အာဇီဝဋ္ဌမကသီလနှင့် စပ်လျဉ်း၍…

Q. ဘုန်းဘုန်း ဖိုးသား တစ်ခု သိချင်လာလို့ပါ.. ၁) အာဇီဝဋ္ဌမက သီလနဲ့ ပုံမှန် ရှစ်ပါးသီလနဲ့ ဘယ်ဟာက ပိုမြတ်ပါသလဲ ဘုန်းဘုန်း.. ၂) အာဇီဝဋ္ဌမက သီလမှာ ၀ိကာလ ဘောဇနာမပါ၊ ပုံမှန် ရှစ်ပါးသီလမှာ ကျတော့ ကုန်းတိုက်၊ ကြမ်းတမ်း၊ အနှစ်မရှိတဲ့ စကားတွေ ပြောဆိုတာ ရှောင်ကြဉ်တာ စသဖြင့်မပါ၊ ဒါမှ မဟုတ် မုသာဝါဒ မှာပဲ အဲဒီ ကုန်းတိုက် စကားတွေ ဘာတွေ ရှောင်ကြဉ်တာ ပါသွားသလား ဘုန်းဘုန်း.. ၃) နောက် အာဇီဝဋ္ဌမက သီလနဲ့ ပုံမှန် ရှစ်ပါးသီလကို ရောသမမွှေပြီး စောင့်ထိန်းချင်သူအဖို့ ဘယ်လို လုပ်သင့်ပါသလဲ ဘုန်းဘုန်း၊ ၄) အာဇီဝဋ္ဌမက သီလရဲ့ နောက်ဆုံး အချက် မိစ္ဆာဇီဝါကိုရှောင်တာက အရက်သေစာ သောက်စားတာတွေပါ ရှောင်ကြဉ်တာ ပါတယ်လို့လည်း ပြောကြတယ်..အဲဒါကော ဟုတ်ပါသလား ဘုန်းဘုန်း။ ဖိုးသား သိချင်တာက သီလက သူ့ဟာသူနေရင်း မကျူးလွန်တာထက် ခံယူဆောက်တည်ပြီးမှ မကျူးလွန်တာကမှ သီလမည်တယ်၊ သီလဆောက်တည်တယ်လို့ ဖတ်ဖူးတော့.. ရောသမမွှေသီလကျတော့ ဘယ်လို ဆောက်တည်ရမလဲ ဘုန်းဘုန်း.. ဘုန်းဘုန်း အားရင်၊ အဆင်ပြေရင် ဖြေကြားပေးပါဦး.. ဖိုးသားကို
ဖိုးသားကြောင့် ဘုန်းဘုန်း အလုပ်အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ် ဘုန်းဘုန်း။ ဖိုးသား သိချင်လာလို့ပါ။
ဘုန်းဘုန်းကျန်းမာပါစေ
ရိုသေစွာဦးတင်လျက်
ဖိုးသား
စိန့်ပီတာစဘတ်၊ ရုရှား


A. မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ အာဇီဝဋ္ဌမက သီလအဖွင့်ကို ကိုးကားပြီး ပြောရရင် “အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းဥစ္စာ ရှာဖွေရသော အလုပ်အကိုင် အရောင်းအ၀ယ် ဟူသမျှကို ပါဠိလို အာဇီဝလို့ ခေါ်ပါတယ်။ မတရားသော ပစ္စည်းဥစ္စာရှာဖွေမှုကို မိစ္ဆာဇီဝလို့ ခေါ်ပါတယ်။ ရှစ်ပါးမြောက်ကို ပါဠိလို အဋ္ဌမလို့ ခေါ်ပါတယ်။ ပါဏာတိပါတာ ဝေရမဏိမှ စပြီးရေတွက်ပါက မိစ္ဆာဇီဝါ ဝေရမဏိသည် ၈ပါးမြောက်သိက္ခာပုဒ် ဖြစ်သဖြင့် မိစ္ဆဇီဝမှ ရှောင်ကြည်မှုလျှင် ရှစ်ပါးမြောက်ရှိသော သီလကို အာဇီဝဋ္ဌမကသီလလို့ ခေါ်ပါတယ်။
၁) အာဇီဝဋ္ဌမကသီလ ဆောက်တည်ပုံကို ပါဠိတော်နဲ့ အဋ္ဌကထာများမှာ တိုက်ရိုက်မပြကြပါ။ ငါးပါးသီလစသည် ဆောက်တည်ပုံကို နည်းယူ၍ ရှေးပညာရှိကြီးများက ဖော်ပြခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရှစ်ပါးသီလနဲ့ ဒီအာဇီဝဋ္ဌမက သီလဘယ်ဟာက ပိုမြတ်သလဲ ဆိုတာထက် ရှစ်ပါးသီလဟာ ဥပုသ်နေ့များမှာ အထူးဆောက်တည်ရတဲ့ သီလမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဥပေါသထသီလလို့ ဆိုခြင်းပါ။ ဒီအာဇီဝဋ္ဌမက သီလကတော့ ငါးပါးသီလလိုမျိုး ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ ကျူးလွန်ရင် အပြစ်ရှိတဲ့ သီလမျိုးဖြစ်ပါတယ်။ ငါးပါးသီလဟာ သူတော်ကောင်းများ အမြဲစောင့်ထိန်းရမယ့် ကိုယ်ကျင့်သီလဖြစ်သလို အာဇီဝဋ္ဌမကသီလဟာလည်း အထက်တန်းသူတော်စင်တို့ အမြဲထိန်းရမယ့် ကိုယ်ကျင့်သီလဖြစ်ပါတယ်။ ဒါကြောင့် ဒီအာဇီဝဋ္ဌမကသီလကို ကျန်းဂန်များမှာ အာဒိဗြဟ္မစရိယသီလ (မဂ္ဂဗြဟ္မစရိယ၏ အစဖြစ်သောသီလ) လို့လည်း ခေါ်ပါတယ်။ အာဇီဝဋ္ဌမကသီလ လုံခြုံမှ မဂ်ဖိုလ်ရနိုင်ပြီး မလုံရင် မဂ်ဖိုလ်မနိုင်ဟု ဆိုပါတယ်။ ဒါကြောင့် ဒီအာဇီဝဋ္ဌမကသီလသည် မဂ်ဟူသော မြတ်သောအကျင့်၏ အစအခြေခံ သီလဖြစ်သည်ဟု မှတ်သားနိုင်ပါတယ်။

၂) အာဇီဝဋ္ဌမကသီလမှာ ၀ိကာလဘောဇနမပါတာဟာ ၀ိကာလာဘောဇနထက် ပိုပြီးအရေးကြီးတဲ့ အကုသိုလ်အပြစ်ကြီးတဲ့ သီလတွေကို အဓိကဦးစားပေး စောင့်ထိန်းစေလို၍ ဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။ ရှစ်ပါးသီလမှာ ကုန်းတိုက်ချောပစ် အတင်းအဖျင်းများမှ ရှောင်ကြည်မှုဆိုတဲ့ သိက္ခာပုဒ်အမည်များသာ တိုက်ရိုက်မပါခြင်းဖြစ်ပါတယ်။ သီလဆောက်တည်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကာယကံ ၀စီကံ အကုသိုလ်တွေ မဖြစ်အောင် ထိန်းပေးခြင်းဖြစ်တဲ့အတွက် မပါသော်လည်း ၀စီကံအပြစ် မဖြစ်အောင်ထိန်းရပါတယ်။ ရှစ်ပါးသီလလို့ ခေါ်တဲ့ ဥပုသ်သီလဟာ သာမန်ပုဂ္ဂိုလ်များ ဥပုသ်နေ့များမှာ အထူးစောင့်စေလိုတဲ့အတွက် သတ်မှတ်ထားချက်ဖြစ်ပြီး အာဇီဝဋ္ဌမက သီလကတော့ အဆင့်မြင့်သူတော်စင်များ အမြဲစောင့်ထိန်းရမယ့် သီလသတ်မှတ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် ဥပုသ်သီလမှာ အာဇီဝဋ္ဌမကသီလမှာပါတဲ့ စောင့်ထိန်းရခက်တဲ့ သီလများမပါဘဲ အာဇီဝဋ္ဌမက သီလမှာတော့ အသေးအဖွဲဖြစ်တဲ့ ၀ိကာလစတဲ့ သီလများ မပါခြင်းဖြစ်ပါတယ်။ ဘယ်မှာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အဓိကကတော့ သီလစောင့်ထိန်းမှုဟာ ကာယက၀စီကံ အမှုတွေမကျူးလွန်မိအောင် ထိန်းပေးခြင်းဖြစ်တဲ့အတွက် ကာယကံ ၀စီကံအမှုများကိုသာ ကောင်းအောင်ကျိုးစားနေရင် ဒီသီလအမျိုးမျိုးကို ထိန်းပြီးသားဖြစ်နေမှာပါ။

၃) အာဇီဝဋ္ဌမကသီလနဲ့ ရှစ်ပါးသီလကို ရောသမမွေပြီး စောင့်ထိန်းလိုပါက နှစ်ခုလုံးမှာပါတဲ့ သီလတွေကို မလွတ်အောင် စောင့်ထိန်းလိုက်ရုံပါပဲ။ သိပ်ရှုပ်နေမယ်ထင်ရင်တော့ မိမိရဲ့ ကာယကံဝစီကံနဲ့ ပတ်သက်တဲ့ အပြစ်တွေမဖြစ်အောင်သာ လုံခြုံအောင်ထိန်းလိုက်ပါ။ ဒါဆိုရင် ဒီသီလနှစ်မျိုးကို တစ်မျိုးစီ ဆောက်တည်နေတယ်လို့လည်း ပြောလို့ရသွားသလို ဒကာလေးပြောသလို ရောသမမွှေပြီး စောင့်တယ်လို့လည်း ပြောလို့ရသွားပါပြီ။

၎) အထက်မှာ ပြောခဲ့သလိုပဲ မိစ္ဆာဇီဝဆိုတာ မကောင်းသဖြင့် အသက်မွေးတာ၊ မတရားသဖြင့် အသက်မွေးတာလို့ ဆိုတဲ့အတွက် မိစ္ဆာဇီဝမှ ရှောင်ကြည်တာဟာ မကောင်းတဲ့ မတရားတဲ့ အသက်မွေးမှုမှ ရှောင်ကြည်တာပါ။ အရက်သေစာ သောက်စားမှုမှ ရှောင်ကြည်တာလို့ တိုက်ရိုက်မပြောသော်လည်း မိစ္ဆာဇီဝမှ ရှောင်ကြည်မှုမှာ အရက်သေစာသောက်စားမှုမှ ရှောင်ကြည်မှုကိုလည်း ထည့်သွင်းယူနိုင်ပါတယ်။ အရက်သောက်ပြီဆိုကတည်းက ကောင်းတဲ့အသက်မွေးမှုလို့ ပြောလို့မရနိုင်ပါဘူး။ မကောင်းသဖြင့် အသက်မွေးမှုလို့ ပြောလို့ရပါတယ်။ ဒါကြောင့် အရက်သေစာသောက်စားမှုကိုလည်း မိစ္ဆာဇီဝထဲမှာ ထည့်သွင်းယူနိုင်ပါတယ်။

မှန်ပါတယ်။ သီလဟာ ခံယူဆောက်တည်ပြီး စောင့်ရတဲ့သီလရှိသလို ခံယူသည်ဖြစ်စေ မယူသည်ဖြစ်စေ စောင့်ရမယ့် သီလမျိုးလည်း ရှိပါတယ်။ ခုနပြောခဲ့သလို ငါးပါးသီလနဲ့ အာဇီဝဋ္ဌမကသီလတွေကတော့ ခံယူသည်ဖြစ်စေ မယူသည်ဖြစ်စေ စောင့်ရမှာဖြစ်ပြီး ဥပုသ်သီလမျိုးကတော့ သီးသန့်ခံယူပြီး စောင့်ထိန်းရမှာဖြစ်ပါတယ်။ ရောသမမွေသီလကို ခံယူဆောက်တည်လိုရင်တော့ ကိုယ်ခံယူလိုတဲ့ သီလအရေအတွက်ကို လိုက်ပြီး ငါးပါးသီလ ခံယူပုံအတိုင်း “အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ (ရှစ်ပါးဆိုရင် အဋ္ဌင်္ဂသမ္ပန္နာဂတသီလံ၊ ကိုးပါးဆိုရင် န၀င်္ဂသမ္ပန္နာဂတသီလံ စသည်) ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ စသဖြင့် ခံယူဆောက်တည်နိုင်ပါတယ်။ ပြီးတော့မှ စောင့်လိုတဲ့ သီလသိက္ခာပုဒ်များကို ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဓိယာမိ စသည်ဖြင့် ဆောက်တည်နိုင်ပါတယ်။

အင်း… ဒကာလေး မေးလို့သာ အားလုံးကို ပြည့်စုံအောင် ဖြေပေးလိုက်ရတာပါ။ ရောသမမွေဆိုတဲ့ စကားလုံး အသုံးကိုတော့ သဘောမကျပါဘူး။ သီလဆောက်တည်မှုကို ကိုယ်လုပ်ချင်သလို ဟိုရွေ့ဒီရွေ့ ဟိုပြောင်းဒီပြောင်း ဟိုပေါင်းဒီပေါင်း လုပ်တာမျိုးမဖြစ်ပါစေနဲ့။ သိပ်ရှုပ်နေတယ်ထင်ရင် ခုနပြောသလို ကိုယ့်ရဲ့ ကာယကံ၊ ၀စီကံတွေကိုသာ အကောင်းဆုံးဖြစ်အောင် လုံခြုံအောင်စောင့်ထိန်းဖို့ ကြိုးစားကြည့်ပါ။

Read more »

ဝါဆိုအကြောင်း သိကောင်းစရာ..

ဝါဆိုလကို ရောက်လာပြီဖြစ်တဲ့ အတွက် သာသနာ့ဝန်ထမ်း ရဟန်းတော်များရဲ့ ၀ါဆိုဝါကပ်ရမည့် အချိန်ဟာလည်း တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက်လည်း ၀ါတွင်းကာလတွင် အစဉ်အလာလုပ်နေကျ ဘာသာရေးအလုပ်များကို ပြုလုပ်နိုင်ရန် အားခဲထားကြပြီး ၀ါတွင်းကာလတွင် မလုပ်သင့်ဟု ယူဆကာ ရှောင်ကြဉ်ရမည့် အလုပ်များကို ၀ါတွင်းမရောက်ခင် ခုကတည်း ကြိုတင်လုပ်ဆောင် နေကြတာတွေလည်း ရှိကြပါတယ်။ ဆရာရော ဒကာများအတွက်ပါ ၀ါတွင်းကာလသည် အရေးကြီးသည်ဟု စိတ်မှာနှလုံးသွင်းထား ကြပါတယ်။ သို့ဆိုလျှင် ဘာကြောင့် အရေးကြီးတာလဲ…။ ဒီကာလကို ဘာကြောင့် ၀ါတွင်းကာလဟု ဆိုတာလဲ…၊ ၀ါဆိုဝါကပ်တယ်ဆိုတာ ဘာကိုဆိုတာလဲ… စတဲ့ ၀ါဆိုဝါကပ်ခြင်းအပါအ၀င် ၀ါဆိုနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးများကို သိထားရန် လိုအပ်လာပြန်ပါတယ်။ ဒါကြောင့် အစဉ်အလာအရ ပြောဆိုလုပ်ကိုင် နေကြပေမယ့် ဘာကြောင့်ဒီလို ပြောဆိုလုပ်ကိုင်ရတယ်ဆိုတာ မသိကြသေးတဲ့ သူများအတွက် ၀ါဆိုအကြောင်း သိကောင်းစရာလေးများကို အနည်းငယ်မျှ သိရှိနားလည်သွားစေဖို့ ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

ဝါဆိုဝါကပ်ခြင်းဟူသည်…
ဝါဆိုဝါကပ်တယ်ဆိုတာ “၀ိနည်းတော်အရ သတ်မှတ်ထားတဲ့ မိုးရာသီကာလတွင် အခြားအရပ်ဒေသသို့ ညအိပ်ညနေ ကြွရောက်ခြင်းမရှိဘဲ မိမိတိုင်ဆိုင်ရာ ကျောင်းအရမ်အတွင်းမှာသာ နေထိုင်သီတင်းသုံးပါမည့် အကြောင်း ဘုရားရှင်နှင့် သီတင်းသုံး သံဃာတော်များရှေ့တွင် နှုတ်မှမြွက်ဆို ကတိပြုခြင်းနှင့် ထိုကတိပြုမြွက်ဆိုထားသည့် ကာလအတွင်း ကျောင်းတိုက်အရာမ်တွင်းမှာသာ ကပ်ရောက်နေထိုင်ခြင်း” ကို ဆိုပါတယ်။

ဝါဆိုခြင်းအစဉ်အလာ စတင်ခြင်း
ဒီဝါဆိုဝါကပ်ခြင်း အစဉ်အလာသတ်မှတ်ချက် ၀ိနည်းဥပဒေဟာ ဘုရားရှင်ဘုရားဖြစ်တော်မူမူချင်း သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေမဟုတ်ပါဘူး နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ ၀ိနည်းပညတ်တော်ဖြစ်ပါတယ်။ ဒီဥပဒေသတ်မှတ်ချက် ဖြစ်ပေါ်လာပုံမှာ ဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေစဉ်က ဖြစ်ပါတယ်။ ဒီတုန်းက မြတ်စွာဘုရားအနေဖြင့် ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ်ဆိုတဲ့ ၀ိနည်းဥပဒေ မရှိသေးတဲ့အတွက် ရဟန်းတော်များဟာ နွေးမိုးဆောင်း ဥတုသုံးပါးလုံးမှာ အချိန်မရွေး မိမိတို့သင့်ရာ နေရာများကို လှည့်လည်ကြွရောက်လေ့ ရှိကြပါတယ်။ အဲလိုကြွတဲ့အခါ မိုးတွင်းကာလမှာတော့ စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းများဟာ ရဟန်းတော်များ ဖြတ်လျှောက်သွားကြလို့ ပျက်ဆီးမှုတွေ ရှိလာပါတယ်။ ဘုရားလက်ထက်ကတော့ ဘယ်ကြွကြွ ခြေလျင်ပဲ ကြွကြရတာဖြစ်လို့ လယ်ကွင်းစိုက်ခင်းများကပဲ ရဟန်းတော်များ ဖြတ်သန်းသွားလာကြရပါတယ်။ နွေရာသီ ဆောင်းရာသီများမှာ ပြဿနာမရှိပေမယ့် မိုးရာသီမှာတော့ စိုက်ပျိုးမှုများ ရှိလာပြီး ရဟန်းများကြောင့် သီးနှံစပါးစိုက်ခင်းများ ပျက်ဆီးလာတဲ့အတွက် လူတွေဟာ ကဲ့ရဲ့လာကြပါတယ်။ ဒီအကြောင်းကို ဘုရားရှင်က သိရှိတော်မူပြီး မိုးရာသီကာလတွင် ၀ါဆိုဝါကပ်ခြင်းကို ပြုကြရမယ်၊ ၀ါမဆိုမကပ်ပါက ဒုက္ကဋ်အာပတ်သင့်စေဟု ၀ိနည်းဥပဒေ ပညတ်ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ၀ါဆိုဝါကပ်ခြင်း အစဉ်အလာ ဥပဒေစတင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဝါဆိုကာလ သတ်မှတ်ခြင်းနှင့် ၀ါနှစ်မျိုး
ဝါဆိုရမယ်လို့ ဥပဒေ၀ိနည်းပညတ်ပြီးနောက် ဘုရားရှင်က ၀ါဆိုရမယ့် ကာလကိုလည်း အတိအကျ သတ်မှတ်ပေးပါတယ်။ ၀ါဆိုဝါကပ်ခြင်းကို ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ပြုလုပ်နိုင်ပြီး အဲဒီလို ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်းကို ပုရိမ(ရှေ့)၀ါဆိုခြင်းလို့ ဆိုပါတယ်။ အကြောင်းကိစ္စတစ်ခုခုကြောင့် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်း မလုပ်နိုင်ကြတဲ့ ရဟန်းတော်များ အနေဖြင့် ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်း ပြုလုပ်နိုင်ပါတယ်။ ဒီဝါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်းကိုတော့ ပစ္ဆိမ(နောက်)၀ါဆိုခြင်းလို့ ဆိုပါတယ်။

ပုရိမ၀ါလို့ခေါ်တဲ့ ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်တဲ့ ရဟန်းတော်များဟာ သီတင်းကျွတ်လပြည့်နေ့မှာ ၀ါထွက်ဝါကျွတ်ပြီး ပစ္ဆိမ၀ါလို့ခေါ်တဲ့ ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်တဲ့ ရဟန်းတော်များကတော့ တန်ဆောင်မုန်းလပြည့်နေ့မှ ၀ါထွက်ဝါကျွတ်ပါတယ်။

ဝါပန်ခြင်းနှင့် ၀ါကျိုးခြင်း
ဝါဆိုဝါကပ်ထားတဲ့ ရဟန်းတော်များဟာ ၀ါတွင်းကာလမှာ တစ်ခြားနေရာအရပ်ဒေသသို့ ညအိပ်ညနေ ကြွသွားလို့ မရပါဘူး။ နေ့လည်နေ့ခင်း နောက်နေ့ အာရုဏ်မတက်မီ ကျောင်းကိုပြန်ရောက်နိုင်ရင်တော့ ကြွလို့ရပါတယ်။ ဒါပေမယ့် အကြောင်းကိစ္စရှိလို့ မဖြစ်မနေ ကြွရောက်ရမယ့် ကိစ္စပေါ်ပေါက်လာပါက ၀ါပန်ပြီး ခုနှစ်ရက် ကြွလို့ရပါတယ်။ ခုနှစ်ရက်ထက်ပိုပြီး ကြွလို့မရပါဘူး။ ကျော်လွန်ပါက အာပတ်သင့်ပါတယ်။ ၀ါပန်တယ်ဆိုတာ ခုနှစ်ရက်အတွင်း မိမိဝါဆိုဝါကပ်ပြုထားသည့် ကျောင်းကိုပြန်လည်ကြွရောက် ပါမည့်အကြောင်း အဓိဋ္ဌာန်ပြုခြင်းကို ၀ါပန်တယ်လို့ ဆိုပါတယ်။ ၀ါဆိုဝါကပ်ပြုပြီး ၀ါမပန်ဘဲ ကြွသွားခဲ့မိသော် သို့မဟုတ် ခုနှစ်ရက်ထက် ကျော်လွန်သွားခဲ့သော် ၀ါကျိုးပါတယ်။

ဝါကျိုးခြင်းနှင့် ၀ါအရေအတွက် မရခြင်း
ဝါကျိုးတယ်ဆိုတာ ၀ိနည်းဥပဒေ မလိုက်နာမိ၍ ဥပဒေ ကျိုးပျက်သွားခြင်းဖြစ်ပြီး ဒုက္ကဋ်အာပတ်သင့်ခြင်းကို ဆိုပါတယ်။ တစ်ချို့က ၀ါကျိုးရင်ကိုပဲ ၀ါမရဘူး ဒီကျိုးတဲ့ ၀ါကို ၀ါအရေအတွက်ထဲ ထည့်ရေလို့မရဘူးလို့ ထင်တတ်ပါတယ်။ ရေတွက်လို့ရပါတယ်။ ၀ါကျိုးပျက်လို့ အာပတ်သင့်ခြင်း၊ ကထိန်ခံခွင့် မရခြင်းပဲ ရှိပါတယ်။ ၀ါအရေအတွက်လျော့ခြင်း မရှိပါဘူး။ ဒါပေမယ့် ၀ါကျိုးပျက်တိုင်းလည်း အာပတ်မသင့်ပါဘူး။ အန္တရာယ်တစ်စုံတစ်ခု ကျရောက်ဖြစ်ပေါ်ခြင်း သံဃာကွဲခြင်းကြောင့် ၀ါဆိုဝါကပ်ပျက်ခြင်း ၀ါကျိုးခြင်း ဖြစ်တဲ့အခါ ဒီဝါပျက်ဝါကျိုးခြင်းကြောင့် အာပတ်မသင့်ပါဘူး။

ဝါဆိုသင်္ကန်း

ဝါဆိုသင်္ကန်းဆိုပြီး ကပ်လှူလေ့ရှိတဲ့ သင်္ကန်းကို စာပေကတော့ ၀ဿဝါသိကစီဝရလို့ ခေါ်ပါတယ်။ တိုက်ရိုက်မြန်မာပြန်ရင် မိုးရေခံသင်္ကန်းလို့ အဓိပ္ပါယ်ရပါတယ်။ ၀ိသာခါ ဒါယိကမကြီးရဲ့ တောင်းဆိုချက်ကြောင့် မြတ်စွာဘုရားရှင်က ဒီသင်္ကန်းလှူဒါန်းမှုကို ခွင့်ပြုတော်မူပါတယ်။ ဒီသင်္ကန်းလှူဒါန်းမှုမှာ တစ်ချို့က ၀ါမဆိုခင်ပဲ လှူဒါန်းလို့ ရတယ်လို့ ထင်ကြပါတယ်။ အဲလိုမဟုတ်ပါဘူး။ ၀ါမဆိုခင်ရော ၀ါဆိုနေတဲ့ ၀ါတွင်းအချိန်မှာရော ကြိုက်သလောက် ကြိုက်သလို လှူဒါန်းနိုင်ပါတယ်။ ကထိန်သင်္ကန်းနဲ့ မတူတဲ့အချက်က ကထိန်သင်္ကန်းကတော့ ကာလသတ်မှတ်ချက် ကျောင်းသတ်မှတ်ချက်စတာတွေ ရှိပါတယ်။ ၀ါဆိုသင်္ကန်းကတော့ အဲလိုသတ်မှတ်ချက်မရှိဘဲ ၀ါမဆိုခင်ရော ၀ါတွင်းမှာရော ကြိုက်သလို လှူနိုင်တဲ့အချက်ပါ။ များသောအားဖြင့် ၀ါမဆိုခင်မှာ လှူကြတာများပါတယ်။ အဲဒါမှ ၀ါတွင်းမှာ ဒီသင်္ကန်းကို ၀တ်ရုံပြီး မိုးစိုတဲ့သင်္ကန်းကို အလဲအလှယ် လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကအာရုံပြုပြီး အချိန်မရွေး လှူဒါန်းနိုင်ပါတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

Read more »

မျှစ်တစ်ချောင်းနဲ့ အပြစ်တစ်ကြောင်း…

လွန်ခဲ့တဲ့ တစ်လကျော်လောက်က ဖြစ်ပါလိမ့်မယ်။ ကျောင်းမှာ ဘုန်းကြီးဝေယျာဝစ္စ လုပ်ပေးမယ့်သူ မရှိဘူးဆိုလို့ ဝေယျာဝစ္စလုပ်ဖို့ ဒကာလေးတစ်ယောက် ကျောင်းကိုရောက်လာပါတယ်။ ကျောင်းရောက်တော့ ဘုရားနဲ့ ဘုန်းကြီးကို ရှိခိုးဦးချပြီး နောက်နေ့အတွက် ဘုန်းကြီးကပ်ရမယ့် ဆွမ်းဆွမ်းဟင်းများ ရှိမရှိ၊ ဘာတွေလိုမလို လိုက်ကြည့်ရင်း အလှည့်ကျလာပို့ထားတဲ့ ဆွမ်းဟင်းတွေထဲက မျှစ်သုပ်ခွက်ကိုကြည့်ပြီး သူ့စိတ်ထဲမှာ တစ်ခုခုဖြစ်သွားပါတယ်။ သူ့စတိုင်လ်လေးကလည်း စိတ်ထဲမှာ တစ်ခုခုမရှင်းတာရှိရင်၊ ဒါမှမဟုတ် ဘ၀င်မကျတာရှိရင် တိုက်ရိုက်ပြောဆို မေးမြန်းတတ်တဲ့ စတိုင်လ်လေးဆိုတော့ ဟိုကြည့်ဒီကြည့်လုပ်ရင်း စာဖတ်နေတဲ့ ဘုန်းဘုန်းအနားကို ရောက်လာပြီး မေးပါတော့တယ်။ “အရှင်ဘုရား… သူများလာပို့ထားတဲ့ ဆွမ်းဟင်းကိုကြည့်ပြီး အထူးသဖြင့် အချောင်းလိုက်သုပ်ထားတဲ့ မျှစ်သုပ်ကိုကြည့်ပြီး တပည့်တော်စိတ်ထဲမှာ ဒီလူတွေ ဒီလောက်မှ မသိကြဘူးလား…၊ ဘုန်းကြီးဆွမ်းဟင်းကို ဒီလိုပဲ ဖြစ်သလို လုပ်ပေးရလား… စတဲ့ အတွေးတွေဖြစ်မိပါတယ်။ အဲဒါ တပည့်တော် အပြစ်ဖြစ်ပါသလားဘုရား“ ဆိုပြီး မေးလျှောက်ပါတယ်။

“အင်း… ဖြစ်တယ်“လို့ပဲ ဘုန်းဘုန်းအဖြေပေးလိုက်ပါတယ်။ ပြီးတော့မှ “ဒကာလေး စိတ်စေတနာကို ဘုန်းဘုန်းနားလည်ပါတယ်၊ ဒကာလေးရဲ့ စေတနာကတော့ ဘုန်းဘုန်းကို အကောင်းဆုံးဖြစ်အောင် သေချာကျကျနန သပ်သပ်ရပ်ရပ် ပြင်ဆင်ချက်ပြုတ် ကပ်လှူစေချင်တဲ့ သဘောနဲ့ ဒီလိုတစ်ဘက်သူအပေါ် အပြစ်တင်တဲ့ အတွေးဖြစ်တာနေမှာပါ၊ ဒါပေမယ့် တစ်ဘက်ကို ပြန်တွေးကြည့်ရင် သူတို့ဟာ အလုပ်မအားတဲ့ကြားက အလုပ်ပြီးတာနဲ့ မနားတမ်းချက်ပြုတ်ပြီး ကျောင်းကိုလာပို့ ပေးရတဲ့အခြေအနေပါ၊ အလုပ်ကထွက် အေးအေးဆေးဆေး အနားယူရမယ့် အချိန်မှာ မနားဘဲ ဘုန်းဘုန်းဆွမ်းအတွက် အဆင်ပြေပါစေဆိုတဲ့စိတ်နဲ့ ကြိုးကြိုးစားစား အပတ်စဉ်ချက်ပြုတ် လာပို့နေတာပါ၊ သာမန်စိတ်နဲ့ဆိုရင် အမြဲဒီလို လုပ်နိုင်ဖို့ မလွယ်ပါဘူး၊ နောက်တစ်ချက်က သူတို့လာပို့တဲ့ ဟင်းလေးတွေမှာ ဒကာမများ ချက်ပြုတ်လှူဒါန်းသလိုမျိုး သပ်ရပ်သေသပ်မှု အရသာရှိမှု ရှိချင်မှရှိမယ် သူတို့အတွက် ချက်ထားတာတွေ သူတို့စားတာတွေထက်တော့ ပိုပြီးကောင်းအောင် ပိုပြီးပြည့်စုံအောင် လုပ်ပြီးလာပို့တာဆိုတာကတော့ လုံးဝကို သေချာပါတယ်၊ တကယ်တော့ ဒီကလေးတွေဟာ နိုင်ငံခြားတိုင်းပြည်မှာ ရောက်နေလို့ မဖြစ်မနေ ချက်ပြုတ်စားသောက်ရမယ့် အနေအထားမို့ စမ်းသပ်ချက်ပြုတ်ရင်း ဟင်းတစ်ခွက်ဖြစ်အောင် လုပ်တတ်တဲ့သူတွေပါ၊ အိမ်မှာဆိုသူတို့ဟာ ဘဲဥတောင် မပြုတတ်တဲ့သူတွေပါ၊ ဒီလို ကလေးတွေက ချက်ပြုတ်လှူဒါန်းတဲ့ဟင်း ဒီလောက်ကောင်းနေတာတောင် တော်လှပြီ၊ ဘုန်းဘုန်းကတော့ မအားတဲ့ကြားက ချက်ပြုတ်လာပို့တဲ့ သူတို့စေတနာလေးကို စဉ်းစားရင်းနဲ့တောင် သူတို့ရဲ့ဟင်းလေးတွေက အရသာရှိနေပါပြီ၊ တကယ်စားရမယ့် ဘုန်းဘုန်းကိုယ်တိုင်တောင် ဘာမှမပြော အပြစ်မတင်ပဲနဲ ဘေးကနေကြည့်တဲ့ ဒကာလေးအနေနဲ့ အပြစ်တင်မစောဖို့ သူတပါးရဲ့ လုပ်ရပ်လေးတွေကိုကြည့်ပြီး အကုသိုလ်မဖြစ်ဖို့ သူတို့လေးတွေရဲ့ နေရာကကြည့်ပြီး တွေးတတ်ဖို့ မြင်တဲ့ကြည့်တဲ့အခါမှာ အကုသိုလ်ဖြစ်စေမယ့် မကောင်းတဲ့အမြင်အကြည့်တွေ မဖြစ်စေဘဲ ကုသိုလ်ဖြစ်စေမယ့် ကောင်းတဲ့အမြင်အကြည့်လေးတွေနဲ့ ကြည့်တတ်အောင် ကြိုးစားဖို့လိုပါတယ်“ ဆိုပြီး သူ့စိတ်ထဲမှာ ဖြစ်နေတဲ့ အပြစ်တင်အတွေးလေးကို ပျောက်သွားအောင်၊ နောင်ဒီလိုမျိုး အကုသိုလ်အပြစ် ဖြစ်စေမယ့် အတွေးမျိုး မဖြစ်အောင် သေသေချာချာ ရှင်းလင်းပြောပြပေးလိုက်ပါတယ်။ ဒီတော့မှ ဒကာလေးဟာ ကောင်းကောင်းနားလည်သွားပြီး သူ့ရဲ့ ဒီအဖြစ်လေးကို စွဲစွဲမြဲမြဲ သဘောပေါက်သွားကာ နောက်ပိုင်းမှာ ဒီလိုမဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ခံယူချက်ပါရသွားပါတော့တယ်။ နောက်နေ့ အချောင်းလိုက်သုပ်ထားတဲ့ မျှစ်သုပ်ကို ဘုန်းကြီးကပ်ပြီး ကျန်တာအဲဒီဒကာလေး စားမိတော့ စားလို့အတော်ကောင်းကြောင်း ညကအပြစ်တင်စောမိတဲ့ သူ့ရဲ့စိတ်အတွေးအတွက် သင်္ခန်းစာရမိကြောင်း ထပ်လျှောက်ပါတယ်။

ဟုတ်ပါတယ်။ အကုသိုလ်အပြစ်ဆိုတာ အလွန်ဖြစ်ဖို့လွယ်ပါတယ်။ ဟိုတုန်းက ဘုန်းဘုန်းရေးခဲ့ဖူးသလိုပဲ အကုသိုလ်တွေဟာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တွေကို အမှီပြုပြီးတော့ အချိန်မရွေး ဖြစ်နေတတ်တာပါ။ ကိုယ်က ဒီအာရုံတွေကို သတိလေးနဲ့ ထိန်းနေနိုင်မှ အပြစ်အဖြစ် သက်သာတာပါ။ ဒီ ဒကာလေးရဲ့ အဖြစ်ကိုကြည့်ရင် မျှစ်သုပ်ကိုကြည့်ပြီး သူ့စိတ်ထဲမှာကို အမျိုးမျိုး အတွေးတွေ၊ အပြစ်တွေ ဖြစ်ခဲ့တာပါ။ ဆွမ်းဟင်းလာပို့ပြီး ပြန်သွားတဲ့ ဒကာလေးများကတော့ သူတို့ချက်ပြုတ် ထားတာလေးကို ကျောင်းသွားပို့လှူဒါန်းလိုက်တဲ့ စိတ်စေတနာလေးနဲ့ ပြန်သွားခဲ့ပြီးပါပြီ။ ကုသိုလ်စိတ်လေးတွေနဲ့ ကိုယ့်နေရာလေးမှာ အေးအေးဆေးဆေး နေနေပါပြီ။ အဲလို မဖြစ်တာက ကျောင်းမှာကျန်ခဲ့တဲ့ ဒကာလေးပါ။ အလကားနေရင်း သူများအလှူကို အမှီပြုပြီး အကုသိုလ်လေးတွေ ရလိုက်တာပါ။ ဒီအကုသိုလ်စိတ်ဖြစ်တဲ့ အတွက် အရင်ဆုံးရလိုက်တာ၊ ခံစားလိုက်ရတာက သူကိုယ်တိုင်ပါ။ ဒါပေမယ့် ဒီဒကာလေးရဲ့ ကောင်းတဲ့စိတ်လေးက သူစိတ်ထဲမှာ ဖြစ်တာကို ချက်ချင်းပြန်လျှောက်ပြီး မှားမှန်းသိတဲ့အတွေးကို အမှန်ရောက်အောင်၊ အကုသိုလ်ကနေ ကုသိုလ်ဖြစ်အောင် လုပ်နိုင်လိုက်တာပါ။ ဒါတွင်မကသေးပါဘူး။ သူဖြစ်သလို သူများတွေလည်း အပြစ်တင်မစောရအောင် ဒီအကြောင်းလေးကို ပြန်ပြီးတင်ပြပေးဖို့ လျှောက်ထားလာတဲ့ သူရဲ့စေတနာကတော့ အမတန်ချီးကျူးစရာပါ။ အပြစ်ကိုထောက်ပြ ပြောဆိုတာကို မကြိုက်တဲ့ လောကကြီးမှာ အပြစ်ကိုပြောပြစေပြီး သူများတွေကို အတုယူစေတာဟာ သိပ်ကောင်းတဲ့လုပ်ရပ်လေးပါ။

ဒီနေရာမှာ ဘုန်းဘုန်းတို့ ပရိတ်သတ်များ လေ့ကျင့်သင့်တာလေးက အပြစ်တင်မစောအောင် လေ့ကျင့်ကြဖို့ပါ။ သိတဲ့အတိုင်းပါပဲ။ လူတွေဟာ ကိုယ့်ကိုယ်ကိုသာ မမြင်တတ်ကြတာ။ သူများအပြစ်ကတော့ သိပ်မြင်တတ်ကြပါတယ်။ အပြစ်တင်တတ်တဲ့ အကျင့်ကလည်း မြန်သလားမမေးနဲ့။ ဘာမှမစဉ်းစား၊ မဆင်ခြင်၊ မစူးစမ်းတော့ဘဲ ကိုယ့်အတွေး ကိုယ့်အမြင် ကိုယ်လိုချင်တာနဲ့ အန်ဝင်ခွင်ကျ မဖြစ်တာနဲ့ ချက်ခြင်းကို အပြစ်ပြောဖြစ်ကြပါတယ်။ အပြစ်တင်စောတတ်ကြပါတယ်။ အပြစ်တင်တတ်တဲ့ ဒီအကျင့်ကတော့ ကိုယ့်အတွက်ရော အများအတွက်ပါ မကောင်းသလို အခုဘ၀ရော နောင်ဘ၀အတွက်ပါ မကောင်းပါဘူး။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အကြောင်းအရာတစ်ခုကို သေချာစဉ်းစား စုံစမ်းခြင်းမရှိဘဲ အပြစ်တင်မစောကြဖို့ အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

တကယ်တော့ အပြစ်တင်တတ်တဲ့ အကျင့်ရှိတာ လူတစ်ယောက်အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ အပြစ်တင်တတ်တယ်ဆိုကတည်းက အပြစ်ကြည့်တတ်လို့ အပြစ်တင်တတ်တာပါ။ အပြစ်ကြည့်တတ်ပြီဆိုရင်တော့ ကုသိုလ်စိတ်နဲ့ ကြည့်တာမဟုတ်ဘူး ဆိုတာသေချာပါတယ်။ ဒါဆိုရင် အကုသိုလ်ပဲပေါ့။ ဟုတ်ပါတယ်။ အပြစ်ဆိုတာ လူတစ်ယောက်ရဲ့ အားနည်းချက် မကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ အဲဒီအပြစ်ကို ကြည့်တတ်တဲ့သူဆိုရင်လည်း မကောင်းတဲ့အချက်ကို မြင်တတ်တဲ့အတွက် မကောင်းတဲ့စိတ်ပဲ အရင်ဖြစ်မှာပါ။ မကောင်းတဲ့စိတ်ဖြစ်ရင် အကုသိုလ်စိတ်ဖြစ်ပြီး အယောနိသော မနသိကာရ ဆိုတဲ့ မကောင်းတဲ့ နှလုံးသွင်းစိတ်ထား ဖြစ်ပါတယ်။ အယောနိသောမနသိကာရ ဖြစ်နေတဲ့ သူတစ်ယောက်ဟာ ကုသိုလ်ဖြစ်ဖို့လည်း ခက်သွားတတ်ပါတယ်။ ဒါကြောင့် ဘာပဲကြည့်ကြည့် ဘာပဲတွေးတွေး အကုသိုလ်မဖြစ်အောင် ယောနိသောမနသိကာရ စိတ်လေးနဲ့ အကောင်းဘက်က ကြည့်တတ်အောင် ကြိုးစားသင့်ပါတယ်။ အဲဒီလို အကောင်းဘက်က ကြည့်တတ်ကြမယ်ဆိုရင် ဘာကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် အမှီပြုပြီး အကုသိုလ်စိတ်ဖြစ်ဖို့ ခက်ခဲသွားတတ်ပါတယ်။

မှန်ပါတယ်။ အပြစ်တွေဖြစ်ဖို့များ အကုသိုလ်တွေဖြစ်ဖို့များ ကိလေသာအာရုံတွေများတဲ့ လောကကြီးမှာ သာမန်ပုထုဇင်တွေ ဖြစ်နေကြတဲ့ ဘုန်းဘုန်းတို့တတွေဟာ ကုသိုလ်မဖြစ်ချင်နေပါစေ အကုသိုလ်တွေမဖြစ်အောင် အကုသိုလ်တွေ အဖြစ်နည်းအောင် အတတ်နိုင်ဆုံး ကိုယ့်စိတ်လေးကို သတိတရားလေးနဲ့ ထိန်းပေးကြဖို့ လိုပါတယ်။ ဒီလို ထိန်းပေးတဲ့အခါမှာ အရင်ဆုံးရှိရမှာက ယောနိသောမနသိကာရဆိုတဲ့ အကုသိုလ်မဖြစ်အောင် တွေးတတ်တဲ့ စိတ်လေးရှိဖို့လိုပါတယ်။ ဒီစိတ်လေးသာ လူတိုင်းမှာ ရှိထားကြမယ်ဆိုရင် လောကကြီးမှာ တစ်ဦးနဲ့တစ်ဦး အပြစ်မြင်တတ်တဲ့ အကျင့်လေးတွေ၊ အပြစ်တင်စောတဲ့ စိတ်ဓာတ်လေးတွေ တဖြည်းဖြည်း နည်းသွားကြမှာ အမှန်ပါပဲ။

ဒါကြောင့် မျှစ်တစ်ချောင်းကို အကြောင်းပြုပြီး အပြစ်တင်စောတတ်တဲ့၊ အယောနိသော မနသိကာရကြောင့် အပြစ်တစ်ကြောင်း ဖြစ်သွားခဲ့ရတဲ့ ဘုန်းဘုန်းတို့ ဒကာလေးရဲ့ အဖြစ်လေးကို အတုယူပြီး ဘုန်းဘုန်းတို့ ပရိတ်သတ်များအနေဖြင့်လည်း နေရတဲ့အခိုက်လေးမှာ ကိုယ်သန္တာန်မှာ အကုသိုလ်အပြစ်တွေ အဖြစ်နည်းစေဖို့ ဘာကိုပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အပြစ်တင်မစောကြဖို့၊ သူတပါးကို အမှီပြုပြီး ကိုယ့်သန္တာန်မှာ အကုသိုလ်တွေ မဖြစ်ဖို့ သတိပညာတရားလေးများဖြင့် ကိုယ့်ရဲ့ ကိုယ်နှုတ်နှလုံးကို ထိန်းသိမ်းစောင့်ရှောက်ကြပါဟု ဒီ “မျှစ်တစ်ချောင်းနဲ့ အပြစ်တစ်ကြောင်း” ဆိုတဲ့ စာစုလေးနဲ့ ဓမ္မလက်ဆောင် ပါးလိုက်ရပါတယ်။
မှတ်ချက်။ ။ ဒီစာစုလေး ရေးဖြစ်အောင် လျှောက်ထားတင်ပြလာတဲ့ ဘုန်းဘုန်းရဲ့ ဝေယျာဝစ္စတွေလုပ်ပေးတဲ့ ဒကာလေးကို ကျေးဇူးတင်စွာဖြင့် ဤစာစုလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ