု အကြံပြုလိုက်ရပေတော့၏။ အားလုံး ငရဲနှင့်ဝဋ်ကင်းရာဖြစ်သည့် အလုပ်များဖြင့်သာ ဘ၀ပန်းတိုင် လှမ်းကိုင်နိုင်ကြပါစေ…

Read more »

အလှကိုယ်စီ…

“လူဆိုတာ အဖွဲ့အစည်းနဲ့ နေတဲ့သတ္တ၀ါ တစ်မျိုးပဲ”လို့ဆိုတဲ့ စကားလေးကို စာအုပ်တစ်အုပ်မှာ ဖတ်လိုက်ရတော့ ကိုယ်ကိုယ်တိုင် အဖွဲ့အစည်းနဲ့ နေနေရတဲ့ အဖြစ်ကို စဉ်းစားနေရင်း အဖွဲ့အစည်းနဲ့ နေတဲ့သူအချင်းချင်း အဆင်မပြေလို့ အဖွဲ့အစည်း အပြင်ရောက်နေသူတွေကိုပါ သတိရမိပါတယ်။ တကယ်တော့ အဖွဲ့အစည်းလို့ ဆိုကတည်းက တစ်ဦးတစ်ယောက်တည်းနဲ့ ရပ်တည်လို့ ရတာမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ အဖွဲ့အစည်းတစ်ခု အောင်မြင်ဖို့၊ အဖွဲ့အစည်းတစ်ခု မပျက်စီးဖို့ ဆိုတာဟာ အဲဒီအဖွဲ့အစည်းမှာ ရှိနေကြတဲ့သူတွေရဲ့ ညီညွတ်မှုအပေါ် မူတည်ပါတယ်။ အဖွဲ့အစည်းမှာ ပါဝင်တဲ့သူ တစ်ဦးစီရဲ့ နားလည်ပေးမှု၊ ခွင့်လွှတ်တတ်မှု၊ ကူညီစောင့်ရှောက်တတ်မှု စတာတွေအပေါ်မှာ အဓိကကျပါတယ်။ အဖွဲ့အစည်းဆိုတဲ့အတွက် တစ်ဦးတစ်ယောက်ကောင်းနဲ့ မဖြစ်သလို တစ်ဦးတစ်ယောက် အပေါ်မှာပဲ မှီခိုနေလို့ မဖြစ်ပါဘူး။ အားလုံးကိုယ့်တာဝန်၊ ကိုယ့်အသိ၊ ကိုယ့်လုပ်ဆောင်ချက်နဲ့ပဲ ပူပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကိုယ်မရှိရင် မဖြစ်သလို သူမရှိလို့လည်း မဖြစ်ပြန်ပါဘူး။ ကိုယ်လုပ်နိုင်တာ သူမလုပ်နိုင်ပေမယ့် သူလုပ်နိုင်တာ ကိုယ်မလုပ်နိုင်တာတွေလည်း ရှိကောင်းရှိနေမှာပါ။ သေချာတာကတော့ သူ့အားသာချက်နဲ့သူ အလှကိုယ်စီ ရှိနေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

“သံဃာအား ဘုရားမလွန်ဆန်သာ” ဆိုတဲ့ စကားလေးတစ်ခု ရှိပါတယ်။ ဘုရားရှင်ပင်ဖြစ်ပေမယ့် သံဃာ့ပရိတ်သတ်နဲ့ ယှဉ်လာရင် သံဃာအင်အားကို အလေးထားကာ သံဃာ့အလိုဆန္ဒနောက်ပဲ လိုက်လေ့ရှိတယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ တကယ်တော့ သံဃာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုက အစုအဖွဲ့လို့ အဓိပ္ပါယ်ရပါတယ်။ အစုအဖွဲ့ဖြစ်တဲ့အတွက် အစုအဖွဲ့ ညီညွှတ်ရင် ချမ်းသာကြောင်းလည်း ဗုဒ္ဓက မိန့်မှာတော်မူလေ့ရှိပါတယ်။ သမဂ္ဂါနံ တပေါ သုခေါ- ညီညွတ်တဲ့ အဖွဲ့အစည်းဟာ ချမ်းသာကြောင်း ဆုံးမတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ယောက်တည်းနဲ့ မစွမ်းသာ အများပါမှ ချမ်းသာရလို့ ဆိုသလို တစ်ယောက်ချင်း စုစည်းထားတဲ့ အစုအဖွဲ့ရဲ့ အားဟာ နဲနဲနဲနဲ ပေါင်းထားတဲ့ တစ်ဦးတစ်ယောက်ချင်းရဲ့ အားပါပဲ။ တစ်ဦးချင်းမှာ ရှိနေတဲ့ အရည်အချင်းဟာ သူတစ်ဦးတည်းဆို ဘာမှမဖြစ်လာပေမယ့် သူလိုတစ်ခုခု အားသာချက်ရှိတဲ့ သူတွေစုလိုက်တော့လည်း အားအင်တစ်ခု ဖြစ်သွားတော့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်းမှာ သူ့အားသာချက်နဲ့သူ အလှကိုယ်စီတော့ ရှိနေကြတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ စကားစပ်လို့ ဆရာကြီး ဦးတင်မိုး ရေးတဲ့ ကဗျာလေးတောင် သတိရမိပါသေးတယ်။ ဆရာကြီးက သူ့ကဗျာလေးကို “အလှကိုယ်စီ” လို့ အမည်ပေးပြီး

“ဖိုးလမင်းလည်း
သူ့အဆင်းနှင့် အလင်းနှင့်
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့် အစွယ်နှင့်
စပါယ်ဦးလည်း
သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်
ပိတောက်ဝါလည်း
သူ့အခါနှင့် ငုဝါနှင့်
မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့် လှိုင်းဂယှက်နှင့်
စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့် လောင်းရေနှင့်
မည်သည့်အရာ မဆိုသာသည့်
သူ့မှာကိုယ့်မှာ အလှသာတည့်
သဘာဝလျှင်
အစွမ်းကိုယ်စီ စွမ်းရည်ကိုယ်င
လက်ဆောင်ငှ၏
အလှဝန်တို မငြင်ငြိုနှင့်
အချိန်အခါ နေရာဒေသ
ဌာနအလျောက် အရေးရောက်သည်
စွမ်းလောက်နိုင်သူ ချည်းပါတကား…။ ။ (တင်မိုး)
လို့ ရေးသားစပ်ဆိုခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဆရာကြီး စပ်ဆိုခဲ့သလို အားလုံးဟာ ကိုယ်စီအလှ ကိုယ်စီအစွမ်းလေးတွေ ရှိနေကြတယ်ဆိုတာ သူ့နေရာနဲ့သူ အသုံးတည့်လာတဲ့အခါမှာ ပိုပြီးသိသာလှပါတယ်။ ဆရာကြီးရဲ့ ကဗျာလေးက လူတိုင်းစွမ်းအားကိုယ်စီ၊ အလှကိုယ်စီ ရှိနေကြတဲ့အတွက် ဘယ်သူ့ဘယ်သူကိုမှ အထင်မသေးကြဖို့နဲ့၊ ကိုယ့်ကိုယ်ကို အထင်ကြီးကာ သူတစ်ပါးကို မနှိမ့်ချမိစေဖို့ သတိပေးနေသလို ဖြစ်ပါတယ်။

ဒါပေမယ့် ဘုန်းဘုန်းတို့ မြန်မာ့အသိုင်းအ၀ိုင်း အဖွဲ့အစည်းတွေမှာတော့ ဆရာကြီး သတိပေးနေသလို မဟုတ်ကြဘဲ သူ့ကိုယ်နှိပ် ကိုယ့်သူနှိပ်တဲ့ အကျင့်လေးတွေက ရှိနေပြန်တော့ ပညာရှင်ကြီးများရဲ့ အဆုံးအမလေးတွေကိုတောင် တစ်ခါတစ်လေ အားနာမိသလို ဖြစ်မိပါသေးတယ်။ လူဟာ အဖွဲ့အစည်းနဲ့ နေတဲ့ သတ္တ၀ါလို့ ဆိုကြပေမယ့် အဖွဲ့အစည်း ဖြစ်လာရင် ကွဲကြပြဲကြ တိုက်ကြခိုက်ကြတဲ့ အစဉ်အလာတွေ ရှိနေတတ်တဲ့ မြန်မာ့လူ့အဖွဲ့အစည်း အတွက်တော့ မြန်မာဟာ အဖွဲ့အစည်းနဲ့ မနေတတ်တဲ့ သတ္တ၀ါလို့တောင် ပြောရမလို ဖြစ်နေပြန်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့အဖွဲ့အစည်းဟာ ဘုရားဟောတဲ့ “ညီညွတ်တဲ့ အဖွဲ့အစည်းဟာ ချမ်းသာတယ်”ဆိုတဲ့ သုခကို မခံစားရတာ ဖြစ်မှာပါ။

သိတဲ့အတိုင်းပဲ ဘုန်းဘုန်းတို့ မြန်မာများကတော့ အဖွဲ့အစည်း မလုပ်နဲ့ လုပ်လိုက်တာနဲ့ တိုက်မယ်ခိုက်မယ် ဆိုတာတွေပဲ ဆိုတော့ ဘယ်အဖွဲ့အစည်း ဖြစ်ဖြစ် ထူးထူးခြားခြား ကြီးကြီးမားမား ပေါက်ရောက် အောင်မြင်တယ်ဆိုတာ မရှိလောက်အောင်ပါပဲ။ ဘာသာရေး အဖွဲ့အစည်းရော၊ လူမှုရေး အဖွဲ့အစည်းတွေရော အကုန်ပြဿနာတွေနဲ့ သူအုပ်စုနဲ့သူ ဖြစ်ကုန်ကြပါတယ်။ အဆိုးဆုံးက ဘာသာရေး အဖွဲ့အစည်းတွေ ကွဲကြပြဲကြတာက အဆိုးဆုံးပါပဲ။ လုပ်တာက ဘာသာရေးအလုပ် လုပ်ရပ်နဲ့ စိတ်ဓာတ်တွေက မနာလိုမှု၊ ၀န်တိုမှု၊ အထင်သေးမှု၊ မာနကြီးမှုတွေနဲ့ ဆိုတော့ ဘယ်လိုညီညွတ်မှုမှ မရဘဲ နောက်ဆုံးတော့ ကွဲတာ၊ ပျက်တာ၊ ပျောက်တာနဲ့ပဲ အဆုံးသပ်သွားရပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာမှာ ကြည့်လိုက်ရင် မြန်မာဘုန်းကြီးကျောင်း၊ မြန်မာအဖွဲ့အစည်းဆိုရင် ထည်ထည်ဝါ၀ါ ခန့်ခန့်ငြားငြား မရှိကြပဲ ဟိုတစ်စု ဒီတစ်စု ဖြစ်ကုန်ကြတော့တာပါ။ ဒါဟာ တစ်ဦးချင်း တစ်ယောက်ချင်းမှာ ရှိကြတဲ့ အလှလေးတွေကို ဂရုမစိုက်မိဘဲ သူရှိမှဖြစ်မယ်၊ ငါရှိမှဖြစ်မယ်၊ သူမှမှန်တယ်၊ ငါမှမှန်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးမှုနဲ့ သူတစ်ပါးအပေါ် နှိမ့်ချမှုတွေကြောင့် ဖြစ်ပါတယ်။ ဒီလို ရှိနေသမျှတော့ မြန်မာ့အဖွဲ့အစည်းဟာ ညီညွတ်မှုနဲ့ ချမ်းသာမှုကို မရနိုင်ဘဲ ငြိမ်းချမ်းရေးနဲ့ ဝေးနေကြဦးမှာ ဖြစ်ပါတယ်။

တကယ်တော့ လူတိုင်းလူတိုင်းဟာ အလုံးစုံ ပြည့်စုံတဲ့ လူတွေမဟုတ်တဲ့အတွက် တစ်ဦးတစ်ယောက်တည်း ကတော့ ဘယ်ကိစ္စမှ ပြီးမြောက်အောင်မြင်မှာ မဟုတ်ပါဘူး။ အများပေါင်းစုပြီး သူ့နေရာ၊ သူ့ကျွမ်းကျင်ရာနဲ့ ပေါင်းစပ်လုပ်နိုင်မှ ကောင်းမြတ်တဲ့ အကျိုးရလာဘ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီလို သူ့အစွမ်းနဲ့ သူ့အားသာချက် ရှိနေတဲ့အတွက်လည်း လိုအပ်တဲ့နေရာမှာ လိုအပ်သလို လုပ်နိုင်ကြဖို့ အဖွဲ့အစည်းဆိုတာ ဖွဲ့လာကြတာ ဖြစ်ပါတယ်။ ဒီလို ဖွဲ့လာပြီးမှ ကိုယ်မရှိရင် မဖြစ်ဘူး၊ သူမရှိရင် မဖြစ်ဘူးဆိုတာမျိုး မဖြစ်ဖို့ လိုပါတယ်။ သေချာတာကတော့ သူမပါလို့ မဖြစ်သလို ကိုယ်မပါလို့လည်း မဖြစ်ပါဘူး။ သူ့ချည်းပဲ မပြီးသလို ကိုယ့်ချည်းပဲလည်း မပြီးပါဘူး။ သူရောကိုယ်ရော ပေါင်းစုမှ အားအင်းဆိုတာ ဖြစ်လာကြတာပါ။ ထီးဆောင်ဆရာတော်ကြီးရဲ့

“မင်းမပါ ဘာမပြီး
မင်းချည်သော်လည်း ဘာမှမပြီး
သူမပါ ဘာမပြီး
သူ့ချည်းသော်လည်း ဘာမှမပြီး
ငါမပါ ဘာမပြီး
ငါ့ချည်းသော်လည်း ဘာမှမပြီး
မင်း သူ ငါ ညီညာစုံမှ
လုံးစုံအကုန်ပြီး
ဖွဲ့ကြစုစည်း…။ ။
(ထီးဆောင်းဆရာတော် ဘဒ္ဒန္တစက္ကပါလ)”ဆိုတဲ့ အဆုံးအမလိုပဲ မင်း၊ သူ၊ ငါ အစုံပါမှ အားလုံးအောင်မြင်လာကြမှာ ဖြစ်ပါတယ်။ သေချာတာကတော့ အားလုံးဟာ အလှကိုယ်စီ ရှိနေကြတယ်ဆိုတာ အသေအချာပါပဲ။

ဒါကြောင့် အလှကိုယ်စီ ရှိနေကြတဲ့ အဖွဲ့အစည်းနဲ့ နေတဲ့သူအချင်းချင်း သူ့ကိုယ်နှိမ် ကိုယ့်သူနှိမ့်တဲ့ သဘောမျိုး၊ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူများကို အထင်သေးတဲ့ သဘောမျိုး မထားကြဘဲ အဖွဲ့အစည်းတစ်ခု ညီညွတ်မှုရကာ ချမ်းသာကြစေဖို့ သူ့အလှလည်း ကိုယ်အသိအမှတ်ပြု၊ ကိုယ့်အလှလည်း သူအသိအမှတ်ပြုရင်း သူ့အပေါ်ကိုယ်နားလည်၊ ကိုယ့်အပေါ်သူနားလည်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ချင်းစာတရား၊ နားလည်မှုတရား၊ အရိုအသေပြုမှုတရား၊ နှိမ့်ချမှုတရားလေးတွေနဲ့ တစ်ဦးအပေါ်တစ်ဦး ဆက်ဆံကြည့်ကြမယ်ဆိုရင်တော့ မြန်မာ့အဖွဲ့အစည်းမှ မဟုတ်ပါဘူး၊ တစ်ခြားဘယ်အဖွဲ့အစည်းမှာ မဆို အောင်မြင်မှုနဲ့ ငြိမ်းချမ်းမှုကို ရကြမှာ မလွဲဧကန်ပဲ ဖြစ်ပါတော့ကြောင်း…။ အားလုံး အလှကိုယ်စီနဲ့ အလှပိုနိုင်ကြပါစေ…

Read more »

ပိဋကတ်မိတ်ဆက်…

ဘုန်းဘုန်းတို့ကို မကြာမကြာ အမေးခံရတဲ့ မေးခွန်းတွေထဲမှာ ပိဋကတ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်း ပါပါတယ်။ မေးတတ်တဲ့ မေးခွန်းတွေမှာ တစ်ချို့က ပိဋကတ်သုံးပုံဟာ ဘုရားရှင် လက်ထက်ကတည်း ဘုရားရှင်ကိုယ်တော်တိုင် သတ်မှတ်ခဲ့တဲ့ သတ်မှတ်ချက်လား..၊ တစ်ချို့က ပိဋကတ်သုံးပုံဟာ ဘုရားရှင် ၄၅နှစ်လုံးလုံး ဟောကြားထားတဲ့ တရားတော်အကုန်ပဲလား…၊ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဟာ တူသလား၊ ထူးသလား… စတဲ့ အမေးတွေကတော့ အတော်များများ မသိလို့ မေးကြတာတွေ ဖြစ်ပါတယ်။ ဒီလို ခဏခဏ အမေးခံရတာတွေကြောင့် အခွင့်သင့်ရင် ပိဋကတ်အကြောင်းလေးတော့ ရေးဦးမှလို့ စိတ်ကူးရပြီး ဒီပိဋကတ် မိတ်ဆက်လေးကို ရေးဖြစ်ခဲ့တာပါ။

ဒီပိဋကတ်ဆိုတဲ့ အမည်ဟာ ၄၅၀ါပတ်လုံး ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ဘုရားစကား (ဗုဒ္ဓ၀စန)များကို ကိုယ်စားပြုကာ အသုံးပြုကြတဲ့ အမည်ဖြစ်ပါတယ်။ ဘုရားဟော တရားတော်များကို ရည်ညွန်ပြီး အသုံးပြုတဲ့ စကားလုံး ဖြစ်ပါတယ်။ ဗုဒ္ဓသက်တော် ထင်ရှားရှိစဉ်ကတော့ ဗုဒ္ဓဓမ္မ၊ ဗုဒ္ဓ၀စန စသဖြင့် ဘုရားဟော တရား၊ ဘုရားဟော စကားအဖြစ် အသုံးပြုကြမှာ ဖြစ်ပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီး သုံးလလောက် အထိတောင်မှ ပိဋကတ်ဆိုတဲ့ သတ်မှတ်ချက် မရှိသေးပါဘူး။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး (၃)လမြောက်မှာ ဘုရားရှင်ရဲ့ တရားတော်ကို တိုက်ရိုက်ကြားနာလိုက်ရတဲ့ အဘိညာဉ်နဲ့ ပညာအားကောင်းကြတဲ့ ရဟန္တာငါးရား စုပေါင်းပြီး ဘုရားရှင် တရားတော်များကို တစ်စုတစ်ဝေးတည်း၊ စုပေါင်းတည်းဖြတ်ကြ၊ သုဓ်သင်ကြ၊ ရွတ်ဆိုကြကာ သင်္ဂါယနာ တင်တုန်းကလည်း ပိဋကတ်ဆိုတဲ့ အမည်ကို အသုံးမပြုကြသေးပါဘူး။ ဒီတုန်းက ဆိုတာက ဓမ္မနဲ့ဝိနယကို သင်္ဂါယနာတင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ဒီစကားကပဲ ပိဋကတ်သုံးပုံကို ကိုယ်စားပြုနေပြန်ပါတယ်။ ၀ိနယက ၀ိနည်းပိဋကကို ရည်ညွန်းပြီး ဓမ္မကတော့ သုတ္တန်နဲ့ အဘိဓမ္မာ ပိဋကကို ရည်ညွန်းပါတယ်။

သင်္ဂါယနာတင်ပွဲ ပြီးတဲ့နောက်မှာတော့ ဘုရားရှင်ရဲ့ တရားတော်များ မပျောက်ပျက်ရလေအောင် ရဟန္တာမထေရ်ကြီးများက တာဝန်အသီးသီး ခွဲဝေပြီး နှုတ်တက်အာဂုံဆောင်ထားကြဖို့ ဆုံးဖြတ်ကြပါတယ်။ ဒီလို ခွဲဝေပြီး နှုတ်တက်အာဂုံ ဆောင်နိုင်အောင်လည်း တရားတော်များကို စနစ်တကျ အစုများဖွဲ့ကြပါတယ်။ ဘုရားဟောတရာများဟာ အလွန်များပြားတဲ့အတွက် အစုလေးတွေဖွဲ့တဲ့အခါမှာလည်း အများကြီး ဖြစ်ခဲ့ရပါတယ်။ အဲဒီဓမ္မအစုကိုပဲ ပါဠိလို ဓမ္မခန္ဓာလို့ ဆိုခြင်းဖြစ်ပြီး ၄၅နှစ်လုံး ဟောကြားခဲ့တဲ့ တရားတော်များဟာ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်အထိ ရှိခဲ့ပါတယ်။ ဓမ္မခန္ဓာဆိုတာ တရားအစု၊ အကြောင်းအရာ အစုအဝေးတစ်ခုကို ဆိုလိုပြီး ဓမ္မခန္ဓာတစ်ခုလို့ သတ်မှတ်မှုမှာ အစုအဝေးတစ်ခုလည်း ဖြစ်နိုင်သလို စာမျက်နှာပေါင်း များစွာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို ဓမ္မခန္ဓာလေးများကို တူရာစုပေါင်းပြီး တစ်စုတစ်ဝေးတယ် စုထားတာကိုပဲ ပိဋကဆိုတဲ့ အသုံးနဲ့ သုံးပါတယ်။ ပိဋကဆိုတာ ခြင်းတောင်းလို့ အဓိပ္ပါယ်ရပါတယ်။ ပစ္စည်းဝတ္ထုများကို မျိုးတုစုပြီး တောင်းထဲထည့်တဲ့ ပုံစံမျိုး တရားအစုတွေကိုလည်း ပိဋကဆိုတဲ့ တောင်းထဲကိုထည့်ပြီး အစုဖွဲ့လိုက်ကြပါတယ်။ ဒါကြောင့် တူရာပေါင်းထည့်ရင်း တစ်ချို့ဓမ္မခန္ဓာများက ၀ိနည်းထဲပါ၊ တစ်ချို့က သုတ္တန်ထဲပါ၊ တစ်ချို့က အဘိဓမ္မာထဲပါဝင်ကာ ယနေ့အခေါ်အတိုင်း ၀ိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မာပိဋကရယ်လို့ ပိဋကသုံးပုံ ဖြစ်လာခဲ့ပါတယ်။ အတိအကျ ပြောရရင် ၀ိနယပိဋကမှာ ဓမ္မခန္ဓာပေါင်း (၂၁၀၀၀)၊ သုတ္တန္တပိဋကမှာ ဓမ္မခန္ဓာပေါင်း (၂၁၀၀၀)နဲ့ အဘိဓမ္မာပိဋကမှာ ဓမ္မခန္ဓာပေါင်း (၄၂၀၀၀)ဆိုပြီး စုစုပေါင်း ဓမ္မခန္ဓာပေါင်း (၈၄၀၀၀) ဖြစ်လာခဲ့ပါတယ်။

အဲဒီပထမသင်္ဂါယနာ ပြီးနောက် စုပေါင်းလိုက်တဲ့ ဓမ္မအစုများကို ရဟန္တာများ အသီးသီး ခွဲခြားတာဝန်ယူကာ မပျောက်ပျက်အောင် နှုတ်တက်အာဂုံ ဆောင်လာခဲ့ကြပါတယ်။ အရှင်ဥပါလိနဲ့ တပည့်အစဉ်အဆက်က ၀ိနည်းပိဋကတ်ကို တာဝန်ယူ အာဂုံဆောင်ခဲ့ကြပြီး အရှင်အာနန္ဒာနဲ့ တပည့်အစဉ်အဆက်က သုတ္တန်နဲ့ အဘိဓမ္မာကို အာဂုံဆောင်ခဲ့ကာ အဆင့်အဆင့် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြတဲ့အတွက် ဒီနေ့အထိ မြတ်ဗုဒ္ဓရဲ့ တရားတော်များဟာ မပျောက်မပျက် တစ်သမှတ်တည်း ရှိနေခဲ့တာဖြစ်ပါတယ်။

ဒီနေ့ခေတ်ရောက်လာတော့ မြတ်ဗုဒ္ဓရဲ့ တရားတော်များကို ပိဋကတ်သုံးပုံဆိုတဲ့အမည်၊ နိကာယ်ငါးရပ်ဆိုတဲ့ အသုံး၊ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ အညွန်းတွေနဲ့ အမည်အမျိုးမျိုးပေးကာ အသုံးပြုဖြစ်လာပါတယ်။ ဘယ်လိုပဲ အခေါ်အဝေါ်တွေ ကွဲနေပေမယ့် အားလုံးဟာ ၄၅၀ါပတ်လုံး ဟောတော်မူခဲ့တဲ့ မြတ်စွာဘုရားရဲ့ ဗုဒ္ဓဓမ္မ၊ ဗုဒ္ဓ၀စနခေါ် ဘုရားတရား၊ ဘုရားစကားများပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်အသုံးပြုနေကြတဲ့ ဘုရားစကားခေါ် ပိဋကတ်သုံးပုံကို အများနားလည်အောင် အောက်ပါအတိုင်း အကျဉ်းမျှ မိတ်ဆက်ပေးလိုက်ရပါတယ်။

ဝိနယပိဋက
ဝိနည်းပိဋကတ်ဟာ မြတ်စွာဘုရားရှင်ရဲ့ တပည့်ရဟန်းသံဃာများ လိုက်နာကျင့်သုံးရန် ဟောကြားပညတ်ထားတဲ့ ပညတ်တော် အာဏာဒေသနာ ဖြစ်ပါတယ်။ ဒီနေ့အသုံးပြု ဖြစ်နေတဲ့ ၀ိနည်းပိဋကတ်မှာ ၀ိနည်းငါးကျမ်းနဲ့ ဖွဲ့စည်းထားပြီး ဒီငါးကျမ်းကိုပဲ ၀ိနယပိဋကဆိုတဲ့ အသုံးနဲ့ ညွန်းဆိုသုံးစွဲကြပါတယ်။ အဲဒီဝိနည်းငါးကျမ်းကတော့
(၁) ပါရာဇိက
(၂) ပါစိတ္တိယ
(၃) မဟာဝဂ္ဂ
(၄) စူဠ၀ဂ္ဂ
(၅) ပရိဝါတို့ပဲ ဖြစ်ပါတယ်။

သုတ္တန္တပိဋက
သုတ္တန် ပိဋကတ်ဟာ ဝေနေယျသတ္တ၀ါတွေရဲ့ စရိုက်ဝါသနာအလိုက် လူအများ နားလွယ်လွယ်တဲ့ ဝေါဟာရများကို အခြေခံကာ ဟောကြားထားတဲ့ တရားတော်များနဲ့ ဖွဲ့စည်းထားတဲ့ ဝေါဟာရ ဒေသနာ ဖြစ်ပါတယ်။ သုတ္တန်ဒေသနာများရဲ့ အစုအဖွဲ့လိုလည်း ပြောနိုင်ပါတယ်။ သုတ္တဆိုတာ ဖရိုဖရဲ့ မကွဲခြင်း တစ်စုတစ်စည်းတည်း ဖြစ်ခြင်းလို့ အဓိပ္ပါယ်ရတဲ့အတွက် သုတ္တန္တပိဋကဟာ ဘုရားရှင် ဝေါဟာရ ပညတ်အနေနဲ့ ဟောကြားထားတဲ့ သုတ်တော်များ တစ်စုတစ်စည်းတည်း ဖြစ်စေရန် ဖွဲ့စည်းထားတဲ့ ပိဋကလို့ ဆိုနိုင်ပါတယ်။ ဒီပိဋကတ်မှာပါတဲ့ သုတ္တန်တရားတော်များကိုပဲ နိကာယဆိုတဲ့ အမည်နဲ့ အစုငါးစုဖွဲ့ကာ တူရာတူရာ ပေါင်းပြီး နိကာယ်ငါးရပ်အဖြစ် ဖွဲ့စည်းထားပါတယ်။

သုတ္တန်ပိဋက၀င် အဲဒီနိကာယ်ငါးရပ်က
(၁) ဒီဃနိကာယ (ဒီဃနိကာယ်)= ရှည်လျားတဲ့ သုတ်များရဲ့ အစု
(၂) မစ္ဇျိမနိကာယ (မစ္ဇျိနိကာယ်) = မတိုမရှည် အလယ်အလတ်ဖြစ်တဲ့ သုတ်များရဲ့ အစု
(၃) သံယုတ္တနိကာယ (သံယုတ္တနိကာယ်) = ဟောကြားသည့် အကြောင်းအရာ၊ နာကြားသည့်ပုဂ္ဂိုလ် စသဖြင့် ဆက်စပ်မှတ်သားရသော သုတ်များကို ကဏ္ဍအလိုက် ခွဲခြားစုစည်းထားတဲ့ အစု
(၄) အင်္ဂုတ္တရနိကာယ (အင်္ဂုတ္တရနိကာယ်) = အကြောင်းအရာ တစ်ခုကို ဟောကြားထားသောသုတ်၊ အကြောင်းအရာ နှစ်ခုကို ဟောကြားထားသော သုတ်၊ အကြောင်းအရာ သုံးခုကို ဟောကြားထားသော သုတ်စသဖြင့် တစ်မှ တစ်ဆယ့်တစ်အထိ အင်္ဂါရပ်များ အစဉ်အတိုင်း တိုး၍ ဟောကြားထားသော သုတ်များရဲ့ အစု
(၅) ခုဒ္ဒကနိကာယ (ခုဒ္ဒကနိကာယ်) = အထက်နိကာယ် လေးမျိုးထဲတွင် မပါဝင်တဲ့ သေးငယ်တဲ့ သုတ်များရဲ့ အစု (ခုဒ္ဒက=အငယ်၊ အသေး) တို့ပဲ ဖြစ်ပါတယ်။

ဒါကြောင် သုတ္တန်ပိဋကခေါ် နိကာယ် ငါးရပ်တွင် ပါဝင်တဲ့ကျမ်းများမှာ အရေအတွက်အားဖြင့် ဒီဃနိကာယ် (၃) ကျမ်း၊ မဇ္ဈိမနိကာယ် (၃) ကျမ်း၊ သံယုတ္တနိကာယ် (၅) ကျမ်း၊ အင်္ဂုတ္တရနိကာယ် (၃) ကျမ်း၊ ခုဒ္ဒကနိကာယ် (၁၁) ကျမ်းအားဖြင့် စုစုပေါင်း (၃၇)ကျမ်း ဖြစ်ပါတယ်။ ဘုရားဟောဓမ္မတွေကို ပိဋကနဲ့ မပြောဘဲ နိကာယ်နဲ့ ပြောမယ်ဆိုရင် ၀ိနယပိဋကနဲ့ အဘိဓမ္မာပိဋကများကို ခုဒ္ဒနိကာယ်ထဲမှာ ထည့်သွင်းရေတွက် ရမှာဖြစ်ပါတယ်။

အဘိဓမ္မာပိဋက
အဘိဓမ္မာ ပိဋကတ်ဟာ သတ္တလောက သင်္ခါရလောက သြကာသလောကလို့ ဆိုတဲ့ လောကသုံးပါးနဲ့ နိဗ္ဗာန်အကြောင်းကို ပရမတ္ထတရားလေးပါးအဖြစ် ခွဲခြမ်းစိပ်ဖြာကာ သဘောတရား ဖြစ်စဉ်များအတိုင်း အကြောင်းအရာ မှန်ကန်ပြည့်စုံစွာ ဟောကြားထားတဲ့ ပရမတ္ထ ဒေသနာတော် ဖြစ်ပါတယ်။ အဘိဓမ္မာပိဋကကို ဟောကြားပုံနည်းအရ ကျမ်းအမည် (၇)မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒါကို အဘိဓမ္မာ (၇)ကျမ်းလို့ ဒီနေ့သုံးစွဲနေကြခြင်းဖြစ်ပါတယ်။ ဒီ (၇)ကျမ်းက
(၁) ဓမ္မသင်္ဂဏီ
(၂) ၀ိဘင်္ဂ (၀ိဘင်း)
(၃) ဓာတုကထာ
(၄) ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်)
(၅) ကထာဝတ္ထု
(၆) ယမက (ယမိုက်)
(၇) ပဋ္ဌာန (ပဋ္ဌာန်း) တို့ပဲ ဖြစ်ပါတယ်။

ဒီမှာ ဖော်ပြခဲ့တဲ့ ပိဋကတ်သုံးပုံဟာ ပထမသင်္ဂါယနာ တင်ကတည်းက သံဃာ့မထေရ်ကြီးများ အစဉ်အဆက် မပျောက်ပျက်ရအောင် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြတဲ့ မူရင်း ဗုဒ္ဓဓမ္မများ ဖြစ်ပါတယ်။ ဒီပိဋကတ်သုံးပုံဟာ ဘုရားရှင်နှင့်တကွ အရှင်မဟာကဿပ စတဲ့ မထေရ်ကြီးများရဲ့ အယူဝါဒများ ဖြစ်တဲ့အတွက်လည်း ထေရ၀ါဒ (ထေရ- ဘုရားအစရှိတဲ့ ရဟန္တာမထေရ်ကြီးများရဲ့၊ ၀ါဒ- အယူဝါဒ၊ ဟောပြောသင်ကြားချက်) ဓမ္မများလို့လည်း ဆိုပါတယ်။ ယနေ့ထေရ၀ါဒ ငါးနိုင်ငံဖြစ်တဲ့ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအိုနိုင်ငံများမှာရှိတဲ့ ပိဋကတ်များဟာ ပထမသင်္ဂါယနာမှာ ချမှတ်ခဲ့တဲ့အတိုင်း ဘုရားဟော တရားတော်များကို ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်းမရှိ အရှိအတိုင်း တစ်သွေမတိုင်း လက်ခံလိုက်နာ ကျင့်သုံးနေကြတဲ့ ထေရ၀ါဒ ပိဋကတ်တော်များ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ လူအများ ပြောဆိုနေကြတဲ့ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ အပြောအဆို အသုံးအနှုန်းများဟာ စကားလုံးအားဖြင့် အခေါ်အဝေါ် ကွဲနေကြပေမယ့် အချုပ်အားဖြင့် ၄၅၀ါပတ်လုံး မနေမနား ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓဓမ္မ (ဘုရားတရား)၊ ဗုဒ္ဓ၀စန (ဘုရားစကား)တော် အစစ်အမှန်များသာ ဖြစ်ပါကြောင်း၊ ရဟန္တာမထေရ်ကြီးများ ကိုယ်တော်တိုင်း အကြိမ်အကြိမ် တည်းဖြတ်သုတ်သင်ကာ အမှားအယွင်းမရှိ အပိုအလိုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတဲ့ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များသာ ဖြစ်ပါကြောင်း ဝေါဟာရများအပေါ်မှာ သို့လောသို့လော ဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဝင် အချို့အတွက် သံသယ ကင်းစေဖို့ ပိဋကတ်မိတ်ဆက်အဖြစ် ဒီပို့စ်လေးကို အသိပေးတင်ပြ လိုက်ရခြင်း ဖြစ်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ