ပယ်ဖြတ်ပုံ မတူကြသူများ…

ဗုဒ္ဓပိဋကတ် စာပေတွေဖတ်ရင်း မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာပါတဲ့ ပေါတလိယသုတ်ကို အကြိမ်အကြိမ် ပြန်ဖတ်မိဖြစ်ပါတယ်။ ဒီသုတ်မှာပါတဲ့ ပေါတလိယသူကြွယ်နဲ့ ဘုရားရှင်တို့ အပြင်အလှန် မေးဖြေထားတာလေးတွေက ဖတ်မိသူတိုင်းကို အဓိကနဲ့ သာမည ခွဲခြားပြသနေသလို ဖြစ်စေပါတယ်။ အမြင်ခြင်း မတူတဲ့ သူနှစ်ယောက်ရဲ့ ယူဆချက်တွေမှာ ဗုဒ္ဓရဲ့ တင်ပြချက်က လွတ်မြောက်မှုကို အသားပေးထားတာ တွေ့ရပါတယ်။ အထူးသဖြင့် ပေါတလိယ သူကြွယ်ရဲ့ လူမှုကိစ္စပယ်ဖြတ်ထားပုံနဲ့ ဘုရားရှင်ဆိုလိုတဲ့ ပယ်ဖြတ်ပုံချင်း မတူညီတာက ဖတ်တဲ့သူကို အမှန်ရွေးချယ်ခိုင်းနေသလို ဖြစ်နေပါတယ်။ သေချာတာကတော့ သဗ္ဗညုတဉာဏ်ရှင်ရဲ့ အမြင်နဲ့ ပုထုဇင်တစ်ယောက်ရဲ့ အမြင်မှာ ပယ်ဖြတ်ပုံကအစ မတူညီကြဘဲ ကွဲပြားနေတယ်ဆိုတာ သေချာပါတယ်။

မြတ်စွာဘုရားရှင် အင်္ဂတိုင်း အာပဏ္ဏနိဂုံးမှာ သီတင်းသုံးနေစဉ်က ဖြစ်ပါတယ်။ တစ်နေ့ ဘုရားရှင် ဆွမ်းခံရာမှအပြန် တောအုပ်တစ်ခုအနီးမှာ ကိုယ်လက်သန့်စင်ပြီး အနားယူ နေတဲ့အချိန် ပေါတလိယဆိုတဲ့ သူကြွယ်တစ်ယောက် ဘုရားထံပါး ရောက်လာခဲ့ပါတယ်။ အနီးရောက်နေပေမယ့် မထိုင်ဘဲ တစ်နေရာမှာ ရပ်နေတဲ့ပေါတလိယကို ဘုရားရှင်ကပဲစပြီး “သူကြွယ်…ဒီမှာ နေရာအလွတ်ရှိတယ်၊ လာထိုင်ပါ…”လို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ပေါတလိယသူကြွယ်ဟာ လာမထိုင်တဲ့အပြင် ဘုရားရှင်သုံးလိုက်တဲ့ “သူကြွယ်”ဆိုတဲ့ အသုံးအနှုန်းအပေါ်မှာ မကျေမနပ် ဖြစ်သွားပါတယ်။ ဘာမှမပြောပေမယ့် ရင်ထဲမှာတော့ ခံပြင်းခဲ့ပါတယ်။ ဘုရားရှင်ကလည်း သူ့အခြေအနေကို သိသိနဲ့ပဲ နောက်ထပ် နှစ်ခါသုံးခါ ထပ်ခေါ်လိုက်ပါတယ်။ ဒီတော့ ပေါတလိယသူကြွယ်ဟာ သည်းမခံနိုင်တော့ဘဲ “အရှင်ဂေါတမ… ကျွန်ုပ်ကို သူကြွယ်ဆိုတဲ့ အခေါ်ဝေါ်နဲ့ ခေါ်ဆိုဖို့ မသင့်ပါဘူး..”လို့ ပြောလိုက်ပါတယ်။

“သူကြွယ်… သင့်ရဲ့အမူအရာ အသွင်အပြင်က သူကြွယ်ပုံပေါက်နေလို့ သူကြွယ်လို့ ခေါ်တာပါ…”လို့ ဘုရားရှင်က မိန့်တဲ့အခါ “အရှင်ဂေါတမ ကျွန်ုပ်ဟာ လူမှုကိစ္စအားလုံးကို ပယ်ထားပြီးပါပြီ၊ လူ့အသုံးအနှုန်းအားလုံးကိုလည်း ဖြတ်ထားပြီးပါပြီ၊ ဒါကြောင့် ကျွန်ုပ်ကို သူကြွယ်ဆိုတဲ့ အသုံးနဲ့ ခေါ်လို့မသင့်ပါ…”လို့ ပေါတလိယက ဆိုပါတယ်။ “ဘယ်လိုဘယ်နည်းနဲ့ လူမှုကိစ္စတွေကိုပယ်ပြီး လူ့အသုံးအနှုန်းအားလုံးကို ဖြတ်တောက်လဲ…”လို့ ဘုရားရှင်က ထပ်မေးတော့ “အရှင်ဂေါတမ… ကျွန်ုပ်မှာရှိတဲ့ ပိုင်ဆိုင်သမျှ စည်းစိမ်မှန်သမျှကို သားသမီးတွေကို အမွေးပေးပြီး အဲဒါတွေနဲ့ ပတ်သက်လို့ ဘာမှဝင်ရောက် စွပ်ဖက်မှုမရှိဘဲ စားလောက် ၀တ်လောက်ရုံလောက်နဲ့ပဲ ကျွန်ုပ်နေပါတယ်၊ ဒီနည်းဟာ ကျွန်ုပ်ရဲ့ လူမှုကိစ္စတွေကိုပယ်ပြီး လူ့အသုံးအနှုန်းတွေကို ဖြတ်တောက်တဲ့နည်း ဖြစ်ပါတယ်…”လို့ သူကြွယ်က ပြန်လျှောက်ပါတယ်။

“ဒါဆိုရင်တော့ သင့်ရဲ့လူ့အသုံးအနှုန်း ဖြတ်ပုံက တစ်မျိုးဖြစ်နေတယ်၊ ငါဘုရား အဆုံးအမရဲ့ လူ့အသုံးအနှုန်းဖြတ်ပုံကတော့ သင်နဲ့မတူဘူး”လို့ ဆိုကာ ဘုရားရှင်က ဖြတ်သင့်တဲ့ လူ့အသုံးအနှုန်း ဆိုတာတွေကို ဆက်လက်မိန့်ကြား တော်မူပါတယ်။ ဘုရားရှင်က ပယ်ရမယ့်အချက် (၈)ချက်ကို မိန့်တော်မူပါတယ်။
(၁) အသက်မသတ်ခြင်းကိုမှီ၍ အသက်သတ်ခြင်းကို ပယ်ရမည်
(၂) ပေးသောဥစ္စာ ယူခြင်းကိုမှီ၍ မပေးသောဥစ္စာ ယူခြင်းကို ပယ်ရမည်
(၃) မှန်သောစကားကိုမှီ၍ မမှန်သောစကားကို ပယ်ရမည်
(၄) ကုန်းမတိုက်သော စကားကိုမှီ၍ ကုန်းတိုက်သော စကားကို ပယ်ရမည်
(၅) မတပ်မက် မလိုချင်မှုကိုမှီ၍ တပ်မက်လိုချင်မှုကို ပယ်ရမည်
(၆) မကဲ့ရဲ့ မချုပ်ချယ်ခြင်းကိုမှီ၍ ကဲ့ရဲ့ချုပ်ချယ်ခြင်းကို ပယ်ရမည်
(၇) အမျက်မထွက်ခြင်း မပင်ပန်းခြင်းကိုမှီ၍ အမျက်ထွက်ခြင်း ပင်ပန်းခြင်းကို ပယ်ရမည်
(၈) လွန်စွာမာန်မမူခြင်းကိုမှီ၍ လွန်စွာမာန်မူခြင်းကို ပယ်ရမည်။

ဒီ (၈)ချက်က ဘုရားရှင် မိန့်တော်မူတဲ့ လူ့အသုံးအနှုန်း ပယ်ဖြတ်ခြင်းများ ဖြစ်ပါတယ်။ ပေါတလိယ သူကြွယ်ဟာ သူနဲ့မတူတဲ့ မြတ်စွာဘုရားရှင်ရဲ့ ပယ်ဖြတ်နည်းအပေါ် စိတ်ဝင်စားသွားပြီး အကျယ်ထပ်မိန့်ဖို့ လျှောက်ထားလိုက်ပါတယ်။ ဒီတော့မှ ဘုရားရှင်က

“သူကြွယ်… အသက်မသတ်ခြင်းကိုမှီ၍ အသက်သတ်ခြင်းကို ပယ်ရမယ်ဆိုတာက တစ်စုံတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဒီလို နှလုံးသွင်းဆင်ခြင်ရပါမယ်။ ငါဟာ အနှောင်အဖွဲ့ သံယောဇဉ်ကြောင့် အသက်ကို သတ်လေ့ရှိနေမိပေမယ့် ဒီအနှောင်အဖွဲ့ သံယောဇဉ်ကို အကြွင်းမဲ့ ပယ်ဖြတ်ဖို့လည်း ကျင့်ကြံနေတယ်၊ တကယ်လို့ ငါဟာ အသက်သတ်လေ့ရှိသူ ဖြစ်နေမယ်ဆိုရင် ဒီအသက်သတ်ခြင်းကပဲ ငါ့ကိုငါ ပြန်စွပ်စွဲမိပြီး ပညာရှိတွေရဲ့ ကဲ့ရဲ့မှုကိုလည်း ခံရမယ်၊ အသက်သတ်ခြင်းကြောင့် သေပြီးနောက်မှာလည်း မကောင်းတဲ့ ဘုံဘ၀မှာ ပြန်ဖြစ်ရမယ်၊ ဒီအသက်သတ်ခြင်းကပဲ အနှောင်အဖွဲ့ သံယောဇဉ်ဖြစ်နေပြီး လွတ်မြောက်မှုအတွက် ပိတ်ပင်တားဆီးထားတဲ့ နီဝရဏတရား ဖြစ်နေမယ်၊ အသက်သတ်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အာသဝေါတရား၊ ပင်ပန်းခြင်း ပူပန်ခြင်းတရားတွေဟာ အသက်မသတ်ခြင်းမှ ရှောင်ကြဉ်တဲ့သူ အတွက် မဖြစ်ပေါ်နိုင် စသဖြင့် ဆင်ခြင်ကာ အသက်မသတ်ပဲ နေခြင်းနဲ့ပဲ အသက်သတ်ခြင်းကို ပယ်ရမယ်လို့ ဆိုကြောင်း၊

သူကြွယ်… ပေးသောဥစ္စာကိုမှီ၍ မပေးသော ဥစ္စာယူခြင်းကို ပယ်ရမယ်ဆိုတာက တစ်စုံတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဒီလို နှလုံးသွင်းဆင်ခြင်ရပါမယ်။ ငါဟာ အနှောင်အဖွဲ့ သံယောဇဉ်ကြောင့် မပေးသော ဥစ္စာကို ခိုးယူလေ့ရှိနေမိပေမယ့် ဒီအနှောင်အဖွဲ့ သံယောဇဉ်ကို အကြွင်းမဲ့ ပယ်ဖြတ်ဖို့လည်း ကျင့်ကြံနေတယ်၊ တကယ်လို့ ငါဟာ မပေးတဲ့ ဥစ္စာကို ခိုးယူလေ့ရှိသူ ဖြစ်နေမယ်ဆိုရင် ဒီခိုးယူခြင်းကပဲ ငါ့ကိုငါ ပြန်စွပ်စွဲမိပြီး ပညာရှိတွေရဲ့ ကဲ့ရဲ့မှုကိုလည်း ခံရမယ်၊ ခိုးယူခြင်းကြောင့် သေပြီးနောက်မှာလည်း မကောင်းတဲ့ ဘုံဘ၀မှာ ပြန်ဖြစ်ရမယ်၊ ဒီခိုးယူခြင်းကပဲ အနှောင်အဖွဲ့ သံယောဇဉ်ဖြစ်နေပြီး လွတ်မြောက်မှုအတွက် ပိတ်ပင်တားဆီးထားတဲ့ နီဝရဏတရား ဖြစ်နေမယ် ခိုးယူခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အာသဝေါတရား၊ ပင်ပန်းခြင်း ပူပန်ခြင်းတရားတွေဟာ ခိုးယူခြင်းမှ ရှောင်ကြဉ်တဲ့သူအတွက် မဖြစ်ပေါ်နိုင် စသဖြင့် ဆင်ခြင်ကာ ပေးသောဥစ္စာကိုယူခြင်းနဲ့ပဲ မပေးသောဥစ္စာ ယူခြင်းကို ပယ်ရမယ်လို့ ဆိုကြောင်း၊

ဒီအတိုင်းပဲ ကိုယ့်ကိုယ်ကို မမှန်တဲ့ စကားကို ဆိုခြင်းရဲ့ ဆိုးကျိုးတွေနဲ့ မှန်တဲ့စကားကို ဆိုခြင်းရဲ့ ကောင်းကျိုးကို ဆင်ခြင်ပြီး မှန်ကန်သောစကားကို ဆိုခြင်းနဲ့ မမှန်ကန်သော စကားကို ပယ်ရမှာ ဖြစ်ကြောင်း၊ ကုန်းတိုက်တဲ့ စကားကို ဆိုခြင်းရဲ့ အပြစ်တွေနဲ့ မဆိုခြင်းရဲ့ အကျိုးတွေကို ဆင်ခြင်ပြီး ကုန်းတိုက်တဲ့ စကားကို မဆိုခြင်းနဲ့ပဲ ကုန်းတိုက်တဲ့စကား ဆိုခြင်းကို ပယ်ရမှာ ဖြစ်ကြောင်း၊ တပ်မက်လိုချင်မှုရဲ့ ဆိုးကျိုးနဲ့ မတပ်မက် မလိုချင်မှုရဲ့ ကောင်းကျိုးကို ဆင်ခြင်ပြီး မတပ်မက် မလိုချင်မှုနဲ့ပဲ လိုချင်တပ်မက်မှုကို ပယ်ရမှာ ဖြစ်ကြောင်း၊ ကဲ့ရဲ့ချုပ်ချယ်ခြင်းရဲ့ အပြစ်တွေနဲ့ မကဲ့ရဲ့ မချုပ်ချယ်ခြင်းရဲ့ အကျိုးတွေကို ဆင်ခြင်ပြီး မကဲ့ရဲ့ မချုပ်ချယ်ခြင်းနဲ့ပဲ ကဲ့ရဲ့ချုပ်ချယ်ခြင်းကို ပယ်ရမှာ ဖြစ်ကြောင်း၊ အမျက်ထွက်ခြင်း ပင်ပန်းခြင်းရဲ့ အပြစ်တွေနဲ့ အမျက်မထွက်ခြင်း မပင်ပန်းခြင်းရဲ့ အကျိုးတွေကို ဆင်ခြင်ပြီး အမျက်မထွက်ခြင်း မပင်ပန်းခြင်းနဲ့ပဲ အမျက်ထွက်ခြင်း ပင်ပန်းခြင်းကို ပယ်ရမှာ ဖြစ်ကြောင်း၊

နောက်ဆုံးအနေနဲ့ သူကြွယ် … လွန်စွာမာန်မမူခြင်းကိုမှီ၍ လွန်စွာမာန်မူခြင်းကို ပယ်ရမယ်ဆိုတာက တစ်စုံတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဒီလို နှလုံးသွင်းဆင်ခြင်ရပါမယ်။ ငါဟာ အနှောင်အဖွဲ့ သံယောဇဉ်ကြောင့် အလွန်မာန်မာန ကြီးလေ့ရှိနေမိပေမယ့် ဒီအနှောင်အဖွဲ့ သံယောဇဉ်ကို အကြွင်းမဲ့ ပယ်ဖြတ်ဖို့လည်း ကျင့်ကြံနေတယ်၊ တကယ်လို့ ငါဟာ အလွန်မာန်မာန ကြီူးလေ့ရှိသူ ဖြစ်နေမယ်ဆိုရင် ဒီမာန်မူခြင်းကပဲ ငါ့ကိုငါ ပြန်စွပ်စွဲမိပြီး ပညာရှိတွေရဲ့ ကဲ့ရဲ့မှုကိုလည်း ခံရမယ်၊ မာန်မူခြင်းကြောင့် သေပြီးနောက်မှာလည်း မကောင်းတဲ့ ဘုံဘ၀မှာ ပြန်ဖြစ်ရမယ်၊ ဒီမာန်မူခြင်းကပဲ အနှောင်အဖွဲ့ သံယောဇဉ်ဖြစ်နေပြီး လွတ်မြောက်မှုအတွက် ပိတ်ပင်တားဆီးထားတဲ့ နီဝရဏတရား ဖြစ်နေမယ် မာန်မူခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အာသဝေါတရား၊ ပင်ပန်းခြင်း ပူပန်ခြင်းတရားတွေဟာ မာန်မူခြင်းမှ ရှောင်ကြဉ်တဲ့ သူအတွက် မဖြစ်ပေါ်နိုင် စသဖြင့် ဆင်ခြင်ကာ လွန်စွာမာန်မမူခြင်းနဲ့ပဲ လွန်စွာမာန်မူခြင်းကို ပယ်ရမယ်လို့ ဆိုကြောင်း..” မိန့်တော်မူလိုက်ပါတယ်။

ပြီးတော့ ဗုဒ္ဓက “သူကြွယ် ဒီတရားရှစ်ပါးကို ပယ်တာတောင်မှ အကြွင်းမဲ့ ပယ်သတ်တာ မဟုတ်သေးပါဘူး၊ တကယ်အကြွင်းမဲ့ ပတ်သတ်နိုင်ဖို့ကတော့ ကာမဂုဏ်ငါးပါးကို အမှန်အတိုင်း ပညာနဲ့မြင်အောင် ကြိုးစားပြီး ဒီကာမဂုဏ်တရားတွေကို စွဲလန်းတတ်စေတဲ့ ဆန္ဒရာဂကို အကြွင်းမဲ့ချုပ်စေတဲ့ ဥပေက္ခာတရားကို ပွားများနိုင်မှပဲ အပြီးပယ်ဖြတ်နိုင်မှာ ဖြစ်ပါတယ်..၊ ဒီးနည်းကပဲ အသုံးအနှုန်းမှန်သမျှ လုံးဝပြတ်စေ နိုင်ပါတယ်..”လို့ မိန့်တော်မူလိုက်ပါတယ်။ ဒီတော့မှ ပေါတလိယ သူကြွယ်ဟာ သူ့ရဲ့ပယ်ဖြတ်နည်းကို စွန့်ပြီး ဗုဒ္ဓနည်းနဲ့အတူ သရဏဂုံတည်ကာ ဥပါသကာအဖြစ် ခံယူသွားခဲ့ပါတော့တယ်။

ဒီသုတ်တော်မှာလာတဲ့ မတူညီတဲ့ ပယ်ဖြတ်မှုတွေထဲက သူကြွယ်ရဲ့ ပယ်ဖြတ်မှုဟာ စစ်မှန်တဲ့ ပယ်ဖြတ်မှု မဟုတ်ဘဲ လွတ်မြောက်မှုကို မဖြစ်စေနိုင်တဲ့အတွက် သူကြွယ်ကိုယ်တိုင်ပဲ ဘုရားရှင်ရဲ့ ပယ်ဖြတ်မှုကို အရယူသွားတာဟာ အတုယူလိုက်နာစရာ ဖြစ်စေခဲ့ပါတယ်။ ဘုရားရှင်ဆိုလိုတာက လောကီစည်းစိမ်ဥစ္စာတွေကို ပယ်ထားတာထက် အသက်သတ်ခြင်းရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး အသက်သတ်တာကိုပယ်တာ၊ သူများဥစ္စာကို ခိုးခြင်းရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး သူများပစ္စည်းဥစ္စာ ခိုးယူတာကိုပယ်တာ၊ မုသားစကားရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး မမှန်တဲ့စကား ပြောဆိုတာကိုပယ်တာ၊ တပ်မက်လိုချင်မှုရဲ့ ဆိုးကျိုးတွေကို ဆင်ခြင်ပြီး တပ်မက်လိုချင်မှုကိုပယ်တာ၊ ကဲ့ရဲ့ချုပ်ချယ်မှုရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး ကဲ့ရဲ့ချုပ်ချယ်မှုကို ပယ်တာ၊ အမျက်ထွက်ခြင်း ပင်ပန်းခြင်းရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး အမျက်ထွက်ခြင်း ပင်ပန်းခြင်းကိုပယ်တာ၊ မာနရဲ့ ဆိုးကျိုးတွေကို ဆင်ခြင်ပြီး မာနထောင်လွှားတာကို ပယ်တာတွေကပဲ အစစ်အမှန် ပယ်ခြင်းများဖြစ်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် မတူညီတဲ့ ပယ်ဖြတ်မှုတွေနဲ့ ပယ်ဖြတ်ကြရာမှာ တစ်ခြားလောကီရေးရာတွေကို ပယ်ဖြတ်ကြတာထက် ဗုဒ္ဓမိန့်တော်မူတဲ့ ပယ်ဖြတ်ရမယ့် အရာရှစ်မျိုးကို ပယ်ဖြတ်တာကသာ လွတ်မြောက်မှုအတွက် လမ်းမှန်ဖြစ်တဲ့အတွက် အမှန်လမ်းကို လျှောက်လှမ်းလိုသူများ အနေဖြင့် ဗုဒ္ဓအလိုကျ ပယ်ဖြတ်နည်းများဖြစ်တဲ့ သူများအသတ်သက်ခြင်းမှ ရှောင်ကြဉ်နိုင်အောင်၊ သူများဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်နိုင်အောင်၊ မုသားစကား ပြောဆိုခြင်းမှ ရှောင်နိုင်အောင်၊ သူများအကျိုး ပျက်စီးနိုင်တဲ့ ကုန်းတိုက်စကား ပြောဆိုခြင်းမှ ရှောင်နိုင်အောင်၊ မတရားလိုချင် တပ်မက်မှုမှ ရှောင်ကြဉ်နိုင်အောင်၊ သူတစ်ပါးကို ကဲ့ရဲ့ချုပ်ချယ်ခြင်းမှ ရှောင်ကြဉ်နိုင်အောင်၊ အမျက်ထွက်ခြင်း ပင်ပန်းခြင်းမှ ရှောင်နိုင်အောင်၊ လွန်စွာမာန်မာန ကြီးရင့်ခြင်းမှ ရှောင်နိုင်အောင်ပဲ ကြိုးစားလျှောက်လှမ်းကြရမှာ ဖြစ်ပါတော့ကြောင်း ပေါတလိယသုတ်ကို ကိုးကား၍ ရိုးသားစွာ တင်ပြလိုက်ရပါတယ်။

Read more »

ကံကောင်းလိုသော်…

“ဘုန်းဘုန်းဘုရား… အခုတလော တပည့်တော်ကံတွေ အရမ်းနိမ့်ပြီး အဆိုးတွေနဲ့ပဲ ကြုံနေရပါတယ်ဘုရား…၊ အဲဒါ ဘုန်းဘုန်း တပည့်တော်ကို ကံကောင်းလာအောင် မေတ္တာပို့ ဆုတောင်းပေးပါဦးဘုရား…” ဆိုတဲ့ အားကိုးသံတွေနဲ့ တောင်းပန်လျှောက်ထားကြတဲ့ ဒကာဒကာမများကို မကြာမကြာ ကြုံဖူးပါတယ်။ အဲဒီလိုအခါတိုင်းလည်း ဘုန်းဘုန်းက “ကောင်းပါပြီ မေတ္တာပို့တာ၊ ဆုတောင်းပေးတာတော့ ပုံမှန်လုပ်ပေးနေတာထက် အထူးပိုပြီး မေတ္တာပို့ပေးပါမယ်၊ ကံတွေကောင်းလာအောင်တော့ ဘုန်းဘုန်းလုပ်ပေးတာထက် ကိုယ့်ဖာသာကိုယ် လုပ်ရမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်စစ်ပြီး ကိုယ့်ကံကို ကိုယ်မြှင့်နိုင်အောင်ပဲ ကြိုးစားကြည့်ပါ…”လို့ အကြံပေး တိုက်တွန်းဖြစ်ပါတယ်။ ကံကောင်းချင်ရင် ကံပြောင်းပြင်မှ ရမှာဖြစ်တဲ့အတွက် မကောင်းတာကို ကောင်းတာတွေနဲ့ ပြောင်းကာပြင်ကြဖို့ သတိပေးဖြစ်ပါတယ်။ ကံကောင်းလိုသော် မကောင်းမပျော်ဘဲ အကောင်းပျော်ကြဖို့ ဟောပြောဖြစ်ပါတယ်။

တကယ်တော့ လောကမှာ အကောင်းအဆိုးဆိုတာ တစ်ခြားသူက လုပ်ပေးလို့ ရတာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ လုပ်ရတာ ဖြစ်ပါတယ်။ ကိုယ်ကောင်းချင်ရင် ကိုယ်ကောင်းပြင်ဖို့ လိုအပ်သလို ကိုယ်မကောင်းချင်ရင်လည်း ကိုယ်မပြောင်းဘဲ နေလို့ရပါတယ်။ အကောင်းအဆိုး အနိမ့်အမြင့်ဆိုတာ အကြောင်းအကျိုးရဲ့ နိယာမတစ်ခု ဖြစ်တဲ့အတွက် အကျိုးကောင်းအောင် အကြောင်းကောင်းကြရမှာ ဖြစ်ပါတယ်။ အကျိုးဆိုတာ ကမ္မဖလဖြစ်ပြီး ကံရဲ့ရလာဘ်ဖြစ်ပါတယ်။ ကံဆိုတာ လုပ်ဆောင်ချက် ဖြစ်တဲ့အတွက် လုပ်ဆောင်ချက်ကောင်းရင် အကျိုးရလာဘ်ကောင်းမှာ ဖြစ်ပြီး လုပ်ဆောင်ချက်ဆိုးရင် အကျိုးရလာဘ် ဆိုးမှာဖြစ်ပါတယ်။ အကျိုးဆိုးတာဟာ ကံနိမ့်တာဖြစ်ပြီး အကျိုးကောင်းတာဟာ ကံမြင့်တာ ဖြစ်တဲ့အတွက် ကံနိမ့်နေရင် အကြောင်းဖြစ်တဲ့ လုပ်ဆောင်ချက်ကောင်းနဲ့ပဲ မြှင့်ရမှာ ဖြစ်ပါတယ်။ ဒါဟာ တစ်ခုတည်းသော ကံမြှင့်ရာ နည်းလမ်းပဲ ဖြစ်ပါတယ်။

ဗုဒ္ဓစာပေအလိုအရ လုပ်ဆောင်ချက်ကို ကောင်းတဲ့လုပ်ဆောင်ချက် မကောင်းတဲ့လုပ်ဆောင်ချက်လို့ နှစ်မျိုးခွဲခြားနိုင်ပြီး ဒီလုပ်ဆောင်ချက်တိုင်းမှာလည်း ကိုယ်နဲ့လုပ်တဲ့ လုပ်ဆောင်ချက်၊ နှုတ်နဲ့ပြောတဲ့ လုပ်ဆောင်ချက်နဲ့ စိတ်နဲ့ကြံစည်တဲ့ လုပ်ဆောင်ချက်ဆိုပြီး သုံးမျိုးသုံးစား ရှိနေပါတယ်။ လုပ်ဆောင်ချက်မကောင်းလို့ ကံနိမ့်နေ ကံဆိုးနေတဲ့ သူတွေဟာ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကို ပြန်ဆင်ခြင်ပြီး မကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ကောင်းတဲ့လုပ်ဆောင်ချက်တွေနဲ့ အစားထိုး ပြင်ဆင်ကာ ကံမြှင့်ကြည့်ကြဖို့ လိုပါတယ်။ မကောင်းတဲ့ လုပ်ဆောင်ချက်ကို ပြင်လိုက်တာနဲ့ ကောင်းတဲ့လုပ်ဆောင်ချက်ကို လုပ်ပြီးသား ဖြစ်နေပါတယ်။

မကောင်းတဲ့ လုပ်ဆောင်ချက်ကို စာပေက ဒုစရိတလို့ခေါ်ပြီး မြန်မာလို ဒုစရိုက်လို့ ပြောကြပါတယ်။ ဒီဒုစရိုက်ဟာ ကိုယ်နဲ့လုပ်တဲ့ ကာယဒုစရိုက် (ကာယကံ)၊ နှုတ်နဲ့ပြောဆိုတဲ့ ၀စီဒုစရိုက် (၀စီကံ)၊ စိတ်နဲ့ကြံစည်တဲ့ မနောဒုစရိုက် (မနောကံ)ရယ်လို့ သုံးမျိုးရှိပြီး ကာယဒုစရိုက် သုံးပါး၊ ၀စီဒုစရိုက် လေးပါး၊ မနောဒုစရိုက် သုံးပါးလို့ ထပ်ပြီးခွဲခြား ထားပါတယ်။ ကာယဒုစရိုက် သုံးပါးက သူ့အသက်သတ်ခြင်း (ပါဏာတိပါတ)၊ သူ့ဥစ္စာခိုးယူခြင်း (အဒိန္နဒါန)နဲ့ သူများသားမယားကို ဆော်ကားဖျက်စီးခြင်း (ကာမေသု မိစ္ဆာစာရ)တို့ ဖြစ်ပြီး၊ ၀စီဒုစရိုက် လေးပါးကတော့ လိမ်ညာပြောဆိုခြင်း (မုသာဝါဒ)၊ သူတစ်ပါး အဆင်မပြေဖြစ်အောင် ချောပစ်ကုန်းတိုက်ခြင်း (ပိသုဏ၀ါစာ)၊ ကြမ်းတမ်းတဲ့စကားကို ပြောဆိုခြင်း (ဖရုသ၀ါစာ)နဲ့ အကျိုးမရှိ အနှစ်မဲ့တဲ့ စကားကို ပြောဆိုခြင်း (သမ္ဖပ္ပလာပ)တို့ဖြစ်ကာ မနောဒုစရိုက် သုံးပါးကတော့ သူတစ်ပါး စီးစိမ်ဥစ္စာအပေါ်မှာ မတရား ရယူရန် ကြံစီခြင်း (အဘိဇ္ဈာ)၊ သူတစ်ပါး အသက်နဲ့ စည်းစိမ်ကို ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်ခြင်း (ဗျာပါဒ)နဲ့ ကံကံ၏ အကျိုးကိုပယ်ကာ လွဲမှားစွာ ယုံကြည်ခြင်း (မိစ္ဆာဒိဋ္ဌိ)တို့ပဲ ဖြစ်ပါတယ်။ ဒီဒုစရိုက်ဆယ်ပါးဟာ သတ္တ၀ါတွေကို မကောင်းတဲ့ လုပ်ဆောင်ချက်တွေနဲ့ မကောင်းတဲ့ အကျိုးတွေကို ဖြစ်စေတဲ့အတွက် ကံနိမ့်စေခြင်း အကြောင်းတရားတွေ ဖြစ်ပါတယ်။

ဒါကြောင့် ကံနိမ့်နေတဲ့ သူတွေဟာ ကံမြင့်စေဖို့၊ ကံကောင်းစေဖို့ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေမှာ အခုပြောခဲ့တဲ့ အလုပ်တွေ ပါမပါ သေချာဆင်ခြင်ပြီး ပါနေရင် ဒီအလုပ်တွေကို ပြင်ဖို့လိုပါတယ်။ ဒီမကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ပြင်မှ ကောင်းတာတွေ ဖြစ်လာကာ ကံမြင့်လာမှာ ဖြစ်ပါတယ်။ မကောင်းတဲ့ ဒီလုပ်ဆောင်ချက်တွေကို ပြင်လိုက်တာနဲ့ ကောင်းတဲ့ လုပ်ဆောင်ချက်တွေအဖြစ် ပြောင်းသွားမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ချက်ပြောင်းလို့ အလုပ်ကောင်းသွားရင် အကြောင်းကောင်းသွားတာ ဖြစ်တဲ့အတွက် အကြောင်းကောင်းရင် အကျိုးလည်း ကောင်းမှာဖြစ်ပါတယ်။ အကျိုးကောင်းလာတာဟာ ကံကောင်းလာတာပါပဲ။ ဒါဟာ တစ်ခြားသူလုပ်လို့ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ပြောင်းလိုက်တဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်ကောင်းကြောင့် ဖြစ်ပါတယ်။

အမှန်တော့ ဒီဒုစရိုက်ဆယ်ပါးဟာ ကိုယ်နှုတ်နှလုံး သုံးပါးလုံးနဲ့ ကျူးလွန်နိုင်တဲ့ မကောင်းတဲ့ကံတွေ ဖြစ်ပေမယ့် ဒီကံသုံးပါးကို မကျူးလွန်မိအောင် ထိန်းဖို့အတွက်ကတော့ သီလနဲ့ ဘာဝနာ အလုပ်ကိုပဲ လုပ်နေလိုက်ရင် ပြီးပါတယ်။ သီလဆောက်တည်ခြင်းဟာ ကာယကံနဲ့ ၀စီကံကို ထိန်းနေတာဖြစ်ပြီး ဘာဝနာ အားထုတ်ခြင်းကတော့ မနောကံကို ထိန်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် သီလလုံနေရင် ကာယဒုစရိုက် ၀စီဒုစရိုက်တွေကို လုံနေတာဖြစ်ပြီး ဘာဝနာပွားနေရင် မနောဒုစရိုက်ကို တားနေတာဖြစ်တဲ့အတွက် သီလနဲ့ဘာဝနာကို စောင့်ထိန်းလေ့ကျင့် အားထုတ်နေတဲ့ သူတွေဟာ မကောင်းတဲ့ ဒုစရိုက်တွေကို မကျူးလွန်သူတွေ ဖြစ်သလို ကောင်းတဲ့သုစရိုက်နဲ့ နေသူတွေလည်း ဖြစ်ပါတယ်။ ကောင်းတဲ့လုပ်ဆောင်ချက်နဲ့ နေသူတွေဟာ ကံမြင့်နေသူတွေဖြစ်ပြီး ကံကောင်းနေသူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကံကောင်းချင်တဲ့သူဟာ ကိုယ်ကျင့်သီလကို လုံအောင်ထိန်းပြီး သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ တစ်ခုခုကို ပွားများနေဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

တစ်ချို့က ဒါကို သဘောမပေါက်တော့ ကံနိမ့်နေတာကို ကိုယ့်ကိုယ်ကို မစစ်ဘဲ ကံပစ်ကာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ဆိုပြီး သူများပုံချတတ်ကြတဲ့အပြင် ကိုယ်အလုပ်မကောင်းလို့ ကံဆိုးနေတာကို အကောင်းတွေနဲ့ မပြင်ဘဲ စိတ်ညစ်ညစ်နဲ့ အဆိုးတွေထပ်လုပ်ဖြစ်တော့ ကံကမြင့်မလာဘဲ နိမ့်ပဲနိမ့်နေ ဖြစ်ကုန်ပါတယ်။ ကံနိမ့်လေ အဆိုးတွေလုပ်မိလေ၊ အဆိုးလုပ်လေ အကောင်းဝေးလေဖြစ်ပြီး ဘ၀ဟာ နိမ့်ပြီးရင်း နိမ့်ရင်းပဲ ဖြစ်ကုန်ပါတော့တယ်။ ဒါဟာ ကံကောင်းချင်ပေမယ့် အကောင်းမပြင်ဘဲ မကောင်းမြင်ကာ မပြောင်းချင်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ မကောင်းတဲ့ လုပ်ဆောင်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။

စကားစပ်လို့ အသိနှစ်ယောက်ရဲ့ အဖြစ်လေးကို သတိရမိပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အတူနေ လုပ်ငန်းတူတွေ ဖြစ်ပေမယ့် အကျင့်စရိုက်ကတော့ ကွာခြားပါတယ်။ တစ်ယောက်က ဘာသာတရားကို အထူးသက်ဝင် ယုံကြည်ပေမယ့် တစ်ယောက်ကတော့ ၀တ်ကျေတန်းကျေလောက်ပါပဲ။ တစ်ချိန်မှာတော့ သူတို့နှစ်ယောက်လုံး အဆင်မပြေတာတွေနဲ့ ကြုံခဲ့ကြပါတယ်။ စီးပွားရေး အဆင်မပြေမှုတွေ၊ တစ်ခြားသူတွေရဲ့ တိုက်ခိုက်မှုတွေ၊ လုပ်သမျှ အရာမထင်မှုတွေနဲ့ အတူ အခြေအနေဟာ သာမန်လူတစ်ယောက်အတွက် ဘ၀ကို လက်မြှောက် အရှုံးပေးရလောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံး ဒီအကြောင်းတွေ ဘုန်းဘုန်းကို အသိပေးပြီး ကံကောင်းအောင် မေတ္တာပို့ပေးဖို့ ပြောကြပါတယ်။ ထုံးစံအတိုင်း ဘုန်းဘုန်းကတော့ ကိုယ့်ကံကိုယ်မြှင့်ဖို့ပဲ ပြောဖြစ်ပါတယ်။ သူတို့နှစ်ယောက်မှာ ဘာသာတရားကို သက်ဝင်ယုံကြည်တဲ့သူက ဘုန်းဘုန်းပြောသလို အဆင်မပြေလေ သီလနဲ့ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်လေ ဖြစ်ပေမယ့် တစ်ယောက်ကတော့ စိတ်ဓာတ်ကျပြီး မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့အတူ မဟုတ်တာတွေပဲ လိုက်လုပ်ဖြစ်နေပါတယ်။ တစ်နေ့ သူတို့နှစ်ဦး ခရီးသွားရင်း ကားအက်စိဒင့်ဖြစ်တော့ မကောင်းတဲ့အလုပ်တွေနဲ့ အဆိုးတွေပဲ လုပ်ဖြစ်တဲ့သူက ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အဆိုးတွေကြုံပေမယ့် အကောင်းတွေပဲ ဖိလုပ်ဖြစ်နေတဲ့ သူကတော့ ထိခိုက်ဒဏ်ရာ ရတာလောက်ပဲ ဖြစ်ခဲ့ပါတယ်။ အမှန်တော့ သူလည်း ပွဲချင်းပြီး သေနိုင်လောက်ပေမယ့် အကောင်းတွေနဲ့ ကံကိုမြှင်နေလေတော့ အဆိုးထဲက အကောင်းအနေနဲ့ အသက်မသေဘဲ ကံကောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကံကောင်းအောင် ကိုယ်ကိုယ်တိုင် မြှင့်တင်ခဲ့တဲ့ သူတစ်ယောက်ရဲ့ လက်တွေ့ကျတဲ့ နိယာမတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဘ၀မှာ အဆိုးတွေနဲ့ ကြုံနေပေမယ့် စိတ်ဓာတ်မကျဘဲ ကံတွေတစ်ခါ ပြန်ကောင်းလာအောင် ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ကံကို ကိုယ်မြှင့်ပြီး အကောင်းတွေနဲ့ ပြင်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် သေချာတာကတော့ ကံနိမ့်ကံမြင့်ဆိုတာ ဘ၀မှာ လူတိုင်းကြုံတွေ့ရမယ့် လောကဓံသဘော ဖြစ်တဲ့အတွက် ကံနိမ့်နေတဲ့အခါ စိတ်ဓာတ်မကျဘဲ အကောင်းတွေပဲ ကြိုးစားလုပ်နိုင်တာဟာ ကံကောင်းချင်တဲ့သူတွေရဲ့ တစ်ခုတည်းသော နည်းလမ်းဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ကံမြင့်နိုင်မယ့် လုပ်ရပ်တွေဖြစ်တဲ့ မကောင်းတဲ့ ဒုစရိုက်အမှုတွေကို ရှောင်ပြီး ကောင်းတဲ့သုစရိုက်တွေနဲ့ နေထိုင်နိုင်အောင် ကြိုးစားခြင်းဟာ နိမ့်ကျတာတွေကို တစ်ခါပြန်ဆယ်နိုင်တဲ့ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။ အဆိုးတွေကြုံလေလေ သီလကို အထူးလုံအောင် ထိန်းလေလေ၊ မကောင်းတဲ့ တိုက်ခိုက်မှုတွေနဲ့ များများ တိုက်ခိုက်ခံရလေလေ ကိုယ့်စိတ်ကို မယိမ်းယိုင်အောင် သမထအလုပ် ၀ိပဿနာ အလုပ်တွေနဲ့ ကြိုးစားအားထုတ်လေလေ ဆိုရင်တော့ ဘယ်လိုနိမ့်ကျမှုမျိုးမဆို ခံနိုင်ရည်ရှိပြီး အမြင့်ကို တစ်ခါပြန်တက်နိုင်မယ်ဆိုတာ သေချာလှပါတယ်။

ဒါကြောင့် ကံမကောင်း အကြောင်းမလှလို့ မကောင်းတွေကျနေတဲ့ သူတွေအနေနဲ့ ကံတစ်ခါကောင်းလို့ အကြောင်းလှပြီး အကောင်းရရလေအောင် ကိုယ့်ကံကိုယ်စစ်ကာ ကောင်းတာတွေနဲ့ နှစ်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ကံနိမ့်နေလို့လိုဆိုကာ စိတ်ညစ်ညစ်နဲ့ အဆိပ်ဖြစ်စေမယ့် မကောင်းတဲ့အလုပ်တွေကို လျှောက်မလုပ်မိကြဘဲ အဆိုးများအတွက် အတိုးပွားပြီး အကျိုးများစေမယ့် ကောင်းတဲ့အလုပ်တွေကိုပဲ ကြိုးစားလုပ်နေကြဖို့ လိုပါတယ်။ ဘယ်အရာမဆို အချိန်ဆိုတာ ရှိတဲ့အတွက် အချိန်တန်ရင် အဆိုးတွေပျောက်ပြီး အကောင်းရောက်လာမှာကို သဘောပေါက် ဆင်ခြင်ကာ အခိုက်အတန့် ကံနိမ့်နေတဲ့ ကာလလေးမှာ မကောင်းတဲ့အလုပ်တွေနဲ့ စိတ်မညစ်ဘဲ ကောင်းတဲ့အလုပ်တွေနဲ့သာ ကိုယ့်ကံကိုယ်မြှင့်ကြဖို့ ကံကောင်းနည်းလက်ဆောင်အဖြစ် အသိပေးစကား ပါးလိုက်ရပါတယ်။ အားလုံး ကိုယ့်ကံကိုယ်စစ်ပြီး ကောင်းကံတွေ မြှင့်နိုင်ကြပါစေ..

Read more »

စွမ်းအားကိုယ်စီ…

လောကမှာ ကိုယ့်အစွမ်းအစကို အသုံးမချဘဲ သူများကို အမှီပြုပြီး သူများရဲ့ အားကိုးကိုပဲ ရှာနေတတ်ကြတဲ့ သူတွေရှိတတ်ကြသလို ကိုယ့်ကိုယ်ကို အထင်ကြီးလွန်ကာ ငါမပါ ဘာမှမပြီးလို့ ဆိုတတ်သူတွေလည်း ရှိတတ်ပါတယ်။ တစ်ချို့ကလည်း “သူမရှိလို့ မဖြစ်ဘူး၊ သူမရှိရင် ဘာမှလုပ်လို့ မရဘူး…” စသဖြင့် ဆိုတတ်တဲ့ သူတွေရှိသလို တစ်ချို့ကျပြန်တော့လည်း “ငါမရှိရင် မဖြစ်ဘူး၊ ငါမပါရင် ဘာမှလုပ်လို့ မရဘူး…” စသဖြင့် ဆိုလာသူတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ လူတိုင်းလူတိုင်း စွမ်းအားကိုယ်စီ ရှိနေပြီးသား ဖြစ်ပါတယ်။ ကိုယ့်မှာမရှိတဲ့ စွမ်းအားများ၊ အားသာချက်များဟာ သူ့မှာ ရှိနေတတ်သလို သူ့မှာမရှိတဲ့ အားသားချက်များ၊ အစွမ်းအစများဟာလည်း ကိုယ့်မှာ ရှိနေတတ်ပါတယ်။ ဒီလို ကိုယ်စီကိုယ်ငှ စွမ်းအားလေးတွေ ရှိနေကြတဲ့ အတွက်ကြောင့်ပဲ အားကိုးရပါတယ်ဆိုတဲ့ သူတွေမရှိတဲ့အခါ သူ့အထိုက်အလျောက် သူ့အစွမ်းအလျောက် ဖြစ်သွားကြတာတွေလည်း အများကြီးပါပဲ။ ငါမရှိရင် မဖြစ်၊ ငါမပါပြီး၊ သူမရှိမဖြစ်၊ သူမပါ မပြီးဆိုတဲ့ အတွေးနဲ့တစ်ဘက်သက် စွဲယူမထားဖို့တော့ လိုပါတယ်။ ငါမရှိလည်း သူ့ဟာနဲ့သူ ဖြစ်သွားတတ်သလို၊ သူမရှိရင် ငါ့ဟာနဲ့ငါတော့ ဖြစ်သွားတာပါပဲ။ အဓိကကတော့ ကိုယ့်ကိုယ်ကိုပဲ ဖြစ်ဖြစ် တစ်ဦးတစ်ယောက်ကိုပဲ ဖြစ်ဖြစ် မရှိရင်မဖြစ်ဘူးဆိုတဲ့ တစ်ယူသန်အစွဲ မထားမိကြဖို့ပါပဲ။ လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကို အားကိုးကြမယ်ဆိုရင် စွမ်းအားကိုယ်စီ ရှိနေကြတယ်ဆိုတာ မမေ့ကြဖို့ပါပဲ။

သာမန်လူများမပြောနဲ့ အလုံးစုံကို သိတော်မူတဲ့ အနန္တတံခိုးရှင် အနှိုင်းမဲ့ ဘုရားရှင် ကိုယ်တော်တိုင်ပင် “ငါဘုရားကိုချည်းပဲ အားကိုးကာ ငါဘုရားကိုပဲ မျှော်လင့်မနေကြဖို့နဲ့ ကိုယ့်ကိုယ်ကို အားကိုးကြဖို့၊ ကိုယ့်တရားကိုယ် မှီခိုကြဖို့” မှာတမ်းချွေတော်မူ သွားတာကိုကြည့်ရင် စွမ်းအားကိုယ်စီရှိနေတဲ့ ကိုယ့်ကိုယ်ကို သတိပြုမိနိုင်ပါတယ်။ သူများချည်းပဲ အားကိုးနေလို့ မဖြစ်သလို ကိုယ့်ကိုယ်ကိုလည်း အစွန်းမရောက်ဖို့ သဘောပေါက်နိုင်ပါတယ်။ စွမ်းအားကိုယ်စီ ရှိနေတယ်ဆိုကတည်းက ကိုယ့်အစွမ်းကိုယ် အားကိုးကာ ကိုယ့်ကိုယ်ကို ကြိုးစားဖို့လိုတယ်ဆိုတဲ့ သဘောပါပဲ။ သူမရှိလည်း ဖြစ်တယ်ဆိုတဲ့ စိတ်နဲ့ ကိုယ့်ရဲ့အစွမ်းကို ထုတ်ဖော်ပြသဖို့ပဲ လိုပါတယ်။ ကြိုးစားမှုနဲ့ စွမ်းအားတွေကို ပြုစုလို့ ရတယ်ဆိုတာ သဘောပေါက်ဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ ကိုယ့်ကိုယ်ကို အားကိုးတာနဲ့ ကိုယ့်ကိုယ်ကို အထင်းကြီးတာ ကွဲပြားဖို့တော့ လိုပါတယ်။ “ငါလုပ်ရင် ဖြစ်နိုင်တယ်”ဆိုတာက ကိုယ့်ကိုယ်ကို အားကိုးတာဖြစ်ပြီး “ငါလုပ်မှပဲ ဖြစ်တယ်”ဆိုတာက ကိုယ့်ကိုယ်ကို အထင်ကြီးတာ ဖြစ်ပါတယ်။

“ကိုယ့်ကိုယ်ကို အားကိုးဖို့၊ ကိုယ့်တရားကို ကိုယ်မှီခိုဖို့”ဆိုတဲ့ ဒီစကားကို မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခါနီး နောက်ဆုံးအချိန်လေးမှာ မိန့်တော်မူသွားပါတယ်။ ဒီတုန်းက မြတ်စွာဘုရားရှင်ဟာ ဝေဠုဝရွာမှာ ၀ါကပ်ပြီးချိန်က ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ ရောဂါဖြစ်ပြီး သေလုမျောပါး ခံစားခဲ့ရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ နောက်ဆုံး ဘုရားရှင်ကိုယ်တော်တိုင်ပဲ ဒီရောဂါကို ဘာဝနာအလုပ် အားထုတ်တဲ့ ၀ီရိယအပြင် သမာပတ်အစွမ်းများနဲ့ သက်သာမှုကို ရယူတော်မူခဲ့ရပါတယ်။ ဘုရားရှင် ရောဂါက သက်သာလာပြီဆိုတော့မှပဲ အလုပ်အကျွေးဖြစ်တဲ့ အရှင်အာနန္ဒာ မထေရ်ဟာ သက်ပြင်းချနိုင်ခဲ့ပါတယ်။ ပြီးတော့ ဘုရားရှင်အနားကပ်ပြီး “မြတ်စွာဘုရား… ဘုရားရှင်အခုလို ကျန်းကျန်းမာမာ ရှိတော်မူမှပဲ တပည့်တော်မှာ စိတ်သက်သာရာ ရပါတော့တယ်ဘုရား…၊ အရှင်ဘုရား မကျန်းမမာ ဖြစ်နေတုန်းကဆို တပည့်တော်ကိုယ်တိုင် ခန္ဓာကိုယ်လေးလံ တောင့်တင်းနေပြီး အရပ်မျက်နှာတွေလည်း မသဲကွဲ၊ သတိပဋ္ဌာန်အလုပ်လည်း အားမထုတ်နိုင် ဖြစ်ခဲ့ရပါတယ်ဘုရား၊ နောက်ဆုံးတော့ မြတ်စွာဘုရားရှင်ဟာ ရဟန်းသံဃာတွေအတွက် မှာတမ်းချွေစရာ မှာထားချက်တွေ၊ မိန့်မှာချက်တွေကို မိန့်ကြားတော်မမူရသေးသမျှ ပရိနိဗ္ဗာန်စံဝင်တော်မူမှာ မဟုတ်ဘူးလို့ ကိုယ့်စိတ်ကိုယ်ဖြေလိုက်မှ သက်သာရာ နဲနဲရသွားပါတယ်ဘုရား…”လို့ လျှောက်ထားလိုက်ပါတယ်။

ဒီအခါမှာ ဘုရားရှင်က “အာနန္ဒာ… ရဟန်းသံဃာဟာ ငါဘုရားထံက ဘာကိုများ ထပ်ပြီးမျှော်လင့် နေကြသေးသလဲ…၊ ငါဘုရားဟာ အတွင်းအပြင်မထား၊ ဆရာစားမချန် တရားတော်များကို ဟောကြားပေးခဲ့ပြီးပြီ၊ တရားတော်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ထားတာဆိုတာ ငါ့မှာမရှိ…” ပြီးတော့ “အာနန္ဒာ… ရဟန်းသံဃာကို ငါကပဲ လွှမ်းမိုးထားရမယ်၊ ရဟန်းသံဃာဟာ ငါ့ကိုပဲ အားကိုးရာဖြစ်စေရမယ် ဆိုတဲ့အတွေး ရှိတဲ့ သူတွေကသာ ရဟန်းသံဃာနဲ့ပတ်သက်တဲ့ မိန့်မှာချက်ကို မှာကြားတတ်ကြတယ်၊ ငါဘုရားမှာ ဒီလိုလိုလားတောင့်တချက် မရှိတဲ့အတွက် တစ်စုံတစ်ရာ မိန့်မှာချက် မရှိတော့ဘူး.. ချစ်သား…”လို့ မိန့်ကြားတော်မူပါတယ်။

ပြီးတော့ ဘုရားရှင်က အရှင်အာနန္ဒာကို ထပ်ပြီးမိန့်တော်မူပါတယ်။ “အာနန္ဒာ… အခုအချိန်မှာ ငါဘုရားဟာ အိုမင်းရင့်ရော်လာနေပေပြီ၊ အသက်အရွယ် ကြီးရင့်နေပေပြီ၊ အသက်အရွယ် အဆုံးအပိုင်းဖြစ်တဲ့ ရှစ်ဆယ်အရွယ်ရောက်နေပေပြီ။ အာနန္ဒာ… လှည်းအိုဟာ ဖွဲ့စည်းတုတ်နှောင်မှုတွေနဲ့ တည်တံ့နေရသလို ငါဘုရားရဲ့ ခန္ဓာကိုယ်ဟာလည်း ဖွဲစည်းတုတ်နှောင်ခြင်းနဲ့တူတဲ့ ဖလသမာပတ်နဲ့ပဲ တည်တံ့နေရပေတယ်။ ဒါကြောင့် ငါဘုရားရဲ့ တပည့်သာဝကများ အနေနဲ့ ကိုယ်ကိုယ်ကိုပဲ မှီခိုရာပြုပြီး၊ ကိုယ့်ကိုယ်ကိုယ်မှလွဲပြီး အားကိုရာ မရှိစေဘဲ ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာရှိကာ နေကြပေတော့၊ တရားကိုပဲ မှီခိုရာပြုပြီး၊ တရားမှလွဲပြီး အာကိုးရာ မရှိစေဘဲ တရားကိုသာ ကိုးကွယ်ရာအဖြစ် ရှိနေကြပေတော့..”။

“အာနန္ဒာ ဘယ်လိုပုံစံနဲ့ ကိုယ့်ကိုယ်ကို အားကိုးရာ၊ မှီခိုရာ၊ တရားတော်ကို အားကိုရာ မှီခိုရာအဖြစ် ရှိနေရမှာလည်း ဆိုရင်… တစ်စုံတစ်ယောက်ဟာ ကြိုးစားအားထုတ်မှု ၀ီရိယ၊ စူးစမ်းဆင်ခြင်မှု ဉာဏ်ပညာ၊ မမေ့မလျော့မှု သတိတရားနဲ့ ရုပ်ကို ရုပ်၊ ခံစားမှုဝေဒနာကို ဝေဒနာ၊ တွေးတောကြံစီမှု စိတ်ကို စိတ်၊ သဘောတရားကို သဘောတရားလို့ အရှိကို အရှိအတိုင်း အကြိမ်ကြိမ် ရှုတ်မှတ်ပြီး လောကမှာ ဖြစ်တတ်တဲ့ လိုချင်တပ်မက်ခြင်းနဲ့ နှလုံးမသာယာခြင်းကို ပယ်ဖျောက်ပြီး နေရပါမယ်၊ ဒီလို နေခြင်းမျိုးကိုပဲ ကိုယ့်ကိုယ်ကိုယ် မှီခိုရာပြုပြီး၊ ကိုယ့်ကိုယ်ကိုယ်မှလွဲပြီး အားကိုရာ မရှိစေဘဲ ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာရှိကာ နေခြင်း၊ တရားကိုပဲ မှီခိုရာပြုပြီး၊ တရားမှလွဲပြီး အာကိုးရာ မရှိစေဘဲ တရားကိုသာ ကိုးကွယ်ရာအဖြစ် ရှိနေခြင်းပါပဲ..”။

“အာနန္ဒာ တစ်စုံတစ်ယောက်ဟာ အခုအချိန်မှာပဲ ဖြစ်ဖြစ်၊ ငါဘုရား ကွယ်လွန်တဲ့အခါမှာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မှီခိုရာပြုပြီး၊ ကိုယ့်ကိုယ်ကိုယ်မှလွဲပြီး အားကိုရာ မရှိစေဘဲ ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာရှိကာ နေမယ်၊ တရားကိုပဲ မှီခိုရာပြုပြီး၊ တရားမှလွဲပြီး အာကိုးရာ မရှိစေဘဲ တရားကိုသာ ကိုးကွယ်ရာအဖြစ် ရှိနေမယ်ဆိုရင် အားလုံးဟာ အကျင့်သိက္ခာ လိုလားသူတွေထဲမှာ အမြတ်ဆုံးပုဂ္ဂိုလ်များအဖြစ် ရောက်ရှိနေကြမှာပါပဲ…” (မဟာပရိနိဗ္ဗာနသုတ်မှ ကောက်နှုတ်ချက်)

ဒါကတော့ ဘုရားရှင်ကိုယ်တော်တိုင် အရှင်အာနန္ဒာ မထေရ်ကို မိန့်တော်မူခဲ့တဲ့ နောက်ဆုံးမှာကြားချက်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓမိန့်တော်မူချက်မှာ အဓိကကတော့ ကိုယ့်ကိုယ်ကို အားကိုးဖို့နဲ့ တရားမမေ့ဖို့၊ တရားနဲ့အညီ နေထိုင်ကာ မမေ့မလျော့တဲ့ သတိရှိနေဖို့ပါပဲ။ ဘုရားရှင် မိန့်တော်မူချက်က လူတိုင်းဟာ စွမ်းအားကိုယ်စီ ရှိနေသူတွေ ဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်အပေါ် မှီမနေဘဲ ကိုယ့်အစွမ်းကိုယ်စီနဲ့ ကိုယ်ကိုယ်ကို ကောင်းအောင် ကြိုးစားကြဖို့ကို မီးမောင်းထိုးပြနေပါတယ်။ အားကိုးရှာတဲ့အခါ တစ်ခြားသူကို အားကိုးရှာတာထက် ကိုယ်ကိုယ်ကို အားကိုးတတ်ကြဖို့၊ အမှီတစ်ခုခုနဲ့ နေချင်ရင်လည်း တစ်ခြားအရာတွေ မှီခိုနေတာထက် တရားကိုပဲ မှီခိုအားထားကြဖို့ သတိပေးနေပါတယ်။

ဟုတ်တယ်။ တစ်ခါတစ်လေ လက်တွေ့ပိုင်းမှာ အားကိုးကြတဲ့ သူတစ်ယောက်ယောက် မရှိတဲ့အခါ မဖြစ်တော့ပါဘူးလို ထင်တတ်ကြပေမယ့် သူမရှိတဲ့အခါ သူ့အလိုလို ဖြစ်သွားတာလည်း အများကြီး တွေ့ရပါတယ်။ မရှိတော့လည်း ရှိတဲ့သူနဲ့ ဖြစ်အောင် လုပ်လိုက်ကြတော့ သူ့အတိုင်းအတာနဲ့သူတော့ ဖြစ်သွားတာပါပဲ။ ပါရမီနဲ့ စွမ်းအားတွေကြောင့် နဲနဲကွာခြားချက်တွေ ရှိတတ်ပေမယ့် မဖြစ်ဘူးဆိုတာတော့ မရှိပါဘူး။ သူ့ဟာနဲ့သူတော့ ဖြစ်သွားတာပါပဲ။ မလုပ်ဘဲ နေလို့ရလို့ နေနေကြပေမယ့် မဖြစ်မနေလုပ်ရမယ် ဆိုတော့လည်း ရသွားတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဟာနဲ့သူ အစွမ်းကိုယ်စီက ရှိနေကြပြီးသား ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ သူမရှိပေမယ့် ကိုယ့်အစွမ်းနဲ့ကိုယ်လုပ်ရင်း သူ့ထက်တောင် ပိုဖြစ်သွားတာလည်း ရှိပါတယ်။ လူတိုင်းမှာ မတူညီတဲ့ စွမ်းအားတွေနဲ့ မတူညီတဲ့ အထောက်အပံ့တွေ ရှိနေသမျှ မဖြစ်ဘူးဆိုတာ မရှိနိုင်ပါဘူး။ အဓိကကတော့ ကိုယ့်ကိုယ်ကိုပဲ ဖြစ်ဖြစ် သူများကိုပဲ ဖြစ်ဖြစ် မရှိရင် မဖြစ်ဘူးဆိုတဲ့ အထင်ကြီးမှု မဖြစ်ဖို့နဲ့ စွမ်းအားကိုယ်စီ ရှိနေတဲ့သူတွေချည်း ဖြစ်တဲ့အတွက် ကိုယ့်အစွမ်းနဲ့ကိုယ် ကြိုးစား အားထုတ်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် လောကမှာ လူတိုင်းလူတိုင်း ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင်အစွမ်းအစများနဲ့ ကိုယ်တိုင်လှမ်းကြွနိုင်တာ ဖြစ်တဲ့အတွက် အစွမ်းအစဆိုတာ အစလုပ်လိုက်မှ စွမ်းလာတတ်တဲ့ သဘောရှိတယ်ဆိုတာ မမေ့ကြဘဲ သူများကို အားကိုးမှီခိုနေတာထက် ကိုယ်ပိုင်အစွမ်းအစ ကိုယ်စီရှိနေကြတဲ့ ကိုယ့်ကိုယ်ကိုပဲ အားကိုးမှီခိုကြဖို့၊ အမှီတစ်ခုခုနဲ့ ကိုယ်ပိုင်အစွမ်းကို အားပြုတဲ့အခါမှာလည်း တစ်ခြားအရာများထက် တရားကိုပဲ အားပြုကြဖို့၊ ကိုယ့်ကိုယ်ကိုယ်နဲ့ တရားမှတစ်ပါး ကိုးကွယ်ရာ မရှိဘူးဆိုတာ သတိပြုမိကြဖို့ အထူးလိုအပ်လှပါတယ်။ ဘာပဲဖြစ်ဖြစ် စမိဖို့က အရေးကြီးပြီး စပြီးရင် စွမ်းလာမှာဖြစ်လို့ အစနဲ့အစွမ်းကို အစွမ်းအစဖြစ်ဖို့ ကိုယ့်အားကိုယ်ကိုးရင်း ကိုယ့်အစွမ်းကိုယ် ပြနိုင်အောင် ကြိုးစားလိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ အားလုံးစွမ်းအားကိုယ်စီနဲ့ တရားကိုယ်စီ ရှိနိုင်ကြပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ