အလိုမကျ ဖြစ်ကြရာဝယ်…

ဘုန်းဘုန်းအပါအ၀င် သတ္တ၀ါတွေဟာ တစ်ခုမဟုတ် တစ်ခုတော့ အလိုမကျ ဖြစ်ဖူးကြပါတယ်။ ပုထုဇင်တွေ ဖြစ်နေတဲ့အတွက်လည်း အလိုပြည့်တယ်ဆိုတာ မရှိနိုင်ပါဘူး။ တစ်မျိုးမျိုးနဲ့ အလိုမကျ ဖြစ်နေကြမှာပါ။ တကယ်လည်း ဖြစ်နေကြသလို ဖြစ်လည်းဖြစ်ဖူးကြပါတယ်။ နောင်လည်း ဖြစ်နေဦးမှာပါပဲ။ ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်တဲ့အခါ ရှိကြသလို သူများကိုကြည့်ပြီး အလိုမကျ ဖြစ်နေတာတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်ရှိတဲ့အရာတွေအပေါ်မှာ အလိုမကျ ဖြစ်တတ်သလို သူ့ရှိတဲ့အရာတွေကြောင့်လည်း အလိုမကျ ဖြစ်တာတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်ကြောင့် အလိုမကျတဲ့အခါ ရှိတတ်သလို သူ့ကြောင့်အလိုမကျတဲ့ အခါလည်း ရှိတတ်ပါတယ်။ သေချာတာကတော့ ခန္ဓာဝန်လက်စသိမ်းပြီး ဒုက္ခမငြိမ်းသေးသမျှ အလိုမကျမှုတွေက ရှိနေကြမှာပဲ ဖြစ်ပါတယ်။ ရုပ်နာမ်အစုကို ပိုင်ဆိုင်ထားသမျှ ဒီရုပ်နာမ်နှစ်ခုကြောင့် အပူစုတွေနဲ့အတူ အလိုမကျမှုတွေက မပြတ်ဖြစ်နေမှာ အမှန်ပါပဲ။ နောက်ဆုံးတော့ နေရတဲ့အခိုက်မှာ ဒီအလိုမကျမှုတွေ အခိုက်အတန့်ဖြစ်ဖြစ် သက်သာဖို့အတွက် အကောင်းဆုံး ကုစားဖို့ပဲ ကြိုးစားရတော့မှာပါ။ အလိုမကျတဲ့အခါ ဖြေဆည်နိုင်ဖို့ပဲ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သေချာတွေးကြည့်ရင် ဘုန်းဘုန်းတို့တတွေဟာ နေ့တိုင်းနေ့တိုင်း အမျိုးမျိုး ပြောင်းလဲနေတဲ့ စိတ်ကြောင့် ခံးစားချက်အမျိုးမျိုးနဲ့ တစ်မျိုးပြီးတစ်မျိုး အလိုဆိုးတွေပဲ ဖြစ်နေတတ်ကြပါတယ်။ တစ်ခါတစ်လေ တစ်ယောက်တည်းနေရင်းတောင် အလိုလို အလိုမကျ ဖြစ်နေတာတွေ ရှိတတ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတော့ အဖြေက တိတိကျကျ မရှိပြန်ပါဘူး။ အလိုမကျ ဖြစ်တတ်တာတော့ အသေးအဖွဲလေးက အစပါပဲ။ တစ်ခါတစ်လေ မြင်ရတဲ့ အဆင်းကြောင့် ဖြစ်ရသလို တစ်ခါတစ်လေ ကြားရတဲ့ အသံကြောင့် ဖြစ်ရပြန်ပါတယ်။ တစ်ခါတစ်ခါကျတော့လည်း အနံ့ကြောင့်၊ တစ်ခါတစ်လေကျတော့ အရသာကြောင့်၊ ပြီးတော့ အတွေ့အထိစတာတွေကြောင့် တစ်မျိုးမဟုတ် တစ်မျိုးနဲ့ကို အလိုမကျ ဖြစ်နေရတာပါ။ ကိုယ့်ရဲ့ အဆင်း၊ အသံ၊ အနံ့ စတာတွေကြောင့် အလိုမကျ ဖြစ်ရသလို သူများရဲ့ အဆင်း၊ အသံ စတာတွေကြောင့်လည်း ဖြစ်ရပြန်ပါတယ်။ အရင်းစစ်တော့ အရှင်ဆန္ဒာဓိကရဲ့ စကားအတိုင်း တစ်ယောက်တည်းနေ တစ်စိတ်တည်း မထားနိုင်လို့ပဲ ဖြစ်ပါတယ်။ ဘုရားစကားတော် အတိုင်းဆိုရင် ခန္ဓာအစုကြောင့်ပဲ ဖြစ်ပါတယ်။ စွဲလန်းတတ်တဲ့ ဥပါဒါနက္ခန္ဓာကြောင့်ပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက အနတ္တလက္ခဏသုတ်မှာ ပဉ္စ၀ဂ္ဂီငါးဦးကို အလိုမကျ ဖြစ်တတ်တာတွေနဲ့ ပတ်သက်ပြီး ဟောတော်မူထားပါတယ်။ အလိုမကျဖြစ်နေခြင်းဟာ အရာရာ အနတ္တဖြစ်တယ်ဆိုတဲ့ သဘောကို မေ့နေပြီး အတ္တလို့ ထင်နေတဲ့အတွက်ကြောင့် ဆိုတာကို ဒီသုတ်တော်မှာ ပြတော်မူထားပါတယ်။ အလိုရှိတဲ့အတိုင်း အရာရာ ဖြစ်နေမယ်ဆိုရင် အနတ္တဆိုတာ မရှိဘဲ အတ္တပဲ ရှိနေတတ်ပေမယ့် အမှန်တကယ် အတ္တဆိုတာ မရှိကြောင်းကို ဒီသုတ်တော်က ထင်ရှားစေပါတယ်။ ဘုရားရှင်က “ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဤရုပ်သည် အတ္တဖြစ်ခဲ့လျှင် ရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟူ၍လည်း ရုပ်၌စီရင်၍ ရရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းဖြစ်၏၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်ဟူ၍လည်း ရုပ်၌စီရင်၍ မရအပ်..” စသည်ဖြင့် ရုပ်သည်အတ္တမဟုတ် အနတ္တဖြစ်ကြောင်း ဟောတော်မူပါတယ်။ ပြီးတော့ “ခံစားခြင်းဝေဒနာ၊ မှတ်သိခြင်း သညာ၊ ပြုပြင်စီရင်ခြင်း သင်္ခါရ၊ သိစိတ်ဖြစ်ခြင်း ၀ိညာဏ်တို့သည်လည်း အလားတူပင် အတ္တမဟုတ်၊ အနတ္တဖြစ်ကြောင်း၊ အနတ္တဖြစ်သည့်အတွက် မမြဲကြောင်း၊ ဆင်းရဲကြောင်း၊ မမြဲဆင်းရဲပြီး ဖောက်ပြန်ခြင်း သဘောရှိသဖြင့် ထိုရုပ်ဝေဒနာ စသည်တို့၌ ငါ၊ ငါ့ဥစ္စာ၊ င့ါအတ္တဟု ရှုမြင်ရန် မသင့်ကြောင်း ထိုအရာများအား ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ငါ့အတ္တမဟုတ်ဟု ဟုတ်တိုင်းမှန်စွာ ပညာဖြင့် သိမြင်နိုင်မှသာ ရုပ်၌လည်း ငြီးငွေ့လာ၊ ဝေဒနာစသည်တို့၌လည်း ငြီးငွေ့လာကာ ကိလေသာကင်း၍ မဂ်ကိစ္စပြီးမည်ဖြစ်ကြောင်း…” စသဖြင့် ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓရဲ့ ဒီဟောကြားချက်များကို ကြည့်ရင် အလိုမကျတာတွေအတွက် ဖြေဆည်ရာ ရစေမှာ အမှန်ပါပဲ။ တစ်ခါတစ်လေ ဖြစ်တတ်တဲ့ ကိုယ့်ရဲ့အလိုမကျမှုတွေကို “အရာရာဟာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လို့ရတဲ့ အတ္တမဟုတ် သူဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အနတ္တသဘောပဲ”ဆိုတဲ့ အသိနဲ့ ဖြေကြည့်မယ်ဆိုရင် အထိုက်အလျောက် ဖြေဆည်ရာရမှာပါ။ မှန်ပါတယ်။ တစ်ခါတစ်လေ လက်တွေ့ဘ၀မှာလည်း ဒီလို ဘာမဟုတ်တဲ့ အလိုမကျမှုတွေနဲ့ စိတ်ဒုက္ခဖြစ်ခဲ့ကြတာ မနည်းလှပါဘူး။ ဘုန်းဘုန်းအပါအ၀င် ပုထုဇင်မှန်သမျှ အလိုမကျမှုတွေကြောင့် ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ အဆင်မမြေမှုတွေ အများကြီး ဖြစ်ခဲ့ကြ၊ တွေ့ခဲ့ကြ၊ ခံစားခဲ့ကြပါတယ်။ ပြီးတော့ သူတစ်ပါးကို အမှီပြုပြီး ဖြစ်ကြရတဲ့ အလိုမကျမှုတွေကြောင့် ခံစားရတဲ့ ဒုက္ခတွေကလည်း မရေတွက်နိုင်အောင်ကို များခဲ့ကြပါသေးတယ်။ တကယ်တော့ ဖြေဆည်တတ်မယ်ဆိုရင် ငါ၊ ငါ့ဟာဆိုတာ အမှန်မရှိပေမယ့် အမှန်လို့ထင်နေတတ်တဲ့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုတောင် ကိုယ့်စိတ်တိုင်းကျ မဖြစ်တဲ့ဟာကို ကိုယ်နဲ့ဘာမှ မပတ်သက်တဲ့ သူများတွေကို ကိုယ့်အလိုကျ ဖြစ်စေဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲပေါ့…။ တစ်နေ့ကပဲ ဖြစ်လိုက်သေးတယ်။ ဒကာလေးတစ်ယောက် ဝေယျာဝစ္စလာလုပ်ရင်း အလွဲလေးလုပ်မိလို့ စိတ်ထဲမှာ အလိုမကျ ဖြစ်ခဲ့မိသေးတယ်။ နောက်တော့ အချိန်မီပဲ “ငါ့နဲ့ ဘာမှသွေးမတော် သားမစပ်ဘဲ ဘုရားသားတော် တစ်ပါးအနေနဲ့ ကြည်ညိုလို့ လာပြီးကုသိုလ်ယူတာကို ငါက ဘာဖြစ်လို့ အလိုမကျ ဖြစ်နေရတာလဲ…၊ သူ့နေရာမှာ ငါသာဆိုရင် ဒီလိုပဲ ဖြစ်မိမှာပဲ၊ ငါ့ကိုယ်ငါတောင် စိတ်တိုင်းမကျ ဖြစ်နေတာ သူတစ်ပါးကို ငါ့စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ…” စသဖြင့် စိတ်ကိုဖြေနိုင်၊ အတွင်းမှာဖြစ်နေတဲ့ အလိုမကျမှုကို အပြင်မထွက်အောင် ထိန်းလိုက်နိုင်ပါတယ်။ ဘုန်းဘုန်းလိုပဲ အားလုံးလည်း ဖြစ်ဖူးကြမှာပါ။ အလိုမကျမှုတွေကိုလည်း ဖြေဖူးကြမှာပါ။ ဖြေလည်း ဖြေကြည့်စေချင်ပါတယ်။

သေချာတွေးကြည့်တော့ အလိုမကျတာတွေဟာ အမှန်မမြင်မိပဲ အတ္တဆန်တဲ့ ငါစွဲတွေကြောင့်ပဲ ဖြစ်ပါတယ်။ အနတ္တဆိုတာကို မေ့နေပြီး အတ္တလို့ ထင်နေကြတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ် အမိန့်ရှိသလို ငါ့ရုပ်င့ါခန္ဓာ ငါ့စိတ်ဆိုရင် ငါဖြစ်ချင်သလို ဖြစ်စေရမှာ ဖြစ်ပေမယ့် ငါ့ဖြစ်စေချင်သလို မဖြစ်ဘဲ သူဖြစ်ချင်သလို ဖြစ်နေတယ်ဆိုတာ သတိမပြုမိကြတော့ ဆရာသမားတွေကရော၊ မိဘတွေကပါ ပြီးတော့ ရာထူးကြီးတဲ့သူတွေ၊ ပညာတတ်တဲ့သူတွေ၊ အသက်အရွယ် ဂုဏ်ပကာသန ကြီးတဲ့သူတွေပါမကျန် အားလုံးက ကိုယ့်စိတ်တိုင်းကျ မတွေ့တဲ့အခါ၊ ကိုယ့်အလိုမကျတဲ့အခါ စိတ်ဆိုးစိတ်တိုပြီး တစ်ဘက်သားကို ဒုက္ခဖြစ်စေတတ်ကြပါတယ်။ တစ်ခြားသူတွေကို ဒုက္ခဖြစ်စေရုံတင်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုလည်း ဒုက္ခဖြစ်စေပါတော့တယ်။ တစ်ဘက်သူ ဘယ်လိုဖြစ်တယ်ဆိုတာ အသာထား ကိုယ်ကိုယ်ကိုတော့ ဒီလိုအလိုမကျ၊ စိတ်တိုင်းမကျ ဖြစ်လိုက်ရတဲ့အတွက် စိတ်ဒုက္ခဖြစ်စေခဲ့တာတော့ အမှန်ပါပဲ။ အရင်းစစ်တော့ အနတ္တဆိုတာမေ့ပြီး အတ္တလို့ ထင်မိကာ အလိုမကျ ဖြစ်ခဲ့မိတဲ့ အတွက်ကြောင့်ပါပဲ။ ဒါကြောင့် သူတစ်ပါးကို အကြောင်းပြုပြီး အလိုမကျ ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို အရင်ပြန်ဆန်းစစ်ပြီး ကိုယ့်ကိုယ်ကိုရော ကိုယ့်စိတ်တိုင်းကျ ကိုယ့်အလိုကျ ဖြစ်ရဲ့လားဆိုတာ သတိပြုမိကြဖို့ လိုပါတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကိုလည်း အလိုမကျ ဖြစ်မိတယ်ဆိုတာပါပဲ။

တကယ်တော့ အလိုမကျ ဖြစ်တယ်ဆိုတာ အလိုရှိနေကြလို့ပဲ ဖြစ်ပါတယ်။ အလိုရှိနေတဲ့အတွက် ကိုယ်လိုတဲ့အတိုင်း မဖြစ်တော့ အလိုလို အားမရဖြစ်ကာ မလိုချင်တာရပြီး အလိုမကျ ဖြစ်ကုန်တာပဲ ဖြစ်ပါတယ်။ လိုနေသမျှ အလိုမကျ ဖြစ်နေမှာ အမှန်ပါပဲ။ လိုချင်ဖြစ်ချင်တာတွေ များလေလေ အလိုမကျတာတွေ များလေလေပဲ ဖြစ်နေမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဖြစ်ချင်တိုင်း ဖြစ်လို့မရတဲ့ လောကမှာ ဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တာ ဖြစ်နေမယ်ဆိုရင် မမြဲခြင်းသဘော မရှိတော့ဘဲ မြဲခြင်းသဘောပဲ ရှိနေမှာ ဖြစ်ပေမယ့် လောကကြီးဟာ မြဲတာတစ်ခုမှ မရှိဘဲ မမြဲတာတွေပဲ ရှိနေလေတော့ အတ္တမဟုတ်၊ အနတ္တဆိုတာ အထင်အရှား ဖြစ်စေပါတယ်။ ဒါကို မသိတဲ့အတွက်ကြောင့် ဖြစ်ချင်မှုလိုချင်မှုတွေနဲ့ ဖြစ်ချင်လိုချင်နေကြလို့လည်း သတ္တ၀ါတွေဟာ လိုတာမရဘဲ အလိုမကျ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် “အလိုကျချင်ရင် မလိုကြနဲ့”လို့ ဆိုခြင်းဖြစ်ပါတယ်။

ဟုတ်တယ်။ မလိုချင်ရင် အလိုမကျဖြစ်တယ် ဆိုတာ မရှိတော့ပါဘူး။ မလိုချင်တဲ့အတွက် ဖြစ်ချင်တဲ့ဆန္ဒ၊ ဖြစ်စေချင်တဲ့ အလိုတွေ မရှိတော့ပါဘူး။ ဒါဆိုရင် အလိုမရှိတဲ့အတွက် လိုချင်လို့ တောင့်တပြီး တောင့်တတိုင်း မရတဲ့အခါ ဖြစ်တတ်တဲ့ အလိုမကျမှုဆိုတာလည်း မရှိနိုင်တော့ပါဘူး။ အကယ်၍ ပုထုဇင်တွေ ဖြစ်နေတဲ့အတွက် လိုချင်မှုကိုတော့ ထင်သလို ပြုပြင်ထိန်းသိမ်းလို့ မရသေးဘူးဆိုရင်လည်း အလိုမကျမှုတွေနည်းအောင်၊ အလိုမကျမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ စိတ်သောက ခံစားမှုတွေ သက်သာအောင် ဖြေနိုင်ဖို့၊ ဖြေတတ်ဖို့တော့ လိုပါတယ်။ ဒီလို ဖြေတတ်ဖို့အတွက် ဘုရားရှင် အမိန့်ရှိသလို အရာရာဟာ ငါမဟုတ်၊ အတ္တမဟုတ်ဘဲ ကိုယ်ဖြစ်ချင်သလို ဖြစ်လို့မရတဲ့ အနတ္တပဲဆိုတာ နားလည်သဘောပေါက်လို့ ကိုယ်ကိုယ်တိုင်တောင် ဖြစ်ချင်တိုင်းဖြစ်လို့မရ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေတာ သူများကိုအမှီပြုပြီး ကိုယ့်စိတ်တိုင်းကျ ကိုယ့်အလိုကျ ဖြစ်ဖို့ဆိုတာ မလွယ်ဘူးဆိုတဲ့ အသိတရားနဲ့ ဖြေဆည်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ သိစေချင်တာက အလိုမကျမှုတွေ ဖြစ်တဲ့အခါ ကိုယ်နဲ့ ချိန်ထိုးပြီး ဖြေနိုင်အောင် ကြိုးစားကြဖို့ပါ။ အနတ္တလက္ခဏသုတ်မှာ မြတ်ဗုဒ္ဓဟောတော်မူတဲ့ အရာရာဟာ အတ္တမဟုတ်၊ အနတ္တဆိုတဲ့ အချက်ကို ဆင်ခြင်ပြီး မမြဲတဲ့ သဘော၊ အစိုးမရတဲ့ သဘောကို မပြတ်အောက်မေ့ကာ အလိုမကျမှုတွေကို ဖြေကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ အမှန်တကယ်မရှိ ပညတ်ဝေါဟာရများနဲ့ ဖြေဆည်ကြည့်မယ်ဆိုရင်လည်း အလိုမကျ ဖြစ်တဲ့အခါ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်စိတ်နဲ့ကိုယ့်ကို အလိုမကျ ဖြစ်နေတာ သူတစ်ပါးကို ကိုယ်နဲ့ထပ်တူဖြစ်ဖို့၊ ကိုယ့်အလိုကျ ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်နဲ့ ဖြေကြည့်ကြဖို့ လိုပါတယ်။ အဲဒီလို ဖြေနိုင်မယ်ဆိုရင် အလိုမကျမှုတွေ ဖြစ်တိုင်းဖြစ်တိုင်း အရင်ဆုံးခံစားရတဲ့ ကိုယ့်ရဲ့စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ဒုက္ခတွေ လျော့နည်းသွားမှာ သေချာပါတယ်။ နောက်ဆုံးအနေနဲ့ အကြံပြုချင်တာက ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့ချိန်ထိုး၊ ကိုယ်နဲ့ကိုယ်ချင်းစာပြီး မကြာမကြာဖြစ်တတ်တဲ့ အလိုမကျတတ်တာတွေကို ဖြေကြည့်ကြပါလို့ အကြံပြုချင်ပါတယ်။ အားလုံး အလိုမကျမှုတွေ နည်းနိုင်ကြပါစေ…

Read more »

ဉာဏ်ဝီရိယ ရှိပါမှ ကံကကူညီမည်…

လောကလူရွာ၊ ဘုံဓမ္မာတွင်
ကံသာအမိ၊ ဆိုရိုးရှိ၏။
ဝီရိယလျှင် ဉာဏ်နှင့်ယှဉ်မှ
စီစဉ်သမျှ မှုကိစ္စကို
မုချအောင်မြင် ဖြစ်လိမ့်ပင်ဟု
လောက(လူတို့)အထွဋ် ဘုရားရွတ်သည်
ဟောလစ်သေချာ မယွင်းတည်း။ ။

(သီးကုံးဆရာတော်)

သီးကုံးဆရာတော်ဘုရားကြီး၏ အထက်ပါ ဆုံးမစာ ကဗျာလေးက အရာရာ ကံကို ပုံချနေသူများ၊ မိမိအစွမ်းကို ဥပေက္ခာပြုကာ ကံကောင်းလို့ပါဟု ပြောနေကြသူများ၊ လက်တွေ့ကြိုးစားအားထုတ်မှု မရှိဘဲ ဆိုးလိုက်တဲ့ကံဟု ကံကို အပြစ်ဖို့သူများ စသည့်စသည့် ကံချည်းကိုသာ အစွန်းရောက်သည်အထိ ယုံကြည်မှု လွဲနေသူများအား သတိပေးဆုံးမနေပေ၏။ လောကတွင် ကံကောင်းရှိရန် အရေးကြီးသော်လည်း ကံတစ်ခုတည်းဖြင့် ကိစ္စတစ်ခုခုတွင် အောင်မြင်မှု အကျိုးတရား အပြည့်အ၀ မရနိုင်ကြောင်း၊ ဉာဏ်နှင့်ဝီရိယပါ ပေါင်းစပ်ပေးမှသာ အကောင်းအမြတ်များ ထင်ရှားဖြစ်ပေါ်လာတတ်ကြောင်း၊ ကံမကောင်းသော်လည်း ဉာဏ်နှင့်ယှဉ်သည့် ၀ီရိယသာ အားကောင်းလျှင် ၀ီရိယအကျိုးကို အထိုက်အလျှောက် ခံစားနိုင်မည်ဖြစ်ကြောင်း၊ ဉာဏ်ဝီရိယ ရှိပါမှ ကံကကူညီနိုင်သည့်အကြောင်း အသိပေးနေပေ၏။

မကြာသေးမီက နိုင်ငံခြား ပညာသင်ဆုဖြင့် ကျောင်းလာတက်နေကြသည့် ကလေးမလေးများ စာရေးသူကျောင်းသို့ ရောက်လာပြီး ဟိုအကြောင်း ဒီအကြောင်း စကားပြောဖြစ်ကြ၏။ သူတို့အထဲမှ တစ်ယောက်သည် ကိုရီးယားနိုင်ငံ၏ အမြင့်ဆုံးတက္ကသိုလ်တစ်ခုသို့ တက်ရောက်ခွင့် ရသည့်အကြောင်း သူ့အတွက် မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် ၀မ်းသာဂုဏ်ယူမိကြောင်း စသဖြင့် ချီးကျူးဂုဏ်ပြု စကားများလည်း ပြောဖြစ်ကြ၏။ ထိုအခါ တစ်ယောက်က “သူ့ဘ၀လည်း ဒီလိုသူများနိုင်ငံမှာလာပြီး အစစအရာရာ လိုလေသေးမရှိ ပညာသင်ခွင့် ရခဲ့တဲ့အတွက် အလွန်ကံကောင်းကြောင်း၊ ကံကောင်း၍သာ အခုလိုအခွင့်အရေးမျိုးကို ရရှိတာဖြစ်ကြောင်း” စသဖြင့် ပြောပြပြန်၏။ ကလေးမလေး ပြောပြသည်များကို နားထောင်ပြီး စာရေးသူက “အင်း… ကံကောင်းလို့ ဒီလို အခွင့်အရေးများကို ရတာလို့ ဆိုပေမယ့် ကံတစ်ခုတည်းတော့ မဟုတ်ဘူးလေ၊ ဒကာမလေးအနေနဲ့ ကိုယ်ဒီလို အခွင့်အရေးရအောင် ဘယ်လောက်အထိ ကြိုးစားခဲ့ရတယ်ဆိုတာလည်း ကိုယ်ကိုယ်တိုင် အသိဆုံးပဲ မဟုတ်လား…၊ ကံကောင်းလို့ဆိုပေမယ့် ဒီကောင်းကံတွေဟာ ဘာမှမလုပ်ဘဲ အိပ်နေတဲ့ သူတွေအတွက် ရောက်မလာပါဘူး၊ ရောက်လာတယ်ထားဦး သူ့မှာ အရည်အချင်းမရှိရင် ဒီအခွင့်အရေးကို မရယူနိုင်ဘူးလေ၊ အဓိကကတော့ ကိုယ့်ရဲ့ကြိုးစားမှုကြောင့် ရှိလာတဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ အခွင့်အရေးကို ရတာပါပဲ၊ ဒါကိုပဲ ကံကောင်းလို့လို့ ပြောချင်ရင်တော့ ဉာဏ်နဲ့ယှဉ်တဲ့ ကြိုးစားအားထုတ်မှုကြောင့် ဒီအားထုတ်မှုနဲ့ ကိုက်ညီတဲ့ ကံအကျိုးပေးကို ရရှိခံစားရတာပါ၊ ဒါကြောင့် ကလေးတို့အနေနဲ့ ကိုယ့်အစွမ်းအစကို ကံကြောင့်ဆိုပြီး ကံကိုပဲ ပုံမချဖို့ အရေးကြီးပါတယ်…” စသည်ဖြင့် ပြောပြပေးဖြစ်၏။ ထို့အခါမှ ကလေးမလေးက “ဘုန်းဘုန်းပြောမှပဲ ကိုယ့်အစွမ်းကို ပြန်သတိရမိတော့တယ်ဘုရား..၊ တစ်ခါတစ်လေ တပည့်တော်တို့ အဖြစ်က ကိုယ့်အစွမ်းကိုယ်မေ့နေပြီး ဘယ်သူကြောင့်၊ ဘယ်ဝါကြောင့်ဆိုတာတွေပဲ ခေါင်းထဲရောက်နေမိပါတယ်၊ ကျေးဇူးတင်ပါတယ်ဘုရား…”ဟု ကျေနပ်သွားဟန်ဖြင့် ပြောလာတော့၏။

မှန်၏။ စာရေးသူတို့ မြန်မာအများစုသည် ကံကိုအလွန် ယုံကြည်ကြ၏။ တစ်ခါတစ်ရံ အစွန်းရောက်သည်အထိ ယုံကြည်မှု လွန်ကဲတတ်ကြ၏။ ကံကံ၏အကျိုးဟု ဆိုသော်လည်း ထိုသဘောကို တစ်လွဲနားလည် ယုံကြည်နေမှုများ ရှိနေကြ၏။ မိမိအစွမ်းကိုပစ်ကာ ကံစွမ်းပါဟု ဟစ်နေသူများလည်း ရှိတတ်၏။ အကောင်းအဆိုး အကျိုးအပြစ် တစ်ခုခုဖြစ်လာခဲ့လျှင် အကြောင်းအကျိုးကို မစိစစ်ဘဲ ကံကြောင့်ဟုသာ ဆိုပစ်တတ်ကြ၏။ စင်စစ် ကံဟူသည် အလုပ်ပင်ဖြစ်၏။ ပါဠိကမ္မဟူသော စကားလုံးကို မြန်မာလို ကံဟုပြောနေကြသော်လည်း မိမိတို့ အသီးသီးလုပ်သည့် အလုပ်ကိုပင် ကံဟုဆိုရမည်ဖြစ်၏။ ထိုအလုပ်၏ အကျိုးသက်ရောက်မှု အနေဖြင့်ကား မိမိတို့အလုပ်လုပ်သည့်အခါ ဖြစ်ပေါ်တတ်သည့် စေတနာသည် အဓိကသက်ရောက်မှု ရှိစေ၏။ ကံဟူသည် အလုပ်ဟုဆိုသော်လည်း စေတနာပါသည့် အလုပ်သည်သာ အကျိုးသက်ရောက်မှုကို အပြည့်ဖြစ်ပေါ်စေ၏။ စေတနာကောင်းပါသည့် အလုပ်သည် အကျိုးပေးကောင်းတတ်ပြီး စေတနာဆိုးပါသည့် အလုပ်သည်ကား အကျိုးပေးဆိုးတတ်၏။ ဤနေရာတွင် မိမိတို့လုပ်သည့် အလုပ်များ ကောင်းစေမှု၊ မကောင်းစေမှုအတွက်သည် စဉ်းစားဆင်ခြင် ဆုံးဖြတ်တတ်သည့် ဉာဏ်နှင့်သက်ဆိုင်သွားပေ၏။ ထို့ကြောင့် ကံ၊ ဉာဏ်၊ ၀ီရိယသုံးမျိုးသည် ဆက်စပ်မှု ရှိနေသည်ဟု ဆိုခြင်းဖြစ်၏။ ကံဟုခေါ်သည့် အလုပ်လုပ်သည့်အခါ ၀ီရိယစိုက်ရ၏။ ဉာဏ်နှင့်ယှဉ်ရ၏။ ဉာဏ်နှင့်ယှဉ်သည့် ၀ီရိယဖြင့် စေတနာကောင်းပါသည့် အလုပ်ဖြစ်နေလျှင် ကံအကျိုးပေးသည် အထူးပြောစရာ မရှိ၊ အလွန်ကောင်းနေမည် ဖြစ်၏။

ဗုဒ္ဓဘာသာ မြန်မာအများစု ပြောလေ့ရှိသည့် စကားတစ်ခွန်းမှာ ကံဆိုးနေသည်၊ ကံနိမ့်နေသည်ဟူသည့် စကားပင် ဖြစ်၏။ အများစု မေ့နေသည့်အချက်မှာလည်း မိမိကိုယ်ကို မိမိပြန်လည် သုံးသပ်ပေးမှု မရှိသည့်အချက်ပင် ဖြစ်၏။ ကံနိမ့်နေရခြင်းအကြောင်း၊ ကံဆိုးနေရခြင်းအကြောင်းနှင့် ဆက်စပ်သည့် မိမိတို့၏ လုပ်ရပ်ကို ပြန်လည်သတိပြုပေးမှု မရှိသည့်အချက်ပင် ဖြစ်၏။ မိမိဘာကြောင့် အဆိုးတွေချည်း ကြုံနေရသည်၊ ဘာကြောင့် လုပ်သမျှ အရာမထင် ဖြစ်နေရသည် ဟူသည့်အချက်အပေါ် မိမိ၏ လုပ်ရပ်များအား သုံးသပ်ဆင်ခြင် ပေးရမည်ကို မေ့လျော့ကာ တစ်ပါးသူ၏ အားကိုယူပြီး ကံမြင့်ရန် အားထုတ်တတ်ကြ၏။ ထို့ကြောင့်လည်း ဗေဒင်ဆရာ၊ ဂိုဏ်းဆရာ၊ နတ်ဆရာများ၏ အားဖြင့်ကံကောင်းအောင် ကြိုးစားနေကြခြင်း ဖြစ်၏။

ကံနိမ့်သည်၊ ကံဆိုးနေသည်ဟုဆိုကာ ဗေဒင်လက္ခဏာ ဆရာများထံသွား၍ ကံမြင့်ရန် ကြိုးစားကြသော်လည်း စင်စစ် ထိုဗေဒင်လက္ခဏာဆရာ စသူတို့သည်လည်း မိမိတို့၏ ကံများကောင်းလာစေရန်၊ မြင့်လာစေရန် လုပ်မပေးနိုင်ပေ။ ထိုသူများသည် မိမိတို့ကိုသာ ပြန်ပြီးလုပ်ခိုင်း တတ်ကြပေ၏။ ထိုသူတို့၏ စကားနှင့် ပြောမည်ဆိုလျှင် ယတြာချေခိုင်းခြင်း ဖြစ်၏။ ယတြာချေခိုင်းခြင်းသည် အလုပ်လုပ်ခိုင်းခြင်းသာ ဖြစ်၏။ အလုပ်လုပ်ခိုင်းသည့် အခါတွင်လည်း အလုပ်ဆိုးများ လုပ်ခိုင်းခြင်း မဟုတ်၊ အလုပ်ကောင်းများ လုပ်ခိုင်းခြင်းသာ ဖြစ်၏။ မည်သည့်ဆရာပင်ခိုင်းခိုင်း ယတြာချေလိုက်ပါဟု ဆိုသည့်အခါ ကြက်သတ်ခိုင်း၊ ၀က်သတ်ခိုင်း၊ နွားသတ်ခိုင်းသည့် ဆရာမရှိ။ မည့်သည့်နေရာတွင် မည်သူ့ကို “ဘာလုပ်ပေးလိုက်ပါ၊ ဘာလှူပေးလိုက်ပါ၊ ဘယ်ဘုရားစေတီ၊ ဘယ်ကျောင်းတွင် ဘယ်လိုလုပ်ပေးလိုက်ပါ” စသည်ဖြင့် ကုသိုလ်ရေး အလုပ်များသာ လုပ်ခိုင်းကြခြင်းဖြစ်၏။ ကုသိုလ်လုပ်စေခြင်းသည် အကောင်းလုပ်ခြင်း ဖြစ်သဖြင့် အလုပ်ကောင်းခြင်း ဖြစ်၏။ အလုပ်ကောင်းလျှင် အကျိုးပေးကောင်းမည်ဖြစ်ပြီး ကံကောင်းမည်သာ ဖြစ်ပေ၏။ ဤသည်မှာ မည်သူကမျှ လုပ်ပေး၍ ဖြစ်လာခြင်း မဟုတ်၊ မိမိကိုယ်တိုင် လုပ်ခဲ့ခြင်းကြောင့်သာ ဖြစ်၏။ မိမိအစွမ်းဖြင့်သာ ဖြစ်လာခဲ့ခြင်း ဖြစ်၏။ မျက်မှောက်ခေတ် အထက်တန်းရောက်နေသူများ၊ အောင်မြင်နေသူများကို ကြည့်လျှင် တစ်စုံတစ်ယောက် တန်ခိုးရှင် တစ်ဦးဦးက ဖန်တီးပေးလိုက်၍ ထိုနေရာ၊ ထိုအဆင့်များသို့ ရောက်နေကြခြင်း မဟုတ်၊ မိမိတို့ ကိုယ်တိုင်ကြိုးစားခဲ့ခြင်းကြောင့်သာ ဖြစ်ပေ၏။ ဉာဏ်နှင့်ယှဉ်သည့် ၀ီရိယနှင့် အားဆိုက်ခဲ့သဖြင့် အကြောင်းကောင်း၍ အကျိုးကောင်းခြင်းသာ ဖြစ်၏။ ဉာဏ်ဝီရိယ ရှိခဲ့သဖြင့် ကံက ကူညီခဲ့ခြင်းသာ ဖြစ်၏။

ကြားဖူးသည့် ပုံပြင်လေးတစ်ခုကို အမှတ်ရမိ၏။ တစ်ခါက လူသုံးယောက် လှေတစ်စင်းဖြင့် ပင်လယ်ပြင် ခရီးထွက်ခဲ့၏။ တစ်နေရာအရောက် ပင်လယ်ပြင်တွင် အကြီးအကျယ် မုံတိုင်းဝင်လာခဲ့၏။ ထိုအခါ ကံအားကိုးသည့် သူက “ကံကောင်းရင် အသက်ဘေးက လွတ်မှာပဲ”ဟု ယုံကြည်ကာ ဆုတောင်းမှုကိုသာ ပြုလုပ်နေခဲ့၏။ ဉာဏ်အားကိုသည့် သူကလည်း ဉာဏ်နှင့်ယှဉ်ကာ လွတ်လမ်းကို ရှာဖွေနေ၏။ ၀ီရိယကို အားကိုးသည့် သူကား အခြေအနေကို ကြည့်ပြီး အလွတ်ရုန်းကာ အသက်ဘေးမှ လွတ်ရန် လက်တွေ့ ကြိုးစားလေ၏။ နောက်ဆုံး ထိုသုံးယောက်တွင် ဉာဏ်သမားနှင့် ၀ီရိယ သမားတို့သည် အသက်ဘေးမှ လွတ်လာခဲ့ပြီး ကံကောင်းရင် သေးဘေးမှ လွတ်မှာပဲဟုဆိုကာ ဉာဏ်နှင့်ယှဉ်သည့် ၀ီရိယကို အားမပြုခဲ့သည့် ကံသမားသည်ကား မုန်တိုင်းမိ၍ အသက်သေခဲ့လေ၏။ ဤကား ကြားဖူး၊ ဖတ်ဖူးခဲ့သည့် ပုံပြင်လေး၏ အနှစ်ချုပ်ဖြစ်၏။ ဤအကြောင်းအရာလေးသည် ပုံပြင်ဆန်ဆန် ရှိခဲ့သော်လည်း ကံဉာဏ်ဝီရိယ၏ အကျိုးသက်ရောက်မှုကို ပုံဖော်ပေးထား၏။ အရာရာတွင် ကံကို ပုံချတတ်သည့်သူများ သတိထားမိစေရန် ညွန်ပြနေပေ၏။ ကံအကျိုးပေးကောင်းရန် လိုအပ်သော်လည်း အချိန်အခါ၊ နေရာဒေသအလိုက် လက်တွေ့လုပ်ဆောင်ရမည့် အလုပ်များကို ဉာဏ်နှင့်ယှဉ်ကာ ၀ီရိယဆိုက်ထုတ်နိုင်လျှင် ထိုလက်တွေ့ ကျမှုသည်သာ ကံသမားများ အလိုအရ ဆိုရလျှင် ကံကောင်းစေမှုပင် ဖြစ်၏။

ဆိုလိုသည်မှာ ကံကံ၏ အကျိုးဟုဆိုသော်လည်း ကံတစ်ခုတည်းကိုသာ ပုံမချမိစေရန်နှင့် ဉာဏ်ဝီရိယပါ ပေါင်းစပ်ပေးကြရန် ဆိုလိုရင်း ဖြစ်ပါ၏။ လက်တွေ့ကြိုးစားအားထုတ်မှု ၀ီရိယမပါဘဲ ဉာဏ်ချည်းသက်သက် ဖြစ်နေလျှင်လည်း ကိစ္စတစ်ခု ပြီးမြောက်အောင်မြင်ရန် မဖြစ်နိုင်သကဲ့သို့ ဉာဏ်မပါသည့် ၀ီရိယဆိုပြန်လျှင်လည်း ဗရမ်းဗတာဖြစ်ကာ ထိရောက်သည့် အကျိုးသက်ရောက်မှု မရှိနိုင်ပေ။ ထိုဉာဏ်နှင့် ၀ီရိယနှစ်မျိုးကို ပေါင်းစပ်ကာ ကောင်းမြတ်သည့် စေတနာဖြင့် လုပ်နိုင်မှသာ အကျိုးသက်ရောက်မှု ကောင်းများ ဖြစ်လာနိုင်ပေ၏။ သေချာသည်မှာ ဤသက်ရောက်မှုသည် အလုပ်ကြောင့်ပင် ဖြစ်၏။ ဉာဏ်ဝီရိယ ယှဉ်သည့် စိတ်စေတနာကောင်းဖြင့် အလုပ်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုသာ ဖြစ်၏။ ဤအကျိုးသက်ရောက်မှုကိုပင် ကံအကျိုးပေးဟု ဆိုရမည်ဖြစ်၏။ စေတနာပါသည့် အလုပ်ကြောင့်ဟုသာ ဆိုရမည်ဖြစ်၏။ ထိုအလုပ်သည် တစ်နည်းအားဖြင့် ထိုကံသည် ပစ္စုပ္ပန်နှင့် အတိတ်ဟု ရှိသဖြင့် အတိတ်ကံများ၏ ပံ့ပိုးမှုများလည်း လိုအပ်သကဲ့သို့ ပစ္စုပ္ပန်ကံကောင်းများ၊ တစ်နည်းအားဖြင့် ပစ္စုပ္ပန် အလုပ်ကောင်းများလည်း လိုအပ်ပေ၏။ အဓိကကား အတိတ်သည် ရေရာမှု မရှိသဖြင့် အားကိုး၍မရပေ။ လက်ရှိပစ္စုပ္ပန်ကိုသာ အားထားရပေမည်။ လက်ရှိအချိန်တွင်သာ အလုပ်ကောင်းများ လုပ်ကြရပေမည်။ စဉ်းစားဆင်ခြင်သည့် ဉာဏ်၊ လက်တွေအားထုတ်မှု ၀ီရိယနှင့် စေတနာကောင်းပါသည့် လုပ်ဆောင်ချက်များဖြင့် ကြိုးစားအားထုတ်ကြမည် ဆိုလျှင် လက်ရှိအချိန်မှာပင် တစ်စုံတစ်ခု ကောင်းမြတ်သည့် အကျိုးသက်ရောက်မှုကို ဖြစ်စေမည်မှာ အသေအချာပင် ဖြစ်ပါ၏။

ထို့ကြောင့် ဤနေရာတွင် သီးကုံးဆရာတော်ကြီး မိန့်တော်မူသကဲ့သို့ပင် “ကံကောင်းလို့ပါ၊ ကံဆိုးလို့ပါ၊ ကံမြင့်နေလို့ပါ၊ ကံနိမ့်နေလို့ပါ”ဟု ပြောဆိုနေကြသူများ အနေဖြင့် သတိပြုသင့်သည်မှာ ကံဟူသည် အခြားမဟုတ်၊ ဉာဏ်နှင့်ယှဉ်သည့် ၀ီရိယကို အခြေတည်ကာ စေတနာကောင်းပါသည့် အလုပ်ပင် ဖြစ်ကြောင်း၊ ထိုစေတနာပါသည့် အလုပ်က ကောင်းနေလျှင် ကံကောင်းနေမည် ဖြစ်ပြီး စေတနာပါသည့် အလုပ်ဆိုးလျှင် ကံဆိုးနေမည်ဖြစ်ကြောင်း၊ ကံ၊ ဉာဏ်၊ ၀ီရိယသုံးမျိုးတွင် တစ်ခုတည်းကိုသာ ပုံချ၍ မဖြစ်နိုင်ဘဲ သုံးမျိုးလုံး မျှစေမှသာ အကျိုးသက်ရောက်မှု အားကောင်းစေမည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဉာဏ်ဝီရီယ ရှိမှသာ ကံကကူညီမည် ဖြစ်ပါကြောင်း အသိပေးတင်ပြလိုခြင်း ဖြစ်ပါ၏။ သို့ဖြစ်၍ မိမိတို့၏ ဘ၀ကို မိမိတို့ကိုယ်တိုင်သာ ဖန်တီးနိုင်ကြသည် ဖြစ်သဖြင့် ဘ၀ကောင်းများ ဖန်တီးနိုင်ရန် စေတနာကောင်းပါသည့် အလုပ်ကောင်းများကို ဉာဏ်ဝိရိယဖြင့် ပေါင်းစပ်ကာ ကောင်းမြတ်အောင် ကြိုးစားအားထုတ်ရန်သာ အထူးလိုအပ်ပါကြောင်း တစ်ဆင့်စကား ပါးလိုက်ရပေတော့၏။ အားလုံး… စေတနာကောင်းဖြင့် အလုပ်ကောင်းနိုင်ကြပါစေ…

Read more »

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၃)…

အခြေခံ ၀ိပဿနာတရား အားထုတ်နည်းများကိုဖတ်ပြီး တတ်နိုင်သမျှ အချိန်ယူကာ တရားအားထုတ်ကြည့်ကြတဲ့ ယောဂီအချို့ထံက သူတို့သူတို့ရဲ့ အတွေ့အကြုံလေးတွေကို မေးလျှောက်လာတာတွေ ရှိပါတယ်။ အများအားဖြင့်တော့ စိတ်မတည်မငြိမ် ဖြစ်တဲ့အကြောင်း၊ မှတ်ကာစမှာပဲ စိတ်ကအတွေးတွေ ၀င်လာတဲ့အကြောင်း၊ အပြင်ကိုထွက်သွားတတ်တဲ့ အကြောင်း စတာတွေပါပဲ။ တစ်ချို့ကတော့ ကောင်းကောင်းမမှတ်နိုင်တဲ့အပြင် ခဏခဏ အိပ်ငိုက်နေတတ်ကြောင်း၊ တရားထိုင်ဖို့ မျက်စိကို မှိတ်လိုက်တာနဲ့ အိပ်ချင်စိတ်က ၀င်လာကြောင်း ပြောလာပါတယ်။ တစ်ချို့ကလည်း သမာဓိ မတည်တဲ့အပြင် ခန္ဓာကိုယ်မှာ ဟိုယားဒီယား ဟိုနာဒီနာဖြစ်ဖြစ်နေပြီး ဘယ်လိုရှုမှတ်ရမှန်းမသိ အမှတ်အာရုံ ပျောက်နေကြောင်း စသဖြင့် ဆိုလာပါတယ်။

သူတို့သူတို့ရဲ့ အသံတွေ နားထောင်ကြည့်တော့ ၀ိပဿနာတရားကို စတင်အားထုတ်တဲ့ ယောဂီများ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာ အတွေ့အကြုံတွေပါပဲ။ အရင်တုန်းက စိတ်ကိုအလိုလိုက် သွားချင်ရာသွား ရောက်ချင်ရာရောက်၊ စိတ်ကူးယဉ်ရာယဉ် လွတ်ထားရာက အခုလို ထိန်းချုပ်လိုက်တော့ အထိန်းရ ခက်နေတာပေါ့။ ပင်ကိုယ်ကတည်းက ထိန်းရခက်တဲ့ စိတ်ကို ခုမှ ကောက်ခါငင်ကာ တရားမှတ်ပြီး ထိန်းကြည့်တော့ သမာဓိမရှိ၊ အလေ့အကျင့် မရှိဖြစ်ကာ ထိန်းရခက်နေခြင်း ဖြစ်ပါတယ်။ မှတ်ကာစမှာ စိတ်ကိုကောင်းကောင်း ထိန်းပြီး မှတ်ဖို့အသာထား အမှတ်အာရုံကို သိအောင်၊ ထင်ရှားအောင် မှတ်ဖို့တောင် မလွယ်လှပါဘူး။ တစ်ခါတစ်လေ ၀င်လေထွက်လေ မှတ်နေရင်း ထွက်လေပဲ ထင်ရှားပြီး၊ ၀င်လေက မထင်ရှားတာ ရှိတတ်သလို၊ တစ်ခါတစ်လေတော့လည်း ၀င်လေကထင်ရှားပြီး ထွက်လေက မထင်ရှားတာ ရှိပြန်ပါတယ်။ တစ်ခါတစ်လေ ထွက်လေ၀င်လေ နှစ်ခုလုံး မထင်ရှားတာ ရှိတတ်သလို တစ်ခါတစ်လေ နှာခေါင်းပေါက် တစ်ခုတည်းကပဲ အ၀င်အထွက်ဖြစ်နေသလို ရှိနေတာလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ အမှတ်အာရုံမှာ မကျွမ်းကျင်၊ မပိုင်နိုင်သေးလို့ပဲ ဖြစ်ပါတယ်။ များများလေ့ကျင့်ပေးရင် နောက်တော့ တဖြည်းဖြည်း ထင်ရှားလာ သိလာပါလိမ့်မယ်။

အဓိကကတော့ ဖြစ်နေတဲ့အပေါ်မှာ သူ့သဘောအတိုင်း အလိုက်သင့် ကိုယ်သိသလို၊ ကိုယ်ခံစားရသလို လိုက်ပြီး သိမှတ်ပေးနေဖို့ပါပဲ။ ထွက်လေထင်ရှားပြီး ၀င်လေမထင်ရှားတဲ့ အခါမှာလည်း ထင်ရှားတဲ့ ထွက်လေကို ထင်ရှားတဲ့အတိုင်း သိမှတ်ပေးပြီး ၀င်လေမထင်ရှားပေမယ့် ၀င်လေရှူနေတာကိုတော့ သိနေတတ်ပါတယ်။ အဲဒီလို သိနေရင်ကိုပဲ ဒါမှတ်နေတယ်လို ပြောနိုင်ပါတယ်။ မထင်ရှားပေမယ့် လေရှုသွင်းတယ်၊ လေ၀င်လာတယ်ဆိုတဲ့ သဘောကို စိတ်ကတော့ သိနေတတ်ပါတယ်။ အဲဒီအတိုင်း သိနေရင် ရပါတယ်။ ဒီလိုပဲ ၀င်လေထင်ရှားပြီး ထွက်လေမထင်ရှားတဲ့ အခါမျိုး၊ ၀င်လေရော ထွက်လေပါ မထင်ရှားတဲ့ အခါမျိုး၊ နှာခေါင်းပေါက်တစ်ခုတည်းပဲ ထင်ရှားနေတဲ့အခါမျိုး စသဖြင့် ဘယ်လေအခြေအနေမျိုးပဲ ဖြစ်ဖြစ် မထင်ရှားပေမယ့် အသိရှိနေ၊ အသက်ရှူနေတဲ့ သဘောအသိကိုပဲ လိုက်ပြီးသိနေပေးရင် အဆင်ပြေပါတယ်။ နောက်တော့ လေ့ကျင့်ရင်းလေ့ကျင့်ရင်း တဖြည်းဖြည်း အမှတ်အာရုံထင်ရှား လာပါလိမ့်မယ်။ ထင်ရှားလာရုံတင် မဟုတ်ဘဲ သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ အာနာပါနရဲ့ နိမိတ်တွေလည်း တွေ့လာပါလိမ့်မယ်။ ၀င်လေထွက်လေဟာ နူးညံ့လာတာ၊ အေးပူလာတာ၊ အသက်ရှုတဲ့လေဟာ ထင်ရှားပြီး ထုတ်ချောင်းတစ်ခုသဖွယ် အရာဝတ္ထု တစ်ခုသဖွယ် အတန်းလိုက်ဝင်လာ ထွက်လာတာ စသဖြင့် ယောဂီတစ်ဦးချင်းရဲ့ သမာဓိအပေါ်လိုက်ပြီး နိမိတ်အမျိုးမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါက အာနာပါန အမှတ်ကို ကောင်းကောင်းနိုင်ပြီး အထိုက်အလျောက် သမာဓိနိမိတ် တည်လာတဲ့အခါ ဖြစ်တတ်တဲ့ သဘောပါ။

စမှတ်ကာစ ယောဂီတွေမှာ သူတို့မေးသလိုပဲ စိတ်ကတော့ တည်မှာမဟုတ်သေးပါဘူး။ တစ်ခါတစ်လေ မှတ်မယ်မှ မကြံရသေးဘူး အတွေးတွေက ၀င်လာပါတော့တယ်။ ပုံမှန်နေရင် တစ်ခါမှ မတွေးဖြစ်တဲ့ နှစ်ပေါင်းတော်တော်ကြာခဲ့ပြီး ဖြစ်တဲ့ အဖြစ်အပျက်တွေက အစ ပေါ်လာတတ်၊ သတိရလာတတ်ပါတယ်။ မရောက်သေးတဲ့ အနာဂတ်အတွက်လည်း စိတ်ကူးတွေ ယဉ်နေတတ်ပါတယ်။ ပိုဆိုးတာက တစ်ခုခုများ လုပ်ဖို့ရည်ရွယ်ထားရင် အဲဒီအလုပ်အပေါ်မှာ အမျိုးမျိုး စိတ်ကူးတွေ လိုက်ယဉ်နေတတ်တာပါ။ သမာဓိမရှိသေးတဲ့ စိတ်အစဉ်ကို သတိမကပ်မိဘဲ ဖြစ်ခိုက်ကို မသိဖြစ်ကာ စိတ်ရဲ့ဆွဲရာနောက်ကို လိုက်သွားတတ်ခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ အချိန်တော်တော် ကြာကြာလေးအထိ မသိလိုက်ဘဲ စိတ်ကူးအတွေးများနောက်ကို လိုက်နေမိတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာလည်း မှတ်မရကောင်းလာလို့ အားမပျက်ပါနဲ။ အတွေးစိတ်ကူးတွေကို မသိလိုက်ပေမယ့် သတိပြန်ဝင်လို့ သိလိုက်တဲ့အခါမှာတော့ ချက်ချင်း အမှတ်အာရုံဖြစ်တဲ့ ၀င်လေထွက်လေကို ပြန်မှတ်ဖြစ်အောင် အစကပဲဖြစ်ဖြစ် ပြန်ကြိုးစားရပါမယ်။ ရသလောက်ပေါ့။ လွတ်သွားလိုက် ပြန်မှတ်လိုက်၊ လွတ်သွားလိုက် ပြန်မှတ်လိုက် စသဖြင့် လေ့ကျင့်ပေးရင် မှတ်လို့ ရလာပါလိမ့်မယ်။ မှတ်မရပါဘူးဆိုပြီး လွတ်ထားတာထက် စာရင် ရသလောက် ကြိုးစားမှတ်ပေးရင် အမှတ်ကောင်းလာပါလိမ့်မယ်။ သမာဓိ မတည်သေးချိန်မှာတော့ လွတ်လိုက်မှတ်လိုက် လုပ်ပေးတဲ့ ကြိုးစားအားထုတ်မှု ၀ီရိယကို ပိုထုတ်ပေးရပါတယ်။ တမင်လုပ်ပြီး တွေးနေတာ မဖြစ်စေဘဲ မသိလို့ တွေးနေမိတဲ့အပေါ်မှာ သိတဲ့အချိန် ပြန်လေ့ကျင့်နိုင်အောင် ကြိုးစားပေးရပါတယ်။ ဒီလိုဆိုရင် သမာဓိတွေ ပိုပိုကောင်းလာပါလိမ့်မယ်။ အဓိကကတော့ လွတ်လွတ်သွားတဲ့ စိတ်ကို သတိရတိုင်း ပြန်ပြန်ထိမ်းပြီး လေ့ကျင့်ပေးနိုင်ဖို့ပါပဲ။

တစ်ချို့ကတော့ တရားစမှတ်ပြီး မကြာခင်မှာပဲ အိပ်ငိုက်တတ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဘ၀င်စိတ်ကြောင့် ဖြစ်ပါတယ်။ ဘ၀င်စိတ်က အမှတ်တစ်မှတ်နဲ့ တစ်မှတ်ကြား လွတ်လွတ်သွားစေအောင်လည်း ဖြစ်စေတတ်ပါတယ်။ လောဘဒေါသစတဲ့ စိတ်များမဖြစ်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့ သူတစ်ယောက် ဖြစ်သလို စိတ်မျိုးကို ဘ၀င်စိတ်လို့ ဆိုပါတယ်။ ဒီလို ခဏခဏ အိပ်ငိုက်မှုဟာ ဘ၀င်စိတ်များလို့ ဖြစ်ပါတယ်။ ဒါကလည်း သတိအားမကောင်းလို့ ဖြစ်တဲ့သဘောပါပဲ။ တစ်ခါတစ်လေမှာ ခန္ဓာကိုယ် အရမ်းပင်ပန်းလို့၊ အိပ်ချင်စိတ်၊ ငိုက်မြည်းစိတ်တွေ ဖြစ်တတ်ပေမယ့် ဘ၀စိတ်များတဲ့အခါ ခန္ဓာကိုယ် မပင်ပန်းလည်း အိပ်ငိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအခါမျိုးမှာလည်း သတိကို အတတ်နိုင်ဆုံး ထိမ်းပြီး မငိုက်အောင်၊ မလွတ်အောင် မှယ်မယ်ဆိုတဲ့ အဓိဋ္ဌာန်လေးနဲ့ မှတ်ကြည့်ရင် ငိုက်တဲ့သဘောတွေ လျော့လျော့လာတတ်ပါတယ်။ သတိထားပြီး ကြိုးစားမှတ်ကြည့်ရင် အိပ်ငိုက်တာတွေ ပျောက်လာပြီး အမှတ်အာရုံမှာ ပျော်လာတတ်ပါတယ်။ အမှတ်အာရုံ အားကောင်းလာရင် ငိုက်ချင်စိတ်ဟာ အလိုလို ပါးလာတတ်ပါတယ်။ ဒါကြောင့် မသိလို့ အိပ်ငိုက်တဲ့အခါမှာ သတိဝင်လာတိုင်း ပြန်ပြန်မှတ်ပေးရင်း လေ့ကျင့်ဖို့ ဆိုခြင်းဖြစ်ပါတယ်။

နောက် တရားအားထုတ်တဲ့အခါ ပေါ်လာတတ်တဲ့ ဝေဒနာတွေနဲ့ ပတ်သက်ပြီး ဝေဒနာကို မှတ်ပုံလေးလည်း သိထားဖို့ လိုပါတယ်။ တစ်ချို့ ယောဂီတွေဟာ စမှတ်ပြီး ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်မှာပဲ ခန္ဓာကိုယ်မှာ ဝေဒနာတွေ ပေါ်လာတတ်ပါတယ်။ ခန္ဓာကိုယ်တစ်နေရာရာမှာ ယားလာတာတို့၊ ဟိုနေရာက ရွစိရွစိ၊ ဒီနေရာက ရွစိရွစိ ဖြစ်တာတို့၊ ခြေထောက်ကျင်လာတာတို့၊ တင်ပါးပူလာတာတို့ စသဖြင့် ဖြစ်တတ်ပါတယ်။ အမှန်တော့ ဒါဟာ ရုပ်တရားရဲ့ ဖောက်ပြန်တတ်တဲ့ သဘောပါ။ တရားအားမထုတ်ဘဲ နေတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုကို တစ်ခြားအာရုံတွေက ဖုံးလွှမ်းထားတော့ ကောင်းကောင်း မသိဘဲ ဖြစ်နေပေမယ့် တရားမှတ်တဲ့အခါ စိတ်က ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုကို အလွယ်တကူ သိလာတဲ့ သဘောပါပဲ။ ယောဂီဟာ အာနပါနကို မှတ်နေရင်း ကိုယ်မှာ ဝေဒနာ တစ်ခုခု ပေါ်လာတဲ့အခါ ပေါ်လာတဲ့ ဝေဒနာကို ပြောင်းပြီး မှတ်ကြည့်နိုင်ပါတယ်။ ယားတဲ့နေရာ၊ ရွစိရွစိ ဖြစ်တဲ့နေရာ၊ ပူအေးတဲ့နေရာ စသဖြင့် ဘယ်လိုနေရာမျိုးမှာ ဘယ်လို ခံစားမှုမျိုးပဲ ဖြစ်ဖြစ် ဖြစ်တဲ့နေရာကို စိတ်နဲ့မြင်အောင် ကြည့်ပြီး သူဖြစ်နေတဲ့ သဘောအတိုင်း သတိနဲ့ လိုက်သိပေးရပါတယ်။ ဝေဒနာက ပေါ်တော့ပေါ်တယ် သိပ်မထင်ရှားလို့ မှတ်ဖို့ခက်နေတယ်ဆိုရင်လည်း ဝေဒနာကို မမှတ်သေးဘဲ ၀င်လေထွက်လေမှာပဲ မှတ်နေနိုင်ပါတယ်။ တစ်ခါတစ်လေတော့လည်း ဝေဒနာက ခန္ဓာကိုယ်မှာ ဟိုမှာပေါ်လိုက် ဒီမှာပေါ်လိုက် ဖြစ်တတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အထင်ရှားဆုံး ဝေဒနာတစ်ခုကိုပဲ သူ့သဘောအတိုင်း လိုက်သိမှတ်ပေးနိုင်ပါတယ်။ ဝေဒနာဟာ ပိုပိုပြင်းလာတဲ့အခါလည်း ရှိတတ်သလို လျော့ပြီးပျောက်သွားတဲ့ အခါလည်း ရှိတတ်ပါတယ်။ ဘယ်လိုသဘောမျိုးပဲ ရှိရှိ အရှိအတိုင်း သူဖြစ်နေတဲ့ အတိုင်းလိုက်မှတ်ပေး နေရုံပါပဲ။

တစ်ချို့လည်း ဝေဒနာကို မှတ်ရတာ အားရတာရှိသလို တစ်ချို့ကျတော့ ဝေဒနာကို ကျော်အောင်မမှတ် နိုင်တာတွေလည်း ရှိပါတယ်။ ဖြစ်နိုင်ရင်တော့ ဝေဒနာကို အတတ်နိုင်ဆုံး သီးခံပြီး မှတ်နိုင်ရင် ကောင်းပါတယ်။ ဝေဒနာရဲ့ ပြင်းထန်တဲ့ ခံစားမှုကို အလွယ်တကူ လက်မလျော့ဘဲ အပြိုင်မှတ်နိုင်လိုက်ရင်တော့ နောက်ပိုင်းမှာ ဘာဝေဒနာပဲလာလာ သီးခံနိုင်၊ မှတ်နိုင်လာပါလိမ့်မယ်။ နောက်ဆို ဝေဒနာကို မှတ်ရတာ ပိုပြီး အမှတ်ကောင်းသလို ဖြစ်လာတဲ့အထိ သဘောကျသွားတတ်ပါတယ်။ တရားမှတ်ရင်း ပေါ်လာတတ်တဲ့ ဝေဒနာကို အလွယ်တကူ လက်လျော့ပြီး ခန္ဓာကိုယ် အနေအထား ပြောင်းတာပြင်တာတွေ လုပ်လိုက်ရင် သမာဓိ တည်ဖို့ခဲရင်းတတ်ပြီး တည်ပြီးသား သမာဓိလည်း ပျက်တတ်တဲ့အတွက် ဝေဒနာကို အတတ်နိုင်ဆုံး သီးခံပြီး မှတ်စေချင်ပါတယ်။ ဝေဒနာကို ခွာနိုင်တဲ့အထိ မှတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ တစ်ချို့ယောဂီတွေ မေးဖူးပါတယ်။ ဝေဒနာခွာတယ်ဆိုတာ ဘယ်လိုလဲလို့။ ဝေဒနာခွါတဲ့အထိ မှတ်တယ်ဆိုတာ ခနပြောသလို ဝေဒနာကို အရှုံးမပေးဘဲ ပေါ်သမျှဝေဒနာကို ပေါ်လာတဲ့အတိုင်း ခံနိုင်ရည်အောင်၊ နောက်ဆုံး ဝေဒနာရဲ့ နာကျင်ကိုက်ခဲမှုတွေကို နာမှုကျင်မှုကိုက်မှု သဘောသက်သက်လောက် အဖြစ် သိရှိကာ အလိုက်သင့် လိုက်မှတ်နေနိုင်အောင် အသိသတိ ရှိနေမှုကို ဆိုနိုင်ပါတယ်။ ဒါကလည်း အလေ့အကျင့်များပြီး သီးခံမှု ၀ီရိယ အားကောင်းလာရင် မှတ်နိုင်မှု သတိအားနည်းနေပေမယ့် ဝေဒနာအပေါ်မှာ ခဏခဏ ပြောင်းတာပြင်တာတွေ လျော့သွားတတ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ခန္ဓာကိုယ် ဣရိယာပုတ်ကို မပြင်ဘဲ မှတ်နိုင်အောင် ဝေဒနာကို သီးခံကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက ပြောချင်တာက ၀ိပဿနာ အလုပ်ကို စတင်လေ့ကျင့်ပြီး အားထုတ်ကြည့်ကြတဲ့ ယောဂီများအနေနဲ့ သမာဓိ အားနည်းချိန်၊ အမှတ်သတိ မခိုင်သေးချိန်မှာတော့ ယောဂီတို့ အခုတွေ့ကြုံကြသလို စိတ်ပျံ့လွင့်တာ၊ အတွေးစိတ်ကူးတွေများတာ၊ အိပ်ငိုက်တာ၊ ဝေဒနာကို သီးမခံနိုင်တာ၊ အမှတ်အာရုံ မထင်ရှားတာ စတာစတာတွေ ဖြစ်တတ်ပေမယ့် စိတ်မပျက်၊ အားမလျော့ဘဲ ရသလောက်၊ မှတ်နိုင်သလောက်၊ တစ်မှတ်ပဲ ရရ သတိရတိုင်းပြန်မှတ်၊ သတိရတိုင်း ပြန်မှတ်တဲ့ အကျင့်လေးများနဲ့ သမာဓိ တည်အောင် ၀ိရီယနဲ့ သီးခံမှု ခန္တီတရား လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ကျေနပ်စရာကောင်းတာက သမာဓိတည်တာ မတည်တာ၊ မှတ်လို့ရတာ၊ မရတာ အသာထား မှတ်ကြည့်နေတယ် ဆိုတာကိုက ကျေနပ်စရာဖြစ်နေ၊ ကုသိုလ်ဖြစ်နေတာပါပဲ။ ဒီလိုနည်းနဲ့ပဲ မရတာကနေ ရအောင်၊ မတည်တာကနေ တည်အောင် ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ အချိန်မရပေမယ့် ရသမျှလေးနဲ့ နဲနဲနဲနဲ စစပေးရင် နောက်ပိုင်း အားကောင်းလာပြီး မှတ်ကောင်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်သန္တာန်မှာရှိတဲ့ မတရားတဲ့အားတွေကို တရားအားထုတ်ခြင်းဖြင့် ပါးပါးလာအောင် ရနိုင်သမျှ ကြိုးစားမှတ်ကြည့်ကြပါလို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ