နဲနဲလေးတော့ လွဲနေတယ် (၁)...

မြတ်ဗုဒ္ဓနဲ့ မိဘကျေးဇူး…
မြန်မာ ဗုဒ္ဓဘာသာအများအကြား နားလည်လက်ခံထားတဲ့ ရှေးရိုးစွဲ ဘာသာရေး အမှားများ အမြောက်အများ ရှိနေပါတယ်။ မှန်သလိုလိုနဲ့ နဲနဲလေး လွဲနေတာလေးတွေပါ။ ဘုရားဟောသလိုလို ကျမ်းဂန်မှာ ပါသလိုလိုနဲ့ လူ့လောကမှာ အသုံးပြုနေတဲ့ စကားလုံးများ၊ ဟောပြောဆုံးမချက်များကို ပြောတာပါ။ ဒီအလွဲတွေထဲက မိဘကျေးဇူးကို ဖော်ထုတ်ပြောဆိုရာမှာ အသုံးပြုကြတဲ့ အသုံးလေးကတော့ မဖြစ်သင့်တဲ့ အလွဲအသုံးလေးဖြစ်ပါတယ်။ ဘယ်သူက ဘယ်လိုစလိုက်တယ် မသိတဲ့ အဲဒီအသုံးက “ဘုရားတောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ခဲ့တယ်” ဆိုတဲ့ အပြောအဆို အသုံးအနှုန်းလေးပါ။ မိဘကျေးဇူးအကြောင်း ခိုင်းနှိုင်းပြောဆိုကြတာ ကောင်းပါတယ်။ မိဘကျေးဇူးဟာ မြင့်မိုရ်တောင်မက ကြီးမားတယ်၊ မိဘများဟာ အလွန်ကျေးဇူးများတဲ့အတွက် အဆုံးမရှိတဲ့ ကျေးဇူးရှင် အနန္တဂိုဏ်းဝင်များ ဖြစ်တယ် စသဖြင့်ပေါ့။ ဒီလောက်ဆို လုံလောက်ပါတယ်။ ခုဟာက ဘာမှရေရေရာရာ မသိကြဘဲ မိဘကျေးဇူးကို ဖော်ကျူးတာ ဘုရားရှင်အပေါ်မှာတောင် စော်ကားသလို ဖြစ်နေပါတယ်။ မိဘကျေးဇူးကြီးမားတဲ့အတွက် အနန္တ အနှိုင်းမဲ့အရှင် ဘုရားရှင်တောင် ကျေအောင်မဆပ်နိုင်ခဲ့ဘဲ အမေ့ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေခဲ့တယ်လို့ ခိုင်းနှိုင်းပြောဆို ဆုံးမတာကတော့ တော်တော်လေးကို လွဲနေပါတယ်။

တကယ်တော့ ဘုရားရှင်ဟာ မိဘကျေးဇူးကို အထူးကျေအောင် ဆပ်သွားနိုင်တဲ့ အနှိုင်းမဲ့ အရှင်ပဲဖြစ်ပါတယ်။ ဖခင်ကျေးဇူး၊ မိခင်ကျေးဇူးတွေတင် မဟုတ်ပါဘူး မိခင်အရင်းမဟုတ်တဲ့ မိထွေးအမေကိုတောင် ကျေးဇူးတရားတွေ အကျေဆပ်သွားခဲ့ပါတယ်။ ဒီနေရာမှာ လောကသားတို့ရဲ့ ကျေးဇူးဆပ်နည်းနဲ့ ဘုရားရှင်ရဲ့ ကျေးဇူးဆပ်နည်းကတော့ မတူဘူးပေါ့။ ဘုရားရှင်ကတော့ ပစ္စည်းဥစ္စာတွေနဲ့ တစ်ဘ၀အတွက် ကျေးဇူးဆပ်တာ မဟုတ်ဘဲ ဓမ္မနဲ့ပဲ ဘ၀သံသရာမှ နိဗ္ဗာန်အထိရောက်အောင် ထာဝရအကျေဆပ် သွားခဲ့ပါတယ်။ ဒုက္ခအားလုံး ငြိမ်းအောင်လုပ်ပြီး ကျေးဇူးဆပ်သွားတာ ဖြစ်တဲ့အတွက် ဒီထက်ကောင်းတဲ့ ကျေးဇူးဆပ်နည်းကတော့ မရှိတော့ပါဘူး။ ဘုရားရှင်ဟာ ခမည်းတော်၊ မယ်တော်တို့ကို အရိယာအဖြစ်ရောက်အောင် ဓမ္မနဲ့ ကျေးဇူးဆပ်သွားရုံတင်မကဘဲ အမျိုးကိုစောင့်ရှောက်တဲ့ ဉာတတ္ထစရိယ အနေနဲ့လည်း အဒေါ်ဖြစ်တဲ့ မိထွေးတော်၊ ဦးကြီးဦးလေး၊ ညီတော်ညီမတော် စတဲ့ ဆွေတော်မျိုးတော်များအထိ အရိယာများဖြစ်အောင် ကျေးဇူးဆပ် စောင့်ရှောက်သွားခဲ့ပါတယ်။

ဘုရားရှင်ဟာ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးကို အနာဂါမ် အဖြစ်ရောက်အောင် ကျေးဇူးဆပ်ခဲ့တဲ့အပြင် မယ်တော်ကိုလည်း သောတာပန်အရိယာအဖြစ် နိဗ္ဗာန်လမ်းကို ပို့ဆောင်ခဲ့ပါတယ်။ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားရှင်ကိုမွေးပြီး ခုနှစ်ရက်မြောက်မှာပဲ ကွယ်လွန်သွားပြီး တာဝတိံသာနတ်ပြည်မှာ သန္တုသိတနတ်သားအဖြစ် ပြန်လည်မွေးဖွားပါတယ်။ (ဒီနေရာမှာ ကြုံလို့ပြောရဦးမယ် မယ်တော်မာယာဟာ ဘုရားအလောင်းကို မွေးပြီး (၇)ရက်မြောက်မှာ ကွယ်လွန်ခဲ့တာဟာ ဘုရားလောင်းကို မွေးခဲ့ခြင်းကြောင့် မဟုတ်ပါဘူး။ ဘုရားလောင်း ပဋိသန္ဓေမယူခင်ကတည်းက မယ်တော်ရဲ့ သက်တမ်းကိုကြည့်ပြီး မယ်တော်သက်တမ်း ၁၀လနဲ့ ၇ရက်ပဲ ကျန်တဲ့အချိန်မှာ နတ်ပြည်ကဆင်းသက်လို့ လူ့ပြည်ရှိ မယ်တော်ရဲ့ ၀မ်းတိုက်မှာ ပဋိသန္ဓေယူတာ ဖြစ်ပါတယ်။) ဘုရားရှင်ဘုရားဖြစ်တော်မူပြီး ခုနှစ်ဝါမြောက်မှာပဲ မယ်တော်ထံကြွရောက်ကာ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာ ဒေသနာတော်ကိုဟောပြီး မိဘကျေးဇူးကို ဆပ်တော်မူပါတယ်။ အဲဒီမှာ မယ်တော်မာယာဟာ သောတာပန်တည်သွားပါတယ်။ သောတာပန် ဖြစ်ပြီးရင် ကောင်းတဲ့သုဂတိဘ၀တွေမှာ အများဆုံး ခုနှစ်ဘ၀ပဲ ကျင်လည်ရပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုပါတယ်။ ဘုရားရှင်ဟာ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာကိုလည်း နိဗ္ဗာန်ရောက်တဲ့အထိ နို့ဖိုးကို ကျေအောင်ဆပ်သွားပါတယ်။ ပြီးတော့ မိထွေးတော် ဂေါတမီကိုလည်း ဘိက္ခုနီမအဖြစ်ခွင့်ပြုပြီး ဒီဘ၀မှာပဲ ရဟန္တာဖြစ်တဲ့အထိ ကျေဇူးတရားတွေကို ကျေပွန်အောင်ဆပ်သွားပါတယ်။ ဒုက္ခပင်လယ် အပေါင်းမှ ကယ်တင်ပြီး နိဗ္ဗာန်ရောက်သည်အထိ ပို့ဆောင်တော်မူသွားပါတယ်။ ဒီထက်ပိုပြီး မိဘကျေးဇူးကို ကျေအောင်ဆပ်တဲ့ နည်းကတော့ မရှိတော့ပါဘူး။

ဒါကြောင့် “ဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ပါတယ်” ဆိုတဲ့ တစ်လွဲနားလည် အမှတ်မှားနေတာတွေ၊ ပြောဆိုခိုင်းနှိုင်းနေတာတွေကို မပြောမိအောင် သတိဆောင်ပြီး ဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးမက ကျေအောင်ဆပ်သွားနိုင်သူအဖြစ် ဥပမာယူကာ မိမိတို့လည်း မိဘကျေးဇူးကို တကယ်ကျေချင်ရင် ဓမ္မနဲ့ ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြပါစို့လို့ပဲ တိုက်တွန်းလိုက်ပါတယ်။

Read more »

မီးသွေးလိုလူ…

“မီးသွေးလိုလူ”… ဤစကားလေးကို ဟိတောပဒေသ ဆုံးမစာလေ့လာ ဖတ်ရှုစဉ်က သတိပြုမိခဲ့၏။ တိုက်တိုင်ဆိုင်ဆိုင်ပင် ရွှေဥမင် ဆရာတော်ကြီး၏ ဆုံးမသြ၀ါဒ စာအုပ်လေးတွင်လည်း ဤစကားလုံးကို အသုံးပြု၍ ဆုံးမသြ၀ါဒ ပေးထားသည်ကို ဖတ်လိုက်ရ၏။ ဟိတောပဒေသဆုံးမစာတွင် လူတော်လူကောင်းနှင့် လူဖျင်းလူမိုက် နှစ်မျိုးအနက် လူမိုက်သည် မီးသွေးနှင့်တူကြောင်း ဥပမာပေးထား၏။ မီးသွေးသည် မီးအပူရှိန် ရှိနေချိန်တွင် ပူလောင်နေပြီး မီးငြိမ်းသွားသည့်အခါတွင်ကား မည်းညစ်ပေကျံမှုကို ဖြစ်စေ၏။ မီးရှိသည့် မီးသွေးသည် ကိုင်သူကို ပူလောင်စေပြီး မီးငြိမ်းသွားသည့် မီးသွေးသည်ကား ကိုင်သူ၏လက်ကို မည်းညစ်စေ၏။ ထို့အတူ လူမိုက်သည် မိမိကိုယ်တိုင်လည်း မကောင်းမှု ဒုစရိုက်များဖြင့် ပျက်စီးတတ်သကဲ့သို့ ပေါင်းဖော်သူ မိတ်ဆွေ အပေါင်းအသင်းများကိုလည်း မကောင်းမှုဒုစရိုက်များဖြင့် ပျက်စီးစေတတ်၏။ ထို့ကြောင့် လူမိုက်သည် စင်စစ်အားဖြင့် လူဟုဆိုသော်လည်း “တန်ဖိုးမရှိသည့်လူ၊ မီးသွေးလိုလူ”သာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

မှန်၏။ လောကတွင် မီးသွေးလိုလူများ အများအပြားရှိ၏။ မိမိအတွက်လည်း အကျိုးမရှိ အများအတွက်လည်း အကျိုးမပြုသည့် လူများသည် ဆုတ်ကပ်ကာလတွင် တဖြည်းဖြည်း တိုးပွားများပြားလာ၏။ အသိဉာဏ်ကင်းပြီး အကြောင်းအကျိုးမသိ မိမိအတွက် တစ်ခုတည်းသာ ကြည့်သူများ၊ မိမိကောင်းစားမည်ဆိုလျှင် ဘယ်သူသေသေ ငတေမာပြီးရော ဆိုသူများ၊ တစ်ဘ၀ တစ်နှပ်စာကြည့်ကာ ပစ္စုပ္ပန်အကျိုး တမလွန်အကျိုးကို မကြည့်သူများ၊ လုပ်ချင်တာတစ်ခုပဲသိပြီး မိမိအကျိုးလည်း မရှိ၊ အများအကျိုးလည်း မရှိသည့်လုပ်ရပ်များကို ဇွတ်အတင်းလုပ်နေသူများ စသူစသူများသည် အတ္တလည်းမဖြစ် ပရလည်းမဖြစ်သည့် မီးသွေးလိုလူများသာ ဖြစ်ပါ၏။ “ခေတ်ကာလက ဖန်တီးပေးလိုက်တော့လည်း လိုက်လုပ်ဖြစ်နေတာပေါ့”ဟု ခေတ်ကာလကို အကြောင်းပြုကာ မကောင်းမှုများ လုပ်ဖြစ်နေ၊ “လုပ်သာလုပ်စမ်းပါ၊ ဘာမှပူမနေနဲ့ နောင်ခါလာ နောင်ဈေးပေါ့”ဟု မိမိလုပ်သည့် မကောင်းသည့် လုပ်ရပ်များကို မိမိနှင့်အတူ အခြားမိတ်ဆွေ အပေါင်းအသင်းများကိုပါ လုပ်ဖြစ်အောင် တိုက်တွန်းနေသူများသည် စင်စစ် မီးသွေးလိုလူများသာ ဖြစ်၏။

မြန်မာစကားတွင် “ဆန်ကုန်မြေလေး”ဟူသော စကားရှိ၏။ မကောင်းသည့်သူ၊ တန်ဖိုးမရှိသည့်သူ၊ မိုက်မဲသည့်သူ စသည့် သူများသည် လူ့လောကတွင် အသက်ရှင်နေသော်လည်း မိမိအတွက်လည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမပြုသည့်အပြင် နေ့စဉ်စားသောက်နေသဖြင့် ဆန်သာကုန်ကုန်သွား၊ သူ့ကို ကမ္ဘာမြေကြီးပေါ်မှာ ထားပေးရသဖြင့် ထမ်းထားရသည့် မြေကြီးသာ လေးလေးသွားသဖြင့် ထိုသို့သောသူများသည် ဆန်ကုန်ပြီး မြေကြီးသာ လေးလံစေသည့်သူများ ဖြစ်ကြောင်းသုံးနှုန်း ပြောဆိုကြခြင်း ဖြစ်၏။ ထိုဆန်ကုန်မြေလေးများသည် မိမိအတွက်လည်း အကျိုးမပြီး အများအတွက်လည်း အချည်းနှီးသာဖြစ်သဖြင့် မည်သည့်ဘက်ကကြည့်ကြည့် အကျိုးမဲ့စေသဖြင့် ပူလည်းမကောင်း၊ အေးလည်းမကောင်းသည့် မီးသွေးသဖွယ်ဖြစ်နေသည့် လူသာဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

မိမိအတွက်၊ အများအတွက် မည့်သည့်ဘက်မှ အကျိုးမရှိသော လူများသည် မီးသွေးလို လူများသာဖြစ်ကြောင်း ဟိတောပဒေသ အဆုံးအမကို ဖတ်ရင်း အတိတ်က မီးသွေးလိုလူအချို့ကို သတိရမိ၏။ ထိုကဲ့သို့သော သူများသည် မည့်သည့်အချိန်၊ မည်သို့သော သူများနှင့်တွေ့နေစေကာမူ မီးသွေးကား မီးသွေးသာ ဖြစ်နေပေတော့၏။ နောက်ဆုံး မြတ်ဗုဒ္ဓကဲ့သို့ အနှိုင်းမဲ့အရှင်နှင့် တွေ့ကြုံခဲ့သော်လည်း အကျိုးမပြီး အချည်းနှီးဖြင့် မီးသွေးလိုလူအဖြစ် ဘ၀နိဂုံးချုပ်သွားခဲ့သူ အချို့ပင်ရှိခဲ့၏။ ဗုဒ္ဓလက်ထက်ရှိ မီးသွေးလိုလူများတွင် အထင်ရှားဆုံးသူမှာ မြတ်ဗုဒ္ဓ၏ ယောက်ဖတော်ဖြစ်သည့် ရှင်ဒေ၀ဒတ်ပင်ဖြစ်၏။ ရှင်ဒေ၀ဒတ်သည် အမှန်ပင် မီးသွေးလိုလူ ဖြစ်ခဲ့၏။ မြတ်စွာဘုရားနှင့်တွေ့၊ ဘုရားသာသနာနှင့်ကြုံကာ အမြတ်ဆုံး ရဟန်းဘ၀ကို ရနေခဲ့သော်လည်း ရဟန်းတရားကို ရအောင် အားမထုတ်ခဲ့သည့်အပြင် သူ့ကိုအမှီပြုခဲ့သည့် အဇာတသတ်ကဲ့သို့သော သူများကိုပင် မကောင်းမှု အကုသိုလ်ကြီးများ လုပ်ဖြစ်အောင် ဖျက်ဆီးခဲ့၏။ ရှင်ဒေ၀ဒတ်၏ အသက်ရှင်ခဲ့မှုသည့် အကျိုးမရှိ အချည်းနှီး သက်သက်သာ ဖြစ်ခဲ့၏။ မီးသွေးသည် ပူနေသည့်အချိန် ကိုင်သူကို ပူလောင်စေပြီး၊ အေးနေသည့်အချိန် ကိုင်သူကို မည်းညစ်စေသကဲ့သို့ ရှင်ဒေ၀ဒတ်သည် အသက်ရှင်စဉ် အချိန်တွင် မိမိကိုယ်ကိုလည်း မဂ်ဖိုလ်မပြီး အချည်းနှီးသာ ဖြစ်စေ၊ သူတစ်ပါးကိုလည်း ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုးမဲ့ကို ဖြစ်စေခဲ့ပေ၏။

ယခုမျက်မှောက်ခေတ်တွင်လည်း ထိုကဲ့သို့ မီးသွေးလိုလူများကို အများအပြားတွေ့ဖူး၏။ မိမိကိုယ်တိုင်လည်း မကောင်းသည့် အကုသိုလ် ဒုစရိုက်များကို စိတ်ဝင်တစား လုပ်နေမိသကဲ့သို့ သူတစ်ပါးကိုလည်း မကောင်းမှု အကုသိုလ် ဒုစရိုက်များ လုပ်ဖြစ်အောင် တိုက်တွန်းပေးနေသူများသည် စင်စစ် မီးသွေးလိုလူများပင် ဖြစ်၏။ တစ်ခါက တရားပွဲတစ်ခုသို့ကြွစဉ် ဘုန်းကြီးနောက်ကွယ်တွင် ပြောနေကြသော ဒကာလေးနှစ်ဦး၏ စကားများကို ပြန်လည်ကြားယောင်မိပါ၏။ တစ်ယောက်က “ကျွန်တော်ဒီနိုင်ငံကို မရောက်ခင်က အရက်လည်းမသောက်တတ်၊ ဖဲလည်းမရိုက်တတ်၊ လောင်းကစားလည်း မလုပ်တတ်ဘူး၊ အခု ဒီမှာလာပြီး ခင်ဗျားနဲ့တွေ့မှ ဒါတွေအကုန် လုပ်တတ်သွားတယ်..”ဟု နောက်သလို ပြောင်သလို ပြော၏။ ထိုအခါ နောက်တစ်ယောက်က “မုဆိုးနားနီးမုဆိုး၊ တံငါနားနီးတံငါ ဆိုသလို မင်းလည်းငါနဲ့နီးတော့ ငါ့ဆီက ပညာတွေ ရသွားတာပေါ့ကွာ..”လို့ ပြန်ပြောသံကိုလည်း ကြားလိုက်၏။ ထိုကလေးနှစ်ယောက် ပြောသံများသည် နောက်သလို ပြောင်သလို အပျော်သဘော ဖြစ်သော်လည်း စာရေးသူ အတွေးများကား မိတ်ကောင်းဆွေကောင်းနှင့် မကောင်းသည့် အဆွေခင်ပွန်းများ၏ သဘောများကို သတိတရ ဖြစ်စေခဲ့၏။

မိမိကိုယ်တိုင်လည်း မကောင်းမှု ဒုစရိုက်များကို ပြုလုပ်နေပြီး မိတ်ဆွေအပေါင်း အသင်းများကိုလည်း အပါယ်အထိ လားစေတတ်သည့် မီးသွေးလိုလူမျိုး သို့မဟုတ် မကောင်းမှု၌ အပေါင်းအဖော်ဖြစ်သည့် မိတ်ဆွေတုနှင့် မိမိနှင့်အတူ မိတ်ဆွေအပေါင်း အသင်းများကိုလည်း ကောင်းကျိုးကို ဖြစ်စေတတ်သည့် မိတ်ဆွေစစ်တို့၏ သဘောလက္ခဏာများကို သိင်္ဂါလောဝါဒသုတ်တွင် ဖော်ပြထား၏။ ထိုသုတ်တွင်
“၁။ သေရည်သေရက်သောက်ခြင်း၌ အပေါင်းအဖော်ဖြစ်ခြင်း၊ ၂။ အခါမဲ့ခရီးသွားခြင်း၌ အပေါင်းအဖော် ဖြစ်ခြင်း၊ ၃။ ပွဲလမ်းသဘင် ကြည့်ရှုနားထောင်ခြင်း၌ အပေါင်းအဖော်ဖြစ်ခြင်း၊ ၄။ လောင်းကစားခြင်း၌ အပေါင်းအဖော်ဖြစ်ခြင်း။ ဟူသော ဤလေးပါးသော အကြောင်းတို့ဖြင့် ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏။” ဟူ၍လည်းကောင်း “၁။ မကောင်းမှုမှ တားမြစ်တတ်ခြင်း၊ ၂။ ကောင်းမှု၌ သက်ဝင်စေရန် တိုက်တွန်းတတ်ခြင်း၊ ၃။ မကြားဖူးသော တရားစကားကို ပြောကြားတတ်ခြင်း၊ ၄။ နတ်ပြည်ရောက်ကြောင်း ခရီးလမ်းကို ပြောကြားတတ်ခြင်းဟူသော ဤလေးပါးသော အကြောင်းတို့ဖြင့် ချမ်းသာအတူ၊ ဆင်းရဲအတူဖြစ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏” ဟူ၍လည်းကောင်း ဖော်ပြထား၏။

ထိုလက္ခဏာများကို ကြည့်ပါက မိတ်ဆွေတုနှင့် မိတ်ဆွေစစ်တို့၏ ကွာခြားချက်ကို ကောင်းစွာသိနိုင်၏။ အထူးသဖြင့် မိတ်ဆွေတု၏ သဘောများသည် မျက်မှောက်ခေတ် လူ့လောကတွင် ပေါင်းသင်းနေကြသည့် လက်တွေ့ဘ၀များနှင့် ကိုက်ညီနေသည်ကို တွေ့ရ၏။ စာရေးသူနှင့် နီးစပ်သည့် ကလေးများတွင် အချို့လူငယ်များသည် အပေါင်းအသင်းကြောင့် ယခင်က မလုပ်ဖူးသည့် မလုပ်တတ်သည့် အလုပ်များကိုပင် လုပ်တတ်နေကြသည်ကို သတိထားမိနေ၏။ မြန်မာပြည်တွင် ရှိစဉ်က အရက်မသောက်တတ်၊ ဖဲမရိုက်တတ်သည့် ကလေးများသည် ယခုအခါတွင် အရက်သမားလေးများ၊ ဖဲသမားလေးများပင် ဖြစ်နေကြ၏။ ထိုကလေးများသည် မုဆိုးနားနီးမုဆိုး၊ တံငါနားနီး တံငါဆိုသလို အရက်သောက်တတ်၊ ဖဲရိုက်တတ်၊ လောင်းကစားလုပ်တတ်သည့် သူများနှင့် တွေ့ဆုံပေါင်းသင်းမိရာမှ ထိုအတတ်များ တတ်လာခဲ့ကြ၏။ ထိုလူငယ်လေးများနှင့် ပေါင်းသင်းနေထိုင် ပျော်မွေ့နေသူများသည် ရှေးယခင်ကတည်းပင် ထိုအလုပ်များတွင် ကျင်လည်နေသူများဖြစ်၏။ ထိုသူတို့ ကိုယ်တိုင်လည်း မိမိတို့ လုပ်ဆောင်နေကြသည့် အလုပ်များအပေါ်တွင် နောင်တမရ သတိသံဝေဂ မဖြစ်ကြဘဲ ပျော်ပျော်ပါးပါးဖြင့် ရုန်းမထွန်နိုင် ဖြစ်နေကြသည်ကို သတိထားမိ၏။ မိမိတို့သည် မကောင်းသည့် အလုပ်များကို လုပ်နေသည်ကို သတိမပြုမိကြသည့်အပြင် အခြားသူများကိုပါ အတူလုပ်ဖြစ်ကြရန် ဆွဲခေါ်နေပေတော့၏။ မကောင်းမှု၌ အပေါင်းအဖော်ဖြစ်သည့် မိတ်ဆွေတုဟူသည် ၎င်းတို့ကို ဆိုရမလိုပင် ဖြစ်နေတော့၏။ သေချာသည်မှာ ထိုကဲ့သို့ မကောင်းမှု ဒုစရိုက်များတွင် မိမိကိုယ်တိုင်လည်း ပျော်ပျော်ပါးပါး လုပ်ဆောင်နေသကဲ့သို့ သူတစ်ပါးတို့အားလည်း အတူပါဝင်စေကာ မကောင်းမှု၌ အပေါင်းအဖော်ဖြစ်သည့် ထိုသူများသည် မိမိအကျိုးနှင့် သူတစ်ပါးအကျိုး နှစ်မျိုးလုံးကို ပျက်ဆီးစေပြီး ပစ္စုပ္ပန် သံသရာ ဆိုးကျိုးများကိုသာ ဖြစ်စေကြသည့် မီးသွေးလိုလူများသာ ဖြစ်နေကြခြင်းပင် ဖြစ်၏။

မည်သို့ပင်ဆိုစေ မီးသွေးလိုလူသည်လည်း ပြုပြင်လိုက်မည်ဆိုလျှင် နောက်ကျသည်ဟူ၍ မရှိပေ။ မကောင်းမှုကို မကောင်းမှုဟုသိပြီး ပြုပြင်နိုင်လျှင် အပြုကောင်းဖြစ်ကာ အပြုကောင်းလာလျှင် အကောင်းဖြစ်လာမည်သာ ဖြစ်ပါ၏။ “မမှားသော ရှေ့နေ၊ မသေသော ဆေးသမား မရှိ” ဟုဆိုသကဲ့သို့ အမှားမလုပ်မိသူ၊ မမှားဖူးသူမည်သည် မရှိလှပေ။ အမှားကို အမှားဟုသိပြီး အမှန်ဖြစ်အောင် ကြိုးစားမည်ဟူသော စိတ်ဆုံးဖြတ်ချက်ကိုသာ ပိုင်ပိုင်ချကာ ပြုပြင်ကြရန်သာ လိုအပ်ပေ၏။ မင်းကွန်းဆရာတော် ဘုရားကြီး၏ “ယခုလက်ရှိ အချိန်ထက် ကောင်းသောအချိန်သည် မရှိ”ဟူသော စကားကို နှလုံးသွင်းဆင်ခြင်ကာ မိမိ၏ မကောင်းသည့်လုပ်ရပ်ကို ယခုချက်ချင်း ပြုပြင်နိုင်အောင် ကြိုးစားနိုင်ခြင်းသည်သာ ကျန်ခဲ့သည့် အတိတ်ကာလနှင့် မရောက်သေးသည့် အနာဂတ်ကာလများထက် သာလွန်သည့် အကောင်းဆုံး အချိန်ဖြစ်ပါ၏။ သေချာသည်မှာ မီးသွေးလိုလူသည်လည်း ပတ္တမြားလိုလူ ဖြစ်နိုင်သည်ဟူသည့် အချက်ပင်ဖြစ်၏။

ထို့ကြောင့် ရခဲလှသည့် လူ့ဘ၀ကို ရရှိထားသည့်အပြင် အကောင်းဆုံးဘ၀ကို ပိုင်ဆိုင်ထားသည့် လူသားများသည် ရရှိထားသည့် မိမိတို့၏ အကောင်းဆုံးဘ၀တွင် တန်ဖိုးရှိသည့်သူများ၊ မိမိအကျိုး သို့မဟုတ် အများအကျိုး၊ သို့မဟုတ် မိမိသူတစ်ပါး အကျိုးတစ်ခုခုကို ထူးချွန်အောင်မြင်အောင် လုပ်နိုင်သည့်သူများ မဖြစ်သော်လည်း မိမိလည်းမကောင်း၊ သူတစ်ပါးကိုလည်း မကောင်းဖြစ်စေသည့် မီးသွေးလိုလူမျိုးကား မဖြစ်ကြရန် အထူးလိုအပ်လှ၏။ အကယ်၍ မိမိသည် မီးသွေးလိုလူ ဖြစ်နေခဲ့သည်ရှိသော် မိမိ၏ မကောင်းသည့် လုပ်ရပ်များကို ပြုပြင်နိုင်လျှင် နောက်မကျသေးသဖြင့် အမြန်ဆုံး ပြုပြင်နိုင်အောင် ကြိုးစားသင့်၏။ လက်ရှိအချိန်သည်သာ အကောင်းဆုံး အချိန်ဖြစ်သဖြင့် အကောင်းဆုံးအချိန်ကို မိမိလည်းအကျိုး မရှိ၊ အများအတွက်လည်း အကျိုးမရှိနိုင်သည့် မီးသွေးလိုလူမျိုး မဖြစ်အောင် ကြိုးစားနေထိုင်ရင်း မိမိဘ၀ကို မိမိလှအောင်သာ သတိတရား လက်ကိုင်ထားကာ ပြုပြင်နေထိုင်ကြပါဟု တိုက်တွန်းစကား ပါးလိုက်ပါ၏။ အားလုံး မီးသွေးလိုလူ အဖြစ်မှ ရုန်းထွက်နိုင်ကြပါစေ…

Read more »

အာရုံနောက်ကို စိတ်မလိုက်စေနဲ့…

စိတ်…စိတ်…စိတ်။ ဒီစိတ်က လူကို အတော်ဒုက္ခပေးတတ်ပါတယ်။ စကားလုံးလေး တစ်လုံးတည်းမို့ တော်သေးတယ် မဟုတ်ရင် ဘယ်လောက်များ ဒုက္ခပေးလိုက်မယ် မသိဘူး။ တစ်ခါတစ်လေ ဘာမှမဟုတ်ဘဲ၊ ဘယ်သူမှ မရှိဘဲ ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်း ဒီစိတ်က ဒုက္ခပေးလို့ ခံနေရတာလည်း မနည်းတော့ဘူး။ အဲဒီစိတ်ကို ထိန်းကြည့်ပေမယ့် ပြောင်းလဲဖြစ်ပျက်မှုက အရမ်းမြန်တော့ ထိန်းမရဘူး ဖြစ်ဖြစ်နေတယ်။ မြန်တာမှ အခုဒီစာရေးနေ ချိန်မှာတောင် ဟိုပြေးဒီပြေး ဖြစ်နေတာ။ စိတ်ကမြန်လေ ကိုယ်ကလိုက်မမီလေ ဖြစ်နေတော့ သူသွားသမျှ ကိုယ်ပါလိုက်နေရင်း မမီတဲ့ကိုယ်ပဲ ဆင်းရဲဒုက္ခတွေ ကြုံနေရတော့တာပါပဲ။ ဒီစိတ်က ဘယ်လောက်မြန်လဲဆိုရင် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ ဘာပဲလာလာ လာသမျှ အရာတွေနောက် ထပ်ကြပ်မကွာ လိုက်နိုင်တဲ့အထိကို မြန်တာပါ။ ခပ်ရှင်းရှင်းပြောရရင် ဘယ်လိုအာရုံမျိုးမဆို သူက အမှီလိုက်နိုင်တယ်လေ။ စိတ်က အဲဒီလို တွေ့သမျှ အာရုံတွေနောက်ကို လိုက်လိုက်နေလေ သူနဲ့အတူရှိနေတဲ့ ကိုယ့်မှာ ဒုက္ခတိုးလေလေပါပဲ။ ဒါကြောင့် ပညာရှိများက “အာရုံနောက်ကို စိတ်မလိုက်စေနဲ့”လို့ ပြောတာနေမှာပါ။

ဟုတ်တယ်။ လောကမှာ ဒုက္ခအပေးဆုံး အရာဟာ စိတ်ပဲလို့ ဆိုကြသလို ဒီစိတ်ကြောင့် ကိုယ်အပါအ၀င် သတ္တ၀ါတွေဟာ ဒုက္ခပင်လယ် ဝေနေကြတာပါ။ အဲဒါ သူများက ဒုက္ခပေးလို့ မဟုတ်ဘဲ ကိုယ့်စိတ်က ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးလို့ ဖြစ်တာပါ။ လက်တွေ့ဘ၀မှာပဲ ကြည့်ကြည့်လေ စိတ်က ဒုက္ခပေးနေတော့ တွေ့သမျှ အဆင်း၊ အသံ၊ အနံ့စတဲ့ အာရုံတွေအပေါ်မှာ လိုက်ပြီးကိုယ်ပါ ဒုက္ခဖြစ်နေတာ။ သိတဲ့အတိုင်းပဲ စိတ်က သူကြိုက်တဲ့ အဆင်းဆို ခဏခဏ လိုချင်နေပြီး သူမကြိုက်တဲ့ အဆင်းဆို ထစ်ခနဲဆို စိတ်တိုလိုက်၊ စိတ်ကောက်လိုက်၊ စိတ်ညစ်လိုက် ဖြစ်နေပြန်ပါတယ်။ ပိုဆိုးတာက ဒီစိတ်က တစ်သမှတ်တည်း မရှိတာပါ။ လိုရင်တစ်မျိုး မလိုရင်တစ်မျိုး အမျိုးမျိုးဖြစ်နေတာပါ။ စိတ်ကကြိုက်လို့ လိုချင်နေတာကို ကိုယ်ကပါလိုက်ပြီး နေလို့ကတော့ ရှာပေတော့လို့ပဲ ပြောရမလိုဖြစ်နေတယ်။ ဆုံးကို မဆုံးနိုင်တော့ပါဘူး။ စိတ်ဆိုတာကလည်း အလိုပြည့်တာ မဟုတ်တော့ တွေ့သမျှ အဆင်းအမျိုးမျိုးကို လိုချင်နေတော့တာပါ။ အဲ စိတ်က သူမကြိုက်တဲ့ အဆင်းဆိုလို့ကတော့ မြင်လိုက်တာနဲ့ မျက်စိပျက်၊ မျက်နှာပျက်ပဲ။ အဲလောက်ဆိုတော်သေးတယ်။ အဲဒီအဆင်းကို အမှီပြုပြီး တစ်ခုခု ထလုပ်လိုက်ရင်တော့ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ဆိုးကျိုးတွေပဲ ဖြစ်စေတော့တယ်လေ။ ဒါကြောင့် စိတ်က ကြိုက်ကြိုက် မကြိုက်ကြိုက် သူ့ကို အဲဒီအဆင်းဆိုတဲ့ အာရုံနောက်ကို မလိုက်အောင် ထိန်းဖို့ပြောကြတာ ဖြစ်မှာပါ။ အဆင်းကို မြင်ရင် အဲဒီမြင်တဲ့အခိုက်မှာ အဆင်းလို့ပဲ ထားနိုင်အောင် စိတ်ကိုထိန်းဖို့နဲ့ မထိန်းလို့ကတော့ အဖြူ၊ အပြာ၊ အနီ၊ အ၀ါ စတဲ့ အဆင်းတွေနောက်လိုက်ပြီး ကြိုက်ရင် ကြိုက်သလို၊ မကြိုက်ရင်လည်း မကြိုက်သလို လုပ်တတ်ကြောင်း သတိပေးကြတာ ဖြစ်မှာပါ။ အဆင်းကို အဆင်းလို့မမြင်ဘဲ အဲဒီကာလာနောက်ကို စိတ်ကစွဲသွားရင် လှတယ်မလှဘူးဆိုတဲ့ အမည်ပညတ်တွေနဲ့ လောဘတွေဖြစ်လိုက်၊ ဒေါသတွေဖြစ်လိုက်နဲ့ တစ်လျှောက်လုံး ဒုက္ခပဲ ဖြစ်နေတတ်ကြောင်း ဆိုခြင်းဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် မျက်စိနဲ့ မြင်ရသမျှ အဆင်းတွေကို မြင်တဲ့အခိုက်မှာပဲ အဆင်းလို့ သိအောင်ကြိုးစားပြီး အဲဒီအဆင်းအပေါ်မှာ မစွဲမိဖို့၊ စွဲမိပါက အကောင်းအဆိုးတွေ ဖြစ်လာပြီး အကြောင်းအကျိုး မသိဖြစ်တတ်တဲ့အတွက် အဖြစ်မြန်တဲ့ ဒီစိတ်ကို သတိနဲ့ထိန်းဖို့ တိုက်တွန်းကြတာ ဖြစ်မှာပါ။

ပြီးတော့ အသံနောက်ကိုလိုက်ပြီး ဒုက္ခဖြစ်စေတာလည်း ရှိသေးတယ်။ စိတ်ကအရမ်းမြန်တော့ အသံကြားလိုက်တာနဲ့ အဲဒီအသံနောက်ကို လိုက်သွားတော့တာပဲလေ။ အသံထက်မြန်တဲ့ ဒီစိတ်က အသံကို အသံလို့ သဘောမထားဘဲ အဲဒီအသံကို အမှီပြုပြီး စွဲလိုက်မိပြီ ဆိုလို့ကတော့ အသံကောင်းတယ်၊ အသံဆိုးတယ်၊ သာယာတယ်၊ အေးမြကြည်လင်တယ်၊ နားဝင်ချိုတယ်၊ မချိုဘူး စတဲ့ ပညတ်အခေါ်တွေနဲ့ ဆက်တိုက်ဆိုသလို ဒုက္ခဖြစ်စေပါတော့တယ်။ အသံကို ကြားနိုင်တာ နားကလို့ဆိုပေမယ့် ကြားတဲ့အသံကို အသံလို့ သဘောထားနိုင်အောင် ကြားတယ်ဆိုတဲ့ အခိုက်အတန့်မှာ ရပ်နိုင်အောင် စိတ်ကို ထိန်းပေးဖို့လိုပါတယ်။ မထိန်းနိုင်ရင်တော့ ထုံးစံအတိုင်း ဒီစိတ်က အသံကိုမှီပြီးတော့ အကောင်းအဆိုးတွေ ဖြစ်အောင် ပြောင်းလဲလိုက် တတ်ပါတယ်။ ကြားသမျှ အသံကို လိုက်ပြီး အမည်ပညတ်တွေ တပ်လို့ အစွဲအလန်း ပွဲကြမ်းစေတတ်ပါတယ်။ အသံတွေကို ကြားတဲ့အခိုက်မှာ ကြားတယ်လို့ မသိလိုက်တော့ ကြားသမျှအသံ၊ ပြောသမျှစကားလုံးတွေကို တစ်ခုပြီးတစ်ခု လိုက်ခံစားတတ်ပါတယ်။ အဲဒီလို စကားလုံးဆိုတဲ့ ပညတ်အဖြစ် ပြောင်းလာတဲ့ အသံတွေကို လိုက်ခံစားမိတဲ့အတွက် ဘယ်သူက ဘယ်လိုပြောတာ၊ ဘယ်တုန်းက ဘယ်လိုကြားတာ စတဲ့ ကောင်းမကောင်း ခံစားမှုတွေဖြစ်ပြီး ကောင်းရင်လောဘဖြစ်လိုက်၊ မကောင်းရင် ဒေါသဖြစ်လိုက်၊ အလိုမကျဖြစ်လိုက်တော့တာပါပဲ။ တစ်ခါတစ်လေ တိုက်ရိုက်ကြားရတာ မဟုတ်ဘဲ သူများပြောလို့ တစ်ဆင့်ပြန်ကြားတာတွေတောင် လိုက်ခံစားပြီး ဒုက္ခဖြစ်လိုက် ကြပါသေးတယ်။ နောက်ဆုံးတော့ အသံကို ကြားတဲ့အခိုက်မှာ မသိလိုက်နိုင်တဲ့အတွက် စကားလုံးအဖြစ် ပြောင်းလဲသွားတဲ့ ပညတ်တွေကို လိုက်ပြီးခံစားမိတဲ့ စိတ်ကြောင့် ဒုက္ခဖြစ်သွားတာက ကိုယ်ပါပဲ။ အသံဆိုတဲ့ အာရုံနောက်ကို စိတ်ကလိုက်သွားတဲ့အတွက် ဒီစိတ်ကောင်းရင် ကိုယ်ပါကောင်းပြီး ဒီစိတ်မကောင်းရင် ကိုယ်ပါမကောင်း ဖြစ်စေတော့တာပါပဲ။ ကောင်းရင်လည်းဒုက္ခ၊ မကောင်းရင်လည်း ဒုက္ခဖြစ်တဲ့အတွက် ကောင်းမကောင်းဆိုတဲ့ ပညတ်ကိုခွါပြီး အစွဲမြန်တဲ့စိတ်ကို မစွဲနိုင်အောင် ထိန်းပေးတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

နောက်ဒီစိတ်က အနံ့တွေနောက်ကိုလည်း လိုက်တတ်ပါသေးတယ်။ နှာခေါင်းနဲ့ ထိတွေ့မှ ဖြစ်ပေါ်လာတဲ့ အနံ့တွေကို စိတ်ကလိုက်ပြီး ခံစားမိတဲ့အခါ နံသိစိတ်တွေ ဖြစ်စေပါတယ်။ ဒီအနံ့ကို ခံစားမိတဲ့အခါ အနံ့ပဲလို့ မသိနိုင်ရင် အနံ့ကိုအစွဲပြုပြီး အကောင်းအဆိုးတွေ ဖြစ်စေကာ ဒုက္ခတွေလည်း ဖြစ်စေတတ်ပါတယ်။ အနံ့ကောင်းတယ်၊ အနံ့ဆိုးတယ်တွေ ဖြစ်လာပြီး ကြိုက်မကြိုက်တွေ ဖြစ်ကုန်ပါတယ်။ အနံ့ကိုစွဲတဲ့ စိတ်ကကြိုက်ရင် အနံ့ကောင်းတယ် ဖြစ်ပြီး မကြိုက်ရင် အနံ့ဆိုးတယ် ဖြစ်ကုန်ပြန်ပါတယ်။ အနံ့ကို စွဲမိတဲ့အတွက် စွဲတဲ့သူရဲ့စိတ်ကိုလိုက်ပြီး သူကြိုက်တဲ့အနံ့ ကိုယ်မကြိုက်၊ ကိုယ်ကြိုက်တဲ့အနံ့ သူမကြိုက်ဖြစ်ကာ အကြိုက်ချင်းမတူလို့၊ တစ်ခါတစ်လေ အကြိုက်ချင်းတူလို့ ဒုက္ခဖြစ်ကြ ပြန်ပါသေးတယ်။ အနံ့ဆိုတာကလည်း စွဲလန်းကောင်းတဲ့ အရာမဟုတ်တဲ့အတွက် အခေါ်အဝေါ် ပညတ်တွေတပ်လိုက်ရင် အနံ့ကောင်း အနံ့ဆိုးတွေအဖြစ် ကောင်း၊ မကောင်း ပြောင်းကုန်ပါတော့တယ်။ မစင်နံ့ဟာ လူတွေအတွက် မကောင်းပေမယ့် ခွေးတွေအတွက် ကောင်းနေတတ်သလို အနံ့ကို အမှီပြုပြီး စွဲလန်းတတ်တဲ့ စိတ်ကြောင့် လူအမျိုးမျိုး စိတ်အမျိုးမျိုး ဖြစ်နေကြတာတွေမှာ အနံ့တစ်ခုဟာ ကိုယ့်အတွက် မကောင်းပေမယ့် သူများအတွက် ကောင်းရင်ကောင်းနေ တတ်ပါတယ်။ နောက်ဆုံးတော့ ကောင်းမကောင်းဟာ ဒီအနံ့ကို စွဲမိတဲ့ စိတ်ကြောင့်၊ အနံ့ကို နံတဲ့အခိုက်မှာ အနံ့လို့ မသိဘဲ မွှေးတယ်၊ မမွှေးဘူး၊ ကောင်းတယ်၊ မကောင်းဘူးဆိုတဲ့ အစွဲပညတ်တွေနောက် စိတ်က လိုက်သွားမိတဲ့အတွက်ကြောင့် ကိုယ်ပဲဒုက္ခဖြစ်စေတော့တာပါ။ ဒါကြောင့် အနံ့ကိုနံတဲ့အခါ နံတဲ့အခိုက်ကို သိအောင်ကြိုးစားပြီး အဲဒီအနံ့ဆိုတဲ့ အာရုံနောက်ကို စိတ်မလိုက်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

အရသာမှာလည်း ဒီလိုပါပဲ။ ရသဆိုတဲ့ အာရုံနောက်ကို စိတ်မလိုက်မှ ဖြစ်မှာပါ။ လိုက်မိလို့ကတော့ မဆုံးနိုင်တဲ့ ဒုက္ခတွေပဲ ကြုံနေပါလိမ့်မယ်။ လျှာအလိုလိုက် လောမတိုက်နဲ့လို့ ဆိုသလို အရသာကို ခံစားတတ်တဲ့ လျှာကိုလောဘမဖြစ်အောင် အလိုမလိုက်ဖို့တော့ လိုပါလိမ့်မယ်။ လျှာအလိုလိုက်တယ်ဆိုတာ အမှန်တော့ စိတ်ကိုအလိုလိုက်တာပါပဲ။ စိတ်ကို မထိမ်းနိုင်တဲ့အတွက် အရသာနဲ့ လျှာနဲ့တွေ့တဲ့အခိုက် ကောင်းတယ်၊ မကောင်းဘူးဆိုတဲ့ ခံစားချက်တွေ ဖြစ်ပေါ်နေတာပါ။ အမှန်တော့ အရသာရှိတယ် မရှိဘူးဆိုတာ လျှာအလယ်မှာရှိတဲ့ ဇိဝှါပသာဒကို ဖြတ်တဲ့အချိန်လေးလောက်ပါပဲ။ ဒီအခိုက်လေးအတွက် သတ္တ၀ါတွေဟာ ရသအမျိုးမျိုးကို ဖန်တီးပြီး ဒုက္ခတွေနောက် လိုက်နေမိကြတာပါ။ ဘာပဲစားစား ဗိုက်ပြည့်သွားရင်တော့ အရသာ ရှိပါတယ်ဆိုတဲ့ အရာလည်း မစားချင်တော့ပါဘူး။ အရသာ မရှိတော့ပါဘူး။ အဓိကကတော့ အရသာဆိုတဲ့ အာရုံနောက်ကို စွဲလန်းတတ်တဲ့ စိတ်က လိုက်မသွားဖို့ပါပဲ။ ဒီအာရုံကို စိတ်က စွဲမိပြီဆိုရင်တော့ အကောင်းအဆိုးတွေ ပေါ်နေပြီး ကောင်းတယ်ထင်ရင်လည်း ကောင်းတဲ့အလျှောက် ဒုက္ခဖြစ်တတ်သလို ဆိုးရင်လည်း ဆိုးတဲ့အလျှောက် ဆင်းရဲရတတ်ပါတယ်။ ဒါကြောင့် အရသာဆိုတဲ့ အာရုံနောက်ကို စိတ်မလိုက်နိုင်အောင် ဘယ်လိုအရသာပဲ ဖြစ်ဖြစ် အရသာနောက်မှာ အကောင်းအဆိုး ပညတ်တွေ မကပ်ဘဲ ဒါဟာ ရသပဲလို့ ဖြစ်ခိုက်အမှန်ကို သိအောင်ကြိုးစားကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။

နောက်ထပ်စိတ်ကို စွဲဆောင်တတ်တဲ့ အာရုံတစ်ခုက အတွေ့အထိဆိုတဲ့ အာရုံပါပဲ။ ရုပ်ရုပ်ချင်း ထိတွေ့တဲ့ သဘောမှာ စိတ်အစွဲ ၀င်လိုက်ရင်တော့ နူးညံ့တဲ့အတွေ့၊ ကြမ်းတမ်းတဲ့အတွေ့၊ ပျော့ပြောင်းတဲ့အတွေ့၊ မာကျောတဲ့အတွေ့ စတဲ့ ပညတ်တွေဝင်လာပြီး အဲဒီပညတ်တွေနောက် စိတ်က လိုက်သွားမိတဲ့အတွက် အတွေ့ကောင်းရင်လည်း ကောင်းတဲ့အလျှောက် မကောင်းရင်လည်း မကောင်းတဲ့အလျှောက် ဒုက္ခဖြစ်စေပါတော့တယ်။ အတွေ့အထိဆိုတဲ့ အာရုံအပေါ် စိတ်အစွဲက ၀င်သွားမိတဲ့အတွက် တစ်စုံတစ်ယောက်နဲ့၊ တစ်စုံတစ်ခုနဲ့ ထိတွေ့နေရတာကိုက ခံစားမှု တစ်ခုဖြစ်နေတော့တာပါ။ ကိုယ်ကြိုက်တဲ့ အထိအတွေ့ဆိုရင် ဆက်တိုက်အမြဲ ခံစားချင်နေတတ်ပြီး မကြိုက်တဲ့ အတွေ့အထိ ဆိုလို့ကတော့ အလိုမကျမှု၊ မကျေနပ်မှု၊ ဒေါသထွက်မှုတွေနဲ့ စိတ်ဒုက္ခတွေပဲ ဖြစ်နေကုန်တော့တာပါ။ စိတ်ကလည်း အခက်သား စွဲမိပြီဆိုရင် လက်ကလေး ကိုင်ထားရတာကိုက အရသာ ရှိနေတယ်ဆိုတာပဲ။ အပေါ်ယံအရေပြား အထိအတွေ့လေးကိုပဲ အဟုတ်ထင်ကာ မလှုပ်ချင်အောင် ဖြစ်မိတယ်လို့လည်း ဆိုကြသေးတယ်လေ။ စိတ်အစွဲလေးက ဖုံးထားလေတော့ ချွေးတစ်လုံးလုံးထွက်ပြီး နံဆော်နေတဲ့ သူ့ခန္ဓာကိုယ် အနံ့ကိုလည်း မမြင်မိ၊ မခံစားမိတော့ဘဲ ပျော်နေမိတော့တယ်တဲ့။ ကိုယ်နဲ့ အဆင်မပြေ၊ ကိုယ်မနှစ်သက်တဲ့သူ ဆိုလို့ကတော့ လက်ချင်းယှက်ဖို့ နေနေသာ မျက်နှာမြင်ရတာကိုက အကုသိုလ်ဖြစ်နေတယ်တဲ့။ အတွေ့အထိအပေါ် စိတ်အစွဲ ၀င်မိရင် ဒီလိုပါပဲ။ အတွေ့အထိအပေါ် စိတ်ကစွဲမိလေတော့ အကောင်းအဆိုးတွေဖြစ်ပြီး အကြောင်းအကျိုးပါ မသိ၊ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်ကုန်တော့တာပေါ့။ တရားခံကတော့ အာရုံအပေါ် စွဲလမ်းမိတဲ့ အတွက်ကြောင့်ပါပဲ။ ဒါကြောင့် ဒီအထိအတွေ့ဆိုတဲ့ အာရုံအပေါ်မှာလည်း စိတ်မလိုက်မိဖို့၊ စိတ်မှာအစွဲတွေ မဖြစ်ဖို့၊ တွေ့ထိတဲ့အခါမှာလည်း အကောင်းအဆိုး၊ အကြမ်းအနု စတဲ့ခံစားချက်များ မ၀င်ဘဲ အတွေ့ပါပဲလို့ အမှန်ကို သိအောင် သတိဆောင်ပြီး ထိန်းသိမ်းကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။

အချုပ်ပြောရရင် အာရုံတွေနောက်ကို စိတ်မလိုက်မိကြဖို့ပါပဲ။ အဆင်းဆိုတဲ့အာရုံ၊ အသံဆိုတဲ့အာရုံ၊ အနံ့ဆိုတဲ့ အာရုံ၊ အရသာဆိုတဲ့ အာရုံ၊ အထိအတွေ့ဆိုတဲ့ အာရုံတွေအပေါ်မှာ စိတ်အစွဲမ၀င်မိဖို့နဲ့၊ စွဲမိပြီဆိုရင် အကောင်းအဆိုးတွေ ဖြစ်ပေါ်လာပြီး အမည်ပညတ်တွေ အပေါ်မှာ စိတ်ကလိုက်ပြီး ခံစားနေတတ်တဲ့ အတွက် ဒုက္ခတွေပဲ တိုးနေတယ်ဆိုတာ သတိပြုကြဖို့ ပြောလိုရင်းပါ။ ပြီးတော့ စိတ်စွဲတယ်ဆိုတာကလည်း ဒီအာရုံတွေကို ဖြစ်ခိုက်ပေါ်ခိုက်မှာ အဆင်းပဲ၊ အသံပဲ၊ အနံ့ပဲ၊ အရသာပဲ၊ အတွေ့အထိပဲလို့ အမှန်ကို မမြင်မိတဲ့အတွက် လှတယ် မလှဘူး၊ အသံကောင်းတယ် မကောင်းဘူး၊ အနံ့မွေးတယ် မမွေးဘူး၊ အရသာရှိတယ် မရှိဘူး၊ အတွေ့အထိ နူးညံ့တယ် မနူးညံ့ဘူးစတဲ့ အကောင်းအဆိုး အမည်နာမ ပညတ်တွေ ဖြစ်ပေါ်လာတာကို ဆိုလိုပြီး ဒီလိုပညတ်တွေ ပေါ်လာတဲ့အတွက် ပညတ်နောက်ကို လိုက်နေမိတဲ့ ကိုယ်မှာလည်း ဒုက္ခအမျိုးမျိုးပဲ ဖြစ်နေတတ်ကြောင်း ဆိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အလွဲအမှားတွေနဲ့ အစွဲတရားတွေကင်းပြီး စိတ်မှာပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ဖြစ်ချင်နေတဲ့သူများ အနေနဲ့ အစွဲတရားတွေ ဖြစ်ပေါ်စေတတ်တဲ့ အာရုံတွေနောက်ကို စိတ်မလိုက်နိုင်အောင် မမေ့မလျော့တဲ့ သတိတရားနဲ့ ဖြစ်တဲ့အခိုက်၊ ပေါ်တဲ့အခိုက်မှာ အရှိအတိုင်း၊ အမှန်အတိုင်း သိအောင်သာ ကြိုးစားကြဖို့ တိုက်တွန်းလိုက်ရပါကြောင်း

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ