ကဆုန်လပြည့် ဗုဒ္ဓနေ့…


မင်္ဂလာပါ… ညီတို့ ညီမတို့ရေ…
ဒီနေ့ကတော့ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှုအရ အစဉ်အလာ သတ်မှတ်ကျင်းပလာတဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ပဲ ဖြစ်ပါတယ်ကွယ်…။ ထေရ၀ါဒ မဟုတ်တဲ့ တစ်ခြားဗုဒ္ဓဘာသာ နိုင်ငံတွေမှာတော့ သူတို့နိုင်ငံ ပြက္ခဒိန်သတ်မှတ်တဲ့ နေ့ရက်အရ ဗုဒ္ဓဖွားမြင်တော် မူတဲ့နေ့အဖြစ် သတ်မှတ်ကျင်းပ ကြပါတယ်။ ကိုရီးယားနိုင်ငံမှာဆိုလည်း သူတို့နိုင်ငံ ပြက္ခဒိန် သတ်မှတ်ချက်နဲ့အညီ ဗုဒ္ဓဖွားမြင်တော်မူတဲ့နေ့ကို ဒီနှစ်မှာ မေလ ၂ရက်နေ့အဖြစ် တစ်နိုင်ငံလုံး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံမှာတော့ ကဆုန်လပြည့်နေ့မှာ ကျင်းပဖြစ်တယ်ပေါ့..။ ကဆုန်လပြည့်နေ့လို့ သတ်မှတ်ကျုင်းပတဲ့ အတွက် အင်္ဂလိပ်ပြက္ခဒိန်မှာ မေလ ၈ရက်နေ့ဖြစ်နေပါတယ်။ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်ကို အဓိကယူတာဖြစ်တဲ့အတွက် အင်္ဂလိပ်ရက်ကတော့ အတိအကျ ရှိမှာမဟုတ်ပါဘူး။ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံရဲ့ ထူးခြားချက်ကတော့ ကဆုန်လပြည့်နေ့ကို တစ်ခြားဗုဒ္ဓဘာသာနိုင်ငံတွေလို ဗုဒ္ဓဖွားတော်မူတဲ့နေ့ တစ်ခုတည်း ခံယူကျင်းပတာ မဟုတ်ပါဘူး။ ဘုရားရှင်းဖွားတော်မူတဲ့နေ့၊ ဘုရားအဖြစ်ကို ရောက်ရှိတော်မူတဲ့နေ့ နဲ့ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတဲ့နေ့တွေဟာ ခုနှစ်သက္ကရာဇ်သာ ကွဲပြားပေမယ့် နေ့တွေကတော့ ကဆုန်လပြည့်နေ့တွေပဲ ဖြစ်တဲ့အတွက် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့လို့ သတ်မှတ်ပြီး ဖွား၊ ဖြစ်၊ စံ သုံးနေ့လုံးကို ရည်မှန်းကျင်းပကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ မြန်မာပြည်ရဲ့ ကဆုန်လပြည့်နေ့ဟာ ထူးခြားပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဗုဒ္ဓနေ့ဖြစ်တယ်ဆိုတာ ဂုဏ်ယူစေချင်တာပါ။

ဘာကြောင့် ထူးခြားပြီး အဓိပ္ပါယ်ပြည့်စုံတာလို့ ပြောရတာလဲဆိုရင် ညီတို့ညီမတို့ပဲ စဉ်းစားကြည့်လေ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ ဘ၀ဖြစ်စဉ်ကို ပြောကြမယ်ဆိုရင် အစ၊ အလယ်၊ အဆုံး သုံးမျိုးလုံးကိုပြောမှ အဓိပ္ပါယ်ပြည့်စုံနိုင်မှာ မဟုတ်လား… အဲဒီလိုပဲ ဘုန်းဘုန်းတို့ ဘုရားရှင်အကြောင်း (ဗုဒ္ဓနေ့လို့သတ်မှတ်) ပြောဆိုတဲ့အခါမှာလည်း ဗုဒ္ဓရဲ့ ဘ၀ဖြစ်စဉ်တစ်ခုလုံးကို အပြည့်အစုံ ရည်ညွှန်းနိုင်မှ အဓိပ္ပါယ်ပြည့်ဝမှာပါ။ ဘုန်းဘုန်းတို့ မြန်မာတွေရဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့သတ်မှတ်ချက်ကို ကြည့်မယ်ဆိုရင် ဒီသုံးမျိုးလုံးပါပြီးသား ဖြစ်နေတာကို တွေ့ရမှာပါ။ ဗုဒ္ဓရဲ့ ဘ၀အစဖြစ်တဲ့ ဖွားမြင်တော်မူတဲ့နေ့၊ ဘ၀အလယ်ဖြစ်တဲ့ ဘုရားဖြစ်တော်မူတဲ့နေ့၊ ဘ၀အဆုံးဖြစ်တဲ့ ပရိနိဗ္ဗာန်စံတော်မူတဲ့နေတွေဟာ ဒီကဆုန်လပြည့်နေ့ တစ်နေ့တည်းဖြစ်နေတာပါ။ ဒါကြောင့်လည်း ဘုန်းဘုန်းတို့ မြန်မာများက ဒီနေ့ကို ဗုဒ္ဓနေ့လို့ သတ်မှတ်ကြတာပေါ့။ အဲဒီလောက်ကို သိပ္ပံနည်းကျပြီး အဓိပ္ပါယ် ပြည့်စုံလွန်းလှပါတယ်။ မှန်ပါတယ်။ ဗုဒ္ဓဟာ မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာ ဖွားမြင်၊ မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့မှာ ဘုရားဖြစ်၊ မဟာသက္ကရာ် ၁၄၈ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့မှာ ပရိနိဗ္ဗာန် ပြုတော်မူတယ်ဆိုတဲ့ ဘ၀အစ၊ အလယ်၊ အဆုံးဟာ ဒီကဆုန်လပြည့်နေ့မှာပဲ ဖြစ်တဲ့အတွက် ကဆုန်လပြည့်နေ့ဟာ ထူးခြားတဲ့ ဗုဒ္ဓနေ့ဆိုတာ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ညီတို့ညီမတို့အတွက် မမေ့နိုင်စရာ၊ ဂုဏ်ယူစရာနေ့ထူး နေ့မြတ်ဖြစ်ပါတယ်။

ကောင်းပြီ… ဒီလိုဆိုရင် ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းတာကရော ဘာအဓိပ္ပါယ်လည်းလို့ စဉ်းစားစရာဖြစ်လာပြန်ပါတယ်။ သိတဲ့အတိုင်းပဲ ဗောဓိညောင်ပင်ဟာ ဂေါတမမြတ်စွာဘုရားရှင် ဘုရားအဖြစ်ကို ရောက်တော်မူတဲ့ သစ်ပင်ဖြစ်ပါတယ်။ ဒီသစ်ပင်အောက်မှာ သစ္စာလေးပါးတရားကို သိတော်မူပါတယ်။ ဒါကြောင့် ဒီညောင်ပင်ကိုလည်း ဗောဓိညောင်ပင်လို့ ခေါ်တာပါ။ တကယ်တော့ ညောင်ပင်မှ မဟုတ်ပါဘူး။ ဘုရားရှင်တို့ သစ္စာလေးပါးသိရာမှာ အမှီပြုရတဲ့ သစ်ပင်တိုင်းကို ဗောဓိပင်လို့ သတ်မှတ်ကြခြင်း ဖြစ်တဲ့အတွက် အကယ်၍ သရက်ပင်အောက်မှာ သစ္စာဉာဏ်သိရင် အဲဒီသရက်ပင်ဟာ ဗောဓိပင်ပါ၊ အလားတူ ကုက္ကိုပင်၊ အင်ကြင်းပင်၊ ညောင်ပင်စတဲ့ ဘယ်သစ်ပင်ကိုမဆို ဘုရားရှင် သစ္စာဉာဏ်သိရာ သစ်ပင်တိုင်းကို ဗောဓိပင်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ ဂေါတမမြတ်စွာဘုရား သစ္စာလေးပါးကိုသိပြီး ဘုရားဖြစ်တော်မူတဲ့ ညောင်ပင်ကိုလည်း ဗောဓိပင်လို့ သတ်မှတ်ကြခြင်းပါ။ ညောင်ပင်မှန်းသိအောင် ဗောဓိညောင်ပင်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီတော့ ဘုရားရှင် သစ္စာဉာဏ်သိတဲ့ ဒီညောင်ပင်ဟာ ဘုရားရှင်နဲ့ ပတ်သက်တဲ့ အသုံးအဆောင် တစ်ခုအဖြစ် သတ်မှတ်လို့ ရတဲ့အတွက် ညောင်ပင်ဟာ စေတီလေးမျိုးထဲမှာ ပရိဘောဂစေတီ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဘုရားရှင် မရှိတော့တဲ့နောက်ပိုင်း လူအများကိုးကွယ်ဖို့နဲ့ ကုသိုလ်ပြုရာဌာနအဖြစ် ခွင့်ပြုတဲ့ စေတီများထဲမှာ ပရိဘောဂစေတီလည်း ပါတဲ့အတွက် ဒီညောင်ပင်ကို ရေစင်သွန်းလောင်းပြီး ပူဇော်ခြင်းဟာ စေတီကို ပူဇော်ရာရောက်တဲ့အတွက် ကုသိုလ်ဖြစ်ပါတယ်။ တစ်ခြားအရာတွေနဲ့ မပူဇော်ပဲ ရေလောင်းပူဇော်ခြင်းက ဒီကဆုန်လဟာ အလွန်ပူပြင်းခြောက်သွေ့တဲ့ လဖြစ်တဲ့အတွက် စေတီတော်ကို ပူဇော်ရာတွင် လိုအပ်တဲ့အရာကို ပြုလုပ်ပူဇော်ခြင်းက ပိုပြီးအကျိုးများတယ်လို့ ယုံကြည်လက်ခံ ပူဇော်ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဘုရားရှင် ဘုရားအဖြစ်ကို ရောက်တော်မူရာ ပရိဘောဂစေတီ ဖြစ်တဲ့ ဗောဓိညောင်ပင်ကို ရေစင်သွန်းလောင်းပူဇော်ကြခြင်း ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ညီတို့ညီမတို့ အနေနဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့နဲ့ ပတ်သက်တဲ့ ထူးခြားချက်ကို အထိုက်အလျောက် နားလည်သဘောပေါက်မယ် ထင်ပါတယ်။ ဒီလို အနှစ်သာရတွေကို သိရှိပြီး ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်များဟာ ဘုရားရှင်နဲ့ ပတ်သက်တဲ့ နေ့ထူးနေ့မြတ်များကို လက်ခံထိန်းသိမ်းကျင့်းပ သင့်ကြပါတယ်။ ပြီးတော့ ဒီလို လက်ခံကျင်းပရုံနဲ့လည်း မပြီးသေးပါဘူး။ လိုက်နာကျင့်သုံးကြဖို့လည်း လိုပါတယ်။ ဗုဒ္ဓကို ကြည်ညိုရင် ဗုဒ္ဓဆုံးမတော် မူတဲ့အတိုင်း လိုက်နာကျင့်သုံးပြီး နေထိုင်ပြရပါမယ်။ ဗုဒ္ဓကိုယ်တိုင်ကလည်း ``ငါဘုရားဟာ ကယ်တင်ရှင်မဟုတ်ပါဘူး၊ လမ်းပြပေးသူသာ ဖြစ်ပါတယ်``လို့ မိန့်တော်မူးထားတဲ့အပြင် ``ငါဘုရားကို တကယ်မြင်ချင်တဲ့ ပုဂ္ဂိုလ်ဟာ ငါဘုရားဟောတော်မူတဲ့ တရားကို မြင်မှသာ ငါ့ကိုမြင်နိုင်တယ်``လို့လည်း ဟောတော်မူထားပါတယ်။ ဒါကြောင့် ညောင်ပင်သွားပြီး ပရိဘောဂစေတီကို ရေစင်သွန်းလောင်း ပူဇော်နေရုံနဲ့ မပြီးသေးဘဲ တကယ့်အစစ်အမှန် ဘုရားကို ပူဇော်နိုင်ဖို့၊ မြင်နိုင်ဖို့အတွက် ဘုရားရှင်ရဲ့ တရားတော်ကို လိုက်နာကျင့်သုံးကြဖို့လည်း လိုပါကြောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ အထူးအမှာစကား ပါးလိုက်ရပါတယ်။
အားလုံး… တရားတော်ကို လိုက်နာကျင့်သုံးခြင်းဖြင့် ဘုရားရှင်ကို မြင်နိုင်ကြပါစေ…

မေတ္တာဖြင့်
ဘုန်းဘုန်းဦးဝိစိတ္တ..

Read more »

ဗောဓိပက္ခိယ…

Q. အရှင်ဘုရား…
ဗောဓိပက္ခိယရဲ့ အဓိပ္ပါယ်၊ ဗောဓိပက္ခိယတရားများရဲ့ အရေအတွက်နဲ့ မြန်မာလိုအဓိပ္ပါယ်များကို သိလိုပါတယ်။ တပည့်တော်တို့ နားလည်အောင် ရှင်းပြပေးစေလိုပါတယ်ဘုရား..
ရိုသေစွာဖြင့်
(ဒေါက်တာနီနီ)


A. ဗောဓိပက္ခယရဲ့ ပါဠိတိုက်ရိုက်အဓိပ္ပါယ်ကို ဗောဓိ၊ ပက္ခ၊ ဣယလို့ ပုဒ်ခွဲပြီး ဗောဓိ- သစ္စာလေးပါးကို သိတတ်သော မဂ်ဉာဏ်၊ ပက္ခ- အသင်းအပင်း၊ ဣယ-ဖြစ်ခြင်းလို့ အသီးသီး အဓိပ္ပါယ်ရကာ ဗောဓိဉာဏ်၏ အသင်းအပင်းဖြစ်သော တရားများလို့ နားလည်နိုင်ပါတယ်။ အလွယ်နားလည်အောင် ပြောရရင် ဗောဓိပက္ခိယဆိုတာ အရိယာမဂ်ဉာဏ်ကို ရရာရကြောင်းဖြစ်တဲ့ တရားများ၊ အရိယာမဂ်ဉာဏ်နှင့် အတူတကွ ဖြစ်တဲ့တရားများလို့ အဓိပ္ပါယ်ရပါတယ်။ အရေအတွက်အားဖြင့် ဗောဓိပက္ခိယတရား ၃၇ပါးရှိပါတယ်။ အဲဒါတွေက
သတိပဋ္ဌာန် ၄ ပါး၊ သမ္မပ္ပဓာန် ၄ ပါး၊ ဣဒ္ဓိပါဒ် ၄ ပါး၊ ဣနြေ္ဒ ၅ ပါး၊ ဗိုလ် ၅ ပါး၊ ဗောဇ္ဈင် ၇ ပါး၊ မဂ္ဂင် ၈ ပါး အားဖြင့် ပေါင်း (၃၇) ပါးတို့ပဲ ဖြစ်ပါတယ်။

သတိပဋ္ဌာန် (၄) ပါး
မိမိဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲ စွဲမြဲစွာတည်တဲ့ သတိအထူးကို သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။ သတိပဋ္ဌာန်လေးပါးရှိပါတယ်။
၁။ ကာယနုပဿနာ သတိပဋ္ဌာန် = ခန္ဓာကိုယ်၌ (၀ါ) ဆံပင် မွေးညင်း စတဲ့ ၃၂ကောဋ္ဌာသ၌ အသုဘ အခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး၊
၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန် = ဝေဒနာတို့ကို ဒုက္ခအခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး
၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန် = စိတ်တို့ကို အနိစ္စအခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး
၎။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် = သညာသင်္ခါရဖြစ်သော နီဝရဏစတဲ့ တရားဓမ္မများကို အနတ္တအခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး

သမ္မပ္ပဓာန် (၄)ပါး
သမ္မပ္ပဓာန် ဆိုတာ ၀ီိရိယကို ပြောတာပါ။ အရိုးကြေကြေ၊ အရေခမ်းခမ်း မဆုတ်မနစ် နောက်မဆုတ်ဘဲ ကြိုးစားအားထုတ်တဲ့ ၀ီရိယစေတသိက်ကို ဆိုလိုပါတယ်။ ဒီသမ္မပ္ပဓာန်လည်း လေးပါးရှိပါတယ်။
၁။ ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားများကို ပယ်ဖျောက်နိုင်အောင် အားထုတ်တဲ့ ၀ီရိယ
၂။ မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တရားများကို မဖြစ်ပေါ်အောင် အားထုတ်တဲ့ ၀ီရိယ
၃။ မဖြစ်သေးတဲ့ ကုသိုလ်တရားများကို ဖြစ်အောင်အားထုတ်တဲ့ ၀ီရိယ
၎။ ဖြစ်ပြီးတဲ့ ကုသိုလ်တရားများကို ခိုင်ခန့်တိုးပွားအောင် အားထုတ်တဲ့ ၀ီရိယ

ဣဒ္ဓိပါဒ် (၄)ပါး
ပြီးစီးထမြောက်သော ဈာန်မဂ်ဖိုလ် အကျိုးတို့၏ အခြေခံ အကြောင်းတရား၊ တစ်နည်းအားဖြင့် ဈာန်မဂ်ဖိုလ်ရရှိရန် အခြေခံဖြစ်တဲ့ တရားများကို ဣဒ္ဓိပါဒ်လို့ ခေါ်ပါတယ်။ ဣဒ္ဓိပါဒ်လေးပါး ရှိပါတယ်။
၁။ ဆန္ဒိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ ဆန္ဒ
၂။ ၀ီရိယိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ ၀ီရိယ
၃။ စိတ္တိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ စိတ်
၎။ ၀ီမံသိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ ပညာ

ဣနြေ္ဒ (၅) ပါး
အရိယာမဂ်ကို ရစေခြင်း၌ အစိုးရခြင်းကို ဖြစ်စေသောကြောင့် ဣနြေ္ဒဟုခေါ်သည်။ ၎င်းတို့မှာ
၁။ သဒ္ဓိနြေ္ဒ = ယုံကြည်မှု သဒ္ဓါ(စေတသိက်)
၂။ ၀ီရိယိနြေ္ဒ = ကြိုးစားအာထုတ်မှု ၀ီရိယ(စေတသိက်)
၃။ သတိနြေ္ဒ = မမေ့မလျော့ သတိရှိမှု သတိ(စေတသိက်)
၎။ သမာဓိနြေ္ဒ = တည်ကြည်မှု သမာဓိ(စေတသိက်)
၅။ ပညိနြေ္ဒ = ပညာရှိမှု ပညာ(စေတသိက်)

ဗိုလ် (၅) ပါး
အရိယာမဂ်ကို ရစေခြင်း၌ ကြံ့ကြံ့ခံနိုင်ခြင်း (အားအင်) ကို ဖြစ်စေသောကြောင့် ဗလ-ဗိုလ်ဟုခေါ်သည်။ ၎င်းတို့သည် ဣနြေ္ဒငါးပါးအတိုင်း
၁။ သဒ္ဓါဗိုလ်
၂။ ၀ီရိယဗိုလ်
၃။ သတိဗိုလ်
၎။ သမာဓိဗိုလ်
၅။ ပညာဗိုလ် ဟုငါးပါးရှိပြီး အရကောက်လည်း အတူတူပဲ ဖြစ်ပါတယ်။

ဗောဇ္ဈင် (၇) ပါး
ဗောဓိဟူသော သစ္စာလေးပါးကို သိကြောင်းတရားအပေါင်း၏ အစိတ်အစိတ်ကို ဗောဓိအင်္ဂ= ဗောဇ္ဈင်္ဂ= ဗောဇ္ဈင်လို့ ခေါ်ပါတယ်။ ဒီဗောဇ္ဈင်လည်း ခုနှစ်ပါးရှိပါတယ်။
၁။ သတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အောက်မေ့မှုသတိ
၂။ ဓမ္မ၀ိဇယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ဆိုင်ရာတရားများကို စိစစ်တတ်တဲ့ ပညာ
၃။ ၀ီရိယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အားထုတ်မှု ၀ီရိယ
၎။ ပီတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ နှစ်သက်ရွှင်လန်းမှု ပီတိ
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ငြိမ်းအေးမှု ပဿဒ္ဓိ
၆။ သမာဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ တည်ကြည်မှု သမာဓိ
၇။ ဥပေက္ခာသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ လျစ်လျူရှုမှု တတြမဇ္ဈတ္တတာ

မဂ္ဂင် (၈) ပါး
သစ္စာဉာဏ်ကို ရရာရကြောင်း မှန်ကန်တဲ့ လမ်းကြောင်းကို မဂ္ဂအင်္ဂ = မဂ္ဂင်္ဂ= မဂ္ဂင်လို့ ဆိုပါတယ်။ အားလုံးသိပြီးတဲ့အတိုင်း မဂ္ဂင် ရှစ်ပါးရှိပါတယ်။
၁။ သမ္မာဒိဋ္ဌိမဂ္ဂင် = မှန်ကန်တဲ့အမြင် (ပညာ)
၂။ သမ္မာသင်္ကပ္ပမဂ္ဂင် = မှန်ကန်တဲ့ အတွေးအကြံ (၀ိတက်)
၃။ သမ္မာဝါစာမဂ္ဂင် = မှန်ကန်တဲ့စကား (သမ္မာဝါစာ)
၎။ သမ္မာကမ္မန္တမဂ္ဂင် = မှန်ကန်တဲ့ အလုပ် (သမ္မာကမ္မန္တ)
၅။ သမ္မာအာဇီဝမဂ္ဂင် = မှန်ကန်တဲ့ အသက်မွေးမှု (သမ္မာအာဇီဝ)
၆။ သမ္မာဝါယမမဂ္ဂင် = မှန်ကန်တဲ့ အားထုတ်မှု (၀ီရိယ)
၇။ သမ္မာသတိမဂ္ဂင် = မှန်ကန်တဲ့ အောက်မေ့မှု (သတိ)
၈။ သမာသမာဓိမဂ္ဂင် = မှန်ကန်တဲ့ တည်ကြည်မှု (သမာဓိ)

အထက်ပါ တရားအသီးသီးကို ပေါင်းလိုက်ပါက (၃၇)ပါးရှိပြီး ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးလို့ ခေါ်ပါတယ်။ သစ္စာလေးပါးဗောဓိတရားကို ရရာရကြောင်း တရားများလို့ နားလည်သဘောပေါက်နိုင်ပါတယ်။

Read more »

ဂုဏ၀န္တေ ပဿန္တိ ဇနာ…

``ဂုဏ၀န္တေ ပဿန္တိ ဇနာ`` ဒီစာကြောင်းလေးကို ဂုဏ်ရှိမှ လူမြင်၏လို့ တိုက်ရိုက်အဓိပ္ပါယ် ယူနိုင်ပါတယ်။ ခတ်ရိုင်းရိုင်းပြောရရင် အမြီးရှည်မှ လူရာဝင်တယ်၊ လူအထင်ကြီးတယ်လို့ အလွယ်နားလည်နိုင်ပါတယ်။ အားလုံးသိတဲ့အတိုင်း ခေတ်ကာလ အနေအထားအရ လူတွေဟာ များသောအားဖြင့် တစ်ဦးနဲ့တစ်ဦး ကြည့်တဲ့အခါ၊ ဆက်ဆံတဲ့အခါ ဒီဂုဏ်တွေကို ကြည့်ပြီးဆက်ဆံ ပြောဆိုနေကြတာကို တွေ့ရပါတယ်။ ယနေ့ခေတ်လူတွေ အထင်ကြီး သတ်မှတ်ကြတဲ့ ဂုဏ်တွေကတော့ ပညာဂုဏ်၊ ရာထူးဂုဏ်၊ ငွေဂုဏ်စတာတွေ ပါပဲ။ တကယ်တော့ ပညာဂုဏ်ဆိုတာထက် နောက်ကတပ်လို့ရတဲ့ ဘွဲ့ဒီဂရီတွေနဲ့ ရာထူးဂုဏ်လို့ပြောကြတဲ့ အပွင့်တွေ၊ အခက်တွေ၊ အရစ်တွေ စတာတွေကို ပိုပြီးမြင်ကြ၊ ကြည့်ကြ၊ ဆက်ဆံကြ၊ အရေးတယူပြုနေကြ တာတွေပါ။ ဒါကြောင့်လည်းပဲ လူတွေကြားမှာ အမျိုးမျိုးသော ဘွဲ့ထူးတွေ၊ ရာထူးတွေ၊ ဂုဏ်ထူးတွေ မရှိရှိတာ ရှာကြံတပ်နေကြရတာ ဖြစ်မှာပါ။ ဒီလို မရှိရှိတာ ရှာကြံတပ်ရာကနေပြီး နောက်ဆုံးတော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးတွေဟာ အကြွားသန်တဲ့ လူမျိုးတွေ ဖြစ်လာပါတော့တယ်။ ငကြွားတွေ ဖြစ်လာပါတော့တယ်။

ကြွားတာကတော့ ကမ်းကုန်အောင်ပါပဲ။ ဘာလေးပဲလုပ်လုပ်၊ ဘာပွဲလေးပဲ လုပ်လုပ် စုံနေအောင်ကို တပ်ပါတော့တယ်။ မင်္ဂလာဆောင်မှာရော၊ မွေးနေ့ပွဲမှာရော၊ ပါတီပွဲတွေမှာရော တပ်လိုက်တဲ့အမြီးတွေ စိုင်းဘုတ်တောင် မဆန့်ဖြစ်ရပါတယ်။ တစ်ချို့ဆို နိုင်ငံခြားမှာသွားပြီး သူများခိုင်းတာ အောက်ခြေသိမ်းလုပ်နေရ တာကိုပဲ ဂုဏ်ယူဝင့်ကြွားစွာ ဘယ်နိုင်ငံ၊ ဘယ်မြို့၊ ဘယ်အလုပ်ရုံမှာ ဘာလိုလို ညာလိုလိုဖြစ်အောင် တပ်လိုက်ကြပါသေးတယ်။ ယုတ်စွအဆုံး သေတာတောင်မှ နာရေးကြောငြာတွေမှာ ရှိသမျှဟာတွေကို ရှာကြံပြီး အမြီးရှည်အောင် လုပ်ကြပါသေးတယ်။ သေတဲ့သူက သေသွားပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက်က ကြွားပေးရဦးမှာကိုး။ ကြုံတုန်းဘုန်းဘုန်းတို့လည်း ကြွားလိုက်ရဦးမယ်။ ဘုန်းဘုန်းတို့က နိုင်ငံခြားမှာ နေတာဆိုတော့ နိုင်ငံခြားသားအသိများရဲ့ လိပ်စာကဒ်တွေ၊ မြန်မာပြည်မှာရှိတဲ့ သူတွေရဲ့ လိပ်စာကဒ်တွေ အစုံရှိပါတယ်။ ဒီလိပ်စာကဒ်တွေ ယှဉ်ကြည့်လိုက်တော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများရဲ့ ကဒ်တွေက ပိုပြီးစာတွေများနေတာကို တွေ့ရပါတယ်။ ရှင်းအောင်ပြောရရင် နာမည်ရဲ့နောက်မှာ ဘွဲ့၊ ဒီဂရီ၊ ရာထူးဌာနန္တရတွေ အကုန်တပ်ထားတာကို ပြောတာပါ။ နိုင်ငံခြားသားများရဲ့ ကဒ်တွေမှာတော့ အမည်လောက်ပဲတပ်ပြီး လိုအပ်မှ လက်ရှိလုပ်နေတဲ့ နေရာ၊ ရာထူးလေးကို တပ်ကြတာတွေ့ရပါတယ်။ ထားပါတော့…။

အမှန်တော့ ဒီလိုနောက်က ဘွဲ့ထူးဂုဏ်ထူးတွေ တပ်ရတာကလည်း တပ်တဲ့သူတွေက တပ်ချင်လို့တပ်ကြတာ မဟုတ်ပါဘူး။ ခေတ်ကာလ အခြေအနေအရ တပ်ကြရတာပါ။ အထူးသဖြင့် အပေါ်ယံအပြင်ကိုပဲ ကြည့်တတ်တဲ့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများရဲ့ အကြည့်တွေကြောင့် တပ်ရတာပါ။ ယနေ့ခေတ် မြန်မာလူမျိုးများဟာ အရည်အချင်းထက် အရေအတွက်ကိုပိုပြီး ဦးစားပေးနေတာကြောင့်လည်း တစ်ချို့မတပ်ချင်ပေမယ့် အရေအတွက်လေးတွေ ပြနေရတဲ့ အနေအထားပါ။ ဒါမှလည်း အလုပ်လုပ်တဲ့အခါမှာ အဆင်ပြေချောမွေ့ကြတာပါ။ ကိုယ်ကိုယ်တိုင်က အရည်အချင်းတွေ တဖြည်းဖြည်း နည်းလာကြတော့ သူများကို ကြည့်တဲ့အခါမှာလည်း အဲဒီသူရဲ့ ပင်ကိုယ်အရည်အချင်းထက် နောက်ဆုံးအလွယ်တကူ သိလို့ရတဲ့ နောက်က ဘွဲ့ဒီဂရီလေးတွေကိုပဲကြည့်ပြီး အင်း… ဒီလူကတော့ ဒီလိုတော့ ဖြစ်လိမ့်မယ်လို့ ယူဆကြတော့တာပါ။ ကိုယ်ကိုယ်တိုင်က မသိထားတဲ့အခါကျတော့ ဘွဲ့ထူး၊ ဂုဏ်ထူးရှိတဲ့သူ ပြောတာကိုပဲ အမှန်လို့ မှတ်ယူကြတော့တာပါ။

လူမပြောနဲ့ ဘုန်းကြီးတွေပြောတာကိုလည်း အဲဒီလို တွက်ကြပါတယ်။ ဓမ္မာစရိယ ဘီအေ၊ အမ်မ်အေ စတဲ့ဘွဲ့ရ ဘုန်းကြီးကလည်း ခန္ဓာငါးပါးရှိကြောင်း၊ သစ္စာလေးပါးရှိကြောင်း စတာတွေပြောသလို ဘာဘွဲ့မှ မရတဲ့ ဘုန်းကြီးလည်း တစ်ထပ်တည်းစာပေအတိုင်း ပြောပါတယ်။ အဲဒီအခါမှာ မှတ်သားနာယူ၊ နားထောင်တဲ့သူက ဘယ်လိုတွေးလိုက်လဲဆိုတော့ ``အင်း… ဒီဘုန်းဘုန်းပြောတာက ပိုပြီးမှန်နိုင်တယ်၊ တိကျနိုင်တယ်… ဘာဖြစ်လို့လည်းဆိုတော့ အဲဒီဘုန်းဘုန်းက ဓမ္မာစရိယရော လောကီဘွဲ့တွေရော ရထားတာလေ…``လို့ သူ့အမြင်နဲ့ သူသိသလောက်နဲ့၊ သူရှိတဲ့အရည်အချင်းလောက်နဲ့ တိုင်းတာ ဆုံးဖြတ်လိုက်ပါတယ်။ အမှန်တော့ နှစ်ပါးလုံးတိတိကျကျ မှန်မှန်ကန်ကန် ပြောဆို ဟောပြောကြတာပါ။ ဒါပေမယ့် မြင်တဲ့သူက တရားထက် နောက်က ဂုဏ်ကိုသွားမြင်လိုက်တာပါ။ ဒီလို အခြေအနေမျိုးက မြန်မာပြည်မှာ အများကြီးပါ။ ဒါကြောင့်လည်း လူ့လောကမှာရော ဘုန်းကြီးလောကမှာပါ အရည်အချင်းထက် အရေအတွက်တွေ များအောင် လုပ်လာကြတော့တာပါ။ အဲလိုမှ မလုပ်ရင်လည်း အလုပ်လုပ်တဲ့အခါမှာ အဆင်မပြေကြတော့တဲ့ အနေအထားတွေ ဖြစ်လာပါတယ်။ ဘုန်းဘုန်းတို့ လူမျိုးတွေကလည်း သိတဲ့အတိုင်းပဲ ဘုရားတောင်မှ ရွှေရှိမှ ကိုးကွယ်ချင်ကြတာလေ… ရွှေမရှိတဲ့ဘုရား လူမလာကြပါဘူး။ ဒါကြောင့် လူလာအောင် လူမြင်အောင်ဆိုပြီး နောက်က မရှိရှိတာ ရှာတပ်ကြရခြင်း ဖြစ်ပါတယ်။ တပ်သူရဲ့ အပြစ်မဟုတ်ပါဘူး… မြင်သူတွေက ဒီလိုမြင်လာကြတာကိုး…။ ဒါကြောင့် တစ်ချို့ အလုပ်ကြီးလုပ်တဲ့ ရဟန်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ပထမလူအထင်ကြီးအောင် လုပ်ပြကြရတာပါ။ လူအထင်ကြီးအောင်ဆိုတော့ လူတွေမြင်တတ်တဲ့ ရာထူး၊ ဘွဲ့ထူး၊ ဘာဂုဏ်၊ ညာဂုဏ်တွေ အရင်ပြပြီး ဆွဲဆောင်ကြရတာပါ။ ခုဆိုရင် နောက်က အမြီးတပ်သူတွေများလာတော့ သာမန်အမြီးလောက်နဲ့တောင် မရတော့ဘူး… ဒေါက်တာဆိုလား… ဘာဆိုလားတာတွေတောင် ရအောင်လုပ်ပြီး တပ်လာရပြန်ပါတယ်။ သာမန်ဘွဲ့လောက်ဆို သိပ်ပြီးအထင်ကြီးမှုက မရှိကြလေတော့ ဒေါက်တာဘွဲ့ရအောင် လုပ်လာရပြန်ပါတယ်။ ဒီဘွဲ့တောင်မှ ပြည်တွင်းဘွဲ့ဆို သိပ်အထင်မကြီးလို့ ပြည်ပဘွဲ့ကို ရအောင်လုပ်ရပြန်ပါတယ်။ ဒီလိုသာ လူအထင်ကြီးအောင် လိုက်လုပ်နေရမယ် ဆိုရင်တော့ ဆုံးမှာမဟုတ်တော့ပါဘူး။ လူတွေမြင့်ဖို့အတွက် ဂုဏ်တွေရှိအောင် လုပ်နေရမယ်ဆိုရင် ပြီးမှာမဟုတ်တော့ပါဘူး။

တကယ်တော့ ဘုန်းဘုန်းတို့ လူတွေဟာ အမြင်တွေလွဲနေကြတာပါ။ မှန်ပါတယ်။ ဘာသာတရား ရှုထောင့်ကကြည့်ရင်လည်း ဂုဏ်ကိုကြည့်ရပါမယ်။ မြင်တတ်ရပါမယ်။ ကိုယ်ကိုးကွယ် ဆည်းကပ်မယ့် ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကိုကြည့်ပြီး ကိုးကွယ်တတ်ရပါမယ်။ ဒါပေမယ့် ဒီကနေ့ လူတွေမြင်ကြတဲ့ ဘွဲ့ထူး၊ ရာထူးဂုဏ်၊ ငွေဂုဏ်ကြေးဂုဏ်၊ ကျော်ကြားမှုဂုဏ်တွေ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ရော၊ ကိုယ်အထင်ကြီးခံ၊ ကိုးကွယ်ခံမယ့်သူများ ပြည့်စုံရမယ့်၊ ရှိသင့်တဲ့ဂုဏ်တွေက ကိုယ်ကျင့်သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေပါ။ ဒီဂုဏ်တွေကသာ တကယ့်စစ်မှန်တဲ့ ဂုဏ်တွေပါ။ ဒေါက်တာတွေ၊ လောကသတ်မှတ်ထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ဘယ်လောက်ပဲ ရရှိနေပါစေ ကိုယ်ကျင့်သီလမကောင်းဘူး၊ အကျင့်စရိုက်မကောင်းဘူးဆိုရင် ရထားတဲ့ ဘွဲ့ဒီဂရီတွေဆိုတာ အလကားပါ။ ဒီလို ကိုယ်ကျင့်သီလမကောင်းဘဲ တခြားဘွဲ့တွေနဲ့ အထက်ရောက်နေခဲ့မယ်ဆိုလည်း ခဏပါပဲ။ မမြဲပါဘူး။ ကိုယ်ကျင့်သီလမြဲမှ ကိုယ်လည်းမြဲမှာပါ။ ဒီလို သီလ၊ သမာဓိ၊ ပညာဂုဏ်တွေ ရှိနေမယ်၊ ပြည့်စုံနေမယ်ဆိုပါက တစ်ခြားအရာတွေဟာ တောင့်တစရာ မလိုဘဲ အလိုလိုရောက်လာမှာပါ။ အဓိကကတော့ ကိုယ့်ကိုယ်ကို အကျင့်သီလဂုဏ်ရှိအောင် အရင်ကြိုးစားဖို့ လိုပါတယ်။ ဒီဂုဏ်တွေသာ ရှိထားမယ်ဆိုရင် လူအထင်ကြီးအောင်၊ ထင်ပေါ်ကျော်ကြားအောင် တကူးတက လုပ်စရာကို မလိုဘဲ သူ့အလိုလို လှူဒါန်းပေးကမ်း၊ ပူဇော်ချီးမြှောက်မယ့်သူတွေ ရရှိ၊ ရောက်ရှိလာမှာပါ။

အမှန်တော့ ဂုဏ်ရှိမှ လူရာဝင်တဲ့၊ လူအထင်ကြီးတဲ့ လောကကြီးမှာ လူတွေအထင်ကြီးဖို့အတွက် ဘွဲ့ထူးရာထူး၊ ဂုဏ်ထူးတွေ ရအောင်၊ များအောင် ကြိုးစားတာထက် ကိုယ့်ကိုယ်ကို ကိုယ်အထင်ကြီးနိုင်အောင်၊ ကိုယ့်ကိုယ်ကို ကိုယ်ကြည့်ညိုနိုင်အောင် အရင်လုပ်ဖို့လိုပါတယ်။ လောကလူသားတွေကတော့ ကိုယ့်ရဲ့နောက်က အမြီးကိုကြည့်ပြီး အထင်ကြီးတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုကတော့ ဒီဂုဏ်တွေထက် ကိုယ်ကိုယ်တိုင်ပဲ သိနိုင်တဲ့ ``ငါဘယ်လောက် အကျင့်သီလကောင်းတယ်`` ဆိုတဲ့ အချက်ကသာ အထင်ကြီးနိုင်၊ ကြည်ညိုနိုင်တာပါ။ ဒါကြောင့် ``လောကလူတွေ မြင်ဖို့မလိုပါဘူး၊ ကိုယ့်ကိုယ်ကို မြင်ဖို့လိုပါတယ်။ လောကလူတွေ အထင်ကြီးဖို့ မလိုပါဘူး ကိုယ့်ကိုယ်ကိုသာ အထင်ကြီးဖို့လိုပါတယ်။ လောကလူတွေ ကြည်ညိုအောင် ကြိုးစားဖို့ မလိုပါဘူး၊ ကိုယ့်ကိုယ်ကိုသာ ကြည်ညိုနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။`` လို့ ဆိုလိုက်ရခြင်း ဖြစ်ပါတယ်။ အာလုံး ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်ကြပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ