ဝါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း…

မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့ ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။ ဥပမာပြောရရင် သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊ ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။ ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့ အချက်လေးတွေပါ။ ဒီအလွဲတွေထဲက နောက်တစ်ခုက ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တစ်ခုအပါအ၀င် ဖြစ်နေပြန်ပါပြီ။ ၀ါမ၀င်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ၀ါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘ၀င်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာလားလို့ မေးလာသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းလို့ ခေါင်းစဉ်တပ်ကာ ပို့စ်တစ်ပုဒ် ရေးဖြစ်ခဲ့ရပြန်ပါတယ်။

တကယ်တော့ ၀ါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ၀ိနည်းဥပဒေ ပညတ်သတ်မှတ်ပြီး ချိန်မှသာ ထိုရဟန်းတော်များ ၀ါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေါ်ဝေါ်သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။ ရဟန်းတော်များ ၀ါတွင်းသုံးလကာလပတ်လုံး တစ်ခြားတစ်နေရာသို့ ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက်အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေဟာ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။ ပိဋကတ်မှာ ပါတဲ့အချက်လည်း မဟုတ်ပါဘူး။ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင် ၀ါဆိုဖို့ ပညတ်ချက်တွေ မသတ်မှတ်ချိန်တုန်းက ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပါ။ ဘုရားရှင်ဝါဆိုဖို့ ၀ိနည်းဥပဒေ သတ်မှတ်ချိန်ဟာ ဘုရားဖြစ်တော်မူပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်နောက်ပိုင်းမှ ပေါ်ပေါက်ခဲ့တာပါ။ ၀ါတွင်းကာလနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟာ ရဟန်းတော်များအတွက်သာ သီးသန့်ဝိနည်း ဥပဒေထားကာ ပညတ်ချက်ပဲရှိပါတယ်။ လူတွေအတွက် ၀ါတွင်းကာလမှာ ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူး စတဲ့ ဥပဒေ သတ်မှတ်ချက် မရှိပါဘူး။ တစ်ခုတော့ရှိတယ် ဥပုသ်နေ့တွေမှာ ဥပုသ်သီလစောင့် စေလိုတဲ့ ဟောကြားချက်အချို့ရှိပါတယ်။ ဒါကလည်း ၀ါတွင်းကာလမှ မဟုတ်ပါဘူး။ ၀ါတွင်းမဟုတ်တဲ့ အချိန်တွေမှာလည်း ဥပုသ်နေ့များမှာ ဥပုသ်သီလစောင့်လို့ ရပါတယ်။

ဘုရားရှင်ဟာ လူတွေအတွက် ကာမဂုဏ်အာရုံများ နည်းအောင်၊ ကိလေသာများပါးအောင် ကျင့်ကြံနေထိုင်ကြဖို့သာ ဟောကြားလေ့ရှိပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်မပြုရ၊ ပြုရင်ဘာဖြစ်မယ်ဆိုတဲ့ အထူးတလည် ဟောကြားသတ်မှတ်ချက် မရှိပါဘူး။ သာသနာ့ဝန်ထမ်းများကိုတော့ အိမ်ထောင်မပြုရ၊ ကာမဂုဏ်မေထုန် မမှီဝဲရဆိုတာကိုတော့ အထူးသတ်မှတ် ပညတ်တော်မူပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘုရားရှင် အထူးဟောတော်မူတဲ့အချက်က အိမ်ထောင်ပြုပြီး နောက်ပိုင်း အိမ်ထောင်ရေးကို ဘယ်လိုအဆင်ပြေအောင် နေထိုင်ရမယ့်အချက်နဲ့ အိမ်ထောင်ပြုသူ လင်ယောက်ျား ဇနီးမယားတို့ လိုက်နာကျင့်ကြံရမယ့် တာဝန်များ၊ အိမ်ထောင်ရေးကို ထိခိုက်ပျက်ပြားစေမယ့်အပြင် သံသရာပါ ဒုက္ခရောက်စေမယ့် အိမ်ထောင်ရေး ဖောက်ပြန်မှုများကို မပြုလုပ်ကြဖို့ ပညတ်သတ်မှတ်တော် မူပေးတဲ့ အချက်ပဲဖြစ်ပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်ပြုရမယ်၊ ဘယ်အချိန်မှာ အိမ်ထောင်မပြုရဘူး ဆိုတဲ့အချက် မဟုတ်ပါဘူး။

အိမ်ထောင်ပြုမှုဟာ ရှေးပဝေသဏီတည်းက လုပ်ခဲ့ကြတဲ့အလုပ်ပါ။ ဘုရားရှင်လက်ထက်မှာလည်း အိမ်ထောင်ပြုကြပါတယ်။ အရိယာ ပုဂ္ဂိုလ်များဖြစ်တဲ့ သောတာပန်မှစပြီး အနာဂါမ်အထိ သူတော်စင်တွေလည်း အိမ်ထောင်ပြုကြပါတယ်။ ဘုရားလက်ထက်က လူသန်းပေါင်း ၇၀လောက်ရှိတဲ့ သာဝတ္ထိမြို့ကြီးဟာ အရိယာပုဂ္ဂိုလ်ချည်းပဲ သန်းပေါင်း ၅၀ခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒီသာဝတ္တိမြို့သူ မြို့သားတွေဟာလည်း အိမ်ထောင်ပြုကြပါတယ်။ ဒါပေမယ့် သူတို့အိမ်ထောင်ပြုမှုဟာ ၀ါတွင်းကိုရှောင်ပြီး ပြုတယ်ဆိုတာကို ဗုဒ္ဓစာပေမှာ အထူးဖော်ပြတာ မရှိကြပါဘူး။ သူတို့အဆင်ပြေ သင့်လျော်ချိန်မှာ ပြုကြမှာပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ၄၅နှစ်ပတ်လုံး အိန္ဒိယနိုင်ငံတစ်ဝှန်း လှည့်လည်သီတင်းသုံးတဲ့ အချိန်ဟာ သာဝတ္ထိမြို့မှာ သီတင်းသုံးချိန်က ပိုများပါတယ်။ ဒီလို ဘုရားရှင် သီတင်းသုံးချိန်များပြီး အရိယာသူတော်စင် အများဆုံးရှိတဲ့ သာဝတ္ထိမြို့မှာ သတ်မှတ်ပညတ် ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေဟာလည်း အများကြီးပါ။ အိမ်ထောင်ပြုမှုနဲ့ ပတ်သက်လို့ ကာလသတ်မှတ် ဟောကြားချက်ရှိခဲ့မယ်ဆိုရင် သာဝတ္ထိမြို့သားတို့ရဲ့ အိမ်ထောင်ပြုခြင်း အကြောင်းတွေလည်း စာပေမှာ အများကြီးတွေ့နေရမှာပါ။ ဒါပေမယ့် မရှိခဲ့ပါဘူး။ ဘုရားရှင်ဟာ လူတွေအတွက် အိမ်ထောင်ပြုမှု၊ မပြုမှု၊ အိမ်ထောင်ပြုသင့်တဲ့ ကာလ၊ မပြုသင့်တဲ့ ကာလတွေထက် အိမ်ထောင်တစ်ခုရဲ့ အဆင်ပြေမှု မပြေမှုတွေကို ပိုပြီးဦးစားပေးပါတယ်။ အိမ်ထောင်ရှင် နှစ်ဦးတို့ရဲ့ အိမ်ထောင်ရေးခိုင်မြဲဖို့ လိုက်နာသင့်တဲ့ ကျင့်ဝတ်များကိုသာ ဦးစားပေးဟောတော်မူပါတယ်။

ဒီလိုဆိုရင် ဘုရားဟောမဟုတ်တဲ့ ဒီဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ သတ်မှတ်ချက်ဟာ မြန်မာပြည်မှာ ဘာကြောင့် လေးလေးနက်နက် ရှိနေကြတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအချက်ကတော့ ရှေးအစဉ်လာကတည်းက အရိုးစွဲလာခဲ့တဲ့ အချက်တွေဖြစ်နိုင်ပါတယ်။ ရှေးကလူကြီးသူမများဟာ ဘုရားသာသနာကို အလွန်သတ်ဝင် ယုံကြည်ကြပြီး ဘာသာရေးကို အထူးအလေးထားတဲ့ သူများဖြစ်ကြပါတယ်။ ရဟန်းတော်များဝါတွင်းကာလ ၀ါဆိုဝါကပ်ပြုကြတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ လူတွေအနေနဲ့လည်း ကာမဂုဏ်အာရုံများနဲ့ ဆက်စပ်နေတဲ့ ဒီအိမ်ထောင်ပြု သားမွေးခြင်း ကိစ္စများကို မလုပ်ကြဘဲ တစ်နှစ်ပတ်လုံး အလုပ်များနဲ့သာ အချိန်ကုန်နေပြီး မိုးတွင်းကာလမှာသာ အနားရကြတဲ့ အချိန်လေးမှာ ကုသိုလ်ကောင်းမှုများ များများလုပ်ဖြစ်ကြဖို့ ကြိုးစားအားထုတ်ရင်း ၀ါတွင်းကာလမှာ အိမ်ထောင်ပြုခြင်းကို အထူးတလည် မပြုလုပ်ကြခြင်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် စဉ်းစားမိတာက ၀ါတွင်းကာလဟာ မိုးရာသီကာလ ဖြစ်တဲ့အတွက် မင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ဖို့အတွက် မိုးအဆက်မပြတ်ရွာမှုက အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုဖြစ်စေသလို မိုးရာသီကာလ သီးနှံစပါး စိုက်ပျိုးထားချိန်များဖြစ်လို့ စားဝတ်နေရေးအရလည်း အခက်အခဲ ဖြစ်နိုင်တဲ့အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်ကာလ အိမ်ထောင်ပြုခြင်းကို မပြုလုပ်ကြဘဲ ရှောင်ကြဉ်ကြတာဖြစ်နိုင်ပါတယ်။ ဒီအစဉ်အလာများဟာ အခုခေတ်ရောက်လာတဲ့ အခါမှာတော့ ဗေဒင်ယတြာ ဓာတ်ရိုက်ဓာတ်ဆင် ဆရာများရဲ့ လက်ချက်ကြောင့် ၀ါတွင်းကာလ အိမ်ထောင်ပြုရင်ပဲ တစ်ခုခုဖြစ်နိုင်သလို၊ အိမ်ထောင်ရေးပဲ မတည်မြဲတော့သလို၊ တစ်ခုခုပဲ ထဖြစ်တော့မလို ပြောဆိုဟောပြောလာကြရာက ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အစဉ်အလာ ယုံကြည်မှုကြီးက လွှမ်းမိုးသက်ရောက် လာခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ ဘယ်အချိန် အိမ်ထောင်ပြုပြု အိမ်ထောင်ပြုသူ နှစ်ဦးရဲ့ အနေအထားကိုလိုက်ပြီး အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှုဆိုတာ ဖြစ်ကြတာပါ။ ၀ါတွင်းကာလ အိမ်ထောင်ပြုမိလို့ အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှု ဖြစ်ရတယ်ဆိုတာမျိုး မရှိပါဘူး။ ၀ါပမှာ အိမ်ထောင်ပြုသူတွေလည်း အိမ်ထောင်ရေး ပြဿနာတွေ အများကြီး ရှိနေကြပါတယ်။ အဓိကကတော့ တာဝန်ကိုယ်စီကျေပွန်ပြီး အကျင့်သီလ ကောင်းမွန်နေမှုကသာ အဓိကဖြစ်ပါတယ်။ ဘယ်အချိန် အိမ်ထောင်ပြုမှုက အဓိကမကျပါဘူး။ ဒါပေမယ့် အရိုးစွဲနေတဲ့ ယုံကြည်မှုဟာ အလွန်အမတန် ဖျောက်ဖို့ခက်လှပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံ တစ်ဝှန်းလုံးလိုလို ၀ါတွင်းကာလ အိမ်ထောင်ပြုမှုကို ရှောင်ကြတာ များပါတယ်။ ဒါကို ဆန့်ကျင်ပြီး ဖောက်ထွက်ဖို့က အချိန်အများကြီး ယူရမယ့်အနေအထား ရှိပါတယ်။ နောက်တစ်ချက်က ဒီလို အိမ်ထောင်ပြု သားမွေးကိစ္စမျိုးဆိုတာဟာလည်း ဗုဒ္ဓဘာသာရဲ့ လွတ်မြောက်ရေးအရ ကြည့်ရင်အရေးကြီးတဲ့ အချက်မဟုတ်ပါဘူး။ ကာမဂုဏ်အာရုံကို အားပေးတဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။ ဒါကြောင့်လည်း ဒီလို ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အယူကြီး ရှိနေကြပေမယ့် ရဟန်းတော်များဘက်ကရော လူကြီးသူမများဘက်ကပါ အထူးတလည် အရေးပေးပြီး ပြောဆိုတွန်းလှန်ခြင်း မပြုကြခြင်း ဖြစ်နိုင်ပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်မပြုရတဲ့ အတွက် သံသရာဒုက္ခဖြစ်စေတဲ့ အလုပ်မဟုတ်နိုင်လို့ ဒီအပေါ်မှာ အထူးအလေးထားခြင်း မရှိကြခြင်း ဖြစ်ပါတယ်။ တစ်ဘက်ကလည်း ဗုဒ္ဓဘာသာ ယုံကြည်မှု အားကောင်းလှတဲ့ မြန်မာနိုင်ငံဟာ သံဃာတော်များ အလေးအနက်ထားရာ ၀ါတွင်းကာလမှာ သာသနာ့ဝန်ထမ်းတွေတောင် ဒီလိုနေကြတာမဟုတ် ဗုဒ္ဓဘာသာဝင်များလည်း အိမ်ထောင်ပြု သားမွေးခြင်းများကို ရှောင်ကြဉ်ကြတယ်ဆိုတဲ့ အချက်ဟာ အကောင်းဘက်ကကြည့်ရင် ဂုဏ်ယူစရာ ကောင်းလှတဲ့အချက်ပါ။ ဒါပေမယ့် ဒီအချက်က ဘုရားဟောလို့၊ ဗေဒင်ယတြာဆရာတွေက ပြောလို့ အိမ်ထောင်မပြုကြဘူးလို့ နားလည်သတ်မှတ် ပြောဆိုကြတယ်ဆိုရင်တော့ မကောင်းပါဘူး။ ဘုရားရှင်အနေနဲ့ ၀ါတွင်းကာလ အိမ်ထောင် မပြုရဘူးဆိုတဲ့ အချက်ကို လုံးဝဟောကြားတော် မမူပါဘူး။ ဒီလို ဘုရားဟော မဟုတ်တာကို ဘုရားဟောသလိုမျိုး ပြောဆိုသတ်မှတ်ကြရင်လည်း အပြစ်ဖြစ်ကြပါတယ်။
ဒီနေရာမှာ ၀ါတွင်းကာလ အိမ်ထောင်မပြုခြင်းကို ဘုရားဟောလို့ မပြုတာလို့ မမှတ်ကြဘဲ ၀ါတွင်းကာလ အခိုက်အတန့်လေးမှာ ကိလေသာ အာရုံကာမဂုဏ်များ နည်းနေစေဖို့နဲ့ ကုသိုလ်ကောင်းမှုများ များများလုပ်ခွင့် ရစေဖို့ အိမ်ထောင်ပြုခြင်းကို မပြုကြခြင်း ဖြစ်တယ်လို့ လက်ခံယုံကြည်လိုက်ကြရင် အလွန်ကောင်းပါတယ်။ သေချာတာကတော့ ၀ါတွင်းကာလမှာ လူတွေလည်း အိမ်ထောင်မပြုရ၊ မေထုန်မပြုရ၊ ရှစ်ပါးသီလပဲ ဆောက်တည်ပြီး နေရမယ်ဆိုတာ သတ်မှတ်ဟောကြားချက် မရှိပါဘူးဆိုတာပါ။ မိမိတို့အနေဖြင့် ၀ါတွင်းကာလ အိမ်ထောင်ပြုလိုကလည်း ပြုနိုင်ကြပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်ပြုလို့ အပါယ်ငရဲ လားရတယ်ဆိုတာ မရှိပါဘူး။ အိမ်ထောင်ကျပြီး အိမ်ထောင်ရေးဖောက်ပြန်လို့ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်လို့ အပါယ်ငရဲ လားရတာပဲ ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းသည် ဘာမှမသက်ဆိုင်တဲ့ အတွက် ဘုန်းကြီးတွေရဲ့ ၀ါဆိုချိန်ကြောင့် တို့တွေအိမ်ထောင်ပြုရေးကို ထိခိုက်တယ်ဆိုတာ မတွေးကြဖို့နဲ့ အိမ်ထောင်ပြုလိုက ၀ါတွင်းဝါပ အဓိကမကျဘဲ အိမ်ထောင်ကျပြီး နောက်ပိုင်းအိမ်ထောင်ရှင်နှစ်ဦးတို့ရဲ့ တာဝန်ကျေမှုနဲ့ အိမ်ထောင်ရေး မဖောက်ပြန်မှုကသာ အဓိကကျပါကြောင်း ထပ်လောင်းတင်ပြလိုက်ရပါတယ်။

Read more »

မချစ် မမုန်း အကောင်းဆုံး…

“ချစ်သောသူတို့နှင့်လည်း မပေါင်းလင့်၊ မုန်းသောသူတို့နှင့်လည်း မပေါင်းလင့်၊ ချစ်သောသူတို့ကို မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏၊ ထို့ကြောင့် လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ၊ ချစ်ခင်စွဲလန်းဖွယ်တို့နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း၊ ချစ်ခြင်းမုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့တို့သည် မရှိကြကုန်“ (ဓမ္မပဒ၊ ပိယ၀ဂ်၊ တယောဇန ပဗ္ဗဇိတ၀တ္ထု)
ဤစကားတော်သည်ကား မြတ်စွာဘုရားရှင်တော်မြတ် နှုတ်တော်မှထုတ်ဖော် ဟောကြားတော်မူခဲ့သည် တရားမြတ်ဖြစ်ပါ၏။ အချစ်အမုန်းကို အရှင်းဆုံးဖြစ်အောင် တိုတိုနဲ့လိုရင်းရောက်စေသည့် တရားစကားဖြစ်၏။ အချစ်အမုန်းရှိလျှင် ဆင်းရဲရှိနေမည်ဖြစ်သောကြောင့် မချစ်မမုန်းဘဲ နေနိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း မိန့်တော်မူထား၏။ အချစ်ရှိလျှင် အပြစ်ရှိတတ်သကဲ့သို့ အမုန်းရှိလျှင်လည်း အရှုံးရှိတတ်ပြန်၏။ ချစ်လျှင်လည်း မကောင်း၊ မုန်းလျှင်လည်း မကောင်းသည့် လောကကြီးတွင် မချစ်မမုန်းခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။


မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ်က ဖြစ်ပါ၏။ သာဝတ္ထိပြည်ရှိ မိသားစုတစ်စုသည် မိသားစုလိုက် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ကြ၏။ ရှေးဦးစွား သားဖြစ်သူသည် ရဟန်းဘ၀ကို ရယူခဲ့၏။ ထို့နောက် ဖခင်ကြီးသည်လည်း သားနောက်လိုက်ကာ ရဟန်းပြုခဲ့၏။ လင်ယောက်ျားနှင့် သားမရှိတော့သဖြင့် မိခင်ဖြစ်သူသည်လည်း ဘိက္ခုနီမအဖြစ်ဖြင့် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့တော့၏။ ထိုမိသားစု၏ သံယောဇဉ်ကား ကြီးမားလှ၏။ လူ့ဘ၀မှာပင် တစ်ဦးနှင့်တစ်ဦး သံယောဇဉ် ရှိကြသည်မဟုတ် သာသနာ့ဘောင် ရောက်လာချိန်အထိ သံယောဇဉ်က မပြတ်လှ။ ထို့ကြောင့် သူတို့သုံးဦးသည် တစ်ကျောင်းတည်းတွင် အတူစုပြီး နေထိုင်ကြ၏။ ထိုသူတို့၏ နေထိုင်သည့်ကျောင်းသည် သူတို့၏လူ့ဘ၀က အိမ်သဖွယ်ဖြစ်နေတော့၏။ အတူတကွ စားခြင်းသောက်ခြင်း စကားပြောခြင်းဖြင့်သာ အချိန်ကုန်နေကြ၏။ တစ်ကျောင်းတည်းတွင် မိသားစုလိုက် အတူတကွနေထိုင်ပြီး တရားအားမထုတ်ဘဲ အချည်းနှီး အချိန်ကုန်နေကြသည့်အပြင် အခြားသီတင်းသုံးဖော်များကိုပင် အနှောက်အယှက် ဖြစ်စေတော့၏။ ထို့ကြောင့် ရဟန်းတော်အချို့မှ ထိုအကြောင်းကို မြတ်စွာဘုရားရှင်အား လျှောက်ထားလိုက်၏။ ထိုအခါ ဘုရားရှင်မှ ထိုသူများအား ရှေ့တော်သို့ ခေါ်တော်မူပြီး “သင်တို့သည် သာသနာ့ဘောင်သို့ ၀င်ရောက်လာပြီး ထိုကဲ့သို့ အိမ်ထောင်စုတစ်စု အနေမျိုးဖြင့် အတူတကွ အချိန်အကြာကြီး နေထိုင်ခြင်းကို မပြုသင့်ကြောင်း၊ ချစ်ခင်သူများကို မမြင်ရခြင်း၊ မချစ်မနှစ်သက်သူများကို မြင်နေရခြင်း နှစ်မျိုးလုံးသည် ဒုက္ခဆင်းရဲ့ကိုသာ ဖြစ်စေကြောင်း၊ ထို့ကြောင့် သင်တို့သည် မည်သည့်သတ္တ၀ါ၊ မည်သည့်အရာဝတ္ထုအပေါ်ကိုမျှ တွယ်တာမှု သံယောဇဉ် မထားသင့်ကြောင်း“ စသည်ဖြင့် တရားစကား မိန့်ကြားတော်မူခဲ့၏။ ဒေသနာတော်အဆုံးတွင် ထိုမိသားစု သုံးဦးသည် သေတာပတ္တိဖိုလ်သို့ မျက်မှောက်ပြုသွားကြ၏။

မှန်၏။ ချစ်ခြင်း၊ မုန်းခြင်းဟူသည် တွယ်တာမှု သံယောဇဉ်ကြောင့် ဖြစ်၏။ တွယ်တာမှု သံယောဇဉ်၏ သဘောကား ထိုသံယောဇဉ်ကို မဖြတ်နိုင်သေးသမျှ ဆင်းရဲဒုက္ခကိုသာ ဖြစ်စေတော့၏။ လူဖြစ်စေ ရဟန်းဖြစ်စေ သံယောဇဉ် ဖြစ်မိပြီဆိုလျှင် ပူလောင်ဆင်းရဲကိုသာ ဖြစ်စေ၏။ အချို့က ချစ်ခြင်းကိုသာ သံယောဇဉ်ဟု ထင်မှတ်နေကြ၏။ စင်စစ် မုန်းခြင်းသည်လည်း သံယောဇဉ် တစ်မျိုးပင်ဖြစ်၏။ စာပေက ထိုအမုန်းသံယောဇဉ်ကို ပဋိဃသံယောဇဉ်ဟု ဆို၏။ တစ်စုံတစ်ယောက်ကို ချစ်မိပြီ သံယောဇဉ်ဖြစ်မိပြီဆိုလျှင် အချိန်ပြည့် ထိုသူ့ကိုသာ သတိရနေတတ်၊ ထိုသူ၏အကြောင်းကိုသာ စဉ်းစားနေတတ်၊ ထိုသူနှင့်ပတ်သက်သည်များကိုသာ မြင်ယောင်နေတတ်မိ၏။ ဤသဘောကား အချစ်သံယောဇဉ်ကြောင့် ဖြစ်သည့်သဘောဖြစ်၏။ ထို့အတူပင် တစ်စုံတစ်ယောက်ကို မုန်းမိပြီဆိုလျှင်လည်း ထိုသူ့အကြောင်း၊ ထိုသူနှင့်ပတ်သက်သည့် သတင်းစကား၊ ထိုသူမည်သို့မည်ပုံဖြစ်သည်၊ ထိုသူသည် မိမိအပေါ် မည်သိုမည်ပုံ ပြုမူဆက်ဆံ ပြောဆိုခဲ့သည် စသည်တို့ကိုသာ မကြာခဏ သတိရနေမိ၏။ ထို့ထက်ဆိုးသည်ကား ထိုသူသည် အခြားတစ်နေရာတွင် မိမိထက်အောင်မြင်နေသည်၊ မိမိထက်သာနေသည် စသည့်အသံများကြားရလျှင် ပို၍ပင် မခံချိမခံသာဖြစ်ကာ သူ့အပေါ် မကောင်းသည့်စိတ်ထားများဖြင့်သာ တစိမ့်စိမ့်တွေးတော မြင်ယောင်နေမိတော့၏။ ဤသည်မှာလည်း အမုန်းသံယောဇဉ်၏ သဘောပင်ဖြစ်၏။ မည်သည့် သံယောဇဉ်ဖြစ်ဖြစ် နောက်ဆုံး မိမိရလိုက်သည့် အကျိုးရလာဘ်သည်ကား ဆင်းရခြင်းတစ်ခုတည်းပင် ဖြစ်၏။ အချစ်သံယောဇဉ်ကြောင့် ချမ်းသာမှုကို ဖြစ်စေသည်၊ အမုန်းသံယောဇဉ်ကြောင့် ပီတိဖြစ်ရသည်ဟူသည် မရှိလှပေ။ ချစ်ခြင်းမုန်းခြင်း နှစ်ခုလုံး၏ အဆုံးသည်ကား ဆင်းရဲခြင်းသာ နိဂုံးဖြစ်နေပေ၏။ ထို့ကြောင့် မချစ်မမုန်းအကောင်းဆုံးဟု ဆိုခြင်းဖြစ်ပါ၏။

စင်စစ် ချစ်ခြင်းမုန်းခြင်း နှစ်ခုလုံးသည် သစ္စာသဘောဖြင့် ကြည့်လျှင် ဒုက္ခသစ္စာချည်းသာ ဖြစ်၏။ ဆင်းရဲကြောင်း အမှန်တရားသာ ဖြစ်၏။ မြတ်ဗုဒ္ဓက “အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော= မချစ်မနှစ်သက်သော သူများ၊ မဖြစ်မနှစ်သက်သော အရာများနှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်း“ သည်ဒုက္ခဖြစ်သကဲ့သို့ “ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော= ချစ်ခင်နှစ်သက် စုံမက်သူများ၊ ချစ်ခင်နှစ်သက်သော အရာများနှင့် သေကွဲရှင်ကွဲ ကဲရခြင်း“သည်လည်း ဒုက္ခပင်ဖြစ်ကြောင်း ဟောတော်မူ၏။ ထို့ကြောင့် မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်ကိုမျှ တွယ်တာမှုမဖြစ်စေဘဲ မချစ်မမုန်း နေနိုင်အောင် ကြိုးစားသင့်ကြောင်း မိန်ကြားတော်မူခြင်း ဖြစ်၏။

ဘုရားရှင်၏ ထိုမိန့်တော်မူချက်သည် အမှန်ပင်ဖြစ်၏။ တွယ်တာမှု သံယောဇဉ်သည် ပူလောင်မှုကို ဖြစ်စေတတ်၏။ ပူလောင်မှုဖြစ်ပေါ်လာခြင်းသည် ချစ်ခြင်း၊ မုန်းခြင်းကြောင့်ဖြစ်၏။ အချစ်သံယောဇဉ်ဖြစ်စေ၊ အမုန်းသံယောဇဉ်ဖြစ်စေ သံယောဇဉ်ဖြစ်လာလျှင် နောက်ဆက်တွဲအဖြစ် ပူလောင်မှုသဘောက ပါလာပြီးဖြစ်၏။ ချစ်သဖြင့် ပူလောင်ရသကဲ့သို့ မုန်းသဖြင့်လည်း ပူလောင်ရ၏။ ဤနေရာတွင် အချစ်နှင့် မေတ္တာကို ကွဲပြားစွာ နားလည်သဘောပေါက်ရန် လိုအပ်၏။ တွယ်တာမှု တဏှာကြောင့် ဖြစ်ပေါ်လာသည့် ချစ်ခြင်းသည် ကာမရာဂဦးစီးသဖြင့် ပူလောင်စေ၏။ မေတ္တာ၏ ချစ်ခြင်းသည်ကား တွယ်တာမှု ကာမရာဂမပါ သူတပါးတို့၏ အကျိုးကိုလိုလာခြင်း စေတနာသက်သက်သာ ဦးစီးသဖြင့် အေးမြစေ၏။ အမုန်းသည်ကား မေတ္တာ၏ ဆန့်ကျင်ဘက်ဖြစ်သဖြင့် အမြဲတစေ ပူလောင်စေလေ၏။ သေချာတွေးကြည့်လိုက်လျှင် တွယ်တာမှု တဏှာသံယောဇဉ်ကြောင့် ဖြစ်ပေါ်လာသည့် ချစ်ခြင်းမုန်းခြင်းသည် အေးမြမှုကို မဖြစ်စေနိုင်သည်မှာ သေချာလှ၏။ သူတပါးအကျိုးကို လိုလားသည့် စေတနာကြောင့် ဖြစ်ပေါ်လာသည့် မေတ္တာသည်ကား အေးမြမှုကိုဖြစ်စေ၏။ ပီတိတရား တိုးပွားစေ၏။ ထို့ကြောင့် တွယ်တာမှုနှင့်တကွ ဖြစ်သည့် ချစ်ခြင်းအစား တွယ်တာမှုမပါ အကျိုးလိုလားမှု သက်သက်သော စေတနာနှင့်တကွဖြစ်သည့် မေတ္တာတရား များများပွားရန် လိုအပ်ပေ၏။

သို့သော် တွယ်တာမှု သံယောဇဉ် မကင်းသေးသည့် လောကကြီးတွင် ထိုသို့ မချစ်မမုန်းနေနိုင်အောင် ကြိုးစားရန်မှာ လွယ်ကူသည့် အလုပ်မဟုတ်ပေ။ အလွန်သဒ္ဓါတရား အားကောင်းပြီး အထူးကြိုးစား လေ့ကျင့်မှသာ ပြုပြင်လာနိုင်ကြမည် ဖြစ်၏။ ပြုပြင်ကြည့်မည်ဟူသည့် စိတ်ထားလေး ဖြစ်ရန်ရှေးဦးစွား ကြိုးစားသင့်၏။ မည်သည့်အရာမျှ မလုပ်သည်ထက်စာလျှင် အနည်းငယ်စလုပ်ကြည့်သည်က ပို၍ အကျိုးသက်ရောက်မှု ရှိစေ၏။ အဓိက အရေးကြီးသည်မှာ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာ ၀တ္ထုအပေါ်ကိုမျှ သံယောဇဉ်မပိုမိကြရန် လိုအပ်၏။ အချစ်လည်းမပို အမုန်းလည်း မပိုရန် လိုအပ်လှ၏။ အချစ်ပိုလျှင် အပြစ်ပိုလာနိုင်သကဲ့သို့ အမုန်းပိုလျှင်လည်း အရှုံးပိုလာတတ်၏။ အချစ်ကြီးလျှင် အပြစ်ကြီးတတ်သကဲ့သို့ အမုန်းထူးလျှင်လည်း အရှုံးထူးတတ်၏။

ဤနေရာတွင် စာဖတ်သူများအနေဖြင့် မိမိတို့၏ ကိုယ်တွေ့လေးများဖြင့် ချိန်ထိုးကာ စဉ်းစားဆင်ခြင်နိုင်ကြ၏။ မိမိက တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုကို ချစ်ခင်တွယ်တာမိသည့်အခါ ထိုသူထိုအရာ ၀တ္ထုအပေါ်တွင် မိမိစိတ်တိုင်းကျ ဖြစ်စေလိုသည့် သဘောများ ဖြစ်ပေါ်လာတတ်၏။ မိမိလိုချင်သည့် ပုံစံလေးများ ပေါ်ပေါက်စေလို၏။ မိမိနေထိုင်စေချင်၊ ပြောစေချင်၊ လုပ်ကိုင်စေချင်သည့် ပုံစံများကို မျှော်လင့်လာတတ်၏။ သို့သော် ထိုသို့ ဖြစ်မလာခဲ့။ အရာရာမမြဲခြင်း၊ မိမိအလိုအတိုင်း မဖြစ်ခြင်းဟူသော သဘောတရားကို ထည့်မစဉ်းစားမိသဖြင့် ဖြစ်စေချင်သည့်အတိုင်း ဖြစ်မလာသည့်အခါ ချစ်မိရာမှ အမုန်းဖြစ်လာတတ်၏။ အမုန်းဖြစ်လာလျှင် အပြစ်လည်း ဖြစ်လာလေ့ရှိတတ်၏။ ထိုအခါ အချစ်ကြီးလေ အမျက်ကြီးလေဖြစ်လာတတ်ပြီး အမျက်ကြီးလေ အပြစ်ကြီးလေလည်း ဖြစ်လာတတ်၏။ အချစ်ကြီးသဖြင့် အပြစ်ကြီးသည့် သဘောပင်ဖြစ်၏။ ဤသည်မှာ ချင်ခင်ခြင်းဟူသည့် တွယ်တာမှုကြောင့်ပင်ဖြစ်၏။ ထို့အတူ တစ်စုံတစ်ယောက် တစ်စုံတစ်ခုကို မုန်းမိပြီဆိုလျှင်လည်း ထိုအမုန်းသံယောဇဉ်ကြောင့် ထိုသူများထိုအရာများ၏ ပျက်ဆီးကြောင်းကိုသာ တွေးတောကြံစည်လာတတ်ကြ၏။ ထိုသူထိုအရာများနှင့် ပတ်သက်သည့် မကောင်းသည့် အကုသိုလ် အတွေးများကိုသာ မကြာမကြာဖြစ်ပေါ်စေပြီး ထိုစိတ်နှင့်ပင် တိုက်ဆိုင်တိုင်း၊ ကြုံကြိုက်တိုင်း နှိမ့်ချပြောဆို ပုတ်ခပ်မိစေတတ်၏။ စိတ်၏သဘောကလည်း အခက်သားပင်။ မုန်းမိပြီဆိုလျှင် ထိုသူဘာလုပ်လုပ်၊ ဘာပြောပြော မကောင်းဘက်ကသာ တွေးတောထင်မြင် နေတတ်၏။ ထိုသို့ မကောင်းအမြင် မကောင်းအတွေး ရှိနေသည့်အခါ မိမိကိုယ်တိုင်လည်း စိတ်မကြည်လင်ဖြစ်ပြီး ထိုမကြည်လင်သည့် စိတ်ကြောင့်ပင် ပြောဆိုလုပ်ကိုင်သည့် အရာများသည်လည်း မကြည်လင် မသန့်ရှင်းဖြစ်ကာ အမှားတွေသာ ဆက်တိုက်ဖြစ်စေတော့၏။ အမှားများလာပါက ကောင်းကျိုးသက်ရောက်မှု နည်းလာတတ်၏။ အကျိုးနည်းလာလျှင် တစ်ဖြည်းဖြည်း အရှုံးပေါ်လာတတ်၏။ အမှားများလေ အကျိုးနည်းလေဖြစ်ပြီး အကျိုးနည်းလာသည်နှင့်အမျှ အရှုံးများလာမည်ဖြစ်၏။ ထိုအရှုံးသည် ယခုဘ၀၌ပင် ရှုံးခြင်းဖြစ်လျှင်ကား ဖြေနိုင်သေး၏။ ဘ၀သံသရာအထိ ရှုံးလာမည်ဆိုပါက ဘ၀သည် စုန်းစုန်းမြုပ်လေတော့မည် ဖြစ်၏။ မြုပ်ပါများလျှင် ပြန်၍နှုတ်ရန် ခက်လာတတ်၏။ အောက်ဆုံးအထိ မြုပ်သွားမည်ဆိုလျှင်ကား နှုတ်ရန်အလွန် ခဲရင်းသွားစေလေတော့၏။ ထိုအခါ အထက်နှင့်လည်း ပို၍ပင် ဝေးဝေးသွားစေလေတော့၏။ အောက်ဆုံးနှင့် အထက်ဆုံးအဖြစ် အလွန်အလှမ်းကွာဝေးသွားတတ်၏။ စာစကားနှင့် ပြောလျှင်ကား အ၀ိစီနှင့် နိဗ္ဗာန်ဝေးသွားသကဲ့သို့ပင် ဖြစ်၏။ ဤသည်မှာ အမုန်းကြီးသဖြင့် အရှုံးကြီးသွားခြင်း သဘောပင်ဖြစ်၏။ ထို့ကြောင့် အပြစ်မကြီးရန်နှင့် အရှုံးမကြီးရန်အတွက် မချစ်မမုန်း အကောင်းဆုံးဟု ဆိုခြင်းဖြစ်ပါ၏။

အချုပ်အားဖြင့် တွယ်တာမှု တဏှာကြောင့် ဖြစ်ပေါ်တတ်သည့် ချစ်ခြင်းမုန်းခြင်းသည် သတ္တ၀ါတို့အား ငြိမ်းအေးမှုကို မဖြစ်စေဘဲ ပူလောင်မှုကိုသာ ဖြစ်စေသဖြင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာအပေါ်ကိုမျှ အနှောင်အဖွဲ့မဖြစ်မိကြရန် လိုအပ်လှ၏။ ချစ်သဖြင့် ဒုက္ခဖြစ်ကြရသကဲ့သို့ မုန်းသဖြင့်လည်း ဒုက္ခဖြစ်တတ်၏။ ချစ်သဖြင့် အပြစ်ဖြစ်ကြသကဲ့သို့ မုန်းသဖြင့်လည်း အရှုံးဖြစ်တတ်ကြ၏။ အပြစ်ဖြစ်လျှင် အရှုံးဖြစ်တတ်သည်မှာ ဓမ္မတာဖြစ်၏။ ဤသည်မှာ အချစ်အမုန်းကြောင့် ဖြစ်ပေါ်လာသည့် အပြစ်အရှုံးပင် ဖြစ်၏။ အပြစ်သည် အကုသိုလ်ဖြစ်ပြီး အရှုံးသည် အကုသိုလ်၏ အကျိုးဖြစ်၏။ ထိုသဘော၏ အခြေခံအကြောင်းသည် တွယ်တာမှုတဏှာကြောင့် ဖြစ်၏။ ထို့ကြောင့် တိုတောင်းလှသည့် ဘ၀အခိုက်အတန့်တွင် ပူလောင်မှုကို ဖြစ်ပေါ်စေတတ်သည် တဏှာ၊ ထိုတဏှာကြောင့် ဖြစ်ပေါ်စေသည့် ချစ်ခြင်း၊ မုန်းခြင်းကို သတိဖြင့် ဆင်ခြင်ကာ နေရသည့်အခိုက် အကောင်းဆုံးနေနိုင်စေရန် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာအပေါ်မျှ အနှောင်အဖွဲ မဖြစ်စေဘဲ မချစ်မမုန်းစနစ်ကို ကျင့်သုံးကြခြင်းဖြင့် အကောင်းဆုံး နေနိုင်အောင် ကြိုးစားသင့်ပါကြောင်း…

Read more »

အလှူကို အားရပါရလှူနိုင်ဖို့နဲ့…. တရားတွေကို နတ်တွေကြားအောင် နှုတ်ကရွတ်တာ ဓမ္မအလှူဖြစ် မဖြစ်…

Q. ဘုန်းဘုန်း
၁။ တပည့်တော် လှူရတာ ဝါသနာပါပါတယ်။ အခု ထေရဝါဒသာသနာ မရှိတဲ့နိုင်ငံ ရောက်နေတော့ အဝေးကနေ မြန်မာပြည်ထဲကို လှမ်းပြီး အလှူအတန်း လုပ်ပေမယ့် ကိုယ်တိုင် လက်နဲ့ လုပ်ရသလို အားမရပါဘူး။ ပီတိဖြစ်တာလဲ များသောအားဖြင့် ကိုယ်တိုင် လက်နဲ့လုပ်ရရင် ပိုဖြစ်တယ် ထင်ပါတယ်။ ဒါနကုသိုလ် များများဝဝ လုပ်ရအောင် ဘယ်လိုလုပ်ရမလဲ ဘယ်လိုဓိဌာန်ရမလဲဘုရား။
၂။ တရားတွေကို နတ်တွေ ကြားအောင် နှုတ်က ရွတ်တာ ဓမ္မအလှူပေးရာ ရောက်ပါသလား။ စိတ်ဝင်တစား တရားနာမယ့် နတ်တွေ အနားမှာ ရှိမရှိ မသိရင် ဘယ်လို လုပ်ရပါ့မလဲ။ ကိုယ်ပေးနေတဲ့အလှူကို ယူသူ ရှိမှ ရှိရဲ့လား သိချင်လို့ပါ။
ဝင်းရန်နိုင်


A. ၁။ အလှူဒါနပြုလုပ်တဲ့အခါ အလှူခံပုဂ္ဂိုလ်မရွေးဘဲ လှူတတ်တယ်၊ လှူလိုတယ်ဆိုရင်တော့ ဒကာတော် ရောက်နေတဲ့နေရာမှာလည်း အားရပါရ ကိုယ်ထိလက်ရောက် လှူနိုင်တဲ့ နေရာများ အများကြီးရှိပါတယ်။ ဥပမာ ဒုက္ခိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး နေရာများ စသည်ဖြင့် အများကြီး ရှိပါတယ်။ ထေရ၀ါဒ ရဟန်းသံဃာတော်များကိုမှ လှူချင်တယ်ဆိုရင်တော့ ကိုယ်အာရုံပြုလို့ ရမယ့်ကျောင်းတိုက်များကို သွားရောက်လှူခိုင်းပြီး အဝေးကပဲ အာရုံပြုကာ ပီတိပွားနိုင်အောင် ကြိုးစားနိုင်ပါတယ်။ တစ်ခါတစ်ရံ သိပ်သဒ္ဓါတရားကောင်းပြီး အာရုံပြုမှုကောင်းနေရင်လည်း တစ်ဆင့်လှူဒါန်းခိုင်းပြီး ပီတိဖြစ်အောင် လုပ်လို့ရပါတယ်။ ဘုရားလက်ထက်ကလို ကိုယ်ရှိတဲ့နေရာကို ကြွရောက်အလှူခံစေချင်ရင်တော့ ကိုယ့်ဘက်က အလွန်ပြည့်စုံအောင် ကြိုးစားရပါလိမ့်မ့်မယ်။ ကိုယ်ကျင့်တရားလုံးဝ ကောင်းမွန်အောင်၊ သရဏဂုံကောင်းကောင်းတည်နိုင်အောင်၊ ထက်သန်ပြင်းပြတဲ့ သဒ္ဓါတရားတွေနဲ့ ပြည့်စုံအောင်၊ ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာ အလှူဝတ္ထုများဟာလည်း သမ္မာအာဇီဝကျပြီး သန့်ရှင်းအောင် စတဲ့ အချက်တွေနဲ့ ကြိုးစားပြီး နေ့စဉ်အဓိဋ္ဌာန်ပြုရင်တော့ အလှူခံပုဂ္ဂိုလ်များ တစ်နည်းနည်းနဲ့ ရောက်ရှိလာနိုင်ပါတယ်။

၂။ တရားတွေကို နတ်တွေကြားအောင် နှုတ်ကရွတ်တာ ဓမ္မအလှူပေးရာ ရောက်နိုင်ပါတယ်။ စိတ်ဝင်တစား နာတဲ့နတ်တွေလည်း ရှိနိုင်ပါတယ်။ အနီးကပ်ဆုံးကတော့ ကိုယ့်ခန္ဓာကိုယ်ကို စောင့်တဲ့ကိုယ်စောင့်နတ်များနဲ့ လောကပါလနတ်များ၊ ကောင်းတဲ့နတ်များဟာ ကောင်းမှုကုသိုလ်ပြုတဲ့သူရဲ့ အနားမှာ အမြဲရှိနေပါတယ်။ ကိုယ်ကိုယ်တိုင် မျက်စိနဲ့ မမြင်နိုင်ပေမယ့် အမျှယူသာဓုခေါ်ဖို့ ကိုယ့်အနားမှာ အမြဲရှိပါတယ်။ တစ်ခါတစ်ရံ သိပ်ပြီးသဒ္ဓါတရား အားကောင်းလာရင် မထင်မှတ်တဲ့ တိုက်ဆိုင်မှုများနဲ့ ကောင်းမှုကုသိုလ်ပြုတဲ့ သူကို နတ်များက စောင့်ရှောက်တတ်ပါတယ်။ ဒီတိုက်ဆိုင်မှုများကို ကြည့်ရင် ကိုယ့်အနားမှာ သူတော်ကောင်းတွေ၊ နတ်တွေအမြဲရှိတယ်ဆိုတာ မှန်းဆသိနိုင်ပါတယ်။ ကိုယ်လှူပေးနေတဲ့ အလှူကို ယူသူရှိမရှိ ဆိုတဲ့အချက်အတွက်ကတော့ သံသယဖြစ်စရာ မရှိပါဘူး။ အမြဲရှိနေပါတယ်။ တိုက်ရိုက်မျက်စိနဲ့ မမြင်နိုင်ပေမယ့် ဘ၀သံသရာမှာ ကျင်လည်ခဲ့တုန်းက တစ်ချိန်ချိန်က တော်စပ်ပတ်သက်ခဲ့ဖူးသူတွေဟာ ကိုယ့်ရဲ့အလှူကို အမြဲစောင့်မျှော်နေတယ်ဆိုတာ သေချာပါတယ်။ အကယ်၍ သူတို့မရနိုင်တာတောင်မှ ကိုယ့်အတွက်ကတော့ ဒီအလှူပေးတဲ့ကုသိုလ်က ရပြီးသားဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ်အလှူပေးတာ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုအဖြစ်၊ ပြီးတော့ ကုသိုလ်ကို ကုသိုလ်နဲ့ ဆင့်တဲ့ အလုပ်တစ်ခုအဖြစ် ယုံကြည်စွာ ဆက်လက်လုပ်ဆောင်ပါလို့ တိုက်တွန်းပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ