နှလုံးသားမှာ ကမ္ဗည်းထိုးပါ…

မကြာသေးပါဘူး။ ဒကာတစ်ယောက်က သူ့မွေးနေ့အဖြစ် ဘုန်းဘုန်းကျောင်းမှာ ဆွမ်းလာပြီးချက်ပြုတ် လှူဒါန်းပါတယ်။ ဆွမ်းစားပြီးတော့ မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာပြည်မှာ ဆောက်လုပ်မယ့် ကျောင်းအတွက် ကွယ်လွန်သွားပြီးဖြစ်တဲ့ မိဘတွေကို ရည်စူးပြီး ကျောင်းအလှူတော်ငွေ တစ်သိန်းကိုလည်း လှူဒါန်းကာ တရားနာရေစက်ချပါတယ်။ ပြီးတော့ ဘုန်းဘုန်းက ကျောင်းအလှူရှင်များ စာရင်းစာအုပ်မှာ ရေးမှတ်ဖို့ ``ဒကာ… ဘယ်လိုရေးပေးရမလဲ``လို့ ထုံးစံအတိုင်း မေးလိုက်ပါတယ်။ ဒီအခါမှာ ``မလိုတော့ပါဘူးဘုရား… တပည့်တော်ကလှူပြီး ရေစက်ချ အမျှဝေလိုက်ရရင် ပြီးတာပါပဲဘုရား… နာမည်က အဓိကမကျပါဘူး… အရှင်ဘုရား သိရင်ပြီးတာပါပဲဘုရာ.. တပည့်တော်က လှူကတည်းက ပြတ်ပြီးသားပါဘုရား…`` လို့ ပြန်လျှောက်ပါတယ်။ ဒါနဲ့ ဘုန်းဘုန်းလည်း မှတ်တမ်းအဖြစ် စာအုပ်ထဲမှာ ရေးမှတ်ထားရမှာ ဖြစ်တဲ့အတွက် သူ့နာမည်နဲ့ပဲ ရေးမှတ်လိုက်ရပါတယ်။ စိတ်ထဲမှာလည်း ဒီဒကာရဲ့ လှူဒါန်းတတ်ပုံလေး၊ စိတ်ထားတတ်ပုံလေးကို ချီးကျူးလိုက်မိပါတယ်။ သူများတွေ ကြီးကြီးကျယ်ကျယ် ကမ္ဗည်းစာတမ်းတွေထိုးပြီး အော်ကြီးဟစ်ကျယ် လှူဒါန်းနေတဲ့ အချိန်မှာ ဘယ်သူမှလည်းမသိ၊ ကြွားဝါမှုလည်းမရှိဘဲ ခုလိုတိတ်တိတ်ဆိတ်ဆိတ် အေးအေးဆေးဆေး သူ့အလှူကို သူ့စိတ်တိုင်းကျ လှူသွားလိုက်ပုံလေးဟာ ကျန်တဲ့သူတွေအတွက်လည်း အတုယူစရာ ကောင်းပါတယ်။ သူ့အလှူကို သူ့နှလုံးသားမှာပဲ ကမ္ဗည်းစားတမ်း ထိုးသွားခြင်း ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒီနေရာမှာ ဘုန်းဘုန်းပြောချင်တာက ကမ္ဗည်းစာတမ်း ရေးထိုးမှုနဲ့ ပတ်သက်လို့ပါ။ မနှစ်ကဖြစ်ပါလိမ့်မယ်။ ကထိန်တစ်ခုမှာ ဒကာတစ်ယောက်က အလှူရှင်စာရင်းမှာ သူကအရင်လှူပါရက်နဲ့ သူ့နာမည်က နောက်မှလှူတဲ့ သူတွေရဲ့ အောက်ကိုရောက်နေလို့ နာမည်စာရင်းရေးတဲ့သူတွေနဲ့ ပြဿနာ ဖြစ်ကြပါသေးတယ်။ တစ်ချို့လည်း သူ့နာမည်စာလုံးက သေးနေလို့ လာပြောသူတွေကလည်း ရှိပြန်ပါတယ်။ တစ်ချို့ကျတော့ နောက်မှလာလှူပေမယ့် သူတို့လက်ရှိ ရရှိထားတဲ့ ရာထူးဌာနန္တရတွေအရ အပေါ်ဆုံးက ရေးပေးဖို့ ပြောလာတာတွေလည်း ရှိပါတယ်။ တစ်ချို့လည်း များများလှူရင် ထိပ်ဆုံးမှာ၊ စာလုံးကြီးကြီးနဲ့ ရေးပေးမှာလားဆိုပြီး မေးလာတာတွေလည်း ရှိပြန်ပါတယ်။ တစ်ချို့ကျတော့ သူတို့နဲ့ ပြိုင်ဘက်သူတွေကိုကြည့်ပြီး သူကဒီလောက်လှူရင် တပည့်တော်က ဒီလောက်လှူပါတယ်ဆိုပြီး လုပ်တာတွေက ရှိပါသေးတယ်။ ဘယ်လိုလုပ်ကြမလဲ… ပရိတ်သတ်ရေ…။

တကယ်တော့ ကမ္ဗည်းစာတမ်း ထိုးပေးတယ်ဆိုတာ ဒီကမ္ဗည်းကို ကြည့်ပြီးကျန်တဲ့ သူတွေလည်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ဖို့၊ လှူတဲ့သူအနေနဲ့လည်း သူလှူထားတဲ့ အလှူတော်ကိုကြည့်ပြီး မုဒိတာပွားကာ ကုသိုလ်တရားတိုးစေဖို့၊ နောင်တစ်ချိန် အလှူရှင်များအနေနဲ့ ကိုယ်လှူထားတဲ့ အလှူများကို ပြန်လည်အမှတ်ရကာ အပရစေတနာ ကောင်းစေဖို့ စတာတွေကြောင့်ပါ။ ခုတော့ အဲလိုမဟုတ်ဘဲ လှူတဲ့သူတွေဟာ ဂုဏ်တုဂုဏ်ပြိုင်ဖြစ်စေဖို့၊ နာမည်ကြီးစေဖို့၊ ကြွားဝါဖို့၊ သူ့လောက်မလှူနိုင်တဲ့ သူတွေကို နှိမ့်ချဖို့ လှူနေသလို ဖြစ်နေကြပါတယ်။ ဒီလို အလှူရှင်မျိုးတွေကြောင့်လည်း အလှူခံပုဂ္ဂိုလ်တွေ၊ ဘုန်းတော်ကြီးတွေဟာ လှူတဲ့ပမာဏကိုလိုက်ပြီး အလှူရှင်ကမ္ဗည်းတွေကို ကောင်းသထက်ကောင်းအောင် ထိုးပေးရတဲ့အထိ ဖြစ်လာရပါတယ်။ မထိုးပေးပြန်ရင်လည်း အလှူရှင်တွေက ဘာလိုလို ညာလိုလို တွေးလာကြပြန်ပါတယ်။ အဲဒါတော့ အမှန်ပါပဲ။ အကျင့်ပါနေလို့ပဲ ပြောရမလား မသိဘူး။ ဘုန်းဘုန်းတို့ မြန်မာလူမျိုး အချို့ဟာ အလှူဒါနလုပ်တဲ့အခါမှာ ထင်ပေါ်လိုမှု၊ မျက်နှာရလိုမှု၊ ဂုဏ်ရှိလိုမှု၊ ကြွားဝါလိုမှုတွေကို ဦးစားပေးနေသလို ဖြစ်နေပါတယ်။ ဒီအပေါ်မှာလည်း သာယာနေကြတာကို တွေ့ရပါတယ်။ အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင် တက်ပြချင်သူကလည်း အများကြီးရှိလာပြန်ပါတယ်။ ကိုယ်လှူထားတဲ့အလှူကို တစ်ဘက်သူသိအောင် ပြောပြပြီး ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်စေလိုတဲ့ သဘောမျိုး မဟုတ်တော့ဘဲ ဘယ်လောက်လှူနိုင်တယ်၊ ဘယ်လိုလှူနိုင်တယ် စတာတွေကို ဂုဏ်ယူဝင့်ကြွားပြီး အရသာခံ ပြောနေသလို ဖြစ်နေပါတယ်။

အမှန်တော့ အဲလိုမဖြစ်သင့်ပါဘူး။ ကိုယ်လှူတာ ကိုယ့်နှလုံးသားထဲမှာ ထားပြီး ထပ်ကာထပ်ကာ ဆင်ခြင်ပွားများ ကုသိုလ်တရားတိုးအောင် ပိုပြီးလုပ်သင့်ပါတယ်။ ကြွားဝါလိုတဲ့ သဘောမရှိဘဲ ကိုယ့်အလှူကို တစ်ခြားသူများလည်း ရပါစေဆိုတဲ့ စေတနာအမှန်နဲ့ အမျှအတမ်းပေးဝေမှုမျိုး ဖြစ်အောင်လုပ်သင့်ပါတယ်။ ဒီနေရာမှာ ဖတ်ဖူးတဲ့ စာသားလေးတစ်ခုကို သွားသတိရမိပါတယ်။ အဲဒီစာလေးက ``ဘယ်ဘက်လက်က လှူတာကို ညာဘက်လက်က မသိပါစေနဲ့၊ ညာဘက်လက်က လှူတာကို ဘယ်ဘက်လက်က မသိပါစေ``နဲ့တဲ့။ ဗုဒ္ဓစာပေမှာလည်း ဒီလိုအဆုံးအမတွေ အများကြီးရှိပါတယ်။ သပ္ပုရိသသုတ်မှာ အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ဒါနံ ဒေတိလို့ ဟောထားချက်တစ်ခု ရှိပါတယ်။ အဲဒီဟောထားချက်ရဲ့ အဓိပ္ပါယ်က လှူဒါန်းတဲ့အခါမှာ ``ကိုယ့်ကိုယ်ကိုလည်း မချီးမြောက်၊ သူတစ်ပါးကိုလည်း မနှိမ့်ချဘဲ ပေးလှူခြင်း`` ကို ဆိုပါတယ်။ ဆိုလိုတာက အလှူဒါနလုပ်တဲ့ပုဂ္ဂိုလ်ဟာ ဒီအလှူကို အကြောင်းပြုပြီး ကိုယ့်ကိုယ်ကို ထင်ပေါ်လို၊ ကြွားဝါလို၊ ဂုဏ်ယူချီးမြှောက်လိုတဲ့ သဘောမျိုး မရှိရမယ့်အပြင် သူတစ်ပါးတွေကိုလည်း ``မင်းတို့က ငါ့လောက်တောင် မလှူနိုင်ပါလား၊ ဒါလေးတောင် မလှူနိုင်ဘူးလား၊ မင်းတို့လှူတာ သိပ်နည်းတာပဲ`` စတဲ့ နှိမ့်ချလိုတဲ့ သဘောမျိုး မရှိရပါဘူး။ ဒီသဘောတွေမပါဘဲ ရိုးစင်းစွာ လှူဒါန်းတဲ့ အလှူဒါနမျိုး ဖြစ်အောင် ကြိုးစားသင့်ပါတယ်။ ပြောချင်တာက ကိုယ်လှူတာ ကိုယ်သိတဲ့အတွက် ကိုယ့်နှလုံးသားမှာပဲ ကမ္ဗည်းထိုးနိုင်အောင် ကြိုးစားပြီး အလှူဒါနကို အကြောင်းပြုကာ မကြွားဝါမိကြဖို့ပါ။

အမှန်တော့ အလှူလုပ်တဲ့အခါမှာ ဒါနလုပ်ရခြင်းရဲ့ သဘောကို သေချာစွာ သဘောပေါက်ပြီး လုပ်သင့်ပါတယ်။ ဒါနဆိုတာ ပေးကမ်းစွန်ကြဲခြင်းကို ဆိုတာပါ။ ပေးကမ်းတာဟာ ကိုယ့်သန္တာန်မှာရှိတဲ့၊ ကိုယ်ပိုင်ဆိုင်တဲ့၊ ကိုမြတ်နိုးတဲ့၊ ကိုယ်လိုချင်တဲ့ အရာတွေကို စွန့်လွှတ်တဲ့ သဘောပါ။ စာလိုပြောမယ်ဆိုရင် လိုချင်တပ်မက်တတ်တဲ့ လောဘကို အနိုင်ယူနိုင်အောင်၊ လောဘတစ်ဖြည်းဖြည်း နည်းပါးအောင် လုပ်တာပါ။ ဒါကြောင့် ပေးကမ်းခြင်းဖြင့် ကိုယ့်သန္တာန်မှာ လောဘဘယ်လောက်နည်းသွားတယ်၊ ဘယ်လောက်လျော့လာတယ် ဆိုတာက အဓိကကျပါတယ်။ ဘယ်လောက်လှူနိုင်တယ်၊ ဘယ်လိုလှူနိုင်တယ် ဆိုတာက အဓိက မကျပါဘူး။ လောဘနည်းအောင် အလှူဒါနလုပ်တယ်ဆိုပါမှ အလှူဒါနကို အကြောင်းပြုပြီး ဘာဖြစ်ချင်လို့၊ ဘာဖြစ်ရပါလို၏ စတဲ့ လိုချင်မှုတွေ ပိုများလာတယ်၊ ငါက ဘယ်လိုလှူနိုင်တာဆိုတဲ့ မာနတွေ ပိုများလာတယ်ဆိုရင် ဒါနလုပ်တာထက် မလုပ်တာက ပိုကောင်းသလို ဖြစ်နေပါတယ်။
ဒါကြောင့် ပေးကမ်းလှူဒါန်းခြင်း ဒါနလုပ်တာဟာ နာမည်ကြီးကြီးနဲ့ ကမ္ဗည်းစာတမ်းထိုးဖို့၊ ကြွားဝါဖို့၊ လူအထင်ကြီးဖို့၊ ထင်ပေါ်ကြော်ကြားဖို့၊ သူတစ်ပါးကို နှိမ့်ချဖို့လုပ်တာမဟုတ်ဘဲ ကိုယ့်သန္တာန်မှာရှိတဲ့ လိုချင်တပ်မက်မှု၊ ၀န်တိုမှုတွေ နည်းစေပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရာတွင် အထောက်အကူဖြစ်စေဖို့ စတာတွေ အတွက်လုပ်တာ ဖြစ်တဲ့အတွက် အလှူဒါနလုပ်သူများ အနေဖြင့် ကိုယ်လုပ်တာ ကိုယ်သာလျှင် အသိဆုံးဖြစ်ပါသောကြောင့် ဘယ်နေရာမှာ၊ ဘယ်လိုပုံစံမျိုး ကမ္ဗည်းစာတမ်းထိုးစေတာထက် ကိုယ့်နှလုံးသားထဲမှာသာ ကမ္ဗည်းထိုးနိုင်အောင် ကြိုးစားသင့်ပါကြောင်း…

Read more »

ကဆုန်လပြည့် ဗုဒ္ဓနေ့…


မင်္ဂလာပါ… ညီတို့ ညီမတို့ရေ…
ဒီနေ့ကတော့ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှုအရ အစဉ်အလာ သတ်မှတ်ကျင်းပလာတဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ပဲ ဖြစ်ပါတယ်ကွယ်…။ ထေရ၀ါဒ မဟုတ်တဲ့ တစ်ခြားဗုဒ္ဓဘာသာ နိုင်ငံတွေမှာတော့ သူတို့နိုင်ငံ ပြက္ခဒိန်သတ်မှတ်တဲ့ နေ့ရက်အရ ဗုဒ္ဓဖွားမြင်တော် မူတဲ့နေ့အဖြစ် သတ်မှတ်ကျင်းပ ကြပါတယ်။ ကိုရီးယားနိုင်ငံမှာဆိုလည်း သူတို့နိုင်ငံ ပြက္ခဒိန် သတ်မှတ်ချက်နဲ့အညီ ဗုဒ္ဓဖွားမြင်တော်မူတဲ့နေ့ကို ဒီနှစ်မှာ မေလ ၂ရက်နေ့အဖြစ် တစ်နိုင်ငံလုံး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံမှာတော့ ကဆုန်လပြည့်နေ့မှာ ကျင်းပဖြစ်တယ်ပေါ့..။ ကဆုန်လပြည့်နေ့လို့ သတ်မှတ်ကျုင်းပတဲ့ အတွက် အင်္ဂလိပ်ပြက္ခဒိန်မှာ မေလ ၈ရက်နေ့ဖြစ်နေပါတယ်။ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်ကို အဓိကယူတာဖြစ်တဲ့အတွက် အင်္ဂလိပ်ရက်ကတော့ အတိအကျ ရှိမှာမဟုတ်ပါဘူး။ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံရဲ့ ထူးခြားချက်ကတော့ ကဆုန်လပြည့်နေ့ကို တစ်ခြားဗုဒ္ဓဘာသာနိုင်ငံတွေလို ဗုဒ္ဓဖွားတော်မူတဲ့နေ့ တစ်ခုတည်း ခံယူကျင်းပတာ မဟုတ်ပါဘူး။ ဘုရားရှင်းဖွားတော်မူတဲ့နေ့၊ ဘုရားအဖြစ်ကို ရောက်ရှိတော်မူတဲ့နေ့ နဲ့ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတဲ့နေ့တွေဟာ ခုနှစ်သက္ကရာဇ်သာ ကွဲပြားပေမယ့် နေ့တွေကတော့ ကဆုန်လပြည့်နေ့တွေပဲ ဖြစ်တဲ့အတွက် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့လို့ သတ်မှတ်ပြီး ဖွား၊ ဖြစ်၊ စံ သုံးနေ့လုံးကို ရည်မှန်းကျင်းပကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ မြန်မာပြည်ရဲ့ ကဆုန်လပြည့်နေ့ဟာ ထူးခြားပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဗုဒ္ဓနေ့ဖြစ်တယ်ဆိုတာ ဂုဏ်ယူစေချင်တာပါ။

ဘာကြောင့် ထူးခြားပြီး အဓိပ္ပါယ်ပြည့်စုံတာလို့ ပြောရတာလဲဆိုရင် ညီတို့ညီမတို့ပဲ စဉ်းစားကြည့်လေ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ ဘ၀ဖြစ်စဉ်ကို ပြောကြမယ်ဆိုရင် အစ၊ အလယ်၊ အဆုံး သုံးမျိုးလုံးကိုပြောမှ အဓိပ္ပါယ်ပြည့်စုံနိုင်မှာ မဟုတ်လား… အဲဒီလိုပဲ ဘုန်းဘုန်းတို့ ဘုရားရှင်အကြောင်း (ဗုဒ္ဓနေ့လို့သတ်မှတ်) ပြောဆိုတဲ့အခါမှာလည်း ဗုဒ္ဓရဲ့ ဘ၀ဖြစ်စဉ်တစ်ခုလုံးကို အပြည့်အစုံ ရည်ညွှန်းနိုင်မှ အဓိပ္ပါယ်ပြည့်ဝမှာပါ။ ဘုန်းဘုန်းတို့ မြန်မာတွေရဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့သတ်မှတ်ချက်ကို ကြည့်မယ်ဆိုရင် ဒီသုံးမျိုးလုံးပါပြီးသား ဖြစ်နေတာကို တွေ့ရမှာပါ။ ဗုဒ္ဓရဲ့ ဘ၀အစဖြစ်တဲ့ ဖွားမြင်တော်မူတဲ့နေ့၊ ဘ၀အလယ်ဖြစ်တဲ့ ဘုရားဖြစ်တော်မူတဲ့နေ့၊ ဘ၀အဆုံးဖြစ်တဲ့ ပရိနိဗ္ဗာန်စံတော်မူတဲ့နေတွေဟာ ဒီကဆုန်လပြည့်နေ့ တစ်နေ့တည်းဖြစ်နေတာပါ။ ဒါကြောင့်လည်း ဘုန်းဘုန်းတို့ မြန်မာများက ဒီနေ့ကို ဗုဒ္ဓနေ့လို့ သတ်မှတ်ကြတာပေါ့။ အဲဒီလောက်ကို သိပ္ပံနည်းကျပြီး အဓိပ္ပါယ် ပြည့်စုံလွန်းလှပါတယ်။ မှန်ပါတယ်။ ဗုဒ္ဓဟာ မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာ ဖွားမြင်၊ မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့မှာ ဘုရားဖြစ်၊ မဟာသက္ကရာ် ၁၄၈ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့မှာ ပရိနိဗ္ဗာန် ပြုတော်မူတယ်ဆိုတဲ့ ဘ၀အစ၊ အလယ်၊ အဆုံးဟာ ဒီကဆုန်လပြည့်နေ့မှာပဲ ဖြစ်တဲ့အတွက် ကဆုန်လပြည့်နေ့ဟာ ထူးခြားတဲ့ ဗုဒ္ဓနေ့ဆိုတာ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ညီတို့ညီမတို့အတွက် မမေ့နိုင်စရာ၊ ဂုဏ်ယူစရာနေ့ထူး နေ့မြတ်ဖြစ်ပါတယ်။

ကောင်းပြီ… ဒီလိုဆိုရင် ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းတာကရော ဘာအဓိပ္ပါယ်လည်းလို့ စဉ်းစားစရာဖြစ်လာပြန်ပါတယ်။ သိတဲ့အတိုင်းပဲ ဗောဓိညောင်ပင်ဟာ ဂေါတမမြတ်စွာဘုရားရှင် ဘုရားအဖြစ်ကို ရောက်တော်မူတဲ့ သစ်ပင်ဖြစ်ပါတယ်။ ဒီသစ်ပင်အောက်မှာ သစ္စာလေးပါးတရားကို သိတော်မူပါတယ်။ ဒါကြောင့် ဒီညောင်ပင်ကိုလည်း ဗောဓိညောင်ပင်လို့ ခေါ်တာပါ။ တကယ်တော့ ညောင်ပင်မှ မဟုတ်ပါဘူး။ ဘုရားရှင်တို့ သစ္စာလေးပါးသိရာမှာ အမှီပြုရတဲ့ သစ်ပင်တိုင်းကို ဗောဓိပင်လို့ သတ်မှတ်ကြခြင်း ဖြစ်တဲ့အတွက် အကယ်၍ သရက်ပင်အောက်မှာ သစ္စာဉာဏ်သိရင် အဲဒီသရက်ပင်ဟာ ဗောဓိပင်ပါ၊ အလားတူ ကုက္ကိုပင်၊ အင်ကြင်းပင်၊ ညောင်ပင်စတဲ့ ဘယ်သစ်ပင်ကိုမဆို ဘုရားရှင် သစ္စာဉာဏ်သိရာ သစ်ပင်တိုင်းကို ဗောဓိပင်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ ဂေါတမမြတ်စွာဘုရား သစ္စာလေးပါးကိုသိပြီး ဘုရားဖြစ်တော်မူတဲ့ ညောင်ပင်ကိုလည်း ဗောဓိပင်လို့ သတ်မှတ်ကြခြင်းပါ။ ညောင်ပင်မှန်းသိအောင် ဗောဓိညောင်ပင်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီတော့ ဘုရားရှင် သစ္စာဉာဏ်သိတဲ့ ဒီညောင်ပင်ဟာ ဘုရားရှင်နဲ့ ပတ်သက်တဲ့ အသုံးအဆောင် တစ်ခုအဖြစ် သတ်မှတ်လို့ ရတဲ့အတွက် ညောင်ပင်ဟာ စေတီလေးမျိုးထဲမှာ ပရိဘောဂစေတီ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဘုရားရှင် မရှိတော့တဲ့နောက်ပိုင်း လူအများကိုးကွယ်ဖို့နဲ့ ကုသိုလ်ပြုရာဌာနအဖြစ် ခွင့်ပြုတဲ့ စေတီများထဲမှာ ပရိဘောဂစေတီလည်း ပါတဲ့အတွက် ဒီညောင်ပင်ကို ရေစင်သွန်းလောင်းပြီး ပူဇော်ခြင်းဟာ စေတီကို ပူဇော်ရာရောက်တဲ့အတွက် ကုသိုလ်ဖြစ်ပါတယ်။ တစ်ခြားအရာတွေနဲ့ မပူဇော်ပဲ ရေလောင်းပူဇော်ခြင်းက ဒီကဆုန်လဟာ အလွန်ပူပြင်းခြောက်သွေ့တဲ့ လဖြစ်တဲ့အတွက် စေတီတော်ကို ပူဇော်ရာတွင် လိုအပ်တဲ့အရာကို ပြုလုပ်ပူဇော်ခြင်းက ပိုပြီးအကျိုးများတယ်လို့ ယုံကြည်လက်ခံ ပူဇော်ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဘုရားရှင် ဘုရားအဖြစ်ကို ရောက်တော်မူရာ ပရိဘောဂစေတီ ဖြစ်တဲ့ ဗောဓိညောင်ပင်ကို ရေစင်သွန်းလောင်းပူဇော်ကြခြင်း ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ညီတို့ညီမတို့ အနေနဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့နဲ့ ပတ်သက်တဲ့ ထူးခြားချက်ကို အထိုက်အလျောက် နားလည်သဘောပေါက်မယ် ထင်ပါတယ်။ ဒီလို အနှစ်သာရတွေကို သိရှိပြီး ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်များဟာ ဘုရားရှင်နဲ့ ပတ်သက်တဲ့ နေ့ထူးနေ့မြတ်များကို လက်ခံထိန်းသိမ်းကျင့်းပ သင့်ကြပါတယ်။ ပြီးတော့ ဒီလို လက်ခံကျင်းပရုံနဲ့လည်း မပြီးသေးပါဘူး။ လိုက်နာကျင့်သုံးကြဖို့လည်း လိုပါတယ်။ ဗုဒ္ဓကို ကြည်ညိုရင် ဗုဒ္ဓဆုံးမတော် မူတဲ့အတိုင်း လိုက်နာကျင့်သုံးပြီး နေထိုင်ပြရပါမယ်။ ဗုဒ္ဓကိုယ်တိုင်ကလည်း ``ငါဘုရားဟာ ကယ်တင်ရှင်မဟုတ်ပါဘူး၊ လမ်းပြပေးသူသာ ဖြစ်ပါတယ်``လို့ မိန့်တော်မူးထားတဲ့အပြင် ``ငါဘုရားကို တကယ်မြင်ချင်တဲ့ ပုဂ္ဂိုလ်ဟာ ငါဘုရားဟောတော်မူတဲ့ တရားကို မြင်မှသာ ငါ့ကိုမြင်နိုင်တယ်``လို့လည်း ဟောတော်မူထားပါတယ်။ ဒါကြောင့် ညောင်ပင်သွားပြီး ပရိဘောဂစေတီကို ရေစင်သွန်းလောင်း ပူဇော်နေရုံနဲ့ မပြီးသေးဘဲ တကယ့်အစစ်အမှန် ဘုရားကို ပူဇော်နိုင်ဖို့၊ မြင်နိုင်ဖို့အတွက် ဘုရားရှင်ရဲ့ တရားတော်ကို လိုက်နာကျင့်သုံးကြဖို့လည်း လိုပါကြောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ အထူးအမှာစကား ပါးလိုက်ရပါတယ်။
အားလုံး… တရားတော်ကို လိုက်နာကျင့်သုံးခြင်းဖြင့် ဘုရားရှင်ကို မြင်နိုင်ကြပါစေ…

မေတ္တာဖြင့်
ဘုန်းဘုန်းဦးဝိစိတ္တ..

Read more »

ဗောဓိပက္ခိယ…

Q. အရှင်ဘုရား…
ဗောဓိပက္ခိယရဲ့ အဓိပ္ပါယ်၊ ဗောဓိပက္ခိယတရားများရဲ့ အရေအတွက်နဲ့ မြန်မာလိုအဓိပ္ပါယ်များကို သိလိုပါတယ်။ တပည့်တော်တို့ နားလည်အောင် ရှင်းပြပေးစေလိုပါတယ်ဘုရား..
ရိုသေစွာဖြင့်
(ဒေါက်တာနီနီ)


A. ဗောဓိပက္ခယရဲ့ ပါဠိတိုက်ရိုက်အဓိပ္ပါယ်ကို ဗောဓိ၊ ပက္ခ၊ ဣယလို့ ပုဒ်ခွဲပြီး ဗောဓိ- သစ္စာလေးပါးကို သိတတ်သော မဂ်ဉာဏ်၊ ပက္ခ- အသင်းအပင်း၊ ဣယ-ဖြစ်ခြင်းလို့ အသီးသီး အဓိပ္ပါယ်ရကာ ဗောဓိဉာဏ်၏ အသင်းအပင်းဖြစ်သော တရားများလို့ နားလည်နိုင်ပါတယ်။ အလွယ်နားလည်အောင် ပြောရရင် ဗောဓိပက္ခိယဆိုတာ အရိယာမဂ်ဉာဏ်ကို ရရာရကြောင်းဖြစ်တဲ့ တရားများ၊ အရိယာမဂ်ဉာဏ်နှင့် အတူတကွ ဖြစ်တဲ့တရားများလို့ အဓိပ္ပါယ်ရပါတယ်။ အရေအတွက်အားဖြင့် ဗောဓိပက္ခိယတရား ၃၇ပါးရှိပါတယ်။ အဲဒါတွေက
သတိပဋ္ဌာန် ၄ ပါး၊ သမ္မပ္ပဓာန် ၄ ပါး၊ ဣဒ္ဓိပါဒ် ၄ ပါး၊ ဣနြေ္ဒ ၅ ပါး၊ ဗိုလ် ၅ ပါး၊ ဗောဇ္ဈင် ၇ ပါး၊ မဂ္ဂင် ၈ ပါး အားဖြင့် ပေါင်း (၃၇) ပါးတို့ပဲ ဖြစ်ပါတယ်။

သတိပဋ္ဌာန် (၄) ပါး
မိမိဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲ စွဲမြဲစွာတည်တဲ့ သတိအထူးကို သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။ သတိပဋ္ဌာန်လေးပါးရှိပါတယ်။
၁။ ကာယနုပဿနာ သတိပဋ္ဌာန် = ခန္ဓာကိုယ်၌ (၀ါ) ဆံပင် မွေးညင်း စတဲ့ ၃၂ကောဋ္ဌာသ၌ အသုဘ အခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး၊
၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန် = ဝေဒနာတို့ကို ဒုက္ခအခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး
၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန် = စိတ်တို့ကို အနိစ္စအခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး
၎။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် = သညာသင်္ခါရဖြစ်သော နီဝရဏစတဲ့ တရားဓမ္မများကို အနတ္တအခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး

သမ္မပ္ပဓာန် (၄)ပါး
သမ္မပ္ပဓာန် ဆိုတာ ၀ီိရိယကို ပြောတာပါ။ အရိုးကြေကြေ၊ အရေခမ်းခမ်း မဆုတ်မနစ် နောက်မဆုတ်ဘဲ ကြိုးစားအားထုတ်တဲ့ ၀ီရိယစေတသိက်ကို ဆိုလိုပါတယ်။ ဒီသမ္မပ္ပဓာန်လည်း လေးပါးရှိပါတယ်။
၁။ ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားများကို ပယ်ဖျောက်နိုင်အောင် အားထုတ်တဲ့ ၀ီရိယ
၂။ မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တရားများကို မဖြစ်ပေါ်အောင် အားထုတ်တဲ့ ၀ီရိယ
၃။ မဖြစ်သေးတဲ့ ကုသိုလ်တရားများကို ဖြစ်အောင်အားထုတ်တဲ့ ၀ီရိယ
၎။ ဖြစ်ပြီးတဲ့ ကုသိုလ်တရားများကို ခိုင်ခန့်တိုးပွားအောင် အားထုတ်တဲ့ ၀ီရိယ

ဣဒ္ဓိပါဒ် (၄)ပါး
ပြီးစီးထမြောက်သော ဈာန်မဂ်ဖိုလ် အကျိုးတို့၏ အခြေခံ အကြောင်းတရား၊ တစ်နည်းအားဖြင့် ဈာန်မဂ်ဖိုလ်ရရှိရန် အခြေခံဖြစ်တဲ့ တရားများကို ဣဒ္ဓိပါဒ်လို့ ခေါ်ပါတယ်။ ဣဒ္ဓိပါဒ်လေးပါး ရှိပါတယ်။
၁။ ဆန္ဒိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ ဆန္ဒ
၂။ ၀ီရိယိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ ၀ီရိယ
၃။ စိတ္တိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ စိတ်
၎။ ၀ီမံသိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ ပညာ

ဣနြေ္ဒ (၅) ပါး
အရိယာမဂ်ကို ရစေခြင်း၌ အစိုးရခြင်းကို ဖြစ်စေသောကြောင့် ဣနြေ္ဒဟုခေါ်သည်။ ၎င်းတို့မှာ
၁။ သဒ္ဓိနြေ္ဒ = ယုံကြည်မှု သဒ္ဓါ(စေတသိက်)
၂။ ၀ီရိယိနြေ္ဒ = ကြိုးစားအာထုတ်မှု ၀ီရိယ(စေတသိက်)
၃။ သတိနြေ္ဒ = မမေ့မလျော့ သတိရှိမှု သတိ(စေတသိက်)
၎။ သမာဓိနြေ္ဒ = တည်ကြည်မှု သမာဓိ(စေတသိက်)
၅။ ပညိနြေ္ဒ = ပညာရှိမှု ပညာ(စေတသိက်)

ဗိုလ် (၅) ပါး
အရိယာမဂ်ကို ရစေခြင်း၌ ကြံ့ကြံ့ခံနိုင်ခြင်း (အားအင်) ကို ဖြစ်စေသောကြောင့် ဗလ-ဗိုလ်ဟုခေါ်သည်။ ၎င်းတို့သည် ဣနြေ္ဒငါးပါးအတိုင်း
၁။ သဒ္ဓါဗိုလ်
၂။ ၀ီရိယဗိုလ်
၃။ သတိဗိုလ်
၎။ သမာဓိဗိုလ်
၅။ ပညာဗိုလ် ဟုငါးပါးရှိပြီး အရကောက်လည်း အတူတူပဲ ဖြစ်ပါတယ်။

ဗောဇ္ဈင် (၇) ပါး
ဗောဓိဟူသော သစ္စာလေးပါးကို သိကြောင်းတရားအပေါင်း၏ အစိတ်အစိတ်ကို ဗောဓိအင်္ဂ= ဗောဇ္ဈင်္ဂ= ဗောဇ္ဈင်လို့ ခေါ်ပါတယ်။ ဒီဗောဇ္ဈင်လည်း ခုနှစ်ပါးရှိပါတယ်။
၁။ သတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အောက်မေ့မှုသတိ
၂။ ဓမ္မ၀ိဇယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ဆိုင်ရာတရားများကို စိစစ်တတ်တဲ့ ပညာ
၃။ ၀ီရိယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အားထုတ်မှု ၀ီရိယ
၎။ ပီတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ နှစ်သက်ရွှင်လန်းမှု ပီတိ
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ငြိမ်းအေးမှု ပဿဒ္ဓိ
၆။ သမာဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ တည်ကြည်မှု သမာဓိ
၇။ ဥပေက္ခာသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ လျစ်လျူရှုမှု တတြမဇ္ဈတ္တတာ

မဂ္ဂင် (၈) ပါး
သစ္စာဉာဏ်ကို ရရာရကြောင်း မှန်ကန်တဲ့ လမ်းကြောင်းကို မဂ္ဂအင်္ဂ = မဂ္ဂင်္ဂ= မဂ္ဂင်လို့ ဆိုပါတယ်။ အားလုံးသိပြီးတဲ့အတိုင်း မဂ္ဂင် ရှစ်ပါးရှိပါတယ်။
၁။ သမ္မာဒိဋ္ဌိမဂ္ဂင် = မှန်ကန်တဲ့အမြင် (ပညာ)
၂။ သမ္မာသင်္ကပ္ပမဂ္ဂင် = မှန်ကန်တဲ့ အတွေးအကြံ (၀ိတက်)
၃။ သမ္မာဝါစာမဂ္ဂင် = မှန်ကန်တဲ့စကား (သမ္မာဝါစာ)
၎။ သမ္မာကမ္မန္တမဂ္ဂင် = မှန်ကန်တဲ့ အလုပ် (သမ္မာကမ္မန္တ)
၅။ သမ္မာအာဇီဝမဂ္ဂင် = မှန်ကန်တဲ့ အသက်မွေးမှု (သမ္မာအာဇီဝ)
၆။ သမ္မာဝါယမမဂ္ဂင် = မှန်ကန်တဲ့ အားထုတ်မှု (၀ီရိယ)
၇။ သမ္မာသတိမဂ္ဂင် = မှန်ကန်တဲ့ အောက်မေ့မှု (သတိ)
၈။ သမာသမာဓိမဂ္ဂင် = မှန်ကန်တဲ့ တည်ကြည်မှု (သမာဓိ)

အထက်ပါ တရားအသီးသီးကို ပေါင်းလိုက်ပါက (၃၇)ပါးရှိပြီး ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးလို့ ခေါ်ပါတယ်။ သစ္စာလေးပါးဗောဓိတရားကို ရရာရကြောင်း တရားများလို့ နားလည်သဘောပေါက်နိုင်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ