စိတ်အားဖြည့် စကားစုလေးများ (၄)…

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

သံသရာကြွေး မတင်ပါစေနဲ့…
အခုဘ၀မှာတောင် အတိတ်ဘ၀တွေက လုပ်ခဲ့တဲ့အကြွေးတွေကို ကျေအောင်မဆပ်နိုင်သေးဘဲ လက်ရှိလုပ်နေတဲ့ ကိုယ့်ရဲ့မကောင်းတဲ့ လုပ်ရပ်တွေကြောင့် နောက်ထပ် ပေးဆပ်ရမယ့် သံသရာနဲ့ချီတဲ့ အကြွေးတွေ ထပ်တိုးနေမယ်ဆိုရင်တော့ အကြွေးကင်းရာ နိဗ္ဗာန်နဲ့ကတော့ ဝေးပြီးရင်းဝေးရင်း ဖြစ်နေပါလိမ့်မယ်။ ကိုယ့်ရဲ့လုပ်ရပ်တစ်ခုဟာ စေတနာပါပါနဲ့ လုပ်လိုက်မိရင် အကြွေးဖြစ်စေပါတယ်။ အကြွေးဆိုရင်တော့ ပေးဆပ်ရမှာပါ။ ထုံးစံအတိုင်း ပေးဆပ်တဲ့အခါ အရင်းရော အတိုးရော ပေးဆပ်ရသလို ဘာမှမဟုတ်ပါဘူးဆိုပြီး လုပ်လိုက်တဲ့ မကောင်းတဲ့ လုပ်ရပ်တစ်ခုဟာ သူ့ရဲ့တန်ပြန် အကျိုးပေးကို ခံရတဲ့အခါမှာ ပေးဆပ်ရတဲ့ အတိုးက ဖော်မပြနိုင်အောင် များပါတယ်။ တစ်ချို့အတိုးတွေဆို အောက်ကနေ ပြန်မတက်နိုင်လောက်အောင်၊ ဘုရားပွင့်သော်လည်း ဘုရားသာသနာနဲ့ ကြုံခွင့်မရအောင်၊ အကြွေးဆပ်ပြီးပြန်တော့လည်း ကောင်းတဲ့သုဂတိဘ၀မှာ ကောင်းကောင်းမွန်မွန် မဖြစ်သေးဘဲ အိုနာကျိုးကန်းအဖြစ် ပြန်ဖြစ်အောင်အထိ အပိုပေးဆပ်လိုက်ရတာတွေ ရှိပါတယ်။ အတိုးပေါ် အတိုးထပ်တဲ့ သဘောပါပဲ။ ဒါဟာ မကောင်းတဲ့ လုပ်ရပ်တစ်ခုကြောင့် ပေးဆပ်ရတဲ့ အကုသိုလ်အကြွေးရဲ့ သဘောပဲ ဖြစ်ပါတယ်။ စာလိုပြောတော့ ကံကံရဲ့အကျိုးပဲပေါ့။

အကြွေးဆပ်ရင်း အကြွေးမထပ်ပါစေနဲ့…
အကြွေးဆပ်နေရတဲ့ ကိုယ့်ဘ၀ကို မမေ့ကြပါနဲ့။ အတိတ်ဘ၀တစ်ခုခုက တင်ကျန်လာတဲ့ အကြွေးတွေကို ဒီဘ၀မှာ လာဆပ်ရင်း အကြွေးပေါ် အကြွေးမထပ်အောင်၊ အတိုးပေါ် အတိုးမထပ်အောင် ကြိုးစားကြဖို့လိုပါတယ်။ ဒီလိုကြိုးစားတဲ့အခါ တစ်ဘ၀တစ်နပ်စာကို ကြည့်ပြီး ဖြစ်သလို မလုပ်ကြပဲ သံသရာနဲ့ချီကာ ပေးဆပ်ရမယ့် အတိုးကြွေးကို တွေးလို့ ကြိုးစားလုပ်ကိုင်ကြဖို့ လိုပါတယ်။ မကောင်းတဲ့ စိတ်စေတနာနဲ့ လုပ်တဲ့လုပ်ရပ်များရဲ့ အကြွေးအတိုးဟာ ကြောက်စရာ ကောင်းလောက်အောင် ကြီးမားတယ်ဆိုတာ သဘောပေါက်ပြီး ဘာပဲလုပ်လုပ် ကောင်းတဲ့စိတ် စေတနာလေးတွေနဲ့ လုပ်ကြရပါမယ်။ သေချာတာကတော့ အကြွေးရှိရင် ဆပ်ရမယ်ဆိုတာပါပဲ။ အဓိကကတော့ “အကြွေးဆပ်ရင်း အကြွေးထပ်နေသူများ မဖြစ်စေကြဘဲ အကြွေးဆပ်ရင်း အကြွေးမထပ်အောင်သာ ကြိုးစားကြဖို့”ပါပဲ။

ရုပ်ကိုပဲပြင် စိတ်မပြင်လျှင်…
အပုတ်ကောင် ဖြစ်နေတဲ့ ဒီရုပ်ဟာ နေ့စဉ်ပြင်နေရပါတယ်။ နေ့စဉ်သန့်ရှင်းအောင် လုပ်နေရပါတယ်။ တစ်နေ့မပြင်ရင် တစ်နေ့အနံ့ထွက်နေတာ ဆိုတော့ နေ့တိုင်းနေ့တိုင်း မရိုးနိုင်အောင်ကို ပြင်နေရပါတယ်။ မပြင်ဘဲ ထားမယ်ဆိုရင်လည်း ခန္ဓာကိုယ်မှာ ရှိတဲ့ အပေါက်တွေက ထွက်လာသမျှ အရာဟာ ဘာတစ်ခုမှ ကောင်းတာမရှိတော့ ရွံရှာဖွယ်ပဲ ဖြစ်နေပါတော့တယ်။ ဒါကလည်း ဒီရုပ်တရားဟာ အကောင်ပုတ်ဆိုတာ သိနိုင်တဲ့ အသိဉာဏ်ရှိမှ ဖြစ်မှာပါ။ တစ်ချို့ မသိကြတော့ ဒီအပုတ်ကောင်ဖြစ်တဲ့ ရုပ်ကောင်ကိုပဲ အဟုတ်ထင်ကာ မာနတွေ ၀င်နေကြပါတယ်။ အပေါ်ယံအရေပြားကို ရွှေအလား ထင်မှတ်ပြီး အမျိုးမျိုးနဲ့ ချယ်သနေကြပါတယ်။ နောက်ဆုံးတော့ ပြင်မဆုံးဖြစ်နေတဲ့ ဒီရုပ်ဟာ သေရင်ထားခဲ့ရမယ့် အကောင်ပုတ်ဆိုတဲ့ အမည်ပညတ်တစ်ခုပဲ ဖြစ်နေပါတယ်။ ဒါကို မသိတော့ ဟန်ဆောင်မှုများနဲ့အတူ အခိုက်အတန့်သာဖြစ်တဲ့ ပြင်ထားတဲ့ရုပ်အပေါ် အစွဲတရားတွေနဲ့ အလွဲအမှား စိတ်ထားတွေအထိ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ရုပ်ကိုအမှီပြုပြီး စိတ်ပါဒုက္ခ ဖြစ်နေကြပါတယ်။ ရုပ်ကို သန့်ရှင်းအောင် လုပ်နေပေမယ့် စိတ်ကို မသန့်ရှင်းမိကြတော့ အကုသိုလ် အညစ်အကြေးတွေနဲ့ လောဘမျက်နှာ၊ ဒေါသမျက်နှာ၊ မောဟမျက်နှာ၊ မာနမျက်နှာ၊ ဣဿာ၊ မစ္ဆရိယ မျက်နှာတွေအဖြစ် ပြောင်းပြောင်းနေကုန် ပါတော့တယ်။ လှချင်လို့ မျက်နှာကို ခွဲစိပ်ပြုပြင် အလှဆင်ပေမယ့် ပိုပိုလှမလာဘဲ ကိလေသာလွှမ်းတဲ့ မျက်နှာတွေနဲ့ အိုအိုလို့သာ ပိုပြလာပါတော့တယ်။ ဒါကြောင့် လှချင်လို့ ပြင်ကြရင်လည်း ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ရုပ်မလှပေမယ့် စိတ်လှနေရင် လူလည်းလှလို့ အခုဘ၀မှာရော သံသရာမှာပါ အလှတရားတွေ ပိုင်ဆိုင်နေရမှာ အမှန်ပဲ ဖြစ်ပါတယ်။

စိတ်အညစ်အကြေး စိတ်နဲ့ဆေး…
မြတ်ဗုဒ္ဓကတော့ စိတ်ကို အထူးသတိပြုဖို့ အမြဲမိန့်တော်မူပါတယ်။ စိတ်ကိုပြင်ဖို့ အမြဲတိုက်တွန်းတော် မူပါတယ်။ ရုပ်ကို သန့်ရှင်းအောင် ပြုပြင်ကြသလို စိတ်ကိုလည်း သန့်ရှင်းအောင် ပြုပြင်ကြဖို့ အထူးဟောတော်မူပါတယ်။ ရုပ်မှာ အညစ်အကြေးတွေ စွန်းထင်လာတဲ့အခါ သန့်ရှင်းအောင် ဆေးကြောပေးရသလို စိတ်မှာ အညစ်အကြေးတွေ ဖြစ်ရင်လည်း သန့်ရှင်းအောင် ဆေးကြောပေးကြဖို့ ညွန်ပြတော်မူပါတယ်။ “ရေကြောင့်ဖြစ်တဲ့ ရွှံ့ပေရင် ရေနဲ့ဆေးမှပဲ သန့်ရှင်းသွားတတ်သလို၊ စိတ်ကြောင့်ဖြစ်တဲ့ အညစ်အကြေးဟာလည်း စိတ်နဲ့ဆေးမှပဲ သန့်ရှင်းနိုင်ကြောင်း..” ဆုံးမတော်မူပါတယ်။ အရင်းစစ်တော့ စိတ်မညစ်စေဖို့ပါပဲ။ စိတ်မှာ အညစ်အကြေးတွေ မဖြစ်ဖို့ပါပဲ။ အကယ်၍ စိတ်မှာသာ အညစ်အကြေးဖြစ်ပြီး စိတ်ညစ်နွမ်းပြီဆိုပါက ရုပ်ကို ဘယ်လောက်ပဲ လှအောင်ပြင်နေပါစေ အကျိုးမပြီး အချည်းနှီးပဲ ဖြစ်နေတတ်ကြောင်း သတိပြုကြဖို့ လိုအပ်လှပါတယ်။

ရုပ်ကိုလည်းပြင် စိတ်လည်းပြင်…
နေ့စဉ်နေ့စဉ် ရုပ်ကိုပြင်နေကြသလို စိတ်ကိုလည်း တစ်နေ့ထက် တစ်နေ့ ကောင်းတဲ့စိတ်၊ ကိလေသာနည်းတဲ့စိတ်၊ ဒေါသနည်းတဲ့စိတ်၊ မာနနည်းတဲ့စိတ်၊ မနာလိုမှု၊ ၀န်တိုမှု နည်းတဲ့စိတ်လေးတွေ ဖြစ်အောင် မမေ့မလျော့ မပေါ့မဆတဲ့ သတိတရားနဲ့ ပြုပြင်ပေးကြည့်ကြဖို့၊ စိတ်ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အညစ်အကြေးများကို စိတ်နဲ့ပဲ သန့်ရှင်းအောင် ဆေးကြောပြုပြင်ပေးကြဖို့၊ ရုပ်ကိုပြင်ဖို့ အချိန်၊ လူ၊ ငွေ၊ ပစ္စည်းစတာတွေနဲ့ အားစိုက်ကြိုးစား ပြုပြင်ကြသလို စိတ်ကိုလည်း သီလ၊ သမာဓိ၊ ပညာသတိတရားများနဲ့ ကြိုးစားအားထုတ်ကာ ပြုပြင်ပေးကြဖို့ ဆုံးမဟောကြား ပေးကြခြင်း ဖြစ်ပါတယ်။ ဖြစ်သင့်တာကတော့ ရုပ်ကိုလည်းပြင် စိတ်လည်းပြင်တတ်ကြဖို့ပဲ ဖြစ်ပါတယ်။

ခလုပ်မထိခင် အမိတပါ…
ခလုပ်ထိမှ အမိတလို့ ဆိုကြပေမယ့် ခလုပ်ထိအောင် စောင့်မနေကြဘဲ ခလုပ်မထိခင် ပြင်ဆင်ကြဖို့ လိုပါတယ်။ အမိတ,ချင်ရင် အမိက မ,နိုင်ချိန်မှာ တ,နိုင်အောင် ကြိုးစားကြဖို့ပါ။ ခလုပ်ဆိုတာ သွားရင်းလာရင်းနဲ့လည်း အသွားမတော်ရင် အချိန်မရွေး ထိနိုင်တဲ့အတွက် သွားရင်းသွားရင်း အမိမကယ်နိုင်တဲ့ အဝေးရောက်မှ ခလုပ်ထိလို့ အမိတ,မယ်ဆိုရင် အမိလည်း မမ,နိုင်ပါဘူး။ ကိုယ်ထူကိုယ်ထ ဆိုသလို ကိုယ်ထူပြီး ကိုယ်ထမှ ဖြစ်မှာပါ။ အဓိကကတော့ ထိမှတ,တာထက် မထိခင် ကြိုတင်ပြီး မထိအောင် သတိပြုဆင်ခြင်တာက ပိုကောင်းပါတယ်။

ကျင့်ယူပါ...
လောကီပိုင်းမှာပဲ ဖြစ်ဖြစ် လောကုတ္တပိုင်းမှာပဲ ဖြစ်ဖြစ် တောင့်တနေဖို့ထက် လက်တွေ့လုပ်ဆောင် ကျင့်ကြံနေဖို့က အရေးကြီးပါတယ်။ ရချင်တာကို တောင်းပြီးယူတာထက် လုပ်ပြီးယူတာက လက်တွေ့ကျကာ တန်ဘိုးရှိပါတယ်။ တောင်းတဲ့အခါ တောင်းတိုင်းမရနိုင်ပေမယ့် ကျင့်ကြံနိုင်ရင်တော့ ကျင့်ကြံတဲ့အတိုင်း ရနိုင်ပါတယ်။ သူများပေးမှကမ်းမ ရမယ့်အရာကို စောင့်မျှော်တောင့်တ မနေဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားလုပ်ကိုင်ပြီး ရတာက ပိုပြီးအဓိပ္ပါယ် ပြည့်ဝပါတယ်။ ဒါကြောင့် တောင်းတယ်ဆိုတာဟာ အတောင်းမတော်ရင် အမုန်းရတတ်တဲ့အပြင် ကုသိုလ်ရေးနဲ့ ပတ်သက်ပြီး ဆုတောင်းမတော်ရင် တဏှာရဲ့ ချယ်လှယ်မှုနဲ့ နိမ့်ကျတဲ့ ဘ၀ကို ရောက်စေနိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် တောင်းမနေကြဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ ကျင့်ကြံကျိုးကုတ်မှုတွေနဲ့ လက်တွေ့ရအောင် လုပ်ယူကျင့်ယူကြပါလို့ တိုက်တွန်းလိုပါတယ်။

မရှိတောင့်တ ရှိကြောင့်ကြ…
စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ပကာသနတွေဟာ မရှိရင်လည်း တောင့်တတတ်သလို ရှိရင်လည်း ကြောင့်ကြနေရတတ်တဲ့ အတွက် စိတ်အလိုအတိုင်း လိုချင်တာနောက်ပဲ လိုက်မနေကြဖို့၊ ရရှိလာတဲ့ အရာများအပေါ်မှာလည်း စိုးရိမ်ကြောင့်ကြမှုများနှင့် အလွန်အကျွံဖြစ်ကာ တွေးတောပူပင်မှု မများကြဖို့၊ ဒုက္ခဆိုတာ မရှိလည်းဖြစ်၊ ရှိလည်းဖြစ်တဲ့အတွက် မရှိတဲ့အခါမှာလည်း မရှိတဲ့အတိုင်းအတာနဲ့ လိုချင်တောင့်တမှုကို ထိန်းချုပ်ပြီး ရှိတဲ့အခါလည်း ရှိတဲ့အပေါ်မှာ မာနမ၀င် သတိထင်ကာ စိုရိမ်ကြောင့်ကြမှု မများကြဖို့၊ မရှိတောင့်တ ရှိကြောင့်ကြတတ်တဲ့ စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရ ဂုဏ်ပကာသနတွေ ရှိခြင်း မရှိခြင်းအပေါ်မှာ အကြောင်းပြု၍ ဖြစ်ပေါ်လေ့ရှိတဲ့ ဒုက္ခအပေါင်းကို သတိပညာနှင့် စဉ်းစားဆင်ခြင် အသိဝင်ကြဖို့ လိုပါတယ်။

အာရုံနောက်ကို စိတ်မလိုက်စေနဲ့...
လောကမှာ ဒုက္ခအပေးဆုံး အရာဟာ စိတ်ပဲလို့ ဆိုကြသလို ဒီစိတ်ကြောင့် ကိုယ်အပါအ၀င် သတ္တ၀ါတွေဟာ ဒုက္ခပင်လယ် ဝေနေကြတာပါ။ အဲဒါ သူများက ဒုက္ခပေးလို့ မဟုတ်ဘဲ ကိုယ့်စိတ်က ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးလို့ ဖြစ်တာပါ။ လက်တွေ့ဘ၀မှာပဲ ကြည့်ကြည့်လေ စိတ်က ဒုက္ခပေးနေတော့ တွေ့သမျှ အဆင်း၊ အသံ၊ အနံ့စတဲ့ အာရုံတွေအပေါ်မှာ လိုက်ပြီးကိုယ်ပါ ဒုက္ခဖြစ်နေတာ။ သိတဲ့အတိုင်းပဲ စိတ်က သူကြိုက်တဲ့ အဆင်း၊ အသံ၊ အနံ့စတာတွေဆို ခဏခဏ လိုချင်နေပြီး သူမကြိုက်တဲ့ အဆင်း၊ အသံစတာဆို ထစ်ခနဲဆို စိတ်တိုလိုက်၊ စိတ်ကောက်လိုက်၊ စိတ်ညစ်လိုက် ဖြစ်နေပြန်ပါတယ်။ ပိုဆိုးတာက ဒီစိတ်က တစ်သမှတ်တည်း မရှိတာပါ။ လိုရင်တစ်မျိုး မလိုရင်တစ်မျိုး အမျိုးမျိုးဖြစ်နေတာပါ။ စိတ်ကကြိုက်လို့ လိုချင်နေတာကို ကိုယ်ကပါလိုက်ပြီး နေလို့ကတော့ ရှာပေတော့လို့ပဲ ပြောရမလိုဖြစ်နေတယ်။ ဆုံးကို မဆုံးနိုင်တော့ပါဘူး။ ဒါကြောင့် စိတ်က ကြိုက်ကြိုက် မကြိုက်ကြိုက် သူ့ကို အဲဒီအဆင်း၊ အသံစတဲ့ အာရုံနောက်ကို မလိုက်အောင် ထိန်းဖို့ပြောကြတာ ဖြစ်မှာပါ။

ပျက်စီးချိန်တန်လို့ ပျက်စီးနိုင်ပေမယ့်...
ဖြစ်ခြင်းပျက်ခြင်း၊ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း စတာတွေဟာ လောကဓံတရားများ ဖြစ်သလို အကြောင်းအကျိုး ဆက်စပ်နေတဲ့ တရားများလည်း ဖြစ်တဲ့အတွက် အချိန်တန်ရင် မလွဲမသွေ ကြုံတွေ့ရမယ် ဆိုတာကို နားလည်သဘောပေါက်ထားဖို့် လိုအပ်ပါတယ်။ အပျက်မှမဟုတ် အဖြစ်လည်း အချိန်ကာလကျလာရင် ဖြစ်လာတတ်၊ ရောက်လာတတ်တယ်ဆိုတာ သိရှိထားပြီး အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ဖြစ်သမျှကို “ဒါလည်းပဲ ပြီးသွားမှာပါပဲ” ဆိုတဲ့ ခံယူချက်နဲ့ အမှတ်သတိ မပြတ်ရှိကာ ရင်ဆိုင်နိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလို အကောင်းအဆိုး လောကဓံကို ခံနိုင်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ပြီး ဘ၀အောင်မြင်တိုးတက်ရေးရဲ့ အဓိက သော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် ပျက်စီးချိန်တန်လို့ ပျက်စီးနိုင်ပေမယ့် ပျက်စီးမှုနှင့် ကြုံတွေ့တဲ့အခါ မမေ့မလျော့ မပေါ့မဆတဲ့ သတိတရားနဲ့ ရဲရဲရင်ဆိုင် ကျော်လွားနိုင်ရင် အထိနာ အကျနာ သက်သာနိုင်မှာဖြစ်လို့ ပညာတရား၊ သတိတရား မမှားရအောင် အကျင့်တရား မချွတ်မှားဘဲ ကြိုးစားကျင့်ကြံ နေထိုင်ဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၅)...

ရုပ်ပွားဆင်းတုတော်က ခိုက်တာလား… ဗေဒင်ဆရာက ရိုက်တာလား…
လွဲနေတာလေးတွေကို ပြောနေရင်း နောက်ထပ်အလွဲ တစ်ခုကို သွားသတိရမိပါတယ်။ ဘုန်ဘုန်းမြန်မာပြည်မှာ ရှိနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ တစ်နေ့ ဒကာမတစ်ယောက် စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ရုပ်ပွားဆင်းတုတော် တစ်ဆူယူလာပြီး ဘုန်းဘုန်းကျောင်းကို ရောက်လာပါတယ်။ ဒကာမက “အရှင်ဘုရား… ဒီဘုရားလေး အရှင်ဘုရားကျောင်းမှာ ထားချင်လို့ပါဘုရား..”တဲ့။ ဘုန်းဘုန်းက “ဒကာမ ဒီဆင်းတုတော် တော်တော်သပ္ပါယ်သားပဲ..၊ ဆိုင်က၀ယ်ယူပြီး ပူဇော်တာလား..၊ ဘာအတွက် လာလှူတာလဲ..” စသဖြင့် မေးလိုက်ပါတယ်။ ဒီတော့ ဒကာမက “ဆိုင်က၀ယ်လာတာ မဟုတ်ဘူးဘုရား…၊ တပည့်တော်မတို့ အိမ်မှာကိုးကွယ် ပူဇော်ထားတဲ့ ဆင်းတုတော်ပါ၊ အိမ်မှာ အစစ အရာရာ အဆင်မပြေ ဖြစ်နေလို့ ဗေဒင်ဆရာ သွားမေးကြည့်တော့ ဗေဒင်ဆရာက အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုတော်က ခိုက်တာ၊ အဲဒီဆင်းတုတော်ကို ဘုန်းကြီးကျောင်းဖြစ်ဖြစ်၊ ဘုရားစေတီမှာရှိတဲ့ ညောင်ပင်ရင်းမှာပဲ ဖြစ်ဖြစ် သွားလှူလိုက်ပါလို့ ပြောလို့ အဲဒါ အရှင်ဘုရားကျောင်းမှာ လာလှူတာပါဘုရား…”တဲ့။

ရင်ထဲမှာ တော်တော်ကို မကောင်းဖြစ်သွားတယ်။ ဒါလားဟဲ့ ဗုဒ္ဓဘာသာလို့လည်း စိတ်ထဲမှာ ရေရွတ်မိပါတယ်။ ဘုရားဆင်းတုတော်ကို ကျောင်းမှာလာလှူတာပါတဲ့။ ပြောလိုက်တဲ့စကားက လှူတယ်ပေါ့။ တကယ်တော့ ဗေဒင်ဆရာစကားအတိုင်း အိမ်မှာခိုက်လို့ ကျောင်းမှာလာစွန့်တာပါပဲ။ ဘုရားဆင်းတုတော်က ခိုက်တာဆိုပဲ။ ဆင်းတုတော်က ခိုက်တာမဟုတ်ပါဘူး။ ဗေဒင်ဆရာက ရိုက်တာပါ။ ဗေဒင်ဆရာရိုက်တာကို ဆင်ခြင်တုံတရားမရှိ၊ အမှားအမှန် မခွဲခြားဘဲ လိုက်လုပ်နေကြတာပါ။ ဘုရားစင်မှာ လူတွေဘာပဲ ကပ်ကပ် အကောင်းအဆိုး၊ ဘာမှမပြော၊ ဘယ်လိုပဲနေနေ ဘာမှမလုပ်ပဲ အချိန်ပြည့် ထားတဲ့နေရာမှာ ရှိနေတဲ့ ဒီရုပ်ပွားဆင်းတုတော်ကပဲ ခိုက်တယ်လို့ စဉ်းစဉ်းစားစား လုပ်ကြပါဦး။ ကိုယ့်ကံနိမ့်နေ၊ ကိုယ့်လုပ်ရပ်ကြောင့် ကိုယ့်ဖာသာ မကောင်းတာတွေ ဖြစ်နေတာကိုပဲ ဘုရားကိုပုံချပြီး ဘုရားက ခိုက်တယ်ပဲ ရှိရသေးတယ်။

ယနေ့ခေတ် ဗုဒ္ဓဘာသာ အများဟာ မကောင်းတာတွေကြုံ ဒုက္ခတွေဖြစ်ပြီဆိုရင် ကိုယ့်ကိုယ်ကို ပြန်မကြည့်၊ ပြန်မစိစစ်တော့ဘဲ နီးစပ်ရာအားကိုးမှုကို ရှာတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို အားမကိုးဘဲ သူများအားကိုပြီး ဟိုမေးဒီမေး လုပ်တတ်ကြပါတယ်။ နောက်ဆုံး အဲဒီလို လူမျိုးတွေကို စောင့်စားနေကြတဲ့ ဗေဒင်လက္ခဏာ နတ်ဂိုဏ်းဆရာတွေဆီ ရောက်ကုန်ပါလေရော။ ဗေဒင်ဆရာစတဲ့ သူတွေဆိုတာ သူတို့ဆီရောက်လာတယ် ဆိုရင် အပူတစ်ခုခုရှိလို့ ရောက်လာတယ်ဆိုတာ သိထားပြီးသားဆိုတော့ ရောက်တာနဲ့ တန်းပြီး အဆင်မပြေတာ တစ်ခုခု ရှိနေတယ်မဟုတ်လားဆိုတော့ ရောက်လာသူက ဟာ…သူသိနေပါလား..၊ ဘာမှ မပြောရသေဘူး သိပ်မှန်ပါလားနဲ့ သူပြောသမျှမှာ အကုန်ယုံ၊ အကုန်လိုက် လုပ်တော့တာပါပဲ။ အဲဒီ တစ်လွဲယုံကြည်မှု အားကောင်းခြင်းက ကိုယ့်အိမ်မှာ ကိုးကွယ်တဲ့ ဘုရားဆင်းတုတော်ကို စွန့်တဲ့အထိ ဖြစ်ကုန်ပါတော့တယ်။

တကယ်တော့ ဗုဒ္ဓဘာသားများဟာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ဆင်ခြင်သင့်ပါတယ်။ နေရာတကာ အယုံကြည် မလွယ်သင့်ပါဘူး။ ဘယ်သူမပြု မိမိမှုဆိုသလို သေချာတွေးကြည့်ရင် အစဉ်ပြေမှု မပြေမှုဆိုတာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ အကျိုးရလာဘ်ပါပဲ။ အကောင်းအဆိုး ဆိုတာက လူတိုင်းကြုံတွေ့ရမယ့် လောကဓံပါ။ လောကမှာ ရှိနေရင်တော့ အကောင်းတွေနဲ့ ကြုံနေတတ်ရသလို အဆိုးတွေလည်း ရောက်နေမှာပါပဲ။ ဒီလောကဓံကို ဘာပဲလာလာ ခံနိုင်ရည်ရှိအောင် လုပ်ရမှာ ကိုယ်ကိုယ်တိုင်ပါ။ ကိုယ့်ရဲ့ လုပ်ရပ်တွေကို ကိုယ်ဆင်ခြင်ရမှာပါ။ အဲဒါကို ကိုယ့်ကိုယ်ကို အားမကိုးဘဲ သူများသွားအားကိုတော့ သူများခိုင်းတဲ့အတိုင်း လုပ်ရင်းက ကိုယ်ပါအပြစ်ဖြစ်ကာ ဘုရားမကြောက်၊ ကံမကြောက် ဖြစ်ကုန်တော့တာပါ။ နောက်ဆုံးတော့ ဗေဒင်ဆရာကို အားကိုးမိလို့ ဗေဒင်ဆရာ ရိုက်တာခံရတဲ့အတွက် မလုပ်သင့်တဲ့ အကုသိုလ် အလုပ်ကို လုပ်ဖြစ်ကုန်တော့တာပါ။ အမှန်ဖြစ်သင့်တာက အဆိုးတွေ ကြုံနေ၊ အဆိုးတွေ များနေရင် အကောင်းကို များများလုပ်သင့်တာပါ။ အဆိုးတွေပြီးရင် အကောင်းတွေ လာလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ့ အဆိုးဒဏ်ကို ကြံ့ကြံ့ခံပြီး အကောင်းတွေပဲ ဖိလုပ်သင့်ပါတယ်။ အကောင်းတွေ လုပ်နေရင်း အဆိုးတွေ ကြုံခဲ့ရင်တောင် တအားဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင်ပါဘူး။ ဒီလိုမဟုတ်ဘဲ အဆိုးတွေကြုံလို့ သူများအားကိုးပြီး ခိုင်းတဲ့အတိုင်းလိုက်လုပ်မိရင် အဆိုးတွေဟာ ပိုပြီးဆိုးလာတတ်ပါတယ်။ အပါယ်လားစေနိုင်တဲ့ အဆိုးတွေအထိ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ခိုက်တယ်ဆိုတာ ရုပ်ပွားဆင်းတုတော်က ခိုက်တာမဟုတ်ပါဘူး။ ကိုယ့်လုပ်ရပ်တွေက ကိုယ့်ကို ပြန်ခိုက်စေတာ ဖြစ်တဲ့အတွက် အခိုက်အတန့် အဆိုးတွေနဲ့ ခိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အကောင်းတွေပဲ ဖိလုပ်နေဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ကိုယ်ကို မပြုပြင်၊ အကောင်းတွေနဲ့ မပြင်ဆင်ဘဲ သူများအားကိုပြီး ဗေဒင်ဆရာမေးတဲ့အဆင့် ရောက်သွားမယ်ဆိုရင်တော့ ဘုရားဆင်းတုတော်တွေပါ စွန့်ခိုင်းတတ်ကာ အပါယ်အထိရောက်အောင် ထိုပုဂ္ဂိုလ်များက ရိုက်တတ်တဲ့အတွက် ဗေဒင်ဆရာရိုက်မှာကို သတိပြုဆင်ခြင်ကြဖို့ မှားတတ်တဲ့ အမှားတစ်ခု အဖြစ်သတိပေး တင်ပြလိုက်ပါတယ်။

Read more »

စရိုက်နှင့် ကမ္မဋ္ဌာန်း…

အများဖြစ်နေကျ ပုံစံများ၊ အရာများထက် ပိုမိုလွန်ကဲပြီး အဖြစ်များတတ်တဲ့ သဘောကို စရိုက်လို့ ခေါ်ပါတယ်။ ပါဠိစရိတဆိုတဲ့ စကားလုံးကို စရိုက်လို့ မြန်မာမှု ပြုထားခြင်း ဖြစ်ပါတယ်။ ဒီစရိုက်ကိုပဲ အထုံဝါသနာလို့ ဆိုပါတယ်။ လူတွေမှာ စိတ်ကောင်းစိတ်ဆိုး အမျိုးမျိုး ဖြစ်နေတာဟာ ဒီဘ၀နဲ့ပဲ သက်ဆိုင်နေတာ မဟုတ်ဘဲ ရှေးရှေးဘ၀က အထုံဝါသနာနဲ့လည်း သက်ဆိုင်ပါတယ်။ ရှေးရှေးအတိတ်ဘ၀များက အထုံဝါသနာကောင်း ပါလာတဲ့သူတွေဟာ စိတ်ကောင်းစေတနာကောင်း ရှိတတ်ပြီး အထုံဝါသနာဆိုး ပါလာတဲ့ သူတွေကတော့ စိတ်စေတနာ ဆိုးတတ်ပါတယ်။ ဒီလိုမကောင်းတဲ့ ၀ါသနာအထုံ စရိုက်တွေအားကောင်းတဲ့ သူတွေအတွက် စိတ်ကောင်းရှိအောင် ပြုပြင်ဖို့ ခက်ခဲတတ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အထုံဝါသနာက အားကြီးနေလို့ပါ။

လောကမှာ လူအမျိုးမျိုး စရိုက်အမျိုးမျိုး ရှိကြတယ်လို့ ဆိုကြပေမယ့် ဗုဒ္ဓစာပေနဲ့ ခွဲခြားကြည့်လိုက်ရင် စရိုက် (၆)မျိုးပဲ ရှိပါတယ်။ လူတိုင်းလူတိုင်း မတူညီတဲ့ စရိုက်တစ်မျိုးစီ ဒါမှမဟုတ် နှစ်မျိုး၊ သုံးမျိုးစသည် ရှိတတ်ပါတယ်။ ကိုယ်ဘာစရိုက်အားကြီးတယ် ဆိုတာကိုတော့ ဒီစရိုက်ခြောက်ပါးနဲ့ ညှိကြည့်နိုင်ပါတယ်။ စရိုက်ခြောက်ပါးမှာ ရာဂစရိုက်ရှိသူနဲ့ သဒ္ဓါစရိုက်ရှိသူဟာ သွားလာနေထိုင်၊ လုပ်ကိုင်စားသောက်ပုံချင်း တူညီတတ်ပြီး ဒေါသစရိုက်ရှိသူနဲ့ ဗုဒ္ဓိ(ပညာ) စရိုက်ရှိသူဟာလည်း အနေအထိုင် အပြောအဆို အစားအသောက် တူညီတတ်ကာ မောဟစရိုက်ရှိသူနဲ့ ၀ိတက်စရိုက် ရှိသူမှာလည်း အလုပ်အကိုင် အပြောအဆို အစားအသောက်မှအစ တူညီနေတတ်တာကို တွေ့ရတတ်ပါတယ်။

ရာဂစရိုက်ရှိသူနဲ့ သဒ္ဓါစရိုက်ရှိသူ နှစ်ဦးလုံးဟာ အသွားအလာ အနေအထိုင် အပြောအဆို ယဉ်ကျေးတတ်၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေတတ်ထိုင်တတ် လုပ်ကိုင်တတ်၊ အနံ့အသက်ကောင်းကောင်း အစားအသောက် ကောင်းကောင်းနဲ့ နူးညံ့သိမ်မွေ့မှုများကို နှစ်သက်တတ်ပါတယ်။ ထူးခြားမှုက ရာဂစရိုက်ရှိသူဟာ ကာမဂုဏ်အာရုံများကို မခွဲနိုင်မခွါရက်အောင် စွဲမက်တတ်၊ ပရိယာယ်မာယာများတတ်၊ စဉ်းလဲကောက်ကျစ်တတ်၊ လောဘမာန အားကြီးတတ်ပြီး သဒ္ဓါစရိုက် အားကြီးသူကတော့ ပရိယာယ်မာယာနှင့် လောဘမာနများ အလွန်မကြီးမားဘဲ စွန့်ကြဲပေးကမ်း လှူဒါန်းမှုမှာ ပျော်မွေ့တတ်၊ ဘုရားကျောင်းကန်များတွင် ၀တ်တွားဆည်းကပ်တတ်၊ ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှု အားကောင်းတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ သဒ္ဓါစရိုက်အားကြီးပြီး ပညာအားနည်းတဲ့အတွက် အလွဲကိုးကွယ်မိတာတွေလည်း ရှိတတ်ပါတယ်။

ဒေါသစရိုက်ရှိသူနဲ့ ဗုဒ္ဓိခေါ် ပညာစရိုက်ရှိသူ နှစ်ဦးလုံးဟာ အသွားအလာ အနေအထိုင် အပြောအဆို ရုန့်ရင်းကြမ်းတမ်းတတ်၊ သပ်သပ်ရပ်ရပ် နေထိုင်လုပ်ကိုင်မှု မရှိဘဲ ဖြစ်သလို ဖရိုဖရဲ လုပ်တတ်ကိုင်တတ်၊ အချဉ်အငန် အစပ်အခါး စတဲ့ စူးစူးရှရှ အရသာတွေမှာ နှစ်သက်တတ်၊ မကောင်းတဲ့အဆင်းအသံ စတာတွေနဲ့ တွေ့ကြုံတဲ့အခါ သည်းခံအောင်အည်း ချုပ်တည်းခြင်းမရှိဘဲ ချက်ချင်းဆဲဆို ငေါက်ငမ်းကာ စိတ်ကြမ်းစိတ်တို လွယ်တတ်ပါတယ်။ ကွဲပြားတာက ဒေါသစရိုက်ရှိသူဟာ ရန်ငြိုးဖွဲ့ခြင်း အာဃာတ၊ မနာလိုခြင်း ဣဿာ၊ ၀န်တိုခြင်း မစ္ဆရိယ၊ သူတစ်ပါးဂုဏ်ကို ဖျက်ဆီးလိုခြင်း မက္ခ၊ ဂုဏ်တူဂုဏ်ပြိုင်ပြုခြင်း ပဠာသ၊ အဆုံးအမခက်ခြင်း ဒုဗ္ဗစတရားများ ဖြစ်ပွားလေ့ရှိတတ်ပြီး ဗုဒ္ဓိစရိုက်ရှိသူကတော့ ရန်ငြိုးဖွဲ့ခြင်း၊ မနာလိုခြင်း၊ ၀န်တိုခြင်း စတဲ့တရားများမရှိဘဲ ဆိုဆုံးမလွယ်တတ်၊ စားသောက်ဖွယ်မှန်သမျှမှာ နှိုင်းနှိုင်းချိန်ချိန် ပြုတတ်၊ နောင်သံသရာအတွက် သတိပညာဖြင့် ကောင်းစွာမြော်မြင်ကာ ပါရမီကုသိုလ်များကို ကြိုးစားပြုလုပ်တတ်ပါတယ်။

မောဟစရိုက်ရှိသူနဲ့ ၀ိတက်စရိုက်ရှိသူ နှစ်ဦးလုံးရဲ့ သဘောလက္ခဏာဟာလည်း တူညီနေတတ်ပါတယ်။ အသွားအလာ၊ အပြောအဆို အနေအထိုင်က အစပေါ့။ ဒါပေမယ့် ထူးခြားချက်က မောဟစရိုက်ရှိသူဟာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ရှိတတ်၊ ကိစ္စအထွေထွေ ပွေလိမ်ရှုတ်ထွေးတတ်၊ အစားအသောက်မှာလည်း တစ်သမှတ်တည်းမရှိ ဟိုလိုလို ဒီလိုလို နှစ်သက်တတ်၊ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားသိမြင်မှု မရှိတတ်ဘဲ သူများချီးမွန်းရင် လိုက်ချီးမွန်းတတ်ကာ သူများကဲ့ရဲ့ရင်လည်း လိုက်ကဲ့ရဲ့တတ်၊ သတိပညာကင်းပြီး ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ၊ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စတို့နှင့် အချိန်ကုန်တတ်ပြီး ၀ိတက်စရိုက် ရှိသူကတော့ ဟိုဟိုဒီဒီ ကိစ္စများများမှာ အကျိုးမပြီး အချည်းနှီးဖြစ်နေတတ်၊ စကားပေါကာ ကိစ္စမချောဘဲ မျောနေတတ်၊ ကောင်းတဲ့လုပ်ငန်းများမှာ အစွမ်းအစမရှိဘဲ ပျင်းရိနေတတ်၊ ကိုယ်လိုပေါ့ပေါ့တန်တန် လူများနဲ့ပျော်မွေ့ကာ ထွေရာလေးပါး အကြံများပြီး လူအားလူပိုသာ ဖြစ်နေတတ်ပါတယ်။

ဒါတွေကတော့ သတ္တ၀ါများ ရှိတတ်တဲ့ အကျင့်စရိုက်ရဲ့ သဘောတရားအချို့ပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း စရိုက်တစ်ခုခုကတော့ အားကောင်းနေတတ်ပါတယ်။ ကောင်းတဲ့စရိုက်အားကောင်းနေတာ ရှိတတ်သလို မကောင်းတဲ့စရိုက် အားကောင်းနေတာလည်း ရှိတတ်ပါတယ်။ ကောင်းတဲ့စရိုက် အားကောင်းနေရင်လည်း ဒီစရိုက်ကို ဆက်လက်တိုးပွားအောင် ကြိုးစားဖို့ လိုအပ်သလို မကောင်းတဲ့စရိုက် အားကောင်းနေရင်လည်း တတ်နိုင်သမျှ ပြုပြင်နိုင်အောင် ကြိုးစားရပါမယ်။ မကောင်းတဲ့အရာတွေမှာ ပျော်မွေ့တတ်တဲ့ ၀ါသနာစရိုက်ဟာ ကိလေသာများရဲ့ အားအစွမ်းဖြစ်နေတတ်ပြီး ကောင်းတဲ့အရာတွေမှာ ပျော်မွေ့တတ်တဲ့ ၀ါသနာစရိုက်ကတော့ ကောင်းတဲ့အလို သမ္မာဆန္ဒဖြစ်နေတတ်ပါတယ်။ ကောင်းတဲ့စရိုက်ကို မှန်ကန်တဲ့ နည်းနဲ့အသုံးချနိုင်ရင် နိဗ္ဗာန်အထိ ရောက်နိုင်သလို မကောင်းတဲ့ စရိုက်ကိုလည်း တတ်နိုင်သမျှ ပြုပြင်နိုင်လျှင် နောင်သံသရာအတွက် ဒီစရိုက်များ လိုက်မလာနိုင်တော့ပါဘူး။ မပြုပြင်ရင်တော့ ကောင်းတဲ့စရိုက်လည်း မကောင်းတဲ့ဘက် ပါသွားတတ်ပြီး မကောင်းတဲ့စရိုက်ကတော့ အပါယ်အထိလားကာ ဘ၀အဆက်ဆက် နိမ့်ကျမှု သက်သက်ကိုပဲ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်မှာ ဘယ်လိုစရိုက်မျိုး ရှိတယ်၊ ဘယ်လိုစရိုက် အားကောင်းတယ်ဆိုတာကို ဆင်ခြင်ပြီး ပြုပြင်ထိန်းသိမ်း ကြည့်ကြဖို့ လိုပါတယ်။ ဗုဒ္ဓအဘိဓမ္မာမှာတော့ စရိုက်တွေကို ကမ္မဋ္ဌာန်းနဲ့ ပြုပြင်ထိန်းသိမ်းတာဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ပြီးတော့ ဒီစရိုက်ခြောက်ပါးနဲ့ တွဲစပ်ပွားများရမယ့် ကမ္မဋ္ဌာန်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။ အဲဒီဖော်ပြချက်က..

၁။ ရာဂစရိုက်အားကြီးသူဟာ စက်ဆုတ်ဖွယ် အကောင်ပုတ်လို့ ရှုရတဲ့ အသုဘ ကမ္မဋ္ဌာန်း ၁၀ပါးနဲ့ ဆံပင်အမွေး ခြေသည်းလက်သည်း စတဲ့ ၃၂ကောဋ္ဌာသကို ရှုဆင်ခြင်ရတဲ့ ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားများခြင်းဖြင့် ရာဂစရိုက်ကို ပြုပြင်နိုင်ပါတယ်။ ဒီကမ္မဋ္ဌာန်းဆယ့်တစ်ပါးထဲက သင့်လျော်ရာ တစ်ပါးပါးကို ပွားများပါးများလာရင် ရာဂမီးကို ငြိမ်းအေးစေနိုင်ပါတယ်။

၂။ ဒေါသစရိုက် အားကြီးသူဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ကမ္မဋ္ဌာန်းများနဲ့ နီလကသိုဏ်း (အညိုရောင်အဆင်း)၊ ပီတကသိုဏ်း (ရွှေရောင်အဆင်း)၊ လောဟိတကသိုဏ်း (အနီရောင်အဆင်း)၊ သြဒါတကသိုဏ်း (အဖြူရောင်အဆင်း) ဆိုတဲ့ ကမ္မဋ္ဌာန်း ၈ပါးကို ပွားများခြင်းဖြင့် ဒေါသစရိုက်ကို ပြုပြင်နိုင်ပါတယ်။ ဒီကမ္မဋ္ဌာန်းများဟာ သန့်ရှင်းကြည်လင်တဲ့အတွက် အာရုံပြုပွားများသူများကို စိတ်ရွှန်လန်းပြီး နူးညံ့မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ဒေါသစရိုက်အားကြီးတဲ့သူဟာ ဒီကမ္မဋ္ဌာန်း ဂပါးထဲက တစ်ပါးပါးကို ပွားများသင့်ပါတယ်။

၃/၄။ မောဟစရိုက်နဲ့ ၀ိတက်စရိုက်ရှိသူများဟာ အာနာပါနဿတိ ကမ္မဋ္ဌာန်းကို ပွားများပြီး ကိုယ့်ကိုယ်ကို ပြုပြင်ပေးနိုင်ပါတယ်။ မောဟစရိုက်ရှိသူဟာ သံသယနဲ့ ပျံ့လွင့်ခြင်းတို့ အဖြစ်များတဲ့အတွက် အလွယ်တကူ စိတ်ပျံ့လွင့် တုန်လှုပ်တတ်ပြီး ၀ိတက်စရိုက်ရှိသူဟာလည်း စိတ်ကူးအကြံအစည် များတဲ့အတွက် စိတ်ပျံ့လွင့်လွယ်တတ်ပါတယ်။ အာနာပါနဿတိ ကမ္မဋ္ဌာန်းဟာ ထွက်သက်ဝင်သက်တို့ကို အချက်ကျကျ လိုက်၍ ရှုမှတ်ပေးရတဲ့အတွက် တုန်လှုပ်ပျံ့လွင့်တဲ့စိတ်ကို ချုပ်ထိန်းပေးထားနိုင်ပါတယ်။ ဒါကြောင့် ဒီမောဟစရိုက်နဲ့ ၀ိတက်စရိုက် ရှိသူဟာ အာနာပါနကမ္မဋ္ဌာန်းကို အထူးပြု ပွားများသင့်ပါတယ်။

၅။ သဒ္ဓါစရိုက်ရှိသူဟာ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေ၀တာနုဿတိ ဆိုတဲ့ ကမ္မဋ္ဌာန်း ခြောက်ပါးကို ပွားများပေးရပါတယ်။ ပင်ကိုက ကောင်းနေတဲ့ သဒ္ဓါတရားဟာ ဘုရားတရားသံဃာ စတဲ့အာရုံများနဲ့ ကြုံတွေ့ရပါက ပို၍ဖွင့်ဖြိုး တိုးတက်လာပြီး အကျိုးတရား တိုးပွားစေပါတယ်။ ဒါကြောင့် ကောင်းပြီးသားစရိုက်ကို ပိုကောင်းလာအောင် ဒီသဒ္ဓါစရိုက် ရှိတဲ့သူဟာ ဗုဒ္ဓါနုဿတိစတဲ့ ကမ္မဋ္ဌာန်း ခြောက်ပါးထဲက တစ်ပါးပါးကို ပွားများသင့်ပါတယ်။

၆။ ပညာစရိုက်ရှိသူဟာ သိမ်မွေ့နက်နဲတဲ့ သေခြင်းတရားကို ဆင်ခြင်တဲ့ မရဏာနုဿတိကမ္မဋ္ဌာန်း၊ နိဗ္ဗာန်ကို ဆင်ခြင်တဲ့ ဥပသမာနုဿတိ ကမ္မဋ္ဌာန်း၊ အစာအဟာရမှာ စက်ဆုတ်ဖွယ်လို့ ထင်မြင်အောင် ပွားများတဲ့ အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်းနဲ့ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောလို့ခေါ်တဲ့ ဓာတ်ကြီးလေးပါးကို ပိုင်းခြားဆင်ခြင်တဲ့ စတုဓာတု၀၀တ္ထာန ကမ္မဋ္ဌာန်းကို ပွားများပေးရပါတယ်။ ပင်ကိုက စဉ်းစားချင့်ချိန်တတ်တဲ့ ပညာဟာ သိမ်မွေ့နက်နဲတဲ့ အာရုံနဲ့ ကြုံတွေ့တဲ့အခါ ပိုပြီးနက်နက်နဲနဲ စဉ်းစားဆင်ခြင်တဲ့အတွက် ဉာဏ်ပညာတိုးပွား ထက်မြက်လာတတ်ပါတယ်။ ဒါကြောင့် ပညာစရိုက်အားကြီးတဲ့သူဟာ မရဏာနုဿတိ စတဲ့ ကမ္မဋ္ဌာန်းများကို ပွားများပြီး ဉာဏ်အဆင့်တိုးပွားအောင် ကြိုးစားသင့်ပါတယ်။

ဒီဖော်ပြချက်ကတော့ ဗုဒ္ဓအဘိဓမ္မာမှာ ပါရှိတဲ့ စရိုက်နဲ့ကမ္မဋ္ဌာန်း တွဲစပ်ပွားများသင့်တာတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူများအနေနဲ့ ဒီစရိုက်ခြောက်ပါးနဲ့ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ စရိုက်တွေကို ချိန်ထိုးပြီး ကိုယ်နဲ့သင့်လျော်မယ့် ကမ္မဋ္ဌာန်းကို ပွားများသင့်ပါတယ်။ ကိုယ့်သန္တာန်မှာ ကောင်းတဲ့စရိုက်ရှိရင်လည်း ဒီစရိုက်ကို ပိုပြီးတိုးတက် ဖွံ့ဖြိုးလာအောင်၊ မကောင်းတဲ့စရိုက်ရှိရင် ဒီမကောင်းတဲ့စရိုက်ကို နောက်သံသရာအထိ မပါစေရန် အချိန်မီ ပြုပြုနိုင်အောင် လိုအပ်သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများသင့်ပါတယ်။ ၀ိပဿနာအလုပ်ဟာ ကိလေသာကုန်ခမ်း နိဗ္ဗာန်ရရေးအတွက် အဓိကကျတဲ့ အလုပ်ဖြစ်ပေမယ့် ဒီဘ၀မှာလိုအပ်တဲ့ ချမ်းသာနဲ့ နိဗ္ဗာန်မရခင် ကျင်လည်ရမယ့် ဘ၀ချမ်းသာအတွက် တစ်ဘက်ကလည်း ကိုယ့်စရိုက်နဲ့ သင့်မယ့်ကမ္မဋ္ဌာန်း တစ်ခုခုကို ပွားများပေးဖို့ လိုပါတယ်။ အရိယာမဂ်နဲ့ ကိလေသာများနဲ့ စရိုက်များကို အကြွင်းမဲ့မပယ်သတ်နိုင် သေးပေမယ့် အခိုက်အတန့် အချိန်အတော်ကြာကြာ ခွာထားနိုင်အောင် ကမ္မဋ္ဌာန်းကို ပွားများပေးဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ စရိုက်များကို ကောင်းအောင် ကမ္မဋ္ဌာန်းနဲ့ ပြုပြင်ပြီး ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အကြံအစီများကို နူးညံ့သိမ်မွေ့လာအောင် ကြိုးစားသင့်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ သိစေချင်တာက လူအမျိုးမျိုး စရိုက်အမျိုးမျိုး ရှိတတ်တဲ့ လောကကြီးမှာ ကိုယ်လည်း စရိုက်တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသူထဲမှာ ပါနေတာ ဖြစ်တဲ့အတွက် ကောင်းတဲ့စရိုက်ပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ စရိုက်ပဲဖြစ်ဖြစ် ဘယ်လိုစရိုက်မျိုးကို မဆို ကိုယ်နဲ့သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများရင်း ကောင်းတဲ့စရိုက်ကိုလည်း ပိုပြီးတိုးပွားအောင်၊ မကောင်းတဲ့စရိုက်ဆိုရင်လည်း ပိုပြီးဆိုးမလာအောင် ပြုပြင်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ ပြုပြင်လိုက်မယ်ဆိုရင် အထုံပါနေတဲ့ စရိုက်လည်း အထိုက်အလျောက် ပြောင်းလဲလာနိုင်တဲ့အတွက် လက်တွေ့ပွားများကာ လေ့ကျင့်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ သေချာတာကတော့ ကိုယ့်စရိုက်နဲ့ သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို အချိန်ယူပြီး ပွားများပြုပြင် ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်အမူအရာ စတာတွေဟာ ပြောင်းလဲနူးညံ့လာမယ်ဆိုတာ သေချာပါကြောင်း…

မှတ်ချက်။ အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ၊ အခြေပြုသင်္ဂြီုဟ်နှင့် ဒေါက်တာမင်းတင်မွန်၏ ဗုဒ္ဓအဘိဓမ္မာ အနှစ်ချုပ်တို့ကို ကိုးကားပြီး ရေးသားတင်ပြပါသည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ