ဂုဏ၀န္တေ ပဿန္တိ ဇနာ…

``ဂုဏ၀န္တေ ပဿန္တိ ဇနာ`` ဒီစာကြောင်းလေးကို ဂုဏ်ရှိမှ လူမြင်၏လို့ တိုက်ရိုက်အဓိပ္ပါယ် ယူနိုင်ပါတယ်။ ခတ်ရိုင်းရိုင်းပြောရရင် အမြီးရှည်မှ လူရာဝင်တယ်၊ လူအထင်ကြီးတယ်လို့ အလွယ်နားလည်နိုင်ပါတယ်။ အားလုံးသိတဲ့အတိုင်း ခေတ်ကာလ အနေအထားအရ လူတွေဟာ များသောအားဖြင့် တစ်ဦးနဲ့တစ်ဦး ကြည့်တဲ့အခါ၊ ဆက်ဆံတဲ့အခါ ဒီဂုဏ်တွေကို ကြည့်ပြီးဆက်ဆံ ပြောဆိုနေကြတာကို တွေ့ရပါတယ်။ ယနေ့ခေတ်လူတွေ အထင်ကြီး သတ်မှတ်ကြတဲ့ ဂုဏ်တွေကတော့ ပညာဂုဏ်၊ ရာထူးဂုဏ်၊ ငွေဂုဏ်စတာတွေ ပါပဲ။ တကယ်တော့ ပညာဂုဏ်ဆိုတာထက် နောက်ကတပ်လို့ရတဲ့ ဘွဲ့ဒီဂရီတွေနဲ့ ရာထူးဂုဏ်လို့ပြောကြတဲ့ အပွင့်တွေ၊ အခက်တွေ၊ အရစ်တွေ စတာတွေကို ပိုပြီးမြင်ကြ၊ ကြည့်ကြ၊ ဆက်ဆံကြ၊ အရေးတယူပြုနေကြ တာတွေပါ။ ဒါကြောင့်လည်းပဲ လူတွေကြားမှာ အမျိုးမျိုးသော ဘွဲ့ထူးတွေ၊ ရာထူးတွေ၊ ဂုဏ်ထူးတွေ မရှိရှိတာ ရှာကြံတပ်နေကြရတာ ဖြစ်မှာပါ။ ဒီလို မရှိရှိတာ ရှာကြံတပ်ရာကနေပြီး နောက်ဆုံးတော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးတွေဟာ အကြွားသန်တဲ့ လူမျိုးတွေ ဖြစ်လာပါတော့တယ်။ ငကြွားတွေ ဖြစ်လာပါတော့တယ်။

ကြွားတာကတော့ ကမ်းကုန်အောင်ပါပဲ။ ဘာလေးပဲလုပ်လုပ်၊ ဘာပွဲလေးပဲ လုပ်လုပ် စုံနေအောင်ကို တပ်ပါတော့တယ်။ မင်္ဂလာဆောင်မှာရော၊ မွေးနေ့ပွဲမှာရော၊ ပါတီပွဲတွေမှာရော တပ်လိုက်တဲ့အမြီးတွေ စိုင်းဘုတ်တောင် မဆန့်ဖြစ်ရပါတယ်။ တစ်ချို့ဆို နိုင်ငံခြားမှာသွားပြီး သူများခိုင်းတာ အောက်ခြေသိမ်းလုပ်နေရ တာကိုပဲ ဂုဏ်ယူဝင့်ကြွားစွာ ဘယ်နိုင်ငံ၊ ဘယ်မြို့၊ ဘယ်အလုပ်ရုံမှာ ဘာလိုလို ညာလိုလိုဖြစ်အောင် တပ်လိုက်ကြပါသေးတယ်။ ယုတ်စွအဆုံး သေတာတောင်မှ နာရေးကြောငြာတွေမှာ ရှိသမျှဟာတွေကို ရှာကြံပြီး အမြီးရှည်အောင် လုပ်ကြပါသေးတယ်။ သေတဲ့သူက သေသွားပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက်က ကြွားပေးရဦးမှာကိုး။ ကြုံတုန်းဘုန်းဘုန်းတို့လည်း ကြွားလိုက်ရဦးမယ်။ ဘုန်းဘုန်းတို့က နိုင်ငံခြားမှာ နေတာဆိုတော့ နိုင်ငံခြားသားအသိများရဲ့ လိပ်စာကဒ်တွေ၊ မြန်မာပြည်မှာရှိတဲ့ သူတွေရဲ့ လိပ်စာကဒ်တွေ အစုံရှိပါတယ်။ ဒီလိပ်စာကဒ်တွေ ယှဉ်ကြည့်လိုက်တော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများရဲ့ ကဒ်တွေက ပိုပြီးစာတွေများနေတာကို တွေ့ရပါတယ်။ ရှင်းအောင်ပြောရရင် နာမည်ရဲ့နောက်မှာ ဘွဲ့၊ ဒီဂရီ၊ ရာထူးဌာနန္တရတွေ အကုန်တပ်ထားတာကို ပြောတာပါ။ နိုင်ငံခြားသားများရဲ့ ကဒ်တွေမှာတော့ အမည်လောက်ပဲတပ်ပြီး လိုအပ်မှ လက်ရှိလုပ်နေတဲ့ နေရာ၊ ရာထူးလေးကို တပ်ကြတာတွေ့ရပါတယ်။ ထားပါတော့…။

အမှန်တော့ ဒီလိုနောက်က ဘွဲ့ထူးဂုဏ်ထူးတွေ တပ်ရတာကလည်း တပ်တဲ့သူတွေက တပ်ချင်လို့တပ်ကြတာ မဟုတ်ပါဘူး။ ခေတ်ကာလ အခြေအနေအရ တပ်ကြရတာပါ။ အထူးသဖြင့် အပေါ်ယံအပြင်ကိုပဲ ကြည့်တတ်တဲ့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများရဲ့ အကြည့်တွေကြောင့် တပ်ရတာပါ။ ယနေ့ခေတ် မြန်မာလူမျိုးများဟာ အရည်အချင်းထက် အရေအတွက်ကိုပိုပြီး ဦးစားပေးနေတာကြောင့်လည်း တစ်ချို့မတပ်ချင်ပေမယ့် အရေအတွက်လေးတွေ ပြနေရတဲ့ အနေအထားပါ။ ဒါမှလည်း အလုပ်လုပ်တဲ့အခါမှာ အဆင်ပြေချောမွေ့ကြတာပါ။ ကိုယ်ကိုယ်တိုင်က အရည်အချင်းတွေ တဖြည်းဖြည်း နည်းလာကြတော့ သူများကို ကြည့်တဲ့အခါမှာလည်း အဲဒီသူရဲ့ ပင်ကိုယ်အရည်အချင်းထက် နောက်ဆုံးအလွယ်တကူ သိလို့ရတဲ့ နောက်က ဘွဲ့ဒီဂရီလေးတွေကိုပဲကြည့်ပြီး အင်း… ဒီလူကတော့ ဒီလိုတော့ ဖြစ်လိမ့်မယ်လို့ ယူဆကြတော့တာပါ။ ကိုယ်ကိုယ်တိုင်က မသိထားတဲ့အခါကျတော့ ဘွဲ့ထူး၊ ဂုဏ်ထူးရှိတဲ့သူ ပြောတာကိုပဲ အမှန်လို့ မှတ်ယူကြတော့တာပါ။

လူမပြောနဲ့ ဘုန်းကြီးတွေပြောတာကိုလည်း အဲဒီလို တွက်ကြပါတယ်။ ဓမ္မာစရိယ ဘီအေ၊ အမ်မ်အေ စတဲ့ဘွဲ့ရ ဘုန်းကြီးကလည်း ခန္ဓာငါးပါးရှိကြောင်း၊ သစ္စာလေးပါးရှိကြောင်း စတာတွေပြောသလို ဘာဘွဲ့မှ မရတဲ့ ဘုန်းကြီးလည်း တစ်ထပ်တည်းစာပေအတိုင်း ပြောပါတယ်။ အဲဒီအခါမှာ မှတ်သားနာယူ၊ နားထောင်တဲ့သူက ဘယ်လိုတွေးလိုက်လဲဆိုတော့ ``အင်း… ဒီဘုန်းဘုန်းပြောတာက ပိုပြီးမှန်နိုင်တယ်၊ တိကျနိုင်တယ်… ဘာဖြစ်လို့လည်းဆိုတော့ အဲဒီဘုန်းဘုန်းက ဓမ္မာစရိယရော လောကီဘွဲ့တွေရော ရထားတာလေ…``လို့ သူ့အမြင်နဲ့ သူသိသလောက်နဲ့၊ သူရှိတဲ့အရည်အချင်းလောက်နဲ့ တိုင်းတာ ဆုံးဖြတ်လိုက်ပါတယ်။ အမှန်တော့ နှစ်ပါးလုံးတိတိကျကျ မှန်မှန်ကန်ကန် ပြောဆို ဟောပြောကြတာပါ။ ဒါပေမယ့် မြင်တဲ့သူက တရားထက် နောက်က ဂုဏ်ကိုသွားမြင်လိုက်တာပါ။ ဒီလို အခြေအနေမျိုးက မြန်မာပြည်မှာ အများကြီးပါ။ ဒါကြောင့်လည်း လူ့လောကမှာရော ဘုန်းကြီးလောကမှာပါ အရည်အချင်းထက် အရေအတွက်တွေ များအောင် လုပ်လာကြတော့တာပါ။ အဲလိုမှ မလုပ်ရင်လည်း အလုပ်လုပ်တဲ့အခါမှာ အဆင်မပြေကြတော့တဲ့ အနေအထားတွေ ဖြစ်လာပါတယ်။ ဘုန်းဘုန်းတို့ လူမျိုးတွေကလည်း သိတဲ့အတိုင်းပဲ ဘုရားတောင်မှ ရွှေရှိမှ ကိုးကွယ်ချင်ကြတာလေ… ရွှေမရှိတဲ့ဘုရား လူမလာကြပါဘူး။ ဒါကြောင့် လူလာအောင် လူမြင်အောင်ဆိုပြီး နောက်က မရှိရှိတာ ရှာတပ်ကြရခြင်း ဖြစ်ပါတယ်။ တပ်သူရဲ့ အပြစ်မဟုတ်ပါဘူး… မြင်သူတွေက ဒီလိုမြင်လာကြတာကိုး…။ ဒါကြောင့် တစ်ချို့ အလုပ်ကြီးလုပ်တဲ့ ရဟန်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ပထမလူအထင်ကြီးအောင် လုပ်ပြကြရတာပါ။ လူအထင်ကြီးအောင်ဆိုတော့ လူတွေမြင်တတ်တဲ့ ရာထူး၊ ဘွဲ့ထူး၊ ဘာဂုဏ်၊ ညာဂုဏ်တွေ အရင်ပြပြီး ဆွဲဆောင်ကြရတာပါ။ ခုဆိုရင် နောက်က အမြီးတပ်သူတွေများလာတော့ သာမန်အမြီးလောက်နဲ့တောင် မရတော့ဘူး… ဒေါက်တာဆိုလား… ဘာဆိုလားတာတွေတောင် ရအောင်လုပ်ပြီး တပ်လာရပြန်ပါတယ်။ သာမန်ဘွဲ့လောက်ဆို သိပ်ပြီးအထင်ကြီးမှုက မရှိကြလေတော့ ဒေါက်တာဘွဲ့ရအောင် လုပ်လာရပြန်ပါတယ်။ ဒီဘွဲ့တောင်မှ ပြည်တွင်းဘွဲ့ဆို သိပ်အထင်မကြီးလို့ ပြည်ပဘွဲ့ကို ရအောင်လုပ်ရပြန်ပါတယ်။ ဒီလိုသာ လူအထင်ကြီးအောင် လိုက်လုပ်နေရမယ် ဆိုရင်တော့ ဆုံးမှာမဟုတ်တော့ပါဘူး။ လူတွေမြင့်ဖို့အတွက် ဂုဏ်တွေရှိအောင် လုပ်နေရမယ်ဆိုရင် ပြီးမှာမဟုတ်တော့ပါဘူး။

တကယ်တော့ ဘုန်းဘုန်းတို့ လူတွေဟာ အမြင်တွေလွဲနေကြတာပါ။ မှန်ပါတယ်။ ဘာသာတရား ရှုထောင့်ကကြည့်ရင်လည်း ဂုဏ်ကိုကြည့်ရပါမယ်။ မြင်တတ်ရပါမယ်။ ကိုယ်ကိုးကွယ် ဆည်းကပ်မယ့် ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကိုကြည့်ပြီး ကိုးကွယ်တတ်ရပါမယ်။ ဒါပေမယ့် ဒီကနေ့ လူတွေမြင်ကြတဲ့ ဘွဲ့ထူး၊ ရာထူးဂုဏ်၊ ငွေဂုဏ်ကြေးဂုဏ်၊ ကျော်ကြားမှုဂုဏ်တွေ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ရော၊ ကိုယ်အထင်ကြီးခံ၊ ကိုးကွယ်ခံမယ့်သူများ ပြည့်စုံရမယ့်၊ ရှိသင့်တဲ့ဂုဏ်တွေက ကိုယ်ကျင့်သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေပါ။ ဒီဂုဏ်တွေကသာ တကယ့်စစ်မှန်တဲ့ ဂုဏ်တွေပါ။ ဒေါက်တာတွေ၊ လောကသတ်မှတ်ထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ဘယ်လောက်ပဲ ရရှိနေပါစေ ကိုယ်ကျင့်သီလမကောင်းဘူး၊ အကျင့်စရိုက်မကောင်းဘူးဆိုရင် ရထားတဲ့ ဘွဲ့ဒီဂရီတွေဆိုတာ အလကားပါ။ ဒီလို ကိုယ်ကျင့်သီလမကောင်းဘဲ တခြားဘွဲ့တွေနဲ့ အထက်ရောက်နေခဲ့မယ်ဆိုလည်း ခဏပါပဲ။ မမြဲပါဘူး။ ကိုယ်ကျင့်သီလမြဲမှ ကိုယ်လည်းမြဲမှာပါ။ ဒီလို သီလ၊ သမာဓိ၊ ပညာဂုဏ်တွေ ရှိနေမယ်၊ ပြည့်စုံနေမယ်ဆိုပါက တစ်ခြားအရာတွေဟာ တောင့်တစရာ မလိုဘဲ အလိုလိုရောက်လာမှာပါ။ အဓိကကတော့ ကိုယ့်ကိုယ်ကို အကျင့်သီလဂုဏ်ရှိအောင် အရင်ကြိုးစားဖို့ လိုပါတယ်။ ဒီဂုဏ်တွေသာ ရှိထားမယ်ဆိုရင် လူအထင်ကြီးအောင်၊ ထင်ပေါ်ကျော်ကြားအောင် တကူးတက လုပ်စရာကို မလိုဘဲ သူ့အလိုလို လှူဒါန်းပေးကမ်း၊ ပူဇော်ချီးမြှောက်မယ့်သူတွေ ရရှိ၊ ရောက်ရှိလာမှာပါ။

အမှန်တော့ ဂုဏ်ရှိမှ လူရာဝင်တဲ့၊ လူအထင်ကြီးတဲ့ လောကကြီးမှာ လူတွေအထင်ကြီးဖို့အတွက် ဘွဲ့ထူးရာထူး၊ ဂုဏ်ထူးတွေ ရအောင်၊ များအောင် ကြိုးစားတာထက် ကိုယ့်ကိုယ်ကို ကိုယ်အထင်ကြီးနိုင်အောင်၊ ကိုယ့်ကိုယ်ကို ကိုယ်ကြည့်ညိုနိုင်အောင် အရင်လုပ်ဖို့လိုပါတယ်။ လောကလူသားတွေကတော့ ကိုယ့်ရဲ့နောက်က အမြီးကိုကြည့်ပြီး အထင်ကြီးတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုကတော့ ဒီဂုဏ်တွေထက် ကိုယ်ကိုယ်တိုင်ပဲ သိနိုင်တဲ့ ``ငါဘယ်လောက် အကျင့်သီလကောင်းတယ်`` ဆိုတဲ့ အချက်ကသာ အထင်ကြီးနိုင်၊ ကြည်ညိုနိုင်တာပါ။ ဒါကြောင့် ``လောကလူတွေ မြင်ဖို့မလိုပါဘူး၊ ကိုယ့်ကိုယ်ကို မြင်ဖို့လိုပါတယ်။ လောကလူတွေ အထင်ကြီးဖို့ မလိုပါဘူး ကိုယ့်ကိုယ်ကိုသာ အထင်ကြီးဖို့လိုပါတယ်။ လောကလူတွေ ကြည်ညိုအောင် ကြိုးစားဖို့ မလိုပါဘူး၊ ကိုယ့်ကိုယ်ကိုသာ ကြည်ညိုနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။`` လို့ ဆိုလိုက်ရခြင်း ဖြစ်ပါတယ်။ အာလုံး ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်ကြပါစေ…

Read more »

အရှင်အာနန္ဒာနှင့် စပ်လျဉ်း၍…

Q. ဘုန်းဘုန်းဘုရား…
အရှင်အာနန္ဒာဟာ ဗဟုသုတအရာ၊ သတိမမေ့သည့်အရာ၊ ပညာလျင်သည့်အရာ၊ လုံ့လရှိသည့်အရာ၊ အလုပ်အကျွေးကောင်းအရာ ဧတဒဂ်ငါးခု ရတယ်လို့ ဘုန်းဘုန်းပို့စ်မှာ ဖတ်ရပါတယ်။ (၁) ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာနဲ့ လုံ့လဧတဒဂ်ရတဲ့ အရှင်သောဏတို့နဲ့ အရှင်အာနန္နာရတဲ့ ဧတဒဂ် ဘယ်လို ကွာပါသလဲဘုရား။ (၂) ဒီလောက် ဥာဏ်ကြီးတဲ့ အရှင်အာနန္ဒာဟာ မြတ်စွာဘုရားကို လုပ်ကျွေးချင်လို့ သောတာပန် ဘဝမှာပဲ ဆက်နေတာလား၊ အထက်မဂ်တွေရအောင် အားမထုတ်ဘဲ ရပ်ထားတာလား ရှင်းပြစေလိုပါတယ်ဘုရား။
မျိုးဝေ

A. မေးခွန်းများကို တိုက်ရိုက်မဖြေခင် အရှင်အာနန္ဒာမထေရ်ရဲ့ ကြည်ညိုဖွယ်ဂုဏ်လေးကို ပြောပြလိုပါတယ်။ အရှင်အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရားရှင်ရဲ့ အလုပ်အကျွေးရဟန်းတော် ဖြစ်တဲ့အပြင် ဘုရားရှင်နဲ့ တစ်ပြိုင်တည်း ဖွားတော်မူတဲ့ ပါရမီရှင် ဖွားဖက်တော်လည်း ဖြစ်ပါတယ်။ အလုပ်အကျွေးဆိုပေမယ့် ဘုရားရှင် ဘုရားဖြစ်ဖြစ်ချင်း အလုပ်အကျွေးဖြစ်လာတာ မဟုတ်ပါဘူး။ ၀ါတော်နှစ်ဆယ်နောက်ပိုင်းမှ ပရိနိဗ္ဗာန်ပြုတော်မူတဲ့အထိ လုပ်ကျွေးတော်မူခဲ့တာပါ။ အရှင်အာနန္ဒာရဲ့ ထူးခြားကြည်ညိုဖွယ်ကောင်းတဲ့ အချက်က အလုပ်အကျွေးမဖြစ်ခင် မြတ်စွာဘုရားရှင်ကို အချက်လေးချက်စီ တောင်းဆိုပါတယ်။ အဲဒါတွေက လက်မခံဘဲ ပယ်တဲ့ဆုလေးဆုနဲ့ ယူတဲ့ဆုလေးဆုပဲ ဖြစ်ပါတယ်။ အရှင်အာနန္ဒာမထေရ် ပယ်တဲ့ဆုလေးဆုမှာ
၁။ မြတ်စွာဘုရားရှင် ရရှိတော်မူထားသည့် မွန်မြတ်သော ဆွမ်းကွမ်းပစ္စည်းများဖြင့် မိမိအား မချီးမြောက်ရန် (ထိုချီးမြောက်မှုကို လက်မခဲဘဲပယ်တော်မူခြင်း)
၂။ မွန်မြတ်သော သင်္ကန်းပစ္စည်းတို့ဖြင့် မချီးမြောက်ရန် (ထိုအချက်ကို လက်မခံဘဲ ပယ်တော်မူခြင်း)
၃။ ဘုရားရှင် ကျိန်းတော်မူသော ဂန္ဓကုဋီတိုက်သို့ဝင်၍ မိမိကိုလည်း အိပ်ခွင့်မပြုရန် (ထိုအချက်ကို လက်မခံဘဲ ပယ်တော်မူခြင်း)
၎။ ဆွမ်းဖိတ်သော ဒါယကာတို့အိမ်သို့ မိမိအား အမြဲခေါ်၍ ကြွတော်မမူရန် (ထိုအချက်ကိုလည်း လက်ခမံဘဲ ပယ်တော်မူခြင်း)
ဒီလေးချက်က အရှင်အာနန္ဒာမထေရ် ပယ်တော်မူတဲ့ ဆုလေးဆုပါ။ အရှင်အာနန္ဒာပယ်တော်မူတဲ့ အချက်တွေကို ကြည့်ပါက အရှင်မြတ်ရဲ့ဂုဏ်တွေကို ပိုပြီးကြည်ညိုစရာ တွေ့ရပါတယ်။ သာမန်သူများဆိုရင် အခွင်အရေးကိုပင် တကူးတက တောင်းဆိုနေကြတာပါ။

နောက် ယူတဲ့ဆုက
၁။ အရှင်အာနန္ဒာက မိမိကိုယ်တိုင် ၀န်ခံပြီး ဖိတ်မာန်ထားတဲ့ ဆွမ်းကို မြတ်စွာဘုရားရှင်မှ ခံယူတော်မူပေးရန် (ဒီအချက်ကို ဘုရားရှင်ထံမှ သဘောတူရယူတော်မူခြင်း)
၂။ အနီးအဝေး အရပ်အသီးသီးမှ ဘုရားဖူးရန် ရောက်လာသူများ ဘုရားဖူးဖို့အတွက် အရှင်အာနန္ဒာကို ချည်းကပ်အကူတောင်းလို့ အရှင်အာနန္ဒာမှ လျှောက်ထားတဲ့အခါ ဘုရားရှင်က လက်ခံဖူးမြင်ခွင့်ပြုရန် (ဒီအချက်ကို ဘုရားရှင်ထံမှ သဘောတူ ရယူတော်မူခြင်း)
၃။ အရှင်အာနန္ဒာအနေဖြင့် တစ်စုံတစ်ခုသော တရားမှာ ယုံမှားသံသယရှိလို့ ဘုရားရှင်ကို ဆည်းကပ်မေးလျှောက်သည့်အခါ ဘုရားရှင်မှ ဆည်းကပ်လျှောက်ထားခွင့်ပြုရန် (ဒီအချက်ကို ဘုရားရှင်ထံမှ သဘောတူ ရယူတော်မူခြင်း)
၎။ အရှင်အာနန္ဒာမပါဘဲ ဘုရားရှင်အနေဖြင့် တစ်ခြားတစ်နေရာရာသို့ ကြွရောက် တရားဟောတော်မူတဲ့အခါ မိမိအားတစ်ဖန် ပြန်ပြီးဟောကြားပေးရန် (ဒီအချက်ကိုလည်း ဘုရားရှင်ထံမှ သဘောတူ ရယူတော်မူခြင်း)
ဒီလေးချက်က အရှင်အာနန္ဒမထေရ် ယူတော်မူတဲ့ ဆုလေးပါးပါ။ အလုပ်အကျွေးမဖြစ်ခင် ပယ်တဲ့ဆု၊ ယူတဲ့ဆုတွေကို တောင်းဆိုပြီးဘုရားရှင်က ခွင့်ပြုတဲ့အချိန်မှ စ၍ တစ်စက်လေးမျှ ချို့ယွင်းချက်မရှိအောင် ပြုစုလုပ်ကျွေးတော်မူပါတယ်။ ဒီလို အဖက်ဖက်က ပြည့်စုံတော်မူတဲ့အတွက် မြတ်စွာဘုရားရှင်မှ အရှင်အာနန္ဒာ မထေရ်အား ထူးချွန်ဆု ဧတဒဂ် ငါးတန်နဲ့ သံဃာ့ပရိတ်သတ်အလယ်မှာ ချီးမြှောက်တော်မူပါတယ်။ အရှင်အာနန္ဒာ ရတော်မူတဲ့ ဧတဒဂ်ငါးမျိုးကို ပါဠိတော်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

``ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဗဟုဿုတာနံ ဘိက္ခူနံ၊ သတိမန္တာနံ ဘိက္ခူနံ၊ ဂတိမန္တာနံ ဘိက္ခူနံ၊ ဓိတိမန္တာနံ ဘိက္ခူနံ၊ ဥပဋ္ဌာပကာနံ ယဒိဒံ အာနန္ဒော`` ဒီစကားရပ်ကို တိုက်ရိုက်ပြန်ပြရရင်…
၁။ ရဟန်းတို့ အကြားအမြင် ဗဟုသုတများခြင်း ရှိကုန်သော ရဟန်းတို့တွင် အရှင်အာနန္ဒာသည် အသာဆုံး အမြတ်ဆုံးပေးတည်း။ (ဗဟုသုတအရာတွင် ဧတဒဂ်ရတော်မူခြင်း)
၂။ သတိရှိကုန်သော ရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေးတည်း။ (သတိအရာတွင် ဧတဒဂ်ရတော်မူခြင်း)
၃။ သိစွမ်းနိုင်သည့် ပညာရှိကုန်သော ရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေတည်း။ (ပညာအရာ ဧတဒဂ်ရတော်မူခြင်း)
၎။ လုံ့လရှိကုန်သော ရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေတည်း။ (၀ိရယအရာ ဧတဒဂ် ရတော်မူခြင်း)
၅။ အလုပ်အကျွေးရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေတည်း။ (အလုပ်အကျွေးအရာတွင် ဧတဒဂ် ရတော်မူခြင်း)။

(၁) ဒီငါးချက်ဟာ အရှင်အာနန္ဒာ ရတော်မူတဲ့ ဧတဒဂ်များဖြစ်ပါတယ်။ ဒီအချက်တွေထဲမှာ ပညာအရာ ဧတဒဂ်ရတော်မူတယ်ဆိုတာ အရှင်သာရိပုတ္တရာရရှိတော်မူတဲ့ ပညာဉာဏ်ကြီးမားမှုမှာ အသာဆုံးဆိုတဲ့ ဧတဒဂ်မျိုးမဟုတ်ပါဘူး။ အရှင်အာနန္ဒာရဲ့ ပညာအရာ ဧတဒဂ်က ဘုရားရှင်ဟောတော်မူတဲ့အတိုင်း အလုံးစုံသော ပုဒ်တို့ကို သိစွမ်းနိုင်တဲ့ ပညာကို ပြောတာပါ။ ဒီလိုပညာမျိုးမှာသာ အသာဆုံးလို့ ဆိုလိုတာပါ။ အရှင်သာရိပုတ္တရာရဲ့ ပညာဉာဏ်ကြီးမားမှုကတော့ အလုံးစုံသောအရာတွေမှာ ဉာဏ်ပညာကြီးမားမှုလို့ နားလည်နိုင်ပါတယ်။ ဒါကြောင့် အရှင်အာနန္ဒာရတဲ့ ပညာအရာ ဧတဒဂ်နှင့် အရှင်သာရိပုတ္တရာရဲ့ ဧတဒဂ်မတူပါဘူး။

နောက် အရှင်အာနန္ဒာရဲ့ လုံ့လအရာ ဧတဒဂ်ကလည်း အရှင်သောဏရတဲ့ ဧတဒဂ်နဲ့ မတူပါဘူး။ အရှင်သောဏက ထက်သန်ပြင်းပြသော လုံ့လအရာမှာ ဧတဒဂ်ရတာဖြစ်ပြီး အရှင်အာနန္ဒာကတော့ ဘုရားရှင်၏ စကားတော်ကို သင်ခြင်း၊ ဆောင်ခြင်း၊ သရဇ္ဈာယ်ခြင်းနှင့် ဘုရားရှင်ကို ဆည်းကပ်လုပ်ကျွေးခြင်း ဆိုတဲ့ လုံ့လအရာတို့မှာ အသာဆုံးအမြတ်ဆုံးလို့ ဆိုပါတယ်။ ဒါကြောင့် အရှင်သောဏရဲ့ လုံ့လအရာ ဧတဒဂ်နဲ့ အရှင်အာနန္ဒာရဲ့ လုံ့လအရာ ဧတဒဂ်တို့ဟာလည်း တူသလိုလိုနဲ့ မတူပါဘူး။

(၂) မှန်ပါတယ်။ အရှင်အာနန္ဒာဟာ ဘုရားရှင်ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ပထမသင်္ဂါယနာတင်ချိန်မှ ရဟန္တာအဖြစ်ကို ရောက်တော်မူပါတယ်။ ပညာဉာဏ်ကြီးပါလျက်နဲ့ ဘာကြောင့် ဘုရားရှင် သက်တော်ထင်ရှား ရှိချိန်မှာ ရဟန္တာမဖြစ်တာလဲဆိုတဲ့ အချက်ကတော့ ပါဠိတော်စာပေမှာ တိုက်ရိုက်မလာဘဲ ရဟန္တာဖြစ်တဲ့ အချိန်တွင် ဣရိယာပုတ်လေးပါးမှလွတ်ပြီး ရဟန္တာ ဖြစ်တော်မူကြောင်းပဲ တိုက်ရိုက်တွေ့ရပါတယ်။ ဘုန်းဘုန်းအမြင်ကတော့ အချိန်မတန်သေးတဲ့ အတွက်ကြောင့်လို့ မြင်ပါတယ်။ နောက်တစ်ချက်က ဒကာပြောသလို ဘုရားရှင်ကို အားရပါးရနဲ့ အချိန်ပြည့်လုပ်ကျွေးလိုတဲ့အတွက် ဆက်ပြီး တရားအားမထုတ်ဘဲ ရပ်ထားတာလဲ ဖြစ်နိုင်ပါတယ်။ ပြီးတော့ အရှင်မြတ်ရဲ့ အလုပ်အကျွေးဖြစ်ပြီး အချိန်တွေကို ပြန်ကြည့်မယ်ဆိုရင် အလွန်အမတန် အလုပ်ရှုပ်တာကို တွေ့ရပါတယ်။ ဘုရားရှင်ထံကိုပဲ တစ်နေ့၁၈ကြိမ် အခစားရောက်တယ်လို့ဆိုပါတယ်။ ရောက်တိုင်းရောက်တိုင်းလည်း သူကိုယ်တိုင်မေးတဲ့ မေးခွန်းတွေရော တစ်ခြားသူများကတစ်ဆင့် မေးစေတဲ့မေးခွန်းတွေရော ပါပါသွားတယ်လို့ ဆိုပါတယ်။ ဒီလိုဘုရားရှင်အကျိုး အများအကျိုးတွေကို ပြင်းထန်စွာလုပ်နေရတဲ့ အတွက်တရားအားထုတ်မှုမှာ အချိန်နည်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ အချိန်မတန်သေးလို့ပဲ ဖြစ်ပါတယ်။ အချိန်တန်တော့လည်း ထူးခြားစွာ ရဟန္တာဖြစ်သွားတော်မူတာပါပဲ။

Read more »

ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်…

ဘုန်းဘုန်းကို ဒကာမကြီးတစ်ယောက်က မေးဖူးပါတယ်။ ``အရှင်ဘုရား တပည့်တော်တို့မှာ အရမ်းဆင်းရဲတဲ့ အတွက် လှူဖို့မပြောနဲ့ တပည့်တော်တို့ စားဖို့တောင် အနိုင်နိုင်ကြိုးစား နေရပါတယ်။ ချမ်းသာတဲ့သူများ လှူနေတမ်းနေသလိုမျိုး မလှူနိုင်မတမ်းနိုင်တဲ့ တပည့်တော်တို့လို ဆင်းရဲသားများ ကုသိုလ်ရအောင် ဘယ်လိုလုပ်သင့်သလဲ… တပည့်တော်တို့ အခြေအနေမျိုးနဲ့ ကုသိုလ်ရစေ၊ ကုသိုလ်ဖြစ်စေတဲ့ နည်းများရှိရင် အမိန့်ရှိပေးပါ ဘုရား..``လို့ လျှောက်ဖူးပါတယ်။ ဘုန်းဘုန်းလည်း သူတို့လိုအခြေအနေဖြစ်နေတဲ့ မရှိဆင်းရဲသားများ ဘာမှမကုန်စေဘဲ ကုသိုလ်ရစေ၊ ကုသိုလ်ဖြစ်စေမယ့် နည်းလမ်းလေးများကို စာပေမှာလာတဲ့ အတိုင်းရှင်းလင်း ဟောကြားပေးလိုက်ရဖူးပါတယ်။

တကယ်တော့ ကုသိုလ်ဆိုတာ ပစ္စည်းဥစ္စာ ရှိမှ၊ လှူနိုင်တမ်းနိုင်မှ ရအောင်လုပ်နိုင်တာ၊ ဖြစ်အောင်လုပ်နိုင်တာ မဟုတ်ပါဘူး။ ဒါနမလုပ်နိုင်ပေမယ့် တစ်ခြားလုပ်နိုင်တဲ့ ကောင်းတဲ့အလုပ်လေးတွေ လုပ်ရင်းနဲ့လည်း ကုသိုလ်ဖြစ်အောင် လုပ်နိုင်ပါတယ်။ ဒါနမလုပ်လည်းပဲ ကုသိုလ်ဖြစ်စေနိုင်တဲ့ ကုသိုလ်ဖြစ်ကြောင်း တရားတွေကို လုပ်နိုင်ပါက ကုသိုလ်ဖြစ်စေ၊ ကုသိုလ်ရစေနိုင်ပါတယ်။ သိန်းနဲ့သန်းနဲ့ချီပြီး လှူနိုင်မှ မဟုတ်ပါဘူး။ ပစ္စည်းဥစ္စာကိုလှူဒါန်းပေးတဲ့ ဒါနကုသိုလ်မျိုး မလုပ်နိုင်ပေမယ့် တစ်ခြားကိုယ်တတ်နိုင်တဲ့ နည်းများဖြင့် ကုသိုလ်ဖြစ်အောင်၊ ကုသိုလ်ရအောင် လုပ်နိုင်ပါတယ်။ ဗုဒ္ဓစာပေမှာလည်း ကုသိုလ်ဖြစ်ကြောင်းတရား၊ တစ်နည်းအားဖြင့် ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်သော ကောင်းမှုကုသိုလ်မျိုး ဆယ်ပါးရှိကြောင်း ဖွင့်ပြပါတယ်။ အဲဒါကို စာပေက ပုညကြိယ၀တ္တုလို့ ဆိုပါတယ်။ (ပုည-ကောင်းမှုကုသိုလ်၊ ကြိယ- ပြုသင့်ပြုထိုက်သော၊ ၀တ္ထု- တည်ရာ) အဲဒီဆယ်မျိုးကတော့
၁။ ဒါန- ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း၊
၂။ သီလ- ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလသိက္ခာပုဒ်များ စောင့်ထိန်းခြင်း၊
၃။ ဘာဝနာ- သမထ၊ ၀ိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်း အားထုတ်ခြင်း၊
၎။ အပစာယန- အသက်၊ သိက္ခာ၊ ဂုဏ်ကြီးသူတို့အား အရိုအသေပြုခြင်း၊
၅။ ဝေယျာဝစ္စ- သူများကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်း၊
၆။ ပတ္တိဒါန- မိမိရသော၊ မိမိပြုသော ကုသိုလ်အဖို့ကို အမျှပေးဝေခြင်း၊
၇။ ပတ္တနုမောဒနာ- မိမိသို့ရောက်လာသော ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း
၈။ ဓမ္မဿဝန- တရားနာခြင်း၊
၉။ ဓမ္မဒေသနာ- လာဘ်လာဘကို မငဲ့ဘဲ တရားဟောပေးခြင်း၊
၁၀။ ဒိဋ္ဌိဇုကမ္မ- အယူကို ဖြောင့်မတ်စွာပြုခြင်း တို့ပဲဖြစ်ပါတယ်။

ဒီပုညကြိယာဝတ္ထုဆယ်ပါးကို ကြည့်မယ်ဆိုရင် ကုသိုလ်ဖြစ်ဖို့၊ ကုသိုလ်ရဖို့ဆိုတာ မခက်ပါဘူး။ ဒီဆယ်ပါးထဲမှာ ကိုယ်ကဘာမှ မရင်းနှီးရ၊ အားမစိုက်ရဘဲ ကုသိုလ်ဖြစ်စေနိုင်တဲ့ အရာတွေအများကြီး ရှိပါတယ်။ လူတိုင်းစိတ်ထားတတ်မယ်ဆိုရင် ဒီဆယ်ပါးထဲက တစ်ခုမဟုတ်၊ တစ်ခုဖြစ်နေပြီး နေ့စဉ်ကုသိုလ်တစ်ခုခု ရနေကြမယ်ဆိုတာ အထူးပြောဆိုရာ မလိုလောက်အောင်ပါပဲ။ ဒီဆယ်ပါးထဲမှာ ကိုယ်ကဆင်းရဲလို့၊ ငွေကြေးမပြည့်စုံလို့ အလှူဒါန မလုပ်နိုင်ပေမယ့် သူများလှူတဲ့အလှူကို သာဓုခေါ်ပေးရုံနဲ့ ကိုယ့်အတွက် ကုသိုလ်ဖြစ်သွား၊ ကောင်းကျိုးဖြစ်သွားအောင် လုပ်လို့ရပါတယ်။ သူများအလှူမှာ သွားရောက်ပြီး ၀ိုင်းဝန်းဝေယျာဝစ္စပြုပေးရုံနဲ့ ကိုယ့်အတွက် ကောင်းကျိုးဖြစ်စေပါတယ်။ ပြီးတော့ အလှူပွဲမှာ ဟောကြားတဲ့တရားတော်ကို နာယူနိုင်၊ နာယူပြီး ပြန်လာတဲ့အခါ ကိုယ်မိသားစု၊ သူငယ်ချင်းအပေါင်းအသင်း စသူတို့ကို တစ်ဆင့်ပြန်ဟောပြောပေး၊ ပြန်လည်အမျှဝေပေးရင်လည်း ကုသိုလ်ထပ်ဖြစ်စေပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးချဲ့ပြောနိုင်ပါတယ်။ သေချာတာက ကုသိုလ်ရဖို့ လွယ်တယ်ဆိုတာပါ။ နောက်ပြီး ဘာမှမရင်းလိုက်ရဘဲ အလွယ်ရတဲ့ ကုသိုလ်လေးတစ်ခု ဒီဆယ်မျိုးထဲမှာ ပါပါတယ်။ အဲဒါက အပစာယနဆိုတဲ့ မိမိထက် အသက်သိက္ခာဂုဏ်ကြီးသူတွေကို အရိုအသေပြုတဲ့ အချက်ပါ။ သွားရင်းလာရင်းနဲ့လည်း ရောက်လေရာအရပ်တွေမှာ သက်ကြီးရွယ်အိုများကို ကူညီပေးလိုက်ရုံ၊ ရိုရိုသေသေ လေးလေးစားစား ပြုပေးလိုက်ရုံနဲ့ ကိုယ့်အတွက် ကောင်းကျိုးဖြစ်သွားစေပါတယ်။ ဒီလိုလုပ်ပေးတာဟာ မင်္ဂလာတရားတော်နဲ့ ကြည့်ရင် သက်ကြီးရွယ်အိုများအား အရိုအသေပြုပေးတဲ့အတွက် ဂါရ၀မင်္ဂလာဖြစ်စေပြီး အရိုအသေပြုတာဟာ တစ်ဘက်ကပြန်ကြည့်ရင် ကိုယ့်ကိုယ်ကို နှိမ့်ချတာဖြစ်တဲ့အတွက် နိဝါတ မင်္ဂလာလည်း ဖြစ်ပါတယ်။ ကုသိုလ်ဖြစ်ဖို့၊ ကောင်းကျိုးဖြစ်ဖို့ဆိုတာ အဲဒီလောက် လွယ်တာပါ။

ဒီထက်တစ်ဆင့်တက်ပြီး ခိုင်မာတဲ့ ကောင်းကျိုးဖြစ်ဖို့ကတော့ ဒါနမလုပ်ဘဲရတဲ့ သီလဆောက်တည်ခြင်းနဲ့ ဘာဝနာပွားများခြင်းပါ။ သီလကုသိုလ်ကတော့ ငွေကြေးမလိုပါဘူး။ ဒါပေမယ့် ထိန်းရခက်ပါတယ်။ ကိုယ့်ကိုယ်ကို အရင်းစိုက်ရတဲ့ ကုသိုလ်ပါ။ ရင်းရတာနဲ့လည်း တန်အောင် ဒီသီလကုသိုလ်ကလည်း ထိန်းသိမ်းတဲ့သူတွေကို အကောင်းဆုံးအကျိုးတွေကို ဖြစ်စေပါတယ်။ အနီးစပ်ဆုံးကတော့ သီလလုံခြုံတဲ့သူဟာ သေပြီးနောက်ဘ၀မှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါး မလားစေနိုင်တဲ့ အချက်ပါ။ ဒါကြောင့် မရှိလို့မလှူနိုင်ဖြစ်အောင် ဆင်းရဲနေပေမယ့် ချမ်းသာသူတွေထက် သာစေနိုင်တဲ့အချက်က ကိုယ်ကျင့်သီလကို လုံခြုံအောင်ထိန်းသိမ်းခြင်းပဲလို့ ဆိုတာပါ။ အနေစုက်ပေမယ့် ရွှေထုတ်တဲ့မြပ၀ါလို့ ဆိုရအောင် မရှိလို့ ဒါနမလုပ်နိုင်ပေမယ့် အကျင့်သိက္ခာကတော့ မြင့်မြတ်လုံခြုံအောင် ကြိုးစားသင့်ပါတယ်။ မရှိလို့ဒါန မလုပ်နိုင်တဲ့ကြားက ကိုယ်ကျင့်သီလပါ မလုံခြုံဘူးဆိုရင်တော့ ဒီလိုလူမျိုးအတွက် ကောင်းကျိုးရဖို့ဆိုတာ မလွယ်ပါဘူး။ ထို့အတူ ဘာဝနာကုသိုလ်ကလည်း လုပ်တတ်ယူတတ်ရင် လွယ်ပါတယ်။ နေ့စဉ် မေတ္တာပို့ပေးတာတို့၊ ဂုဏ်တော်ပွားတာတို့စတာတွဟာ ငွေကြေးမကုန်ဘဲ ကောင်းကျိုးရစေတဲ့ အရာတွေပါ။ ဒီထက်တစ်ဆင့်တက်ပြီးတော့ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်းလည်း ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အကြံအစည်များကို သတိလေးလိုက်လိုက်ကပ်ပြီး မှတ်တတ်တဲ့ အလေ့အကျင့်လေးတွေ လုပ်ကြည့်ပါက ကုသိုလ်တရားဖြစ်ဖို့ အရမ်းလွယ်ပြီး ဘ၀မှာ နေရတာလည်း သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ခန္ဓာရဲ့ ဒုက္ခကို သိသွားတဲ့ သူတစ်ယောက်ဟာ အပြင်လောကမှ ကြုံရတဲ့ ဒုက္ခဆိုတာ အသေးအဖွဲလေးဖြစ်သွားပြီး ခံနိုင်ရည်ရှိသွားပါတယ်။ ဒီလိုပဲ တဖြည်းဖြည်း သတိကပ်နေထိုင်သွားမယ်ဆိုရင် ဘာဝနာကုသိုလ်ဆိုတာ အကုန်အကျနည်းပြီး အလွယ်တကူဖြစ်စေမှာပါ။ ဒါပေမယ့် သူလည်းအပြောလွယ်သလောက် အလုပ်ခက်တဲ့သဘော ရှိပါတယ်။ တကယ်တော့ ကုသိုလ်ရဖို့ လွယ်တယ်ဆိုပေမယ့် ဒီကုသိုလ်ကို လိုချင်တဲ့ပုဂ္ဂိုလ်၊ လိုချင်တဲ့စိတ်ရှိမှ လွယ်တာပါ။ ဒီလိုစိတ်မရှိလို့ကတော့ ဘယ်လောက်ပဲလွယ်လွယ်၊ ကုသိုလ်ရစေတဲ့တရားများ ဘယ်လောက်ပဲများများ ကောင်းကျိုးရဖို့ မလွယ်ပါဘူး။

ထားပါတော့။ ဒီနေရာမှာ ပြောချင်တာက ကုသိုလ်ဖြစ်ဖို့ လွယ်တယ်ဆိုတဲ့ အချက်ပါ။ ငွေကြေးမတတ်နိုင်လို့ ဒါနမလုပ်နိုင်ပေမယ့် ဒီဒါနကလွဲပြီး ကျင်တဲ့သီလကုသိုလ်၊ ဘာဝနာကုသိုလ်၊ လူကြီးသူမ အသက်သိက္ခာဂုဏ်ဝါ ကြီးသူတွေကို အရိုအသေပြုတဲ့ကုသိုလ်၊ ဝေယျာဝစ္စကုသိုလ်၊ အမျှပေး၊ အမျှဝေတဲ့ကုသိုလ်၊ တရားနာရတဲ့ကုသိုလ်၊ ကိုယ်သိတာကို ပြန်လည်မျှဝေတဲ့ကုသိုလ်၊ အယူဝါဒကို မှန်ကန်စေတဲ့ကုသိုလ်တွေကို ရအောင်လုပ်နိုင်ပါတယ်။ ဒီအချက်တွေကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်အောင်လုပ်နိုင်ပါတယ်။ ဘာမှမရင်းရဘဲ ကောင်းမှုတွေ၊ ကောင်းကျိုးတွေ ဖြစ်အောင်လုပ်နိုင်ပါတယ်။ ဒါလေးကတော့ အသေးအဖွဲလေးပဲဆိုပြီး အထင်မသေးလိုက်ပါနဲ့၊ သူများအလှူမှာသွားပြီး အောက်ခြေသိမ်း ဝေယျာဝစ္စတွေ လုပ်နေရတယ်ဆိုပြီး အတွေးမငယ်လိုက်ပါနဲ့၊ လမ်းသွားရင်း သက်ကြီးရွယ်အိုများကို အထုတ်သယ်ပေး၊ လမ်းဖြတ်ကူးပေးလိုက်တာလေးဟာ ဘာမှအကျိုးမရှိပါဘူးလို့ အတွေးမမှားလိုက်ပါနဲ့ ဒါတွေဟာ စိတ်ထားကောင်းကောင်းနဲ့ အရိုးခံလုပ်ပေးလိုက်တာဆိုရင် သိန်းသန်းချီပြီးလှူတဲ့ သူတွေထက် ကုသိုလ်ပိုဖြစ်စေ၊ ကောင်းကျိုးပိုဖြစ်စေပါတယ်။ ဒါကြောင့် ဒီကုသိုလ်လေးတွေဟာ ဘာမှမရင်းဘဲ ရလိုက်တဲ့ ကုသိုလ်လေးတွေပါ။ အသေးအဖွဲကုသိုလ်လေးဆိုပြီးလည်း အထင်မသေးလိုက်ပါနဲ့ အသေးလေးတွေ စုလိုက်တဲ့အခါ အကြီးကြီးဖြစ်ပြီး ပစ္စုပ္ပန် သံသရာကောင်းကျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အကုသိုလ်ဖြစ်ဖို့လွယ်သလောက် ကုသိုလ်ဖြစ်ဖို့ဆိုတာလည်း လိုချင်တယ်၊ စိတ်ထားတတ်တယ်၊ လုပ်တတ်တယ်ဆိုရင် အလွယ်လွန်ပါတယ်လို့ ဆိုခြင်းပါ။ အထက်မှာ ဖော်ပြခဲ့တဲ့ ပုညကြိယ၀တ္ထုဆယ်ပါးထဲမှာ ကိုယ့်အတွက် အလွယ်ရနိုင်တဲ့ ကုသိုလ်တွေအများကြီး ရှိတဲ့အတွက် ကုသိုလ်ရဖို့အတွက် အဝေးကြီးသွားပြီး ရှာစရာမလိုဘဲ မိမိအနီးမှာရှိတယ်ဆိုတာ သဘောပေါက်ဆင်ခြင်၍ ကုသိုလ်ကောင်းမှုများကို အလွယ်တကူရအောင် ကြိုးစားကြဖို့ သတိပေးတင်ပြလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ