အစားလုပ်ပေးလို့ ရ/မရ…

Q. ဘုန်းဘုန်းဘုရား…
တပည့်တော်ရဲ့ အခန်းဖော်တစ်ယောက်ကို တစ်ခါမှ ဘုရားရှိခိုးတာ မတွေ့လို့ ဘုရားရှိခိုးဖို့ ပြောတဲ့အခါ သူက “သူ့အနေနဲ့ အရမ်းပင်ပန်းလို့ မရှိခိုးနိုင်ကြောင်း၊ သူ့အတွက် အိမ်ကသူတွေက လုပ်ပေးကြောင်း” အကြောင်းပြ ပြောဆိုပါတယ်။ အဲဒါ သူပြောတဲ့အတိုင်း ကုသိုလ်ကောင်းမှုကို အစားလုပ်ပေးလို့ ရ၊ မရ သိချင်ပါတယ်ဘုရား။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား…။ ဘုန်းဘုန်း ကျန်းမာချမ်းသာပါစေ…
(သိလိုသူ)

A. သိလိုသူရေ… ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဟာ လက်တွေ့ကျင့်ကြံ အားထုတ်မှုကို အဓိကထားတဲ့ ဘာသာဖြစ်တဲ့အတွက် အစားထိုးလုပ်ပေး၊ အစားထိုးခံပေးလို့ မရပါဘူး။ ကိုယ်လုပ်မှကိုယ်ရ၊ ကိုယ်ကျင့်မှ ကိုယ်ရတဲ့ ဘာသာဖြစ်သလို၊ ကိုယ်ဖြစ်ရင်လည်း ကိုယ်ခံရတဲ့ ဘာသာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်လည်း အစားထိုးခံယူပေး၊ သတ္တ၀ါတွေရဲ့ အပြစ်ကို တန်ခိုးတော်နဲ့ ချေဖျက်ပေး၊ ကယ်တယ်မဆပေးတဲ့ ကယ်တင်ရှင်မဟုတ်ပါဘူး။ ဘုရားရှင်တော်တိုင် ဒါက ကုသိုလ်၊ ဒါက အကုသိုလ်၊ ဒါကိုရှောင်၊ ဒါကိုဆောင် စသဖြင့် နည်းလမ်းကိုသာ ညွန်ပေးနိုင်တဲ့ လမ်းညွန်ပဲ ဖြစ်ပါတယ်။ အားလုံးက ကိုယ်ကိုယ်တိုင် လုပ်ဆောင်ကျင့်ကြံမှပဲ ရနိုင်ပါတယ်။

ပိုပြီး ရှင်းအောင် ပြောရရင် ဗုဒ္ဓဘာသာရဲ့ ကုသိုလ်တရားများမှာ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်လို့ သုံးမျိုးရှိတဲ့အထဲမှာ ဒါနကုသိုလ်လို ကုသိုလ်မျိုးကတော့ သူများကို ကိုယ်က လှူဖွယ်ဝတ္ထုပေးပြီး အစားလှူဒါန်းခိုင်းတာ၊ သူများလှူတာကို စိတ်စေတနာမှန်နဲ့ ၀မ်းမြောက်နုမော် သာဓုခေါ်တာ စတာတွေအတွက်တော့ အထိုက်အလျောက် ကုသိုလ်ဖြစ်စေ၊ ကုသိုလ်ရစေနိုင်ပေမယ့် ကိုယ်တိုင်ကျင့်ကြံရမယ့် သီလသိက္ခာပုဒ်မျိုး၊ နိဗ္ဗာန်အထိ ရောက်စေနိုင်၊ ကိလေသာ ငြိမ်းစေနိုင်တဲ့ ဘာဝနာကုသိုလ်မျိုးကတော့ သူများက အစားထိုး လုပ်ပေးလို့ မရပါဘူး။ ကိုယ်ကိုယ်တိုင် လက်တွေ့လိုက်နာ ကျင့်ကြံနိုင်မှသာ ရနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင် ကာယကံမြောက်၊ ၀စီကံမြောက်၊ မနောကံမြောက် လုပ်မှရမယ့် ကုသိုလ်မျိုးကို ကံမြောက်အောင် လက်တွေ့လုပ်ပေးနိုင်မှ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်း စတာတွေဟာ လက်တွေ့ ကံမြောက်အောင် လုပ်ကြရတာတွေ ဖြစ်လို့ လက်တွေ့လုပ်ဖို့ လိုပါတယ်။ ဒါကြောင့် အကျင့်တရားပိုင်းဆိုင်ရာ၊ ကျင့်ယူမှ ရနိုင်မယ့် ကုသိုလ်တရား ဆိုင်ရာများကတော့ အိမ်ကလူတွေက ဘယ်လောက်ပဲ လုပ်ပေးလုပ်ပေး သူတို့လုပ်တာ သူတို့အတွက်ပဲ ဖြစ်တဲ့အတွက် အဲဒီလို လက်တွေ့ကျင့်ကြံမှုများကို ကိုယ်လိုချင်ရင်၊ ကိုယ်ရချင်ရင်တော့ ကိုယ်ကိုယ်တိုင်ပဲ လက်တွေ့လိုက်နာ ကျင့်သုံးကြဖို့လိုကြောင်း အသိပေး ဖြေကြားပေးလိုက်ပါတယ်။

Read more »

အတုံ့အလှည့်…

တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သော စကားကို မဆိုလင့်၊
အဆိုခံရသော သူတို့သည် သင့်ကို ပြန်လှန်ဆိုကုန်ရာ၏။
ချုပ်ချယ်သော စကားသည် ဆင်းရဲ၏ အကြောင်းတည်း၊
သူတစ်ပါးကို ဒဏ်ပြုက အတုံ့အလှည့်တို့သည် သင့်ထံသို့ ပြန်ရောက်ကုန်ရာ၏။
(ဂေါတမဘုရားရှင်)

လိမ်ညာပြောဆိုခြင်း၊ ချောပစ်ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းသောစကားကိုဆိုခြင်း၊ အကျိုးမရှိ အချည်းနှီးသော စကားကိုဆိုခြင်းဟူသော နှုတ်ဖြင့်လွန်ကျူးတတ်သည့် ၀စီဒုစရိုက် လေးပါးတို့တွင် ဖရုသ၀ါစာခေါ် ကြမ်းတမ်းသော စကားကိုဆိုခြင်းသည်လည်း မကောင်းသည့် ဒုစရိုက်တစ်မျိုးပင် ဖြစ်၏။ နှုတ်မှထွက်ပေါ်တတ်သည့် ကြမ်းတမ်းသည့်စကားများသည် ပြောသည့်သူနှင့် အပြောခံရ သူများပင်မက ကြားရသူများအထိ နားမချမ်းသာဖွယ် ဖြစ်စေနိုင်သဖြင့် မိမိတို့၏ နှုတ်ကို စောင့်စည်းကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ ထို့အပြင် မည်သည့်အလုပ်ပင် ဖြစ်ပါစေ တူသောအကျိုးကို ပေးတတ်သည့် သဘောရှိသဖြင့် မိမိက ကြမ်းတမ်းသည့် စကားကို ဆိုလျှင် အဆိုခံရသူသည်လည်း ကြမ်းတမ်းသော စကားကို ပြန်ဆိုတတ်သည်ကို သတိပြု ဆင်ခြင်ရန် လိုအပ်ပေ၏။ ထို့ကြောင့် သူတစ်ပါးထံမှ တုံ့ပြန်မှုကောင်းများ ပြန်ရောက်လာစေရန် မိမိကိုယ်တိုင် ရှေးဦးစွာ တုံ့ပြန်မှုကောင်းများ ပေးရမည်ဖြစ်ကြောင်း၊ မိမိက မကောင်းလျှင် သူတစ်ပါးကလည်း ကောင်းမည်မဟုတ်ကြောင်း၊ အတုံ့အလှည့်ဟူသည် ပြုလုပ်သူထံသို့ တစ်ဖန်ပြန်လာတတ်ကြောင်း ဗုဒ္ဓရှင်တော်မြတ် မိန့်မှာဟောကြားတော်မူခြင်း ဖြစ်၏။

ဗုဒ္ဓလက်ထက်တွင် ကောဏ္ဍဓာနအမည်ရှိသည့် မထေရ်တစ်ပါး ရှိခဲ့၏။ ထိုမထေရ် ရဟန်းဖြစ်သည့်နေ့မှစ၍ အမျိုးသမီးတစ်ဦး၏ အရိပ်သည် မထေရ်နှင့်အတူ ထပ်ကြပ်မကွာ ရှိနေလေ့ရှိ၏။ သို့သော် ထိုအမျိုးသမီးပုံရိပ်ကို မထေရ်မှတပါး အခြားသူများ အားလုံးတွေ့မြင်ကြရ၏။ မထေရ်ကား ဘာမျှမသိရှာပေ။ ဆွမ်းခံသွားလျှင်လည်း ဆွမ်းလောင်းသူများက ဤဆွမ်းသည် အရှင်ဘုရားတို့ အလို့ငှါ ဖြစ်ပါစေ…၊ အရှင်ဘုရားနှင့် အပေါင်းအဖော်မတို့ အလို့ငှါ ဖြစ်ပါစေဟုဆိုကာ လောင်းလှူလေ့ရှိကြ၏။ မထေရ်သည် ထိုအခြင်းအရာကို သဘောမပေါက်နိုင် ဖြစ်နေပေ၏။ ရဟန်းနှင့် မာတုဂါမ အတူရှိနေသကဲ့သို့ မထေရ်နှင့်ထပ်ကြပ်မကွာ ရှိနေသော အမျိုးသမီးအရိပ်ကြောင့် လူအများ၏ အထင်လွဲခြင်းကို ခံနေရ၏။ သတင်းသုံးဖော် ရဟန်းတော်များကလည်း ထို့အတူပင် ကောဏ္ဍဓာန မထေရ်သည် မာတုဂါမနှင့်အတူ သွားလာနေသည်ဟု ထင်မှတ်နေပြီး နောက်ဆုံးတွင် အခြားရဟန်းများသည် ကောသလမင်းထံသို့ သွားရောက်က ထိုမထေရ်ကို ဖမ်းဆီးအရေးယူပေးရန်အထိ ပြောဆိုကြလေ၏။ ကောသလမင်းလည်း ဖြစ်ကြောင်းကုန်စင်ကို နားထောင်ပြီး မထေရ်ရှိရာ ကျောင်းတော်သို့ မထေရ်ကိုဖမ်းရန် ထွက်လာခဲ့၏။ ကျောင်းရောက်သည့်အခါ မထေရ်နှင့်အတူ အမျိုးသမီးပုံရိပ်ကို တွေ့နေရ၏။ မထေရ်ကို မေးသည့်အခါ မသိကြောင်း၊ မဟုတ်ကြောင်း ပြောဆိုရာ နောက်ဆုံးတွင် ကောသလမင်းကိုယ်တိုင် မာတုဂါမအစစ်မဟုတ် အတုသာဖြစ်ကြောင်း သဘောပေါက်သွားကာ အရေးမယူဘဲ နန်းတော်မှာပင် ဆွမ်းခံကြွရန် ဖိတ်ကြား ပြန်သွားလေ၏။

စင်စစ် ထိုမထေရ်နှင့် အတူတကွဖြစ်ပေါ်နေသည့် မာတုဂါမပုံရိပ်သည် မထေရ်ကိုယ်တိုင် ပြုလုပ်ခဲ့သည့် အကုသိုလ်၏ အကျိုးရလာဘ်ပင် ဖြစ်၏။ ကဿပမြတ်စွာဘုရား လက်ထပ်တော်အခါက ဖြစ်၏။ ယခုကောဏ္ဍဓာန မထေရ်သည် ထိုအချိန်က တာဝတိံသာ နတ်ပြည်ရှိ နတ်သားတစ်ယောက် ဖြစ်ခဲ့၏။ ထိုနတ်သားသည် ကဿပဘုရားရှင်၏ တပည့်သာဝက ရဟန်းနှစ်ပါး၏ ညီညွတ်နေမှု၊ တရားတော်များတွင် အတူတကွ ကျင့်သုံးနေထိုင်နေမှု၊ တစ်မိဝမ်းတွမ်းမှ သက်ဆင်းသည့်သူများကဲ့သို့ စိတ်တူကိုယ်တူ ရှိမှုများအပေါ်တွင် မနာလို မရှုစိမ့်ဖြစ်ကာ ထိုမထေရ်နှစ်ပါး ညီညွတ်မှု ပျက်ပြားစေရန် သွေးခွဲခဲ့လေ၏။ မထေရ်နှစ်ပါးအနက် တစ်ပါးသော ရဟန်း၏ နောက်ကွယ်တွင် အမျိုးသမီးတစ်ဦး၏ ပုံကိုဖန်တီးကာ မမြင်ကွယ်ရာတွင် မထေရ်နှင့် မာတုဂါမ အတူရှိပြီး မသင့်လျော်သည့် အနေအထိုင်မျိုး ဖြစ်စေရန် အားထုတ်၏။ ထိုအခြင်းအရာကို အခြားသော ရဟန်းတစ်ပါးက မြင်သော်လည်း ဖန်တီးလုပ်ကြံခံရသည့် မထေရ်ကိုယ်တိုင်ကား မမြင်ရပေ။ ထို့ကြောင့် မြင်ရသော ရဟန်းက အရှင်ဘုရားသည် အကျင့်သိက္ခာ ပျက်ပြားသွားပြီ ဖြစ်သဖြင့် အရှင်ဘုရားနှင့်အတူ ပေါင်းဖော်ခြင်းငှါ မဖြစ်နိုင်ကြောင်း၊ အခြားတစ်ပါးကလည်း မဟုတ်မှန်ကြောင်းစသဖြင့် ငြင်းခုံကြရာမှ မထေရ်နှစ်ပါး ကွဲပြားသွားလေတော့၏။ ထိုမထေရ်နှစ်ပါး ကွားပြားမှုကို ဖန်တီးခဲ့သည့် နတ်သားသည် မိမိလုပ်ခဲ့သည့် အကုသိုလ်အကျိုးကြောင့် အ၀ီစိငရဲတွင် ကျရောက်ခဲ့ပြီး ဘ၀များစွာ အကုသိုလ်အပြစ်ကို ခံရကာ နောက်ဆုံးတွင် ယခုဂေါတမမြတ်စွာဘုရားရှင် လက်ထပ် ကောဏ္ဍဓာနရဟန်းအဖြစ် သာသနာဘောင်သို့ ရောက်ရှိခဲ့ခြင်းဖြစ်၏။ ရဟန်းဘ၀ရခဲ့သော်လည်း ကဿပဘုရားရှင် လက်ထက် နတ်သားဘ၀က လုပ်ခဲ့သည့် အကုသိုလ်၏ အကျိုးဆက်အဖြစ် ထိုမထေရ်၏ နောက်တွင် မာတုဂါမ ပုံရိပ်က အမြဲထပ်ကြပ်မကွာ ရှိနေခဲ့ကာ လူအများ၊ ရဟန်းအများ၏ အထင်လွဲမှုကို ခံနေခဲ့ရခြင်း ဖြစ်၏။

ယခု ကောဏ္ဍဓာန ဘ၀တွင် ထင်ဟပ်နေသည့် မာတုဂါမပုံရိပ်ကြောင့် ကောသလမင်းကိုယ်တိုင် ဖမ်းရန်အားထုတ်သော်လည်း အစစ်အမှန် မဟုတ်သဖြင့် မဖမ်းဘဲ နန်းတော်သို့ ဆွမ်းခံကြွရန် ဖိတ်ကြားခဲ့သည့်အပေါ် အခြားရဟန်းတော်များက နားမလည်နိုင်ဘဲ မထေရ်ကို တိုက်ရိုက်ပြောဆိုကာ ကျောင်းတော်မှ နှင်ထုတ်ရန် အားထုတ်ကြပြန်၏။ ထိုအခါတွင် ဘုရင်ကိုယ်တိုင် မဟုတ်မှန်ကြောင်း အသိအမှတ်ပြုထားသည့် ကောဏ္ဍဓာန မထေရ်က သူ့ကိုလာပြောသည့် အခြားရဟန်းတော်များကို ကြမ်းတမ်းသည့်စကားများဖြင့် ပြန်လည်တုံ့ပြန် ပြောဆိုလေတော့၏။ ထိုအကြောင်းကို ရဟန်းတော်များက မြတ်စွာဘုရားရှင်အား လျှောက်ကြားသည့် အခါတွင် မြတ်ဗုဒ္ဓက ကြမ်းကြုတ်သော စကားတို့ဖြင့် ပြန်လှန်တုံ့ပြန်တတ်သည့် ကောဏ္ဍဓာန ရဟန်းကို ပြစ်တင်ပြောဆိုကာ “ကောဏ္ဍဓာန… သင်၏ရှေးဘ၀က ပြုလုပ်ခဲ့သည့် ယုတ်မာသော အမှုကို အမှီပြု၍ သင်သည် ဤဖောက်ပြန်သော အခြင်းအရာသို့ ရောက်ရ၏၊ ယခုအခါ သင့်အားတစ်ဖန် ထိုသို့သဘောရှိသည့် ကြမ်းကြုတ်ယုတ်မာသည့် အပြောအဆို အပြုအမူမျိုး ပြုမူပြောဆိုခြင်းငှါမသင့်၊ ရဟန်းတို့နှင့်အတူတကွ ယုတ်မာကြမ်းတမ်းသော တစ်စုံတစ်ခုသော စကားကိုမျှ မဆိုလင့်၊ အဆိုခံရသောသူတို့သည် သင့်ကိုတစ်ဖန် ပြန်လှန်ဆိုကုန်ရာ၏။ သူတစ်ပါးကို ဒဏ်ပြုက အတုံအလှည့်တို့သည် သင့်ထံသို့ ပြန်ရောက်ကုန်ရာ၏။ အနားရေးပြတ်သော ကြေးခွက်သည် အသံမထွက်သကဲ့သို့ သင်သည်လည်း ထိုကြေးခွက်နှင့်တူစွာ အသံမရှိသည် ဖြစ်ဘိလော့၊ ဤသို့ပြုသည်ရှိသော် နိဗ္ဗာန်သို့ ရောက်သောသူမည်သည် ဖြစ်လတ္တံ့… (ဓမ္မပဒ၊ ဒဏ္ဍ၀ဂ်၊ ကောဏ္ဍဓာနထေရ၀တ္ထု)”ဟု အနုသန္ဓေစပ်ကာ တရားစကား မိန့်ကြားတော်မူလိုက်၏။ ဘုရားရှင် တရားစကားအဆုံးတွင် ကောဏ္ဍဓာန မထေရ်သည် ရဟန္တာဖြစ်ကာ အခြားသော တရားနာပရိတ်သတ်များသည် ထိုက်သင့်သည့် တရားများ ရသွားကြလေ၏။

ဤကား တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သော စကားကို မဆိုလင့်စသော ဘုရားစကားတော် ဟောကြားခဲ့ဖြစ်ခြင်း၏ အကြောင်းဝတ္ထုပင် ဖြစ်ပါ၏။ ကြမ်းကြုတ်သော စကားကို ဆိုခြင်းနှင့် မဟုတ်မမှန်သည့် လုပ်ရပ်များသည် အတုံ့အပြန်ကို ဖြစ်စေတတ်သည်ကို ထင်ရှားစေခဲ့၏။ မိမိက ပြုလုပ်လိုက်သည့် အကုသိုလ်အလုပ်လေးသည် အနည်းငယ်မျှသာ ဖြစ်သော်လည်း ခံရသည့်အခါတွင်ကား ဘ၀အဆက်ဆက်မှသည် နောက်ဆုံး ရဟန်းဘ၀အထိပင် ခံရတတ်သည်ကို သတိပြုသင့်လှ၏။ စင်စစ် ကြမ်းတမ်းသည့်စကားနှင့် မကောင်းသည့် လုပ်ရပ်များသည် သံသရာအထိ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ယခုဘ၀မှာပင်လျှင် တန်ပြန်တုံ့ပြန်မှုကို ခံရတတ်၏။ မိမိက တစ်စုံတစ်ယောက်အား အပြစ်မရှိဘဲ ကြမ်းတမ်းသောစကားကို ဆိုလိုက်လျှင် အဆိုခံရသူသည်လည်း တစ်ဖန်ပြန်ဆိုမည်ဆိုသည်မှာ အတုံ့အလှည့်ပင် ဖြစ်၏။ မှန်ကြည့်သကဲ့သို့ မိမိက မှန်ကြည့်ပြီး မဲ့ပြလျှင် မှန်တွင်ထင်ဟပ်လာမည့် ပုံရိပ်သည်လည်း မဲ့ပြမည်သာဖြစ်၏။ မိမိက ပြုံးပြလျှင် တစ်ဖန်ပြန်ပြုံးပြမည်သာ ဖြစ်၏။ ထို့အတူ မိမိက ချိုသာသည့် စကားကို ဆိုလျှင် အဆိုခံရသူသည်လည်း ချိုသာသည့် စကားဖြင့် ပြန်ဆိုပေးမည်သာ ဖြစ်၏။ ထို့အပြင် အခြားအခြားသော အပြုအမူ အနေအထိုင်များတွင်လည်း ထို့အတူသာဖြစ်၏။ သူတစ်ပါးကို ဒဏ်ပြုကာ ဒုက္ခဖြစ်စေလျှင် မိမိသို့လည်း ထိုဒဏ်ပြုမှုများ၊ ဒုက္ခတရားများသည် ပြန်လည် ရောက်လာမည်သာ ဖြစ်ပေ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက မည်သူ့အပေါ်မျှ ကြမ်းကြုတ်သော စကားများကို မဆိုရန်၊ ချုပ်ချယ်မှုကို မပြုရန်၊ မကောင်းသည့် သဘောများဖြင့် ဒုက္ခမပေးမိစေရန် မိန့်တော်မူခြင်း ဖြစ်၏။

မှန်၏။ ကြမ်းကြုတ်သော စကားဆိုလျှင် လူမပြောနှင့် တိရိစ္ဆာန်များပင်လျှင် မကြိုက်တတ်ပေ။ မေတ္တာဓာတ်ပါသည့် ချိုသာစွာ ပြောဆိုတတ်သည့် စကားများဆိုလျှင်ကား တိရိစ္ဆာန်များလည်း နာခံတတ်၏။ ချော့ပြောလျှင် လူမပြောနှင့် သတ္တ၀ါများသည်ပင် စကားနာခံတတ်၏။ ဆူပူကြိမ်းမောင်းပြီး လုပ်စေသည်ထက် အစ်ကိုဖြစ်စေ၊ အစ်မဖြစ်စေ၊ ညီဖြစ်စေ၊ ညီမဖြစ်စေ စသည့် ချိုသာသည့် အပြောအဆို အသုံးအနှုန်းများဖြင့် ပြောဆိုလုပ်ကိုင်စေသည်က အခိုင်းခံရသူများ၏ တုံ့ပြန်မှု ကောင်းများကို ရရှိနိုင်၏။ အရင်းစစ်လျှင် မိမိနှစ်သက်သည်ကို သူတစ်ပါးအား ရှေးဦးစွာပေးနိုင်မှသာ သူတစ်ပါးထံမှလည်း ပြန်လည်ရနိုင်သည့် သဘောပင်ဖြစ်၏။ မိမိကနူးညံ့မှ အခြားသူလည်း နူးညံ့မည်ဖြစ်ပြီး မိမိက ကြမ်းကြုတ်လျှင် အခြားသူလည်း ကြမ်းကြုတ်မည်သာ ဖြစ်၏။ ဤသည်မှာ သဘာဝကျသည့် အတုံ့အလည့် သဘောပင် ဖြစ်ပါ၏။

သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိ၏ဟု ဆိုသကဲ့သို့ စေတနာပါသည့် လုပ်ရပ်တိုင်းတွင်လည်း တန်ပြန်ဖြစ်ပေါ်တတ်သည့် အတုံ့အလှည့်ဟူသည် ရှိနေပေ၏။ ထို့အတုံ့အလှည့်သည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ပြုလုပ်သူ၏ အပေါ်တွင်သာ တည်မှီလေ၏။ ပြုလုပ်သူက အကောင်းပြုလုပ်လျှင် တန်ပြန်သက်ရောက်မှု၏ အတုံ့အလှည့်သည် ကောင်းမည်ဖြစ်ပြီး ပြုလုပ်သူက မကောင်းပြုလုပ်လျှင် တန်ပြန်သက်ရောက်မှု၏ အတုံ့အလှည့်သည် မကောင်းဖြစ်မည်သာ ဖြစ်၏။ ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့် ဖြစ်စေ ပြုလုပ်ပြောဆိုကြံစီမှုများသည် မိမိကိုယ်တိုင်၏ ရွေးချယ်မှုသာဖြစ်ပြီး ထိုအပြုအမူ အပြောအဆို အကြံအစီများ၏ တန်ပြန်သက်ရောက်မှုသည်လည်း ရွေးချယ်ပြုလုပ်ခဲ့သည့် မိမိထံသို့သာ ပြန်လာမည့် အတုံ့အလှည့်များပင် ဖြစ်၏။ အပြုအမူကောင်းလျှင် အတုံ့အလှည့်ကောင်းမည်ဖြစ်ပြီး အပြုအမူဆိုးလျှင် အတုံ့အလှည့် ဆိုးများသာ ဖြစ်၏။

အချုပ်အားဖြင့် မည်သူမဆို အကောင်းကိုသာ အလိုရှိတတ်ကြရာတွင် အကောင်းများဖြစ်စေရန် မိမိကိုယ်တိုင် ရှေးဦးစွာ ကောင်းပြရန် လိုအပ်ပေ၏။ မိမိက မကောင်းလျှင် သူတစ်ပါးလည်း မကောင်းမည်ဖြစ်သဖြင့် မိမိကိုယ်တိုင် မကောင်းမဖြစ်ရန် ကြိုးစားသင့်လှ၏။ အကောင်းအစစ်ဟူသည် မကောင်းမဖြစ်ရန် လိုအပ်သဖြင့် အကြောင်းအပြစ်ကို ကောင်းပြစ်ရန် လိုအပ်ပေ၏။ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဖြစ်ပြီး အကျိုးကောင်းခြင်းသည် အတုံ့အလှည့်ကောင်းခြင်းဖြစ်၏။ အတုံ့အလှည့်ကောင်းခြင်းသည့် အကောင်းလုပ်ခဲ့ခြင်းကြောင့် ဖြစ်၏။ ထိုအတုံ့အလှည့်များ၏ တုံ့ပြန်မှုများသည် မိမိ၏ အလုပ်များကြောင့်သာ ဖြစ်ပါ၏။ ထို့ကြောင့် မည်သူမဆို အတုံ့အလှည့်ကောင်းများ ဖြစ်ပေါ်စေရန် အလုပ်လက်နက်ကောင်းဖြင့် အကြောင်းကောင်းအောင် ကြိုးစားကာ မိမိက ရှေးဦးစွာ အကောင်းများဖြင့် ကောင်းပြရန် လိုအပ်ကြောင်း အထူးသတိပြုရမည် ဖြစ်ပါပေတော့၏။ အားလုံး… အတုံ့အလှည့်ကောင်းများဖြင့် တုံ့ပြန်နိုင်ကြပါစေ…

Read more »

အရေးကြီး၏…သို့သော် အရေးမကြီး…

“Money makes everything. ငွေဟာ အရာရာကို ဖန်တီးနိုင်တယ်” ဆိုတဲ့ စကားကို ကြားရတိုင်း ငွေမျက်နှာတစ်ခုတည်းကိုပဲ ကြည့်လေ့ရှိတတ်တဲ့ သူတွေကို သတိရမိပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ လူအတော်များများဟာ ငွေအတွက် ဦးစားပေးနေကြရတဲ့ အနေအထား ရှိပါတယ်။ ခေတ်ကာလ အခြေအနေကလည်း ငွေမရှိရင် ဘာမှလုပ်လို့မရဘဲ ဖြစ်နေတာဆိုတော့ ဟိုနာသွားလည်းငွေ၊ ဒီနားသွားလည်းငွေ၊ ဟိုလူတွေ့လည်းငွေ၊ ဒီလူတွေ့လည်းငွေ၊ ဟိုဟာလုပ်ချင်လည်းငွေ၊ ဒါလုပ်ချင်လည်းငွေ စသဖြင့် ငွေကိုရှေ့တန်းတင်နေရတဲ့ အနေအထား ဖြစ်နေပါတယ်။ ဒါပေမယ့် ငွေဟာအဲဒီလောက် အရေးပါနေပေမယ့် ဒီငွေကြောင့်ပဲ ဆင်းရဲပေါင်းစုံကြုံ၊ ပြဿနာပေါင်းစုံတက်၊ အချင်းချင်း ခိုက်ရန်ဒေါသဖြစ်နဲ့ နောက်ဆုံး အကျင့်သိက္ခာတရားတွေပါ ပျက်ကုန်တဲ့အထိ ဖြစ်ကြပြန်ပါတယ်။ ဒီအခါမှာ အရာရာကို ဖန်တီးနိုင်စွမ်းရှိတဲ့ ငွေဟာလည်း ဘာမှလုပ်မပေးနိုင်ပြန်ပါဘူး။ စိတ်ဒုက္ခပေါင်းစုံကို ကုစားပေးဖို့ ငွေကအစွမ်း မရှိပြန်ပါဘူး။ ငွေတွေဘယ်လောက်ပဲ ရှိနေပေမယ့် ရုပ်တရားကို အမှီပြုဖြစ်ပေါ်တတ်တဲ့ တစ်ချို့ရောဂါတွေကျပြန်တော့ ငွေကကုသပေးနိုင်စွမ်း မရှိပြန်ပါဘူး။ ဒါကြောင့် ငွေဟာ “အရေးကြီး၏… သို့သော် အရေးမကြီး”ဟု ဆိုခြင်းဖြစ်ပါတယ်။

တစ်ခါက တရားပွဲတစ်ခုကပင့်လို့ ကြွရောက်ပြီး ဆုံးမသြ၀ါဒ ပေးဖြစ်ပါတယ်။ အဲဒီတရားပွဲမှာ မြန်မာရဟန်းတော်များရော မြန်မာပြည်သွားရောက်ကာ ထေရ၀ါဒ ရဟန်းတော်အဖြစ် ပြောင်းလဲခံယူ ကျင့်သုံးနေကြတဲ့ နိုင်ငံခြားသား ရဟန်းတော်များပါ အချိန်အကန့်အသတ်နဲ့ ဆုံးမသြ၀ါဒစကား ပြောကြားပေးရမယ့် အစီအစဉ် တစ်ခုလည်း ပါဝင်ပါတယ်။ မြန်မာများ ဦးစီးပြီး လုပ်တဲ့ပွဲဖြစ်တဲ့အတွက် မြန်မာလိုပဲ သြ၀ါဒပေးပြီး နိုင်ငံခြားသား ရဟန်းတော်များရဲ့ ဟောကြားချက်ကိုတော့ ဘုန်းဘုန်းက ဘာသာပြန်ပေး ဖြစ်ပါတယ်။ အဲဒီပွဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၇နှစ်လောက်တည်းက မြန်မာပြည်ကြွရောက်ပြီး ထေရ၀ါဒ အသွင်နဲ့ ၀ိပဿနာတရားတွေ အားထုတ်ကာ ခုတော့သူ့နိုင်ငံမှာ တရားပြန်ပြပေးနေတဲ့ ဆရာတော်တစ်ပါးရဲ့ ဆုံးမသြ၀ါဒ ပေးတာလေးကို သတိရမိ နေပါတယ်။

ဆရာတော်က တရားနာသူတွေကို “မြန်မာပြည်ကနေ ထွက်လာပြီး ခုလိုပင်ပင်ပန်းပန်း ဘ၀စားဝတ်နေရေးအတွက် ကြိုးစားနေတာတွေ တွေ့ရတော့ စိတ်မကောင်းပါဘူး၊ ဒီမှာလာပြီး အလုပ်လာလုပ်ကြတဲ့ ရည်ရွယ်ချက်က မိသားစု စားဝတ်နေရေးနဲ့ ကိုယ့်ဘ၀ ရှေ့ရေးတွေအတွက် ငွေလာရှာကြတာ ဖြစ်ပါတယ်၊ ငွေလာရှာကြတာ ဆိုတဲ့အတွက် ငွေတစ်ခုတည်းကို ရှေ့တန်းတင်ထား၊ ငွေတစ်ခုတည်းကိုပဲ ကိုးကွယ်ထား၊ ငွေရရင်ပြီးရောဆိုတဲ့ အတွေးတွေနဲ့ ငွေနောက်ကိုပဲ လိုက်နေတဲ့ အနေအထားမျိုးတွေပဲ ဖြစ်မနေဖို့တော့ သတိပြုကြဖို့ လိုပါတယ်၊ ဘုန်းကြီးတို့လည်း အရင်တုန်းကတော့ ငွေရှိရင် ဘာမဆို ပြီးတယ်ဆိုတဲ့ အတွေးနဲ့ ငွေကိုပဲ မရမက ရှာဖွေခဲ့ဖူးပါတယ်၊ နောက်ဆုံးတော့ ငွေကြောင့် အဆင်ပြေတာကနဲနဲရယ်၊ ဒီငွေကို အကြောင်းပြုပြီး ဖြစ်ရတဲ့ ဒုက္ခ၊ ခံစားရတဲ့ ဝေဒနာ၊ ဆုံးရှုံးရတဲ့ အကျင့်သိက္ခာ စတာတွေက ပိုများတော့ ဒီငွေတွေနဲ့ သံယောဇဉ်အားလုံးကို ဖြတ်ပြီး အခုလို ဒကာဒကာမတို့ နိုင်ငံကိုသွားပြီး အပြီးအပိုင် သာသနာ့ဘောင်ထဲကို ၀င်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘုန်းကြီးပြောချင်တာက ငွေနောက်ချည်းပဲ လိုက်မနေကြဖို့ပါ၊ ငွေလည်းရှာ၊ ကုသိုလ်လည်းရှာ၊ ကိုယ်ကျင့်တရားကိုလည်း ထိန်းကြဖို့ပါ၊ အဲဒီလို နေနိုင်အောင်လည်း ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်…” စသဖြင့် သြ၀ါဒ ပေးတာလေးကို ဘာသာပြန်ပေးရင် နာဖြစ်ခဲ့ပါသေးတယ်။

ဟုတ်ပါတယ်။ အဲဒီဆရာတော် အမိန့်ရှိသလိုပါပဲ။ အရာရာ ငွေကအရေးကြီးပေမယ့် ငွေနောက်ချည်းပဲ လိုက်နေလို့တော့ မဖြစ်ပြန်ပါဘူး။ ငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ဆိုနေကြသူတွေကိုယ်တိုင် ငွေရှိလာပြန်တော့ မဖြစ်တာတွေကို သဘောပေါက်ပြီး ဘ၀လွတ်မြောက်မှုကို ရှာတတ်ကြတာလည်း လက်တွေ့ တွေ့နေရပါတယ်။ ငွေမရှိလို့ မဖြစ်ဘူးဆိုတဲ့ အတွေးတွေနဲ့ ငွေရအောင် ကြိုးစားရင်း အပူမီး လောင်မြိုက်သူတွေလည်း ရှိပါတယ်။ နောက်ဆုံးတော့ ငွေရှိပေမယ့် ဘာမှမလုပ်နိုင်တဲ့ ဒုက္ခတွေကြုံလာတဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အဆင့်အထိ ဖြစ်သွားတဲ့ သူတွေလည်း ရှိနေကြပြန်ပါတယ်။ သေချာတာကတော့ ငွေဟာအရေးကြီးပေမယ့် ငွေကလုပ်မပေးနိုင်တာတွေလည်း အများကြီးရှိတယ် ဆိုတာပါပဲ။ ဒါကြောင့် တစ်ခါတစ်လေ ဘုန်းဘုန်းက Money makes everything ဆိုတဲ့စကားလေးကို Money makes almost everything လို့တောင် ပြောင်းပြီး ပြောဖြစ်ပါသေးတယ်။ ငွေကလုပ်ပေးနိုင်တာတွေ များပါတယ်။ ဒါပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။ အားလုံးနီးပါးပါ။ ဒါက လောကကြောင်းအရ ပြောတာပါ။ ဘ၀လွတ်မြောက်ကြောင်းနဲ့ ပြောရရင် ငွေက မလိုအပ်ပြန်ပါဘူး။ လက်တွေ့လိုက်နာ ကျင့်သုံးမှုပဲ လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာ ဖြစ်ဖို့ ငွေကအရေးကြီးပေမယ့် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းဖို့အတွက်တော့ ငွေကလုပ်မပေးနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်ရဲ့ ကျင့်ကြံအားထုတ်မှု၊ ကိုယ့်စိတ်ကိုယ် ငြိမ်းချမ်းအောင် နေနိုင်မှုကပဲ လုပ်ပေးနိုင်ပါတယ်။

ဘုန်းဘုန်းတို့လည်း ပြည်ပမှာ အနေကြာလာ၊ ပြည်ပမှာ ငွေလာရှာကြတဲ့ ဒကာဒကာမများနဲ့ ထိတွေ ဆက်ဆံလာတာတွေ များလာတော့ သူတို့ရဲ့ ဘ၀အခြေအနေကို ပိုပိုသိလာရပါတယ်။ တွေ့တဲ့နေရာ ရောက်တဲ့အရပ်တွေမှာ တွေ့ရတတ်တဲ့ ကိုယ့်လူမျိုးအားလုံးဟာ ငွေတစ်ခုတည်းကြောင့် သူများတိုင်းပြည်မှာ လာအလုပ်လုပ် ငွေရှာနေကြရပြီး ဒီတစ်ခု ရဖို့အတွက် စွန့်လွတ်ထားရတာတွေက အများကြီးပဲဆိုတာ မကြာမကြာ သတိပြုမိနေပါတယ်။ ဒါကြောင့်လည်း အလုပ်လာလုပ်နေတဲ့ ကလေးတွေနဲ့တွေ့တိုင်း ကိုယ့်ဘ၀ အခြေအနေနဲ့ ကိုယ်လာနေရတဲ့ အနေအထား၊ ကိုယ့်ရဲ့ရည်ရွယ်ချက် ပြီးတော့ စွန့်လွှတ်ထားခဲ့ရ တာတွေကို မမေ့ကြဖို့နဲ့ ငွေနောက်ပဲ လိုက်မနေကြဖို့၊ ငွေရှာရင်း ဘ၀မနစ်မွန်းကြဖို့၊ ငွေလည်းရှာ၊ ၀တ္တရားလည်းဖြည့်၊ ကုသိုလ်လည်း ဆည်းပူး၊ အကျင့်တရားလည်း ထိန်းသိမ်းကြဖို့ စသဖြင့် သတိပေး ဆုံးမဖြစ်နေပါတယ်။ ငွေဟာ အရေးကြီးပေမယ့် ငွေနဲ့မလုပ်နိုင်တဲ့ အရာတွေကိုလည်း မမေ့ကြဖို့၊ ငွေဟာအရေးကြီးပေမယ့် ငွေကြောင့် ဘ၀နစ်မွန်းရတာတွေအထိ မလုပ်မိကြဖို့၊ ငွေဟာအရေးကြီးပေမယ့် ငွေကြောင့် အကျင့်သီလ ပျက်စီးတဲ့အထိ မဖြစ်ကြဖို့ စသဖြင့် အသိပေး လမ်းညွှန်ဖြစ်နေပါတယ်။

သေချာတာကတော့ ငွေဟာအရေးကြီးပေမယ့် အရေးမကြီးဘူးဆိုတာ သေချာပါတယ်။ ငွေနောက်ကိုလိုက်ရင်း ဘ၀မှာ ဘာမှရမသွားတာတွေကို တွေ့ရပြန်တော့ ငွေကိုရှေ့တန်းတင်၊ ငွေမျက်နှာတစ်ခုတည်းကို အဟုတ်ထင်နေသူတွေအတွက် သတိပြုစရာ ဖြစ်နေပါတယ်။ တစ်နေ့ကပဲ ဒကာလေးတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက “တပည့်တော်က ဒီမှာ ကြာကြာနေမှာ မဟုတ်တော့ ရောက်တည်းက အလုပ်ပဲ ခေါင်းထဲမှာ ရှိနေတယ်ဘုရား၊ ငွေရရင် ဘာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ လုပ်ရလုပ်ရ လုပ်မယ်ဆိုတဲ့ အတွေးပဲ ရှိနေခဲ့ပါတယ်၊ ဖြစ်ချင်တော့ တပည့်တော် အခုလုပ်နေတဲ့ အလုပ်က အော်ဒါတွေက အရမ်းကျပြီ့း အလုပ်က နေ့မနားညမနားကို လုပ်နေရတယ်၊ အစတော့ တပည့်တော် အကြိုက်ပေါ့ဘုရား၊ ဒါပေမယ့် ကြာလာတော့ နေ့ညမနားရဘဲ အလုပ်လုပ်ရ၊ ခန္ဓာကိုယ် အနားပေးမှုမရှိ၊ အစားအသောက် မမှန်ဖြစ်ပြီး တပည့်တော်ကိုယ်တိုင် စိတ်လွတ်ကိုယ်လွတ်တွေ ဖြစ်လာ၊ နောက်ဆုံး ကျန်းမာရေးပါ ထိခိုက်လာလို့ မဖြစ်မနေ အနားယူပြီး ဆေးကုနေလိုက်ရတာ ဆင်းထားသမျှ အချိန်ပိုခနဲ့ ရထားသမျှ လုပ်ခကုန်ပါလေရောဘုရား၊ ပိုဆိုးတာက ကျန်းမာရေးက အရင်လို မကောင်းတော့ဘဲ ခဏခဏ ဖြစ်ဖြစ်နေတော့တာပဲ ဘုရား…” စသဖြင့် သူ့အတွေ့အကြုံကို ပြောပြလျှောက်ထားပါတယ်။

တကယ်ပါပဲ။ သူလိုဒကာလေးတွေ ဘုန်းဘုန်းတို့ အများကြီး တွေ့ဖူးပါတယ်။ ငွေရှာမှဖြစ်မယ်၊ ငွေစုမှ ဖြစ်မယ်ဆိုတဲ့ အတွေးတွေနဲ့ ငွေရရေး၊ အလုပ်ကောင်းရေးကို ရှေးတန်းတင်ထားတဲ့ ဒကာလေးတွေ အများကြီး ကြုံဖူးပါတယ်။ အဲဒီလို ကြုံတိုင်းလည်း ဘုန်းဘုန်းကတော့ “ငွေရှာဖို့လာတာ ဖြစ်တဲ့အတွက် ငွေရှာရမှာ ဖြစ်ပေမယ့် ငွေနောက်ပဲ လိုက်မနေကြဖို့၊ ငွေလည်းရှာ၊ ကျန်းမာရေးအတွက်လည်း သတိပြုကြဖို့၊ ဘာပဲဖြစ်ဖြစ် အစွန်းမရောက်ကြဖို့၊ တစ်ဘ၀တစ်နပ်စာ မကြည့်ဘဲ သံသရာအတွက်လည်းကြည့်ဖို့၊ ပင်ပင်ပန်းပန်း ရှာထားတာတွေထဲက ဘ၀သံသရာအတွက် အနှစ်ထုတ်ကြဖို့…” စသဖြင့် မေတ္တာ၊ စေတနာ အပြည့်နဲ့ ဆုံးမသြ၀ါဒ ပေးဖြစ်နေပါတယ်။ ဒါကလည်း သူတို့လေးတွေရဲ့ လက်တွေ့ဘ၀အခြေအနေတွေကို သိနေလို့ပဲ ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် နိုင်ငံခြားမှာ လာပြီးအလုပ်လုပ်နေရတဲ့ သူတို့ရဲ့ အခြေအနေကို မြန်မာပြည်မှာရှိတဲ့ သူတို့မိဘတွေထက် ဘုန်းဘုန်းက ပိုသိပါတယ်။ မိဘတွေ စိတ်ဆင်းရဲမှာစိုးလို့ မပြောဘဲထားတဲ့ အရာတွေဟာ ဘုန်းကြီးကျောင်းရောက်မှ ဘုန်းဘုန်းရဲ့ တရားစကားတွေနဲ့ ဖြေဖို့အတွက် အကုန်ရင်ဖွင့်ကြတာဆိုတော့ ဘုန်းဘုန်းက သူတို့မိဘတွေထက် ပိုသိတာပေါ့။ ပိုသိလေ၊ ပိုသနားလေ၊ ပိုပြီးမေတ္တာပို့ရလေ၊ ပိုငဲ့ရလေပါပဲ။ တစ်ခါတစ်လေ မြန်မာပြည်ပြန်ဖို့ စဉ်းစားမိပေမယ့် သူတို့လေးတွေအပေါ် ထားတဲ့စေတနာက “ဘုန်းကြီးမရှိရင် မေတ္တာငတ်ပြီး အဆုံးအမမဲ့ကာ ကုသိုလ်တွေပါ လျော့သွားမှဖြင့်…”လို့တွေ့ပြီး မပြန်ဖြစ်သေးတာလည်း အမှန်ပါပဲ။ ပြန်တာတော့ ပြန်ရမှာပါ။ လူတွေလည်း စွန့်လွတ်ထားရတာတွေရှိသလို နိုင်ငံခြားရောက် ဘုန်းကြီးတွေလည်း စွန့်ထားရတာတွေ ရှိပါတယ်။ အထူးသဖြင့် ၀ိနည်းသိက္ခာပုဒ်ပိုင်းတွေပေါ့။

ထားပါတော့။ ဒီနေရာ ဘုန်းဘုန်းအဓိက ပြောချင်တာက ငွေဟာ အရေးကြီးတယ်လို့ ထင်ရပေမယ့် တကယ်မရေးမကြီးဘူး ဆိုတာ သိစေချင်တာပါ။ အရာရာမှာ ငွေလိုအပ်ပေမယ့် ငွေနောက်ပဲ လိုက်နေလို့ မဖြစ်ဘူးဆိုတာ သဘောပေါက်စေချင်တာပါ။ ငွေနောက်ကိုလိုက်ရင်း ဆုံးရှုံးတတ်တာတွေကို နားလည်စေချင်တာပါ။ ငွေကလုပ်မပေးနိုင်တဲ့ အရာတွေကို သတိပြုစေချင်တာပါ။ ငွေရှားရင်း ငွေပိုကုန်မယ့် အနေအထားတွေကို ရှောင်စေချင်တာပါ။ ငွေကိုရှေ့တန်းတင်ရင်း ငွေကြောင့် ပျက်စီးတတ်တဲ့ အကျင့်သီလတွေကို မပျက်စီးစေချင်တာပါ။ ငွေရှားရင်း ဘ၀အနှစ်သာရတွေကို ရအောင်ယူစေချင်တာပါ။ အဓိကကတော့ ငွေတစ်ခုတည်း ရှေ့တန်းတင် ငွေနောက်ချည်းပဲ လိုက်နေတတ်တဲ့ အစွန်းရောက်သူတွေ မဖြစ်ကြဘဲ ဘာပဲဖြစ်ဖြစ် အလယ်အလတ်ကျအောင် လုပ်ဆောင်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘ၀မှာ လိုအပ်တဲ့အရာတွေ ရှိသလို မလိုအပ်တဲ့ အရာတွေလည်း ရှိတတ်တဲ့အထဲမှာ ငွေဟာလည်း လိုအပ်တဲ့အရာထဲမှာ ပါပေမယ့် ငွေနောက်ပဲလိုက်ကာ ငွေကိုပဲ ဦးစားပေးနေတဲ့အထိ မဖြစ်ကြစေဖို့၊ ငွေဟာ အရေးကြီးပေမယ့် တကယ့်ဘ၀သံသရာ လွတ်မြောက်ရေးနဲ့ယှဉ်ရင် ငွေထက် လက်တွေ့လိုက်နာ ကျင့်ကြံမှုကသာ ပိုအရေးကြီးတဲ့အတွက် အများထင်သလို အရေးကြီးပေမယ့် အရေးမကြီးဘူးဆိုတာ မမေ့ကြဖို့၊ ဘာပဲဖြစ်ဖြစ် အစွန်းမရောက်စေဘဲ ဘုရားလမ်းစဉ်ဖြစ်တဲ့ အလယ်အလတ်လမ်းကို လျှောက်လှမ်းနိုင်အောင် ကြိုးစားကြဖို့ “အရေးကြီး၏၊ သို့သော်.. အရေးမကြီး..”ဆိုတဲ့ စကားလေးနဲ့ အသိပေးတင်ပြ လိုက်ရခြင်း ဖြစ်ပါတယ်။ အားလုံး… တကယ်အရေးကြီးတဲ့ အရာနောက်ကို လိုက်နိုင်ကြပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ